Wednesday, 28 September 2011

သူကြီးမင်းရဲ့ "ကော်ဖီ" ပုံပြင်


ကျနော်တို့ နေထိုင်သည့် အိမ်တွင် အိမ်ရှင် အဘိုးအို တစ်ယောက် ရှိလေသည်။ အသက် ၈၅ နှစ်ခန့် ရှိပြီ ဖြစ်သည်။ အသက်ကြီးသော်ငြားလဲ နွားပျိုသန်လှ နွာအိုပေါင်ကျိုးသလောက် ဆိုသလို သွားသွားလာလာ သန်သန်မာမာ ရှိနေဆဲ ဖြစ်သည်။ အသက်ခြောက်ဆယ် ကျော်ပြီးသူတွေအတွက် လန်ဒန်မြို့တွင်း အခမဲ့ယာဉ်စီးပိုင်ခွင့် ရခြင်းသည်ပင်လျှင် အဘိုးအို၏ ခြေဦးတည့်ရာ ခရီးကို ပိုပြီး အထောက်အကူ ဖြစ်စေလေသည်။ ဟင်းချက်ဖို့ ငရုပ်သီး သွားဝယ်ဦးမည်ဟုပြောပြီး ထွက်သွားလျှင်လည်း တစ်ပတ်ကျော်လောက်မှ ပြန်ပေါ်လာတတ်သည်။

တစ်နေ့
နေမွန်းတည့်ချိန်လောက်တွင် ကျနော် ကော်ဖီသောက်နေခိုက် အဘိုးအို အပြင်မှ ပြန်ရောက်လာသည်။ လက်တွင်း၌ အခမဲ့ ယူဆောင်၍ ရသည့် မက်ထရိုသတင်းစာ တစ်စောင်ကို ကိုင်ဆောင်လာလေသည်။ ရောက်ရောက်ချင်းပင် ကျနော့်အား သတိပေးစကား ပြောကြားလေသည်။

"မောင်ရင်ရေ... ပြောရဦးမယ်။ ကော်ဖီတွေ သိပ်မသောက်နဲ့ကွ"

"ဘာဖြစ်လို့လဲ အဘိုး"

"တစ်ရက် ကော်ဖီလေးခွက် သောက်တဲ့ သူတွေက ကော်ဖီ မသောက်တဲ့ သူတွေထက် စိတ်ဓါတ်ကျရောဂါ ဖြစ်နိုင်ချေ ပိုများတယ်တဲ့"

"ဗုဒ္ဓေါ"

"ဗုဒ္ဓေါမနေနဲ့။ ကော်ဖီကြောင့် လူတွေ အတော်များများ စိတ်ဓါတ်ကျရောဂါ ရနေကြပြီ"

"ဟုတ်လား အဘိုး"

"မဟုတ်ဘဲ အာညောင်းခံပြီး မောင့်ရင့်ကို ပြောပါ့မလား။ မယုံရင် ဒီသတင်းစာထဲ ဖတ်ကြည့်"

"ယုံပါတယ် အဘိုးရယ်။ ဒါပေမဲ့ သောက်လက်စ ကော်ဖီလေးတော့ ကုန်အောင် သောက်လိုက်ပါရစေဦး။ ပြီးမှ သတင်းစာဖတ်ပြီး ရှောင်ကြဉ်သင့်ရင် ရှောင်ကြဉ်ပါ့မယ်"

မနက်သောက် နေ့လည်သောက် ညနေသောက် အိပ်ယာဝင်ခါနီးသောက် စာကြည့်ရင်းသောက် ဘလော့ရေးရင်းသောက် ဟိုအကြောင်းပြသောက် ဒီအကြောင်းပြသောက်နဲ့ ကော်ဖီကို တစ်သောက်ထဲ သောက်နေသည့် ကျနော် အတော်လေး တွေဝေသွားလေသည်။ ဟုတ်လောက်တယ်၊ ဒီလောက် ကော်ဖီတွေ သောက်နေလို့ အခုတလော ငါ စိတ်ဓါတ်တွေ ကျချင်သလိုလို ဖြစ်နေတာရှိမယ် ဟု စိတ်အတွင်း အလင်းတန်းလေး ပေါ်လာလေသည်။

ကော်ဖီကြိုက်သည့်အတွက် ကော်ဖီမှုန့် ကော်ဖီမိတ် သကြား မကြာမကြာ သွားဝယ်ရသည့် ဒုက္ခ။ တစ်လတစ်လ ကော်ဖီဖိုးနဲ့ ဘုရင်မခေါင်း(စတာလင်ပေါင်) ထွက်ထွက်သွားသည်မှာလည်း မနည်းလှ။ အလုပ်လုပ်ချိန်ထက် ကော်ဖီသောက်ချိန်က ပိုများနေသည်မှာလည်း ပြောချင်စရာ။ ကော်ဖီ ဖြတ်လိုက်တာကမှ အေးဦးမည်။

ကော်ဖီဖြတ်လိုက်လျှင် စိတ်ဓါတ်ကျရောဂါအတွက်လည်း လုံးဝ စိတ်ချသွားရပြီ။ စိတ်ဓါတ်ကျရောဂါ ဖြစ်စရာ အကြောင်း မရှိတော့။ ကော်ဖီသွားဝယ်ရသည့် အချိန်တွေလည်း ပို ထွက်လာမည်။ ဘုရင်မခေါင်းတွေ စုမိလာမည်။ ရေနွေးမကျိုချက်ရသည့်အတွက်ကြောင့် လျပ်စစ်မီတာခ သက်သာမည်။ ကော်ဖီပန်းကန် မဆေးကြောရတော့သည့်အတွက်နှင့် အပေါ့ခဏခဏ မစွန့်ရတော့သည့်အတွက် ရေမီတာခ သက်သာမည်။ အပေါ့မသွားရတော့သည့်အတွက် ဘလော့ရေး ဘလော့ဖတ် အေးဆေး လုပ်နိုင်မည်။ ကောင်းကျိုးတွေချည်းပါလား။ ဟုတ်ပြီ။ မနက်ဖန်က စပြီး ကော်ဖီကို ဖြတ်ပစ်လိုက်တော့မည်။ စဉ်းစားရင်း စိတ်ဓါတ်တက်ကြွသလို ခံစားလာရသည်။

"အဘိုး... အဘိုးယူလာခဲ့တဲ့ သတင်းစာလေး ပေးဖတ်ပါဦးဗျ။ ကော်ဖီသောက်လို့ စိတ်ဓါတ်ကျရောဂါ ရနေတဲ့ သူတွေ အကြောင်း သေသေချာချာ ဖတ်ကြည့်ချင်လို့"

"အော်..အေး.. ရော့..ရော့.. ဒီမှာ"

ကော်ဖီပန်းကန်ဆေးကြောပြီးနောက် အဘိုးအိုဆီမှ သတင်းစာကို တောင်းယူကြည့်လိုက်သည်။ ၂၀၁၁ စက်တင်ဘာ ၂၇ ရက် အင်္ဂါနေ့ထုတ် မက်ထရို သတင်းစာ တစ်စောင် ဖြစ်သည်။ တွေ့ပါပြီ။ စာမျက်နှာ ၆ ပထမ ကော်လံတွင် "Four coffees a day fights depression" ဟူသော ခေါင်းစီးပိုင်းကြီးကို အထင်အရှား တွေ့မြင်လိုက်ရလေသည်။ မျက်စိကို ပွတ်သပ်ပြီး ပြန်ဖတ်ကြည့်သည်။ ထို ခေါင်းစဉ်ကိုဘဲ အတိအကျ မြင်နေရသည်။ စာမျက်နှာ ၆၀ တိတိရှိသော ထိုသတင်းစာအား ဖင်ပြန်ခေါင်းပြန် လိုက်ရှာကြည့်သည်။ သို့သော် ကော်ဖီသောက်ခြင်းနှင့်ပတ်သက်သည့် သတင်းခေါင်းကြီးပိုင်း တစ်ခုတစ်လေမှ မတွေ့ရှိရပေ။ ကော်ဖီနှင့် ပတ်သက်သည့် ခေါင်းစဉ်မှာ တစ်ခုထဲသာ ရှိသည်။ ထိုသည်မှာ "Four coffees a day fights depression" ဟူသော ခေါင်းစဉ်ပင် ဖြစ်သည်။

"အဘိုး.. အဘိုး.. အဘိုးပြောတာ ပြောင်းပြန်ကြီး ဖြစ်နေပါလားဗျ"

"ဟေ... ဘယ်လိုကြီးလဲ"

"တစ်ရက် ကော်ဖီလေးခွက် သောက်တဲ့သူက စိတ်ဓါတ်ကျ ရောဂါ ဖြစ်ခြင်းကို ကာကွယ်နိုင်တယ်တဲ့။ စိတ်ဓါတ်ကျ ရောဂါ ပိုဖြစ်စေတတ်တာ မဟုတ်ဘူးတဲ့"

"တကယ်ကြီးလား။ သေချာလဲ ဖတ်ပါဦးကွာ"

"အဘိုးကလဲ.. ဒီမှာ ဒီလိုရေးထားတယ်။ တစ်ရက် ကော်ဖီ လေးခွက်သောက်တဲ့ သူဟာ တစ်ပတ်မှ ကော်ဖီ တစ်ခွက်ထဲ သောက်တဲ့ သူတွေထက် စိတ်ဓါတ်ကျ ရောဂါကို ပိုပြီး ကာကွယ်နိုင်တယ်တဲ့။ အမေရိကားမှာ အမျိုးသမီး ၅၀၇၃၉ ယောက်တောင် ပါဝင်စမ်းသပ်ပြီးပြီတဲ့။ ဖင်လန်နိုင်ငံကလဲ ပြောနေကြပြီ။ ကော်ဖီများများ သောက်ခြင်းဟာ ကိုယ့်ကိုကိုယ် သတ်သေတဲ့အဖြစ်ဆိုးကို ပို လျော့နည်းစေတယ်တဲ့။ ဒါပေမဲ့ ကော်ဖီဆိုတာ ရိုးရိုးကော်ဖီမဟုတ်ဘူး။ ကဖိန်းဓါတ်ပါဝင်တဲ့ ကော်ဖီဖြစ်ရမယ်တဲ့။ အဲ... ဒါပေမဲ့ တစ်ရက်ကို ၈ ခွက်မှ ၁၀ခွက် ဒါမှမဟုတ် အဲဒီထက် အလွန်သောက်ရင်တော့ ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်တဲ့။ အဲဒီလို ရေးထားတယ် အဘိုး"

"ဟေ.... ဟုတ်လား။ သိပါဘူးကွာ။ ငါက ဘတ်စ်ကား စီးရင်း သတင်းခေါင်းစဉ်လေးတင်ဘဲ ဖတ်ခဲ့မိတာကိုး"

သွားပြီ။ သွားပြီ။ ကော်ဖီဖြတ်ဖို့ စိတ်ကူးနဲ့ ရေးဆွဲထားခဲ့တဲ့ ပြည်တော်သာ စီမံကိန်းကြီး တစ်ခဏအတွင်း ပျောက်ပျက်သွားရှာလေပြီ။ အဘိုးအို ကော်ဖီဆိုးကျိုးကို စပြောပြောချင်း ကော်ဖီသောက်ရင်း ခေါင်းမူးချင်လာသလို အော့အန်ချင်လာသလို စိတ်ကတုန်ကယင် ဖြစ်ချင်လာသလိုလို ဖြစ်ခဲ့သေးသည်။ ဥပါဒါန်ပေဘဲကိုး။ ထို့နောက် ကော်ဖီ ဖြတ်တော့မည် စိတ်ကူးပြီး တွက်ကိန်းချကာ မိနစ်ပိုင်းအတွင်း ပျော်ရွှင်ခဲ့ရသေးသည်။ ခုတော့ ခုတော့ ကော်ဖီ ဖြတ်၍ လုံးဝ မဖြစ်တော့။ ဘုရင်မခေါင်းတွေထဲ လဲ ထွက်ချင် ထွက်ပစေတော့။ ကော်ဖီကိုတော့ ဆက်သောက်မြဲ သောက်ရပေဦးတော့မည်။ ဒါမှ စိတ်ဓါတ်ကျ ရောဂါက ရာသက်ပန် ကင်းဝေးနိုင်မည် မဟုတ်ပါလား။ တစ်စီတစ်တန်းကြီး စဉ်းစားကာ အနီးရှိ Hot Drinks ထားရှိသည့် နံရံကပ် ဘီဒိုလေးအား ဖွင့်ကြည့်မိလိုက်လေသည်။

"အော်... ကော်ဖီဗူးထဲက ကော်ဖီတွေတောင် ကုန်ခါနီးနေပြီကော။ မနက်ဖန်တော့ နေသာရင် ကော်ဖီဝယ်ဖို့ ရှော့ပင် ထွက်ဦးမှဘဲ"


မှတ်ချက်။
ဘီဘီစီအင်တာနက်သတင်းမှာလဲ ကော်ဖီအကြောင်း ဖတ်နိုင်ပါတယ်။

.

Saturday, 24 September 2011

သူကြီးမင်းရဲ့ "အမှား" ပုံပြင်


မနေ့က သာယာလျက်ရှိသည့် ကောင်းကင်ပြင်၌ ဒီနေ့ တိမ်သလ္လာများ ဖုန်းအုပ်နေလေ၏။ မြူဝေ့နေသော လန်ဒန်မြို့၏ ရာသီဥတုမှာ မှုန်တုန်တုန်ကြီး ဖြစ်နေလေ၏။ ထိုရာသီဥတုနှင့် အပြိုင် ဘိလပ်ရောက် တုံးဖလားရွာသူကြီးမင်း ကိုကိုမောင်၏ စိတ်သည်လည်း မှုန်တုန်တုန်ကြီးပင် ဖြစ်နေလေ၏။ သူကြီးမင်းသည် သူနေထိုင်သည့် မြို့အစွန်က အိမ်ကလေးတစ်လုံး၏ ဧည့်ခန်းတွင်း၌ လက်ကို နောက်ပစ်ကာ လူးလာခေါက်တုန့် လမ်းလျောက်နေလေ၏။ သူ၏ မျက်နှာအမူအယာမှာ တင်းမာသယောင်ထင်ရသော်လည်း လောကကြီးကို အရှုံးပေးထားဟန်ရှိလေ၏။ အောက်နှုတ်ခမ်းကို အထက်သွားများဖြင့် ဖိကိုက်ထားသည်ကို ထောက်သောအားဖြင့် တစ်စုံတစ်ခုအတွက် ရင်ဖွင့်ပြီး ဟစ်အော်ပစ်လိုက်ချင်ပေမဲ့ အဓိဋ္ဌာန်ဖြင့် စကားတစ်လုံးမှ မပြောဖြစ်အောင် ၀စီပိတ်သဘော ထိန်းချုပ်ထားဟန်တူလေ၏။

"တရားတရားဟောပါများ တရားထဲက ပါဠိရ၊ စကား စကား ပြောပါများ စကားထဲက ဇာတိပြ" ဟူသည့် အဆိုကို သူကြီးမင်းလက်ခံထား၏။ ထို့ကြောင့်ပင် စကားများများ မပြောဖြစ်အောင် စောင့်ထိန်းထားသည်ထင်၏။ စကားမပြောခြင်းသည် ပြဿနာတို့အား တားဆီးခြင်းတစ်မျိုးဟု သူကြီးမင်းယူဆထား၏။ သို့သော် သူကြီးမင်း၏ သီအိုရီသည် ပက်ပက်စက်စက်မှားယွင်းနေကြောင်းကိုမူ သူကြီးမင်းကိုယ်တိုင် မသိရှာသည်မှာ လွန်စွာမှ သနားစရာကောင်းလေတော့၏။ အခုလို မော်ဒန်ခေတ်ကြီးထဲ၌ ရေငုံနှုတ်ပိတ်နေခြင်းသည် ပြဿနာတို့ကို လက်ယပ်ခေါ်နေသယောင်ဖြစ်၏။ များများပြောမှ အမှန်တရားဖြစ်၏။ များများကြွားမှ လူများယုံကြည်ကြ၏။ ဟန်ဆောင်ကောင်းမှ သူတော်ကောင်းဖြစ်၏။ မျက်နှာဖုံးတပ်ထားမှ လူများလေးစားကြ၏။ ရက်စက်ယုတ်မာပြမှ လူကောင်းစာရင်းဝင်၏။ အထက်ပါသီအိုရီများကို သူကြီးမင်းမသိရှိထားသည့်အတွက် ထိုအဖြစ်အပျက်များဖြင့် ကြုံဆုံသည့်ခဏ၌ သူကြီးမင်းမှာ ယူကြုံးမရအဖြစ်ကြီးဖြစ်နေလေတော့၏။

သူကြီးမင်း ဘိလပ်၌ ပညာသင်ယူနေစဉ် တုံးဖလားရွာကို ခေတ္တတာဝန်ယူထားသည့် တိုးမောင်သည် သူကြီးမင်းပလ္လင်ကို လုယူချင်နေ၏။ ရွာသူရွာသားများကို စည်းရုံးရေးဆင်းနေ၏။ သူကြီးမင်း၏ မပြောပလောက်သည့် အပြစ်အနာအဆာတို့ကို ပေါ်တင်ကြီးအပုပ်ချ၏။ သူကြီးမင်းအုပ်ချုပ်စဉ်အတွင်း ရပ်ရွာမတိုးတက်ဘဲ လူဦးရေးများသာ တိုးတက်လာကြောင်း၊ အလုပ်အကိုင်လုပ်ချင်စိတ်မရှိကြဘဲ လွယ်ကူရာအိမ်တွင်းအလုပ်တို့ကိုသာ တသွင်သွင်ကြီးလုပ်နေကြကြောင်း၊ ဘိလပ်၌နေစဉ်အတွင်း ရပ်ရွာကို ပစ်ထားကြောင်း၊ သူကြီးမင်းဒုလ္လဘ၀တ်စဉ်ကထဲက ရွာသားများအတွက် အားကိုး၍မရတော့ကြောင်း စသဖြင့် နည်းမျိုးစုံ ပရိယာယ်မျိုးစုံ အတင်းအဖျင်းပေါင်းစုံတို့ဖြင့် သူကြီးမင်းကို တိုက်ခိုက်နေလေတော့၏။ ထိုသို့သော အကြောင်းအရာတို့ကြောင့် သူကြီးမင်းသည် စိတ်ထွက်ပေါက်အနေနဲ့ တစ်စုံတစ်ခုကို တိုင်တည်အော်ဟစ်ချင်စိတ်ပေါက်နေလေ၏။

"ကောင်းခြင်း မကောင်းခြင်းကို ခွဲခြမ်းသိမြင်တတ်သောကြောင့် လူမည်၏" တဲ့။ ဗုဒ္ဓစာပေတွေထဲက လေ့လာမှတ်သားထားတဲ့ စာပိုဒ်လေးတစ်ခုပါ။ ထို့ကြောင့် မသိသေးသည့် ကောင်းမွန်သောအရာကို သိအောင်ပြုလုပ်သင့်၏။ သိပြီးလျှင် သိပြီးသည့်အတိုင်း ကျင့်ကြံ အားထုတ်သင့်၏။ ထိုသို့ ကျင့်ကြံအားထုတ်မှု ပြုလုပ်မှ ငြိမ်းအေးမှု အထွတ်အထိပ်သို့ ရောက်ခြင်းကို ခံစားရမည်ဖြစ်၏။ သို့သော် သူကြီးမင်း၏ ပတ်ဝန်းကျင်၌ ထိုသီအိုရီကို ကျင့်သုံးကြသူ အလွန်နည်းပါးကြလေ၏။ ရပ်ရွာအကျိုးကို အခါတစ်ရာမက ဆောင်ရွက်စဉ်အခါက သူကြီးမင်းမှ သူကြီးမင်း ဖြစ်နေကြသည့် ရပ်သူရွာသားတို့သည် ယခုအခါ၌ သူကြီးမင်းအပေါ် ငြူစူနေကြလေ၏။ သူကြီးမင်း စေတနာဖြင့် ပြုလုပ်ပေးခဲ့သည့် အိမ်ထောင်ရေးကုထုံး နှင့် ချစ်ရေးချစ်ရာကုထုံးတို့ကြောင့် အပြစ်ပြောစ ပြုလာကြ၏။ ထိုကုထုံးတို့ကြောင့် လူဦးရေ အဆမတန် များပြားလာကြောင်းကို အပြစ်ပြောမဆုံး ဖြစ်နေကြလေတော့၏။

သူကြီးမင်းသည် "အော် လောက လောက၊ တယ်ပြီး တရားရဖို့ကောင်းလေစွတကား" ဟု အခါခါ အခါခါ နှလုံးသွင်းမှု ပြုလုပ်ပြီး မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀ လင်္ကာအပိုင်းအစ တစ်ခုကို ရွတ်ဆိုနေလေတော့၏။

လူ၏အကြိုက်၊ ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ
ကြီးစွာရန်သူ၊ စွဲမှတ်ယူ၏
သတိမြဲမြံ၊ ကြည့်ဆက်ဆံလော့။ ။

ဟီရိုရှီးမားကို ကြဲချခဲ့သည့် အနုမြူဗုံးထက် ပြင်းဆအား အဆ တစ်ထောင်ရှိသော ခေတ်သစ်အနုမြူဗုံးကြီး အလုံးအရေအတွက် တစ်ရာခန့်ကို သူကြီးမင်း၏ ၀မ်းဗိုက်အတွင်း မျိုသိပ်သိမ်းဆည်းထားရသည့်အလား သူကြီးမင်း၏ စိတ်အစဉ်တို့သည် ပေါက်ကွဲလွင့်စဉ်ထွက်ပေါက်ရှာချင်နေလေ၏။ ထို့ကြောင့် သံကုန်အော်ဟစ်ပြီး ပေါက်ကွဲလွင့်စင်ဖို့အတွက် လန်ဒန်မြို့ ဟောင်းစလိုး ဟိုက်စထရိအမည်ရှိ ရှော့ပင်းမောကြီး၌ ငွေကြေးအမြောက်အမြား ကုန်ကျခံကာ ၀ယ်ယူထားသည့် မန်ချက်စတာ ယူနိုက်တက်ဒ် အားကစားဝတ်စုံ (ဘောလုံးကန်ဖိနပ်၊ ခြေအိတ်၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ ရှပ်အင်္ကျီ၊ လက်အိတ်၊ ခေါင်းဆောင်း) အပြည့်ဝတ်ဆင်ပြီး ပို့စ်မောက် အမည်ရှိ ဆိပ်ကမ်းမြို့ နာမည်ကြီးဈေးတစ်ခု၌ ၀ယ်ယူခဲ့သည့် အော့ကလေ အမည်ရှိ ပေါင်ရာကျော်တန် မျက်မှန်ကြီးကို ၀င့်ကြွားစွာ တပ်ဆင်ပြီး နေအိမ်မှ ဘတ်စ်ကား မှတ်တိုင်သို့ ခြေလှမ်းကြဲကြီးဖြင့် ခပ်သုတ်သုတ် ထွက်လာခဲ့လေတော့၏။

ဘတ်စ်ကားမှတ်တိုင်သို့သွားရာ ပလက်ဖောင်းပေါ်၌ ရှေ့တူရူမှ စည်းကမ်းမဲ့စွာ တစ်ရှိန်ထိုးစီးနင်းလာသည့် စက်ဘီးတစ်စီးနှင့် စိတ်လောလောဖြင့် ခပ်သွက်သွက် လမ်းလျောက်လာသည့် သူကြီးမင်းတို့သည် ထိပ်တိုက် ရင်ဆိုင်တွေ့ကြလေတော့၏။ သူရှောင်နိုး ကိုယ်ရှောင်နိုးဖြင့် စက်ဘီးသည် နီးသထက်နီးလာလေ၏။ အနီးရောက်မှ "မဖြစ်ချေဖူး ငါ ရှောင်လိုက်တာ ကောင်းပါတယ်" ဆိုပြီး လမ်းဘေးကပ်ထာ ရှောင်ပေးလိုက်သည့်အခါရောက်မှ စက်ဘီးစီးနင်းသူလည်း သူကြီးမင်းစဉ်းစားသည့်အတိုင်း လမ်းဘေးကပ်ကာ ရှောင်ပေးလေ၏။ သို့သော် စက်ဘီးသမားရှောင်ပေးလိုက်သည့် လမ်းဘေးနှင့် သူကြီးမင်းရှောင်ပေးလိုက်သည့် လမ်းဘေးတို့သည် တိုက်ဆိုင်စွာပင် အတူတူဖြစ်နေလေ၏။ ထို့ကြောင့် စက်ဘီးသမားသည် ဘရိတ်ကို ချက်ချင်း တုံ့ကနဲ ထိုးရပ်လိုက်ပြီး စက်ဘီးကို တစ်ဘက်သို့စောင်းကာ ခြေတစ်ချောင်းဖြင့် မြေကြီးကို ဆင်းထိန်းလေ၏။ သို့သော် အရှိန်မထိန်းနိုင်ဘဲ စက်ဘီးသမားသည် ဘေးတစ်ဘက်သို့ စက်ဘီးနှင့်အတူ လဲကျသွားလေတော့၏။

"S..... ခင်များဗျာ၊ စက်ဘီးတစ်စီးလုံးလာတာတောင် မမြင်ဘူးလား၊ F...... you" စသည်ဖြင့် မျက်စိမျက်နှာပျက်စွာ ဆဲရေးတိုင်းထွာမှု ပြုနေလေ၏။ သူကြီးမင်းလည်း အနှစ်နှစ်အလလက သင်ယူထားသည့် အဆင့်မြင့်မြင့် အင်္ဂလိပ်စကားတစ်လုံးတည်းဖြင့် တောင်းပန်သမှု ပြုလိုက်ရလေ၏။ ထိုစကားလုံးမှာ ဆောရီး ဟူ၍ပင် ဖြစ်လေသတည်း။ မည်သူမှားမှန်း မသိပေမဲ့ သူကြီးမင်း အမှားဟုပင် ခံယူလိုက်လေ၏။

ထို့နောက် သူကြီးမင်းသည် ဘတ်စ်ကားမှတ်တိုင်၌ နှစ်ထပ်ဘတ်စ်ကား နီနီကြီးကို အများနည်းတူ တန်းစီပြီး စောင့်ဆိုင်းနေလေ၏။ ဘတ်စ်ကားရောက်လာပြီးနောက် ဘတ်စကားပေါ်သို့တက်ကာ Oyster အမည်ရှိ ကဒ်ပြားဖြင့် ဘတ်စ်ကားပေါ်ရှိ ဘုကလေးတစ်ခုသို့ တီကနဲ မြည်အောင် ထိကပ်လိုက်ပြီး ဘတ်စ်ကားအပေါ်ထပ်သို့ မှင်သေသေဖြင့် တက်ရောက်ကာ ရှေ့တည့်တည့်ထိပ်ဆုံးထိုင်ခုံပေါ်၌ စွင့်စွင့်ကြီးထိုင်ကာ ဘတ်စ်ကားခရီးဖြင့် အသံကုန်အော်ဟစ်ဖို့ စီစဉ်ထားသည့် သစ်ပင်ကြီးကြီးရှိရာ နေရာသို့ ခရီးစတင်လေတော့၏။

သူကြီးမင်းသည် ဦးတည်ရာ ဘတ်စ်ကားမှတ်တိုင်သို့ ရောက်သည့်အခါ ဘတ်စ်ကားရပ်ရန် အချက်ပေးသည့် ဘဲလ်ကလေးကို နှိပ်ပြီး ဒရိုင်ဘာအား အချက်ပေးလိုက်ပြီး ဘတ်စ်ကားအောက်ထပ်သို့ ဆင်းလေ၏။ အောက်ထပ်သို့ရောက်ပြီး ပို၍သေချာစေရန် ဘဲလ်ကို ထပ်ပြီး နှိပ်လိုက်ပြန်လေ၏။ ထို့နောက် အနီးအနားရှိ ခရီးသည်များကို မျက်လုံးဝင့်ကြည့်လိုက်၏။ ခရီးသည်တစ်ယောက်တစ်လေမှ ထိုမှတ်တိုင်၌ ဆင်းမည့်သူမရှိသည်ကို သိရှိပြီး ဘတ်စ်ကားလည်း အရှိန်မလျော့သည်ကို သတိထားမိလေ၏။ ထို့ကြောင့် ပို၍ ပို၍ သေချာစေရန် ဘဲလ်ကို ထပ်နှိပ်လိုက်လေ၏။ ဒရိုင်ဘာသည် နောက်ကြည့်မှန်မှ သူကြီးမင်းဘဲလ်ကို အကြိမ်ကြိမ်နှိပ်နေသည်ကို တွေ့ရှိပြီး ဆဲနည်းပေါင်းစုံဖြင့် ဆဲရေးတိုင်းထွာလေတော့၏။ သူ့မှာနားပါကြောင်း မျက်စိပါကြောင်း ရူးသွပ်သူမဟုတ်ကြောင်း ဘဲလ်တစ်ချက်တီးရင် လုံလောက်ပါကြောင်း ဘဲလ်ကို ခဏခဏနှိပ်ခြင်းအားဖြင့် တစ်ခြားခရီးသည်တွေကို စိတ်အနှောင့်အယှက်ပေးသလိုဖြစ်ပါကြောင်း စသဖြင့်စသဖြင့် ကရားရေလွတ် တစ်တွတ်တွတ် ပြောဆိုပြီး ဘတ်စ်ကားမှတ်တိုင်၌ ကားကိုရပ်ပေးလေ၏။ သူကြီးမင်းသည်လည်း သူ့အမှားဟုပင် သတ်မှတ်ကာ မျက်နှာမချိုမချဉ်ဖြင့် ဆောရီးဟု ပြောကာ ဘတ်စ်ကားပေါ်မှ ဆင်းသက်ခဲ့လေ၏။

သူကြီးမင်းသည် ဘတ်စ်ကားပေါ်မှ ဆင်းသက်ပြီး Osterley Park အမည်ရှိ လန်ဒန်မြို့အနောက်ဘက်ခြမ်းရှိ သဘာဝဥယျာဉ်ကြီးအတွင်းသို့ ၀င်ရောက်ကာ လူသုံးယောက်ဖက်စာမျှ ကြီးသော သစ်ပင်ကြီးအနားသို့ ချဉ်းကပ်သွားလေ၏။ ထို့နောက် ဘေးပတ်ဝန်းကျင် ၀ဲယာရှေ့နောက်သို့ လူရှင်းမရှင်း အကဲခတ်ကြည့်ရှုလေ၏။ လူသူလေးပါး မည်သူတစ်ဦးတစ်ယောက်မှ မရှိကြောင်း တွေ့မြင်ရသည့်အခါ၌ ခါးကိုဆန့် ရင်ကိုကော့ပြီး ချောင်းဟန့်ကာ ထွက်လေတို့ကို ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်ပြီး လက်ဝါးနှစ်ဖက်ကို ကတော့သဏ္ဍာန်ပြုလုပ်ကာ ပါးစပ်နားသို့ ကပ်လိုက်၏။ ထို့နောက် သစ်ပင်ဆီသို့ မျက်နှာမူကာ အားရပါးရ သံကုန်အော်ဟစ်လေတော့၏။

"အို အသင်လောကကြီး.. ကျနော်မျိုး သံကုန်ဟစ်တိုင်ကြားပေအံ့။ လူတွေ အားလုံး မှန်ကန်ကြပါတယ်။ ကျနော်မျိုးကြီးသာ မှားတာပါ။ ကျနော်မျိုး သူကြီးမင်းသာ မှားတာပါခင်ဗျာ။ လူတွေအားလုံး သူတော်ကောင်းတွေပါ။ သူ့တို့ဖာသာ အဒိန္နာ ကာမေသု မုသာ ပိသုဏ၊ ဘာတွေဘဲ ကျူးလွန်ကျူးလွန် သူတို့က သူတော်ကောင်းတွေပါ။ လူမှန်တွေပါ။ ကျနော်မျိုးကြီး ရေငုံနှုတ်ပိတ်နေခြင်းသည်သာ မဟာ့မဟာ အမှားတော်ကြီးပါခင်ဗျာ။ ကျနော်မျိုးကြီးမှာ အပြစ်ရှိပါတယ် ခင်ဗျာ"

ထိုကဲ့သို့ တောင်စဉ်ရေမရ ဟိုရောက် ဒီရောက် အော်သစ် တိုင်တည်နေစဉ် သစ်ပင်အထက်မှ အကိုင်းတစ်ကိုင်း လှုပ်ကနဲ ဖြစ်သွားပြီး အသံနက်ကြီး တစ်သံ ထွက်ပေါ်လာလေ၏။

"ဟိတ်... ဘယ်ကောင်က ဒီကိုလာပြီး ဆူညံပူညံ လုပ်ရတာလဲ။ ဇိမ်ပျက်လိုက်တာ။ ဒီမှာ ဇရက်မင်း စည်းစိမ်ယူနေတာ။ အေ့.... လက်ကျန် ၀ီစကီလေးတောင် ဆက်မော့ချင်စိတ်ပျောက်သွားပြီ။ မင်း တော်တော် နှောက်ယှက်တဲ့ ကောင်ပါလား"

သစ်ပင်ပေါ် မော့ကြည့်လိုက်သည့်အခါ အ၀တ်အစား ပေစုပ်စုပ်နဲ့ အဖြူတစ်ကောင် သစ်ပင်ခွကြားမှာ ကျကျနန ထိုင်ပြီး ဇရက်မင်း စည်းစိမ်ယူနေသည်ကို မြင်တွေ့ရလေ၏။ "အော်.... ပေါက်ပေါက်ရှာရှာ သစ်ပင်ပေါ်တက်ပြီး ဒီအလုပ်ကို လုပ်ရတယ်လို့၊ သူ့သေတွင်း သူတူးတာနဲ့ အတူတူဘဲ။ အေးလေ ငါ အခုလို သစ်ပင်ရင်း လာအော်ဟစ်တာကိုက ငါ့အမှား။ ကျနော်မျိုးကြီး မှားပါတယ်ဗျာ" ဟု မ၀ံ့မရဲ စိတ်ထဲက ရေရွတ်ကာ ထိုနေရာမှ ထွက်ခွါခဲ့ရလေ၏။

အပြန်လမ်း၌ ဘတ်စ်ကား မစီးတော့ဘဲ ခြေလျင်ခရီး တဖြေးဖြေး လျှောက်လာခဲ့လေ၏။ ထိုကဲ့သို့ လျှောက်လာစဉ် လမ်းခုလတ်၌ ခလုပ် တစ်ခု တိုက်မိလေ၏။ အမေ့...ဟု တစ်ချက် ယောင်အော်လိုက်ပြီး ဖိနပ်ကို ငုံ့ကြည့်လိုက်သည့်အခါ ဖိနပ်ထိပ်ပိုင်း ကွဲပြတ်နေသည်ကို မြင်တွေ့ရလေ၏။ စိတ်ဆိုး ဒေါသထွက်ပြီး သူကြီးမင်းသည် S....ဟူ၍လည်းကောင်း F.. ဟူ၍လည်းကောင်း ရေရွတ်ကာ ထို ခလုပ်ကလေးအား စိတ်ရှိ လက်ရှိ ကန်ကျောက်လေတော့၏။ အင်းး ဘာမှ ပြန်မလုပ်တတ်တဲ့ ခလုပ်ကလေးကို ကန်ကျောက်တာက အန္တရာယ်ကင်းပေသကိုးးး။

ထိုနေရာမှ ဆက်လက်၍ လျှောက်လှမ်းလာရာ တစ်နေရာ အရောက်တွင် လမ်းဘေးရှိ ခြံတစ်ခု၌ စိုက်ပျိုးထားသည့် ယှက်နွယ်ရစ်ပတ်နေသော နွယ်လိုလို သစ်ပင်လိုလို အမာစား သစ်ခက်တစ်ခုဖြင့် သူကြီးမင်း၏ ရှပ်အင်္ကျီအား ညှိနေလေတော့၏။ အော်.... ဒီနေ့မှ ဖြစ်တတ်လိုက်တာနော်။ ငါ့နှယ်။ စိတ်ဆတ်ဆတ်ဖြင့် သစ်ကိုင်းကလေးအား ဆတ်ကနဲ ဖြတ်တောက်လိုက်ပြီး "မင်းတို့ကောင်တွေ အတော်နှောက်ယှက်ပါလားကွ ဟေ" ဟူ၍ သစ်ကိုင်းလေးကို ဆဲဆိုကြိမ်းမောင်း ရေရွတ်ကာ အိမ်သို့ ပြန်ခဲ့လေတော့၏။

အဆုံးမှာ စဉ်းစားကြည့်လိုက်တော့...
"ပြောတတ်ဆိုတတ် ပလီတတ် အာလူးဖုတ်တတ် အီစီကလီ ရိုက်တတ်တဲ့ သူတွေနဲ့ နှိုင်းယှဉ်ရင် ရေငုံနှုတ်ပိတ် နေလေ့ရှိတဲ့ ငါ့ရဲ့အမှား။ ငါနဲ့ နှိုင်းယှဉ်ရင် ဘာမှ မလုပ်တတ်တဲ့ ရုပ်သက်သက် သစ်ငုတ်ခလုပ် သစ်ကိုင်း သစ်ခက်တွေရဲ့ အမှား။ လောကကြီးကကိုမှ ငြိမ်နေတတ်တဲ့ အရာကို အမှားလို့ သတ်မှတ်လေရော့သလားမသိ"

ဟူ၍ သူ့သဘော သူ့မနောဖြင့် သူ့အတွေးလေးကို ပုံဖွဲ့ကာ သူကြီးမင်းတစ်ယောက် မဲ့ပြုံးလေး ပြုံးနေလေတော့၏။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)

.

Friday, 23 September 2011

သူကြီးမင်းရဲ့ "ဧရာဝတီ" ပုံပြင်


"မောင်ပေါက်ကျော်ရေ.."

"ခင်ဗျား သူကြီးမင်း"

"လာ ထိုင်ကွာ။ ဒီနေ့တော့ မင့်ကို ငါ ပုံပြင်ပြောမပြတော့ပါဘူး။ ဒါပေမဲ့ ဖျားနာနေတဲ့ သူမ အကြောင်း ပြောပြမယ်"

"အလဲ့.. သူကြီးမင်းက သူမတွေ ဘာတွေနဲ့ပါလား တိုးတက်လာပြီထင်တယ်"

"အေးကွာ။ ငါလဲ သူမလေးနဲ့မှ ဘာဖြစ်တယ် မသိပါဘူး။ ငါ့မိဘနှစ်ပါး ဆုံးပြီးကထဲက ငါ့ဆီမှာရှိတဲ့ ၀မ်းနည်းစိတ်တွေ ပျောက်သွားပြီထင်နေခဲ့တာ။ အခု သူမနဲ့ကျမှ ၀မ်းနည်းစိတ်က ပိုများပြားလာသလိုဘဲ။ သူမ ခံစားနေရတာကို ကြည့်ပြီး ငါ မကြည့်ရက်နိုင်ဘူး။ ဒီတောင်ကို ကျမ ကျော်လွှားနိုင်ပါ့မလား မသိဘူးဆိုပြီး ငိုညည်း မြည်တမ်းတဲ့အသံလေး ကြားရတဲ့အခါတိုင်း ငါ့ရင်ထဲ မချိအောင် နာကျင်မိတယ်။ သူမရဲ့ ဝေဒနာတွေကို ငါကုသ ပေးချင်စိတ်ပေါက်နေမိတယ်။ အဲဒါ မင်းလဲ ကူညီကွာ။ ဟုတ်ပြီလား"

"အာ... သူကြီးမင်းကလဲ လူနာဆိုတာ ဆေးရုံ ဒါမှမဟုတ် ဆေးခန်းပို့မှ အဆင်ပြေမှာပေါ့။ ဘယ်လိုလုပ်ပြီး ကျနော်က ကူညီပေးနိုင်ပါ့မလဲ"

"ဆေးရုံပို့ဖို့ မလိုပါဘူးကွာ။ ၀ိုင်းဝန်းပြီး အားပေးစကားပြောကြားကြရင်တော့ သူမရောဂါ သက်သာလာမှာပါ။ ဒါကြောင့် ငါတို့ တုံးဖလားရွာသားတွေအားလုံး သူမကို အားပေးစကား ပြောကြားကြရင် ကောင်းမလားလို့ပါ။ အခုအချိန်မှာ သူမ အရမ်းအားငယ်နေတယ်လေ"

"ဒါနဲ့ နေစမ်းပါဦး သူကြီးမင်း။ သူမလေးက ဘယ်ရွာကလဲ ဟိုတစ်ခါ သူကြီးမင်း အလည်သွားခဲ့တဲ့ မန်ကျည်းပင်ရွာက ကွမ်းတောင်ကိုင်လေးလား"

"မဟုတ်ပါဘူးကွာ။ သူမလေးက ဘိရုမာရွာက ရွာသူလေးပါ။ အရမ်းရိုးသားပြီး ချစ်စရာကောင်းတယ်။ သဘောမနောလဲ ဖြူစင်တယ်။ လူတွေကိုလဲ ကူညီတတ်တဲ့ စိတ်ထားသဘောထားလေးရှိတယ်။ အဲဒီလို ရိုးသားဖြူစင်တဲ့ သူမလေးမှာမှ အခုလို နေမကောင်းဖြစ်ရတယ်လို့ကွာ။ ငါ လုံးဝ မကြည့်ရက်ဘူး"

"ဒါနဲ့ သူမနာမည်လေးက ဘာတဲ့လဲ မသိဘူး"

"ဧရာဝတီ တဲ့"

"ဟာ.. နာမည်လေးက အရမ်းလှတာဘဲ နော် သူကြီးမင်း။ နာမည်လေး ကြားရရုံနဲ့ စိတ်ကြည်နူးလိုက်တာ။ အဲဒီ နာမည်လေး ကြားလိုက်ရတဲ့အတွက် ကျနော့်ရင်ထဲ အေးမြသွားတာဘဲ"

"အင်း.. အေးမြဆို သူမနာမည်လေးရဲ့ အစစာလုံးကလေးကတောင်မှ ဧချမ်းခြင်းအသွင်ကို ဆောင်နေတယ်လေ။ အေးလေ... ဒါပေမဲ့ အခုတော့ မငြိမ်းချမ်းနိုင်ရှာတော့ပါဘူးလေ။ ပေါက်ဖော်တို့ နှောင့်ယှက်လို့ နေထိုင်မကောင်း ဖြစ်နေလေရဲ့။ ပေါက်ဖော်တို့က လည်ပင်းညှစ်ပြီး အလင်းရောင်ပေးဖို့ အကြပ်ကိုင်နေတာကိုး။ ကျန်းမာရေး ချူချာရှာပေမပေါ့"

"ဒီ ပေါက်ဖော်ဆိုတဲ့ ကောင်က ဘာကောင်မို့လို့ ဧရာဝတီလေးကို လည်ပင်းညှစ်နေရတာလဲ သူကြီးမင်း။ ဧရာဝတီလေးကိုကော ကူညီပေးမဲ့သူ မရှိဘူးလား"

"ကဲ ကဲ မောင်ပေါက်ကျော်.. ရှင်းရှင်းဘဲ ပြောပါတော့မယ်။ ဧရာဝတီဆိုတာ မင်းထင်သလို မိန်းခလေး တစ်ယောက်ရဲ့ အမည် မဟုတ်ပါဘူးကွာ။ ငါတို့ မြန်မာတစ်နိုင်ငံလုံး အမှီပြုနေရတဲ့ မြစ်ကြီးတစ်စင်းရဲ့ အမည်ပါ။ မြန်မာနိုင်ငံ ထိပ်ပိုင်းကစပြီး အောက်ပိုင်းပင်လယ်ထဲထိ စီးဆင်းနေတဲ့ မြစ်တစ်စင်းပါ။ ငါတို့ နိုင်ငံရဲ့ ပင်မသွေးလွတ်ကြောကြီးဆိုရင်လဲ မမှားဘူးပေါ့။ အဲဒီ မြစ်ကြီးကို အမှီပြုပြီး ကူးသန်းရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး... ကုန်ကုန်ပြောရရင် စားဝတ်နေရေး အားလုံး အဲဒီ ဧရာဝတီပေါ် မူတည်နေကြရတယ်လေ။ အခု အဲဒီ ဧရာဝတီမြစ်ကြီးကို အထက် လည်ချောင်းဝကနေ ပိတ်ဆို့ဖို့ တရုတ်ပေါက်ဖော်တို့အုပ်စု ကြံစည်နေကြပြီလေ"

"ဘာအတွက် ဘယ်နေရာမှာ ပိတ်ဆို့နေကြတာလဲ သူကြီးမင်း"

"တောရော မြို့ပါမကျန် ၂၄ နာရီ မီးလင်းရေးအတွက် ရေအားလျပ်စစ်စီမံကိန်းတဲ့။ ဧရာဝတီမြစ်ဖျားခံရာ ကချင်ပြည်နယ် အထက်ပိုင်း မေခ မလိခ ပေါင်းဆုံတဲ့ နေရာမှာပါ"

"ဟာ သူကြီးမင်း ဒါဆို ကောင်းတာပေါ့။ ရေအားလျပ်စစ်ဆိုတော့ အဲဒီဆည်ကြီးပြီးရင် ကျနော်တို့ တုံးဖလားရွာလဲ လျပ်စစ်မီး ရလောက်တယ်လေ"

"ရတော့မယ် အားကြီးကြီး။ မင်းသိတဲ့ အတိုင်းဘဲ၊ မြန်မာနိုင်ငံတစ်လျှောက် ဖွင့်လိုက်တဲ့ ရေအားလျပ်စစ်တွေ နဲတာ မဟုတ်ဘူး။ ဘယ်မှာလဲ မြို့တွေ ရွာတွေ မီးလင်းတာ။ ငါတို့ တုံးဖလားမှာဆို အခုထက်ထိ ရေနံဆီ မီးခွက်နဲ့ နေရတုန်း။ တစ်ရွာလုံးမှာမှ တစ်ဆိုင်ထဲရှိတဲ့ အပျိုကြီး ဒေါ်ညွန့်ဆိုင်က ရေနံဆီနှင့် ဖယောင်းတိုင်ကို အကြွေးနဲ့ ၀ယ်သုံးနေရတုန်း။ ပြီးတော့ သဖန်းဆိပ်ဆည်ဆို ငါတို့ တုံးဖလားနဲ့ ဘာမှ ဝေးတာ မဟုတ်ဘူး။ ဟို အရှေ့ဘက်က တိမ်ဖောက်တောင် တောင်ရိုးတွေ ခံနေလို့ ရေသောက်ဧရိယာထဲ ငါတို့ရွာ ပါမသွားတာ ကံကောင်းတယ်မှတ်။ နို့မို့ဆို ငါတို့ မှီခိုစားလုပ်ကိုင် စားသောက် နေရတဲ့ လယ်ယာမြေတွေ ရေအောက်ရောက်သွားတာ ကြာပါပကော။ နောက်ပြီး ရှိသေးတယ်။ ငါတို့မြို့နယ် ၂၄ နာရီ မီးလင်းရေးတဲ့။ ဘတ်စ်ကား လက်မှတ်ဝယ်လဲ ငါးဆယ်ကျပ် အပိုထည့်ပေးရတယ်။ မီးရထားလက်မှတ်ဝယ်လဲ ငါးဆယ်ကျပ် အပိုဆောင်းပေးရတယ်။ အဲဒီလို လုပ်ခဲ့တာ ဆယ်စုနှစ် တစ်စု မကတော့ဘူး။ ဘယ်မှာလဲ မီးလင်းတာ။ ၂၄ နာရီ မီးလင်းရေးတဲ့။ အင်းးး လူတွေကတောင် ပြောနေကြပြီ။ ၂၄ နာရီ မီးလင်းရေးမဟုတ်ဘူးတဲ့။ ၂ ရက် ၄ နာရီ မီးလင်းရေးတဲ့။ အင်ဂျင်စက်ကြီး တဒုန်းဒုန်းမြည်သံကို နားငြီးအောင် ကြားနေရပြီးမှ ၂ ရက်ပေါင်း ၄ နာရီလောက်သာ မီးလင်းလို့တဲ့။ နောက် ပြောနေကြသေးတယ်။ ၂၄ နာရီ မီးလင်းရေး မီးလင်းရေးနဲ့ လျပ်စစ်မီးတော့ မလင်းဘူး။ ဒါပေမဲ့ လင်းတဲ့ မီးတော့ရှိတယ်။ အဲဒါက နောက်မီးတဲ့။ လျပ်စစ်မီးမရှိတော့ မှောင်ရိပ်ခို နောက်မီး လင်းကြရောပေါ့။ ပြောရရင် မကောင်းတော့ပါဘူး မောင်ပေါက်ကျော်ရာ။ ရင်နာလွန်းလို့"

"သူကြီးမင်း..အခုတစ်ခါ ပေါက်ကွဲလှချည်လား။ အရင်တုန်းက ပုံပြင်နားထောင်ရသလို ပျော်စရာလဲ မကောင်းတော့ဘူး"

"အေးး ပုံပြင်တွေဘဲ စိတ်ဝင်စားရင် ပုံပြင်စာအုပ်တွေဘဲ ၀ယ်ဖတ်တော့။ အခု မင့်ကို ငါ ပုံပြင်ပြောဖို့ အချိန် မပေးနိုင်တော့ဘူး။ အဲဒီ မြစ်ကြီးကို မပိတ်ဆို့ရေး မြို့တက်ပြီး ပေါ်စတာသွားကပ်ဖို့ ရွာထဲက လယ်သမားခေါင်းဆောင် ဖိုးသာအောင်နဲ့ တိုင်ပင်ပြီးပြီ။ မင်းလဲ.. တကယ်လို့ နိုင်ငံကို ချစ်ရင်.. ဧရာဝတီအရေးဟာ မြန်မာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတာ သဘောပေါက်နားလည်ရင် ငါနဲ့ တစ်ခါထဲ မြို့ကိုလိုက်ခဲ့။ ဧရာဝတီ ကယ်တင်ရေး ပေါ်စတာ သွားကပ်ကြမယ်"

မောင်ပေါက်ကျော်တစ်ယောက် မျက်စိမျက်ဆံ ပြူးတူးတူးဖြင့် ကြောက်ရွံ့စွာ စကားဆိုလေ၏။

"ဧ= ဧချမ်းစွာဘဲ နေပါရစေ သူကြီးမင်းရယ်
ရာ= ရာဇ၀တ်သင့်စရာတွေ မလုပ်ပါရစေနဲ့
ဝ= ၀ပြော သာယာနေပြီ မဟုတ်လား နိုင်ငံတော်ကြီးကလေ
တီ= တီတီတာတာ ဖြစ်သလိုလေးဘဲ နေပါရစေ"

"ဘာ"

သူကြီးမင်း၏ "ဘာ" ဆိုသော အသံသည် အထက်ဘ၀ဂ် အောက်အ၀ီစိ ပျံ့နှံ့သွားရလောက်အောင် ကျယ်လောင်လေ၏။ ထို့နောက် ဆက်လက်၍ပင် သူကြီးမင်းက မောင်ပေါက်ကျော်အား ပေါက်ကွဲလေတော့၏။

"ဧ= ဧချမ်းစွာ နေပါရစေ ဟုတ်လား မောင်ပေါက်ကျော်
ရာ= ရာဇ၀တ်မှုတွေ များပြားလာမှာဖြင့် မင်းထည့်မတွက်ဘူး
ဝ= ၀ပြောသာယာနေပြီတဲ့။ ၀၀လင်လင်ကော မင့်မိသားစုတွေ စားကြရရဲ့လား
တီ= တီတီတာတာ ဖြစ်သလိုလေး နေချင်ရင် ရွာထဲမှာ မနေနဲ့၊ မဟာမြိုင်တောထဲ သွားနေ မောင်ပေါက်ကျော်"

"သူကြီးမင်းရယ်.. ကျနော်တို့ တုံးဖလားရွာသားတွေ ဧရာဝတီကို ရောက်ဖူးတဲ့သူ လက်ချိုးရေတွက်ကြည့်၊ ဆယ်ယောက်တောင် မပြည့်ပါဘူး။ ဧရာဝတီ ရေတစ်ပေါက်ကိုလဲ ကျနော်တို့ ရွာသားတွေ တစ်ယောက်မှ သောက်ဖူးတဲ့သူ မရှိပါဘူး။ ဒီလောက် မိုင်ရာချီဝေးကွာနေတဲ့ ဧရာဝတီကို မေ့ထားပြီး ကျနော်တို့ရွာလေး တိုးတက်ရေးကိုဘဲ စဉ်းစားကြရအောင်လား"

"တော်တော့ မောင်ပေါက်ကျော်။ မင်းက ဒီတုံးဖလားရွာလေး တစ်ရွာထဲကိုဘဲ မြန်မာပြည်လို့ ထင်နေတာလား။ မင့်လို အတ္တဆန်ဆန် အတွေးတွေရှိတဲ့ သူတွေ များနေလို့ ငါတို့နိုင်ငံ အခုလို ဖြစ်နေတာ။ မင်းသိတာက ဇီးရွက်လောက် ရှိတဲ့ မင့်လယ်ကွက်ကလေးက စပါးများများထွက်ဖို့၊ မင်းပိုင်တဲ့ ကျွဲနွားတွေ စားကျက်ကောင်းကောင်း ရှိဖို့၊ မင့်မိသားစုလေး အဆင်ပြေစေဖို့။ ဒီလောက်ဘဲ သိနေတာကိုး။ မှတ်ထား မောင်ပေါက်ကျော်။ နှမ်းတစ်စေ့ထဲနဲ့ ဆီမဖြစ်သလို ဒီတုံးဖလားတစ်ရွာထဲနဲ့လဲ မြန်မာနိုင်ငံဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံဆိုတာ မြို့နယ်တွေ ကျေးလက်တွေများစွာနဲ့ တည်ဆောက်ထားတာ။ မြန်မာနိုင်ငံမှာ လူ့စွမ်းအားတွေ ရှိတယ်၊ သဘာဝရင်းမြှစ်တွေ ရှိတယ်၊ သယံဇာတတွေ ရှိတယ်။ အဲဒါတွေ မပျောက်ပျက် မပျက်စီးသွားရအောင် ထိန်းသိမ်းပေးဖို့ ငါတို့ အားလုံးမှာ တာဝန်ရှိတယ်။ အခု ငါပြောနေတာတွေက နိုင်ငံရေးလဲ မဟုတ်ဘူး။ စီးပွါးရေးလဲ မဟုတ်ဘူး။ လူမှုရေးလဲ မဟုတ်ဘူး။ အဲဒီ အရေးတွေကို ငါလဲ သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး။ အခု ဖြစ်ပျက်နေတာက ပင်မအသက်သွေးကြောကြီး ပျက်သုဉ်းမဲ့ အန္တရာယ် ကျရောက်နေတာကို ကာကွယ်ဖို့ဘဲ။ ဧရာဝတီပျက်စီးသွားရင် မြန်မာလူမျိုးတွေ ဘာဖြစ်သွားမယ်ထင်လဲ"

"မသိပါဘူး သူကြီးမင်း ရှင်းပြပါဦး"

"အေးး မသိရင် ငါပြောပြမယ်။ မင်း ဘာကိုမှ မကြည့်နဲ့။ ငါတို့ တုံးဖလားရွာလေးကိုဘဲ ကြည့်။ တစ်ထွာလောက်သာ ရှိတဲ့ ချောင်းကလေးကို မှီခိုပြီး စပါးသီးထပ်သီးညှပ်တွေ စိုက်ပျိုးနေရတာမဟုတ်လား။ ချောင်းအထက်ဘက်မှာ ကံညွန့်ရဲ့ဆည် ပိတ်ထားတယ်။ အလယ်လောက်မှာ မြမောင်တို့ဆည် ပိတ်ထားတယ်။ အဲဒီတော့ မိုးမမှန်တဲ့ နှစ်တွေဆိုရင် ချောင်းအောက်ပိုင်းမှာ ရှိတဲ့ လယ်တွေထဲ ရေ မရောက်နိုင်တော့ဘူး။ အထက်က ဆည်နှစ်ခုနဲ့တင် ချောင်းရေက ကုန်နေပြီ။ အဲဒီတော့ ချောင်းအောက်ပိုင်းက လယ်တွေ စပါးထွက်အား ကောင်းနိုင်ပါတော့မလား။ မင်းစဉ်းစားကြည့်စမ်းပါဦး"

"စပါးအထွက် မကောင်းနိုင်ပါဘူး သူကြီးမင်း"

"အေးးး တစ်ထွာလောက် ရှိတဲ့ ငါတို့ တုံးဖလားချောင်းလေးကို မှီခို စားသောက်နေကြတဲ့ ငါတို့ရွာသား ဦးရေက အလွန်အကျွံရှိလှ အယောက် ၂၅၀ ပေါ့။ ဧရာဝတီမြစ်ဆိုတာက မြန်မာနိုင်ငံ အထက်နဲ့အောက် မိုင်ပေါင်း ထောင်ကျော် တောက်လျှောက် စီးဆင်းနေတဲ့ မြစ်ကြီးတစ်စင်းလေ။ မှီခိုစားသောက်သူတွေ သန်းပေါင်းများစွာရှိတယ်။ မြစ်ရဲ့ အထက်ဘက်မှာ ဧရာမဆည်ကြီးတွေ ပိတ်ပြီး စီးဆင်းနေတဲ့ ရေတွေကို တားဆီးထားလိုက်ရင် မြစ်အောက်ပိုင်းက လယ်ယာမြေတွေ ဘယ်လို လုပ်စားကြတော့မလဲ။ နောက်ပြီး အဲဒီ မြစ်ကြောကြီးကို အသုံးပြုပြီး သဘောင်္ စက်လှေ သမ္ဗန် မြောက်မြားစွာနဲ့ ကုန်စည်စီးဆင်းမှု ပြုလုပ်ကြတယ်လေ။ အခု ငါတို့ တုံးဖလားရွာမှာ အများဆုံး အသုံးပြုနေတဲ့ အသုံးအဆောင်တွေက ဗန်းမော်ဘက်ကနေ ဧရာဝတီမြစ်ကြောအတိုင်း စုံဆင်းပြီးမှ ရောက်လာတဲ့ ပစ္စည်းတွေ မဟုတ်လား။ မြစ်ကြောင်း သာတော့ ၀ယ်သုံးရတာလဲ ဈေးသက်သာ လာတာပေါ့။ ဒါပေမဲ့ နောက်ပိုင်း အထက်က ဆည်ပိတ်ဆို့ထားတဲ့အတွက် မြစ်ရေ ကောသွားပြီး သောင်တွေ ထွန်းနေရင် သင်္ဘောတွေ သွားလာလို့ ရတော့မှာ မဟုတ်ဘူး။ သင်္ဘောတွေ မသွားနိုင်ရင် ကုန်စည်တွေ ဘယ်လို စီးဆင်းမလဲ။ ရထားတစ်တန် ကားတစ်တန်နဲ့ စီးဆင်းလာကြရတော့မှာ။ အဲဒီတော့ သယ်ယူစရိတ်နဲ့ ကာမိအောင် ပစ္စည်းဈေးနှုန်းတွေ ထောင်တက်ကုန်မှာပေါ့။ ဥပမာ တစ်ခု တစ်ဆယ် ပေးရတဲ့ ပစ္စည်းက တစ်ခု တစ်ရာ ဖြစ်သွားမယ်။ တစ်ခု တစ်ထောင် ပေးရတဲ့ ပစ္စည်းက တစ်ခု တစ်သောင်း ဖြစ်သွားမယ်။ အဲဒီတော့ ဘယ်သူတွေ နစ်နာမလဲ။ မင်းတို့ ငါတို့လို သာမန်လူတန်းစား ပြည်သူတွေဘဲ နစ်နာကြမှာ မဟုတ်လား"

"ဟုတ်ပါတယ် သူကြီးမင်း"

"အေး... ဒါတင် မကသေးဘူး။ ဧရာဝတီ ခမ်းခြောက်သွားလို့ စိုက်ပျိုးရေးတွေ ကုန်သွယ်ရေးတွေ စီးပွါးရေးတွေ အဆင်မပြေတော့ဘူးဆိုရင် ပြည်သူပြည်သားတွေ ဆင်းရဲလာကြမယ်။ ငတ်ပြတ်လာကြမယ်။ မောင်ပေါက်ကျော် သေချာမှတ်ထား လူဆိုတာ ငတ်ပြတ်လာရင် ဘာကိုမှ မကြောက်တတ်ကြတော့ဘူး။ သတ်ရဲ ဖြတ်ရဲလာမယ်။ ခိုးမှု လုမှုတွေ ပေါ်လာမယ်။ ဓါးပြမှုတွေ ပေါ်ပေါက်လာမယ်။
=ဧရာ ဧကြောင်း နေလို့ ရတော့မှာ မဟုတ်ဘူး။
ရာ=ရာဇ၀တ်မှုတွေ ထူပြောလာမယ်။
=၀၀လင်လင် စားရ အိပ်ရတော့မှာလဲ မဟုတ်ဘူး
တီ=တီတီ အသံကြားတိုင်း အချက်ပေးသံ ကင်းခေါက်သံထင်မှတ်ပြီး ကြောက်ကြောက်လန့်လန့် နေကြရမယ်။ ပြီးတော့ အချင်းချင်း ယုံကြည်မှုတွေ အားနည်းလာမယ်။ အဲဒီလို အခြေအနေရောက်ရှိနေတဲ့ နိုင်ငံမှာ မင်း ဘယ်လို နေထိုင်ရုန်းကန်မလဲ"

"အဲဒီလောက်ကြီး မြန်မြန်တော့ အခြေအနေ မဆိုးလောက်ပါဘူး သူကြီးမင်း"

"အခု အခြေအနေမဆိုးရင်တောင် နောက်နောင် ဆိုးရွားလာမှာ သေချာတယ်။ ငါတို့လက်ထက် မဟုတ်ရင် ငါတို့ရဲ့ သားသမီးလက်ထက်၊ ငါတို့ရဲ့ သားသမီးလက်ထက်မဟုတ်ရင် ငါတို့ရဲ့ မြေး မြစ် တီ တွတ် ကျွတ် ဆတ်။ သူတို့ရဲ့ လက်ထက်မှာ အဲဒီလို အခြေအနေ ရောက်လာနိုင်တယ်။ ကုန်ကုန်ပြောရရင် ဧရာဝတီမရှိတော့ရင် မြန်မာဆိုတာလဲ ကမ္ဘာပေါ်မှာ တည်တံ့ဖို့ အတော်လေး ခက်ခဲသွားလိမ့်မယ်။ ဒါကြောင့် ငါတို့ တစ်သက်စာလောက်သာ မကြည့်ဘဲ အနာဂါတ်ကို ရေရှည်ကြည့်ပြီး ကာကွယ်သင့်တာကို ကာကွယ်ရမှာက လက်ရှိငါတို့ရဲ့ တာဝန်ဘဲ မဟုတ်လား"

"ဒါလဲ ဟုတ်ပါတယ် သူကြီးမင်း"

"မင်းအခု ကြည့်။ ငါတို့ တုံးဖလားရွာလေး ဘယ်လောက် အေးချမ်းလိုက်သလဲလို့။ သူခိုး ဓါးပြ လုယက်မှု ဘာမှ မရှိဘူး။ ယုတ်စွအဆုံး အိမ်တိုင်းစေ့ လိုက်ကြည့်။ အလုပ်ခွင်သွားရင် အိမ်ကို တံခါး ဟောင်းလောင်းနဲ့ ဒီအတိုင်း ပစ်ထားခဲ့ကြတာဘဲ။ တံခါး ပိတ်ပြီး အပြင်ထွက်တဲ့ ဓလေ့က ငါတို့ရွာမှာ မရှိသေးဘူးလေ။ မရှိဆို တစ်ရွာသားလုံး ဘယ်သူမှ ခိုးယူတိုက်ခိုက်တဲ့သူမှ မရှိတာ။ ဘယ်လောက်ကောင်းလိုက်သလဲ။ အေး... ဒါပေမဲ့ ဧရာဝတီရဲ့ ဒဏ်ရာတွေကြောင့် နောက်ပိုင်းဆို ငါတို့ ရွာလေးလဲ ညရေးညတာ အလှည့်ကျ ကင်းစောင့်အိပ်ရမဲ့ အခြေအနေဘက် ရောက်သွားလိမ့်မယ်"

"အဲဒီလောက်တောင်ဘဲလား သူကြီးမင်း"

"အေး.. နောက်တစ်ခု ငါကြားဖူးတာ ရှိသေးတယ်။ ပေါက်ဖော်တို့က "မင်းတို့ မြန်မာပြည်လောက်တော့ ငါတို့ နိုင်ငံက လူတွေ ခါခါဘိုရာဇီတောင်ထိပ်တက်ပြီး တစ်ယောက်တစ်လှည့် ရှူးရှူး ပန်းချလိုက်ရင် မြန်မာပြည်ဆိုတာ ရေကမ္ဘာအောက် ရောက်သွားလိမ့်မယ်"လို့ ကြွေးကြော်ကြသတဲ့။ သူတို့ လူဦးရေက သန်းထောင်ချီရှိတာကိုး။ အခုတော့ အပင်ပန်းခံပြီး ရှူးရှူးပန်းဖို့ မလိုတော့ဘူးလေ။ မြန်မာနိုင်ငံရဲ့ ထိပ်ဖျားက ဧရာမဆည်ကြီးကို ဖောက်ချလိုက်ရုံနဲ့ ကိစ္စက ပြီးသွားပြီ။ ဒါပေမဲ့ မဖောက်ချခင်လေးတော့ ရသမျှစွမ်းအားတွေ သူတို့ ယူသုံးကြဦးမယ်လေ။ ပေါက်ဖော်တို့ လုပ်ချက် မပိုင်ဘူးလား"

"အင်း... တော်တော်ဆိုးတဲ့ ပေါက်ဖော်တွေဘဲနော် သူကြီးမင်း။ ကျနော်တောင် နဲနဲ တင်းလာပြီ"

"ငါ ဧရာဝတီမြစ်ကြော တစ်လျှောက် မြစ်ဆုံ မြစ်ကြီးနား ဗန်းမော် ရွှေကူ ကသာ မန္တလေး စစ်ကိုင်း ပုဂံ ပြည် ညောင်တုန်း။ နေရာ အတော်များများ ရောက်ဖူးတယ်။ အဲဒီတုန်းက ဧရာဝတီစီးဆင်းသံလေးဟာ ရယ်မောသံ၊ ကြည်နူးသံ၊ ပျော်ရွှင်သံလေးတွေနဲ့ ပြည့်နှက်နေသလို ခံစားမိတယ်။ အကူအညီလိုတဲ့ သူတွေ ကြိုက်သလောက် အကူအညီ ယူနိုင်ပါတယ်ဆိုတဲ့ သံစဉ်လေးနဲ့လေ။ အခုနောက်ပိုင်းတော့ အဲဒီလို မဟုတ်တော့ဘူး။ ဧရာဝတီ ရေစီးသံက ငိုချင်းရှည် ဟစ်အော်သံလိုလို ကယ်ပါယူပါ တစာစာ အော်ဟစ် အကူအညီတောင်းသံလိုလို နာတာရှည်ရောဂါရှင် ငိုညည်းသံလိုလို စိတ်မချမ်းသာစရာ အသံတွေ ဖြစ်နေတယ်။ ငါကတော့ မခံစားနိုင်ဘူး။ ကန့်ကွက်ရမှာဘဲ။ ကဲ..ကဲ မောင်ပေါက်ကျော်... မင်းဖာသာ မင်း တစ်ကိုယ်ကောင်းဆန်ပြီး အေးအေးဆေးဆေး နေချင်ရင်လဲ နေရစ်ခဲ့ပေတော့။ ငါကတော့ မြို့တက်ပြီး ဧရာဝတီ နေကောင်းကျန်းမာလာရေးအတွက် ဧရာဝတီရှင်သန်ရေးအတွက် ဧရာဝတီသံစဉ်လေးတွေ ပြန်ကောင်းလာရေးအတွက် ကန့်ကွက်ရေး ပေါ်စတာကပ်ပြီး တစ်ဘက်တစ်လမ်းက သွားပါဝင်လိုက်ဦးမယ်"

"အာ.... သူကြီးမင်း အဲဒီလိုတော့ မလုပ်ပါနဲ့ဗျာ။ သူကြီးနဲ့ ပေါက်ကျော်၊ ပေါက်ကျော်နဲ့ သူကြီး၊ ခွဲလို့ရတဲ့အရာမှ မဟုတ်တာ။ သူကြီးဆန္ဒဟာ ဟောဒီက ပေါက်ကျော်ဆန္ဒဘဲပေါ့။ ပေါက်ကျော်ကို မထားခဲ့နဲ့ဗျာ။ ပေါက်ကျော်လဲလိုက်မယ်။ သူကြီးမင်းရဲ့ အချစ်တော် ဧရာဝတီကို ကာကွယ်ဖို့ ပေါက်ကျော်လဲ တစ်ဘက်တစ်လမ်းက ပါဝင်မယ်ဗျာ"

ခဏလောက် ကြာသည့်အခါ မောင်ပေါက်ကျော် တစ်ယောက် သူကြီးမင်းရဲ့ ဟောတရားကို ကောင်းကောင်း သဘောပေါက်သွားပြီး သီချင်းတစ်ပိုင်းတစ်စကို စိတ်ပါလက်ပါ အော်ဟစ်သီဆိုကာ သူကြီးမင်းနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့လေတော့၏။

"ပေါက်ကျော်လဲ... လိုက်မယ်... ချန်... မထားနဲ့... သူကြီးသွားတော့... ပျင်းလှတယ်။ ပေါက်ကျော်လဲ...လိုက်မယ်.. ချန် ... မထားနဲ့..."

မောင်ပေါက်ကျော်နဲ့ စကားများနေတုန်း ဘယ်အချိန်က ဘယ်လို ရောက်နေကြမှန်းမသိသည့် တုံးဖလား ရွာသူ ရွာသားတို့သည်လည်း တက်တက်ကြွကြွဖြင့် လက်သီးလက်မောင်းတန်းကာ မောင်ပေါက်ကျော်သီဆိုနေသည့် သီချင်းအား သံပြိုင် သီဆို အော်ဟစ်ကြလေတော့၏။


"ကျုပ်တို့လဲ လိုက်မယ်... ချန်... မထားနဲ့... သူကြီးသွားတော့.... ပျင်းလှတယ်။ ကျုပ်တို့လဲ.... လိုက်မယ်.. ချန် ... မထားနဲ့..."


"ကျုပ်တို့လဲ.... လိုက်မယ်... ချန်.... မထားနဲ့... သူကြီးသွားတော့.... ပျင်းလှတယ်။ ကျုပ်တို့လဲ.... လိုက်မယ်.. ချန် ... မထားနဲ့..."


"ကျုပ်တို့လဲ.... လိုက်မယ်... ချန်... မထားနဲ့... သူကြီးသွားတော့.... ပျင်းလှတယ်။ ကျုပ်တို့လဲ... လိုက်မယ်.. ချန် ... မထားနဲ့..."


.
အမရွှေစင် နှင့် အမ စစ သူကြီးမင်းလဲ အချိန်မီ လုပ်လိုက်ပြီနော်။ သူကြီးမင်း ရွာသားတွေကတော့ စံဘဲ။ ဧရာဝတီကိုတောင် မြင်ဖူးရှာကြသေးတာ မဟုတ်ဘူး။း)))။ မဒန်ကိုးလေးလဲ ကိုရင်သာဖျော့ လက်ဆောင်ပေးထားတဲ့ မွေးနေ့ကိတ်လှီးဓါးကြီးနဲ့ မလိုက်တော့နဲ့နော်။ တဂ်စာလေးတွေ ရေးလိုက်ပြီးပြီ။

မြစ်ဆုံဆည် တည်ဆောက်ရေးအား အပြတ်အသတ် ကန့်ကွက်ပါသည်။

.

Sunday, 11 September 2011

သူကြီးမင်းရဲ့ "န၀ဧကဧက" ပုံပြင်

မိုးရွာနေ၏။
လေထန်နေ၏။
သို့သော် အလင်းရောင်တော့ အနည်းငယ် ရှိနေသေး၏။

ထိုသို့သော ညနေခင်းတစ်ခု၌ ကျွန်ုပ်သည် အ၀တ်အစား ထူထူဝတ်ကာ အော့ကလေ နေကာမျက်မှန် တပ်ပြီး ရပ်ကွက်တွင်းသို့ ခြေဆင်းမိလေ၏။ အော့ကလေ မျက်မှန် တန်ခိုးကြောင့် ရပ်ကွက်သူ ရက်ကွက်သားများ ပြူတိပြူတိလုပ်ကာ ချောင်းကြည့်ခြင်းကို ခံရလေ၏။ သို့သော် မျက်မှန်ကို အားကျ၍ ကြည့်ကြခြင်း မဟုတ်သည်မှာ သေချာလှပေ၏။ ထိုအချိန် ထိုလေ ထိုမိုး အောက်တွင် ထိုကဲ့သို့ မျက်မှန်တပ်ထားခြင်းမှာ ဆင်တော်နဲ့ ခလောက် ထင်ပေါ်နဲ့ ခမောက် ဖြစ်နေသောကြောင့် အထူးအဆန်း အရူးအနန်းအမြင်ဖြင့် ၀ိုင်းကြည့်ကြခြင်းပင် ဖြစ်ဟန်တူ၏။ သို့သော် ကျွန်ုပ်သည် ကိုယ့်ဝမ်းနာ ကိုယ်သာ သိသည်မို့ ခပ်တည်တည်ပင် မျက်မှန်တပ်ရက်သားဖြင့် လိုရာခရီးသို့ လျှောက်လှမ်းနေလေတော့၏။

ထိုစဉ် လမ်းခုလတ်၌ မိတ်ဆွေ တစ်ယောက်နဲ့ တွေ့လေ၏။

"သူကြီးမင်း... ဒါ တုံးဖလားမဟုတ်ဘူး။ ဘိလပ်ဗျ။ နေကာမျက်မှန် ကားကားကားကားနဲ့ ကြည့်ရဆိုးလှသဗျာ"

"မောင်မင်း.. ဥစ္စာကံစောင့် အသက်ဥာဏ်စောင့်ဆိုတာ ကြားဖူးပါစွ"

"ကြားဖူးပါလိမ့် သူကြီးမင်း"

"အိမ်း.. ဂလို အသက်ဥာဏ်စောင့် ဆိုရိုးစကားကြောင့် အခုလို မျက်မှန်တပ်ခဲ့ရခြင်းပေဘဲ"

"လင်းစမ်းပါဦးဗျ"

"မောင်မင်းနှယ်... ခက်ရန်ကော။ ဂလို မိုးရွာ လေထန်တော့ မိုးစက်မိုးပေါက်တွေ အမြန်နှုန်း မိုင်ချီပြီး မျက်စိတည့်တည့် လာထိရင် မခက်ချေလော။ မျက်စိအရှုံး နားအတုံးတဲ့။ မောင်မင်း မသိလေရော့သလား"

"အော်.. ဂလိုဆိုတော့လဲ ဟုတ်ပေသားဘဲ။ ကျနော်မျိုးတောင် အိမ်ပြန်ပြီး ရေဘင်မျက်မှန် သွားကောက်တတ်ရင် ကောင်းလေစွတေး"

ထိုကဲ့သို့ အမြင်ချင်း ဖလှယ်ပြီး ကျွန်ုပ်တစ်ယောက်ထီးတည်း ဆက်လက် လျှောက်လှမ်းလာလေရာ တစ်နေရာ အရောက်၌ လွန်စွာမှ ထူးဆန်းလှသည့် အဖြစ်အပျက်တစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့ရလေ၏။ ခရီးသည်တင် လေယာဉ်ပျံကြီးတစ်စီး ကျွန်ုပ် ခေါင်းပေါ်မှ ဖြတ်ကျော် ပျံသန်းလေ၏။ တပြိုင်နက်ထဲ မီးခိုးတန်းကြီးလိုလို လေလှိုင်းထုကြီးတစ်ခုလိုလို အတန်းရှည်ကြီးတစ်ခုသည် ကျွန်ုပ်နဲ့ ဂိုက်ငါးဆယ်ခန့် အကွာ မြေပြင်ထက်မှ ပေါ်ပေါက်လာပြီး ကောင်းကင်သို့ ထောင်တက်သွားလေ၏။ ထိုလှိုင်းတန်းရှည်ကြီးသည် ကျွန်ုပ်ခေါင်းပေါ်မှ ဖြတ်ပျံသန်းသွားသည့် ခရီးသည်တင် လေယာဉ်ပျံကြီးအား ကောင်းကင်၌ သွားထိမိလေ၏။ ထိမိပြီးနောက် လေယာဉ်ပျံကြီးအား ရက်ဖောက်ရက်လုံး၌ ချည်မျှင်ရစ်ပတ်သကဲ့သို့ အရှိန်အဟုန်ဖြင့် ရစ်ပတ်ချည်နှောင်ပြီး မြေပြင်သို့ ဆွဲချလေတော့၏။

တန်ချိန်များစွာ အချိန်လေးသည့် ထိုလေယာဉ်ပျံကြီးသည် နွေဦးလေရူးထချိန်၌ လက်ပံပင်ပေါ်မှ လက်ပန်ပွင့် တစ်ပွင့် ကြွေကျလာသကဲ့သို့ တောင်ပံနှစ်ဘက် ဘယ်ညာလှည့်ပတ်ပြီး မြေပြင်သို့ တစ်နာရီ မိုင်ပေါင်းများစွာသော အမြန်နှုန်းဖြင့် သက်ဆင်းခဲ့လေတော့၏။ ထိုလေယာဉ်ပျံကြီးသည် ရပ်ကွက်တွင်းရှိ နှစ်ထပ် အိမ်ကြီး တစ်လုံးပေါ်သို့ "၀ုန်း" ပြုတ်ကျလေရာ လေယာဉ်ပျံကော အိမ်ကော မီးဟုန်းဟုန်းတောက်လောင်ပြီး အနိစ္စသဘောသို့ သက်ရောက်သွားလေတော့၏။

ထိုအဖြစ်အပျက်ကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီး ခရီးသည်များနှင့် အိမ်ရှင်များကို သနားကရုဏာ သက်မိနေစဉ် အခြားခရီးသည်တင် လေယာဉ်ပျံကြီး တစ်စီး ကျွန်ုပ်ခေါင်းပေါ်မှ ကျော်ဖြတ် ပျံသန်းပြန်လေ၏။ ထိုလေယာဉ်ပျံကြီးကိုလည်း အခြားလှိုင်းတန်းရှည်ကြီးတစ်ခုက ပထမလေယာဉ်ပျံကို ဆွဲငင်ရစ်ပတ်ပြီး မြေပြင်ပေါ် ဆွဲချသကဲ့သို့ ထပ်ပြီး ဆွဲချပြန်လေ၏။ ထိုလေယာဉ်ပျံကြီးသည်လည်း အခြားနှစ်ထပ်အိမ်တစ်လုံးပေါ်သို့ ပျက်ကျလေ၏။ ပထမအဖြစ်အပျက်နဲ့ အလားတူပင် လေယာဉ်ကော နှစ်ထပ်အိမ်ကြီးပါ မီးဟုန်းဟုန်း ထတောက်လေ၏။

မျက်စိတစ်မှတ် လျပ်တစ်ပြက် အတွင်းမို့ အံ့သြထိတ်လန့် သံဝေဂတရား ပွါးများမိလေ၏။ ငှက်မှန်ရင် ပျံရင်းသေ၊ လူမှန်ရင် ကြံရင်းသေ ဆိုပေသည့်တိုင် ယခုမူ လူသားတို့သည်လည်း ပျံရင်း သေကြေပျက်စီးကြပြီတကားဟု ဘယာနကရသ ဖြစ်ပေါ်နေမိချေတော့၏။ မီဒီယာခေတ်မို့ အသေအပျောက် စာရင်းကို အင်တာနက်ပေါ် ချက်ချင်း တင်လောက်သည်ဟု သတိရသွားပြီး အသင့်ပါလာသည့် ဆိုနီအက်ရစ်ဆင် မိုဘိုင်းဟန်းဆက်လေးဖြင့် အင်တာနက်ထဲကို Log in လုပ်ပြီး BBC Breaking News ထဲ ၀င်ရောက်ကြည့်မိလေရာ Death toll 900 ဟု တွေ့ရှိရလေတော့၏။

ထိုအဖြစ်အပျက်ကို လာရောက်ကြည့်ကြသူများ တစတစ များပြားလာသည့်အတွက် လမ်းတွေပိတ်ပြီး အပြန်နောက်ကျမည် စိုးသောကြောင့် ကျွန်ုပ်သည် လာလမ်းအတိုင်း အိမ်သို့ ခပ်သွက်သွက် ပြန်လာခဲ့လေ၏။ ကျွန်ုပ်၏ အိမ်ဝင်းထဲသို့ ရောက်လာသည့်အခါ အိမ်နဲ့ကပ်ရက် တစ်ဘက်အိမ်၌ လူနှစ်ယောက် အိမ်နံရံအား ဆေးသုတ်နေကြသည်ကို မြင်တွေ့ရလေ၏။ ထိုအိမ်နံရံသည် အင်္ဂတေအုတ်နံရံ ဖြစ်၏။ အိမ်နံရံ အပြင်ဘက်ကနေပြီး လှေခါးထောင်ကာ တစ်ယောက်က အောက်ကနေပြီး လှေခါးကို ထိန်းကိုင်ထားပေးလေ၏။ တစ်ယောက်က ဆေးပုံးနဲ့စုပ်တံကို ယူဆောင်ကာ လှေခါးပေါ်တက်ပြီး အိမ်နံရံအား ဆေးသုတ်နေလေ၏။ ဆေးသုတ်နေသည့် သူသည် ဆေးသုတ်ရင်း ပါးစပ်မှ ယဿာနုဘာဝတော အစချီသည့် မေတ္တသုတ်ကို ရွတ်ဆိုကာ သတ္တ၀ါအားလုံး ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့စာပိုဒ်အား ရွတ်ဆိုနေလေ၏။

ထိုသူနှစ်ဦးတို့ ဆေးသုတ်နေသည်ကို ကြည့်နေစဉ်ပင် ဆေးသုတ်ခံနေရသည့် ထိုနံရံကြီးသည် မြေပြင်ခြေရင်းမှ စပြီး ပြားလိုက်အနေအထားဖြင့် အိမ်အတွင်းဘက်သို့ ကျွံကျလဲပြိုသွားလေ၏။ ထိုကဲ့သို့ ကျွံကျနေခိုက် ဆေးသုတ်နေသည့် သူနှင့် လှေခါးထိန်းပေးထားသူတို့သည် အိမ်သူ အိမ်သားများ ထိခိုက် နစ်နာမည်စိုးသောကြောင့် ဆေးသုတ်သည့်သူက နံရံစွန်းကို အမြန်ကိုင်ထိန်းလိုက်ပြီး အောက်က လှေခါး ကိုင်သည့်သူက လှေခါးကို အားကုန်သုံးကာ နောက်သို့ ပြန်ဆွဲနေလေ၏။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် အိမ်နံရံကြီးသည် အိမ်အတွင်းသို့ လဲပြိုနေရာမှ နောက်သို့ ပြန်လှန်လာပြီး အလည်၌ တွေနေသေး၏။ ထို့နောက် ခဏအကြာမှာတော့ တွေနေရာမှ အပြင်ဘက်သို့ လဲပြိုကျလာတော့၏။ ဆေးသုတ်နေသည့်သူလည်း မခုန်ချ၊ လှေခါးကိုင်ထားသူလည်း လှေခါးကို မလွတ်ကြသောကြောင့် နှစ်ယောက်လုံး ပိမိပြီး ထို နံရံပြားကြီးအောက် ရောက်သွားကြလေတော့၏။

ထိုနံရံကြီးသည် ကွဲကြေသွားခြင်း မရှိဘဲ အလျားလိုက် အနေအထားကြီးပင် ရှိနေလေ၏။ ကျွန်ုပ်သည်လည်း ထိုသူနှစ်ဦးအား ကယ်တင်ရန် အမြန်ပြေးသွားပြီး အင်္ဂတေနံရံပြားကြီးကို တစ်ယောက်ထဲ ပင့်မနေလေ၏။ ဘယ်လောက်ပင် မမ မကြွရေးချ မကြွ။ တစ်နာရီနီးပါးကြာသောအခါ ကျွန်ုပ်လည်း ပင်ပန်းလာ၏။ နံရံကြီးလည်း အနည်းငယ်မျှ မကြွလာပေ။ ဘေးပတ်ဝန်းကျင် အကူအညီတောင်းရန် ကြည့်လိုက်သောအခါ ရေဘင်မျက်မှန် ကားကားတပ်ပြီး လမ်းလျှောက်နေသည့် လူတစ်ယောက်ကို တွေ့ရလေ၏။ ထိုသူမှာ အခြားသူမဟုတ်၊ ကျွန်ုပ်လမ်းလျှောက် ထွက်ခါစက တွေ့ခဲ့သည့် မိတ်ဆွေကြီးပင် ဖြစ်၏။

"မိတ်ဆွေကြီး အမြန်လာစမ်းပါဦးဗျ"

"ဘဇာတွေ ဖြစ်နေတာတုန်း သူကြီးမင်း"

"ဒီနံရံအောက်ထဲ လူနှစ်ယောက် ပိမိနေတယ်။ သေလား ရှင်လား မသိသေးဘူး။ အဲဒါ ဒီနံရံကြီးကို အတူတူ မကြတာပ"

"လာပြီ လာပြီ သူကြီးမင်း"

ထိုမိတ်ဆွေကြီးသည် ကျွန်ုပ်အား ကူညီရန်အလာ လမ်းခုလပ်၌ မြေကျင်းတစ်ခုကို နင်းမိကာ ခြေကျွံကျပြီး နှုတ်မရ ဖြစ်နေလေတော့၏။ ကျွန်ုပ်သည် ထိုမိတ်ဆွေကြီးအား စိတ်မရှည်သည်က တစ်ကြောင်း၊ နံရံအောက်က လူနှစ်ယောက်လည်း သေမည်ဆို သေလောက်ပေပြီဟု ဆုံးဖြတ်မိလိုက်သည်က တစ်ကြောင်း၊ ပင်ပန်းသည့် ဒဏ်ကြောင့် ဗိုက်အရမ်းဆာလာသည်က တစ်ကြောင်းတို့ကြောင့်...

"မိတ်ဆွေကြီး.... ကျွံနေတဲ့ ခြေထောက်ကို နှုတ်လို့ရတဲ့အခါ ဒီနံရံကြီးကို ကြိုးစားပြီး တစ်ယောက်ထဲ မ ကြည့်ပါဦး။ ကျုပ်ကတော့ ဗိုက်ဆာတာ မခံနိုင်လို့ ဗိုက်သွားဖြည့်လိုက်ဦးမယ်။ ပြီးမှ ပြန်လာခဲ့မယ်"

ဟု ပြောကာ အိမ်နဲ့ မနီးမဝေးရှိ KFC ဆိုင်သို့ တစ်ဦးထဲ ချီတက်ခဲ့လေ၏။ ဆိုင်ဝသို့ ရောက်သောအခါ "ယနေ့ဆိုင်ပိတ်သည်" ဟူသော စာတမ်းလေးအား မြင်လိုက်ရသည့် ခဏ အားအင်များ အလိုလို ကုန်ခန်းသွားလေ၏။ ထို့နောက် စဉ်းစားကြည့်မိရာ အိမ်နဲ့ မိုင်ဝက်ခန့်ဝေးသည့် နေရာ၌ Chiken Cottage ဆိုင်တစ်ခုအား သတိရသဖြင့် ထိုဆိုင်သို့ ဆက်သွားလေမိလေ၏။ ထိုဆိုင်အား အဝေးမှ လှမ်းမြင်လိုက်သည့်အခါ ဈေးဝယ်သူတို့ဖြင့် ပြည့်နှက်နေလေ၏။ စားရတော့မည်ဟူသော အသိဖြင့် တံတွေးကို ကြိတ်မျိုလိုက်မိသေး၏။ သို့သော် ကျွန်ုပ် ဆိုင်အနားသို့ အရောက်တွင်မူ ဆိုင်ရှင်သည် သူ့ဆိုင်အား သော့ခတ်ပြီး ပိတ်နေသည်ကို စိတ်မကောင်းစွာ မြင်တွေ့ရလေ၏။

"ဗျို့... ဆိုင်ရှင်။ ဆိုင်ပိတ်တော့မှာလားဗျ။ အစောကြီး ရှိသေးတာပ။ ကျုပ်ဗိုက်ဆာလာလို့ တစ်ယောက်စာလောက်တော့ ပြန်ဖွင့်ပြီး ရောင်းစမ်းပါဦး"

"မဖြစ်ချေဘူး မိတ်ဆွေ။ အခုတောင် အတော်လေး နောက်ကျနေပြီ"

"မဟုတ်တာဗျာ။ ခါတိုင်းတော့ Open till late လို့ ရေးထားတယ် မဟုတ်လား"

"ဟုတ်တယ်။ ဒါပေမဲ့ ဒီနေ့တော့ မိတ်ဆွေ မြင်တွေ့တဲ့ အတိုင်းဘဲ။ လေယာဉ်နှစ်စီး အိမ်နှစ်လုံးပေါ် ပျက်ကျတာကို အကြောင်းပြုပြီး လူစုလူဝေးတွေ ဖြစ်လာတယ်။ ဒီလူစုလူဝေးထဲမှာ အဖြစ်သမား အမူးသမား လုယက်တိုက်ခိုက်ရေးသမား စတဲ့ လူရမ်းကားတွေ ပါလာတယ်ဗျ။ အဲဒါ အခု အိမ်တွေကို လိုက်လုနေလို့ ကျနော်တို့လဲ တန်ဖိုးရှိပစ္စည်းတွေ ထုတ်ယူထားပြီး ဆိုင်ကို စောစောပိတ်လိုက်တယ်။ အခု အိမ်ပြန်တော့မယ်။ တာ့တာဗျို့"

ထိုကဲ့သို့ ပြောဆိုနေကြစဉ် အချက်ပေး ဥသြဆွဲသံများ၊ အရေးပေါ် အချက်ပေးသံများ၊ ရဲကားလာနေသည့် အသံဗလံများကို နားနဲ့မဆန့် ကြားနေရလေတော့၏။ ထိုကဲ့သို့ တ၀ီဝီ...တတူတူ အသံများကြောင့် ကျွန်ုပ်သည် နှစ်ခြိုက်စွာ အိပ်မောကျနေရာမှ လန့်နိုးလာခဲ့လေတော့၏။ အနီးရှိ နှိုးစက်ကို ဖြတ်ကနဲ လှမ်းပိတ်လိုက်ပြီး နံရံက နာရီကို တစ်ချက် မော့ကြည့်မိလိုက်၏။ မနက် ခြောက်နာရီတောင် ထိုးနေလေပြီကော။ ခြောက်နာရီမှာထပြီး စာကြည့်ရန် နှိုးစက်ပေးထားမိသည်ကို အခုမှ သတိရမိလေ၏။ အိပ်ရာမှ ကရုတ်ကတက် ထပြီး ကိုယ်လက်အင်္ဂါသန့်စင်ပြီးမှ ဗိုက်ထဲက တကြုတ်ကြုတ် မြည်နေတာကို သတိထားမိလေ၏။ အင်း.. ဟုတ်ပေသားဘဲ။ ညတုန်းက ဘာတစ်ခုမှမှ မစားထားဘဲ။ ဆာပေမပေါ့။

မီးဖိုခန်းထဲ သွားပြီး ပေါင်မုန့်နှစ်ချပ် မီးကင်ကာ မာဂျရင်းသုတ်လိမ်းပြီး ကော်ဖီပူပူ ရေနွေးကြမ်းပူပူဖြင့် မနက်စာ အဆာပြေ စားလိုက်လေ၏။ ညတုန်းက နိုင်းအီလဲဗင်း ဗီဒီယိုဖိုင်လေး ကြည့်ပြီး အိပ်ပျော်သွားခဲ့သည်ကို အမှတ်ရပြီး ပြုံးလိုက်မိသေး၏။ ထို့နောက် ကြည့်စရာ စာများကို ခဏဘေးဖယ်ထားပြီး ကွန်ပျူတာရှေ့ထိုင်ကာ ဤပို့စ်လေးအား အမှတ်တရ ရေးခြစ်လိုက်မိလေတော့၏။

သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)

.

Friday, 9 September 2011

သူကြီးမင်းရဲ့ လက်ထပ်မင်္ဂလာပုံပြင်


"မောင်ပေါက်ကျော်ရေ.."

"ခင်ဗျား သူကြီးမင်း"

"မင်း ဟိုဘက်ရွာက မင်္ဂလာဆောင် သတင်း ကြားပြီးပြီလား"

"မကြားသေးဘူး သူကြီးမင်း။ ဘယ်ရွာမှာလဲ"

"ဟို ထမ်ဝိုင်ရွာမှာလေ"

"ဟာ ဟုတ်လား။ သူကြီးမင်းကို ဖိတ်ထားတယ် ဆိုပါတော့"

"မဖိတ်ထားပါဘူးကွာ။ ဖိတ်ရင်လဲ ငါက မသွားပါဘူး"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"နဲနဲ စိုးရိမ်စရာ ရှိနေလို့"

"ဘာတွေများ စိုးရိမ်နေတာလဲ သူကြီးမင်းရယ်။ အသဲငယ်လိုက်ပါဘိ"

"တစ်ခြားတော့ မဟုတ်ဘူးကွ။ မတော်သကာ သတို့သမီးက မျက်စိကျပြီး ငါ့ကို သတို့သားနေရာ ဆွဲထည့်လိုက်ရင် ငါ့လူပျိုဂုဏ်လေး ပျက်ရချည်သေးရဲ့"

"သူကြီးမင်းက သူများ ဇနီးလောင်းကို စိတ်နဲ့ ပစ်မှားနေပြန်ပါပြီ။ ဒု သ န သော ကျရောက်တော့မှာဘဲ"

"ဟာ... ဘယ်ကလာ သူများ ဇနီးလောင်းလဲကွ။ ဒီမင်္ဂလာပွဲမှာ သတို့သားမပါဘူး"

"ဘာ.. ဘယ်လို..... ဘယ်လိုဖြစ်တာလဲ သူကြီးမင်း။ သတို့သားက မင်္ဂလာဆောင်ခါနီး ပိုးထိပြီး ဆုံးသွားလို့လား"

"မဟုတ်တာ။ စတင် ကျင်းပကထဲက သတို့သမီးတစ်ယောက်ထဲ မင်္ဂလာပွဲကျင်းပတာ။ သတို့သား မပါဘူး"

"ဒါဖြင့် သတို့သမီးက မင်္ဂလာပွဲတက်ရောက်လာကြတဲ့ သူတွေထဲက ကြိုက်တဲ့သူကို သတို့သားအဖြစ် ပန်းကုံးစွပ် ရွေးချယ်မတဲ့လား"

"အဲဒီလိုလဲ မဟုတ်ဘူးကွ"

"ဒါဖြင့် ဘယ်လိုက ဟုတ်တာလဲ သူကြီးမင်းရ။ လင်းစမ်းပါဦး"

"ဒီလိုကွ။ သူတို့ရွာရဲ့ ရွာလူကြီးကို ရွဲ့ပြီး တစ်ယောက်ထဲ အဲဒီမင်္ဂလာဆောင်ပွဲ ကျင်းပလိုက်တာတဲ့"

"ရွာလူကြီးက ဘာဖြစ်လို့လဲ သူကြီးမင်း"

"ပြောချင်ပါဘူးကွာ။ သူ့ရွာထဲက မိန်းခလေးတွေကို အရွယ်ရောက်ရင် အိမ်ထောင်ပြုကြဖို့ ဖိအားပေးလို့တဲ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့ရွာမှာ လူဦးရေ နည်းနေလို့တဲ့ကွ။ မိန်းခလေးတွေက ပညာဆက်သင်ချင်၊ ရွာလူကြီးက သူတို့ကို အိမ်ထောင်ပြုပြီး ကလေးတွေ တဇွတ်ဇွတ်မွေးစေချင်။ အဲဒီလို ဖြစ်နေတာ။ အဲဒါ အဲဒီ ရွာလူကြီးရဲ့ အမိန့်ကို ဆန့်ကျင်တဲ့ အနေနဲ့ ရွဲ့ပြီး အဲဒီ မိန်းခလေးက တစ်ယောက်ထဲ မင်္ဂလာပွဲကျင်းပလိုက်တာတဲ့။ အကုန်အကျတော့ မနည်းဘူးပေါ့ကွာ။ သတို့သား မပါတာက လွဲပြီး ကျန်တာ အကုန်လုံး တကယ့်လက်ထပ်မင်္ဂလာပွဲလို ကျင်းပလိုက်တာတဲ့"

"အော်.. ဂလိုလား။ သူကြီးမင်းက အဲဒီ မင်္ဂလာပွဲအကြောင်းကို ဘယ်လို သိတာတုန်း။ ပြောပါဦး သူကြီးမင်းရဲ့"

"မင်း အဲဒီ ထမ်ဝိုင်ရွာက မိမဲလေးကို သိတယ် မဟုတ်လား။ ငါ့အိမ်ကို မကြာမကြာ အလည်လာနေကျလေ"

"အင်း သိတယ် သူကြီးမင်း"

"ငါ ဟိုတလောတုန်းက သူဖိတ်ခေါ်လို့ သူ့အိမ်ကို ခဏ အလည်လိုက်သွားခဲ့သေးတယ်။ အဲဒါ သူ့အိမ်က အပြန်မှာ ဘေဘီစိန် လဘက်ရည်ဆိုင် ၀င်ထိုင်ရင်း ဒီသတင်းကို ကြားခဲ့ရတာ"

"ယောက်ျားတွေ ရှားပါးလာတဲ့ လက္ခဏာပေါ့နော် သူကြီးမင်း။ ဘယ့်နှယ် မိန်းခလေး တစ်ယောက်ထဲ လက်ထပ်မင်္ဂလာပွဲ ကျင်းပရတယ်လို့"

"အဲလိုလားတော့ မသိပါဘူးကွာ။ နောက်ပြီး အဲဒီရွာ သတင်းကလဲ ကြားရတာ သိပ်မကောင်းပါဘူး"

"ဘာသတင်းတွေလဲ သူကြီးမင်း"

"အမ္ဗပါလီလက်သစ် မွေးမြူရေး လုပ်ငန်းကို တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ကျော်လောက်က ထောက်ခံကြသတဲ့လေ"

"သူကြီးမင်းက သတင်းစုံသားဘဲ။ ဘယ်ကကြားခဲ့ပြန်တာလဲ သူကြီးမင်း"

"ဒေါက်တာဟင်းရဲ့ အိမ်ကို ၀င်လည်ရင်း သူတို့ပြောတာ ကြားခဲ့တာပါ"

"အင်းနော်... ရွာလေးက သာသာယာယာရှိရဲ့သားနဲ့။ လေးဘက်လေးတန်လဲ ရေတွေနဲ့ ကာရံထားတယ်။ အတော်လှပတဲ့ ရွာလေးပါ။ နာမည်ကလဲ ထမ်ဝိုင်ရွာတဲ့။ ချစ်စရာလေး။ ဒါနဲ့များ အမ္ဗပါလီလက်သစ် လုပ်ချင်နေကြသေးတယ်။ ပြီးတော့ တစ်ယောက်ထဲ လက်ထပ်မင်္ဂလာဆောင်ပွဲတဲ့။ ကြား ကြားဖူးပေါင်"

"အင်းကွာ... ငါလဲ တစ်သက်နဲ့ တစ်ကိုယ် အခုလို တစ်ယောက်ထဲ လက်ထပ်မင်္ဂလာပွဲ ကျင်းပတာ တစ်ခါမှ မကြုံခဲ့ဖူး မကြားခဲ့ဖူးပါဘူး။ ငါကြားဖူးတာကတော့ လက်ထပ်မင်္ဂလာပွဲမှန်ရင် နှစ်မျိုးဘဲ ရှိပါတယ်။ အာဝါဟမင်္ဂလာ(သတို့သားမိဘတွေက သတို့သမီးကို တောင်းယူပြီး အိမ်ကို ခေါ်လာရတဲ့ မင်္ဂလာ) နှင့် ၀ိဝါဟမင်္ဂလာ ( သတို့သမီးမိဘတွေက သတို့သမီးကို သတို့သားအိမ်ကို ထည့်ပေးရတဲ့ မင်္ဂလာ) ဆိုပြီးတော့ပေါ့။ အခုဟာကျတော့ တစ်ယောက်ထဲတဲ့။ အာဝါဟလဲ မဟုတ်၊ ၀ိဝါဟလဲ မဟုတ်နဲ့။ ငါ ဒီသတင်းကြားကြားချင်း ဟို ပုံပြင်တစ်ပုဒ်ကို ပြေးအမှတ်ရမိတယ်"

"ဘယ်ပုံပြင်လဲ သူကြီးမင်း"

"တစ်ခါတုန်းက ကျောင်းတစ်ကျောင်းမှာ အလွန်တရာ ကပ်စေးနှဲတဲ့ ဘုန်းကြီးတစ်ပါး ရှိခဲ့တယ်တဲ့။ ဘယ်လောက်တောင် ကပ်စေးနှဲသလဲဆိုရင် ခရီးသွားရင်း ဆွမ်းချိန်မှာ ဗိုက်ဆာတာတောင် အဆာခံပြီး ၀ယ်မစားဘူးတဲ့။ အငတ်ခံပြီး ပေနေတယ်တဲ့။ ဒါနဲ့ တစ်နေ့မှာ အဲဒီဘုန်းကြီးက မနက်ပိုင်းမှာ ရထားနဲ့ ခရီးတစ်ခုသွားတယ်တဲ့။ ညနေဘက်ရောက်တော့ ရထားစီးပြီး ကျောင်းကို ပြန်လာတယ်တဲ့။ ပြန်ရောက်ရောက်ချင်းဘဲ ကျောင်းမှာ ကျန်ရစ်ခဲ့တဲ့ သီတင်းသုံးဖော် ဘုန်းကြီးတွေကို ၀မ်းသာအားရ စကားဆိုသတဲ့။ အရှင်ဘုရားတို့ တပည့်တော် ဒီနေ့ သံဃာတစ်ပါးကို နေ့ဆွမ်းကပ်ခွင့် ရခဲ့တယ်။ ၀မ်းသာကြည်နူးလိုက်တာလို့ ဆိုသတဲ့"

"သူကြီးမင်း... အဲဒီဘုန်းကြီးက ခရီးသွားရင်း ဖြုန်းကနဲ သဒ္ဓါတရားပေါက်ပြီး ဘုန်းကြီးတစ်ပါးကို ဆွမ်းကပ်ခဲ့တာ ရှိမယ်နော်"

"အဲဒီလို မဟုတ်ဘူး မောင်ပေါက်ကျော်"

"ဒါဖြင့် ဘယ်လိုလဲ သူကြီးမင်း"

"အင်း... ဒီလိုကွ။ ကျန်တဲ့ ဘုန်းကြီးတွေလဲ ဒီဘုန်းကြီး ဒီလောက် ကပ်စေးနှဲတာ ဘုန်းကြီးတစ်ပါးကို ဆွမ်းကပ်ခဲ့တယ်ဆိုတော့ ထူးဆန်းတယ်ပေါ့။ ဒါနဲ့ အဲဒီ ခရီးသွားတဲ့ ဘုန်းကြီးကို ၀ိုင်းမေးကြတာပေါ့။ ဘယ်အရပ် ဘယ်ကျောင်းက ဘုန်းကြီးကို ဆွမ်းကပ်ခဲ့တာလဲပေါ့။ မကပ်စဖူး အကပ်ထူး နေတာကိုး။ အဲဒါနဲ့.. အဲဒီ ခရီးသွားတဲ့ ဘုန်းကြီးက ဘယ်လို ပြန်ဖြေတယ် မှတ်လဲ"

"ဘယ်လို ဖြေလိုက်တာတဲ့လဲ သူကြီးမင်း"

"ငါ့ကိုယ်ငါ ၀ယ်ကပ်ခဲ့တာလေ လို့ ဖြေလိုက်သတဲ့"

"အမ်..."

"အမ် မနေနဲ့ မောင်ပေါက်ကျော်။ သူက အတည်ပြောနေတာ။ သူကလဲ သံဃာတော် တစ်ပါး မဟုတ်လား။ အဲဒါ သူ့ပိုက်ဆံနဲ့ ဆွမ်းဝယ်ပြီး သူ့ဖာသာသူ ကပ်လှူပြီး သူ့ဖာသာသူ စားခဲ့တာလေ။ အဲဒါကို သံဃာတော်တစ်ပါးကို ဆွမ်းလှူခွင့်ရခဲ့တာလို့ ပြောနေတာ။ တကယ့်ကို လွတ်လွတ်စွန့်ကြဲလိုက်တာဘဲ။း))။ အခု မင်္ဂလာဆောင်ပွဲလဲ အဲဒီလိုဘဲကွ။ သူ့ဖာသာသူ တစ်ယောက်ထဲ မင်္ဂလာဆောင်နေတာလေ။ အင်းလေ... ပွဲဖြစ်ဖို့က အဓိက မဟုတ်လား"

"သူကြီးမင်းပြောတော့လဲ ဟုတ်တုတ်တုတ်ဘဲ"

"ဟုတ်တုတ်တုတ် လုပ်မနေနဲ့ မောင်ပေါက်ကျော်။ ငါလဲ သိပ်မရှင်းလို့ တူနှစ်ဖြာ ဂဟေဆက်တဲ့ အာဝါဟ ၀ိဝါဟ မင်္ဂလာ အရာမှာ ပါရဂူအဆင့် ရှိနေတဲ့ ဂုရုကြီး တစ်ယောက်ဆီ သွားမေးကြည့်ဖြစ်တယ်။ တစ်ယောက်ထဲ သူ့ဖာသာသူ လက်ထပ်ပြီးနေထိုင်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရှိသလဲပေါ့"

"အဲဒီ ဂုရုကြီးက သူကြီးမင်းကို ဘယ်လို ဖြေလိုက်တာလဲ သူကြီးမင်း"

"သူဖြေလိုက်တာကတော့ ရှင်းရှင်းလေးဘဲ။ တစ်ယောက်ထဲ သူ့ဖာသာသူ လက်ထပ်ပြီးနေထိုင်ရင် ထမင်းထဲ ထမင်းမြှုပ်စားရသလို ပေါ့ပျက်ပျက်ကြီးဘဲတဲ့"

"အမ်.. ဘယ်လိုကြီးလဲ သူကြီးမင်း"

"ဘယ်လိုမှ မလဲဘူး မောင်ပေါက်ကျော်။ ထမင်းဆိုတာ ဟင်းနှင့်နှယ်ဖတ်ပြီး စားရတဲ့အရာ ဒါမှမဟုတ် ဟင်းနဲ့ အလုပ်အလွေးပြုလုပ်ပြီး စားရတဲ့ အရာမျိုး မဟုတ်လား"

"ဟီး ဟီး ပေါက်ပြီ သူကြီးမင်း ပေါက်ပြီ။ ဟုတ်ပ ဟုတ်ပ ထမင်းကို ထမင်းထဲ မြှုပ်စားရသလိုကြီးးးးးးး ဟီး ဟီး ဟီး ဟီး"

..

Wednesday, 7 September 2011

သူကြီးမင်းရဲ့ ဘလော့ဂါပုံပြင် (တဂ်ပို့စ်)


မိုးကဖွဲဖွဲ။ နေရောင်က မှုန်သုန်သုန်။ ရာသီဥတုက ထိုင်းထိုင်းမှိုင်းမှိုင်း။ တောင်ပြန်လေက တဖြူးဖြူး။ အအေးဓါတ်က ခပ်စိမ့်စိမ့်။ ဖြစ်ချင်တော့ ဒီနေ့မှ မျှစ်ချဉ်နဲ့ ၀က်သား ချက်စားဖြစ်သည်။ မီးဖိုဆောင်က အောက်ထပ်မှာမို့ အောက်ထပ်မှာဘဲ စားခန်းသောက်ခန်း ဖွင့်ဖြစ်သည်။

မျှစ်ချဉ်ဟင်းဆိုတော့ တက်စာပေဘဲ။ တက်စာ စားပြီး အပေါ်ထပ်သို့ တက်လာမိသည်။ တက်တက်ကြွကြွဖြင့် ကွန်ပျူတာကို ဖွင့်ပြီး အင်တာနက်ထဲ ၀င်ကြည့်ဖြစ်သည်။ ကွန်နက်ရှင် နှေးနေသည့်အတွက် "တောက်"ကနဲ တက်တစ်ချက် ခေါက်လိုက်မိသေးသည်။ ဘလော့တစ်ခွင် လျှောက်လည်ကြည့်မိတော့ တက်သစ်စ ဘလော့ဂါတွေ အတော်များနေသည်ကို သတိထားမိသည်။ ထုံးစံအတိုင်း သူကိုယ်တိုင် ဖန်တီးထားသည့် ဘလော့လေးထဲ ၀င်ကြည့်လိုက်သည့်အခါ တဂ်စာ တစ်ပုဒ်ကို တွေ့လိုက်ရသည့်အတွက် "ဂစ် ဂစ် ဂစ်" ဟူ၍ တက်သွားမတတ် ဖြစ်သွားမိသည်။ တက်စာတွေ ရှောင်ထားပါတယ်ဆိုမှ ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် တက်စာတွေနဲ့ချည်း တိုးနေပါရော့လား။း))) တဂ်ထားသည့်သူက ထံ တျာ တေတွေ မြန်မကြာဝေတဲ့ မန္တလာမြေမှ အပျိုဆိုးတွေကို နှိမ်တဲ့ ကိုကိုးအိမ်တဲ့။

တက်စာတွေ ရှောင်ထားပေမဲ့ "တက်ကျိုးရင် လက်ထိုးလှော်"မည့်သူ ဖြစ်သည်နဲ့ အညီ သက်ပြင်း လုံးဝ မချဘဲ သက်သက်သာသာဖြင့်ပင် ကိုကိုးအိမ်ရဲ့ တဂ်စာကို သွေးတက်တက်ဖြင့် တက်ကြွစွာ ရေးမိလိုက်လေသည်။ တက်ခေတ်ကြီးမှာ တက်စာတွေ စားနေရ၊ တဂ်စာတွေ ရေးနေရသည်ကိုပင် တိုးတက်သည်ဟု ခေါ်ဆိုနိုင်သည် မဟုတ်ပါလား။ "ငုတ်မိသဲကိုင် တက်နိုင်ရင် ထက်ဖျားရောက်"ဟူ၍ ဆိုထားသည့်အတွက် တဂ်စာများကို နှစ်သက်စွာ ရေးသင့်သည်ဟု မြင်မိသည်။ ဆရာကြီးသိန်းဖေမြင့်၏ "တက်ခေတ်ဘုန်းကြီး"၊ "တက်ခေတ်နတ်ဆိုး"တို့လောက် ရသ မမြောက်သည် ထားဦး၊ တက်လမ်းရှာဖွေသူတို့အတွက် တဂ်စာကို တက္ကသိုလ်ကျောင်းသားများ နိုက်ကလပ် တက်ကြသကဲ့သို့ နေတက်ရေတက်မှာ တက်တက်ကြွကြွ ရေးသားသင့်သည် မဟုတ်ပါလော။း))

အင်းးး လေရှည်သွားပြီထင့်။ ကိုကိုးအိမ် တဂ်တဲ့ ခေါင်းစဉ်က "ဘလော့ဂါဆိုတာဘာလဲ" တဲ့။ အမှန်မှာ သူ(ကျနော်)သည် ထိုတဂ်၏ အဖြေကို ယခုမှ ရေးသားခဲ့သည် မဟုတ်၊ ဟိုးးးး လွန်ခဲ့သည့် ၂ နှစ်လောက်ကထဲက ဘလော့ဂါဆိုတာ ဆိုသည့်ခေါင်းစဉ်ဖြင့် ရေးသားဖူးခဲ့လေသည်။(ကြော်ငြာ)း(။ သို့သော် ယခု တဂ်ကြသည့် "ဘလော့ဂါဆိုတာဘာလဲ" ဆိုသည်မှာ "တစ်မျိုးတစ်ဘာသာ တစ်ရွာတစ်ပုဒ်ဆန်း"ဆိုသလို သစ်ဆန်းနေသဖြင့် အဘယ်ကဲ့သို့ ရွှီးရမည်နည်းဟုသာ စိတ်တွင်း သန္ဓေကိန်းနေမိလေတော့သည်။ သိသလောက် ပေါရရင်ဖြင့်... အင်း.. ပြောရရင်ဖြင့် ဘလော့ဂါဆိုတာ ဒီလိုပါတဲ့။

ဘလော့ဂါဆိုတာ.....
B=ဘယ်သူတွေ ဘာပြောပြော
L=လိမ်တာညာတာချည်းဘဲ
O=အိုတယ်ပျိုတယ် ဆိုပြီးတော့
G=ဂျစ်ကန်ကန်နဲ့
G=ဂျီကျရုံလောက်သာ နားလည်ပြီး
E=အီစီကလီလုပ်ဖို့နှင့်
R=အာကြ ညာကြဖို့ဘဲ သိတဲ့သူတွေ တဲ့။း))

နောက်ပြီး...
B=Boasting ( ကြွားဝါခြင်း)
L=Laughing (ဟားတိုက် လှောင်ပြောင်ခြင်း)
O=Over-talking (အလွန်အမင်းပြောဆိုခြင်း)
G=Gossiping (အတင်းအဖျင်းပြောဆိုခြင်း)
G=Grousing (ညည်းတွားခြင်း)
E=Entertaining (ဖျော်ဖြေပေးခြင်း)
R=Rumouring (ကောလာဟလ ထုတ်လွင့်ခြင်း) တို့ကို လှိုင်လှိုင် သုံးစွဲကြတဲ့သူတွေ တဲ့။ ။

မှတ်ချက်။
http://www.eot.com/Encyclopedia of Tonebalar (New version) နှင့် http://www.tld.com/ Tonebalar Learners' Dictionary (9th Edition) တို့ကို ကိုးကားထားပါသည်။
.....

အန်တီတင့်ကတော့ သူ့ဘလော့မှာ ဒီလိုလေး ဖွင့်ဆိုထားလေရဲ့။

“ဘလော့ဂါဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားများအဖြစ် ပြောင်းလဲပြီး စာဖတ်သူများကို စေတနာ သဒ္ဓါထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ"

အန်တီက တည်တည်ငြိမ်ငြိမ်စာရေးတဲ့သူဆိုတော့ သူ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကလေး အရမ်းကောင်းပါတယ်။ ကျနော်လဲ ကြိုက်ပါတယ်။ ကြိုက်လို့လဲ သူ့ဆီက ဒီစာသားလေးကို ပြန်ဖော်ပြလိုက်တာပါ။ သဒ္ဒါကို သဒ္ဓါလို့ ပြင်လိုက်တာက လွဲရင်ပေါ့။ (ကျနော်လဲ အန်တီတင့်နဲ့ သဘောထပ်တူ ကျပါတယ်)။
...

အင်း.. နောက်ပြီး ဘလော့ဂါဆိုတာ ဒီလိုလေးလဲ ပတ်ဝန်းကျင်ကို စပ်စုတတ်ဦးမှ။း))
ပြီးတော့ ဘလော့ဂါဆိုတာ ဒီလိုလေးလဲ Context မိမိနဲ့ ဖတ်တဲ့သူ ခေါင်းမူးအောင် ရေးတတ်ဦးမှ။း))
.....

(ချုပ်ပြောရရင်တော့...)
ဘိလပ်မှာနေပြီး ဗမာလိုပြောသည်။
လောက်လောက်ငှငှ ချက်ပြုတ်စားသောက်သည်။
ဂါဂါ(လေဒီ)ကို ကြိုက်နှစ်သက်သည်။
ထို့ကြောင့်
ထိုသူကို ဘလော့ဂါဟု ခေါ်သည်။ ။
...

ထပ်ဆင့်မှတ်ချက်။
ရယ်မောစေလို၍ ကြီးတောင့်ကြီးမားနဲ့ ပေါလိုက်သည်။ ပေါလော့ဂါ.. အဲ.. ဘလော့ဂါအပေါင်းလဲ ပေါနိုင်... အဲလေ.. ပျော်နိုင် ရယ်မောနိုင်ကြပါစေ။း))

ခင်မင်လျှက်
ကိုကိုမောင်(ပန်းရနံ့)

.

Sunday, 4 September 2011

မောင်နတ်ကြီးပုံပြင် (ဖြစ်ရပ်မှန် စဆုံး)


လူသည် အခက်အခဲ ရှိချင်သူမဟုတ်။ သို့သော် အခက်အခဲနဲ့ ကြုံရမြဲဖြစ်၏။ လူသည် အမြဲ ပျော်ရွှင်ချင်သူ ဖြစ်၏။ သို့သော် စိတ်ဆင်းရဲရသည်က ပိုများလေ၏။ လူသည် သူများ အပြစ်ကို ရွေးမြင်တတ်၏။ သို့သော် ကိုယ်တိုင် ကျူးလွန်သည့် အပြစ်က ပိုများလေ၏။ လူသည် ချမ်းသာစွာ အသက်မွေးလို၏။ သို့သော် ပင်ပန်းကြီးစွာ ရုန်းကန်နေရ၏။ လူသည် အချိန်တိုင်း လိုအင်ဆန္ဒ ပြည့်ချင်ကြ၏။ သို့သော် မလိုချင်သည်များ ဖြစ်သည်က ပိုများ၏။

ဤသို့ ဤနှယ် ဖြစ်ချင်တိုင်း မဖြစ်၊ မဖြစ်ချင်တိုင်း ဖြစ်နေရသည့် လူ့ဘောင် လောကကြီးထဲ၌ ကျွန်ုပ်သည်လည်း ကျင်လည်ကျက်စားနေရ၏။ ထိုကဲ့သို့ ကျင်လည် ကျက်စားနေရသည့် ကျွန်ုပ်အား စိတ်ချမ်းသာမှု ပေးသော သူတို့အားလည်းကောင်း၊ စိတ်ဆင်းရဲမှု ပေးသော သူတို့အားလည်းကောင်း၊ နှစ်မျိုးလုံး ပေးသော သူတို့အားလည်းကောင်း၊ နှစ်မျိုးလုံး မပေးသော သူတို့အားလည်းကောင်း ကျွန်ုပ်၏ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူး တင်မိပေ၏။

အကြောင်းမှာ။
ကျွန်ုပ်သည် ရံခါ ပျော်၏။ ရံခါ ပျင်း၏။ ရံခါ စိတ်ချမ်းသာ၏။ ရံခါ စိတ်ဆင်းရဲ၏။ ရံခါ စိတ်ဓါတ် တက်ကြွ၏။ ရံခါ စိတ်ဓါတ် ကျ၏။ ရံခါ ဒေါသစိတ်ဖြစ်၏။ ရံခါ မေတ္တာစိတ်ဖြစ်၏။ ရံခါ လောဘဖြစ်၏။ ရံခါ စေတနာ ဖြစ်၏။ ထိုကဲ့သို့ ဖြုတ်ကနဲ ဖျက်ကနဲ ပြောင်းလဲ ဖြစ်ပေါ်နေသာ ခဏငယ်ပေါင်းများစွာ၌ လုံးဝမပြောင်းလွှဲသော အရာတစ်ခုသည် ကျွန်ုပ်ထံပါး၌ အမြဲ ရှိနေလေ၏။ ထိုသည်မှာ ဘလော့ပေါ်၌ စာရေးခြင်းပင်ဖြစ်၏။

ခံစားချက်စုံလေ စာရေးအား ကောင်းလေပင်ဖြစ်၏။ ကျွန်ုပ် သိပ်ပျော်ရင်လည်း စာရေး၏။ သိပ်ပျင်းရင်လည်း စာရေး၏။ စိတ်ညစ်ရင်လည်း စာရေး၏။ စိတ်ချမ်းသာရင်လည်း စာရေး၏။ စိတ်ဓါတ်တက်ကြွရင်လည်း စာရေး၏။ စိတ်ဓါတ်ဘုံးဘုံးကျရင်လည်း စာရေး၏။ ဒေါသဖြစ်ရင်လည်း စာရေး၏။ မေတ္တာစိတ်ဖြစ်ရင်လည်း စာရေး၏။ လောဘဖြစ်ရင်လည်း စာရေး၏။ စေတနာဖြစ်ရင်လည်း စာရေး၏။ ထို့ကြောင့် ထိုကဲ့သို့ ရသမျိုးစုံကို ကျွန်ုပ်အား ပေးသနားကြသော ကျွန်ုပ်ကို မုန်းသူ၊ ကျွန်ုပ်က မုန်းသူ၊ ကျွန်ုပ်ကို ချစ်သူ၊ ကျွန်ုပ်က ချစ်သူ။ အားလုံးသော သူတို့အား ကျေးဇူးဥပကာ အထူးတင်ရှိပေ၏။

ကျွန်ုပ်၏ စိတ်ကို အစဉ်အားဆေး တိုက်ကျွေးသူတို့မှာ ကျွန်ုပ်၏ ဘလော့အိမ်လေးအား အလည်လာရောက်ပြီး အားပေးစကား ပြောကြားကြသည့် ဘလော့ဂါများ စာဖတ်သူများပင် ဖြစ်၏။ ထိုသူတို့၏ ဖြူစင်သည့် စေတနာတို့ကြောင့် ကျွန်ုပ်သည် ကလောင်ကို ပိုသွေးဖြစ်ခဲ့လေ၏။ ၀ါကျအထားအသို ပို သတိထားလာ၏။ စကားလုံး ရွေးချယ်မှု ပို ဂရုစိုက်လာ၏။ သို့သော် အမှားကင်းသည့် အဖြစ်သို့မူ မရောက်သေးပေ။ အမှားတွေ့လျှင် ပြင်ပေးကြပါကုန်။

ကျွန်ုပ်စာရေးသောအခါ၌ ကျွန်ုပ်၏ နာမ်စားကို "ကျနော်"ဟုလည်းကောင်း "ကျွန်ုပ်"ဟုလည်းကောင်း "သူ"ဟုလည်းကောင်း အမျိုးမျိုး သုံးစွဲခဲ့လေ၏။ သို့သော် နောက်ပိုင်း၌ "(တုံးဖလား) သူကြီးမင်း"ဟူသော အသုံးအနှုန်းကို ပို အသုံးများလာ၏။ အဘယ့်ကြောင့်ဆိုသော် သူကြီးမင်းဖြတ်ထုံးများအား ရေးပြီး နောက်တွင်မှ ကျွန်ုပ်အား လူသိများလာခြင်းကြောင့် ဖြစ်၏။ နောက်ပြီး "တုံးဖလား"ဟူသော ကျွန်ုပ်၏ ရွာငယ်ဇနပုဒ်ကလေးအား အွန်လိုင်း အင်တာနက်ပေါ်၌ အမြဲတမ်း သမိုင်းတင် ကျန်ရစ်စေချင်သောကြောင့်လည်း "(တုံးဖလား)သူကြီးမင်း"ဟူသော အမည်ကို သုံးဖြစ်ခြင်း ဖြစ်၏။

ကျောင်းစာထက် ဘလော့ကို ပို၍စိတ်ဝင်စားသော ကျွန်ုပ်သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ၌ အပိုင်း ၁၅ ပိုင်းပါရှိသည့် "မောင်နတ်ကြီး" အမည်ရှိ အခန်းဆက် ပို့စ်များအား တစ်ပတ်အတွင်း အပြီးတင်ခဲ့ဖူးလေ၏။ သမိုင်းတွင် လူအများ သတိမထားမိကြသည့် တုန်လှုပ်ထိတ်လန့်ဖွယ် သွေးပျောက်ချောက်ခြားဖွယ်ကောင်းလှသည့် သမိုင်းအစစ်အမှန်ကို စကားလုံးအဖွဲ့အနွဲ့ တန်ဆာဆင်ပြီး ဇာတ်အိမ်ဖွဲ့ ရေးသားခဲ့လေ၏။

ထိုပို့စ်များအား တင်သော အခါကာလက ကျွန်ုပ်အား လူသိနည်းသေး၏။ ဘလော့ဂါများလည်း ယခုလောက် မပေါ်ပေါက်လာသေးပေ။ စာဖတ်အားပေးသူများလည်း ယခုလောက် အရေအတွက် မရှိခဲ့ပေ။ ထို့ကြောင့် ထိုပို့စ်များကို မဖတ်ရသေးသူများအား အပျင်းပြေ သမိုင်းကျေ ဖတ်မိစေရန် ထိုမောင်နတ်ကြီးပို့စ်အား ပီဒီအက်ဖ်ဖိုင် ပြုလုပ်ကာ ဤနေရာ၌ ပြန်လည် ဖော်ပြပေးလိုက်ပေ၏။ ပီဒီအက်ဖ်ဖိုင် ပြုလုပ်စဉ်က စာလုံးများ မှန်ကန်နေသော်လည်း နည်းပညာအားနည်းသည့်အတွက် ဤနေရာ၌ တင်လိုက်သောအခါတွင်မူ အချို့စာလုံးများ အချင်းချင်းထပ်နေလေ၏။ ထို့ကြောင့် ဒေါင်းလုပ်ဆွဲပြီး ဖတ်လျှင် ပိုကောင်းမည်ထင်၏။ အကယ်၍ စာဖတ်သူများ ဤနေရာ၌ ဖတ်၍ အဆင်မပြေလျှင် ဤနေရာ၌လည်းကောင်း Sidebar ရှိ "မောင်နတ်ကြီး PDF ဖိုင်"အောက်က လင့်ခ်လေးပေါ်၌လည်းကောင်း ကလစ်လုပ်ပြီး Adobe Reader ဖြင့် ဖတ်ကြပါလေကုန်။

မောင်နတ်ကြီး

အပျင်းပြေ ဖြစ်ဖြစ်၊ လှိုက်လှိုက်လှဲလှဲ ဖြစ်ဖြစ်၊ အားနာလို့ ဖြစ်ဖြစ်၊ လာရောက်ဖတ်ရှုပြီး အားပေးစကား မြွက်ကြား ပေးလျှင်ဖြင့် ကျွန်ုပ်အဖို့ ကျေးဇူးအထူးတင်ပြီး ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ တအိအိဖြစ်နေမည်မှာ အသေချာကြီး သေချာလှပေတော့၏။ ။း))

ကျေးဇူးတင်စွာဖြင့်
ကိုကိုမောင်(ပန်းရနံ့)

..