Friday, 9 July 2010

ချစ်ရေးချစ်ရာ ကုထုံး

နွေနေသည် ပူပြင်းလှ၏။ ရိုးပြတ်တောကို လှမ်းမျှော်ကြည့်လိုက်လျှင် တံလျပ်တို့ တညီးညီးရှိနေ၏။ အပူဒဏ်ကို ခံနိုင်ရည်ရှိသည့် ခိုင်းနွားများသည်ပင် စားကျက်မှထွက်ခွါပြီး နီးစပ်ရာအပင်ရိပ်အောက်၌ အရိပ်ခိုပြီး စားမြုံ့ပြန်နေလေ၏။ နွေသရုပ်ဖော် ဥသြငှက်များသည်လည်း တောအုပ်အတွင်းမှနေပြီး တေးတစ်ပုဒ်ကို ထပ်ခါထပ်ခါ သီဆိုကျူးရင့်နေ၏။

တုံးဖလားရွာမြောက်ဘက် ၂ ဖာလုံခန့်အကွာ၌ တောင်ကုန်းတစ်ခုရှိ၏။ ထိုတောင်ကုန်းပေါ်၌ နှစ်ပေါင်းရာကျော်ကထဲက ပေါက်ရောက်နေသည့် သရက်ပင်ကြီးနှစ်ပင်ရှိ၏။ တစ်ပင်ကို ၀ါဆိုသရက်ပင်ဟု ခေါ်၏။ နောက်တစ်ပင်ကိုမူ အောင်း သရက်ပင်ဟုခေါ်၏။ တစ်ပင်နှင့်တစ်ပင် ပေတစ်ရာခန့် ကွာခြားသော်လည်း နှစ်ပရိစ္ဆေဒကြာမြှင့်စွာပေါက်ရောက်နေသည့်အတွက် အပေါ်ဘက်၌ ကိုင်းများယှက်ပြီး တစ်ဆက်တည်း ဖြစ်နေလေ၏။ ခပ်လှမ်းမှ လှမ်းမျှော်ကြည့်လျှင် ဧရာမအနက်ရောင်ထီးကြီးနှစ်လက်က တောင်ကုန်းကြီးကို အပူဒဏ်သက်သာစေရန် ဆောင်းပေးထားသကဲ့သို့ ရှိချေ၏။

ထိုသရက်ပင်ကြီးနှစ်ပင် ပတ်ပတ်လည်၌ ၀ါးရုံပင်များ ဂျာမနီပင်များ သက်ကယ်ပင်များဖြင့်အတိပြီးသော ဖုန်းဆိုးတော ထူထူကြီးရှိ၏။ ထိုသရက်ပင်နှစ်ပင်အောက် ၀င်ရောက်သူတိုင်း ကျောစိမ့်စိမ့်ဖြစ်လောက်အောင် အုံ့အုံ့ဆိုင်းဆိုင်းကြီးဖြစ်၏။ ၀ါဆိုသရက်ပင်ထက် အောင်း သရက်ပင်က ပို၍ကြီးထွားပြီး ပို၍လည်း အရိပ်အာဝါသကောင်းလေ၏။ ထို့ကြောင့်ပင် ထိုတောင်ကုန်းကို အောင်းပင်ကုန်းဟူ၍ တုံးဖလားတစ်ရွာလုံးက နာမည်ပေးထားကြ၏။ ထိုကုန်း၌ နေ့ည မရွေး သရဲတစ္ဆေခြောက်တတ်သည်ဟု နာမည်ကြီး၏။ ထို့ကြောင့် အရိပ်အာဝါသကောင်းပြီး နေ့လည်ပိုင်း အပူဒဏ်လာခိုရန်သင့်တော်သည့်နေရာဖြစ်သော်လည်း တစ္ဆေသရဲ ကြောက်ကြ၍ မည်သူမျှ လာရောက်အနားယူသူမရှိဖြစ်နေ၏။

တုံးဖလားရွာသူကြီးကိုကိုမောင်သည် အုတ်ကာသွပ်မိုးအိမ်၌ နေထိုင်ရသည်မှာ ရောရုဝသို့အလည်ရောက်နေဘိသကဲ့သို့ ပူအိုက်အိုက် ရှိန်းရှိန်းကြီးဖြစ်နေ၏။ စာဖတ်ဖို့ဆန္ဒရှိသော်လည်း အပူဒဏ်ကြောင့် စာထဲဈာန်မ၀င်စားနိုင်ရှိနေလေ၏။ ထို့ကြောင့် အပူဒဏ်သက်သာပြီး အေးအေးဆေးဆေးရှိသည့် အောင်းပင်ကုန်းသို့ စာဖတ်ရန် ထွက်လာခဲ့လေ၏။ သူ၏ လက်ထဲ၌ သခင်သန်းထွန်းနောက်ဆုံးနေ့အမည်ရသည့် ပထမတွဲစာအုပ်ထူထူတစ်အုပ်၊ ရေတဂေါင်းတစ်လုံး နှင့် သောက်ရေခွက်တစ်ခွက်ကို ကိုင်ဆောင်လာလေ၏။ သူကြီးကိုကိုမောင်သည် အောင်းပင်ကုန်းသို့ရောက်ပြီး အောင်းသရက်ပင်အောက်၌ နေရာပြင်ကာ ကျကျနနထိုင်ပြီး သခင်သန်းထွန်း၏ ဖြုတ်ထုတ်သတ်ဝါဒများ၊ လီနင်စတာလင်တို့၏ အဘိဓမ္မာသဘောတရားများကို ဇိမ်ကျကျဖတ်နေလေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး၌လည်း ပုစဉ်းရင်ကွဲအော်သံ ကျေးငှက်သာရကာတွန်းကြူးသံတို့ဖြင့် အသာယာကြီးသာယာလျက်ရှိနေချေတော့၏။
ထိုအခိုက်ဝယ်.....

အီး ဟီး ဟီး ဟီး.. ရှလွတ်.. ရှလွတ်.... အီး ..အီး

ဟူသော ငိုသံရှည်ကြီးတစ်ခု ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားလေ၏။ အသံသည် ပို၍ ကျယ် ကျယ် လာလေ၏။ သရဲသိပ်မကြောက်တတ်သည့်တိုင် သရဲများလားဟူသော အတွေးကြောင့် ဆံပင်များထောင်လာ၏။ ဦးခေါင်းကြီးလာ၏။ ကြက်သီးမွေးညှင်းထလာ၏။ ဒုက္ခ။ အရေးထဲ နွေရာသီရဲ့ထုံးစံအတိုင်း တောင်ပြန်လေက တရှဲရှဲတိုက်ခတ်လာ၏။ ၀ါရုံပင်တို့၏ အချင်းချင်းပွတ်တိုက်သံ လေတိုးသံတို့သည် ကြောက်စိတ်ကို ပိုစေ၏။ ချွေးစေးပြန်လာ၏။ မောဟိုက်လာသလို ခံစားရ၏။ ကြံကြံဖန်ဖန် ရွာထဲက ဖိုးထောင်ပြောနေကျ ရယ်စရာစကားကို သတိရမိလိုက်သေး၏။ တောင်လေ တိုက်လေ မောင်မောလေတဲ့ :D။

အသံလာရာအရပ်ကို စိတ်မှန်းကြည့်လိုက်သည့်အခါ တစ်ဘက် ၀ါဆိုသရက်ပင်အောက်က ထွက်ပေါ်လာမှန်း ချက်ချင်းသဘောပေါက်လိုက်၏။ ထို့ကြောင့် နာနာဘာဝလား သတ္တ၀ါအော်သံလား လူငိုသံလား ကွဲကွဲပြားပြားသိဖို့ ထို ၀ါဆိုသရက်ပင်အောက်သို့ အမြန်သွားကြည့်လိုက်၏။ တွေ့လိုက်ပါပြီ။ ငိုနေသူမှာ နာနာဘာဝလည်းမဟုတ်။ တိရစ္ဆာန်သတ္တ၀ါလည်းမဟုတ်။ လူသားစင်စစ်ကြီးပင်ဖြစ်၏။ ရွာလည်ခေါင်အိမ်က ဦးချစ်မောင်၏သား ထွန်းဖေပင်တည်း။ သူ့လက်ထဲမှာလည်း နွားချည်သည့်ကြိုးကို ခွေရစ်ပြီး ကိုင်ဆောင်ထားလေ၏။

"ဟေ့ကောင်...ထွန်းဖေ၊ ဘာဖြစ်လို့ ရှိုက်ကြီးတငင်ငိုနေရတာလဲ။ နွားပျောက်သွားတာ ရှာမတွေ့လို့ ငိုနေတာလား"

"ဘယ်ကလာ သူကြီးမင်းရာ.... အသဲကွဲနေတာဗျ။ အသဲကွဲနေတာ"

"ဟေ... အသဲကင်ဆာလား၊ အရမ်းနာလို့ ငိုနေတာပေါ့။ သနားပါတယ်..."

"ခက်ပါ့ သူကြီးမင်းရာ.... ဒါကြောင့် အခုအသက်အစိတ်မှာ သူကြီးမင်း ပုခက်မချိတ်ရသေးတာ။ အချစ်ကြောင့် အသဲတွေ တစ်စစီဖြစ်နေတာဗျ"

"အော်.... ဆိုစမ်းပါဦး"

"ကျနော် အနှစ်နှစ်အလလက ကြိတ်ပြီး ချစ်ကြိုက်ခဲ့တဲ့ ရွာထဲက ပြုံးမေလေ။ ကျနော့်ကို လုပ်ရက်တယ်။ မနေ့ညက ကျနော် သူ့ကို ချစ်ရေးဆိုလိုက်တယ်။ သူက ပြောတယ်။ နင့်ကို ယူမဲ့အစား ဂုတ်ကျားကို အမြီးဖြတ်ပြီး လက်ထပ်လိုက်မယ်။ တစ်သက်လုံး မစဉ်းစားနဲ့တဲ့။ အီး ဟီး ဟီး ရှလွတ်။ အဲဒါကြောင့် ကျနော်လဲ သူ့ကို မရမှတော့ သေတာဘဲအေးတယ်ဆိုပြီး ဒီဝါဆို သရက်ပင်မှာ ကြိုးဆွဲချသေမလို့ ဒီကို လာခဲ့တာဗျ။ သေခါနီး သူ့ကို အရမ်းသတိရလာလို့ ငိုနေတာ။ အီး ဟီး ဟီး"

"မောင်ထွန်းဖေနှယ်။ မင်းမကြားဖူးဘူးလား။ ကိုယ့်ကိုကိုယ် သတ်သေရင် ဂျပန်ငါးရာနှင့် ငါးခါတိတိ ခံရတတ်တယ်တဲ့... အဲ... အဖန်ငါးရာ ငါးကမ္ဘာ ခံရတတ်တယ်တဲ့။ ပြုံးမေအတွက်နဲ့များ အသက်အသေခံနေဦးမယ်။ ဒီကိစ္စက လွယ်လွယ်လေးဘဲ"

ထိုလွယ်လွယ်လေးဆိုသည့် စကားကြောင့် ထွန်းဖေခေါင်းထောင်လာ၏။ အငိုလည်း တိတ်သွား၏။

"ဘယ်လိုလွယ်တာလဲသူကြီးမင်း"

"မင်း သူ့ကို တကယ်လက်ထပ်ယူမှာလား"

"သူကသာ ကြည်ဖြူမယ်ဆိုရင် တစ်သက်လုံး မခွဲမခွါ အတူတူနေမှာပါ သူကြီးမင်း"

"မင်းကတိတည်တယ်နော်"

"ဘုရားအဆူတစ်သိန်းစူးရပါစေရဲ့ဗျာ"

"ကဲ.. ဒါဖြင့် မင်းမျက်ရည်တွေ သိမ်းလိုက်တော့။ ဘာမှ ပူမနေနဲ့။ ညကျရင် ငါ့အိမ်ကို တစ်ယောက်ထဲလာခဲ့ ကြားလား"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

ထွန်းဖေသည် သူကြီးကိုကိုမောင်နှင့်စကားပြောပြီး အားတက်သွားကာ ပြုံးမေနှင့်လည်း စိတ်ကူးယဉ်ခွင့်ရသွားလေ၏။ ထို့နောက် သူကြီးကိုကိုမောင်ကို နှုတ်ဆက်ပြီး တုံးဖလားရွာတွင်းသို့ ခပ်သွက်သွက်ပြန်သွားလေတော့၏။ သူကြီးကိုကိုမောင်မှာ အောင်းသရက်ပင်အောက်သို့ ပြန်လာပြီး ဖတ်လက်စ သခင်သန်းထွန်းနောက်ဆုံးနေ့ ပထမတွဲစာအုပ်ကို ပြန်ဖတ်နေသည့်တိုင် စာထဲစိတ်မ၀င်စားနိုင်ဘဲ ထွန်းဖေကို ဘယ်လိုကူညီပေးရမလဲ၊ နည်းပေါင်းများစွာထဲက ဘယ်နည်းကို အသုံးပြုပြီး ပြုံးမေရဲ့ မေတ္တာကို ရယူပေးရင် ကောင်းမလဲ ဟူသော အကြောင်းအရာတို့ကိုသာ စဉ်းစားခန်းထုတ်နေလေတော့၏။

"ထွန်းဖေကို ဘယ်ဆေးနည်းနဲ့ အကူအညီပေးရမလဲ ???? ပန်းပေါင်းတစ်ထောင် ပီယဆေးက ပျော့လွန်းအားကြီးတယ်၊ ပြီးတော့ အဲဒီဆေးက နှစ်ရှည်စီမံကိန်းအတွက်ဘဲ ကောင်းတယ်။ ဒါဖြင့် စနေသားဘုန်းကြီး စနေနေ့ ပျံလွန်တော်မူပြီး စနေနေ့မှာ သင်္ဂြိုဟ်တဲ့အခါ အသုံးပြုခဲ့တဲ့ တံစူးဝါးနဲ့ ဖော်စပ်ထားတဲ့ ပီယဆေးဆိုရင်ကော ??? ။ ဒါကျပြန်တော့ ပြင်းလွန်းအားကြီးတယ်။ ကြမ်းတမ်းတယ်။ ပြီးတော့ အောက်လမ်းဆန်တယ်။ ဒါလဲ မကောင်းဘူး။ ဒါဖြင့် ဟို မေတ္တာဓါတ်အလွန်ကြီးမားတဲ့ ဆရာတော်တစ်ပါးရဲ့ ချွေးသုတ်ပုဝါတစ်ထည်ရယ်၊ နွယ်ရှင်တစ်ပင်ရယ်၊ ရင်ကပ်ပန်း ၁၀ ပွင့်ရယ် အချိုးကျရောကြိတ်ထားတဲ့ ပီယဆေးဆိုရင်ကော... ဟာ ဟုတ်ပြီ။ အဲဒီဆေးကို အသုံးပြုရမယ်။ အဲဒီဆေးက ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် လပိုင်းအတွင်း အဆင်ပြေလောက်တယ်"

ထိုကဲ့သို့ စဉ်းစားရင်း သူကြီးကိုကိုမောင်တစ်ယောက် အချစ်ကုထုံးပြုလုပ်ပေးရမဲ့အရေး တွေးတွေးပြီး ဒါလဲ ကုသိုလ်တစ်မျိုးပါဘဲလေ ဟု မိမိကိုယ်ကို ဆင်ခြေဆင်လက်ပေးကာ ဗိုလ်အောင်ဒင်အပြုံးမျိုး ပြုံးနေမိလေတော့၏။

ညပိုင်း၌ ထွန်းဖေတစ်ယောက် ပေါက်ချလာ၏။ သူကြီးကိုကိုမောင်သည်လည်း သူကိုယ်တိုင် ရှာဖွေစုဆောင်းထားသည့် မေတ္တာရှင်ဆရာတော်တစ်ပါး၏ ချွေးသုတ်ပ၀ါကို ပြာချကာ၊ အခြောက်လှန်းထားသည့် နွယ်ရှင်ပင်ခြောက်နှင့် ရင်ကပ်ပန်းဆယ်ပွင့်တို့ကို သံဆုံထဲ ရောထည့်ပြီး တဒုံးဒုံးထောင်းလေတော့၏။ အားလုံးအမှုန့်ဖြစ်သွားသောခါ ယင်ပျားရည်နှင့်ရောသမမွှေပြီး အောက်ပါကဲ့သို့ အလုံးလေးများကို ထွန်းဖေနှင့်အတူတူ လုံးလိုက်လေ၏။

"ကဲ... မောင်ထွန်းဖေ.. မင့်ကို ငါ ဒီထဲက ဆေးတစ်လုံးပေးလိုက်မယ်။ အဲဒီဆေးလုံးနဲ့ မင်းရဲ့ ရင်ညွန့်တည့်တည့်က ဖောက်ထုတ်ထားတဲ့ သွေးနဲ့ ရောစပ်ရမယ်။ ပြီးရင် အဲဒီဆေးလုံးကို ပြုံးမေမျိုချဖို့လိုတယ်။ သူစားလိုက်မိပြီဆိုရင် မင့်အတွက် ရာနှုန်းပြည့်သေချာသွားပြီလို့သာ မှတ်လိုက်တော့"

"အစားအစာတွေနဲ့ ရောနှောပြီး ကျွေးရင်ကော မရဘူးလား သူကြီးမင်း"

"ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် အဲဒီဆေးလုံး သူ့ဗိုက်ထဲ ရောက်သွားရင် ရပြီ"

"ကောင်းပါပြီ သူကြီးမင်း။ ကျေးဇူးတင်ပါတယ်"

ထိုကဲ့သို့ပြောပြီး ထွန်းဖေတစ်ယောက် သူကြီးကိုကိုမောင်ပေးလိုက်သည့် ဆေးလုံးတစ်လုံးကို သေချာစွာ စက္ကူဖြင့် ရစ်ပတ်ထုပ်လိုက်ပြီး ပြန်သွားလေ၏။ ထိုကိစ္စကို သူကြီးကိုကိုမောင် မေ့မေ့လျော့လျော့ပင် နေလိုက်၏။ နှစ်လခွဲခန့်အကြာ၌မူ ထွန်းဖေတစ်ယောက် သူကြီးကိုကိုမောင်အိမ်သို့ ပေါက်ချလာပြန်၏။ သူ့မျက်နှာကြည့်ရသည်မှာ ပြုံးတုံ့တုံ့ကြီးပင်ဖြစ်၏။ သူကြီးကိုကိုမောင်သည် သူ့ကိုမြင်လိုက်မှ ပီယဆေးအကြောင်း တန်းသတိရမိ၏။

"ဘယ်လိုလဲ ထွန်းဖေရ... အဆင်ပြေရဲ့လား"

"ပြေလွန်းလို့ ခက်နေတယ် သူကြီးမင်းရေ... တစ်ကောင်ပစ်လိုက်တာ သုံးကောင်လုံးထိသွားတယ်"

"ဟေ.... ဘယ်လိုကြီးတုန်း။ လင်းစမ်းပါဦး"

"ဒီလို သူကြီးမင်းရေ... ပထမတော့ ကျနော်ပြုံးမေကို ချဉ်းကပ်ရတာ ခက်နေတယ်။ ဒါကြောင့် ပရိယာယ်နဲ့ချဉ်းကပ်ရတာ။ ငါ့ကို မချစ်လဲ သူငယ်ချင်းတစ်ယောက်လို အကိုတစ်ယောက်လိုတော့ နေခွင့်ပေးပါ၊ ထပ်မနှောင့်ယှက်တော့ပါဘူးလို့ပြောလိုက်တယ်။ ဒါနဲ့ သူက ဒါဆို ရိုးရိုးသူငယ်ချင်းအနေနဲ့ဘဲ နေကြတာပေါ့တဲ့။ အဲဒါနဲ့ သူငယ်ချင်းလိုဘဲ သူနှင့် ရင်းရင်းနှီးနှီးပြန်ဖြစ်သွားတယ်။ တစ်နေ့မှာ ကျနော် ကောလင်းမြို့ကို သွားတယ်။ ကောလင်းက အပြန်မှာ ဒိန်ချဉ်တစ်ဗူးဝယ်လာခဲ့တယ်။ အိမ်ပြန်ရောက်ပြီး ခဏအကြာမှာ ပြုံးမေရောက်လာတယ်။ မြို့ပြန်လက်ဆောင် ဘာပါလာသလဲတဲ့။ ကျနော်လဲ ဒိန်ချဉ်ပါလာတယ် သောက်မလားဆိုတော့ သောက်မယ်တဲ့။ ဒါနဲ့ အဲဒီ ဒိန်ချဉ်ဗူးထဲကို သူကြီးမင်းပေးခဲ့တဲ့ဆေးလုံးကို ချေထည့်ပြီး မွှေနှောက်လိုက်တယ်။ ပြီးမှ ခွက်ထဲထည့် ဇွန်းတစ်ချောင်းစိုက်ပြီး သူ့ကို ပေးလိုက်တယ်။ အဲဒီအချိန်မှာ သူ့နှမ နှစ်ယောက် (ပြုံးကြည်နှင့်ပြုံးရီ)ရောက်လာတယ်။ သူတို့က ပြုံးမေကို အမ ဘာစားနေလဲ ကျမတို့ကိုလဲ နဲနဲကျွေးဦးလေ ဆိုပြီး သူ့အမဆီကနေ တစ်ဇွန်းစီ ယူစားလိုက်ကြတယ်။ သူကြီးမင်းရေ... အခုဆိုရင် သူကြီးမင်းရဲ့ ဆေးအစွမ်းကြောင့် မချောသုံးယောက် ကိုယ်တစ်ယောက်ဆိုသလို ဖြစ်နေပြီ"

"ဟာ... မင်း အဲဒီလို လုပ်လို့တော့ မဖြစ်ဖူးလေ။ ဒီဆေးက သစ္စာနှင့်အလုပ်လုပ်ရတာ။ သစ္စာမရှိရင် ခိုက်တတ်တယ်။ တစ်ယောက်ဆို တစ်ယောက်ထဲဘဲ ဖြစ်ရမယ်"

"ဒါပေမဲ့ သူတို့က ဇွတ်ဖြစ်နေတယ်"

"ဒါနဲ့ ... မင်း သူတို့နဲ့ လွန်လွန်ကျူးကျူးတွေ ဖြစ်ပြီးပြီလား"

"ဒါကတော့ ထိန်းပါတယ် သူကြီမင်းရယ်။ ဘယ်သူနှင့်မှ ဘာမှ အဲဒီအဆင့်မရောက်သေးပါဘူး"

"ဒါဆို အချိန်မီသေးတယ်။ မင်း ရှင်းရှင်းသာပြော။ သူတို့ ညီအမ သုံးယောက်ထဲက ဘယ်သူနှင့်လက်ထပ်မှာလဲ"

"ရှင်းနေတာဘဲ သူကြီးမင်းရယ်။ ကျနော်က ပြုံးမေကိုဘဲ ချစ်တာပါ"

"ဒါဆို ကျန်တဲ့နှစ်ယောက်ကို မင်းအဆက်ဖြတ်ရမယ်"

"သူတို့က ဇွတ်ဖြစ်နေရင် ဘယ်လို လုပ်မလဲ"

"အဲဒီအတွက်မပူနဲ့။ မင်းပြတ်နိုင်သလားဘဲပြောပါ"

"သူတို့နှစ်ယောက် ပြတ်နိုင်ရင် ကျနော့်ဘက်က ပြတ်နိုင်ပါတယ် သူကြီးမင်း"

"အေး ဒါဆိုကောင်းပြီ။ သွား အခုချက်ချင်း ခွေး ကျင်စွယ် ငါးပင်နှင့် ကြောင်မုတ်ဆိတ် ငါးပင် ရှာလာခဲ့"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

ထွန်းဖေတစ်ယောက် ခွေးကျင်စွယ်နှင့်ကြောင်မုတ်ဆိတ်တို့ကို ရှာရန် ထွက်ခွါသွားလေ၏။ နှစ်နာရီခန့်အကြာ၌ အရှာခိုင်းလိုက်သည့် ပစ္စည်းတို့နှင့်အတူ ပြန်ရောက်လာလေ၏။

"ကဲ... အဲဒါတွေကို ဒီသံဆုံထဲ ထည့်ပြီးသား ထောင်းပေတော့"

ခွေးကျင်စွယ်နှင့်ကြောင်မုတ်ဆိတ်တို့ကို ရောထောင်းပြီး အမှုန့်ပုံစံဖြစ်သွားသည့်အခါ ပျားရည် တစ်စက်လောက်ချပြီး လုံးလိုက်၏။ ထို့နောက် ထိုအလုံးသေးသေးလေးကို ထွန်းဖေအား ပေးလိုက်၏။

"အဲဒီဆေးနှင့် (အရင်ဆေးလိုဘဲ) ရင်ညွန့်ကသွေးနှင့် ရောစပ်ပြီး ပြုံးကြည်နှင့်ပြုံးရီကို တစ်နည်းနည်းနဲ့သာ ကျွေးပေတော့။ ဒါဆိုရင် သူတို့ဘာသာ နောက်ဆုတ်သွားလိမ့်မယ်။ ဒီအတိုင်းဆက်နေမယ်ဆိုရင်တော့ မင်းအတွက် အန္တရာယ်ဖြစ်ပေါ်လာနိုင်တယ်။ အဲဒီဆေးက သစ္စာမရှိရင် တကယ်ခိုက်တတ်တယ်"

"ဟုတ်ကဲ့ပါ သူကြီးမင်း"
....


နောက် တစ်လခန့်အကြာ၌ သူကြီးကိုကိုမောင်အိမ်သို့ ထွန်းဖေ၏ ညီတော်မောင် ထွန်းဝေ ရောက်လာ၏။ ထွန်းဖေများ တစ်ခုခုဖြစ်သွား၍ လာရောက်အကြောင်းကြားလေသလားဟု သူကြီးကိုကိုမောင် တွေးနေမိ၏။

"ဟာ .. ထွန်းဝေကြီးပါလား။ ဘာအကြောင်းထူးများရှိလို့လဲ။ အကိုတော် ထွန်းဖေကိစ္စလာတာထင်တယ်"

"မဟုတ်ပါဘူး သူကြီးမင်းရ"

"ဒါဖြင့် ထွန်းဖေတစ်ယောက် ပြုံးမေနဲ့ အဆင်ပြေရဲ့လား မသိဘူး"

"အဆင်ပြေတာမှ လွန်ရောဘဲ သူကြီးမင်းရေ"

"ပြုံးကြည်နှင့်ပြုံးရီကိစ္စကကော"

"သူကြီမင်းရဲ့ ဆေးအစွမ်းတွေကြောင့် အားလုံးကွက်တိဘဲတဲ့။ ပြုံးကြည်နှင့် ပြုံးရီလဲ ပုံမှန်အတိုင်းဖြစ်သွားပြီတဲ့။ ပြုံးမေနှင့်တောင် သီတင်းကျွတ်ရင် လက်ထပ်တော့မယ်တဲ့"

"မင်္ဂလာသတင်းပါဘဲ။ ဒါနဲ့ မင်းကကော ဘာကိစ္စများရှိလို့ ဒီကို လာခဲ့တာလဲ"

"အဲဒါ ပြောမလို့ဘဲ သူကြီးမင်းရေ"

"ထွန်းဖေလိုဘဲ ကိုယ်ကြိုက်တဲ့သူက ပြန်မကြိုက်ဘူး ဖြစ်နေတာလား"

"ဘယ်ကလာ သူကြီးမင်းရာ။ ကျနော်က ကျနော့်ကောင်မလေးဆီကတောင် ချစ်တယ်ဆိုတဲ့ အဖြေကို ရပြီးပါပြီ"

"ဒါဖြင့် ဘာကိစ္စအထူးလုပ်စရာရှိသေးလို့လဲ"

"သူကြီး ဟိုသီချင်း ကြားဖူးလား မသိဘူး"

"ဆိုစမ်းပါဦး"

"မွှေးမွှေးပေးမယ် ကြံတိုင်းကွယ်... လက်ကလေး သူကာတယ်... ချစ်တော့ ချစ်တယ် ကိုကိုရဲ့ ဒီလို မလုပ်နဲ့ ... ဆိုတဲ့ သီချင်းလေ"

"ကြားဖူးသားဘဲ"

"အခုလဲ အဲဒီလို ဖြစ်နေတယ် သူကြီးမင်းရယ်။ ကျနော့်ချစ်သူက ရွာမြောက်ပိုင်းက ဦးဖိုးကံသမီး မချောပါ။ သူကြီးမင်း သိမှာပါ။ ကျနော် မွှေးမွှေးပေးမယ် ကြံတိုင်း သူကအမြဲပြောတယ်။ လက်မထပ်မချင်း အသားကို လာမထိနဲ့။ ပါးကျိုးသွားမယ်။ ငါ့ကို ဘယ်လို မိန်းခလေးအမျိုးအစား အောက်မေ့လို့လဲတဲ့"

"ဟေ.. အဲဒီလိုလား"

"ဟုတ်တယ် သူကြီးမင်း။ အဲဒီကိစ္စကို အကိုထွန်းဖေကို ပြောပြလိုက်တော့ သူကြီးမင်းက အကူအညီပေးနိုင်ပါလိမ့်မယ်၊ သူကြီးမင်းဆီ သွားပြီး အကူအညီသွားတောင်းပါ လို့ သူကပြောတယ်၊ ဒါနဲ့ ကျနော် ဒီကိုလာခဲ့တာပါ"

"အော်... လက်စသတ်တော့ ဒီလိုကိုး။ ဒီကိစ္စက ငှက်ပျောသီးအခွံနွှာတာထက်တောင် လွယ်ပါပကောလား မောင်ထွန်းဝေရယ်"

"အားကိုးပါတယ် သူကြီးမင်း၊ လမ်းညွန်ပေးပါ"

"တစ်ပတ်မှာ ၇ ရက်ရှိတယ်။ တစ်ရက်စီမှာ မိန်းခလေးတွေရဲ့ အချစ်စိတ်တွေက သူတို့ကိုယ်ခန္ဓာတစ်နေရာစီမှာ တည်ရှိတယ်။ အဲဒီ သူတို့ရဲ့ အချစ်စိတ်တည်ရှိတဲ့ နေရာကို မွှေးမွှေးပေးလိုက်ရင် မောင့်ရင့်ကို မောင်ကျန် တစ်တို့တစ်တို့ လို့တောင် သူတို့ပြောနေလိမ့်ဦးမယ်"

"ရှင်းပြပါဦး သူကြီးမင်း"

"ဟုတ်ပြီ။ သေချာမှတ်ထား။ တနင်္ဂနွေနေ့မှာ ဆိုရင် မိန်းခလေးတွေရဲ့ အချစ်စိတ်က လည်တံမှာ တည်တယ်။ တနင်္လာနေ့မှာ ဆိုရင်........???? အင်္ဂါနေ့မှာ ဆိုရင်????... (ပ)... စနေနေ့မှာ ဆိုရင် လက်ချောင်းအဖျားလေးတွေမှာ တည်ရှိတယ်"

"သူကြီးမင်းရယ်။ မမှတ်မိတော့ဘူး။ ထပ်ပြောပါဦး"

"ကဲ ကဲ ပိုပြီး မှတ်မိလွယ်အောင် သျှတ္တရပေါင်းချုပ်ကျမ်းကြီးထဲက လင်္ကာတစ်ပုဒ်ကို မင့်ကို ပေးလိုက်မယ်။ အဲဒါကိုသာ အလွတ်ကျက်မှတ်ထားပေတော့"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

သူကြီးကိုကိုမောင်သည် မှတ်စုစာအုပ်ထဲမှ လင်္ကာတစ်ပုဒ်ကို ထွန်းဝေအား ရေးမှတ်စေလေ၏။

နေ့အလိုက် အမျိုးသမီးများ၏ အချစ်စိတ်တည်နေရာ (အမျိုးသားများ Select ပေးပြီးဖတ်ပါ၊ အမျိုးသမီးများ ကျော်ဖတ်ပါ :D )
နွေလည် လာရင်၊
အင်္ဂါမှာချက်၊ ဟူးမှာမက်၊
ကြွက်မှာကျောက်ကုန်း၊ ပူးဆံထုံး၊
အဆုံးစနေ၊ လက်ဖျားနေ။


"ရေးမှတ်ပြီးသွားပြီလား
"

"ဟုတ်ကဲ့ ပြီးသွားပါပြီ"

"ကဲ... အဲဒီလင်္ကာထဲကအတိုင်းသာ ကြည့်ကြပ်ပြီး မင့်ချစ်သူကို မွှေးမွှေးပေးပေတော့။ စိတ်ချ။ ငါ အာမခံတယ်။ သူ မင်းကို ငြင်းမလွတ်စေရဘူး"

"ဟုတ်ကဲ့။ ကျေးဇူးအရမ်းတင်ပါတယ် သူကြီးမင်း။ သွားလိုက်ပါဦးမယ်"

ထိုကဲ့သို့ လင်္ကာကို ရေးမှတ်ပြီး ထွန်းဝေသည် ပြန်ရန် ဟန်ပြင်လိုက်၏

"ဟေ့ကောင်... သိပ်မလောနဲ့။ နေဦး။ ပြောစရာတစ်ခုရှိသေးတယ်။ ပိုပြီးအစွမ်းထက်အောင် သူနှင့်မင်း စကားပြောတဲ့အခါမှာ ဆောင်းပိုင်းကာလဆိုရင် သူ့ရဲ့ မြောက်ဘက်အရပ်ကနေပြီး စကားပြောပါ။ နွေနှင့်မိုးကာလဆိုရင် သူ့ရဲ့ တောင်ဘက်အရပ်ကနေပြီး စကားပြောပါ"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"မင်းကလဲ တုံးရန်ကော။ ကျားအနှံ့ပေးတာကွ၊ ကျားအနှံ့ပေးတာ။ ခွေးတွေတောင်မှ သူတို့သခင်ရဲ့အနှံ့ကို သေချာမှတ်ပြီး သခင်ကို အသေစွဲလန်းနေကြတာကလား။ မိန်းခလေးတွေလဲ အဲဒီလိုဘဲကွ။ သူတို့ချစ်သူရဲ့ အနှံ့ကို အရူးအမူးစွဲလန်းတတ်ကြတယ်။ ဒါကြောင့် မင်းကို ကျားနှံ့ပေးခိုင်းတာ။ ဒါမှ မင့်ကိုယ်ရနံ့ကို သူယဉ်ပါးလာမှာ။ ဆောင်းကာလဆိုရင် မြောက်ပြန်လေတိုက်တယ်။ ဒါကြောင့် သူတို့ရဲ့ မြောက်ဘက်အရပ်မှာ မင်းနေရင် မင့်အနှံ့ကို သူ ရှူမိမယ်။ နွေနှင့်မိုးကာလဆိုရင်တော့ တောင်ပြန်လေတိုက်တယ်။ ဒါကြောင့် အဲဒီအချိန်တွေမှာဆိုရင် စကားပြောတဲ့အခါ မင်းက သူ့ ရဲ့တောင်ဘက်အရပ်မှာ နေရမယ်။ ရှင်းပြီလား"

"မှတ်သားလောက်ပါပေတယ် သူကြီးမင်း။ ဟို သီချင်းကိုတောင် ပြေးသတိရမိလိုက်သေးတယ်။ လေညာရပ်က အချစ် ဆိုတာကိုလေ"

"ခွီးမှဘဲ။ မင်းကတော့... လုပ်တော့မယ်"

မောင်ထွန်းဝေတစ်ယောက် သူလိုချင်သည့်နည်းစနစ်ကို ရရှိပြီးနောက် သူကြီးကိုကိုမောင်ကို နှုတ်ဆက် အရိုသေပေးကာ ပြန်သွားလေတော့၏။
....


ဝါလကင်းလွတ် သီတင်းကျွတ်လသို့ ရောက်ရှိခဲ့လေပြီ။ မြန်မာ့ရိုးရာအတိုင်း သီတင်းကျွတ်သည့်အခါ လက်ထပ်မင်္ဂလာပွဲများ ဆင်နွှဲလေ့ရှိကြ၏။ တုံးဖလားရွာ၌လည်း ဈေးဦးပေါက် မင်္ဂလာပွဲ နှစ်ပွဲရှိလေ၏။ ထွန်းဖေနှင့်ပြုံးမေ၊ ထွန်းဝေနှင့်မချောတို့၏ မင်္ဂလာပွဲများပင်တည်း။ ထွန်းဖေက သီတင်းကျွတ်လပြည့်ကျော် နှစ်ရက်နေ့၊ ထွန်းဝေက သီတင်းကျွတ်လပြည့်ကျော် ၇ ရက်နေ့၊ ညီအကို နှစ်ယောက် အသီးသီးမင်္ဂလာဆောင်ကြလေ၏။ သူကြီးကိုကိုမောင်သည်လည်း သူတို့ညီအကိုနှစ်ယောက်၏ မင်္ဂလာပွဲတို့၌ အဘိသိက်သွန်းပေးလေ၏။ သစ္စာရှိရှိ လက်ထပ်ကြသော သူတို့ညီအကို နှစ်ယောက်ကိုလည်း စိတ်ထဲမှ ကျိတ်ပြီးချီးကျူးနေမိ၏။

ရပ်ရွာထုံးစံအရ တစ်နှစ်အတွင်းမှာ တစ်အိမ်ထဲ၌ စုံဂဏန်း ပွဲများ မလုပ်ကောင်း၊ မဂဏန်းပွဲသာ လုပ်ကောင်းသည်ဟု အယူရှိကြ၏။ ဥပမာ။ တစ်နှစ်အတွင်း တစ်အိမ်ထဲ၌ နှစ်ပွဲ၊ လေးပွဲ၊ ခြောက်ပွဲ စသည်ဖြင့် စုံဂဏန်း ပွဲများ မလုပ်ကောင်း၊ တစ်ပွဲ၊ သုံးပွဲ၊ ငါးပွဲ စသည်ဖြင့် မဂဏန်းပွဲများကိုသာ လုပ်ကောင်းသည်ဟု ဆိုလို၏။ ယခု မောင်ထွန်းဖေတို့အိမ်၌ ညီအစ်ကို နှစ်ယောက်လုံး မင်္ဂလာပွဲကျင်းပခဲ့ကြသောကြောင့် နှစ်ပွဲ ဖြစ်နေ၏။ ထိုအတိုင်း မထားကောင်းပေ။ သုံးပွဲပြည့်အောင် လုပ်ရမည် ဖြစ်၏။ ထို့ကြောင့် ရွာဦးကျောင်း၌ သူတို့မိသားစုတစ်တွေ ကထိန်ပွဲတော်ကြီးကို သုံးပွဲမြောက် သိုက်သိုက်ဝန်းဝန်း ကျင်းပကြလေတော့၏။

ရွာသူကြီးကိုကိုမောင်သည်လည်း မင်္ဂလာပွဲများအပြင် ကထိန်ပွဲတော်ကိုပါ ကျင်းပကြသည့် ထွန်းဖေ ထွန်းဝေတို့၏ လုံ့လ၀ီရိယနှင့် သူတို့ မိသားစုတို့၏ သဒ္ဓါတရားကို ကွန်ဂရက်ကျူလေးရှင်းပြုလုပ်ကာ သာဓုအကြိမ်ကြိမ်ခေါ်နေမိလေတော့၏။ ။


မှတ်ချက်။
တုံးဖလားရွာသူကြီးကိုကိုမောင် ဘိလပ်သို့ရောက်ပြီး ပရန္န၀ါဆေး၊ ထိကရုံးနှစ်ပါးဆေး၊ ပီယဆေးအစွမ်းနှင့် အချစ်နည်းစနစ်တို့ နာမည်ကြီးသွားသောကြောင့် ဘိလပ်ရှိ အချစ်ဒုက္ခသည်များ (ကျားကျားမမ) မကြာမကြာလာရောက် အကူအညီတောင်းကြ၏။
တစ်ချို့ သူတွေကလည်း တယ်လီဖုန်းဖြင့် လှမ်းမှာကြ၏။ တစ်ချို့  သူတွေကျတော့ လူကြုံဖြင့် မှာကြားကြ၏။ ထို့ကြောင့် အားလုံးအဆင်ပြေစေရန် သူကြီးကိုကိုမောင်သည် ၄င်းဆေးတို့ကို ဖော်စပ်ပြီး မှာကြားသူတို့အား Special delivery, First class delivery, Second class delivery, Free delivery နှင့် Royal mail delivery စနစ်တို့ဖြင့် အဆင်ပြေသလို ပို့ပေးနေလေတော့၏။ အခကြေးငွေမယူဘဲ စေတနာသက်သက်ဖြင့် အခမဲ့ ကူညီခြင်းဖြစ်၏။ မှာကြားလိုသူတို့သည် (သို့မဟုတ်) စုံစမ်းလိုသူတို့သည် ကျားမမရွေး kokomaung.uk@gmail.com သို့လည်းကောင်း၊ ဘိလပ်အတွင်းမှ နှလုံးသားလမ်းကြောင်း ကျွန်းခံနေသူတို့သည် ဖုံးနံပါတ် ၀၇၇ ၂၉၇ ၅၅၈ ၇၇ သို့လည်းကောင်း အိုဗာဆီးမှ ၀ါသနာရှင်များသည် ၀၀၄၄ ၇၇ ၂၉၇ ၅၅၈ ၇၇ သို့လည်းကောင်း ဆက်သွယ်၍ အလွယ်တကူ မှာယူနိုင်ရန် စီစဉ်ပေးလျက် ရှိနေလေတော့၏။ သို့သော် ရဟန်း သာမဏေ သီလရှင် အိမ်ထောင်သည် ဟိုမိုဆက်ရွှယ် လစ်စ်ဘီယံ နှင့် အချစ်ကိစ္စ၌ သစ္စာမဲ့တတ်သူများအား လုံးဝ (လုံးဝ) မပို့ပေးပါ ဟု သူကြီးကိုကိုမောင် စည်းကမ်းထုတ်ထားလေ၏။ :D :D :D

....

26 comments:

ရွှေရတုမှတ်တမ်း said...

တောင်ပြန်သူကြီးရယ်..ဆေးကြော်ငြာတော့ ကောင်းပါရဲ့
ကာယကံရှင်ကိုယ်တိုင် ခုထိမစွန်သေးတာက ခက်တယ်..

Anonymous said...

ဘယ်စွန်မလဲ ဘကျောက်ရယ်..

ဟဲဟဲ...
ဒီလိုကျမ်းတွေဆိုတာ.. တကယ်ပဲ ရှိနေတာကိုး။။ဒါကြောင့် ဘုန်းကြီးတွေဗေဒင်မဟော ရ ဆေးမကုရဆိုတဲ့ပညတ်ချက်ထားခဲ့တာဖြစ်မယ်။


မြတ်နိုး

Anonymous said...

အနော့်ကိုလဲ ပီယဆေးပေးပါ..သချီး

မြတ်နိုး

blackroze said...

ဂယ်ပါဘဲတော်...
လေးစားပါတယ်..အကိုမောင်ရေ..းP

Anonymous said...

ွတော်တော်တော်တဲ့သူကြီးမင်းစွယ်စုံရေးတတ်တယ်နော် ဖတ်လို့ကောင်းတယ်အကိုရအားပေးလျက်နော်
swe

ဂျစ်တူး ( မုံရွာ ) said...

ဟားဟားဟား-----
ဘယ်သူပြောသလဲ သူကြီး မစွန်သေးဘူးလို့ -
ဟိုမှာ တန်းတောင်စည်နေရတယ်-
နိုင်တောင်မနိုင်ဘူးတဲ့ ဗျာ-
အခုတလောသူက -----------စာအုပ်ကြီးဖတ်ပြီး
တကုံးကုံးနဲ့ အလုပ်ရှုပ်နေလေရဲ့ ဗျာ-
------------စာအုပ်အမည်ကတော့သူကြီးကိုသာ
မေးပေတော့-

ဓာတ်သိ ညှပ်စိ said...

သဂျီးမင်း ... ၀ါဝင်ခါနီးဘီနော်။
ကုထုံးတွေနောက်ပဲ လိုက်မနေနဲ့အုံး။
ဒီတ၀ါ ဘယ်မှာ ဆိုမတုန်း။ :)

နေ၀သန် said...

သြော်... တကယ့်ဆေးလုံးလေးတွေ လုံးပြီး ပုံနဲ့တောင်တင်လိုက်သေး... အဟေးဟေး... ဒါနဲ့ သကြီးက မစွံသေးဘူးတဲ့.. ဟားဟား...း))))


ခင်မင်တဲ့
နေ၀သန်

SHWE ZIN U said...

သူကြီးမင်း ရေ

ရွှေစင်ဦး တို့ ကတော့ စွန်ပြီးသားဖြစ်နေလို့ ဆေးမလိုပါဘူး

သူကြီးမင်း နဲ့ ကိုကြီးကျောက်တို့ သာ များများလေး သုံးဆောင်ကြပါ မကြာခင် ဝါဝင်တော့မယ်ဗျ

သူကြီးမင်း ရဲ့ ပညာရပ်တွေ ကတော့ ချီးကျူးလောက် ပါပေတယ် ကုန် မကုန်နိုင် ပညာစုံ လွန်းပါတယ် ပီအိပ်ခ်ျဒီ ဘွဲ့ ကြီးနဲ့ ထိုက်တန် လှပါပေတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ညီမလေး said...

အော်... အဲ့လိုတွေလဲ ရှိသလားတဲ့ ..

flowerpoem said...

ဆေးဖော်က တော့ တယ်ကောင်းကိုကိုမောင်ရော ဒီဆေးတွေဖော်ပြီး တစ်ယောက်တည်းမသောက်နဲ့နော်. . . ဘလော့ က ဘော်ဒါတွေကိုလည်း မျှပါအုံး. . . :P

ခိုင်နုငယ် said...

သူကြီးနှယ်..သူ့စာဖတ်ရင်မရယ်(ရီ)ပဲကို
မနေနိုင်အောင်ပဲ..
ူသူဂျီးဆေးနည်းတွေတိုင်းလိုက်လုပ်နေကြရင်
ဒုတ်ခ...
အော်..ဒါနဲ့သူဂျီးကိုယ်တိုင်ဆေးနည်းတွေထုတ်
ပါလျှက်ကယ်နှင့်...
သူဂျီးကကခုထိမစွံသေးဘူးဆိုတော့
စဉ်းစားစရာ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

စုံလိုက်တဲ့ဆေးနည်းတွေပါလား သူဂျီး
ဆေးဖော်ပြီးရောင်းစားရင် မီလျှံနာ ဖြစ်လောက်ပြီ...
သူများတွေအတွက်ကြီးဘဲ ဖော်မနေနဲ့ ကိုယ်ဖော်တဲ့ဆေး ကိုယ့်အတွက်စွမ်းအောင် အရင်လုပ်ပါဦး...
ဟုတ်ပ.. တစ်ဝါ၀င်ပြန်တော့မယ်..
ဘယ်ခါစားရမလဲ.. စောင့်နေမယ်နော်.. ပီယဆေးလိုချင်သူတွေရှိရင်သူဂျီးဆီလွတ်လိုက်မယ်..း)

အင်ကြင်းသန့် said...

ဟယ်....တကယ်ပဲ ယူကေမှာနေပြီး ပီယဆေးရောင်းတာလား???
(နောက်တာပါ....တောရွာမြင်ကွင်းဓလေ့လေးတွေကို ပေါ်လွင်အောင် ရေးတတ်တယ်....ဖတ်လို့ကောင်းတယ်။ ဒါနဲ့ တုံးဖလားရွာသူကြီးနာမည်ကလည်း ကိုကိုမောင်ပဲတဲ့လား.....း))

မြစ်ကျိုးအင်း said...

ဆေးစွမ်းကြောင်း သူကြီးမင်းကိုယ်တိုင် သက်သေပြပါဗျို့...။
ရွာမြောက်ပိုင်းက မချော ဆိုတာ သိတဲ့ မချောများလား မသိဘူး ဟဲဟဲ ....။

လသာည said...

သူကြီးဆေးတွေ ကြော်ငြာကောင်းကောင်းနဲ့ ကြော်ငြာလိုက်ပါ။ မင်းသားနေရာကို ကိုယ်တိုင် သရုပ်ဆောင်လိုက်ပါ။ ဒါဆို ပွဲပြီးပြီ (နာမည်ကြီးပြီလို့ ပြောတား))

သဒ္ဓါလှိုင်း said...

ဆေးစွမ်းတော်တော်ထက်ပါလား
သူကြီးကိုကိုမောင်ရေ..။
ဒါနဲ့သူကြီးမှာဆေးမျိုးစုံတယ်နော်..
ခင်မင်စွာ
သဒ္ဓါ

Anonymous said...

“ဟာာာဗျာာာ” အသိနောက်ကျလိုက်တာဗျာ
အားကိုးပါတယ် သချီးရယ်
အနော့ကို တစ်ဖုံကောင်းကောင်းဖော်ထားပေးစမ်းပါ
တကယ်အရေးကြီးလို့


မောင်ဘကြိုင်

ပန်းနုနှင်းဆီ said...

ကုထုံးတွေက အပျံစားဘဲနော်
ကိုယ်တွေ့တွေလားမသိဘူး
အိမ်ထောင်ရေးကုထုံးကလဲ ကိုယ်တွေ့ဘဲ ထင်ရဲ့...
ပြန်မျှဝေပေးလို့ အားလုံးက ကျေးဇူးတင်ကြမှာ သေချာပါတယ်.. :)

အနမ်း said...

သူကြီးရေ.. ကုထုံးတွေချည်းပေးမနေနဲ့အုံး။ ကိုယ့်အတွက်လည်းကိုယ်လုပ်အုံးး)) (စာကျက်ဖို့ပြောပါတယ်)

sawbhohnset said...

တုံးဖလားသူကြိးမင်းရေ...ဒီတခါတော့ ပြောသမျှလွဲရပြီထင်တယ်ဗျ။ကျွန်တော်လည်း ဒီအကြောင်းလေး လောကဟိတရာသီကျမ်းမှာ မိန်းမတို့ကို နမ်းရာကျမ်းဆိုတဲ့အခန်းထဲမှာ ဖတ်ဖူးတယ်ဗျ။ဒါနဲ့ ကျွန်တော်လည်ွးသူငယ်ချင်းတွေကြားခပ်ကြွားကြွားလေး ပြောတာပေါ့ သူကြိးမင်းရာ။ဘာပြောကောင်းမလဲ ကျွန်တော်ပက်ပက်စက်စက်ကွဲခဲ့တာပဲဗျ...ဘာကြောင့်လဲဆိုတာတော့ ဘုန်းဘုန်းလူထွက်ကိုဘခက်ပြောတဲ့စကားကိုသာ နားထောင်ကြည့်ပါတော့ဗျာ..ကိုဘခက်ပြောလိုက်သော စကားမှာ ...ဟေ့ကောင် တော်တော် အ ပါလား ထိတဲ့နေရနမ်း အားလုံးစွမ်းတာချည်းပဲကွ ဟူသတည်း။

sawbhohnset said...

တုံးဖလားသူကြိးမင်းရေ...ဒီတခါတော့ ပြောသမျှလွဲရပြီထင်တယ်ဗျ။ကျွန်တော်လည်း ဒီအကြောင်းလေး လောကဟိတရာသီကျမ်းမှာ မိန်းမတို့ကို နမ်းရာကျမ်းဆိုတဲ့အခန်းထဲမှာ ဖတ်ဖူးတယ်ဗျ။ဒါနဲ့ ကျွန်တော်လည်ွးသူငယ်ချင်းတွေကြားခပ်ကြွားကြွားလေး ပြောတာပေါ့ သူကြိးမင်းရာ။ဘာပြောကောင်းမလဲ ကျွန်တော်ပက်ပက်စက်စက်ကွဲခဲ့တာပဲဗျ...ဘာကြောင့်လဲဆိုတာတော့ ဘုန်းဘုန်းလူထွက်ကိုဘခက်ပြောတဲ့စကားကိုသာ နားထောင်ကြည့်ပါတော့ဗျာ..ကိုဘခက်ပြောလိုက်သော စကားမှာ ...ဟေ့ကောင် တော်တော် အ ပါလား ထိတဲ့နေရနမ်း အားလုံးစွမ်းတာချည်းပဲကွ ဟူသတည်း။

sawbhohnset said...

တုံးဖလားသူကြိးမင်းရေ...ဒီတခါတော့ ပြောသမျှလွဲရပြီထင်တယ်ဗျ။ကျွန်တော်လည်း ဒီအကြောင်းလေး လောကဟိတရာသီကျမ်းမှာ မိန်းမတို့ကို နမ်းရာကျမ်းဆိုတဲ့အခန်းထဲမှာ ဖတ်ဖူးတယ်ဗျ။ဒါနဲ့ ကျွန်တော်လည်ွးသူငယ်ချင်းတွေကြားခပ်ကြွားကြွားလေး ပြောတာပေါ့ သူကြိးမင်းရာ။ဘာပြောကောင်းမလဲ ကျွန်တော်ပက်ပက်စက်စက်ကွဲခဲ့တာပဲဗျ...ဘာကြောင့်လဲဆိုတာတော့ ဘုန်းဘုန်းလူထွက်ကိုဘခက်ပြောတဲ့စကားကိုသာ နားထောင်ကြည့်ပါတော့ဗျာ..ကိုဘခက်ပြောလိုက်သော စကားမှာ ...ဟေ့ကောင် တော်တော် အ ပါလား ထိတဲ့နေရနမ်း အားလုံးစွမ်းတာချည်းပဲကွ ဟူသတည်း။

sawbhohnset said...

တုံးဖလားသူကြိးမင်းရေ...ဒီတခါတော့ ပြောသမျှလွဲရပြီထင်တယ်ဗျ။ကျွန်တော်လည်း ဒီအကြောင်းလေး လောကဟိတရာသီကျမ်းမှာ မိန်းမတို့ကို နမ်းရာကျမ်းဆိုတဲ့အခန်းထဲမှာ ဖတ်ဖူးတယ်ဗျ။ဒါနဲ့ ကျွန်တော်လည်ွးသူငယ်ချင်းတွေကြားခပ်ကြွားကြွားလေး ပြောတာပေါ့ သူကြိးမင်းရာ။ဘာပြောကောင်းမလဲ ကျွန်တော်ပက်ပက်စက်စက်ကွဲခဲ့တာပဲဗျ...ဘာကြောင့်လဲဆိုတာတော့ ဘုန်းဘုန်းလူထွက်ကိုဘခက်ပြောတဲ့စကားကိုသာ နားထောင်ကြည့်ပါတော့ဗျာ..ကိုဘခက်ပြောလိုက်သော စကားမှာ ...ဟေ့ကောင် တော်တော် အ ပါလား ထိတဲ့နေရနမ်း အားလုံးစွမ်းတာချည်းပဲကွ ဟူသတည်း။

ဟန်ကြည် said...

ဟိုက်ရှားဘားစ်...ဒါကတစ်မျိုးပါလားသူကြီးရဲ့...ထူးပေဆန်းပေသည်...ဦးရေချမ်းရဲ့ညီလို့ပဲ အော်လိုက်ချင်တော့တာပါပဲ...ဆေးဖော်ရင်းနဲ့များ ဆေးလုံးအပေါ့အငန်မြည်းရင်း တစ်လုံးလောက်သာ မြည်းကြည့်မိလို့ကတော့ အင်း...တွေးတောင် မတွေးရဲပါလား သူကြီးရယ်...

Anonymous said...

Hey! This is kind of off topic but I need some advice from
an established blog. Is it tough to set up your own blog?
I'm not very techincal but I can figure things out pretty quick. I'm thinking about creating my own
but I'm not sure where to start. Do you have any tips or suggestions? With thanks

Also visit my page - fsmat.at