Sunday, 4 July 2010

အိမ်ထောင်ရေးကုထုံး


တုံးဖလားရွာသူကြီးကိုကိုမောင်တစ်ယောက် စိတ်အညစ်ကြီးညစ်နေလေ၏။ သူကြီးတာဝန်သည် ရပ်ရွာသာယာရေးနှင့် အုပ်ချုပ်ရေး တာဝန်သာဖြစ်သင့်၏ဟု သူတွေးနေ၏။ ယခုမူ ဘာအရေးဖြစ်ဖြစ် သူကြီးကိုကိုမောင်တာဝန်သာ ဖြစ်နေလေ၏။ ရာဇ၀တ်မှုခင်းကိစ္စမှစ၍ ကလေးပေါက်စ ၀မ်းချုပ်သည့်ကိစ္စထိ ပါဝင်နေရလေ၏။ ခေါင်းမူးခေါင်းကိုက်ဖြစ်နေလား၊ ကိုကိုမောင်ဆီသွား။ ၀မ်းလျောဝမ်းကိုက်ဖြစ်နေလား ကိုကိုမောင်ဆီသွား စသည့် တုံးဖလားမိုတိုများစွာပင် ပေါ်ပေါက်လျက် ရှိနေချေတော့၏။

ထိုသို့သော အကြောင်းတို့ကြောင့် သူကြီးကိုကိုမောင်တစ်ယောက် ဆေးမီးတိုနည်းများစွာအား သေချာလေ့လာသမှု ပြုနေရလေ၏။ ရာဇသတ်၊ ဓမ္မသတ်ကျမ်းများအပြင် ဥတုဘောဇနကျမ်း၊ မီးဖိုချောင်မှဆေးစွမ်းကောင်းများအမည်ရှိသောကျမ်း၊ ဘေသဇ္ဇဒီပနီဆေးကျမ်း၊ သျှတ္တရပေါင်းချုပ်ကျမ်း၊ ချက်နည်းပြုတ်နည်းကျမ်း၊ သိဒ္ဓိပေါင်းချုပ်ကျမ်း စသည့် ကျမ်းစာအုပ်များအား သေချာဖတ်ရှုလေ့လာပြီး ကောင်းနိုးရာရာအချက်အလက်တို့ကို မှတ်စုအဖြစ် ထုတ်နှုတ်ရေးထားရလေတော့၏။ တာဝန်ကြီးမှားလွန်း၍ မည်မျှပင် ပင်ပန်းပြီး စိတ်ညစ်ရသည်ဖြစ်စေ မိမိဆောင်ရွက်ပေးလိုက်သည့်ကိစ္စများ အဆင်ပြေသည်ဟု ကြားသိရလျှင်မူ သူကြီးကိုကိုမောင်တစ်ယောက် ပီတိစားပြီး အားရှိနေလေ၏။

တစ်နေ့တွင် ရပ်ရွာတွင်းမှ မောင်ပုတစ်ယောက် သူကြီးကိုကိုမောင်အိမ်သို့ အကြောင်းတစ်ခုဖြင့် ရောက်ရှိလာလေ၏။ သူ့ပုံစံကြည့်သည်မှာ ခုနစ်ရက်ခန့် အစာရေစာ မစားထားရသည့်ပုံစံမျိုး လိမ်ပိန်ပိန်ဖြစ်နေ၏။ အားကိုးပါရစေ ဟူ၍ အဓိပ္ပါယ်ပေါက်သည့် အကြည့်မျိုးဖြင့် သူကြီးကိုကိုမောင်ကို အားကိုးတကြီး ကြည့်ရှုနေလေ၏။ သူကြီးကိုကိုမောင်က အလိုက်သိစွာ စကားလမ်းကြောင်းပေးလိုက်၏။

"ကဲ မောင်ပုရေ... ဆိုစမ်းပါဦးဗျ။ ဘာကိစ္စတွေ ပေါ်ပေါက်ခဲ့ပြီး ကျနော် ဘာအကူအညီပေးရမလဲ"

"ကျနော်တို့ အိမ်ထောင်ရေး မသာယာဘူးဗျာ။ မိန်းမက ပူညံပူညံနဲ့ ညဘက်ဆို ကောင်းကောင်းကို အိပ်လို့မရဘူး"

"ဘာဖြစ်လို့လဲဗျ။ စီးပွါးရေးအဆင်မပြေလို့လား"

"မဟုတ်ပါဘူး သူကြီးမင်း"

"ဒါဖြင့် အိမ်ထောင်ရေးဖောက်ပြန်မှုဖြစ်နေလို့လား"

"မဟုတ်ပါဘူး သူကြီးမင်း။ ရှင်းရှင်းပြောရရင် စီးပွါးရေး လူမှုရေး ကျန်းမာရေး အားလုံးအဆင်ပြေပါတယ်"

"ခင်များဟာက ဘယ်လိုကြီးလဲဗျ။ ရှင်းရှင်းပြောစမ်းပါဦး"

"သူကြီးမင်းရယ် ပြောရမှာတော့ ရှက်စရာကြီးဗျာ။ ကျန်တဲ့ကိစ္စ အားလုံးအဆင်ပြေပါတယ်။ ဟိုကိစ္စတစ်ခုဘဲ အဆင်မပြေဖြစ်နေတာ"

ထိုကဲ့သို့ပြောပြီး မောင်ပုမျက်နှာကြီး နီတက်လာသည်ကိုတော့ သူကြီးကိုကိုမောင်သတိထားမိလိုက်၏။

"ဘာကိစ္စတုန်းဗျ။ ကျနော်နားမလည်ဘူး။ တဲ့တိုးကြီးသာ ပြောချလိုက်စမ်းပါဗျာ"

သူကြီးကိုကိုမောင်တစ်ယောက် တုံးအလိုက်သည့်ဖြစ်ခြင်း။ ထို့ကြောင့်ပင် လူပျိုလူလွတ်ကြီး ဖြစ်နေပုံပေါ်၏။ အရေးအရာကိစ္စအ၀၀တို့၌ ကျွမ်းကျင်တတ်မြောက်သည့်သလောက် မောင်ပုကိစ္စကိုမူ ယခုထက်ထိ သဘောမပေါက်သေးပေ။

"ဟာဗျာ...ပြောရမှာ ခက်နေတယ်"

မောင်ပုသည် ခေါင်းကို တွင်တွင်ကြီး ကုတ်နေလေတော့၏။

"ဒီမှာ မောင်ပု။ ဒီနေရာမှာ ခင်များနှင့်ကျနော် နှစ်ယောက်ထဲရှိတယ်။ ဘယ်သူမှ မရှိဘူး။ ခင်များလဲ ယောက်ျား ကျနော်လဲ ယောက်ျားဘဲ။ ဘာမှရှက်စရာမလိုဘူး။ ပွင့်ပွင့်လင်းလင်းသာပြောပါ။ အဖြစ်မှန်ကို သိမှ ကျနော် ကူညီလို့ရမှာပေါ့"

မောင်ပုမျက်နှာ ၀င်းလက်လာ၏။ တက်ကြွမှု အရိပ်အရောင်ကို တွေ့ရ၏။ အားတက်သွားပုံပေါ်၏။

"ဒီလိုဗျာ။ ကျနော့်မိန်းမနှင့်အတူအိပ်ချင်စိတ်ကုန်နေတယ်ဗျ။ အဲဒါ သူကြီးမင်းဆီမှာ ဘာဆေးညာဆေးလေးများ ရှိမလားလို့ လာအကူအညီတောင်းတာ"

ယခုမှပင် သူကြီးကိုကိုမောင်တစ်ယောက် အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်းကြီး သိသွားပေတော့၏။ အနာသိရင်တော့ ဆေးရှိရမှာပေါ့ ဟူသည့် လက်စွဲအတိုင်း အနာနဲ့ သင့်လျော်သည့် ဆေးဝါးတို့ကို ညှိယူရန် သူကြီးကိုကိုမောင် စဉ်းစားခန်း ဖွင့်နေလေ၏။

"ဟောဗျာ။ ခင်များက အိမ်ထောင်ရေးမသာယာဘူးတာပြောတယ် ကလေးကျတော့ လေးယောက်တောင်ရှိနေပြီ။ ဒီကြားထဲ အဆစ် အမွှာပူးပါ ပါလိုက်သေး"

"အဲဒီလောက် ကလေးတွေမွေးပြီးလို့ ဆိုက်ကိုအရ စိတ်မပါတော့တာလဲ ဖြစ်နိုင်တာပေါ့ သူကြီးမင်း"

"အေးဗျာ... ဘာဘဲဖြစ်ဖြစ် ကြည့်စီစဉ်ကြတာပေါ့။ ခဏလေးစောင့်ပါ။ ကျနော် မှတ်စုစာအုပ်သွားရှာလိုက်ဦးမယ်"

ထိုကဲ့သို့ပြောပြီး သူကြီးကိုကိုမောင်တစ်ယောက် စာမျက်နှာ တစ်သောင်းခန့်ရှိသည့် န၀မမြောက် မှတ်စုစာအုပ်ကြီးကို ဧည့်ခန်းအတွင်းရှိ စာအုပ်ဗီဒိုထဲက ထုတ်ယူခဲ့လေ၏။ မှတ်စုစာအုပ်ကို အက္ခရာစဉ်အလိုက်ဖြင့်လည်းကောင်း အကြောင်းအရာအစဉ်အလိုက်ဖြင့်လည်းကောင်း သေချာပြုစုထားသည့်အတွက် သိချင်သည့်အကြောင်းအရာတို့ကို ခဏအတွင်း ရှာဖွေတွေ့ရှိနိုင်လေ၏။ မှတ်စုစာအုပ်ကိုပင် သူကြီးကိုကိုမောင်စွယ်စုံကျမ်း ဟူ၍ နာမည်ပေးထား၏။ အင်ကာတာ၊ ဘရိတနိကာ၊ ၀ီကီစသည့် စွယ်စုံကျမ်းတို့ထက် ပို၍အကြောင်းအရာစုံလင်သည့် တုံးဖလားရွာဖြစ် စွယ်စုံကျမ်းဟူ၍ ဆိုရလောက်အောင် ဣစ္ဆာသယမှတ်စုစာအုပ်ကြီးပင် ဖြစ်ချေတော့၏။

လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ဘာသာရေး စသည့် အကြောင်းအရာများအပြင် တုံးဖလားရွာအတွင်းရှိ ရွာသူရွာသားများအာလုံး၏ တစ်ယောက်ချင်းစီအကြောင်းအရာတို့ကိုပါ မှတ်စုစာအုပ်ကြီးအတွင်း၌ သေချာစာရင်းပြုစုမှတ်သားထားလေ၏။ ကကြီးအက္ခရာပါရှိသည့်မာတိကာအက္ခရာစဉ်၌ ကိုကိုမောင် ဟူသောနာမည်မျိုး၊ အက္ခရာပါရှိသည့် မာတိကာအက္ခရာစဉ်၌ မောင်ပုဟူသောနာမည်မျိုးတို့ကို အစီအစဉ်တကျမှတ်သားထား၏။
ဥပမာ။
က
ကိုကိုမောင်= ရွာသူကြီး၊ လူပျိုကြီး၊ ၁၉၈၂ခုနှစ် သြဂုတ်လ ၁၀ ရက် အင်္ဂါနေ့တွင်မွေးဖွားသည် (ပ) ယခုလက်ရှိ တုံးဖလားရွာသူကြီးတာဝန်ထမ်းဆောင်နေဆဲ ဟုလည်းကောင်း၊
မောင်ပု= ၁၉၇၉ခုနှစ် ဇန်န၀ါရီလ ၈ ရက် နေ့တွင်မွေးဖွား၊ မကြည်တင်၏ယောက်ျား၊ ကလေး ၄ ယောက်တို့၏ အဖေ ဟုလည်းကောင်း စသဖြင့် စသဖြင့် အသေးစိပ်မှတ်သားထားလေ၏။

ထို ကိုကိုမောင်စွယ်စုံကျမ်း ခေါ် အတွဲဆက်မှတ်စုစာအုပ်ကြီးများကို တစ်နှစ်တစ်ခါလောက် အပ်ပဒိတ်လုပ်ပေးရ၏။ ပြန်လည်ဖြည့်စွက်ချက်တို့ကို ထပ်ပိုးပေး၏။ ထူးခြားဖြစ်စဉ်များကို ထည့်စွက်ပေး၏။ ထို့ကြောင့် ထိုမှတ်စုစာအုပ်များသည် အကောင်းဆုံး ရက်ဖရင့်စာအုပ်ကြီးအသွင်ကို ဆောင်နေလေတော့၏။

သူကြီးကိုကိုမောင်သည် ဗီဒိုထဲမှ ထုတ်ယူလာသည့် န၀မမြောက် မှတ်စုစာအုပ်ကြီးကို လှန်လောဖွေရှာလိုက်သည့်အခါ စာမျက်နှာ ၅၁၈ ၌ အိမ်ထောင်သည်တို့အတွက် အလွန်တန်ဖိုးရှိသော အိမ်ထောင်သာယာရေးဆေးမီးတိုကြီးကို တွေ့ရှိလေ၏။ ထိုဆေးမီးတိုကြီးကို ကာမသိဒ္ဓိသျှတ္တရပေါင်းချုပ်ကျမ်းကြီးထဲက ကူးယူထားခြင်းဖြစ်၏။

"ကဲ.. မောင်ပုရေ... ဆေးကောင်းဝါးကောင်းတော့ တွေ့ပြီဗျ။ ဒါပေမဲ့ အဲဒီဆေးကို ခင်များဖာသာ စီရင်ရမယ်။ ကျနော်ကတော့ နည်းစနစ်ဘဲပေးဖို့ တတ်နိုင်တယ်။ ဒါကြောင့် အဲဒီဆေးမီးတို မှတ်စုကို ခင်များရေးမှတ်သွားပေတော့။ ရော့.. ဒီမှာ စာရွက်အလွတ်နှင့်ခဲတံ။ ဟောဒီ စာမျက်နှာ ၅၁၈ ဒုတိယအပိုဒ်ကစပြီး ရေးမှတ်ပေတော့"

ဟူ၍ပြောကာ သူကြီးကိုကိုမောင်သည် သူ၏မှတ်စုအတွင်းရှိ အိမ်ထောင်သာယာရေးဆေးမီးတိုကြီးကို မောင်ပုအားရေးမှတ်စေလေတော့၏။ အလွန်တန်ဖိုးရှိလှသည့် ဆေးမီးတိုကြီးမှာ အောက်ပါအတိုင်း ဖြစ်လေ၏။
မှတ်ချက်။ ထိုမှတ်စုသည် ဂါမ္မဒေါသသင့်စရာများပါရှိပါသောကြောင့် အမျိုးသမီးများ လုံးဝ (လုံးဝ)မဖတ်ရ။ အမျိုးသားများ ဥာဏ်ရှိသလို ဖတ်နိုင်သည်။

(အမျိုးသားများအတွက်အားဆေး)
ပရံန၀ါ၊ ပါးပါးလွှာ၊ သကာပျားနှင့်ဖက်။

ဒန့်သလွန်ပွင့်၊ အုန်းဆံရင့်၊ အသင့်ညီအောင်ချက်။

တစ်နေ့သုံးခါ၊ မင်းရာဇာ၊ မကြာမှန်မှန်လျက်။

မောင်းမတစ်ထောင်၊ တွေ့မရှောင်၊ စေ့အောင်အကုန်နှက်။


"အားလုံးရေးမှတ်ပြီးသွားပြီလား"

"ပြီးသွားပါပြီ သူကြီးမင်း"

"ဒါဖြင့် တစ်ခါတည်းဘဲ ခင်များအမျိုးသမီးအတွက် အသုံးပြုဖို့ ဆေးမီးတိုပါ ပေးလိုက်မယ်။ နောက်လဲ လာတောင်းမှာချင်း အတူတူ တစ်ခါထဲသာ ရေးမှတ်သွားပေတော့"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"အဲဒီ စာမျက်နှာမှာဘဲ စာပိုဒ် ၄ ပိုဒ်မြောက်က စပြီး ရေးမှတ်လိုက်ပါ"

မောင်ပုသည် သူကြီးကိုကိုမောင် ညွန်ပြသည့် မှတ်စုကို ခေါင်းငုံ့ပြီး မြိန်ရည်ယှက်ရည် လိုက်မှတ်နေလေတော့၏။
မှတ်ချက်။ ထိုမှတ်စုသည်လည်း ဂါမ္မဒေါသသင့်စရာများပါရှိပါသောကြောင့် အမျိုးသမီးများ လုံးဝ (လုံးဝ)မဖတ်ရပါ။ အမျိုးသားများမှာမူ ဥာဏ်ရှိသလို ဖတ်နိုင်သည်။

(အမျိုးသမီးများအတွက် လိမ်းဆေး)
ထိကရုံးနှစ်ပါး၊ ကျပ်စီထား၊ မျှော့ကားတစ်ကောင်လုံး။

ရေဖျံပဉ္စာ၊ ရောထည့်ကာ၊ နေမှာ အတောင့်လုံး။

အပေါက်ကျယ်လှ၊ ထိုမိန်းမ၊ လိမ်းပါ့သုတ်ပါ့ဦး။

အပေါက်ဟူက၊ ရှာမရ၊ ပဉ္စပါပီရှုံး။


အိမ်ထောင်သည်တို့အတွက် အလွန့်အလွန်တန်ဖိုးရှိလှသော ဆေးမီးတိုကြီးနှစ်ခုကို လိုက်ရေးမှတ်ပြီးနောက် မောင်ပုသည် သူကြီးကိုကိုမောင်ကို ရှိမခိုးရုံတမယ် အရိုအသေပြုပြီး မှတ်စုစာရွက်ကို အကျီ င်္အိတ်ကပ်ထဲ ခေါက်ထည့်ကာ သူ၏ နေထိုင်သို့ ရွှင်လန်းတက်ကြွစွာ ခြေလှမ်းကျဲကြီးဖြင့် ခပ်သုတ်သုတ် ပြန်သွားလေတော့၏။

နောက်တစ်နေ့မှစတင်ကာ မောင်ပုတစ်ယောက် ဆေးအညွန်းပါ အင်ဂရီဒီးယန့်စ်အတိုင်း တောထဲသွား၍တစ်ဖုံ ရေအိုင်ထဲသွား၍တစ်မျိုး မြို့တက်ပြီးပရဆေးဆိုင်ပြေးဝယ်၍တစ်သွယ် စသည့် အိမ်ထောင်သာယာရေး လုပ်ငန်းကြီးကို အကောင်အထည်ဖော်နေလေတော့၏။ ဆေးထောင်းသံ ဆေးကြိတ်သံတို့သည်လည်း သူ၏အိမ်၌ဆူညံနေလေ၏။ အိမ်ကပြင်၌ နေလှန်းထားသည့် ဆေးလုံးများကလည်း ထောင်ပုံရာပုံပင်တည်း။

ရက်သတ္တနှစ်ပတ်ခန့်အကြာ၌ မောင်ပုတို့လင်မယားနှစ်ယောက် ပြုံးရွှင်စွာဖြင့် သူကြီးကိုကိုမောင်အိမ်သို့ ရောက်ရှိလာလေ၏။ သူတို့၏ လက်ထဲ၌လည်း ခြံထွက်သီးနှံများဖြစ်ကြသည့် ငှက်ပျောသီး၊ လိမ္မော်သီး၊ နာနတ်သီးစသည့် သစ်သီးဝလံတို့ကို ကိုင်ဆောင်လာလေ၏။ မောင်ပုက မျက်နှာနီနီကြီး ဖြင့် စတင်ပြောဆိုလာလေ၏။

"ကျေးဇူးတင်လိုက်တာ သူကြီးမင်းရယ်။ သူကြီးပေးခဲ့တဲ့ ဆေးညွန်းအတိုင်း ဖော်စပ်လိုက်တာ။ ဆေးနှစ်မျိုးလုံး အရမ်းအသုံးဝင်နေတာကို တွေ့ရတယ်။ အခုဆို ကျနော်တို့ အိမ်ထောင်ရေးသုခကို အပြည့်အ၀ ရရှိနေပါပြီ။ ဒါကြောင့် တမင်တကာလာပြီး ကျေးဇူးတင်စကားလာပြောတာပါ။ ဒါကတော့ ကျနော်တို့ ခြံထွက်သစ်သီးဝလံတွေပါ။ လက်ခံပေးပါ သူကြီးမင်း"

သူကြီးကိုကိုမောင်သည်လည်း မိမိဆေးအစွမ်း ထိရောက်မှုရှိသည်ကို ကြိတ်ဝမ်းသာနေပြီး ပြုံးတုံ့တုံ့ကြီး ဖြစ်နေလေ၏။ ဘယ်လို ဘယ်ပုံအစွမ်းထိရောက်မှန်းမသိပေမဲ့ သူတို့လင်မယားနှစ်ယောက်၏ မျက်နှာကို ကြည့်ရသည်မှာ ပြည့်ပြည့်ဖြိုးဖြိုးဖြင့် လွန်စွာ ပျော်ရွှင်နေပုံရလေ၏။ သူတို့လင်မယားပြန်သွားပြီးနောက် သူတို့လက်ဆောင်ပေးထားခဲ့သည့် သစ်သီးဝလံတို့ကို သူကြီးကိုကိုမောင်တစ်ယောက် ရွာဦးကျောင်းသွားပြီး ဦးဦးဖျားဖျား အားလုံးလှူဒါန်းလိုက်လေ၏။

ထိုဆေးစွမ်းကောင်းနည်းစနစ်ကို မောင်ပုသည် တစ်ယောက်ထဲကြိတ်ခံစားစံစားမနေဘဲ အိမ်ထောင်ရေးဒုက္ခရောက်နေကြသည့် သူနှင့်နီးစပ်ရာဆွေမျိုးသားချင်း လင်မယားစုံတွဲတို့အား မျှဝေပေးလိုက်လေ၏။ ထိုဆွေမျိုးတို့မှတစ်ဆင့် လက်ဆင့်ကမ်းကာ တစ်ခြားသူတို့အား ဝေငှပေးလိုက်ပြန်လေ၏။ ဤမှ ထိုမှ မျှဝေပေးမှုတို့ကြောင့် ထိုဆေးစွမ်းကောင်းအကြောင်းကို တုံးဖလားရွာတစ်ရွာလုံး အိမ်တိုင်းစေ့ သိရှိသွားကြလေတော့၏။ ထို့ကြောင့် ထိုဆေးဖော်ခြင်း ဆေးအမယ်ရှာဖွေခြင်း မြို့တက်၍ပရဆေးဆိုင်သို့သွားရခြင်း စသည်ဖြင့် ရွာလုံးကျွတ် အလုပ်အရှုပ်ကြီး ရှုပ်၍ နေချေလေ၏။ ဆေးအညွန်းစာရွက်ကြီးကြည့်ကာ ဆေးဖော်စပ်ခြင်းထက် အလွတ်ကျက်မှတ်၍ ဖော်စပ်ရသည်က ပို၍အချိန်ကုန်သက်သာကြောင်း တွေ့ရှိကြသည့်အခါ အထက်ပါ လင်္ကာတို့ကို အိမ်တိုင်းစေ့ ကျက်မှတ်ကြလေတော့၏။

ဟိုဘက်အိမ်သွားလည်း ပရံန၀ါ၊ ပါးပါးလွှာ......၊ ထိကရုံးနှစ်ပါး၊ ကျပ်စီထား... ဒီဘက်အိမ်သွားလည်း ပရံန၀ါ၊ ပါးပါးလွှာ...၊ ထိကရုံးနှစ်ပါး၊ ကျပ်စီထား.. နေရာတိုင်း၌ ပရံန၀ါ၊ ပါးပါးလွှာ...နှင့် ထိကရုံးနှစ်ပါး၊ ကျပ်စီထား.... ဟူသည့် လင်္ကာရွတ်ဆိုကျက်မှတ်သံတို့ကို တွင်တွင်ကြီး ကြားသိနေရလေတော့၏။ မိဘများ ကျက်မှတ်သံကြား၍ သားငယ် သမီးငယ်လေးများသည်ပင် ဘုမသိ ဘမသိ လိုက်ကျက်မှတ်ကြလေ၏။ ဤသို့ဖြင့် ကလေးအစ ခွေးအဆုံး ထိုဆေးဖော်စပ်နည်းလင်္ကာတို့ကို အာဂုံရရှိကြလေ၏။

တုံးဖလားရွာတွင်းရှိ ကလေးသူငယ်များကို သားလေး.... သမ္ဗုဒ္ဓေ ဂါထာ အလွတ်ရလား ဟုမေးသောအခါ၌ပင် သမ္ဗုဒ္ဓေ ဂါထာတော့ မရဘူး သူကြီးမင်း၊ ပရံန၀ါ လင်္ကာတော့ရတယ် ဟူ၍ ဖြေဆိုကြသည့် ကလေးတွေချည်းဖြစ်နေလေတော့၏။ ထိုမျှထိ ကြောက်စရာကောင်းလောက်အောင် ထိုဆေးအစွမ်းသည် ပေါက်ရောက်အောင်မြင်သွားလေ၏။ ကာလအတန်ကြာသည့်အခါ အိမ်နံရံတို့၌လည်းကောင်း၊ စပါးကျီနံရံတို့၌လည်းကောင်း၊ ဘုန်းကြီးကျောင်းနံရံတို့၌လည်းကောင်း၊ စရပ်နံရံတို့၌လည်းကောင်း မီးသွေးခဲ (သို့မဟုတ်) မြေဖြူခဲတို့ဖြင့် ကလေးများရေးခြစ်ထားသည့် ပရံန၀ါ လင်္ကာနှင့် ထိကရုံးနှစ်ပါး လင်္ကာတို့ နေရာယူနေကြပြီး အဆောက်အဦများ ညစ်ပတ်လျက်ရှိနေလေတော့၏။

ပို၍ဆိုးသည်မှာ ရွာထဲမှ ကာလသားခေါင်းဆောင် ဇော်ထက်ဦးဆောင်သည့် တူရိယာအဖွဲ့ပင်ဖြစ်လေ၏။ ကျောက်စိမ်းတွင်းကအပြန် ဘယ်လိုကဘယ်လို ၀ယ်ယူလာသည်မသိသည့် ဂီတာ လေး ငါးလက်ဖြင့် ရပ်ရွာအတွင်းတွင် ညစဉ်တီးခတ်အော်ဟစ်နေလေ၏။ ရိုးရိုးသီချင်းသီဆိုလျှင်မူ ရှိစေဦးတော့။ ယခုသီဆိုနေသည်မှာ သူကြီးကိုကိုမောင်၏ မှတ်စုဖြစ်သည့် ဆေးနည်းဖော်စပ်ပုံလင်္ကာတို့ကို ပုံစံအသွင် အမျိုးမျိုးပြောင်းကာ အော်ဟစ်နေကြခြင်းပင်ဖြစ်လေ၏။ ပထမဦးဆုံး သူတို့ ဟစ်အော်နေသည်မှာ သံချပ်ထိုးပြီး အော်ဟစ်နေကြခြင်းဖြစ်၏။
ရှေ့ က တိုင်ပေးသူနှင့် နောက်ကလိုက်သူ ညီညီညာညာရှိလှချေ၏။ ချီးကျူးဖွယ်ပင်တည်း။

(မိုး မိုးလား မောင်တို့..
လေ လေလားမောင်တို့..)


(ပရံန၀ါ ပါးပါးလွှာ
....
သကာပျားနှင့်ဖက်ကြပါစို့)


(ဒန့်သလွန်ပွင့် အုန်းဆံရင့်ကို
..
အသင့်ညီအောင် ချက်ကြစို့လား)


(တစ်နေ့သုံးခါ မင်းရာဇာ..
မကြာမကြာ လျက်ပါစေသား)

(မောင်းမတစ်ထောင် တွေ့မရှောင်
...
စေ့အောင်အကုန် (-)ကြစို့လား)

ဟေ့စိန်လား ဟေ့မြလား

ဟေလာမောင်တို့ ၀ါးးးးးးး


ထိုကဲ့သို့ သံချပ်ထိုးခြင်းကိစ္စကို အကြိမ်များစွာ အော်ဟစ်ကြပြီးနောက် သံချပ်၏ ဆန့်ကျင်ဘက် ငိုချည်းရှည်ကြီးကို ထပ်ပြီးညီးကြပြန်လေ၏။

အမယ်မင်း ပြောရတော့မယ်...
ပရံန၀ါကို ပါးပါးလွှာပြီးတော့.... သကာပျားနှင့်ဖက်ရမယ်.....
ဒန့်သလွန်ပွင့်ကိုလေ... အုန်းဆံရင့်နဲ့ရော.....ရော...ပြီးတော့....အသင့်ညီအောင်ချက်ရက်တယ်...............
ချက်ရက်တယ်မှ... ချက်ရက်တယ်လေးးးး...

အမယ်မင်းးးးး.... ရက်စက်လှချည်ရဲ့ အရှင်မင်းဘုရား....ဘုရား.....ဘုရားးးးးးးးးး

ပုံနောင်း ပုံနောင် ပုံနောင်း ပုံနောင် (ပါးစပ်ဆိုင်းတီးသံ)


အိက်စ်ဇမ်းပယ်လ်ဇ်ထွန်းထွန်းတို့ အဖွဲ့ကို အားကျသည့် အခြားကာလသားများကလည်း သူကြီးကိုကိုမောင်၏ ဆေးအစွမ်းလင်္ကာမှတ်စုကို ရက် လုပ်ပြီး အော်ဟစ်ကြလေ၏။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ဟူ၍ ဆိုရလောက်ပေ၏။ ရှုစားကြပါလှဲ့။

ငါတို့မှာတော့ပရံန၀ါ.... မင်းတို့ကတော့ပါးပါးလွှာ......ရောမွှေလိုက်ပေါ့ ပျားသကာ (ရေ့ ... ရေ့ .... ရေ့ ......)
ဒန့်သလွန်ပွင့်အမာ...... အုန်းဆံရင့်နှောကာ.......သင့်အောင်ချက်ပေါ့ ချစ်သူရာ...(ရို့ .... ရို့ .... ရို့ ....)
တစ်နေ့သုံးခါ... ငါတို့ရဲ့ရာဇာ........ မကြာမကြာလျက်ပေါ့တစ်ခါ...( အု... အု... အူးယား..)


ပေါက်ပေါက်ရှာရှာ ထိုလင်္ကာကို လှေထိုးသံ အဖွဲ့အနွဲ့ဖြင့်လည်း ဇော်ထက်တို့အုပ်စု တဝေးဝေး တဟေးဟေး ဖြစ်နေကြလေ၏။ အာဂတုံးဖလားရွာသားများပင်တည်း။

ဟေလာ ယောက်ျား ဘာသံလဲလေးးးးးးး
(ပရံန၀ါ...)၂
အလွှာပါး.. ထက်ပါ စေ့....

သကာပျား.. စွက်ပါ..လေ့...

(ချက်နည်းတွေ စုံလို့..စုံလို့..)၂

ဒန့်သလွန်..အုန်းဆံ.. အပွင့်တွေ...ချက်တယ်လေးးးးးးး

ချက်မျိုးစုံ.... တိုးးး တိုးထည့်ကြကုန်.....

ဟေလာ ယောက်ျား ဘာသံလဲလေးးးးးးး


ဒုံးဂွမ်း ဒုံးဂွမ်းဖြင့် ညစဉ်ညတိုင်း ဆူညံနေလေ၏။ သူကြီးကိုကိုမောင်သည်လည်း ကာလသားသဘာဝ အလုပ်အားချိန် ညချမ်းအခါ၌သာ ပျော်ခွင့်ရကြရှာသည့် တောသူတောသားများကို သနားစာနာ၍ လျစ်လျူရှုကာ နေလေ၏။ ပို၍ဆိုးသည်မှာ ထိုလင်္ကာများ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပေါက်ရောက်သွားခြင်းပင်ဖြစ်လေ၏။ ကိုရင်ကျောင်းသားများ စာကျက်စာအံသောအခါ၌ ယံ မင်္ဂလံ ဒွါဒသဟိ စိန္တယိံသု သဒေ၀ကာ... ပရံန၀ါ... ပါးပါးလွှာ.. သကာပျားနှင့်ဖက်.... အသေ၀နာစ ဗာလာနံ စသဖြင့် တောင်ရောက်မြောက်ရောက် စာကျက်စာအံနေကြသည်ကို ကြားရလေ၏။ အဆိုးဆုံးမှာ ကိုရင်များက ဓမ္မကထိကစတိုင်လ်မျိုးဖြင့် တရားအမေးပြုလုပ်ကာ ကျောင်းသားများက ဒကာဒကာမပုံစံမျိုးဖြင့် တရားထောက် ပြုလုပ်ကြခြင်းပင်ဖြစ်လေ၏။

"ပရံန၀ါကို ပါးပါးလွှာပြီးတော့ ဘာလုပ်ဖို့လိုသေးလဲ ပရိသတ်ကြီး"

"သကာပျားနဲ့ ဖက်ရမှာပါဘုရား"

"အေးကွယ် အေး အေး။ နောက်ပြီးတော့ ဒန့်သလွန်ပွင့် အုန်းဆံရင့်နဲ့ ရောပြီး ဘာလုပ်ရမှာတဲ့တုန်း ပရိသတ်ကြီး"

"အသင့်ညီအောင် ချက်ရမှာပါဘုရား"

"ကောင်းလိုက်လေကွယ်.... အဲဒါ ပြီးရင် မင်းကြီးက ဘာလုပ်ဖို့လိုသေးလဲ ပရိသတ်ကြီး"

"တစ်နေ့သုံးခါ အချိန်မှန်မှန် လျက်ဖို့ လိုပါတယ်ဘုရား"

ဤသို့ဤနှယ် သံချပ်လိုတစ်ပုံ၊ ငိုချင်းလို တစ်မျိုး၊ ရက်လို တစ်သွယ်၊ လှေထိုးသံလို တစ်ခု၊ တရားဟောစတိုင်လ်လို တစ်ပုဒ် စသဖြင့် ရွတ်ဆိုအော်ဟစ်ကြသည့် အသံတို့သည် တုံဖလားတစ်ရွာလုံး ကျွက်ကျွက်ညံနေလေတော့၏။
......

မထင်မှတ်ပါဘဲ ကြောက်ခမန်းလိလိ ကျော်ကြားသွားသည့် ထိုဆေးနည်းအစွမ်းတို့ကြောင့် ရပ်သူရွာသားများမှာလည်း အထူးသဖြင့် အိမ်ထောင်သည်များ ညစောစောအိပ်ရာဝင်ကြပြီး မနက်နေဖင်ထိုးမှ အိပ်ရာက ထကြလေတော့၏။ ရပ်သူရွာသားများအတွက် ပြဿနာမရှိပေမဲ့ ရွာဦးကျောင်းဘုန်းတော်ကြီးနှင့် ကိုရင်ကျောင်းသားများအတွက်မူ ပြဿနာကြီးတစ်ခုပင်ဖြစ်ချေ၏။ အဘယ့်ကြောင့်ဆိုသော် မနက်စောစော ဘုဉ်းပေးရသည့် အရုဏ်ဆွမ်းဝတ်များ ရောက်မလာကြခြင်းကြောင့်ပင်တည်း။ ထို့ကြောင့် သူကြီးကိုကိုမောင်သည် ရွာသူရွာသားများအတွက် ပြန်တမ်းတစ်ခု ထုတ်ပြန်ရလေ၏။

"တုံးဖလားရွာသူရွာသားများသိစေရန်
တုံးဖလားရွာ၌ အိမ်ခြေစုစုပေါင်း ၃၀ ရှိလေသည်။ ထို အိမ်ခြေ ၃၀တို့ကို နှစ်ခုခွဲကာ ၁၅ အိမ်ကို တစ်ပတ်ကျ ရွာဦးကျောင်းသို့ အရုဏ်ဆွမ်းအချိန်မီ ချက်ပြုတ်ပြီး ပို့ရမည်။ မလိုက်နာပါက ငွေဒဏ် တစ်သိန်းပေးဆောင်ရမည်။ ။ အမိန့်... သူကြီးကိုကိုမောင်
"

အထက်ပါ အမိန့်ကိုထုတ်ပြီးနောက် တစ်ပတ်ကို ၁၅ အိမ်စီအလှည့်ကျ အရုဏ်ဆွမ်းပို့ကြလေ၏။ ဆေးနည်းမပေးခင်ကဆိုလျှင် ကြက်တွန်သံကို နားထောင်ပြီး ကြက်သုံးသားမြောက်တွန်လျှင် အိမ်ရှင်မများ အိပ်ရာမှထကြပြီး ဆွမ်းဟင်းချက်ပြုတ်ကြလေ၏။ ယခုအခါ၌မူ ကြက်တွန်သံသည် သူတို့၏ အိပ်စက်ခြင်းကို နိုးထနိုင်ခြင်းမရှိကြတော့ပေ။ ထို့ကြောင့် သူကြီးအမိန့်ကို ကြောက်လန့်ကြပြီး အိပ်ရာထက်မှမနိုးထနိုင်မှာကို စိုးရိမ်ကာ နိုးစက်နာရီကို အိမ်တိုင်း ၀ယ်ထားကြရလေတော့၏။ ရွာဦးကျောင်း၌ အချိန်မီ ဆွမ်းဝတ်များ ရောက်ရှိလေ၏။ သို့သော် ရွာဦးကျောင်းဆရာတော်က ဒကာမကြီး.. ဆွမ်းဟင်း ဆွမ်းထမင်းက ညအိပ်ရာမ၀င်ခင်ချက်ထားတာလား၊ မနက် အိပ်ရာနိုးမှ ချက်တာလာ ဟူ၍ ထူးထူးဆန်းဆန်း မေးခွန်းများကို ဆွမ်းလာပို့သည့် ဒကာမများအား မေးလေ့ရှိ၏။ ညကထဲက ချက်ထားတာပါဘုရား ဟု လျောက်တင်မှ ဆရာတော်က ဘုဉ်းပေးလေ၏။ မနက်အိပ်ရာနိုးမှ ချက်တာပါဘုရား ဟု လျောက်လျှင် ဆရာတော် လုံးဝ မဘုဉ်းပေးပေ။ အဘယ့်ကြောင့်ဆိုသည်ကိုမူ ဆရာတော်ကိုယ်တိုင်သာ သိပေလိမ့်မည်။
.....

ထိုဆေးစွမ်းကောင်းအကြောင်းကို တုံးဖလားရွာမှတစ်ဆင့် အုပ်စုတိုက်နယ်ရှိ ရွာများသို့၊ ထိုမှတစ်ဆင့် မြို့နယ်သို့တိုင် ပျံ့ နှံ့သွားလေတော့၏။ ကလေးရောလူကြီးပါ ထိုလင်္ကာတို့ကို နှုတ်တက်ရွရွဆောင်ထားကြလေ၏။ မည်မျှထိနှုတ်ကျိုးနေကြသည်မသိ။ စာသင်ကျောင်းတက်စဉ် မင်္ဂလာပါ တပည့်တို့ ဟူ၍ဆရာမနှုတ်ဆက်လျှင်ပင် ပရံန၀ါပါ ဆရာမ ဟူ၍ ကျောင်းသူကျောင်းသားများ ညီညာဖျဖျ တုန့်ပြန်ကြသည်အထိ ဖြစ်နေလေ၏။

ထိုဆေးနည်းကို ဖော်စပ်ဖို့ ပရံန၀ါပင်လိုက်ရှာသူ၊ ကုန်းထိကရုံး ရေထိကရုံးတို့ကို လိုက်ရှာသူ၊ မျှော့များကို လိုက်ရှာသူဦးရေ တိုးပွါးလာသည့်အတွက် ဆိုင်ရာ မျိုးနွယ်အပင်များ၊ မျှော့များ မျိုးသုဉ်းလုနီးနီးဖြစ်နေလေ၏။ ရှားပါးအပင်များ သတ္တ၀ါများ မျိုးသုဉ်းမည့်အန္တရာယ်ကို စိုးရိမ်ရသောကြောင့် မြို့နယ်သူကြီးသည် သူကြီးကိုကိုမောင်ထံသို့ စာချွန်လွှာတစ်ခုပါးခဲ့လေ၏။

"တုံးဖလားရွာသူကြီးကိုကိုမောင်သို့
သူကြီးက စတင်ခဲ့သည့် အိမ်ထောင်ရေးသုခဆေးအညွန်းဇာတ်လမ်းကို သူကြီးကိုယ်ထိန်းသိမ်းပေးစေလိုပါသည်။ မဟုတ်ပါက မြို့နယ်အတွင်းရှိ ရှားပါးအပင်များ သတ္တ၀ါများ မျိုးသုဉ်းမည့်အရေး စိုးရိမ်ရပါသည်။
ပုံ။ မြို့နယ်သူကြီးမင်း
"

ထိုစာကို လက်ခံရရှိပြီးနောက် သူကြီးကိုကိုမောင်သည် မိမိကစတင်ခဲ့သည့် တာဝန်ကို မိမိကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု ယတိပြတ်ဆုံးဖြတ်ချက်ချကာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားတွေးတောနေလေတော့၏။ အလွယ်ဆုံးနှင့်အရှင်းဆုံးဖြစ်သည့် မူရင်းလင်္ကာတို့ကို အသွင်တစ်မျိုးပြောင်းပေးလိုက်ရန် စိတ်ကူးရ၏။ ထို့ကြောင့် အောက်ပါကဲ့သို့ နောက်ဆုံးစာကြောင်းတို့အား အသွင်ပြောင်းပေးလိုက်လေ၏။

(အမျိုးသားများအတွက်အားဆေး)
ပရံန၀ါ၊ ပါးပါးလွှာ၊ သကာပျားနှင့်ဖက်။

ဒန့်သလွန်ပွင့်၊ အုန်းဆံရင့်၊ အသင့်ညီအောင်ချက်။

တစ်နေ့သုံးခါ၊ မင်းရာဇာ၊ မကြာမှန်မှန်လျက်။

တစ်လအတွင်း၊ မှန်မယွင်း၊ ချက်ခြင်းအသက်ထွက်
ဟူ၍လည်းကောင်း

(အမျိုးသမီးများအတွက် လိမ်းဆေး)
ထိကရုံးနှစ်ပါး၊ ကျပ်စီထား၊ မျှော့ကားတစ်ကောင်လုံး။

ရေဖျံပဉ္စာ၊ ရောထည့်ကာ၊ နေမှာ အတောင့်လုံး။

အပေါက်ကျဉ်းလှ၊ ထိုမိန်းမ၊ လိမ်းပါ့သုတ်ပါ့ဦး။

အပေါက်ဟူက၊ လွန်ကျယ်လှ ၊ ကျွဲမဟိုဟာရှုံး။
ဟူ၍လည်းကောင်း

ပရိယာယ်ဆင်ကာ လက်ကမ်းစာစောင်ပြုလုပ်ပြီး နီးစပ်ရာရွာများသို့ ဝေငှပေးလိုက်လေ၏။ သို့သော် ဆေး၏အစွမ်းအမှန်ကို သိရှိပြီးသူများသည် ထိုလက်ကမ်းစာစောင်ကို ယုံကြည်မှုမရှိဘဲ နဂိုမူရင်း လင်္ကာပါ ဆေးနည်းကိုသာ တွင်တွင်ကြီးအသုံးချလျက်ရှိနေလေ၏။ ကြံရာမရသည့်အဆုံး သူကြီးကိုကိုမောင်သည် မြို့တက်ကာ သစ်ပင်ပန်းမာလ်မျိုးဆက်နည်းနှင့် သတ္တ၀ါ အင်းဆက် မျိုးပွါးနည်း သင်တန်းသို့ တက်ရောက်ပြီး ၄င်းပညာတို့ကို တုံးဖလားရွာမှစတင်ကာ ရွာစဉ်ထိုးပြီး ပြန်လည်သင်တန်းဖွင့် ပို့ချနေရလေတော့၏။

ထို့နောက် မြို့နယ်သူကြီးနှင့်ပူးပေါင်းကာ တစ်ကောင်သတ် နှစ်ကောင်မွေးမြူ၊ တစ်ပင်နှုတ် နှစ်ပင်စိုက် အမိန့်ကို ထုတ်ပြန်လိုက်လေ၏။ ထိုကဲ့သို့ ပြုလုပ်လိုက်သောအခါမှသာ မြို့နယ်လုံးကျွတ် အိမ်ထောင်ရေးသုခကိုလည်း ပြည့်ပြည့်၀၀ခံစား၊ ရှားပါးသတ္တ၀ါနှင့်ရှားပင်အပင်တို့သည်လည်း မျိုးမသုဉ်းသည့်ပြင် ပိုမိုတိုးပွါးလာခဲ့လေ၏။ ထိုကဲ့သို့ ရှဥ့်လဲလျောက်သာ ပျားရည်စွဲသာ အခြေအနေကို ရရှိပြီး လွန်စွာ အဆင်ပြေသည်ကို တွေ့ရသောအခါတွင်မှ သူကြီးကိုကိုမောင်တစ်ယောက် ဖူး ကနဲ သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်ပြီး အနေအထိုင် သက်တောင့်သက်သာ ရှိနေလေတော့သတည်း။ ။


မှတ်ချက်။
ဤပို့စ်၌ ရုန့်ရင်းကြမ်းတမ်းသည့် စကားလုံးများကို နားလည်ပေးပြီး ဖတ်ရှုကြရန် တောင်းပန်ပါသည်။
(Blank အတွင်းက စာများကို ဖွင့်ဖတ်ရန် မခက်လော။ Select ပေးပြီးဖွင့်သော် မပွင့်လော) :D :D :D
ကိုကိုမောင် (ပန်းရနံ့)


....

22 comments:

khin oo may said...

ကောင်းပါလေ့သူကြီး...

နေ၀သန် said...

ဆေးနည်းကို ဥာဏ်မီအောင်ပေးပါကွယ် သူကြီးမင်းရယ်.... :D:D...


ခင်မင်တဲ့
နေ၀သန်

ဇွန်မ said...

ဒီလိုအစွမ်းထက်ပုံနဲ့တော့ သူကြီးမင်း ရာထူးတက်ဘို့ လမ်းမြင်တယ် မြို့စားမင်း ဖြစ်သွားရင် ဘဝင်မြင့်မသွားနဲ့နော် ဟီးဟီး ပျော်ရွှင်ပါစေ အကိုရေး)

ခိုင်နုငယ် said...

သူကြီးနှယ်ရေးလည်းရေးတတ်ပါ့။
ရှူ့မငြီးသဖွယ်သူကြီးအရေးကိုလာဖတ်သွားပါကြောင်း။
ဒါနဲ့သူကြီးကိုအင်တာဗြင်းလို့ရမလား..အဲလေ
အင်တာဗျူးလို့ရမလား?။
မဟုတ်မှလွဲရော...သူကြီးဘုန်းကြီးကျောင်းထွက်များလား
လင်္ကာတွေ၊ဒီပါတွေနဲ့ချို့စကားလုံးတွေလိုက်ကိုမမှီဘူး။

Anonymous said...

သူကြီးမင်း ဗျို့ သူကြီးမင်း

လူဦးရေ တိုးပွားမှု့ နှုန်း မြင့်မားအောင် လုပ်မှု့နှင့် နယ်နှင်ဒဏ် ပေးမယ် သွားရော ယူကေ

ခင်မင်စွာဖြင့်

ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

သူကြီးမင်းကတတ်လည်းတတ်နိုင်ပါပေတယ်..။
နောက်ထပ်လည်းသူကြီးရဲ့ကုထုံးတွေကိုမျှော်နေပါတယ်.

ခင်မင်စွာ
မသဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...
This comment has been removed by the author.
ကောင်းမွန်ဝင်း said...

သဂျီးရယ်
ဖြစ်မှဖြစ်ရလေ။
ဆေးဖေါ်တာလည်းတတ်တာပဲလား။
ဗေဒင်ကဗျာဆေးဖေါ်ဓါတ်ရိုက်ဓါတ်ဆင်။
စုံပါပေ့နော်။

ခင်မင်လျှက်

ရွှေရတုမှတ်တမ်း said...

ပရန္တွဝါဆေးက အဘတို့မှီဝဲနေကြ ...အဟဲ..

မြစ်ကျိုးအင်း said...

လိုလိုမယ်မယ် မှတ်ထားအုံးမှ ဟဲဟဲ
ဖတ်ရတာ ပြုံးပျော်စရာပါပဲ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခက်ရချည့် သူကြီးနှယ်
ဒီဆေးနည်းတွေ ဘလော့စာမျက်နှာပေါ် လာတင်လိုက်တော့
ဘလော်ဂါတွေ စာရေးချိန်မရှိတော့လို့
ဘလော့လောက စာတွေပိုစ့်အသစ်တွေနဲ့ မတင်ဖြစ်တော့ရင် သူကြီးမှာ တာဝန်အပြည့်ရှိတယ်နော်..
ကြည့်ရတာ စာလာဖတ်ရင်း ဆေးနည်းတွေ မှတ်ကုန်ကြပြီထင်တယ်...း)
ဝါသနာရှင်တွေက အများသားနော်..

Anonymous said...

ဆေးနည်းကို နားမလည်ဘူးကိုကိုမောင် ရှင်းပြပါ :P

flowerpoem said...

ဆောရီးသယ်ရင်းရေ နာမည်ပါမသွားဘူး ဟီး Anonymous ဖြစ်သွားတယ်

ဂျစ်တူး ( မုံရွာ ) said...

သူကြီးမင်းတယောက်တကုံးကုံးနဲ့ ဘာတွေလုပ်နေပါတယ်
မှတ်တယ်။သူကပို့ စ်ရေးပြီး------စာအုပ်နဲ့ ဟုတ်နေ
ပေါ့။ ဟင်းဟင်းဟင်း။ သူ့ ဆေးနည်းနဲ့ သူမိသွားထင်ပါ
ရဲ့ ဗျာ။
ဟားဟားဟား

blackroze said...

အကိုမောင်ကတော့ရေးတတ်ပါပေတယ်...
ဟီးးဟီးးးးဟီးးးးး

လသာည said...

သူကြီးမင်းက တော်လိုက်တာ.. ဆေးနှစ်ဖုံတောင် ဖော်နိုင်တယ်...းD

မောင် လေး said...

ဆေးနည်းတော့မှတ်ပြီးသွားပြီ။
စမ်းသပ်ဖို့ကပြဿနာဗျ။

ညီမလေး said...

ပန်းချီလေးတွေ အဲ့လို ဆွဲတာလဲ မိုက်တာပဲနော် ။။ အော်ရီဂျင်နယ်ပေါ့ ။
ဒါပေမဲ့ သူကြီးရဲ့ ရိုက်ချက်တွေ ပြင်းလွန်းတယ်း))

ဟန်ကြည် said...

အောင်မယ်မင်း စုံလဲစုံပါပေ့သူကြီးရယ်...အမှားပုံပြင်ကနေ ဒီရောက်အောင်လာကြည့်လိုက်မှ သူကြီးမင်းရဲ့ မဟာသြသဓ ဆေးတော်ကြီးကို တွေ့ရတော့တာကိုး...အနှီလောက်ဆေးတွေစွမ်းလွန်းလို့ ရွာသူအပျိုချောတွေ သူကြီးအနား မကပ်ရဲကြတာထင်ပါ့...ဒီဂလောက် ပြောင်မြောက်လှတဲ့ အရေးအသားပိုင်ရှင် သူကြီးမင်းကို ကလေးကလားစတိုင်ထင်ပြီး မလေးမစားချိုင်ချင်တဲ့ အပျိုချောတွေကိုတော့ သူကြီးမင်းရေ...ကိုယ်ဖော်တဲ့ဆေးအားကိုးနဲ့...အင်း...ကျန်တဲ့ကာရန်ကိုတော့ ကိုယ့်ဖာသာပဲ စိတ်ကြိုက်ရှာပေတော့ဗျား...း))))

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန်ကြည့်ကာရန်က လျာခလုပ်တိုက်နေတယ်။ ဘယ်အချိန်များမှ ဒီကာရန်ကို ဖော်ဆောင်နိုင်မှာပါလိမ့်။း))

တန`င်္လာကိုကို said...

ရေးတတ်ပါပေ.မောင်ရင်ရယ်။ ရေးနိုင်လိုက်တာ။
မဒမ်ဝတုတ်အမိန်.ထုတ်ထားတယ် ပရံန၀ါနဲ.ပရံဆရာ
အိမ်မှာမမြင်ချင်ဘူးတဲ.။ ဆေးမဖေါ်နိုင်ပါ။

Anonymous said...

Hi! This is my first visit to your blog! We are a group of volunteers and
starting a new project in a community in the same niche.
Your blog provided us valuable information to work on.
You have done a outstanding job!

My weblog music