Sunday 12 April 2009

အ၀ါတွေနဲ့အပြိုင်


ချစ်သူရေ
သကြန်လက်ဆေးမိုး ပက်ဖျန်းစရာ မလိုပါဘဲ
ဒီဧပြီမှာ
ငုဝါတွေလှိုင်နေပြီလေ
ကြည့်လေရာမြင်လေရာမှာ ငုဝါတွေမြေခကြွေကျပေမဲ့
ငုဝါရနံ့ကတော့ မူးမေ့သွားမတတ်ပါဘဲ။


ချစ်သူရေ
ငုဝါနဲ့အပြိုင်
မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်နေတဲ့ ပန်းပိတောက်တွေလည်း
ဖျန်းပက်နေတဲ့ တဖြိုက်ဖြိုက်မိုးစက်တွေကြား
အပြေးးအလွား ကြည်နူးလှုပ်ရှားပြီး
နှစ်အကူးမှာ အဖြစ်ထူးစွာ ခယ၀ပ်တွားလျှက်ပါဘဲ
စောင့်မျှော်နေတဲ့ ပိတောက်ရနံ့တွေလည်း
သင်းပျံ့ ပျံ့  ရနံ့သစ်ကလေးတွေကို မျှဝေပေးနေကြလေရဲ့။


ချစ်သူရေ
အ၀ါရောင်တွေကြားထဲက သင်္ကြန်ပွဲနှင့်အတူ
မင်းလေးလဲ ကို့ရင်ထဲမှာ နွယ်လျှက်ရှိနေမြဲပါဘဲ။


ချစ်သူရေ
စွယ်တော်ပွင့်ဖတ်လွှာလေးတွေ
ရန်ကုန်မှာ
ဆီးနှင်းတွေမြေမကျပေမဲ့ ပွင့်ဆဲပွင့်မြဲ ပွင့်နေလျက်ပါဘဲဆိုတာ သိနေတယ်
စွယ်တော်ရနံ့တွေလည်း
တမ်းတမှုတွေနဲ့အတူ
မမေ့နိုင်အောင် လှိုင်နေမှာ သေချာပါတယ်။


ချစ်သူရေ
လွမ်းမောခြင်း အမှတ်တရအဖြစ်
အချစ်သစ်ပင်လေး ကိုစိုက်ခဲ့တယ်
အခန်းထောင့်ဘေးက တေးသံသာထွက်ပေါ်လာတဲ့အခါ
ချစ်လေပြင်းလေး ကျေးဇူးနဲ့
ချစ်သစ်ပင်ကညာအလှ ယိမ်းကလို့ နေလေရဲ့။

...

No comments: