Thursday, 30 April 2009

ကျွန်ုပ်၏ ရှိရင်းစွဲ သီအိုရီ

ကျွန်ုပ်သည် လူတစ်ယောက်ဖြစ်၏။ လူတစ်ယောက်ဖြစ်သည့်အားလျော်စွာ တိရစ္ဆာန်သတ္တ၀ါများထက် အသိဥာဏ်ရှိ၏။ ထို့ပြင် လမ်းမှန်ပေါ်ရောက်မှ လမ်းမပျောက်စေနဲ့ ဟူသော ဆရာသမားတစ်ယောက်၏ သြ၀ါဒကို ဦးထိပ်မှာပန်ဆင်ထားပြီး (ကျွန်ုပ်အထင်)လမ်းကြောင်းမှန်မှန်လျောက်နေသူလည်းဖြစ်၏။ သို့သော် ကျွန်ုပ်၏လမ်းကြောင်းအမှန်သည် အခြားသူများအဖို့ လမ်းမှားဖြစ်ကောင်းဖြစ်နိုင်၏။

နတ်သမီးတမျှလှပသည့် သူယောင်မယ်တစ်ဦးက ဖျားယောင်းသွေးဆောင်ပြီး လမ်းမှားဘက် ဆွဲခေါ်သွားလျင်လည်း ကျွန်ုပ်လိုက်ပါလိမ့်မည်မဟုတ်။ မင်းကုသလို ရုပ်ဆိုးသည့်သူတစ်ယောက်က လမ်းမှန်ပေါ်ဆွဲခေါ်သွားလျင်မူလည်း ကျွန်ုပ် တွေဝေစဉ်းစား အချိန်ဖြုန်းနေမည်မဟုတ်။ အမှန်ဟု ကျွန်ုပ်ကိုယ်တိုင် လက်ခံထားသော လမ်းကို ကျွန်ုပ် တွင်တွင်ကြီး လျောက်လှမ်းမည်သာတည်း။

လမ်းအမှန်ဟုယူဆ၍ လမ်းကြောင်းပေါ်လျောက်လှမ်းနေသော ကျွန်ုပ်သည် လမ်းပေါ်၌ ခလုပ်တိုက်မိလျင် တိုက်မိသည့် ခလုပ်ကို ဖြတ်ပစ်မည်။ ထို့အတူ လမ်းမှားဘက်သို့ နယ်ကျွံသွားလျင် ကျော်လွန်သွားသည့် ကျွန်ုပ်၏ ခြေထောက်ကို ကျွန်ုပ်ကိုယ်တိုင် ဖြတ်ပစ်မည်သာတည်း။

လူတစ်ယောက်သည် လက်တစ်ဖက်ဖြင့် လူသတ်လက်နက်ကို ကိုင်ဆောင်ထားပြီး လက်တစ်ဖက်ဖြင့် အလွန်ကောင်းမွန်သည့် အစားအစာကိုပေးခဲ့ငြားအံ့။ ထိုအစားအစာကို ကျွန်ုပ်သည် မစင်ဘင်ပုပ်ထက်ရွံရှာ၏။ သတ္တ၀ါအားလုံး အစာအဟာရအပေါ် မှီခိုနေရသည် ဟူသော သီအိုရီကို ကျွန်ုပ် နှလုံးသားထဲ ယုံယုံကြည်ကြည်လက်ခံ၏။ သို့သော် အထက်က ဖော်ပြသည့် အစားအစာကိုမူ ကျွန်ုပ် အသက်သေရမည်ထက် ပိုကြောက်၏။ ပိုရွံရှာ၏။ ပိုအော့နှလုံးနာ၏။

စေတနာသည် ကောင်းသည့်ဘက်မှာ ထားလျင်ကောင်း၏။ ဆိုးသည့်ဘက်မှာ ထားလျင်ဆိုး၏။ အကောင်းအဆိုးမကွဲသည့် စေတနာဖြင့် ကျွေးမွေးသော သဲတစ်ရှပ်ရှပ်ရောနှောထားသည့် ဆီတစ်ဝင်းဝင်း ထမင်းဟင်းကို ကျွန်ုပ်မသုံးဆောင်လို။ ပါးစပ်မှာ ယစ်သေရည်ပေကျံနေပြီး စကားသံလေးလေးသွဲ့သွဲ့ နဲ့ ဟောပြောသော သစ္စာတရားကိုလည်း ကျွန်ုပ်မနာကြားလို။ သစ္စာတရားသည် အမှန်ဖြစ်၏။ ဖြူစင်၏။ ကြည်လင်၏။ သန့်ရှင်း၏။ ထို့ကြောင့် ဖြူစင် ကြည်လင် သန့်ရှင်းပြီး အမှန်ဖြစ်သော သစ္စာတရားသည် သူရူးသူမူးတို့ထံ၌ တည်ရှိမနေပေ။

အများအားဖြင့် ကျွန်ုပ်သည် ငြိမ်နေတတ်၏။ ငြိမ်နေ၍ တိမ်လိမ့်မည်ဟု မထင်စေလို။ နက်သထက်နက်၏။ ထက်သထက် ထက်၏။ သွက်သထက် သွက်၏။ လက်သထက် လက်၏။ သို့သော် နက်တာ ထက်တာ သွက်တာ လက်တာ စသည်တို့ကို ကျွန်ုပ် အနည်းငယ်မျှ စိတ်မ၀င်စား။ ကျွန်ုပ်စိတ်ဝင်စားသည်မှာ လမ်းမှန်ဟု ကျွန်ုပ်ကိုယ်တိုင် ယုံကြည်နေသည့် လမ်းပေါ် ပုံမှန်တည့်တည့်လျောက်လှမ်းဖို့ဖြစ်၏။

ကျွန်ုပ်သည် သိန်(သိဟ်)ရာသီတွင်ဖွား၏။ သိန်ရာသီဖွားမို့ ဗီလိန်ဟု အမြင်မရွေ့ စေလို။ ကျွန်ုပ်က အမေ့ရဲ့ သား ခြင်္သေ့။ မြက်မစားဘူး။ သက်သတ်လွတ်မစားဘူး။ မလိုအပ်လျင် ခြေသည်းလက်သည်း ၀ှက်ထား၏။ လိုအပ်လျင် ထုတ်သုံး၏။ အင်အားကိုသုံး၏။ မျက်လုံးကို အရှင်ထား၏။ ရင်ဘတ်ကို မတ်မတ်ထား၏။

အကယ်၍ သေရည်သေရက်အံဖတ်ဆို့နေသော သိကြားမင်းက ၀ရဇိန်လက်နက်ကိုင်ထားပြီး ကျွန်ုပ်ကို လမ်းမှားသို့ အတင်းတွန်းပို့ငြားအံ့။ ထိုသိကြားမင်းသည် ရှေ့ လာမည့် သင်္ကြန်ကာလ၌ လူ့ပြည်သို့ ဘာညာကိုင်ပြီး ဆင်းသက်ခွင့်ရလိမ့်မည်မဟုတ်တော့။ အကယ်၍ ထိုသိကြားမင်းသည် လာမည့်နှစ် သင်္ကြန်ကာလ၌ ဆင်းသက်ခွင့်ရခဲ့ငြားအံ့ ကျွန်ုပ်သည်ကား ၄င်းနှစ်သင်္ကြန်၌ တူးပို့တူးပို့ သင်္ကြန်သီချင်းကို နားဆင်ခွင့်ရလိမ့်မည်မဟုတ်တော့ပေ။

သို့သော်.. ကျွန်ုပ်သည် တက်ကျိုးရင် လက်ထိုးလှော်မည် ဆိုသည့် လူစားမျိုးဖြစ်၏။ မဟာဇနကထုံးကို နှလုံးမူထား၏။ အင်အားမမျှ အခြေမလှပြီး ခန္ဓာကိုယ်ကို စွန့်လွတ်ခဲ့ရလျင်လည်း ၀ိညာဉ်ဘ၀ဖြင့် ဆက်လက်တိုက်ပွဲဝင်မည့်သူဖြစ်၏။ သိကြားဘဲဖြစ်ဖြစ် ကျားဘဲဖြစ်ဖြစ် အလကားကောင်ဘဲဖြစ်ဖြစ် ကျွန်ုပ်၏ အင်အားကို လျော့သုံးလိမ့်မည်မဟုတ်။ နောက်ဆုံးထွက်သက်ထိ အားစိုက်ပြီး လမ်းကြောင်းမှန်သို့သာ လျောက်လှမ်းမည်ဖြစ်၏။

မျက်နှာဖုံးတပ်ထားသည့် စေတနာအတုတွေကို ဝေရာမဏိ၊ ဝေးစွာ ရှောင်မည်ဖြစ်၏။ မာယာ သာဌေယျ မာနတို့ မပါသည့် စေတနာ အစစ်အမှန်တို့ကို သရဏံ ဂစ္ဆာမိ၊ ရိုရိုသေသေ ဆည်းကပ်ကိုးကွယ်မည်ဖြစ်၏။
အကယ်၍ လူတစ်ယောက်သည် လက်ဝဲလက်ဖြင့် စေတနာအမှန်အကန်ကို မြဲမြဲစွဲကိုင်ထားပြီး လက်ယာလက်ဖြင့် အကြံကောင်း ဥာဏ်ကောင်းများကို ပေးခဲ့လျင်မူကား ကျွန်ုပ်သည် ထိုစေတနာပိုင်ရှင် အကြံဥာဏ်ပိုင်ရှင်ကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသကဲ့သို့ ကျိုးကျိုးနွံနွံ ဦးအကြိမ်ကြိမ်ချပြီး ထိုသူပေးအပ်သည့် အကြံကောင်းဥာဏ်ကောင်းတို့ကို ကျေကျေနပ်နပ်ကြီး လက်ခံပန်ဆင်မည်ဖြစ်ပါ၏။

လက်ရှိအချိန်အခါ၌ ဗုဒ္ဓ၏တရားတော်သည် အမှန်ကန်ဆုံးဖြစ်၏ဟု ကျွန်ုပ်ယူဆထား၏။ ယူဆထားသည့်အလျောက် ဗုဒ္ဓ၏တရားတော်များသည် ကျွန်ုပ်၏ အသွေးအသားထဲ စီးဆင်းစိမ့်ဝင်နေ၏။ နှလုံးသားထဲ အနက်ရှိုင်းဆုံး ၀င်ရောက်နေ၏။ ဦးဏှောက်ထဲ ပျံ့ နှံ့နေရာယူထား၏။ သို့သော်.. သို့သော်.. အကယ်၍များ ဤကမ္ဘာလောက၌ ဗုဒ္ဓ၏သစ္စာတရားတော်ထက် ပို၍ပို၍မှန်ကန်တိကျသော အခြားတရားတော်တစ်ခု ပေါ်ပေါက်လာခဲ့ငြားအံ့။ ထိုနေ့သည် လောက၌ ဗုဒ္ဓဘာသာဝင်တစ်ယောက် ယုတ်လျော့သော နေ့ဖြစ်မည်သေချာ၏။ ထိုဗုဒ္ဓဘာသာဝင်သည်ကား ကျွန်ုပ်ကိုယ်တိုင်ပင်ဖြစ်၏။

မှန်ကန်သော အမှန်တရားကို ဦးထိပ်ပန်ဆင်လျက်.....

...............

Tuesday, 28 April 2009

ဒါကြောင့် အင်္ဂလိပ်လူမျိုးတွေ နယ်ချဲ့ ခဲ့ကြတာကိုး

ကြာကြာဝါးမှ ခါးမှန်းသိ။
အတွေ့အကြုံသည် အကောင်းဆုံးဆရာဖြစ်သည်။
ကိုယ်တိုင်ကြုံမှယုံမည်။
...စတဲ့....စတဲ့ စကားပုံလေးတွေဟာ အရမ်းမှန်ကန်တယ်။

ပထမတုန်းကတော့ အင်္ဂလိပ်လူမျိုးတွေ ကမ္ဘာအနှံ့နယ်ချဲ့  ကိုလိုနီလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်ကြီး ဘာဖြစ်လို့ လုပ်ခဲ့ကြသလဲဆိုတာကို သဘောမပေါက်ခဲ့ဘူး။ အခုမှ နဲနဲရိပ်မိလာတယ်။ အင်္ဂလန်နိုင်ငံမှာ နေရထိုင်ရတာမှ အဆင်မပြေဘဲ။

အစားအသောက်အနေနဲ့ကြည့်မလား။
အသား အသီးအနှံ ဟင်းသီးဟင်းရွက် စည်သွပ်ဗူး သစ်သီးဝလံ ပါကင်ထုပ် ဘာတစ်ခုမှ ပြည်တွင်းဖြစ်မရှိဘူး။ ဒါပေမဲ့ ပင်လယ်နဲ့နီးတဲ့အတွက် ပင်လယ်စာနဲနဲကျဉ်းကျဉ်းတော့ ထွက်လောက်ပါတယ်။ ကျန်တာပြည်ပက သွင်းကုန်တွေချည်းဘဲ။ ပြည်တွင်းဖြစ်ကိုသာ အားပေးနေရရင် အင်္ဂလိပ်လူမျိုးတွေ လူစင်စစ်က အမြီးပေါက်တာ ကြာရောပေါ့။

သယံဇာတအနေနဲ့ကြည့်ဦးမလား။
စိန် ကြောင် နီလာ ရွှေ ငွေ ကျောက်သံပတ္တမြား ဥဿဖယား ဂေါမုတ် မြ ဘာရတနာမှ အင်္ဂလန်က မထွက်ဘူး။ ဘာသယံဇာတတွေထွက်သလဲဆိုတော့ ကျောက်မီးသွေးဘဲထွက်တယ်တဲ့။ အခုခေတ်အနေအထားအရ ကျောက်မီးသွေးတွေကို ဘယ်နေရာမှာ သွားအသုံးပြုမှာလဲ။ ပြည်တွင်းထွက် သယံဇာတတွေကိုသာ အစဉ်အမြဲသုံးစွဲနေကြမယ်ဆိုရင် အင်္ဂလိပ်လူမျိုးတွေ အသားတော်အရောင်ထွက် မှောင်နက်လို့ မဲညို ထောင်ထွက်နဲ့မကွဲလိုတယ် သူ့ရဲ့  ကိုယ်ဇာတိ ဆိုသလို ဖြစ်နေလောက်ရောပေါ့။

ပထ၀ီမြေအနေအထားအနေနဲ့ကြည့်ပြန်ဦးမလား။
ဘေးပတ်ပတ်လည်မှာ ပင်လယ်ဘဲရှိတယ်။ ဘယ်နိုင်ငံနဲ့မှ ဆက်ရက်မတည်ရှိဘူး။ ဥရောပ အာရှ အမေရိက အာဖရိက ဘာတိုက်နဲ့မှလဲ ဆက်စပ်တည်ရှိမနေဘူး။ ပင်လယ်ပြင်မှာ တစ်ကိုယ်တည်း ထီးထီးကြီးဖြစ်နေလေရဲ့ ။ ကျွန်းအစုလေးတွေထဲမှာ ဟိုနားတစ်စု ဒီနားတစ်ခု နေကြရရှာတယ်။ နည်းပညာတွေသာ မတိုးတက်ခဲ့ဘူးဆိုရင် မြန်မာနိုင်ငံက ပင်လယ်ပျော်ဆလုံလူမျိုးတို့ တောင်တန်းပျော်နာဂလူမျိုးတို့ထက်တောင်ပိုဆိုးမှာ သေချာတယ်။ အနေဆင်းရဲ အစားဆင်းရဲ ဖြစ်နေရလောက်ပြီ။

ရာသီဥတုအနေနဲ့ကြည့်လိုက်ပါဦး။
တစ်နှစ်မှာ နွေဦး နွေ ဆောင်းဦး ဆောင်း ဆိုပြီး လေးရာသီရှိတယ်ဆိုပေမဲ့ အမှန်တကယ်က တစ်နှစ်မှာ လေးရာသီမဟုတ်ဘူး။ တစ်ရက်ထဲမှာတောင် လေးရာသီရှိတာ။ အရေးထဲ ပင်လယ်ပြင်နှင့် ရေခဲပြင်တို့ကို ဖြတ်တိုက်ခတ်လာတဲ့ လေသရမ်းကအဆိုးဆုံး။ ကျောထဲ အသည်းထဲတောင် စိမ့်ဝင်သွားပြီး ခိုက်ခိုက်တုန်ဖြစ်သွားတယ်။

ဒီနေ့မနက် အစောကြီး အရမ်းအေးခဲ့တယ်။ တကယ်ဆို နွေဦးပေါက်ရာသီဘဲ။ သမရာသီဖြစ်သင့်တာပေါ့။ ခုတော့ ချမ်းလွန်းလို့ အပူပေးစက်တောင် ဖွင့်နေရတယ်။ ခဏနေတော့ မိုးတွေ တစ်ဝေါ၀ါရွာချပါရောလား။ အပြင်ခဏထွက်ပြီးလမ်းလျောက်ဖို့စဉ်းစားထားခဲ့တာ သဲထဲရေသွန်ဖြစ်သွားတယ်။ နေ့လည်တစ်နာရီလောက်ကျပြန်တော့ နေကျဲကျဲပူပါလေရော။ ချမ်းလွန်းလို့ ၀တ်ထားတဲ့ အနွေးထည်အထပ်ထပ်ကို ပြန်ချွတ်ပစ်လိုက်ပြန်ရတယ်။

ဟော... အခု ပြောရင်း ဆိုရင်းနဲ့ မိုးအုံ့လာပြန်ပြီ။ မိုးအုံ့လာပြီဆိုကတည်းက အအေးဓါတ်က ပါလာပြန်ပါရော။ ခက်လိုက်ပါဘိ။ အနွေးထည်ပြန်ဝတ်ဦးမှဘဲ။ မဟုတ်ရင် ခိုက်ခိုက်တုန်နေပြန်ဦးမယ်။ Credit crunch, economic downturn ရက်ရက်စက်စက်ဖြစ်နေလို့ မလန်းရတဲ့အထဲ ရာသီဥတုက တစ်ရက် လေးရာသီ ဖြစ်နေလေတော့ ပိုစိတ်ပိန်တာပေါ့ဗျာ။ ဟူး... ဟူး... ဂစ်.. ဂစ်( အေးလွန်းလို့ မေးရိုက်သံ)။ မဖြစ်ချေဘူး။ ဘာအလုပ်မှ မရှိတာချင်းအတူတူ စောင်ခြုံပြီးကွေးနေတာမှ ပိုကောင်းဦးမယ်။ ကဲပါ။ ဆိုရိုးလေးတစ်ခုရှိတယ်။ သိလားတော့မသိဘူး။ တစ်ရေးနိုးတဲ့အကြံ တစ်သိန်းတန်(ပေါင်တစ်သိန်း)တဲ့။ နှပ်လိုက်ဦးမယ်။

ဒါတွေကြောင့် အင်္ဂလိပ်လူမျိုးတွေ နယ်ချဲ့ ခဲ့ကြတာ။


မှတ်ချက်။
ကျနော်အထင်ဖြင့် ရမ်းတုပ်ခြင်းမျှသာဖြစ်သည်။

........

Sunday, 26 April 2009

တွေ့မှသိတယ်

အမှန်တကယ်
အရင်တုန်းက မသိခဲ့ပါဘူး
ကောင်းကင်ကြီးရဲ့  အကြောင်း
သစ်ပင်တွေရဲ့  စိမ်းလန်းစိုပြေမှုအကြောင်း
ပန်းပွင့်တွေရဲ့  အလှအပအကြောင်း။

ဒီအကြောင်းတွေကို ခံစားသိရှိလာခဲ့တာ
မင်းလေးနဲ့တွေ့မှပါ။

နံနက်မိုးသောက်အလင်းရောက်ရင်
စိတ်လှုပ်ရှားစရာနဲ့ဆုံဆည်းချင်ခဲ့တာလဲ
မင်းလေးနဲ့တွေ့မှပါ။

မနက်ဖန်တိုင်း အသက်ရှင်အောင်လုပ်ပေးခဲ့တာလဲ
မင်းလေးပါဘဲ။

ချစ်လွန်းလို့
မင်းလေးကို စိုက်ကြည့်နေရမှာတောင်
နှမြောမိတယ်။

.....

Thursday, 23 April 2009

ဆက်လျောက်ဆဲ


မိုင်များဘယ်လိုပင်
ဝေးဝေးသွားလည်း
ရင်ခွင်ချင်းအပ်
လက်ထပ်ထားမြဲ။

ခရီးကြမ်းလမ်း
ဆုံရန်ခဲလည်း
အသည်းထဲ မင်းနာမည်
ရေးထွင်းထားဆဲ။

သံသရာလမ်း
ဘယ်လိုပင်ကျရှုံးလည်း
နှလုံးသားရပ်ဝန်းထဲ
မင်းက နေရာယူထားမြဲ။

အချိန်တွေပြောင်း
နေ့နှင့်ညတို့
တစ်လှည့်စီရွှေ့ လည်း
အချစ်တို့တည်နေမြဲ။

သတိရတုန်း
ကွပ်လပ်တို့ ဖြည့်ရင်း
လွမ်းလျက်နဲ့
ငါ.... ဆက်လျောက်နေဆဲ။ ။

.......

အံ့သြဖွယ် ကျည်ကာအင်္ကျီ


အီရတ်စစ်ပွဲ အာဖန်စစ်ပွဲစတဲ့ စစ်ပွဲတွေ ပေါင်းစုံအကြောင်းကို သတင်းစာတွေမှာ ဖတ်ဖူးတယ်။ ရုပ်မြင်သံကြားသတင်းတွေမှာ ကြည့်ဖူးတယ်။ စစ်ပွဲဆင်နွဲနေကြတဲ့ စစ်သားတွေမှာ bullet-proof vest လို့ခေါ်တဲ့ ကျည်ကာအင်္ကျီတွေဝတ်ဆင်ထားတာကိုတွေ့ရတယ်။ စစ်သားတစ်ယောက်
ရှေ့ တန်းစစ်မြေပြင်ကို သယ်ဆောင်သွားရတဲ့ အလေးချိန်က မနည်းဘူး။ ရေနှင့်အစားအစာ၊ လက်နက်ခဲယမ်း၊ ဓါး၊ ကျည်ဆန်စတဲ့ လိုအပ်တဲ့ ပစ္စည်းတွေကိုတစ်ပါတည်း ယူဆောင်သွားကြရတယ်။

အဲဒီအလေးချိန်တွေအပြင် ကျည်ကာအင်္ကျီကိုပါဝတ်ဆင်ထားရတော့ ပိုပြီးဝန်ပိသွားတာပေါ့။
ကျည်ကာအင်္ကျီသာ မ၀တ်ရရင် သွားရလာရတာလဲ လွတ်လပ်မယ်။ ၀န်လဲပေါ့သွားမယ်။ ပြေးရလွှားရတာလဲ လွယ်ကူသွားမယ်။ အဲဒါဆို ပိုမကောင်းဘူးလား။ သိပ်ကောင်းတာပေါ့။ ဒါပေမဲ့ တစ်ဘက်ရန်သူက ပစ်ခတ်လာတဲ့ ကျည်ဆန်တွေကို ဘယ်လိုကာကွယ်မလဲ။ လွယ်လွယ်လေးပါ။ နည်းစနစ်ရှိတယ်။
ကျည်ကာအင်္ကျီအစားအင်္ကျီခပ်ပါးပါးလေး တစ်ထည်ဝတ်လိုက်ရုံပါဘဲ။ ဒါပေမဲ့ အဲဒီအင်္ကျီက ရှပ်အင်္ကျီ တော့မဟုတ်ဘူးနော်။ သေချာမှတ်ထားလိုက်ဦး။ အမျိုးသမီးတွေဝတ်တဲ့ အတွင်းခံဘရာစီယာ တဲ့။

မနေ့တုန်းက အမေရိကန်နိုင်ငံ မာချိဂန်ပြည်နယ် ဒက်ထရိုက်တ်မြို့မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်။ အိမ်တစ်အိမ်ကို ဖောက်ထွင်းသူတစ်ချို့  ထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ အိမ်မှာ အချက်ပေးကိရိယာတပ်ဆင်ထားတဲ့အတွက် အချက်ပေးသံပေါ်ထွက်လာတယ်။ ဒါပေမဲ့ အိမ်ရှင်က အိမ်မှာ မရှိဘူး။

အသက် ၅၇နှစ်ရှိ တစ်ဘက်အိမ်က အိမ်ချင်းအမျိုးသမီးတစ်ယောက်က အချက်ပေးသံကြားလို့ ပြတင်းပေါက်ဖွင့်ကြည့်လိုက်တယ်။ အဲဒီအမျိုးသမီးကို ဖောက်ထွင်းသူတစ်ယောက်က မြင်ပြီး အသင့်ယူလာတဲ့ သေနတ်နဲ့ ဒိုင်းကနဲ ပစ်ထည့်လိုက်တယ်။ ကျည်ဆံက ပြတင်းပေါက်ကို ဖြတ်သန်းကို
အဲဒီအမျိုးသမီးရဲ့  ရင်ဘတ်တည့်တည့်ကို လာထိတယ်။ ပွဲချင်းပြီးသေရမဲ့အနေအထားပါ။

ဒါပေမဲ့ သူမဟာ အသေးစားဒဏ်ရာလေးဘဲ ရသွားတယ်။ နီးစပ်ရာဆေးရုံကို တင်ပို့ထားပေမဲ့လဲ အသက်သေစေနိုင်လောက်တဲ့ ဒဏ်ရာမဟုတ်ပါဘူး။ သူမကို ကယ်တင်လိုက်တဲ့အရာကတော့ စစ်သားတွေ ၀တ်ဆင်လေ့ရှိတဲ့ ကျည်ကာအင်္ကျီတော့ မဟုတ်ပါဘူး။ သူမ၀တ်ဆင်ထားတဲ့ အတွင်းခံဘရာစီယာလေးပါဘဲ။ ဘရာစီယာလေးက ခိုင်ခန့်ကျစ်လစ်တဲ့အတွက် ကျည်ဆန်က ဖောက်ထွင်းနိုင်စွမ်းမရှိခဲ့လို့ပါ။

အဲဒီအမျိုးသမီးဝတ်ဆင်ထားခဲ့ ဘရာစီယာတံဆိပ်ကတော့ နာမည်ကြီးပြီး အရောင်းတက်သွားမှာ သေချာတယ်။ အနောက်တိုင်းသားတွေရဲ့  ရူးသွပ်မှုကို အခွင့်ကောင်းယူပြီး သူမရဲ့  ဘရာစီယာကို လေလံတင်ရောင်းချရင် အမြတ်အစွန်းရရှိဦးမှာ မြင်ယောင်နေမိသေးတယ်။

ဒီအဖြစ်အပျက်ကို တွေ့မြင်ပြီးနောက် ဒက်ထရိုက်တ် ရဲအရာရှိ Sgt. Eren Stephens Bell ကတော့ အခုလိုပြောလေရဲ့ ။ ဒီလိုဘရာစီယာကနေပြုလုပ်တဲ့ ကျည်ကာအင်္ကျီမျိုး ကျနော်တို့ လိုအပ်နေပြီ တဲ့။

ဒါကြောင့်မို့
ခပ်ထူထူ ခပ်လေးလေး ကျည်ကာအင်္ကျီကို ၀တ်ဆင်နေမဲ့အစား အဲဒီအမျိုးသမီးဝတ်တဲ့ ဘရာစီယာမျိုး ရှေ့ တန်းထွက်စစ်သားတွေ ၀တ်ဆင်ခွင့်ရမယ်ဆိုရင် ပိုပြီးအဆင်ပြေမယ်။ အလေးချိန်လဲ သက်သာမယ်မဟုတ်လား။ ဒါပေမဲ့ မျက်နှာမှာ သနပ်ခါး သို့မဟုတ် မိတ်ကပ်တွေ မလိမ်းကြဖို့တော့ ဥပဒေထုတ်ပြန်ထားသင့်တယ်လို့ ကျနော်စဉ်းစားမိကြောင်းပါခင်မျာ။ ။

မှတ်ချက်။
http://uk.reuters.com/article/oddlyEnoughNews/idUKTRE53L4Z920090422ကို ကိုးကားဖော်ပြပါတယ်။

..

Friday, 17 April 2009

ရိုးရာမပျက်စေချင်

တစ်နှစ်မှာ လေးရက်တိတိ(တစ်ခါတစ်လေ ငါးရက်) ရေဖြုန်းတီးတဲ့ပွဲတော်ကြီး ပြီးဆုံးသွားချေပြီ။ နိုင်ငံတကာမှာ ရေချွေတာနေရတဲ့အချိန်မှာ မြန်မာနိုင်ငံကတော့ ဂုဏ်ယူဝင့်ကြွားစွာ ရေတွေကို ဒလဟောဖြုန်းတီးနေကြလေရဲ့  ။ မြန်မာသင်္ကြန်ရေကစားပွဲတော်နှင့်ပတ်သက်ပြီး ဂျပန်မလေးတစ်ယောက် မှတ်ချက်ပေးခဲ့တာ အမှတ်ရမိတယ်။ "မြန်မာသင်္ကြန်ပွဲကို မကြိုက်ဘူး။ အန္တရာယ်များတယ်။ ရေဖြုန်းတီးရာရောက်တယ်။ တစ်မြို့လုံး ရွှံ့ ညွန်ဗွက်တွေနဲ့ ညစ်ပတ်ကုန်တယ်" တဲ့။

ပြောရင်လဲ ပြောချင်စရာပါဘဲလေ။ မြန်မာရဲ့  အတာသင်္ကြန်ကို ဘယ်လိုပုံစံမျိုးနှင့်စတင်ခဲ့တယ်ဆိုတာကိုတော့ ကျနော်အတိအကျမသိပါဘူး။ ဒါပေမဲ့ လက်လှမ်းမီသလောက် ဖတ်ဖူးမှတ်ဖူးထားတာကတော့ သင်္ကြန်ကာလအတွင်းမှာ ငွေဖလား ရွှေဖလား သို့မဟုတ် ခွက်သန့်သန့်ကလေးထဲကို ရေကြည်ကြည်လေးထည့်ပြီး အမွှေးနံ့သာနှင့်ရောနှောပြီး ညင်ညင်သာသာ ရေလောင်းရေကစားခဲ့ကြတယ်တဲ့။ ဟိုရှေးရှေးတုန်းကပါ။ အခုခေတ်နဲ့တော့ တစ်ခြားစီပါဘဲ။

အခုခေတ်ကျတော့
ရေသန့်မသန့်စစ်ဆေးမနေကြတော့ဘူး။ ရေကစားရဖို့က အဓိကဖြစ်နေပြီလေ။ ရေအပက်ခံရတဲ့သူ ဘာဖြစ်ဖြစ် ရေပက်ရဖို့ ပျော်ရဖို့က ပဓာနဖြစ်နေကြပြီ။ မြောင်းချိုမြောင်းကြားထဲက ဗွက်တွေ အမှိုက်သရိုက်တွေနဲ့ ရောနှောနေတဲ့ ရေနဲ့လဲကစားကြတာဘဲ။ နံစော်ညစ်ပတ်နေတဲ့ ရေနဲ့လဲကစားကြတာဘဲ။ ပြောတော့ဖြင့် နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောဖို့တဲ့။ ပိုလို့တောင် ညစ်ပတ်သွားဦးမယ်။

ကျနော်တို့ ကလေးပေါက်စအရွယ်တုန်းကဆို ရေတွေကို ဗူဖောင်းထဲ မှုတ်ထည့်ပြီး ရေထည့်ထားတဲ့ ဗူဖောင်းနဲ့ လူတွေကို ပစ်ပေါက်ကစားတယ်။ အထူးသဖြင့် မိန်းခလေးတွေ ခံရတာပါဘဲ။ စဉ်းစားလို့သာ ကြည့်ကြပေတော့။ ရေနဲ့ခပ်ကြမ်းကြမ်းပက်တာတောင် လွန်လှပါပြီ။ ဗူဖောင်းနဲ့ အသားကုန်ပစ်ပေါက်လိုက်တော့ ခံရသူ ဘယ်လောက် အသားနာကျင်သွားမလဲလို့။ ပြီးတော့ ပါးစပ်ထဲငုံပြီးမှ ဗူဖောင်းထဲရေကို မှုတ်ထည့်ရတာဆိုတော့ အာပုပ်စော်လဲ ဘယ်လောက်နံမလဲ မသိဘူး။ ဗူဖောင်းတွေ မ၀ယ်နိုင်တဲ့အခါမျိုးမှာဆို ကြွတ်ကြွတ်အိပ်ထဲ ရေထည့်ပြီး ပစ်ပေါက်ကစားကြတယ်လေ။ အတော်လေး အကျည်းတန်အရုပ်ဆိုးတဲ့ မြင်ကွင်းတွေပါ။ အခုခေတ်မှာတော့ အဲဒီလို မကစားကြဖို့ နိုင်ငံတော်အစိုးရက ပိတ်ပင်ထားခဲ့တဲ့အတွက် တော်သေးတာပေါ့။

ဒါပေမဲ့ ခွက်စောင်းခုတ်တာတို့ ရေပိုက်နဲ့ ခပ်ကြမ်းကြမ်းထိုးတာတို့ မျက်နှာတည့်တည့်ကိုရေပက်တာတို့ မိန်းခလေးတွေရဲ့  အရှက်ကို ထိခိုက်စေမဲ့နေရာမျိုးကိုမှ ရွေးချယ်ပြီး ရေပိုက်နဲ့ထိုးကစားတာတို့ဟာ အကျည်းတန်ဆဲပါဘဲ။ မြန်မာ့ယဉ်ကျေးမှုနဲ့ဖီဆန်ပြီး ရေကစားကြတဲ့အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ရေအပက်ခံရတဲ့သူက မကျေနပ်လို့ ပြန်ပြောတဲ့အခါမှာလဲ သင်္ကြန်မို့ ရေပက်တာ အပြစ်လားလို့ ပြန်အော်လေ့ရှိကြတယ်။ အဆိုးဆုံးကတော့ မခံမရပ်နိုင်ဖြစ်ပြီး ရန်ပွဲတွေခဏခဏဖြစ်ကြတာပါဘဲ။

သင်္ကြန်ကာလပြီးဆုံးလို့ အနှစ်ချုပ်လိုက်ရင် ကြားရတဲ့သတင်းက မကောင်းတဲ့သတင်း ခပ်များများရယ်။ ရန်ပွဲတွေအကြောင်း၊ သေကြကြေကြတဲ့အကြောင်း၊ ထိခိုက်ဒဏ်ရာရကြတဲ့အကြောင်း၊ အအေးမိဖျားနာကြတဲ့အကြောင်း၊ ခိုးရာလိုက်ပြေးသွားကြတဲ့အကြောင်း၊ လင်ကောင်မပေါ်ဘဲကလေးရှိနေတဲ့အကြောင်း၊ ရှေ့ နှစ်သင်္ကြန်ရောက်ရင်သိမယ် ဆိုပြီး ရန်ငြိုးဖွဲ့ကြတဲ့အကြောင်း၊ စုံလို့ စုံလို့ပါဘဲ။

ကောင်းတဲ့အလုပ်တွေ မလုပ်ခဲ့ကြဘူးလားဆိုပြန်တော့လဲ လုပ်တော့လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကောင်းသတင်းဟာ မကောင်းသတင်းလောက် ပျံ့ နှံ့သွားတာ မမြန်ဘူးလေ။ လူတွေကိုယ်တိုင်က ကောင်းသတင်းထက် မကောင်းသတင်းကို ပိုပြောချင်ကြတာမဟုတ်လား။

ကျနော် မြန်မာ့အတာသင်္ကြန်ကို အပြစ်တင်ဝေဖန်ပြနေတာမဟုတ်ပါဘူး။ မြန်မာ့ရိုးရာပွဲတွေကို မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း ညင်ညင်သာသာ ဆင်နွှဲစေချင်တဲ့ ဆန္ဒရယ်ပါ။
ကျနော်မှမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့  အတာသင်္ကြန်ပွဲတော်ကို ကြိုက်တဲ့သူတွေရှိကြသလို မကြိုက်တဲ့သူတွေလဲ အသင်္ချေအနန္တပါဘဲ။ ရူးသွပ်စွာ ပျော်ခွင့်ပါးခွင့်ရချင်တဲ့သူတွေကတော့ သင်္ကြန်ကို ကြိုက်ကြတယ်။ အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး အန္တရာယ်ကို စိုးရိမ်ကြတဲ့သူတွေကတော့ သင်္ကြန်ကို ကြိုက်မှာ မဟုတ်ပါဘူး။

ဘာဘဲဖြစ်ဖြစ်လေ။ ကျနော်ကတော့ မြန်မာလူမျိုးဖြစ်ပြီး လစဉ်မြန်မာ့ရိုးရာပွဲတွေ ရှိနေတာကို ဂုဏ်ယူတယ်။ ကျေနပ်တယ်။ မြန်မာ့ဓလေ့ရိုးရာကို မြတ်နိုးတယ်။ ဒါပေမဲ့ မူလစတင်ခဲ့တဲ့ ရိုးရာပွဲတွေရဲ့  ရည်ရွယ်ချက်တွေကိုတော့ မမေ့ပျောက်စေချင်ဘူး။ ရိုးရာမပျက်တဲ့မြေမှာနေပြီး ရိုးရာမပျက်တဲ့ ယဉ်ကျေးမှုနှင့်အညီ ပျော်ရွှင်ဆင်နွှဲကြမယ်ဆိုရင်တော့ အကောင်းတကာ့အကောင်းဆုံးပေါ့ဗျာ။

ကြည်လင်အေးမြ လှပဝေဆာ ပြည်မြန်မာ
ချမ်းသာသုခ ပြည့်ဝစေရန် တောင်းဆုပန်၏။

....

နှစ်ဆန်းမှာ...

နှစ်ဆန်းတစ်ရက်နေ့။
မနေ့ကနှင့်ဒီနေ့ မတူတော့ဘူး။ မနေ့က ၁၃၇၀။ ဒီနေ့က ၁၃၇၁။ တစ်ရှိန်ထိုးကြီး အသက်ကြီးသွားသလိုခံစားရတယ်။ Jump promotion ဖြစ်တဲ့အခါ ၀မ်းသာစရာကောင်းပေမဲ့ အခုလိုမျိုးကြီး နေ့ချင်းညချင်း အိုစာသွားရတာကိုတော့ နဲနဲလေးမှ မနှစ်သက်မိဘူး။ အသက်ကြီးမှ လူရာဝင်မယ်ဆိုရင်လဲ မ၀င်ချင်နေပစေတော့။ အသက်ကြီးရမှာ ခပ်လန့်လန့်ဖြစ်နေပြီ။ ဒါပေမဲ့လဲလေ လောကသဘာဝကကိုမှ မသေချင်ရင် အိုရမယ်၊ မအိုချင်ရင် ခပ်စောစောသေရမယ်။ အဲဒီလို မဟုတ်လား။ ရှောင်လွဲလို့မရတဲ့ လောကဓံတရားတွေပေါ့လေ။

မနေ့တုန်းက အကဲကြီးကဲခဲ့လေသမျှ ဒီနေ့ (နှစ်ဆန်းတစ်ရက်နေ့)မှာ ကုသိုလ်ပွဲတွေဆင်နွှဲနေကြရောပေါ့။ ငှက်ကလေးတွေကို လှောင်ချိုင့်ထဲကနေပြီး ဘေးမဲ့ရာလွတ်ပေးကြမယ်။ ငှားကလေးတွေကို ဇလားတွေထဲကနေ ရေထဲကို ဘေးမဲ့လွတ်ပေးကြမယ်။ ကျွဲနွားတိရစ္ဆာန်တွေ လွတ်ရာကျွတ်ရာနေရာကို ဘေးမဲ့လွတ်ပေးကြမယ်။ သက်ကြီးရွယ်အိုတွေကို ပူဇော်ကန်တော့ကြမယ်။ အဘိုးအဘွားတွေကို ခြေသည်းလက်သည်းလှီးပေးကြမယ်။ ရေချိုးသန့်စင်ပေးကြမယ်။ ဘုရားသွားကြမယ်။ ကျောင်းတက်ကြမယ်။ ဘုရားမှာ ဆွမ်းကပ်ကြမယ်။ ရွှေသင်္ကန်းကပ်လှူကြမယ်။ ဖယောင်းမီး လျစ်စစ်မီး ဆီမီး အမွှေးတိုင် ပူဇော်ကြမယ်။ ဘုရားဟော တရားတော်တွေကို ရွတ်ဆိုကြမယ်။ သံဃာတော်အရှင်သူမြတ်တို့ကို ဆွမ်းဆက်ကပ်လှူဒါန်းကြမယ်။ ဝေယျာဝစ္စကုသိုလ်တွေယူကြမယ်။ အဲဒီလို များစွာ များစွာ ကုသိုလ်ပွဲတွေ မြန်မာပြည်တစ်ဝှမ်းလုံး ခြိမ့်ခြိမ့်သဲ ဆင်နွှဲနေကြမှာ မြင်ယောင်နေမိသေးတယ်။

သင်္ကြန်ပွဲအကြောင်းစဉ်းစားရင်း ဆရာတော်အရှင်ဆန္ဒာဓိကရဲ့  တရားတော်လေးကို သတိရမိတယ်။ အတာသင်္ကြန်ဆင်နွှဲပြီးရင် ခန္ဓာသင်္ကြန်ဆင်နွှဲကြပါတဲ့။ တစ်နှစ်ပတ်လုံး ညစ်ပတ်လာတဲ့ အညစ်အကြေးတွေကို အတာသင်္ကြန်ရေနှင့်ဆေးပစ်သလိုမျိုးဘဲ တစ်နှစ်ပတ်လုံး ညစ်ညူးလာခဲ့တဲ့ လောဘ ဒေါသ မောဟ စတဲ့ ကိလေသာအညစ်အကြေးတွေကို ဒါန သီလ သမထ ၀ိပဿနာရေအေးနဲ့ ဆေးကြောကြပါတဲ့။ အတော်လေး အဓိပ္ပါယ်ပြည့်ဝတဲ့ တရားတစ်ပုဒ်ပါ။

ပြီးတော့ ဆရာတော်က ဆက်လက်ဟောကြားပါသေးတယ်။ သင်္ကြန်ဆိုတာ သင်္ကန္တဆိုတဲ့ ပါဠိစကားလုံးကဆင်းသက်လာတာပါတဲ့။ ပြောင်းလဲခြင်းလို့ အဓိပ္ပါယ်ရတယ်တဲ့။ နေလဂြိုဟ်နက္ခတ်တွေ ပြောင်းလဲသွားလာနေတဲ့အတွက် တစ်နှစ် နှစ်နှစ်ဆိုတဲ့ အချိန်တွေ ဖြစ်ပေါ်လာတာပါတဲ့။ အလားတူဘဲ ခန္ဓာကိုယ်ထဲရှိ ရုပ်တရားတွေလဲ စက္ကန့်မလပ်တစ်လစပ်ပြောင်းလဲ ဖြစ်ပျက်နေတယ်တဲ့။ ဂြိုဟ်နက္ခတ်တွေပြောင်းလဲတာကို စောင့်ကြည့်နေမဲ့အစား မိမိခန္ဓာကိုယ်ရုပ်တရားတွေရဲ့  ပြောင်းလဲမှုကို သတိနဲ့စောင့်ကြည့်နေနိုင်မယ်ဆိုရင် အဲဒီဝိဿနာဘဲတဲ့။ တကယ်ရှင်းတကယ်တိကျတဲ့ တရားတော်ပါဘဲ။

ဒါကြောင့်မို့ ဆရာတော်ရဲ့  တရားတော်အတိုင်း အတာရေသင်္ကြန်ပွဲ ပျော်ရွှင်ဆင်နွှဲခဲ့ကြတာကို ပြန်စဉ်းစားအူမြူးမနေကြဘဲ ခန္ဓာသင်္ကြန်ပွဲကို တစ်နိုင်တစ်ပိုင် ဆင်နွှဲနိုင်ကြပါစေ၊ နှစ်ဟောင်းကုန်ပျောက်ပြီး နှစ်သစ်ကိုဆိုက်ရောက်တဲ့ နှစ်ဆန်းပိုင်းကစလို့ အခုဘ၀ တမလွန်ဘ၀ နှစ်ဌာနလုံး ၀မ်းမြောက်ချမ်းသာရမဲ့ ကုသိုလ်တရားများ အားလုံးရဲ့  နှလုံးသားထဲ ထုံမွှန်းနိုင်ကြပါစေကြောင်း တောင်းဆုပြုလိုက်ရပါတယ်။

မင်္ဂလာရှိတဲ့ နှစ်သစ်ကူးဖြစ်ကြပါစေ။


.......

Thursday, 16 April 2009

လမ်းနှစ်သွယ်

အလင်းလမ်း နှင့် အမှောင်လမ်း
အထက်လမ်း နှင့် အောက်လမ်း
အဖြူလမ်း နှင့် အမဲလမ်း
အနိုင်လမ်း နှင့် အရှုံးလမ်း
အပြုံးလမ်း နှင့် အငိုလမ်း
အပါယ်လမ်း နှင့် သုဂတိလမ်း
ကုသိုလ်လမ်း နှင့် အကုသိုလ်လမ်း

အမည်တွေကွဲပြားပေမဲ့ အကျဉ်းချုပ်လိုက်ရင် လမ်းနှစ်သွယ်ဘဲ ရှိပါတယ်။ ကောင်းတဲ့လမ်းနှင့် မကောင်းတဲ့လမ်းပေါ့။
သင်္ကြန်ကာလအတွင်းမှာ လူတွေ ဒီလမ်းနှစ်သွယ်ပေါ်မှာလျောက်လမ်းကြတာများပါတယ်။ တစ်နှစ်ပတ်လုံး အားလပ်ရက်အများဆုံးရတဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလဟာ ကုသိုလ်ပြုလပ်ုချင်တဲ့သူတွေအတွက် မဟာအခွင့်အရေးကြီးဖြစ်သလိုဘဲ အကုသိုလ်တွေကိုတိုးပွါးအောင် ကြိုးစားကြတဲ့သူတွေအဖို့လဲ တကယ့်အခွင့်ကောင်းကြီးပါဘဲ။

ကုသိုလ်ရေးဘက်ကို စိတ်ပါဝင်စားတဲ့သူတွေကတော့ ဘုရားသွား ကျောင်းတက် ဥပုသ်သီလဆောက်တည်ပြီး တရားဘာဝနာကို ကျင့်ကြံအားထုတ်ကြဖို့ အချိန်အများကြီးရပါတယ်။ ကောင်းမှုကို မြတ်နိုး ကောင်းမှုမှာပျော် ကောင်းမှုမှာ မွေ့လျော်ကြတဲ့ ရွှေမြန်မာတွေလဲ ဒုနှင့်ဒေးရှိပါတယ်။ မြန်မာပြည်တစ်ဝှန်းရှိ တန်ခိုးကြီး ဘုရားဝင်း ဘုန်းတော်ကြီး ကျောင်းဝင်းထဲမှာ သဒ္ဓါရွှင်လန်း ပေးကမ်းလှူဒါန်းနေကြတဲ့ သူတွေလဲ အနန္တပါဘဲ။ စတုဒိသာကျွေးမွေးကြတဲ့ အလှူရှင်တွေကလဲ ပေါမှပေါ။
အခွင့်ကြုံတုန်း ဒုလ္လဘရဟန်းဝတ်ပြီး ၀ိနည်းတော်အတိုင်း နေထိုင်ကျင့်ကြံကြသူတွေလဲ အထင်အရှားရှိနေမှာပါ။
တကယ့်ဂုဏ်ယူစရာ ပြည်မြန်မာပါဗျာ။

ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင်တော့ သင်္ကြန်ချိန်ခါအတောအတွင်းမှာ အကုသိုလ်တွေ တစ်သီကြီးရလိုက်ကြတဲ့သူတွေလဲ နည်းမှာ မဟုတ်ပါဘူး။ ပျော်ပါးမူးယစ်သောက်စားကြမယ်။ အချင်းချင်း (သို့) တစ်ဘက်အဖွဲ့နှင့် အော်ဟစ်ခိုက်ရန်ဖြစ်ပွါးကြမယ်။ မိန်းခလေးတွေကို ကာယိနြေ္ဒပျက်အောင် စကြနောက်ကြမယ်။ ရန်ငြိုးဖွဲ့ထားခဲ့တဲ့ ရန်ကြွေးတွေဆပ်ကြမယ်။ အမူးလွန်ပြီး မဖြစ်သင့်တဲ့ကိစ္စတွေ မှောက်မှားကြမယ်။ စုံလို့ စုံလို့ပါဘဲ။ ကန်တော်ကြီးကန်ထဲ ရေနစ်လို့ သေပြန်ကြပြီ၊ သာဓုကန်ထဲ ရေဆင်းကူးရင်း ရေထဲမှာ ပျောက်သွားတယ်၊ အက်ဆီးဒင့်ဖြစ်လို့ သေပြန်ကြပြီ စတဲ့ အမင်္ဂလာသတင်းဆိုးကြီးတွေကိုလဲ နှစ်စဉ်နှစ်တိုင်း ကြားသိနေကျဖြစ်နေပြီ။ အကုသိုလ်ရဲ့  အကျိုးဆက်တွေပေါ့လေ။

ဒီကုသိုလ်လမ်းနှင့်အကုသိုလ်လမ်းနှစ်သွယ်ထဲက သင်္ကြန်အတွင်း ဘယ်လမ်းကို လျောက်ဖြစ်ခဲ့ကြသလဲဆိုတာကတော့ ကာယကံရှင်ကိုယ်တိုင်သာ သိနိုင်ပါလိမ့်မယ်။ ကိုယ့်စိတ်ကို ကိုယ်ဘဲသိကြတာမဟုတ်လား။ ဘုရားသွားကျောင်းတက်ပြီး ဒေါသတွေတစ်ထောင်းထောင်းထွက်နေကြတဲ့သူတွေ ရှိသလို သင်္ကြန်ရေကစားပျော်ပါးရင်းနှင့် မေတ္တာစိတ်ပွါးများနေကြတဲ့သူတွေလဲ ရှိနေမှာပါ။ စိတ်ဆိုတာမျိုးက ထိန်းကျောင်းရခက်တယ်မဟုတ်လား။
စိတ်က လောကကြီးကို ဦးဆောင်နေတာဘဲလေ။

သင်္ကြန်ရေကစားချိန်လဲ ကုန်ဆုံးသွားခဲ့ပါပြီ။ ဘ၀အတွက် ဘယ်လိုသင်ခန်းစာတွေ ဘယ်လိုအတွေ့အကြုံတွေ ဘယ်လို အကျိုးအမြတ်တွေရခဲ့ကြသလဲဆိုတာ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။
လမ်းနှစ်သွယ်ထဲက ဘယ်လမ်းကို လျောက်ခဲ့သလဲဆိုတာလဲ ပြန်လည်စဉ်းစားသင့်ပါတယ်။ အားလပ်ရက်အတွင်း ဘ၀အတွက် ကုသိုလ်ရေးမှာ အချိန်ကို အကျိုးရှိရှိ အသုံးချခဲ့ကြတယ်ဆိုရင်တော့ ကျနော် နစ်နစ်ကာကာ စိတ်ထဲက သာဓုခေါ်ပါတယ်။

အဲ... ဒါပေမဲ့
ကျနော့်ကိုတော့ ဘယ်လမ်းကို လျောက်ခဲ့သလဲလို့ မမေးကြနဲ့နော်။ ကျနော်က ရေကစားလဲ မထွက်ခဲ့သလို ဘုရားသွား ကျောင်းတက်ပြီးလဲ ဥပုသ်သီလမယူခဲ့ရလို့ပါ။

အေးမြကြည်နူးနိုင်ကြပါစေ။

....

သင်္ကြန်အတက်နေ့မှာ တက်ကြတဲ့သူတွေ..

ဘာမှမကြာလိုက်ဖူးထင်ရပေမဲ့ နာရီ မိနစ် စက္ကန့်တွေ အလီလီပြောင်းလို့ ဒီနေ့ဆို သင်္ကြန်အတက်နေ့ကို ရောက်ရှိခဲ့ပြီပေါ့။ သိကြာမင်းလဲ လူ့ပြည်ခဏအလည်အပတ်လာရောက်ရာကနေ သင်္ကြန်ယိမ်းမယ်လေးတွေကို မခွဲခွါချင်ပေမဲ့ နှုတ်ခွန်းဆက်သင်္ကြန်သီချင်းလေးတွေနားထောင်ရင်း ခွဲခွါရတော့မယ်။ သိကြားမင်းရဲ့  လူ့ပြည်Visit Visaက ဒီနေ့မှာ Expire ဖြစ်သွားပြီလေ။

သူပြန်သွားပေမဲ့ သူလက်ထဲက ခပ်ထူထူမှတ်တမ်းတွေထဲ ဘယ်သူတွေရဲ့  နာမည်စာရင်းတွေပါသွားသလဲဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ တမလွန်အကူးမှာ ယမင်းမင်းကြီးက စာအုပ်လှန်ပြတဲ့အခါမှ... အော်... အော်.. ငါ့နာမည်လဲ ဒီမှတ်တမ်းကြီးထဲမှာ ရှိပါလား..ဆိုပြီး သိရမဲ့ကိစ္စတွေ မဟုတ်လား။ ဟဲ ဟဲ။ ကလေးဘ၀တုန်းက အတွေးလေးတွေက အခုထိစွဲနေတုန်းလေ။ ပြီးတော့ သင်္ကြန်သီချင်းကလဲ ရှိသေးတယ်မဟုတ်လား။ သိကြားမင်းသာ...... သိသွားရင်...... မှတ်ချက်ယူသွားမှာ...... သတိထားပါ... တဲ့။

သိကြာမင်းကြီးနတ်ပြည်ပြန်တက်သွားသလား မသွားဘူးလားဆိုတာကတော့ မမြင်ရတဲ့အခြင်းအရာ ဖြစ်လေတော့ လက်တွေ့ မဆန်ပါဘူး။ တကယ်တမ်း အတက်နေ့မှာ တက်ကြရတဲ့သူတွေကတော့ မြေကြီးလက်ခတ်မလွဲရှိနေကြမှာ သေချာပါတယ်။

သူတို့တက်တာက ဒီလိုမျိုးတက်ကြမှာပါ။
။သင်္ကြန်မှာ အပျော်ကျူးပြီး မတော်တဆမှုတွေကြောင့် ဆေးရုံတက်ကြရခြင်း
။ရေအကြာကြီးကစားလို့ အအေးမိပြီး အဖျားတက်နေကြခြင်း
။မတော်တဆမှုကြောင့် အသက်ဆုံးရှုံးသွားကြရတဲ့ သူတွေရဲ့  ကျန်ရစ်သူမိသားစုတွေလဲ ၀မ်းနည်းပက်လက်နဲ့ (နှလုံးရောဂါအခံရှိရင် ပိုဆိုး) ဂစ်.. ဂစ်.. ဂစ် ဆိုပြီး တက်ကြခြင်း
။တစ်နှစ်လုံးမစားရက်မသောက်ရက်စုဆောင်းထားခဲ့တဲ့ ပိုက်ဆံလေးတွေနဲ့ သင်္ကြန်မှာ အကောင်းစားတွေချည်း ၀ယ်စားပြီး ဇက်ကြောတက်ကြခြင်း
။အငှားကားမစီးနိုင်လို့ ဘတ်စ်ကားကို အလုအယက်တက်စီးကြခြင်း
။ဘတ်စ်ကားခတွေနှင့်အတူ ကုန်ပစ္စည်းတွေအားလုံးလဲ သင်္ကြန်အတွင်း အဆများစွာ ထိုးတက်သွားခြင်း
။သင်္ကြန်အတွင်းအဆင်ပြေသွားကြတဲ့စုံတွဲတွေဟာ ဟိုတယ်တွေ တည်းခိုခန်းတွေ ကေတီဗီတွေ ကာရာအိုကေခန်းမတွေမှာ တက်ရောက် အနားယူကြခြင်း

မကောင်းတာတွေချည်းရေးပြနေရတာလဲ သိပ်တော့ မနှိပ်လှဘူး။ ကောင်းကွက်ကလေးတွေ ရှာဖွေကြည့်ဦးမှဘဲ။ ကျနော်ကလဲ မြန်မာလူမျိုးဆိုတော့ ကောင်းကွက်တွေ အနန္တရှိနေတယ်ဆိုတာ သိပါတယ်။
မြန်မာလူမျိုးတွေရဲ့  ချစ်စရာဓလေ့လေးတွေက ဘုရား ကျောင်း တက်ပြီး ကုသိုလ်ကောင်းမှုပြုကြခြင်းပါဘဲ။ ဘုရား (သို့)မဟုတ် ဘုန်းတော်ကြီးကျောင်းကို သွားရောက်ကြမဲ့ သူတွေရဲ့  မျက်နှာဟာ အရမ်းကို ကြည်လင်နေတတ်ကြပါတယ်။ အပြုံးကိုယ်စီနဲ့ပေါ့။ ဒါပေမဲ့ အဲဒီအပြုံးက ချစ်သူနှင့်တွေ့ရတဲ့ အပြုံး အရက်ဘားတွေကို ချီတက်ကြတဲ့အပြုံး အပျော်အကြူးသွားကြတဲ့အပြုံးတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ တကယ်ကို အေးချမ်းမှုဆောင်တဲ့ အပြုံးလေးတွေပါ။

ဒါကြောင့်မို့ သင်္ကြန်အတက်နေ့မှာ ဘုရား ကျောင်း တက်ကြသူတွေလဲ အများကြီးရှိမှာပါ။ ပြီးတော့ သင်္ကြန်အတွင်း ဥပုသ်သီလဆောက်တည်ပြီး တရားအားထုတ်နေကြတဲ့သူတွေလဲ ဥာဏ်စဉ်တွေတက်မှာ သေချာပါတယ်။ ကုသိုလ်ကောင်းမှုတွေ တစ်ရှိန်ထိုး တိုးတက်မဲ့ကာလလေးတွေပေါ့။

သင်္ကြန်အတက်နေ့ဟာ ရေကစားခွင့်ရတဲ့ နောက်ဆုံးရက်ပါဘဲ။ မြန်မာပြည်အနှံ့အပြား မီးကုန်ယမ်းကုန် ပျော်ကြမဲ့ရက်ဆိုလဲ မမှားပါဘူး။ အစည်ကားဆုံးနေ့ဖြစ်မှာ သေချာပါတယ်။ ဒီလိုအပျော်မျိုး ထပ်ရဖို့ တစ်နှစ်ထပ်စောင့်ရဦးမှာ မဟုတ်လား။ ဒီတော့ ရတဲ့ အခွင့်အရေးလေးတွေကို နောက်ဆုံးစက္ကန့်ထိ ရယူတတ်ကြတာ ဓမ္မတာပါဘဲလေ။

အားလုံး ဘေးကင်းတဲ့ ပျော်ရွှင်မှုမျိုး ဖြစ်ကြပါစေ။

....

Wednesday, 15 April 2009

ကြပ်ကြပ်မတ်မတ် သင်္ကြန်အကြတ်

ဒီနေ့ သင်္ကြန်အကြတ်နေ့။
ဘာဖြစ်လို့ အကြတ်နေ့လို့နာမည်ပေးထားမှန်း ကျနော်မသိတာအမှန်ပါ။ ကလေးဘ၀တုန်းကကြားဖူးတာကတော့ သိကြားမင်းဟာ ဘာညာသာရကာကိုင်ပြီး သင်္ကြန်အတွင်းလူ့ပြည်ကို ဆင်းလာတယ်တဲ့။ အကြိုနေ့မှာ သိကြားမင်းကို ကြိုဆိုရမယ်။ အကျနေ့ရောက်တော့ သိကြားမင်းလူ့ပြည်ဆင်းလာတယ်။ အကြတ်နေ့ရောက်တော့ လူတွေကို မကောင်းမှုတွေမလုပ်ဖို့ ကြပ်ကြပ်မတ်မတ်ပြုလုပ်တယ်။ အတက်နေ့ရောက်တော့ နတ်ပြည်ပြန်တက်သွားတယ်။ နတ်ပြည်ပြန်တက်သွားတဲ့အခါ ကောင်းမှု မကောင်းမှုပြုလုပ်သူစာရင်းတွေကို မှတ်တမ်းယူသွားတယ်။ အဲဒီလိုဘဲ ကလေးဘ၀တုန်းက ကြားဖူးခဲ့တာပါ။

ဒါကြောင့်မို့ သင်္ကြန်အတွင်းမှာ မကောင်းမှုမလုပ်ရဘူး။ ကောင်းတာဘဲလုပ်ရမယ်။ မကောင်းတာလုပ်ရင် သိကြားမင်းက ခွေး(သားရေ)ပုရပိုက်နဲ့ မှတ်တမ်းရေးမှတ်သွားပြီး ယမမင်းကြီးဆီပို့ပေးတယ်။ ကောင်းတာလုပ်တဲ့သူတွေရဲ့  စာရင်းကို ရွှေပုရပိုက်နဲ့ ရေးမှတ်သွားတယ်။ အဲဒီ ကောင်းတာလုပ်တဲ့သူတွေကို သေပြီးတဲ့အခါ နတ်ပြည်ကို ခေါ်ဆောင်သွားမယ်။ အဲဒီလိုဘဲ အဘိုးအဘွားတွေဆီက ကြားခဲ့ဖူးတာပါ။

သင်္ကြန်အတွင်း သူ့အသက်ကို မသတ်ရဘူး။ သူများပစ္စည်းမခိုးရဘူး။ သစ်ပင်မတက်ရဘူး။ ရေမကူးရဘူး။ ဟင်းသီးဟင်းရွက်မခူးရဘူး။ ရိုင်းရိုင်းစိုင်းစိုင်းစကားမပြောရဘူး။ သူတစ်ပါးကို မဆဲရဘူး။ ရှင်းရှင်းပြောရရင်တော့ မကောင်းတာ ဘာမှမလုပ်ရဘူး။

ကျနော်ကလေးဘ၀က ရွာဦးကျောင်းမှာ အကြာကြီးနေဖူးတယ်။ ကိုရင်ကျောင်းသားတွေ အရမ်းများလို့ ရွာဦးကျောင်းမှာ ချဉ်စူးစူးအနံ့တွေ လှိုင်နေလေရဲ့ ။ မှက် ခြင် ယင် ကြမ်းပိုးတွေကလဲ ပေါမှပေါ။ တစ်ယောက်ယောက်က ခြင် ကြမ်းပိုးတို့ကို သတ်နေတာတွေ့ရင်.. မင်းကို သိကြားမင်းက ခွေးပုရပိုက်နဲ့ မှတ်တမ်းယူသွားပြီး မင်းသေရင် အ၀ီစိငရဲကို ပို့ပစ်လိမ့်မယ်.. ဆိုပြီး ကျနော်တို့ ပြောလေ့ရှိခဲ့ကြတယ်။

ကျနော်တို့ ငယ်ငယ်တုန်းကဆို သင်္ကြန်ရောက်ရင် အရမ်းကြောက်ကြတယ်။ ဘာမှမကောင်းတာမလုပ်ရဲဘူး။
ကလေးတွေမှ မကောင်းတာမလုပ်ရဲတာမဟုတ်ပါဘူး။ လူကြီးတွေလဲ ဒီအယူအဆကို ဥပါဒါန်စွဲနေကြတာထင်တယ်။ သင်္ကြန်အကြိုနေ့ကစပြီး နှစ်ဆန်းတစ်ရက်နေ့အထိ ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်ကြပြီး ဥပုသ်သီတင်း ဆောက်တည်ကြတာ တွေ့ရတယ်။ ကျနော်တို့ အရပ်ဒေသရဲ့  ရိုးရာက ဥပုသ်စောင့်ရင် အိမ်မှာ စောင့်လေ့မရှိကြဘူး။ ဘုန်းတော်ကြီးကျောင်းမှာအိပ် ဘုန်းတော်ကြီးကျောင်းမှာဘဲ စားကြရတယ်။ အရုဏ်စာ နေ့လည်စာကို သက်ဆိုင်ရာ မိသားစုဝင်တွေက လာပို့ကြတယ်။ ဆရာတော်ဟောကြားတဲ့ တရားတော်ကို လိုက်နာမှတ်သားရင်း တစ်ပိုင်တစ်နိုင် တရားရှုမှတ်ကြတာပေါ့လေ။
ကျနော်ကိုယ်တိုင်ကတော့ ဥပုသ်မစောင့်ခဲ့ဖူးပါဘူး။ ဥပုသ်စောင့်တဲ့အလုပ်ဟာ ကလေးတွေအလုပ်မဟုတ်ဘူး။ လူကြီးတွေရဲ့  အလုပ်သာ ဖြစ်တယ်လို့ ကျနော့်စိတ်ထဲစွဲကပ်နေတာလဲ ပါတာပေါ့လေ။

သင်္ကြန်အကြပ်နေ့တော့ ရောက်ခဲ့ပြန်ပြီ။
သိကြားမင်းဆင်းပြီး ကြပ်ကြပ်မတ်မတ် ပုရပိုက်နဲ့ မှတ်မမှတ်တော့ မသိဘူး။ ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေမှာကတော့ သင်္ကြန်ရေကစား ပျော်ပါးနေကြတဲ့သူတွေကို အန္တရာယ်ကင်းရှင်းစေဖို့ မော်တော်ပီကယ်တွေ ကြပ်မတ်နေကြရမှာ သေချာပါတယ်။

.....

Tuesday, 14 April 2009

ထမင်းချက်ရဦးမယ်

မြန်မာမှာ
မနေ့က ရေပက် ဒီနေ့လဲ ထပ်ပက်
ကြည့်ရင်းနဲ့ အပျော်တစ်ဝက်ကူးစက်ခဲ့ပြီး
တပ်မက်စရာမရှိတဲ့ ဒီလန်ဒန်မြေဟာ
သေချာအဖြေရှာကြည့်လိုက်တော့
သေရွာပြန်အသူရကာယ်တွေရဲ့  နေရာများဖြစ်လေရော့သလား။


ပိတောက်တွေနဲ့အတူ အပြတ်ကဲနေကြမဲ့ ရွှေမြန်မာ
ကျနော်သာ ရန်ကုန်မှာရှိနေရင်
ဒဂုံမြေမှာ အပျော်ကျူးသူတစ်ယောက်ထပ်တိုးဦးမှာ သေချာတယ်။


မြင်သာမြင် မကြင်ရတဲ့မေတ္တာနှင့်
ကြင်သာကြင် မမြင်ရတဲ့ မေတ္တာ
ဘယ်ဟာမှ သစ္စာမမည်ပေဘူး။


မြန်မာတီဗီဖန်သားပြင်ပေါ်
ပျော်ရွှင်စရာ သင်္ကြန်ယိမ်းအကတွေ နေရာယူနေခိုက်
ကမ္ဘာတစ်ဝိုက်က ပြစ်မှု ဆူပူမှု သေကြေမှုတွေ အစီအရီ
ဘီဘီစီ သတင်းကဏ္ဍမှာ နေရာယူထားကြလေရဲ့ ။


BurmeseClassic ပေါ်တက်ပြီး သင်္ကြန်လှပျိုဖြူလေးတွေကို ရှုစားရင်း
အတင်းတိုးဝင်လာတဲ့ လေပြင်းလေးတစ်ချက်ကြောင့်
ဖြတ်ကနဲ သတိရမိတာက
ထပ်တစ်လဲလဲ အာဟာရတွေအတွက်
(ကျနော်တစ်ယောက်)
ညနေစာ ထမင်းချက်ရဦးမှာပါလား။

...

လွမ်းလျက်ပါ.. သင်္ကြန်

သင်္ကြန်အကျနေ့ရောက်ခဲ့ပြန်ပါပြီ။ စိတ်တွေက လန်ဒန်မှာ မရှိတော့ဘူး။ အချိန်ပြည့် ရွှေမြန်မာဝန်းကျင်တစ်ဝိုက်မှာဘဲ ယောင်လည်လည်ဖြစ်နေတယ်။ သင်္ကြန်သီချင်းလေးတွေ နားထောင်ရင်း တစ်ခုခု အလိုမကျသလိုဖြစ်နေမိတယ်။ ငိုချင်သလိုလို ရယ်ချယ်သလိုလို အသံကုန်အော်ဟစ်ပစ်လိုက်ချင်သလိုလို ခံစားနေရတယ်။ ဗမာလူမျိုးဆိုတော့လဲ ဗမာ့သံစဉ်ချိုချိုလေးတွေကို ကြားရင် ဒီလိုဘဲ ခံစားလေ့ရှိတတ်ကြတာထင်ပါရဲ့ ။

အွန်လိုင်းပေါ်က သင်္ကြန်သီချင်းလေးတွေနားထောင်ပြီး သင်္ကြန်အကလေးတွေကြည့်ရင်းနဲ့ဘဲ ရွှေမြန်မာကို လွမ်းတဲ့စိတ်ကို ဖြေသိပ်နေရတယ်။ နေရာဒေသချင်းက မတူလေတော့ သင်္ကြန်ရဲ့  အငွေ့အသက်ကလေးတောင် ရှူရှိုက်ခွင့်မရပါဘူး။ အခုနေအခါများ မုတ်သုန်လေမတိုက်ဘဲ အရှေ့  အရပ်ကနေပြီး အနောက်အရပ်ကို တိုက်ခတ်ပေးတဲ့ လေပြေလေပြင်းလေးတွေ ရှိရင် သိပ်ကောင်းမှာဘဲ။ မြန်မာပြည်က ပန်းပိတောက်ရနံ့နှင့် သင်္ကြန်ရေစင်အနံ့လေးတွေကို မက်မက်မောမော ရှူရှိုက်ချင်လို့ပါ။

လန်ဒန်ရဲ့  လေးရက်ဆက်တိုက် ဟောလီးဒေးလဲ မနေ့က Expire ဖြစ်သွားပါပြီ။ မနေ့ကတော့ မြန်မာသင်္ကြန်အလွမ်းပြေ မြို့ထဲ လျောက်လည်ဖြစ်တယ်။ ရှာပုံတော်မင်းသားသွားလုပ်တာ မလုပ်ပါဘူး။ ရေပက်မဲ့သူရှိဖို့နေနေသာသာ ကျနော်တို့ကို တစ်ချက်လေး လှည့်ကြည့်တဲ့သူတောင် မရှိပါဘူး။ သင်္ကြန်နှင့်လန်ဒန် ဘာမှမဆိုင်တာကတစ်ကြောင်း မနှစ်ကပေးထားတဲ့ လိပ်စာမရှိတာက တစ်ကြောင်းကြောင့် ရေတွေရွှဲလို့ ပျက်စီးမှာလဲ ပူစရာမလိုဘူးလေ။

မြင်ယောင်နေမိသေးတယ်။ အခု အချိန်ဆို ရန်ကုန်က အင်းယားကန် ကန်တော်ကြီးဥယျာဉ်ကြီးတွေထဲ ကဲကြသူတွေနဲ့ ပြည့်နှက်နေမှာကို။ တကယ်ကို လွမ်းမော တမ်းတနေမိတယ်ဗျာ။ ဒီမှာ နေထိုင်ရတာ ရေလာလောင်းမဲ့သူ မရှိသလို လာပြီးရေအလောင်းခံမဲ့သူလဲ နတ္ထိပါဘဲ။

လန်ဒန်မြို့မှာ ကျေးငှက်သာရကာသံတွေ မျိုးစုံကြားခွင့်ရပေမဲ့ ရွှေမြန်မာကနားဝင်ချိုလှတဲ့ ဥသြအော်သံ ချိုးကူသံတွေကိုသာ တစ်သွင်သွင်ကြားယောင်နေမိလျက်ပါဘဲ။ ချစ်သူရေ.. ခုဆို မင်း ဘယ်ရောက်နေ... လို့သာ အားရပါးရ အော်ဟစ်ပစ်လိုက်ချင်ပါတော့တယ်။ အော်... မျှော်ရပါကြောင်း နွေ မိုး ဆောင်း ဖြစ်နေပါပြီ။ ရာသီတွေ အလီလီပြောင်းပြီးမှဘဲ လန်ဒန်တောရပ်မြိုင်ကြီးကို ခွဲခွါခွင့်ရမယ်လေ။ အဲဒီတော့မှ အားပေးဖော်ရတဲ့ ချစ်သူလေးနဲ့ ဆုံခွင့်ရနိုင်မှာမဟုတ်လား။

တစ်နေ့နေ့တော့ အရောက်ပြန်လာမှာပါ ရွှေမြန်မာရေ။ အခုတော့ သင်္ကြန်သီချင်းနားထောင်ဖို့ Play ခလုပ်ကလေးကို နှိပ်ပြီး (ချစ်သူကို) ကြိတ်ဆွေးလေးဘဲ ဆွေးနေလိုက်ပါတော့မယ်။

ရွှင်လန်းကြည်နူးနိုင်ကြပါစေ။ ။

.....

Monday, 13 April 2009

သင်္ကြန်... သင်္ကြန်... သင်္ကြန်

ဒီနေ့
သင်္ကြန်အကြိုနေ့ကို ရောက်ရှိခဲ့ပြန်ပြီ။ ဘလော့ဂ်ပေါ် အွန်လိုင်းပေါ် အင်တာနက်ပေါ်မှာ အ၀ါရောင်တွေ သန်းနေပြီလေ။ ပန်းပိတောက်တွေရဲ့  ကြီးစိုးနေရာယူမှုကြောင့်ပေါ့။ ရာသီစက်ရဟတ်တစ်ပတ်လည်တာ အရမ်းမြန်နေသလိုပါဘဲ။ ဘာမှမယ်မယ်ရရ လက်ဆုပ်လက်ကိုင်မပြနိုင်ပေမဲ့ သေချာတာတစ်ခုကတော့ ကျနော်တိတိကျကျပြောရဲတယ်။ အဲဒါကတော့ အသက်တစ်နှစ်ကြီးသွားခြင်းပါဘဲ။

ညီငယ် ညီမငယ် အမများ တစ်ဗွမ်းဗွမ်းရေလောင်းသံတွေက ကျနော့်ကို မြန်မာသင်္ကြန်ကို ပိုအမှတ်ရစေပါတယ်။ ဒါကြောင့်မို့ အွန်လိုင်းပေါ်က သင်္ကြန်သီချင်းလေးတွေကို ဖွင့်ပြီးနားထောင်ဖြစ်တယ်။ အထူးသဖြင့်တော့ ၀ါဝါရဲ့  ဘလော့ဂ်လေးကို လည်ဖြစ်ခြင်းပါဘဲ။ သူက ရာသီအလိုက် သီချင်းလေးတွေ ခူးပြီးသား ခပ်ပြီးသား စီစဉ်ထားတတ်တယ်လေ။ ကျနော်ထင်ထားတဲ့အတိုင်းပါဘဲ။ သူက သင်္ကြန်သီချင်းလေးတွေ အဆင်သင့်နားထောင်နိုင်အောင်လုပ်ထားပေးတယ်။ ကျနော် သင်္ကြန်သီချင်းလေးတွေ အကြာကြီးနားထောင်ရင်း စိတ်အစဉ်လေးဟာ မြန်မာနိုင်ငံကို ရောက်နေလေရဲ့ ။

အခုရာသီက လန်ဒန်မှာ နွေဦးပေါက်ရာသီလေ။ နွေဦးပေါက်ဆိုပေမဲ့လဲ ရန်ကုန်ဆောင်းထက် အဆများစွာ အေးပါတယ်။ အနွေးထည်တွေကို ကိုယ်ပေါ်က မချရသေးပါဘူး။ တစ်ဗွမ်းဗွမ်းအသံကို ကြားရုံနဲ့တင် ကျနော် ရင်တုန်ပန်းတုန်ဖြစ်လှပါပြီ။ ချမ်းလွန်းလို့ပါ။ ဒါပေမဲ့ ကျနော် အရမ်းကျေနပ်ပါတယ်။ တစ်နယ်တစ်ကျေးမှာ အထီးကျန်စွာ နေထိုင်နေရတဲ့ ကျနော့်ကို အသိအမှတ်ပြုပြီး ရေလောင်းပေးလို့။

ယူကေတစ်ခွင်လုံးနေထိုင်ကြသူတွေအားလုံး ရေအေးအေးလေးနဲ့ တစ်ခါမှ ရေချိုးဖူးကြမယ်မထင်ပါဘူး။ အမြဲတမ်း ရေနွေးနဲ့ချိုးနေကြတာကိုး။ ကျနော်တောင်မှ လန်ဒန်ရောက်ပြီးချိန်ကစပြီး တစ်ခါမှ ရေအေးနဲ့ ရေမချိုးဖူးတော့ဘူး။ မတော်လို့များ မြန်မာက သင်္ကြန်သာ လန်ဒန်မှာ လာကျရင် သင်္ကြန်အတွင်း လူဦးရေ အတော်လေးလျော့သွားမှာ သေချာတယ်။

အခုရာသီက နွေဦးပေါက်ဆိုတော့ လန်ဒန်မှာ ပန်းပေါင်းစုံခတဲ့ ရာသီပေါ့ဗျာ။ တကယ့်နတ်ဥယျာဉ်ထဲ ရောက်သွားရသလိုပါဘဲ။ နေရာတိုင်းမှာ သစ်ပင်ပန်းပင်တွေရှိနေတယ်။ အပင်တိုင်းနီးပါး အပွင့်တွေ ငွါးငွါးစွင့်လို့။ တစ်ချို့  အပင်တွေဆို အရွက်မထွက်ခင် အဖူးအပွင့်တွေ အရင်ထွက်လာကြတယ်။ ပန်းတွေ အလှချင်းပြိုင်ကြတဲ့ ရာသီပေါ့။ ဆောင်းရဲ့  အအေးဒဏ်ကြောင့် ခြောက်ကပ်ကပ်ဖြစ်နေခဲ့တဲ့ လန်ဒန်မြို့ကြီးဟာလဲ ပန်းပေါင်းစုံပွင့်ပြီး လှပစိုပြေလျက်ရှိနေပါပြီ။ ဥယျာဉ်တွေ အရမ်းပေါတဲ့ လန်ဒန်မှာ ပန်းတွေကလဲ စုံလင်ပါဘိ။ မြေပေါ်က ပန်းပင်ပိစိလေးတွေကအစ သစ်ပင်ကြီးကြီးမားမားအထိ အပွင့်တွေဝေနေတာကို ဆွေမျိုးဥာတိ မိတ်သင်္ဂဟတို့ကိုသာ ပြလိုက်ချင်ပါဘိတော့တယ်။ အရှင်ကာဠုဒါယီများ သက်တော်ထင်ရှားရှိဦးမယ်ဆိုရင် ဂါထာ ခြောက်ဆယ်ပျို့  မဟုတ်ဘဲ ဂါထာခြောက်ထောင်ပျို့  ရေးဖွဲ့  သီကျူးမှာ မြင်ယောင်နေမိသေးတယ်။

ဒါပေမဲ့.. ဒါပေမဲ့.. ကျနော်က မြန်မာလူမျိုးလေ။ ဘယ်နိုင်ငံမှာ ဘယ်လောက်ဘဲ လှပနေပစေ ရွှေမြန်မာက ပန်းပိတောက် ငုဝါ ပျဉ်းမပန်းတွေ လှိုင်လှိုင်ပွင့်နေတဲ့ မြင်ကွင်းလောက် မမက်မောပါဘူးဗျာ။ မြန်မာစစ်စစ်မိဘနှစ်ပါးက မွေးထုတ်ပေးခဲ့တဲ့ ကျနော့်တစ်ကိုယ်လုံးမှာ ဗမာသွေးတွေ စီးဆင်းနေတယ်။ ဒါကြောင့် ကျနော် မြန်မာကိုဘဲ ချစ်တယ်။ မြန်မာကိုဘဲ မြတ်နိုးတယ်။ ဖြစ်နိုင်ရင် အခုချက်ချင်း မြန်မာကိုတောင် ပြန်ချင်နေမိတယ်ဗျာ။

*ပန်းပေါင်းစုံတဲ့ စုံနံ့သာမြိုင်ထဲကိုရောက်နေပေမဲ့ မြန်မာက ရွှေဝါရောင်ပန်းပိတောက်ကိုဘဲ တမ်းတနေမိတယ်။

*ခေတ်ပေါ်အဆင့်မြင့်တေးဂီတတွေယစ်မူးလောက်ပေမဲ့ မြန်မာက တူးပို့တူးပို့သင်္ကြန်သံစဉ်လေးကိုဘဲ နှစ်သက်မြတ်နိုးနေမိတယ်။

*နေ့စဉ်ရေနွေးနွေးလေးကို စိမ်ချိုးနေရပေမဲ့ မြန်မာက မေတ္တာသင်္ကြန်ရေစင်အေးလေးကိုဘဲ လွမ်းမောနေမိတယ်။

*ဥမ္မာ ဒန္တီဆန်ဆန်လှပနေကြတဲ့ အနောက်တိုင်းသူ လှပျိုဖြူလေးတွေ အရမ်းပေါပေမဲ့ မြန်မာက သနပ်ခါးပါးကွက်ကြားနဲ့ ချစ်သူလေးဆီကိုဘဲ စိတ်ကရောက်နေတယ်။

*မြေပေါ်မြေအောက်ပြေးဆွဲနေတဲ့ အဆင့်မြင့်ရထား ဘတ်စ်ကားတွေ စီးနေရပေမဲ့ မြန်မာက သင်္ကြန်အငှားကားလေးကိုဘဲ လွမ်းလျနေမိတယ်။
....

ကဲ.. ကဲ
ဘာဘဲပြောပြောဗျာ.. ရေနွေးနွေးလေးထဲ စိမ်ပြီး သင်္ကြန်သီချင်းကို နားထောင်ရင်း ရွှေမြန်မာက သင်္ကြန်မြင်ကွင်းလေးကို ပုံဖော်လိုက်ပါဦးမယ်။

ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။

....

Sunday, 12 April 2009

အ၀ါတွေနဲ့အပြိုင်


ချစ်သူရေ
သကြန်လက်ဆေးမိုး ပက်ဖျန်းစရာ မလိုပါဘဲ
ဒီဧပြီမှာ
ငုဝါတွေလှိုင်နေပြီလေ
ကြည့်လေရာမြင်လေရာမှာ ငုဝါတွေမြေခကြွေကျပေမဲ့
ငုဝါရနံ့ကတော့ မူးမေ့သွားမတတ်ပါဘဲ။


ချစ်သူရေ
ငုဝါနဲ့အပြိုင်
မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်နေတဲ့ ပန်းပိတောက်တွေလည်း
ဖျန်းပက်နေတဲ့ တဖြိုက်ဖြိုက်မိုးစက်တွေကြား
အပြေးးအလွား ကြည်နူးလှုပ်ရှားပြီး
နှစ်အကူးမှာ အဖြစ်ထူးစွာ ခယ၀ပ်တွားလျှက်ပါဘဲ
စောင့်မျှော်နေတဲ့ ပိတောက်ရနံ့တွေလည်း
သင်းပျံ့ ပျံ့  ရနံ့သစ်ကလေးတွေကို မျှဝေပေးနေကြလေရဲ့။


ချစ်သူရေ
အ၀ါရောင်တွေကြားထဲက သင်္ကြန်ပွဲနှင့်အတူ
မင်းလေးလဲ ကို့ရင်ထဲမှာ နွယ်လျှက်ရှိနေမြဲပါဘဲ။


ချစ်သူရေ
စွယ်တော်ပွင့်ဖတ်လွှာလေးတွေ
ရန်ကုန်မှာ
ဆီးနှင်းတွေမြေမကျပေမဲ့ ပွင့်ဆဲပွင့်မြဲ ပွင့်နေလျက်ပါဘဲဆိုတာ သိနေတယ်
စွယ်တော်ရနံ့တွေလည်း
တမ်းတမှုတွေနဲ့အတူ
မမေ့နိုင်အောင် လှိုင်နေမှာ သေချာပါတယ်။


ချစ်သူရေ
လွမ်းမောခြင်း အမှတ်တရအဖြစ်
အချစ်သစ်ပင်လေး ကိုစိုက်ခဲ့တယ်
အခန်းထောင့်ဘေးက တေးသံသာထွက်ပေါ်လာတဲ့အခါ
ချစ်လေပြင်းလေး ကျေးဇူးနဲ့
ချစ်သစ်ပင်ကညာအလှ ယိမ်းကလို့ နေလေရဲ့။

...

Saturday, 11 April 2009

Usage of English 28 (အင်္ဂလိပ်စာအသုံးအနှုန်း ၂၈)

အင်္ဂလိပ်စာက အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ တစ်ခါတစ်လေ မထင်မှတ်တဲ့နေရာမှာ ဒီ Inversion တွေကို တွေ့ရတတ်တယ်။ သိထားပြီးရင်တော့ ဘာသာပြန်ရတာ လွယ်တာပေါ့ဗျာ။ မသိသေးရင်တော့ ခပ်ခက်ခက်ဘဲ။


Inversion 2


(A)

အငြင်းသဘောကိုဆောင်တဲ့ ကြိယာဝိသေသနပုဒ်စုတွေရဲ့ နောက်မှာ Inversion ကိုသုံးပါတယ်။
အထူးအားဖြင့် Fomal ၀ါကျနှင့် Literary language တွေမှာ ၀ါကျအစမှာ အငြင်းကြိယာဝိသေသနတို့ကို သုံးလေ့ရှိပါတယ်။ အဲဒီအခါမျိုးမှာ ကတ္တားနှင့်ကြိယာဟာ Inversion ဖြစ်သွားပါတယ်။


အချိန်ပြ ကြိယာဝိသေသနတွေဖြစ်တဲ့ never (before), rarely, seldom, barely, hardly/ scarcely.... when/ before, no sooner.... than တွေရဲ့  နောက်မှာ Inversion ကိုသုံးတတ်တယ်။

Seldom do we have goods returned to us because they are faulty. (not seldom we do...)
ကုန်ပစ္စည်းတွေ အရည်အသွေးညံ့နေလို့ တစ်ခါတစ်ရံ ကျနော်တို့ဆီပြန်ပို့ကြတယ်။

Hardly had I got onto the motorway when I saw police cars following me.
ရဲကားတွေ ကျနော့်နောက်လိုက်နေတာကိုတွေ့မြင်ပြီး ခက်ခဲစွာဘဲ ကျနော် အဝေးပြေးလမ်းပေါ်ရောက်အောင်ကြိုးစားခဲ့ရတယ်။


Only+အချိန်ဖော်ပြချက်တွေဖြစ်တဲ့ only after, only later, only once, only then, only when တွေရဲ့  နောက်မှာ Inversion ကို သုံးလေ့ရှိကြတယ်။

She bought a newspaper and some sweets at the shop on the corner. Only later did she realise that she'd been given the wrong change.
လမ်းဒေါင့်ကဆိုင်မှာ သတင်းစာနှင့်သကြားလုံးကို သူမ၀ယ်ခဲ့တယ်။ မကြာခင်မှာဘဲ သူမကို အကြွေအမ်းတာ မှားမှန်း သူမ သဘောပေါက်ခဲ့တယ်။

Only once did I go to the opera in the whole time I was in Italy.
ကျနော် အီတလီမှာ ရှိနေစဉ်တစ်ချိန်လုံး ပြဇာတ်ရုံကို တစ်ကြိမ်ထဲသွားခဲ့တယ်။


Only by, only in, only with စတဲ့ ၀ိဘတ်ပုဒ်စုတွေရဲ့ နောက်မှာ Inversion ကို အသုံးပြုလေ့ရှိတယ်။

Only by chance had Jameson discovered where the birds were nesting.
မထင်မှတ်ဘဲ ဂျိမ်းဆမ်ဟာ ငှက်တွေ အသိုက်လုပ်နေတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့တယ်။

Mary had to work at evenings and weekends. Only in this way was she able to complete the report by the deadline.
မေရီဟာ ညနေခင်းနှင့်စနေ တနင်္ဂနွေတွေမှာ အလုပ်လုပ်တယ်။ ဒါမှသာ သူမရဲ့  အစီရင်ခံစာကို နောက်ဆုံးရက်မတိုင်မီ ပြီးဆုံးနိုင်မှာပါ။


အကြောင်းအရာတစ်ခုကို Preposition+no....(at no time, in no way, on no account, under/in no circumstances..etc) တွေနဲ့ဖော်ပြတဲ့အခါမှာလဲ Inversion ကို သုံးတတ်တယ်။

At no time did they actually break the rules of the game.
သူတို့ဟာ တကယ်တမ်းဆိုတော့ ဘယ်အချိန်မှာမှ ကစားပွဲစည်းကမ်းကို မချိုးဖောက်ခဲ့ကြပါဘူး။

Under no circumstances are passengers permitted to open the doors themselves.
ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ် ခရီးသည်တွေဟာ သူတို့ကိုယ်တိုင် တံခါးကို ဖွင့်ခွင့်မရှိပါဘူး။


အကြောင်းအရာတစ်ခုကို Not...(not only, not until, not+object) နှင့်တွဲပြီးဖော်ပြတဲ့အခါမှာလဲ Inversion ကိုသုံးလေ့ရှိတယ်။

Not until August did the government order an inquiry into the accident.
သြဂုတ်လအထိ အစိုးရဟာ မတော်တဆမှုကို စုံစမ်းစစ်ဆေးဖို့ အမိန့်မထုတ်ပြန်ခဲ့သေးပါဘူး။

Not a single word had she written since the exam had started.
စာမေးပွဲစပြီးချိန်ကစလို့ သူမဟာ စာတစ်လုံးမှ မရေးရသေးဘူး။


အငြင်းသဘောကိုဆောင်တဲ့ Little ရဲ့  နောက်မှာလဲ inversion ကို သုံးတတ်တယ်။

Little do they know how lucky they are to live in such a wonderful house.
အခုလို ကြည်နူးဖွယ်ကောင်းတဲ့ အိမ်မှာ နေထိုင်ရတာကို သူတို့ဘယ်လောက် ကံကောင်းမှန်း မသိကြဘူး။

Little did I then realise the day would come when Michael would be famous.
မိုက်ကယ် နာမည်ကြီးလာမဲ့နေ့ကို ကျနော်နားမလည်နိုင်ဘူး။ (နာမည်ကြီးလာမယ်မထင်ဘူး)။


Only after, if, when, not until စကားလုံးတွေနဲ့စတဲ့ ၀ါကျ(clause)တွေရဲ့  နောက်မှာလဲ Inversion ကို သုံးတတ်တယ်။

Only when the famine gets worse will world governments begin to act.
ကပ်ရောဂါ ပိုဆိုးလာမှသာ အစိုးရက အလုပ်လုပ်ဖို့ စတင်တယ်။

Not until the train pulled into Euston Station did Jim find that his coat had gone.
ဂျင်မ်ဟာ သူ့ကုတ်အကျီ င်္ပျောက်မှန်း ရထား ယူစတန်ဘူတာထဲ မ၀င်ခဲ့မချင်း မသိဘူး။



(B)
So+adjective...that: Such+be...that: Neither..../nor... တွေရဲ့  နောက်မှာလဲ Inversion ကို သုံးပါတယ်။

Her business was so successful that Marie was able to retire at the age of 50.
So successful was her business, that Marie was able to retire at the age of 50.
အလုပ်အရမ်းအောင်မြင်တဲ့အတွက် မေရီဟာ အသက်ငါးဆယ်မှာ အငြိမ်းစားရနိုင်ခဲ့တယ်။

The weather conditions became so dangerous that all mountain roads were closed.
So dangerous did weather conditions become, that all mountain roads were closed.
ရာသီဥတုအခြေအနေ အရမ်းဆိုးတဲ့အတွက် တောင်ပေါ်လန်းတွေအားလုံး ပိတ်ကုန်ကြတယ်။


အကွာအဝေး အဆင့်အတန်းကို အလေးအနက်ဖော်ပြတဲ့အခါ ၀ါကျအစမှာ Such+be ကိုသုံးတယ်။ အဲဒီလိုအခါမျိုးမှာ ကတ္တားနှင့်ကြိယာကို Inversion အနေနဲ့သုံးလေ့ရှိတယ်။

Such is the popularity of the play that the theatre is likely to be full every night.
The play is so popular that the theatre is likely to be full every night.
ပြဇာတ်က နာမည်ကြီးတဲ့အတွက် များသောအားဖြင့် ညတိုင်း ဇာတ်ရုံပြည့်တယ်။


ဝါကျအစမှာ Neither နှင့် nor ကိုသုံးရင် အဲဒီစကားလုံးတွေရဲ့  နောက်မှာရှိတဲ့ ကတ္တားနှင့်ကြိယာကို Inversion အနေနဲ့ သုံးလေ့ရှိတယ်။

For some time after the explosion Jack couldn't hear, and neither could he see.
ပေါက်ကွဲမှုဖြစ်ပြီး အချိန်အတော်ကြာထိ ဂျက်ဟာ ကြားလဲမကြားနိုင်ဘူး။ မြင်လဲ မမြင်နိုင်ဘူး။

The council never wanted the new supermarket to be built, nor did local resident.
ကောင်စီက ဈေးအသစ်ဆောက်ဖို့ မကြိုက်ဖူး။ နေထိုင်ကြသူ(ပြည်သူ)တွေလဲ မကြိုက်ဖူး။


မှတ်ချက်။
Martin Hewings ရေးတဲ့ Advanced Grammar in Use စာမျက်နှာ ၂၄၀ ကို ကိုးကားဖော်ပြထားခြင်းဖြစ်ပါတယ်။


.....

Usage of English 27 (အင်္ဂလိပ်စာအသုံးအနှုန်း ၂၇)

ဒီတစ်ခါတော့ အင်္ဂလိပ်စာမှာ မျက်စိလည်တတ်လေ့ရှိတဲ့ Inversion အသုံးအနှုန်းလေးတွေကို တင်ပြပါမယ်။
ဒီနေရာမှာ Inversion ဆိုတာ ပြောင်းပြန်သုံးနှုန်းတာကို ပြောတာပါ။


Inversion (1)

(A)
ပုံမှန်အားဖြင့် ကတ္တားပြီးရင် ကြိယာလိုက်လေ့ရှိတဲ့ အင်္ဂလိပ်စာသဒ္ဒါမှာ Inversion အနေနဲ့ သုံးရင်တော့ ပြောင်းပြန်ဖြစ်နေတာကို တွေ့ကြရပါ့မယ်။

Her father stood in the doorway.> In the doorway stood her father.
သူမအဖေဟာ တံခါးပေါက်မှာ မတ်တပ်ရပ်ခဲ့တယ်။

He had rarely seen such a sunset.> Rarely had he seen such a sunset.
သူ ဒီလိုမျိုး နေ၀င်ဆည်းဆာကို မြင်ရခဲတယ်။

He showed me his ID card. I only let him in then.> Only then did I let him in.
သူ ကျနော့်ကို သူ့ရဲ့  အိုင်ဒီကဒ်ကို ပြခဲ့တယ်။ သို့မှသာ ကျနော် သူ့ကို ၀င်ခွင့်ပြုခဲ့တယ်။
....


(B)
Direction, Place တွေကို ဖော်ပြတဲ့ ကြိယာဝိသေသနပုဒ်စုတွေရဲ့ နောက်မှာ များသောအားဖြင့် Inversion ကို သုံးတတ်လေ့ရှိတယ်။

Dave began to open the three parcels. Inside the first was a book of crosswords from his Aunt Alice. (or inside the first there was a book of crosswords...)
ဒေ့ဗ်က ပါဆယ်ထုပ်သုံးခုကို စတင်ဖွင့်လိုက်တယ်။ ပထမပါဆယ်ထုပ်ရဲ့  အထဲမှာ သူ့အဒေါ် အဲ့လစ် ဆီကပို့တဲ့ စကားလုံးပဟေဠိစာအုပ် ရှိတယ်။


Place, movement တွေကို ဖော်ပြတဲ့ climb, come, fly, go, hang, lie, run, sit, stand စတဲ့ ကြိယာတွေကို ရံခါ Inversion အနေနဲ့ သုံးတတ်တယ်။

Above the fireplace was a portrait of the Duke. (not... a portrait of the Duke was.)
(နံရံဖောက် [အခုကျနော်နေတဲ့အခန်းထဲမှာ အဲဒီလိုမျိုး မီးဖိုရှိတယ်။ အသုံးတော့မပြုတော့ပါဘူး])မီးဖိုရဲ့  အပေါ်တည့်တည့်(နံရံပေါ်)မှာ ဒုက်ရဲ့  ပုံတူ(ပန်းချီကား)ရှိတယ်။

In an armchair sat his mother. (rather than..... his mother sat)
ကုလားထိုင်မှာ သူ့အမေ ထိုင်တယ်။


ဒါပေမဲ့ ကတ္တားက နာမ်စားဖြစ်နေရင် Inversion ကို မသုံးပါဘူး။
In an armchair sat she.(ဒီလိုမသုံးပါဘူး)
.....


(C)
Speech ပေးတဲ့အခါတွေမှာ here, there နှင့် back, down, in, off, up, round စတဲ့ ကြိယာဝိသေသနတွေရဲ့  နောက်မှာ Inversion ကို သုံးတတ်ပါတယ်။

Here comes Sandra's car.
စန္ဒြရဲ့  ကားလာပြီ။

I lit the fuse and after a few seconds up went the rocket.
ကျနော်ဖြူးစ်ကို မီးညှိလိုက်ပြီး မကြာခင်မှာ ဒုံးကျည် အပေါ်တက်သွားတယ်။
.......


(D)
Inversion ကို Conditional sentence တွေမှာ သုံးတတ်ပါတယ်။

It would be a serious setback, if the talks were to fail.
It would be a serious setback, were the talks to fail.
ဆွေးနွေးပွဲပျက်သွားရင် အခြေအနေတွေ ပိုဆိုးလာလိမ့်မယ်။

If you should need more information, please telephone our main office.
Should you need more information, please telephone our main office.
အချက်အလက် ပိုလိုအပ်ရင် ကျနော်တို့ရဲ့  ဌာနချုပ်ကို ဖုန်းဆက်ပါ။

If Alex had asked, I would have been able to help.
Had Alex asked, I would have been able to help.
တကယ်လို့ အလက်စ်သာ အကူအညီတောင်းခဲ့ရင် ကျနော် အကူအညီပေးနိုင်ခဲ့မှာပါ။


Inversion ကို Negative အနေနဲ့သုံးရင် Contracted form ကို မသုံးရပါဘူး။

Had he not resigned, we would have been forced to sack him. (not Hadn't he..)
သူမနှုတ်ထွက်ခဲ့ရင် သူ့ကို အလုပ်ဖြုတ်ဖို့ ကျနော်တို့ဖိအားပေးခံရခဲ့လိမ့်မယ်။
......


(E)
Inversion ကို နှိုင်းယှဉ်မှုတွေကို ပြတဲ့ As နှင့်Than တို့နှင့် တစ်ခါတစ်ခါ တွဲသုံးတတ်တယ်။

The cake was excellent, as was the coffee. (or.. as the coffee was.)
ကော်ဖီကောင်းသလို ကိတ်မုန့်ကလဲ ဂွတ်ရှယ်ဘဲ။

I believed, as did my colleagues, that the plan would work. ( or... as my colleagues did...)
ကျနော့်လုပ်ဖော်ကိုင်ဘက်တွေလုပ်ခဲ့သလိုဘဲ ဒီအစီအစဉ်ဟာ အလုပ်ဖြစ်မယ်ဆိုတာ ကျနော် ယုံကြည်တယ်။

Research shows that children living in villages watch more television than do their counterparts in inner city areas. (or.. than their counterparts do...)
သုတေသနဌာနက ဖော်ပြတယ်။ ရွာမှာနေကြတဲ့ ကလေးတွေဟာ မြို့တွင်းမှာ နေထိုင်ကြတဲ့ ရွယ်တူကလေးတွေထက် ရုပ်မြင်သံကြားပိုကြည့်လေ့ရှိကြတယ်တဲ့။


မှတ်ချက်။
Martin Hewings ရေးတဲ့ Advanced Grammar in Use စာမျက်နှာ ၂၃၈ ကို ကိုးကားဖော်ပြထားခြင်းဖြစ်ပါတယ်။

....

Friday, 10 April 2009

ဆွမ်းခံရင်းငှက်သင့်

ဖြစ်နိုင်ရင် ကျနော်က တစ်ယောက်ထဲ အေးအေးဆေးဆေးနေချင်တဲ့သူပါ။ လူတွေနဲ့ သောကောရောကောနေထိုင်ရတာကို ကျနော်မနှစ်သက်ဘူး။ လူများရင် ပြဿနာများတတ်တယ် မဟုတ်လား။ အဲဒီပြဿနာကို ကျနော် အကြောက်ဆုံးဘဲ။ ပြဿနာစလာရင် ပြီးပြတ်ဖို့က ခက်ခဲတယ်လေ။ အားလုံး စိတ်နှင့်ကိုယ်နဲ့ တည်ဆောက်ထားကြတဲ့ လူတွေမဟုတ်လား။ ဒါကြောင့်မို့လဲ ရိုးရိုးကျင့် (မြင့်မြင့်တော့သိပ်မကြံရဲပါဘူး) နေလာခဲ့တာပါ။ ဒါဖြင့်ရင် ဘုန်းကြီးဝတ်ပြီး တောထွက်ပါတော့လားဆိုပြန်တော့လဲ ကျနော်က ပုထုဇဉ်စစ်စစ်ကြီးဖြစ်နေတာကိုးဗျ။ ဘယ်လွယ်ပါ့မလဲ။ သမုဒယတောမှာ အနုအလှလေးတွေက ကနုကလျဆိုတော့ အခက်သား။

တရားတစ်ပုဒ်နာဖူးတယ်။ ကုသိုလ်တရားဟာ အပြစ်မရှိဘူး။ ကောင်းတဲ့အကျိုးကိုပေးတယ် တဲ့။
အကုသိုလ်တရားဟာ အပြစ်ရှိပြီး မကောင်းကျိုးကို ပေးတယ်တဲ့။ ဒါက ဘုရားဟောအစစ်အမှန်တွေပါ။
ခက်တာက ကုသိုလ်ရေးအတွက် အလုပ်လုပ်ရင်း သူများတွေ အပြစ်မြင်တတ်ကြတယ်လေ။ ဆွမ်းခံရင်း ငှက်သင့်ဆိုသလိုပေါ့။

ကျနော်က ဘာကိစ္စဘက်မှာမှ ကျွမ်းကျွမ်းကျင်ကျင်မရှိတာအမှန်ပါ။ ဘုရားစူးရပါစေရဲ့ ။ ဒါပေမဲ့လဲ ဟိုစပ်စပ် ဒီစပ်စပ်ကလေးကတော့ သိထားနားလည်ပါတယ်။ အဲဒါကြောင့်လဲ ခက်ကုန်တာပေါ့။ မတတ်သလိုလို တတ်သလိုလိုဆိုတော့ အားလုံး လိုလို လိုလို ဖြစ်နေတယ်လေ။ ကျနော် လက်နှိပ်စက်သင်တန်းတက်ဖူးတယ်။
ဆရာမက အသင်အပြကောင်းလို့ ကျနော် လက်နှိပ်စက်ကို မျက်နှာလွဲရိုက်တတ်လာခဲ့ပါတယ်။ တစ်မိနစ်မှာ အလုံးရေ လေးဆယ်ကျော်ရိုက်နိုင်ပြီး သင်တန်းကို အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့တယ်။ ဒါကြောင့်မို့လဲ ဆရာမကို ကျေးဇူးတင်လို့ မဆုံးပါဘူး။

ပြောရဦးမယ်။ ကျနော့်ကို လက်နှိပ်စက်သင်ပေးတဲ့ ဆရာမတို့အိမ်မှာ ဆရာမတို့ကိုယ်တိုင် လက်နှိပ်စက်အဟောင်းတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းပေးတယ်။ ၀ယ်သူလဲဝမ်းသာ ရောင်းသူလဲ ရွှင်ပြုံးပေါ့လေ။ ကျနော်လဲ ကျနော့်ဆရာမကို ကျေးဇူးတင်လွန်းလို့ လက်နှိပ်စက် အသေးစားလေးတစ်လုံး ၀ယ်လိုက်တယ်။ ပြီးတော့ သူငယ်ချင်းတွေကို လက်နှိပ်စက်အလိုရှိရင် ပြောပါ။ ဈေးသက်သက်သာသာနဲ့ ရမယ်ဆိုပြီး ကြော်ငြာဝင်တော့တာပေါ့ဗျာ။

အခန့်သင့်စွာဘဲ သူငယ်ချင်းတစ်ယောက်က လက်နှိပ်စက်လိုချင်တယ်လို့ပြောတယ်။ ကျနော်လဲ ၀မ်းသာတာပေါ့လေ။ ဆရာမတို့မိသားစုလဲအဆင်ပြေ ကျနော့်သူငယ်ချင်းလဲ အိုကေဆိုတော့။ ဒါနဲ့ ဆရာမတို့အိမ်မှာ လက်နှိပ်စက်တစ်လုံးထပ်ဝယ်လိုက်တယ်။ အဲဒီလက်နှိပ်စက်ကို ဂျွတ်ဂျွတ်အိတ်နှစ်ထပ်သုံးထပ်ထဲ ထိုးထည့်ပြီး တစ်မိုင်ကျော်ကျော်ခရီးကို ဆွဲယူလာခဲ့တယ်။
ဖြစ်ချင်တော့ လက်နှိပ်စက်လက်ကွက်ခလုပ်ပေါ်မှာ ထဆင်ထူးနဲ့ နံပါတ် က ပျက်စီးနေတယ်။ အိမ်ရောက်မှ သိရတော့ ကျနော် နောက်တစ်ခေါက် ဆရာမတို့ဆီ လှစ်ရပြန်တာပေါ့ဗျာ။

ဆရာမရဲ့  အမျိုးသားက လက်နှိပ်စက်ပြင်ဆင်တတ်တဲ့သူဆိုတော့ ဘာမှပူစရာမလိုဘူးပေါ့။ ဒါနဲ့ သူတို့ဆီမှာ အပ်ထားခဲ့တယ်။ သူတို့က ပြောတယ် မနက်ဖန်လာယူပါတဲ့။ နောက်တစ်နေ့ ကျနော်သွားတယ်။ လက်နှိပ်စက် မပြင်ရသေးဘူး။ နောက်တစ်ရက်.. နောက်တစ်ရက်... တစ်လနီးနီးကြာသွားတယ်။ လက်နှိပ်စက်ကို မပြင်ရသေးဘူး။ အလုပ်ရှုပ်နေလို့တဲ့။ ဆရာမကိုတော့ အားနာပါတယ်။ ဒါပေမဲ့ ကတိမတည်တဲ့ သူ့အမျိုးသားကို ကျနော် စိတ်မရှည်နိုင်တော့ဘူး။ ခဏခဏသွားရဖန်များတော့ ကျနော်လဲ ရှက်လာပြီလေ။

သူငယ်ချင်းကလဲ ပြောနေပြီ။ လက်နှိပ်စက်မရနိုင်ရင် ပေးထားတဲ့ ပိုက်ဆံကိုဘဲ ပြန်ပေးပါတော့တဲ့။ ကဲ မခက်ချေဘူးလား။ ကျနော်က နှစ်ဦးနှစ်ဘက် အဆင်ပြေအောင်လုပ်ပေးတဲ့ ဥစ္စာ။ အခုတော့ နှစ်ဘက်လုံး ကျနော့်ကို ညိုညင်စရာတွေ ဖြစ်နေပြီလေ။ ကျနော်လဲ စိတ်တိုတိုနဲ့ ဆရာမတို့အိမ်ကို သွားတယ်။ သူ့အမျိုးသားကို တွေ့ရင် အပြတ်နှိပ်ကွပ်မယ်ဆိုပြီး အားတင်းလို့ပေါ့။ ဒါပေမဲ့ အိမ်ကို ရောက်တော့ ဆရာမကိုလဲ မတွေ့ရဘူး။ သူ့အမျိုးသားကိုလဲ မတွေ့ရဘူး။ သူတို့ရဲ့  သမီးလေးကိုဘဲ တွေ့ခဲ့ရတယ်။ ဒါနဲ့ ကျနော်လဲ မထူးတော့ဘူးဆိုပြီး.. ညီမ.. ညီမရဲ့  အဖေကို ပြောလိုက်ပါ။ မနက်ဖန် ညနေ လေးနာရီမှာ လက်နှိပ်စက်နှင့်ပိုက်ဆံ တစ်ခုခုကို ပြန်ယူမယ်...လို့ တစ်ချက်လွတ်အမိန့်ပေးထားခဲ့တယ်။

နောက်တစ်နေ့ ကျနော်သွားတော့ ဆရာမနဲ့တွေ့တယ်။ လက်နှိပ်စက်က ကောင်းနေပြီ။ ကျနော်ယူပြန်ရုံပေါ့။
ဒါပေမဲ့ ဆရာမပါးစပ်က စကားလုံးလေးတွေ ထွက်ကျလာတယ်။ သင်ပေးလိုက်တာမှ ဘာမှ မကြာသေးဘူး။ ကျေးဇူးကန်းလိုက်တာ တဲ့။ ဆရာမစကားကြောင့် ကျနော်တကယ်ဘဲရင်နာလို့ မဆုံးပါဘူး။ နှစ်ဦးနှစ်ဘက် ကောင်းစေချင်လို့ ဆောင်ရွက်ပေးခဲ့တာကို တစ်လွဲအထင်ခံရတယ်။ နောက်ထပ် ဆရာမနဲ့ လုံးဝ အဆက်ပြတ်သွားတယ်။ ဒီနေ့အထိပါဘဲ။

သူများကို ကူညီတာ ကုသိုလ်ဆိုရင် ကျနော် စိတ်သန့်သန့်နဲ့ ကူညီဆောင်ရွက်ပေးခဲ့တာဟာလဲ ကုသိုလ်တွေပါဘဲ။ ဒါပေမဲ့ ကျနော့်ကို ကောင်းကျိုးမပေးဘူးလေ။ အပြစ်ဘဲ အတင်ခံရတယ်။
...............

နောက်တစ်ခုရှိသေးတယ်။ ကွန်ပျူတာကိစ္စလေ။ ကျနော်က ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်မဟုတ်ပေမဲ့ သိသင့်သလောက်တော့ သိပါတယ်။ ဒါကြောင့်မို့လဲ ကွန်ပျူတာဝယ်ချင်တဲ့ သူငယ်ချင်းတွေရှိရင် ကျနော်အချိန်ပေးပြီး လိုက်ဝယ်ပေးလေ့ရှိပါတယ်။ မှန်တာပြောရရင် ကျနော် ရန်ကုန်က KMD ကွန်ပျူတာဆိုင်မှာ သူငယ်ချင်းတွေအတွက် ကွန်ပျူတာ ၁၀ လုံးကျော်ကျော်ဝယ်ပေးဖူးတယ်။ ၀ယ်တဲ့အရေတွက် များလာတာကြောင့် ဆိုင်ဝန်ထမ်းတွေက ကျနော့်ကို Discount ချပြီး ရောင်းလေ့ရှိတယ်။

တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်က ကွန်ပျူတာဝယ်ချင်လို့ဆိုပြီး လာပြောတယ်။ ကျနော်လဲ လိုက်ဝယ်ပေးလိုက်တယ်။ ရန်ကုန်ထုံးစံအတိုင်း ၀ယ်ပြီးတစ်ခါထဲ ယူမသွားရဘူး။ နောက် နှစ်ရက် သုံးရက်လောက်ကြာမှ ဆိုင်ဝန်ထမ်းတွေကိုယ်တိုင် အိမ်အရောက် လာတပ်ဆင်ပေးလေ့ရှိကြတယ်လေ။
ဘယ်ကွန်ပျူတာကိုဘဲ ၀ယ်ဝယ် တစ်နှစ်အာမခံနှင့် သုံးနှစ်အခမဲ့ ပြင်ဆင်ပေးမယ်ဆိုတဲ့ ၀န်ခံချက်ပါပါတယ်။

သူ့ကွန်ပျူတာ အိမ်ရောက်ပြီး မကြာလိုက်ပါဘူး။ နောက်တစ်နေ့မှာ ပါဝါမငြိမ်တာကြောင့် အလုပ်မလုပ်တော့ပါဘူး။ လုံးဝကို ဖွင့်လို့မရတော့တာ။ အဲဒီမှာတင် ပြဿနာက တက်ပြီ။ သူငယ်ချင်းကိုယ်တိုင်က ကျနော်လိုက်ဝယ်ပေးတဲ့ စေတနာကို နားလည်ပေမဲ့ သူ့ဦးလေးက ကျနော် လူလည်ကျပြီး မကောင်းတာ လိုက်ဝယ်ပေးတယ်လို့ယူဆပြီး ကျနော့်ကို လာဆဲဆိုတယ်။ မခက်ပါလားဗျာ။ ကျနော်က ပွဲစားမှ မဟုတ်ဘဲ။ ကူညီချင်တဲ့စိတ်နဲ့ လိုက်ဝယ်ပေးရုံသက်သက်ရယ်ပါ။

အမှန်အတိုင်းပြောရရင် အဲဒီနေ့က သူငယ်ချင်းကို ၂၀၀၀ကျော်တန် ပစ္စည်းတစ်ခု မရည်ရွယ်ဘဲ လှူလိုက်ရသေးတယ်။ ကျနော်က စီဒီအလွတ် တစ်ဗူးဝယ်တယ်။ အဲဒီမှာတင် သူငယ်ချင်းရဲ့  ကွန်ပျူတာအတွက် Filter လိုမှန်းသိလို့ Filter ကိုပါဝယ်လိုက်တယ်။ ဘောက်ချာဖြတ်တော့ ပေါင်းဖြတ်လိုက်တာပေါ့။ ကျနော်ဘဲ ရှင်းလိုက်ရတယ်လေ။ အိမ်ပြန်ရောက်တော့ သူပြန်ပေးပါတယ်။ ဒါပေမဲ့ သိပ်များတဲ့ ငွေမဟုတ်တဲ့အတွက် ကျနော် လှူလိုက်ပါတယ်လို့ ပြောလိုက်တယ်။

ကျနော့်ကို နားလည်မပေးနိုင်တဲ့ သူ့ဦးလေးက ကျနော့်ကို ကွန်ပျူတာလာကြည့်ခိုင်းတယ်။ ကျနော် သွားကြည့်တယ်။ အခြေအနေမကောင်းတော့ဘူး။ ဆိုင်ပြန်ပို့ရုံပေါ့။ ခက်တာမှတ်လို့။ တစ်နှစ်အတွင်း ဘာပျက်ပျက် ပစ္စည်းအသစ် အစားပေးမှာဘဲလေ။ ကွန်ပျူတာဝယ်တဲ့သူတိုင်း Service ဌာနကို ရောက်ဖူးကြစမြဲဘဲမဟုတ်လား။ အထူးအဆန်းမဟုတ်ပါဘူး။

အဲဒီလို အဲဒီလိုပေါ့ဗျာ။ ကျနော် ကုသိုလ်များရမလားလို့ အခမဲ့ အချိန်ကုန်ခံ အပင်ပန်းခံပြီး ကူညီပေးခဲ့တာကို ကုသိုလ်မရဘဲနဲ့ အကုသိုလ်တွေ ဒုနဲ့ဒေး ၀င်လာကြတယ်။ အလားတူ ကိစ္စမျိုးတွေ အများကြီး ကျနော့်မှာ ရှိပါသေးတယ်။ သူများကို ကူညီပေးရင်း အထင်လွဲခံခဲ့ရတဲ့ ကိစ္စတွေပေါ့။

ကျနော် ဖြစ်နေတာက တရားတော်နဲ့ ပြောင်းပြန်ကြီးဖြစ်နေတယ်။ သူများကို ကူညီပေးရင် ကျနော်ကိုယ်တိုင် ဒုက္ခရောက်တာများတယ်။ အဲ.. ဒါပေမဲ့ ကျနော်ကိုယ်တိုင် အကုသိုလ်အလုပ်လုပ်ရင်တော့ ကူညီမဲ့သူတွေ ပေါ်လာတတ်တယ်ဗျ။ ပြောရဦးမယ်။ တစ်ခါတုန်းက သင်္ကြန်တစ်ခုမှာ ကန်တော်ကြီး ဥယျာဉ်ထဲ သွားပြီး သူငယ်ချင်းတစ်ယောက်နဲ့အတူ ကဲဖြစ်တယ်။ သုရာမေရယကံကြီးကို အပြတ်အသတ်ကျူးလွန်တာပေါ့ဗျာ။ လူမှန်းသူမှန်းတောင်မသိလောက်အောင်ပါဘဲ။

နေ့လည်ပိုင်းကထဲက ကန်တော်ကြီးထဲရောက်နေတာ အမူးလွန်ပြီး ဘယ်အချိန်ရောက်မှန်းတောင်မသိတော့ပါဘူး။ ညဘက်ကို လူနှင်ဂလိုင်ခေါက်တော့မှ သတိပြန်ရလာတယ်။ ဒါတောင်မှ ဥယျာဉ်လုံခြုံရေးက လာပြောလို့။ ညီတို့.. အချိန်စေ့သွားပြီ။ ပိတ်တော့မယ်။ ပြန်ကြတော့တဲ့။
ကျနော်တို့နှစ်ယောက်သား ဒယီးဒယိုင်နဲ့ ဥယျာဉ်အပြင်ဘက်ကို ထွက်လာခဲ့ကြတယ်။

အမူးသမားဆို ဘယ်သူမှ မကူညီချင်ကြဘူးထင်နေတာ။ ညီတို့.. လာ..လာ ဆိုက်ကားပေါ်အမြန်တက် .. ပလိပ်နဲ့တွေ့ရင် ရစ်နေဦးမယ်.. ပိုက်ဆံမပါလဲ ကိစ္စမရှိဘူး.. စေတနာနဲ့ လိုက်ပို့ပေးမယ် ဆိုပြီး ဆိုက်ကားဆရာက အိမ်အရောက်ကျနော်တို့ကိုတွဲပြီး ကူညီလိုက်ပို့ပေးခဲ့တယ်ဗျာ။ ပိုက်ဆံလဲ ပေးသလောက်ဘဲယူသွားတယ်။ ကျေးဇူးအရမ်းတင်စရာကောင်းတယ်။

အဲဒီလို မဟုတ်တာလုပ်ရင်တော့ ကူညီမဲ့သူက ပေါ်လာတတ်တယ်။ အဲ... ဟုတ်တာလဲ လုပ်ရော.. နားလည်မှုမပေးတဲ့အပြင် စိတ်အနှောက်အယှက်တောင် တော်တော်ဖြစ်ခဲ့ရတယ်ဗျာ။ ကဲ.. ကဲ.. မိတ်ဆွေတို့ကော ဆွမ်းခံရင်း ငှက်သင့်ဖူးပါသလား။ ပြောပြပေးကြပါလား။ သိချင်လွန်းလို့။ ။
အထူးသဖြင့်တော့ သူငယ်ချင်းပန်းကဗျာရေ.. ဆွမ်းခံရင်းငှက်သင့် ဆိုတာလေး ထပ်ဆက်ပေးပါလား။ ဗဟုသုတဖြစ်ပေါ့။

......

Good Friday= ဘုရားသခင်ရဲ့ သောကြာ



ဒီနေ့ ယူကေတစ်နိုင်ငံလုံး ဟောလီးဒေးရကြတယ်။ ဘာဟောလီးဒေးလဲလို့တော့ မမေးပါနဲ့။ အားလုံးသိပြီးသားဘဲ။ Good Friday တဲ့။ မြန်မာမှာ နေစဉ်တုန်းက တစ်ခါမှ မကြားဖူးတဲ့ ဟောလီးဒေးတစ်ခုပါဘဲ။ အစပထမကတော့ Good Friday ဆိုတာကို ကျနော်က တစ်မျိုးနားလည်ခဲ့မိတယ်။ စနေ တနင်္ဂနွေဆိုရင် ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမဟုတ်လား။ ဒါကြောင့်မို့ အဲဒီ ရုံးပိတ်ရက်တွေ မရောက်ခင် သောကြာနေ့မှာ ကြိုတင်ပျော်စရာကောင်းလို့ Good Friday လို့ ခေါ်တယ်ထင်နေခဲ့တာ။
ဟဲ ဟဲ ကျနော်ထင်ရင် လွဲခဲတယ်... အဲ.. အဲ... မှန်ခဲတယ်လေ။

စုံထောက်ကျော် ဦးစံရှားစကားနဲ့ပြောရရင်တော့... မှားတဲ့အခါလဲ မှားပေမပေါ့။ ကိုယ့်အတွေးနဲ့ ကိုယ်ကိုး။
ကျနော်ထင်ခဲ့တာတွေအားလုံး ဘာမှ မဆိုင်ရေးချ မဆိုင်ပါဘဲ။ တကယ်အဖြစ်မှန်က ခရစ်ယာန်ဘာသာဝင်တွေရဲ့  အောက်မေ့ကြေကွဲဖွယ်နေ့တစ်နေ့လို့ ပြောရမှာပါ။ သူတို့ရဲ့ တမန်တော်ကြီး ဂျီးဇပ်စ်ခရိုက်ကို လက်ဝါးကပ်တိုင်တင်ပြီး ကွပ်မျက်တဲ့နေ့ကို အမှတ်ရအောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် အလုပ်အားရက် ပေးနေတာကိုး။

ဒါကြောင့်မို့ Good Friday ဆိုတာ God's Friday ကဆင်းသက်လာတာပါတဲ့။ ဘုရားသခင်ရဲ့  သောကြာနေ့ပေါ့။
အလားတူပါဘဲ။ Goodbye ဆိုတာကလဲ God be with ye(you)!!! ဘုရားသခင်နှင့်အတူရှိပါစေ လို့ ဆုတောင်းပေးတာပါတဲ့။ ကျနော်တို့ကတော့ နှုတ်ဆက်စကားအနေနဲ့ဘဲ အသုံးပြုနေကြတာပါ။ Good morning, Good afternoon, Good evening, Good night စတဲ့ ဝေါဟာရတွေလဲ သူတို့ရဲ့  God ဆိုတဲ့ဝေါဟာရကနေ ဆင်းသက်လာပုံရတယ်။ ။ သူတို့ဘာသာ သူတို့စကားဆိုတော့လဲ သုံးရတာပေါ့ဗျာ။ အမှန်တကယ်ကတော့ ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ Goodbye အစား Budbye=Buddha be with you!!! မြတ်စွာဘုရားနှင့်အတူရှိပါစေ လို့ ပြောသင့်တာပေါ့။ မိတ်ဆွေ(ဗုဒ္ဓဘာသာဝင်)တို့လဲ ခွဲခွါခါနီးမှာ ဂွတ်ဘိုင်လို့ မပြောဘဲ ဘုတ်ဘိုင်လို့ ပြောကြည့်ကြပါလား။

Good Friday ဟာ ပုံမှန်ရက် သတ်မှတ်ချက်မရှိပါဘူး။ နှစ်စဉ်ရက်အပြောင်းအလဲရှိပါတယ်။ ပြီးတော့ ဘယ်ခုနှစ်ကစပြီး Good Friday ကို စတင်ကျင်းပခဲ့ကြတယ်ဆိုတဲ့ သမိုင်းအထောက်အထားလဲ သူတို့မရှိကြပါဘူး။ လေးရာစုနှစ်အထိ မကျင်းပခဲ့ကြပါဘူးတဲ့။

Good Friday မှာ အများပြည်သူအားလုံး ဟောလီးဒေးရကြတယ်။ အချို့ ခရစ်ယာန်တွေ အစာမစားဘဲ ဥပုသ်စောင့်ကြတယ်။ အချို့  ခရစ်ယာန်တွေ လက်ဝါးကပ်တိုင်ကိုင်ပြီး စီတန်းလမ်းလျောက်ကြတယ်။ အချို့ ဘုရားကျောင်းတွေမှာ ကျမ်းစာဖတ်ခြင်း ဓမ္မတေးသီဆိုပူဇော်ခြင်းစတဲ့ ပြုလုပ်ဆောင်ရွက်ဖွယ်ရာတွေကို သုံးနာရီတိတိပြုလုပ်ကြတယ်။ ဂျီးဇပ်စ်ခရိုက်ကို အောက်မေ့တမ်းတတဲ့အနေနဲ့ ဘုရားကျောင်းတွေကို အလှမဆင်ထားကြဘူး။ ပုံတော်တို့ ရုပ်တုတို့ကို ဖုံးအုပ်ထားကြတယ်။

အဲဒီ Good Friday နေ့မှာ ရိုးရာမုန့်ဖြစ်တဲ့ Hot cross buns လို့ခေါ်တဲ့ ပေါင်မုန့် (သို့) ကိတ်မုန့်ကို စားလေ့ရှိကြတယ်။
အဲဒီပေါင်မုန့် (သို့) ကိတ်မုန့်ရဲ့ အပေါ်မှာ လက်ဝါးကပ်တိုင်ပုံစံပြုလုပ်ထားတယ်။
အဲဒါက ဂျီးဇပ်စ်ခရိုက်ကို ကားစင်တင်သတ်ဖြတ်ခဲ့တဲ့ လက်ဝါးကပ်တိုင်ကို အမှတ်အသားပြုထားတာပါ။

ကျနော်လက်လှမ်းမီသလောက်တင်ပြရခြင်းဘဲဖြစ်ပါတယ်။ အကျယ်သိချင်ရင်တော့ ဒီမှာသာ ဆက်ရှုပေတော့။

လူတွေကတော့ ဂျီးဇပ်စ်ကို သတိရပြီး လွမ်းဆွတ်နေပုံမပေါ်ကြပါဘူး။ ဟောလီးဒေးရလို့ အရမ်းပျော်နေကြတာဘဲ တွေ့ရတယ်။ လျောက်လည်မယ်။ လျောက်စားမယ်။ လျောက်သွားမယ်။ ဂျီးဇပ်စ် ဘာဖြစ်ခဲ့ဖြစ်ခဲ့ သူတို့အရေးမဟုတ်သလိုလိုပါဘဲ။ ဒါကလဲ ဖြစ်တတ်ပါတယ်လေ။ ကျနော်တို့ ဗုဒ္ဓဘာသာမှာလဲ ဗုဒ္ဓပရိနိဗ္ဗာန်စံတဲ့နေ့မှာ အတီးအမှုတ်တွေနဲ့ ပျော်ပွဲရွှင်ပွဲကျင်းပနေကြဆဲဘဲ မဟုတ်လား။
ပြီးတော့ ဗိုလ်ချုပ်နှင့်သူရဲကောင်းတွေကျဆုံးခဲ့တဲ့ အာဇာနည်နေ့မှာလဲ ပန်းခြံထဲပြည့်ကြပ်နေလောက်အောင် ပျော်ရွှင်ကြည်နူးနေကြတယ်မဟုတ်ပါလား။

ဒါတွေထားလိုက်ပါတော့လေ။ အလုပ်တွေပိလို့ Stress တွေ အရမ်းများနေတဲ့သူတွေအဖို့ ဟောလီးဒေးက လိုအပ်တယ်မဟုတ်လား။ Good Friday ပြီးရင် စနေ၊ Easter Sunday နှင့် Easter Monday ဆက်တိုက် ဟောလီးဒေးရမှာမို့ အများပြည်သူတို့ ပျော်ရွှင်နေကြလေရဲ့ ။

ယူကေမှာ ဟောလီးဒေးလေး ၄ ရက်ရတာလောက်တော့ မြန်မာနိုင်ငံက ပျင်းတောင် ပျင်းသေးတယ်လို့ သီချင်းဟစ်ကြွေးရတော့မလိုလိုဖြစ်နေပြီ။ မြန်မာနိုင်ငံမှာ နှစ်သစ်ကူး ဟောလီးဒေး ၁၁ ရက်တိတိပေးထားလို့လေ။ အဲဒါမှ တကယ်ပျော်စရာကောင်းတာ။ နယ်မှာရှိတဲ့ မိဘ ဆွေမျိုး မိတ်ဆွေ ဆရာသမားတွေဆီ အလည်အပတ်သွားနိုင်တယ်လေ။

မြန်မာဟောလီးဒေးရက်အတွင်း အေးအေးဆေးဆေး ကမ္ဘာပတ်လို့ရတယ်။ ၁၁ ရက်ကြီးများတောင်မဟုတ်လား။ ဒါကြောင့်မို့ တစ်ချို့ ဘာသာခြားတွေ တီးတိုးပြောနေသံကြားရလေရဲ့ ။ ဘာတဲ့။ ဖြစ်နိုင်ရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးဘဲ ဖြစ်လိုက်ချင်တယ်။ ဟောလီးဒေးတွေ အများကြီးရလေ့ရှိလို့တဲ့။

Good Friday ဆိုပေမဲ့ ကျနော့်အတွက်တော့ မဂွတ်နိုင်ပါဘူးဗျာ။ ဒီနေ့ တစ်နေ့လုံး မိုးရွာနေတယ်။ အပြင်ကို နဲနဲလေးတောင်မှ မထွက်လိုက်ရဘူး။ အဆိုးဆုံးကတော့ အပတ်တိုင်းသောကြာနေ့မှာ အမှိုက်လာကောက်တဲ့ စည်ပင်သာယာတွေ ဒီနေ့ Good Friday ဖြစ်နေလို့ လာမယူကြဘူး။ အိမ်အတွင်း ကြိုတင်ထုပ်ပိုးထားတဲ့ အမှိုက်နံ့က ဆိုးလှပါဘိတော့တယ်။

ဘာဘဲဖြစ်ဖြစ်လေ အကျိုးအမြတ်ရတာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ Good Friday မှာ Good Friday အကြောင်း Post တစ်ခု တင်ဖြစ်လိုက်ခြင်းပါဘဲ။


...

Thursday, 9 April 2009

Usage of English 26 (အင်္ဂလိပ်စာအသုံးအနှုန်း ၂၆)

အခြေခံ အင်္ဂလိပ်စာလေးတွေ တင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာ အတော်လေးကြာသွားပြီ။ အခု ပြန်တင်လိုက်ဦးမယ်။ ပို့စ်လဲတင်ရင်း ကျနော်လဲ ပြန်နွေးရင်းပေါ့။ လိုအပ်တဲ့သူတွေလဲ လိုအပ်သလို ကြည့်နိုင်အောင်ပေါ့။

တတ်မြောက်နိုင်ကြပါစေ။
........

Any of
None of
The majority of + an uncountable noun + singular verb
A lot of
Plenty of
All (of)
Some (of)


Is there any of that lemon cake left?
အဲဒီမှာ သံပုရာကိတ်ကျန်သေးလား။

None of my hair is blonde.
ငါ့ဆံပင်တစ်ပင်မှ ရွှေအိုရောင်မဟုတ်ဘူး။

The majority of rice is from Asia.
ဆန်အများစုဟာ အာရှကဖြစ်တယ်။

There is a lot of sugar inside the bottle.
အဲဒီပုလင်းထဲမှာ သကြားတွေအများကြီးရှိတယ်။

There is plenty of food in the kitchen.
မီးဖိုခန်းထဲမှာ အစားအစာတွေ အများကြီးရှိတယ်။

All the furniture was destroyed in the fire.
ပရိဘောကအမြားအပြား မီးလောင်သွားပြီ။

Here's some news you might be interested in.
ဒီမှာ မင်းစိတ်ဝင်စားကောင်းစိတ်ဝင်စားမဲ့ သတင်း။
.....

Each + singular noun + singular verb
Every

Every room has its own bathroom.
အခန်းတိုင်း အပိုင်ရေချိုးခန်းရှိတယ်။

Each answer is worth 20 points.
အဖြေတစ်ခုကို အမှတ် ၂၀ တန်တယ်။
............

Everyone
Everybody
Everything + singular verb
Any--
Some---
No---

Practically everyone thinks that john should be given the job.
ဂျွန်ကို အလုပ်ပေးသင့်တယ်လို့ လက်တွေ့ကျကျ လူတိုင်း စဉ်းစားတယ်။

Everybody knows who stole it, but they're all afraid to tell anyone.
လူတိုင်းဘယ်သူခိုးတယ်ဆိုတာသိတယ်။ ဒါပေမဲ့ သူတို့ မပြောရဲကြဘူး။

Everything in the capital is now quiet.
အခု မြို့ထဲမှာ အရာအားလုံး တိတ်ဆိတ်နေတယ်။

Anyone is there?
အဲဒီမှာ တစ်ယောက်ယောက်ရှိပါသလား။

Someone is inside the house.
အိမ်ထဲမှာ တစ်စုံတစ်ယောက်ရှိတယ်။

Noone is helpful for me.
ဘယ်သူမှ ငါ့အတွက် အကူအညီမဖြစ်ဘူး။

......

ပိယေဟိ အပ္ပိယေဟိ

ကျနော်လဘက်ရည်ခပ်ကျကျ အရမ်းကြိုက်တယ်။
ဒါပေမဲ့
မုန်းတဲ့သူရဲ့  မျက်နှာကိုကြည့်ပြီး လဘက်ရည်သောက်ရတာထက်
ချစ်သူ့မျက်နှာကိုကြည့်ပြီး အဆိပ်တစ်ခွက်သောက်ရတာကို ပိုခုံမင်တယ်။


ကျနော် ဟာသအရမ်းကြိုက်တယ်။
ဒါပေမဲ့
မနှစ်သက်တဲ့သူရဲ့  ပြက်လုံးကောင်းကောင်းထက်
နှစ်သက်သူရဲ့  ရိုးရိုးစကားလုံးလေးကိုဘဲ ရယ်မောချင်တယ်။


ကျနော် ခရီးသွားရတာ အရမ်းဝါသနာပါတယ်။
ဒါပေမဲ့
မလိုလားသူနှင့် လှပသာယာကြည်နူးဖွယ်ကောင်းတဲ့ ဥယျာဉ်ကြီးထဲ အလည်အပတ်သွားရတာထက်
လိုလားသူနှင့်ပန်းခြံငယ်ထဲ လျောက်လည်ရတာကို ပိုကြည်နူးတယ်။


ကျနော် စကားလုံးချိုချိုလေးတွေကို အရမ်းမြတ်နိုးတယ်။
ဒါပေမဲ့
မာယာများသူရဲ့  ကြင်ကြင်နာနာစကားလုံးလှလှလေးတွေကို နားထောင်ရတာထက်
ရိုးသားသူရဲ့  တဗျစ်တောက်တောက် စကားလုံးလေးတွေကို ပိုမက်မောတယ်။


ကျနော် အိပ်မက်လှလှလေးတွေကို အရမ်းမက်ချင်တယ်။
ဒါပေမဲ့
လှည့်ပတ်လှည့်စားတတ်သူနှင့်အတူ အိပ်မက်ကောင်းကောင်းမက်ရတာထက်
ဖြူစင်သူနှင့်အတူ အိပ်မက်ဆိုးမက်ရတာကို ပိုတမ်းတမိတယ်။

.....

Wednesday, 8 April 2009

အလိုအပ်ဆုံးအရာ

အကောင်းဆုံးအလုပ်ဟာ နှစ်ခြိုက်စွာ အိပ်စက်ခြင်းပါဘဲ။
အိပ်တယ်ဆိုတာ အပြောလွယ်သလောက် ကျနော့်အတွက်တော့ တကယ်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ဒါကြောင့်မို့လဲ ခဏလေးအတွင်း စကားပြောရင်းနဲ့ ဟောက်သံပေးပြီး အိပ်စက်တတ်ကြတဲ့သူတွေကိုတွေ့ရင် အားကျမိတယ်။ သူတို့လို ဖြစ်ချင်တယ်။

အမြဲနိုးကြားမှုရှိလို့ဘဲလား ဒါမှမဟုတ် အတိတ်ဘ၀က သူများအိပ်ပျော်နေတဲ့အခါ နှောင့်ယှက်ခဲ့မိလို့ ၀ဋ်လည်တာလားတော့ မပြောတတ်တော့ပါဘူး။ ဘယ်လောက်ဘဲ အိပ်မောကျနေနေ အသံလေးတစ်သံကြားလိုက်ရင် ကျနော် ဖြတ်ကနဲနိုးလာတတ်တယ်။ ပြီးတော့ ပြန်အိပ်ရင်လဲ တော်တော်နဲ့ အိပ်မပျော်တတ်တော့ဘူး။ ကျနော့်ကို ကျနော် အတော်လေးစိတ်တိုမိတယ်။

အိပ်ပျော်လွယ်အောင်ပြုလုပ်တဲ့ နည်းတွေလဲ အတော်လေးကျင့်သုံးပြီးပါပြီ။ တစ်ခုမှ အစပ်မတည့်ဘူးဖြစ်နေတယ်။ တစ်ကနေ တစ်ထောင်အထိ အိပ်ရင်းနဲ့ စိတ်ထဲက ရေတွက်ကြည့်ဖူးတယ်။ တစ်ထောင်သာကျော်သွားတယ်။ အိပ်လို့မပျော်ဘူး။ မေတ္တသုတ်ကိုလဲ တစ်ခေါက်ပြီးတစ်ခေါက်ရွတ်ကြည့်ပါတယ်။ ဒါပေမဲ့ ထိုနည်းလည်းကောင်းပါဘဲ။ အဆင်မပြေဘူး။ မိတ်ဆွေတစ်ယောက်ရဲ့  အကြံပေးမှုကြောင့် ထွက်လေ၀င်လေကိုလဲ ကြိုးစားမှတ်ဖူးပါတယ်။ အဲဒါလဲ အသုံးမတည့်ဘူးဖြစ်နေတယ်။

အခုအချိန်မှာ တကယ်လို့ တစ်စုံတစ်ယောက်က ကိုကိုမောင်ရေ.. မင်းအလိုချင်ဆုံးအရာက ဘာပါလဲ လို့ မေးလာရင် ကျနော် အလိုချင်ဆုံးအရာဟာနှစ်သက်စွာ အိပ်စက်ခြင်းကိုပါဘဲ လို့ မဆိုင်းမတွ ဖြေဆိုဖြစ်မှာ သေချာပါတယ်။ အိပ်ရေးပျက်တဲ့ညတွေ အရမ်းများခဲ့တာကိုး။

ပြီးတော့ တစ်ယောက်ထဲ အခန်းထဲမှာ အိပ်ခဲ့ဖူးတဲ့ အလေ့အထက ရှိလေတော့ တစ်ခန်းထဲ နှစ်ယောက် သုံးယောက်စုအိပ်ကြရင် ကျနော် တော်တော်နဲ့ အိပ်မပျော်တတ်တော့ဘူး။ ယုတ်စွအဆုံး တစ်ယောက်ယောက်ရဲ့  အသက်ရှူသံကို ကြားနေရရင် ကျနော် အိပ်လို့မရတော့ဘူး။ အိပ်ဟောက်တတ်တဲ့သူပါလာရင် ပိုဆိုးရောပေါ့။

ခြေနင်းသံ တံခါးဖွင့်သံ ကုတင်တကျိကျိမြည်သံ အရာဝတ္ထုတစ်ခုခုကိုပစ်ချသံ ရေကိုဂလုဂလုမြည်အောင်သောက်သံ ချောင်းဆိုးသံ ကြို့ထိုးသံ နှာချီသံ ချွဲခပ်ထုတ်သံ လေလည်သံစတဲ့ အသံတွေလဲ ကျနော့်ရဲ့  အိပ်စက်ခြင်းကို ပျက်ပြားစေပါတယ်။

ဒါတွေရေးပြနေလို့ ကျနော့်အခန်းဖော်တွေကို အပြစ်တင်နေတယ်လို့ မထင်စေချင်ပါဘူး။ ကျနော့်ကိုကျနော်ဘဲ မကျေမနပ်ဖြစ်နေတာပါ။ သူများတွေ အိပ်ပျော်နေရင် ကျနော်လဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်။ နှစ်ခြိုက်စွာအိပ်စက်ခြင်းမှ နိုးထလာတဲ့အခါ စိတ်က အရမ်းလန်းဆန်းနေတတ်တယ်မဟုတ်လား။

အိပ်စက်ခြင်းကို အပြည့်အ၀လိုလားတဲ့အတွက် သူများတွေ နှစ်ခြိုက်စွာ အိပ်ပျော်နေရင်လဲ ကျနော် ဘာအသံမှ မမြည်အောင် သတိထားပြီးနေပါတယ်။ ဘ၀ဆက်တိုင်း ၀ဋ်လည်မှာ အရမ်းကြောက်နေပြီ။ အိပ်မပျော်တိုင်း ကြိုးစားပြီးအိပ်ပျော်အောင်ကြိုးစားတယ်။ ကြိုးစားပေမဲ့ အိပ်မပျော်ရင် ကျနော့်ကိုကျနော် အရမ်းစိတ်တိုတယ်။ တစ်ခါတစ်လေ တစ်ညလုံး အိပ်ရာပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်နဲ့ အချိန်ကုန်တတ်တယ်။ ဟိုအကြောင်းဒီအကြောင်း မစဉ်းစားဘဲ ခေါင်းထဲရောက်လာပြီး အတွေးယာဉ်ကြောနောက် ပါပါသွားတတ်တယ်။

သေချာပါတယ်။ ဟိုအရင်ဘ၀က ကျနော် သူများတွေကို အတော်လေးဒုက္ခပေးခဲ့ပုံရတယ်။ အထူးသဖြင့် သူများတွေ အိပ်ပျော်နေတဲ့အချိန်မှာ အနှောင့်အယှက်တွေ ပေးခဲ့မိတာဖြစ်နိုင်တယ်။ ဒါကြောင့် ၀ဋ်လည်နေတာ။

ဒါကြောင့် မိတ်ဆွေတို့ကိုလဲ သူများတွေ အိပ်ပျော်နေရင် လန့်နိုးလာအောင် မစကြမနှောက်ကြဖို့ အကြံပေးလိုပါတယ်။ အိပ်မပျော်တတ်တဲ့ရောဂါဟာ အဆိုးဝါးဆုံးရောဂါတစ်ခုပါဘဲ။ ခေါင်းအုံးပေါ်ခေါင်းချလိုက်ရင် အိပ်ပျော်တတ်ကြတဲ့သူတွေက အိပ်စက်ခြင်းကို အလေးမထားပေမဲ့ တကယ်အိပ်မရတဲ့အခါကျရင် အိပ်စက်ခြင်းရဲ့  တန်ဖိုးကို သိလာမှာသေချာပါတယ်။ တကယ်ကို နေရထိုင်ရခက်ပါတယ်။ စိတ်လဲ မရွှင်လန်းဘူး။ စိတ်တိုမြန်လာတတ်တယ်။ အရာတိုင်းကို အလိုမကျတတ်ဘူး။ ကိုယ့်ကိုကိုယ်လဲ စိတ်တိုင်းမကျတတ်ဘူး။

တကယ်လို့ မိတ်ဆွေတို့ဆီမှာ နှစ်ခြိုက်စွာအိပ်စက်ခြင်းကို ဖြစ်ပေါ်စေတတ်တဲ့ နည်းစနစ်ကလေးတွေရှိရင် ကျနော့်ကို မျှဝေပေးကြစေလိုပါတယ်။ ကျနော် တကယ်လိုအပ်နေလို့ပါ။

ကျနော့်ဘ၀ရဲ့  အလိုအပ်ဆုံးအရာဟာ အိပ်စက်ခြင်းပါဘဲဗျာ။

.....

Sunday, 5 April 2009

ကာလံဒေသံ နားလည်တတ်ဖို့လိုတယ်

ဒီနေ့ညနေတုန်းကပေါ့။ သူငယ်ချင်းတစ်ယောက် မြန်မာနိုင်ငံက ပြန်ရောက်လာလို့ Heathrow လေဆိပ်ကို သွားကြိုဖို့ ကျနော်တို့ ပြင်ဆင်ကြတယ်။ ကျနော်တို့က လေဆိပ်ကို သွားဖို့ မြေအောက်ရထားဘူတာရုံကို သွားတယ်။ ကျနော်တို့ ဘူတာရုံမရောက်ခင် သူစီးလာတဲ့ လေယာဉ်က ဆင်းလာပြီ။
သူ့ဆီက ဖုန်းလာတယ်။ လေဆိပ်ကို မလာခဲ့နဲ့တော့တဲ့။ Check in ၀င်ရမှာလဲ ကြာမှာမဟုတ်တဲ့အတွက် ကားမှတ်တိုင်ကဘဲ စောင့်နေပါတော့တဲ့။

လန်ဒန်လေဆိပ်ကနေ ပြေးဆွဲတဲ့ ဘတ်စ်ကားတွေရှိတယ်။ ဘတ်စ်ကားဆိုပေမဲ့ အငှားကားတွေထက်တောင် ပိုအဆင်ပြေပါသေးတယ်။ ကားအစီးရေများတဲ့အတွက် ထိုင်ခုံတွေ အများကြီးလွတ်နေလေ့ရှိတယ်။ ပြီးတော့ ချောင်ချောင်ချိချိ ကျယ်ကျယ်ဝန်းဝန်းစီးရတယ်။ တစ်ထပ်ဘတ်စ်ကားရော နှစ်ထပ်ဘတ်စ်ကားရောရှိတယ်။ အငှားကားသွားစီးရင် အနည်းဆုံး ၁၀ ပေါင်လောက်ကုန်ဦးမယ်။ ဘတ်စ်ကားစီးတော့ တစ်ပေါင်ဘဲကုန်တယ်။ ဒါကြောင့်မို့ လေဆိပ်ကနေ ဘတ်စ်ကားနဲ့ ပြန်မယ်ဆိုရင်လဲ အစစအရာရာအဆင်ပြေပါတယ်။

ပြီးတော့ မြို့ထဲကနေပြီး လေဆိပ်ထဲအထိ မြေအောက်ရထားလမ်းရှိသေးတယ်။ အဲဒီမြေအောက်ရထားနဲ့စီးပြီး ပြန်လာခဲ့ရင်လဲရတယ်။ သက်သက်သာသာပါဘဲ။ ဈေးနှုန်းကတော့ ဇုန်ကွားခြားမှုပေါ်မှာဘဲ မူတည်တယ်။ အနည်းဆုံး ၁ ပေါင်ကနေ အများဆုံး ၇ ပေါင်ပေါ့။
နောက်ပြီးတော့ အထူးExpress ဆိုလား ဘာဆိုလား အမြန်ရထားရှိသေးတယ်။ လေဆိပ်ကို ခပ်မြန်မြန်ရောက်ချင်တဲ့သူတွေအတွက် အထူးရထားပါ။ ဈေးအရမ်းကြီးတယ်တဲ့။ ကျနော်ကတော့ တစ်ခါမှ မစီးဖူးသေးပါဘူး။ (နောက်လဲ စီးဖြစ်မယ်မထင်ပါဘူး)။

ကျနော်နှင့်သူငယ်ချင်းတစ်ယောက် မြန်မာနိုင်ငံက ပြန်လာတဲ့ သူငယ်ချင်းကို ကားမှတ်တိုင်ကနေပြီး ထိုင်စောင့်နေကြတယ်။ နာရီဝက်ကျော်ကျော်လောက် ထိုင်စောင့်တယ်။
လေဆိပ်ကထွက်လာတဲ့ ဘတ်စ်ကားတွေကလဲ တစ်စင်းပြီးတစ်စင်းရောက်လာပြီးပြီ။ သူငယ်ချင်းက ရောက်မလာသေးဘူး။ သူ့ဆီက ဖုန်းထပ်လာတယ်။ လေဆိပ်ထဲမှာ ထွက်ပေါက်ပျောက်နေလို့ နဲနဲနောက်ကျမယ်တဲ့။ ဟုတ်တယ် လေဆိပ်က လမ်းညွန်တွေတိကျပေမဲ့ မျက်စိလည်ဖို့ ကောင်းပါတယ်။
ကျနော်တို့လဲ ထပ်စောင့်နေလိုက်တယ်။

လူတစ်စု ကားမှတ်တိုင်ကိုရောက်လာကြတယ်။ လေးငါးခြောက်နှစ်အရွယ် ကလေးနှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ပါ။ မျက်နှာတွေက ကုလားဆင်တွေပါဘဲ။ ဒါပေမဲ့ ကလေးတစ်ယောက်ကတော့ အဖြူလေးပါ။ ဥရောပလူမျိုးဖြစ်ဖို့များပါတယ်။

ကုလားဆင်နဲ့ ကလေးတစ်ယောက်က ကျနော်တို့ကို ခဏခဏခိုးကြည့်နေတာ တွေ့ရတယ်။ ကျနော်တို့က မျက်နှာစိမ်းတွေကိုး။ အာရှရုပ်ဆိုတော့ သူတို့နှင့်မတူလို့ ထူးဆန်းနေပုံရတယ်။ ဒီအုပ်စု ကျနော်တို့ကို စိတ်ဝင်စားနေတယ်ဆိုတာ ကျနော်သိနေတယ်။

သူတို့ကို ဂရုမစိုက်ဘဲ ခပ်တည်တည်နဲ့ ကျနော်တို့ စကားပြောနေဖြစ်ကြတယ်။ သူတို့က ကျနော်တို့ရဲ့  ဘေးတိုက်အနေအထားမှာရှိတယ်။ ခဏအကြာမှာတော့ သူတို့ထဲက အဖြူကောင်လေးတစ်ယောက်က ကျနော့်အနားကပ်ပြီး မေးခွန်းတစ်ခုလာမေးတယ်။

"How long have you been here?"
ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ။

ကျနော်ကလဲ ခေသူမှမဟုတ်ဘဲ။ ဒီကောင် ငါတို့ကို စိတ်ဝင်စားလို့ တကူးတကူ လာမေးတာဘဲ၊ မှင်သေသေနဲ့ဖြေမှ တော်ရာကျမယ် လို့ စိတ်ကြီးဝင်ပြီး--

"One year" (တစ်နှစ်) လို့ တိုတိုတုတ်တုတ်ဘဲ ဖြေလိုက်တယ်။ ဟုတ်တယ်လေ။ ကျနော်တို့ လန်ဒန်ရောက်နေတာ တစ်နှစ်ကျော်ကျော်လေးဘဲ ရှိသေးတဲ့ ဥစ္စာ။

"No".. "no"... "no"

သူတို့ အားလုံး တစ်နိုးထဲ နိုးနေကြတယ်။ ဘာများအမှားလုပ်မိလို့ပါလိမ့်။ သေချာမေးကြည့်လိုက်တော့မှ ဒီဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေတာ ဘယ်လောက်ကြာသွားပြီလဲလို့မေးတာပါတဲ့။ ညနေပိုင်းမှာ တစ်ချို့  ဘတ်စ်ကားတွေ ဖျက်သိမ်းတယ်ကြားလို့ ဒီဘတ်စ်ကားလိုင်းရော ဖျက်သိမ်းတဲ့အထဲ ပါမလားလို့ပါ။ ဒီမှာ စောင့်နေတာ အရမ်းကြာပြီး ဘတ်စ်ကားတစ်စီးမှ မလာရင် ဖျက်သိမ်းတာ သေချာပါတယ် တဲ့။

"သူတို့ဆိုလိုတာက ဂလိုကိုး"

အော်... ကာလံ ဒေသံကြည့်ပြီး နားမလည်လိုက်တာကိုက ကျနော့်အပြစ်ရယ်ပါ။ ဘတ်စ်ကားမှတ်တိုင်မှာ ထိုင်နေတဲ့သူကို ဘာမပြောညာမပြော လန်ဒန်ရောက်တာ ဘယ်လောက်ကြာပြီလဲလို့ ဘယ်သူမေးပါ့မလဲ။
ရှက်စရာကြီးဗျာ။ အင်္ဂလိပ်စကားနှင့်ပတ်သက်လို့ အခုထက်ထိခံနေရတုန်းပါဘဲလား။

ဘတ်စ်ကား တော်တော်နဲ့ ရောက်မလာလို့ အဲဒီအုပ်စု လမ်းလျောက်ထွက်သွားကြတယ်။ ကျနော်တို့ကတော့ လေဆိပ်က လာမဲ့သူငယ်ချင်းကို ဆက်စောင့်ရင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တစ်ဝါးဝါး ရယ်လို့ မဆုံးတော့ပါဘူးဗျာ။

အင်္ဂလိပ်စာ သင်ယူလာခဲ့တဲ့ သက်တမ်းလဲ မနည်းတော့ပါဘူး။ ဆယ်စုနှစ်ကျော်နေပြီ။ တွေ့ကြုံခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေလဲ ရာဂဏန်းနီးနီးရှိပြီ။ ဒါပေမဲ့.. အင်္ဂလိပ်စာ အင်္ဂလိပ်စကားနဲ့ ပတ်သက်လာရင် အခုထက်ထိ အရှက်ကွဲရကိန်းရှိနေတုန်းပါဘဲ။ ဘယ်တော့များမှ အင်္ဂလိပ်စာကို ကျကျနနတတ်မြောက်ပါ့မလဲ မသိတော့ပါဘူး။ သိပြီးသားစကားလုံးလေးတွေတောင်မှ ကာလဒေသ မခွဲခြားတတ်လို့ အခုလိုလေး အောင့်သက်သက်နဲ့ ခံလိုက်ရတာ မဟုတ်ပါလား။ ။

...

Wednesday, 1 April 2009

အေပရယ်ဖူးလ်မှာ....

သတင်းအမှန်အကန်ပုံစံနဲ့
ဒဏ်ရာအရမ်းပြင်းထန်ပြီး
မိတ်ဆွေသူငယ်ချင်းတစ်ယောက်
အတွင်းလူနာအဖြစ်နဲ့နေရတယ်
(ဆေးရုံကို) အလည်လာခဲ့ပါဦး တဲ့။

စိတ်တွေပူပြီး ရတက်မအေးလို့
ဆေးရုံကို တကယ်သွားမယ်ကြံတော့မှ
သူတို့ ၀ိုင်းဟားတာ ခံခဲ့ရတယ်
မှတ်ထားကွယ်
အေပရယ်ဖူးလ်တဲ့။

အေပရယ်မတိုင်ခင်တစ်ရက်
မနက်ဖန်ဆို အေပရယ်ပေါ့
နွယ်ဆိုတဲ့ သူငယ်ချင်းနဲ့
အေပရယ်ဖူးလ် အကြောင်းပြောရင်း
ဟောင်းအတိတ်ဆီက အေပရယ်မှာ
သူ တကယ် အရူးလုပ်ခံခဲ့ရတယ်တဲ့။

အခုလဲ
အကိုရေ... တကယ်ပြောမယ်ဆိုပြီး
ကြယ်ဖြူစင်တစ်ယောက်
လင့်ခ်လေးတစ်ခုကို ကောက်ရေးကာ
မြန်မာအရောက် ဖုန်းအခမဲ့ ခေါ်လို့ရနေပြီ
ဒီနေ့တစ်နေ့ထဲဘဲနော်တဲ့။

လင့်ခ်လေးထဲ ၀င်ကြည့်ပြီး
မမြင်တွေ့ရတာကြာပြီဖြစ်တဲ့
ရွှေမြန်မာကချစ်သူလေးရဲ့  နံပါတ်ကို ကောက်နှိပ်
ထိတ်ကနဲဖြစ်သွားတဲ့စိတ်နဲ့အတူ
တိတ်တိတ်ကလေး တစ်ခြားဘက် လှစ်ကူးရင်း
(ကျနော်လဲ)
အေပရယ်ဖူးလ်မှာ အရူးလုပ်ခံလိုက်ရပြီ။

.....