"ကိုကိုမောင်.. ယုယလေးက မင့်ကို စိတ်ဝင်စားနေတယ်ထင်တယ်။ မင့်အကြောင်းမေးမေးနေတယ်"
ရေခပ်လာသော အပျိုတက်ခါစ မိန်းခလေးနာမည်က ယုယ။ အဲဒီ မြေသာရွာမှာရှိတဲ့ သူငယ်ချင်းတွေထဲ အခင်မင်အရင်းနှီးဆုံးသူက မောင်ဖေငယ်။ အထက်က စကားကို မောင်ဖေငယ်က ကျနော့်ကို ပြောပြခြင်းဖြစ်၏။
ယောက်ျားပီပီ ကိုယ့်ကို စိတ်ဝင်စားနေသည့် မိန်းခလေးတစ်ယောက်ရှိသည်ကို သိလိုက်ရသည့်အခါ ရင်ခုန်ချင်သလိုလို ရှက်သလိုလို ၀မ်းသာသလိုလိုဖြစ်လာသည်။ ထိုအချိန်က ကျနော်လဲ လူပျိုစင်စစ်ဖြစ်နေလေပြီ။
သို့နှင့် မောင်ဖေငယ်၏ အကူအညီကိုယူပြီး ရည်းစားစာရေးသည်။ တိုးတိုးတိတ်တိတ် စာကိုပေးခိုင်းသည်။ လျှို့ ဝှက်စွာ စီစဉ်သည်။ သို့သော်.. သို့သော်... နောက်တစ်နေ့၌ ယုယအား ကျနော်ရည်းစားစာပေးသည်ကို လူအတော်များများ သိကုန်ကြသည်။ အဆိုးဆုံးက သူ့မောင်လေးတစ်ယောက် သိသွားခြင်းပင်တည်း။ ဒီကောင်က အတော်လေး ဆိုးတဲ့ကောင်။
"ယောက်ဖကြီး.. အမကို ကြိုက်ရင် ကျနော် ကိုယ်တိုင် စာပေးပေးမယ်။ သူများကို ပေးမခိုင်းပါနဲ့"
ယုယ၏မောင်လေးအရင်းခေါက်ခေါက်ကြီးက သူ့အမ ကျနော့်ကို မချစ်သေးခင် သူ့အမနှင့်ကျနော့်ကို သဘောတူနေလေပြီ။ ယောက်ဖကြီးဟူ၍ပင် မြိန်ရည်ယှက်ရည် ကျနော့်ကို ခဏခဏခေါ်နေ၏။ ကိုကိုမောင်၏ စန်းပွင့်ခြင်းသည်ကား အနှိုင်းမဲ့ဖြစ်ချေတော့၏။
ရေငတ်တုန်း ရေတွင်းထဲက သကဲ့သို့ ကျနော်သည်လည်း ယောက်ဖလောင်းလျာ၏ အကူအညီဖြင့် စာတစ်စောင် ရေးပြီး ပေးလိုက်လေသည်။ အကျိုးအမြတ်သည်ကား....
"ကိုကိုမောင်
မောင်လေးက စာတစ်ဆင့်ပေးခိုင်းရင် ဒီတစ်သက် ယုယရဲ့ အချစ်ကို ရှင်မမျှော်လင့်နဲ့တော့။ ယုယက ရှက်တတ်တယ်ရှင့်"
ယုယကိုင်တိုင် သူ့မောင်လေးကတစ်ဆင့် ကျနော့်ကို ပေးခဲ့သော စာတစ်စောင်ဖြစ်၏။ ဗုဒ္ဓေါ.. စားရခါနီးက အပုတ်ချခံလိုက်ရသကဲ့သို့ စုပ်တစ်သပ်သပ်နဲ့ ဖြစ်နေလေသည်။ မဖြစ်ချေဘူး။ မောင်ဖေငယ်ကိုဘဲ ပြန်အားကိုးမှ ဟုစဉ်းစားကာ
"ယုယလေးရေ..
ဘ၀တစ်ကွေ့မှာ ခဏတွေ့ကာ ချစ်ခွင့်ရပေမဲ့ ကို့အချစ်က ထာဝရရယ်ပါ။
သမုဒယဘုံဘ၀မှာ ယုယကို ခုဘ၀မှ တွေ့ခွင့်ရတာ ရင်နာလှတယ်။
ရှေးရှေးဘ၀ကို တွေးပြီး ဆွေးဆွေးနေရတဲ့သူဟာ ကိုရယ်လေ။
ကို့ရဲ့  ချစ်ရေးဆိုတဲ့ စာလေးကို ဖတ်ပြီး ချစ်တယ်ဆိုတဲ့အဖြေလေးကို မှန်စွာမနှေး မြန်မြန်ပေးပါလားကွယ်"
အစချီပြီး စာတစ်စောင်ရေးကာ မောင်ဖေငယ်က တစ်ဆင့်ပေးခိုင်းလိုက်လေသည်။
္ခ"ပ၀ါပါးကို ကြက်သားထုတ်တော့ စွန်းတတ်တယ်။ တစ်ရွာသားကို ရည်းစားလုပ်တော့ လွမ်းတတ်တယ်တဲ့။ ခု ယုယရဲ့ အသက်ကလဲ ငယ်သေးတယ်။ အကိုကလဲ တစ်ခြားရွာကဆိုတော့ အားလဲနာတယ်.. ခင်လဲခင်တယ်။ အကို့ကို ကျမ မချစ်နိုင်ပါဘူးရှင်"
ယုယလေး၏ အမှတ်မထင်တန်ပြန်တိုက်ကွက်ကလေးပင်ဖြစ်သည်။
ဒုက္ခော... ကျနော်၏ စစ်ဦးတိုက်ပွဲသည်ကား အောင်ပွဲရခါနီးမှ မြှားကုန်ပြီး တပ်ဆုပ်ခွါခဲ့ရလေပြီတည်း။ ရွာသူရွာသားတို့ကလဲ ကျနော်က ယုယကို စာပေးသည့်အကြောင်း သိကြ၏။ ကျနော်ကလဲ သူ့အချစ်ကို မရ။ ခက်ချေပြီ။ ရှက်စရာကြီး။ အကောင်းဆုံးနည်းလမ်းတစ်ခုကို ကျနော်ရွေးချယ်လိုက်သည်။ ကျနော့်ရွာကို ပြန်လာခြင်းပင်တည်း။ လူအများရှေ့ ၌ ဆရာမမေးသော မေးခွန်းကို မဖြေနိုင်သည့်ကျောင်းသားတစ်ယောက်ကဲ့သို့ ခပ်ရှက်ရှက်နဲ့ဘဲ ကျနော့်ရွာလေးဆီသို့ ကျနော် ပြန်ပြေးခဲ့ရလေသည်။
........
ညီငယ် မိုးစက်အိမ်ရေ... အကို ထပ်ရေးလိုက်ပြန်ပြီ။ ပထမပိုင်းက တန်းလန်းကြီးဆိုတော့ အဆုံးသတ်ပေးဖို့ ဆန္ဒလေးပေါ်လာတာနဲ့ အရဲစွန့်ပြီး ရေးလိုက်တယ်။ တတိယပိုင်းကို ထပ်ရေးပါဦးမယ်။ အကို့ချစ်သူ စိတ်ဆိုးသွားရင် ညီ့တာဝန်နော်။ ညီက တဂ်ထားတာကိုး။ ဟဲ ဟဲ။ ပျော်ရွှင်ပါစေ ညီ။
.........
2 comments:
အကိုရေ အဲဒါ သူက ချစ်ရက်နဲ. ရှက်ရမ်း
ရမ်းသွားတာပါအကိုရာ ... အကိုက ဒီလောက်
သဘောကောင်းတာ နေပေါ.ဗျာ...နော်. အကို
အကိုက ဒီလောက်ကြည်တာ... ဟော ခုဆို မမ
လှလှ လေးရထားတယ်မလား ... ဒါပဲပေါ. ဟဲဟဲ..
အကို ချစ်သူ နဲ. ရန်ဖြစ်နိုင်တယ်ဆို ဆက်ရေးနဲ.တော.
ဗျို. ကျေနပ်ပါတယ် အကိုရေ...ကျေးဇူးပါဗျာ...
ခင်မင်ခြင်းများစွာဖြင်. ...
သယ်ရင်းအပိုင်းတွေက တယ်များပါလား တကယ်စွံတယ်ဗျို့ အားကျတယ် :P
Post a Comment