Friday 22 May 2009

ထားခဲ့ဖူးသော ရည်းစားများ (တဂ်ပို့စ်ထ်)

ကျောင်းဖွင့်သည့်နေ့တစ်နေ့။
ထိုနေ့၌ နေပူသည်။ ဥသြအော်သည်။ ကျောင်းသားများ ပျင်းကြောဆွဲနေကြသည်။ ထိုအချိန်၌ ခေါင်းလောင်းထိုးသံပေါ်လာသည်။ အားလပ်ချိန်ပေးခြင်းဖြစ်၏။ စာသင်ကျောင်းဝင်းအတွင်းရှိ ညောင်ညိုပင်ရိပ်အောက် ကျောင်းသား ကျောင်းသူများ အလုအယက် နေရာယူနေကြသည်။ ထိုအထဲ၌ သူငယ်တန်းကျောင်းသားလေးတစ်ယောက်လည်း ပါဝင်သည်။ သူ့နာမည်က ကိုကိုမောင်။

ညောင်ညိုပင်ရိပ်အောက်၌ အတန်းဖော်သူငယ်ချင်းများနှင့် သားရေကွင်းပစ်တမ်းကစားသည်။ ကိုကိုမောင် အရှုံးကြီးရှုံးနေခိုက် အသံချိုချိုလွင်လွင် အသံလေးတစ်သံကြားလိုက်ရသည်။

"ကိုကိုမောင်.. ရှုံးမှာ မကြောက်နဲ့နော်။ ငါ့တို့ဆိုင်မှာ သားရေကွင်းတွေ ပေါင်ထုပ်အလိုက်ကြီးရှိတယ်။ ငါအလကားပေးမယ်။ အခုတော့ သားရေကွင်း ၅၀ လောက်ဘဲပါတယ်။ ရော့။ ဆက်ကစား"

သူမအိမ်၌ ကုန်စုံဆိုင်ကြီးရှိသည်။ ကလေးကစားစရာများ အတော်များများရှိသည်။
အသားဖြူဖြူ ခပ်အေးအေးနေတတ်သည့် ကျနော့်ပုံစံကို သူမနှစ်သက်သွားပုံရသည်။ နေ့စဉ်စားစရာ ကစားစရာ သားရေပင်စသည်တို့ကို ကျနော့်အားလာပေးသည်။ သူမနာမည်က မိတင်။ အသက်က ကျနော်နဲ့ရွယ်တူ။ ၇ နှစ်ကျော်ကျော်အရွယ်။

"ငါကြီးလာရင် ကိုကိုမောင်ကိုဘဲ လက်ထပ်ယူမယ်"

သူမ မကြာမကြာကြွေးကြော်ခဲ့သည့် ဥဒါန်းစကားများဖြစ်သည်။ သို့သော် ကျနော်က အရှက်ကြီးသည်။ သူငယ်ချင်းမက်သည်။ မိန်းခလေးတွေကို လုံးဝစိတ်မ၀င်စားခဲ့။ မိဝင်းဆိုသည့် အတန်းဖော်မိန်းခလေးနှင့် မိတင်တို့ ကျနော့်ကို လုကြရင်း မကြာမကြာစကားများရန်ဖြစ်ကြသည်ဟု သူငယ်ချင်းများပြောပြဖူးသည်။
တကယ်ဆိုလျှင်မူ မိတင်နှင့်မိဝင်းသည် ၀မ်းကွဲညီအမများဖြစ်ကြသည်။

ယခုဆို မိတင်နှင့်မိဝင်းတို့ အိမ်ထောင် အသီးသီးကျပြီး ကိုယ်ပိုင် မိသားစုကိုယ်စီ ဖြစ်နေကြလေပြီ။ ကျနော်နှင့်မဟုတ်ပါ။ ထိုအချိန်က ကျနော့်အသက် အရမ်းငယ်နေသည်ကတစ်ကြောင်း မိန်းခလေးတွေကို စိတ်မ၀င်စားသည်ကတစ်ကြောင်းကြောင့် ကျနော်အခုထက်ထိ လူပျိုလူလွတ်ကြီး ဖြစ်နေခြင်းဖြစ်သည်။ (ကြော်ငြာ.. အဟဲ)။

ထိုမိတင်နှင့်မိဝင်းတို့သည် ကျနော်ထားခဲ့ဖူသော ရည်းစားမဟုတ်ပါ။ ကျနော့်ကို ထားခဲ့ကြသော ရည်းစားများပင်ဖြစ်သည်။
........

ကိုကိုမောင်အသက် ၁၇ နှစ်အရွယ်။
တစ်ခုသောနေ့၌ ကျနော်တို့ရွာနှင့်နှစ်မိုင်ခန့်အလှမ်းကွာဝေးသော မြေသာရွာလေးသို့ ကျနော်အလည်သွားခဲ့သည်။ မြေသာရွာမှာ ကျနော့်သူငယ်ချင်းများရှိသည်။ ထို့ကြောင့် ထိုရွာသို့ မကြာမကြာသွားပြီး ကျနော် လေးငါးရက် နေထိုင်လေ့ရှိသည်။

မြေသာရွာထိပ်၌ ၀တ္တကကုန်းတော်တစ်ခုရှိသည်။ တောင်ထိပ်၌ဘုရားတစ်ဆူရှိသည်။ ဘုရားဖူးသွားလမ်းသည် မြွေလိမ်မြွေကောက်ပုံစံ လွန်းထိုးတက်လမ်းဖြစ်သည်။ တောင်ခြေ၌ ရေတွင်းတစ်တွင်းရှိသည်။ ရေတွင်းနဘေး၌ ခရေပင်ကြီးတစ်ပင်ရှိသည်။ထိုရေတွင်း၌ တစ်ရွာလုံးသောက်ရေလာခပ်ကြသည်။

ကျနော်တစ်ယောက်ထဲ ရွာထိပ်တောင်ပေါ်ဘုရားကို ဖူးဖို့ ချီတက်လာသည်။
ကျနော် ခရေပန်းကို ကြိုက်သည်။ ဘုရားကို ခရေပန်းကပ်ရလျှင်ကောင်းမည်ဟု စဉ်းစားမိသည်။ ထို့ကြောင့် ခရေပင်အောက်၌ ခရေပန်းကြွေများ ကျနော်ကောက်နေသည်။ ထိုအချိန်၌ ရွာထဲမှ အသက် ၁၄ နှစ်အရွယ်ရှိ မိန်းခလေးတစ်ယောက် ရေလာခပ်သည်။ မျက်နှာခပ်ချိုချို သွားတက်ကလေးနဲ့။ အပျိုတက်ခါစအရွယ်။ လုံးလုံးကျစ်ကျစ်ကလေး။

"ဟိတ်.. ဘာလုပ်နေတာလဲ"

ကျနော်က သူ့ကို မေးလိုက်ခြင်းမဟုတ်ပါ။ သူမက ကျနော့်ကို မေးလိုက်ခြင်းဖြစ်သည်။ ကျနော် သူမကို မသိပါ။ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သို့သော် သူမက စပြီး မေးခွန်းထုတ်နေလေပြီ။ ကျနော် ခပ်ဆပ်ဆပ်ပြန်ဖြေလိုက်သည်။

"မြင်တဲ့အတိုင်းဘဲ.. ခရေပန်းကောက်နေတာလေ"

"ခရေပန်းလေး ငါ့ကို နဲနဲ ပေးပါလား"

"ဟ.. မဖြစ်ဖူးထင်တယ်"

"ဘာဖြစ်လို့လဲ"

"ဘုရားသွားကပ်မလို့"

"ဒါဖြင့်လဲ ပြီးရော"

နှုတ်ခမ်းစူပြီး ရေထမ်းကို ပုခုံးပေါ်တင်ကာ ခပ်ဆောင့်ဆောင့်နဲ့ သူမ ထွက်ခွါသွားသည်။ ကျနော့်စိတ်ထဲ၌မူ သူမခြေထောက်ဒီထက်ပိုအရှိန်ပြင်းပြင်း ခပ်ဆောင့်ဆောင့်သွားရင် ပိုကောင်းမည်ဟု ထင်သည်။ သို့မှ ခရေပန်းများကြွေကျ မြေခလာကြလာပြီး ဘုရားကို များများကပ်လှူနိုင်မှာ မဟုတ်ပါလား။ သို့သော် သူမ၏ စူပုပ်ပုပ်မျက်နှာကလေးသည် တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေလေသည်။
......


ကဲ.. ကဲ... ညီငယ် မိုးစက်အိမ်ရေ.. ဒီလောက်ဆို ကျေနပ်ပြီလား။ ညီတဂ်ထားလို့သာ ရေးလိုက်ရတာ။ စိတ်က ခပ်လန့်လန့်ရယ်။ အကိုဆက်မရေးရဲတော့ဘူး။ အကို့ချစ်သူလေးက အရမ်းစိတ်ထက်တယ်။ တော်ကြာ အကို့ကို ပြဿနာရှာမှာ ကြောက်နေရတယ်။ ချစ်တာကိုး။

..........

5 comments:

မိုးစက်အိမ် said...

အကိုရေ ကျေးဇူး အရမ်းတင်ပါတယ်ဗျာ...
ခုလိုရေးပေးတာကို မအားတဲ.ခြားက ...
အကိုလဲ ကောင်းမလေးတွေ ကြည်တယ် အဟက်
ချစ်သူလေးနဲ. ဘ၀ တလျောက် လက်တွေ
ခိုင်ခိုင်မြဲပါစေဗျာ...အဲ အကို ညီကမိုးစက်ပွင်.
ဟုတ်ဘူး မိုးစက်အိမ်ပါ အကိုရ ဟီးးးးးးးးးးးးးးးးးးးး

မြူးသျှရီ said...

ဟေးးးးးးးးးးးး
သိသွားပြီ အရမ်းကြောက်တာကို
ဟီးးးးးးးးးးးးးးးးးးးးစတာနော်ကိုကြီး
အရမ်းချစ်တယ်ထင်တယ်ဟုတ်
အစဉ်ပြေပါစေရှင့်

မိုးခါး said...

ဟားဟား
ဘာခုမှကြောက်ပါဘီလဲ .. :P
စွံတယ်နော် .. :P

flowerpoem said...

ခုရီးစားအကြောင်းကျတော့ရော မရေးဘူးလား (အချွန်နဲ့မနေသည်) ဟဲ၂ ငယ်၂ကတည်းကစွံတာနော် ကိုကိုမောင်က လေးစားတယ်သယ်ရင်း

Anonymous said...

အကို ကလည်း ဘယ်လို ရည်းစားဖြစ်တာတွေလည်း မပါဘူး၊ကျနော်ကသိချင်နေတာ :P
အဆင်ပြေပါစေဗျာ