Monday 4 May 2009

ရောပြွမ်းကမ္ဘာ

နေသည် ပူပြင်း၏။ လောင်ကျွမ်း၏။ တောက်ပ၏။ ပြင်းထန်၏။ တက်ကြွ၏။
စမ်းရေသည် အေးမြ၏။ အေးချမ်း၏။ ကြည်လင်၏။ ပြတ်သား၏။ တည်ငြိမ်၏။

ဒေါသသည် နေနှင့်တူ၏။ မေတ္တာသည် စမ်းရေနှင့်တူ၏။
ဒေါသ၏ သဘောသည် ပူပြင်းလောင်ကျွမ်း၏။ မေတ္တာ၏ သဘောသည် ကြည်လင်အေးမြသော သဘောရှိ၏။ ဒေါသသည် ပြုလုပ်ကျူးလွန်ပြီးသောအခါ၌ နောင်တဖန်ပူလောင်စေ၏။ အရှက်ကို ဖြစ်ပေါ်စေတတ်၏။ ထို့အတူ မေတ္တာသည် ဖြစ်ဆဲကာလ၌လည်းကောင်း ဖြစ်ပြီးကာလ၌လည်းကောင်း အေးမြသောအသွင်ကိုဆောင်၏။ စိတ်ကို ငြိမ်းချမ်းစေ၏။

သဲကန္တာရခရီးကြမ်းသည် နေ့အခါ၌ တရှိန်းရှိန်းပူလောင်၏။ သံလျပ်တို့ဖြင့်အတိပြီး၏။ သဲမှုန်တို့ဖြင့် ပြည့်နှက်နေ၏။
အိုအေစစ်သည် တမြမြအေးချမ်း၏။ တစိမ့်စိမ့်ငြိမ်းအေး၏။ အမောကို ပြေပျောက်စေ၏။

ဒေါသသည် နေ့အခါ၌ဖြစ်ပေါ်သည့် သဲကန္တာရခရီးကြမ်းနှင့်တူ၏။
မေတ္တာသည် အိုအေစစ်စိမ့်စမ်းနှင့်တူ၏။
ဒေါသဖြစ်နေသောသူ၏စိတ်သည် ကြမ်းတမ်းနေတတ်၏။ ယောက်ယက်ခတ်နေတတ်၏။ ဗျာများနေတတ်၏။ လှုပ်ရှားနေတတ်၏။ အမှားအမှန်ကို မစဉ်းစားတတ်။
မေတ္တာတရားလက်ကိုင်ထားသူ၏စိတ်သည် ပျော့ပျောင်း၏။ တည်ငြိမ်၏။ အေးဆေး၏။ တည်ကြည်၏။ အမှားအမှန်ကို ကောင်းကောင်းခွဲခြားသိနိုင်၏။

လူတိုင်း ဒေါသ၏ ဆိုးပြစ်ကိုလည်းကောင်း မေတ္တာ၏ ကောင်းကျိုးကိုလည်းကောင်း ကျကျနနသိရှိကြ၏
ပူလောင်ခြင်း အေးမြခြင်းသဘောတရားတို့ကို သီအိုရီအနေဖြင့် နားလည်ကြ၏။ ဒေါသနှင့် မေတ္တာတို့၏ လုပ်ဆောင်မှုသဘောကိုလည်း သဘောပေါက်ကြ၏။ ထို့ကြောင့် ဒေါသကို ပယ်သတ်ပြီး မေတ္တာကို မွေးမြူချင်ကြ၏။

သို့သော် ဒေါသသည် မာယာအရမ်းများ၏။ တခါတရံ ကောဓ(အမျက်ထွက်ခြင်း)အနေနဲ့ အလည်လာ၏။ တခါတခါ ပဋိဃ(ကြမ်းကြုတ်ခြင်း)အဖြစ်ဖြင့် ချဉ်းကပ်လာတတ်၏။ တခါတခါ၌မူ ဘယ(ကြောက်ခြင်း)ပုံစံဖြင့် ၀င်ရောက်လာတတ်၏။ ဘယ်ပုံဘယ်နည်းနှင့်လာသည်ဖြစ်စေ ဒေါသသည် ဒေါသပင်ဖြစ်၏။ မေတ္တာမဖြစ်နိုင်။ ဒေါသကို ရှောင်ရှားရင်း ဒေါသနှင့်ချည်း ရင်ဆိုင်နေရတတ်၏။ မတွေ့ချင်သော သူကိုမှ တိုက်တိုက်ဆိုင်ဆိုင် ဒဲ့ဒိုး တွေ့ရတတ်သကဲ့သို့ဖြစ်၏။

ကျွန်ုပ်တို့ သာမန်ပုထုဇဉ်လူသားကို မဆိုထားဘိ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့သော ဂေါတမဘုရားအလောင်းသည် ပါရမီပြည့်သော ဝေဿန္တာမင်းလက်ထက်၌ပင် ဒေါသကို ရှောင်ကွင်းရင်း ဒေါသနှင့်ပက်ပင်းတွေ့ခဲ့ရပေသေး၏။ သားသမီးကို အလှူခံလာသော ဇူဇကာပုဏ္ဏားသည် ရေစက်ခံယူပြီး အလှူခံပြီးသောအခါ မင်းကြီးရှေ့ ၌ပင် မင်းကြီး၏ သားသမီးများကို ကြိုးဖြင့်တုတ်၏။ တုတ်ဖြင့်ရိုက်၏။ ပါးစပ်ဖြင့် ဆဲဆို၏။ ကြိမ်းမောင်း၏။

ရေစက်ချလှူပြီးသော အလှူပစ္စည်းသည် ထွေးပြီးသော တံတွေးနှင့် ဥပမာတူ၏။ ဝေဿန္တရာမင်းကြီးသည် သူ၏သားသမီးများဖြစ်သော ဇာလီနှင့်ကဏှာဇိန်တို့ကို ဇူဇကာပုဏ္ဏားကြီးအား ရေစက်ချလှူဒါန်းခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူ၏သားသမီးများသည် ထွေးပြီးသား တံတွေးနှင့်တူ၏။ အနည်းငယ်မျှ တွယ်ငြိစရာမလို။
သို့သော်... သားသမီးသည် သားသမီးပင်ဖြစ်၏။ မိဘသည် မိဘပင်ဖြစ်၏။ မိဘသည် သားသမီးများအား ကိုယ့်အသက်လောက် ချစ်ခင်တတ်ကြ၏။ သားသမီးနေမကောင်းဖြစ်လျင် မိဘနေမကောင်းသကဲ့သို့ ဖြစ်၏။ သားသမီးနာကျင်နေလျင် မိဘများ နာကျင်နေတတ်၏။ ဓမ္မတာပင်တည်း။

ဝေဿန္တရာမင်းကြီးသည် သူ၏သားသမီးများအား နှိပ်စက်နေသည်ကို မြင်သည့်အခါ နှလုံးသည်းပွတ်ထဲထိ နာကျင်၏။ အသဲကွဲလုမတတ် ကြေကွဲရ၏။ အရှင်လတ်လတ် တံကျင်လျှိုခံရသကဲ့သို့ ပူလောင်၏။ ထို့ကြောင့် လက်စွဲတော် သန်လျက်ကို သန်လျက်အိမ်အတွင်းမှ ဆွဲထုတ်လိုက်၏။ ဇူဇကာပုဏ္ဏားအား အပိုင်းပိုင်း ပိုင်းသတ်ရန် ကြံစည်၏။ စဉ်းစား၏။ တွေးတော၏။ ထိုနည်းအားဖြင့် ဒေါသ၏ အနုသယအဆင့်နှင့် ပရိယုဋ္ဌာနအဆင့်ကို မင်းကြီးကိုယ်တိုင် ကျူးလွန်ခဲ့၏။ သို့သော် နောက်ဆုံးဖြစ်သော ၀ီတိက္ကမအဆင့်သို့ မရောက်ခဲ့။ သတိချွန်းဖြင့် သူ၏ဒေါသကို ပိုင်ပိုင်နိုင်နိုင်ကြီး အုပ်နိုင်ခဲ့၏။

လူတိုင်း၌ရှိသော စိတ်သည် ပကတိအားဖြင့် ဖြူစင်၏။ စင်ကြယ်၏။ သန့်ရှင်း၏။
သို့သော် စိတ်သည် အမြဲတမ်းအရောင်ဆိုးခံရ၏။ စေတသိက်တို့၏ ခြယ်လှယ်မှုနောက် တကောက်ကောက် လိုက်ပါရရှာ၏။ စေတသိက်က မဲသွားလျင် သူပါလိုက်ပြီး အမဲဖြစ်ရ၏။ စေတသိက်က ဖြူပြန်လျင် သူပါလိုက်ပြီး အဖြူဖြစ်ရပြန်၏။ ဖြူစင်သန့်ရှင်းသည့် ပိတ်စပေါ်၌ ရောင်စုံဆေးရေးပန်းချီကား တစ်ချပ် ရေးဆွဲထားသကဲ့သို့ပေတည်း။

ဒေါသသည် အမဲဖြစ်၏။ မေတ္တာသည် အဖြူဖြစ်၏။
အမဲရှိမှ အဖြူသည် ပိုထင်ပေါ်၏။ အဖြူနှင့်ယှဉ်မှ အမဲသည် ပိုသိသာ၏။ အမြဲတမ်းဖြူနေလျင် အမဲ၏ သဘောကို မသိနိုင်။ အမြဲတမ်း မဲနေပြန်လျင်လည်း အဖြူ၏ အဆင်းကို နားမလည်နိုင်။ မွေးရာပါ မျက်စိကန်းနေသော လူတစ်ယောက်ကဲ့သို့ဖြစ်ပေ၏။

အချုပ်ဆိုရသော်
ဒေါသသည် ပူလောင်သော သဘောကို ဆောင်၏။ မေတ္တာသည် အေးမြသော အသွင်ကို ယူ၏။ အပူနှင့်ယှဉ်မှ အအေးသဘောကို ပိုသိနိုင်၏။ အအေးနှင့်တိုင်းတာမှ အပူ၏ သဘာဝကို ပိုသဘောပေါက်နိုင်၏။ ဒေါသအားကြီးသောသူသည် အပူကန္တာရခရီးခဲကို ဖြစ်သန်းလာ၍ မောပန်းနေခိုက် ရင်ဘတ်ကို ဆောင့်အကန်ခံရသကဲ့သို့ ပူလောင်နာကျင်တတ်၏။ မေတ္တာဓါတ်အားများသူသည် အိုအေစစ်မှ အပြန် မဒီကညာအချောအလှလေးက အောင်သပြေပန်းနှင့် လက်ကမ်းကြိုသကဲ့သို့ အေးမြကြည်နူးရတတ်၏။
သို့သော် ကျွန်ုပ်တို့ ပုထုဇဉ်လူသားတိုင်းသည် အပူချည်းသက်သက်လည်း မဖြစ်နိုင်။ ထို့အတူ အအေးချည်းသက်သက်လည်း မဖြစ်နိုင်ပေ။ အပူအအေး ရောနှောနေသော ရောပြွမ်းကမ္ဘာထဲမှာ ကျင်လည်ကျက်စားနေကြခြင်းပင်ဖြစ်၏။ ထို့ကြောင့် ဤကမ္ဘာကို ရောပြွမ်းကမ္ဘာဟု ကျွန်ုပ်ကိုယ်တိုင် ကဗျည်းတပ်လိုက်ခြင်းပင်ဖြစ်ပေတော့၏။

..............

4 comments:

flowerpoem said...

သယ်ရင်း ကိုကိုမောင်ရေ "ဒေါသသည် ပူလောင်သော သဘောကို ဆောင်၏။ မေတ္တာသည် အေးမြသော အသွင်ကို ယူ၏။ အပူနှင့်ယှဉ်မှ အအေးသဘောကို ပိုသိနိုင်၏" ဒီစာသားလေးကို မှတ်သွားပါတယ်
ဒီရက်ပိုင်းနည်း၂ အလုပ်များနေလို့ ပို့စ်တွေ ကျဲနေတာပါ အားပေးတာကျေးဇူးပါ ကိုကိုမောင်

မသက်ဇင် said...

ဖတ်ရတာစိတ်နှလုံးအေးချမ်းလိုက်တာ
ကျေးဇူးတင်ပါတယ်
ပျော်ရွှင်ပါစေ

မိုးစက်အိမ် said...

ကျွန်ုပ်တို့ ပုထုဇဉ်လူသားတိုင်းသည် အပူချည်းသက်သက်လည်း မဖြစ်နိုင်။ ထို့အတူ အအေးချည်းသက်သက်လည်း မဖြစ်နိုင်ပေ။ အပူအအေး ရောနှောနေသော ရောပြွမ်းကမ္ဘာထဲမှာ ကျင်လည်ကျက်စားနေကြခြင်းပင်ဖြစ်၏။
အဲဒါ အရမ်းမှန်တာပေါ. အကိုရာ...အကို
တွေးတာ ကောင်းတယ်ဗျာ...

Anonymous said...

ဖတ်ရှုမငြီး ဖြစ်မိပါတယ်။ ဒေါသရဲ့သဘော.. မေတ္တာရဲ့သဘောကို ရှင်းလင်းစွာ မြင်ယောင်မိတယ်။ ရောပြွမ်းကမ္ဘာကြီးထဲမှ အမည်းရောင် ဒေါသများကို တဖြည်းဖြည်း ဆေးကြောသန့်စင်ရင်း အဖြူရောင် မေတ္တာများ တိုးပွားစေဖို့ အားထုတ် သွားကြရမှာပဲ။ ပို့စ်လေး အတွက် ကျေးဇူးဗျိုး။ အေးချမ်းမှု တစ်ခုတော့ ရလိုက်တယ်။