Wednesday, 5 October 2016

သစ္စာဓိဋ္ဌာန် ပုံပြင်မှန်


မီးမီးသားသား၊ တူမများနှင့်
တူသား မြေးမြစ်၊ မှတ်ယူရစ်ဖို့
သစ္စာဓိဋ္ဌာန်၊ ပုံပြင်မှန်ကို
စိတ်ကြံအောင်ရေး၊ ပြောပြပေးမယ်။

ဟိုရှေးအခါ၊ တောတစ်ရွာတွင် 
သဒ္ဓါတရား၊ လွန်ပြည့်ငြားသည့်
မိသားတစ်စု၊ အိမ်တစ်ခု၌
ပူမှုကင်းဝေး၊ ဥယျာဉ်လေးဖြင့်
အေးအေးချမ်းသာ၊ နေထိုင်ပါသတဲ့။

ကြင်ယာသက်ထား၊ မွေးထုတ်ထားသည့်
သားကတစ်ယောက်၊ လင်တစ်ယောက်ဖြင့်
သုံးယောက်စုပြီး၊ ထိုအိမ်ကြီးတွင်
ပျော်ရွှင်မဆုံး၊ တပြုံးပြုံးပေါ့။

ထစ်ချုန်းရွာဖြိုး၊ ပဇ္ဇုန်မိုးတို့
တိုးပြီးဆက်ရွာ၊ တစ်နေ့မှာကား
ငါးဖြာဣနြေ္ဒ၊ ပြည့်စုံလေသည့်
မထေရ်တစ်ပါး၊ ဆွမ်းခံသွားခိုက်
ထင်ရှားသွင်ပြင်၊ ရုပ်ရည်သွင်ကို
မြင်လျှင်မြင်ချင်း၊ ကြည်ညိုရင်းကြောင့်
အတင်းပင့်ခေါ်၊ ဥယျာဉ်တော်၌
ဆွမ်းတော်လုပ်ကျွေး၊ ကျောင်းဆောက်ပေးပြီး
ကလေးမိဘ၊ ရဟန်းလှနှင့်
လေးဝပုဂ္ဂိုလ်၊ မြိုင်ရိပ်ခိုကြသတဲ့။

ရက်ကို လစား၊ လနှစ်စားဖြင့်
တိုးပွါးနေ့ရက်၊ တွင်တွင်ဆက်သော်
တစ်ရက်သောခါ၊ ဥယျာဉ်သာတွင်
ဆော့ကာမြူးတူး၊ သားလှဦးကို
လူးကာကပ်ချဉ်း၊ အဆိပ်ပြင်းသည့်
မြွေမင်းမဟောက်၊ အသေပေါက်၍
သက်ပျောက်ပမာ၊ မြေပထာတွင်
လျောင်းကာငြိမ်သက်၊ အဆိပ်တက်၏။

ချစ်သက် သားငယ်၊ အိုသူငယ်ရယ် 
ဘယ်ဝယ်ဘယ်ဘေး၊ ဘယ်ဝဋ်ကြွေးကြောင့်
ကလေးကိုမှ၊ ရွေးကိုက်ရလိမ့်
မိဘရင်ကျိုး၊ မျက်ရည်မိုးတို့
ဖြိုးဖြိုးရွာသွန်း၊ စိုလို့ရွှန်းပြီ
ရဟန်းတော်ရှင်၊ အိုသခင်တို့
ကယ်တင်ပေးပါ၊ ကယ်ပေးပါလော့။

ဒကာဒကာမ၊ မျက်ရည်ကျသော်
ပင့်ကြွဆည်းကပ်၊ ရဟန်းမြတ်လည်း
တံလျပ်ပမာ၊ ကရုဏာတို့
ယိုကာစီးဖိတ်၊ ဖြေမဆိတ်၍
တိတ်တိတ်မနေ၊ ပူရချေပြီ
အသေမဦး၊ အရှင်ဦးဖို့။

ရှေးဦးစကား၊ ငါမြွက်ကြားအံ့
ထောင်နားစိုက်ကာ၊ ရှေ့ရှုနာလော့
ရှေးခါဆီက၊ သုဝဏ္ဏဟု
ခေါ်ကြနာမည်၊ လောင်းဇာနည်သည်
ဆိပ်ရည်ပြည့်နှက်၊ မြှားဒဏ်ချက်ဖြင့်
အသက်သေဇော၊ တမြောမြောလျှင်
မိန်းမောကာသာ၊ ငင်နေရှာသော်
ထိုခါမိဘ၊ နတ်ဒေ၀တို့
သားလှရှင်ရေး၊ သစ္စာဆေးဖြင့်
ကုပေးပြီးနောက်၊ သက်ပြန်ရောက်သတဲ့။

သည်လောက်ဆိုလျှင်၊ သဘောဝင်လိမ့်
ငါပင်ရှေးဦး၊ သစ္စာထူးကို
မေ့မူးကလေး၊ သားလှလေးတွက်
မနှေးမှန်စွာ၊ ရွုတ်ဆိုပါအံ့
ငါသည်ရဟန်း၊ ၀ါသင်္ကန်းဖြင့်
ဆင်မြန်းဝတ်ရစ်၊ နေတုံလစ်လည်း
တဆစ်မပျော်၊ တစ်ပတ်ကျော်မှ
ခုသော်တိုင်ထိ၊ လွန်ပျင်းရိ၏
ငါ၏ဒကာ၊ မိတ်သဟာတို့
သဒ္ဓါတရား၊ လွန်ထောက်ထား၍
လူကားမချွတ်၊ ရဟန်းဝတ်ဖြင့်
ဝတ်ကြီးလှစွာ၊ နေရပါ၏
သစ္စာပြည့်သား၊ ဤစကားကြောင့်
သားလှမြွေဆိပ်၊ ပြေလျော့တိတ်လော့
တဆိတ်ခဏ၊ ဆိုပြီးစ၌
သားလှမျက်ခုံး၊ ဖွင့်ဖွင့်ရုန်းသည်
ပြုံးရွှင်မိဘ၊ ဘုန်းထေရတည်း။

အားရပျော်ညား၊ လင်ယောက်ျားလည်း
စကားသစ္စာ၊ ဆိုပြန်ရာ၏
ငါသည် မနှေး၊ ငါ့ကလေးတွက်
သက်ပေးအပ်နှင်း၊ သစ္စာသွင်း၏
အရှင်းဆိုရ၊ ငါ့ဘ၀သည်
ထေရရဟန်း၊ ပင့်ဆောင်မြန်း၍
သင်္ခမ်းကျောင်းအပ်၊ ကိုးကွယ်လတ်လည်း
တစ်ပတ်ကျော်မှ၊ ယခုကျအောင်
လုံးဝသူ့ကို၊ မကြည်ညိုဘူး
ထိုထိုသူများ၊ သိမသွားဖို့
တရားရှိယောင်၊ ကြောင်တောင်တောင်ဖြင့်
ဟန်ဆောင်ကာသာ၊ နေရပါသည်
သစ္စာပြည့်သား၊ ဤစကားကြောင့်
သားလှမြွေဆိပ်၊ ပြေလျော့တိတ်လော့
တဆိတ်ခဏ၊ ဆိုပြီးစ၌
သားလှခန္ဓာ၊ လွန့်လှုပ်လာသည်
ပျော်စွာမိဘ၊ ဘုန်းထေရတည်း။

အားရပျော်ညား၊ ထိုမယားလည်း
စကားသစ္စာ၊ ဆိုပြန်ရာ၏
ငါသည် မနှေး၊ ငါ့ကလေးတွက်
သက်ပေးအပ်နှင်း၊ သစ္စာသွင်း၏
အရှင်းဆိုရ၊ ငါ့ဘ၀သည်
လင်ရပြီးနောက်၊ တစ်ပတ်လောက်သာ
ယောက်ျားအပေါ်၊ ချစ်လျှက်ပျော်၏
ကျော်ကာထိုမှ၊ ခုချိန်ကျအောင်
လုံးဝမချစ်၊ လွန်မုန်းရစ်သည်
ထုတ်လစ်ပမာ၊ ပြရပါမူ
သားမှာကိုက်ပေါက်၊ ထိုမြွေဟောက်နှင့်
ယောက်ျားလင်ကို၊ နှိုင်း၍ဆိုသော်
ပိုမိုဆိပ်ပြင်း၊ မြွေဟောက်မင်းထက်
လင်ပျင်းကိုသာ၊ ပိုမုန်းပါသည် 
သစ္စာပြည့်သား၊ ဤစကားကြောင့်
သားလှမြွေဆိပ်၊ ပြေလျော့တိတ်လော့
တဆိတ်ခဏ၊ ဆိုပြီးစ၌
သားလှခန္ဓာ၊ ဆိပ်တက်ရာမှ
ပျောက်ကာအရှင်း၊ မြွေဆိပ်ကင်းသည်
ပျော်ခြင်းမိဘ၊ ဘုန်းထေရတည်း။

သားလှရတနာ၊ သက်ရှင်လာအောင်
နှစ်ဖြာမိဘ၊ ဘုန်းထေရတို့
ပြုကြလေလျှင်၊ သားသက်ရှင်ပြီး
ထေရ်ရှင်ဆရာ၊ မိဘမှာလည်း
သဒ္ဓါထပ်တိုး၊ သိဥာဏ်တိုး၍
ပွါးတိုးကြည်ညို၊ ချစ်စိတ်ပိုကာ
ပိုမိုအေးချမ်း၊ ရွှင်ကြည်လန်းဖြင့်
စံမြန်းနေကြတော့သတဲ့ကွယ်။

မောင်မယ်တို့လဲ၊ ပုံပြင်ထဲက
ဆိုခဲလှစွာ၊ ထိုသစ္စာကို
ဆိုပါနိုင်စေ၊ မှန်သက်သေဖြင့်
သံဝေလဲယူ၊ အတုယူပြီး
အတူတကွ၊ ညီညာကြ၍
မိဘဆရာ၊ မိတ်သဟာနှင့်
ပျော်စွာယှဉ်တွဲ၊ နေရစ်မြဲလော့။
ကဲ…..
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

မေတ္တာဖြင့်
တုံးဖလားသူကြီးမင်း (05 Oct 2016 04:06pm)






1 comment:

စံပယ်ချို said...

၊ ထိုသစ္စာကို
ဆိုပါနိုင်စေ၊ မှန်သက်သေဖြင့်
သံဝေလဲယူ၊ အတုယူပြီး
အတူတကွ၊ ညီညာကြ၍
မိဘဆရာ၊ မိတ်သဟာနှင့်
ပျော်စွာယှဉ်တွဲ၊ နေရစ်မြဲလော့........ဟုတ်ကဲ့ပါသာရျီး....ကျေးဇူးပါရှင်