Wednesday 31 August 2011

သူကြီးမင်းရဲ့ ဘလော့ဂါဒေး ပုံပြင်

"ဗျို့ သူကြီးမင်း"

"ဟာ.. မောင်ပေါက်ကျော်၊ မတွေ့တာ အတော်လေး ကြာသွားပြီကော"

"ဟုတ်တယ် သူကြီးမင်း၊ မတွေ့ဆို ကျနော်လဲ အလုပ်များနေလို့"

"ဘာတွေ လုပ်နေတာတုန်း မောင်ပေါက်ကျော်ရ"

"ဘာရယ်လို့တော့ မဟုတ်ပါဘူး သူကြီးမင်း၊ ပေါ်ကာဒေး ပွဲတွေ လိုက်စားနေလို့"

"ဘယ်လို ဘယ်လို မောင်ပေါက်ကျော်၊ ပြန်ပြောစမ်းပါဦး"

"ဟာ... သူကြီးမင်းကလဲ၊ ခေတ်နောက်ကျလိုက်တာ။ အိမ်သာနက်ထဲမှာ ပေါ်ကာဒေး ပွဲတော်ကြီး ကျင်းပနေတာ မသိဘူးလား။ ဒီနေ့ (သြဂုတ် ၃၁)မှာ တကယ့်ပွဲတော်ကြီးလေ"

"မောင်ပေါက်ကျော်.. မင်းလုပ်လုပ်မှ ဘလော့ဂါတွေအားလုံး ဖဲသမားတွေ ဖြစ်ကုန်ရော့မယ်။ ဘယ့်နှယ် ပေါ်ကာဒေးရမှာလဲကွ။ ဘလော့ဂါဒေးပါ။ ပြီးတော့ အိမ်သာနက် မဟုတ်ဘူး။ အင်တာနက်။ အင်တာနက်။ မင်းကတော့ အမှားတော်တော်ကောင်း"

"သိဘူးလေဗျာ။ ကျနော်က နားစွန်နားဖျားဘဲ ကြားခဲ့တဲ့ ဥစ္စာ။ သူကြီးမင်း သိတဲ့အတိုင်းဘဲလေ။ ကျနော်တို့ တုံးဖလားရွာမှာ ဘလော့ဂါတွေရော ဘလော့ချာတွေရော ဘလော့နာတွေရော တစ်ယောက်တစ်လေလေးတောင် ရှိမှ မရှိကြတာဘဲကို။ ပြီးတော့ အင်တာနက်ဆိုတာကြီးကလဲ စိတ်ထဲမှတ်ရ အရမ်းခက်တယ်။ ဒါကြောင့် လွယ်လင့်တကူဘဲ အိမ်သာနဲ့ တွဲမှတ်ထားမိတဲ့အတွက် အိမ်သာနက်လို့ ဖြစ်သွားတာပါ"

"မင်းပြောမှဘဲ ငါ ကိုရင်ပေါက်စ ဘ၀ကို အမှတ်ရသွားမိတယ်။ ပေါ်ကာဒေး ကျင်းပခဲ့ကြတာ။ အဲ... ပေါ်ကာ ဆွဲကစားခဲ့ကြတာလေ"

"ဟာ... စိတ်ဝင်စားစရာဘဲ။ ဆက်ပြောပါ သူကြီးမင်း"

"မင်း မပြောခိုင်းလဲ ပြောမှာပါဘဲ။ ပြောဖို့ နိဒါန်းချီနေတဲ့ ဥစ္စာ"

"ဟဲ.. ဟဲ... သူကြီးမင်းကတော့ တစ်နေ့ တစ်မျိုး မရိုးရဘူး။ ဆက်ပြောပါ သူကြီးမင်း။ ကျနော်ကတော့ အပါးတော်မြဲမှာ နားတော်စွဲလျှက် ရှိကြောင်းပါဗျားးး"

"အေးကွာ... ငါ ကိုရင်ပေါက်စ ဘ၀တုန်းက ဘယ်လိုကနေ ဘယ်လို ဖဲကစားတတ်လာမှန်း မမှတ်မိတော့ဘူး။ ပေါ်ကာတို့ ကိုးမီးတို့ တွမ်တီးဝမ်းတို့ အကုန် ကစားတတ်တယ်။ ကိုရင်ကျောင်းသားတွေ ကြားထဲမှာ ဖဲကစားခြင်း အနုပညာဟာ မသင်ရပါဘဲ တွင်ကျယ်ထင်ရှားလာတယ်။ ဒါပေမဲ့ ကျောင်းထိုင်ဘုန်းကြီးက လုံးဝ မကြိုက်ဘူး။ ဖဲကစားတာမိရင် ကြိမ်လုံးစာ မိဖို့သာ ပြင်ပေတော့ဘဲ"

"ဒါဖြင့် သူကြီးမင်းကော ကြိမ်လုံးစာ မမိခဲ့ဖူးဘူးလား"

"မမိခဲ့ဘဲ နေပါ့မလားကွာ။ ကိုရင်ကျောင်းသားနဲ့ ကျောင်းထိုင်ဘုန်းကြီးကြားမှာ ကြိမ်ဖူးဟင်း ကျွေးခြင်း ကြိမ်ဖူးဟင်းစားခြင်း အနုပညာက ထုံးစံကြီးဘဲကို "

"အင်း... အဲဒီ အနုပညာက ကြောက်စရာကြီးပါလား"

"မကြောက်ပေါင် မောင်ပေါက်ကျော်။ မကြောက်လို့လဲ သိသိကြီးနဲ့ မိုက်ကြတာလေကွာ။ တစ်နေ့မှာ ငါရယ် တစ်ခြား ကိုရင်နှစ်ပါးရယ်၊ ကျောင်းသားကြီးတစ်ယောက်ရယ်၊ နောက်ပြီးတော့ ဦးဇင်းတစ်ပါးရယ် ဆွမ်းစားကျောင်းက အခန်းတစ်ခန်းထဲမှာ ပေါ်ကာ ကစားနေကြတယ်။ အဲဒီ ဦးဇင်းဘွဲ့တော်က ဦးမုနိန္ဒတဲ့။ ငါးယောက် ငါးအိမ်ပြည့် ကစားကြတာပေါ့ကွာ။ ဘာတမ်းညာတမ်းတော့ မဟုတ်ပါဘူး။ နဖူးမှာ အိုးမဲခွေတမ်းလောက်ပါဘဲ။ ငါးယောက်လုံး တစ်လှည့်စီ ရှုံးကြတာဆိုတော့ နဖူးထိပ်မှာ အိုးမဲခွေ ကိုယ်စီတွေနဲ့ပေါ့"

"ဒါဖြင့် သူကြီးမင်း နဖူးထိပ်မှာလဲ အိုးမဲခွေကြီးနဲ့ပေါ့"

"မင်းကလဲ ငါးယောက်လုံးဆိုမှတော့ ငါလဲ ပါရောပေါ့ကွာ"

"ဟဲ ဟဲ အခုနေ ပုံဖော်ကြည့်ရင် ရယ်စရာကြီး ဖြစ်နေလို့"

"အင်း..... ဟုတ်မယ်။ အခုနေ ပုံဖော်ကြည့်ရင်တော့ ရယ်ချင်စရာကြီးပေါ့ကွာ။ အဲဒီတုန်းကတော့ မရယ်နိုင်ခဲ့ပါဘူး"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"ပေါ်ကာ ဆွဲတာ ကျောင်းထိုင်ဘုန်းကြီးနဲ့ မိသွားလို့"

"ဟင်.... ဟုတ်လား သူကြီးမင်း"

"အင်း... နေရာတိုင်းမှာ သစ္စာဖောက်တွေက များပါဘိသနဲ့။ ဘယ်ကိုရင်က တိုးတိုးတိတ်တိတ် ဘုန်းကြီးကို သွားတိုင်လဲ မသိပါဘူး။ ဘုန်းကြီးက ငါတို့ ပေါ်ကာဆွဲကစားနေတဲ့ ဆွမ်းစားကျောင်းပေါ် ဒိန်းဒိန်းဒိန်းဆိုပြီး တက်လာတယ်။ ငါတို့လဲ ဟာ ဆရာလာပြီဆိုပြီး ဖဲချပ်တွေကို စုပြီး ဖွက်လိုက်တာပေါ့ကွာ။ ဒါပေမဲ့လဲ ကလေးအတွေးဆိုတော့ လုံအောင် ဘယ်ဖွက်နိုင်ပါ့မလဲ။ ဖဲချပ်တွေ စုပြီးထပ်ထားတဲ့ ဖဲထုပ်ကြီးကို ငါတို့ ၀ိုင်းထိုင်နေတဲ့ ဖျာအောက်ကို ထိုးထားလိုက်တာကိုး။ ဖျာကြီးက မို့မို့မောက်မောက်ကြီး ဖြစ်နေတယ်။ ပြီးတော့ နဖူးက အိုးမဲခွေတွေကိုလဲ လက်ဖ၀ါးနဲ့ ပွတ်ပြီး အမြန်ဖျက်လိုက်ကြတယ်။ ဒါပေမဲ့ ပျက်မသွားပါဘူး။ ပျံ့ဘဲ ပျံ့သွားတာ။ ရယ်စရာကြီး။ ဘုန်းကြီးက မေးတယ်။ မင်းတို့ ဘာလုပ်နေကြတာလဲတဲ့။ စကားပြောနေကြတာ ဆရာလို့ ဖြေလိုက်ကြတယ်။ အဲဒီ ဖျာအောက်က ဘာကြီးလဲတဲ့။ ထုတ်ပြစမ်းတဲ့။ လက်တုန်တုန်နဲ့ ထုတ်ပြလိုက်ရတယ်။ ဖဲထုပ်ကြီး အထင်းသား ပေါ်လာတယ်။ ဘုန်းကြီးလက်ထဲ ချက်ချင်း ရောက်သွားတယ်။ ဘုန်းကြီးက ထပ်ပြောတယ်။ မင်းတို့အားလုံး မတ်တပ်ထစမ်းတဲ့။ ငါတို့အားလုံး မတ်တပ်ထလိုက်ကြတယ်။ အဲဒီအခါမှာ ငါတို့အဖွဲ့ထဲက ဦးဇင်းရဲ့ သင်းပိုင်ကြားထဲက ဖဲတစ်ချပ် ထွက်ကြလာတယ်။ သူက ဘုန်းကြီး လာတဲ့အခါ ဖြုန်းကနဲ သူ့သင်းပိုင်ကြားထဲ ထိုးထည့်ထားလိုက်တာကိုး။ အဲဒီ ဖဲချပ်ကို ဘုန်းကြီးလဲ မြင်ရော... မုနိန္ဒ အဲဒါ ဘာလဲတဲ့။ သိသိကြီးနဲ့ မေးတာ။ အဲဒီ ဦးဇင်းလဲ ဖြေလိုက်ပါတယ်။ ၀မ်း ပါဘုရား တဲ့။ A အကြီးကြီး တစ်ပေါက်ထဲ ဖဲချပ်လေ။ ဘုန်းကြီး စိတ်တွေ ဆိုးပြီး... မုနိန္ဒ.. မင်းလဲ မကြီးမငယ်နဲ့... မိုက်ချင်သေးတယ် ဆိုပြီး အားလုံးကို နဘန်ကျင်းသွားတယ်။ ပြီးတော့ မေးသေးတယ်။ ဒီ ဖဲထုပ် ဘယ်က ရလာတာလဲ တဲ့။ အဲဒီ ဦးဇင်းက ဖြေလိုက်တယ်။ ကိုရင်ကိုကိုမောင် ယူလာတာတဲ့။ ကဲ မှတ်ကရော။ အ တဲ့ သူ ခံကြစတမ်းပေါ့။ ဒါဖြင့် မဟုတ်ဘူးလားဆိုတော့ ဟုတ်တော့ဟုတ်တယ်။ ဒါပေမဲ့ ငါ့အပိုင် မဟုတ်ဘူး။ အခြားဘုန်းကြီးကျောင်းသား တစ်ယောက်ဆီက ခဏသွားငှားထားတာလေ။ သူတို့လဲ သိရဲ့သားကြီးနဲ့"

"အဲဒါပြီးတော့ ဘာတွေ ဆက်ဖြစ်သေးလဲ သူကြီးမင်း"

"ဘုန်းကြီးက ပြောတယ်။ ကိုရင်ကိုကိုမောင်... မင်း ငါ့နောက်လိုက်ခဲ့။ ရော့ ဒီဖဲထုပ်ပါ ယူလာခဲ့တဲ့။ ငါလဲ ဘုန်းကြီးနောက် လိုက်သွားလိုက်တယ်။ ဘုန်းကြီးက မီးခြစ်နဲ့ ဖယောင်းတိုင် ယူလာပြီး ဖဲ တစ်ချပ်ချင်းစီကို မီးရှို့ခိုင်းတယ်။ အားလုံး အချပ်ငါးဆယ်ကျော်ဘဲ။ မီးရှို့ပြီးတော့ ရေတစ်ခွက် သွားခပ်ခိုင်းတယ်။ ငါလဲ စိတ်ထဲက ဘုန်းကြီး ရေဆာလို့ နေမှာပါဆိုပြီး ရေတစ်ခွက် သွားယူလိုက်တယ်။ ဘုန်းကြီးက အဲဒီ ရေခွက်ထဲ ခုနက မီးရှို့ထားတဲ့ ဖဲချပ်ပြာမှုန့်တွေကို ထည့်ခိုင်းတယ်။ နောက် မွှေခိုင်းတယ်။ ပြီးတော့ ငါ့ကို သောက်ခိုင်းပါရောလား မောင်ပေါက်ကျော်.."

"ဟား ဟား ဟား။ ဘယ်လို အရသာရှိလဲ သူကြီးမင်း"

"ထွီး... တစ်ငုံသောက်ကြည့်ပြီး မထိန်းနိုင်ဘူး။ ထွေးထုတ်ပစ်လိုက်တယ်။ ဘယ်လို အရသာမှန်းတောင် ကောင်းကောင်း မမှတ်မိတော့ပါဘူး။ စပ်ခါးခါးနဲ့ ပြာအနံ့ ထင်တာပါဘဲ။ ငါလဲ ဆက်မသောက်နိုင်တော့ဘူး။ အဲဒီနေရာမှာတင် ငါ့ကို ဘုန်းကြီးက ဆော်ပလော် ထပ်တီးတော့တာပေါ့ကွာ။ ပြီးတော့ ထပ်ပြောသေးတယ်။ နောက်တစ်ခါ ဖဲကစားတာ မိရင် ဖဲပြာဟင်းနဲ့ ထမင်းစားရဖို့ ပြင်ထားတဲ့"

"သူကြီးမင်းကတော့ ရေပေါင်းစုံ ဟင်းပေါင်းစုံ စားဖူးမဲ့ ပုံဘဲနော်"

"ငါလဲ နောက်တော့ ဖဲမကစားရဲတော့ပါဘူးကွာ။ ဖဲဖျော်ရည် သောက်ရတာနဲ့တင် နောင်ကြဉ်သွားပါပြီ။ ဒါပေမဲ့ တစ်ခြား ကိုရင် ကျောင်းသားတွေကတော့ ထပ်ကစားကြသေးတယ်ကွ"

"ဟုတ်လား သူကြီးမင်း။ တော်တော် သတ္တိရဲတဲ့ ကိုရင် ကျောင်းသားတွေဘဲ"

"သတ္တိရဲဆို သူတို့က ကျောင်းပေါ်မှာ မကစားကြဘူးလေ"

"ဒါဖြင့် ဘယ်မှာ သွားကစားကြတာလဲ"

"မင်းပြောတဲ့ အိမ်သာနက်ထဲ သွားကစားကြတာ"

"ဘယ်လိုလုပ်ပြီး အိမ်သာနက်ထဲ သွားကစားကြတာလဲ သူကြီးမင်း"

"အေးကွာ.. ပြောရရင်တော့ အဲဒီတုန်းက ဘုန်းကြီးကျောင်းမှာ ကိုရင်ကျောင်းသားက စုစုပေါင်း ရာချီရှိနေတာကိုး။ အဲဒီတော့ ကိုရင်အိမ်သာသီးသန့်၊ ကျောင်းသာအိမ်သာ သီးသန့် ဆောက်ထားပေးရတယ်။ ကျောင်းသား ဦးရေက ပိုများတဲ့အတွက် ကျောင်းသားအိမ်သာကို ပိုကြီးကြီး ဆောက်ပေးရတယ်။ အလျား ၁၅ ပေ အနံ ၅ ပေ လောက်ရှိတယ်။ အနက်က ၁၅ ပေလောက် ရှိမယ်ထင်တယ်။ အိမ်သာကျင်းပေါ် ကြမ်းပြင်ခင်းထားတယ်။ အိမ်သာတက်ဖို့ အပေါက် ၇ ပေါက်လောက် ဖောက်ထားပေးတယ်။ တစ်ပြိုင်နက် ၇ ယောက် တက်လို့ရတဲ့ သဘောပေါ့။ ဒါပေမဲ့ အခန်းတော့ ဖွဲ့ထားမပေးဘူး။ အမိုးကို သက်ကယ် မိုးပေးထားတယ်။ အဝေးက ကြည့်ရင်တော့ အိမ်သာနဲ့ မတူဘဲ အိမ်တစ်လုံးနဲ့ တူနေတယ်။ ဖြစ်ပုံက ဒီလို။ အဲဒီ အိမ်သာကို သုံးစွဲခဲ့တာ ကြာပြီထင်ပါ့။ တစ်ဝက်လောက်က ပြည့်နေပြီ။ အိမ်သာကလဲ သိပ်မကောင်းတော့ဘူး။ ဒါနဲ့ ဘုန်းကြီးကျောင်းဝင်းထဲ နောက်ထပ်အိမ်သာတစ်လုံးထပ်ဆောက်တယ်။ ရေလောင်းအိမ်သာပေါ့။
ရေလောင်းအိမ်သာ ဆောက်ပြီးသွားတော့ ကျောင်းသားအများစုက ရေလောင်း အိမ်သာဘက် သွားတက်ကြတယ်။ လက်ရှိ အိမ်သာကို သိပ်အသုံး မပြုကြတော့ဘူး။ အိမ်သာပျက်လိုလို ဘာလိုလို ဖြစ်နေတာပေါ့။ ဒါပေမဲ့ ရေလောင်းအိမ်သာ မသုံးတတ်တဲ့ တစ်ချို့ ကျောင်းသားအနည်းစုက ရံဖန်ရံခါ အိမ်သာပျက်မှာ လာတက်တတ်တယ်။ ကိုရင်ကျောင်းသားတွေက အဲဒီအိမ်သာပျက် ကြမ်းပြင်ကို ခွါလိုက်ပြီး အိမ်သာထဲ ဆင်းကာ ကျင်းတစ်ဝက်လောက်မှာ လင့်စင်လိုလို စင်တစ်ခု သွားထိုးထားကြတယ်။ ထောက်တိုင်တွေနဲ့ ကျကျနန ကန်ထားတယ်။ လေးငါးယောက်လောက်တော့ အသာလေး နေလို့ရတဲ့ လင့်စင်မျိုးပေါ့။ ပြီးတော့ ကြမ်းပြင်ကို ပြန် ခင်းထားလိုက်ကြတယ်။ ဒါပေမဲ့ သံတော့ ထပ်မရိုက်ထားတော့ဘူး။ စာအံကျောင်းဆင်းရင် ဖဲကစားမဲ့ ကိုရင်ကျောင်းသား ငါးယောက်လောက် အိမ်သာကို လာပြီး ကြမ်းပြင်ကို ခွါ၊ အိမ်သာထဲဆင်း၊ ကြမ်းပြင်ကို ပြန်ကပ်၊ လင့်စင်ပေါ် ကျကျနန ထိုင်၊ ဖယောင်းတိုင် မီးထွန်းပြီး ဖဲကစားကြတော့တာပေါ့၊ လင့်စင်ပြိုကျရင်တော့ ဗြန်းကနဲ နေမှာ။ ဒါပေမဲ့ လင့်စင်က အခိုင်သား တစ်ခါမှ ပြိုမကျခဲ့ဘူး"

"တော်တော်ဆိုးတဲ့ ကိုရင်ကျောင်းသားတွေ။ ဒါနဲ့ သူတို့ အနံ့ မနံကြဘူးလား"

"မနံဘဲ ဘယ်နေပါ့မလဲကွာ။ ဒါပေမဲ့ တစ်ခုကို ကြိုက်မှတော့ ကျန်တာတွေ မေ့ထားကြတော့တာပေါ့။ မင်းသိတဲ့ အတိုင်းဘဲလေ ကြိုက်မိသွားရင် ဘာကိုမှ မရွံရှာတတ်ကြတော့ဘူး မဟုတ်လား"

"ဒါဆိုရင်ရော သူတို့ကော ကျောင်းထိုင်ဘုန်းကြီးနဲ့ မိသေးလား"

"သူတို့ကတော့ အေးဆေးပါဘဲ။ ကျောင်းထိုင်ဘုန်းကြီး မသိလိုက်ရှာဘူး။ မသိဆို သူတို့ကလဲ လူယုံလောက်ဘဲ အသိပေးထားတာလေ။ အားလုံးမသိကြဘူး။ အားလုံးသိရင် သူလျှိုတွေ ရှိတယ်မဟုတ်လား။ စိတ်မချရဘူး။ ဒါကြောင့် သူတို့ တစ်ဖွဲ့ဘဲ တိုးတိုးတိတ်တိတ်ပေါ့"

"ဒါဖြင့် သူကြီးမင်းက သူတို့ အိမ်သာနက်ထဲ ဖဲကစားတာ ဘယ်လိုလုပ် သိတာလဲ။ ဧကန္တတော့ သူကြီးမင်း ကိုယ်တိုင် အိမ်သာထဲ ဆင်းပြီး ကစားခဲ့ဖူးတယ် ထင်ပါ့"

"မဟုတ်ရပါဘူး မောင်ပေါက်ကျော်ရာ။ ငါသိရခြင်းအကြောင်းက ဒီလို။ ကျောင်းဝင်းက အကျယ်ကြီးဆိုတော့ အိမ်သာကို ကျောင်းအဆောင်ကနေ တစ်ပြလောက် ခပ်ဝေးဝေးမှာ ဆောက်ထားတယ်။ အိမ်သာနဲ့ ကပ်ရက်မှာ ၀ါးနက်ရုံကြီး တစ်ရုံရှိတယ်။ လေတိုက်ရင် တရှဲရှဲနဲ့ပေါ့။ ညဘက်မဆိုထားနဲ့ နေ့လည်ဘက်မှာတောင် တစ်ယောက်ထဲ အိမ်သာ မတက်ရဲတဲ့ ဘုန်းကြီးကျောင်းသားတွေ အများကြီး။ တစ်နေ့ သူတို့အုပ်စု အိမ်သာနက်ထဲ ဖဲကစားနေစဉ်မှာ ရေလောင်းအိမ်သာ မသုံးတတ်တဲ့ ကျောင်းသား တစ်ယောက် အဲဒီအိမ်သာပျက်မှာ အိမ်သာ လာတက်တယ်။ အဲဒီကျောင်းသားက အိမ်သာအောက်ထဲမှာ ဖဲကစားနေကြတာကို မသိဘူး။ အိမ်သာ တံခါးကို အသာလေး ဖွင့်ပြီး အိမ်သာထဲဝင်ကာ အိမ်သာပေါက် တစ်ခုအပေါ် ထိုင်လိုက်တယ်။ ဖြစ်ချင်တော့ သူထိုင်တဲ့ အိမ်သာပေါက် အောက်တည့်တည့် နံရံကပ်ရက်မှာက ဖဲကစားနေတဲ့ ကိုရင်ကျောင်းသားတွေ ရှိနေကြတယ်။ ထွက်ခါနီးလေး အချိန်မှာဘဲ အောက်က ဖဲဝိုင်းထဲက ကျောင်းသား တစ်ယောက်က အပေါ်ကို လှမ်းပြောလိုက်တယ်။ ဟေ့ကောင်.. ဒီအပေါက်တည့်တည့်အောက်မှာ ငါတို့ ရှိနေတယ်။ မင်း ဟိုဘက် အစွန်က အပေါက်ကို သွားပြီး အိမ်သာတက်ပါ ဆိုပြီးတော့ပေါ့။ အပေါ်က ကျောင်းသားလဲ အိမ်သာထဲက သရဲခြောက်တယ် ဆိုပြီး ဗုဒ္ဓံ ပူဇေမိ၊ ဓမ္မံ ပူဇေမိ၊ သံဃံ ပူဇေမိ လို့ အကျယ်ကြီး အော်ဟစ်ကာ အိမ်သာ မတက်ဘဲ ထွက်ပြေးလာခဲ့တယ်။ ကျောင်းထိုင်ဘုန်းကြီးက အဲဒီလို ဘုရားစာတွေ ရွတ်ဖတ်ရင် တစ္ဆေသရဲတွေ ထွက်ပြေးသွားတယ် လို့ သင်ထားတာကိုး။ ဒါနဲ့ နေ့လည်ခင်းကြောင်တောင် သရဲ မခြောက်လောက်ပါဘူး ဆိုပြီး ငါတို့ သွားကြည့်ကြတယ်။ အဲဒီတော့မှ အိမ်သာနက်ထဲက ဖဲဝိုင်းအကြောင်း ငါ သိသွားတာ။ ဒါကြောင့် မင့်ကို ငါ အခု ပြန်ပြောပြနိုင်တာ"

"ဟား ဟား ဟား သူကြီးမင်းက စုံနေတာဘဲ။ ဒါဖြင့် အဲဒီနေ့ဟာ သူကြီးမင်းအတွက် အိမ်သာနက်ထဲက ပေါ်ကာဒေး တစ်ခုကို တက်ရောက်ခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တာပေါ့နော်"

"ကဲ ကဲ မောင်ပေါက်ကျော်။ သူများ စားနေတုန်း သောက်နေတုန်း ငါတို့ ပြောတာတွေ ကြားသွားရင် မကောင်းဘူး။ အားနာစရာကြီး။ ဒီစကား ဒီမှာ ရပ်ပြီး ဘလော့ဂါဒေးဘက် လှည့်ကြဦးစို့ရဲ့"

"သူကြီးမင်း အခုတောင် အတော်လေး ရှည်သွားပြီနော်။ နာမည်တွေ အကုန်လိုက်ရေးနေရင် မိုးလင်းသွားလိမ့်မယ်။ ပြီးတော့ သူကြီးမင်းက နာမည်တွေ အများကြီး တန်းစီရေးပေမဲ့ သူကြီးမင်းရဲ့ ရွာသားတွေက သူတို့ နာမည်ကိုဘဲ ရွေးပြီး ရှာဖတ်တတ်ကြတာကလား"

"ဟာ... မင်း အဲဒီလိုတော့ မပြောပါနဲ့ကွာ။ သူတို့ ဖာသာ သူတို့ နာမည်ကို အရင်ရှာဖတ်တယ်ဆိုပေမဲ့ သူတို့နာမည်တွေ့ပြီးရင် ကျန်တာတွေကိုလဲ ဖတ်ပါတယ်"Link
"ဒါနဲ့... သူကြီးမင်း... ကျနော် ဟို ရွာသုံးရွာကို ရောက်ခဲ့တယ်။ ဘလော့ဒေးနဲ့ ပတ်သက်လို့ သူတို့ရွာတွေက အင်တာတိန်းမင့် မဆိုးဘူး။ ကျနော်ကြိုက်တယ်"

"ရှူး တိုးတိုး... မင်း အဲဒီလို မခွဲခြားနဲ့။ ရွာတိုင်းက ဆက်ဆံရေး ကောင်းကြပါတယ်။ ပြီးတော့ မင်းက ဘယ်ချောင်ချို ချောင်ခြားက ရွာကို ရောက်ခဲ့တာလဲ မသိဘူး။ ဒါနဲ့ ဆိုစမ်းပါဦး၊ မင်းက ဘယ်သုံးရွာကို ရောက်ခဲ့တာလဲ"

"ပြောပြောချိုတဲ့ ချောချောတို့ရွာအသာမာန်ဖီနေတဲ့ ဆရာဟန်ကြည်တို့ရွာမဟာအချစ်တွေနဲ့ ဆရာမြစ်တို့ရွာ တွေလေ"

"အာ... မင်းက တကယ့် ရွာကြီးတွေ ရောက်ခဲ့တာကိုး။ သူတို့က တကယ့် ပရိုတွေကွ။ ဒါကြောင့် မင့်ကို သေချာ ဧည့်ခံပေးကြတာ"

"ပရိုဆိုတာ ဟို.... လက်ရှိပဒေသရာဇ်ရဲ့ ဘက်တော်သားတွေကို ပြောတာလား သူကြီးမင်း"

"ဘယ်ကလာ... မဟုတ်တာ။ ငါပြောတာက ပရော်ဖက်ရှင်နယ်ကို ပြောတာ"

"အော်... အဲလိုလား"

"သူတို့ရဲ့ ဘလော့ဒေးကို ဖတ်ကြည့်ရင် မင်း မြင်လာလိမ့်မယ်။ သူတို့ရဲ့ စေတနာ၊ သူတို့ရဲ့ ၀ါသနာ၊ သူတို့ရဲ့ အနစ်နာ တွေကို။ ဘလော့တိုင်းကို သေသေချာချာ ကျကျနနဖတ်ပြီး ဘလော့ဂါတစ်ယောက်ချင်းစီရဲ့ အကြောင်းအရာတွေနဲ့ ပုံဖော်ပေးထားကြတယ်။ ပြီးတော့ အဆင်သင့်ဖတ်နိုင်အောင် မအားတဲ့ ကြားထဲက အချိန်တွေ အင်အားတွေ အများကြီး စိုက်ထည့်ထားပြီး လင့်ခ်တွေကို ချိတ်ပေးထားကြတယ်။ အဲဒီလိုမျိုး စေတနာ ၀ါသနာ အနစ်နာတွေကို မင်းလဲ မလုပ်နိုင်ဘူး။ ငါလဲ မလုပ်နိုင်ဘူး။ ဒါကြောင့် ပြောတာ သူတို့က တကယ့် ပရိုတွေလို့"

"အင်း ဟုတ်တယ်နော်။ ချီးကျူးစရာဘဲ"

"ကဲ ကဲ ချီးကျူးရုံနဲ့ မပြီးသေးဘူး။ ဘလော့ရွာသားတွေ အားလုံး ကျန်းမာချမ်းသာပြီး ကျက်သရေတိုးပွါးအောင် ၀ိုင်းဝန်းပြီး ဆုတောင်း ပေးကြဦးစို့ရဲ့"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"ဖော.... ဿရီး... တူး... ၀မ်း ...."

"(ဘ၀တု သဗ္ဗမင်္ဂလံ) သံပြိုင်"

"အာ.. မဟုတ်သေးပါဘူး။ ဒီစကားလုံးက ၀ံပုလွေရွာသူ မေဓာဝီ အိပ်ခါနီး အိပ်ချင်မူးတူး ဆုတောင်းသွားတဲ့ ခပ်တိုတို ဆုတောင်းလေးဘဲ။ သူ့ခမျာ တော်သေးတယ်။ မင်္ဂလံ မရောက်ခင် အိပ်မပျော်သွားလို့"

"ဒါဖြင့် ဘယ်လိုလုပ်မလဲ သူကြီးမင်း"

"ငါတို့ ဒီလို လုပ်ကြရအောင်... ကမ္ဘာကြီး ငြိမ်းအေးဖို့ အန်တီတင့်ရဲ့ ကမ္ဘာအေးဘုရား သွားဖူးရအောင်။ ဟုတ်ပြီလား။ အဲဒါပြီးရင် မောင်လေးရဲ့ တည်းခိုခန်း အဲလေ... မျောလွင့်တိမ်တို့ နားခိုရာမှာ ခဏအပန်းဖြေမယ်။ သူကလဲ ဖွယ်ဖွယ်ရာရာ ဧည့်ခံလေ့ရှိတတ်တယ်လေ။ အဲဒီနောက်တော့ သီချင်းလေး တကြော်ကြော်နဲ့ အညာပုဂံ ဘုရားဖူး သွားကြတာပေါ့"

"ဟာ... ဟုတ်တယ်။ အဲဒီ အစီအစဉ်ကောင်းတယ် သူကြီးမင်း။ သွားကြစို့ရဲ့"


..
မှတ်ချက်။
နာမည်အားလုံး မဖော်ပြနိုင်တာကို ခွင့်လွှတ်ပေးကြပါလို့ အနူးအညွတ် တောင်းပန်ပါတယ်။ ဘလော့ဂါဒေးမှာ ဘလော့ဂင်းသူတွေကော ဘလော့ဖတ်သူတွေကော ၃၁ဘုံသားတွေကော ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ကောင်းမွန်တဲ့ လိုအင်ဆန္ဒတွေ မှန်သမျှ ပြည့်ဝနိုင်ကြပါစေ။ ။

.

34 comments:

သဒ္ဓါလှိုင်း said...

ပုဂံဘုရားဖူးသွားရင်တော့ ချန်မထားခဲ့ကြပါနဲ့နော်။
ဘလော့ဒေးအမှတ်တရလေးကို ဖတ်ပြီး ပြုံးရတယ်။
သူကြီးမင်းလည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ တုံးဖလားရွာကြီးကအင်တာနက်ထဲမှာ ပေါ်ကာဆွဲနိုင်ပါစေ.(အဲလေ.. မှားလို့) ဆက်လက်ချီတက်နိုင်ပါစေလို့ ဆုမွန်တောင်းပါတယ်။
ခင်မင်လျက်
သဒ္ဓါ

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ သူကြီး-
ဘလော့ဒေး မှာအမှု့ လိုက်နေသလား-
ဟို ---ဆေးများဖေါ်နေသလားလို့ လာကြည့်တာဗျ-
ပုဂံဘုရားဖူးသွားတယ်ဆိုတော့ သာဓု သာဓု သာဓု ပါ
ခင်ဗျာ-

နေ၀သန် said...

ဟားဟား.. မမေဓါဝီကို ခွေ့သွားလိုက်သေးတယ်... :D

ခင်မင်လျက်
နေ၀သန်

blackroze said...

happy blog day ပါ..တဂျီးမင်း

Angelhlaing(May everybody be happy and healthy! said...

Happy blog day ပါအကို ရေ:)
ဘုရားဖူး လိုက်ခဲ့မယ်နော် အကို:P

သက်တန့်ချို said...

လူပျိုသူကြီးမင်းရေ အိမ်သာနက်ထဲက ပေါ်ကာဒေးအကြောင်းဖတ်သွားပါတယ် ဟိဟိဟိ အတော်ရီရတယ် အစဉ်အမြဲအားပေးနေပါတယ်ခင်ဗျ ။

ငွေလမင်း said...

သူကြီးမင်း ရဲ့ ဘလော့ဒေးပို့စ်လေးက တမျိုးလေးဘဲ ဖတ်ပြီး ပြုံးပျော်ချင်စရာပါ
စကားမဆက် သူကြီးမင်းက အိမ်သာနဲ့ ပတ်သက်တဲ့ ပိုစ်တွေမှာ ပရို ကျတယ် ဟဲဟဲ ခင်မင်လို့ စတာပါ

seesein said...

အိပ်သာနတ်ထဲမှာဝင်ပြီး ပေါ်ကာတင်လားဗျ သူဂျီးမင်း

ခင်မင်တဲ့
စစ

မဒမ်ကိုး said...

သူကြီးတို့ကတော့လုပ်ချလိုက်ပြန်ပြီး)

SHWE ZIN U said...

အိမ်သာနက် ထဲမှာ ဂျိုကာသုံးကောင် နဲ့ ဒေါင်းသွားတာ လက်စသတ်တော့ သကြီးမင်း ဖြစ်နေတာကိုး

သြ ချရလောက်အောင် အိမ်သာ ပရိုဖြစ်လှပါတယ်
ကန်တော့ ကန်တော့

နောက်တခါတော့ မစားခင် သကြီးပိုစ့် ကိုမဖတ်တော့ဘူး

ပျော်ရွှင်ချမ်းမြေ့ပါစေ
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ကော်မန့်က ရေးပြီးတင်လိုက်တာ တက်သွားပြီထင်နေတာ ဘယ်များရောက်သွားပါလိမ့်..
ဧကန္တ သူဂျီးမင်းရဲ့ အိမ်သာနက်ထဲ ကျသွားတယ် ထင်ပါ့။
သူဂျီးတို့များ အိမ်သာထဲတောင် ဖဲရိုက်ရတယ်လို့ သြောချရလောက်ပါရဲ့။း)
ဒါနဲ့ ဖဲရိုက်ရင်း အစားအသောက်တွေရော မစားကြဘူးလား တော်တော်ချိုမှာဘဲနော်
မောင်ပေါက်ကျော်က သူဂျီးမင်းကို ပြန်ပြောမယ်မှန်းသိရင် အငြိမ့်လေးဘာလေးနဲ့ ဧည့်ခံလိုက်ပါတယ် ပိုစည်ကားသွားအောင်လေ။
သူဂျီးရဲ့ ပေါ်ကာဒေး (အဲလေ) ဘလော်ဂါဒေးကလည်း တစ်မျိုးတစ်ဖုံထူးခြားပြီး ပျော်ဖို့ ကောင်းနေပြန်ရော။
ဒါနဲ့ .. ဖဲဖျော်ရည် ဘယ်လိုနေတုန်း ဈေးကွက်မှာ တင်ရောင်းဖို့ စိတ်ကူးရှိသလား သူဂျီးး)

တောက်ပကြယ်စင် said...

အင့် နာမည်လည်း ပါဘူး။ သွား လူဆိုး။

့Happy Blog Day ပါ သူကြီးမင်းရေ။ ဒါနဲ့ သူကြီးမင်းက အိမ်သာအကြောင်း ကောင်းကောင်းသိတာပဲလား။ အိမ်သာမျိုးစုံ အကုန်သိနေတာပါလား။ ဖတ်ရင်းနဲ့ ရယ်နေရတယ်။

ကျန်းမာပျော်ရွှင်ပြီး အောင်မြင်စွာ ဆက်လက်ငင်နိုင်ပါစေနော်...

မြစ်ကျိုးအင်း said...

ဒီလိုမြှောက်ပေးမှန်းသာသိရင် သူကြီးကို ပန်းသီးမရောင်းခိုင်းဘဲ ဂေါပကလူကြီး လုပ်ခိုင်းမှာ။
ဘလော့ဂ်ရွာသူရွာသားတွေ ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင် ရှိကြတာ ဝမ်းသာစရာပါပဲ။

ဟန်ကြည် said...

အလိုလေး...ထူးဆန်းလိုက် ထွေပြားလိုက်ပါတဲ့ အိမ်သာနက်ပါလား သူကြီးရယ်...ဖဲရိုက်စရာ နေရာက တကယ့်ကို မဟာဗျူဟာ မြောက်လှချေလား...ကျလိုက်လို့ကတော့ ညစာရော မနက်စာပါ သုံးရက်လောက်လွတ်မယ့် ကိန်းကြီးမို့ တွေးရင်းနဲ့တောင် ကြောစိမ့်လာတယ်...

သူကြီး အခုလို ပုံပြောကောင်းတာ ဆရာဘုန်းကြီးရဲ့ ဖဲပြာသောက်ခဲ့လို့ဖြစ်မယ်...အရှိန်မပျက်ဘဲ နေ့တိုင်းဆက်သောက်သွားရင် တစ်နေ့နေ့မှာတော့ သူကြီးလည်း ဖဲမှော်အောင်သွားမယ်ထင်ရဲ့...း)))

ဘလော့ဂ်ဒေးပို့စ်ထဲမှာပါ ပုံပြင်ပြောဖြစ်အောင် ပြောသွားတဲ့ သူကြီးကတော့ အန်းဒါးဆင်းနဲ့ အရင်ဘ၀က ဆွေမျိုး ကိုးဆယ့်ခြောက်ဝမ်းကွဲများ တော်ခဲ့သလားမသိဘူးဗျို့...

အသာမာန်ဖီတဲ့ ဆရာဟန်ကြည် ကာရန်ကတော့ မနိပ်ဘူး သူကြီးရယ်...ဆရာဟန်ကြည်က အသာမာန်မဖီဘူးဗျ...တစ်ခါတည်း အပြီးကိုက်ထည့်တာ...ဟားဟား...တကယ်ဆို ကာရန်ပီတဲ့ ဆရာဟန်ကြည်ဆို ဟုတ်သေး...း)))

mstint said...

ရယ်ရွှင်ဖွယ် ဘလော့ဂ်ဂါဒေးပုံပြင်လေးကို ကြည်နူးစွာ ဖတ်သွားပါတယ် ကိုကိုမောင်ရေ။
ဘုရားဖူးလာမည့်နေ့ လူအရေအတွက်နဲ့ တခါတည်း ဘုတ်ကင်တင်ထားနော် အုန်းနို့ခေါက်ဆွဲချက်ကျွေးမလို့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

သူကြီးမင်း
မသိတာ မရှိ ၊ မစားဖူးတာ မရှိရလေအောင်
နောင် ကြုံခဲ့ရင်
ဖဲပြာထမင်း နဲ့ ဟင်းလေးပါ
စားကြည့်လိုက်လေ .. :D

ဟက်ပီး ဘလော့ဒေး ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကိုဇော် said...

ဟားဟားဟား . . ဘယ်လိုပဲ ဖြစ်နေပါစေ။ မရရအောင်တော့ သူ့ရွာကို ဇာတ်လမ်းထဲ ထည့်ရေးလိုက်သေးတာပဲပေါ့လေ။ ဂွတ်ထအိ။

မေဓာဝီ said...

စွယ်စုံရ သဂျီးမင်း ကိုရင်ဘ၀က ဖဲပြာတွေသောက်လို့ အသက် ၈၀ ကျော်ထိ အသားအရေ နုဖတ် အုအက်နေတာ ထင်တယ်နော်။
နောက်တခါ မင်းဂန်ရွာမှာ ဆုံရင် သဂျီးအတွက် စပယ်ရှယ် ဖဲပြာဖျော်ရည် တဂါလံ လက်ဆောင်ပေးပါ့မယ်။

လသာည said...

ဟက်ပီး ဘလော့ဂ်ဒေး...
ထုံးစအတိုင်း သဂျီးရဲ့ ရသလေးများကတော့ အမြဲဖတ်ကောင်းနေတာပါပဲ..။ နောင်နှစ်နောင်နှစ် ဘလော့ဂ်ဒေးပေါင်းများစွာ ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေ..
ခင်မင်လျှက်

မေသိမ့်သိမ့်ကျော် said...

Happy Blog Day!!!

နောက်ကျမှ လာနှုတ်ဆက်ရတာခွင့်လွှတ်ပါ။
ဟိုက် အိမ်သာထဲမှာ ဖဲရိုက်တယ်လို့ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ရယ်။ ဂယ်ပဲ။း) တော်သေးတယ် သရဲခြောက်တယ်ထင်ပြီး ပြေးလို့ မပြေးပဲ....ဆိုရင်။ ဟိဟိ။

ခင်တဲ့
မေသိမ့်

ညိမ်းနိုင် said...

အဲ...တဂျီးရေ.....ဘယ်လိုကဘယ်လို တဂျီးရဲ့ ဘလော့ဒေး
ပို့စ်ကို ကျော်သွားပါလိမ့်ဗျာ...၊ခုမှတွေ့လို့ ခုမှလာရတယ်..
ကျွန်တော့်စိတ်ထင် ၃၁ရက်နေ့က ကျွန်တော့်ဆိုက်မှာလင့်
တွေတက်မလာတာထင်ရဲ့...၂ယောက်၃ယောက်လောက်
ဖတ်ဖို့ကျန်သွားတယ်...။ကဲထားတော့.....ပြောချင်တာက
တော့ ဘုရားဖူးကအပြန် ကျွန်တော့်တည်းခိုခန်း....အဲ...
နားခိုရာလေးမှာ လာတည်းခဲ့ရင် ဖွယ်ဖွယ်ရာရာ ရေအဝ
တိုက်မယ်...လို့....:)))

မြတ်နိုး said...

စိတ်ဆိုးတယ်..နာမည်မပါလို့..

မြတ်နိုး said...

စိတ်ဆိုးတယ်..နာမည်မပါလို့..

မြတ်နိုး said...

စိတ်ဆိုးတယ်..နာမည်မပါလို့..

မြတ်နိုး said...

စိတ်ဆိုးတယ်..နာမည်မပါလို့..

မြတ်နိုး said...

စိတ်ဆိုးတယ်..နာမည်မပါလို့..

မြတ်နိုး said...

စိတ်ဆိုးတယ်..နာမည်မပါလို့..

San San Htun said...

တဂျီးမင်းတို့  လုပ်ချလိုက်မှဖြင့် ဘလော့ချာ၊ ဘလော့နာတွေ ဖြစ်...ဘလော့ဒေးကလည်း ပေါ်ကာဒေး ဖြစ်...တတ်လည်းတတ်နိုင်တဲ့ အိမ်သာ expertကြီး ပါလားနော်..ခွိ..ခွိ..အိမ်သာနက်မှာ ပေါ်ကာဒေါင်းနေ ပါစေဗျား...

မင်းဧရာ said...

အကိုကြီးရေ.........
သူကြီးမင်း နဲ့ မောင်ပေါက်ကျော်
တင်မကဘူး အိမ်သာနက် ပေါ်က ပေါ်ကာဒေး
ကိုပါမြင်မိတော့ အိပ်ချင်နေတာတွေတောင် ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး အရမ်းရယ်ရတယ်
ဒါနဲ့ ပေါ်ကာဖျော်ရည်က ဘယ်လိုနေတုန်းဗျ နောက်တစ်ခါ ရွာကိုလာရင် တစ်ပေပါလောက် ဖျော်ထားချင်လို့ပါ။

Anonymous said...

သိတောင်မသိလိုက်တဲ့ ဒေးပဲဗျာာ
နယ်ဘက်ရောက်နေလို့ဗျို့း)
သဂျီးကတော့နော်
ခွက်ထိုးခွက်လန်ရယ်စေတယ်း)း)

သဘောကျပါ၏

မောင်ဘကြိုင်

Myanmar Good Knowledg Co., Ltd said...

အခုမှလာဖတ်ဖြစ်တယ်
ကိုကိုမောင်ရေ.......

သဂျီးမင်းရဲ့ ပို့စ်က အရမ်းချက်ကျလက်ကျ ရှိသလို သဂျီးမင်းကို မန့်သွားတာတွေကလည်း ရိုက်ချက်ပြင်းလို့
ဖတ်ရပြီး ရယ်ရတယ်။

custom essay writings online said...

US, where the participation of citizens in the political life of the country is one of most custom essay writings online

Anonymous said...

Bhyisn [url=http://hermeskelly.finniwolf.com][b]hermes sale[/b][/url] hermes cape cod watch http://hermeskelly.finniwolf.com Thzwof Qcxkuo hermes handbags

Anonymous said...

Howdy, i read your blog occasionally and i own a similar one and i was
just wondering if you get a lot of spam responses?
If so how do you reduce it, any plugin or anything you can
advise? I get so much lately it's driving me mad so any help is very much appreciated.

my web blog ... nutcracker