Friday, 29 April 2011

နှင်းဆီမှတ်တမ်း


နေပွင့်လိုက် မိုးအုံ့လိုက်ဖြင့် ရာသီဥတုက သာယာနေသည်။ ဒီနေ့မှာ ခါတိုင်းနေ့ထက် ခပ်စောစော အိပ်ရာက ထဖြစ်သည်။ အစာလာစားနေကျ ငှက်ကလေးများ သူ အစာကျွေးရာသို့ မရောက်ကြသေး။ ကိုယ်လက်သန့်စင်ပြီး ကော်ဖီ သောက် ဖြစ်သည်။ ထို့နောက် ထုံးစံအတိုင်း တီဗီဖွင့်ကြည့်ဖြစ်သည်။ အော်... ဒီနေ့ သူတို့ မင်္ဂလာဆောင်တဲ့နေ့ပါလား။

အလွှာပေါင်းပုံမှ လူပေါင်းစုံကို မြင်ရသည်။ နေရာအသီးသီးမှ ဆလီဘရတီတို့ကို တွေ့ရသည်။ မင်းပေါင်းစုံ မိဖုရားပေါင်းစုံကို ကြည့်ရသည်။ အ၀တ်အစားများက ဆန်းကြယ်သည်။ ခင်းကျင်းပုံက သပ်ရပ်သည်။ ပြင်ဆင်ပုံက ခန်းနားသည်။ မင်းတို့ပုဆိုး ပိုးချည်းပင်တည်း။

မင်္ဂလာဘိသိက်ခံရာ ၀က်စ်မင်စတာအပ်ဘေးသို့ သတို့သား အရင် လာသည်။ သတို့သမီး နောက်မှ လာသည်။ သတို့သား သတို့သမီး သွားရာ လမ်းတလျှောက် လက်ခုပ်တီးသံ ညံနေသည်။ ကောင်းချီးပေးသံ လှိုင်နေသည်။ ဂုဏ်ယူအပြုံးဖြင့် ဖုံးလွှမ်းနေသည်။ ပီတိရောင်ဖြင့် တောက်ပြောင်နေသည်။ သူတို့ မင်္ဂလာပွဲ ခြိမ့်ခြိမ့်သဲ စည်ကားလှသည်။ သန့်သန့်ရှင်း အပြစ်ကင်းလှသည်။

သူတို့မင်္ဂလာဆောင်သည့်နေ့၌ တနိုင်ငံလုံး တရားဝင် ရုံးပိတ်သည်။ အထင်ကရ နေရာများ၌ ဧရာမ တီဗီဖန်သားပြင်ကြီးဖြင့် လူထုအား အခမဲ့ ပြသပေးသည်။ သိန်းချီသည့် ပြည်သူလူထုကလဲ လှိုက်လှိုက်လှဲလှဲ အားပေးကြသည်။ သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ တက်တက်ကြွကြွ လက်ဝေ့ယမ်းပြကြသည်။ ပျော်ပျော်ရွှင်ရွှင် သံပြိုင်တေး သီဆိုကြသည်။ ကြည့်ပါဦး။ ကမ္ဘာ့လူထု သန်းပေါင်း ၂၀၀၀ ကျော် သူတို့ မင်္ဂလာပွဲကို တိုက်ရိုက် ကြည့်ကြသည်တဲ့။ အားကျဂုဏ်ယူဖွယ် ကောင်းလိုက်ပါဘိ။

ပီတိပြုံးဖြင့် ပြုံးနေသည့် ဗြိတိန်ဘုရင်မကြီးကို ငေးလိုက်၊ သတို့သား သတို့သမီးတို့ကို ရှိုးလိုက်၊ မင်းခမ်းမင်းနားကို ကြည့်လိုက်၊ ဆလီဘရတီတို့ဆီ မျက်စိရောက်လိုက်ဖြင့် တစ်စုံတစ်ခုကို တွေးတောရင်း သူ လွမ်းမောလာသလို ခံစားရသည်။ ဆွေးမြေ့လာသယောင် ဖြစ်လာသည်။ လူတိုင်း ဝေဒနာကိုယ်စီ ရှိကြသည်လေ။ သူလဲ လောကီလူသားပေကိုး။ သူ့အလွမ်းအဆွေးသည် မင်းသမီးလေး ကိတ်နဲ့ တိုက်ရိုက် ပတ်သက်နေသလားဆိုတာကိုတော့ ဘယ်သူက သူ့ထက် ပိုသိနိုင်ဦးမည်နည်း။း)))))

ဖန်သားပြင်မှ တဆင့် မင်္ဂလာအခမ်းအနားကို ကြည့်ရင်း သူ မျက်လုံးတွေ ရီဝေနေသည်။ လသာဆောင်ပေါ်၌ သတို့သားက သတို့သမီးကို ခပ်ဖွဖွလေး စွဲမက်စွာ နမ်းရှိုက်လိုက်တာကို မသဲမကွဲ သူ တွေ့ရသည်။ ထို့နောက်တွင်မူ ဖန်သားပြင်မှ ပုံရိပ်တို့သည် သူ၏ မျက်လုံးထဲ မ၀င်ရောက်နိုင်တော့ပေ။ သူ့မျက်လုံးသည် သူ့ကိုယ်ပိုင် ဖန်သားပြင်ပေါ်၌ သူ့ကိုယ်ပိုင်ပုံရိပ်တို့ကို ဖန်တီးနေမိသည်။ သူ့ကိုယ်ပိုင် ရုပ်ပုံလွှာတို့ကို ရေးဖွဲ့နေမိသည်။ ပတ်ဝန်းကျင်က ကြာမြင့်စွာ တိတ်ဆိတ်သွားသည်။ ထိုတိတ်ဆိတ်မှုက သူ့ကို ပို ဆွေးမြေ့စေသည်။ ပို တမ်းတစေသည်။ ဘယ်သူ ကူ၍ ကယ်နိုင်ပါအံ့နည်း။ စိတ်လွှာပုံပေါ်၌ မနောစုပ်တံဖြင့် အတိတ်ပန်းချီကား တစ်ချပ်ကို သူပြင်ဆင်လိုက်သည်။ ထို့နောက် ထိုလွှာပုံပေါ်၌ ကဗျာတစ်ပုဒ်ကို သူ ကောက်ခြစ် လိုက်မိသည်။ နှင်းဆီမှတ်တမ်းတဲ့။


နှင်းဆီမှတ်တမ်း

အကန်းရူးလို့ ဆိုချင်ဆိုတော့
အရမ်းမူးတဲ့ ညတစ်ညမှာ
အနမ်းထူးလေး ရဖို့အတွက်
ပန်းခူး ထွက်ခဲ့မိတယ်။


အဲဒီအခါ..
လမင်း အလွန်သာတဲ့
ညခင်း အဏ္ဏ၀ါထဲ
အလှသတင်း စည်နေတဲ့
ည နှင်းဆီ တစ်ပွင့် တွေ့ခဲ့ပါလေရော။


ကံဇာတာကြောင့်လား
ကံကြမ္မာကြောင့်လား
စန္ဒာ ကူလို့လား
ကြံရာ တူလို့လား။


နှင်းဆီ လာအယိမ်းမှာ
သူ တိမ်းမထွက်ခဲ့ဘူး
သူ တိမ်းမထွက်ပေမဲ့
နှင်းဆီ အယိမ်း မပျက်ခဲ့ဘူး။


အဲဒီလို.. အဲဒီလိုနဲ့
နှင်းဆီနှင့်သူ
သူနှင့်နှင်းဆီ
ညခင်း အလီလီမှာ
ဘ၀ချင်း တေးသီကြရောပေါ့။


သံသရာအလည်မှာ
အန္တရာယ်တွေ မျက်ကွယ်ရှု
ရန်စွယ်တွေ ပျက်ရယ်ပြုပြီး
အမှန်တကယ် ငှက်ငယ်ကို တုခဲ့ကြတယ်။


ရိုးတံကို အဆုပ်မှာ
ဖြုတ်ကနဲ စူးလာတဲ့ ဆူး
ရုးချင် ရူးသွားစမ်းပါစေ
သူ ဖြေမချခဲ့ဘူး။


ဝံ့ကြွားနေတဲ့ နှင်းဆီအပြုံး
စွင့်ကားနေတဲ့ နှင်းဆီဆံထုံး
ကျင့်အားငယ်တဲ့ သူ့နှလုံး
အပူမီးတွေ တအုံးအုံးပေါ့။


ဒါနဲ့ဘဲ..
ရွှေရည်အလူး
နေခြည် အကူးမှာ
ကျီစယ်ကာ မြူးကြတော့
ချွေကာ ခူးချင်စိတ် ပေါက်ခဲ့မိရော။


ဒါပေမဲ့
ပွင့်လွှာလှစေဖို့
သင့်ရာ ခဏတွေမှာ
ချင့်ကာဘဲ ကခဲ့ကြတယ်လေ။


တစ်နေ့... အဲဒီတစ်နေ့
နွေလေသရမ်း အလှုပ်မှာ
ဝေနေတဲ့ ပန်းလေး ပြုတ်ကျခဲ့တယ်
ဒါပေမဲ့...
အဖိုးတန်တဲ့
ရိုးတံကိုတော့ သူ ဆုပ်မ၀ခဲ့သေးဘူး။


အဲဒီနေ့က..
နှင်းဆီမှာလဲ မြေအခ ကြွေမွ
သူ့ရင်မှာလဲ နွေတမျှ ပူလှ
နှင်းဆီမှာလဲ အတွေးတွေဖွဲ့
သူ့လက်မှာလဲ သွေးတွေနဲ့။


အဆွေးတွေနဲ့ ပြတ်ကျ
သွေးတွေနဲ့ ပြတ်ရှ
ဖတ်မရတဲ့ နှင်းဆီစာအုပ်
ဘာ ဘုတ်မာခ်မှ မလုပ်ဘဲ
ဖြုတ်ကနဲ သူ ပိတ်လိုက်မိတယ်။


အဲဒီညမှာ
မိုးဒေ၀ါဟာ
အညှိုးတွေနဲ့ ရွာချလိုက်ပါရော။


အော်..
ခပ်တမ်းတမ်း ဘ၀မို့
ဇာတ်လမ်း မလှခဲ့ကြပေမဲ့
ပြတ်ခန်း ကမူလေးမှာတော့
မှတ်တမ်း ထူနိုင်ခဲ့သေးတာပါဘဲလေ။

မှတ်တမ်း ဖြူ နိုင်ခဲ့သေးတာပါဘဲ။ ။



မှတ်ချက်။
ဤကဗျာလေးဖြင့် ဒီနေ့မှာ ကျရောက်တဲ့ မင်းသား ၀ီလျံနဲ့ မင်းသမီး ကိတ်တို့ရဲ့ နန်းဆန်ဆန် မင်္ဂလာပွဲကို အခုတ်တရဂုဏ်ပြုလိုက်ပါသည်။

...

Wednesday, 27 April 2011

ညှိညှိနှိုင်းနှိုင်းပေါ့


"တောက်... ဘဲစုပ် ဘဲနာ"

"ဟေ့ကောင် တင်ကျော်။ ဘာတွေ ကျိန်ဆဲနေတာလဲကွ"

"မပြောချင်ပါဘူး ကိုကိုမောင်ရာ။ ဒီဘဲစုပ် ဘဲနာနဲ့ ငါနဲ့ ဘယ်တော့ ထိပ်တိုက်တွေ့မလဲ မသိဘူး။ ကြည့်မရတာ အတော်ကြာနေပြီ"

"ဘာတွေ ဖြစ်ကြလို့လဲ ငါ့ကို ပြောစမ်းပါဦး။ ဘယ့်နှယ် မင်းကလဲ ဒေါသချည်းဘဲ"

"ဘာဖြစ်ရမှာလဲကွာ။ မာယာ သာဌေယျတွေ များလွန်းလို့။ ပြီးတော့ သူ့အလုပ် သူမလုပ်ဘူး။ ပေကပ်ပေကပ် လုပ်နေတယ်။ ဒါပေမဲ့ လူရှေ့သူရှေ့ကျတော့ သူကဘဲ တောက်တောက် ပြောင်ပြောင် အလုပ်လုပ်ပေး နေရသယောင် လုပ်ပြတတ်တယ်။ ဒီ ဘဲစုပ်ကို ငါ လုပ်ထည့်လိုက်ချင်ပြီ"

"စိတ်ထိန်း စိတ်ထိန်း သူငယ်ချင်း။ မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကြိုတင် ဆင်ခြင်မှပေါ့။ မင့်အသက်ကလဲ ငယ်တော့တာမှ မဟုတ်တာ။ တစ်ဆိတ်ကလေးဆို စိတ်တိုရမဲ့ အရွယ် မဟုတ်တော့ဘူးလေ"

"တစ်ကြိမ်တစ်ခါလောက် သူအမှားကျူးလွန်တယ်ဆို တော်ပါသေးတယ်ကွာ။ အခုဟာက အိမ်ကို လာလည်တဲ့သူတွေရှေ့မှာ ငါ့ကို မျက်နှာပျက်အောင် ခဏခဏ လုပ်တယ်။ လာတဲ့ သူတိုင်းကလဲ ပြောကြတယ်။ ဟိုဘဲက ဘာဖြစ်နေတာလဲ။ မင်းက ဘာမှ မဖျောင်းဖျဘူးလား။ မင်းက အကြီးဘဲ ဖျောင်းဖျပြီး ပြင်ဆင်ပေးလိုက်ရင် သူလဲ နေတတ်ထိုင်တတ်ရှိလာမှာပါ တဲ့။ အလည်လာတဲ့သူတိုင်း သူ့ကို အပြစ်မတင်ဘဲ ငါ့ကိုဘဲ အပြစ်တင်ကြတယ်လေ။ အဲဒါ တရားသလား။ တောက်... ငါ ပြောရင်း စိတ်ဖောက်လာပြီ။ အဲဒီကောင် ဘဲစုပ် ဘဲနာ ဘဲဗလချာ"

"မင်းစိတ်က ကလေးစိတ်ဘဲ။ ဘာတွေ တွေးတွေးပြီး စိတ်တိုနေရတာလဲ။ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လုပ်ပြီး နေထိုင်ကြရင် သူလဲ မဆိုးလောက်ဘူး ထင်ပါတယ်။ သူ့ပုံစံ ကြည့်ရတာတော့ ခပ်ကောင်းကောင်းဘဲ"

"အဲဒါသာ ကြည့်ပေတော့။ မင်းကိုယ်တိုင် (ငါ့ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး) ကတောင် ငါ့ကို အထင်လွဲပြီး သူ့ဘက် ပါနေပြီ မဟုတ်လား"

"အဲဒီလိုတော့ မဟုတ်ပါဘူးကွာ။ မင်းနဲ့ငါနဲ့က အခန်းချင်း မတူပေမဲ့ တစ်အိမ်ထဲမှာ အတူနေကြတာလေ။ ငါ မင်းအကြောင်းကို ကောင်းကောင်း သိပါတယ်ကွ။ ငါက မင်း သူ့ကို နားချပြီး ပြင်ဆင်ပေးဖို့ အကြံပေးတာပါ။ အဲဒီလို အကြံပေးလို့ မရတော့မှ အဲဒီ ဘဲက ဘာကောင်လဲဆိုတာ ပိုထင်ရှားမှာပေါ့။ အခုတော့ မင်းဟာက တစ်ဘက်သတ်ကြီးလို ဖြစ်နေတယ်။ ဟိုဘက်က ဘာမှန်းမသိ မင်းကသာ ဒေါသတွေ နင်းကန်ပေါက်ကွဲနေတာ"

"မပေါက်ကွဲဘဲ နေမလားကွ။ မိုးရွာရင်လဲ ရွာလို့၊ နှင်းကျရင်လဲ ကျလို့၊ နေပူရင်လဲ ပူလို့။ အဲဒီလို မျိုးတွေ အကြောင်းပြပြီး သူပေကပ်ကပ် လုပ်နေတာ ကြာပြီ။ ဒီအိမ်မှာ သူလုပ်မယ်လို့ အာမခံထားတဲ့ အလုပ် သူမလုပ်ဘူး။ ငါဘဲ ၀င်လုပ်ပေးနေရတယ်။ သူအလုပ်မလုပ်တော့ ငါပါရောပြီး အထင်လွဲ ခံရတာပေါ့ကွာ။ ငါ စိတ်ရှိ လက်ရှိ ခြောက်ပေါင်တူနဲ့သာ သူ့ခေါင်းတည့်တည့် ထုခွဲချင်စိတ် ပေါက်နေမိတယ်။ ဟင်းးးးးးးးး ငါနော်.... လုပ်လိုက်ရ......"

"တင်ကျော် တင်ကျော်.... မင်းက သူ့ပုံစံကို ကြည့်ပြီး မင်းဖာသာ ဘာသာပြန်နေတာ ဖြစ်ချင် ဖြစ်မှာပါ။ တစ်ချက်ကလေးတော့ သူနဲ့ ညှိနှိုင်းကြည့်ပေါ့ကွာ။ အဆင်မပြေတော့မှ မင်းလုပ်ချင်သလိုသာ လုပ်ပစ်လိုက် ငါ သဘောတူတယ်။ အဲဒီတော့မှ အမှု ဖြစ်ရင်လဲ ငါကိုယ်တိုင် လိုက်ပေးမယ်။ ဟုတ်ပြီလား"

"သေချာတယ်နော်"

"သေချာမှ နေကြာ စိုက်တာပါကွာ"
...


"ဒေါက် ဒေါက် ဒေါက်"

"ဟာ ကိုမင်း ပါလား။ လာ ၀င် သူငယ်ချင်း"

"ဟေ့ကောင် တင်ကျော်... မင့် ဟို ဘဲက ဘာဖြစ်နေတာလဲ။ ငါ ဒီလောက် မတ်တပ်ရပ်ပြီး လှမ်းခေါ်နေတာတောင် ငါ့ကို ဘာမှ အရေးမလုပ်ပါလား။ ဒါကြောင့် ငါ တံခါး ခေါက်ပြီး မင့်ကို ခေါ်လိုက်ရတာ"

"မပြောပါနဲ့ ကိုမင်းရာ အဲဒီ ဘဲစုပ် ဘဲနာ အကြောင်းကို။ စိတ်တိုလွန်းလို့"

"ဘာဖြစ်နေတာလဲ မင်းနဲ့ အဆင်မပြေဘူးလား"

"အင်း.... ဆိုပါတော့ သူက ဒီလိုဘဲ ပေကပ်ကပ်နဲ့၊ ဧည့်သည်တွေလာရင် ငါ့ကို အရှက်ခွဲပြီ"

"သူ့ပုံကြည့်ရတာတော့ ကောင်းမဲ့ ပုံဘဲကွ။ မှန်းဆရတော့ ခက်သားနော်"

"လာပြန်ပြီ တစ်ယောက်။ မင်းကလဲ ငါ့ကို အထင်လွဲ၊ ကိုကိုမောင်ကလဲ ငါ့ကို အထင်လွဲနဲ့ ခက်ချေပြီ"

"အထင်လွဲတာ မဟုတ်ပါဘူးကွာ အမြင်ကို ပြောတာပါ"

"ဒါဖြင့် မင်းဘဲ ဖျောင်းဖြနားချပြီး အဆင်ပြေအောင် လုပ်ပေးထားခဲ့။ ဟုတ်ပြီလား"

"ဟာ..လုပ်ပြီ။ ငါက သိပ်မအားသေးဘူးကွ။ အခု အရေးပေါ် အပေါ့စွန့်ချင်လို့ မင့်အိမ် ခဏ ၀င်လာတာ။ ခဏနေ ငါပြန်မယ်"

"အာ... ငါ့အိမ်ကိုများ ပတ်ဘလစ်ခ်တွိုင်းလက်ကျနေတာဘဲ။ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်။ မင်းနဲ့ အဲဒီ ဘဲစုပ်နဲ့ ဘာထူးသေးလို့လဲ"

"တင်ကျော်ရာ။ မင်းကလဲ အားလုံးကို အပြစ်တွေချည်း လိမ့်မြင်နေတော့တာဘဲ။ အဲဒီ ဘဲအတွက် ငါ ပြောထားခဲ့မယ်။ ဒီလို လုပ် !@#$%%^&*((*&^%$#@!@#$#$%%^):) ဟုတ်ပြီလား။ ကဲ ငါပြန်မယ်"
....


"ဟာ... တင်ကျော်.. မျက်နှာတွေလဲ ရွှင်လို့ပါလားကွ။ တစ်ခုခုတော့ တစ်ခုခုဘဲ။ ဟို ဘဲနဲ့ အဆင်ပြေသွားပြီ ထင်တယ်"

"ဟဲ ဟဲ ဟဲ။ ဟုတ်တယ်ကွ ကိုကိုမောင်ရ။ ကိုမင်း အကြံပေးခဲ့တဲ့အတိုင်း ငါ ညှိနှိုင်းလိုက်တာ။ အခု အဆင်ပြေသွားပြီ။ အားလုံး ကောင်းသွားပြီ။ ဒီမှာကြည့်..."

"တိန်းး တိန်... တိန်းးး တိန်... တိန်းးးး တိန်"

"အေး... ကောင်းသွားပြီဘဲ။ မင်း ဘယ်လို လုပ်လိုက်ပြီး ပြင်ဆင်လိုက်တာလဲ"

"အမှန်က ရာသီဥတုကြောင့် အထဲမှာ ဂျီးနဲနဲ ကပ်ပြီး ၀ါယာကို လျပ်စီး မလိုက်တာကွ။ ဒါကြောင့် ခလုပ်ကို နှိပ်လိုက်ရင် ဘဲလ်က မမြည်တာ။ ဒါနဲ့ ငါလဲ စကူလှည့်နဲ့ သေချာဖွင့်ပြီး ဂျီးကပ်နေတဲ့ ၀ါယာကို ကပ်ကြေးနဲ့ ညှပ်ဖြတ်ပြီး ၀ါယာကောင်းကို လှီးထုတ်ယူလိုက်တယ်။ အားလုံးကို တိုက်ချွတ်ဆေးကြောပြီး ပြန်တပ်လိုက်တော့ မင်းကြားတဲ့အတိုင်းဘဲလေ။ ဒီမှာ ထပ်ကြည့်..."

"တိန်းး တိန်... တိန်းးး တိန်... တိန်းးးး တိန်"

"အေးပါ။ နေပါစေတော့ ကောင်းသွားရင် ပြီးတာပါဘဲ။ ဒါဖြင့် အခုတော့ မင်းအတွက် သူက ဘဲစုပ် ဘဲနာ ဘဲဗလချာ မဟုတ်တော့ဘူးပေါ့လေ"

"ဟား ဟား ဟား။ ငါ့ အိမ်ရဲ့ လူခေါ်ဘဲလ်လေးက ရွှေဘဲလ် ငွေဘဲလ် ပတ္တမြားဘဲလ်လေးပါကွ။ ဟား ဟား ဟား"

"အော်.... အော်... လူတွေ လူတွေ လိုတစ်မျိုး မလိုတစ်မျိုးပါလား"


.

Thursday, 21 April 2011

ပြန်တူးဖော်ခြင်း

သူ တူးဖော်နေတယ်။ တစ်ရစ်ပြီး တစ်ရစ် တူးဖော်နေတယ်။ တော်တော်လေး နက်တဲ့အထိ တူးဖော်နေတယ်။ တူးဖော်နေရင်း ပင်ပန်းလာတယ်။ ပင်ပန်းရင်းနဲ့ဘဲ ဆက် တူးဖော်နေတယ်။ သူ့စိတ်ထဲမှာ အစကထဲက ငါ ဒီလောက်ထိ ခပ်နက်နက် မမြှုပ်ထားခဲ့ရင် ဒီလို ပင်ပင်ပန်းပန်း တူးဖော်စရာ မလိုဘူးဆိုပြီး စိတ်ချရတဲ့အထိ မြှုပ်ထားခဲ့မိတာကို နောင်တ ရနေမိတယ်။ မြှုပ်ထားခဲ့တာလဲ ခပ်နက်နက်၊ မြှုပ်ထားခဲ့တဲ့ အချိန်ကလဲ ဆယ်စုနှစ်တောင် အတော်လေး ကျော်လာခဲ့ပြီဆိုတော့ ပြန်တူးဖော်ရတာ အတော်လေး ပင်ပန်းလွန်းတယ်။

အဲဒီလို တူးဖော်ရင်းနဲ့ဘဲ ဆယ်စုနှစ်အလွန် နှစ်များဆီကို စိတ်က စီးဆင်း မျောပါသွားမိတယ်။ အဲဒီအချိန်တုန်းကဆို ဒီပစ္စည်းကို သူ နေ့တိုင်းနီးပါး သုံးစွဲခဲ့တာ။ နေရာတိုင်းမှာ သုံးစွဲခဲ့တာ။ ရွာထဲမှာ ဂျတ်အေးတို့နဲ့လဲ သုံးစွဲခဲ့တာဘဲ။ အိမ်မှာ ညီအစ်ကိုတစ်တွေနဲ့လဲ သုံးစွဲခဲ့တာဘဲ။ ဘုန်းကြီးကျောင်းသားဘ၀ ရောက်ပြန်တော့လဲ ကိုရင် ပဏ္ဍိတ၊ ကိုရင် မာနိတတို့နဲ့ သုံးစွဲခဲ့တာပါဘဲ။ သုံးစွဲတိုင်းလဲ ကောင်းကျိုးပေးခဲ့တယ်ဆိုတာ မရှိပါဘူး။ သူ ထိခိုက်ခဲ့အခါ ထိခိုက်ခဲ့တယ်။ ဒါမှမဟုတ် တစ်ဘက်လူ ထိခိုက်တဲ့အခါ ထိခိုက်ခဲ့တယ်။ ဒါပေမဲ့ သူ အဲဒီပစ္စည်းကိုဘဲ အရမ်း မြတ်နိုးခဲ့တာ။ အရမ်းတန်ဖိုး ထားခဲ့တာ။ အဲဒီ အချိန်တုန်းက အဲဒီ ပစ္စည်းဟာ သူ့အတွက် မရှိမဖြစ် ရတနာ တစ်ပါး ဖြစ်ခဲ့တယ်။ ယောက်ျားလေး အချင်းချင်းလဲ ဒီပစ္စည်းကို အသုံးပြုခဲ့တာဘဲ။ မိန်းကလေးတွေနဲ့လဲ ဒီပစ္စည်းကို အသုံးပြုခဲ့တာဘဲ။ ပြောရရင်တော့ လူမရှောင် သူမရှောင် အဲဒီ ပစ္စည်းကို အသုံးခဲ့ပြုတာ ချည်းပါဘဲ။

တစ်ရက်မှာ ရွယ်တူ ဘုန်းကြီးကျောင်းသား တစ်ယောက်နဲ့အတူ အဲဒီပစ္စည်းကို ပြိုင်သုံးမိတယ်။ သူ့နာမည်က အောင်မောင်းတဲ့။ သူကလဲ ခေသူ မဟုတ်ဘူး။ သူ့ပစ္စည်းကလဲ တောက်တောက် ပြောင်ပြောင်ပါဘဲ။ သူနဲ့ အောင်မောင်း၊ အောင်မောင်းနဲ့ သူ၊ ဇမ္ဗူမှာ လူရှိရိုးလား ဆိုပြီး ပြိုင်လိုက်ကြတာ နှစ်ယောက်လုံး ဒဏ်ရာတွေ ဗလဗျစ် ရတဲ့ အထိပါဘဲ။ ဘေးနားက ၀ိုင်းအုံနေတဲ့ ကိုရင်ကျောင်းသားတွေကတော့ လက်ခုပ်လက်ဝါး တီးလို့ပေါ့။ ဘာဘဲ ဖြစ်ဖြစ် အဲဒီ ပြိုင်ပွဲမှာ အောင်မောင်းကို ကပ်ပြီး သူ အနိုင်ရခဲ့တယ်။

အဲဒီမှာ အောင်မောင်းရဲ့အကို အောင်သောင်းက တစခန်း ထလာတော့ပါဘဲ။ သူ့ညီရဲ့ ပစ္စည်းကို ယှဉ်ပြိုင် အနိုင်ယူတဲ့ကောင်ဆိုပြီး သူ့ပစ္စည်းနဲ့ ဆက်ပြိုင်ဖို့ စိန်ခေါ်ပါလေရော။ မစပ်မှ မဆိုင်။ ညီရှုံးတိုင်း အကိုနဲ့ ဆက်ပြိုင်ရမယ်တဲ့။ ဒါပေမဲ့ အောင်သောင်းက မရဘူး။ ပြိုင်ကို ပြိုင်ရမယ်တဲ့။ ဒါနဲ့ သူလဲ ရှောင်လွဲ မရတာချင်းအတူတူ အောင်သောင်းနဲ့ ဆက်ပြိုင်ခဲ့တယ်။ အောင်သောင်းကလဲ ခေသူမဟုတ်ဘူး။ နှစ်ယောက်လုံး ပစ္စည်းချင်း ပြိုင်ဆိုင်လိုက်ကြတာ အချိန်အတော်လေး ကုန်သွားတယ်။ ဘေးကလူတွေကလဲ တရွှီးရွှီး တဖြောင်းဖြောင်းပါဘဲ။ အားပေးကြတာလေ။ အဲဒီအချိန်မှာ သူ့စိတ်ထဲ အတွေးတစ်ခု ၀င်လာတယ်။ ညီရှုံးတော့ အကိုဝင်လာတယ်။ အကိုရှုံးရင် မိဘသားချင်းတွေ ၀င်လာဦးမလား မသိဘူးပေါ့။ အရမ်းတန်ဖိုးရှိတဲ့ အတွေးပါဘဲ။ မီးခိုးကြွက်လျောက်၊ တစ်နွယ်ငင် တစ်စင်ပါတွေ ဖြစ်ကုန်ရင် ပြဿနာက ပိုဆိုးလာဖို့ဘဲ ရှိတော့တာ မဟုတ်လား။

တိုက်ဆိုင်စွာဘဲ အဲဒီလို သူစဉ်းစားပြီး မကြာခင်မှာ ကျောင်းထိုင်ဘုန်းကြီး ရောက်လာတယ်။ သူတို့အားလုံးက ကျောင်းထိုင်ဘုန်းကြီးဆို တုန်နေအောင် ကြောက်နေရတာလေ။ ဘုန်းကြီးရဲ့ လက်သံကလဲ ပြောင်သလားမမေးနဲ့။ ကိုရင်ကျောင်းသားတွေ အပြစ်ကျူးလွန်ရင် ကြိမ်လုံးနဲ့ အရှိုးရာ ပေါ်အောင် ဆော်နေကျလေ။ ဒါကြောင့် ဘုန်းကြီးကြိမ်လုံးကို ကြောက်ပြီး သူတို့ ပြိုင်ပွဲကို ရပ်လိုက်ကြတယ်။ အရှုံးအနိုင်မပေါ်ခဲ့ဘူး။ ဘေးက ၀ိုင်းကြည့်နေကြတဲ့ ကိုရင်ကျောင်းသားတွေလဲ အားမလို အားမရ ဖြစ်ခဲ့ကြတယ်။ ပြိုင်ပွဲရဲ့ ရလာဒ်ကတော့ အောင်သောင်းကော သူကော ကျောင်းထိုင်ဘုန်းကြီး ကြိမ်လုံးအောက်မှာ အလူးအလဲ ခံခဲ့ရတာပါဘဲ။ ဘေးက ၀ိုင်းကြည့်နေကြတဲ့ ကိုရင် ကျောင်းသားတွေလဲ သဲဒဏ်ရေဒဏ်ပေးတာ ခံလိုက်ကြရတယ်။ အဲဒါပြီးတော့ ကျောင်းထိုင်ဘုန်းကြီးက သူ့ကို ၀ါနိန်ပေးတယ်။

"ဇော်ထက်... အဲဒီပစ္စည်းချင်း ပြိုင်ပွဲဖြစ်တိုင်း မင်းက ပင်တိုင်ချည်းဘဲ။ မင်းပစ္စည်းကို မင်းက တောက်ပြောင်လှပြီထင်နေတာလား။ အမှန်ဆို အဲဒီပစ္စည်းက မင်းကိုယ်တိုင်ကိုရော၊ တစ်ဘက်သားလူကိုရော ကောင်းကျိုးပေးတာမဟုတ်ဘူး။ ဒါကြောင့် အဲဒီ ပစ္စည်းကို တခါထဲ အပြီး မြှုပ်နှံပစ်လိုက်ပါ။ ဘယ်တော့မှ အသုံးမပြုပါနဲ့။ ဆက်အသုံးပြုမယ်ဆိုရင်တော့ မင်းကို င့ါကျောင်းမှာ မထားတော့ဘူး။ ပညာလဲ ဆက်မသင်ပေးတော့ဘူး"

ကျောင်းထိုင်ဆရာတော်ရဲ့ အဆုံးအမ စကားတွေကို သဘောပေါက် နားလည်ပြီး အဲဒီ ပစ္စည်းကို သူ့ဖာသာ လိုလိုချင်ချင် မြှုပ်နှံပစ်ခဲ့တယ်။ ပြန်တူးဖော်မရအောင် ခပ်နက်နက်တူးပြီး မြှုပ်နှံခဲ့တာပါ။ အဲဒီ အချိန်ကထဲက အဲဒီ ပစ္စည်းရဲ့ ဆိုးကျိုးတွေကို နားလည်သွားပြီး အသုံးမပြုဘဲ နေလာခဲ့တာ အခုထက်ထိဘဲ ဆိုပါတော့။ ကျောင်းထိုင် ဘုန်းကြီးရဲ့ ကျေးဇူးတွေပေါ့လေ။ အဲဒီလို အဆုံးအမတွေကြားထဲ ကြီးပြင်းလာခဲ့ရတဲ့ သူ့ကိုယ်သူလဲ ဂုဏ်ယူနေမိတယ်။

ဒါပေမဲ့ လူဆိုတာကလဲ ခက်သား။ အဲဒီ ပစ္စည်း မြှုပ်နှံပစ်လိုက်ပြီးမှ ပြိုင်ပွဲဝင်ဖို့ စိန်ခေါ်လာတဲ့သူတွေ ပို များလာတယ်။ ငါ အဲဒီပစ္စည်းကို ထုတ်မသုံးချင်တော့ဘူးလို့ပြောလဲ မရဘူး။ အတင်းအဓမ္မ လာပြီး သူတို့နှင့် ပြိုင်ဆိုင်ဖို့ဘဲ နေ့စဉ်လိုလို စိန်ခေါ်လာကြတယ်။ တစ်ခါတစ်ခါ စိတ်ရိုင်းဝင်မိရင် နဂါးမှန်းသိအောင် အမောက်ထောင်ပြချင်စိတ်တွေ ပေါက်လာမိတယ်။ ဒါပေမဲ့ သတိတမံ ဥာဏ်မြေကတုတ် ဆိုသလို ဦးဏှောက်နဲ့ စဉ်းစားပြီး အဲဒီပစ္စည်းချင်း ပြိုင်မဲ့ ပြိုင်ပွဲကို လျစ်လျူရှုပစ်လိုက်တယ်။

ဒါပေမဲ့ အဲဒီ ပစ္စည်းမရှိတော့ လူတွေက သူ့ကို ဂရုမစိုက်ကြတော့ဘူး။ သူ့ကို ရေမြွေလို့ ထင်လာကြတယ်။ သူ့ကို ဘာမှ သုံးစားလို့ ရတဲ့သူ မဟုတ်ဘူးလို့ ဆိုလာကြတယ်။ နိုင်ထက်စီးနင်း လုပ်ချင်လာကြတယ်။ မထီမဲ့မြင် ပြုမူလာကြတယ်။ လူအများက သူ့ကို စောင်းပြောရွဲ့ ပြော ပြောလာကြတယ်။ သူငယ်ချင်း အရင်းခေါက်ခေါက်တွေကတောင် ဒီကောင် ဘာအဖြစ်မှ မရှိပါဘူးလို့ ဆိုလာကြတယ်။ ပတ်ဝန်းကျင်ကလဲ သူ့ကို သူရဲဘောင်ကြောင်သူ အဖြစ် မြင်လာကြတယ်။ ကလိန်စေ့ ငြမ်းဆင် လုပ်တဲ့သူတွေ ပေါ်လာတယ်။ အံကြိတ်ပြီး အောင့်အီးသည်းခံသာ နေရတယ်၊ စိတ်ကတော့ နဲနဲချင်း လှုပ်လှုပ်လာနေပြီ။ ဒီလိုဒီလိုနဲ့ နေလာလိုက်တာ နှစ်တွေတောင် အတော်လေး ဆွေးသွားခဲ့တယ်။

တွေးကြည့်တော့မှ ရေးရေးမြင်ဆိုသလို အဲဒီ ပစ္စည်းရဲ့ ပါဝါစွမ်းအားကို ပြန်အားကျလာမိတယ်။ ပြန်လိုချင်လာမိတယ်။ တစ်ချို့ လူတွေ အဲဒီပစ္စည်း ထုတ်ပြလာရင် သူလဲ သူ့ပစ္စည်းကို ပြန်ထုတ်ပြချင်စိတ်တွေ ပေါ်ပေါက်လာမိတယ်။ အဲဒီ ပစ္စည်းထုတ်မသုံးလို့ ငါ့ကို လူတွေ ပထုတ်ထားကြတာ ဆိုပြီး သူ့စိတ်တွေ ဆယ်စုနှစ်တွေဆီက စိတ်ရိုင်းအတိုင်း ပြန်ဖြစ်လာတယ်။ အဲဒီ ပစ္စည်းရှိလာလို့ကတော့ စိန်ခေါ်ရင် ၀တိံဘုံထိ လိုက်ပစ်လိုက်မယ်ဆိုတဲ့ အတွေးမျိုး သူ့ မနောအစဉ်မှာ ထင်ဟပ်လာတယ်။

အဲဒီလို အတွေးရိုင်းတွေ မခံချင်စိတ်တွေကြောင့်ဘဲ သူကိုယ်တိုင် မြှုပ်နှံထားခဲ့တဲ့ ပစ္စည်း သူကိုယ်တိုင် ပြန် တူးဖော်နေတယ်။ အသုံးပြုချင်လွန်းလို့သာ ဒီလောက် အပင်ပန်းခံပြီး တူးဖော်နေရပေမဲ့ ခပ်နက်နက် မြှုပ်နှံထားခဲ့တဲ့ အတွက် ပင်ပန်းမှု ဒဏ်ကတော့ အလူးအလဲပါဘဲ။ တူးဖော်နေရင်း သူ ပြန်စဉ်းစားနေပြန်တယ်။ ငါ ဘာလို့ ဒီပစ္စည်းကို ထပ်တူးဖော်နေမိတာပါလိမ့်။ မကောင်းပါဘူးလေ မတူးဖော်တော့တာဘဲ ကောင်းပါတယ်။ အဲဒီလို စဉ်းစားပြီး တူးဖော်လက်စတွေကို သူ ပြန်မြှုပ်ပစ်လိုက်ပြန်တယ်။ အဲဒီနောက် တူးဖော်ချင်စိတ် ပြန်ပေါက်လာပြန်တယ်။ ဒီပစ္စည်းမရှိလို့ ငါ ဒီလို ခေါင်းငုံ့ခံနေရတာ ပြန် တူးဖော်ရမယ်ဆိုပြီး ပြန်တူးဖော်ပြန်တယ်။

အဲဒီလို တူးဖော်လိုက် ပြန်မြှုပ်လိုက် လုပ်နေတာ ဆယ်ကြိမ်မကတော့ဘူး။ တူးဖော်ခြင်းနှင့်မြှုပ်နှံခြင်းတွေ လွန်ဆွဲနေကြတာလေ။ ဆုံးဖြတ်ချက် မချနိုင်ဘဲ တူးလိုက် မြှုပ်လိုက်ဆိုတော့ ပိုပင်ပန်းတော့တာပေါ့။ အဲဒီ ပင်ပန်းတဲ့ ဒဏ်တွေကြောင့် ညဘက်ရောက်တော့ ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိလိုက်တာနဲ့ တပြိုင်ထဲ အိပ်မောကျသွားတယ်။ အစွဲအလန်းကြောင့်လား မသိဘူး။ အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ ဒီနေ့တော့ အဲဒီ ပစ္စည်းကို ငါ ရအောင် တူးဖော်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ မနားမနေ တူးဖော်နေမိတယ်။ အဲဒီ ပစ္စည်းလေးကို မြင်နေရပြီ။ တစ်ချက်လောက် ထပ်တူးလိုက်ရင် ပြန်ထုတ်ယူလို့ ရပြီ။ နောက်ဆုံး တစ်ချက် ထပ်တူးခါနီးမှာ တမလွန်က သူ့အမေ ဘွားကနဲ သူ့ရှေ့မှာ ပေါ်လာတယ်။ ပြီးတော့ တိုးညှင်းသိမ်မွေ့စွာ သူ့ကို စကားပြောတယ်။

"သားရယ်။ ဘာဖြစ်လို့ ဒီလောက် အပင်ပန်းခံပြီး သားရဲ့ ဒေါသတွေကို ပြန်တူးဖော်နေရတာလဲ။ အဲဒီ ဒေါသဟာ ပစ္စုပ္ပန် သံသရာ ဘာအတွက်မှ မကောင်းပါဘူး သားရယ်။ ဆက်မတူးပါနဲ့တော့။ အမေ့ကို ချစ်ရင် အမေ့ကို တကယ် ကောင်းစားစေချင်ရင် သားရဲ့ တူးဖော်မှုတွေကို ရပ်ပစ်လိုက်ပါတော့နော်"

" အမေရယ်....."

အဲဒီလို ငြီးတွားရင်း သူ အိပ်ရာက ဖျတ်ကနဲ လန့်နိုးလာတယ်။ မခံချင်စိတ်ကြောင့်လား၊ ထိန်းချုပ်ရလွန်းလို့လား၊ ဆုံးဖြတ်ချက် တစ်ခုခုကြောင့်လား။ သူ့အမေကို သတိရသွားလို့လား၊ ခံစားရလွန်းလို့လား၊ မျိုသိပ်ရလွန်းလို့လား၊ ကြည်နူးလွန်းလို့လား၊ ကြေကွဲလွန်းလို့လား။ ဘာအတွက်လို့ အမည်ပေးမရတဲ့ မျက်ရည်စက်တွေ သူ့ပါးပြင်နှစ်ဘက်မှာ တလစပ် စီးဆင်းနေလေရဲ့။ ။

.

Monday, 18 April 2011

ကျနော့်ဘ၀ အမှန်

ကျနော် ဟန်မဆောင်ပါဘူး။ ဘယ်တုန်းကမှ ဟန်မဆောင်ခဲ့ပါဘူး။ ကျနော့် အလုပ်ကို ကျနော် အချိန်မှန်မှန် လုပ်ခဲ့တာ ချည်းပါဘဲ။ သခင့်အလိုကျ ကျနော် ဖြည့်စွမ်းပေးရမဲ့ တာဝန်မှန်သမျှ အားလုံး လုပ်ပေးခဲ့တာချည်းပါဘဲလေ။ ဖြစ်နိုင်ရင် ဒီထက်တောင် ပိုပြီး လုပ်ပေးလိုက်ချင်သေးတယ်။ ဒါပေမဲ့ ကျနော်မှ မတတ်နိုင်တာ။ ဟိုတစ်နေ့ကလဲ လှေခါးအဆင်းမှာ ကျနော့်သခင် ချော်လဲပြီး မှောက်ရက် လဲကျသွားတာ မြင်လိုက်သားဘဲ။ အနားသွားပြီး ဆွဲမ ထူပေးချင်ပေမဲ့ ကျနော့်မှာလဲ ကျနော့်အလုပ်တွေနဲ့မို့လို့ သခင့်အနားကို သွားတောင် မသွားလိုက်နိုင်ဘူး။ စိတ်မကောင်း တကယ်ဖြစ်မိပါတယ်။ နောက်မှ သူ့အမျိုးသမီး ရောက်လာပြီး ကြင်ကြင်နာနာ ဆွဲထူပေးတာ တွေ့လိုက်ရတယ်။ ဒီလို မြင်ကွင်းကို မြင်လိုက်ရပြန်တာ့လဲ ကြည်နူးစရာ အကောင်းသား။

သခင်က ကျနော့်ကို ခေါ်ထားပြီး ဘာ လခမှ မပေးပါဘူး။ ဘာစားစရာမှလဲ အထူးအထွေ လုပ်ကျွေးတာ မရှိပါဘူး။ ယုတ်စွအဆုံး တစ်ခါတစ်ခါမှာ ကျနော့်ကိုတောင် မေ့ထားကြတာ တွေ့ရတယ်။ တကယ်ကို မခံစားနိုင်ပါဘူး။ အားအင်တွေ အလွန်ချို့တဲ့ပြီး ဘာအလုပ်မှ မလုပ်နိုင်တဲ့ အခါကျမှ ကျနော့်ကို အားရှိတဲ့ အစားအစာ ကျွေးကြတယ်။ အဲဒီနောက် တလစပ် အလုပ် လုပ်ခိုင်းကြပြန်ရော။ တကယ်ကို ကိုယ်ချင်းစာစိတ် မရှိကြတဲ့ သူတွေ။ ဒါပေမဲ့ ကျနော့်ကိုတော့ ခပ်သန့်သန့် ခပ်မြင့်မြင့်နေရာမှာ ထားကြပါတယ်။ ပေးထားတဲ့ နေရာက အဆင့်မြင့်မြင့်ဆိုတော့ ကျနော်က အထက်စီးကနေ အားလုံးကို မြင်နေရတယ်လေ။ သူတို့ ဘာလုပ်လုပ် ကျနော် အကုန်မြင်နေရရော။ ဒါပေမဲ့ ကျနော်ရှိတဲ့ အတွက် သူတို့ ဘာမှ စိတ်အနှောင့်အယှက်တော့ ဖြစ်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခါတစ်လေမှာ ကျနော်ရှိနေမှန်းတောင် သူတို့က သတိမထားနိုင်ဘဲ ဖြစ်နေကြတာကိုး။

အခုဆို ကျနော် အရမ်းအားနည်းပြီး မှိုင်တိုင်တိုင် ဖြစ်နေတာ ကြာပြီ။ အလုပ်ကိုလဲ ကောင်းကောင်းမလုပ်နိုင်ဘူး။ ကြိုးစား လုပ်ကိုင်ပေမဲ့ ရှေ့မရောက်ဘူး ဖြစ်နေတယ်။ ကျနော့်ကိုလဲ သတိပြုမိဟန် မရှိကြပါဘူး။ တစ်ခါတစ်ခါမှာ အဲဒီလို အတ္တတွေကို မုန်းမိတယ်။ လိုချင်မှ လိုအပ်မှ သတိရတာမျိုးကို အမုန်းဆုံးဘဲ။ ကျနော် အလုပ် မလုပ်နိုင်တာ သုံးလေးရက် ရှိနေတာတောင် ကျနော့်ကို ဖေးမအားပေးဖော် မရှိကြဘူး။ တကယ့် လူတွေ။ စိတ်တော့ နာမိသလိုလို။ ဒါပေမဲ့လဲ ကိုယ့်တာဝန်ကိုယ်ကျေရင် ကိုယ့်လိပ်ပြာ ကိုယ်လုံရတာပါဘဲလေ ဆိုပြီး အကောင်းမြင်ဝါဒနဲ့ သည်းခံပြီးဘဲ နေလိုက်တော့တယ်။ ဒါတောင်မှ ကျနော့်သခင့် အမျိုးသမီးက ချိနှဲ့နေတဲ့ ကျနော့်ကို ကြည့်ပြီး "ဒီကောင် အလုပ်မလုပ်ပါလား" ဆိုပြီး ရေရွတ်နေလိုက်သေးတယ်။

ညနေ ၄ နာရီလောက်မှာ ကျနော့် အင်အားတွေ အရမ်း ဆုတ်ယုတ်သွားတယ်။ မျက်စိအမြင်တောင် မှုန်ဝါးဝါးဖြစ်သွားတယ်။ ဒါပေမဲ့ ရှိတဲ့ အားလေးနဲ့ တုန်ချိတုန်ချိ အလုပ် လုပ်ကြည့်ပါသေးတယ်။ လုံးဝ(လုံးဝ) ခရီးမပေါက်တော့ပါဘူး။ အဲဒီအချိန်မှာ ကျနော့် သခင်က ဘယ်သွားမလို့လဲ မသိပါဘူး။ ကပျာကယာနဲ့ ကျနော့်ကို ခဏ မော့ပြီး ကြည့်လိုက်တယ်။ ပြီးတော့ ခပ်သုတ်သုတ်နဲ့ အပြင်ကို ထွက်သွားတယ်။ ကျနော့် အထင်တော့ ကျနော့် အတွက် အားဆေး တစ်ခုခုများ သွားဝယ်သလားပေါ့။ ညလယ်လောက် သူပြန်ရောက်လာတယ်။ ဒါပေမဲ့ သူ့လက်ထဲမှာ ဘာမှ ပါမလာပါဘူး။ သူ့အလုပ် ကိစ္စနဲ့ သူ သွားတာဘဲ ရှိမှာပါ။ အဲဒါပြီး သူတို့ အိပ်ရာဝင်ကြတာ မြင်လိုက်ရတယ်။

မနက် ၄ နာရီလောက်ကျတော့ ကျနော့် သခင်တစ်ယောက် အိပ်ရာထဲက ကမန်းကတမ်း ထလာတယ်။ ပြီးတော့ ကျနော့်ကို တစ်ချက် မော့ကြည့်ပြီး ပြုံးပြသွားတယ်။ ပြီးတော့ ရေအိမ်ထဲ ၀င်သွားတယ်။ အော်... အပေါ့အလေး ကိစ္စအတွက် အိပ်ရာက ထလာတာကိုး။ "ငါ့မှာဖြင့် အားနည်းလွန်းလို့ တုန်ချိချိနဲ့ နေ့လား ညလား အခြေအနေရယ်။ ဒါတောင် ငါ့ကို ဂရုမစိုက်ကြပါလား။ ဒီလို ရှင်သန်နေရတာနဲ့ စာရင် သေလိုက်တာကမှ ပို ကောင်းပါသေးတယ်"။ အဲဒီလို စိတ်ရိုင်းတွေလဲ မကြာမကြာ ကျနော့်စိတ်ထဲ ၀င်နေလေ့ရှိတယ်။ ဒါပေမဲ့ သခင့်မျက်နှာ အပြုံးလေး မြင်လိုက်ရရင် အဲဒီစိတ်ရိုင်းတွေ ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားပြန်ရော။ ထူးဆန်းတယ်နော်။ ဒါကြောင့် စိတ်ဓါတ်နူးညံ့တဲ့သူတွေ အတုံးအလဲ ၀ပ်စင်းခံနေကြရတာ နေမှာ။

မနက်ပိုင်း သူတို့ အိပ်ရာထပြီးနောက် ခန္ဓာကိုယ် သန့်စင်ကြတယ်။ အဲဒီနောက် မိသားစု အစုံအလင် မနက်စာ အတူစားနေကြတယ်။ မနက်စာ စားသောက်ပြီး ကျနော့် သခင်က အပြင်သွားဖို့ အသင့် မီးပူထိုးထားတဲ့ လုံချည်နှင့်အင်္ကျီကို သေချာ ကျနစွာ ၀တ်နေတယ်။ အဲဒီနောက်တော့ သူ့အမျိုးသမီးနှင့် သူ့ကလေးတွေကို နှုတ်ဆက်ပြီး အပြင်ကို ထွက်သွားတယ်။ သူ့အမျိုးသမီးက အိမ်ဝင်း ခြံစည်းရိုးနား ရောက်ခါနီး သူ့အမျိုးသားကို လှမ်းအော်ပြီး တစ်ခုခု ၀ယ်ခိုင်းတာကို ကျနော် ကြားလိုက်ရတယ်။ သူ့တို့ စကားပြောသံလေးတွေက ကျနော့်အတွက် နတ်သုဒ္ဓါတမျှပါဘဲ။

"ကိုရေ....... အပြန်ကျရင် လမ်းထိပ်က အေးကြည်မစတိုးဆိုင်မှာ ပင်နယ်ဆိုနစ်ခ် ဓါတ်ခဲ အသေးစား နှစ်လုံးလောက် ၀ယ်ခဲ့ပေးပါလား"

"ဘာအတွက်လဲ မိန်းမရ"

"ရှင့် နံရံကပ် နာရီကြီး ဓါတ်ခဲအားမရှိလို့ သေနေတာ ကြာရောပေါ့"

"မနေ့က ညနေ လေးနာရီလောက်ကတောင် နာရီလက်တံက သွားနေပါသေးတယ်။ ပြီးတော့ မနက်ကလဲ ငါ အပေါ့စွန့်ထတော့ နာရီက မှန်နေတာဘဲလေ"

"မဟုတ်သေးဘူး ရှင်ရေ။ ရှင့် နာရီက လေးနာရီတိတိမှာ ရပ်နေတာ ကြာရောပေါ့။ သင်္ကြန်အကြတ်နေ့ ကထဲက ရပ်တန့်သွားတာ။ လက်တံက လှုပ်တုတ်လှုပ်တုတ် ဖြစ်နေပေမဲ့ ရှေ့ကိုမှ မသွားတော့တာ"

"အေး.. အေး.. ဒါဖြင့်လဲ ငါ ၀ယ်လာခဲ့မယ်"

...

Friday, 15 April 2011

ထိုအချိန်ဝယ်...


ညနေ နေ၀င်ရီတရော အချိန်တွင် ကျွန်ုပ်ကိုကိုမောင် တစ်ယောက် တွေးတောစရာ အများအပြားဖြင့် တရေးတမော အိပ်နေလေ၏။ အိပ်လို့မှ မပျော်ခင် အပေါ်ထပ် အခန်းမှ ဦးလေးတင်ရွှေ ဆင်းလာပြီး ခြေထောက်ဖြင့် ကန်နိုးကာ... "ကိုကိုမောင် ထထ မြို့ထဲ သွားရအောင်" ဟူ၍ အဖော်စပ်လေ၏။ ကျွန်ုပ်လည်း အိပ်ချင်မူးတူးဖြင့် "သင်္ကြန်အတွင်းကြီး ဘယ်သွားဦးမလို့လဲ ဦးလေးရာ၊ အေးအေးဆေးဆေး ကွေးနေပါရစေ၊ တော်ကြာ ရေပက်ခံထိနေပါဦးမယ်" ဟု ပြန်ပြောလိုက်၏။ "ခွီးမှဘဲ ဒါက ရွှေမြန်မာ မဟုတ်ဘူး၊ ဘိလပ် နိုင်ငံတော်ကြီးကွ၊ ဘယ်ကဘယ်လို ဘယ်သူတွေက လာရေပက်ကြမတုန်း ထမှာသာ မြန်မြန်ထစမ်းပါ။ လာ သွားကြမယ်" ဟု ပါးစပ်ကလဲ ပြော လက်ကလဲ ဆွဲထူ လေ၏။

မျက်စိပေါက် ကျဉ်းကျဉ်း ခေါင်းမူးတူးတူးဖြင့် အ၀တ်အစားလေး ဖြစ်သလို ကောက်ဝတ်လိုက်ပြီး ဦးတင်ရွှေနှင့် အတူ လန်ဒန်မြို့လယ်ခေါင်သို့ ယောင်လည်လည်ဖြင့် ပါသွားလေ၏။ " အော်.... ဘုရားဟောခဲ့တာ မှန်လိုက်တာ၊ ဘာမှ အစိုးမရပါလား၊ ငါ့နှယ်... အချိန်ရှိတုန်းလေး ကွေးရမလား မှတ်တယ်၊ အခုတော့ မကွေးရဘဲ ဦးတင်ရွှေနောက် အပြေးလိုက်နေရရှာပြီ... သွပ် သွပ် သွပ်" ဟူ၍ စိတ်တွင်းမှ ကြိတ်ပြီး အနတ္တသဘောကို ဆင်ခြင်နေမိလေ၏။

နှစ်ထပ် ဘတ်စ်ကားကြီးဖြင့် တဖုံ၊ မြေအောက် ပြေးသည့် ကျု အမည်ရှိ ရထား ခပ်ရှည်ရှည်ကြီးဖြင့် တလှည့်၊ ကိုးခြောက်ကိုးသုံးကားဖြင့် တမျိုး၊ အမျိုးမျိုး မရိုးရလေအောင် ယာဉ်ရထားများကို စီးပြီးနောက် ဘိလပ်ဝန်ကြီးချုပ်တို့ ပျော်စံရာ ဒေါင်းနင်းစထရိ(တ်)သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားလေတော့၏။ အနီးအနား ရှေ့နောက်ဝဲယာ လှမ်းမျှော် ကြည့်လိုက်သည့်အခါ ဘစ်ဘင်ဟု နာမည်ကြီးသော ၀က်စ်မင်စတာ နာရီစင်ကြီး၊ ပါလီမာန် အဆောက်အဦ၊ မင်းသားဝီလျံ မင်္ဂလာဆောင်မည့်နေရာ ၀က်မင်စတာအပ်ဘေး၊ လန်ဒန်အိုင်း၊ ထရာဖာဂါစကွဲယားရှိ ကျောက်တိုင် နှင့် မြင်းရုပ်ကြီးများကို ရေးတေးတေး မြင်နေရလေ၏။ " အော်... အရတော်ပေစွ၊ အရတော်ပေစွ၊ ချောင်ကြိုချောင်ကြား တုံးဖလားမှာ မွေးဖွားခဲ့တဲ့ တောသားလေး ကျွန်ုပ်ကိုကိုမောင် တစ်ယောက် ဘိလပ်ရောက်ပြီး လူဖြစ်ရကျိုး နပ်လှပေပြီကော" ဟူ၍ စိတ်တွင်းမှ ဥဒါန်း ဟ မိလေ၏။

ထိုအချိန်၌ ဦးလေးဦးတင်ရွှေမှ... " ဟေ့ကောင် တောသား ဘာတွေ ငေးနေတာလဲ၊ ဒီလို ဟောင်းနွမ်း စုပ်ပြတ်နေတဲ့ အဆောက်အဦတွေကို မင်းမို့လို့ စိတ်တစားကြည့်တယ်၊ ငါကတော့ ရွှေတိဂုံ ဘုရားကြီးက လွဲရင် ကျန်တာတွေ မျက်စိထဲတောင် မတိုးတော့ဘူး။ လာ လာ ပြောနေတာ ကြာတယ်၊ ဟိုဘက်က အဆောက်အဦထဲ သွားရအောင်" ဟု ပြောကာ ကျွန်ုပ်၏ လက်ကို ခပ်တင်းတင်းဆွဲပြီး ခေါ်ဆောင် သွားလေတော့၏။ တောသူတောင်သား မြို့ရောက်ပြီး ကားလမ်း မကူးတတ်၍ မြို့သားလက်ကို တင်းတင်းဆွဲထားပြီး ကြောက်ကြောက်လန့်လန့် တောင်ကြည့်မြောက်ကြည့်ဖြင့် ကားလမ်းမကြီး ဖြတ်ကူးရသကဲ့သို့ ကျွန်ုပ်သည်လည်း ဦးလေးဦးတင်ရွှေနောက်သို့ ထိုနည်းတူ ယက်ကန်ယက်ကန် ပါသွားလေ၏။

ခပ်ဟောင်းဟောင်း အဆောက်အဦ တစ်ခု အတွင်းသို့ ၀င်ရောက်ပြီးသည့်အခါ လူအများအပြားလည်း ထိုအဆောက်အဦအတွင်း ရောက်နင့်နေသည်ကို တွေ့ရလေ၏။ ၀င်ကြေးအနေဖြင့် တစ်ယောက်ကို စတာလင်ပေါင် ၁၀ ပေးရလေ၏။ ထိုလူများအားလုံး အဆောက်အဦ အတွင်းရှိ ဟောခန်းမကြီး၌ မတ်တပ်ရပ်ပြီး လျပ်စစ် မီးရောက်အောက်တွင် တစ်စုံတစ်ခုကို စောင့်မျှော်နေကြသကဲ့လို့ ရှိလေ၏။ ထိုအခန်းထဲ၌ ထိုင်စရာ ထိုင်ခုံဟူ၍ ခွေးချေပုမျှပင် မရှိချေ။ ဦးတင်ရွှေနှင့် ကျွန်ုပ်သည်လည်း ထိုသူများကြားထဲသို့ တိုးဝင်ပြီး သူတို့ကဲ့သို့ပင် မတ်တပ်ရပ်နေလိုက်လေ၏။ ဦးတင်ရွှေသည် ကျွန်ုပ်အား လက်ကုတ်ပြီး... "ဒါက တကယ့် ကလပ်ကြီးကွ၊ မင့်စိတ်တွေ နှောက်ကျူနေမှန်းသိလို့ ငါခေါ်လာတာ၊ မင်း တခါထဲ ပျော်ရွှင်သွားစေရမယ် " ဟု မက်လုံးပေး ပြောဆိုလေ၏။ ပျော်ရွှင်မရွှင်တော့ ကျွန်ုပ်မသိ။ ကျွန်ုပ်သိသည်မှာ လူများ အီးများ အနံ့ပင်ဖြစ်၏။ အရေးထဲ အပေါ့စွန့်ချင်စိတ်က ၀င်လာသေး၏။ ခက်ပါပကော။

ထိုအခိုက်အတန့်၌ အခန်းတွင်းရှိ လျပ်စစ်မီးများ ရုတ်တရက် အမှောင်ကျသွားလေ၏။ ကျွန်ုပ်လည်း ယောင်ယမ်းပြီး "ဦးလေး မီးပျက်ပြီ ထင်တယ်။ လက်နှိပ်ဓါတ်မီး ပါလာလား " ဟု မေးမြန်းလိုက်လေ၏။ "မင်းကတော့ ငုတ်လိုက်တာကွာ၊ ဘိလပ်မှာ မီးပျက်တယ်လို့ ဘယ်ရာဇ၀င် ဘယ်အဘိဓာန်ထဲ ဖတ်ဖူးလို့လဲ " ဟူ၍ မြည်တွန် တောက်တီးပြီး "ဒါ တမင်သက်သက် ပရိသတ် စိတ်ဝင်စားအောင် အမှောင်ချလိုက်တာကွ၊ ခဏနေရင် ဖျော်ဖြေမှု လာတော့မယ်" ဟု ပါးစပ်ကလဲ အပြစ်တင် အဖြစ်အပျက်ကိုလဲ ရှင်းပြ လုပ်နေလေ၏။ ခဏကြာသောအခါ မီးအလင်းရောင် ခပ်ဖျော့ဖျော့လေးနဲ့အတူ....

ဝူးးးးးးးး ၀ူးးးးးးးးးးးးးးး ၀ါးးးးးးးးးးးးးးးး ၀ါးးးးးးးးးးးးး
ဟီးးးးးးးးး ဟီးးးးးးးးးး ဟားးးးးးးးးးးးးးး ဟားးးးးးးးးး
ယီးးးးးးးး ယီးးးးးးးးးး ယားးးးးးးးးးးး ယားးးးးးးးးးးးးးးး ယားးးးးးးးးးးးးး
အစ်.... ဟစ်...... ဟစ်... ဟစ်......
ငှဲ ငှဲ ငှဲ....
ဗြဲ.... ဗြဲ... ဗြဲ...
ခစ်.... ခစ်... ခစ်...

စသည့် ရူးတူးတူး ပေါတောတော အသံသေး အသံကြောင် ရယ်မောသံများ ထွက်ပေါ်လာပြီး ဟောခန်းမကြီးတွင်း ညံသွားလေတော့၏။ နားကွဲလုမျှပင်တည်း။ ခန်းမနံရံ ပတ်ပတ်လည်မှ ထိုအသံများ သံကုန်ဟစ် ထွက်ပေါ်နေခြင်းဖြစ်၏။ ကျွန်ုပ်သည် ကမ္ဘာပျက်ပြီဟု အထင်ရောက်ကာ ဦးတင်ရွှေလက်ကို တင်းတင်းဆွဲကိုင်ထားပြီး အရေးပေါ် ထွက်ပေါက်ကို မျက်စိကစားကာ ရှာဖွေနေလေတော့၏။ ခန္ဓာကိုယ်မှလည်း ချွေးများ တလစပ်ထွက်ပြီး အီးယိုချင်သလိုလို ဆီးသွားချင်သလိုလို ဘာလိုလို ညာလိုလို ဖြစ်နေလေ၏။ သို့သော် ကျွန်ုပ်မှလွဲပြီး ကျန်တဲ့သူ အားလုံးမှာမူ ထို ရယ်မောသံများနှင့်အတူ လိုက်ရယ်မောကြပြီး ပျော်ရွှင်မြူးတူးစွာ က ခုန်နေကြသည်ကို တွေ့လိုက်ရလေ၏။ တစ်ချို့က ရယ်မောလွန်သွား၍ လဲကျကြလေ၏။ တစ်ချို့က ဗိုက်ကို လက်နဲ့နှိပ်ပြီး မုဆိုးထိုင် ထိုင်နေကြ၏။ တစ်ချို့က အရယ်လွန်၍ မျက်ဖြူ ဆိုက်နေလေ၏။ ဒါဖြင့် ဦးတင်ရွှေကြီးကကော အင်းးး သူကမှ ပိုဆိုး၊ တခွီးခွီး ရယ်မောပြီး တဂစ်ဂစ်တက်သွားကာ မျက်ရည်များပင် ထွက်လျှံနေလေသေးတော့၏။ ထိုသူများအားလုံးကို ကြည့်ပြီး " အော် အားလုံး သွက်သွက်ခါအောင် ရူးနေကြပါပါ့လား၊ ငါတော့ လူပေါင်းမှားပြီ၊ ဒီလို အရူးတွေနဲ့မှ လာကြုံရပလေတယ် " ဟူ၍ စိတ်မကောင်းခြင်း များစွာ ဖြစ်မိလေတော့၏။

တစ်နာရီခွဲခန့် ကြာသောအခါ ခန်းမအားလုံး မီးလင်းသွားပြီး ဖျော်ဖြေမှုလည်း ပြီးဆုံးသွားလေ၏။ သို့သော် ဘာဖြေဖျော်မှုမှ ကျွန်ုပ်မတွေ့ခဲ့ရပေ။ ဘာအတွက် ပေါင်ငွေ ၁၀ စီပေးပြီး ထိုအဆောက်အဦထဲ သွားကြသည်ကို ကျွန်ုပ်သဘော မပေါက်နိုင် ဖြစ်နေလေ၏။ အသုရကာယ်ဘုံလော ပြိတ္တာဘုံလော သို့လော သို့လော စဉ်းစားပြီး ဦးတင်ရွှေနဲ့အတူ ထိုအဆောက်အဦအတွင်းမှ ပြန်လာခဲ့လေတော့၏။ အပြန်လမ်း၌ ဘယ်လိုမှ မထိန်းချုပ်နိုင်တော့၍ ဦးလေးဦးတင်ရွှေအား "ဦးလေး အဲဒီ ဖျော်ဖြေမှုက ဘာကြီးလဲ ကျနော် လုံးဝ နားမလည်ဘူး" ဟု မေးလိုက်သော အခါ .. "ဟင်... မင်း မရယ်ခဲ့ရဘူးလား။ အဲဒါ စိတ်ဓါတ်ကျနေတဲ့ သူတွေ အတွက် ဘိလပ်ဝန်ကြီးချုပ် ကိုယ်တိုင် သီးသန့် အထူးစပါယ်ရှယ် ဖွင့်လှစ်ထားတဲ့ ရယ်ကလပ် (Laugh-club) ကွ။ ရယ်မောတဲ့ အသံပေါင်းစုံကို စပီကာက တမင်ထုတ်လွင့်ပေးလိုက်တာလေ။ ငါကတော့ ရယ်လိုက်ရတာကွာ၊ တင်းကြပ်နေတဲ့ စိတ်တွေ ယူပစ်လိုက်သလို ပျောက်သွားတာဘဲ၊ သိပါဘူးးး။ မင်းလဲ ငါတို့နဲ့ အတူတူ ရယ်မောခဲ့တယ်လို့ ထင်နေခဲ့တာ၊ အဲဒီ အသံတွေ ကြားရင် မရယ်ဘဲကို မနေနိုင်ဘူးးးး ဟား ဟား ဟား ပြောရင်းနဲ့ကို ရယ်ချင်နေပြန်ပြီ ဟီး ဟီး ဟီး ဟီး" ဟူ၍ လမ်းမ အလယ်၌ ဦးလေးဦးတင်ရွှေ တစ်ယောက် မထိန်းနိုင် မသိမ်းနိုင် ရယ်မောနေပြန်လေတော့၏။

ကျွန်ုပ်သည်လည်း ဟာသမမြောက်သည့် ဟာသတစ်ပုဒ်အား ကြည့်ရှုနားထောင်ပြီး ဟာသမမြောက်ခြင်းကိုပင် ရယ်မောရလေသကဲ့သို့ ရယ်ကလပ်၌ ရယ်စရာမကောင်းသည့် အသံများကို ပြန်ကြားယောင်ကာ ရယ်စရာမကောင်းခြင်းသည်ပင် ရယ်စရာဖြစ်လာလေတော့၏။ ထို့ကြောင့် ကျွန်ုပ်သည်... "ဟား ဟား ဟား။ ဘာမှ ဟာသမမြောက်တဲ့ အသံကို ရယ်စရာကောင်းတယ်ဆိုပြီး ရယ်နေလိုက်ကြတာ၊ တွေးကြည့်ပြီး ကျနော် ရယ်ချင်လိုက်တာဗျားးး ဟား ဟား ဟား ဟား ဟား။ ဘာမှ မဟုတ်တဲ့ အသံကို အားရပါးရ ၀ိုင်းရယ်လိုက်ကြတာ အရူးတွေ အရူးတွေ ဟား ဟား ဟား ဟား ဟား။ အရူးမှ တကယ့်သွက်သွက်ခါ ရူးးး ဟူးး ဟူးး ဟူးး ဟူးးးးး ဟား ဟား ဟား ဟီးး ဟီးးးး ဟီးးးးး " ဟူ၍ အသံကုန် အော်ဟစ် ရယ်မောနေလေတော့၏။

ထိုအချိန်၌.....

"ဟေ့ကောင်.. ကိုကိုမောင်၊ ဘာတွေ အရူးထပြီး လှိမ့်ရယ်နေရတာလဲ၊ လာ မိုးမချုပ်ခင် လမ်းလျောက်ထွက်ရအောင်။ စပရင်း ရာသီရောက်ပြီဆိုတော့ ပန်းတွေ အစုံအစုံပွင့်နေကြပြီကွ၊ ဟန်တန်ကုတ်ပန်းခြံနားထိ လျောက်ကြရအောင်" ဟူသော ဦးလေးဦးတင်ရွှေ၏ အသံစစ်စစ်ကြီးကို ကြားလိုက်ရ၍ အိပ်ချင်စုံမွှားဖြင့် ကြောင်တောင်တောင် ပြန်ကြည့်လိုက်လေ၏။ ထိုအခါကျမှ ဦးတင်ရွှေလည်း သဘောပေါက်သွားကာ.. " အော် မင်းက အိပ်မက်ယောင်ပြီး လှိမ့်အော်ရယ်နေတာကိုး၊ ငါက ဟာသကား တစ်ခုခု ကြည့်ပြီး တစ်ယောက်ထဲ အော်ရယ်နေတာထင်တာ " ဟု ပြန်ပြောသံကို ကြားရလေ၏။

"အော်... ညနေအိပ်မက်၊ ဂယောက်ဂယက်ပါတကား။ အိပ်မက်ထဲမှာ ရယ်ကလပ်က လူတွေနှင့် ဦးတင်ရွှေတို့ ခွက်ထိုးခွက်လှန်ရယ်မောနေကြတာဟာ အားလုံး အတုတွေပါလား။ အမှန်တကယ် ရူးရူးသွပ်သွပ် အော်ဟစ်ရယ်မောနေသည်မှာ ငါတစ်ယောက်ထဲပါလား" ဟု အမှန်ကို အမှန်အတိုင်း ပြန်မြင်ပြီး အိပ်ချင်မူးတူးဖြင့် ကြံကြံဖန်ဖန် ဘာမဆိုင်ညာမဆိုင် တုံးဖလားရွာလေးကို ပြေးသတိရမိလိုက်သေးတော့၏။

"ခုလောက်ဆို.. ရွာတောင်ပိုင်းက မိအေးတို့ တစ်စု ရေရွှဲရွှဲ စိုနေလောက်ကြရောပေါ့"

..


Saturday, 9 April 2011

အဲဒီနေရာလေး


အဲဒီ နေရာလေးမှာ
ကြယ်တွေ စုံခဲ့ဖူးတယ်။ ကြယ်တွေ ကြွေခဲ့ဖူးတယ်။ သိုက်သိုက်ဝန်းဝန်း ကြည်နူးခဲ့ဖူးတယ်။ ရက်ရက်စက်စက် ကြေကွဲခဲ့ဖူးတယ်။ မိသားစုလိုက် ငိုရှိုက်ခဲ့ဖူးတယ်။ အဖော်မဲ့ ကြိတ်ငိုခဲ့ဖူးတယ်။ သောင်းသောင်းဖျဖျ ပျော်ခဲ့ဖူးတယ်။ အထီးကျန် ပြုံးခဲ့ဖူးတယ်။ ထမင်းလက်ဆုံ စားခဲ့ဖူးတယ်။ ရေအတူ သောက်ခဲ့ဖူးတယ်။ အဲဒီလို ကြယ်တွေ စုံလိုက် ကြယ်တွေ ကြွေလိုက် ကြည်နူးလိုက် ကြေကွဲလိုက် ၀မ်းနဲလိုက် ၀မ်းသာလိုက် ပြုံးလိုက် မဲ့လိုက် ငိုလိုက် ရယ်လိုက်နဲ့ မိသားစုဘ၀သံသရာ ရထားကြီး အတူတူစီးခဲ့ဖူးတယ်။

အဲဒီ ကမူလေးပေါ်မှာ စိမ်တမ်း ပြေးခဲ့ဖူးတယ်။ အဲဒီ ချောင်းလေးထဲမှာ နှာခေါင်းပိတ်ပြီး ရေကူးခဲ့ဖူးတယ်။ အဲဒီ စပါးပင်တောထဲမှာ တူတူပုန်းတမ်း ကစားခဲ့ဖူးတယ်။ အဲဒီ စပါးရိုးလေးတွေနဲ့ ပီပီ အပြိုင်မှုတ်ခဲ့ဖူးတယ်။ အဲဒီ စပါးပင်လေးတွေကို ရိတ်သိမ်းခဲ့ဖူးတယ်။ အဲဒီ လယ်ကွင်းစပ်မှာ ကောင်းဘွိုင်လုပ်ခဲ့ဖူးတယ်။ အဲဒီ စပါးပင်တွေကို ရိတ်ရင်း သီချင်းအော်ဆိုခဲ့ဖူးတယ်။ အဲဒီ လယ်ကန်သင်းလေးပေါ် လျှောက်ပြီး တစ်ဘက်က ရွာဆီ ကျောင်းတက်ခဲ့ဖူးတယ်။ အဲဒီ စပါးရနံ့လေးတွေ အောက်မှာ ပျော်ပျော်ကြီး လမ်းလျှောက်ခဲ့ဖူးတယ်။

အဲဒီ ထိုးထိုးထောင်ထောင် အိမ်လေးတွေဟာ ဟိုတုန်းက အ၀တ်မ၀တ်ကြဘူး။ သစ်ရွက် သစ်ခက်တွေဘဲ ၀တ်ထားကြတယ်။ သွပ်တွေကို ခေါင်းပေါ်မတင်ကြဘူး။ သက်ကယ်တွေကိုဘဲ ဦးထုပ်လုပ်ဆောင်းကြတယ်။ သစ်မာတွေနဲ့ အလှမဆင်ကြဘူး။ ၀ါးခြမ်းစိပ်တွေနဲ့ဘဲ ခြယ်သကြတယ်။ အင်္ဂတေ အုတ်ချပ်ကို ဖိနပ်လုပ်မစီးကြဘူး။ မြေသားမြေလွှာအတိုင်းဘဲ နေကြတယ်။ ကွန်ကရစ် ခြေထောက်တွေ မရှိကြဘူး။ ရိုးရိုးအသားခြေထောက်တွေနဲ့ဘဲ ကြံ့ကြံ့ခံခဲ့ကြတယ်။

အဲဒီနေရာလေးမှာ
အချိန်က လူတွေကို စားခဲ့ဖူးတယ်။ အချိန်ကဘဲ လူတွေကို ပွါးခဲ့ဖူးတယ်။ အဲဒီအချိန်ကဘဲ လူတွေနဲ့ သေတမ်းရှင်တမ်း ကစားခဲ့ဖူးတယ်။ မွဲတမ်းဋ္ဌေးတမ်း ကစားခဲ့ဖူးတယ်။ မဲ့တမ်းပြုံးတမ်း ကစားခဲ့ဖူးတယ်။ ငိုတမ်းရယ်တမ်း ကစားခဲ့ဖူးတယ်။ ကွဲတမ်းဆုံတမ်း ကစားခဲ့ဖူးတယ်။ အဲဒီလို အချိန်ရဲ့ ကစားမှု အောက်မှာ ကျနော်တို့ မိသားစုလေး သေကွဲရှင်ကွဲ ကွဲခဲ့ဖူးတယ်။

အဲဒီနေရာလေးမှာ
နေသာခဲ့ဖူးတယ်။ မိုးရွာခဲ့ဖူးတယ်။ မြူ ထခဲ့ဖူးတယ်။ ဆီးနှင်းဝေခဲ့ဖူးတယ်။ စိမ်းလန်းစိုပြေခဲ့ဖူးတယ်။ သွေ့ခြောက်ပူပြင်းခဲ့ဖူးတယ်။ ယက်ကန်းခတ်သံ ပျံ့လွင့်ခဲ့ဖူးတယ်။ မောင်းထောင်းသံ ကြားခဲ့ရဖူးတယ်။ ကျေးငှက် မြည်သံ နားထောင်ခဲ့ရဖူးတယ်။ ကြက်တွန်သံ နားစွင့်ခဲ့ဖူးတယ်။ ရယ်မောသံတွေ ညံခဲ့ဖူးတယ်။ ငိုကြွေးသံတွေ လျှံခဲ့ဖူးတယ်။ အမုန်းတွေ သေခဲ့ဖူးတယ်။ အပြုံးတွေ ဝေခဲ့ဖူးတယ်။

အဲဒီ နေရာဟာ ကျနော်တို့ရွာ.. တုံးဖလားရွာဘဲပေါ့။

အော်.... ဘ၀တွေ မိုးလင်း၊ ဘ၀တွေ မိုးချုပ်၊ အချိန်တွေ တဖြုတ်ဖြုတ် ကုန်သွားပေမဲ့လဲ ကဗျာမပီ စာမညီတဲ့ ရာသီတွေကြားမှာ ကျနော်တို့ တုံးဖလားရွာလေးကတော့ လှဆဲ ပဆဲ နုပျိုဆဲပါဘဲလား။ လွမ်းမောလိုက်ပါဘိ။ ။

..

Wednesday, 6 April 2011

ကိုကိုမောင် Hounslow မှာနေသည်

ဝန်ခံချက်။ ဘကျောက်ရဲ့ ပို့စ်ခေါင်းစဉ်ကို နည်းယူခိုးချထားသည်။ ထို့နောက် ထင်ရာ မြင်ရာ ကြားရာများကို ဘကျောက်နည်းတူ ကမ္ဘာတစ်ဝှန်းသို့ ချပြလိုက်သည်။ ကျေးဇူးဘကျောက်။
....


အဲဒီနေ့က ပန်းမပွင့်ဘူး။ သစ်ရွက်မရှိဘူး။ သစ်သီးမသီးဘူး။ မြူတွေ ဆိုင်းနေတယ်။ နှင်းတွေ ဝေနေတယ်။ ရေခဲမှတ် နီးနီးရောက်နေတယ်။ အဲဒီနေ့မှာ ကျနော် လန်ဒန်ကို ရောက်ခဲ့တယ်။ ကျနော် နေတဲ့ အရပ်က Hounslow ။
..


တုံးဖလားရွာအလယ်ပိုင်းမှာ အိမ်အိုကြီးတစ်လုံးရှိတယ်။ အဲဒီ အိမ်အိုကြီးမှာ အဘွားနှင့်မြေး နှစ်ယောက်ထဲ ရှိတယ်။ အဘွားနာမည်က ဒေါ်ချစ်။ အားလုံးက ဖွားချစ်လို့ဘဲ ခေါ်ကြတယ်။ သူ့မြေးလေးနာမည်က မောင်ခွေး။ မောင်ခွေးက သူငယ်တန်းအောင်ပြီး ပထမတန်း တက်နေတယ်။ စာသင်ကျောင်းက တုံးဖလားရွာမှာ မရှိဘူး။ ဒါကြောင့် ရွာသာယာဆိုတဲ့ မနီးမဝေးက ရွာကြီးတစ်ရွာမှာ ကျောင်းတက်ရတယ်။ စာသင်ကျောင်းသွားတဲ့အခါ ဘုန်းကြီးကျောင်း နဘေးက ဖြတ်သွားရတယ်။ အဲဒီအခါ ဘုန်းကြီးကျောင်းသားတွေက ပါဠိရွတ်ပြပြီး စာသင်ကျောင်းသားတွေကို အနိုင်ယူလေ့ရှိတယ်။ စာသင်ကျောင်းသားတွေကလဲ အားကျမခံ အင်္ဂလိပ်စာရွတ်ပြပြီး ဘုန်းကြီးကျောင်းသားတွေကို အနိုင်ယူလေ့ရှိတယ်။ အဲဒီလို အပြိုင်အဆိုင်လေးတွေကြောင့်မို့လဲ ဘုန်းကြီးကျောင်းသားတွေ ပရိတ်ကြီး ၁၁ သုတ် မရတဲ့သူ မရှိဘူး။ ဒေါင်ဒေါင်မြည်ရွတ်ပြနိုင်တယ်။ စာသင်ကျောင်းသားတွေကလဲ အင်္ဂလိပ်မီးနင်းတွေကို ရသလောက် ကျက်မှတ်ကြတယ်။ အဲဒီလို အင်္ဂလိပ်မီးနင်းတွေ ကျက်တဲ့အထဲမှာ မောင်ခွေးက ထိပ်ဆုံး။

"Y-e-l-l-o-w (ရဲလိုး)= အ၀ါရောင်
S-l-o-w (စလိုး)= နှေးသော၊ ဖြေးသော
S-l-o-w-l-y (စလိုးလီး)= ဖြေးဖြေး
B-u-f-f-a-l-o (ဘတ်ဖဲလိုး)= ကျွဲ"

အဲဒီလို ဆင်တူစကားလုံးလေးတွေဆို ကပ်ပြီး မှတ်ရလွယ်လို့ မောင်ခွေးတစ်ယောက် သူ့အိမ်မှာ အင်္ဂလိပ် မီးနင်းတွေကို အကျယ်ကြီး အော်ကျက်နေတော့တယ်။ အဲဒီမှာ ဖွားချစ်က ဘာပြောတယ်မှတ်လဲ။

"မောင်ခွေးရယ်။ တိုးတိုး ကျက်စမ်းပါ။ နင့် အင်္ဂလိပ်စာကြီးကလဲ ကြက်သီးထချင်စရာကြီး။ တ -ိုး ထဲ -ိုး နေတော့တာဘဲ။ ငါ နားရှက်တယ်" တဲ့။ ကဲ မှတ်ကရော။
...


မှတ်မိသေးတယ်။ ရန်ကုန်မှာ နေစဉ်တုန်းက ဂျပန်မိတ်ဆွေ တစ်ယောက်ရှိတယ်။ သူက မြန်မာ ရောက်တုန်းရောက်ခိုက် ဒုလ္လဘ၀တ်တယ်။ ပြီးတော့ မြန်မာစကား မတောက်တခေါက် လေ့လာပြီး တွေ့တဲ့အခါ မြန်မာလို နှုတ်ဆက်လေ့ရှိတယ်။ တစ်နေ့မှာ သူနှင့်အတူ ဂျန်းရှင်းအိတ်နားက စတိုးဆိုင် တစ်ဆိုင်မှာ ဈေးသွားဝယ်တယ်။ ဈေးဝယ်သွားတယ်ဆိုတာထက် ကော်ဖီဖျော်သောက်ဖို့ ကော်ဖီပန်းကန်ခပ်ကြီးကြီး တစ်လုံး သွားဝယ်တာပါ။ ကျနော်ကလဲ အဖော်လိုက်သွားတာပေါ့။

ဆိုင်ရောက်တော့ ပန်းကန်တန်းဘက်ကို သွားတယ်။ ဆိုင်ဝန်ထမ်းကောင်မလေး ခပ်ချောချော တစ်ယောက်က ဘာလိုချင်လဲလို့ မေးပါတယ်။ အဲဒီမှာ အဲဒီ ဂျပန်ဦးဇင်း ပူပူနွေးနွေးလေးက စင်ပေါ်ကနေ ပန်းကန်လေးကို လှမ်းယူလိုက်တယ်။ ပြီးတော့ စကားတစ်ခွန်းပြောလိုက်တယ်။ "ဒါကို ဦးဇင်း လိုချင်ပါတယ်" လို့ ပြောချင်တယ်ထင်ပါ့။ ဒါပေမဲ့ နိုင်ငံခြားသားဆိုတော့ သိတဲ့အတိုင်းဘဲ စကားက မပီဘူးလေ။ ၀စ္စ မပေါက်သင့်တဲ့ နေရာမှာ ၀စ္စသွားပေါက်လိုက်တယ်။ သူပြောလိုက်တာက "ဒါကို ဦးဇင်း ကြိုက်တယ်။ အရမ်း -ိုး ချင်ပါတယ်" တဲ့။ စကား အသံကလဲ အားကြိုးမာန်တက် ခပ်ကျယ်ကျယ်ဘဲ။ အဲဒီမှာ အဲဒီကောင်မလေး မျက်နှာနီမြန်းသွားတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ အဲဒီဂျပန်ဦးဇင်းက ဘယ်သတိထားမိမလဲ။ သူလိုချင်တဲ့ အကြောင်း သုံးလေးခါလောက် ဆက်ပြောနေတယ်။

အဲဒီလို ပြောရင်းနဲ့ ဆိုင်ဝန်ထမ်း မိန်းခလေးက ယောင်ယမ်းပြီး ဦးဇင်းလက်ထဲက ပန်းကန်လေးကို လှမ်းယူမလိုလုပ်တယ်။ ဦးဇင်းလဲ လှမ်းယူမယ် အထင်နဲ့ လွတ်က လွတ်ပေးလိုက်တယ်။ ဆိုင်ဝန်ထမ်း မိန်းခလေးကလဲ ဘာစိတ်ကူးပေါက်တယ် မသိဘူး။ လက်ကို ပြန်ရုပ်လိုက်တယ်။ ရှက်သလိုလို ကြောက်သလိုလို သူယူမလို ကိုယ်ယူမလို လုပ်ရင်း ပန်းကန်လေးက ဘယ်သူ့လက်ထဲမှ မရောက်ဘဲ ကြမ်းပြင်ပေါ်ကျပြီး ကွဲသွားတယ်။ ကွဲသွားတယ်ဆိုတာထက် လက်ကိုင် ကျိုးသွားတာပါ။ ကောင်မလေးလဲ ရှက်လို့လား ဒါမှ မဟုတ် ပန်းကန်အစား သွားယူတာလား မသိဘူး။ အခန်းတစ်ခန်းထဲ ၀င်သွားပြီး ပေါ်မလာတော့ဘူး။ အဲဒီအချိန်မှာ အခြားဝန်ထမ်း မိန်းခလေး တစ်ယောက် (မန်နေဂျာထင်တယ်) ရောက်လာတယ်။ ဘာများ အလိုရှိပါသလဲ ဘုရားလို့ ထပ်မေးတယ်။ ဂျပန်ဦးဇင်းကလဲ လုံးဝ လေမလျော့ဘူး။ လက်ကိုင်ကျိုးနေတဲ့ ကော်ဖီပန်းကန်လေးကို ကိုင်ပြီး "ဒါကို ဦးဇင်း အရမ်း -ိုး ချင်ပါတယ်"ချည်း ပြောနေတော့တာပါဘဲ။ အဲဒီမှာ အဲဒီ ၀န်ထမ်း မိန်းခလေးကလဲ ဘာစိတ်ကူးပေါက်တယ် မသိဘူး။ ခပ်ကျယ်ကျယ် စကား တစ်ခွန်း ပြန်တုန့်ပြန်လိုက်တာ ကြားလိုက်ရတယ်။ "ဦးဇင်း.. အရမ်း -ိုးချင် မနေနဲ့တော့၊ ဒီမှာက ကွဲသွားပြီ။ အဲဒီ ကွဲသွားတဲ့ ပစ္စည်းအတွက် လျော်ကြေးပေးပါ"တဲ့။ ရောင်းသူ ၀ယ်သူ အသံတူပါဘဲ။ အဲဒီလိုနဲ့ ကျသင့်ငွေပေးချေပြီး လက်ကိုင်ကိုင်းကျိုးနေတဲ့ ခွက်ကလေးကိုဘဲ ယူပြီး ပြန်လာခဲ့ရတော့တယ်။ နောက်မှ အဖြစ်မှန်ကို ဂျပန်းဦးဇင်းကို ပြန်ပြောလိုက်ရတယ်။ သူ့ခမျာ အဲဒီ အခါကျမှ မျက်နှာကြီး နီတက်လာပြီး အရှက်ကြီး ရှက်နေလေတော့ရဲ့။

...
လန်ဒန်ရောက်ပြီး မကြာခင်မှာ အင်္ဂလိပ်စာ သင်တန်းကျောင်းတက်တယ်။ သင်တန်းနေရာက Southall အရပ်မှာ ရှိတဲ့ Church ကျောင်းတစ်ကျောင်းထဲမှာပါ။ Southall Church လို့ဘဲ ဆိုကြပါစို့။ ဒါပေမဲ့ ဒီနိုင်ငံက လူမျိုးတွေက ဘယ်လိုက ဘယ်လို ဖြစ်လို့လဲ မသိဘူး။ အဲဒီ Southall က Th ကို F အသံဘဲ ထွက်တယ်။ ဿ်အသံမထွက်ဘူး။ ဘကျောက်နေတဲ့ အရပ်နာမည်နဲ့ ခပ်ဆင်ဆင်ပါဘဲ။ အဲဒါကြောင့် ဘကျောက်အသံထွက်သလို ထွက်လို့ ရမယ်ထင်ပါ့။ အဲဒီလိုဘဲ ထွက်လိုက်ကြပေါ့။


...

နိုင်ငံခြားရောက် မြန်မာလူမျိုးတွေ ထုံးစံအတိုင်း မြန်မာဆိုင်ရာ အခမ်းအနားတစ်ခုခုရှိမှ အချင်းချင်း ဆုံဖြစ်ကြတယ်။ တစ်နေ့မှာ အခမ်းအနားတစ်ခုကို ကျနော်သွားခဲ့တယ်။ မြန်မာလူမျိုးတွေ အတော်များများနဲ့ တွေ့ခဲ့တယ်။ အဲဒီမှာ အသိ အမျိုးသမီးတစ်ယောက်နဲ့ တွေ့လို့ "ဟေ့... မတွေ့တာ အတော်ကြာသွားတယ်။ နင် ဘယ်မှာ နေလဲ" ဆိုပြီး မေးလိုက်မိတယ်။ "နင် South Park ကို သိလား"တဲ့။ "ဟာ.. သိတာပေါ့။ ဖူဟမ်နဲ့ မနီးမဝေး မြို့ထဲမှာဘဲ" လို့ ပြန်ဖြေလိုက်တယ်။ သူက ပြန်ပြောတယ်။ "ငါ အဲဒီ South Park နားက အိမ်တစ်လုံးမှာ နေတယ်"တဲ့။ အဲဒီ အမျိုးသမီးအဖွဲ့နဲ့ ပေါက်ဖော်တစ်ယောက် ပါလာတယ်။ သူ့နာမည်က Lee တဲ့။ Mr Lee ပေါ့။ တိုက်လဲ တိုက်ဆိုင်တတ်ပါ့။ ဒါနဲ့ အချင်းချင်း မိတ်ဆက်ပြီး Mr Lee ကို "Where do you live, Mr Lee?" လို့ မေးဖြစ်လိုက်တယ်။ သူကလဲ ပြန်ဖြေရှာပါတယ်။ "I live in South Park" တဲ့။ အင်း... Mr Lee က South Park မှာ နေတယ်တဲ့။ ဘယ်လိုကြီးလဲ မသိဘူးနော်။ နားထဲမှာတော့ ကလိတိတိရယ်။ ဒါပေမဲ့ စိတ်တော့ ၀င်စားစရာကောင်းသား။ အားတဲ့ တစ်နေ့တော့ အဲဒီ South Park နားတစ်လျှောက် လျောက်(ရှောက်)ပတ် လည်ကြည့်လိုက်ဦးမယ်။း))
...


လန်ဒန်ရောက်ပြီး တစ်နှစ်လောက်ကြာတဲ့အခါ ဗန်ကောက်မှာ နေတဲ့ မြန်မာသူငယ်ချင်း တစ်ယောက် ပေါက်ချလာတယ်။ သူက ဟိုနိုင်ငံ ဒီနိုင်ငံတွေ ကူးနေပေမဲ့ ဘိလပ်စကားကိုတော့ ကောင်းကောင်း မတတ်ရှာဘူး။ ဒါနဲ့ တစ်ရက်မှာတော့ ဘယ်လိုစကား စပ်မိမှန်းမသိဘူး။ တောင်ဆိတ်အကြောင်း စကားရောက်သွားတယ်။ တောင်ဆိတ်ရိုးက အရိုးကိုသန်မာစေကြောင်း၊ တောင်ဆိတ်လျာက ပိုစွမ်းကြောင်း ဒါကြောင့် တောင်ဆိတ်လျာ ရနိုင်ရင် ပိုကောင်းကြောင်း စကားစမြည် ပြောကြတာပေါ့။ အဲဒီမှာ အဲဒီ သူငယ်ချင်းက မေးတယ်။ "စကားမစပ်.. တောင်ဆိတ်ကို အင်္ဂလိပ်လို ဘယ်လို ခေါ်လဲ"ပေါ့။ ကျနော်လဲ အားကျမခံပါဘဲ။ "Antelope (အန်တီလုပ်) လို့ ခေါ်တယ်"လို့ ဖြေလိုက်တယ်။ ဒါဆို သူ တစ်သက်လုံး အဲဒီ စကားလုံးကို မမေ့တော့ဘူးတဲ့။ သူ့မှာ အန်တီအရွယ် စော်တစ်ဗွေ ရှိလို့တဲ့။ ဘာဆိုင်လဲတော့ မသိ။း))

အဲဒီလိုနဲ့ သူ ဗန်ကောက် ပြန်သွားတယ်။ နောက်တစ်နှစ်မှာ သူ လန်ဒန် ထပ်ရောက်လာတယ်။ ယူကေက နဲနဲ ပျော်စရာကောင်းလို့ ပြန်အလည်လာတာတဲ့။ ဒါနဲ့ ကျနော်လဲ တောင်ဆိတ်ကို သတိရသွားပြီး သူ့ကို မေးလိုက်တယ်။ "မင်း... တောင်ဆိတ်ရဲ့ အင်္ဂလိပ်မီးနင်းကို မှတ်မိသေးလား"ဆိုတော့ သူက ဇဝေဇ၀ါ ဖြစ်သွားတယ်။ အမှန်ဆို သူမမှတ်မိတော့ဘူး။ ဒါပေမဲ့ နောက်ပိတ်အလုံးကိုတော့ မှတ်မိနေတယ်။ ကြည့်ဦး သူဖြေလိုက်တာက "Sisterlope" တဲ့။ ကဲဗျားးးး တစ်နှစ်အတွင်း အန်တီကနေပြီး ဆစ်စတားဆီ ပြောင်းသွားပြီထင်ပါ့။
..


မနှစ်တုန်းက မာစတာ ကျမ်းပြုစုနေရင်း Analytical study တို့ Critical thinking တို့မှာ အခက်အခဲ ဖြစ်တဲ့ အကြောင်း အသိမိန်းခလေး တစ်ယောက်ကို ပြောပြဖြစ်တယ်။ သူလဲ ယူနီတက်နေတာပါ။ သူက ပြောတယ်။ သူ့စူပါဗိုက်ဆာက အရမ်းတော်တယ်တဲ့။ ပီအိပ်ခ်ျဒီကို အောက်စ်ဖို့ဒ်က ရထားတာတဲ့။ ရေးပြီးသား တစ်ချို့တစ်ဝက် သူ့ဆီပို့ပေးချင်ရင် ကူညီပေးမယ်တဲ့။ ဒါနဲ့ ဖြစ်နိုင်ရင် စာကို အရင် မစစ်ခိုင်းချင်ပါဘူး။ သူ့ဆီက အတုယူရအောင် သူ ဒေါက်တာဘွဲ့ ရထားတဲ့ ကျမ်းကို အရင် ဖတ်ချင်တယ်လို့ ပြောလိုက်တယ်။ အဲဒီမှာ သူက ဘာပြောလဲ ဆိုတော့.. သူက သူ့ပီအိပ်ခ်ျဒီ ကျမ်းကို ခြောက်ပတ်နဲ့ အပြီး ရေးထားတာတဲ့။ ကျနော်လဲ အံ့အားသင့်ပြီး "ဟင်းးး ခြောက်ပတ်ထဲ ရေးတယ်"လို့ ယောင်ယမ်း အော်ပြောလိုက်မိတယ်။ သူကလဲ "ဟုတ်တယ် ခြောက်ပတ်ထဲ" တဲ့ ပြန်ပြောရှာပါတယ်။ ဒါနဲ့ စကားက အဲဒီနားတင်ဘဲ ၀ဲနေတော့ သူက ဘာဖြစ်လို့မှန်းမသိဘူး။ စကားလုံး လွဲပြောတာ တွေ့ရတယ်။ "သူ့ကျမ်းက တစ်လခွဲနဲ့ အပြီးရေးထားတာ၊ ဒါကြောင့် အရမ်းကြီးတော့ Perfect မဖြစ်ပါဘူး"တဲ့။ ဒီဘက် နိုင်ငံတွေမှာ Week ဆိုတဲ့ စကားလုံးကို ပိုအသုံးများတော့ Six Weeks ဆိုတဲ့ စကားလုံးကို မြန်မာလို ပြန်ပြောရတာကတော့ နဲနဲ အခက်တွေ့နေသလိုပါဘဲ။ ဒါပေမဲ့ တော်ပါသေးရဲ့ တစ်လခွဲဆိုတဲ့ Synonym လေး ကယ်သွားပေလို့။
....


ခုဆို တုံးဖလားရွာက ဖွားချစ်ကြီး မရှိရှာတော့ဘူး။ သူ့မြေးလေး မောင်ခွေးကတော့ မုံရွာ တက္ကသိုလ်ကနေ အဝေးသင်နဲ့ ဘီအေ ဘွဲ့ရပြီး တုံးဖလားမှာဘဲ လယ်ထွန် ပျိုးနှုတ် ကောက်စိုက် လုပ်နေလေရဲ့။ တကယ်လို့ ဖွားချစ် သက်ရှိထင်ရှားရှိဦးမယ်ဆိုရင်၊ တကယ်လို့ ကျနော်နဲ့ လန်ဒန်ကို အတူပါလာမယ်ဆိုရင်၊ တကယ်လို့ သသံသယဒေါသ သင့်စရာ စကားများကို ကြားခဲ့မယ်ဆိုရင် ဖွားချစ်ရဲ့ နား ဘယ်လောက်တောင်များ ရှက်နေမလဲ မသိရှာဘူး။

"ဖွားချစ်ရေ... ကျနော် လန်ဒန်မြို့ရောက်နေတယ်။ နေတဲ့ အရပ်က Hounslow ပါ။ Southall (ေ-ာက်ဖော) မှာ အင်္ဂလိပ်စာ တက်တယ်။ အိမ်နားက ကားလမ်းဘေးမှာ Double Yellow line ရှိတယ်။ တစ်ခါတစ်ခါမှာ South Park က ကောင်မလေးတွေ အလည်လာတယ်။ ဒါပေမဲ့ ကျနော်က မခေါ်ခဲ့နဲ့ ဆိုလို့ Mr Lee ကိုတော့ ခေါ်ခဲ့ကြလေ့မရှိပါဘူး။ အဲဒါပါဘဲ ဖွားချစ်ရေ။ တမလွန်ကနေ နားရှက်မနေနဲ့ဦးနော်"

ဟုတ်ကဲ့။ ကျနော် Hounslow မှာ နေပါတယ်။ စာစကားနဲ့ ပြောရရင်တော့.....
"ကိုကိုမောင် Hounslow မှာ နေသည် ပေါ့"း)))) ဟဲ ဟဲ ဟဲ ။


မှတ်ချက်။
ဂါမ္မဒေါသသင့်တဲ့အတွက် စာဖတ်သူများ စိတ်အနှောင့်အယှက်ဖြစ်ရင် တောင်းပန်ပါတယ်။ ပျော်ရွှင်စေလိုလို့ပါ။ ညစ်ပတ်လိုတဲ့ စိတ်မရှိပါဘူး။း))))))

.

Monday, 4 April 2011

အထုပ်ကလေး ဖြေကြည့်ရာဝယ် မှ အဆက်


ထိုအခါ ကိုခင်အေးသည် သူ့အား မျက်နှာ စပ်ဖြဲဖြဲဖြင့်.....

"တရုတ်သူဋ္ဌေးရေ..
အထုပ်ကလေးအကြောင်း
အဟုတ် မမေးနဲ့
အဲဒါ... ချုပ်ထေးဗျ
ဟ ဟ ဟ ဟ ဟ"

ဆိုပြီး ကာရန်နဘေလေးဖြင့် ရယ်သွမ်းပြောဆိုလေတော့သည်။ "ဟာ... ခင်များကလဲ အတည်မေးနေတာဗျ။ သေချာ ရှင်းပြစမ်းပါဦး" ဟု မျက်နှာတည်တည်ဖြင့် သူ မေးလိုက်တော့မှ ကိုခင်အေးက....

"ဒီလိုဒီလို ကိုကိုမောင်ရေ့..... ဒို့အဆောင်မှာ မီးမလာတာ သုံးလေးရက်ရှိပြီဆိုတာ မင်းလဲ သိတာဘဲလေ။ မီးမလာတော့ ရေမလာဘူးပေါ့ကွာ။ ရေမလာတော့ သုံးရေအတွက် အဆင်မပြေတော့ဘူးပေါ့။ သောက်ရေကတော့ ထားပါတော့ ရေသန့်ဝယ်သောက်နေကျမို့။ ဒီတော့ ရေချိုးခန်း အိမ်သာထဲ ရေပြတ်နေတာ ကြာပြီလေ။ ပြီးတော့လဲ မင်းသိတဲ့အတိုင်းဘဲ ငါတို့ အားလုံး သုံးနေတဲ့ အိမ်သာက ဗိုလ်ထိုင်အိမ်သာတွေလေကွာ။ ရေမရှိရင် သုံးရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီတော့ ရေအိမ်ခန်းထဲ အနံ့အသက်တွေ လှိုင်နေမှာစိုးလို့ အိမ်သာသွားချင်တဲ့အခါ ကျွတ်ကျွတ်အိတ်ကို အိမ်သာကြွေခွက်ထဲ ဖြန့်ခင်းလိုက်ပြီး အခင်းသွားလိုက်တာဘဲ။ ကိစ္စ၀ိစ္စအားလုံးပြီးတဲ့အခါ ကျွတ်ကျွတ်အိတ်ကလေးကို သေချာထုပ်လိုက်ပြီး ပန်းခြံထောင့်နားက ပုဏ္ဍရိက်ပန်းရုံအောက် သွားပစ်လိုက်တာလေ။ ခွေးတွေက ပန်းခြံထဲ လာပြီး အစာရှာ စားနေကျဆိုတော့ ပိုအဆင်ပြေသွားတာပေါ့ကွာ။ ဟား ဟား ဟား။ မှတ်ထားလိုက်ဦး ကိုကိုမောင်ရေ့.. အဲဒါ ယတြာထုပ်မဟုတ်ဘူး။ ချုပ်ထေး.. ချေးထုပ်ပါကွ။ ဟ ဟ ဟ ဟ ဟ"

ဆိုပြီး လုံးစေ့ပတ်စေ့လည်အောင် ရှင်းပြရင်း အားရပါးရ ရယ်မောနေလေတော့သည်။

"အော်..... သူ့အထုပ်က အညံ့တွေ ပျောက်အောင်လုပ်တဲ့ ယတြာထုပ် မဟုတ်ဘဲ အနံ့တွေ ပျောက်အောင်လုပ်တဲ့ ချေးထုပ်ကြီး ဖြစ်နေပါတော့လား"

ဟု စဉ်းစားပြီး သူဝီရိယရှိစွာ စောင့်ကြည့်ခဲ့ရသည့် မနက်ခင်းလေးများကို နှမြောတသမိရင်း ကိုခင်အေး အခန်းထဲမှ ပြန်လာပြီး သူ့အခန်းထဲ ၀င်ရောက်ကာ ထုံးစံအတိုင်း ဘရိတ်ဖာ့စ်တ်ကို ဖြိုသလစ် ဖြစ်သလို မစားချင့်စားချင့် စားပြီး အဆုံးသတ်လိုက်လေသည်။ ထိုအခိုက် သူ့ဗိုက်ထဲက စစ်ကနဲ နာကျင်လာသည်။ တစ်ရစ်ရစ် တက်လာသည်။ ဒါဆို သေချာပြီ။ သူလဲ အိမ်သာ သွားချင်နေပြီ။

ပရိသတ်ကြီးက မေးကောင်း မေးနိုင်သည်။ "ကိုကိုမောင်ရေ... ခင်များက ကိုခင်အေး အကြောင်းကိုသာ ရေးပြီး ခင်များ အကြောင်းတော့ မရေးဘူး။ အဲဒီလို မီးမလာတဲ့အခါမှာ ခင်များကကော ဗိုက်ပြဿနာကို ဘယ်လို ဖြေရှင်းခဲ့ရပါသလဲ။ ခင်များ ကိုယ်တိုင်(ကိုယ်တွေ့)အကြောင်းလေးလဲ လုပ်ပါဦးဗျ" ဟူ၍။ အဲဒီလိုသာ တကယ်လို့ ပရိသတ်ကြီးက မေးမြန်းခဲ့ရင် သူက အဖြေကို ရိုးရိုးတန်းတန်း မဖြေဘဲ ရွှေမန်းတင်မောင် အသွားလေးဖြင့် အောက်ပါအတိုင်း အဖြေပေးမည်မှာ ရာနှုန်းပြည့် ဧကဧကန် အမှန်ပင် သေချာလှပေတော့သည်။

"ကျနော်လဲ... ထိုနည်း၎င်း..... ထိုနည်း၎င်း.... မီးအခြေအနေ မကောင်းလို့.... ဗိုက်ပြဿနာ အပေါင်းကို..... ဖြစ်သလိုသာ..... ညောင်းလိုက်ရပေသည်..."


ပထမပိုင်းက ဒီမှာပါ။

.