Wednesday, 4 May 2011

အထုပ်ကလေး ဖြေကြည့်ရာဝယ်

နွေကာလမို့ အပူဒဏ်က ငရဲအသေးစားမျှ ပူပြင်းလှသည်။ ပတ်ဝန်းကျင် တစ်ခုလုံး၌လဲ အရိုးစုတွေ စုပုံထားသလို ရိုးတံကျဲကျဲ သစ်ပင်တွေသာ ရှိသည်။ တစ်ချက်တစ်ချက် တိုက်ခတ်လာသည့် လေပူတို့သည် စိတ်အစဉ်ကို မလန်းဆန်းစေနိုင်သည့် အပြင် စိတ်ကို ကသိကအောက် ပိုဖြစ်စေသေးသည်။ နံနက်ခင်းပေမဲ့ ခပ်ဝေးဝေးသို့ မျှော်ကြည့်လိုက်လျှင် တရိပ်ရိပ် တက်နေသည့် တံလျပ်အငွေ့တန်းကိုသာ မြင်တွေ့နေရလေသည်။ ဒီရာသီ ဒီကာလရောက်လာမှာကို သူ အကြောက်ဆုံးဖြစ်သည်။ သို့ပေမဲ့ အခု သူကြောက်တဲ့ရာသီ ရောက်ရှိနေလေပြီ။

"ဖူးးးးးးးးးး ပူလိုက်တာကွာ"

လေပြင်းတစ်ချက် ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်ရင်း သူငြီးငြူလိုက်မိသည်။ ထို့နောက် အပူဒဏ် သက်သာလို သက်သာငြား ပြတင်းပေါက်နား သွားပြီး ပတ်ဝန်းကျင်ကို မျှော်ကြည့်လိုက်မိသည်။ ဒီအချိန် လေပြေအေးအေးလေး တစ်ချက်လောက် တိုက်ခတ်ပေးရင် သိပ်ကောင်းမှာဘဲ ဟု စိတ်ထဲက တောင့်တ နေမိသည်။ သို့သော် လောကကြီးက သူ့အား မျက်နှာသာ မပေးချေ။

"တောက်.. မီးကလဲ ခဏခဏ ပျက်တော့တာဘဲကွာ.. ဘာမှ လုပ်လို့ကို မရဘူး"

တစ်ဘက်ခန်းမှ အဆောင်အတူနေ ကျောင်းသား တစ်ယောက်၏ ငြီးတွားသံကို သူကြားရသည်။ ထိုအသံကြားမှ သူလဲ ယောင်ယမ်းပြီး သူ့အခန်းထဲက မီးခလုပ်ကို ထောက်ကနဲ ဖွင့်ကြည့်လိုက်မိသည်။ သွားပြီ။ ဒီနေ့အဖို့ ကော်ဖီပူပူလေး သူ သောက်ခွင့် ရတော့မှာ မဟုတ်တော့။ မှုန့်ဘူးထဲမှ ဘီစကစ်ခြောက်ကလေး နှစ်ပြားသုံးပြားကို ပါးစပ်ထဲ သူပစ်ထည့်ပြီး ၀ါးလိုက်သည်။ ထို့နောက် စူပါ ကော်ဖီမစ်ထုတ်ကလေးကို ဖောက်ပြီး အမှုန့်တွေကို ပါးစပ်ထဲ မော့ချလိုက်သည်။ ထို့နောက် ပါရမီသောက်ရေသန့် ဗူးထဲမှ ရေတစ်ခွက် ငှဲ့ယူကာ ပါးစပ်ထဲ၌ ဂလုဂလု လုပ်ကာ မျိုချလိုက်တော့သည်။ ဒါဆို သူ့အတွက် ဘရိတ်ဖာ့စ်တ် ပြီးသွားပြီ။ အဆောင်နေ ကျောင်းသားတွေအဖို့ ဒီလိုနည်းနဲ့ဘဲ နှစ်ပတ်လည်ရတော့သည်။

သူ ပြတင်းပေါက်နားသို့ တစ်ခေါက် ထပ်လာပြီး ခြောက်ကပ်ကပ်နိုင်လှသည့် ရှုခင်းကို ပျင်းရိစွာ ငေးကြည့်နေပြန်သည်။ ထိုအခိုက် တစ်ဘက် ငါးခန်းကျော်မှ ကိုခင်အေး တစ်ယောက် ကျွတ်ကျွတ်အိတ် အထုပ်ကလေး တစ်ထုပ်ကို ဆွဲကာ အဆောင် မျက်နှာစာရှိ ပန်းခြံလေးထဲသို့ ထွက်ခွါသွားသည်ကို သူ လှမ်းမြင်လိုက်ရသည်။ ထို့နောက် ပတ်ဝန်းကျင် ၀ဲယာကို တစ်ချက် မျက်စိကစားပြီး ပန်းခြံဒေါင့်အနီးရှိ ပုဏ္ဍရိက်ပန်းရုံ အောက်ခြေသို့ ထိုအထုပ်ကို ပစ်ချလိုက်သည်ကို သူ မြင်နေရသည်။ ထို့နောက် ကိုခင်အေး တစ်ယောက် ဣနြေ္ဒမပျက် အဆောင်သို့ ပြန်လာသည်ကို တွေ့နေရသည်။ သိပ်မကြာခင် ကိုခင်အေး အထုပ်ပစ်ချထားခဲ့သည့် နေရာသို့ အမွေးစုပ်ဖွားဖွား ခွေးတစ်ကောင် ခပ်စိုက်စိုက် သွားနေသည်ကို သူလှန်းမြင်နေရသည်။

ရာသီဥတု ပူနေသည်ကို သူခဏမေ့သွားသည်။ မြင်ကွင်းက သူ့ကို ဆွဲဆောင်နေသည်။ ထိုခွေးသည် ထိုအထုပ်အား တက်ကြွစွာ နှုတ်သီးဖြင့် ဖြေပြီး အားရပါးရ စားသောက်နေသည်ကို သူ စိတ်ဝင်စားစွာ ငေးကြည့်နေဖြစ်သည်။ ကိုခင်အေးတစ်ယောက် ယတြာတစ်ခု သွားချေတာလား မသိဘူး ဟူသော အတွေးက သူ့ကို ပို စိတ်ဝင်စားမှု ဖြစ်စေသည်။ ဗေဒင်သမား ယတြာသမားတို့ ထိုအပြုအမူမျိုး မကြာမကြာ လုပ်တတ်သည်ကို သူသိသည်။ သူကိုယ်တိုင်ပင် လွန်ခဲ့သည့် သုံးနှစ်ကျော်က အညံ့တွေ ပျောက်သွားအောင်ဆိုပြီး ယတြာဆရာတစ်ယောက်၏ လမ်းညွန်မှုဖြင့် ရွှေပုဇွန်ကိတ်မှုန့် ခပ်ကောင်းကောင်းတစ်တုံးကို ရှိတဲ့ငွေစလေးဖြင့် ခြစ်ချုပ်ဝယ်ယူပြီး နီးစပ်ရာ အမှိုက်ပုံတစ်ခုသို့ သွားကာ နောက်ပြန် ပစ်ချထားခဲ့ဖူးသည်။ ယတြာဆရာပြောသည်မှာ ထို ကိတ်မုန့်အား ၆ နာရီအတွင်း ခွေးတစ်ကောင်ကောင် လာစားလျှင် ယတြာအောင်ပြီ၊ အညံ့တွေ ပျောက်ပြီ ဟူ၍ ဖြစ်သည်။ သူသည် ကိတ်မုန့် ပစ်ချပြီး ၅ နာရီကျော် အချိန်၌ ထို အမှိုက်ပုံသို့ သွားကြည့်ရာ သူပစ်ချထားခဲ့သည့် ရွှေပုဇွန်ကိတ်မုန့်ကြီးအား အစအနမျှပင် မတွေ့ရတော့သည်ကို အံ့သြစွာ ကြုံခဲ့ရဖူးသည်။ အခု ကိုခင်အေးလဲ ယတြာတစ်ခုခု လုပ်တာ ဖြစ်မှာ ဟု သူ တထစ်ကျ တွက်နေမိသည်။

နောက်တစ်နေ့ မနက်ပိုင်း၌လဲ အလားတူပင် မီးမလာပေ။ နေပူသည်။ ကိုခင်အေး အထုပ်သွားပစ်သည်။ ခွေးလာစားသည်။ သူ ပိုစိတ်ဝင်စားသွားသည်။ ထို့နောက် "မနက်ဖန်ကျရင် သေချာပေါက် စောင့်ကြည့်ပြီး ကိုခင်အေး ဘာအထုပ် သွားပစ်တယ်ဆိုတာ သိအောင် လုပ်မယ်" ဆိုပြီး သူ ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့သို့ ရောက်ပြီ။ ထုံးစံအတိုင်း မီးမလာပေ။ သူ ခပ်စောစောထပြီး ပြတင်းပေါက်က တစ်ဆင့် လျှို့ဝှက်စွာ ပန်းခြံထဲသို့ စိုက်ကြည့်နေဖြစ်သည်။ သိပ်မကြာခင် ကိုခင်အေးတစ်ယောက် လေကလေး တစ်ချွန်ချွန်ဖြင့် ပန်းခြံထဲသို့ အထုပ်ကလေး တစ်ထုပ်ဆွဲကာ ထွက်သွားသည်ကို တွေ့ရသည်။ ထို့နောက် လုပ်နေကျအတိုင်း ထိုအထုပ်ကလေးအား ပုဏ္ဍရိက်ပန်းရုံ ခြေရင်းသို့ မသိမသာ ပစ်ချထားခဲ့ကာ အဆောင်ဘက်သို့ ပြန်လာသည်။ သူ အခွင့်အရေးကို အမိအရ အသုံးချလိုက်သည်။ ကိုခင်အေး အဆောင်ပေါ်တက်ပြီး အခန်းထဲ ၀င်သွားသည့်အခါ သူ အဆောင်အောက်သို့ ဆင်းပြီး ပန်းခြံထဲသို့ ခပ်သုတ်သုတ် ထွက်လာမိသည်။ နဲနဲနောက်ကျရင် လာစားနေကျ ခွေး ဦးသွားနိုင်သည် မဟုတ်ပါလား။

ပန်းခြံထဲသို့ ရောက်လျှင် ကိုခင်အေး အထုပ်ပစ်နေကျ ပုဏ္ဍရိက်ပန်းခြုံဆီသို့ သူ အမြန်လျောက်သွားလေသည်။ တွေ့လိုက်ပါပြီ။ ပန်းခြုံအောက်က အထုပ်ကလေး။ ကျွတ်ကျွတ်အိတ် အပြာရင့်ရောင်ဖြင့် ကျကျနန ထုပ်ထားသည်မှာ ပါဆယ်ထုပ် တစ်ထုပ်နဲ့ပင် တူလှတော့သည်။ ထို့နောက် သူသည် (သူများလုပ်ထားတဲ့ ယတြာထုပ်ကို လက်နဲ့ကိုင်မိလျှင် အညံ့တွေ လာကူးမှာ စိုးရိမ်ရတယ် ဟု စဉ်းစားပြီး) ထိုအထုပ်အား လက်ဖြင့် ဖြေကြည့်ရန် မ၀ံ့ရဲလှသဖြင့် အနီးနားရှိ သစ်ကိုင်းခြောက်လေးကို ကောက်ယူပြီး ထိုအထုပ်ကို ထုတ်ချင်းပေါက် ထိုးဖောက်လိုက်လေသည်။ ထို့နောက် ထိုအပေါက်ကလေးအား ပထမ သစ်ကိုင်းခြောက်ကလေးဖြင့် သေချာ ဖိထားလိုက်ပြီး အခြား သစ်ကိုင်းခြောက် တစ်ခုဖြင့် ခပ်ဆဆ ဖြဲကြည့်လိုက်တဲ့အခါ လုံးဝထင်မှတ် မထားတဲ့ အနံ့တစ်ခု ထောင်းကနဲ ထွက်လာပေါ်လာလေသည်။

"ဟင်းးးးးးးးးးး " "... တောက်....."

အံသြမှုနဲ့အတူ တောက်တစ်ချက် ခပ်ပြင်းပြင်းခေါက်ပြီး သူ အဆောင်ဘက်သို့ ပြန်လာသည်။ အဆောင်ပေါ် တက်ပြီး ကိုခင်အေး အခန်းသို့ သူ တန်းတန်းမတ်မတ် သွားလေသည်။ သူ့ကို မြင်တဲ့အခါ ကိုခင်အေးက.. "ဟာ.. လာထိုင်.. တရုတ်သူဋ္ဌေးလေး" ဟု သူ့ကို ဖိတ်ခေါ်လေသည်။ သူ့ကို ကိုခင်အေးက တရုတ်သူဋ္ဌေးဟု ခေါ်နေကျဖြစ်သည်။ အသားလဲဖြူ ရှော့ပင်လဲခဏခဏ ထွက်သောကြောင့် ထိုကဲ့သို့ ခေါ်ခြင်းပင်ဖြစ်သည်။ သူ ကိုခင်အေး အခန်းထဲ ၀င်ထိုင်ပြီး...

"ကိုခင်အေး... ခင်များကို ကျနော် ကြည့်နေတာ သုံးရက်တိတိရှိပြီ။ မနက်ခင်းတိုင်း အထုပ်ကလေး တစ်ထုပ်ဆွဲပြီး ပန်းခြံထဲက ပုဏ္ဍရိက်ပင်အောက်မှာ သွားပစ်ထားတာကို တွေ့ရတယ်။ ခင်များ အထုပ်ပစ်ပြီး မကြာခင် ခွေးတစ်ကောင်လာပြီး အဲဒီ အထုပ်ကို လာစားတယ်။ အဲဒါ.... ဘာအထုပ် သွားပစ်တာလဲ။ ယတြာသွားချေတာလား။ ဒါမှ မဟုတ် ဘာအတွက် အခုလို သွားပစ်ရတာလဲ"

ဟု အထုပ်အကြောင်းကို စိတ်ဝင်စားစွာဖြင့် ကိုခင်အေးအား မေးမြန်းလေသည်။ သူ့အမေးကို ကြားရတဲ့အခါ ကိုခင်အေးတစ်ယောက် အူတက်မတတ် တဟားဟား ရယ်မောပြီး သူ့ကို ဖြစ်ကြောင်း ကုန်စင် ရှင်းပြလေတော့သည်။

(..."ကဲ....ပရိတ်သတ်ကြီးတို့ရေ.... ကိုခင်အေး ဘာအထုပ် သွားပစ်တာလဲ။ စဉ်းစားပေးကြပါဦးဗျ။ ဦးဏှောက်ခြောက်လောက်တဲ့အထိ စဉ်းစားလို့ မရတော့မှ ဒီလင့်ခ်(http://kokomaunguk.blogspot.com/2011/04/blog-post_04.html)လေးကို နှိပ်ပြီး အဖြေကို ကြည့်ကြနော်။ ကွက်ကွက်ကွင်းကွင်း အဖြေပေါ်လာပါလိမ့်မယ်"...)

..

15 comments:

Anonymous said...

တောက်ပကြယ်စင်..

အော် တရုတ်သူဌေးလေး တရုတ်သူဌေးလေး သူများချုပ်ထေးကိုမှ သုံးရက်တိတိ စောင့်ကြည့်ရတယ်လို့...ဟ ဟ ဟ။
ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

Wednesday, 4 May 2011 17:03:00 GMT+01:00

ကိုဇော် said...

အနံ့တင် မကဘဲ အရသာပါ စမ်းလိုက်ရမှာ . . :P

မိုးခါး said...

အော့ ... သများ ကော်ဖီသောက်မလို့ဟာကို .. :P

flowerpoem said...

ထင်ပြီးသား လင့်ကို သွားကြည့်စရာမလိုဘူး သူကြီး အကျင့်ပုတ်တော့မယ်ဆိုတာ :P

ချော(အစိမ်းရောင်လွင်ပြင်) said...

လင့်ကို သွားကြည့်စရာတောင်မလိုတော့ဘူး ကော်မန့်တွေဖတ်တာနဲ့ သိလိုက်ပြီ
သူဂျီး ကိုယ်တွေ့လား
ဟိဟိ ပီပြင်တယ်နော် ကိုယ်တွေ့ကး)

ညိမ်းနိုင် said...

ဟာ...ဟ...တဂျီးခံလိုက်ရဘီ

Anonymous said...

ကိုခင်အေး အထုပ်အား သူကြီးစူးစမ်းပုံ အဆင့်ဆင့်ကို စီစီတီဗီကင်မရာက အောက်ပါအတိုင်း မှတ်တမ်း တင်ထားလေသည်။

ပန်းခြုံထောင့်ရှိ ကိုခင်အေး ပစ်ထားခဲ့သော အထုပ်ကလေးဆီ ကမန်းကတန်း ပုဆိုးကြီး မ-ပြီးသွား၊

လူသူလေးပါး ကင်းမကင်း ဘေးဘီဝဲယာကြည့်၊

လူအလစ်မှာ အသာလေး ဆွဲပြီး အခန်းထဲယူခဲ့၊
အခန်းတံခါးကို ဂျက်ချ၊

အထုပ်လေးကို စားပွဲပေါ်တင်၊ လက်နဲ့ သေချာကိုင်၊

အထုပ်မဖွင့်ခင် နှာခေါင်းနားကပ်ပြီး ရှူကြည့်၊

ဘာမှန်းမသိသေးလို့ အထုပ်ကို မ-ပြီး မျက်နှာနားတိုးရင်း ဖြည်ကြည့်၊

အဆုံး၌ ...
((((ဟင်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်))))

ဟူသည့် ရင်ခေါင်းထဲမှ လာသော ပဲ့တင်သံကြီး သူကြီး နှုတ်ဖျားမှ ပွင့်အံ၍ ထွက်လာလေတော့သတည်း။

စော(အဝါရောင်မြေ) said...

ဒီတခါတော့ `....​​​ ` လိုင်းပြောင်းသွားပြန်ပြီ။
:P

မြစ်ကျိုးအင်း said...

ကြိုသိတယ်ပြောရင်လည်း ဒါမျိုးလုပ်ဖူးတယ်လို့ ထင်အုံးမယ်း)

Angelhlaing(May everybody be happy and healthy! said...

ဘာမှမပြောပဲ ဖတ်ပြိး ပြုံး၍ ပြန်သွားသည် အကို..:):):)..
ကောင်းသောနေ့လေးဖြစ်ပါစေ။

jasmine(တောင်ကြီး) said...

ဖတ်စကတဲကထင်တော့ထင်သားပဲ
အဲဒါလား မသိဘူးလို့
ထင်တဲ့အတိုင်းပဲ....

လသာည said...

း)) အစကတဲက ထင်သား။ နောက်တော့ မထင်ဘူး။ နောက်တော့ ထင်တဲ့အတိုင်းဖြစ်သွားတယ်။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ သူကြီး ရေ-
ရွှေဥာဏ်တော်ကလည်းတော်ပါပေတယ်ဗျာ-
နံပါတ်လည်းရေးပေးပါအုံးသူကြီးရဲ့ -

ဟန်ကြည် said...

အဲဒါပြောတာပေါ့ ရှာဖွေလေ တွေ့ရှိလေဆိုတာ...

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ရေပြတ်လပ်မှု နောက်ကွယ်မှာ ဘာတွေ ဖြစ်တတ်သလဲ??? ဆိုလို့ လာဖတ်တာ..း)

ဒီပို့စ်လေးမှာ ပေးထားတဲ့ လင့်မှာ ဆက်ပြီး ဖတ်လိုက်ဦးမယ်။