ဧကံ သမယံ။
တစ်နေ့သောအခါ၌ မကြီးမငယ်အရွယ်ရှိ မိန်းမတစ်ယောက်သည် လမ်းမတစ်ခုပေါ်၌ အထုပ်တစ်ထုပ်ကို ဘယ်ဘက်လက်ဖြင့် မထားပြီး ညာဘက်လက်ဖြင့် ထမီကို မတင်ကာ အခြား မိန်းမတစ်ယောက်နဲ့အတူ သမ၀ါယမဆိုင်ရှိရာသို့ တက်ကြွစွာ ချီတက်သွားလေ၏။ ထိုစဉ် မထသ ဘတ်စ်ကားတစ်စီး အနား၌ထိုးရပ်ကာ "မမ ဘယ်သွားမလို့လဲ"ဟု မေးလေ၏။ "တပ်မ ၁၁၁၁၁ ရဲ့ တပ်မတော်အကြီးအကဲတစ်ယောက်ဖြစ်တဲ့ တပ်မမှူးအိမ်ကို မနေ့က သွားခဲ့တယ်။ အဲဒီတပ်မမှူးက ဒီနေ့မနက် မင်းဓမ္မ္မလမ်းထိပ် မင်းမဟော်ရပ်ကွက်က သမ၀ါယမဆိုင်တစ်ခုမှာ ရှင်မတောင်သနပ်ခါး ထုတ်ပေးတယ်လို့ ပြောခဲ့တဲ့အတွက် အဲဒီလို သွားမလို့ပါ" ဟူ၍ ပြန်ပြောပြလေ၏။ "ဒါဖြင့် ဒီဘတ်စ်ကား အဲဒီကို ရောက်တယ် တက်ခဲ့ မမ" ဟု ပြောကာ စပယ်ယာက ထိုမိန်းမတို့အား ဘတ်စ်ကားပေါ်သို့ အတင်းဆွဲမကာ ခေါ်ဆောင်သွားလေတော့၏။
ထိုမိန်းမတို့သည် သမ၀ါယမဆိုင်သို့ရောက်သောအခါ ပစ္စည်းလိုချင်ဇောဖြင့် တံခါးမကြီးကို ဇတ်ကနဲ တွန်းဖွင့်ပြီး ဆိုင်ထဲသို့ ခပ်သွက်သွက်ဝင်သွားရာ မိန်းမတစ်ယောက်သည် ကြမ်းပြင်မှ ကြွတက်နေသည့် နှစ်လက်မသံတစ်ချောင်းအား ခလုပ်တိုက်မိလိုက်ရာ ခြေမမှ သွေးများစီးကျလာလေ၏။ အခြားမိန်းမတစ်ယောက်သည် ကူညီဖေးမဖို့ အနားသို့လာရောက်ပြီး သွေးထွက်များနေသည်ကို မြင်တွေ့ကာ ပလာစတာနဲ့ ကပ်မှ အဆင်ပြေမယ်ဟု စဉ်းစားပြီး မျက်စိဝေ့၀ဲ ရှာကြည့်ရာ သမ၀ါယမဆိုင်အပေါ်ထပ်ရှိ ယက်မကြား၌ ထိုးသိမ်းထားသည့် ပလာစတာ အထုပ်အား လှမ်းမြင်လိုက်ပြီး သွားယူဖို့ ပြင်လိုက်ရာ ယက်မမှာ အတော်လေး မြှင့်နေသဖြင့် ကုလားထိုင်အလွတ် တစ်လုံးအား မယူကာ ကုလားထိုင်ပေါ်တက်ပြီး မမီလက်လမ်းဖြင့် လှမ်းယူလိုက်ရာ ယက်မ၌ရိုက်ထားသည့် ငါးလက်မသံမှိုဖူးဖြင့် ထိုမိန်းမ၏ လက်မအား ပြတ်ရှမိလေတော့၏။
ထိုမိန်းမနှစ်ယောက်တို့သည် ဒဏ်ရာကိုယ်စီရထားကြသော်လည်း ရှင်မတောင်သနပ်ခါးထုပ်များကို ဈေးသက်သာစွာဖြင့် ရရှိလာကြသည့်အတွက် ပျော်မဆုံးမော်မဆုံး ရှိကြလေ၏။ အိမ်ပြန်ရောက်ရင် ယောက္ခမ ယောင်းမ တူမလေးများအား ဒီသမ၀ါယမဆိုင်သို့ လာရောက်ဖို့ အကြံပေးရရင် ကောင်းမယ် ဟူသော အတွေးဖြင့် ပြုံးရွှင်စွာ နေအိမ်သို့ လမ်းမကြီးအတိုင်း ပြန်လာခဲ့ကြလေ၏။
လမ်းတစ်ဝက်၌ မိန်းမတစ်ယောက်သည် "ငါဗိုက်ဆာလိုက်တာဟာ၊ ဆာလွန်းလို့အူမကြီးတောင် နာလာသလိုဘဲ။ မျိုးမမဆိုင်ကိုသွားပြီး ဆုရှီ သွားစားကြရအောင်" ဟု ပြောလေ၏။ အခြားမိန်းမတစ်ယောက်က "ဟာ.. အဲဒီဆိုင်က ဈေးအဓမ္မတင်ရောင်းတာ၊ သွားမစားပါနဲ့။ ငါတို့ ဒီလိုလုပ်ကြရအောင်။ ဒီလမ်းမကြီးကနေ ရှေ့ဆက်လျောက်သွားရင် သဒ္ဓမ္မလမ်းသွယ်လေးရှိတယ်။ အဲဒီလမ်းသွယ်လေးအတိုင်း ဆက်သွားရင် သုတသောမဆိုတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ ကျောင်းထိုင်ဘုန်းကြီးနာမည်က ဦးဝါယမတဲ့။ ငါနဲ့ အတော်လေး ရင်းနှီးတယ်။ အဲဒီဘုန်းကြီးကျောင်းသွားပြီး ဆွမ်းကျန်ကွမ်းကျန်လေး သွားတောင်းစားကြမယ်လေ " ဟု အကြံပြုလေ၏။ အခြားမိန်းမတစ်ယောက်ကလဲ "ဟုတ်တယ် မမရဲ့အကြံ မတရားကောင်းတယ် သွားကြမယ်" ဟု ဆိုကာ ဘုန်းကြီးကျောင်းသို့ ရင်တမမဖြင့် အတူတူချီတက်သွားကြလေ၏။
ကျောင်းဝင်းတွင်းသို့ရောက်သွားသည့်အခါ ဦးဝါယမသည် သိမ်ကျောင်းအတွင်း၌ တံမြက်စည်းလှဲနေလေ၏။ သိမ်ကျောင်းဝင်းထဲသို့ ထိုမိန်းမနှစ်ယောက်ဝင်ရောက်သွားရာ ကျောင်းထိုင်ဘုန်းကြီး ဦးဝါယမက "ဟိတ်.. ဟိတ်.. သိမ်ကျောင်းနှင့်မာတုဂါမနှင့် မအပ်စပ်ဘူး မ၀င်ခဲ့ကြနဲ့၊ ကိစ္စရှိရင် ကျောင်းမကြီးကစောင့်နေ၊ အဲဒီကို လာခဲ့မယ်" ဟု ပြောလေ၏။
ကျောင်းမကြီး၌ ထိုမိန်းမတို့အား ကျောင်းထိုင်ဆရာတော်ဦးဝါယမက.. "ကဲ.. လာရင်းကိစ္စကိုပြောပါ" ဟု မေးလေ၏။ မိန်းမတစ်ယောက်က "တပည့်တော်မတို့ ဗိုက်ဆာလို့ လာခဲ့ကြတာပါဘုရား၊ ဆွမ်းကျန်ကွမ်းကျန်လေးများရှိရင် မစတော်မူပါဘုရား" ဟု ကွေ့ကောက်မနေဘဲ တဲ့တိုးကြီး လျောက်ထားလေတော့၏။ ဘုန်းကြီးလည်း... "အိမ်း.. အိမ်း.. ဒကာမတို့ ဗိုက်ဆာလာရင် မနက်ဆွမ်းစားပြီး ကျန်ထားတဲ့ ငါးပြေမကို မဆလာနိုင်နိုင်နဲ့ ချက်တားတဲ့ ငါးဟင်းရှိတယ်။ စားသွားကြလေ" ဟုပြောကာ စားပွဲပေါ်ရှိ အုပ်ဆောင်းကို မတင်ကာ ငါးပြေမဟင်းဖြင့် ဧည့်ခံကျွေးမွေးလေတော့၏။
ထမင်းစားပြီးသောအခါ မည်သည့်စိတ်ကူးပေါက်သည်မသိ မိန်းမတစ်ယောက်က ကျောင်းထိုင်ဘုန်းကြီး ဦးဝါယမအား "အရှင်ဘုရား တပည့်တော်မတို့ ဘုရားက ယောက်ျားလား မိန်းမလားဘုရား" ဟု ကောက်ခါငင်ခါ မေးလေ၏။ "ဟ.. ဘုရားဆိုမှတော့ယောက်ျားပေါ့ဟ။ မိန်းမက ဘယ်တော့မှ ဘုရားမဖြစ်နိုင်ဘူး။ မှတ်ထား။ ဘုရားဖြစ်ချင်ရင် ယောက်ျားဖြစ်အောင် အရင်ဆုတောင်းရတယ်" ဟု ရှင်းပြလေ၏။ "တပည့်တော်မတို့က မိန်းမလို့ ထင်နေတာဘုရား၊ ဘာဖြစ်လို့လဲဆိုတော့ ဘုရားနာမည်က ဂေါတမဆိုလို့ပါဘုရား။ ယောက်ျားဆိုရင် ဂေါတကျားလို့ ဒါမှမဟုတ် ဂေါတထီးလို့ နာမည်ရှိသင့်တယ်မဟုတ်လားဘုရား" ဟု ထပ်တွန့်လိုက်လေ၏။ ဦးဝါယမသည် လွန်စွာမှ စိတ်ဆိုးသွားကာ "ဟာ ဒီမိန်းမတွေမဟုတ်တာပြောပြီ။ ငါကြိမ်လုံးနဲ့ သမလိုက်ရရင် ဒုက္ခကောင်းကောင်းတွေ့ရော့မယ်။ မ ပါတိုင်းမိန်းမဖြစ်ရရင် ငါ့နာမည်လဲ ဦးဝါယမ ဟ။ ငါ့ကိုကော မိန်းမလို့ ထင်နေသလား။ ငါပြလိုက်ရ။ သွားသွား ထွက်သွား..." ဟု ပါးစပ်ကလဲပြော ကြိမ်လုံးကိုလဲ လက်တစ်ဖြင့် ကိုင်ထားကာ ထိုမိန်းမနှစ်ယောက်တို့အား ဘုန်းကြီးကျောင်းမှ နှင်ထုတ်လေတော့၏။
ထိုမိန်းမနှစ်ယောက်တို့သည် ကြောက်အားလန့်အားဖြင့် ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ထွက်ပြေးလာကြပြီး လမ်းတစ်ဝက်ခန့်ရောက်သောအခါ ကြောက်လွန်း၍ လမ်းဘေးတစ်နေရာ၌ ကြောက်သေးပန်းကြလေရာ တ ရှီ ရှီ ရှီ ဟူသော အသံတို့ဖြင့် ညံနေလေတော့၏။ (ထို ရှီ ရှီ ရှီ ဟူသော အသံတို့ကို အစွဲပြု၍ ကလေးများအား ရှူးရှူးတည်ပေးသောအခါ ပါးစပ်မှ ရှီ ရှီ ရှီ ဟု ဆိုပေးက ကလေးများ သေးထွက်အား ပိုမြန်စေတတ်သည်ဟူသတတ်။)
ထိုမိန်းမတို့ ကိုယ့်အိမ်ကိုယ်ပြန်ရောက်သွားကြသည့်အခါ မိန်းမတစ်ယောက်သည် သမ၀ါယမဆိုင်မှ ဈေးချိုချိုဖြင့် ၀ယ်ယူခဲ့သည့် အထုပ်အားဖြေကာ ပစ္စည်းများကို သေချာစစ်ဆေးနေလေ၏။ ထိုအခိုက် လင်ယောက်ျားသည် အပြင်မှ ပြန်ရောက်လာကာ "မိန်းမရေ.. ထမင်းဆာလာပြီ၊ ထမင်းပွဲပြင်တော့၊ ဟို မောင်းမကန်ကလာတဲ့ ငါးပိကိုလဲ သုပ်လိုက်ဦးနော်၊ ပြီးတော့ ဆရာမြို့မငြိမ်းသီချင်းအေးအေးလေးဖွင့်ပြီး ရိုမန်တစ်ဆန်ဆန် တို့လင်မယားနှစ်ယောက်အတူတူလက်ဆုံစားကြတာပေါ့" ဟု ပြောလေ၏။ ထိုအခါ မိန်းမက "ရှင့်ဖာသာ ပြင်စားတော့တော်ရေ.. ကျုပ်ကတော့ ဘုန်းကြီးကျောင်းဝင်ပြီး ဦးဝါယမစွန့်တဲ့ ဆွမ်းကျန်ကွမ်းကျန်လေးတွေ ၀အောင် တီးခဲ့ပြီးပြီ" ဟု အစချီကာ ဖြစ်ကြောင်းရယ် ကုန်စင် ရှင်းပြလေ၏။
မိန်းမစကားကို ကြားရသည့်အခါ လင်ယောက်ျားသည် ပြုံးတုံ့တုံ့ဖြစ်သွားကာ "နင်တို့ မိန်းမတွေကတော့ ဘုန်းကြီးလဲမနေရ လူလဲမနေရ၊ အတော်ဒုက္ခပေးကြတယ်၊ သေရင် ယမမင်းနဲ့တွေ့ပြီး ငရဲပင်မဌာနချုပ်ဖြစ်တဲ့ အ၀ီစိအထိ သွားရမဲ့အထဲနင်တို့မိန်းမတွေပါတယ်" ဟု ပက်ပက်စက်စက် တွယ်နှက်လေတော့၏။ "အံမယ် အံမယ် ရှင်ကကော ဘာထူးလို့လဲ ဟိုက ပစ္စည်း မ ယူလာ ဒီက ပစ္စည်း မ ယူလာနဲ့၊ ပြီးတော့ အိမ်ပြန်ရောက်တော့လဲ မိန်းမအနားကကို ခွါတယ်မရှိဘူး။ နောက်ပြီး ရွာထဲက ကလေးကျန်းမာရေးအတွက် မ တည်ငွေတွေကိုလဲ ရှင် အလွဲသုံးစားလုပ်တယ်။ ရှင်ကမှ သေပြီးရင် ယမမင်းနဲ့တွေ့ပြီး အ၀ီစိထက်ဆိုးတဲ့ငရဲရှိရင် အဲဒီကို သွားရမှာ" ဟူ၍ မျက်လုံးလေး မကာ ၀င့်ကာဖြင့် ယောက်ျားအား ကက်ကက်လန်လန်ဟန်မူယာလေးဖြင့် ပြန်ချေပလေတော့၏။
ယောက်ျားလည်း မိန်းမ၏ မျက်စောင်းလှလှလေးအား တွေ့မြင်ရပြီးနောက် ထမင်းစားချင်စိတ်ပျောက်သွားပြီး ဘာစိတ်ပေါက်သွားသည်မသိ ပစ္စည်းပုံအားစစ်ဆေးနေသည့် မိန်းမကို စွေ့ကနဲ မ ယူကာ မင်္ဂလာအိပ်ခန်းမကြီး အတွင်းသို့ သယ်ယူပြီး နှစ်ယောက်အိပ်ကုတင်ပေါ်သို့ ပစ်ချလိုက်လေ၏။ ပါးစပ်ကလည်း "မိန်းမရေ.. နေ့လေး ညခြောက် ထမင်းစားပြီးတစ် ဟစ် ဟစ် ဟစ်" ဟူသော အူမြူးသံကြီး ထွက်ပေါ်နေလေတော့၏။ ထိုမှ နောက်တွင်တော့ "ဟင်း.. ရှင် ဒါ ဘာအချိုးချိုးတာလဲ၊ မိန်းမကို ကျွန်မများမှတ်နေလား၊ လုပ်လိုက်ရ ပုဒ်မ ၃၀၄ ထိရော့မယ်။ ကဲ ရှင်ရေ... ဒါတော့ မရဘူး၊ ဒါဘဲရမယ်.. ၀ုန်း ဒိုင်း ဂွမ်း ခွပ် အင့်" ဟူသော အသံများ ထွက်ပေါ်လာပြီးနောက် ယောက်ျားလုပ်သူသည် ပုဆိုးအလည်သားလေးကို မကာ ဆုပ်ကာဖြင့် အခန်းတွင်းထဲမှ ပြေးထွက်လာလေ၏။
ထို့နောက် ထိုယောက်ျားသည် ငိုကြီးချက်မဖြင့်..
"အမလေး... မိန်းမ.. မိန်းမ.. ဘယ်မိန်းမမှ မကောင်းပါလား။ လိုတစ်မျိုး မလိုတစ်မျိုးနဲ့။ ဟို ရှေးရှေးတုန်းက ကြားဖူးသည်မှာ မိန်းမဆိုတာ မိန်းပြီး မ စတတ်လို့ မိန်းမလို့ ခေါ်သတဲ့။ မိန်းကိစ္စအတွက် မ မ ပြီး ကြည်နူးခွင့်ရလို့ မိန်းမလို့ခေါ်သတဲ့။ ဒါ့ပြင် ကဗျာလေးတစ်ပုဒ်ကလဲ "ယားသည့်အခါ၊ ဖြေဖျောက်သာအောင်၊ အပါးမြှောင်၍၊ သုံးဆောင်ရန်ထား၊ မိန်းမများကို၊ မယားဟူ၍ ခေါ်သတည်း" တဲ့။ အခုတော့ အဲဒီမိန်းမတွေ အဲဒီစည်းကမ်းကို မသိလေရော့သလားမသိ။ ဘာမှ သုံးလို့မရတော့ပါလား။ အေးလေ... ခေတ်ကြီးကိုက သူတို့ခေတ်၊ သူတို့အားသာတဲ့ခေတ်ကြီးထဲ ရောက်နေပြီကိုး။ ဘာတဲ့။ ခြေမ တဲ့။ လက်မ တဲ့။ ယက်မ တဲ့။ အူမ တဲ့။ တံခါးမ တဲ့။ သမ၀ါယမ တဲ့။ သဒ္ဓမ္မ တဲ့။ သုတသောမ တဲ့။ ဦးဝါယမ တဲ့။ ယမမင်း တဲ့။ တပ်မမှူး တဲ့။ အမတွေချည်းသက်သက်ဘဲ။ ဘာတစ်ခုမှ အထီးမပါပါလား။ နောက်ပြီး နိုင်ငံတော်က ပေးတဲ့ ဘွဲ့နာမည်တွေကို ကြည့်ဦးမလား။ သဒ္ဓမ္မဇောတိက တဲ့။ သိရီသုဓမ္မသိင်္ဂီ တဲ့။ အဂ္ဂမဟာပဏ္ဍိတ တဲ့။ အဘိဓဇမဟာရဋ္ဌဂုရု တဲ့။ နိုင်ငံတော်ကို အုပ်ချုပ်နေတာကလဲ တပ်မတော်အစိုးရတဲ့။ နိုင်ငံတော်ကကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဘုရားရှင်ရဲ့ နာမည်ကလဲ ဂေါတမ တဲ့။ ဘာများကျန်သေးလို့လဲ။ အမတွေချည်းပါလား။ ယုတ်စွအဆုံး ငါတို့ကျက်စားနေထိုင်တဲ့ နိုင်ငံတော်ကြီးတောင်မှ မနှစ်လုံး (မမ) နဲ့ တည်ဆောက်ထားတဲ့ မြန်မာနိုင်ငံကြီးဖြစ်နေပါပေါ့လား။ အမလေး... အမလေး... အမဓါတ်တွေ အားသာနေတဲ့ သတ္တလောကကြီးထဲမှာ ငါလူဖြစ်လာရတာ မျက်နှာသိပ်ငယ်ပါပေါ့လား........"
ဟူ၍ ငိုချည်းရှည်ကြီးအား အော်ဟစ်ငိုကြွေးနေလေတော့၏။ ။
သူကြီးကိုကိုမောင်သည် ထိုအချင်းအရာတို့ကို တွေ့မြင်ပြီး အမဓါတ်တွေ အားသာနေသည့် လောကကြီးအား စိတ်ကုန်ချင်သယောင်ရှိနေလေ၏။ ထို့နောက် တကယ်ပင် အမဓါတ်အားသာတာ သေချာရဲ့လားဟု သံသယ အနည်းငယ်မျှ မဖြစ်စေရန် အဖိုဓါတ်နှင့်အမဓါတ်တို့ကို သမာဓိချိန်ခွင်လျှာပေါ်တင်ပြီး ထပ်ဆန်းစစ်ကြည့်မိပြန်လေ၏။ အမှန်ပင် အမဓါတ်က အားသာနေသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ရလေ၏။ ထို့မှနောက်တွင်တော့ သူကြီးကိုကိုမောင်သည် စိတ်အတွင်းမှ အောက်ပါတို့ကို တီးတိုးရေရွတ်နေလေတော့၏။
"အမဓါတ်ပါရင် ဘာမှအဆင်မပြေပါလား။ ကြည့်လေ။ အဆင်မပြေပါလားဆိုတဲ့ စကားလုံးမှာတောင် မ က ပါနေပြန်ပြီ။ မ ပါရင် အရာအားလုံး ဆန့်ကျင်ဘက်တွေ ဖြစ်ကြကုန်ရောပေါ့။ ဘာတဲ့။ မကောင်းဘူး တဲ့။ မမှန်ဘူး တဲ့။ မချစ်ဖူး တဲ့။ မလုပ်ဘူး တဲ့။ မသွားဘူး တဲ့။ နောက်ပြီး အမဓါတ်ပါရင် တားမြစ်တဲ့အမိန့်ပေးသံတွေလဲ ပါလာပြန်ရော။ ကြည့်ပါဦး။ မလုပ်နဲ့ တဲ့။ မသွားနဲ့ တဲ့။ မစားနဲ့ တဲ့။ မကြည့်နဲ့ တဲ့။ မချစ်နဲ့ တဲ့။ ကောင်းရော။ ပြီးတော့ ဘယ်လောက် အစွမ်းထက်ပြီးဘုန်းကြီးတဲ့ သူဖြစ်ပါစေ မိန်းမထမီနဲ့ ခြုံအုပ်လိုက်ရင် ဘုန်းကံတွေ နိမ့်သွားရော တဲ့။ ဘုရား ဘုရား။ အမဓါတ်က တယ်လဲ ကြောက်စရာကောင်းပါလား။ ရှိသေးတယ်။ သစ်ပင်တွေကိစ္စ။ တုံးဖလားရွာထဲက ငှက်ပျောပင် သင်္ဘောပင် အုန်းသီးပင်တွေ မနှစ်က အသီးမသီးကြဘူး။ အဲဒါနဲ့ ဒီနှစ်တော့ အဲဒီ အပင်တွေကို မိန်းမထမီပတ်ပေးလိုက်ကြတယ်။ သီးလိုက်တာမှ လွန်ရော။ ငှက်ပျောသီး သင်္ဘောသီး အုန်းသီးတွေ တုံးဖလားရွာထဲမှာ ပေါမှပေါဘဲ။ အင်း... အခုမှ စဉ်းစားမိတယ်။ ရွာထဲက ယောက်ျားတွေအတွက် ကြေငြာချက်တစ်စောင်ကြိုတင်ထုတ်ထားဦးမှ။ မတော်လို့ ညအိပ်ရာဝင်ပြီး ကိစ္စ၀ိစ္စပြီးကြတဲ့အခါ အမျိုးသားများက မမြင်မကန်း မိန်းမထမီကောက်ဝတ်မိရင် ဖုန်းကညာတစ်ပါး လုံးရာက ပြားပြီး ယောက်ျားတန်မဲ့ ကိုယ်ဝန်ဆောင်ကုန်ကြရင် ငါ သူကြီး နာမည်ပျက်ရချည်သေးရဲ့။ မဖြစ်ချေဘူး မဖြစ်ချေဘူး အမိန့်တော်ပြန်တမ်းကို အမြန်ထုတ်မှ တော်ကာကျတော့မယ်"
သူကြီးကိုကိုမောင်သည် အထက်ပါကဲ့သို့ အနုလုံပဋိလုံစဉ်းစားခန်းဖွင့်ပြီး အမဓါတ်အားသာတဲ့ ဘုံဘ၀ကြီးအား ကြောက်လန့်တုန်လှုပ်ကာ တရားသံဝေ အရကြီး ရနေလေတော့သတည်း။ (ကိုကိုမောင့်အပြောမယုံလျှင် အပေါ်က ခရမ်းရောင်စာလုံးတွေပါတဲ့ လင့်ခ်ကလေးကို ကလစ်ကြည့်ကြကုန်လော့။)
စိတ္တံ န ကမ္ပတု
စိတ်တုန်လှုပ်မှု ကင်းပျောက်ပါစေသတည်း။
မှတ်ချက်။
အထက်ပါ မိန်းမနှစ်ယောက်တို့၏ နာမည်မှာ ဒေါ်နွေမနှင့် ဒေါ်ညိုမတို့ဖြစ်လေ၏။ ယောက်ျားအား ၀ုန်း ဒိုင်း ဂွမ်း လုပ်လိုက်သူမှာ ဒေါ်နွေမပင်ဖြစ်၏။ ဒေါ်နွေမ၏ ယောက်ျားနာမည်မှာ ကိုမဆလာပင် ဖြစ်ပေတော့၏။
.

21 comments:
သူကြီးတို့ကတော့ လုပ်ချလိုက်ပြီး)))
တုံးဖလားရွာသူကြီး မိန်းမတွေကို စိတ်နာနာနဲ့ နှိပ်ကွပ်နေပြီ အခြေအနေမကောင်းရင် ရွာပြောင်းမှ ဖြစ်တော့မယ်းD
အမယ် အမယ် ... သဂျီးက ရှိသမျှ မ-ဝေါဟာရတွေ ဘုန်းဘောလအော လာသုံးနေတယ်။
ဘားးးးးးးးမှလဲ မဆိုင်ဘူး။
ဒါပေမဲ့လဲ သူရေး ကိုယ်ရေး ပြန်ရေးရအုံးမှာပေါ့။ အဟမ်းးးးးးးးးး
တနေ့သ၌ မောင်ဖိုးဖြူသည် ဖိုဝင်တောင်အနီးတွင် ကျားကုတ်ကျားခဲ ဖိုထိုးရင်း ဖိုအောင်ခါနီး၍ ရင်များဖိုလှိုက် ဖိုလှိုက် ဖြစ်နေပေ၏။ သူ့အနီးရှိ မီးဖို၏ ဖိုခနောက်ပေါ်တွင်တော့ ဇာတိပ္ဖိုလ်သီးများကို ဆေးအလို့ငှာ မီးကင်၍ ထားလေ၏။
ထိုစဉ် ဖိုးသူတော် တပါး ထီးကြီးဆောင်းလျက် မောင်းကြီးတီးကာ
"သေရင်မြေကြီး ရှင်ရင် ရွှေထီး" ဟု အော်ဟစ်နေလေရာ ဖိုးဖြူက နားညည်း၍
"တယ် ... ဒီဖိုးသူတော် ၀တ်ထားတာက ဖိုးရိုးဖားရားနဲ့ ဘာတွေလာအော်မှန်း မသိဘူး"ဟု စိတ်ထဲကနေ ဘုတွေးတွေးနေမိသည်။
ဖိုးသူတော်က ဖိုးဖြူအား ဖိုးဝရုပ်တရုပ်ပေးပြီး ဖိုးခေါင်ငှက် အိမ်ခေါင်ကို ထိုးချိန်မှာ ဖိုးဝရုပ်ကို ကိုင်၍ ဖိုထိုးပါ ဧကန်မုချ အောင်ရမည်ဟု အောင်အတိတ် အောင်နိမိတ်များ ပြောကြားသွားလေ၏။
ဖိုးဖြူလဲ ဖိုးသူတော်၏ အတိတ်စကားဖြင့် စိတ်အားတွေတက်ကာ ညဘက်မှာ တယောက်ထီးတည်း အိပ်စက်ရင်း အိပ်မက်များ မက်နေပြန်လေ၏။
အိပ်မက်ထဲတွင် သူ့ကို ထီးချက်စောင့်နတ်သမီးက နန်းတော်ထဲသို့ ခေါ်သွားလေရာ မှူးကြီးမတ်ရာ သေနာပတိတို့က သူ့အား ထီးရံနန်းရံ အိမ်ရှေ့မင်းအဖြစ် လွှဲအပ်ရန် စီမံလျက် ပလ္လင်ပေါ်တွင် ထိုင်စေသည်။ ပလ္လင်ကြီးထက်တွင် ဖိုးဖြူတယောက် ထီးထီးကြီး ထိုင်နေစဉ် ပလ္လင်အစွန်းမှထွက်နေသော ငုတ်က သူ့အားလာထိုး၍ လန့်နိုးခဲ့ရလေသဖြင့် ကောင်းခန်းရောက်မှ မီးပြတ်သွားသော ကိုရီးယား ဇာတ်လမ်းတွဲလို ဆန့်တငင်ငင်ဖြင့် မချင့်မရဲ ဖြစ်ရင်း
နောက်တခါဆို ထိုးထိုးထောင်ထောင်နဲ့ ထွက်တဲ့ငုတ်တော့ ကျားလျှာ (တံစဉ်း) နဲ့ လုံးပါးပါးအောင် တိုက်ပစ်မယ် ဟု တကိုယ်တည်း ကျိန်းဝါးနေလေသည်။
တကယ်တမ်းက သူ ဖိုထိုးလွန်းသဖြင့် ရှိသမျှ ကုန်လေရာ သူ့အိမ်ကလေးကိုလဲ မပြင်နိုင်ဘဲ ယိုင်မလဲအောင် ဖြစ်သလိုသာ ကျားကန် ထားရလေသည်။
နေ့စဉ် သူဖိုထိုးနေတိုင်း သူ့သားကလေးများဖြစ်ကြသော ဖိုးသားနှင့် ဖိုးခွါး ညီနောင်နှစ်ဖော်က အိမ်တဖက်ရပ်ကလေးထဲတွင် ဖွင့်ထားသော တိုလီမုတ်စ ရောင်းချသည့် အိမ်ဆိုင်ကလေးကို စောင့်ရင်း ကျားကုတ် ကျားခဲ ကျားထိုးလေ့ရှိသည်။
တညနေ သူတို့ကျားထိုးနေစဉ် ဖိုသီဖတ်သီ ၀တ်ဆင်ထားသော ယောက်ျားလျှာတယောက် ကျားကျားလျားလျား ၀င်လာပြီး
"ပြီးခဲ့တဲ့ ဒီဇင်ဘာ တရက်နေ့က ဘာနေ့တုန်း သိလား" ဟု ရုတ်တရက် မေးးလေသည်။ ညီနောင် နှစ်ဖော်က အူကြောင်ကျား ဖြစ်နေတော့မှ
"မင်းတို့ သိပ်အ တာပဲ။ အဲဒါ အမျိုးသားနေ့" ဟု ပြန်ဖြေရင်း ဖေဖော်ဝါရီ ၁၃ ကရောဟု မေးပြန်၏။
ပြည်ထောင်စုနေ့ .. အဲဟုတ်ဖူး ... ဗာလင်တံတိုင်းနေ့ ... စသဖြင့် လျှောက်ပြောကြပြန်သည်။
ထိုအခါ ယောကျားလျှာက
မင်းတို့ အတော် ညံ့တာပဲ ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ အစချီသော ကဗျာကို ရွတ်ရင်း ကျားပျံဆေးလိပ် တကျပ်ဖိုး ၀ယ်ကာ စိုင်းထီးဆိုင်သီချင်းလေးညည်းပြီး ပြန်သွားလေတော့သတည်း။
ခက်ဆစ် နောက်မှဆက်ရေးမည်။
အထက်ပါ ကွန်မန့်အတွက် ရှင်းလင်းချက်ကို အောက်တွင်ရှု၊
ဖို- ကျား - ထီး ရှိပြီး မ-မရှိသည်ကို / (မျဉ်းစောင်း) တဖက်စီတွင် ပြထားပါသည်။
=============================
ဖိုဝင်တောင် (ရှိ) / မ-၀င်တောင် (မရှိ)
ကျားကုတ်ကျားခဲ / မ-ကုတ် မ-ခဲ
ဖိုထိုး / မ-ထိုး
ဖိုလှိုက် / မ-လှိုက်
မီးဖို / မီးမ
ဖိုခနောက် / မ-ခနောက်
ဇာတိပ္ဖိုလ်/ ဇာတိပ်မ
ဖိုးသူတော် / ဖွားသူတော်
ရွှေထီး / ရွှေမ
ဖိုးရိုးဖားရား / မ-ရိုး မ-ရား
ဖိုးဝရုပ် / မ-၀ရုပ်
တယောက်ထီးတည်း / တယောက်မ-တည်း
ထီးချက်စောင့် / မ-ချက်စောင့်
သေနာပတိ / သေနာမ-ပတိ
ထီးရံနန်းရံ/ မ-ရံနန်းရံ
ထီးထီးကြီး / မမကြီး
ကျားလျှာ / မ-လျှာ
ကျားကန် / မ-ကန်
ကျားထိုး / မ-ထိုး
ကျားကျားလျားလျား / မမလျားလျား
ဖိုသီဖတ်သီ / မ-သီဖတ်သီ
အမျိုးသားနေ့ / အမျိုးသမီးနေ့
ဗာလင်တိုင်း / ဗာမယားတိုင်း
ဖေဖော်ဝါရီ / မေဖော်ဝါရီ
ဗိုလ်ချုပ် / ဗိုလ်မချုပ်
ကျားပျံ / မ-ပျံ
စိုင်းထီးဆိုင် / စိုင်းမ-ဆိုင်
===========================
ဤတွင် ဖွင့်ဆိုချက် နိဋ္ဌိတံ။
===========================
ဒါတောင် အိပ်ချင်လို့ ပျင်းတာနဲ့ တချို့ဟာတွေချန်ထားသေးတာ။ ဥပမာ လင်ပန်းတို့ ဘာတို့ပေါ့။
အင်း အရှာအဖွေ ကလည်း တော်ကြပါ့ဗျာ
ဖတ်သွားပြီဗျို့
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မူး သွား ပြီ။
မ မ မ ကို ဖတ်ပြီး မြန်မြန် မူးသွားပါတယ် :P
ကိုကိုမောင်ရဲ့ မမမ နဲ့...
မမမ ရဲ့ ဖိုဖိုဖို ကို ဖတ်သွားပါတယ်။
အခုထိတော့ ဘယ်သူ့ဘယ်သူ့မှ အားသာကာ အနိုင်မရသေးပါဘူး ခင်ဗျား။
ပွဲကြီးပွဲကောင်းကို ပရိသတ်များက ဆက်လက် စောင့်စားလျက်ပါပဲ။
ဟားဟား... သူကြီးတို့တော့လုပ်ချလိုက်ပြီ.. ဖတ်ရင်းဖတ်ရင်းနဲ့ ပြုံးတုံ့တုံ့ဖြစ်သွားရတယ်..း))))
ခင်မင်တဲ့
နေ၀သန်
မမမမမမတွေ ဖတ်ပြီးတော်တော် မူးသွားတယ် ..ဒါနဲ့ 
"မမမ" ကလဲတော်တော် အရှာဖွေကောင်းတာပဲ ..
:))))
အနှစ်ချုပ်လိုက်ရင် တဂျီးက အမတွေကို တော်တော်စိတ်ဝင်စားတယ်နော်။ လူဝတ်လဲတော့မို့လားဟင်..
မေလ/ အောက်တိုဘာလ
မေမြို့/ တောင်ကြီး
မေမြို့ပန်း / ရွှေပန်း
မယ်လမု/ ဗိုလ်တထောင်
အင်း....ပြီးမှဆက်စဉ်းစားမယ်..
မိန်းမ=ယောင်္ကျားအကြောင်းကို...
အံ့တယ် အံ့တယ်. သူဂျီးမြင်းရော... မမမမမရော
ရှာရှာဖွေဖွေ ရေးတတ်သလေ... ဘကျောက် ၀င်နှောက်ဒွတ်ခရောက်...
ဘာတဲ့ နေ့ ည ထမင်းစားပြီး မှတ်ထားတယ်..
ဦးဇွတ်ပြောသလို စောင့်စားဆဲပဲ... ဒါနဲ့
ဒီတစ်လော သူဂျီးမင်း ရဲ့ စိတ်တွေထဲ မ အကြောင်းတွေ ချည်းရောက်နေတာကို မယုံမရဲ... ဖြစ်နေလို့ ကျားကုတ်ကျားခဲ စဉ်းစားနေတယ်.
သူကြီး
သူကြီးက မ ကျမ်း အတော်ကျေတာဘဲ.. ရှာဖွေထားတာ နည်းတာ မဟုတ်ဘူး..
ကျန်တဲ့နေရာတွေမှာ အမ တွေ ဘယ်လိုဘဲအားသာအားသာ
အမြင့်မြတ်ဆုံးဘုရားရှင်ဖြစ်ဖို့ကျတော့ အမတွေက ဘာမှ မတတ်နိုင်ပါဘူး.. အရှုံးပေးရတာဘဲမဟုတ်လား
ပြီးတော့ စေတီပုထိုးတွေမှ အမတွေက အပေါ်တက်ခွင့်မရှိပါဘူး.. အထီးတွေဘဲ တက်ရတာပါ..
ဒီတော့ ဘုရားဖြစ်ခွင့်ကိုရော.. စေတီပုထိုးတွေမှာ အနီးကပ်ဖူးမျှော်ခွင့်.. အထက်ကိုတက်ပြီးဖူးမျှော်ခွင့်ကိုရော မောင်ပိုင်စီးပြီး အခွင့်အရေးအပြည့်အ၀ ယူထားသူများသည် အထီး( အဖို) များသာ ဖြစ်ပါကြောင်း ထို့ကြောင့် အမျိုးသမီးရေးရာသို့ တိုင်ကြားမည် ဖြစ်ပါကြောင်းး)
တဂျီးရေ ...
မဟုတ်တဲ့ "မ" တွေ အတင်းဆွဲရေးပြီး နိုင်ချင်ဇောနဲ့
တုံးတိုက်တိုက် "ကျား"ကိုက်ကိုက်တွေ လုပ်မနေနဲ့အုံး။
"ကျား"ရဲရာ ကြမ္မာမယိုးသာ ဆိုရိုးစကားလဲ ရှိတယ် မဟုတ်လား။
ကျားက ဘယ်လောက် တန်ခိုး ထွားထွား ... "ကျား"ဆရာက ကြောင် .. တဲ့။
တဂျီးကို ကိုးကွယ်တဲ့ တုံးဖလား ရွာသားတွေတော့ "ကျား"ကြောက်လို့ရှင်ကြီးကိုး ရှင်ကြီး "ကျား"ထက်ဆိုး ဖြစ်ကြတော့မှာပဲ။
တဂျီးက ရွာရဲ့ ထိပ်သီး တဂျီးမင်းဆိုတော့ မင်းခ"ယောက်ျား" ကမ်းနားသစ်ပင် လို ယနေ့တဂျီး နက်ဖန် မြေကြီး ဖြစ်သွားအုံးမယ်နော်။ သတိလဲ ထားပါ။
သြော် .. နောက်ပြီး ရွာက နွား"ကျောင်းသား"တွေလဲ မှာထားအုံး။ နွားကွဲရင် "ကျား"ဆွဲလိမ့်မယ်။
တဂျီးမင်းတို့ ဆီမှာ ရာသီဥတုအေးနေပြိမို့ ကျန်းမာရေး ဂရုစိုက်ပါ။ တော်ကြာ ... "ကျား-ကျား" မီးယပ် လဲ ဖြစ်နေအုံးမယ် တဂျီးရေ ... ။
တကွက်မှားသော "ကျား"လို တချက်မှားတာနဲ့ အစားခံရအုံးမယ် ဂရုစိုက်ပါ ကိုယ့်ဆရာ။
ခုလို ဘ-တပြန် "ကျား"-တပြန် ငြင်းခုန်ရတာ ပျော်စရာတော့ အကောင်းသား နော်။
ကဲကဲ ... ဒါပေမဲ့လဲ ဒါလောက်ဆိုတော်ပါပြီ ...
ဆက်ချင်သေးရင်တော့ ...
"ကျား"နဲ့ ဆင် လယ်ပြင်မှာတွေ့သလို တဂျီးနဲ့ မမမ လုန်ဒန်မှာ တွေ့ကြတာပေါ့။
အဲဒီတော့မှ တဂျီးက "တိုင်းဂါး" (ကျား) ဘီယာ လေးနဲ့ မမမကို ပြုစုရမယ်နော်။ ဟတ်ဟတ်ဟတ်
;)
မမမ ရေးတဲ့ ဖို ... သဘောရော...ကိုကို ရေးတဲ့ မ ကိစ္စအဖြာဖြာကို ဖတ်နေ၏..အတော်လေး သဘောကျလေသည်... လန်ဒန်မှာတွေ့ရင်လည်း ၂ ယောက်သား အပြိုင်ကျဲရင်ခေါ်နော်..လာချင်လို့..။
စိန်ဗေဒါ
မတွေဖတ်ရင်း မူးသွားတယ်။
ရေးလည်းရေးတတ်ပလေတယ်...
အတွေးတွေလည်း ကောင်းပ...
အားပေးလျှက်...
ပေါက်ပေါက်ရှာရှာ ရေးတတ်ပါပေတယ်...
မ ကိစ္စ
ကျား ကိစ္စ
မ နှင့် ကျား ပေါင်း
ဓါတ်ပြောင်းခြင်းကိစ္စ
ဘာမဆိုရေးပါ
ဖတ်ရတာ
အားရသကွာ။
မတွေ များလွန်းမှန်း ကိုကိုမောင်ပြောမှပဲ သိတော့တယ်။ ဘာပဲဖြစ်ဖြစ် မတို့ခေတ်ကွဟု ဟစ်ကျွေးလိုက်ချင်တယ်.. ဟီးဟီး
အွန်. မမမ တွေများလို့ တော်တော်တော့ မူးသွားတယ်..
ဒါပေမယ့်လည်း..မနည်းပြီးအောင်ဖတ်သွားပါတယ်..
Post a Comment