Monday 26 October 2009

သူဘယ်လိုယောက်ျားလဲ


ဝေဒကျမ်းလာ၊ လက္ခဏာအရ၊
ပုရိသတို့၊ ခြေချ မြေပြင်၊
ခြေရာထင်လျှင်၊ သိမြင်စိတ်ဓါတ်၊
မှန်းဆအပ်၏။


ရာဂကြီးမား၊ ယောက်ျားများမှာ၊
ဖ၀ါးအလယ်၊ မြေ၀ယ်မထိ၊
ငုံးတိတိရှင့်။


ဒေါသကြီးရာ၊ ပုရိသာတို့၊
ခြေရာ ဖနောင့်၊ ခပ်ဆောင့်ဆောင့်ကြောင့်၊
ဖနောင့် ခြေရာ၊ ထင်ရှားပါ၏။


မောဟူထူငြား၊ ထိုယောက်ျားကား၊
ခြေဖျား ဖနောင့်၊ ဆောင့်ဆောင့်ချနှင်း၊
သွားတတ်ခြင်းကြောင့်၊ ရှင်းရှင်းခြေရာ၊
လွန်သိသာ၏။


ကိလေသာပြတ်၊ ယောက်ျားမြတ်မှာ၊
ညီလတ် ဖ၀ါး၊ ချကာသွားပြီး၊
ထင်ရှား ညီစွာ၊ မြေမျက်နှာဝယ်၊
ထင်ကာကျန်ရစ်၊ လွန်ပြေပြစ်၏။


အသာထိုင်ကြည့်၊ အထာသိပြီး၊
ပုရိယောက်ျား၊ မျိုးသားများအား၊
ခွဲခြားလေပါ၊ ကြိုက်လေရာကို၊
ကညာပျိုမြစ်၊ ပျိုစင်စစ်တို့၊
အနှစ်ကိုရှာ၊ အကာကိုပစ်၊
ရွေးချယ်ချစ်လော့။ ။


....

2 comments:

Yu Ya said...

ကဗျာလေး ဖတ်ရှုခံစားသွားတယ် ကိုကိုမောင်ရေ..

yu ya

မိုးစက်အိမ် said...

ဘယ်အမျိုးအစားထဲ ပါလည်းမသိဘူး အစ်ကိုရာ :D