Sunday, 27 May 2012

ကျွန်ုပ်နှင့် ထူးဆန်းသည့် အမျိုးသမီးတစ်ယောက်အကြောင်း

တစ်နေ့သောအခါ
ကျွန်ုပ်သည် သုတေသနကျမ်းစာအတွက် သဲလွန်စ စာတိုပေစလေးများ ရှာဖွေဖတ်ရှုရန်အတွက်  လန်ဒန်မြို့လယ်ရှိ နာမည်ကြီး ဗြိတိသျှစာကြည့်တိုက်သို့သွားဖို့ ကျွန်ုပ်နေအိမ်နဲ့ အနီးဆုံး မြေအောက်ရထားဘူတာရုံဖြစ်သည့် ဟောင်းစလိုးဝက်စ်စတေရှင်သို့ ချီတက်လေ၏။ ကွန်ပျူတာနှင့်အခြားစာရွက်စာတမ်းများ ထည့်ထားသည့် ဘေးသိုင်းလွယ်အိပ်ကြီးလွယ်ကာ ခေါင်းငိုက်စိုက် ငိုက်စိုက်ဖြင့် စတိုင်လ်ကျကျ လမ်းလျှောက်သွားရာ ထို ဟောင်းစလိုးဝက်စ်စတေရှင် မြေအောက်ဘူတာရုံ အ၀င်ဝသို့ ရောက်သောအခါ မနီးမဝေးအရပ်မှ ထွက်ပေါ်သည့် "ဟိတ် ဟိတ် ဟိတ်" ဟူသော အသံကို ကြား၍ ဘေးနားတစ်လျှောက် မျက်လုံးကစားကြည့်လိုက်ရာ အ၀တ်အစားကို မဟာဆန်ဆန်ဝတ်ဆင်ထားပြီး မျက်မှန်ထူထူ တပ်ဆင်ထားသည့် အသားညိုညို လူလတ်ပိုင်း မျက်နှာစိမ်း အမျိုးသမီး တစ်ယောက် ကျွန်ုပ်ဆီသို့ ဦးတည်လာနေသည်ကို အရှင်လတ်လတ်ကြီး တွေ့ရလေတော့၏။

မိတ်ဆွေသင်္ဂဟ အလွန်ရှားပါးလှသော ကျွန်ုပ်အဖို့ ထိုကဲ့သို့ လာနှုတ်ဆက်ခံရသည်မှာ မကြုံဖူးသလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ထိုအမျိုးသမီးသည် ကျွန်ုပ်ကို လူမှား၍သော်လည်းကောင်း သို့မဟုတ် ကျွန်ုပ်နောက်၌ ကပ်လိုက်လာသော လူတစ်ယောက်ယောက်ကိုသော်လည်းကောင်း နှုတ်ဆက်သည် ဖြစ်တန်ရာ၏ ဆိုပြီး ဟိုဟို ဒီဒီ ရှေ့နောက် ၀ဲယာ မျက်စိကစားကြည့်နေစဉ် "ဘာ ကြောင်ကြောင်တောင် ဖြစ်နေတာလဲ ယူ့ကို နှုတ်ဆက်တာ ယူ့ကို နှုတ်ဆက်နေတာ" ဟု ကျွန်ုပ်၏ မျက်နှာကို တည့်တည့်ကြည့်ပြီး လက်ညှိုးထိုးကာ ပြောနေသည်ကို တွေ့ရလေ၏။ 

"ခင်ဗျာ..ခင်ဗျာ"

"ခင်ဗျာမနေနဲ့။ ဒီက တုံးဖလားသူကြီးမင်း မဟုတ်လား။ လူမမှားလောက်ပါဘူးနော်"

"ဗျာ "

"ဗျာမနေပါနဲ့။ အခု ဗြိတိသျှစာကြည့်တိုက်ကို သွားမှာမဟုတ်လား"

"ခင်...ခင်..ခင်ဗျာ..."

"သူကြီးမင်း... ဘာတွေ ကြောင်တောင်တောင် ဖြစ်နေတာလဲ။ အချိန်သိပ်မရှိဘူး။ အလုပ်သွားရဦးမယ်။ ဖုန်းနံပါတ်ပေးခဲ့။ နောက်မှ ဖုန်းဆက်မယ်"

"အမ်... ဘယ်လို ဘယ်လို..."

"ဖုန်းနံပါတ်ကို ပေးမှာသာ ပေးစမ်းပါ။ အိုက်တင်တွေ ခံနေရသေးတယ် "

လူတကာစုံတဲ့ ဘူတာရုံအတွင်း လူရှေ့သူရှေ့၌ ထိုကဲ့သို့ ကျွန်ုပ်နာမည်ကိုလည်းကောင်း၊ ကျွန်ုပ်၏ ဂုဏ်ထူးဝိသေသပုဒ်တို့ကိုလည်းကောင်း၊ ကျွန်ုပ်သွားမည့် နေရာကိုလည်းကောင်း၊ ကျွန်ုပ်လုပ်နေသည့် အလုပ်ကိုလည်းကောင်း ဒဲ့ဒိုးကြီး ဆော်ထဲ့လိုက်ပြီး ကျွန်ုပ်၏ ဖုန်းနံပါတ်ကို တွေ့ကာစ တစ်မိနစ်အတွင်းမှာပင် အတောင်းခံလိုက်ရရာ ၀မ်းသာရမလို အံ့သြရမလို ရှက်ရမလို ကြောက်ရမလို ဂုဏ်ယူရမလို ကြည်နူးရမလို...အဲဒီလို မလို...မလိုတွေ ဖြစ်ပြီး အယောင်ယောင်အမှားမှားဖြစ်ကာ ၀၇၇၄၀.... စသည်ဖြင့် ကျွန်ုပ်၏ မိုဘိုင်းနံပါတ်ကို တန်းပေးမိလေတော့၏။ ခန္ဓာကိုယ်အနှံ့လည်း ဟိုနားက ယားယံလာသလို ဒီနားက ယားယံလာသလို ဖြစ်ကာ ခေါင်းကုတ်လိုက် ခန္ဓာကိုယ် တစ်နေရာရာ ကုတ်လိုက်ဖြင့် မယ်မင်းကြီးမရှေ့မှောက်၌ ဟိုယောင် ဒီယောင် ယောင်တိယောင်န ဖြစ်နေလေတော့၏။  သို့သော် သူ့နံပါတ်ကိုကား ကျွန်ုပ်အား မပေးခဲ့ချေ။ ကျွန်ုပ်လဲ မတောင်းထားလိုက်မိပေ။ 

"ဒါနဲ့.. သူကြီးမင်းတက်နေတဲ့ တက္ကသိုလ်က ဟို....... တက္ကသိုလ် မဟုတ်လား။ သူကြီးမင်းရဲ့ ညီတော်မောင်တစ်ယောက်လဲ နိုင်ငံခြား ရောက်နေတယ် မဟုတ်လား"

ကျွန်ုပ် တကယ်ပင် ခေါင်းကြီးသွားလေ၏။ ဘာဖြစ်လို့ ဘယ်လိုလုပ်ပြီး ကျွန်ုပ်အကြောင်းကို သူ အကုန်သိနေရပါလိမ့်။ ကျွန်ုပ် ထိတ်ကနဲ ဖြစ်သွားကာ သူ့ကို မျက်နှာချင်းဆိုင် အနေအထားမှ ဘေးတိုက် အနေအထားသို့ ပြောင်းလိုက်ရလေ၏။ မတော်သကာ ကျွန်ုပ်ရင်ဘတ်၌ ရှိသော မှဲ့စလွယ်ကို အ၀တ်အစားထိုးဖောက် မြင်သွားမှဖြင့် မှဲ့စလွယ်ပိုင်ရှင်က ဘာဖြစ်တတ်တယ် ညာဖြစ်တတ်တယ် ဟောပြောနေမှာ စိုးရိမ်နေရသေးသည်။ ဒီအမျိုးသမီးကတော့ မလွယ်ရေးချ မလွယ်။ မြန်မြန်နှုတ်ဆက်ပြီး လှစ်တာဘဲ ကောင်းမယ်ဟု စဉ်းစားမိပြီး...

"ကဲ..ကဲ.. ကျနော် သွားလိုက်ပါဦးမယ်။ စာကြည့်တိုက်ကို စောစောရောက်မှ အဆင်ပြေမှာမို့"

ဟု ပြောကာ ဘူတာရုံအတွင်းရှိ ဘယ်ရီယာကို အွိုင်စတာ ကဒ်ဖြင့် ပွတ်သပ် ဖြတ်ကျော်ပြီး ခြေလှမ်းကြဲကြဲဖြင့် ဘူတာပလက်ဖောင်းရှိရာသို့ ခပ်သုတ်သုတ် လှမ်းခဲ့လေ၏။ ထိုအခိုက် နောက်က ခြေသံ တရှပ်ရှပ်ကြား၍ လှည့်ကြည့်လိုက်ရာ ထိုအမျိုးသမီးပါ ကျွန်ုပ်နောက်က လိုက်ပါလာသည်ကို တွေ့ရလေ၏။ အော်... ခက်ချေပြီကော။ အလုပ်သွားမယ်လဲ ပြောသေး။ နောက်တော်ပါးကလဲ ပါလာသေး။

"မယ်မင်းကြီးမ.. အလုပ်သွားမယ်ဆို"

"အေးလေ... အလုပ်က ရထားနဲ့ သွားရမှာလေ..."

"အော်...."

ထိုအခိုက် မြို့ထဲသွားမည့် မြေအောက်ရထားကြီး ဆိုက်ကပ်လာလေရာ... ကဲ ကဲ ဒါဖြင့်လဲ ရထားလာနေပြီ.. လာ.. တက်ကြစို့ ဟု ကျွန်ုပ်က ပြောလေရာ ဟင့်အင်းးးး ဒို့က ယူနဲ့ ဆန့်ကျင်ဘက် အရပ်ကို သွားမှာ... ဟု ဆိုကာ မြို့တွင်းမှ လာမည့် ရထားကို စောင့်ဆိုင်းရင်း မယ်မင်းကြီးမတစ်ယောက် ဘူတာရုံ ပလက်ဖောင်း၌ ကျန်ရစ်နေခဲ့လေတော့၏။ ကျွန်ုပ်သည်လည်း ဒီအမျိုးသမီး ဘာလဲ ဘယ်လဲ ဘာကြောင့်လဲ ဘယ်သူ့အတွက်လဲ စသည်ဖြင့် စဉ်းစားခန်းဖွင့်ကာ  ရထားပေါ်၌ အတွေးနယ်ချဲ့နေမိလေတော့၏။ ဧကန္တ ဒီအမျိုးသမီးတစ်ယောက် နဂါးနီနဲ့ ပတ်သက်ကောင်း ပတ်သက်နေရမယ်။

ထိုကဲ့သို့ ခဏတာ တွေ့ကြုံပြီး မေ့မေ့ပျောက်ပျောက်ပင် ဖြစ်သွားလေ၏။ သို့သော် တစ်လခန့်အကြာ၌ တစ်ပတ်မှ တစ်ခါမြည်လေ့ရှိသော ကျွန်ုပ်မိုဘိုင်းလေး တဂွမ်ဂွမ် မြည်လေတော့၏။ ကျွန်ုပ်သည်လည်း ဖုန်းကို ဗြုန်းတိုင်း ကောက်ကိုင်မိလေ၏။ 

"သူကြီးမင်း... ဒို့ကို မှတ်မိလား.. ဟင်း ဟင်း ဟင်း"

အသံကြားလိုက်ကတည်းက အသားညိုညို မျက်မှန်ထူထူ မဟာဆန်ဆန် အမျိုးသမီးတစ်ယောက်ကို တန်းမြင်ယောင်မိလေ၏။ 

"မမှတ်မိစရာလား။ ဒီအသံကို ခွေးချီသွားတောင် မှတ်မိတယ်"

"ဒါဖြင့် ဘူလဲ"

"ဘူမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ တစ်လလောက်က တွေ့ခဲ့တဲ့ မယ်မင်းကြီးမ တစ်ယောက် မဟုတ်လား"

"ဟောတော့.... သူကြီးမင်းက မှတ်မိနေတယ်။ ဥာဏ်ကောင်းလိုက်တာ"

"ချီးကျူးမနေနဲ့ဦး။ သူကြီးမင်း ဖုန်းကွန်တက်လစ်တ်ထဲမှာ စုစုပေါင်း လက်ငါးချောင်း မပြည့်ဘူး။ ဒါကြောင့် အသံကြားတာနဲ့ တန်းပြီး မှန်းသိလိုက်တာ"

"အော်... အဲလိုလား။ ဒါနဲ့... ဒို့နာမည်ကို ယူ သိသလား။ မှန်းပြောကြည့်စမ်းပါဦး"

ဒီအမျိုးသမီးကတော့ လုပ်ပြီ။ ဘယ့်နှယ် ဟိုဟာ မှန်းခိုင်း ဒီဟာ မှန်းခိုင်းနဲ့။ ပြီးတော့ လူကိုလဲ သူကြီးမင်းခေါ်လိုက် ယူ ခေါ်လိုက်။ အခုလဲ ကြည့် သူ့နာမည်ကို မှန်းခိုင်းနေပြန်ပြီ။ ဒါနဲ့ဘဲ. အဲဒီနေ့က အကြောင်းအရာလေးကို ပြန်စဉ်းစားကြည့်မိလိုက်သည်။ အဲဒီနေ့က ကျွန်ုပ် ခေါင်းဆောင်းမပါပါ။ ဘလက်ချောကလက်ကလေး ပါးစပ်ထဲ ငုံသွားသည်။ ချောကလက် ခပ်ခါးခါးလေးကို ၀ါးရင်း စဉ်းစားနေမိသည်မှာ.. ဒီနေ့ မိုးရွာရင်တော့ ဒုက္ခဘဲ။ ငါ့မှာ ခေါင်းဆောင်း မပါလာဘူး ဟူ၍ပင်ဖြစ်သည်။ ထိုအခိုက် ထိုအမျိုးသမီးနဲ့ စတွေ့သည်။ ဒါဆို... ငါစဉ်းစားနေတာက မိုးအကြောင်း၊ ပြီးတော့ ပါးစပ်ထဲက ချောကလက် အရသာက ခပ်ခါးခါး။ ဆိုတော့ကာ... သူ့နာမည် မိုးခါး ဖြစ်ရမယ် ဟု တွက်ဆကြည့်ပြီး...

"မိုးခါး မဟုတ်လား" ဟု လှမ်းမေးလိုက်မိသည်။

"ဟယ်... နီးစပ်တယ်တော့"

"ဘယ်လို နီးစပ်တာလဲ"

"အဲဒီ မိုးခါးဆိုတဲ့ နာမည်က ဒို့ ညီမအရင်းရဲ့ နာမည်လေ။ ဒို့နာမည် မဟုတ်ဘူး။ ဒို့နာမည်က. xxxxxxxxxxxx"

"အော်.."

" ဒါနဲ့.... သူကြီးမင်း... ရှေ့ နှစ်ပတ်လောက်ဆိုရင် အပြင်မှာ နေ့လည်စာသွားစားရအောင်။ နဂါးနီနဲ့ အတူ လာခဲ့ပါလား။ စတိန်း ဟိုက်စထရိက အင်ဒိယ ဘူဖေး အရမ်း ကောင်းတယ်။ မိတ်ဖြစ်ဆွေဖြစ်ပေါ့"

ကျွန်ုပ်ထင်ထားတာ ကွက်တိ ဖြစ်နေလေသည်။ ဒီမယ်မင်းကြီးမ နဂါးနီနဲ့ ပတ်သက်ရမယ်လို့။ နဂါးနီဆိုသော သူငယ်ချင်းက သူနဲ့ ခင်သူတိုင်းကို သူနဲ့ ခင်သူတိုင်းရဲ့ အကြောင်းတွေကို ပြောပြတတ်လေသည်။ ယခုလဲ ထိုကဲ့သို့ သူပြောထား၍ ကျွန်ုပ်အကြောင်းကို ထိုအမျိုးသမီး တော်တော်များ သိထားလေသည် မဟုတ်ပါလား။

မိတ်ဖြစ်ဆွေဖြစ် အပြင်ထွက်စားကြမယ်ဆိုပြန်တော့လဲ ခပ်လန့်လန့်။ ကျွန်ုပ်သည် စာရေးသည့်အခါ၌ ခပ်သွက်သွက် ရေးလေ့ရှိသလောက် စကားပြောရာ၌မူ သ န ကွဲအောင် မပြောတတ်ချေ။ စကားအလွန်နည်း၍ သူစိမ်းတရံရှေ့၌ စကားပြောရမှာ အလွန်ဝန်လေးတတ်သူ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ထိုနေ့လည်စာစားမည့် နေ့၌ ဘာစကားတွေ ပြောရမည်နည်း။ ဘယ်လို စကားမျိုးဖြင့် တန်ဆာ ဆင်ရပါလိမ့်မည်နည်း။ အရေးသွက်သွက် အပြောခက်ခက်ပေတကား။

ချုံး၍ ဆိုရပါမူ ချိန်းထားသည့် နေ့၌ နဂါးနီက ကျွန်ုပ်အား ကားဖြင့် လာခေါ်လေ၏။ ထိုအင်ဒိယ ဘူဖေးဆိုင်သို့ နာရီဝက်ခန့် ကားမောင်းရလေ၏။ ဆိုင်သို့ရောက်သောအခါ အစားအသောက်များ မှာပြီး အတူတူ စားကြလေ၏။ အစားအသောက် စားခါစပင် ရှိသေး။ ထို မယ်မင်းကြီးမထံသို့ ဖုန်းတစ်ချက် ၀င်လာ၏။ အမေရိကားက ဖုန်းမို့ ခဏနော် ဟု ဆိုကာ စားရင်းပြော ပြောရင်းစားဖြင့် အချိန်ကြာလာသည်နဲ့အမျှ ဗိုက်ပြည့်လာသည့်တိုင် မယ်မင်းကြီးမ ဖုန်းပြောခြင်းအလုပ်မှာ စီးဆင်းကောင်းနေလျှက်ပင်။ ခဏအကြာတွင်... ဒီမှာ ဧည့်သည်တွေနဲ့ အတူ နေ့လည်စာ စားနေလို့ နောက်မှ ပြောမယ်နော်... ဟု ဆိုကာ အမေရိကားက ဖုန်းကို ချလိုက်လေ၏။ ထို့နောက် ပန်းကန်အတွင်းရှိ လက်ကျန် အင်ဒိယ အစားအစာတို့ကို ခပ်မြန်မြန် စားလေ၏။ ထိုစဉ် မယ်မင်းကြီးမ ဖုန်း ထမြည်လာပြန်လေ၏။ ဟာ.... သူငယ်ချင်းဆီက ဖုန်းဘဲ။ သူနဲ့ စကားပြောစရာ နဲနဲ ရှိသေးလို့ ခဏပြောလိုက်ဦးမယ်နော်... ဆိုပြီး တော်ကီပွါးပြန်လေ၏။

နေ့လည်စာစား ပိုက်ဆံတွေရှင်းပြီးသည်အထိ မယ်မင်းကြီးမနဲ့ ကျွန်ုပ် စကားကောင်းကောင်းမပြောရသေးပေ။ သူလဲ သူ့အလုပ်နဲ့ သူပေကိုး။ ထို့နောက် သူငယ်ချင်းဖြစ်သူ နဂါးနီက... ကဲ ကဲ ပြန်ကြမယ်။ ငါလဲ တက္ကသိုလ်သွားပြီး စူပါဗိုက်ဆာနဲ့ တွေ့စရာရှိသေးတယ်။ သွားကြစို့ ဟု ဆိုကာ ကားရပ်ထားရာ နေရာသို့ အတူတူ လာခဲ့ကြလေ၏။ ထိုအချိန်ထိ မယ်မင်းကြီးက ဖုန်းပြောကောင်းနေတုန်း။ ကားပေါ်တက်ပြီးမှ ဖုန်းပြောခြင်းကို ရပ်နားလေ၏။ အင်း..... သူ ဖုန်းပြော နားနေတုန်း အလ္လာပသလ္လာပ စကားလေး ပြောဦးမှဘဲ ဆိုပြီး....

"ကျနော်က အင်ဒိယစားသောက်ဆိုင်ကို ရောက်ဖူးတာ ဒါ ပထမဆုံးအကြိမ်ဘဲ။ အစားအသောက်ကလဲ မဆိုးပါဘူး။ အင်ဒိယအစားအစာကို မကြိုက်ပေမဲ့ ဒီဆိုင်ကတော့ စားလို့ကောင်းသားဘဲ။ အခုလို ဖိတ်ခေါ်ကျွေးတဲ့ အတွက် ကျေး........"

"ကလင် ကလင် ကလင်..."

ကျွန်ုပ်၏ ကျေးဇူးတင်စကားပင် မဆုံးလိုက်သေး။ မယ်မင်းကြီးမရဲ့ ဖုန်း ထမြည်လာပြန်၏။

"ဟယ်... မာမီ....( သူကြီးမင်း ခဏလေးနော်။ မြန်မာနိုင်ငံက မာမီဆီက ဖုန်းဝင်လာလို့)။ မာမီ နေကောင်းလား။ ဘာ ခေါင်းနဲနဲ မူးနေတယ်။ ဆေးခန်းမသွားဘူးလား။ သားတော်မောင်ကကော ဂရုမစိုက်ဘူးလား။ အပြင်မှာ အရမ်းပူနေတယ်။ အပြင်မထွက်နဲ့လို့ ပြောတာလဲ နားမထောင်ဘူး။ အရမ်းနေမကောင်းရင် ဟို ဒေါက်တာနဲ့ သွားပြလေ။ သမီး ဒီကနေ ဖုန်းဆက်ပေးလိုက်မယ်။ ဘာ.... မိုးအရမ်းချုပ်နေလို့ မသွားတော့ဘူး ဟုတ်လား။ ဘာမှ အားနာမနေပါနဲ့။ အဲဒီ ဆရာဝန်က အရမ်းသဘောကောင်းတယ်။ ကျန်းမာရေးက ပိုအရေးကြီးတယ်။ ဆရာဝန်ဆီ သွားပြပါ။ သမီးလား။ သမီးလဲ ရှေ့ နှစ်လလောက်ဆို မြန်မာပြည် ပြန်လာမှာ။ သမီးက နေကောင်းပါတယ်။ သမီးအတွက် ဘာမှ မပူနဲ့။ မာမီသာ နေကောင်းအောင်နေ။ ဘယ့်နှယ် နေပူပူကြီး အပြင်ထွက် ဈေးဝယ်ရတယ်လို့"

သူငယ်ချင်းဖြစ်သူ နဂါးနီကလဲ ကားကို တ၀ှူးဝှူးမောင်း.. မယ်မင်းကြီးမကလဲ ဖုန်းကို တတွတ်တွတ်ပြော.. ကျွန်ုပ်သည်လည်း အင်ဒိယအစားအစာစားထားသည့်အတွက် အိပ်ငိုက်ချင်ချင်။

"မာမီ... ဒါနဲ့... အိမ်ရှေ့က ပန်းပင်လေးတွေကိုရော ရေလောင်းပေးရဲ့လား။ အိမ်မှာ မွေးထားတဲ့ ဂျက်ကီလေးကော နေကောင်းရဲ့လား။ လျှပ်စစ်မီးတွေကော ပုံမှန်လာရဲ့လား။ တူတော်မောင်လေးကော အဆင်ပြေရဲ့လား......" စသဖြင့် အိမ်မှာ မွေးထားသည့် အိမ်မွေးတိရစ္ဆာန်ပါမကျန် လူတိုင်းစေ့အကြောင်း သတင်းမေးမြန်း၍မဆုံး ဖြစ်နေလေတော့၏။ ထိုအခိုက် ကျွန်ုပ်တို့၏ ကားကလေးသည် ကျွန်ုပ်နေအိမ် လမ်းထိပ်သို့ ရောက်လာလေ၏။

"ကဲ... နဂါးနီရေ.... ငါကတော့ ဒီမှာဘဲ ဆင်းတော့မယ်။ မင်းတို့က တက္ကသိုလ်ဘက် ဆက်သွားဦးမှာဆိုတော့ ငါ့ကို အိမ်အထိ လိုက်ပို့မနေနဲ့တော့ နောက်ကျနေလိမ့်မယ်။ ငါ ဒီမှာဘဲ ဆင်းပြီး လမ်းလျှောက်သွားလိုက်တော့မယ်" ဟုဆိုကာ လမ်းထိပ်၌ ကားရပ်ခိုင်းကာ ကားပေါ်မှဆင်းပြီး သူတို့ကို နှုတ်ဆက်ဖို့ ဟန်ပြင်လိုက်လေ၏။ မယ်မင်းကြီးမလဲ ဖုန်းတစ်ဘက်နဲ့.....

"သူကြီးမင်း... ကျေးဇူးနော်။ အခုလို တကူးတက လာပြီး နေ့လည်စာ လာအားပေးလို့။ နောက်မှ အေးအေးဆေးဆေး တွေ့မယ်နော်။ တာ့တာနော်။။ မာမီ... ပြောတော့.. ရပြီ။ အသိတစ်ယောက်ကို နှုတ်ဆက်နေတာ။ အင်း.. သမီးပြန်လာရင် မာမီ့အတွက် ဆေးဗူးတွေ ၀ယ်လာမယ်.........."

ထိုအခိုက် သူငယ်ချင်းဖြစ်သူ နဂါးနီတစ်ယောက် ကားတံခါးကို ဂျုန်းကလဲ ပိတ်ကာ မောင်းထွက်သွားလေတော့၏။ ကားပေါ်၌မူ မယ်မင်းကြီးမတစ်ယောက် ဖုန်းပြော မပြတ်သေးပေ။ ကျွန်ုပ်သည်လည်း အင်ဒိယအစားအစာများဖြင့် ပြည့်ဖောင်းလာသည့် ဗိုက်မို့မို့ကလေးကို လက်ကလေးဖြင့် အထက်အောက် ပွတ်သပ်ပြီး.... အင်း.. မဆိုးပေဘူးဘဲ။ စကားတစ်လုံးမှ ကောင်းကောင်း မပြောခဲ့ရဘဲ နေ့လည်စာလဲ အ၀တီးခဲ့ရတယ်။ ကျေးဇူးလဲ အတင်ခံလိုက်ရသေးတယ်။  တော်ပါသေးရဲ့.. သူ့ဖုန်းတွေ တဂွမ်ဂွမ်လာနေလို့။ နို့မို့ဆို သူ့ကို ဘာခေါင်းစဉ်နဲ့ ဘာစကားတွေ ပြောရမှန်း မသိဘူး။ ပြီးတော့ နေ့လည်စာကိုလဲ ကောင်းကောင်း စားလို့ရခဲ့မှာ မဟုတ်ဘူး။ အခုတော့ အိုကေမှာ စိုပြေလို့... ဟု စဉ်းစားကာ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးတုံးတုံးဖြင့် ကျွန်ုပ်နေအိမ်သို့ လမ်းလျှောက် ပြန်ခဲ့လေတော့၏။ မယ်မင်းကြီးမတစ်ယောက်မူကား မည်သို့မည်ပုံတွေးပြီး မည်သို့မည်ပုံ ဖြစ်နေမည်ကိုကား မယ်မင်းကြီးမ ကိုယ်တိုင်သာ အသိဆုံးဖြစ်ပေတော့မည်တည်း။  ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

Wednesday, 23 May 2012

နွေအကြူး


ညွန့်ဖူးစီရီ
ရိုးတံဆီမှာ
ပြီတီညွတ်ဦး
ကိုင်းပြည့်ကျူးလု
ဆွတ်ခူးသူမဲ့
ပန်းနွဲ့သခင်
တိမ်တောင်ဆင်ခိုက်
ငါလျှင် မြိုက်၍ ရှိုက်တော့သည်။

တွန့်လူးခါရမ်း
နွေသရမ်းကြောင့်
ပန်းမာလ် ကပွဲ
ဝသုန်ကြဲမျှ
တော်လဲ ဥက္ကာ
မြေကမ္ဘာဝယ်
တိမ်လွှာတိမ်သား
လွှင့်စင်ငြားသို့
တင်းထား စိတ်စဉ်
စိတ်ဘ၀င်မှာ
ငါလျှင် ထိတ်၍ မှိတ်တော့သည်။

ဥတုကြေကွဲ
ရှိုက်ဖိုသဲ၍
ငရဲဗိမာန်
ညီးညီးလျှံမျှ
တေဇပူပြင်း
နွေနေမင်းကား
ငါ့အား မညှာ
ငြိုးကြီးစွာဖြင့်
ကဗျာမသီ
စာမစီဘဲ
တေးသီ ဥသြ
သုည တောဝယ်
ပူမော ဗျာဗွေ
လွမ်းသင့်စေသည့်
ခါနွေအရှင်
နွေသခင်ကို
ငါလျှင် ကြိုက်၍ မိုက်တော့သည်။


[ဘာမှ မဟုတ်ဘူး။ ရာသီဥတု ပူလွန်းလို့  ကြီးတောင့် ကြီးမားနဲ့ မင်းဧရာလို နုကြည့်မိတား) ]


.

Friday, 11 May 2012

မနက်အလုပ်ရှိရင် ညဘက် ခဏလေးဆိုပြီး မကြည့်ပါနဲ့


ဒီလ ဒီရက်တွေအတွင်း စိတ်နဲနဲ ပင်ပန်းနေတာကတစ်ကြောင်း၊ စိတ်ညစ်ညူးနေတာက တစ်ကြောင်းတို့ကြောင့် စိတ်ပြေလက်ပျောက် အားရပါးရ လွတ်လွတ်လပ်လပ် ရယ်မောဖွယ်ရာများကို ရှာဖွေရင်း ယူကျုဖိုင်တွေထဲက တကယ့်ကွင်းဆင်းရိုက်ကူးထားတဲ့ ဟာသလဲဖြစ် လူတွေရဲ့ စိတ်နေသဘောထားကိုလဲ ဖော်ပြနေတဲ့ ဟာသဖိုင်တွေကို တွေ့ရှိပြီး ရယ်မဆုံး ပြုံးမဆုံး ဖြစ်မိပါတော့တယ်။ စိတ်ညစ်ညူးလို့ ဟာသဖိုင်တွေကိုကြည့်၊ ဟာသဖိုင်တွေကို ကြည့်ရင်း  နှစ်ညသုံးညလောက် မိုးလင်းခါနီးထိ အဆက်မဖြတ်နိုင်လို့ ကြည့်မိတဲ့အတွက် အိပ်ရေးတွေပျက်၊ အိပ်ရေးတွေပျက်လို့ စိတ်ထပ်ညစ်ညူး။ အဲဒီလို အဲဒီလို အဲဒီလောက် အဲဒီလောက် ရယ်မောရတဲ့ ယူကျုက ဟာသဖိုင်တွေကို ဘလော့မိတ်ဆွေများ အပန်းပြေနိုင်စေရန် တင်ပြပေးလိုက်ပါတယ်။ ကြည့်ဖူးသူများလဲ ထပ်ကြည့်ရင် ထပ်ရယ်ရပါလိမ့်မယ်။ ဒါကြောင့် ထပ်ကြည့်ကြပါလို့။ ရွှေမြန်မာက မိတ်ဆွေများကတော့ ကွန်မကောင်းလို့ ငါးဖမ်းရချင်မှ ရပါလိမ့်မယ်။ ဒါပေမဲ့ ရယ်စရာတွေမို့ မကြည့်ရလဲ ရယ်မောပေးကြပါလို့။း)

ဒီဟာသ ဖိုင်တွေကို ကြည့်ရင်း သူတို့တစ်တွေရဲ့ စိတ်တွေကို လိုက်ဖတ်နေမိတယ်။ ဘာတွေ တွေ့ရသလဲဆိုတော့ စာနာထောက်ထားမှုတွေ တွေ့ရတယ်။ တာဝန်ပေးထားတဲ့အခါ တာဝန်ယူမှုတွေကို တွေ့ရတယ်။ ကူညီလိုတဲ့ စိတ်ထားတွေကို တွေ့ရတယ်။ စနောက်တာကို စနောက်မှန်း သိတဲ့အခါ စိတ်ဆိုးဒေါသ မရှိကြတာကို တွေ့ရတယ်။ သနားညှာတာမှုတွေ တွေ့ရတယ်။ ဒီထက် ပိုဖတ်တတ်ရင် ဒီထက်ပိုကြည်နူးမှုတွေ ပိုရနိုင်တယ်။

ဒီထဲမှာ..
လောကထဲက သဘာဝ၊ သဘာဝထဲက ဟာသ၊ ဟာသထဲက အတုယူအားကျစရာများကို တွေ့ရှိရပါလိမ့်မယ်။

အားရပါးရ စိတ်လွတ် လက်လွတ် ရယ်မောကြပါ။ သင်ရယ်မောလျှင် ကျွန်ုပ်လဲ ရယ်မောပါမည်။ သင် ပျော်လျှင် ကျွန်ုပ်လဲ ပျော်ပါသည်။ ဒါကြောင့်မို့ သင်တို့ရော ကျွန်ုပ်ရော တူတူရယ်မောပြီး တူတူ ပျော်ကြပါစို့လား။  ။

 ....
 

ဟာသ (၁)



ဟာသ (၂)



ဟာသ (၃)




ဟာသ (၄)




ဟာသ (၅)




ဟာသ (၆)



ဟာသ (၇)



ဟာသ (၈)



ဟာသ (၉)



ဟာသ (၁၀)



ဟာသ (၁၁)



ဟာသ (၁၂)



ဟာသ (၁၃)



ဟာသ (၁၄)



ဟာသ (၁၅)



ဟာသ (၁၆)



ဟာသ (၁၇)



ဟာသ (၁၈)



ဟာသ (၁၉)



ဟာသ (၂၀)




အပိုဆု (၁)




အပိုဆု (၂)



အိပ်ရေးတွေ ပျက်ကုန်မယ်နော့။ အလုပ်လုပ်စရာ ရှိနေရင် ခဏလေးဆိုပြီး ဒီဖိုင်တွေကို မကြည့်မိစေပါနဲ့။ အချိန်တွေ စားမှန်းမသိ စားသွားပါလိမ့်မယ်။း)


အားလုံး ရယ်မောနိုင်ကြပါစေ။


..

Wednesday, 2 May 2012

တစ်ခါတစ်လေတော့လဲ...

မှန်ပြူတင်းမှ ထိုးကျလာတဲ့ နေရောင်ခြည်ကြောင့် အိပ်ရာမှ နိုးလာသည်။ ညစဉ် ညဥ့်နက်နက် စာကြည့်တတ်သည်မို့ မနက်ခင်း၌ ဘယ်တော့မှ စောစောမထဖြစ်။  မနက်စောစော မိုးလင်းတတ်တဲ့ ရာသီရောက်နေပြီမို့ နေရောင်သည် ကျွန်ုပ်၏ နိုးစက်တစ်ခု ဖြစ်မှန်းမသိ ဖြစ်နေလေသည်။ မထချင်ပေမဲ့ ထရတော့မည်။ အလင်းရောင်တွေကြားထဲ ကျွန်ုပ်ကောင်းကောင်း မအိပ်တတ်။ အိပ်ရာထပြီး မျက်နှာသစ်မယ်ကြံတော့ ရေက အစအနလေးတောင် မမြင်ရ။ အဲဒါမှ ပြဿနာ။

"မောင်ခွေးရေ... ရေမရှိတော့ဘူး။ ရေသွားခပ်ဦး"

အတူနေ လုပ်ဖော်ကိုင်ဖက်ကို အကူအညီတောင်းသလိုလိုနဲ့ ရေရှာပုံတော် ထွက်ခိုင်းလိုက်သည်။

"ဟာ.. သူကြီးမင်းကလဲ.. ဒါ တုံးဖလားများ မှတ်နေလားဗျ။ ဒါ ဘိလပ်ဗျ ဘိလပ်။ ဘယ်ကနေ ဘယ်လို ရေသွားခပ်ရမှာတုန်းးး"

"ဘယ်က ခပ်ရမှာလဲ။ ရေတွင်းမှာ သွားခပ်ပေါ့။ ဒါများ ခက်တာမှတ်လို့"

"သူကြီးမင်း အိပ်ရေးမ၀သေးရင် ထပ်အိပ်လိုက်ဦး။ အိပ်မှုံစုံမွှားနဲ့။ တုံးဖလားက သူ့အိမ်များ မှတ်နေတယ်"

"ဟေ့ကောင် မောင်ခွေး စကားမများနဲ့။ ဘိလပ်မှာ ရေတွင်းတွေ ပေါမှပေါ။ မောရစ်ဆင် ရေတွင်း၊ တက်စ်ကို ရေတွင်း၊ စိန့်ဘူရီစ် ရေတွင်း၊ အက်ဇဒါ ရေတွင်း။ စုံနေတာဘဲ။ အဲဒီ ရေတွင်းတွေကနေ သွားခပ်"

"အော်... ဒါများ.... မောင်ခွေးရေ... ရေမလာဘူး။ ရေသန့်ဗူး သွားဝယ်ပေးပါဦး ဆိုလဲ ပြီးတဲ့ ဥစ္စာ။ ကပ်ရှုပ်နေသေးတယ်။ ခဏစောင့် ကျနော် သွားဝယ်ပေးမယ်"

ပါးစပ်က ပွစိပွစိ တိုးတိုးရေရွတ်ရင်း မောင်ခွေးတစ်ယောက် သူ့ရဲ့ ကားကလေးကို စက်နှိုးကာ မောရစ်ဆင်သို့ အပြေးသွားလေတော့၏။ ခဏအကြာတွင် ရေသန့်ဗူး အလုံး ၂၀ သယ်ယူလာပြီး....

"ကဲ..ကဲ... သူကြီးမင်းရေ... ဒီမှာ ရေသန့်ဗူးတွေ ရလာပြီ။ တော်သေးတယ်။ ဒီနေ့ လူတွေ ရေသန့်ဗူးဝယ်ဖို့ တန်းစီနေကြတာ။ ဟောင်းစလိုးဒေသတစ်ခုလုံး ရေပြတ်တောက်မှု ဖြစ်လို့တဲ့။ ဘယ့်နှယ် ကြား ကြားဖူးပေါင်။ ငခွေး လန်ဒန်ရောက်လာတာ ဆယ်စုနှစ် ၂ နှစ်နီးနီး ရှိနေပြီ။ တစ်ခါမှ အခုလို ရေပြတ်တောက်တာ မကြုံဖူးဘူး။ သူကြီးမင်းတို့ လန်ဒန်ရောက်လာမှဘဲ မကြုံဖူးတာတွေ ကြုံနေရတယ်။ နှစ်စဉ် နှင်းတွေနင်းကန်ကျပြီး လေယာဉ်ကွင်းတွေ ပိတ်လိုပိတ်ရ၊ ကားတွေ အက်ဆီးဒင့် ဖြစ်လို ဖြစ်ရ၊ ဘိလပ် စီးပွါးရေးကပ်ဆိုးတွေ ကျရောက်လားကျရောက်ရ၊ စတာလင်ပေါင် ငွေကြေးတွေ နိမ့်ကျလား နိမ်ကျရ၊ မိုးခေါင်လား ခေါင်ရ၊ ရေကြီးလား ကြီးရ။ ဘာဆို ဘာမှ အဆင်မပြေတော့ဘူး။ အဲဒါ သူကြီးမင်းကြောင့် ဖြစ်ရတာ။ သူကြီးမင်း ဘိလပ်မရောက်ခင်ကဆို အားလုံး အိုကေမှာ စိုပြေနေတာဘဲ။ အခုတော့ အားလုံး ရှုပ်ထွေးကုန်လို့ ရွှေမြန်မာတွေ တစ်ဝက်လောက်တောင် ပြည်တော် ပြန်နေကြပြီ။ ကဲပါ ကဲပါ... အခု ဒီမှာ ရေသန့် ရောက်လာပြီ။ တကထဲ ဘုန်းရှင် ကံရှင် ကျနေတာဘဲ။ သူ့အလိုဘဲ လိုက်ဖြည့်ပေးနေရတယ်...."

စသဖြင့် စသဖြင့် ပြောဆို ညည်းညူနေလေ၏။ ကျွန်ုပ်သည်လဲ .... အင်း... မျက်နှာလေး တစ်ခါ သစ်ရဖို့အရေး... မောင်ခွေးရဲ့ အပြောအဆိုကို ရေရေလည်လည် ခံနေရပါလား... မဖြစ်ချေဖူး....ပြန်လည် ချေပ ဦးမှဘဲ ဟု စဉ်းစားကာ..

"မောင်ခွေးရေ... အဆိုးဘက်ကချည်း မကြည့်နဲ့လေကွာ။ ဒီလိုလေးလဲ ပြန်စဉ်းစားကြည့်ဦးလေ။ ငါ ဘိလပ်ကို ရောက်ပြီးမှ နှစ်စဉ် နှင်းဖြူလွှာလေးတွေ ငြိမ့်ငြိမ့်ညောင်းညောင်း ခုန်ဆင်းလာတယ်။ ဒါဟာ လောကကို အဖြူရောင် ကုသိုလ်တရားတွေနဲ့ လွှမ်းခြုံပေးမဲ့ အတိတ်နိမိတ်လေကွာ။ ပြီးတော့ စတာလင်ပေါင်ဈေးတွေ ကျဆင်းလာတာလဲ ငါတို့ကျောင်းသားတွေအတွက် ပိုအဆင်ပြေတယ်လေ။ နို့မို့ဆို စတာင်တစ်ပေါင်ကို မြန်မာကျပ်ငွေ ၂၅၀၀ ဆို မင်း တွက်သာ ကြည့်ပေတော့။ ကျောင်းစရိတ်ပေးရဖို့ မြန်မာငွေ ဘယ်လောက် ရင်းရမလဲလို့။ အခု စတာလင် တစ်ပေါင်မှ ၁၃၀၀ လောက်ဘဲ ရှိတော့တာလေ။ မကောင်းလား။ ပြီးတော့ မိုးခေါင် ရေကြီး ရာသီဥတုတွေ ဆိုးဝါးလာတာလဲ လောကရဲ့ တန်ဖိုးကို နားလည်လာအောင် သဘာဝတရားက ဘိလပ်သားတွေကို ပြသပေးတာလေ။ ဥပမာ အခု ရေမလားဘူး မဟုတ်လား။ ရေမလာတော့ ရေရဲ့ တန်ဖိုးကို ပိုနားလည်လာမယ်။ မိဘတွေနဲ့ ဝေးနေတဲ့အခါ ဒါမှ မဟုတ် မိဘတွေ သေဆုံးပြီးတဲ့ အခါကျမှ မိဘမေတ္တာကို ပိုနားလည်လာရသလိုမျိုးပေါ့။ အခု ဘိလပ်သားတွေ ရေရဲ့ တန်ဖိုးကို နားလည်သွားပြီ။ ရေမရှိလို့ မဖြစ်ဖူးဆိုပြီးတော့လေ။ လူဆိုတာမျိုးက လိုအပ်တာတွေအဆင်သင့် ရနေရင်၊ ဖြစ်ချင်တဲ့အတိုင်း ဖြစ်နေရင်၊ ရချင်တာတွေ လွယ်လွယ်နဲ့ ရနေရင် တန်ဖိုး မထားတတ်ကြဘူး မဟုတ်လား။ ကဲ..မောင်ခွေးရ.... ဒီလိုလေး စဉ်းစားလိုက်တော့ အမြင်တွေ ကောင်းမနေဘူးလား။   နောက်ပြီး စကားကြီးကြီးကျယ်ကျယ်ပြောရရင် ငါ ဘိလပ်ရောက်ပြီး နောက်မှ အနောက်တိုင်းက ခေါင်းဆောင်တွေ ရွှေမြန်မာကို စိတ်ပိုဝင်စားလာပြီး တဖွဲဖွဲ တသဲသဲ သွားရောက်ကြလို့ ရွှေမြန်မာကြီးလဲ တိုးတက်မှုတွေ ဒလဗုံ ဒလခေါင်း ဖြစ်နေပြီ မဟုတ်လား...."

ဟု.. မမောမပန်း မောင်ခွေးကို စကားနိုင်ရရေး မနက်စောစော ဥဒေတယံ ဂါထာကို မရွတ်ဖတ်အားဘဲ စကားပိုတွေကိုသာ ပါးစပ်က အမြှုပ်ထွက်လုခမန်း ရမ်းသန်း ပြောနေရတော့၏။ မောင်ခွေးကလဲ ခေသူ မဟုတ်။

"မစပ်မှ မဆိုင် သူကြီးမင်းရာ... စမ္ပါနဂိုရ်က နွားမပေါင်ကျိုးတာနဲ့ ညောင်ဦးကမ်းပါးပြိုရရိုးလား။ အမှန်က သူကြီးမင်း ရွှေမြန်မာမှာ မရှိလို့သာ ရွှေမြန်မာကြီး တိုးတက်ပြောင်းလဲလာတာ။ တကယ်လို့သာ အခု သူကြီးမင်း ရွှေမြန်မာ ပြန်သွားကြည့်။ အခြေအနေတွေ ဘယ်လိုဘယ်လို ဖြစ်ကုန်မလဲ ဆိုတာ အဖြေပေါ်လာလိမ့်မယ်။ အခု ကြည့်။ သူကြီးမင်း သယ်ယူလာတဲ့ အကုသိုလ်တွေကို ဘိလပ်သားတွေ အလူးအလဲ ခံနေရရှာတယ်.. သွပ်...သွပ်...သွပ်။ သနားလိုက်တာ။ သနားတာက သူကြီးမင်းကို မဟုတ်ဖူးနော်။ ဘိလတ်သူ ဘိလတ်သားတွေကို သနားတာ...."

"ကဲပါ...မောင်ခွေးရာ... စောစောစီးစီး သမ္ဖပ္ပလာပတွေ မပြောချင်တော့ပါဘူး။ ငါမျက်နှာ သစ်လိုက်ဦးမယ်။ အား ပါး ပါး.. မင်းခပ်လာတဲ့ ရေလေးက ကြည်အေးနေတာဘဲ။  ဒီလိုလေးအသုံးဝင်နေလို့ မင့်ကို အားကိုးနေရတာ။ ဟဲ ဟဲ ဟဲ"

မျက်နှာသစ်ပြီး မောင်ခွေးရဲ့ စကားကို ပြန်စဉ်းစားနေမိသည်။ သူပြောတာလဲ ခပ်ဟုတ်ဟုတ်။ ဘိလပ်ကို ကျွန်ုပ်ရောက်လာပြီးနောက် ဖြစ်ပျက်လိုက်ကြတဲ့ နက်ဂတစ်တွေ အများသား။ တော့တင်ဟမ်ကုတ်နား တစ်ဝိုက် ဆူပူသောင်းကျန်းမှု မီးရှို့မှုတွေ ဖြစ်ခဲ့လား ဖြစ်ခဲ့ရ၊ ပြည်တွင်းကျောင်းသားတွေ ကျူရှင်ကြေး သုံးဆလောက် တက်လား တက်ခဲ့ရ၊ စီးပွါးရေးတွေ ကမောက်ကမဖြစ်လား ဖြစ်ရနဲ့။ အခုလဲ ကြည့်ဦး စကော့တလန်ဘက် ဝေးလ်စ်ဘက်မှာ မိုးသည်းထန်စွာရွာပြီး ရေကြီးမှု သတိပေးနေချိန်မှာ အင်္ဂလန်နယ်နိမိတ် အတော်များများ မိုးခေါင်နေတဲ့အတွက် ရေကို ချွေတာသုံးကြရန် ဥပဒေ ပြဋ္ဌာန်းထားရလေသည်။  အော်.... မောင်ခွေးပြောသလိုများ ဖြစ်နေလေရော့သလား မသိ။း)

ဒီဘက်နိုင်ငံတွေမှာ တစ်ခုခု ပြတ်တောက်မှုနဲ့ ကြုံရင် ဒီအတိုင်းတော့ မနေ၊ ပြည်သူပြည်သားတွေကို အသိပေးရမည်ဟု စဉ်းစားကာ ကွန်ပျူတာဖွင့်ကာ အင်တာနက်ထဲ ရွက်လွှင့်ပြီး မျက်လုံးဝင့်ရှာကြည့်လေရာ အောက်ပါ လင့်ခ်ကလေးအား တွေ့လိုက်ရလေတော့သည်။ http://www.hounslowchronicle.co.uk/west-london-news/local-hounslow-news/2012/05/02/burst-pipe-leaves-35-000-homes-without-water-109642-30884855/

"ရေပိုက်ပေါက်ကွဲမှု ဖြစ်ပြီး ဟောင်းစလိုးဒေသတစ်ဝိုက်ရှိ အိမ်ခြေ သုံးသောင်းခွဲလောက် ရေပြတ်လပ်မှု ဖြစ်ပွါးလျက်ရှိနေပါသည်" တဲ့။ ရေပြတ်လပ်မှုကြောင့် ကျောင်း  ၁၈ ကျောင်းတောင် ပိတ်ထားရတယ် ဆိုပါလား။ ကျွန်ုပ်သည်လဲ မစပ်မှ မဆိုင် ကျွန်ုပ်တက်နေတဲ့ ကျောင်း ပိတ်မပိတ် စုံစမ်းကြည့်လေရာ ညောင်ဦးကမ်းပါးပြိုတိုင်း စမ္ပါနဂိုရ်က နွားမ ပေါင်းကျိုး မနေမှန်း အဖြေသိရလေတော့သည်။ 

မည်သို့ပင်ဆိုစေကာမူ ရေပြတ်လပ်မှုကြောင့် ဟောင်းစလိုးဒေသက မူကြိုကျောင်း မူလတန်းကျောင်းလေးများ ပိတ်လိုက်ရသည်ကို အခွင့်အရေးယူကာ ကျွန်ုပ်သည်လဲ ကြီးတောင့်ကြီးမားနဲ့ ဟောင်းစလိုးဒေသ ရေပြတ်တောက်မှုကို အခွင့်အရေးယူကာ ယနေ့တက်ရမဲ့ကျောင်းကို ကျေးပြောင်းပြီး ကျောင်းပြေးကာ ဤပို့စ်လေးကို အားရပါးရ ရေးသားလိုက်ရပေတော့သတည်း။ ။
...



ရေပြတ်လပ်မှု နောက်ကွယ်မှာ ဘာတွေ ဖြစ်တတ်သလဲ???
ဒီနေရာလေးမှာ ဖတ်ကြည့်ပါ။ တစ်နှစ်ပြည့်မှာ နှစ်ရက်ဘဲ လိုတော့တဲ့ မနှစ်က ရေးထားတဲ့ ပို့စ်လေးပါ။


.

Saturday, 28 April 2012

ကျွန်ုပ်နှင့် "သိမှသိမသိကိုသိသည်မသိကသိမသိကိုမသိ"

 မှတ်မှတ်ရရ မိုးအုံ့သော တစ်နေ့က သူတို့ ရောက်လာကြသည်။ သူတို့ဆိုသည်ထက် မိသားစု တစ်စုဆိုက ပိုမှန်မည် ထင်၏။ အဘိုးတစ်ယောက် အဘွားတစ်ယောက် မြေးမလေးတစ်ယောက်။ စုစုပေါင်း သုံးယောက်။ တစ်နိုင်ငံအတွင်း အတူတူ နေထိုင်ကြပေမဲ့ သူတို့က နယ်မြို့လေးတစ်မြို့မှာ နေသည်။ သူတို့နဲ့ မတွေ့သည်မှာ နှစ်ပရိစ္ဆေဒ ဆွေးခဲ့လေပြီ။ အသိမိတ်ဆွေတွေ တကူးတက အိမ်လာတော့ ပျော်လိုက်သည့် ဖြစ်ခြင်း။ အိမ်လာတယ်ဆိုပေမဲ့ လမ်းကြုံလို့ ၀င်ခဲ့ခြင်းပင် ဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ ရွှေဧည့်သည် လာတယ်ဆိုတော့ ပျော်တပြုံးပြုံးပေါ့။

ရှင်းရှင်းနဲ့ ဘွင်းဘွင်းဆိုရသော် မြေးမဖြစ်သူ၏ လင်ယောက်ျားက တစ်ခြားတိုင်းပြည်မှာ နေသည်။ တစ်လခွင့်ဖြင့် မြေးမဖြစ်သူထံ ပြန်လာသည်။ ထိုလင်ယောက်ျား ခွင့်စေ့သဖြင့် သူ့ဋ္ဌာနေ တိုင်းပြည်သို့ အပြန်ခရီးကို သူတို့ မိသားစု အားလုံး လိုက်ပို့ကြသည်။ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသည် ကျွန်ုပ်အိမ်နဲ့ နွားလားဥသဘ နှစ်အော်စာလောက်သာ ဝေးကွာလေသည်။ ထိုလေယာဉ်ကွင်းသို့ သူတို့ လာပို့ကြခြင်းဖြစ်သည်။ ထိုလင်ယောက်ျားစီးသော လေယာဉ်ပျံတက်သွားပြီးနောက် လမ်းကြုံသောကြောင့် ကျွန်ုပ်နေထိုင်သည့် အိမ်သို့ သူတို့ ဖုန်တိုက်လာလေတော့သည်။ ရောက်လာတော့လဲ အခန်းသီးသန့်ဖြင့် သူတို့ကို နေရာချထားလိုက်သည်။

အိမ်ရောက်လို့ တစ်ရက်တောင် မကြာလိုက်ပါ။ ညပိုင်း၌ အဘိုးဖြစ်သူ ကျန်းမာရေးဖောက်လာလေသည်။ နဂိုက အကောင်းကြီး။ အခုမှ ထဖောက်ခြင်း ဖြစ်သည်။ ဒီတော့ အရေးပေါ် ဆေးရုံတင်ရတော့တာပေါ့။ အဘိုးဖြစ်သူ ဆေးရုံတင်တော့ ဆေးရုံမှာ အကျိုးအကြောင်း စကားပြောရန် မြေးမလေးရှိမှ ဖြစ်မည်။ အဘွားလုပ်သူက အီးလို မမှုတ်တတ်။ ဒီတော့ မြေးမလေးကို လိုအပ်သည်။ ဒီလိုနဲ့ ကျွန်ုပ်အိမ်မှာ အဘွားနဲ့ မြေးမလေး။ ဆေးရုံမှာ အဘိုး။ ဒီလိုဘဲ နေလိုက်ကြတော့သည်။ သူတို့ နေထိုင်ရာ နယ်မြို့ကို မပြန်ဖြစ်ကြတော့။

တစ်ရက်နှစ်ရက် ကိစ္စ မရှိပေမဲ့ အခုဟာ တစ်ပတ်နှစ်ပတ်မှ တစ်လနှစ်လထိ ဆေးရုံမှာ ကြာနေနိုင်သည်။ မြေးမလေးက အလုပ်တန်းလန်းကြီးနဲ့။ ခွင့်ယူရခက်သည့် အခြေအနေမှာ ရှိနေလေသည်။ ခွင့်ယူရန် အကျိုးအကြောင်းကိုလဲ သူ စာမစီတတ်။ ဒါပေမဲ့ မဖြစ် ဖြစ်တဲ့နည်းနဲ့တော့ ခွင့်စာရေးပြီး ခွင့်ယူမှ အဆင်ပြေမည်။ ပြဿနာက အဲဒီက အစပျိုးသည်ဟု ဆိုရပေမည်။

 ခွင့်စာရေးပေးဖို့ ခပ်ရွှီးရွှီးခွင့်စာ ရေးတတ်သည့် သူ၏ မိတ်ဆွေ ကုလားလေးတစ်ယောက်ကို ဖုန်းဆက်ပြီး သူခေါ်လိုက်သည်။ ထိုကုလားလေးသည် ကျွန်ုပ်နေထိုင်သည့် အိမ်သို့ အခုမှ ရောက်ဖူးခြင်း ဖြစ်သည်။ ခွင့်စာရေးဖို့ ကွန်ပျူတာနှင့် စာရွက်ထုတ်ဖို့ ပရင်တာ သူတို့ လိုအပ်သည်။ ထို ကွန်ပျူတာ ပရင်တာ နှစ်ခုလုံး ကျွန်ုပ်၏ အခန်းအတွင်း၌ ရှိသည်။ ဒီတော့ ကုလားလေးရယ် အဘွားလုပ်သူရယ် မြေးမလေးရယ် ကျွန်ုပ်အခန်းထဲ ရောက်လာကြသည်။ တစ်ယောက်နဲ့တစ်ယောက် နှစ်ယောက်။ အဘွားပါပေါင်းတော့ သုံးယောက်။ ကျွန်ုပ်ကိုပါ ထပ်ပေါင်းသော် လေးယောက်။ လေးယောက်ပေါင်း လောင်းကျော်ပြီး ခွင့်စာရွှီးနည်းတို့ကို တိုင်ပင်ကာ ကုလားလေးတစ်ယောက် တစ်ဂျောက်ဂျောက်ဖြင့် ကျွန်ုပ်၏ ကွန်ပျူတာကို ရိုက်လေတော့၏။

ကျွန်ုပ်နေထိုင်သည့် အိမ်သည် နှစ်ထပ်အိမ်ဖြစ်သည်။ ကျွန်ုပ်က အပေါ်ထပ်မှာ နေသည်။ အိမ်ရှင်အဘိုးကြီးက အောက်ထပ်မှာ နေသည်။ အပေါ်ထပ်တွင် အိမ်သာ ရေချိုးခန်းရှိသည်။ အောက်ထပ်၌လည်း ထို့အတူ ရှိသည်။ ကွန်ပျူတာ စာရိုက်နေသော ကုလားလေးက အပေါ့သွားချင်သည်ဆို၍ အပေါ်ထပ်အိမ်သာသို့ ညွန်ပြလိုက်သည်။ ည အချိန်ရောက်ပြီဖို့ အိမ်သာထဲ မှောင်မဲနေလေသည်။ ထို့ကြောင့် ကုလားလေးသည် အိမ်သာ အနီးရှိ ခလုပ်တစ်ခုကို ထောက်ကနဲ ဖွင့်လိုက်သည်။ သို့သော် မီးက လင်းမလာ။ သို့သော် အဆင်ပြေအောင်တော့ သူ အိမ်သာထဲ ၀င်လိုက်နိုင်သည်။ မည်သို့ မည်ပုံ ၀င်သွားသည်ကိုတော့ ကျွန်ုပ်မသိ။ 

ဖြစ်ချင်တော့ သူ ဖွင့်လိုက်သည့် ခလုပ်သည် မီးခလုပ်မဟုတ်။ တစ်အိမ်လုံးကို အပူပေးထားသည့် အပူပေးစက်နှင့် ရေပူရေအေးအတွက် ပြုလုပ်တပ်ဆင်ထားသည့် မိန်းဆွစ်ခ်ျ ဖြစ်လေသည်။ ပိုဆိုးသည်မှာ သူ ထောက်ကနဲ ဖွင့်လိုက်ခြင်းသည် အဖွင့်မဟုတ်ဘဲ ဖွင့်ထားပြီးသား ခလုပ်ကို ပိတ်မိလိုက်ခြင်းပင် ဖြစ်သည်။ ထိုကိစ္စကို အောက်ထပ်က အဘိုးအို တစ်ယောက် မသိရှာပေ။ အဘိုးအိုက အောက်ထပ်ရေချိုးခန်း၌ ရေချိုးဖို့ ပြင်သည်။ ရေပိုက်ကို ဖွင့်လိုက်တော့ ကျလာတဲ့ ရေတွေက ရေခဲရေသမျှ အေးစက်နေလေသည်။ ခဏစောင့်ကြည့်သည်။ ရေအေးသက်သက်သာ ထွက်ကျနေသည်။ ရေပူကား လုံးဝ လုံးဝ မလာတော့ပေ။ ဒါဆို သေချာပြီ။ ရေပူရေအေးစက် ပျက်ပြီ။

ဒီတော့ အိမ်ရှင်အဘိုးက ပလမ်မာကို ဖုန်းဆက်ခေါ်သည်။ ပလမ်မာသည်လည်း အဘိုးအိုတစ်ယောက်ပင် ဖြစ်လေသည်။ ထို ပလမ်မာအဘိုးအိုသည် ကားဖြင့် အိမ်သို့ ချက်ချင်း ရောက်လာသည်။ အပူပေးစက် ဆွစ်ခ်ျကို အပေါ်ထပ်မှာ ထားပေမဲ့ အပူပေးစက် အလုံးကြီးကိုတော့ အောက်ထပ်မှာ ထားသည်။ ထို စက်ကြီးကို ကြည့်ပြီး ပလမ်မာက တန်းသိသည်။ ဒါ မိန်းဆွစ်ခ်ျကို ပိတ်ထားလို့ဘဲ ဖြစ်ရမယ်ဟု။ မိန်းဆွစ်ခ်ျ ဘယ်မှာလဲ ဆိုတော့ အပေါ်ထပ်မှာပေါ့။ ဒီတော့ ပလမ်မာ အဘိုးကို အပေါ်ထပ် တက်လာသည်။ မိန်းဆွစ်ခ်ျကို ဖွင့်လိုက်တော့ အားလုံး အိုကေသွားသည်။

အိုမကေသည်မှာ ပလမ်မာ အဘိုးအို အောက်ထပ်သို့ ပြန်အဆင်း ဒူးခေါက်ပြီး လှေခါးပေါ်က လှိမ့်ကျသွားသည်။ သတိလစ်သလို ဖြစ်သွားသည်။ ထို့ကြောင့် အရေးပေါ် အင်ဗျူးလင့်စ် ခေါ်လိုက်ရသည်။  ခဏအကြာ၌ တ တီတီ မြည်လျှက် အင်ဗျူးလင့်စ်ကား ရောက်လာသည်။ ပလမ်မာ အဘိုးအိုကို တင်ပြီး အမြန်မောင်းထွက်သွားသည်။ ဆေးရုံကို ရောက်လိုဇောနဲ့ အမြန် မောင်းနှင်သောကြောင့် လမ်းကွေ့အချိုးမှာ အရှိန်လွန်ပြီး လမ်းဘေး ထိုးကျသွားသည်။ ကားဘရိတ်အရှိန်ကြောင့် တစ်ခုခုနဲ့ ဆောင့်မိပြီး ကားပေါ်ရှိ အကူ ၀န်ထမ်းတစ်ယောက် ဒဏ်ရာ အနည်းငယ်ရသွားသည်။ ကံကောင်းထောက်မစွာဖြင့် ထိုအင်ဗျူးလင့်စ်ဖြင့်ပင် ဆေးရုံသို့  ရောက်သည်။ ဒဏ်ရာရ ၀န်ထမ်းလဲ ဆေးရုံရောက်မှ အတွင်းကြေမှန်း သိသဖြင့် ဆေးရုံတင်လိုက်ရသည်။  ဒီတော့ ဆေးရုံမှာ ပလမ်မာအဘိုးအိုရယ်၊ ဒဏ်ရာရ၀န်ထမ်းရယ်၊ ပြီးတော့ ကျွန်ုပ်၏ ရွှေဧည့်သည် အဘိုးအိုတစ်ယောက်။ စုစုပေါင်း သုံးယောက်။ 

အဘွားဖြစ်သူနှင့် မြေးမလုပ်သူက အညံ့တွေ ၀င်နေလို့ ဒီလို ဖြစ်ရတာ ဆိုပြီး ကျွန်ုပ်ကို ဗေဒင်ဆရာ အရှာခိုင်းလေသည်။ ကျွန်ုပ်လဲ အသက် ၇၀ ခန့်ရှိသည့် ရမ်းဖမ်းတွက်တတ်သည့် ဗေဒင်ဆရာတစ်ယောက် ရှာပေးလိုက်သည်။ တွက်ချက်မှု အရ အဘွားလုပ်သူရော မြေးမလုပ်သူပါ တနင်္ဂနွေဂြိုဟ်ထဲ ၀င်နေသည်။ ဒီတော့ ယတြာအနေနဲ့ တနင်္ဂနွေနေ့မှာ တနင်္ဂနွေသား ဘုန်းကြီးတစ်ပါးအား အုန်းနို့ခေါက်ဆွဲဆွမ်း သွားကပ်ရမည်တဲ့။

ဒီတော့ တစ်ခုသော တနင်္ဂနွေနေ့တွင် ကျောင်းတစ်ကျောင်းမှ တနင်္ဂနွေသား ဘုန်းကြီးတစ်ပါးအား မြေးအဘွားနှစ်ယောက် အုန်းနို့ခေါက်ဆွဲဆွမ်း သွားကပ်ကြလေသည်။ ထိုဘုန်းကြီးလဲ အားရပါးရ ဘုဉ်းပေးသည်။ အလှူရှင်တို့၏ သဒ္ဓါတရားကို ငဲ့လို့သာ ဘုဉ်းပေးလိုက်ရသည်။ အမှန်မှာ ထိုဘုန်းကြီး၌ သွေးတိုးရောဂါရှိသည်။ ထို့ကြောင့် မြေးအဘွားနှစ်ယောက် ကျောင်းက ပြန်ပြီး မကြာခင်မှာ ဘုန်းကြီး သွေးတက်လေသည်။ အရမ်းမူးသည်ဆိုသောကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရပြန်သည်။ ထိုသတင်း ဗေဒင်ဆရာ အဘိုးအို နားသို့ ရောက်သွားသောအခါ ဗေဒင်ဆရာလဲ သူ့ကြောင့် အခုလို ဘုန်းကြီး ဒုက္ခ ရောက်ရတာဆိုပြီး ရှော့ခ်ဖြစ်ကာ သတိလစ်သွားသောကြောင့် ဆေးရုံတင်လိုက်ရပြန်သည်။ ဒီတော့ ဆေးရုံမှာ နောက်တိုးနှစ်ယောက်နဲ့ဆိုတော့ စုစုပေါင်း ငါးယောက်။

ကျွန်ုပ်သည်လဲ ထိုသတင်းကြားပြီးနောက် ဆေးရုံသွားပြီး အခြေအနေသွားကြည့်ဦးမှဘဲ ဟု စဉ်းစားကာ နောက် နှစ်ရက်လောက်ကြာတဲ့အခါ ထိုမြေးအဘွားနှစ်ယောက်နဲ့အတူ ဆေးရုံသို့ သွားလိုက်သည်။ ဆေးရုံရောက်တော့ လူနာငါးဦးလုံး အချင်းချင်း မိတ်ဆွေတွေ ဖြစ်ပြီး စကားလက်ဆုံကျနေကြသည်ကို တွေ့ရလေ၏။ အားလုံးလဲ ပကတိကျန်းမာချမ်းသာလို့။ တော်ပါသေးရဲ့ အခုလို မိတ်ဖြစ်ဆွေဖြစ် အာဂန္တုနာလေးတွေပေမို့။  သူတို့ရဲ့ ဖြစ်ကြောင်းရယ်ကုန်စင် တစ်လှည့်စီ ပြောပြပြီး ရယ်ရယ်မောမော ရှိနေကြလေရဲ့။ မြန်မာမျက်စိနဲ့ ကြည့်ရလျှင် ဆရာတော်တစ်ပါးဦးဆောင်သည့် ဘုရားဖူးအဖွဲ့တစ်ဖွဲ့ အဆင့်မြင့် ဟိုတယ်ခန်းကြီးတစ်ခန်းထဲမှာ အနားယူနေကြသည်နဲ့ပင် တူလှပေတော့၏။ 

ကျွန်ုပ်သည် ထိုအဖြစ်အပျက်ကို အခွင့်အရေးယူကာ ဒါ ဂဏန်းပေးတာဘဲဟု မဆီမဆိုင် တွက်ဆပြီး လူနာဘုန်းကြီးမှ စပြီး ငါးယောက်လုံးအား စိတ်ထဲ ပေါ်လာတဲ့ ဂဏန်းတစ်ခုစီ ချီးမြှင့်ဖို့ စကား ကမ်းလှမ်းလိုက်ရာ ဘုန်းကြီးက ၃၂ ဟု ပြောလေသည်။ ထို့နောက် ဗေဒင်ဆရာ အဘိုးအိုက ၁၅ ဟု ဆိုလေ၏။ ထို့နောက် ပလမ်မာ အဘိုးအိုကလဲ ၄၅ ဟု ပြောလေ၏။ ၀န်ထမ်းလူနာက ၂၅ ဟု ရွတ်ဆိုလေ၏။ ထို့နောက် ကျွန်ုပ်၏ ဧည့်သည် အဘိုးအိုလူနာက ၁၅ ဟု ဆိုပြန်၏။ ၁၅ နှစ်ခု ထပ်နေသောကြောင့် ထပ်ပြောပါဦးဆိုတော့ ၁၆ တဲ့။ နောက်တစ်လုံး ကျန်သေးတယ်။ ဒီတော့ မြေးအဘွားဘက် လှည့်ပြီး ခင်ဗျားတို့ မြေးအဘွားလဲ စိတ်ထဲရှိတာ တစ်ခုလောက် ပြောဗျာဆိုတော့ ဒို့မြေးအဘွားက တနင်္ဂနွေဂြိုဟ်ထဲ ရောက်နေတာဆိုတော့ ၁ ဘဲတဲ့။ 

 အိမ်ပြန်ရောက်ပြီး အားလုံးတွက်စစ်ကြည့်လိုက်တော့...
၃၂
၁၅
၄၅
၂၅
၁၆

အဲဒီ ဂဏန်းတွေကို ရလိုက်သည်။ 
.....

ဒီနေ့ ဓါတ်ကျသလိုလိုခံစားမိသည်။

ဒါဆို ဒီနေ့ စနေနေ့ထွက်မဲ့ လိုတိုထီအတွက် အဆင်ပြေလေမလား။ အမြင့်ဆုံးဆုတော့ စတာလင်ပေါင်ငွေ ၄၁၀၀၀၀၀ (လေးသန်းတစ်သိန်း)တဲ့။ လာမဲ့ အင်္ဂါနေ့မှာ ထွက်မဲ့ ယူရိုမီလျံအတွက်တော့ ကျွန်ုပ်ကိုယ်ပိုင် ဂဏန်းတစ်လုံး နံပါတ် ၃ ကို ထပ်ဖြည့်ပြီး မူလပထမ ငါးလုံးကို မိန်းဘော၊ နောက်ဆုံး တစ်လုံးနှင့် ကျွန်ုပ်၏ နံပါတ် ၃ ကို လပ်ကီးစတား နေရာမှာ ထည့်ပြီး ကံစမ်းလိုက်ဦးမည်။ အဲဒီ ယူရိုမီလျံကမှ တကယ့် ဆုကြီး။ အမြင့်ဆုံးဆုက စတာလင်ပေါင် ၁၂၀၀၀၀၀၀ (ဆယ့်နှစ်သန်း)တဲ့။

ဒီတော့...
Lotto Number:  01...15...16...25...32...45...
Euromillion Number: 15...16...25...32...45... (01)-(03)
ဟူ၍ ကျွန်ုပ်ဖာသာ ကျွန်ုပ် ထုတ်နှုတ်ပြီး ရွှေဧည့်သည်တို့ကို အကြောင်းပြုကာ လက်တည့် စမ်းလိုက်ပေဦးတော့မည်။  စိတ်ပါ ၀င်စားသူများ လာခဲ့ကြပါလှည့်။ ကျွန်ုပ်၏ ကံကောင်းခြင်းများကို အသင်တို့အား ဝေမျှပေးပါအံ့။  

 မသိသူကျော်သွားသိသူဖော်စား။ သိမှသိမသိကိုသိသည်မသိကသိမသိကိုမသိ။ သိယာဖြစ်ရာ၏။  ။
.



မှတ်ချက်။
စိတ်ကူးဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။ အဖြစ်မှန်ပုံပြင်ဟူ၍ မမှတ်သင့်ချေ။ ။
....

Tuesday, 10 April 2012

သူကြီးမင်းရဲ့ "တရားစခန်း" ပုံပြင်

ဒီည စောစော အိပ်မယ် ကြံစည်ထားကာမှ ဟိုဘက် တစ်အိမ်ကျော်က မြမေတစ်ယောက် ငိုကြီးချက်မနဲ့ ရောက်လာသည်။ လင်ယောက်ျားနဲ့ စကားများ နောင်ဂျိန်ချလာခဲ့တာတဲ့။ ပြောလိုက်တဲ့ လင်ယောက်ျား မကောင်းကြောင်းလဲ မိုးလျှံနေလေသည်။ သူဘဲ ကြိုက်လှချည်ရဲ့ဆိုပြီး မိဘသဘောမတူဘဲ ခိုးရာ လိုက်ခဲ့ပြီးမှ။ ခုတော့ ယောက်ျားမကောင်းဘူး ယောက်ျားတွေ မကောင်းဘူး ဖြစ်ပြန်ရော။ ခဏအကြာမှာ  ဟိုဘက် ရပ်ကွက်က ဖိုးကျော်တစ်ယောက် ပေါက်ချလာပြန်ရော။ သူ့မိန်းမက ညညဆို အရမ်းဟောက်လို့ အိပ်ရေးမ၀ဘူးတဲ့။ ဒါကြောင့် မိန်းမနဲ့ အတူတူ အိပ်ရမှာတောင် ကြောက်ကြောက်နေမိသတဲ့။ အင်းးး ကြောက်ကြောက်နဲ့ အိပ်ရတာမို့ တော်သေး။ ဒါတောင် ကလေးက သုံးယောက်လောက် အပြင်ထွက်ပြီးပြီ။ နောက်တစ်ယောက်က မိုးဝေဆိုတဲ့ ကလေးမိခင်တစ်ယောက်။ သူကတော့ ညညဆို ကလေး ထထငိုတဲ့ အတွက် အိပ်ရေးပျက်ပြီး ပိန်ချုံးချုံးဖြစ်ကာ ကလေးကိုလဲ စိတ်ပျက် ကလေးကို ရအောင် တူတူ ကြိုးပမ်းခဲ့တဲ့ လင်ယောက်ျားကိုလဲ စိတ်ကုန်၊ စိတ်ပုတီးနဲ့ ရိပ်ကြီးသာ ခိုလှုံချင်တော့တယ် ဆိုလေရဲ့။ အော် ဒုက္ခ ဒုက္ခ။ သူတို့ ဒုက္ခက ဆန္ဒတွေကို ချုပ်တည်း အောင့်အီးပြီး နေထိုင်နေကြတဲ့ လူပျိုလူလွှတ်တွေရဲ့ ဒုက္ခထက် ပိုကြီးမားနေကြပါလား။ ကဲ ကဲ... မင်းတို့ ဒုက္ခတွေ ငါ့အိမ်မှာ လာဖောက်သည် မချကြနဲ့။ မင်းတို့ အပူကို မင်းတို့ဘဲ တူတူကြိုက်လို့ တူတူ မိုက်ခဲ့ကြပြီးမှ ခုမှ အရိုးများသလေး ချေးခါးသလေးနဲ့။ ပြန်ကြတော့ ပြန်ကြတော့။ ငါစောစော အိပ်မှ ဖြစ်မယ်။ မနက်ဖန် စောစောထပြီး သိန်းမြစ်ဘေးမှာ အပြေးလေ့ကျင့်ရဦးမယ်လို့ ပြောပြီး ဧည့်သည်တွေကို နှင်ချကာ ကြိုးစားပြီး အိပ်ပျော်ဖို့ ကြိုးစားနေမိလေတော့သည်။ (ဒီမှာ စအိပ်တားD)

 အိမ်ထောင်သည်ဘ၀မှာ ဒုက္ခ သုက္ခ ပြဿနာတွေက များသားနော်။ ပြီးတော့ ကာမဂုဏ်ချမ်းသာဆိုတာကလဲ ဘာမှ ရေရှည်တည်မြဲတာမျိုးမဟုတ်ဘူး။ ခဏလေး သုခအတွက် ထာဝရဒုက္ခကို အရင်းတည်ကြရတာပါကလား။

အသက်အရွယ်လေး နဲနဲရလာတော့ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးကို အပြစ်မြင်လာမိသည်။ မြင်းတပြေး သံဝေဂဟု ဆိုလေမလားမသိ။ ဒီခန္ဓာကိုယ်ကြီးဟာ ကျင်ကြီး ကျင်ငယ် သလိပ် သွေး ပြည် အရိ အရွဲ စတဲ့ အညစ်အကြေးပေါင်းစုံ စုပုံပြီး ထုပ်ပိုးထားတဲ့ အညစ်အကြေး ပါဆယ်ထုပ်ကြီးပါလား။ ဒီပါဆယ်ထုပ်ကြီးဟာ ဘယ်အမှိုက်ပုံးထဲ ထည့်ပစ်တာ ခံရလိမ့်မလဲ။ ဘယ်လို ယန္တရားတွေနဲ့ ရီဆိုင်ကယ် လုပ်တာ ခံရပါ့မလဲ ဆိုတဲ့ မျက်စိတမှိတ် လျှပ်တပြက် လက်ဖျစ်တသွက် သံဝေဂဥာဏ်များ မကြာခဏ ခေါင်းထဲ ရောက်လာနေသည်။ ဒီလို ခပ်ကောင်းကောင်း သံဂေလေး ရခိုက် ဒီသံဝေဂကို ဘယ်လို အသုံးချရပါ့မလဲ စဉ်းစားရင်း အဖြေထုတ်နေမိသည်။ ဟုတ်ပြီ ဟုတ်ပြီ။ မနက်ဖန်က စပြီး တောင်ဦးကျောင်းမှာ တရားစခန်းရှိသည်တဲ့။ မနက်ဖန် ဂွတ်ဖရိုက်ဒေး၊ သန်ဘက်ခါနဲ့ ဖင်နွှဲကာက စနေနဲ့ တနင်္ဂနွေ၊ ပြီးတော့ နောက်တစ်ရက်က  ဂွတ်တနင်္လာဆိုလား ဘဏ်ဟောဒီးဒေးဆိုလားဘဲ။ လေးရက်တိတိ ဟောလီးဒေး ရနေသည်ဘဲ။ မနက်ဖန် ညနေခင်း တောင်ဦးကျောင်းသွားပြီး လေးရက်စခန်း သွားဝင်ဦးမှ။

"ယောဂီတို့... ထွက်လေကလဲ နှာသီးဖျားကို ဖြတ်သန်းပြီးမှ အပြင်ကို ရောက်တာပါဘဲ။ ထို့အတူ ၀င်လေကလဲ နှာသီးဖျားကို ဖြတ်သန်းပြီးမှ ဗိုက်ထဲကို ရောက်လာတာပါဘဲ။ ဒီတော့ ၀င်သက် ထွက်သက်တွေ ၀င်တိုက် ထွက်တိုက် ဖြစ်နေတဲ့ နှာသီးဖျားကို သတိနဲ့ ကြည့်နေရမယ်။ အဲဒီ နှာသီးဖျားမှာ သမာဓိကို စုစည်းထားပါ။ စိတ်ကို အပြင် မရောက်စေပါနဲ့။ တကယ်လို့ စိတ်က အပြင်ထွက်သွားရင် ထွက်သွားတဲ့ စိတ်နောက် မျောပါ မသွားပါစေနဲ့။ အပြင်ထွက်သွားတယ်လို့ သိသိချင်း အမှတ်ကို နှာသီးဝကို ပြန်ပို့ပါ။ နှာသီးဝဟာ မူရင်းအရှုခံအာရုံဖြစ်တယ်။ ဒီတော့ နှာသီးဖျားကို ထိခိုက်တဲ့ ထွက်လေ၀င်လေတို့ရဲ့ သဘောသဘာဝလေးကို ဥာဏ်နဲ့ မြင်အောင် စူးစိုက် ရှုမှတ်ရမယ် ယောဂီတို့.."

ကမ္မဋ္ဌာနာစရိယဆရာတော် ညွန်ကြားပြတဲ့အတိုင်း မျက်စိစုံမှိတ်ကာ ကြိုးစားပြီး ၀င်သက်ထွက်သက်တို့ရဲ့ ထိခိုက်ရာ နှာသီးဝကို စိတ်စူးစိုက်ပြီး မှတ်ရှုနေမိသည်။ စူးစိုက်ပြီးမှတ်လေ စိတ်က ပိုပြန့်လွှင့်လေ  ဖြစ်နေသည်။ တစ်မိနစ်အတွင်း အမေရိကား ဂျပန် စင်္ကာပူ မလေးရှား မြန်မာ နိုင်ငံပေါင်းစုံ ရောက်သွားသည်။ မြန်လိုက်တဲ့ စိတ်။ ဖမ်းလို့ကို မမိနိုင်ဘူး။ မှတ်လို့ ကောင်းလာသလို ဖြစ်လိုက်၊ စိတ်တွေ ပြန့်လွှင့်လိုက်နဲ့ နာရီဝက်လောက် ကြာတော့ မှတ်ရတာ ကောင်းသလိုလို ဖြစ်လာလေရဲ့။ သို့သော် ရှုမှတ်နေရင်း နှာခေါင်းက ပွစိ ပွစိ ဖြစ်လာသည်။ ဒါ မီးဖိုချောင်က လာတဲ့ ငါးပိချက် အနံ့ဘဲ။ မနက်အရုဏ်တုန်းက ယာဂုဆိုလား ဆန်ပြုတ်ဆိုလားဘဲ။ အဲဒါဘဲ သောက်ခဲ့ရတယ်။ ဗိုက်က အာသာ မပြေခဲ့ဘူး။ ဒီငါးပိချက်နဲ့ ထမင်းဖြူ ပူပူလေးနဲ့ လက်နဲ့နှယ်ပြီး အားရပါးရ လွှေးလိုက်ရရင်တော့ လောကနိဗ္ဗာန်ဘဲ။ ဟုတ်ပြီ နေ့လည်စာ အချိန်ရောက်ရင်တော့ ဒီငါးပိချက်နဲ့ကို အားရပါးရ တီးပစ်လိုက်မယ်။ ဂလု ဂလု ဂလု။ စဉ်းစားရင်း တံတွေးတွေ မျိုချနေမိသည်။ တိတ်ဆိတ်နေသည့် အခန်းမို့ တံတွေးမျိုသံက ကျယ်လောင်နေသည်။ အခြားယောဂီတွေနဲ့ အတူတူ ထိုင်နေရသည်မို့ ဂလု ဂလု အသံပြုမိသည်ကို နဲနဲတော့ ရှက်သယောင်ယောင် ခံစားမိသား။ 

အာ.... ငါ့နှယ်နော်...တရားမှတ်ရင်း ဘာတွေ စဉ်းစားနေမိပါလိမ့်။ မဖြစ်ချေဖူး။ အချိန်ရှိတုန်းလေး ကြိုးစားမှတ်ထားမှ။ စိတ်ကို နှာသီးဖျားဆီ ပြန်ပို့လိုက်သည်။ ထို့နောက် ၀င်လေထွက်လေတို့ရဲ့ ထိခိုက်ရာ နှာသီးဖျားကို အမှတ်ကောင်းကောင်းဖြင့် မှတ်နေမိပြန်သည်။ သို့သော် သိပ်မကြာလိုက်ပါ။ နှာခေါင်းက ပွစိ ပွစိ ဖြစ်လာပြန်သည်။ ဒါ ငါးခေါင်း ဟင်းချိုရည် အနံ့ဘဲ။ ဒန့်သလွန်သီးတွေနဲ့ ရောချက်ထားတာ ထင်တယ်။ မွှေးလိုက်တာလဲ လွန်ရောဘဲ။ အင်း ဒီဟင်းကို စားရင်တော့ ဇွန်းခက်ရင်းနဲ့ စားလို့ မဖြစ်ဖူး။ လက်နဲ့ စားမှ ဖြစ်မယ်။ ဒါမှ အားရပါးရ တီးလို့ရမှာ။ ဒီလို ငါးခေါင်းဟင်းရည်မျိုးကို မစားရတာ နှစ်ပေါက်ခဲ့ပြီ။ ဒီတစ်ခါတော့ လွေးရချည်သေးရဲ့။ ရှလွတ် ရှလွတ်။ အင်းးး ဒီငါးရည်ဟင်းရည် အနံ့မျိုးရဖူးပါတယ်။ ဘယ်က ရခဲ့မိပါလိမ့်။ အော်.... အမှတ်ရပြီ၊ အမှတ်ရပြီ။ ဒို့ တုံးဖလားရွာ တောင်ပိုင်းက မိအေး။ ဟုတ်တယ်။ မိအေးက ငါးခေါင်း ဟင်းချိုရည် ချက်ရင် အရမ်းစားလို့ ကောင်းတာကလား။  လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူ့အမေ မွေးနေ့တုန်းက သူကိုယ်တိုင် ငါးရံ့ခေါင်း ဟင်းချိုရည်ချက်ပြီး ဧည့်ပရိသတ်တွေကို ကျွေးမွေးဧည့်ခံခဲ့တာကိုး။ အဲဒီတုန်းက စားကောင်းလိုက်တဲ့ ဖြစ်ခြင်း။ ရွာဦးကျောင်း ဆရာတော်ကလဲ မိအေးချက်တဲ့ ငါးခေါင်းဟင်းချိုရည်ဆို ကြိုက်မှကြိုက်ဆိုဘဲ။ တစ်ရက်သား မိအေးလာပို့တဲ့ ငါးခေါင်းဟင်းချိုရည် ဘုဉ်းပေးရင်း အနားမှာ ရှိနေတဲ့ ကပ္ပိယကြီးကို ဟဲ့ ကပ္ပိယ ဒီလို ငါးခေါင်းဟင်းချိုရည် ချက်နည်းကို မိအေးဆီက သင်ယူထားစမ်း လို့ ဆိုခဲ့ဖူးလေရဲ့။

အင်း... မိအေးဆိုလို့ အခု လာမဲ့သင်္ကြန်မှာ ဘယ်ရွာတွေ သွားကဲမှာပါလိမ့်။ သူက သင်္ကြန်ရူး။ သင်္ကြန်မှာဆို စတုဒိသာအနေနဲ့ ကျွေးလား ကျွေးရဲ့။ ပြီးတော့ ရွာစဉ်ထိုးပြီး ရေကစားလားကစားရဲ့။ တော်တော် ပျော်တတ်တဲ့ ကောင်မလေး။ မနှစ်တုန်းက ရွာစဉ်လျှောက်  ရေကစားရင်း ဟိုဘက် ထိန်တောရွာက ထွန်းမောင်နဲ့ ဘာလိုလို ညာလိုလို သတင်းကြားမိရဲ့။ ထွန်းမောင်က သူ့ကို ချစ်ရေးဆိုထားတာဆိုလား။ မိအေးကလဲ ဒီနှစ်သင်္ကြန်ရောက်မှ အဖြေပေးမယ်လို့ ပြောထားတာ ဆိုလားဘဲ။  မိအေးကလဲ မိအေးကဘဲ။ ဦးဏှောက်နဲ့ မစဉ်းစားဘူး။ ထွန်းမောင်ဆိုတဲ့ ကောင်က ကောင်းတဲ့ ကောင် မဟုတ်ဘူး။ မိအေးမတိုင်ခင် ရည်းစား ငါးယောက်လောက် ထားခဲ့ပြီးပြီ။ အခုထက်ထိလဲ အဆက်အဆံ ရှိနေတုန်းတဲ့။ အေးလေ။ မိအေးကလဲ မိန်းမသားဘဲကို။ ဘာတဲ့ ပြောတာ ကြားဖူးပါတယ်။ မိန်းခလေးတွေက ယောက်ျားတစ်ယောက်ကို ရွေးတဲ့ နေရာမှာ ပါတိတ်လုံချည် တစ်ထည်ဝယ်ရတာလောက်တောင် မကျွမ်းကျင်ကြရှာဘူးတဲ့။ မိန်းခလေးမှန်သမျှ အချစ်မျက်ကန်းလေးတွေချည်း ဆိုဘဲ။ ကန်တော့ပါရဲ့။ ယောက်ျားလေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို "ခင်ရယ် ဒါ အလွန်အရသာ ရှိတဲ့ ကိတ်မုန့်ကြီးလေ။ ခင့်အတွက် သီးသန့် မောင် ၀ယ်လာတာ။ ရော့စားလိုက်" ဆိုပြီး အီးတုံးကြီးကို ထိုးကျွေးရင်တောင် အားရပါးရ စားလေ့ရှိတယ်ဆိုဘဲ။ အင်း.... မိန်းမတိုင်းတော့ မဟုတ်တန်ရာပါဘူးလေ။ အလွန်အမင်း ဖွဲ့ဆိုထားကြတာထင်ပါရဲ့။ 

ဒါဖြင့်... မိအေးက ဘာဖြစ်လို့ ထွန်းမောင်ကို စဉ်းစားရတာလဲ။ ထွန်းမောင်မှာ ပန်းဦးရွာက ရွှေမိ၊ သိမ်တမံရွာက ထွေးငယ်၊ ကန့်ကူရွာက ညိုမ၊ သာယာကုန်းရွာက အေမီ၊ ပြီးတော့ လက်ပံခုန်ရွာက မိစံ။ စုစုပေါင်း ရည်းစား ငါးယောက် ရှိနေတာ မဟုတ်လား။ သူ့မို့လို့ သိသိကြီးနဲ့ ထွန်းမောင်ကို စဉ်းစားနေသေးတယ်။ ယောက်ျားတွေ ဒီလောက် ရှားပါးနေပြီလား။ သွားနားချပြန်ရင်လဲ ပြန်ပက်ပြန်ဦးမယ်။ သူကြီးမင်းက လူပျိုကြီးဘ၀နဲ့ အရိုးထုတ်တော့မယ်ဆိုလို့ ထွန်းမောင်ကို စဉ်းစားတာပါလို့။ ဒီကောင်မလေးက အဲဒီလိုဘဲ မထိတထိ စနှောက်တတ်သေးတယ်။ အော်.. မိအေး မိအေး။ ငါ စိတ်မအေးရပါလားနော်။

ဟိုလက်ပံခုန်ရွာက မိစံဆိုရင် လှမှလှ။ နုထွတ်နေတာဘဲ။ သူ့မိသားစုက လယ်ယာလုပ်ငန်း မလုပ်ဘဲ ဈေးဘဲ ရောင်းကြတာဆိုတော့ မိစံလဲ ကျော့ကျော့မော့မော့လေး။ မိအေးတို့လို အလုပ်ကြမ်း လုပ်ရတာမဟုတ်တော့ မိအေးထက် အများကြီး ပိုလှတယ်။ ပို ဆွဲတောင်မှုရှိတယ်။ ပြီးတော့ စကားပြောရင်လဲ ယဉ်ယဉ်ကျေးကျေးလေး။ မိအေး သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ထွန်းမောင်က မိအေးထက် မိစံကို ဘ၀အတွက် ရွေးချယ်လောက်တယ်။ လှလှပပ နုနုထွတ်ထွတ်နဲ့ အတော်အတန် ပိုက်ဆံလဲ မိစံတို့ မိသားစုမှာ ရှိနေကြတယ် မဟုတ်လား။ ဒီတော့ မိအေး ကျန်ရစ်ဖြစ်ရင်း ရင်ကွဲနေမှာ မြင်ယောင်နေမိသေးတယ်။ မိအေးးး ထွန်းမောင်ကို ချစ်တယ်လို့ အဖြေမပေးမိရင် ပို ကောင်းလိမ့်မယ်။ အဖြေပေးမိရင် ကျန်တဲ့ ရည်းစား လေးယောက်ကို ယှဉ်နိုင်တယ် ထားဦး။ လက်ပံခုန်ရွာက မိစံကို ယှဉ်နိုင်မှာ မဟုတ်ဘူး။

အင်း... လက်ပံခုန်ရွာဆိုလို့ အဲဒီရွာက လူပျိုသိုးကြီး ကိုသာနိုးကို သတိရမိသေးတယ်။ ကင်းပင်ရွာက သူ့ချစ်သူ အေးတုတ်တစ်ယောက် သရက်တောရွာ ပွဲကြည့်သွားရင်း ကောင်လေးတစ်ယောက်နဲ့ ခုတွေ့ ခုကြိုက် ခုလိုက်ပြေးဆိုတော့ မိန်းခလေးတွေကို စိတ်ကုန်သွားပြီး လူပျိုကြီးဘ၀နဲ့ဘဲ အရိုးထုတ်နေရှာတယ်။ ရဟန်းဘောင်တက်ပါတော့လား ဆိုပြန်တော့လဲ ညစာမစားရမှာ ကြောက်တယ်တဲ့။ တော်တော် ရယ်စရာကောင်းတဲ့ လူပျိုကြီး။ ရယ်စရာလဲ ပြောတတ်တာ လွန်ရောဘဲ။ အသဲကွဲသမားမို့ တော်တော့တယ်။ နို့မို့ဆို မလွယ်ဘူး။ သူနဲ့တွေ့တဲ့သူတိုင်း တ၀ါးဝါး တဟားဟား ဖြစ်အောင် ပြက်လုံး ထုတ်တတ်တယ်။ ရယ်စရာ ပြောတတ်လွန်းလို့ အဲဒီ လက်ပံခုန်ရွာမှာဆို သာနိုး သာနိုးဆိုပြီး လူပျိုကြီး နာမည်ကြီးနေလေရဲ့။ အင်း... သာနိုးဆိုလို့ ဟိုတစ်နေ့က အွန်လိုင်းအင်တာနက်မှာ တွေ့လိုက်ပါတယ်။ အမေရိကားကဆိုလား။ လူကတော့ အနောက်တိုင်းသား လူဖြူ။ ပြောတတ်လိုက်တဲ့ မြန်မာစကား။ တစ်ချို့မြန်မာတွေထက်တောင် သာလိမ့်မယ်။ သူ့နာမည်လဲ သာနိုးဘဲ။ သူစိတ်ဝင်စားတာကလဲ ဘုရားတရား အကြောင်းတဲ့။ သူ့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ပါတဲ့။  သူနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နောက်ဆုံးစကားအနေနဲ့ သူ ရယ်စရာ စကားတစ်ခု ပြောသွားတယ်။ သက်သတ်လွတ် စားတဲ့ လူတစ်ယောက် တရားစခန်းဝင်တယ်တဲ့။ တရားစခန်းကလဲ သက်သတ်လွတ်ဘဲ ကျွေးတယ်တဲ့။ အသားမကျွေးဘူးတဲ့။ အသားတုဘဲ ကျွေးတယ်တဲ့။ ဒါနဲ့... တရားပွဲအပြီးမှာ "သာဓု သာဓု သာဓု" ဆိုပြီး သာဓုခေါ်တာကို အဲဒီ သက်သတ်လွတ်စားတဲ့ သူက "အသားတု အသားတု အသားတု" ဆိုပြီး လိုက်ဆိုနေမိရောဆိုဘဲ။ ကောင်းရော။ ဒီကောင် တော်တော် ဟာသ ပြောတတ်တဲ့ကောင်။ ဟား ဟား ဟား ဟား ဟား ဟား ဟား။

"သူကြီးမင်း အမှတ်တွေ လွတ်နေတယ် ထင်ပါ့။ လာ.. ဘုန်းကြီးနောက် လိုက်ခဲ့။ ဒီနေရာမှာ အမှတ် မှတ်ရခက်နေရင် ဘုရားစင်ရှေ့သွားပြီး ဘုန်းကြီးနဲ့ အတူတူ တရားထိုင်မှတ်ကြတာပေါ့"

အသံကြားလို့ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ကမ္မဋ္ဌာနာစရိယ ဆရာတော်က ရှေ့တည့်တည့် ရောက်နေသည်။ ကိုယ့်အတွေးနဲ့ ကိုယ် ဘယ်လိုဘယ်လိုတွေ ဖြစ်သွားမှန်း မသိ။ ရယ်သံတွေ ဘာတွေ ထွက်သွားမိတာ ထင်ပါရဲ့။ ရှက်ကိုး ရှက်ကန်းနဲ့ ဆရာတော်နှင့်အတူ ဘုရားစင်ရှေ့ တရားထိုင်ဖို့ တရားထိုင်မှတ်နေရာမှ ဖြုန်းကနဲ မတ်တပ် ထလိုက်သည်။ ခြေထောက်တွေ ကျင်ထုံနေတာက တစ်မျိုး၊ ဖြုန်းကနဲ အထမှာ ခေါင်း နှောက်ကနဲ ဖြစ်သွားက တစ်မျိုးကြောင့် ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ ဘုန်းကနဲ အရုပ်ကြိုးပြတ် လဲကျသွားလေသည်။ ဒူးခေါင်းတွေ နာလိုက်တဲ့ ဖြစ်ခြင်း။ ထိုနာကျင်မှုကြောင့် ဖျတ်ကနဲ လန့်နိုးလာပြီး မျက်လုံး ဖွင့်ကြည့်လိုက်တော့ ကုတင်အောက် ရောက်နေလေသည်။ (ဒီမှာ လန့်နိုးတာ:D )။ ကယောင်ချောက်ခြား အိပ်မက်မက်ပြီး ကုတင်ပေါ်က ပြုတ်ကျနေမှန်း သဘောပေါက်သွားသည်။  မိုးမလင်းသေးတဲ့အတွက် ကုတင်ပေါ် ပြန်တက်ပြီး ထပ်အိပ်ဖို့ ကြိုးစားရင်း မဆီမဆိုင် ည အိပ်ရာမ၀င်ခင် လာလည်သွားကြတဲ့ အိမ်ထောင်ဒုက္ခသည်တွေဖြစ်ကြတဲ့ မြမေ ဖိုးကျော် မိုးဝေတို့ကို ကျိန်ဆဲနေမိလေသည်။ ဒင်းတို့ကြောင့် အခုလို ငါ ဖြစ်ရတာ။  ။

...

Sunday, 8 April 2012

ဒုတိယပျိုးခင်း ၃

မရမ်းချောင်းအနာကြီးရောဂါဂေဟာသို့ သွားရောက်လှူဒါန်းခဲ့တဲ့ အထွေထွေအလှူစာရင်းရှင်းတမ်းနှင့် ဓါတ်ပုံမှတ်တမ်းများကို မြင်ရသူများ မုဒိတာပွါးနိုင်စေရန်   မြန်မာမုဒိတာလူငယ်များအဖွဲ့ ဘလော့ဂ်မှ  တဆင့် ကူးယူ ဖော်ပြပေးလိုက်ပါတယ်။  ။



အားလုံးမင်္ဂလာပါခင်ဗျား။အလှုရှင်များရဲ့ စေတနာသဒ္ဓါတရားထက်သန်မှုကြောင့် MMYGရဲ့ ဒုတိယအလှုဖြစ်တဲ့ မရမ်းချောင်း အလှုဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြန်ပါပြီ။အလှုဓါတ်ပုံများကို ကြည့်ရှုရခြင်းအားဖြင့် အလှုရှင်များအနေနဲ့လည်း မိမိတို့ရဲ့အလှုနဲ့ MMYG လူငယ်များရဲ့ ဆောင်ရွက်ခဲ့ပုံကို အတိုင်းအတာတစ်ခုထိ ကျေနပ်နိုင်ကြလိမ့်မယ်၊ ပီတိဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျား။ မရမ်းချောင်းအလှုအတွက် အွန်လိုင်းကနေ အလှုခံကြော်ညာကိုတွေ့ပြီး ယုံကြည်စွာလက်တွဲ လှုဒါန်းပေးခဲ့တဲ့ အလှုရှင်များရဲ့ သဒ္ဒါတရားထက်သန်မှု ၊ MMYG လူငယ်များအပေါ် ယုံကြည်မှုကို ကျွန်တော်တို့အဖွဲ့က အမြဲ မှတ်တမ်းတင်ထားမှာပါ။ဒီနှစ်ထဲမှာမှ စပြီးလုပ်ဖြစ်ခဲ့ကြလို့ တစ်ချို့ နေရာလေးတွေမှာ နည်းနည်း ကို့ရို့ ကားယား နိုင်တာလေးတွေကိုလည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့အလှုဟာ နိုင်ငံအရပ်ရပ်က အလှုရှင်တွေရဲ့အလှုပါ။ အဲတာကြောင့် မရမ်းချောင်းအလှုအတွက် နိုင်ငံအရပ်ရပ်မှ အလှုရှင်များအားလုံးအား ကျေးဇူးတင်ကြောင်း ဦးစွာ ပြောပါရစေ။မရမ်းချောင်းအလှုနဲ့ ပါတ်သတ်ပြီး ကျွန်တော်တို့မှာ ထပ်ဆင့်ပြောစရာတွေ အမှတ်တရတွေ တော်တော် များများကျန်ရစ်ခဲ့ပါတယ်။


ပထမဆုံးအမှတ်တရတစ်ခုက မလေးရှားနိုင်ငံကပါ။ကျွန်တော်တို့ အလှုအတွက် အလှုငွေ ထည့်ဝင်ဖို့ “ဆရမ်ဘမ်း”ပြည်နယ်ကနေလာတဲ့ KL အထိ လေးနားရီလောက် ကားစီးပြီး ကြိုးစားပမ်းစားလာခဲ့တဲ့ ကျွန်တော်တို့ရဲ့ညီငယ် ဘလော့ဂါ “ ဒုတိယလူ” ဟာ KL ကနေ Kalangကိုသွားမဲ့ ကားဂိတ်မှာ ဓါးပြအတိုက်ခံခဲ့ရပါတယ်။ရှိသမျှကိုယူသွားရင် ပြသနာမရှိပေမဲ့ ကားပေါ်တင်ပြီး မြို့နဲ့ နည်းနည်းလှမ်းတဲ့ ရာဘာတောအုပ် ထဲကိုခေါ်သွား ကာ လူကိုလည်း ကြိုးနဲ့တုပ်ပြီး ရိုက်နှက်တာ ခေါင်းနည်းနည်းကွဲသွားပါတယ်။တခြားဒဏ်ရာတွေလည်း ရခဲ့ပါတယ်။နောက်ဆုံးလူကို အဆုံးစီရင်ဖို့ထိ သူတို့လုပ်ခဲ့ကြပါတယ်။နောက်နေ့မှာ ဒုတိယလူရဲ့ အမျိုးသမီးဟာ မလေးရှားနိုင်ငံ ဆရမ်ဘမ်းက ဆေးရုံတစ်ခုမှာ အော်ပရေးရှင်းလုပ်ရမှာဖြစ်လို့ သူ့ကိုမသတ်ဖို့၊ ရှိတာတွေသာယူသွားဖို့ ပြောဆိုတောင်းပန်ခဲ့ရပါတယ်။နောက်ဆုံး သူ့ဆီမှာ ပါလာတဲ့အလှုငွေ ပိုက်ဆံနဲ့ ကိုယ်ပိုင်ပိုက်ဆံတစ်ချို့ ၊ ကင်မရာနဲ့ ဖုံးတွေ အကုန်ယူသွားကြပါတယ်။ဘယ်လောက်ထိဆိုးလည်းဆိုရင် အင်းကျီပါ ချွတ်ယူပြီး လူကိုကြိုးတုပ်ရက်နဲ့ ထားခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာပဲ သူ့အကြောင်းနဲ့သူ တောထဲလာတဲ့ တက္ကစီသမားတစ်ယောက်က တွေ့လို့ ကြိုးဖြေပေးပြီး အိမ်ကိုပြန်နိုင်ခဲ့ပါတယ်။အခုတော့ သူလည်း တော်တော်သက်သာသွားပါပြီ။အကယ်၍ သူသာ အဲ့ဒီနေ့မှာ အသက်ဆုံးရှုံးခဲ့ရင် ကျွန်တော်တို့အနေနဲ့လည်း MMYGရဲ့ အလှုကြောင့် ဖြစ်ရတယ်ဆိုပြီး ဘယ်လိုမှ ဖြေနိုင်မယ်မထင်ပါဘူး။ (စကားချပ်- အထူးသတိပေးလိုတာက ကေအယ်လ်ကနေ ကလန်းကို သွားတဲ့ကားဂိတ်နဲ့ ကလန်းကနေ ကေအယ်လ်ကိုလာတဲ့ကားဂိတ်ဟာ လုယက်မှုမှာ အလွန်နာမည်ကြီးပါတယ်။အဲ့တာကြောင့် အဲ့ဒီနေရာတွေကို မလွှဲသာလို့ သွားရတော့မယ်ဆိုရင်တောင် အထူးသတိထားဖို့ ထပ်လောင်းပြောကြားပါရစေ။တက္ကစီစီးမယ်ဆိုရင်လည်း ကိုယ့်ထက် အသက်အရွယ်ကြီးရင့်တဲ့ တက္ကစီသမားကြီးတွေကို စီးခြင်းအားဖြင့် မိမိရဲ့လုံခြုံမှုကို ရယူပါ။ဘယ်လိုအကြောင်းပဲရှိရှိ လူတစ်ရာမှာ တစ်ယောက်လောက်သာကောင်းတဲ့ အိန္ဒိယတွေမောင်းတဲ့ တက္ကစီများကို ရှောင်ကျဉ်ကြပါ...)

အမှတ်ရစရာပြီးရင် နောက်ထပ်ကျေးဇူးတင်စရာတစ်ခုက ကျွန်တော်တို့အလှုကို နောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့တဲ့ ဒေါ်အိအိစိုး (ရွှေအိမုန့်ဟင်းခါး) နှင့် FEEL Restaurant Group ပါခင်ဗျား။ပစ္စည်းဝယ်ယူတဲ့နေ့ကစပြီး အလှုပြီးဆုံးချိန်ထိ ပစ္စည်းသယ်ယူဖို့ လိုအပ်တဲ့ ကားအခက်အခဲအတွက် အခမဲ့ကူညီပေးခဲ့ပါတယ်။အမေရိကားမှ ဒံပေါက်လှုဒါန်းတဲ့ အလှုရှင်အတွက်လည်း FEEL Restaurant Group မှ အခမဲ့ချက်ပြုတ်ပေးခဲ့ပါတယ်။ အဲ့ဒီအတွက် ဒေါ်အိအိစိုးနဲ့ အလှုနေ့မှာ လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ၀န်ထမ်းများကို အထူးပဲ ကျေးဇူးတင်ပါခင်ဗျား။နောက်ထပ် ကားလေးတစ်စီး အလှုရှင်ကတော့ ကိုမိုးဇော်သန်းနဲ့ မယွန်းယွန်းတို့ ဇနီးမောင်နှံအား အထူးကျေးဇူးတင်ပါတယ်။ပြင်ပအလှုရှင်များ အနေနဲ့ ကျွန်တော်တို့ မှတ်တမ်းတင် ထားပါတယ်ခင်ဗျား။သူတို့တွေကြောင့် ကျွန်တော်တို့ ဒီအလှုမှာ ခရီးစရိတ်တော်တော်များ သက်သာပြီး ဂေဟာကို ပိုလှုဒါန်းနိုင်ခဲ့ပါတယ်..။

ကိုမိုးဇော်သန်း+မယွန်းယွန်းတို့မှ အခမဲ့ ကူညီပေးခဲ့သော ယာဉ်၊ ဒေါ်အိအိစိုး (အလယ်)နှင့် ၀န်ထမ်းများ
FEEL Restaurant Group မှ အခမဲ့ ကူညီပေးခဲ့သောယာဉ်

နောက်တစ်ဦးကတော့ ကျွန်တော်တို့ဒီအလှုအတွက် အလုပ်ကို ခဏပစ်ခဲ့ပြီး လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ မက်ဖန်ဖောင်ဒေးရှင်းမှ ကိုအေးမင်းထွန်း ( ကျွန်တော့်တို့အခေါ် ငဂျင်းမ) အား ကျေးဇူးအထူးတင်ပါတယ်။

ကိုအေးမင်းထွန်း @ ဂျင်းဂျင်း @ ငဂျင်းမ

နောက်ထပ် ကျေးဇူးတင်ရမှာက အလှုဟေ့ဆိုတာနဲ့ အမြဲတမ်း တက်ကြွနေတတ်တဲ့ မြန်မာပြည်က ကျောစွာစိုးမြတ်နဲ့ အဖွဲ့ပါ။သူတို့ လုပ်နေတဲ့ အလုပ်တွေကို တစ်ပတ်လောက် ပစ်ထားကြပြီး အလှုငွေတွေ ရောက်တဲ့နေ့ကစပြီး အလှုအတွက် လုံးပန်းခဲ့ကြတဲ့သူတွေပါ။မီးကမလာ၊ ကွန်ကမရပေမဲ့ နေ့တိုင်း မနက်သုံးနာရီ လေးနာရီအထိ “ဘယ်ပစ္စည်းကတော့ ဘယ်ဈေးရှိတယ်၊ ဘယ်နိုင်ငံက ငွေလွှဲကတော့ မရောက်သေးဘူး” စသည်ဖြင့် နေ့တိုင်း အအိပ်ပျက်ခံ ခေါင်းစားပေးခဲ့တဲ့သူပါ။

(၀ဲမှယာ)ရဲကျော်၊ လွန်းလွန်း၊ ကြည်လှိုင်ဝင်း၊ ညီစိုး၊ ဗညားထွန်း၊ ဖိုးတာ
ကျွန်တော်တို့ လုပ်ချင်တဲ့ပုံစံထက် ပိုကောင်းအောင် အမြဲလုပ်ပေးတတ်ကြတဲ့ မြန်မာပြည်က အမာခံ MMYG တွေပေါ့..။

နောက်တစ်ယောက်က စာမေးပွဲတစ်ဖက်နဲ့ မြန်မာပြည်ကအလှုငွေတွေကို လက်ခံပေးခဲ့တဲ့ သမီးစံပါ။အလှုငွေ ဆယ့်နှစ်သိန်းကျော် လက်ခံပေး နိုင်ခဲ့ပါတယ်။
 သွားပေါ်အောင် ပြုံးနေတဲ့တစ်ယောက်က MMYG ရဲ့ ညီမငယ် သမီးစံပါ။

နောက်ထပ် ကျေးဇူးတင်ရမှာက အလှုပစ္စည်းတွေကို လက်ခံပေးခဲ့တဲ့ ဂေဟာဥက္ကဌနဲ့ မရမ်းချောင်းဂေဟာက အနာကြီးရောဂါ ဝေဒနာရှင်တွေပါ။ သူတို့သာ မရှိခဲ့ရင် ကျွန်တော်တို့လည်း ဒီအလှုမဖြစ်မြောက်နိုင်ပါဘူး။


နောက်ဆုံးကျေးဇူးတင်ရမှာကတော့ MMYG ရဲ့ပင်မ ခေါင်တိုင်တွေဖြစ်တဲ့ ပြည်ပက အကျိုးတော်ဆောင်တွေ ဖြစ်ပါတယ်။“ဒီနေရာကို တပည့်တော် အလှုလေးလုပ်ချင်တယ်ဘုရား”လို့ လျှောက်တော့ စကားတောင် မဆုံသေးဘူး သင်္ကန်းထရုံပြီး လန်ဒန်ရက်ကွက်တွေထဲ အလှုရှင်အရှာထွက်တဲ့ ဗြိတိန်က အရှင်ဇနက(အင်္ဂါမောင်)၊ အလုပ်ကပြန်လာတိုင်း အကိုရေ ပင်ပန်းတယ်ဗျာလို့ ဖုံးဆက်ပြီး ညည်းတတ်ပေမဲ့ အလှုကိစ္စကျတော့ တရေးနိုးဖုံးဆက်တာတောင် တက်ကြွနေခဲ့တဲ့ အမေရိကားမှ ဗညားရှိန်(လင်းခေတ်ဒီနို)၊ ကျွန်တော်နေတဲ့နိုင်ငံမှာ ကိုယ်စားလှယ်မရှိသေးလို့ ကျွန်တော် အလှုခံပေးပါရစေလို့ ကမ်းလည်းကမ်းလှမ်း တစ်ကယ်လည်း လုပ်ပြခဲ့တဲ့ ကျောင်းတစ်ဖက်နဲ့ ဂျပန်မှ ညီငယ် ရန်နိုင် (နေ၀သန်)၊ အလုပ်က တော်တော် မိုးချုပ်မှ ပြန်ရောက်တတ်ပေမဲ့ အလှုအတွက် မဖြစ်မနေ ရုန်းကန်ပေးခဲ့တဲ့ ထိုင်ဝမ်က ဂျယ်ရီပစ်ပစ်၊ နေ့တိုင်း ကျွန်တော်နဲ့အတူ ခေါင်းစားပေးပြီး မရမ်းချောင်းအလှုကို စိတ်တူ ကိုယ်တူထောက်ခံပေးခဲ့တဲ့ စင်ကာပူမှ အိကု(ငြိမ်းနိုင်) နဲ့ ကျွန်တော်ဇနီး မဒမ်ကိုး၊ အလှုရှိတယ်ကွာ ဆိုတာနဲ့ ဂျီမေး ဟက်နေရာကနေ ထပြီး အလှုခံပေးတတ်တဲ့ မလေးရှားနိုင်ငံက မောင်(စွယ်စံကျမ်း)၊အိပ်နေရင်တောင် ကဗျာတွေပဲ အိပ်မက်တယ်ဆိုတဲ့ မိုးဇက်၊ ခုတစ်လော ကားအကြောင်းတွေကိုပဲ တစ်စိုက်မက်မက် လေ့လာနေတဲ့ မောင်ဘုန်း၊ ကျွန်တော် သိပ်ကြိုက်တဲ့ကာရံကဗျာဆရာ နွေတေးရှင်(မင်းဧရာ)၊တစ်နေ့တစ်နေ့ ဆော့ဝဲတွေကြားမှာပဲ ခေါင်းထိုးထားတတ်တဲ့ ကျွန်တော့်ညီ ဇင်ငြိမ်းဦး (မြန်မာအိုင်တီနန်းတော်) တို့အား အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။

ကိုယ်တိုင်မလှုနိုင်ခဲ့ကြပေမဲ့ အွန်လိုင်းမှာ လက်ဆင့်ကမ်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။အလှုမှာ ပါဝင်လှုဒါန်းပေးခဲ့တဲ့ မနိုင်းနိုင်းစနေနဲ့ အန်တီတင့်တို့လို စီနီယာဘလော့ဂါများမှ စန်းထွန်း၊ ကန်ဒီခိုင်၊ ချစ်စံအိမ်တို့လို ဖန်စီဘလော့ဂါငယ်များအထိ အားလုံး အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား..။
ကျန်းမာရေး ပဒေသာပင်အလှုငွေ (၁၁)သိန်းအတွက် အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ဖြစ်ပါတယ်။
မရမ်းချောင်းဂေဟာ မီးရရှိရေး မတည်ငွေ ကျပ်(၁၀)သိန်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ဖြစ်ပါတယ်။
လှုဒါန်းမှုစုစုပေါင်း ( ၄,၆၆၆,၉၁၃ )ကျပ် လေးဆယ့် ခြောက်သိန်း ခြောက်သောင်း ခြောက်ထောင် ကိုးရာ တစ်ဆယ့် သုံးကျပ်)အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ထိုက်တာတွေ ပြီးရင် အလှုစာရင်းရှင်းတမ်းကို ဆက်ပါ့မယ်။ဒီအလှုအတွက် စုစုပေါင်းအလှုငွေ ၄,၇၄၈,၆၂၇.၅၀ကျပ်(လေးဆယ့် ခုနစ်သိန်း လေးသောင်း ရှစ်ထောင် ခြောက်ရာ နှစ်ဆယ့် ခုနစ်ကျပ် ငါးဆယ်ပြား) ရရှိပြီး စုစုပေါင်း ကုန်ကျစရိတ် ၄,၆၆၆,၉၁၃ ကျပ် ( လေးဆယ့် ခြောက်သိန်း ခြောက်သောင်း ခြောက်ထောင် ကိုးရာ တစ်ဆယ့် သုံးကျပ်) ဖြစ်ပါတယ်။လက်ကျန်ငွေ ၈၁၇၁၄.၅၀ကျပ် (ရှစ်သောင်း တစ်ထောင် ခုနစ်ရာ တစ်ဆယ့် လေးကျပ် ငါးဆယ်ပြား) ကျန်ရှိပါတယ်။ လက်ကျန်ငွေများထဲမှ ဂုဏ်ပြုမှတ်တမ်းလွှာများအတွက် မှန်ဘောင်များ ပြုလုပ်ပြီး ပိုလျှံသော ပမာဏအား ကျွန်တော်တို့ရဲ့ နောက် သုံးလ အကြာမှာ ထပ်မံပြုလုပ်မဲ့ အလှုအတွက် မတည်ငွေအဖြစ် ကိုကျော်စွာစိုးမြတ်မှ လက်ခံသိမ်းဆည်းပေးထားကြောင်း အသိပေးရင်း မရမ်းချောင်း အလှုကိစ္စအား ဤတွင် နိဋ္ဌိတံပါသည်ခင်ဗျား..။


နောက်သုံးလ (သို့) လေးလကြာရင် အခုလိုပဲ ပြန်လည်ဆုံတွေ့ကြပါဦးစို့လား..
လေးစားစွာဖြင့်
မြန်မာမုဒိတာလူငယ်များအဖွဲ့ (MMYG) ကိုယ်စား
ကိုရင်
20:35 (GMT)