Wednesday 2 May 2012

တစ်ခါတစ်လေတော့လဲ...

မှန်ပြူတင်းမှ ထိုးကျလာတဲ့ နေရောင်ခြည်ကြောင့် အိပ်ရာမှ နိုးလာသည်။ ညစဉ် ညဥ့်နက်နက် စာကြည့်တတ်သည်မို့ မနက်ခင်း၌ ဘယ်တော့မှ စောစောမထဖြစ်။  မနက်စောစော မိုးလင်းတတ်တဲ့ ရာသီရောက်နေပြီမို့ နေရောင်သည် ကျွန်ုပ်၏ နိုးစက်တစ်ခု ဖြစ်မှန်းမသိ ဖြစ်နေလေသည်။ မထချင်ပေမဲ့ ထရတော့မည်။ အလင်းရောင်တွေကြားထဲ ကျွန်ုပ်ကောင်းကောင်း မအိပ်တတ်။ အိပ်ရာထပြီး မျက်နှာသစ်မယ်ကြံတော့ ရေက အစအနလေးတောင် မမြင်ရ။ အဲဒါမှ ပြဿနာ။

"မောင်ခွေးရေ... ရေမရှိတော့ဘူး။ ရေသွားခပ်ဦး"

အတူနေ လုပ်ဖော်ကိုင်ဖက်ကို အကူအညီတောင်းသလိုလိုနဲ့ ရေရှာပုံတော် ထွက်ခိုင်းလိုက်သည်။

"ဟာ.. သူကြီးမင်းကလဲ.. ဒါ တုံးဖလားများ မှတ်နေလားဗျ။ ဒါ ဘိလပ်ဗျ ဘိလပ်။ ဘယ်ကနေ ဘယ်လို ရေသွားခပ်ရမှာတုန်းးး"

"ဘယ်က ခပ်ရမှာလဲ။ ရေတွင်းမှာ သွားခပ်ပေါ့။ ဒါများ ခက်တာမှတ်လို့"

"သူကြီးမင်း အိပ်ရေးမ၀သေးရင် ထပ်အိပ်လိုက်ဦး။ အိပ်မှုံစုံမွှားနဲ့။ တုံးဖလားက သူ့အိမ်များ မှတ်နေတယ်"

"ဟေ့ကောင် မောင်ခွေး စကားမများနဲ့။ ဘိလပ်မှာ ရေတွင်းတွေ ပေါမှပေါ။ မောရစ်ဆင် ရေတွင်း၊ တက်စ်ကို ရေတွင်း၊ စိန့်ဘူရီစ် ရေတွင်း၊ အက်ဇဒါ ရေတွင်း။ စုံနေတာဘဲ။ အဲဒီ ရေတွင်းတွေကနေ သွားခပ်"

"အော်... ဒါများ.... မောင်ခွေးရေ... ရေမလာဘူး။ ရေသန့်ဗူး သွားဝယ်ပေးပါဦး ဆိုလဲ ပြီးတဲ့ ဥစ္စာ။ ကပ်ရှုပ်နေသေးတယ်။ ခဏစောင့် ကျနော် သွားဝယ်ပေးမယ်"

ပါးစပ်က ပွစိပွစိ တိုးတိုးရေရွတ်ရင်း မောင်ခွေးတစ်ယောက် သူ့ရဲ့ ကားကလေးကို စက်နှိုးကာ မောရစ်ဆင်သို့ အပြေးသွားလေတော့၏။ ခဏအကြာတွင် ရေသန့်ဗူး အလုံး ၂၀ သယ်ယူလာပြီး....

"ကဲ..ကဲ... သူကြီးမင်းရေ... ဒီမှာ ရေသန့်ဗူးတွေ ရလာပြီ။ တော်သေးတယ်။ ဒီနေ့ လူတွေ ရေသန့်ဗူးဝယ်ဖို့ တန်းစီနေကြတာ။ ဟောင်းစလိုးဒေသတစ်ခုလုံး ရေပြတ်တောက်မှု ဖြစ်လို့တဲ့။ ဘယ့်နှယ် ကြား ကြားဖူးပေါင်။ ငခွေး လန်ဒန်ရောက်လာတာ ဆယ်စုနှစ် ၂ နှစ်နီးနီး ရှိနေပြီ။ တစ်ခါမှ အခုလို ရေပြတ်တောက်တာ မကြုံဖူးဘူး။ သူကြီးမင်းတို့ လန်ဒန်ရောက်လာမှဘဲ မကြုံဖူးတာတွေ ကြုံနေရတယ်။ နှစ်စဉ် နှင်းတွေနင်းကန်ကျပြီး လေယာဉ်ကွင်းတွေ ပိတ်လိုပိတ်ရ၊ ကားတွေ အက်ဆီးဒင့် ဖြစ်လို ဖြစ်ရ၊ ဘိလပ် စီးပွါးရေးကပ်ဆိုးတွေ ကျရောက်လားကျရောက်ရ၊ စတာလင်ပေါင် ငွေကြေးတွေ နိမ့်ကျလား နိမ်ကျရ၊ မိုးခေါင်လား ခေါင်ရ၊ ရေကြီးလား ကြီးရ။ ဘာဆို ဘာမှ အဆင်မပြေတော့ဘူး။ အဲဒါ သူကြီးမင်းကြောင့် ဖြစ်ရတာ။ သူကြီးမင်း ဘိလပ်မရောက်ခင်ကဆို အားလုံး အိုကေမှာ စိုပြေနေတာဘဲ။ အခုတော့ အားလုံး ရှုပ်ထွေးကုန်လို့ ရွှေမြန်မာတွေ တစ်ဝက်လောက်တောင် ပြည်တော် ပြန်နေကြပြီ။ ကဲပါ ကဲပါ... အခု ဒီမှာ ရေသန့် ရောက်လာပြီ။ တကထဲ ဘုန်းရှင် ကံရှင် ကျနေတာဘဲ။ သူ့အလိုဘဲ လိုက်ဖြည့်ပေးနေရတယ်...."

စသဖြင့် စသဖြင့် ပြောဆို ညည်းညူနေလေ၏။ ကျွန်ုပ်သည်လဲ .... အင်း... မျက်နှာလေး တစ်ခါ သစ်ရဖို့အရေး... မောင်ခွေးရဲ့ အပြောအဆိုကို ရေရေလည်လည် ခံနေရပါလား... မဖြစ်ချေဖူး....ပြန်လည် ချေပ ဦးမှဘဲ ဟု စဉ်းစားကာ..

"မောင်ခွေးရေ... အဆိုးဘက်ကချည်း မကြည့်နဲ့လေကွာ။ ဒီလိုလေးလဲ ပြန်စဉ်းစားကြည့်ဦးလေ။ ငါ ဘိလပ်ကို ရောက်ပြီးမှ နှစ်စဉ် နှင်းဖြူလွှာလေးတွေ ငြိမ့်ငြိမ့်ညောင်းညောင်း ခုန်ဆင်းလာတယ်။ ဒါဟာ လောကကို အဖြူရောင် ကုသိုလ်တရားတွေနဲ့ လွှမ်းခြုံပေးမဲ့ အတိတ်နိမိတ်လေကွာ။ ပြီးတော့ စတာလင်ပေါင်ဈေးတွေ ကျဆင်းလာတာလဲ ငါတို့ကျောင်းသားတွေအတွက် ပိုအဆင်ပြေတယ်လေ။ နို့မို့ဆို စတာင်တစ်ပေါင်ကို မြန်မာကျပ်ငွေ ၂၅၀၀ ဆို မင်း တွက်သာ ကြည့်ပေတော့။ ကျောင်းစရိတ်ပေးရဖို့ မြန်မာငွေ ဘယ်လောက် ရင်းရမလဲလို့။ အခု စတာလင် တစ်ပေါင်မှ ၁၃၀၀ လောက်ဘဲ ရှိတော့တာလေ။ မကောင်းလား။ ပြီးတော့ မိုးခေါင် ရေကြီး ရာသီဥတုတွေ ဆိုးဝါးလာတာလဲ လောကရဲ့ တန်ဖိုးကို နားလည်လာအောင် သဘာဝတရားက ဘိလပ်သားတွေကို ပြသပေးတာလေ။ ဥပမာ အခု ရေမလားဘူး မဟုတ်လား။ ရေမလာတော့ ရေရဲ့ တန်ဖိုးကို ပိုနားလည်လာမယ်။ မိဘတွေနဲ့ ဝေးနေတဲ့အခါ ဒါမှ မဟုတ် မိဘတွေ သေဆုံးပြီးတဲ့ အခါကျမှ မိဘမေတ္တာကို ပိုနားလည်လာရသလိုမျိုးပေါ့။ အခု ဘိလပ်သားတွေ ရေရဲ့ တန်ဖိုးကို နားလည်သွားပြီ။ ရေမရှိလို့ မဖြစ်ဖူးဆိုပြီးတော့လေ။ လူဆိုတာမျိုးက လိုအပ်တာတွေအဆင်သင့် ရနေရင်၊ ဖြစ်ချင်တဲ့အတိုင်း ဖြစ်နေရင်၊ ရချင်တာတွေ လွယ်လွယ်နဲ့ ရနေရင် တန်ဖိုး မထားတတ်ကြဘူး မဟုတ်လား။ ကဲ..မောင်ခွေးရ.... ဒီလိုလေး စဉ်းစားလိုက်တော့ အမြင်တွေ ကောင်းမနေဘူးလား။   နောက်ပြီး စကားကြီးကြီးကျယ်ကျယ်ပြောရရင် ငါ ဘိလပ်ရောက်ပြီး နောက်မှ အနောက်တိုင်းက ခေါင်းဆောင်တွေ ရွှေမြန်မာကို စိတ်ပိုဝင်စားလာပြီး တဖွဲဖွဲ တသဲသဲ သွားရောက်ကြလို့ ရွှေမြန်မာကြီးလဲ တိုးတက်မှုတွေ ဒလဗုံ ဒလခေါင်း ဖြစ်နေပြီ မဟုတ်လား...."

ဟု.. မမောမပန်း မောင်ခွေးကို စကားနိုင်ရရေး မနက်စောစော ဥဒေတယံ ဂါထာကို မရွတ်ဖတ်အားဘဲ စကားပိုတွေကိုသာ ပါးစပ်က အမြှုပ်ထွက်လုခမန်း ရမ်းသန်း ပြောနေရတော့၏။ မောင်ခွေးကလဲ ခေသူ မဟုတ်။

"မစပ်မှ မဆိုင် သူကြီးမင်းရာ... စမ္ပါနဂိုရ်က နွားမပေါင်ကျိုးတာနဲ့ ညောင်ဦးကမ်းပါးပြိုရရိုးလား။ အမှန်က သူကြီးမင်း ရွှေမြန်မာမှာ မရှိလို့သာ ရွှေမြန်မာကြီး တိုးတက်ပြောင်းလဲလာတာ။ တကယ်လို့သာ အခု သူကြီးမင်း ရွှေမြန်မာ ပြန်သွားကြည့်။ အခြေအနေတွေ ဘယ်လိုဘယ်လို ဖြစ်ကုန်မလဲ ဆိုတာ အဖြေပေါ်လာလိမ့်မယ်။ အခု ကြည့်။ သူကြီးမင်း သယ်ယူလာတဲ့ အကုသိုလ်တွေကို ဘိလပ်သားတွေ အလူးအလဲ ခံနေရရှာတယ်.. သွပ်...သွပ်...သွပ်။ သနားလိုက်တာ။ သနားတာက သူကြီးမင်းကို မဟုတ်ဖူးနော်။ ဘိလတ်သူ ဘိလတ်သားတွေကို သနားတာ...."

"ကဲပါ...မောင်ခွေးရာ... စောစောစီးစီး သမ္ဖပ္ပလာပတွေ မပြောချင်တော့ပါဘူး။ ငါမျက်နှာ သစ်လိုက်ဦးမယ်။ အား ပါး ပါး.. မင်းခပ်လာတဲ့ ရေလေးက ကြည်အေးနေတာဘဲ။  ဒီလိုလေးအသုံးဝင်နေလို့ မင့်ကို အားကိုးနေရတာ။ ဟဲ ဟဲ ဟဲ"

မျက်နှာသစ်ပြီး မောင်ခွေးရဲ့ စကားကို ပြန်စဉ်းစားနေမိသည်။ သူပြောတာလဲ ခပ်ဟုတ်ဟုတ်။ ဘိလပ်ကို ကျွန်ုပ်ရောက်လာပြီးနောက် ဖြစ်ပျက်လိုက်ကြတဲ့ နက်ဂတစ်တွေ အများသား။ တော့တင်ဟမ်ကုတ်နား တစ်ဝိုက် ဆူပူသောင်းကျန်းမှု မီးရှို့မှုတွေ ဖြစ်ခဲ့လား ဖြစ်ခဲ့ရ၊ ပြည်တွင်းကျောင်းသားတွေ ကျူရှင်ကြေး သုံးဆလောက် တက်လား တက်ခဲ့ရ၊ စီးပွါးရေးတွေ ကမောက်ကမဖြစ်လား ဖြစ်ရနဲ့။ အခုလဲ ကြည့်ဦး စကော့တလန်ဘက် ဝေးလ်စ်ဘက်မှာ မိုးသည်းထန်စွာရွာပြီး ရေကြီးမှု သတိပေးနေချိန်မှာ အင်္ဂလန်နယ်နိမိတ် အတော်များများ မိုးခေါင်နေတဲ့အတွက် ရေကို ချွေတာသုံးကြရန် ဥပဒေ ပြဋ္ဌာန်းထားရလေသည်။  အော်.... မောင်ခွေးပြောသလိုများ ဖြစ်နေလေရော့သလား မသိ။း)

ဒီဘက်နိုင်ငံတွေမှာ တစ်ခုခု ပြတ်တောက်မှုနဲ့ ကြုံရင် ဒီအတိုင်းတော့ မနေ၊ ပြည်သူပြည်သားတွေကို အသိပေးရမည်ဟု စဉ်းစားကာ ကွန်ပျူတာဖွင့်ကာ အင်တာနက်ထဲ ရွက်လွှင့်ပြီး မျက်လုံးဝင့်ရှာကြည့်လေရာ အောက်ပါ လင့်ခ်ကလေးအား တွေ့လိုက်ရလေတော့သည်။ http://www.hounslowchronicle.co.uk/west-london-news/local-hounslow-news/2012/05/02/burst-pipe-leaves-35-000-homes-without-water-109642-30884855/

"ရေပိုက်ပေါက်ကွဲမှု ဖြစ်ပြီး ဟောင်းစလိုးဒေသတစ်ဝိုက်ရှိ အိမ်ခြေ သုံးသောင်းခွဲလောက် ရေပြတ်လပ်မှု ဖြစ်ပွါးလျက်ရှိနေပါသည်" တဲ့။ ရေပြတ်လပ်မှုကြောင့် ကျောင်း  ၁၈ ကျောင်းတောင် ပိတ်ထားရတယ် ဆိုပါလား။ ကျွန်ုပ်သည်လဲ မစပ်မှ မဆိုင် ကျွန်ုပ်တက်နေတဲ့ ကျောင်း ပိတ်မပိတ် စုံစမ်းကြည့်လေရာ ညောင်ဦးကမ်းပါးပြိုတိုင်း စမ္ပါနဂိုရ်က နွားမ ပေါင်းကျိုး မနေမှန်း အဖြေသိရလေတော့သည်။ 

မည်သို့ပင်ဆိုစေကာမူ ရေပြတ်လပ်မှုကြောင့် ဟောင်းစလိုးဒေသက မူကြိုကျောင်း မူလတန်းကျောင်းလေးများ ပိတ်လိုက်ရသည်ကို အခွင့်အရေးယူကာ ကျွန်ုပ်သည်လဲ ကြီးတောင့်ကြီးမားနဲ့ ဟောင်းစလိုးဒေသ ရေပြတ်တောက်မှုကို အခွင့်အရေးယူကာ ယနေ့တက်ရမဲ့ကျောင်းကို ကျေးပြောင်းပြီး ကျောင်းပြေးကာ ဤပို့စ်လေးကို အားရပါးရ ရေးသားလိုက်ရပေတော့သတည်း။ ။
...



ရေပြတ်လပ်မှု နောက်ကွယ်မှာ ဘာတွေ ဖြစ်တတ်သလဲ???
ဒီနေရာလေးမှာ ဖတ်ကြည့်ပါ။ တစ်နှစ်ပြည့်မှာ နှစ်ရက်ဘဲ လိုတော့တဲ့ မနှစ်က ရေးထားတဲ့ ပို့စ်လေးပါ။


.

14 comments:

ကိုရင် said...

အင်း.. လူတွေ သဘာဝတရားကြီးကို ဆန့်ကျင်လာတာနဲ့အမျှ သဘာဝတရားကြီးက ဒဏ်ခတ်တာကို ပြန်လည်ခံစားကြရလိမ့်မယ်.. ဆိုတာ ကျုတော့ လက်ခံတယ် သူကြီးရေ..

AH said...

ခုချိန်လောက်ဆို သူကြီးတစ်ယောက် ကျွတ်ကျွတ်အိတ်ကလေးကို လူမမြင်အောင် ဖုံးကာဝှက်ကာ ယူပြီးတော့ ပန်းခြံထဲသွားနေလောက်ပြီ ထင်ပ..... :P

Anonymous said...

သူကြီးမငိး ကျောင်းပြေးတာ phtoshop ထဲက အေးမြတ်သူကြောင့်တော့မဟုတ်လောက်ပါဘူးနော်..တိန်

Candy said...

ရေပြတ်လပ်မှုနဲ့အတူ တဂျင်းမီးလည်း ပျောက်တော်မူနေတယ် ဟိဟိဟိ

ပုံ ပိစိ :P

မဒမ်ကိုး said...

ကျေးပြောင်း ကျေးပြောင်း တဂျီးလောင်း

မောင်သီဟ said...

ရာသီက ပူတယ်သီးဂျီး
အားကြီး ပူလွန်းတယ် သီးဂျီး
တောတောင်တွေပြုန်းကုန်ပြီးသီးဂျီး
ကယ်ကြပါဦး

Unknown said...

အားပေး ဖတ်ရှုသွားပါတယ်
အကိုကြီးရေ

နေ၀သန် said...

ရေပြတ်တဲ့ဒဏ်ဟာ အတော်ကိုဆိုးမယ် သူကြီး... ကိုယ်တွေက ဘယ်တော့မှ ရေကိုစုထားတာမဟုတ်ဘူးလေ.. စုထားစရာနေရာလည်းမရှိဘူးဆိုတော့.. အခုကော အဆင်ပြေသွားပလား..း)..

ခင်မင်လျက်
နေ၀သန်

mstint said...

မြန်မာပြည်မှာရေသန့်စက်လုပ်မဲ့ လုပ်ငန်းစဉ်လေးကို
ဘိလပ်ဖက်ရွှေ့ပြီးလုပ်ရင် တွက်ချေကိုက်မယ်ထင်တယ်။
အကြံဉာဏ်လေးပေးပါအုံး တဂျီးမင်းရေ။ ဉာဏ်ပူဇော်ခ ပေးပါ့မယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မင်းဧရာ said...

ဟောင်းစလိုးဒေသ ရေပြတ်လပ်တာနဲ့ သူကြီးမင်း ကျောင်းပြေးတာ။

ဘာမှမဆိုင်ပေါင်။

ပုံ....

တုံးဖလားသား လောင်းလေး မောင်ခွေး)))၀။

San San Htun said...

ရေပြတ်တာလေး အကြောင်းပြပြီး သဂျီးမင်းကတော့ ကျောင်းပြေးတော့တာပဲ..ကျောင်းသားရယ်၊ အလုပ်သမားရယ် ဘဝတူတွေပါပဲ..ပြေးဖို့ ပဲချောင်းနေတာ..ဘာပဲဖြစ်ဖြစ် သဂျီးမင်း ကျောင်းပြေးတော့ ပို့ စ်အသစ် ဖတ်ရတာပေါ့ဂျ

စီအိုင်အေ ပစ်ပစ် said...

သူကြီးပျောက်နေတယ်ဆိုပြီး
စီအိုင်အေက jerry pipgpig
ကိုယ်တိုင် စုံစမ်းထောက်လှမ်းနေတာ..
လက်စသပ်တော့
ကျောင်းပြေးနေတာကိုးးးး

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဒီပို့စ်လေးနဲ့အတူတူ ဆက်စပ်နေတဲ့ နောက်ထပ် ပို့စ်၂လုံးပါ ဖတ်သွားပါတယ်။

ခင်မင်စွာဖြင့်
မြတ်

custom essay writing services online said...

never fights as I do because, if Americans win no single ruler can force them to fight custom essay writing services online