Friday, 17 October 2008

Letter နှင့် Litter

ဟိုတစ်နေ့ တုန်းက မနက်ဝေလီဝေလင်းမှာ ကျနော့် Moblile ထဲကို သူငယ်ချင်းတစ်ယောက်ဆီက Message တစ်ခုဝင်လာတယ်။ ကျနော်လဲ အိပ်ရာထဲမှာ ပျင်းကြောဆွဲပြီး လက်ကိုင်ဖုန်းထဲက Message ကို မျက်လုံးမဖွင့် တစ်ဖွင့်နဲ့ ဖတ်ကြည့်လိုက်တယ်။
"ကိုကိုမောင်ရေ.. အိပ်ရာကထပြီး မျက်နှာသစ်ပြီးရင် အပြင်ဘက်မှာ ဖြစ်ပေါ်နေတဲ့ လောကရဲ့ အလှတရားကို အားရပါးရ ခံစားလိုက်စမ်းပါ"

ကျနော် ပြတင်းပေါက်ကို ဖွင့်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တယ်။
ဟာ.. နှင်းတွေ အရမ်းကျနေပါလား။ ကားလမ်းမတစ်လျောက် ပန်းခြံတွေလျောက် နှင်းခဲကြီးတွေ အများကြီးဘဲ။
သစ်ပင်ပေါ်တွေမှာရော အိမ်ခေါင်မိုးပေါ်မှာပါမကျန် နှင်းခဲတွေက နေရာယူထားကြတယ်။
မြန်မာနိုင်ငံမှာ ဒီလောက် နှင်းကျတာ တစ်ခါမှ မကြုံဖူးဘူး။ ရှုခင်းက အရမ်း အရမ်းကို လှသဗျာ။

ကျနော်လဲ သူငယ်ချင်းတစ်ယောက်နှင့်အတူ နှင်းခဲတွေရဲ့ အလှအပကို
ခံစားဖို့အပြင်ကို ထွက်ပြီး နေရာအနှံ့ လျောက်လည်ခဲ့ပါတယ်။ နှင်းခဲတွေကို လက်နှင့်ကိုင်ကြည့်တယ်။ ပါးစပ်ထဲ နဲနဲထည့်ပြီးမြည်းကြည့်တယ်။ ပျော်လိုက်တာ အရမ်းဘဲ။ တစ်ချို့ အိမ်ဝင်းတွေထဲမှာဆိုရင် နှင်းခဲတွေနှင့် ပန်းပုထုထားတာတွေ့ ရတယ်။
...........................................

နှင်းကျတာကို ကြည့်ရင်း လမ်းတစ်ခုကို ချိုးအ၀င်မှာ စာတိုက်ပုံးနီနီကြီးတစ်ခုကို လမ်းဒေါင့်မှာ တပ်ဆင်ထားတာ တွေ့ လိုက်ရတယ်။ ရေးစာ ပေးစာတွေထည့်ဖို့  Letter လို့  သင်္ဘောဆေးအဖြူရောင်နဲ့  စာတိုက်ပုံးအပေါ်ပိုင်းမှာ ရေးထားတယ်။ စပ်မိတုန်းပြောရဦးမယ်။ ဒီလန်ဒန်မှာ စာတိုက်ပုံးထဲက စာတွေကို တနင်္ဂနွေနေ့ ကလွဲရင် နေ့ တိုင်းစာသိမ်းလေ့ရှိတယ်။ စနေနေ့ မှာ နေ့ လည် ၁၂နာရီ၊ ကျန်တဲ့နေ့ တိုင်း မနက် ၁၁ နာရီ ခွဲ နှင့် ညနေ ၅နာရီခွဲ တစ်ရက်ကို နှစ်ကြိမ်စာသိမ်းတယ်။ တစ်ချို့ နေရာတွေမှာဆို တစ်ရက်ကို သုံးကြိမ် (5:30am, 11:30am, 5:30pm) စာသိမ်းတယ်လို့ သိရတယ်။ ကောင်းလိုက်တဲ့ စနစ်ဗျာ။

ဒီလိုနဲ့  နောက်တစ်လမ်းကျော်လဲရောက်ရော စာတိုက်ပုံးထက်နဲနဲလေးပိုကြီးတဲ့ ပုံးမဲမဲကြီးတစ်ခုကို လမ်းဘေးမှာ ချထားတာတွေ့ လိုက်ရပြန်တယ်။ ပုံးရဲ့ ထိပ်ပိုင်း အဖုံးအောက်နား ဘယ်ညာနှစ်ဘက်မှာ အပေါက် ခပ်ကျယ်ကျယ်ဖောက်ထားတာတွေ့ ရတယ်။ လမ်းသွားရင်း အမှိုက်စွန့် ပစ်ဖို့ အတွက် အမှိုက်ပုံးကြီးပေါ့ဗျာ။ ပုံးကြီးရဲ့ အလည်ပိုင်းမှာကတော့ အမှိုက်ရဲ့ အမှတ်အသားဖြစ်တဲ့ Litter ဆိုတဲ့စာလုံးကို သင်္ဘောဈေး ဖြူဝါရောင်နဲ့  ရေးထားတယ်။ ဒီလိုမျိုး အမှိုက်ပုံးနှင့်စာတိုက်ပုံးတွေ လန်ဒန်မြို့ ထဲမှာ ဒုနဲ့ ဒေးပါဘဲ။
...........................................

အဲဒီ စာတိုက်ပုံးနှင့်အမှိုက်ပုံးကြီးကိုမြင်တိုင်း ကျနော် မြန်မာနိုင်ငံမှာ ရှိစဉ်က ဆရာကြီးတစ်ယောက်ပြောပြခဲ့တာကို အမှတ်ရနေမိတယ်။ သူနိုင်ငံခြားတိုင်းပြည်ကြီးတစ်ခုမှာ နေစဉ်က တစ်နေ့ မှာ "ဟဲ့.. မောင်မျိုး... ငါ့မိသားစုဆီ ငါစာတစ်စောင်ရေးထားတယ်၊ ရော့.. ဒီစာကို ဟိုလမ်းထိပ်က စာတိုက်ပုံးထဲ သွားထည့်ချေ" ဆိုပြီး မောင်မျိုးလို့ ခေါ်တဲ့ သူ့ ရဲ့  မြန်မာ Staff တစ်ယောက်ကို စာထည့်ခိုင်းလိုက်တယ်။ မောင်မျိုးလဲ စာသွားထည့်ပြီး အေးအေးဆေးဆေးဘဲ ပြန်လာခဲ့တယ်။

ဒါပေမဲ့လို့  တစ်လ.. နှစ်လ.. သုံးလ အချိန်တွေ အများကြီး ကုန်လွန်သွားပေမဲ့ ဖုန်းဆက်ပြီး သူ့ မိသားစုဆီကို မေးကြည့်လိုက်တော့ စာက မရောက်ဘူး..တဲ့။ ဒါနဲ့  မောင်မျိုးကို ခေါ်ပြီး.. "မောင်မျိုး.. မင်းကိုထည့်ခိုင်းလိုက်တဲ့ စာကို စာတိုက်ပုံးထဲ သေချာကော ထည့်ခဲ့သလားကွ" လို့  မေးကြည့်လိုက်တော့ မောင်မျိုးက ဘာပြောတယ် မှတ်လဲ။
"ဆရာရယ်.. ကျနော် သေသေချာချာကို ကြည့်ပြီး Litter လို့ ရေးထားတဲ့ ပုံးထဲကို အတိအကျ ထည့်ခဲ့တာပါ" တဲ့။



မောင်တော်ရယ် ချမ်းဆဲပါဘဲ

လူဆိုတဲ့ သတ္တ၀ါတွေအကြောင်းသိတယ်မဟုတ်လား၊ တင်းတိမ်မှုသိပ်မရှိကြဘူးလေ။ ပူတဲ့ရာသီဥတုမှာ အအေးဓါတ်ကို အလွန်ခုံမင်မက်မောပြီး အဲ.. အရမ်းအေးတဲ့အခါမျိုးမှာ နွေးထွေးမှုအင်အားကို တပ်မက်ကြပြန်ရော။ ပုံမှန်ဆန္ဒရဲ့ တောင်းဆိုမှုကို အပြစ်မပြောလိုပါဘူး။ လိုချင်မှုတွေ အရမ်းများလွန်းလို့ ခက်နေကြတာပါ။

ကျနော် ရန်ကုန်မှာနေစဉ်တုန်းက စီးပွါးရေးအလယ်အလတ်တန်းစားရှိတဲ့လူကြီးတစ်ယောက်တွေ့ ဖူးတယ်။
အဲယားကွန်းတွေ အိမ်မှာ အပြိုင်အဆိုင်တပ်ဆင်ကြတဲ့ ခေတ်တုန်းကပေါ့။ သူကလဲ သူ့ အိမ်ကြီးမှာ အဲယားကွန်းတွေတပ်ဆင်တယ်။ သူ့ အိပ်ခန်းမှာလဲ သီးသန့် တစ်လုံးတပ်ဆင်ထားတယ်။ နွေရာသီရဲ့ နေ့ တစ်နေ့ မှာ ကျနော်သူ့ အိမ်ရောက်သွားတယ်။ မှတ်မှတ်ရရ နေ့ လည်တစ်နာရီလောက်မှာပါ။

သူ့ ကိုဧည့်ခန်းမှာ မတွေ့ ရဘူး။ ဘယ်ရောက်နေတယ် ထင်လဲ။ လား...လား... ဘိုးတော်က အိမ်ခန်းထဲက သူ့ ကုတင်ပေါ်မှာ နွေခေါင်ခေါင်နေ့ လည်တုံးလုံးကြီး ဂွမ်းစောင်ကြီးခြုံလို့  ကွေးနေလေရဲ့ ဗျာ။ အဲယားကွန်းကြီးဒိတ်ကုန်အောင်ဖွင့်ထားတာကိုးဗျ။ ကဲ မှတ်ဦး မှတ်ဦး.. အဲဒါ မြန်မာကွ..လို့ ပြောရမလိုတောင်ဖြစ်မိတယ်။
............................

ရတနာပုံခေတ်မှာလဲ အလားတူ အဖြစ်အပျက်ကလေးတစ်ခုဖြစ်ပျက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီဇာတ်လမ်းလေးက ပြောင်းပြန်။ ဆောင်းပိုင်းကြီးမှာ။ ကနောင်မင်းသားနှင့်လှိုင်ထိပ်ခေါင်တင်မင်းသမီးလေးအကြောင်း မြန်မာမှန်ရင် သိကြတာများပါတယ်။ သူတို့ နှစ်ယောက်က အရမ်းချစ်ကြတဲ့ ကြင်ယာတွေလေ၊ ဒါကြောင့်လဲ လှိုင်ထိပ်ခေါင်တင်ရဲ့  စိန်ခြူးကြာညောင်.. ဘောလည် (အချစ်အလွမ်းသီးချင်း)တွေ အခုထက်ထိ မြန်မာ့အနုပညာကဏ္ဍတွေမှာ နေရာယူနေလျက်ရှိနေတာပါ။

ဆောင်းရာသီရဲ့ နေ့ တစ်နေ့ မှာ အိမ်ရှေ့ စံကနောင်မင်းသားဟာ အရပ်တစ်ပါးမှာ တာဝန်ထမ်းဆောင်နေခဲ့ရတယ်။ ဇနီးအလှလေးနဲ့ မခွဲချင်ပေမဲ့လဲ တာဝန်သိတတ်တဲ့သူအဖို့  တာဝန်တွေက ရှိသေးတယ်မဟုတ်လား။ သူတာဝန်ထမ်းဆောင်တဲ့အရပ်မှာ အရမ်းအေးတဲ့အတွက် သူ့ ချစ်ဇနီးလေးလဲ ဒီအချိန်မှာ ချမ်းနေရောပေါ့လို့ ... သူစဉ်းစားမိတယ်။ ဒါကြောင့် အဖိုးတစ်သန်းထိုက်တန်ပြီး အလွန်နူးညံ့နွေးထွေးလှတဲ့ ကတ္တီပါခြုံလွှာစောင်တစ်ထည်ကို မင်းမှုထမ်းတစ်ယောက်က တစ်ဆင့် ပို့ ခိုင်းလိုက်တယ်။

ညဥ့်နက်သန်းခေါင်ယံ အချိန်မှာ လှိုင်ထိပ်ခေါင်တင်ဟာ ဖဲမွေ့ ယာကုတင်ထက်လဲလျောင်းပြီး အဲဒီကတ္တီပါခြုံလွှာစောင်လေးကို ရင်မှာပိုက်ခြုံထားလိုက်တယ်၊ ပြီးတော့ မျက်စိကို ဇွတ်မှိတ်ပြီးအိပ်ပျော်ဖို့ သူကြိုးစားပေမဲ့ သူအိပ်မပျော်နိုင်ရှာပါဘူး။ တူနှစ်ကိုယှဉ်တွဲပြီး ချစ်ရည်လူးခဲ့တဲ့ အတိတ်က ဆောင်းညလေးတွေကိုဘဲ အမှတ်ရနေမိခဲ့တယ်။

တစ်ခုခုကို သတိရပြီး သူငုတ်ကနဲထထိုင်တယ်။

"မနက်ဖန် မောင်တော်ဘုရားထံသွားမဲ့ လူကြုံကောင်းတစ်ယောက်ရှိတယ်"

ကလောင်တံလေးကို ဆွဲကိုင်ပြီး အဆင်သင့်ရှိနေတဲ့ ခုံပေါ်ကပေပုရပိုက်တစ်ခုပေါ်မှာ စာကြောင်းလေး သုံးကြောင်းခပ်သွက်သွက်ဘဲ ရေးချလိုက်တယ်။

"တစ်သန်းတန်ကတ္တီပို့ သော်လည်း... ကြငှန်းစံမဒီပျို့ မှာဖြင့်.... မောင်တော်ရယ် ချမ်းဆဲပါဘဲ"

.

Thursday, 16 October 2008

ကျနော်နှင့်လန်ဒန်ဆောင်းရာသီ(၃)

ကျနော်တို့ နေတဲ့အိမ်က အင်္ဂလိပ်လူမျိုးတွေ ပြောပြောနေကြတဲ့ Semi-detached house ပါ။ လန်ဒန်မှာ Mansion လို့ ခေါ်တဲ့ လုံးချင်းအိမ်တွေက ခပ်ရှားရှားဘဲလေ။ တကယ့်သူဌေးကြီးတွေမှ လုံးချင်းအိမ်နဲ့ နေကြတာ။ အများအားဖြင့်တော့ Semi-detached house ရယ် Detached house ရယ် ပြီးတော့ Flat တွေနှင့်ဘဲ နေထိုင်ကြတာများပါတယ်။

Semi-detached house ဆိုတာကတော့ အိမ်တစ်လုံးထဲကို နှစ်ခြမ်းခြမ်းထားတဲ့ အိမ်ကို ခေါ်တာပါ၊ ဟိုဘက်ခြမ်းမှာ မိသားစုတစ်ခု ဒီဘက်ခြမ်းမှာက မိသားစု တစ်ခုနေထိုင်ကြလေ့ရှိကြပါတယ်။
Detached house ဆိုတာကတော့ တစ်ခြားအိမ်နှင့်မထိစပ်ဘဲ ဆောက်လုပ်ထားတဲ့ လုံးချင်းအိမ်ကလေးပါဘဲ။
အဲ Flat ကိုတော့ သိကြမှာပါ၊ တိုက်ခန်းတွေပါဘဲ။ ရန်ကုန်မှာ Flat တွေ အများကြီးတွေ့ ဖူးကြမယ် ထင်ပါတယ်။
ကျနော်တို့ နေထိုင်တာက Semi-detached house ဆိုတော့ ဟိုဘက်ခြမ်းမှာ ကုလားမိသားစုတွေ နေထိုင်ကြတယ်။ ဒီဘက်ခြမ်းမှာတော့ ကျနော်တို့ ဗမာအုပ်စုတွေပေါ့ဗျာ။ အားလုံးလူပျိုလူလွတ်တွေချည်းပါဘဲ၊ (ဟဲ ဟဲ.. ကြော်ငြာဝင်တာ...)
....................

ပြောချင်တာက တစ်ခြားမဟုတ်ပါဘူး။ စုပေါင်းနေထိုင်ကြတော့ စုပေါင်းလုပ်အားပေးကြရတာပေါ့ဗျာ။ အပတ်စဉ် စနေနေ့ တိုင်းလုပ်အားပေး... အဲ.. မဟုတ်ဘူး၊ ယောင်လို့ ... ကြာသပတေးနေ့ တိုင်းမှာ အမှိုက်တွေကို Black bag လို့ ခေါ်တဲ့ ပလပ်စတစ်အိပ်မဲကြီးထဲ ထည့်ပြီး အိမ်ရှေ့ မှာ ပုံထားကြရတယ်။ နောက်တစ်နေ့ မှာ စည်ပင်သာယာကကားနဲ့  လာပြီးသိမ်းယူလေ့ရှိတယ်။ အမှိုက်ဆိုပေမဲ့ သစ်ရွက်ခြောက်တွေလို့ မထင်လိုက်ပါနဲ့ ၊ ထမင်းကျန် ဟင်းကျန်က စပြီး သတင်းစာစက္ကူအားလုံးကို လန်ဒန်မှာ အမှိုက်လို့ ခေါ်ကြတယ်။
အဲဒီအချိန်ကစပြီး ကျနော့်ရောဂါစတော့တာပေါ့ဗျာ။
.......................

ဆောင်းရာသီရဲ့ အအေးဓါတ်လွန်ကဲမှု၊ လန်ဒန်နှင့်အသားမကျသေးလို့ ဝမ်းချုပ်မှု ဆိုတဲ့ မှုကြီးနှစ်မှုကြောင့်ဘဲ ကျနော့် လက်ဖ၀ါးခြေဖ၀ါးကအရည်ခွံတွေကွာထွက်တယ်၊ ကွာထွက်တာမှ နဲနဲမဟုတ်ဘူး၊ သွေးလေးတွေစို့ လာတဲ့အထိလန်ထွက်တာ။ ပြီးတော့ နှုတ်ခမ်းတွေလဲ ကွဲတယ်။ သန့် ရှင်းရေးလဲလုပ် အခန်းတစ်ခန်းပြင်ဆင်တဲ့ အတွက် သစ်သားအပိုင်းအစလေးတွေလဲ ကိုင်တွယ်ရ အေးလွန်းလို့ ချွေးကလဲမထွက်ဆိုတော့ ကျနော့် ခန္ဓာကိုယ်မှာ ယားနာတွေပေါက်လာတယ်၊ ယားလိုက်တာလွန်ပါရော၊ လက်ဖ၀ါး ခြေဖ၀ါးတွေလဲ အရမ်းနာကျင်နေခဲ့တယ်။ အိပ်လို့ ကိုမရဘူး။

ရန်ကုန်မှာဆိုရင်တော့ သောက်ဆေးအပြင်လိမ်ဆေးပါ ဆေးဆိုင်တွေမှာ အချိန်မရွေးဝယ်လို့ ရတယ်။ ဒီမှာကျတော့ ဘယ်မှာဝယ်ရမှန်းတောင်မသိဘူး။ အရင်ရောက်နေတဲ့ သူငယ်ချင်းတွေကို မေးကြည့်ပြန်တော့လဲ GP(General Practitioner=ဆရာဝန်)လက်မှတ်မပါရင် ဆေးဆိုင်က ဆေးမရောင်းပေးဘူးလို့ ပြောတယ်။ ဒီလိုနဲ့ ဘဲ ... ကဲ.. ကဲ ကိုကိုမောင်ရေ့  ၀ဋ်ရှိသရွေ့ တော့ ခံလိုက်ပေဦးတော့....လို့  ကံကိုဘဲ ပုံချပြီး ရက်နှစ် ဆယ်လောက်ထိ မြန်မာ့နည်း မြန်မာ့ဟန်နှင့် အလွန်ယားယံတဲ့ နေရာလေးတွေကို ကုတ်ဖဲ့ပြီး တံတွေး ဆွတ်လို့ ဘဲ နေလိုက်ရပါတော့တယ်။
(ကံအားလျော်စွာဘဲ ရက်နှစ်ဆယ်လောက်မှာ ဆေးမကူဘဲ ရောဂါအားလုံးပျောက်ကင်းသွားခဲ့ပါတယ်။)

ကျနော်နှင့်လန်ဒန်ဆောင်းရာသီ(၂)

ဒီလိုနဲ့ ဘဲ လန်ဒန်ရဲ့  ညှာတာမှုကင်းမဲ့လှတဲ့ အအေးဒဏ်ကိုကြံ့ ကြံ့ ခံရင်း ကျနော့်ဘ၀ရဲ့ လန်ဒန်ခရီးစဉ်ကို စတင်လိုက်ပါတော့တယ်။ အဲ ပြောရဦးမယ် ၊ပထမဦးဆုံး ကျနော် အခက်တွေ့ တာက ရေချိုးခန်းနှင့်အိမ်သာ ကိစ္ခပါဘဲ။ မြန်မာနိုင်ငံက ကျန်တော့်ရဲ့ ရေချိုးခန်းနှင့်အိမ်သာထဲမှာ (လှတောသားစကားနှင့်ပြောရရင်တော့) ဘောလုံး ကစားလို့ မရပေမဲ့ ၁၂ကွက်သိုင်းကိုတော့ ကောင်းကောင်းနှင်းလို့ ရတယ်လေ။ လန်ဒန်မှာ နေရာက အရမ်းတန်ဖိုး ရှိတဲ့အတွက် ၁၂ကွက်သိုင်းနှင်းဖို့ မပြောနဲ့  ရေချိုးခန်းထဲ (ရေချိုးခန်းနှင့်အိမ်သာတွဲလျက် တစ်ခန်းထဲ) ၀င်လိုက်တယ်ဆိုရင်ဘဲ လှောင်ချိုင့်ထဲအတင်းထိုးသိပ်ခံထားရတဲ့ မျောက်လွဲကျော်လေး တစ်ကောင်လိုဘဲ ခံစားလိုက် ရတယ်။ ရှေ့တည့် တည့်သွားပြီးရင် နောက်ပြန်ဆုတ်လာရမဲ့ အခြေအနေ လောက်နီးနီးပါဘဲ။

ဒါပေမဲ့ အခန်း ကျဉ်းတယ်ဆိုပြီး အထင်တော့ မသေးလိုက်ကြနဲ့ နော်၊ Facility တွေကတော့ အားလုံးပြည့်စုံတယ်။ ရေပူ ရေအေးရှိတယ်၊ အနံ့ ဆိုးထုတ်တဲ့ပန်ကာရှိတယ်။ အိမ်သာတစ်ခုထဲမှာတင် ရေဆွဲချတဲ့ ခလုပ်နှစ်ရှိတယ်၊ တစ်ခုကအပေါ့သွားပြီးရင်သုံးဖို့  နောက်တစ်ခုကတော့ သိတဲ့အတိုင်းဘဲ အလေးသွားပြီးရင် သုံးဖို့ ပေါ့၊ ရေချွေ တာတဲ့ အနေနဲ့  လုပ်ထားတာလေ။

ပြောဖို့ တစ်ခုရှိသေးတယ်၊ ဘယ်သူ့ ကိုမှ မပြောဘူးလို့ ရည်ရွယ်ထားတာ၊ အခု လူစုံတုန်းလေးမို့  ပြောလိုက်ဦးမယ် ဟဲ ဟဲ၊ အိမ်သာတက်ပြီးရင် များသောအားဖြင့် ဒီနိုင်ငံမှာက ရေမသုံး ကြဘူး၊ စက္ကူတွေဘဲ သုံးကြတယ်လေ။ မြန်မာမှာနေတုန်းက ရေကို ရှယ်သုံးခဲ့တဲ့ အတွက် ဒီရောက်တော့ တော်တော်လေး အခက်တွေ့ သွားတယ်။ အိမ်သာက ဗိုလ်ထိုင် အိမ်သာဆိုတော့ အသားနဲ့ အိမ်သာဘောင်နှင့် ထိပြီးထိုင်ရတဲ့အတွက် အရမ်းအေးနေတာကတစ်ကြောင်း ကိစ္ခပြီးတဲ့အခါ ရေမသုံးဘဲ တစ်ရှူးကိုဘဲရတာက တစ်ကြောင်း ဆိုတော့ အရမ်းနေရထိုင်ရခက်လှသဗျာ။

တစ်ခုစဉ်းစားမိလိုက်တယ်၊ လန်ဒန်မှာ တစ်ရှူးထုတ်လုပ်တဲ့ Company တစ်ခုလောက်ဖွင့်စားရင်တော့ အရှုံးမရှိနိုင်လောက်ဘူးလို့ ၊ ဘာဖြစ်လို့ လဲဆိုတော့ လန်ဒန်မှာ အိမ်အလုံးပေါင်းများစွာရှိတယ်၊ တစ်အိမ်ကို တစ်ရက်မှာ အနည်းတစ်ရှူး ၁ လိပ်ကနေ ၃လိပ်လောက်ထိအသုံးပြုနေကြလို့ ပါဘဲ။

အိမ်သာထဲက တစ်ရှူးလိပ်ကလေးတွေကို ကြည့်ပြီး ရန်ကုန်မှာဆုံတွေ့ ခဲ့တဲ့ ဂျပန်အမျိုးသမီး မိတ်ဆွေတစ်ယောက်ပြောခဲ့တာကို အမှတ်ရမိလိုက်တယ်။ ကျနော်က နင်တို့ ဂျပန်မှာ အလေးသွားပြီးရင် ရေအစား တစ်ရှူးကိုဘဲ အသုံးပြုတယ်ဆိုတာ ဟုတ်သလားလို့ မေးလိုက်တယ်။ Hai=ဟုတ်တယ်လို့ ပြန်ပြောတယ်။ ရေသုံးတာ ပိုကောင်းတာပေါ့ ဒါမှ ပိုသန့် ရှင်းမယ်လို့ ကျနော်ပြောလိုက်တဲ့အခါ သူ ဘာပြန်ပြောတယ်မှတ်လဲ.... ကိုကိုမောင်ရာ.. သိပ်မအစမ်းပါနဲ့ .. တစ်ရှူးသုံးတာက အဲဒီနားတင်ဘဲ နဲနဲ ပေကျန်မှာပါ.. ရေသုံးရင် ရေထိတဲ့နေရာတွေအားလုံး (လက်အပါအ၀င်) ကျင်ကြီးဖျော်ရည်တွေ ပျံ့ နှံ့ ပြီး ညစ်ပတ်သွားရော.. တဲ့။ ကဲ...မှတ်ရော့ဗျာ။
.....................
ရေချိုးခန်းအကြောင်းလဲ ပြောရဦးမယ်၊ အိမ်သာနှင့်တွဲရက်ဆိုပေမဲ့ ဟိုဘက်ထိပ်မှာအိမ်သာ ဒီဘက်ထိပ်မှာ ရေချိုးခန်းပေါ့။ ရေဆိုတာသိတယ်မဟုတ်လား၊ အေးတယ်လေ။ ဒါပေမဲ့ ရေကအေးနေတာကိစ္စမရှိဘူး၊ ရာသီဥတု အေးနေတာဂွကျတယ်။ တစ်ခါတစ်ခါ အနှုတ် ၄ဒီဂရီလောက် ရောက်နေတယ်ဆိုတော့ ရေခဲသေတ္တာ အပေါ်ဆင့်မှာရှိတဲ့ ဒီဂရီလောက် အပြင်ဘက်မှာ အေးနေတယ်။ အဲဒီလောက်အေးလို့ လဲ ဆောင်းရာသီတွေမှာ ဆိုရင် အစားအသောက်တွေကို ရေခဲသေတ္တာထဲ ထည့်ပြီးသိမ်းထားဖို့  မလိုတော့ဘူး၊ အပြင်မှာ သိမ်းထား ရုံနှင့်ဘဲ တစ်ခါချက်ပြုတ်ပြီးရင် ၇ရက်လောက်ထိမသိုးမပုပ်ဘူး။ စားလို့ ရတယ်။

အဲဒီလောက်ပြောပြရရင် ရေချိုးခန်းထဲက ရေ ဘယ်လောက်ထိအေးသလဲဆိုတာ သဘောပေါက်ရောပေါ့။ ရေချိုးခန်းထဲ ၀င်ပြီးရေကို ထိကြည့်ရုံနှင့်တင် အီကြာကွေးရဲ့ စကားနဲ့ ဆို ဟိုက်...ရှာလပတ်ရည် လို့ အော်ချရလောက်တယ်။ ရေချိုးမယ်ကြံ ပြီး ရေချိုးခန်းထဲဝင်သွားလိုက် ရေကိုထိရမှာကြောက်လိုက်နဲ့  လန်ဒန်ကို ရောက်ပြီး သုံးရက်လောက်ထိ ရေမချိုး ဖြစ်ဘူး။ ရေပူရေအေးစနစ် တပ်ဆင်ထားပေမဲ့လဲ ရေချိုးချင်စိတ်လုံးမရှိဘူးဖြစ်နေတယ်။ အဲ လေးရက်မြောက် နေ့ မှာတော့ မဟာဗန္ခုလသွေးမွေးပြီး ငါ..ဗမာကွ.. လို့ ရေရွတ်ရင်း ရေချိုးခြင်းလုပ်ငန်းကို စတင်လိုက်တယ်။ မြန်မာ မှာ နေစဉ်တုန်းက ရေပူရေအေးစက်တပ်ဆင်စရာမလိုဘူးလေ။ ဒီအတိုင်းပိုက်လုံးကလာတဲ့ ရေကိုချိုးကြတာဘဲ။

ဟော.. ဒီမှာက.. ခက်ပြီ။ ရေပူရေအေးကို balance ဖြစ်အောင် မလုပ်တတ်ဘူး၊ tab တစ်ခုကို စလှည့်လိုက်တယ် ဆိုရင်ဘဲ.. ဟိုက်.. ရှားဘား.. ရေပူတွေ.. ရေပူတွေ.. တလဟော ကျနော့်အပေါ် သွန်ချလာတယ်၊ ဘာပြော ကောင်းမလဲ.. ရေချိုးခန်းထဲမှာ အရူးမီးဝိုင်းခံနေရသလို ဖြစ်နေတယ်၊ ရေချိုးခန်းက အရမ်းကျဉ်းတော့ ထွက်ပြေးလို့ လဲ မရဘူး၊ ငြိမ်ပြီးကျနော့်ဖာသာဘဲ ကြိတ်ပြီးဆဲရေးမိလိုက်တော့တယ်၊ ခံလိုက်ဟ... နဲတောင်နဲသေးတယ်.. ဒီလောက်ထိအရသလား.. ဟူ၍။

Monday, 13 October 2008

ကျနော်နှင့်လန်ဒန်ဆောင်းရာသီ(၁)

ဟုတ်ကဲ့... ကျနော် ကိုကိုမောင်ပါ။
ကိုကိုမောင်ဆိုတဲ့ ကျနော်က ဆောင်းကိုချစ်တယ်၊ ဆောင်းကို မြတ်နိုးတယ်၊ ဆောင်းကို ခင်တွယ်တယ်၊ ဒါပေမဲ့လို့ ဆောင်း ရောက်မှာတော့ အရမ်းကြောက်မိပြန်ရော။ ဟာ.. ကိုကိုမောင်ရာ မင့်ဟာက ဘယ်လိုကြီးလဲ ပြောင်းပြန်ကြီး ပါလားလို့ ပြောရင်လဲ မတတ်နိုင်ဘူး၊ ကျနော့် စိတ်ထဲ ရှိတဲ့အတိုင်းပြောရတာကိုး။

ကျနော်လဲ ရမ်းပြောနေတာ မဟုတ်ပါဘူး၊ အကြောင်းရှိပါတယ်၊ ဆောင်းရောက်ရင် ညတာရှည်လာပြီး အအေးဓါတ်ပိုလာတာ မိတ်ဆွေတို့ လဲ အသိဘဲလေ။ ဒီအအေးဓါတ်ကလေးကို အကြောင်းပြုပြီး ဟဲ ဟဲ ကျနော် အိပ်ရာထဲမှာ စာအုပ်ဖတ်ရင်း စောစောကွေးတော့တာဘဲဗျို့ ။ မနက်မိုးလင်းတဲ့အချိန်ရောက်ရင်တော့ ကျနော့်စာအုပ်က ကုတင်အောက်မှာ ရောက်နေတာများပါတယ်။ ကျွဲကူးရေပါ ဆိုတဲ့ စကားပုံလိုဘဲ အိပ်ရင်းနှင့် စာဖတ်ရတာ စာအုပ်လဲစုပ် အဲ.. စာလဲဖတ်ရ အိပ်ရေးလဲ ၀ပေါ့ဗျာ။

ကျနော်က အရပ် ၅.၅၊ ၀ိတ်က ၁၂၅ပေါင်ဘဲ ရှိတာဆိုတော့ သိတယ်မဟုတ်လား၊ များများအိပ်ရမှ အားရှိပြီး ခန္ဓာကိုယ် ထွားကျိုင်းလာတယ်လို့  ထင်ထားတာကိုးဗျ။ တစ်ခါတစ်လေဆိုရင် ကမ္ဘာကျော် လက်ဝှေ့ ချန်ပီယံ ကြီးကိုတောင် စိန်ခေါ်ပြီးထိုးသတ်နိုင်တယ်လို့ တောင် မာနတွေတက်မိသေးတယ်၊ ဆောင်းရဲ့ သတ္တိတွေပေါ့ ခင်မျာ။ စိတ်ပျိုကိုယ်နု ဆိုသလို စိတ်က ရွှင်လန်းနေမှတော့ ခန္ဓာကိုယ်လဲ စိတ်သွားတိုင်း ကိုယ်ပါရောပေါ့။ စိတ်ရော ကိုယ်ပါရွှင်လန်းနေပြီဆိုမှတော့ ဘာလုပ်လုပ် အားလုံးအဆင်ပြေတာချည်းပါဘဲ။
ဒါကြောင့် ကျနော် ဆောင်းကိုချစ်တာ ဆောင်းကိုမြတ်နိုးတာ ဆောင်းကို တွယ်တာတာပါ။
.............................................................
အဲ ဒါပေမဲ့ အဲဒီဆောင်းကိုဘဲ ကြောက်နေမိတယ်၊ (ဆောင်းမှာ နှင်းတွေ ကျမယ်.... အနွေးထည်မရှိရင် ချမ်းမယ်... ချစ်သူအနားမှာရှိရင် အကောင်းဆုံးအနွေးထည်)၊ အဲဒီသီချင်းလေးအတိုင်း ချစ်သူအတွက်နဲ့  စိတ်ဓါတ်ကျပြီး ကြောက်နေတာမဟုတ်ပါဘူး။ ကျနော့်ရဲ့ အားနည်းချက်က ဆောင်းရောက်ရင် လက်ဖ၀ါး ခြေဖ၀ါး အပေါ်ယံ အရည်ခွံလေးတွေ ကွာထွက်လာလေ့ရှိတယ်၊ သွေးထွက်တဲ့ထိအောင် အရည်ခွံဟောင်းတွေ ကွာထွက်ပြီး အတော်ကြာမှ အရည်ခွံအသစ်လေးတွေနေရာပြန်ယူလေ့ရှိတယ်၊ အတိတ်ဘ၀က မြွေဝင်စားခဲ့ သလားလို့ တောင် ထင်မိသေးတယ်။

ပြီးတော့ နှုတ်ခမ်းကွဲတယ်၊ မင်နာလို့ ခေါ်တဲ့ လက်ဖျံအတွင်းမှာ ရွေ့ လျား နေတဲ့ ယားသလိုလို အောင့်သလိုလိုအကြိတ်ကလေး ပေါ်လာတတ်တယ်။ အတော်လေး စိတ်ညစ်ဖို့  ကောင်းတာ ပေါ့ဗျာ။ အေးလေ ကောင်းကျိုး ဆိုးကျိုးကတော့ ဒွန်တွဲနေကြဘဲ မဟုတ်လား။
အဲဒီ အာဂန္တုအနာလေးတွေ ကြောင့် ကျနော် ဆောင်းကို ကြောက်တာပါခင်မျာ။
............................................................
ကျနော်ချစ်တဲ့ ကျနော် မြတ်နိုးတဲ့ ကျနော် ခင်တွယ်တဲ့ ပြီးတော့ ကျနော်ကြောက်တဲ့ ဒီဆောင်းတွင်းကြီးမှာဘဲ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတဲ့
လန်ဒန်မြို့ ကြီးကို ကျနော် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ပါတယ်၊ Heathtrow လေဆိပ်အထွက်မှာဘဲ လန်ဒန်ရဲ့  ရာသီဥတုက စပြီးမိတ်ဆက်လိုက်တယ်။

ဆောင်းဆိုမှ တကယ့်ဆောင်းဘဲ၊ အရမ်းအေးတယ်၊ အေးရတဲ့အထဲ ဒီဇင်ဘာရဲ့ လေကြမ်းတွေက တလစပ် ကျီစယ်နေတော့ ဘယ်လိုနေရမှန်းတောင် မသိဘူးပေါ့ဗျာ၊ (ပိန်ရတဲ့အထဲ ၀ဲခြောက်တွေကစွဲ)ဆိုသလို အသဲထဲထိအောင် ခိုက်ခိုက်တုန်လို့ ပေါ့။ ရန်ကုန်မှာ အပူ၊ TG လေယာဉ်ပေါ်မှာ ခပ်နွေးနွေး၊ လန်ဒန်ရောက်တော့ ခိုက်ခိုက် တုန်ချမ်း။ ၁၇ နာရီ အတွင်းမှာ ရာသီဥတု သုံးမျိုးကို ခံစားလိုက်ရတယ်။

Weather-shock မဖြစ်အောင် အတော်လေးအားတင်းထားရတယ်။ လာကြိုကြတဲ့ သူငယ်ချင်းတွေနှင့်အတူ ကျနော်နေရမဲ့ အိမ်ကို ကားလေးအတင်းမောင်းနှင်လာခဲ့ကြပြီး အိမ်ရောက်တော့မှဘဲ အအေးဓါတ်သက်သာရာရသွားပါတော့တယ်၊ အိမ်အခန်းတိုင်းမှာ စနစ်တကျ Heater တွေ တပ်ဆင်ထားကြတာကိုးဗျ။ အော်... သူတို့ ဆီမှာက ဂလိုကိုး..လို့  ပြာဂလောင်လေသံနဲ့  စိတ်ထဲရေရွတ်ရင်း ကျနော့်ဘ၀ရဲ့  လန်ဒန်အနာဂါတ်ခရီးကို စဉ်းစား တွေးတောပြီး ကော်ဖီပူပူလေး တစ်ခွက်ကိုဘဲ အားရပါးရ သောက်ပစ်မိလိုက်ပါတော့တယ်။
ဟုတ်ကဲ့... ကျနော် ကိုကိုမောင်ပါ။