Friday, 9 September 2011

သူကြီးမင်းရဲ့ လက်ထပ်မင်္ဂလာပုံပြင်


"မောင်ပေါက်ကျော်ရေ.."

"ခင်ဗျား သူကြီးမင်း"

"မင်း ဟိုဘက်ရွာက မင်္ဂလာဆောင် သတင်း ကြားပြီးပြီလား"

"မကြားသေးဘူး သူကြီးမင်း။ ဘယ်ရွာမှာလဲ"

"ဟို ထမ်ဝိုင်ရွာမှာလေ"

"ဟာ ဟုတ်လား။ သူကြီးမင်းကို ဖိတ်ထားတယ် ဆိုပါတော့"

"မဖိတ်ထားပါဘူးကွာ။ ဖိတ်ရင်လဲ ငါက မသွားပါဘူး"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"နဲနဲ စိုးရိမ်စရာ ရှိနေလို့"

"ဘာတွေများ စိုးရိမ်နေတာလဲ သူကြီးမင်းရယ်။ အသဲငယ်လိုက်ပါဘိ"

"တစ်ခြားတော့ မဟုတ်ဘူးကွ။ မတော်သကာ သတို့သမီးက မျက်စိကျပြီး ငါ့ကို သတို့သားနေရာ ဆွဲထည့်လိုက်ရင် ငါ့လူပျိုဂုဏ်လေး ပျက်ရချည်သေးရဲ့"

"သူကြီးမင်းက သူများ ဇနီးလောင်းကို စိတ်နဲ့ ပစ်မှားနေပြန်ပါပြီ။ ဒု သ န သော ကျရောက်တော့မှာဘဲ"

"ဟာ... ဘယ်ကလာ သူများ ဇနီးလောင်းလဲကွ။ ဒီမင်္ဂလာပွဲမှာ သတို့သားမပါဘူး"

"ဘာ.. ဘယ်လို..... ဘယ်လိုဖြစ်တာလဲ သူကြီးမင်း။ သတို့သားက မင်္ဂလာဆောင်ခါနီး ပိုးထိပြီး ဆုံးသွားလို့လား"

"မဟုတ်တာ။ စတင် ကျင်းပကထဲက သတို့သမီးတစ်ယောက်ထဲ မင်္ဂလာပွဲကျင်းပတာ။ သတို့သား မပါဘူး"

"ဒါဖြင့် သတို့သမီးက မင်္ဂလာပွဲတက်ရောက်လာကြတဲ့ သူတွေထဲက ကြိုက်တဲ့သူကို သတို့သားအဖြစ် ပန်းကုံးစွပ် ရွေးချယ်မတဲ့လား"

"အဲဒီလိုလဲ မဟုတ်ဘူးကွ"

"ဒါဖြင့် ဘယ်လိုက ဟုတ်တာလဲ သူကြီးမင်းရ။ လင်းစမ်းပါဦး"

"ဒီလိုကွ။ သူတို့ရွာရဲ့ ရွာလူကြီးကို ရွဲ့ပြီး တစ်ယောက်ထဲ အဲဒီမင်္ဂလာဆောင်ပွဲ ကျင်းပလိုက်တာတဲ့"

"ရွာလူကြီးက ဘာဖြစ်လို့လဲ သူကြီးမင်း"

"ပြောချင်ပါဘူးကွာ။ သူ့ရွာထဲက မိန်းခလေးတွေကို အရွယ်ရောက်ရင် အိမ်ထောင်ပြုကြဖို့ ဖိအားပေးလို့တဲ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့ရွာမှာ လူဦးရေ နည်းနေလို့တဲ့ကွ။ မိန်းခလေးတွေက ပညာဆက်သင်ချင်၊ ရွာလူကြီးက သူတို့ကို အိမ်ထောင်ပြုပြီး ကလေးတွေ တဇွတ်ဇွတ်မွေးစေချင်။ အဲဒီလို ဖြစ်နေတာ။ အဲဒါ အဲဒီ ရွာလူကြီးရဲ့ အမိန့်ကို ဆန့်ကျင်တဲ့ အနေနဲ့ ရွဲ့ပြီး အဲဒီ မိန်းခလေးက တစ်ယောက်ထဲ မင်္ဂလာပွဲကျင်းပလိုက်တာတဲ့။ အကုန်အကျတော့ မနည်းဘူးပေါ့ကွာ။ သတို့သား မပါတာက လွဲပြီး ကျန်တာ အကုန်လုံး တကယ့်လက်ထပ်မင်္ဂလာပွဲလို ကျင်းပလိုက်တာတဲ့"

"အော်.. ဂလိုလား။ သူကြီးမင်းက အဲဒီ မင်္ဂလာပွဲအကြောင်းကို ဘယ်လို သိတာတုန်း။ ပြောပါဦး သူကြီးမင်းရဲ့"

"မင်း အဲဒီ ထမ်ဝိုင်ရွာက မိမဲလေးကို သိတယ် မဟုတ်လား။ ငါ့အိမ်ကို မကြာမကြာ အလည်လာနေကျလေ"

"အင်း သိတယ် သူကြီးမင်း"

"ငါ ဟိုတလောတုန်းက သူဖိတ်ခေါ်လို့ သူ့အိမ်ကို ခဏ အလည်လိုက်သွားခဲ့သေးတယ်။ အဲဒါ သူ့အိမ်က အပြန်မှာ ဘေဘီစိန် လဘက်ရည်ဆိုင် ၀င်ထိုင်ရင်း ဒီသတင်းကို ကြားခဲ့ရတာ"

"ယောက်ျားတွေ ရှားပါးလာတဲ့ လက္ခဏာပေါ့နော် သူကြီးမင်း။ ဘယ့်နှယ် မိန်းခလေး တစ်ယောက်ထဲ လက်ထပ်မင်္ဂလာပွဲ ကျင်းပရတယ်လို့"

"အဲလိုလားတော့ မသိပါဘူးကွာ။ နောက်ပြီး အဲဒီရွာ သတင်းကလဲ ကြားရတာ သိပ်မကောင်းပါဘူး"

"ဘာသတင်းတွေလဲ သူကြီးမင်း"

"အမ္ဗပါလီလက်သစ် မွေးမြူရေး လုပ်ငန်းကို တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ကျော်လောက်က ထောက်ခံကြသတဲ့လေ"

"သူကြီးမင်းက သတင်းစုံသားဘဲ။ ဘယ်ကကြားခဲ့ပြန်တာလဲ သူကြီးမင်း"

"ဒေါက်တာဟင်းရဲ့ အိမ်ကို ၀င်လည်ရင်း သူတို့ပြောတာ ကြားခဲ့တာပါ"

"အင်းနော်... ရွာလေးက သာသာယာယာရှိရဲ့သားနဲ့။ လေးဘက်လေးတန်လဲ ရေတွေနဲ့ ကာရံထားတယ်။ အတော်လှပတဲ့ ရွာလေးပါ။ နာမည်ကလဲ ထမ်ဝိုင်ရွာတဲ့။ ချစ်စရာလေး။ ဒါနဲ့များ အမ္ဗပါလီလက်သစ် လုပ်ချင်နေကြသေးတယ်။ ပြီးတော့ တစ်ယောက်ထဲ လက်ထပ်မင်္ဂလာဆောင်ပွဲတဲ့။ ကြား ကြားဖူးပေါင်"

"အင်းကွာ... ငါလဲ တစ်သက်နဲ့ တစ်ကိုယ် အခုလို တစ်ယောက်ထဲ လက်ထပ်မင်္ဂလာပွဲ ကျင်းပတာ တစ်ခါမှ မကြုံခဲ့ဖူး မကြားခဲ့ဖူးပါဘူး။ ငါကြားဖူးတာကတော့ လက်ထပ်မင်္ဂလာပွဲမှန်ရင် နှစ်မျိုးဘဲ ရှိပါတယ်။ အာဝါဟမင်္ဂလာ(သတို့သားမိဘတွေက သတို့သမီးကို တောင်းယူပြီး အိမ်ကို ခေါ်လာရတဲ့ မင်္ဂလာ) နှင့် ၀ိဝါဟမင်္ဂလာ ( သတို့သမီးမိဘတွေက သတို့သမီးကို သတို့သားအိမ်ကို ထည့်ပေးရတဲ့ မင်္ဂလာ) ဆိုပြီးတော့ပေါ့။ အခုဟာကျတော့ တစ်ယောက်ထဲတဲ့။ အာဝါဟလဲ မဟုတ်၊ ၀ိဝါဟလဲ မဟုတ်နဲ့။ ငါ ဒီသတင်းကြားကြားချင်း ဟို ပုံပြင်တစ်ပုဒ်ကို ပြေးအမှတ်ရမိတယ်"

"ဘယ်ပုံပြင်လဲ သူကြီးမင်း"

"တစ်ခါတုန်းက ကျောင်းတစ်ကျောင်းမှာ အလွန်တရာ ကပ်စေးနှဲတဲ့ ဘုန်းကြီးတစ်ပါး ရှိခဲ့တယ်တဲ့။ ဘယ်လောက်တောင် ကပ်စေးနှဲသလဲဆိုရင် ခရီးသွားရင်း ဆွမ်းချိန်မှာ ဗိုက်ဆာတာတောင် အဆာခံပြီး ၀ယ်မစားဘူးတဲ့။ အငတ်ခံပြီး ပေနေတယ်တဲ့။ ဒါနဲ့ တစ်နေ့မှာ အဲဒီဘုန်းကြီးက မနက်ပိုင်းမှာ ရထားနဲ့ ခရီးတစ်ခုသွားတယ်တဲ့။ ညနေဘက်ရောက်တော့ ရထားစီးပြီး ကျောင်းကို ပြန်လာတယ်တဲ့။ ပြန်ရောက်ရောက်ချင်းဘဲ ကျောင်းမှာ ကျန်ရစ်ခဲ့တဲ့ သီတင်းသုံးဖော် ဘုန်းကြီးတွေကို ၀မ်းသာအားရ စကားဆိုသတဲ့။ အရှင်ဘုရားတို့ တပည့်တော် ဒီနေ့ သံဃာတစ်ပါးကို နေ့ဆွမ်းကပ်ခွင့် ရခဲ့တယ်။ ၀မ်းသာကြည်နူးလိုက်တာလို့ ဆိုသတဲ့"

"သူကြီးမင်း... အဲဒီဘုန်းကြီးက ခရီးသွားရင်း ဖြုန်းကနဲ သဒ္ဓါတရားပေါက်ပြီး ဘုန်းကြီးတစ်ပါးကို ဆွမ်းကပ်ခဲ့တာ ရှိမယ်နော်"

"အဲဒီလို မဟုတ်ဘူး မောင်ပေါက်ကျော်"

"ဒါဖြင့် ဘယ်လိုလဲ သူကြီးမင်း"

"အင်း... ဒီလိုကွ။ ကျန်တဲ့ ဘုန်းကြီးတွေလဲ ဒီဘုန်းကြီး ဒီလောက် ကပ်စေးနှဲတာ ဘုန်းကြီးတစ်ပါးကို ဆွမ်းကပ်ခဲ့တယ်ဆိုတော့ ထူးဆန်းတယ်ပေါ့။ ဒါနဲ့ အဲဒီ ခရီးသွားတဲ့ ဘုန်းကြီးကို ၀ိုင်းမေးကြတာပေါ့။ ဘယ်အရပ် ဘယ်ကျောင်းက ဘုန်းကြီးကို ဆွမ်းကပ်ခဲ့တာလဲပေါ့။ မကပ်စဖူး အကပ်ထူး နေတာကိုး။ အဲဒါနဲ့.. အဲဒီ ခရီးသွားတဲ့ ဘုန်းကြီးက ဘယ်လို ပြန်ဖြေတယ် မှတ်လဲ"

"ဘယ်လို ဖြေလိုက်တာတဲ့လဲ သူကြီးမင်း"

"ငါ့ကိုယ်ငါ ၀ယ်ကပ်ခဲ့တာလေ လို့ ဖြေလိုက်သတဲ့"

"အမ်..."

"အမ် မနေနဲ့ မောင်ပေါက်ကျော်။ သူက အတည်ပြောနေတာ။ သူကလဲ သံဃာတော် တစ်ပါး မဟုတ်လား။ အဲဒါ သူ့ပိုက်ဆံနဲ့ ဆွမ်းဝယ်ပြီး သူ့ဖာသာသူ ကပ်လှူပြီး သူ့ဖာသာသူ စားခဲ့တာလေ။ အဲဒါကို သံဃာတော်တစ်ပါးကို ဆွမ်းလှူခွင့်ရခဲ့တာလို့ ပြောနေတာ။ တကယ့်ကို လွတ်လွတ်စွန့်ကြဲလိုက်တာဘဲ။း))။ အခု မင်္ဂလာဆောင်ပွဲလဲ အဲဒီလိုဘဲကွ။ သူ့ဖာသာသူ တစ်ယောက်ထဲ မင်္ဂလာဆောင်နေတာလေ။ အင်းလေ... ပွဲဖြစ်ဖို့က အဓိက မဟုတ်လား"

"သူကြီးမင်းပြောတော့လဲ ဟုတ်တုတ်တုတ်ဘဲ"

"ဟုတ်တုတ်တုတ် လုပ်မနေနဲ့ မောင်ပေါက်ကျော်။ ငါလဲ သိပ်မရှင်းလို့ တူနှစ်ဖြာ ဂဟေဆက်တဲ့ အာဝါဟ ၀ိဝါဟ မင်္ဂလာ အရာမှာ ပါရဂူအဆင့် ရှိနေတဲ့ ဂုရုကြီး တစ်ယောက်ဆီ သွားမေးကြည့်ဖြစ်တယ်။ တစ်ယောက်ထဲ သူ့ဖာသာသူ လက်ထပ်ပြီးနေထိုင်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရှိသလဲပေါ့"

"အဲဒီ ဂုရုကြီးက သူကြီးမင်းကို ဘယ်လို ဖြေလိုက်တာလဲ သူကြီးမင်း"

"သူဖြေလိုက်တာကတော့ ရှင်းရှင်းလေးဘဲ။ တစ်ယောက်ထဲ သူ့ဖာသာသူ လက်ထပ်ပြီးနေထိုင်ရင် ထမင်းထဲ ထမင်းမြှုပ်စားရသလို ပေါ့ပျက်ပျက်ကြီးဘဲတဲ့"

"အမ်.. ဘယ်လိုကြီးလဲ သူကြီးမင်း"

"ဘယ်လိုမှ မလဲဘူး မောင်ပေါက်ကျော်။ ထမင်းဆိုတာ ဟင်းနှင့်နှယ်ဖတ်ပြီး စားရတဲ့အရာ ဒါမှမဟုတ် ဟင်းနဲ့ အလုပ်အလွေးပြုလုပ်ပြီး စားရတဲ့ အရာမျိုး မဟုတ်လား"

"ဟီး ဟီး ပေါက်ပြီ သူကြီးမင်း ပေါက်ပြီ။ ဟုတ်ပ ဟုတ်ပ ထမင်းကို ထမင်းထဲ မြှုပ်စားရသလိုကြီးးးးးးး ဟီး ဟီး ဟီး ဟီး"

..

Wednesday, 7 September 2011

သူကြီးမင်းရဲ့ ဘလော့ဂါပုံပြင် (တဂ်ပို့စ်)


မိုးကဖွဲဖွဲ။ နေရောင်က မှုန်သုန်သုန်။ ရာသီဥတုက ထိုင်းထိုင်းမှိုင်းမှိုင်း။ တောင်ပြန်လေက တဖြူးဖြူး။ အအေးဓါတ်က ခပ်စိမ့်စိမ့်။ ဖြစ်ချင်တော့ ဒီနေ့မှ မျှစ်ချဉ်နဲ့ ၀က်သား ချက်စားဖြစ်သည်။ မီးဖိုဆောင်က အောက်ထပ်မှာမို့ အောက်ထပ်မှာဘဲ စားခန်းသောက်ခန်း ဖွင့်ဖြစ်သည်။

မျှစ်ချဉ်ဟင်းဆိုတော့ တက်စာပေဘဲ။ တက်စာ စားပြီး အပေါ်ထပ်သို့ တက်လာမိသည်။ တက်တက်ကြွကြွဖြင့် ကွန်ပျူတာကို ဖွင့်ပြီး အင်တာနက်ထဲ ၀င်ကြည့်ဖြစ်သည်။ ကွန်နက်ရှင် နှေးနေသည့်အတွက် "တောက်"ကနဲ တက်တစ်ချက် ခေါက်လိုက်မိသေးသည်။ ဘလော့တစ်ခွင် လျှောက်လည်ကြည့်မိတော့ တက်သစ်စ ဘလော့ဂါတွေ အတော်များနေသည်ကို သတိထားမိသည်။ ထုံးစံအတိုင်း သူကိုယ်တိုင် ဖန်တီးထားသည့် ဘလော့လေးထဲ ၀င်ကြည့်လိုက်သည့်အခါ တဂ်စာ တစ်ပုဒ်ကို တွေ့လိုက်ရသည့်အတွက် "ဂစ် ဂစ် ဂစ်" ဟူ၍ တက်သွားမတတ် ဖြစ်သွားမိသည်။ တက်စာတွေ ရှောင်ထားပါတယ်ဆိုမှ ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် တက်စာတွေနဲ့ချည်း တိုးနေပါရော့လား။း))) တဂ်ထားသည့်သူက ထံ တျာ တေတွေ မြန်မကြာဝေတဲ့ မန္တလာမြေမှ အပျိုဆိုးတွေကို နှိမ်တဲ့ ကိုကိုးအိမ်တဲ့။

တက်စာတွေ ရှောင်ထားပေမဲ့ "တက်ကျိုးရင် လက်ထိုးလှော်"မည့်သူ ဖြစ်သည်နဲ့ အညီ သက်ပြင်း လုံးဝ မချဘဲ သက်သက်သာသာဖြင့်ပင် ကိုကိုးအိမ်ရဲ့ တဂ်စာကို သွေးတက်တက်ဖြင့် တက်ကြွစွာ ရေးမိလိုက်လေသည်။ တက်ခေတ်ကြီးမှာ တက်စာတွေ စားနေရ၊ တဂ်စာတွေ ရေးနေရသည်ကိုပင် တိုးတက်သည်ဟု ခေါ်ဆိုနိုင်သည် မဟုတ်ပါလား။ "ငုတ်မိသဲကိုင် တက်နိုင်ရင် ထက်ဖျားရောက်"ဟူ၍ ဆိုထားသည့်အတွက် တဂ်စာများကို နှစ်သက်စွာ ရေးသင့်သည်ဟု မြင်မိသည်။ ဆရာကြီးသိန်းဖေမြင့်၏ "တက်ခေတ်ဘုန်းကြီး"၊ "တက်ခေတ်နတ်ဆိုး"တို့လောက် ရသ မမြောက်သည် ထားဦး၊ တက်လမ်းရှာဖွေသူတို့အတွက် တဂ်စာကို တက္ကသိုလ်ကျောင်းသားများ နိုက်ကလပ် တက်ကြသကဲ့သို့ နေတက်ရေတက်မှာ တက်တက်ကြွကြွ ရေးသားသင့်သည် မဟုတ်ပါလော။း))

အင်းးး လေရှည်သွားပြီထင့်။ ကိုကိုးအိမ် တဂ်တဲ့ ခေါင်းစဉ်က "ဘလော့ဂါဆိုတာဘာလဲ" တဲ့။ အမှန်မှာ သူ(ကျနော်)သည် ထိုတဂ်၏ အဖြေကို ယခုမှ ရေးသားခဲ့သည် မဟုတ်၊ ဟိုးးးး လွန်ခဲ့သည့် ၂ နှစ်လောက်ကထဲက ဘလော့ဂါဆိုတာ ဆိုသည့်ခေါင်းစဉ်ဖြင့် ရေးသားဖူးခဲ့လေသည်။(ကြော်ငြာ)း(။ သို့သော် ယခု တဂ်ကြသည့် "ဘလော့ဂါဆိုတာဘာလဲ" ဆိုသည်မှာ "တစ်မျိုးတစ်ဘာသာ တစ်ရွာတစ်ပုဒ်ဆန်း"ဆိုသလို သစ်ဆန်းနေသဖြင့် အဘယ်ကဲ့သို့ ရွှီးရမည်နည်းဟုသာ စိတ်တွင်း သန္ဓေကိန်းနေမိလေတော့သည်။ သိသလောက် ပေါရရင်ဖြင့်... အင်း.. ပြောရရင်ဖြင့် ဘလော့ဂါဆိုတာ ဒီလိုပါတဲ့။

ဘလော့ဂါဆိုတာ.....
B=ဘယ်သူတွေ ဘာပြောပြော
L=လိမ်တာညာတာချည်းဘဲ
O=အိုတယ်ပျိုတယ် ဆိုပြီးတော့
G=ဂျစ်ကန်ကန်နဲ့
G=ဂျီကျရုံလောက်သာ နားလည်ပြီး
E=အီစီကလီလုပ်ဖို့နှင့်
R=အာကြ ညာကြဖို့ဘဲ သိတဲ့သူတွေ တဲ့။း))

နောက်ပြီး...
B=Boasting ( ကြွားဝါခြင်း)
L=Laughing (ဟားတိုက် လှောင်ပြောင်ခြင်း)
O=Over-talking (အလွန်အမင်းပြောဆိုခြင်း)
G=Gossiping (အတင်းအဖျင်းပြောဆိုခြင်း)
G=Grousing (ညည်းတွားခြင်း)
E=Entertaining (ဖျော်ဖြေပေးခြင်း)
R=Rumouring (ကောလာဟလ ထုတ်လွင့်ခြင်း) တို့ကို လှိုင်လှိုင် သုံးစွဲကြတဲ့သူတွေ တဲ့။ ။

မှတ်ချက်။
http://www.eot.com/Encyclopedia of Tonebalar (New version) နှင့် http://www.tld.com/ Tonebalar Learners' Dictionary (9th Edition) တို့ကို ကိုးကားထားပါသည်။
.....

အန်တီတင့်ကတော့ သူ့ဘလော့မှာ ဒီလိုလေး ဖွင့်ဆိုထားလေရဲ့။

“ဘလော့ဂါဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားများအဖြစ် ပြောင်းလဲပြီး စာဖတ်သူများကို စေတနာ သဒ္ဓါထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ"

အန်တီက တည်တည်ငြိမ်ငြိမ်စာရေးတဲ့သူဆိုတော့ သူ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကလေး အရမ်းကောင်းပါတယ်။ ကျနော်လဲ ကြိုက်ပါတယ်။ ကြိုက်လို့လဲ သူ့ဆီက ဒီစာသားလေးကို ပြန်ဖော်ပြလိုက်တာပါ။ သဒ္ဒါကို သဒ္ဓါလို့ ပြင်လိုက်တာက လွဲရင်ပေါ့။ (ကျနော်လဲ အန်တီတင့်နဲ့ သဘောထပ်တူ ကျပါတယ်)။
...

အင်း.. နောက်ပြီး ဘလော့ဂါဆိုတာ ဒီလိုလေးလဲ ပတ်ဝန်းကျင်ကို စပ်စုတတ်ဦးမှ။း))
ပြီးတော့ ဘလော့ဂါဆိုတာ ဒီလိုလေးလဲ Context မိမိနဲ့ ဖတ်တဲ့သူ ခေါင်းမူးအောင် ရေးတတ်ဦးမှ။း))
.....

(ချုပ်ပြောရရင်တော့...)
ဘိလပ်မှာနေပြီး ဗမာလိုပြောသည်။
လောက်လောက်ငှငှ ချက်ပြုတ်စားသောက်သည်။
ဂါဂါ(လေဒီ)ကို ကြိုက်နှစ်သက်သည်။
ထို့ကြောင့်
ထိုသူကို ဘလော့ဂါဟု ခေါ်သည်။ ။
...

ထပ်ဆင့်မှတ်ချက်။
ရယ်မောစေလို၍ ကြီးတောင့်ကြီးမားနဲ့ ပေါလိုက်သည်။ ပေါလော့ဂါ.. အဲ.. ဘလော့ဂါအပေါင်းလဲ ပေါနိုင်... အဲလေ.. ပျော်နိုင် ရယ်မောနိုင်ကြပါစေ။း))

ခင်မင်လျှက်
ကိုကိုမောင်(ပန်းရနံ့)

.

Sunday, 4 September 2011

မောင်နတ်ကြီးပုံပြင် (ဖြစ်ရပ်မှန် စဆုံး)


လူသည် အခက်အခဲ ရှိချင်သူမဟုတ်။ သို့သော် အခက်အခဲနဲ့ ကြုံရမြဲဖြစ်၏။ လူသည် အမြဲ ပျော်ရွှင်ချင်သူ ဖြစ်၏။ သို့သော် စိတ်ဆင်းရဲရသည်က ပိုများလေ၏။ လူသည် သူများ အပြစ်ကို ရွေးမြင်တတ်၏။ သို့သော် ကိုယ်တိုင် ကျူးလွန်သည့် အပြစ်က ပိုများလေ၏။ လူသည် ချမ်းသာစွာ အသက်မွေးလို၏။ သို့သော် ပင်ပန်းကြီးစွာ ရုန်းကန်နေရ၏။ လူသည် အချိန်တိုင်း လိုအင်ဆန္ဒ ပြည့်ချင်ကြ၏။ သို့သော် မလိုချင်သည်များ ဖြစ်သည်က ပိုများ၏။

ဤသို့ ဤနှယ် ဖြစ်ချင်တိုင်း မဖြစ်၊ မဖြစ်ချင်တိုင်း ဖြစ်နေရသည့် လူ့ဘောင် လောကကြီးထဲ၌ ကျွန်ုပ်သည်လည်း ကျင်လည်ကျက်စားနေရ၏။ ထိုကဲ့သို့ ကျင်လည် ကျက်စားနေရသည့် ကျွန်ုပ်အား စိတ်ချမ်းသာမှု ပေးသော သူတို့အားလည်းကောင်း၊ စိတ်ဆင်းရဲမှု ပေးသော သူတို့အားလည်းကောင်း၊ နှစ်မျိုးလုံး ပေးသော သူတို့အားလည်းကောင်း၊ နှစ်မျိုးလုံး မပေးသော သူတို့အားလည်းကောင်း ကျွန်ုပ်၏ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူး တင်မိပေ၏။

အကြောင်းမှာ။
ကျွန်ုပ်သည် ရံခါ ပျော်၏။ ရံခါ ပျင်း၏။ ရံခါ စိတ်ချမ်းသာ၏။ ရံခါ စိတ်ဆင်းရဲ၏။ ရံခါ စိတ်ဓါတ် တက်ကြွ၏။ ရံခါ စိတ်ဓါတ် ကျ၏။ ရံခါ ဒေါသစိတ်ဖြစ်၏။ ရံခါ မေတ္တာစိတ်ဖြစ်၏။ ရံခါ လောဘဖြစ်၏။ ရံခါ စေတနာ ဖြစ်၏။ ထိုကဲ့သို့ ဖြုတ်ကနဲ ဖျက်ကနဲ ပြောင်းလဲ ဖြစ်ပေါ်နေသာ ခဏငယ်ပေါင်းများစွာ၌ လုံးဝမပြောင်းလွှဲသော အရာတစ်ခုသည် ကျွန်ုပ်ထံပါး၌ အမြဲ ရှိနေလေ၏။ ထိုသည်မှာ ဘလော့ပေါ်၌ စာရေးခြင်းပင်ဖြစ်၏။

ခံစားချက်စုံလေ စာရေးအား ကောင်းလေပင်ဖြစ်၏။ ကျွန်ုပ် သိပ်ပျော်ရင်လည်း စာရေး၏။ သိပ်ပျင်းရင်လည်း စာရေး၏။ စိတ်ညစ်ရင်လည်း စာရေး၏။ စိတ်ချမ်းသာရင်လည်း စာရေး၏။ စိတ်ဓါတ်တက်ကြွရင်လည်း စာရေး၏။ စိတ်ဓါတ်ဘုံးဘုံးကျရင်လည်း စာရေး၏။ ဒေါသဖြစ်ရင်လည်း စာရေး၏။ မေတ္တာစိတ်ဖြစ်ရင်လည်း စာရေး၏။ လောဘဖြစ်ရင်လည်း စာရေး၏။ စေတနာဖြစ်ရင်လည်း စာရေး၏။ ထို့ကြောင့် ထိုကဲ့သို့ ရသမျိုးစုံကို ကျွန်ုပ်အား ပေးသနားကြသော ကျွန်ုပ်ကို မုန်းသူ၊ ကျွန်ုပ်က မုန်းသူ၊ ကျွန်ုပ်ကို ချစ်သူ၊ ကျွန်ုပ်က ချစ်သူ။ အားလုံးသော သူတို့အား ကျေးဇူးဥပကာ အထူးတင်ရှိပေ၏။

ကျွန်ုပ်၏ စိတ်ကို အစဉ်အားဆေး တိုက်ကျွေးသူတို့မှာ ကျွန်ုပ်၏ ဘလော့အိမ်လေးအား အလည်လာရောက်ပြီး အားပေးစကား ပြောကြားကြသည့် ဘလော့ဂါများ စာဖတ်သူများပင် ဖြစ်၏။ ထိုသူတို့၏ ဖြူစင်သည့် စေတနာတို့ကြောင့် ကျွန်ုပ်သည် ကလောင်ကို ပိုသွေးဖြစ်ခဲ့လေ၏။ ၀ါကျအထားအသို ပို သတိထားလာ၏။ စကားလုံး ရွေးချယ်မှု ပို ဂရုစိုက်လာ၏။ သို့သော် အမှားကင်းသည့် အဖြစ်သို့မူ မရောက်သေးပေ။ အမှားတွေ့လျှင် ပြင်ပေးကြပါကုန်။

ကျွန်ုပ်စာရေးသောအခါ၌ ကျွန်ုပ်၏ နာမ်စားကို "ကျနော်"ဟုလည်းကောင်း "ကျွန်ုပ်"ဟုလည်းကောင်း "သူ"ဟုလည်းကောင်း အမျိုးမျိုး သုံးစွဲခဲ့လေ၏။ သို့သော် နောက်ပိုင်း၌ "(တုံးဖလား) သူကြီးမင်း"ဟူသော အသုံးအနှုန်းကို ပို အသုံးများလာ၏။ အဘယ့်ကြောင့်ဆိုသော် သူကြီးမင်းဖြတ်ထုံးများအား ရေးပြီး နောက်တွင်မှ ကျွန်ုပ်အား လူသိများလာခြင်းကြောင့် ဖြစ်၏။ နောက်ပြီး "တုံးဖလား"ဟူသော ကျွန်ုပ်၏ ရွာငယ်ဇနပုဒ်ကလေးအား အွန်လိုင်း အင်တာနက်ပေါ်၌ အမြဲတမ်း သမိုင်းတင် ကျန်ရစ်စေချင်သောကြောင့်လည်း "(တုံးဖလား)သူကြီးမင်း"ဟူသော အမည်ကို သုံးဖြစ်ခြင်း ဖြစ်၏။

ကျောင်းစာထက် ဘလော့ကို ပို၍စိတ်ဝင်စားသော ကျွန်ုပ်သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ၌ အပိုင်း ၁၅ ပိုင်းပါရှိသည့် "မောင်နတ်ကြီး" အမည်ရှိ အခန်းဆက် ပို့စ်များအား တစ်ပတ်အတွင်း အပြီးတင်ခဲ့ဖူးလေ၏။ သမိုင်းတွင် လူအများ သတိမထားမိကြသည့် တုန်လှုပ်ထိတ်လန့်ဖွယ် သွေးပျောက်ချောက်ခြားဖွယ်ကောင်းလှသည့် သမိုင်းအစစ်အမှန်ကို စကားလုံးအဖွဲ့အနွဲ့ တန်ဆာဆင်ပြီး ဇာတ်အိမ်ဖွဲ့ ရေးသားခဲ့လေ၏။

ထိုပို့စ်များအား တင်သော အခါကာလက ကျွန်ုပ်အား လူသိနည်းသေး၏။ ဘလော့ဂါများလည်း ယခုလောက် မပေါ်ပေါက်လာသေးပေ။ စာဖတ်အားပေးသူများလည်း ယခုလောက် အရေအတွက် မရှိခဲ့ပေ။ ထို့ကြောင့် ထိုပို့စ်များကို မဖတ်ရသေးသူများအား အပျင်းပြေ သမိုင်းကျေ ဖတ်မိစေရန် ထိုမောင်နတ်ကြီးပို့စ်အား ပီဒီအက်ဖ်ဖိုင် ပြုလုပ်ကာ ဤနေရာ၌ ပြန်လည် ဖော်ပြပေးလိုက်ပေ၏။ ပီဒီအက်ဖ်ဖိုင် ပြုလုပ်စဉ်က စာလုံးများ မှန်ကန်နေသော်လည်း နည်းပညာအားနည်းသည့်အတွက် ဤနေရာ၌ တင်လိုက်သောအခါတွင်မူ အချို့စာလုံးများ အချင်းချင်းထပ်နေလေ၏။ ထို့ကြောင့် ဒေါင်းလုပ်ဆွဲပြီး ဖတ်လျှင် ပိုကောင်းမည်ထင်၏။ အကယ်၍ စာဖတ်သူများ ဤနေရာ၌ ဖတ်၍ အဆင်မပြေလျှင် ဤနေရာ၌လည်းကောင်း Sidebar ရှိ "မောင်နတ်ကြီး PDF ဖိုင်"အောက်က လင့်ခ်လေးပေါ်၌လည်းကောင်း ကလစ်လုပ်ပြီး Adobe Reader ဖြင့် ဖတ်ကြပါလေကုန်။

မောင်နတ်ကြီး

အပျင်းပြေ ဖြစ်ဖြစ်၊ လှိုက်လှိုက်လှဲလှဲ ဖြစ်ဖြစ်၊ အားနာလို့ ဖြစ်ဖြစ်၊ လာရောက်ဖတ်ရှုပြီး အားပေးစကား မြွက်ကြား ပေးလျှင်ဖြင့် ကျွန်ုပ်အဖို့ ကျေးဇူးအထူးတင်ပြီး ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ တအိအိဖြစ်နေမည်မှာ အသေချာကြီး သေချာလှပေတော့၏။ ။း))

ကျေးဇူးတင်စွာဖြင့်
ကိုကိုမောင်(ပန်းရနံ့)

..

Wednesday, 31 August 2011

သူကြီးမင်းရဲ့ ဘလော့ဂါဒေး ပုံပြင်

"ဗျို့ သူကြီးမင်း"

"ဟာ.. မောင်ပေါက်ကျော်၊ မတွေ့တာ အတော်လေး ကြာသွားပြီကော"

"ဟုတ်တယ် သူကြီးမင်း၊ မတွေ့ဆို ကျနော်လဲ အလုပ်များနေလို့"

"ဘာတွေ လုပ်နေတာတုန်း မောင်ပေါက်ကျော်ရ"

"ဘာရယ်လို့တော့ မဟုတ်ပါဘူး သူကြီးမင်း၊ ပေါ်ကာဒေး ပွဲတွေ လိုက်စားနေလို့"

"ဘယ်လို ဘယ်လို မောင်ပေါက်ကျော်၊ ပြန်ပြောစမ်းပါဦး"

"ဟာ... သူကြီးမင်းကလဲ၊ ခေတ်နောက်ကျလိုက်တာ။ အိမ်သာနက်ထဲမှာ ပေါ်ကာဒေး ပွဲတော်ကြီး ကျင်းပနေတာ မသိဘူးလား။ ဒီနေ့ (သြဂုတ် ၃၁)မှာ တကယ့်ပွဲတော်ကြီးလေ"

"မောင်ပေါက်ကျော်.. မင်းလုပ်လုပ်မှ ဘလော့ဂါတွေအားလုံး ဖဲသမားတွေ ဖြစ်ကုန်ရော့မယ်။ ဘယ့်နှယ် ပေါ်ကာဒေးရမှာလဲကွ။ ဘလော့ဂါဒေးပါ။ ပြီးတော့ အိမ်သာနက် မဟုတ်ဘူး။ အင်တာနက်။ အင်တာနက်။ မင်းကတော့ အမှားတော်တော်ကောင်း"

"သိဘူးလေဗျာ။ ကျနော်က နားစွန်နားဖျားဘဲ ကြားခဲ့တဲ့ ဥစ္စာ။ သူကြီးမင်း သိတဲ့အတိုင်းဘဲလေ။ ကျနော်တို့ တုံးဖလားရွာမှာ ဘလော့ဂါတွေရော ဘလော့ချာတွေရော ဘလော့နာတွေရော တစ်ယောက်တစ်လေလေးတောင် ရှိမှ မရှိကြတာဘဲကို။ ပြီးတော့ အင်တာနက်ဆိုတာကြီးကလဲ စိတ်ထဲမှတ်ရ အရမ်းခက်တယ်။ ဒါကြောင့် လွယ်လင့်တကူဘဲ အိမ်သာနဲ့ တွဲမှတ်ထားမိတဲ့အတွက် အိမ်သာနက်လို့ ဖြစ်သွားတာပါ"

"မင်းပြောမှဘဲ ငါ ကိုရင်ပေါက်စ ဘ၀ကို အမှတ်ရသွားမိတယ်။ ပေါ်ကာဒေး ကျင်းပခဲ့ကြတာ။ အဲ... ပေါ်ကာ ဆွဲကစားခဲ့ကြတာလေ"

"ဟာ... စိတ်ဝင်စားစရာဘဲ။ ဆက်ပြောပါ သူကြီးမင်း"

"မင်း မပြောခိုင်းလဲ ပြောမှာပါဘဲ။ ပြောဖို့ နိဒါန်းချီနေတဲ့ ဥစ္စာ"

"ဟဲ.. ဟဲ... သူကြီးမင်းကတော့ တစ်နေ့ တစ်မျိုး မရိုးရဘူး။ ဆက်ပြောပါ သူကြီးမင်း။ ကျနော်ကတော့ အပါးတော်မြဲမှာ နားတော်စွဲလျှက် ရှိကြောင်းပါဗျားးး"

"အေးကွာ... ငါ ကိုရင်ပေါက်စ ဘ၀တုန်းက ဘယ်လိုကနေ ဘယ်လို ဖဲကစားတတ်လာမှန်း မမှတ်မိတော့ဘူး။ ပေါ်ကာတို့ ကိုးမီးတို့ တွမ်တီးဝမ်းတို့ အကုန် ကစားတတ်တယ်။ ကိုရင်ကျောင်းသားတွေ ကြားထဲမှာ ဖဲကစားခြင်း အနုပညာဟာ မသင်ရပါဘဲ တွင်ကျယ်ထင်ရှားလာတယ်။ ဒါပေမဲ့ ကျောင်းထိုင်ဘုန်းကြီးက လုံးဝ မကြိုက်ဘူး။ ဖဲကစားတာမိရင် ကြိမ်လုံးစာ မိဖို့သာ ပြင်ပေတော့ဘဲ"

"ဒါဖြင့် သူကြီးမင်းကော ကြိမ်လုံးစာ မမိခဲ့ဖူးဘူးလား"

"မမိခဲ့ဘဲ နေပါ့မလားကွာ။ ကိုရင်ကျောင်းသားနဲ့ ကျောင်းထိုင်ဘုန်းကြီးကြားမှာ ကြိမ်ဖူးဟင်း ကျွေးခြင်း ကြိမ်ဖူးဟင်းစားခြင်း အနုပညာက ထုံးစံကြီးဘဲကို "

"အင်း... အဲဒီ အနုပညာက ကြောက်စရာကြီးပါလား"

"မကြောက်ပေါင် မောင်ပေါက်ကျော်။ မကြောက်လို့လဲ သိသိကြီးနဲ့ မိုက်ကြတာလေကွာ။ တစ်နေ့မှာ ငါရယ် တစ်ခြား ကိုရင်နှစ်ပါးရယ်၊ ကျောင်းသားကြီးတစ်ယောက်ရယ်၊ နောက်ပြီးတော့ ဦးဇင်းတစ်ပါးရယ် ဆွမ်းစားကျောင်းက အခန်းတစ်ခန်းထဲမှာ ပေါ်ကာ ကစားနေကြတယ်။ အဲဒီ ဦးဇင်းဘွဲ့တော်က ဦးမုနိန္ဒတဲ့။ ငါးယောက် ငါးအိမ်ပြည့် ကစားကြတာပေါ့ကွာ။ ဘာတမ်းညာတမ်းတော့ မဟုတ်ပါဘူး။ နဖူးမှာ အိုးမဲခွေတမ်းလောက်ပါဘဲ။ ငါးယောက်လုံး တစ်လှည့်စီ ရှုံးကြတာဆိုတော့ နဖူးထိပ်မှာ အိုးမဲခွေ ကိုယ်စီတွေနဲ့ပေါ့"

"ဒါဖြင့် သူကြီးမင်း နဖူးထိပ်မှာလဲ အိုးမဲခွေကြီးနဲ့ပေါ့"

"မင်းကလဲ ငါးယောက်လုံးဆိုမှတော့ ငါလဲ ပါရောပေါ့ကွာ"

"ဟဲ ဟဲ အခုနေ ပုံဖော်ကြည့်ရင် ရယ်စရာကြီး ဖြစ်နေလို့"

"အင်း..... ဟုတ်မယ်။ အခုနေ ပုံဖော်ကြည့်ရင်တော့ ရယ်ချင်စရာကြီးပေါ့ကွာ။ အဲဒီတုန်းကတော့ မရယ်နိုင်ခဲ့ပါဘူး"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"ပေါ်ကာ ဆွဲတာ ကျောင်းထိုင်ဘုန်းကြီးနဲ့ မိသွားလို့"

"ဟင်.... ဟုတ်လား သူကြီးမင်း"

"အင်း... နေရာတိုင်းမှာ သစ္စာဖောက်တွေက များပါဘိသနဲ့။ ဘယ်ကိုရင်က တိုးတိုးတိတ်တိတ် ဘုန်းကြီးကို သွားတိုင်လဲ မသိပါဘူး။ ဘုန်းကြီးက ငါတို့ ပေါ်ကာဆွဲကစားနေတဲ့ ဆွမ်းစားကျောင်းပေါ် ဒိန်းဒိန်းဒိန်းဆိုပြီး တက်လာတယ်။ ငါတို့လဲ ဟာ ဆရာလာပြီဆိုပြီး ဖဲချပ်တွေကို စုပြီး ဖွက်လိုက်တာပေါ့ကွာ။ ဒါပေမဲ့လဲ ကလေးအတွေးဆိုတော့ လုံအောင် ဘယ်ဖွက်နိုင်ပါ့မလဲ။ ဖဲချပ်တွေ စုပြီးထပ်ထားတဲ့ ဖဲထုပ်ကြီးကို ငါတို့ ၀ိုင်းထိုင်နေတဲ့ ဖျာအောက်ကို ထိုးထားလိုက်တာကိုး။ ဖျာကြီးက မို့မို့မောက်မောက်ကြီး ဖြစ်နေတယ်။ ပြီးတော့ နဖူးက အိုးမဲခွေတွေကိုလဲ လက်ဖ၀ါးနဲ့ ပွတ်ပြီး အမြန်ဖျက်လိုက်ကြတယ်။ ဒါပေမဲ့ ပျက်မသွားပါဘူး။ ပျံ့ဘဲ ပျံ့သွားတာ။ ရယ်စရာကြီး။ ဘုန်းကြီးက မေးတယ်။ မင်းတို့ ဘာလုပ်နေကြတာလဲတဲ့။ စကားပြောနေကြတာ ဆရာလို့ ဖြေလိုက်ကြတယ်။ အဲဒီ ဖျာအောက်က ဘာကြီးလဲတဲ့။ ထုတ်ပြစမ်းတဲ့။ လက်တုန်တုန်နဲ့ ထုတ်ပြလိုက်ရတယ်။ ဖဲထုပ်ကြီး အထင်းသား ပေါ်လာတယ်။ ဘုန်းကြီးလက်ထဲ ချက်ချင်း ရောက်သွားတယ်။ ဘုန်းကြီးက ထပ်ပြောတယ်။ မင်းတို့အားလုံး မတ်တပ်ထစမ်းတဲ့။ ငါတို့အားလုံး မတ်တပ်ထလိုက်ကြတယ်။ အဲဒီအခါမှာ ငါတို့အဖွဲ့ထဲက ဦးဇင်းရဲ့ သင်းပိုင်ကြားထဲက ဖဲတစ်ချပ် ထွက်ကြလာတယ်။ သူက ဘုန်းကြီး လာတဲ့အခါ ဖြုန်းကနဲ သူ့သင်းပိုင်ကြားထဲ ထိုးထည့်ထားလိုက်တာကိုး။ အဲဒီ ဖဲချပ်ကို ဘုန်းကြီးလဲ မြင်ရော... မုနိန္ဒ အဲဒါ ဘာလဲတဲ့။ သိသိကြီးနဲ့ မေးတာ။ အဲဒီ ဦးဇင်းလဲ ဖြေလိုက်ပါတယ်။ ၀မ်း ပါဘုရား တဲ့။ A အကြီးကြီး တစ်ပေါက်ထဲ ဖဲချပ်လေ။ ဘုန်းကြီး စိတ်တွေ ဆိုးပြီး... မုနိန္ဒ.. မင်းလဲ မကြီးမငယ်နဲ့... မိုက်ချင်သေးတယ် ဆိုပြီး အားလုံးကို နဘန်ကျင်းသွားတယ်။ ပြီးတော့ မေးသေးတယ်။ ဒီ ဖဲထုပ် ဘယ်က ရလာတာလဲ တဲ့။ အဲဒီ ဦးဇင်းက ဖြေလိုက်တယ်။ ကိုရင်ကိုကိုမောင် ယူလာတာတဲ့။ ကဲ မှတ်ကရော။ အ တဲ့ သူ ခံကြစတမ်းပေါ့။ ဒါဖြင့် မဟုတ်ဘူးလားဆိုတော့ ဟုတ်တော့ဟုတ်တယ်။ ဒါပေမဲ့ ငါ့အပိုင် မဟုတ်ဘူး။ အခြားဘုန်းကြီးကျောင်းသား တစ်ယောက်ဆီက ခဏသွားငှားထားတာလေ။ သူတို့လဲ သိရဲ့သားကြီးနဲ့"

"အဲဒါပြီးတော့ ဘာတွေ ဆက်ဖြစ်သေးလဲ သူကြီးမင်း"

"ဘုန်းကြီးက ပြောတယ်။ ကိုရင်ကိုကိုမောင်... မင်း ငါ့နောက်လိုက်ခဲ့။ ရော့ ဒီဖဲထုပ်ပါ ယူလာခဲ့တဲ့။ ငါလဲ ဘုန်းကြီးနောက် လိုက်သွားလိုက်တယ်။ ဘုန်းကြီးက မီးခြစ်နဲ့ ဖယောင်းတိုင် ယူလာပြီး ဖဲ တစ်ချပ်ချင်းစီကို မီးရှို့ခိုင်းတယ်။ အားလုံး အချပ်ငါးဆယ်ကျော်ဘဲ။ မီးရှို့ပြီးတော့ ရေတစ်ခွက် သွားခပ်ခိုင်းတယ်။ ငါလဲ စိတ်ထဲက ဘုန်းကြီး ရေဆာလို့ နေမှာပါဆိုပြီး ရေတစ်ခွက် သွားယူလိုက်တယ်။ ဘုန်းကြီးက အဲဒီ ရေခွက်ထဲ ခုနက မီးရှို့ထားတဲ့ ဖဲချပ်ပြာမှုန့်တွေကို ထည့်ခိုင်းတယ်။ နောက် မွှေခိုင်းတယ်။ ပြီးတော့ ငါ့ကို သောက်ခိုင်းပါရောလား မောင်ပေါက်ကျော်.."

"ဟား ဟား ဟား။ ဘယ်လို အရသာရှိလဲ သူကြီးမင်း"

"ထွီး... တစ်ငုံသောက်ကြည့်ပြီး မထိန်းနိုင်ဘူး။ ထွေးထုတ်ပစ်လိုက်တယ်။ ဘယ်လို အရသာမှန်းတောင် ကောင်းကောင်း မမှတ်မိတော့ပါဘူး။ စပ်ခါးခါးနဲ့ ပြာအနံ့ ထင်တာပါဘဲ။ ငါလဲ ဆက်မသောက်နိုင်တော့ဘူး။ အဲဒီနေရာမှာတင် ငါ့ကို ဘုန်းကြီးက ဆော်ပလော် ထပ်တီးတော့တာပေါ့ကွာ။ ပြီးတော့ ထပ်ပြောသေးတယ်။ နောက်တစ်ခါ ဖဲကစားတာ မိရင် ဖဲပြာဟင်းနဲ့ ထမင်းစားရဖို့ ပြင်ထားတဲ့"

"သူကြီးမင်းကတော့ ရေပေါင်းစုံ ဟင်းပေါင်းစုံ စားဖူးမဲ့ ပုံဘဲနော်"

"ငါလဲ နောက်တော့ ဖဲမကစားရဲတော့ပါဘူးကွာ။ ဖဲဖျော်ရည် သောက်ရတာနဲ့တင် နောင်ကြဉ်သွားပါပြီ။ ဒါပေမဲ့ တစ်ခြား ကိုရင် ကျောင်းသားတွေကတော့ ထပ်ကစားကြသေးတယ်ကွ"

"ဟုတ်လား သူကြီးမင်း။ တော်တော် သတ္တိရဲတဲ့ ကိုရင် ကျောင်းသားတွေဘဲ"

"သတ္တိရဲဆို သူတို့က ကျောင်းပေါ်မှာ မကစားကြဘူးလေ"

"ဒါဖြင့် ဘယ်မှာ သွားကစားကြတာလဲ"

"မင်းပြောတဲ့ အိမ်သာနက်ထဲ သွားကစားကြတာ"

"ဘယ်လိုလုပ်ပြီး အိမ်သာနက်ထဲ သွားကစားကြတာလဲ သူကြီးမင်း"

"အေးကွာ.. ပြောရရင်တော့ အဲဒီတုန်းက ဘုန်းကြီးကျောင်းမှာ ကိုရင်ကျောင်းသားက စုစုပေါင်း ရာချီရှိနေတာကိုး။ အဲဒီတော့ ကိုရင်အိမ်သာသီးသန့်၊ ကျောင်းသာအိမ်သာ သီးသန့် ဆောက်ထားပေးရတယ်။ ကျောင်းသား ဦးရေက ပိုများတဲ့အတွက် ကျောင်းသားအိမ်သာကို ပိုကြီးကြီး ဆောက်ပေးရတယ်။ အလျား ၁၅ ပေ အနံ ၅ ပေ လောက်ရှိတယ်။ အနက်က ၁၅ ပေလောက် ရှိမယ်ထင်တယ်။ အိမ်သာကျင်းပေါ် ကြမ်းပြင်ခင်းထားတယ်။ အိမ်သာတက်ဖို့ အပေါက် ၇ ပေါက်လောက် ဖောက်ထားပေးတယ်။ တစ်ပြိုင်နက် ၇ ယောက် တက်လို့ရတဲ့ သဘောပေါ့။ ဒါပေမဲ့ အခန်းတော့ ဖွဲ့ထားမပေးဘူး။ အမိုးကို သက်ကယ် မိုးပေးထားတယ်။ အဝေးက ကြည့်ရင်တော့ အိမ်သာနဲ့ မတူဘဲ အိမ်တစ်လုံးနဲ့ တူနေတယ်။ ဖြစ်ပုံက ဒီလို။ အဲဒီ အိမ်သာကို သုံးစွဲခဲ့တာ ကြာပြီထင်ပါ့။ တစ်ဝက်လောက်က ပြည့်နေပြီ။ အိမ်သာကလဲ သိပ်မကောင်းတော့ဘူး။ ဒါနဲ့ ဘုန်းကြီးကျောင်းဝင်းထဲ နောက်ထပ်အိမ်သာတစ်လုံးထပ်ဆောက်တယ်။ ရေလောင်းအိမ်သာပေါ့။
ရေလောင်းအိမ်သာ ဆောက်ပြီးသွားတော့ ကျောင်းသားအများစုက ရေလောင်း အိမ်သာဘက် သွားတက်ကြတယ်။ လက်ရှိ အိမ်သာကို သိပ်အသုံး မပြုကြတော့ဘူး။ အိမ်သာပျက်လိုလို ဘာလိုလို ဖြစ်နေတာပေါ့။ ဒါပေမဲ့ ရေလောင်းအိမ်သာ မသုံးတတ်တဲ့ တစ်ချို့ ကျောင်းသားအနည်းစုက ရံဖန်ရံခါ အိမ်သာပျက်မှာ လာတက်တတ်တယ်။ ကိုရင်ကျောင်းသားတွေက အဲဒီအိမ်သာပျက် ကြမ်းပြင်ကို ခွါလိုက်ပြီး အိမ်သာထဲ ဆင်းကာ ကျင်းတစ်ဝက်လောက်မှာ လင့်စင်လိုလို စင်တစ်ခု သွားထိုးထားကြတယ်။ ထောက်တိုင်တွေနဲ့ ကျကျနန ကန်ထားတယ်။ လေးငါးယောက်လောက်တော့ အသာလေး နေလို့ရတဲ့ လင့်စင်မျိုးပေါ့။ ပြီးတော့ ကြမ်းပြင်ကို ပြန် ခင်းထားလိုက်ကြတယ်။ ဒါပေမဲ့ သံတော့ ထပ်မရိုက်ထားတော့ဘူး။ စာအံကျောင်းဆင်းရင် ဖဲကစားမဲ့ ကိုရင်ကျောင်းသား ငါးယောက်လောက် အိမ်သာကို လာပြီး ကြမ်းပြင်ကို ခွါ၊ အိမ်သာထဲဆင်း၊ ကြမ်းပြင်ကို ပြန်ကပ်၊ လင့်စင်ပေါ် ကျကျနန ထိုင်၊ ဖယောင်းတိုင် မီးထွန်းပြီး ဖဲကစားကြတော့တာပေါ့၊ လင့်စင်ပြိုကျရင်တော့ ဗြန်းကနဲ နေမှာ။ ဒါပေမဲ့ လင့်စင်က အခိုင်သား တစ်ခါမှ ပြိုမကျခဲ့ဘူး"

"တော်တော်ဆိုးတဲ့ ကိုရင်ကျောင်းသားတွေ။ ဒါနဲ့ သူတို့ အနံ့ မနံကြဘူးလား"

"မနံဘဲ ဘယ်နေပါ့မလဲကွာ။ ဒါပေမဲ့ တစ်ခုကို ကြိုက်မှတော့ ကျန်တာတွေ မေ့ထားကြတော့တာပေါ့။ မင်းသိတဲ့ အတိုင်းဘဲလေ ကြိုက်မိသွားရင် ဘာကိုမှ မရွံရှာတတ်ကြတော့ဘူး မဟုတ်လား"

"ဒါဆိုရင်ရော သူတို့ကော ကျောင်းထိုင်ဘုန်းကြီးနဲ့ မိသေးလား"

"သူတို့ကတော့ အေးဆေးပါဘဲ။ ကျောင်းထိုင်ဘုန်းကြီး မသိလိုက်ရှာဘူး။ မသိဆို သူတို့ကလဲ လူယုံလောက်ဘဲ အသိပေးထားတာလေ။ အားလုံးမသိကြဘူး။ အားလုံးသိရင် သူလျှိုတွေ ရှိတယ်မဟုတ်လား။ စိတ်မချရဘူး။ ဒါကြောင့် သူတို့ တစ်ဖွဲ့ဘဲ တိုးတိုးတိတ်တိတ်ပေါ့"

"ဒါဖြင့် သူကြီးမင်းက သူတို့ အိမ်သာနက်ထဲ ဖဲကစားတာ ဘယ်လိုလုပ် သိတာလဲ။ ဧကန္တတော့ သူကြီးမင်း ကိုယ်တိုင် အိမ်သာထဲ ဆင်းပြီး ကစားခဲ့ဖူးတယ် ထင်ပါ့"

"မဟုတ်ရပါဘူး မောင်ပေါက်ကျော်ရာ။ ငါသိရခြင်းအကြောင်းက ဒီလို။ ကျောင်းဝင်းက အကျယ်ကြီးဆိုတော့ အိမ်သာကို ကျောင်းအဆောင်ကနေ တစ်ပြလောက် ခပ်ဝေးဝေးမှာ ဆောက်ထားတယ်။ အိမ်သာနဲ့ ကပ်ရက်မှာ ၀ါးနက်ရုံကြီး တစ်ရုံရှိတယ်။ လေတိုက်ရင် တရှဲရှဲနဲ့ပေါ့။ ညဘက်မဆိုထားနဲ့ နေ့လည်ဘက်မှာတောင် တစ်ယောက်ထဲ အိမ်သာ မတက်ရဲတဲ့ ဘုန်းကြီးကျောင်းသားတွေ အများကြီး။ တစ်နေ့ သူတို့အုပ်စု အိမ်သာနက်ထဲ ဖဲကစားနေစဉ်မှာ ရေလောင်းအိမ်သာ မသုံးတတ်တဲ့ ကျောင်းသား တစ်ယောက် အဲဒီအိမ်သာပျက်မှာ အိမ်သာ လာတက်တယ်။ အဲဒီကျောင်းသားက အိမ်သာအောက်ထဲမှာ ဖဲကစားနေကြတာကို မသိဘူး။ အိမ်သာ တံခါးကို အသာလေး ဖွင့်ပြီး အိမ်သာထဲဝင်ကာ အိမ်သာပေါက် တစ်ခုအပေါ် ထိုင်လိုက်တယ်။ ဖြစ်ချင်တော့ သူထိုင်တဲ့ အိမ်သာပေါက် အောက်တည့်တည့် နံရံကပ်ရက်မှာက ဖဲကစားနေတဲ့ ကိုရင်ကျောင်းသားတွေ ရှိနေကြတယ်။ ထွက်ခါနီးလေး အချိန်မှာဘဲ အောက်က ဖဲဝိုင်းထဲက ကျောင်းသား တစ်ယောက်က အပေါ်ကို လှမ်းပြောလိုက်တယ်။ ဟေ့ကောင်.. ဒီအပေါက်တည့်တည့်အောက်မှာ ငါတို့ ရှိနေတယ်။ မင်း ဟိုဘက် အစွန်က အပေါက်ကို သွားပြီး အိမ်သာတက်ပါ ဆိုပြီးတော့ပေါ့။ အပေါ်က ကျောင်းသားလဲ အိမ်သာထဲက သရဲခြောက်တယ် ဆိုပြီး ဗုဒ္ဓံ ပူဇေမိ၊ ဓမ္မံ ပူဇေမိ၊ သံဃံ ပူဇေမိ လို့ အကျယ်ကြီး အော်ဟစ်ကာ အိမ်သာ မတက်ဘဲ ထွက်ပြေးလာခဲ့တယ်။ ကျောင်းထိုင်ဘုန်းကြီးက အဲဒီလို ဘုရားစာတွေ ရွတ်ဖတ်ရင် တစ္ဆေသရဲတွေ ထွက်ပြေးသွားတယ် လို့ သင်ထားတာကိုး။ ဒါနဲ့ နေ့လည်ခင်းကြောင်တောင် သရဲ မခြောက်လောက်ပါဘူး ဆိုပြီး ငါတို့ သွားကြည့်ကြတယ်။ အဲဒီတော့မှ အိမ်သာနက်ထဲက ဖဲဝိုင်းအကြောင်း ငါ သိသွားတာ။ ဒါကြောင့် မင့်ကို ငါ အခု ပြန်ပြောပြနိုင်တာ"

"ဟား ဟား ဟား သူကြီးမင်းက စုံနေတာဘဲ။ ဒါဖြင့် အဲဒီနေ့ဟာ သူကြီးမင်းအတွက် အိမ်သာနက်ထဲက ပေါ်ကာဒေး တစ်ခုကို တက်ရောက်ခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တာပေါ့နော်"

"ကဲ ကဲ မောင်ပေါက်ကျော်။ သူများ စားနေတုန်း သောက်နေတုန်း ငါတို့ ပြောတာတွေ ကြားသွားရင် မကောင်းဘူး။ အားနာစရာကြီး။ ဒီစကား ဒီမှာ ရပ်ပြီး ဘလော့ဂါဒေးဘက် လှည့်ကြဦးစို့ရဲ့"

"သူကြီးမင်း အခုတောင် အတော်လေး ရှည်သွားပြီနော်။ နာမည်တွေ အကုန်လိုက်ရေးနေရင် မိုးလင်းသွားလိမ့်မယ်။ ပြီးတော့ သူကြီးမင်းက နာမည်တွေ အများကြီး တန်းစီရေးပေမဲ့ သူကြီးမင်းရဲ့ ရွာသားတွေက သူတို့ နာမည်ကိုဘဲ ရွေးပြီး ရှာဖတ်တတ်ကြတာကလား"

"ဟာ... မင်း အဲဒီလိုတော့ မပြောပါနဲ့ကွာ။ သူတို့ ဖာသာ သူတို့ နာမည်ကို အရင်ရှာဖတ်တယ်ဆိုပေမဲ့ သူတို့နာမည်တွေ့ပြီးရင် ကျန်တာတွေကိုလဲ ဖတ်ပါတယ်"Link
"ဒါနဲ့... သူကြီးမင်း... ကျနော် ဟို ရွာသုံးရွာကို ရောက်ခဲ့တယ်။ ဘလော့ဒေးနဲ့ ပတ်သက်လို့ သူတို့ရွာတွေက အင်တာတိန်းမင့် မဆိုးဘူး။ ကျနော်ကြိုက်တယ်"

"ရှူး တိုးတိုး... မင်း အဲဒီလို မခွဲခြားနဲ့။ ရွာတိုင်းက ဆက်ဆံရေး ကောင်းကြပါတယ်။ ပြီးတော့ မင်းက ဘယ်ချောင်ချို ချောင်ခြားက ရွာကို ရောက်ခဲ့တာလဲ မသိဘူး။ ဒါနဲ့ ဆိုစမ်းပါဦး၊ မင်းက ဘယ်သုံးရွာကို ရောက်ခဲ့တာလဲ"

"ပြောပြောချိုတဲ့ ချောချောတို့ရွာအသာမာန်ဖီနေတဲ့ ဆရာဟန်ကြည်တို့ရွာမဟာအချစ်တွေနဲ့ ဆရာမြစ်တို့ရွာ တွေလေ"

"အာ... မင်းက တကယ့် ရွာကြီးတွေ ရောက်ခဲ့တာကိုး။ သူတို့က တကယ့် ပရိုတွေကွ။ ဒါကြောင့် မင့်ကို သေချာ ဧည့်ခံပေးကြတာ"

"ပရိုဆိုတာ ဟို.... လက်ရှိပဒေသရာဇ်ရဲ့ ဘက်တော်သားတွေကို ပြောတာလား သူကြီးမင်း"

"ဘယ်ကလာ... မဟုတ်တာ။ ငါပြောတာက ပရော်ဖက်ရှင်နယ်ကို ပြောတာ"

"အော်... အဲလိုလား"

"သူတို့ရဲ့ ဘလော့ဒေးကို ဖတ်ကြည့်ရင် မင်း မြင်လာလိမ့်မယ်။ သူတို့ရဲ့ စေတနာ၊ သူတို့ရဲ့ ၀ါသနာ၊ သူတို့ရဲ့ အနစ်နာ တွေကို။ ဘလော့တိုင်းကို သေသေချာချာ ကျကျနနဖတ်ပြီး ဘလော့ဂါတစ်ယောက်ချင်းစီရဲ့ အကြောင်းအရာတွေနဲ့ ပုံဖော်ပေးထားကြတယ်။ ပြီးတော့ အဆင်သင့်ဖတ်နိုင်အောင် မအားတဲ့ ကြားထဲက အချိန်တွေ အင်အားတွေ အများကြီး စိုက်ထည့်ထားပြီး လင့်ခ်တွေကို ချိတ်ပေးထားကြတယ်။ အဲဒီလိုမျိုး စေတနာ ၀ါသနာ အနစ်နာတွေကို မင်းလဲ မလုပ်နိုင်ဘူး။ ငါလဲ မလုပ်နိုင်ဘူး။ ဒါကြောင့် ပြောတာ သူတို့က တကယ့် ပရိုတွေလို့"

"အင်း ဟုတ်တယ်နော်။ ချီးကျူးစရာဘဲ"

"ကဲ ကဲ ချီးကျူးရုံနဲ့ မပြီးသေးဘူး။ ဘလော့ရွာသားတွေ အားလုံး ကျန်းမာချမ်းသာပြီး ကျက်သရေတိုးပွါးအောင် ၀ိုင်းဝန်းပြီး ဆုတောင်း ပေးကြဦးစို့ရဲ့"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"ဖော.... ဿရီး... တူး... ၀မ်း ...."

"(ဘ၀တု သဗ္ဗမင်္ဂလံ) သံပြိုင်"

"အာ.. မဟုတ်သေးပါဘူး။ ဒီစကားလုံးက ၀ံပုလွေရွာသူ မေဓာဝီ အိပ်ခါနီး အိပ်ချင်မူးတူး ဆုတောင်းသွားတဲ့ ခပ်တိုတို ဆုတောင်းလေးဘဲ။ သူ့ခမျာ တော်သေးတယ်။ မင်္ဂလံ မရောက်ခင် အိပ်မပျော်သွားလို့"

"ဒါဖြင့် ဘယ်လိုလုပ်မလဲ သူကြီးမင်း"

"ငါတို့ ဒီလို လုပ်ကြရအောင်... ကမ္ဘာကြီး ငြိမ်းအေးဖို့ အန်တီတင့်ရဲ့ ကမ္ဘာအေးဘုရား သွားဖူးရအောင်။ ဟုတ်ပြီလား။ အဲဒါပြီးရင် မောင်လေးရဲ့ တည်းခိုခန်း အဲလေ... မျောလွင့်တိမ်တို့ နားခိုရာမှာ ခဏအပန်းဖြေမယ်။ သူကလဲ ဖွယ်ဖွယ်ရာရာ ဧည့်ခံလေ့ရှိတတ်တယ်လေ။ အဲဒီနောက်တော့ သီချင်းလေး တကြော်ကြော်နဲ့ အညာပုဂံ ဘုရားဖူး သွားကြတာပေါ့"

"ဟာ... ဟုတ်တယ်။ အဲဒီ အစီအစဉ်ကောင်းတယ် သူကြီးမင်း။ သွားကြစို့ရဲ့"


..
မှတ်ချက်။
နာမည်အားလုံး မဖော်ပြနိုင်တာကို ခွင့်လွှတ်ပေးကြပါလို့ အနူးအညွတ် တောင်းပန်ပါတယ်။ ဘလော့ဂါဒေးမှာ ဘလော့ဂင်းသူတွေကော ဘလော့ဖတ်သူတွေကော ၃၁ဘုံသားတွေကော ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ကောင်းမွန်တဲ့ လိုအင်ဆန္ဒတွေ မှန်သမျှ ပြည့်ဝနိုင်ကြပါစေ။ ။

.

Friday, 26 August 2011

သူကြီးမင်းရဲ့ မြွေပုံပြင်

ပုံပြင်လိုလို ဒဏ္ဍာရီလိုလို ပုံပြင်လေးတစ်ပုဒ် ကြားဖူးတယ်။ တစ်ခါတုန်းက ရွာတစ်ရွာမှာ ကောင်လေး တစ်ယောက် ရှိတယ်တဲ့။ အဲဒီကောင်လေးဟာ ညတိုင်း မြွေတွေကို အိပ်မက်မက်တယ်တဲ့။ မြွေတွေမှ အများကြီးဆိုဘဲ။ ကြီးစဉ်ငယ်လိုက် တန်းစီပြီး တစ်ကောင်ချင်းစီ သူ့ရှေ့က ဖြတ်သွားတယ်တဲ့။ သူလဲ ဘာလုပ်ရမှန်း မသိဘူးတဲ့။ အဲဒီ အိပ်မက်ကို ညစဉ်မက်နေတယ်တဲ့။

ဒါနဲ့ ရွာဦးကျောင်း ဆရာတော်ကို သွားမေးလိုက်တယ်တဲ့။ ဆရာတော်ကလဲ ဒီကောင် ထူးဆန်းတယ် သိုက်နန်းက လာတာဖြစ်ရမယ်ပေါ့။ ဒါနဲ့ ဆရာတော်က မင်း နောက်တစ်ခါ အဲဒီလို မြွေတွေ တန်းစီပြီးလာတာကို ထပ်အိပ်မက်မက်ရင် ဒီကြိမ်လုံးလေးနဲ့ ရှေ့ဆုံးက မြွေကြီးရဲ့ ခေါင်းတည့်တည့်ကို အသာလေးထိလိုက်ပါ၊ ရော့ ဒီကြိမ်လုံးလဲ ယူသွားလို့ ပြောသတဲ့။ ဒါနဲ့ အဲဒီကောင်လေးလဲ ဆရာတော်ပေးတဲ့ ကြိမ်လုံးလေး အိမ်ကို ယူပြီး ပြန်လာခဲ့တယ်တဲ့။ ညဘက်ရောက်တော့ စိတ်ထဲမှာ ဒီတစ်ခါ အိပ်မက်မက်ရင် ဒီကြိမ်လုံးနဲ့ မြွေခေါင်းကို ထိကို ထိမယ်လို့ စဉ်းစားပြီး အိပ်ပျော်သွားသတဲ့။

အိပ်မက်ထပ်မက်ပြန်သတဲ့။ အရင်က အိပ်မက်အတိုင်းဘဲတဲ့။ ဒါနဲ့ သူလဲ အိပ်မက်ထဲမှာ ဆရာတော်ပေးခဲ့တဲ့ ကြိမ်လုံးနဲ့ ရှေ့ဆုံးက မြွေခေါင်းကို ထိမယ်လို့ ကြံလိုက်တယ်။ ဒါပေမဲ့ မြွေက ကြီးလွန်းတော့ ကြောက်စိတ်ဝင်ပြီး မထိလိုက်ရဘူးတဲ့။ မြွေတွေ အတော်များများကိုလဲ ကြောက်လို့ မထိလိုက်ရဘူးတဲ့။ ဒီလိုနဲ့ နောက်ဆုံး ခပ်သေးသေး မြွေလေးကိုဘဲ ထိလိုက်ရတယ်တဲ့။ အဲဒီမြွေလေးရဲ့ ခေါင်းကို ထိထိချင်း အဲဒီ မြွေလေးက မြွေဘ၀ကနေ ရွှေချောင်းဘ၀ကို ရောက်သွားသတဲ့။ မြွေသေးသေးလေးဆိုတော့ ရွှေချောင်းလဲသေးသေးလေး ရတာပေါ့။ မြွေအကြီးကြီးကိုထိခဲ့ရင် ရွှေချောင်း အကြီးကြီးရမှာလေ။ အိပ်မက်ထဲမှာ အဲဒီကောင်လေးလဲ ဒီလိုမှန်းသိရင် ငါ မြွေအကြီးကြီးကို ထိခဲ့ပါတယ်လို့ တွေးနေသတဲ့။

နောက်တစ်နေ့ အိပ်ရာနိုးပြီး ရွာဦးကျောင်းဆရာတော်ကို သွားလျောက်တော့ ဆရာတော်က ထီထိုးခိုင်းသတဲ့။ အဲဒီကောင်လေးလဲ ထီထိုးလိုက်တာ ထီပေါက်တယ်တဲ့။ ဒါပေမဲ့ ဆုအကြီးကြီးတော့ မဟုတ်ဘူးတဲ့။ ဆုမကြီးပေမဲ့လဲ သုံးလောက် စွဲလောက်တော့ ရှိသတဲ့။ ဒါနဲ့ အဲဒီကောင်လေးလဲ ဆရာတော်အကြံပေးတဲ့အတိုင်း အလှူအတန်းလေး ပြုလုပ်ခဲ့ပါသတဲ့။

ပုံပြင်ကတော့ အဲဒါပါဘဲ။
...

နတ်သမီးရဲ့ အိပ်မက်ထဲက မြွေနဂါးများ ဆိုတဲ့ ပို့စ်အောက်မှာ သူကြီးမင်း ပေးခဲ့ဖူးတဲ့ ကွန်မင့် အလယ်သားလေးပါ။ မြွေနဲ့ ပတ်သက်ပြီး ကောက်ယူလေ့ရှိကြတဲ့ အယူအဆတွေက ဒေသအလိုက် အများအပြား ရှိနေတတ်တယ်။ ဥပမာ လမ်းလျှောက်သွားရင်း မြွေတစ်ကောင် လမ်းဖြတ်ကူးနေတာကို တွေ့မြင်ရရင် ခရီးလမ်းရှည်မယ်လို့ အဓိပ္ပါယ်ကောက်တတ်ကြသလို၊ လမ်းဖြတ်ကူးတဲ့ မြွေက လူ လာနေတာကို မြင်လို့ ကြောက်လန့်ပြီး နောက် ပြန်ဆုတ်သွားတဲ့ အခါမျိုးမှာတော့ ရှေ့ ဆက်မသွားနဲ့တော့ အန္တရာယ် ရှိနေတယ်လို့ နိမိတ်ကောက်ကြပြန်ရော။

များသောအားဖြင့်တော့ ကောင်းတဲ့ နိမိတ်ကို ကောက်ကြတာ များပါတယ်။ ဥပမာ အိမ်ပေါ် မြွေတက်တာတို့၊ အိပ်မက်ထဲ မြွေကို မြင်မက်တာတို့ ဆိုရင် လာဘ်ကောင်းတယ်လို့ ယူတတ်ကြတယ်လေ။ ဆိုရိုးလေးတောင် ရှိသေးတယ်။ မြွေမြင်ရင် ငွေရွှင်တယ် တဲ့။ မြွေမြင်ရင် ငွေဝင်မယ် တဲ့။ ဘာဘဲ ဖြစ်ဖြစ်ပေါ့ ကောင်းတဲ့ နိမိတ်ကို ယူလိုက်တာ အကောင်းဆုံးပါဘဲ။

သူကြီးမင်းမှာ အသိဦးဇင်းတစ်ပါး ရှိတယ်။ သူက တောက တက်လာတဲ့ တောသားစစ်စစ် ဦးဇင်းလေးပါ။ ဘယ်လောက် တောကျသလဲဆိုရင် မြို့က ရေလောင်းအိမ်သာကိုတောင် ကောင်းကောင်း မသုံးတတ်သေးတဲ့ တောသားလေးပါ။ တောရွာမှာက ဒုတ်စက္ကူတွေ သုံးလာခဲ့တာကိုး။ မြို့ရောက်ပြီး ရေလောင်း အိမ်သာ သုံးတတ်အောင် အတော်လေး ကြိုးစားလိုက်ရရှာတယ်။ အိမ်သာထဲမှာ ရှိတဲ့ ရေကန်ထဲက ရေတွေကို ခွက်ကလေးနဲ့ ခပ်ခပ်ပြီး ဆေးကြောသုတ်သင်လာလိုက်တာ သူ တစ်ပါးထဲနဲ့ ရေတွေကုန်သွားတဲ့ အထိဘဲ။ ဒါတောင်မှ အိမ်သာက ပြန်လာရင် လက်ကလေးကို နမ်းကာနမ်းကာနဲ့ သိပ် မသတီ ဖြစ်နေပုံရသေးတယ်။

မြို့ရောက်ပြီး နှစ်အတော်လေး ကြာတော့ နောက် ကျောင်းတစ်ကျောင်းကို ပြောင်းရွှေ့ရတယ်။ ဖြစ်ချင်တော့ အဲဒီ ကျောင်းမှာ အသုံးပြုနေတဲ့ အိမ်သာက ဗိုလ်ထိုင်တွေ ဖြစ်နေရော။ တောသားဦးဇင်းလေး ရေလောင်း အိမ်သာ သုံးတတ်တာမှ သိပ်မကြာသေးဘူး။ ဗိုလ်ထိုင်အိမ်သာနဲ့ ပက်ပင်း လာတိုးပါရောလား။ ဘ၀ရေစီးကြောင်းနဲ့ ချိန်ထိုးကြည့်ရင်တော့ တိုးတက်မှု လက္ခဏာပြပေမဲ့ အဲဒီ ဦးဇင်းနဲ့ ဗိုလ်ထိုင် အိမ်သာနဲ့ သိပ် မပြေလည်သေးဘူး ဖြစ်နေတယ်။

အိမ်သာတက်ရင် ထိုင်ခုံပေါ် ထိုင်ရမဲ့အစား ခြေထောက်နဲ့ တက်ပြီး ဆောင့်ကြောင့်ထိုင် ကိစ္စပြီးလေရဲ့။ အိမ်သာ ထိုင်ခုံပေါ်မှာတော့ ခြေတော်ရာကြီး ကွက်ကွက်ကွင်းကွင်းပေါ့။ စပရေးကိုလဲ မသုံးတတ်သုံးတတ်နဲ့ သုံးကြည့်တယ် ထင်ပါ့။ စပရေးထိပ်ဖျားမှာ မစင်အစလေးတွေတောင် ခိုနားနေလေရဲ့။ ဖြစ်ပျက်ပုံ ပြောပါတယ်။ သူ့ခမျာ နေ့စဉ် အိမ်သာတက်ရတဲ့ ဒုက္ခကို တောင်သူယာလုပ် ဓါးမခုတ် ဘ၀ထက် ပို ပင်ပန်းတယ်လို့တောင် ထင်နေချေသေးရဲ့။

အိမ်သာထိုင်ခုံပေါ် ဆောင့်ကြောင့်ထိုင်ပြီး ကိစ္စရှင်းတာက အရေးမဟုတ်ဘူး။ ဒါပေမဲ့ ကြာလာရင်တော့ ပြဿနာ တက်လာနိုင်တယ်။ မတော်လို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၀ိတ်အားကြောင့် အိမ်သာထိုင်ခုံလဲကွဲ အိမ်သာကြွေခွက်လဲ ကွဲထွက်ပြီး မတော်ရာကို ပြတ်ရှမိသွားရင် မဟာ့မဟာ ဒုက္ခကြီးပေဘဲပေါ့။ တော်ကြာ အရင်ဘ၀က တိရစ္ဆာန်တွေကို အရှင်လတ်လတ် ဝှေးသင်းခဲ့ဖူးရင် ပြန်ဝဋ်လည်လာနိုင်တယ် မဟုတ်လား။ ကြားဖူးတာ တစ်ခု ရှိတယ်။ အမေရိကားမှာ ထင်တယ်။ အိမ်တစ်အိမ်မှာ လင်မယားနှစ်ယောက် နေထိုင်ကြသတဲ့။ တစ်နေ့မှာ လင်လုပ်တဲ့ သူက အိမ်သာတက်သတဲ့။ အနောက်တိုင်း ထုံးစံအတိုင်း ဗိုလ်ထိုင်အိမ်သာပေါ့။ အိမ်သာ တက်နေစဉ်မှာဘဲ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို မခံနိုင်လို့ အိမ်သာကြွေခွက် ကွဲသွားတယ်တဲ့။ လူလဲ ဖင်ထိုင်ရက်ကြီး ကျသွားသတဲ့။ ဖြစ်ချင်တော့ ငယ်ပါ (ဥနှစ်လုံး)ကို ဓါးနဲ့ လှီးဖြတ်လိုက်သလို ပြတ်ရှသွားတယ်တဲ့။ ဆေးရုံပို့ပြီး ကုသလိုက်ရတယ်တဲ့။

သူတို့နိုင်ငံရဲ့ ဥပဒေအခွင့်အရေးအရ အိမ်သာ ကြွေခွက် လာတပ်ဆင်တဲ့ သူကို တရားစွဲလို့ ရတယ်တဲ့။ ဒါနဲ့ အဲဒီ အိမ်သာကြွေခွက် တပ်ဆင်တဲ့သူကို တရားစွဲလိုက်တယ်တဲ့။ တရားစွဲတဲ့သူက လင်ယောက်ျား မဟုတ်ဘဲ မယား ဖြစ်နေတယ်တဲ့။ ဘယ့်နှယ် ပြတ်ရှခံရတာက လင်ယောက်ျား။ တရားသွားစွဲတာက ဇနီးမယား။ စဉ်းတော့ စဉ်းစားစရာကြီးရယ်။း)))

အဲဒီ တောကတက်လာတဲ့ ဦးဇင်းလေးလဲ ဗိုလ်ထိုင် အိမ်သာနဲ့ သဟဇာတဖြစ်အောင် သုံးလေးလလောက် ကြိုးစား လိုက်ရတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့လဲ ဗိုလ်ထိုင်မှ ဗိုလ်ထိုင် ဖြစ်သွားရော။ ထိုင်ရတာ သက်သာတာကိုး။ ဆောင့်ကြောင့် ထိုင်တက်ရတာက ညောင်းညာထုံကျင် ဖြစ်ချင် ဖြစ်နိုင်သေးတယ်။ နောက်ပြီး ခြင်တွေ ၀င်ကိုက်ရင် ပိုဆိုးသေး။

တစ်ရက်မှာ မိုးလေးကလဲ နဲနဲ စွေနေတယ်။ အဆောက်အဦ ပတ်ဝန်းကျင် ရေနှုတ်မြောင်းနဘေးက ဖားအော်သံ လေးတွေလဲ ညံနေတယ်။ အဆောက်အဦ အနားမှာရှိတဲ့ သရက်ပင်ကလဲ သရက်သီး မှည့်လေးတွေ တဖုတ်ဖုတ် ကြွေကျနေတယ်။ ရာသီဥတုက မပွင့်မလင်းလေးပေါ့။ အဲဒီ ဦးဇင်း နေထိုင်တာက အောက်ထပ်မှာပါ။ အိမ်သာကို ရေချိုးခန်းနဲ့ တွဲထားတယ်။ ရေချိုးခန်းကြမ်းပြင်ကို ကြွေပြားလေးတွေ ခင်းထားတယ်။ အဲဒီ ဦးဇင်းလဲ ညကထဲက ၀မ်းနှုတ်ဆေး စားထားတဲ့အတွက် မနက် ဝေလီဝေလင်း အချိန်မှာ အိမ်သာတက်ရတယ်။ ဗိုလ်ထိုင်ဆိုတော့ ကျကျနန ထိုင်ပြီး အစာဟောင်းတွေ အစာပုပ်တွေကို သွန်ထုတ်ပစ်တော့တာပေါ့။ ကိစ္စ၀ိစ္စပြီးလို့ ရေဆွဲချလိုက်တဲ့အခါမှာ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားတယ်။ ဗွန်းကလဲ ရေဆွဲချ လိုက်ချင်းဘဲ ရှူးကနဲ ရေတွေ အပေါ် ပြန် ကန်တက်လာတယ်။ တင်ပါးတွေ ပေါင်တွေ ရေစိုသွားကုန်တာပေါ့။ အဲဒီ ဦးဇင်းလဲ အလန့်တကြား အောက်ကို ငုံ့ ကြည့်လိုက်မိတယ်။ ခေါင်း ငေါက်တောက်ကြီး။ လှုပ်စိ လှုပ်စိနဲ့။း))

တစ်လွဲ မထင်ပါနဲ့။ မြွေကြီး။ မြွေကြီး။ တကယ့်မြွေကြီး။ ဘယ်ကနေ ဘယ်လိုလုပ်ပြီး အိမ်သာကြွေခွက် အခေါင်းထဲ အောင်းနေမှန်းမသိဘူး။ မိလ္လာပိုက်ထဲကဘဲ တစ်ဆင့် ရောက်လာတာလား။ ဒါမှ မဟုတ် ရေချိုးတဲ့အခါ ရေထွက်တဲ့ အပေါက်ကဘဲ ၀င်လာပြီး သွားမိသွားရာ သွားပြီး အိမ်သာ ကြွေခွက်ထဲ ၀င်သွားတာလား။ ဒါမှ မဟုတ် နတ်နဂါးမြွေလားဆိုတာ ဘယ်သူမှတော့ အတိအကျ မသိပါဘူး။ ဒါနဲ့ အဲဒီ ဦးဇင်းလဲ... မြွေကြီး.. မြွေကြီးဆိုပြီး အော်ဟစ်ကာ အကူအညီတောင်းတော့တာပေါ့။ သူ ကိုယ်တိုင်မှာတော့ သင်းပိုင်လေး မကာမကာနဲ့။း))

တစ်ခြား ဦးဇင်းတွေ ရောက်လာကြတယ်။ အုန်းမှုတ်ခွက်ထဲ မြွေကြီးခွေ.... တုတ်ရှည်ရှည်နဲ့ ထိုးလိုက်ပါလား... ဆိုတဲ့ သံချပ် သီချင်းလေးကို သတိရပြီး မြွေဆိုတာ အန္တရာယ်ရှိတယ်၊ အနီးကပ် မောင်းထုတ်ရင် ရန်ပြုနိုင်တယ် ဆိုပြီး ၀ါးလုံး ရှည်ရှည်နဲ့ဘဲ မြွေကို အသာလေးထိုးပြီး မောင်းထုတ်ကြတယ်။ မြွေလဲ ကြိုးစားပြီး ထွက်ပြေးရှာပါတယ်။ ဒါပေမဲ့ မြွေမှာလဲ ခြေထောက်မပါ၊ အောက်က ခင်းထားတာကလဲ ကြွေပြားဆိုတော့ မြွေခမျာ ဟိုတွန့်ဒီတွန့်နဲ့ ရှေ့ မရောက်ရှာဘူး ဖြစ်နေလေရဲ့။ ဦးဇင်းတွေက မြွေကိုကြောက်၊ မြွေကလဲ ဦးဇင်းတွေကို ကြောက်နဲ့ အကြောက်ပြိုင်နေကြတဲ့ ပွဲဟာ အတော်လေး ကြာသွားခဲ့တယ်။

ဦးဇင်းတွေကလဲ စဉ်းစားတာပေါ့။ ဒီမြွေဟာ ရိုးရိုးမြွေမှ ဟုတ်ရဲ့လား။ မတော်သကာ အခိုးအငွေ့တွေ ဘာတွေ ညာတွေ ထုတ်လွှတ်ခဲ့ရင် အရှင်လတ်လတ် ဒုကူလနှင့်ပါရိကာလို ဖြစ်ရချည်သေးရဲ့။ ဒါမှ မဟုတ် ရုပ်ရှင် ဇာတ်ကားထဲကလို တစ်ရှိန်ထိုး ပျံသန်းလာပြီး လာကိုက်နေမှဖြင့် ဓမ္မာစရိယလေး ဘာလေးတောင် မအောင်သေးဘဲနဲ့ တမလွန် ရောက်ရချည်သေးရဲ့ ဆိုပြီး ကြောက်လန့်နေကြတာပေါ့။ မြွေခမျာမှာလဲ စဉ်းစားပေရှာမပေါ့။ ဒီလူတွေ ထူးဆန်းတယ်။ ကတုံးတုံးပြီး ပခုံးလက်တစ်ဖက် ဖော်ထားတယ်။ ၀တ်စားပုံလဲ တစ်ခြား လူတွေနဲ့ မတူဘူး။ ကြည့်ရတဲ့ပုံကလဲ လက်ရဲဇက်ရဲ လုပ်မဲ့ပုံ။ မတော်လို့ ငါ့ကို ၀ါးလုံးအချွန်နဲ့ တစ်ဇွတ်ဇွတ် လှမ်းထိုးရင်ဘဲ ဖြစ်ဖြစ်၊ ခဲလုံးတွေ ကြောက်ခဲတွေနဲ့ ပစ်ရင်ဘဲ ဖြစ်ဖြစ်၊ လေးခွနဲ့ ဆော်ရင်ဘဲ ဖြစ်ဖြစ်၊ ငါ့ ခန္ဓာကိုယ်က ရှည်မျောမျာနဲ့ ဆိုတော့ ရှောင်ရင်လဲ လွတ်မယ်မထင်ဘူး။ တစ်နေရာမဟုတ် တစ်နေရာတော့ ထိမှာဘဲ လို့ တွေးတောပြီး ထိတ်လန့် တုန်လှုပ်နေမှာ သေချာတယ်။ ဦးဇင်းတွေကလဲ ရှေ့မတိုးရဲ မြွေကလဲ ပြေးလို့ မရဆိုတော့ မြွေကော ဦးဇင်းတွေကော အခက်တွေ့နေကြတယ်။ ဦးဇင်းတွေက ၀ိုင်းလိုက်ကြမယ်။ မြွေက ထွက်ပြေးလွတ်မြောက်မယ်။ ဒါဆို ပြီးပြီပေါ့။ အခုတော့ မြွေကလဲ တွန့်လိမ်တွန့်လိမ်နဲ့ ပြေးလို့မရ၊ ဦးဇင်းတွေကလဲ ရှေ့မတိုးရဲ ဖြစ်နေကြတယ်။ ဟို ပုံပြင်လိုပေါ့။

တစ်ခါတုန်းက ရွာတစ်ရွာမှာ အိမ်တစ်အိမ်ကို ညဘက် သူခိုးဝင်ကပ်သတဲ့။ အိမ်ရှင်လဲ သူခိုး ၀င်လာတာ သိလို့ နံရံမှာ ချိတ်ဆွဲထားတဲ့ ငှက်ကြီးတောင်ဓါးကို ဓါးအိမ်ထဲက ရွှမ်းကနဲ မြည်အောင် ဆွဲထုတ်လိုက်ပြီး သူခိုးနောက် တန်းလိုက်သတဲ့။ သူခိုးလဲ ပြေးနိုင်မှ လွတ်မယ်ဆိုပြီး အိမ်ရှင့်ရန်က လွတ်ကင်းအောင် ထွက်ပြေးသတဲ့။ အိမ်ရှင်ကလဲ ငှက်ကြီးတောင် ဓါးကြီးကိုသာ ကိုင်ပြီး သူခိုးနောက်ကို လိုက်တာလိုက်နေရတယ်။ သူခိုးက ထွက်မပြေးဘဲ ပြန်ခံလုပ်မှာကို တွေးပြီး ကြောက်နေသတဲ့။ သူခိုးကလဲ အိမ်ရှင်လိုက်မီလာရင်တော့ ငှက်ကြီးတောင်စာ မိတော့မှာဘဲလို့ တွေးပြီး အကြောက်ကြီး ကြောက်နေသတဲ့။

ဖြစ်ချင်တော့ သူခိုးက သူဝင်လာခဲ့တဲ့ ၀င်ပေါက်ကို မမှတ်မိတော့ဘူး။ ပြေးမိပြေးရာ ပြေးလိုက်ရတယ်။ အဲဒီ အိမ်ကြီးကို ခြံခပ်မြင့်မြင့် ကာထားတယ်။ ဒါကြောင့် သူခိုးက ဘယ်လိုမှ ပြေးမလွတ်တော့ဘူး။ ခြံစည်းရိုးကို ခုန်ကျော်ဖို့ ကြိုးစားပေမဲ့လဲ မအောင်မြင်ဘူး။ သူခိုးလဲ စဉ်းစားမရ တွေဝေနေတယ်။ အိမ်ရှင်လဲ လိုက်လာရင်းနဲ့ သူခိုးနဲ့ နီးကပ်လာတယ်။ သူခိုးခမျာမှာလဲ ငါ့ကို လိုက်မီလာရင် ငှက်ကြီးတောင် ဓါးနဲ့ ခုတ်တော့မှာဘဲ ဆိုပြီး ကြောက်ဒူးတုန်နေသတဲ့။ အိမ်ရှင်ကလဲ ဒီသူခိုး ထွက်မပြေးဘဲနဲ့ ငါ့ကို ခံလုပ်မလား မသိဘူးဆိုပြီး လန့်နေသတဲ့။ ဒါနဲ့ အိမ်ရှင်လဲ ကြံရာမရတဲ့ အဆုံး သူခိုးကို ဟေ့ကောင် သူခိုး... မြန်မြန်ပြေးပါတော့လား။ ဒီခြံစည်းရိုးကြီးကို လွှားကနဲ ခုန်ကျော်လိုက်ပါတော့လား ဆိုပြီး လှမ်းပြောလိုက်ရသတဲ့။

အခုလဲ ဦးဇင်းတွေ အုပ်စုနှင့် မြွေနှင့်က အဲဒီ ပုံပြင်လို ဖြစ်နေလေရဲ့။ အချင်းချင်း ကြောက်နေကြတာ ရယ်ဖို့ကောင်းတယ်။ အတော်လေး ကြာတော့မှဘဲ အဝေးကနေပြီး ၀ါးလုံးနဲ့ မြွေရဲ့ ခေါင်းကို ရေချိုးခန်း ရေထွက်ပေါက်ဆီ တေ့ ပေးလိုက်နိုင်တယ်။ အဲဒီတော့မှဘဲ မြွေက အပြင်ဘက်ကို ဖြေးဖြေးလေး ထွက်သွားတော့တယ်။ ဦးဇင်းတွေကလဲ မြွေကို အန္တရာယ်မပြု မြွေကလဲ ဦးဇင်းတွေကို အန္တရာယ်မပြု နဲ့ မြွေနှင့်ဦးဇင်းတွေကြားက အခက်အခဲဟာ အေးအေးလူလူလေး ပြီးစီးအောင်မြင်သွားတယ်။

အဲဒီ အဖြစ်အပျက်ဖြစ်ပြီး တစ်လလောက် အကြာမှာ အဲဒီ ဦးဇင်းက ချဲထီထိုးတယ်။ အမှန်ဆို အဲဒီဦးဇင်းက ချဲထီ ၀ါသနာမပါပါဘူး။ ဒါပေမဲ့ တစ်ရက်မှာတော့ ဘာစိတ်ကူးပေါက်တယ် မသိဘူး။ တစ်ကွက်ထဲကိုဘဲ နှစ်ရာဖိုး သွားထိုးတယ်။ ပတ်တာ လှည့်တာ ဘာမှ မထိုးဘူး။ တစ်ကွက်ဆို တစ်ကွက်ထဲ။ ညနေဘက် ဂဏန်းထွက်လာတော့ ကွက်တိဘဲ။ ဒါနဲ့ဘဲ အဲဒီ ဦးဇင်း ငွေတစ်သိန်း ပိုင်ဆိုင်သွားတယ်။ ဒါတင် မပြီးသေးဘူး။ နောက်တစ်နှစ်လောက် အကြာမှာတော့ အဲဒီ ဦးဇင်းကို နိုင်ငံခြားတိုင်းပြည်ကြီး တစ်ခုမှာ နေထိုင်တဲ့ မိတ်ဆွေ တစ်စုက ပင့်ဖိတ်လာတဲ့ အတွက် အဲဒီ တိုင်းပြည်ကြီးမှာဘဲ သာသနာပြုနေလိုက်တာ အခုထက်ထိ တိုင်အောင်ပါဘဲ။

မြွေမြင်လို့ ငွေဝင်တာလား။ မြွေမြင်လို့ ငွေရွှင်တာလား။ မြွေမြင်လို့ တစ်ပြည်ခင်တာလား။ ဘာလား ညာလား မသိပေမဲ့ သူကြီးမင်း ကြုံတွေ့ခဲ့ရတဲ့ မြွေပုံပြင်လေးကတော့ သူကြီးမင်းတို့ တုံးဖလား ဇနပုဒ်ရွာလေးမှာ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေလေတော့ရဲ့။ ။


.

Friday, 19 August 2011

သူကြီးမင်းရဲ့ ပန်းသီး ပုံပြင်

ဘိလပ်တွင် သူ နှစ်ထပ်အိမ်တစ်လုံး၌ နေထိုင်သည်။ အိမ်ရှင် အဖိုးကြီးမှာ အသက် ၇၀ ကျော်ရှိပြီ ဖြစ်သည်။ အိမ်ရှေ့၌ ဘိလပ်ထုံးစံ အတိုင်း ၀င်းခြံရှိသည်။ ဘိလပ်တွင် နေထိုင်သူများ များသောအားဖြင့် ၀င်းခြံအတွင်း၌ အလှစိုက်ပန်းများနှင့် အပင်ငယ် အချို့တို့ကို စိုက်ပျိုးလေ့ရှိကြသည်။ သို့သော် သူ နေထိုင်သည့် အိမ်ခြံဝင်း အတွင်း၌မူ အိမ်ရှင် အဖိုးကြီးက ဘာပင်မှ မစိုက်ဘဲ ကွန်ကရစ် လောင်းထားသည်။ ကားရပ်နားဖို့ကား လွန်စွာအဆင်ပြေလှသည်။ ထို့ကြောင့် ကားများ ထိုနေရာ၌ ရပ်နားထားကြသည်။ ရှားရှားပါးပါး ထိုခြံဝင်းထဲ၌ ထီးထီးမားမား ပန်းသီးပင် တစ်ပင်ရှိသည်။ ဟင်းချက်စားသည့် ပန်းသီးပင်ဟု ဆိုသည်။ အရမ်းချဉ်သည်။ အိမ်ရှင်အဘိုးကြီး စိုက်ပျိုးထားသည်လား နဂိုမူလ အိမ်ရှင်လက်ထက်ကထဲက စိုက်ပျိုးထားသည်လား ကွဲကွဲပြားပြား သူမသိပေ။ မည်သို့ဆိုစေကာမူ ယခုအချိန်တွင် ထိုပန်းသီးပင်ကို အိမ်ရှင် အဖိုးအို ပိုင်ဆိုင်သည်မှာ သေချာလေသည်။

သူ သိသည်မှာ ထိုပန်းပင်သည် တစ်နှစ်ကို တစ်ကြိမ် အသီးလှိုင်လှိုင် ဖြစ်ထွန်းသည်။ အသီး ဖြစ်ထွန်းသည်နှင့်အမျှ အိမ်ခြံဝင်း ညစ်ပတ်သည်။ နေ့စဉ် ပန်းသီးတွေ ကြွေကျလိုက် ကားများဖြင့် တက်ကြိတ်မိလိုက်ဖြင့် ကွန်ကရစ်ပြင်လေးမှာ ညစ်ပတ်ချဉ်တူး ဖြစ်လာသည်။ ထိုတာဝန်ကို သူ တာဝန်ယူ ရှင်းနေရသည်။ တာဝန်ဆိုသည်ထက် သူလည်း အညောင်းပြေ လမ်းလျှောက်ရင်း ကြွေကျနေသည့် ပန်းသီးများ ကားကြိတ်ခံထားရသည့် ပန်းသီးပျက်များကို တစ်နေရာ၌ စုပုံပေးခြင်းပင်ဖြစ်သည်။

သူ သတိပြုမိသည်မှာ ထို ပန်းသီးပင်၌ အသီး ထောင်ချီသီးပေမဲ့ အပင်၏ ထိပ်ဖျား၌မူ ပန်းသီး နှစ်ပြွတ်သာ ရှိနေသည်။ တစ်ပြွတ်က နှစ်လုံး၊ ကျန်တစ်ပြွတ်က ငါးလုံး၊ စုစုပေါင်း ၇ လုံးသာ ဖြစ်သည်။ နှစ်လုံးထဲ ရှိသည့် အပြွတ်က ပန်းသီးများမှာ ချောင်ချောင်ချိချိ နေရ၍ ပိုလှသည်။ ပို တောက်ပသည်။ ပို တက်ကြွသည်။ အလုံးပိုထွားသည်။ မှည့်ချိန်ရောက်သည့်အခါ ၀င်းဝင်းပပ မာန်ကြွနေသည်။ ငါးလုံးပြွတ်က ပန်းသီးများမှာမူ ကြပ်ကြပ်တည်းတည်း နေရ၍ထင့်။ အသီး မလှ။ တောက်ပမှု မရှိ။ အေးအေးသက်သာ အဆင်ပြေသလိုနေသည်။ အလုံး ကြုံလှီသယောင် ထင်ရသည်။ သို့သော် ငါးလုံးပြွတ်လည်း ငါးလုံးပြွတ်မာန်တော့ ရှိနေသည်။

လန်ဒန်မိုးကား အစိုးမရပေ။ မကြာမကြာ မိုးရွာသည်။ မိုးရွာလျှင် လေပါ ပါလာတတ်သည်။ လေတိုက်ဖန် များတော့ ပန်းသီးပင်မှ ပန်းသီးများ တဖုတ်ဖုတ် ကြွေကျသည်။ သို့သော် နှစ်လုံးပြွတ်နှင့် ငါးလုံးပြွတ်တို့မှာမူ မိုးဒဏ်လေဒဏ်ကို ကြံ့ကြံ့ ခံနေဆဲပင်။ ထူးဆန်းသည်မှာ လေအကူအညီကို ယူ၍ နှစ်လုံးပြွတ်က ငါးလုံးပြွတ်ကို ရန်ရှာနေခြင်းကို မြင်တွေ့နေရသည်။ အလုံးထွားကျိုင်းမှုကို အခွင့်ကောင်းယူပြီး လေတိုက်လျှင် သူတို့ ကိုယ်လုံးများဖြင့် ငါးလုံးပြွတ်ကို မကြာခဏ သွားသွားရိုက်ခတ်သည်။ နေ့စဉ် အရိုက်ခံ အတိုက်ခံရဖန် များသည့်အခါ ငါးလုံးပြွတ် ချိနှဲ့စ ပြုလာသည်။ အင်အားခြင်းကလည်းမတူ၊ တက်ကြွခက်ထန်ပုံခြင်းကလည်း မညီမျှသည့်အတွက် တိုက်ခိုက်ဒဏ်ကြောင့် ငါးလုံးပြွတ်မှ အနည်းငယ်ပိုကြီးသည့် အလုံး မြေခရလေသည်။ ရက်အနည်းငယ် ကြာသည့်အခါ ငါးလုံးပြွတ်မှ နောက်တစ်လုံး ကြွေကျပြန်သည်။ ငါးလုံးပြွတ်ဘ၀မှ သုံးလုံးပြွတ်ဘ၀ ရောက်သွားရရှာသည်။

သို့သော် နှစ်လုံးပြွတ်ကတော့ ပန်းပန်နေဆဲပင်ဖြစ်သည်။ လေအကူအညီကို ရယူပြီး သုံးလုံးပြွတ်အား အင်တိုက် အားတိုက် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။ အင်အား ချိနှဲ့နေပြီ ဖြစ်သည့် သုံးလုံးပြွတ်မှ နောက်ထပ် တစ်လုံး ထပ်ကြွေကျပြန်သည်။ နှစ်လုံးပြွတ်၏ အောင်ပွဲပင် ဖြစ်သည်။ အောင်မြင်သည့် နှစ်လုံးပြွတ်၏ မြူးကြွပုံကား အမြင်ကပ်ဖွယ်ပင် ကောင်းတော့သည်။ တိုက်ခိုက်မှုကလည်း ပို၍ ပြင်းထန်လာသည်။ လေလာတိုင်း နေ့နေ့ ညည သဲသဲမဲမဲ တိုက်ခိုက်နေလေသည်။ တိုက်ခိုက်ခံရဖန်များ၍ ငါးလုံးပြွတ်မှ နောက်ထပ် တစ်လုံး မြေသို့ သက်ဆင်းရပြန်လေသည်။ ငါးလုံးပြွတ်ဘ၀မှ တစ်လုံးပြွတ်ဘ၀သို့ နေ့ချင်း ညချင်း ရောက်သွားလေသည်။ သို့သော် နှစ်လုံးပြွတ်မှာမူ နှစ်လုံးတိတိ ရာခိုင်နှုန်းပြည့် ရှိနေလျှက်ပင် ဖြစ်သည်။ မိုက်မဲခက်ထန် ရိုင်းစိုင်းသူတို့တို ဘာကြောင့် လေက မျက်နှာလိုက်မှန်း သူ ကောင်းကောင်း နားမလည်တော့ပေ။

ငါးလုံးပြွတ်မှ တစ်လုံးတည်းသော အသီးသည် အနည်းငယ် ထွားကျိုင်းလာသည်။ ချောင်ချောင် ချိချိ ဖြစ်လာ၍ထင့်။ တစ်လုံးတည်း ထီးထီးဖြင့် အေးအေး ဆေးဆေး ရှိနေသည်။ သို့သော် နှစ်လုံးပြွတ်၏ ရန်ကိုမူ ကြည့်ရှောင်နေရဆဲ ဖြစ်သည်။ ငါးလုံးပြွတ် ဘ၀တုန်းကတောင်မှ အထိနာခဲ့သည်လေ။ နှစ်လုံးပြွတ်၏ ဘယ်ညာတိုက်စစ်ကို ဘယ်ယိမ်းညာယိမ်းဖြင့် ရှောင်ဖယ်နေရလေသည်။ နှစ်လုံးပြွတ် အင်အား ပိုကောင်းလာသည်။ အမှည့်ရောင် သန်းလာပြီး ကြည့်၍ ပိုလှလာသည်။ မာနလည်း ပိုကြီးလာသည်။ လက်ကျန်နောက်ဆုံး တစ်လုံးကို ချွေချနိုင်လျှင် ပွဲသိမ်းသွားပြီ ဖြစ်သည်။ ထို့ကြောင့် ပို၍ တိုက်စစ်ဆင်လာသည်။

သို့သော် လက်ကျန် တစ်လုံးသည် အတွေ့အကြုံနှင့် သင်ခန်းစာကို ကောင်းကောင်း သိပြီး ဖြစ်နေသည်။ ထို့ကြောင့် တိုက်ခိုက်မှုကို ရှောင်တိမ်းလာနိုင်သည်။ သို့သော် တစ်ခါတစ်လေမူ ရှောင်တိမ်းမရသောကြောင့် ရှပ်ထိခံရလေသည်။ တိုက်စစ် မလိုလားသည့် လက်ကျန်တစ်လုံးအား တစ်ဘက်သတ် တိုက်ခိုက်နေသလို ဖြစ်နေသည်။ ပွဲကား ကြည့်မကောင်းလှပေ။

တစ်နေ့ လေ ခပ်ကြမ်းကြမ်း အတိုက်ကို အခွင့်ကောင်းယူပြီး နှစ်လုံးပြွတ်သည် ငါးလုံးပြွတ်မှ လက်ကျန်တစ်လုံးကို အားမာန်အပြည့်ဖြင့် လွှဲရိုက်တိုက်ခိုက်လေသည်။ လက်ကျန်တစ်လုံးက အသာလေး တိမ်းရှောင်လိုက်၍ နှစ်လုံးပြွတ် အရှိန်လွန်သွားလေသည်။ ထို့ကြောင့် နှစ်လုံးပြွတ်မှ ပိုကြီးသော၊ ပို လှသော၊ ပို တက်ကြွသော၊ ပို မာန်ရှိသော ပန်းသီးကြီး တစ်လုံး အညှာရင်းမှ ပြုတ်ထွက်ပြီး မြေခ ကြွေကျလေရှာတော့သည်။ လေ အကူအညီဖြင့် ငါးလုံးပြွတ်ကို ဖြိုခွင်းခဲ့သည့် နှစ်လုံးပြွတ်မှ အလုံးကြီး တစ်လုံးသည် ထိုလေ၏ ရိုက်ခတ်မှုဖြင့်ပင် မြေသို့ ဆင်းခဲ့ရရှာလေပြီ။ လေတိုက်အားက ခပ်ကောင်းကောင်း၊ လွှဲချော်ရိုက်လိုက်သည့် အရှိန်က ခပ်ပြင်းပြင်း၊ အလုံးက ခပ်ကြီးကြီး၊ နေရာက ခပ်မြင့်မြင့်၊ ခင်းထားသည့် ကွန်ကရစ်က ခပ်မာမာ ဆိုတော့ အောက်အကျ အတော်လေး နာသွားသည်။ အခြေအနေ အတော် ဆိုးသွားသည်။ ပန်းသီးကြီး၏ ၅၀ ရာခိုင်နှုန်း ကျော်ကျော် လုံးဝကြွေမွ ပျက်စီးသွားလေသည်။ ပင်မြင့်မှာ ခပ်စွင့်စွင့်ဖြင့် မာန်ဝင့်ခဲ့သည့် ပန်းသီးကြီး၊ အခုတော့ မြေခကြွေကျပြီး သင်္ခါရနယ်ပယ်ထဲ ရောက်ရရှာလေပြီ။

လေအကူ
မှီယူလို့ မာန်ကိုတင်း
ပင်မြင့် တ၀င်းဝင်း။

လေအမူ
ချွေယူ ချက်ကယ်
အသက် ဘယ်သို့ ပြင်း
ပင်မှည့် မြေခဆင်း။

ယခုဆိုလျှင် နှစ်လုံးပြွတ်၌လည်း တစ်လုံးထဲ၊ ငါးလုံးပြွတ်၌လည်း တစ်လုံးထဲ ကျန်နေလေတော့သည်။ နှစ်လုံးထဲ ရှိတော့သည်မို့ ထိပ်တိုက် တိုက်ခိုက်မှု မရှိပေသည့်တိုင် လေများများတိုက်သည့် အခါ၌မူ မသိမသာ ပွတ်တိုက် ကြဆဲပင် ဖြစ်သည်။ သို့သော် ပြင်းထန်မှုကား မရှိတော့ချေ။ လွန်ခဲ့သည့် ကာလများလောက် လေကလည်း ခပ်ကြမ်းကြမ်းမတိုက်ခတ်တော့ပေ။ သို့သော် တိုက်ပွဲတို့၏ ထုံးစံအတိုင်း ဒဏ်ရာကိုယ်စီတော့ အနည်းငယ် ရှိကြလေသည်။ ပင်မြင့်၌ အရွယ်အစားချင်း တူညီနေပြီ ဖြစ်သည့် ပန်းသီးနှစ်လုံး လေယူရာ ယိမ်းရင်း အချင်းချင်း မျက်စောင်း ထိုးမြဲထိုးနေကြလေသည်။ သို့သော် ပြိုင်ပွဲအဆင့် မဟုတ်တော့ပေ။ သူသည် ထို ပန်းသီးပင် အောက်၌ လမ်းလျှောက်နေကြမို့ ထို အချင်းအရာ အဖြစ်အပျက်တို့အား ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရလေသည်။

အိမ်ရှင်အဘိုးကြီးသည် ထိုပန်းသီးပင်မှ ပန်းသီးများကို ဟင်းချက်၍လည်း စားသည်။ သရက်သီးစိမ်းကဲ့သို့ အတို့လုပ်၍လည်း စားလေသည်။ သရက်သီး သုပ်စားသကဲ့သို့ သုပ်၍လည်း စားလေသည်။ "An apple a day, a doctor keeps away" ဟူ၍ ပြောဆိုပြီး တရွမ်းရွှမ်း သွားရည်ကျလောက်အောင် သူ့ကို စားပြလေသည်။ စားချင့်စဖွယ်ပင်ဖြစ်သည်။ သို့သော် သူ မစားရဲပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် အချဉ်စားပြီးလျှင် မခံရပ်နိုင်အောင် သွားကျိန်းတတ်သောကြောင့် ဖြစ်လေသည်။

အဆိုပါ ပင်မြင့်စံ ငါးလုံးပြွတ်မှ ပန်းသီးတစ်လုံး နှင့် နှစ်လုံးပြွတ်မှ ပန်းသီးတစ်လုံးတို့အား အိမ်ရှင်အဘိုးကြီး ခူးဆွတ် စားသောက်မည်လား၊ သို့မဟုတ် အခြားသူ တစ်ယောက်ယောက်ကများ လာရောက် ခူးဆွတ် စားသောက်မည်လား အတိအကျ မပြောနိုင်ပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင်မူ "ပွင့် သီး မှည့် ကြွေ" ဟူသည့် သဘာဝနိယာမ အတိုင်း ထိုလက်ကျန် နှစ်လုံးတို့သည်လည်း မြေခကြွေကျပြီး ဘ၀ ဇာတ်သိမ်းရမည်မှာ သေချာလှပေတော့သည်။


.

Sunday, 14 August 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်သိမ်းပိုင်း)

"သူကြီးမင်း.. ဒီနေ့တော့ သူကြီးမင်းရဲ့ ကတိအတိုင်း ဇာတ်သိမ်းတဲ့အထိ ပြောပြရမယ်နော်"

"အေးပါကွာ။ ကြိုးစားပြီး ပြောပြပါ့မယ်။ အရမ်းရှည်နေရင်လဲ အကျဉ်းချုံးပြီး အဆင်ပြေသလို ပြောပြပါ့မယ်။ ဒါပေမဲ့ ဇာတ်သိမ်းမလှဘူးလေး ဘာလေးတော့ မလုပ်နဲ့နော်။ မင်းသိထားရမှာက အခုပြောပြနေတာ ပုံပြင်အတုမဟုတ်ဘူး။ ပုံပြင် အစစ်ကို ပြောပြနေတာ။ ဒါကြောင့် ကိုရီးယားဇာတ်လမ်းတွဲတို့လို တရုတ်ဇာတ်လမ်းတွဲတို့လို ဇာတ်သိမ်းကောင်းချင်မှ ကောင်းမယ်"

"နားလည်ပါတယ် သူကြီးမင်း"

"ပြောရရင်တော့ အဲဒီ ကြောင်ဖမ်းဆရာတော်ဟာ အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရ အနာတွေ ဗလပွနဲ့ လ ချီပြီး ဝေဒနာတွေကို ခံစားနေခဲ့ရတယ်။ ခန္ဓာကိုယ်တစ်ခုလုံးလဲ အနာတွေချည်းဘဲ။ ရိုးရာဆေးတွေ စားပေမဲ့လဲ မသက်သာတဲ့အပြင် ပိုလို့တောင် အနာအလုံးရေတွေ ထပ်ပေါက်လာခဲ့တယ်။ မတည့်ဘူးထင်တဲ့ ဟင်းတွေကို ရှောင်ရင်း နောက်ဆုံးကျတော့ ထမင်းဖြူကို ဆားဖြူး ဆီဆမ်းဘဲ စားရတော့တယ်။ ဆေးအနေနဲ့ ပင်တိုင် ဆံတုံးမနွယ်ကို စားရတယ်။ ဆံတုံးမနွယ်ဆို အပင်လိုက် ဆောင်ထားရတယ်။ ရေသောက်ရင်လဲ ဆံတုံးမနွယ်ကို ထုထောင်းပြီး ဆားနဲ့ မတ်ခွက်ထဲမှာ စိမ်ထားတဲ့ ရေကိုဘဲ သောက်ရတယ်။ အဲဒီလို အစားအသောက်ကို ဒုက္ခခံ စားသောက်ပေမဲ့ အနာရောဂါက လုံးဝ မသက်သာသွားပါဘူး။ ပိုပို ဆိုးလာတယ်"

"ကံ အလှည့်အပြောင်းက ကြောက်စရာ ကောင်းတယ်နော်။ သူကြီးမင်း"

"အင်း... ဟုတ်တယ်။ လောကသဘာဝကကိုမှ သူ့သဘော သူဆောင်နေတာလေ။ မကောင်းတာ လုပ်နေတာကို ဘယ်သူမှ မသိရင် မသိဘဲ နေမယ်။ ဒါပေမဲ့ ကိုယ်တိုင်က သိနေတယ်။ ပြီးတော့ လောကသဘာဝကလဲ ဒီအတိုင်းမနေဘူး။ ကံတရားအတိုင်း အတုံ့အလှည့် ဖြစ်လာတတ်တယ်။ မောင်ပေါက်ကျော်ရေ... မင်းလဲ သူတစ်ပါး အကျိုး ပျက်စီးရာ ပျက်စီးကြောင်းကို ဘယ်တော့မှ မကြံစည် မပြောဆို မပြုလုပ်နဲ့နော်။ ကံတရားက ဒီအတိုင်း လက်ပိုက် ကြည့်မနေဘူး"

"ဟုတ်ကဲ့ပါ သူကြီးမင်း။ သံဝေဂ ရစရာပါဘဲ။ နျူတန်က ဒီသဘာဝ နိယာမကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ရမယ်။ အော်...ဒါနဲ့ အဲဒီ ကြောင်ဖမ်းဆရာတော် ဘယ်လို ဖြစ်သွားလဲ မသိဘူး"

"ရိုးရာကုထုံးတွေနဲ့ ကုသလို့ မရတော့တဲ့အတွက် မြို့တက်ပြီး ဆေးရုံတင်ရတော့တာပေါ့။ တစ်ခြားလူနာတွေလဲ သူ့ကို ၀ိုင်းပြီး ကရုဏာသက်ကြတာပေါ့။ တစ်ကိုယ်လုံး အနာတွေချည်းကိုး။ ပြီးတော့ အနာတွေ နာလွန်းလို့ အမြဲတမ်း ငြီးငြူပြီး နေရရှာတယ်လေ။ ဆေးရုံမှာ တစ်လလောက် နေပြီးမှ အနာရောဂါ သက်သာလာတယ်။ ဒါနဲ့ ဆေးရုံက ဆင်းပြီး ဆရာဝန်ညွန်ကြားချက်အတိုင်း စားဆေး လိမ်းဆေးတွေကို သောက်သုံးတော့မှ အနာက ရှင်းရှင်း ပျောက်ကင်းသွားတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်အနှံ့ အမာရွတ်တွေကတော့ သေရာပါ အထိ ရှိနေတော့တာပါဘဲ"

"တော်သေးတာပေါ့။ ကျနော်က အဲဒီ အနာရောဂါတွေနဲ့ဘဲ တခါထဲ ပျံလွန်တော် မူသွားတယ် ထင်နေတာ"

"အခုလဲ မပျံလွန်ရုံတမယ်ပါဘဲ။ အတော်လေး ဝေဒနာ ခံစားခဲ့ရတယ်လေ။ သူ လုပ်ခဲ့တဲ့ အကုသိုလ် အကျိုးတွေကို သူ လူးလှိမ့် အော်ဟစ်ပြီး ခံစားခဲ့ရတာ။ သေလု မျောပါးပါဘဲ"

"ကျနော်တောင် ငယ်ငယ်တုန်းက ငှက်ကလေးတွေကို လေးခွနဲ့ ပစ်သတ်ခဲ့တာ တွေးမိပြီး ကြောက်ကြောက်လာမိတယ်"

"မောင်ပေါက်ကျော်ရေ... တစ်ခုတော့ သတိပေးထားလိုက်ဦးမယ်။ ပြုလုပ်ခဲ့ပြီးတဲ့ အကုသိုလ်တွေကို ပြန်တွေးမနေပါနဲ့။ တွေးမိတိုင်း အကုသိုလ် ပိုတိုးလာတတ်တယ်။ မေ့ထားလိုက်ရင် အကောင်းဆုံးပါဘဲ။ တွေးမိရင် စိုးရိမ်ကြောက်ရွံ့မှုတွေ ပေါ်လာလိမ့်မယ်။ အဲဒီ စိုးရိမ်ကြောက်ရွံ့မှု ကိုယ်တိုင်ကိုက အကုသိုလ်ကြီးလေ"

"မစဉ်းစားဘဲ နေပေမဲ့လဲ အကျိုးကတော့ သေချာပေါက် ပေးမှာ မဟုတ်လား သူကြီးမင်း"

"အဲဒီလို သေချာပေါက်တော့ ပြောလို့ မရသေးပါဘူး။ ကျူးလွန်ခဲ့တဲ့ ကံ အကြီးအသေးအလိုက် အကျိုးပေးတာရှိသလို အကျိုးမပေးဘဲ နေတာလဲ ရှိပါတယ်"

"ကောင်းကောင်း မရှင်းသေးဘူး သူကြီးမင်း"

"အတိုချုံးပြီး ပြောရရင်တော့ ကုသိုလ်ဘဲ လုပ်လုပ် အကုသိုလ်ဘဲ လုပ်လုပ် အကျိုးပေးတဲ့ချိန် လေးမျိုးရှိတယ်။
၁။အခု (ပထမ)ဘ၀မှာ အကျိုးပေးတဲ့ ကံ (ဒိဋ္ဌဓမ္မဝေဒနိယကံ)
၂။နောက် ဒုတိယ ဘ၀မှာ အကျိုးပေးတဲ့ ကံ (ဥပဇ္ဇဝေဒနိယကံ)
၃။တတိယဘ၀က စပြီး နိဗ္ဗာန်မရမချင်း အကျိုးပေးတဲ့ ကံ (အပရာပရိယဝေဒနိယကံ)
၎။လုံးဝ အကျိုးမပေးတော့တဲ့ ကံ (အဟောသိကံ)
အဲဒီလို လေးမျိုး ရှိပါတယ်။
ကုသိုလ်ဘဲ ဖြစ်ဖြစ် အကုသိုလ်ဘဲ ဖြစ်ဖြစ် ပထမဘ၀၊ ဒုတိယဘ၀၊ တတိယဘ၀က စပြီး နိဗ္ဗာန်မရမချင်း၊ အဲဒီ သုံးမျိုးထဲက တစ်မျိုးမျိုးနဲ့ များသောအားဖြင့် အကျိုးပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ကုသိုလ်ကံက အရမ်း အင်အားကြီးနေရင်တော့ တစ်ချို့အကုသိုလ်ကံတွေကို အကျိုးပေးခွင့် မပြုတော့ပါဘူး။ ဥပမာ အရဟတ္တမဂ်ဥာဏ်လိုမျိုးပေါ့။ အဲဒီလိုပါဘဲ အကုသိုလ်ကံက အရမ်း အင်အားကြီးနေရင်လဲ တစ်ချို့ကုသိုလ်ကံတွေကို အကျိုးပေးခွင့် မပြုတော့ပါဘူး။ ဥပမာ ပဉ္စာနန္တရိယ ကံမျိုးပေါ့"

"ဒါဖြင့် သူကြီးမင်း။ ပုဂ္ဂိုလ် တစ်ယောက်ထဲနဲ့ အဲဒီ အရဟတ္တမဂ်ဥာဏ်လဲရ၊ ပဉ္စာနန္တရိယကံလဲ ကျူးလွန်ဆိုရင်ကော ကံတရားက ဘယ်လို အကျိုးပေးမလဲ မသိဘူး"

"မောင်ပေါက်ကျော်... မင်းကတော့ လုပ်ရော့မယ်။ မသိရင်လဲ သေချာ မှတ်ထားလိုက်ဦး။ ပဉ္စာနန္တရိယကံ ကျူးတဲ့ခဲ့တဲ့သူဟာ ဒီဘ၀မှာ ဘယ်တော့မှ အရဟတ္တမဂ်ဥာဏ်ကို မရနိုင်တော့ဘူး။ အရဟတ္တမဂ်ဥာဏ်ရပြီးတဲ့ သူကလဲ ပဉ္စာနန္တရိယကံ မဆိုထားနဲ့ ဘယ်အကုသိုလ်ကိုမှ မပြုလုပ် မကျူးလွန်တော့ဘူး။ ကိလေသာတွေ လုံးဝ ကုန်စင်သွားပြီလေ"

"အော်... အဲလိုလား။ မသိပါဘူး။ ကျနော်လဲ ရုတ်တရက် စဉ်းစားမိတာလေး မေးကြည့်တာပါ"

"ဥပမာ အရှင်အင်္ဂုလိမာလကို ကြည့်ပါလား။ လူပေါင်း တစ်ထောင်ကျော် သတ်ဖြတ်ခဲ့တယ်။ သူ့အမေကို သတ်ခါနီးမှာမှ ဘုရားရှင်နဲ့တွေ့ပြီး မသတ်ဖြစ်လိုက်တော့ဘူး။ ပြီးတော့ သံဝေဂရပြီး ရဟန်းပြုတယ်။ နောက်ဆုံးတော့ သူ့ရဲ့ အတိတ်က ပါရမီအရ ရဟန္တာဖြစ်သွားတယ်။ တကယ်လို့သာ သူ့အမေကို သတ်ခဲ့မိရင် ပဉ္စာနန္တရိယကံ ထိုက်ပြီပေါ့။ ရဟန္တာ မဖြစ်နိုင်တော့ဘူး။ ရဟန္တာဖြစ်သွားတော့ အကုသိုလ်ကံတွေ အဟောသိကံ ဖြစ်သွားတော့တာပေါ့။ နောက်ပြီး သဲအင်းဂူဆရာတော် ဘုရားကြီးကို သိတယ် မဟုတ်လား။ အဲဒီ ဆရာတော်ဟာလဲ နုစဉ်တုန်းက ဓါးပြဗိုလ်ကြီးလေ၊ မိန်းမလဲ တစ်ယောက်မက ယူထားတယ်။ ဒါပေမဲ့ ပါရမီ ဥာဏ်ရင့်သန်တော့လဲ တရားရသွားတာပါဘဲ။ ဒါပေမဲ့ သူတို့ ပဉ္စာနန္တရိယကံကို မကျူးလွန်ခဲ့ကြဘူး။ ကျူးလွန်ခဲ့မိရင် သူတို့လဲ တရားထူးရကြမှာ မဟုတ်ဘူး"

"သူကြီးမင်းပြောစကားအရ သူတို့နှစ်ပါးလုံး အကုသိုလ်တွေ အများကြီး ကျူးလွန်ခဲ့ကြပေမဲ့ အကုသိုလ် အကျိုးမပေးဘဲ တရားထူးရသွားကြတယ်ဆိုတော့ အခုခေတ် လူငယ်တွေကို အကုသိုလ်ဘယ်လောက်လုပ်လုပ် တရားထူး ရနိုင်တယ်ဆိုပြီး အကုသိုလ်လုပ်ဖို့ အားပေးရာ မရောက်ပေဘူးလား သူကြီးမင်း။ ကျနော် နဲနဲ စိုးရိမ်မိသလို ဖြစ်မိတယ်"

"မင်းကလဲ အတွေးခေါင်ပြီး ဘာသာပြန်မှားနေပြန်ပါပြီ။ ပေးနေတဲ့ မက်ဆေ့ခ်ျက ဘုရားမှန်း တရားမှန်း သံဃာမှန်း မသိဘဲ ကမ်းကုန်အောင် မိုက်မဲနေကြတဲ့ လူမိုက်ကြီးတွေကို ဘုရားတရား လုပ်ချင်စိတ်ရှိသေးရင် အချိန်မီပါသေးတယ်။ ဆက်မမိုက်ကြပါနဲ့တော့။ မိုက်ဇာတ်သိမ်းလိုက်ကြပါတော့။ ဆက်မိုက်နေရင်တော့ အပါယ်တံခါးက အခုကထဲက ပွင့်နေပြီ ဆိုပြီး မက်ဆေ့ခ်ျပေးနေတာပါ"

"အော်... အဲလိုလဲ ဟုတ်သားဘဲ"

"မောင်ပေါက်ကျော်ရေ... အတွေးတော့ မမှားနဲ့နော်။ အဟောသိကံဆိုတာ အလွန်ရှားပါးတဲ့ ကံပါ။ အများအားဖြင့်တော့ အကျိုးပေးတဲ့ ကံတွေချည်းပါ။ အခု ကြောင်ဖမ်းဆရာတော်ကို ကြည့်လေ။ လက်ရှိဘ၀မှာတင် အတော်လေး ခံစားခဲ့ရရှာတယ်။ ကံကောင်းလို့ မသေမပျောက်ခဲ့ပေမဲ့ ပတ်ဝန်းကျင်ကလဲ သူ့ကို အကုသိုလ်အကျိုးပေးခံရတာလို့ ပြော၊ သူကိုယ်တိုင်ကလဲ ဝေဒနာကို ရေရှည် ခံစား၊ ဘယ်လောက်များ သနားဖို့၊ သံဝေဂယူဖို့ ကောင်းလိုက်သလဲလို့"

"ဟုတ်တယ်နော် သူကြီးမင်း။ သေချာ တွေးကြည့်ရင်တော့ ကံကံ၏အကျိုးက တကယ် ကြောက်စရာကောင်းတယ်"

"အင်းးးး အဲဒီလို ကြောက်စရာကောင်းလို့လဲ ရှေးပညာရှင်တွေက အသက်သတ်ခြင်းရဲ့ အကျိုးအပြစ်ကို ဘုရားဟောနဲ့အညီ ကဗျာလင်္ကာလေး စပ်ပြီး အားလုံး ရှောင်ကြဉ်နိုင်ဖို့ လူအများရှေ့ ချပြခဲ့ကြတာပေါ့။ အဲဒီ ကဗျာလင်္ကာလေးလဲ မင်း မှတ်သွားလိုက်ဦး"

"သူ့အသက်ကို သိလျက်သားနဲ့
ဒေါသစိတ်ထား သေစေလို
လုံ့လပြုကာ သေအောင်သတ်က
ပါဏာတိပါတ် အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ဘဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်လာပြန်လဲ ရောဂါစွဲ ဆင်းရဲအသက်တို
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို"

"ကောင်းလိုက်တဲ့ ကဗျာလင်္ကာလေးနော် သူကြီးမင်း။ ကျနော်ကတော့ အလွတ်ကျက်သွားလိုက်ပြီ။ ရပ်ရွာထဲက ကလေးတွေကိုလဲ ဒီကဗျာလင်္ကာလေး ရွတ်ပြပေးဦးမယ်"

"အင်းးးး ကောင်းတယ် ကောင်းတယ်။ ပြီးတော့ ငါးပါးသီလ အားလုံး ကျူးလွန်ခြင်းအတွက် အပြစ် အသီးသီးတွေကိုလဲ ဒီနေရာမှာ သွားမှတ်ယူပြီး ကလေးတွေကို ပေးဝေငှလိုက်ဦးပေါ့။ ဟုတ်ပြီလား။ ဒီအလုပ်က လူနတ် သာဓုခေါ်တဲ့အလုပ်ပါ"

"ကောင်းပါပြီ သူကြီးမင်း။ ဒါနဲ့ ကြောင်ဖမ်းဆရာတော် ပုံပြင်က ဒီမှာ ပြီးသွားပြီလား"

"ဆက်ပြောဦးမယ်လေ။ နဲနဲ ကျန်သေးတယ်။ ကြောင်ဖမ်းဆရာတော်လဲ နောင်တတွေ သံဝေဂတွေ တစ်ပုံတစ်ပင်ကြီး ရသွားပြီး တောလိုက်ထွက်ခြင်းကို အပြီးပိုင် စွန့်လွှတ်လိုက်တယ်။ ရဟန်းကျင့်ဝတ်နဲ့ အညီ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေထိုင်တယ်။ ရွာဦးကျောင်းဆရာတော်လဲ ကိုရင်ကျောင်းသားတွေကို တောထဲ သွားခွင့်မပြုတော့ဘူး။ အားလပ်ရက်ဖြစ်တဲ့ အဖိတ်နေ့ရောက်ရင် ကျောင်းဝင်းထဲမှာဘဲ လူကြီးအသင်း လူငယ်အသင်း ဖွဲ့ပေးပြီး ဘောလုံး ကစားခိုင်းတော့တယ်။ ဘယ်မှ မသွားရတော့ဘူး။ ခွေးတွေလဲ တောမလိုက်ရတဲ့အတွက် ပျင်းပျင်းရိရိနဲ့ ဟိုနား ဒီနား ခွေအိပ်နေကြတယ်။ ခွေးတွေဟာ တောမလိုက်ရတဲ့ အငြိုးနဲ့ ကျောင်းဝင်းထဲ နယ်ကျွံလာတဲ့ အပြင်ကခွေး ကြက် ကျွဲ နွားတွေဆို အလွတ်မပေးတော့ဘူး။ အပြင်းအထန် ၀ိုင်းဝန်းပြီး တိုက်ခိုက်ကြတယ်။ သူတို့က တော လိုက်တာကိုဘဲ အထုံပါနေကြတာကိုး"

"ရွာဦးကျောင်းဆရာတော်လဲ မကောင်းမှုတွေကို ကိုရင် ကျောင်းသားတွေ ဆက် မလုပ်ဖို့ အချိန်မီ ထိန်းလိုက်နိုင်တာဘဲနော်"

"အင်း.. ပျက်အစဉ် ပြင်ခဏပေါ့ မောင်ပေါက်ကျော်။ နောက်ပိုင်းတော့ ကြောင်ဖမ်းဆရာတော်လဲ မြောက်ပြင်ဆိုတဲ့ ရွာလေးမှာ ကျောင်းထိုင်ဆရာတော် ဖြစ်သွားတယ်။ လိုရင်း ချုံးပြောရရင်တော့ ကြောင်ဖမ်းဆရာတော်ဆိုတာ တစ်ခြားဆရာတော် မဟုတ်ပါဘူး။ အခု လက်ရှိ သီလသဓာဓိနဲ့ ပတ်သက်ပြီး နာမည်ကြီးနေတဲ့ မြောက်ပြင်ဆရာတော် ဦးသောပါက ပါဘဲ"

"အော်... လက်စသတ်တော့ အဲဒီ ဆရာတော်ကိုး"

"အင်းးးး နောင်တတွေ အများကြီးရပြီး ရဟန်းကျင့်ဝတ်အတိုင်း နေထိုင်တယ်။ မြောက်ပြင်ရွာမှာ ကျောင်းထိုင်ပြီး နေ့စဉ် တရားဘာဝနာ အားထုတ်တယ်။ ကျောင်းဝင်းထဲမှာ ခွေးလုံးဝ မွေးမထားဘူး။ ကိုရင်ကျောင်းသားလေးတွေကို နေ့စဉ် စာသင်ပေးတယ်။ သူ့ဘ၀ သင်ခန်းစာနဲ့ ထိုးပြပြီး မကောင်းတာ မလုပ်ဖို့ သင်ပြပေးတယ်။ ကျောင်းဝင်းထဲ ၀င်ရောက်လာတဲ့ ကျေးငှက် တိရစ္ဆာန်တွေကို လုံးဝ မသတ်ဖြတ် မညှဉ်းဆဲရ အမိန့်ထုတ်ထားတယ်။ နေ့စဉ် ကျောင်းဝင်းအစပ်မှာ ကျေးငှက်တိရစ္ဆာန်တွေကို အစာကျွေးတယ်။ အခုဆိုရင် သူ့ မြောက်ပြင်ကျောင်းဝင်းထဲမှာ မင်းသိတဲ့အတိုင်းဘဲ။ ဘေးမဲ့ပေးထားတဲ့အတွက် ကျေးငှက်သာရကာ တိရစ္ဆာန်လေးတွေနဲ့ ပြည့်နှက်လို့။ အလွန်ကြည်နူးစရာ ကောင်းလိုက်တဲ့ မြင်ကွင်းပါဘဲ"

"ဟုတ်တယ်နော် သူကြီးမင်း ကြည်နူးစရာမြင်ကွင်းလေး"

"မောင်ပေါက်ကျော်ရေ... လူဆိုတာ မကောင်းတာကို မကောင်းမှန်းသိရင် လိမ္မာတယ် ပြောရမှာပါဘဲ။ ဒီထက် မကောင်းတာကို စွန့်လွှတ်နိုင်ရင် ပို လိမ္မာတယ် လို့ ပြောရမှာဘဲလေ။ ဒါပေမဲ့ တစ်ခါတစ်ခါ လူတွေ သံဝေဂ ရခဲကြတယ်။ ကိုယ်တိုင် ဒုက္ခသုက္ခတွေ ခံစားရမှ နောင်တ ရတတ်ကြတာ မဟုတ်လား"

"ကြောင်ဖမ်းဆရာတော်လဲ သူ့အနာရောဂါတွေက တစ်ဆင့် သတိသံဝေဂ ၀င်သွားတာနော် သူကြီးမင်း"

"အင်းးး ဟုတ်တယ်။ သူ့မှာက ဗုဒ္ဓစာပေ အခြေခံရှိတော့ ချက်ချင်း သဘောပေါက်တာပေါ့။ ခေါင်းမာပြီး တင်းခံ မနေတော့ဘူးလေ။ သေချာပေါက် အကုသိုလ်အကျိုးတွေဆိုတာ သဘောပေါက်သွားတယ်။ ဒါကြောင့် သူ အဲဒီ အကုသိုလ်တွေအားလုံးကို စွန့်လွှတ်လိုက်တာ"

"ဒါကြောင့်လဲ အဆိုးဆုံး အခြေအနေကနေ အကောင်းဆုံး အခြေအနေကို ကူးပြောင်းနိုင်တာပေါ့နော် သူကြီးမင်း"

"အင်း... သေချာတာပေါ့။ တစ်ယောက်ထဲ တစ်စိတ်ထဲ ဆိုပေမဲ့လဲ အခြေအနေနဲ့ အချိန်အခါအရ အဆိုးဆုံးလဲ ဖြစ်နိုင်သလို အကောင်းဆုံးလဲ ဖြစ်နိုင်တာပါဘဲ။ ဟို.... အဲဒါနဲ့ ပတ်သက်ပြီး ပုံပြင်တစ်ပုဒ်တောင် ရှိသေးတယ်"

သူကြီးမင်းက ပုံပြောဦးမယ်ထင်တယ်။ တော်ကြာ ဇာတ်မသိမ်းနိုင်ဘဲ ဖြစ်နေဦးမယ်။ ဒါပေမဲ့ ကျနော်ကတော့ ပုံပြင်ဆို ကြိုက်ပြီးသားဘဲ

"အင်း... ငါလဲ အဲဒါ စဉ်းစားနေတာ။ အရမ်းလဲ မရှည်ချင်တော့ဘူး။ ဒါကြောင့် အဲဒီ ပုံပြင်လေးကို အကျဉ်းချုပ်ပြီး ပြောပြလိုက်ပါဦးမယ်"

"ကောင်းတယ် သူကြီးမင်း"

"တစ်ခါက လူတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ အနူးညံ့အသိမ်မွေ့ဆုံး လူသားနှင့် ကြမ်းတမ်းအရက်စက်ဆုံး လူသားတို့ကို မှတ်တမ်းတင်ဖို့ ရှာဖွေ ထွက်ခဲ့သတဲ့။ ကမ္ဘာအနှံ့ အနူးညံ့ဆုံးလူသားကို လိုက်ရှာပေမဲ့ မတွေ့နိုင်ဘဲ ဖြစ်နေသတဲ့။ သတင်းအရ အနူးညံ့ဆုံးလို့ နာမည်ကြီးတဲ့ သူတွေဆီ သွားတွေ့တိုင်း ချွတ်ယွင်းချက် တစ်ခုခု တွေ့မြဲ တွေ့နေရသတဲ့။ ဒီလိုနဲ့ ရှာပုံတော် ထွက်ရင်း တောအုပ်နက်နက်တစ်ခုကို ဖြတ်ကျော်တဲ့အခါမှာ သစ်ပင်ကြီး တစ်ပင်အောက် တရားထိုင်နေတဲ့ ရသေ့တစ်ပါးကို တွေ့လိုက်သတဲ့။ အဲဒီ ရသေ့အနီးအနားမှာလဲ သားရဲ တိရစ္ဆာန်တွေ အများကြီး ကျက်စားနေထိုင်ကြသတဲ့။ ရသေ့ဟာ တရားထိုင်ပြီးလို့ စင်္ကြန်လျှောက်တဲ့အခါမှာလဲ ဣနြေ္ဒအရမ်းရှိပြီး ကြည်ညိုဖွယ် အရမ်းကောင်းတယ်တဲ့။ သားရဲတိရစ္ဆာန်တွေလဲ ရသေ့နဲ့ မိတ်ဆွေရင်းခြာတွေ ဖြစ်နေကြသတဲ့။ ချုံးပြောရရင်တော့ အားလုံး(အားလုံး) ဘာမှ ချွတ်ယွင်းချက် မရှိ (ကာယကံ ၀စီကံ မနောကံ) ကံသုံးပါးလုံး နူးညံ့သိမ်မွေ့နေတာကို တွေ့ရသတဲ့။ ဒါကြောင့် အဲဒီလူဟာ ကမ္ဘာပ်ါက အနူးညံ့ဆုံး အသိမ်မွေ့ဆုံး လူသားနဲ့ တွေ့ပြီဆိုပြီး မှတ်တမ်းတင်လိုက်သတဲ့"

"ရသေ့ရဟန်းဆိုတော့လဲ နူးညံ့သိမ်မွေ့မှာပေါ့ သူကြီးမင်းရာ နော်"

"မင်း... ဆုံးဖြတ်ချက် မစောနဲ့ဦး မောင်ပေါက်ကျော်၊ ဆုံးအောင်လဲ နားထောင်ဦး။ အဲဒီလူဟာ အနူးညံ့အသိမ်မွေ့ဆုံး လူသားကတော့ တွေ့ပြီ၊ အကြမ်းတမ်းအရက်စက်ဆုံး လူသား ရှာဖို့ဘဲ ကျန်တော့တယ် ဆိုပြီး အကြမ်းတမ်း အရက်စက်ဆုံးလူသား ရှာပုံတော် ထွက်ပြန်သတဲ့။ ကမ္ဘာအနှံ့ ရှာဖွေပေမဲ့ ကမ်းကုန်အောင် ရက်စက် ကြမ်းကြုတ်တဲ့ သူကို မတွေ့နိုင်ဘဲ ဖြစ်နေသတဲ့။ ရက်စက်ကြမ်းကြုတ်လှပါတယ်ဆိုတဲ့ လူတွေမှာ သိမ်မွေ့မှုတွေ တစ်မျိုးမဟုတ် တစ်မျိုး ရှိနေပြန်သတဲ့။ ဒါနဲ့ ရှာပုံတော် ဖွင့်ရင်း ခုနက ရသေ့သီတင်းသုံး နေထိုင်တဲ့ တောအုပ်ထဲ ဖြတ်သန်းသွားလာမိသတဲ့။ အဲဒီ လူလဲ ရသေ့ကို သတိရပြီး ဖူးမြှော်ချင်စိတ်ရှိတာနဲ့ တောအုပ်ထဲ ၀င်ရောက်ပြီး ရသေ့ကို သွားရောက် ဖူးမြှော်သတဲ့။ အဲဒီမှာ သူ အံ့အားသင့်သွားတော့တာပါဘဲ"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"ဘာဖြစ်ရမှာလဲ။ အဲဒီ ရသေ့ဟာ သူ့လက်မှာလဲ လက်နက်တွေနဲ့ ကိုယ်တွေ လက်တွေမှာလဲ သွေးရဲ တရဲရဲနဲ့ သားကောင်တွေကို ဖမ်းဆီးပြီး အရှင်လတ်လတ် လှီးဖြတ်ကာ အစိမ်းလိုက် စားသောက်နေတာကို တွေ့လိုက်ရတဲ့ အတွက်ကြောင့် အံ့အားသင့်သွားတာပေါ့။ ပြီးတော့ သားကောင်ကို ဖမ်းဆီးပြီး အရှင်လတ်လတ် ဖင်ကနေ ခေါင်းထိ ပေါက်အောင် တံလျင်လျှိုသလို လုပ်ပြီး (အရှင်လတ်လတ်) မီးကင်စားသောက်နေသတဲ့။ ရသေ့မျက်နှာမှာလဲ ကြမ်းတမ်း ခက်ထန်ပြီး ရန်လိုမုန်းထားတဲ့ မျက်နှာပုံစံမျိုး ဖြစ်နေသတဲ့။ အဲဒီ လူဟာလဲ အနီးကပ်ပြီး အခြေအနေအားလုံးကို လေ့လာလိုက်တဲ့အခါ အလွန်တရာမှ ရိုင်းစိုင်း ကြမ်းတမ်း ခက်ထန်မှုတွေကိုဘဲ တွေ့ရှိလိုက်ရသတဲ့။ နူးညံ့သိမ်မွေ့မှု ဘာတစ်ခုမှ ရသေ့ဆီမှာ မရှိတော့ဘူးတဲ့။ အဲဒီလူကိုတောင် သတ်ဖြတ်စားသောက်မဲ့ အရိပ်အရောင် ပြသတဲ့အတွက် အမြန် ထွက်ပြေး တိမ်းရှောင်ခဲ့ရသတဲ့။ အဲဒီ လူလဲ အဲဒီတော့မှ ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးလူသားဟာလဲ အဲဒီရသေ့ဘဲ၊ အကြမ်းတမ်း အရက်စက်ဆုံး လူသားဟာလဲ အဲဒီ ရသေ့ဘဲလို့သဘောပေါက်သွားတော့သတဲ့"

"အင်း.... ဟုတ်မယ်နော်။ ပုထုဇဉ်မှန်သမျှ တစ်ယောက်ထဲပေမဲ့ အခြေအနေအရ လူဆိုးလဲ ဖြစ်လိုက်တာဘဲ။ ပြီးတော့ လူကောင်းလဲ ဖြစ်လိုက်တာဘဲ"

"အေးလေ... မင်း ကြောင်ဖမ်းဆရာတော်ကို ကြည့်ပါလား။ အဆိုးကနေ အကောင်းဖြစ်သွားတာ။ ဒါပေမဲ့ ပုံပြင်ထဲက ရသေ့ကတော့ အကောင်းကနေ အဆိုးဖြစ်သွားတာ။ အကြောင်းအကျိုး အကောင်းအဆိုးဆိုတာ ရှိတတ် ဖြစ်တတ်ပေမဲ့ အဆုံးမှာ အကောင်းနဲ့ အဆုံးသတ်သွားတာကတော့ အကောင်းဆုံးပေါ့ မောင်ပေါက်ကျော်"

"အင်း... ကျနော် သဘောပေါက်တယ် သူကြီးမင်း။ ကျနော်လဲ အကောင်းဘက်ဦးတည်ဖို့ တတ်နိုင်သမျှ ကြိုးစားမယ်။ ဒါနဲ့ သူကြီးမင်း မသိလို့ မေးပါရစေ"

"မေးလေ။ သိရင် ပြောပြမှာပေါ့။ မသိရင်တော့ ရွာဦးကျောင်းဆရာတော်ကို တဆင့် မေးမြန်းရမှာဘဲ"

"ဘုန်းကြီးကျောင်းသားရယ်၊ ကိုရင်ရယ်၊ ဦးဇင်းရယ်၊ သူတို့ တိရစ္ဆာန်တွေရဲ့ အသက်ကို သတ်ရင် ဘယ်လို အပြစ်တွေ ဖြစ်လဲဆိုတာကို သိချင်လို့ပါ"

"အတော်ကောင်းတဲ့ မေးခွန်းဘဲကွ။ ဘုန်းကြီးကျောင်းသားမှာ သီးသန့် သိက္ခာပုဒ်မရှိတဲ့အတွက် ငါးပါးသီလထဲက ပါဏာတိပါတကံကိုဘဲ ကျူးလွန်ရာ ရောက်ပါတယ်။ ကိုရင်တွေကျတော့ ဆယ်ပါး သီလရှိတယ်လေ။ အဲဒီ ဆယ်ပါး သီလထဲက တစ်ပါးပါးကို ကျူးလွန်ရင် လိင်လဲကျတယ်။ ငါးပါးသီလ အပြစ်လဲ ဖြစ်တယ်။ အခုလို အသက်ကို သတ်ရင် လိင်ကျတာပေါ့။ ဦးဇင်းတွေကျတော့ ပါစိတ်အာပတ်လဲ သင့်တယ်။ ပြီးတော့ လောက၀ဇ္ဖအနေနဲ့ ငါးပါးသီလကိုလဲ ကျူးလွန်ရာ ရောက်တယ်။ အဲဒီတော့ ကျောင်းသားတွေမှာ အပြစ်တစ်ခုထဲအတွက် ဆိုးကျိုးကို ခံစားရပေမဲ့ ကိုရင်နှင့် ဦးဇင်းတွေကျတော့ အပြစ်နှစ်ခုအတွက် ပေါင်းခံရမယ်လေ။ ဥပမာအားဖြင့်တော့ ထောင်ဒဏ်နဲ့ငွေဒဏ် ပေါင်းခံစေ ဆိုသလိုပေါ့ကွာ"

"လိင်ကျတယ်ဆိုတာ ဘာကို ပြောတာလဲ သူကြီးမင်း"

"လိင်ဆိုတာ လိင်္ဂဆိုတဲ့ ပါဠိက ဆင်းသက်လာတာပါ။ အသွင်အပြင်လို့ အဓိပ္ပါယ်ရပါတယ်။ ကိုရင်ဝတ်ထားတော့ ကိုရင် အသွင်အပြင်ပေါ့။ ဒါပေမဲ့ သူတို့ ကျင့်ဝတ်ဆယ်ပါးထဲက တစ်ပါးပါးကို ကျူးလွန်မိရင်တော့ ကိုရင်အသွင်နဲ့ မနေရတော့ဘူး။ သင်္ကန်းချွတ်ပြီး လူ့အသွင်နဲ့ဘဲ နေရတော့မယ်။ ဒါကြောင့် လိင်ကျတယ်ဆိုတာ ကိုရင်အသွင်ပျက်စီးခြင်းကို ဆိုလိုတာပါ"

"ဒါဖြင့် ဟို တောလိုက်တဲ့ ကိုရင်တွေ လိင်ကျတာဘဲ မဟုတ်လား။ ဘာဖြစ်လို့ အသွင်မပျက်စီးရတာလဲ"

"ဒါကတော့ ဒီလို ရှိပါတယ်။ ကိုရင်ဘ၀က ရဟန်းတွေလောက် အရမ်း မတင်းကြပ်ဘူး။ လိင်ကျပြီးရင်လဲ ဆယ်ပါး သီလ ပြန်ခံယူရင် ကိုရင် ပြန်ဖြစ်တယ်။ ဒါကြောင့်မို့ များသောအားဖြင့် ဘုန်းကြီးကျောင်းတွေမှာ နေ့စဉ်ညဘက် ဘုရားဝတ်တက်တဲ့အခါ ကိုရင်တွေ ဆယ်ပါးသီလ ခံယူလေ့ ရှိကြတယ်"

"အော်.. အဲဒီလိုလား။ သိပါဘူး။ ဒါကြောင့် ညဘက်တွေမှာ ရွာဦးကျောင်းက ဆယ်ပါးသီလ အသံတွေ ထွက်ပေါ်နေတာကိုး"

"အင်း.... ကိုရင်တွေက သိက္ခာပုဒ်အနေနဲ့ရော၊ တင်းကြပ်မှုအနေနဲ့ရော ဦးဇင်းတွေထက် နိမ့်ကျကြတယ်။ ဒါကြောင့် ဦးဇင်းတွေရဲ့ ရဟန်းဖြစ်မှတ်တမ်းမှာ.... ရှင်ဘယ်သူသည် ဘယ်သူတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ဘယ်သူ့ကို ဥပဇ္ဓျာယ်ပြု၍ ကာရကသံဃာ ဘယ်နှစ်ပါးဖြင့် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ဘယ်သိမ်၌ ယုတ်နိမ့်သော ရှင်သာမဏေအဖြစ်မှ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည် ဆိုပြီး ရေးမှတ်လေ့ ရှိကြတာလေ"

"ရှင်းသွားပြီ။ သူကြီးမင်း။ ဒါနဲ့ ဦးဇင်းတွေကျတော့ တိရစ္ဆာန်တွေရဲ့ အသက်ကို သတ်ရင် ပါစိတ်အာပတ်ဘဲ သင့်တာလား။ ပါရာဇိက မကျဘူးလား"

"အင်း.. ဆိုပါတော့။ ဦးဇင်းတွေကျတော့ လူသတ်မှ ပါရာဇိက ကျတာပါ။ ကြက်ငှက်တိရစ္ဆာန်တွေကို သတ်ဖြတ်ရင်တော့ ပါစိတ်အာပတ်ဘဲ သင့်တယ်လေ။ ဒေသနာကြားလို့ ရတာပေါ့။ ဒါပေမဲ့ ငါးပါးသီလအနေနဲ့တော့ လောကအပြစ်ကို ခံရမှာပါဘဲ။ နောက်တစ်မျိုး စဉ်းစားလို့လဲ ရပါသေးတယ်။ ပိုင်ရှင်ရှိတဲ့ တိရစ္ဆာန်တစ်ကောင်ကို ခိုးယူလိုစိတ်နဲ့ သတ်ဖြစ်စားသောက်ရင်တော့ ပါရာဇိက ကျတယ်"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"သူများပိုင်ပစ္စည်းကို ခိုးယူတဲ့အတွက် ပါရာဇိက ကျတာပါ။ သတ်ဖြတ်တဲ့အတွက် ပါရာဇိကကျတာ မဟုတ်ပါဘူး"

"အော်... အခုမှဘဲ လင်းသွားတော့တယ်"

"ဘယ်လိုအခြေအနေမျိုးမှာဘဲ ဖြစ်ဖြစ် ကိုယ်ပြုတဲ့ ကံကတော့ ကိုယ့်ဆီ ပြန်ရောင်ပြန်ဟပ်စမြဲပါဘဲ မောင်ပေါက်ကျော်ရေ။ ဒါကြောင့် မင်းလဲ အခုအချိန်ကစပြီး မကောင်းတာတွေ ရှောင်ရှားပြီး ကောင်းတာတွေကိုသာ ဆောင်ထားပေတော့"

"ကြိုးစားပြီး ကောင်းတာဘဲ လုပ်တော့မယ် သူကြီးမင်း"

"ကဲ..ကဲ မောင်ပေါက်ကျော်။ ကောင်းတာဖြစ်ဖြစ် မကောင်းတာဖြစ်ဖြစ် ကိုယ်ပြုလုပ်ခဲ့တဲ့ ကံက ကိုယ့်ဆီ ပြန်လာတတ်တယ်ဆိုတဲ့ အကြောင်းကို ဆရာတော်တစ်ပါး ရေးသားသီကုံးထားတဲ့ လင်္ကာလေးနဲ့ ဒီ ကြောင်ဖမ်းဆရာတော် ပုံပြင်ကို အဆုံးသတ်လိုက်ကြစို့ရဲ့"

"ဟုတ်ကဲ့ပါ သူကြီးမင်း။ အခုလို နေ့စဉ်ရက်ဆက် ကော်ဖီတိုက် လဘက်သုပ်ကျွေးပြီး စိတ်ရှည် လက်ရှည် ပုံပြင်ပြောပြပေးတဲ့ သူကြီးမင်းကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်"

"ကဲ... လင်္ကာလေးကို သေသေချာချာ နားထောင်ပြီး သာဓုခေါ်ပေတော့ မောင်ပေါက်ကျော်ရေ"

"ကာယကံကို ကိုယ်နဲ့လုပ်သည်
ကိုယ်နဲ့လုပ်တာ ကာယကံ။

ဝစီကံကို နှုတ်နဲ့ပြောသည်
နှုတ်နဲ့ပြောတာ ၀စီကံ။

မနောကံကို စိတ်နဲ့ကြံသည်
စိတ်နဲ့ကြံတာ မနောကံ။

ကိုယ့်ကာယကံ၊ ကိုယ့်ဆီပြန်
ကိုယ့်ဝစီကံ၊ ကိုယ့်ဆီပြန်
ကိုယ့်မနောကံ၊ ကိုယ့်ဆီပြန်"


"သာဓု သာဓု သာဓု"


ဤတွင် သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် အပြီးသတ်လေသတည်း။ ။

.