Friday, 12 August 2011

ကမ္ဘာကျော်ဒိုင်းဆု ရွေးချယ်ခြင်း

အနယ်နယ် အရပ်ရပ်မှ ပေးပို့လာကြသည့် သ၀ဏ်လွှာတို့အား ဒိုင်လူကြီး သုံးဦး တိတိကျကျ မှန်မှန်ကန်ကန် စစ်ဆေးနေကြသည်။ ကင့်မွန်နဲ့ ပို့ခဲ့သည့် သ၀ဏ်လွှာက ၂၆ စောင်။ အေးမီးနဲ့ ဆက်သခဲ့သည့် သ၀ဏ်လွှာက ၁ စောင်။ စောက်ဘီနဲ့ ပါးပေးခဲ့သည့် သ၀ဏ်လွှာက ၁ စောင်။ စုစုပေါင်း သ၀ဏ်လွှာ ၂၈ စောင် တိတိ ဖြစ်သည်။ ဒိုင်လူကြီး သုံးဦးက ထိုသ၀ဏ်လွှာ ၂၈ စောင်ထဲမှ အကောင်းဆုံး သ၀ဏ်လွှာအား ရွေးချယ် ပေးရမည်ဖြစ်သည်။ ထို အကဲဖြတ်ဒိုင်လူကြီး သုံးဦးမှာ အခြားသူများ မဟုတ်၊ ဆုံးဖြတ်ချက်များကို သမာသမတ်ကျကျ ဘက်မလိုက်ဘဲ ဆုံးဖြတ်ပေးခြင်း၌ နာမည်အလွန်ကြီးကြသည့် ပုဂ္ဂိုလ်ကြီး သုံးဦးပင် ဖြစ်လေသည်။ ထို သူတို့မှာ.......
၁။ကိုကိုမောင်
၂။ပန်းရနံ့
၃။တုံးဖလား သူကြီးမင်း ဟူ၍ ဖြစ်လေသည်။

ထိုဒိုင်လူကြီး သုံးဦးတို့၏ အဓိကရည်ရွယ်ချက်မှာ "ငယ်ရွယ် တက်ကြွ စန်းပွင့်" ဟူ၍ ဖြစ်သည်။ ထိုအချက်နဲ့ လုံးဝညီညွတ်သည့် သ၀ဏ်လွှာတစ်စောင်အား အကောင်းဆုံး သ၀ဏ်လွှာ အဖြစ် ရွေးချယ် သတ်မှတ်ပေးမည် ဖြစ်၏။ ထိုဒိုင်လူကြီး သုံးဦးတို့သည် အောက်ပါ သ၀ဏ်လွှာတို့အား တစ်စောင်ပြီး တစ်စောင် တစ်လှည့်စီ သေချာ စစ်ဆေးပြီး မှတ်ချက်ပေးနေကြလေသည်။ သ၀ဏ်လွှာအားလုံး အကောင်းတွေချည်းမို့ ပို၍ သတိထား စစ်ဆေးနေကြရသည်။

Blogger rose said...

Happy Birthday ပါ သူကြီးမင်း ဦးကိုကိုမောင်း) မွေးနေ့သာမက နေ့ရက်တိုင်းမှာ ပျော်ရွှင် ချမ်းမြေ့ပါစေရှင်။

Wednesday, 10 August 2011 14:54:00 GMT+01:00

ခေါ်ရက်လိုက်တာ။ ဦးကိုကိုမောင်တဲ့။ အသက်တောင် တစ်ရာလောက် ထပ်ကြီးသွားသလား အောက်မေ့လိုက်ရတယ်။း)))


Blogger အဖြူရောင်နတ်သမီး said...

HAPPY BIRTHDAY.. ပါ ကိုမောင်ရေ...
ဘာမှလည်းကြိုမပြောဘူးရော..
အလုပ်သွားခါနီး ဝင်ကြည့်လိုက်လို့တွေ့တာ..
မွေးနေ့မှ“စ”..နှစ်တရာတိုင် အနာရောဂါကင်းရှင်းပြီး လိုအင်ဆန္ဒတွေပြည့်ဝနိုင်ပါစေရှင်..

Wednesday, 10 August 2011 14:57:00 GMT+01:00

ကိုမောင်ရေတဲ့။ သူလေးကတော့ သိပ်မဆိုးဘူး။ စကာတင် ရွေးမယ်ဆို ရွေးလို့ ရတယ်။း)))

Blogger ညိမ်းနိုင် said...

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွင်ချမ်းမြေ့
ပါစေ တဂျီးမင်းရေ...၊ဒါနဲ့စကားမစပ် ကြောင်ဖမ်းဆရာ
တော်လည်းမေ့သလောက်ဖြစ်နေပြီ သူကြီးရဲ့.....:)))

Wednesday, 10 August 2011 15:19:00 GMT+01:00

တဂျီးဖြစ်လိုက် သူကြီးဖြစ်လိုက်နဲ့မို့ မောင်လေးကိုလဲ ရှောင်ပြေးလိုက်ရတယ်။ :D :D :D
Anonymous မင်းဧရာ said...

happy birthday သူကြီးမင်း........
ဒီနေ့ကစပြီး သူများမျက်စောင်းထိုးခြင်းကင်းပါစေ
( လူပျိုကြီးစာရင်းဝင် နေပြီဆိုတော့ အနည်းဆုံး ငှက်ပျောပင်ကတော့ မျက်စောင်းထိုးမှာပဲ}}}}:)
သတိလေးတော့ထားဗျာ့နော်
ကိုယ့်လုပ်စာ ကိုယ်စားပြီး နေရင်းထိုင်ရင်းက ငှက်ပျောပင်
မျက်စောင်းထိုးခံရတာတော့မကောင်းဘူး ဟီးဟီး။

Wednesday, 10 August 2011 15:40:00 GMT+01:00

ငှက်ပျောပင် ငှက်ပျောတုံးကြီး လာထိုးပေးလို့ မင်းဧရာကိုလဲ စိတ်နာနာနဲ့ ဘဲ။ ဟာ ဟ။

Anonymous Anonymous said...

သူကြီးမင်း ရယ် ..
သူကြီးမင်းကို လည်း အဲ့လို
ကုသိုလ် အရမ်းရစေချင်တာပဲ ..
အဲ့ဒါကြောင့် အဲ့လို ကုသိုလ်
လုပ်ချင်စိတ် များ ရှိရင်
ဒီကို ကြွမြန်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ..
ဟဲဟဲ ..=))
ကဲ မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ် ..
မွေးနေ့မှာ သူများကို ကုသိုလ်ပေးရင်း
ကိုယ်တိုင်လည်း ထိုကဲ့သို့သော
ကုသိုလ် ယူနိုင်ပါစေလို့ ... xDxD

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Wednesday, 10 August 2011 16:37:00 GMT+01:00

သူလေးလဲ သူကြီးမင်းလို့ ခေါ်ဝေါ်ပြီး ကုသိုလ်တွေ အတင်းပေးနေလို့ ။း)))

Blogger ကိုဇော် said...

ကပ်စီးနည်းကြီးလို့ မပြောပါဘူးလေ. .

ပျော်ရွှင်စွာ မွေးနေ့လေးတွေကို အကြိမ်ပေါင်းများစွာ ကျင်းပနိုင်ပါစေလို့ပဲ ဆုတောင်းပေးသွားပါတယ် :D

Wednesday, 10 August 2011 17:37:00 GMT+01:00

အာဘွားဆရာကြီးကိုလဲ အချက်နဲ့ သိပ်မညီလို့ အာဘွားပြန်မလုပ်လိုက်နိုင်ဘူး။း))))

Blogger တောက်ပကြယ်စင် said...

Happy Birthday ပါ။ သူကြီးမင်းရေ။ ခုရောက်ဆဲ အသက်......မှသည် နောင်နှစ်ပေါင်းများတိုင်အောင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပြီးသကာလ ဟာသပိုစ်များကိုလည်း ခဏခဏတင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကွယ်။ (ဘုန်းဘုန်းမွေးနေ့တုန်းက မောင်သူရလို ပုဂ္ဂိုလ်မျိုးနဲ့ မတွေ့လိုက်ရတာ နာတာပဲ)

Wednesday, 10 August 2011 17:45:00 GMT+01:00

ဘုန်းဘုန်းတောက်လဲ အသက်...... ဆိုပြီး ပေယျာလကန်ထိုးထားလို့ စာဖတ်သူတွေ ထင်ယောင် ထင်မှားဖြစ်နိုင်တာကြောင့် ။ ဟာ ဟ။

Blogger ချော(အစိမ်းရောင်လွင်ပြင်) said...

သူဂျီးမင်းမပြောပေမဲ့ သိတယ် သိတယ်
အသက် ၄၅နှစ်ပြည့်မဟုတ်လား
ဆံပင်ဖြူတာ လူသိမှာစိုးလို့ အသက်မပြောတာများ ဟင်းဟင်း
မွေးနေ့မှသည် သက်တော်ရာကျော်ရှည်ပါစေ..
ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ဆန္ဒအားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ..

Wednesday, 10 August 2011 17:49:00 GMT+01:00

အမလေးးးးး အန်တီချောရယ်။ ၄၅ နှစ်တဲ့။ ပြောရက်လိုက်တာ။ ဧကန္တ အန်တီချောက အခုမှ ဗုဒ္ဓ၀င် ဖတ်ပြီးခါစနဲ့တူတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ ၀ါတော် ၄၅ ၀ါကို စွဲလန်းပြီး ၄၅ နှစ်လို့ ပြောတာ ဖြစ်မယ်။ ၄၅ ဆိုတော့။း))))

Blogger Angelhlaing(May everybody be happy and healthy! said...

Happy Birthday ပါအကိုရေ ပျော်ရွင်ဖွယ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သော မိသားစုနဲ့ ပျော်ရွင်ပါစေလို့....လူပျိုးကြိးဘဝ ကလဲ မြန်ဆုံး ကျွတ်လွတ်ပါစေလို့...:P အဟီးးးးး မချောပြောတယ် မှန်တယ်မလားအကို ၄၅ နှစ်တဲ့ ဟိဟိ..:)

Wednesday, 10 August 2011 20:54:00 GMT+01:00

ညီမလေး အိမ်ဂျယ်ကိုလဲ အန်တီချောကို ထောက်ခံသလို ဖြစ်နေတဲ့အတွက် ။း)))

Anonymous သဒ္ဓါလှိုင်း said...

သူကြီးကိုကိုမောင်...
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်မယ်လို့ ထင်ပါတယ်။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအပ်သောဆန္ဒတွေကို လက်တွေ့လုပ်ကိုင်နိုင်ပြီး အောင်မြင်ပါစေ။ မိဘကိုလုပ်ကျွေးပြုစုနိုင်သော သားကောင်းလေးတယောက်ဖြစ်ပါစေ။
ခင်မင်လျက်
သဒ္ဓါ

Wednesday, 10 August 2011 22:01:00 GMT+01:00

အင်း... မဆိုးပေဘူး။ နောက်ဆုံးအပိုဒ်မှာ သားကောင်းလေး ဆိုတဲ့ စာလုံးပါတယ်။ ငယ်ရွယ်မှုကို ဖော်ပြနေတယ်။ စကာတင် ရွေးမယ်ဆို ရွေးလို့ရတယ်။း))

Anonymous Anonymous said...

Young at Heart

Happy birthday young at heart,
So many decades, where to start?
With energy, like that pink bunny,
You make us look lazy, that’s not funny!

Never-ending old school ways,
Filled with stories, to Amaze!
Listening has been lost with age,
You belong on theatre stage.

If you manage to forget,
We’ll remind you, don’t you fret.
Happy birthday young at heart,
Smile with joy, you old fart.

Wednesday, 10 August 2011 23:02:00 GMT+01:00

Young ဆိုတဲ့ စာလုံးလေး ပါလို့ သူ့ကိုလဲ စကာတင်တော့ ထည့်လိုက်မယ်။

Blogger မေဓာဝီ said...

တုံးဖလားရွာကို အပိုင်စားရတော်မူပေထသော သဂျီးမင်း၏ အသက် ၈၀ ပြည့် မွေးနေ့မှသည် အသက်ရာကျော်ရှည်၍ ရပ်ကျိုး ရွာကျိုး ဘာသာ သာသနာအကျိုး စွမ်းစွမ်းတမံ သယ်ပိုးရွက်ဆောင်နိုင်ပါစေ ... ။

သြော် ဒါနဲ့ နောက်တခါ ပန်းသီးဘုရားကပ်ရင် တံဆိပ်တော့ ခွါပါ သဂျီးရယ်။ မြတ်စွာဘုရား ဘုဉ်းပေးတဲ့တခါ တံဆိပ်ကြီး ပါသွားပါအုံးမယ်။

Wednesday, 10 August 2011 23:16:00 GMT+01:00

အမလေးးးး အသက် ၈၀ ဆိုပါလား။ ဘုရားရှင်ရဲ့ သက်တော် ၈၀ နဲ့ မှားတာဘဲ ဖြစ်ရမယ်။ သူလဲ အခုမှ ဘုရားစာတွေ ဖတ်လာတာ ဖြစ်မယ်။ ငါ့နှယ်နော်။ ခက်ပါ့။ အဲ... ဒါပေမဲ့ အသက် ၈၀ မှ တစ်သက်ချစ်မယ် ဆိုတဲ့ သူတွေ ပေါ်လာရင် ဘယ်လို လုပ်မလဲ။း))) ပြီးတော့ ပန်းသီး တံဆိပ်မခွါတာကိုလဲ မြင်ဖြစ်အောင် မြင်လိုက်သေး။ တကထဲ သူစားမှာ ကျနေတာဘဲ။ ဘုရား ဘုဉ်းပေးမှာဘဲကို။ ဘုရားမှာ သမန္တစက္ခု ရှိတော်မူတာ သူ မသိရှာဘူး ထင်ပါ့။း)))

Anonymous Yuya Mon said...

Happy Birthday!!!!

Wednesday, 10 August 2011 23:34:00 GMT+01:00

ရိုးရိုးလေးဘဲ ဆုတောင်းပေးလို့ တိုးတိုးလေးဘဲ သူ့ကိုလဲ ။း)))

Blogger လသာည said...

သူဂျီး (HAPPY BIRTHDAY)
အခုမှ အသက်၁၂၀တိုင် ဘေးဘယာကင်းကွာပြီး ဆက်လက် (ဘယာကြော်စား အဲ ဘလော့ကာများကြား ဘလော့လည် ဘလော့ဖတ် ဘလော့ရေးရင်း) စိတ်နှလုံးချမ်းမြေ့ ရွှင်လန်းပါစေလို့..

Thursday, 11 August 2011 03:47:00 GMT+01:00

အမ လသာညလဲ ဘယာကြော်ဘဲ စားခိုင်းနေလို့ ဒိုင်လူကြီးက ဘယာကြော်ပြတ်နေလို့ တဲ့။း)))

Blogger နေ၀သန် said...

ဟီးဟီး.. ဆွမ်းတော်ကပ်တာ ပန်းသီးမှ ပါပါ့မလားလို့.. ဟားဟား.. ဟက်ပီးဘတ်ဒေးပါ... သွားကြီးရေ.... ဒီမွေးနေ့အလွန်မှာ စွံပါစေ.... :D


ခင်မင်လျက်
နေ၀သန်

Thursday, 11 August 2011 03:58:00 GMT+01:00

ဟင်းးးးးးးးးးးးးး သွားကြီးတဲ့။ ပြီးတော့ စွံပါစေတဲ့။ မစွံတာ ကျနေတာဘဲ။ ။း))

Blogger သိင်္ဂါကျော် said...

Happy Birthday ပါ သူကြီးမင်း...

Thursday, 11 August 2011 04:04:00 GMT+01:00

ရိုးရိုးလေး ဆုတောင်းတော့လဲ တိုးတိုးလေးဘဲ ပြောလိုက်ချင်တယ်။ နေကောင်းလားလို့။း)))

Anonymous Anonymous said...

မောင်ဘကြိုင်တို့ကတော့ နောက်ကျမြဲ
နောက်ကျနေတာပဲ သယ်ဂျီးမင်းရယ်
တုံးဖလားမွေးနေ့ပွဲအခုမှလာနွှဲနိုင်တော့တယ်
း) သယ်ဂျီးပျော်ရွှင်ပါစေဗျာ
မိန်းမလေးငါးယောက်နဲ့ကလေးတပြွတ်နဲ့ ရွာလည်နေပါစေ

Thursday, 11 August 2011 07:56:00 GMT+01:00

အင်း... မောင်ဘကြိုင်ကိုတော့ စဉ်းစားရမယ်။ လေးငါးယောက်ဆိုလားဘဲ။ ဒါပေမဲ့ တပြွတ်ကြီးက ပါလာသေးတယ်။ စကာတင်တော့ ထားပေးလိုက်ပါ့မယ်။း)))

Blogger mstint said...

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့မွေးနေ့ပါ 'ကိုကိုမောင်'။
မွေးနေ့မှာ ဗိုလ်တထောင်ဘုရားကို သွားရောက်ဖူးခဲ့ပြီး ဗုဒ္ဓမြတ်စွာထံမှာ ကပ်လှူခဲ့တဲ့ ဆွမ်း သစ်သီး ပန်းတို့ကြောင့် လောကီလောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒ အဖြာဖြာပြည့်ဝကာ ကြံတိုင်းအောင်လို့ ဆောင်တိုင်းလည်းမြောက်ပါစေကွယ်။
သတိတရပြောခဲ့အုံးမယ် ယောက်ျားလေးတွေအတွက် ကြင်ယာရှာရင် 'ဒွေးချိုးလေးတိုး' တဲ့နော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thursday, 11 August 2011 08:49:00 GMT+01:00

ပထမအပိုဒ်ဆုတောင်းလေး ကောင်းပေမဲ့ ဒုတိယအပိုဒ်က ဒွေးချိုးလေးတိုး ဆိုတဲ့ အဓိပ္ပါယ်ဟာ အသက်ကြီးတာကို ရည်ရွယ်နေတာကြောင့် အန်တီတင့်ရေ။း)))

Blogger စော(အဝါရောင်မြေ) said...

သူကြီး ကတော့ မွေးနေ့ ကိုတောင် သူ့  သူငယ်ချင်းကို ဧည့်ခံခိုင်းတာကိုး။
Whatever
Happy Birthday up to 120years age !

Thursday, 11 August 2011 10:02:00 GMT+01:00

စောက အသက် ၁၂၀ ထိ နေခိုင်းတယ်။ လက်ရှိ အရွယ်ကို ထည့်မပြောဘူး။း))

Blogger blackroze said...

့Happy Birthday.ပါ သူကြီးမင်းရှင့်..
သူကြီးမင်းရဲ့....မွေးနေ့မှသည်..နောင်နှစ်ပေါင်း
များစွာတိုင်တောင်..စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံစေကြောင်း..
ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်....

တူနယ်တူနယ်..တူနယ်..
happy birthday to u..

အဲတာကြောင့်နေမှာ..ဟိုနေ့က..အပြင်သွားတာ
ဝါးတီးးရှိလို့ဘဲဖြစ်ရမယ်..ဟီးးဟီးးးဟိ

Thursday, 11 August 2011 13:05:00 GMT+01:00

သူကြီးမင်းလို့လဲ ခေါ်သေး။ သူ့ကိုသူတော့ ညီမလေးတဲ့။း)) တကယ်လို့ မိမဲလေး အသက်က ၃၅ ဆိုရင် မွေးနေ့ရှင်လဲ အလိုလို အသက်ကြီးသလို ဖြစ်သွားရော။း))

Blogger မအိမ်သူ said...

သြော် သူကြီးမင်းလည်း Leo ဖွားဘဲလား။ မွေးနေ့ပေါင်းများစွာ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေ။ ဘ၀မှာ အောင်မြင်မှုတွေနဲ့ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့ တောင်းဆုချွေပါရစေရှင်။

Thursday, 11 August 2011 13:45:00 GMT+01:00

(လည်း)ကို ထောက်ဆပြီး မအိမ်သူကလဲ လီယိုဘွားဘဲ ဖြစ်ရမယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း ဆုတောင်းပေးလို့ ရည်ရွယ်ချက်ကို မထိဘဲ ဖြစ်နေတယ်။း)))

Anonymous ဟန်ကြည် said...

အင်း...တုံးဖလား သူကြီးတို့များ ပါရမီထူးချက်ကတော့ မွေးနေ့တောင် ကိုယ့်အိတ်ထဲက ဖွတ်ကလိဒင်္ဂါး မထွက်ရှာပေပဲကိုး...အနှီလိုမွေးနေ့မျိုးကတော့ ဝေါင်ဝေါင်ရှေးပါသဗျား...ဟား ဟား...နောက်တာပါဗျာ...ဘိလပ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်ကြားတာကြောင့် စိတ်ပူနေတာ အခုလို အပြင်ထွက်ပြီး ၀ါးတီးတွေဘာတွေ ဖွင့်နေသဟာဖြင့် စိတ်ပူနည်းနည်းတော့ သက်သာသွားသဗျ...

အစ်မမေပြောသလို ပန်းသီးလေးတွေကိုတော့ တံဆိပ်ခွာပြီးမှ ဘုရားကို ကပ်သင့်ပေသပေါ့ဗျာ...ခြံထွက်မဟုတ်ဘဲ ဆိုင်ကခူး..အဲလေ..၀ယ်လာမှန်း ဘုရားဆွမ်းတော်ကပ်ရင်း လျှောက်လိုက်ရင်လည်း ရသားနဲ့...ဟား ဟား...

မွေးနေ့ကို နောက်ကျမှ ရောက်ပေမယ့် မွေးနေ့ဆုတောင်း ကဗျာတော့ လက်ဖွဲ့လိုက်ပါသဗျား ( ဟ...မင်္ဂလာဆောင်နဲ့မှားသွားပြီ...ဘာပဲဖြစ်ဖြစ် ရောကြိတ်လိုက်တာပေါ့ မပိုင်လား...)

အသက်ရယ်ရှည်
မာပါစေသား။
(ကျန်းမာတာကို ပြောတာပါဗျာ)

မဒီကညာ
သိန်းထောင်ရာ ပတ်လည်ဝိုင်းလို့
ချိန်ကြာကြာ ရွယ်မဟိုင်းဘဲ
စိတ်တိုင်းကျစွံစေဗျား။

မွေးနေ့နဲ့မဆိုင်ဘူးလို့တော့ မပြောကြေးဗျာ...တစ်နှစ်ထက်တစ်နှစ် အိုဖို့ပိုနီးလာတာမို့ ကြိုပြီးဆုတောင်းပေးလိုက်တာမို့ပါ...

Thursday, 11 August 2011 14:41:00 GMT+01:00

ဆရာဟန်ကြည်ကတော့ အသက်ရှည်တာရော မာတာရော ပြီးတော့ မဒီကညာ သိန်းထောင်ရာ တဲ့။ ကောင်းတော့ ကောင်းတောင်းတောင်း။ ဒါပေမဲ့ သူကိုယ်တိုင် တစ်ယောက်ထဲသော မဒမ်ကို ကြောက်နေရသူဆိုတော့။ ဆရာ.. ကိုယ်ချင်းမစာမနာ မွေးနေ့ရှင်ကို တစ်စစီ ဖြစ်အောင် လုပ်ရက်တယ် ထင်ပါ့။း))) ဒါပေမဲ့ စကာတင်တော့ ထားလိုက်ပါတယ်။ ဟာ ဟ။

Blogger SHWE ZIN U said...

Happy Birthday ပါ သကြီးမင်း ရေ

ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမတ္တာပို့ရင်း နဲ့ နောက်တနှစ် မဟိုင်းပါစေကြောင်းဆုတောင်းပါတယ်

Thursday, 11 August 2011 14:54:00 GMT+01:00

အမရွှေစင်က နောက်တစ်နှစ် မဟိုင်းစေကြောင်းတဲ့။ ဒါဖြင့် ဒီနှစ်တော့ ဆက်ဟိုင်းဦးပေါ့ ဆိုတဲ့ သဘောပေါ့။း)))

Blogger ချစ်ကြည်အေး said...

ဟက်ပီးသော ဘာ့သ်ဒေးပါ တုံးဖလားရွာသဂျီးရေ....။ မေဓါဝီ ပြောသလိုပဲ ပန်းသီးပေါ်က တံဆိပ်လေးများလည်း ခွာပါဦး။ အမတို့ ဘလော့ဂ်ဂါတွေကိုတော့ တွေ့တဲ့အခါ မြန်မာစတိုင်မွေးနေ့လေး လုပ်ပေးဖို့ အကြွေး မှတ်ထားလိုက်ပြီ ဒါပဲ...

Thursday, 11 August 2011 15:24:00 GMT+01:00

အမချစ်ကြည်အေးလဲ မြန်မာစတိုင်လ်မွေးနေ့လုပ်ပေးပါတဲ့။ သူကဖြင့် ဂျပန်စတိုင်လ် ကျင်းပမေးမယ် မဟုတ်ဘဲနဲ့။း)))

Anonymous မိုးယံ said...

သူဂျီးမင်းရဲ့ 18 နှစ်မြောက်မွေးနေ့မှ သည် နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်ကျန်းမာ စိတ်ချမ်းသာဖြင့် ဘ၀လမ်းကို ဖြတ်သန်းနိုင်ပါစေ။ ဘိုနိုင်ငံရောက်သော်လည်း မြန်မာ့စိတ်နှင့် သာသနာ ချစ်စိတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ပါစေသတည်းးးးး။

Thursday, 11 August 2011 16:15:00 GMT+01:00

အဲ... အလဲ့။ ၁၈ နှစ်ဆိုပါလား။ တယ်တော်တဲ့ မိုးယံ။း)))

Blogger ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ သူကြီး-
မွေးနေ့ မှန်းမသိပေါင်ဗျာဝလာတောင်မအော်သွားဘူး-
တိတ်တိတ်ကလေးဘဲကျင်းပလိုက်တယ်ပေါ့-
တော်ပါသေးဗျာ ကိုယ့်တို့ တုံးဖလားသူကြီးဘာမှမဖြစ်
သေးလို့ ===ဟူးးးးးးးးးးးးးးးးးးးးးးး

Thursday, 11 August 2011 17:38:00 GMT+01:00

မောင်ဂျစ်တူးက တိတ်တိတ်ကလေး ကျင်းပတာကို မကျေမနပ် ဖြစ်နေပုံရတယ်။ သူ့မွေးနေ့ဖြင့် မပြောဘဲနဲ့။း)))


ကဲ... ကင့်မွန် သယ်ဆောင်လာတဲ့ သ၀ဏ်လွှာတွေတော့ စစ်ဆေးပြီးပြီ။ စောက်ဘီ ယူလာတဲ့ ကွန်မင့်လေးကို ကြည့်ကြဦးစို့ရဲ့။ ဘာတဲ့။

12 Aug 11, 05:30
အင်္ဂါဟူး: ဟတ်ပီးဘတ်ဒေးပါ သူဂျီးမင်း ရွာသားများနှင့်တစ်ကွ နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေသတည်း။


အင်္ဂါဟူးက အင်္ဂါမဟုတ် ဗုဒ္ဓဟူးမဟုတ်နဲ့ နာရီကို ခွမွေးထားတာ ဖြစ်ရမယ်။း))) ရွာသားများနဲ့ဘဲ အတူတူ နေခိုင်းရက်တယ်။ ရွာသူတွေဆို တော်သေးးးးးး။


အေးမီးယူလာတဲ့ သ၀ဏ်လွှာလေးကတော့...

ခွန်= Happy Birthday... နော် တဲ့။

ရိုးရိုးလေးပါဘဲ။ အဆန်းအပြားမပါဘူး။း)))
..................................

ဒိုင်လူကြီး သုံးဦးသည် သ၀ဏ်လွှာများကို မမောနိုင် မပန်းနိုင် စစ်ဆေးကြပြီးနောက် စကာတင် အကြမ်းဖျင်း သ၀ဏ်လွှာ ခြောက်စောင်အား ရွေးချယ်လိုက်ကြလေသည်။ ထို သ၀ဏ်လွှာ ခြောက်စောင်တို့မှာ..
၁။ အဖြူရောင် နတ်သမီး
၂။သဒ္ဓါလှိုင်း
၃။Anonymous
၎။မောင်ဘကြိုင်
၅။ဆရာဟန်ကြည်
၆။မိုးယံ
တို့ ဖြစ်ကြလေသည်။

ထိုစကာတင် သ၀ဏ်လွှာ ခြောက်စောင်တို့အား ထပ်မံ၍ စစ်ဆေး အကဲဖြတ်ကြလေရာ "ငယ်ရွယ် တက်ကြွ စန်းပွင့်" ဟူသည့် အချက် သုံးချက်လုံး ပြည့်စုံသည့် သ၀ဏ်လွှာ မရှိဘဲ ဖြစ်နေလေသည်။ ငယ်ရွယ် ဆိုသည့် အချက်နဲ့ ကိုက်ညီသော်လည်း စန်းပွင့် ဟူသည့် စံနဲ့ မညီ၊ စန်းပွင့်ဆိုသည့် စံနဲ့ ကိုက်ညီသော်လည်း ငယ်ရွယ် တက်ကြွ ဟူသည့် စံတို့နဲ့ မညီဘဲ ဖြစ်နေသည်ကို တွေ့ရလေသည်။

ထို့ကြောင့် မွေးနေ့ရှင်ကို တိုင်ပင်ကြည့်ရာ အချက် သုံးချက်လုံး မညီညွတ်လျှင် ပထမနှင့်ဒုတိယ အချက်တို့နဲ့ ညီညွတ်သည့် သ၀ဏ်လွှာအား အကောင်းဆုံး သ၀ဏ်လွှာအဖြစ် သတ်မှတ်ပေးရန် အဆိုတင်ပြမှုကို လက်ခံရရှိကြလေသည်။ ထို့ကြောင့် ဖိုင်နယ် ဒီဇစ်ရှင်းကို အထက်ပါ ဒိုင်လူကြီး သုံးဦးမှ တညီတညွတ်ထဲ ချမှတ်လိုက်လေသည်။ အကောင်းဆုံး သ၀ဏ်လွှာမှာ.... ငယ်ရွယ်မှုကို ထင်ဟပ်စေသော၊ ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမှုကို ဖော်ပြသော၊ မြန်မာချစ်စိတ်ကို လှစ်ပြသော၊ သာသနာချစ်စိတ်ကို နိုးဆွစေသော အဖိုးတန်တဲ့ မိုးယံရဲ့ သ၀ဏ်လွှာပင် ဖြစ်ချေတော့သည် တမုံ့။ ။း))))


မှတ်ချက်။
ပျော်စေလိုလို့ အခုလို ရေးလိုက်တာပါ။ မွေးနေ့ အတွက် ကွန်မင့်ပေးကြ ဆုတောင်းပေးကြတဲ့ သူများ အားလုံးကို အထူး (အထူး) ကျေးဇူး တင်ရှိပါတယ်။ တကယ်ကို ချစ်ခင်တွယ်တာ ကျေးဇူးတင်တာပါ။ အခုလို ရေးလိုက်တဲ့အတွက် ကာယကံများကို တစ်ခုခု မကြိုက်မနှစ်သက်စရာ ဖြစ်သွားစေရင် အနူးအညွတ်တောင်းပန်ပါတယ်။ ။

တစ်လက်စထဲ သတင်းပါးလိုက်ပါရစေ။ မကြာမီ ရက်အတွင်း ကြောင်ဖမ်းဆရာတော် ဇာတ်သိမ်းပိုင်း တင်ပါတော့မယ်။ အပြီးသတ် ရေးပြီးပါပြီ။ စိတ်မ၀င်စားရင်တောင်မှ အားနာပါးနာလေး လာရောက် အားပေးကြပါဦးလို့။ ။

အားလုံးကို ချစ်ခင် ခင်မင် လေးစားလျှက်
ကိုကိုမောင်(ပန်းရနံ့)

.

Wednesday, 10 August 2011

သူကြီးမင်း တစ်နှစ် ထပ် ဟိုင်းရပြန်ပြီ

ပြောနေကြပြီ။ ဘာတဲ့။ မွေးနေ့ဆိုလားဘဲ။ ဟုတ်ပါ့။ ဘိလပ်မှာ ဒီလောက် ရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေရတဲ့အထဲ မွေးနေ့က လာတိုက်ဆိုင်နေသေးတယ်။ ဒါကြောင့် တိုးတိုးတိတ်တိတ် ကလေး နေမလို့ဟာ။ သိတဲ့သူတွေက သိနေကြတော့ ငြိမ်နေလို့ မရတော့ဘူး။ တုံးဖလားသူကြီးမင်း မွေးနေ့တဲ့ဗျား။ ဘယ်နှစ်နှစ်ပြည့်လဲဆိုတာ မေးလို့လဲ မရဘူး။ ပြောမပြဘူးတဲ့။း))) ဘယ်လိုစစ်စစ် မပြောဘူး ဆိုတာချည်းဘဲ။ ဘာဘဲဖြစ်ဖြစ်ပေါ့လေ။ အားနာပါးနာလေးတော့ ဆုတောင်း ပေးလိုက်ကြပါဦး။ သူ့ခမျာ သနားစရာ။ စိတ်ပါလက်ပါ ဆုတောင်းပေးမဲ့ သူက မရှိသလောက်ဆိုတော့။

ဘာကျွေးမှာလဲတဲ့။ ဘာမှတော့ ထူးထူးထွေထွေ ကျွေးစရာ မရှိဘူးဖြစ်နေတယ်။ တိုးတိုးတိတ်တိတ်ဆိုတော့ နတ်သမီးလေးဆီလဲ အကြောင်းမကြားလိုက်တော့ဘူး။ သူ့ဆီ ကြိုတင် အကြောင်းကြားထားရင်တော့ သူက အကျွေးအမွေးဝါသနာ အပါသား။ ဒါပေမဲ့ ရှိစေတော့။ လူတွေ ခဏခဏ တစ်နှစ်တစ်နှစ် အသက်ကြီးကြီးလာတာနဲ့ သူခမျာလဲ ပင်ပန်းရှာလှပြီ။ ဒီတော့ ဒီနေရာလေးမှာဘဲ သွားပြီး စားချင်တာ သွားစားကြပေတော့ဗျို့။ ဟာ ဟ။ စော်ကားတာတော့ မဟုတ်ဘူးနော်။ စေတနာပိုသွားတာ။း)))

မနက်စောစော ဘုရားမှာ ပန်းနှင့် သစ်သီးဆွမ်းလေးတော့ ကပ်လှူဖြစ်ပါတယ်။ ပြီးတော့ အပြင်မှာ သူငယ်ချင်းတွေနဲ့ ဘူဖေးသွားစားကြတယ်။ စတိန်းလမ်းပေါ်က ရှန်ဟိုင်းဘူးဖေးဆိုင်မှာ သွားစားကြတာ။ စုစုပေါင်း လေးယောက်။ ထင်ကြမှာ ထင်ကြမှာ သေချာတယ်။ သူကြီးမင်းက ဘူဖေး ဒကာလို့။ လုံးဝ မဟုတ်ရပါဘူးဗျာ။ မောင်သူရဆိုတဲ့ သူငယ်ချင်း တစ်ယောက်က သူကြီးမင်းရဲ့ ကုသိုလ်ကို အတင်းအဓမ္မဓါးမြတိုက်ယူသွားတယ်။ သူဘဲ စီလီဘရေးရှင်း လုပ်ပေးချင်လို့တဲ့။ အဟမ်းးး ရှိစေတော့ ရှိစေတော့။ လုပ်ခွင့်ပေးလိုက်တယ်။ သူတစ်ပါး စေတနာဆိုတာ ဖျက်ဆီးကောင်းတာ မဟုတ်ဘူးလေ။ သူ့ကားနဲ့သွားတယ်။ သူ့ကားနဲ့ဘဲ ပြန်လာတယ်။ ကားပါကင်အတွက် သူဘဲပေးတယ်။ အစားအသောက်အတွက် သူဘဲပေးတယ်။ ဆိုင်ဝန်ထမ်းအတွက် တစ်ပ်မန်းနီးကို သူဘဲပေးတယ်။ ပေါင် လေးဆယ် ငါးဆယ်လောက်ကြီး သူ ကုသိုလ်ရသွားတယ်။ သူကြီးမင်းက သူနှင့် မပြိုင်လိုလို့ သူက ပြိုင်ဘက်မရှိ ကုသိုလ်တုံးကြီး ပိုက်ထွေးခွင့် ရသွားတယ်။

မြန်မာမှာ နေစဉ်တုန်းက ဂျပန်မိတ်ဆွေ တစ်ယောက်ရှိခဲ့ဖူးတယ်။ သူက သူ့မွေးနေ့ဆို မြန်မာစတိုင်လ်နဲ့ ကျင်းပတယ်။ သူကြီးမင်းမွေးနေ့ဆိုရင်တော့ ဂျပန်စတိုင်လ်လို ကျင်းပပေးတယ်။ မြန်မာစတိုင်လ်ဆိုရင် မွေးနေ့ရှင်က သူငယ်ချင်းတွေကို ပြုစုရတာ မဟုတ်လား။ ဂျပန်စတိုလ်ဆိုရင်တော့ သူငယ်ချင်းတွေက မွေးနေ့ရှင်ကို စီလီဘရေးရှင်းလုပ်ပြီး ပြုစုပေးကြတာတဲ့။ သူ ပြောပြတာပါ။ ဒါကြောင့် သူကြီးမင်းကတော့ အဲဒီဂျပန်နဲ့ ဟန်အရမ်းကျခဲ့တယ်။း)) အခုလဲ သူငယ်ချင်း မောင်သူရက သူဘဲ ပြုစုချင်တယ်တဲ့။ သူကြီးမင်းက အရမ်းအားနာတတ်တော့ မငြင်းလိုက်တော့ဘူး။ သူပြုစုတာကိုဘဲ ၀ိုင်းဝန်းအားပေးလိုက်ကြတာပေါ့။

(ပန်းအလှူ)
ပန်းလိုလှပ၊ ဘ၀ရုပ်ရည်
ခန္ဓာကိုယ်တွင်း၊ သန့်ရှင်းစေသည်
နံစော်ကင်းလို့၊ ခံတွင်းမွေးကြည်
ပန်းလှူကျိုး၊ သုံးမျိုးရနိုင်သည်။
(ကဗျာရှင် အမည်မသိ)

သစ်သီးအလှူ



ဘူဖေးသွားစားတဲ့ စတိန်းဟိုက်စထရိ(တ်) ။ လူတွေ အေးအေးဆေးဆေး သွားသွားလာလာပါဘဲ။ ဘာမှ ရုတ်ရုတ်သဲသဲ မရှိပါဘူး။ ဒါပေမဲ့ ညဘက်ဆိုရင်တော့ နဲနဲတော့ သတိထားနေရမယ်ထင်တယ်။

သူငယ်ချင်းမောင်သူရ ကျွေးတဲ့ ဘူဖေး။ ကြိုက်သလောက်စား။ အကောင်းစားတွေချည်းဘဲ။
အဲဒီပုံစံမျိုး နှစ်ပွဲတိတိ သူငယ်ချင်းအလှူကို အားပေးလိုက်တယ်။း)))

ဟင်းရည်သောက်ချင်ရင်လဲ ကြိုက်သလောက် သောက်ဘဲ။

ဒါပေမဲ့ အားလုံးရှင်းလိုက်တော့။

မောင်သူရတစ်ယောက်ကတော့ ၀မ်းသာသွားမလား နောင်တရသွားမလား မသိဘူး။ အဟီးးး။ ပြီးတော့ အဲဒီ ပန်းကန်ပြားထဲမှာ တစ်(ပ်) ချန်ထားခဲ့ရသေးတယ်။ ဒါပေမဲ့ ပြောရဲတာကတော့ သူ တော်တော်လေး ကုသိုလ် ရသွားမှာ အသေအချာဘဲ။ စားသောက်ပြီး မထနိုင်ဖြစ်တော့မလို့။ သိတဲ့အတိုင်း တုံးဖလားသားလေ။ တန်အောင် စားခဲ့တယ်။ ဟာ ဟ။ ဦးလေး အဒေါ် အကို ညီ အမ ညီမ တူ တူမများလဲ ရှိတာလေး စားသွားလိုက်ကြပါဦး။ ပြောကြမှာတော့ သေချာတယ်။ သူကြီးမင်း ကပ်စေးနှဲကြီးလို့။ ။

...

Sunday, 31 July 2011

အကြွေးတွေ ရှင်းလိုက်ပြီ


ခေါင်းစဉ်ဖတ်ပြီး ကြွေးရှင်တွေ လိုက်လာမှာ ကြောက်ရသေးတယ်။ ငါ့ဆီက ချေးထားတာလဲ မဆပ်သေးဘဲနဲ့ အကြွေးတွေ ရှင်းလိုက်ပြီလေး ဘာလေး လုပ်နေသေးတယ်။ ပေးစမ်း ယူထားတဲ့ အကြွေးတွေ ဆိုပြီးတော့လေ။ ပြောတာ ပြောပါတယ်။ ငွေရေး ကြေးရေး အကြွေးတွေကိုတော့ ဘယ်သူ့ဆီကမှ ယူထားတာ မရှိပါဘူး။ ကျန်တဲ့ အကြွေးမျိုးကျပြန်တော့လဲ .... အင်းးး.. မရှိလောက်ဘူး ထင်တာပါဘဲလေ။ အခုအကြွေးက တိုက်တိုက်ဆိုင်ဆိုင် တစ်ယောက်ထဲကို တင်နေတဲ့ နှစ်ရှည်အကြွေးနှင့် လတ်လတ်ဆတ်ဆတ် အကြွေး။ အကြွေး မဆပ်မှာ ကြောက်လို့လား မသိဘူး။ အကြွေးရှင်က နာမည်တောင် ပြောင်းထားလိုက်သေး။ ဘာတဲ့။ ညိမ်းနိုင်ဆိုလား ငြိမ်းနိုင်ဆိုလားဘဲ။ ဘယ်လိုငြိမ်းညိမ်း ဘယ်လိုနိုင်နိုင် ကျနော်ကတော့ မောင်လေးလို့ ခေါ်နေဆဲပါဘဲ။ သူက လွန်ခဲ့တဲ့ နှစ်များဆီက မောင်လေးဆိုတဲ့ နာမည်နဲ့ ဒီမှာ တစ်ခါ အကြွေးပေးထားတယ်။ အဲဒီ အကြွေးတောင် မဆပ်ရသေးဘူး။ အခု ဒီမှာ ညိမ်းနိုင်ဆိုတဲ့ နာမည်နဲ့ အကြွေး ထပ်ပေးလာပြန်ရော။ စိန္တိတံ ကြံခါရှိသေး၊ ပုစ္ဆိ မေးပြန်ပြီ ဆိုတဲ့ ပုံပြင်လေးလို ဖြစ်နေပြီ။ ဒီလောက် အကြွေးပေးနေပုံထောက်ရင် ဧကန္တတော့ မောင်လေး(ခ)ညိမ်းနိုင်ဟာ ချစ်တီး ၀င်စားလေးဘဲ ဖြစ်ရမယ်။ ဟာ ဟ။

ကဲ..ကဲ။ အကြွေးရှိတော့လဲ ဆပ်ရမဲ့ တာဝန်က ကျနော့်တာဝန်၊ ဖတ်ရမဲ့ တာဝန်က သူ့တာဝန် မဟုတ်ပေဘူးလား။ (ဟုတ်ပါတယ်ဗျား)။ လေချည်း ပစ်နေလို့ မပြီးသေးပါဘူး။ (မပြီးသေးပါဘူး)။ အလုပ်နဲ့ သက်သေပြကြစို့လား။ (သက်သေပြကြမယ်လား)။ ကဲ.. ပြောနေတာ ကြာတယ်။ (မပြောရင် မကြာပါဘူး)။ အကြွေးဆပ်တာလေးကို အလှည့်ပေးလိုက်ကြစို့ရဲ့။ (အလှည့်ပေးတော့မယ်ပေါ့)

မောင်လေးရဲ့ အကြွေးတွေကို (အကြွေးတွေရှိတယ်လား)
နောင်ရေး အေးစေဖို့ (နောင်ရေး အေးရအောင်ပေါ့)
ရှောင်ပြေးကာ အဝေး မသွားချင်ပါဘူး (မသွားချင်ပါဘူး)
ဒါကြောင့်မို့
ကောင်လေးရေ...
စောင်လေး ဖွင့်ကာ ဆပ်။ ။


ခပ်သွက်သွက်နဲ့သာ ကျော်ဖတ်ကြပေတော့ဗျို့။ အကြွေးနှစ်ခုလုံး ဒီမှာ တစ်ပေါင်းထဲ ရှင်းလိုက်မိပြီ။ နဲနဲတော့ ရှည်သွားတယ် ထင်ပါ့။ ဖြစ်ချင်တာနှင့် ဖြစ်နေတာတွေ တဲ့။ ပြီးတော့ ကျွန်ုပ် ကြိုက်၏ မကြိုက်၏ တဲ့။ ရှုစားကြပါလှဲ့။
......



ဖြစ်ချင်တာနှင့် ဖြစ်နေတာတွေ

အင်း... ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို တဂ်စာတွေကို မရေးဘဲ ကိုယ့်ဖာသာကိုယ် အေးအေးလေးနေရင် ကျနော်ဘယ်လိုလူမျိုးဆိုတာ ဘယ်သူမှ သိကြမှာ မဟုတ်ဘူး။ အခုတော့ မောင်လေးက ခင်ခင်မင်မင် တဂ်ထားလေတော့ ကိုယ့်ပေါင်ကိုယ် မလှန်ဘဲ ထောင်းပေရဦးတော့မပေါ့။ (လှန်ထောင်းရင် မသင့်တော်ဘူး ထင်လို့)။ အတော်နောက်တဲ့ မောင်လေးး)))။ မတဂ်ကောင်းတာတွေ လာတဂ်တယ်။ ဘာတဲ့။ ဖြစ်ချင်တာနှင့် ဖြစ်နေတာတွေ ဆိုလားဘဲ။

ဘ၀မှာ ဘာမှ ရည်ရွယ်ချက် ကြီးကြီးမားမားမရှိခဲ့ပါဘူး။ ရေစီးကြောင်းအတိုင်းလိုက်ပြီး အလိုက်အထိုက်ကလေး မျောစီးနေတာပါ။ ဘာမှလဲ ကြိုးစားပန်းစား အားထုတ်ခဲ့တာမရှိပါဘူး။ ပေါ့ပေါ့ပါးပါးပါဘဲ။ ဒါကြောင့်မို့ ရနေတဲ့ဘ၀၊ ရလာမဲ့ဘ၀တွေကို ကျေနပ်တယ်။ ဘာမှ စိတ်မကောင်းမဖြစ်ဘူး။ အရမ်းကြိုးစားတဲ့သူတွေ မျက်စိရှေ့ မှာ မအောင်မြင်ဘဲ ဘ၀ကို အရှုံးပေးသွားကြတာ အများကြီး တွေ့ဖူးတယ်။ သူတို့ကိုလဲ ချီးကျူးပါတယ်။ သူတို့တတ်နိုင်သလောက် ကြိုးစားသွားကြတာ။ အောင်မြင်တာ မအောင်မြင်တာကတော့ ကံတရားပေါ့လေ။ ကျနော်ကတော့ သူတို့လောက်ကြီး မကြိုးစားခဲ့ဘူး။ သူတို့လို ကြိုးစားပြီး သူတို့လို မအောင်မြင်ဘဲ ဘ၀ကို အရှုံးပေးရရင် ကျနော်က သူတို့ထက် ပိုဆိုးလောက်တယ်။ ဒါကြောင့် ဘာကိုမှ ပြင်းပြင်းထန်ထန် မကြိုးစားခဲ့ဘူး။ ကြိုးစားနေတဲ့သူတွေကို ကြိုးစားချင်စိတ်မရှိအောင် ရေးနေတာမဟုတ်ပါဘူး။ ကျနော့် Reality of life ကို ချပြရုံပါ။ တစ်ခုတော့ ရှိတယ်။ အသက်ကလေး နဲနဲကြီးလာတာနဲ့ အမျှတော့ ပရဟိတစိတ်ကလေးတော့ ရှင်သန်ကြီးထွားလာလေရဲ့။

အဲ... ဒါပေမဲ့ ကျနော် ဖြစ်ချင်ခဲ့တဲ့ အရာတွေကတော့ ရှိတယ်။ အများသူငါလို စစ်ဗိုလ်ကြီးတို့ အင်ဂျင်နီယာကြီးတို့ သင်္ဘောသားတို့ ဒေါက်တာတို့လို ဖြစ်ချင်တာ မဟုတ်ပါဘူး။ ကျနော့်အဖြစ်ချင်ဆုံး အရာက ရိုးရိုးစင်းစင်းလေးပါ။ ကျနော် အားမနာတတ်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ အရှက်အကြောက်နည်းတဲ့လူတစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမဲ့ အဲဒါတွေ ကျနော့်ဘ၀မှာ မဖြစ်ခဲ့ဖူး။ အဲဒီ အားနာတတ်တာ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တာ၊ ရှက်ကြောက်တတ်တာက ကျနော့်ဘ၀ကို ကသိကအောက် ဖြစ်စေတယ်။ ပေါင်းသင်းဆက်ဆံမှုတွေမှာ သိပ်အဆင်မပြေဘူး။

အားနာတတ်လွန်းတဲ့အတွက် လူတစ်ချို့ က အဲဒီအားနာမှုကို အလွဲသုံးစားလုပ်တာ ခံခဲ့ရဖူးတယ်။ ချောက်တွန်းတာ ခံခဲ့ရဖူးတယ်။ အပြစ်ပုံချတာ ခံခဲ့ရဖူးတယ်။ အမှန်ကတော့ အားနာမှုဆိုတာ ကိုယ်ချင်းစာမှုကနေ ပေါက်ဖွားလာတာ မဟုတ်လား။ ကိုယ်ချင်းစာပြီး ကိုယ်ဖြစ်ချင်သလို သူလဲ ဖြစ်ချင်ရှာမှာဘဲ၊ သူဒီလိုဖြစ်ချင်နေတာကိုသိရဲ့သားနဲ့ ငါမလုပ်ပေးလိုက်ရရင် အားနာစရာကြီး စသဖြင့် ကြံဖန်ပြီး အားနာမှုဖြစ်လာတယ်လို့ ထင်တာပါဘဲ။

အားနာတတ်တဲ့အတွက်ကြောင့် ဘ၀တစ်လျှောက်မှာ လူ့အတ္တသမားတွေနှင့်ကြုံခဲ့ရဖူးတယ်။ ကိုယ်ချင်း လုံးဝ မစာနာတတ်တဲ့ လူတွေနဲ့ တွေ့ခဲ့ဖူးတယ်။ ကွန်မွန်းဆင့် လုံးဝမရှိသူတွေနှင့် တွေ့ခဲ့ရဖူးတယ်။ အဲဒါ အားနာတတ်ခြင်းရဲ့ အကျိုးရလာဒ်တွေဆိုရင် မှားမယ် မထင်ပါဘူး။ ရှေးလူကြီးတွေရဲ့ ဆုံးမစကားကို ကြားနာခဲ့ဖူးတယ်။ ပညာရှာတဲ့အခါ ဥစ္စာရှာတဲ့အခါတွေမှာ အရှက် အကြောက် အားနာမှု လုံးဝမထားပါနဲ့တဲ့။ ရှက်နေမယ် ကြောက်နေမယ် အားနာနေမယ်ဆိုရင် အဲဒါ ဆုံးရှုံးမှုရဲ့ နိဒါန်းပါဘဲတဲ့။

အချုပ်ပြောရရင်တော့ ဖြစ်ချင်တာက အားမနာ လျာမကျိုး ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့သူ ဖြစ်ချင်တာ။ ဒါပေမဲ့ ဖြစ်နေတာက ပတ်ဝန်းကျင်ကို အလွန်ဂရုစိုက်တတ်ပြီး အားအရမ်းနာတတ်တဲ့သူ၊ ရှက်တတ်တဲ့ သူ ဖြစ်နေပါရောလား။ ပြောတာ ပြောရတယ်။ ဖြစ်ချင်တာနှင့် ဖြစ်နေတာ ကွက်တိကျတဲ့သူက လောကကြီးမှာ မရှိသလောက်ဘဲ မဟုတ်ပါလား။



ကိုကိုမောင် ကြိုက်၏ မကြိုက်၏

ဘလော့ဂ်ဖတ်ခြင်း။
ဘာရေးရေး အကုန်ဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် ဘလော့ဂါ ကိုယ်တိုင် လတ်လတ်ဆတ်ဆတ် ရေးထားတာကို ပိုဖတ်ဖြစ်ပါတယ်။ စာအုပ်တွေကနေ ထပ်ဆင့်ကူးတွေကိုတော့ စိတ်ပါမှ ဖတ်ပါတယ်။ စိတ်ကကို လတ်လတ်ဆတ်ဆတ် ကိုယ်ပိုင်အတွေးလေးတွေကို ကြိုက်နေလို့ ဖြစ်ပါလိမ့်မယ်။ ကြိုက်တဲ့ စာရေးဆရာတွေကိုတော့ ဒေါင်းလုပ်ဆွဲပြီး ဖတ်လေ့ရှိပါတယ်။ ပြီးတော့ ဘလော့ဂါအချင်းချင်း စိတ်မဆိုးကြေး စလိုက် နောက်လို့ ကျီစယ်လိုက် လုပ်ရတာကို ကြိုက်တယ်။ ကွန်မင့်ကို pop up window လေးနဲ့ဆို ပိုကြိုက်တယ်။

ကွန်မင့်ကို Moderate လုပ်ထားတာ၊ word verification လုပ်ထားတာ၊ Cbox ဖြုတ်ထားတာ၊ အရမ်းပြင်ဆင်ထားပြီး ဖွင့်တဲ့အခါ နှေးကွေးနေတာ၊ စာကြောင်းတွေကို Justify မလုပ်ဘဲ ထားတာ၊ အဲဒါတွေကို နဲနဲ အစာမကြေချင်ဘူး။ အချိန်နဲနဲ စားလို့။ စာလုံးတွေ ပြန့်ကြဲနေတာ၊ စာပိုဒ်ခွဲမထားတာ၊ လိုအပ်တဲ့နေရာမှာ ပုဒ်မ ပုဒ်ထီး မသုံးဘဲ ထားတာ၊ အဲဒါတွေကိုလဲ နဲနဲ နှာတွန့်ချင်သလိုလိုဘဲ။ ဖတ်ရတာ မျက်စိလည်လို့။(သို့သော် ကျနော်ကိုယ်တိုင် လွဲချော်နေဆဲပါ)။ ဘလော့ဂါအချင်းချင်း ပျော်သည် ပျက်စေ ကလက်စေ စ နောက် ရင်း စိတ်ဆိုးသွားတာမျိုးကိုလဲ မနှစ်သက်ပါ။ (တိုက်ဆိုင်မှု ရှိက ခွင့်လွတ် နားလည်ပေးကြပါကုန်)။

ကိုယ်ခန္ဓာ။
ခန္ဓာကိုယ်ကတော့ ထုံးစံအတိုင်း သန့်ရှင်းမှ ကြိုက်သပေါ့ဗျာ။ ဘယ်လောက်အထိ အသန့်ကြိုက်သလဲဆိုရင် မြန်မာမှာ နေစဉ်တုန်းက တစ်ရက်ကို အနည်းဆုံး ရေနှစ်ခါ ချိုးတယ်။ တစ်ခါတစ်ခါဆို သုံးခါကြီးများတောင်။ ဘိလပ်ရောက်တော့ တစ်ရက် တစ်ခါတော့ မှန်မှန်ချိုးတယ်။ ကိုယ့်ကိုကိုယ် လိပ်ပြာ မသန့်ရင်တော့ နှစ်ခါ ချိုးတယ်။ မှတ်မိသေးတယ်။ မြန်မာမှာ ရှိစဉ်တုန်းက အရမ်းအေးတဲ့ ဗမာမဟုတ်တဲ့ ရွာကလေး တစ်ရွာကို ရောက်ဖူးတယ်။ ဆောင်းပိုင်းကြီး ရောက်သွားတာ။ ရွာခံတွေတောင် သုံးလေးရက်နေမှ တစ်ခါလောက် ရေချိုးကြတယ်။ ဒါပေမဲ့ ကျနော်ကတော့ အဲဒီရွာမှာ နေထိုင်စဉ်အတွင်း တစ်ရက်တစ်ခါ ချိုးပစ်လိုက်တာပါဘဲ။ မတတ်နိုင်ဘူး။ သန့်ရှင်းချင်တာကိုး။ အဲ... ကျနော်ရေချိုးတာကို ကြည့်ပြီး အဲဒီရွာသားတွေကတော့ မှတ်ချက် ချကြလေရဲ့။ အဲဒီ ဗမာလေး အတော်လေး ညစ်ပတ်ရှာတယ်တဲ့။ ဒါကြောင့် ရေခဏခဏ ချိုးတာတဲ့။

လမ်းသရဲတွေလို ဆံပင်ရှည်ရှည်နဲ့ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း အရပ်မြင့်မြင့် ပုံစံမျိုး ဖြစ်ချင်တယ်။ မျက်လုံးအကြည့် စူးရှထက်မြက်ချင်တယ်။ လမ်းလျောက်ပုံ စတိုင်လ်ကျချင်တယ်။ လူရှေ့သူရှေ့ စကား ရဲရဲဝံ့ဝံ့ ပြောတတ်ချင်တယ်။ ဒါပေမဲ့ အမှန်တရားကတော့ ကတုံးတုံးထားတယ်။ ဒေးဗစ်ဘက်ဟမ်းလိုလို ဖြစ်နေတယ်။ ခန္ဓာကိုယ်က ခပ်သွယ်သွယ်။ အရပ်က ငါးပေ ၅ လက်မ။ မျက်လုံးအကြည့်က လူတစ်ယောက်ကို ကောင်းကောင်း စိုက်မကြည့်ရဲဘူး။ ရိုင်းတယ်ထင်မှာ ကြောက်လို့။ လမ်းလျောက်တာကတော့ နောက်က ကျားလိုက်လို့ ထွက်ပြေးသလိုလို။ မြန်မှမြန်။ လူစုလူဝေးထဲ စကားပြောရမှာလဲ ၀န်လေးပြန်ရော။ အဲ... အသားအရောင်ကတော့ ဖြူရွှေရောင်လေးဗျ။ အရမ်းလှတာဘဲ တဲ့။ ကျနော့် အမေက ပြောတာ။ သူ့ သားကိုး။ သူ့မျက်စိထဲ လှပေမပေါ့။း)) ကျောင်းတက်တုန်းက သူငယ်ချင်း တစ်ယောက်ရဲ့ အားပေးစကားကို အခုထက်ထိ ကြားယောင်နေတုန်းဘဲ။ ကိုကိုမောင်.. မင်းသာ ဒီကျောင်းရဲ့ လူချောစာရင်းထဲ ပါရင် ဒီကျောင်းမှာ ရုပ်ဆိုးတဲ့သူ တစ်ယောက်မှ မရှိတော့ဘူးတဲ့။ အင်းးး ဖြစ်နိုင်တယ် ဖြစ်နိုင်တယ်။ သူတို့က အလှအပမှ မမြင်တတ်ကြတာ။း))

အခန်း။
သန့်ရှင်းပြီး အနံ့ကင်းတဲ့ အခန်းမျိုးကို ကြိုက်တယ်။ ဒါပေမဲ့ စာမေးပွဲအတွက် စာတွေ မဖြစ်မနေလုပ်ရတော့မယ်ဆိုရင်တော့ ကျနော့် အခန်းထဲ လာမကြည့်လေနဲ့။ ခြေချဖို့နေရာတောင် အနိုင်နိုင်။ စာအုပ်တွေ ဟိုဟာတွေ ဒီဟာတွေနဲ့ ရှုပ်ပွနေတော့တာကလား။ ဒါကြောင့် အဲဒီလို အချိန်မျိုးမှာ ဧည့်သည်လာမှာ သေမလောက် ကြောက်ပါတယ်။

စာကြည့်မီး။
ညဘက် စာကြည့်တဲ့အခါ မီးလုံးနဲ့ စာကြည့်ရတာ မကြိုက်ဘူး။ မီး(ဖန်)ချောင်းနဲ့ စာကြည့်ရတာဘဲ ကြိုက်တယ်။ တစ်ချို့ကတော့ ပြောကြတယ်။ မီးချောင်းက မီးလုံးထက် မျက်စိ ပိုခိုက်တတ်တယ်တဲ့။ မီးပျောင်းရဲ့ မျက်တောင်ခတ်အားက ပိုပြင်းထန်လို့တဲ့။ ဒါပေမဲ့ ကျနော်ကတော့ မီးချောင်းမှ မီးချောင်းပါဘဲ။

အပြုအမူ။
ပတ်ဝန်းကျင်ကို အရမ်း ဂရုစိုက်အားကြီးလွန်းတယ်။ ငါ ဒီလို လုပ်လိုက်ရင်၊ ငါ ဒီလို နေပြလိုက်ရင် သူဘယ်လို ခံစားသွားရမလဲ ဆိုတဲ့ အသိက အမြဲတမ်း စိတ်ထဲ ၀င်ရောက်နေတယ်။ အဲဒီလို စိတ်ထားကြောင့် လုပ်တဲ့ အလုပ်တိုင်း ခရီးမတွင်လှဘူး။ ပြီးတော့ အပြစ်ပြောခံရမှာ ကြောက်တာလဲ ပါတယ်။ ယုတ်စွအဆုံး လေလည်ရင်တောင် လူရှေ့သူရှေ့ ကျယ်ကျယ် မလည်တတ်ဘူး။ (ငါ့နှယ်နော်.. လူတင် မကဘဲ လေရောတောင်မှ အားနာနေလိုက်သေး)။ သူများအပြစ်လဲ အရမ်းမပြောတတ်သလို ကိုယ့်အပြစ် အပြောခံရမှာလဲ ကြောက်နေမိတယ်။ ဒါပေမဲ့ အခြေအနေအရ နှစ်ခုလုံး ရှောင်လွဲလို့ မရပါဘူး။ ပြောဖြစ်၊ အပြောခံဖြစ်တာပါဘဲ။

အစားအသောက်။
လုံးဝ ဂျီးများဘူး။ မရှိရင် မစားဘူး။ ရှိရင် စားပစ်လိုက်တာပါဘဲ။ ဘာဟင်းဖြစ်ဖြစ် စားတယ်။ ဒါပေမဲ့ ကုလားအနံ့ပါရင်တော့ ခံတွင်းမတွေ့ဘူး။ ကိုယ်တိုင်ချက်တဲ့အခါလဲ အသင့်ရှိနေတဲ့ အသား အသီးအရွက်တွေကို ခုတ်ထစ် ရိုက်ချိုးရင်း အိုးထဲ ပစ်ထည့်လိုက်တာပါဘဲ။ ကောင်းမှကောင်း။ အဲ... တစ်ခုတော့ ရှိတယ်။ အေးစက်နေတဲ့ ဟင်း ထမင်းတွေဆိုရင်တော့ မကြိုက်ဘူး။ ပူနေမှ ကြိုက်တယ်။

ဝတ်စားဆင်ယင်မှု။
လူမှာ အ၀တ် တောင်းမှာ အကွပ် ဆိုပေမဲ့ အ၀တ်အစားလဲ လုံးဝ ဂျီးမများဘူး။ ချောင်ချောင်ချိချိနဲ့ နေသာ ထိုင်သာရှိမဲ့ အ၀တ်အစားဆို ကောက်ဝတ်လိုက်တာပါဘဲ။ ဘယ်သူမှ မကြည့်ချင်နေပေါ့။ အလှမြင်တတ်တဲ့သူက ရှာကြံကြည့်တတ်ကြတယ် မဟုတ်လား။း)၀) ။ ညှပ်ဖိနပ် ကြိုက်ပေမဲ့ ဘိလပ်ရောက်တော့ အခြေအနေအရ ရှူးဖိနပ်တွေ ကွင်းထိုးဖိနပ်တွေနဲ့ဘဲ နှစ်ပါး သွားနေရလေရဲ့။ ကျန်တာကတော့ အဆင်သင့်သလို လုပ်လိုက်တာပါဘဲ။ အ၀တ်အစားရဲ့ အဓိက ရည်ရွယ်ချက်က အရှက်လုံခြုံဖို့နဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိဖို့ မဟုတ်လား။

စိတ်ဖြေဖျော်မှု။
နဲနဲ အချိန်ရရင် ရယ်ရတဲ့ ဟာသဇာတ်ကားလေးတွေ၊ အငြိမ့်လေးတွေ၊ ဒရမ်မာလေးတွေ ကြည့်ဖြစ်တယ်။ ၀မ်းနည်းပူဆွေးစရာတွေဆို မကြည့်ဘဲ ရှောင်ကြဉ်ထားတယ်။ မကြိုက်လို့တော့ မဟုတ်ဘူး။ ခံစားတတ်လွန်းလို့။ ဇာတ်ကား အရမ်းကောင်းရင် ကြည့်ရင်း သရုပ်ဆောင်တွေနဲ့ ရောယောင်ပြီး မျက်ရည်ကျတတ်ပြန်ရော။ သူငယ်ချင်း တစ်ယောက် ပြောတာ ဟုတ်လောက်တယ်။ သူရဲကောင်းဆိုတာ မျက်ရည်လွယ်တယ်တဲ့။ မှန်လောက်တယ်။ စစ်ရေးမှာ စိတ်အားပြင်းထန်သလောက် အချစ်ရေးကျတော့ နူးညံ့သိမ်မွေ့ကြရော မဟုတ်လား။ ဒါဖြင့် ကိုကိုမောင်ကကော သူရဲကောင်းလားတဲ့။ မေးကြပါတယ်။ မေးနိုင်ပါတယ်။ ကျနော်လဲ ဖြေလိုက်ပါတယ်။ သူရဲကောင်းတော့ မဟုတ်ဘူး။ သရဲခေါင်းလို့။ ရုပ်က အဲဒီလို သရဲချော ချောနေတာကိုး။ ။
...

ကဲ မောင်လေး ခေါ် ညိမ်းနိုင်ရေ...
ဟိုရောက်ဒီရောက်နဲ့ လျောက်ရေးနေတာ ဖတ်တဲ့သူတွေကို ဒုက္ခပေးသလို ဖြစ်နေပြီ။ ဒီလောက်နဲ့တင် ကျေနပ်တော့နော့။ တော်ကြာ အပိုင်း တစ် နှစ် သုံး လေး ငါး ဆိုပြီး ဖြစ်သွားမှ ကိုကိုမောင်ဆို ပျိုပျိုတွေ ရှောင်နေကြရင် မခက်ပေဘူးလား။ ပေရှည်လွန်းလို့လေ။ ဘာတဲ့။ အော်.. အဲလိုလား။ ၀မ်းသာပါတယ်။ ဘာတဲ့။ ရေးချင်တာ ရေးပါတဲ့။ ကိုကိုမောင်ကို ပျိုပျို မရှောင်ပါဘူးတဲ့။ ကြားလိုက်သလိုဘဲ။ ဘယ်သူပြောတာပါလိမ့်။ အင်း အဲဒီလို ပြောတဲ့သူကို ဒင်းနားပါတီ ကောင်းကောင်း ပေးရဦးမယ်။ ။း)))


.

Sunday, 24 July 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်သိမ်းခါနီး)


"ကဲ.. မောင်ပေါက်ကျော်။ ဟောဒါက ကော်ဖီ။ ဟောဒါက လဘက်သုပ်။ သောက်လဲသောက် စားလဲစား။ ပြီးရင် မင်း မနေ့က ပြောထားခဲ့တဲ့ ဘုရားရှင်လက်ထက်က သူတော်ကောင်းမလေး အကြောင်း ပြောပြစမ်းပါဦး"

"အဟမ်းးး ဒီတစ်ခါတော့ သူကြီးမင်း နားထောင်ရမဲ့ အလှည့်ရောက်သွားပြီ"

"အင်းပါ။ မင်း ပြောမှာသာ ဆက်ပြောပါ။ ငါ နားထောင်နေပါတယ်"

"ကျနော်တို့ ကိုးကွယ် ဆည်းကပ်နေတဲ့ ဂေါတမဘုရားရှင် လက်ထက်တော် အခါတုန်းကပေါ့ သူကြီးမင်းရာ"

"မင်းကလဲ ပြောမှာ ပြောတာ မဟုတ်ဘူး။ နိဒါန်းတွေ ချီနေသေးတယ်။ နိဒါန်းများလွန်းရင် နားထောင်ရတာ ငြီးငွေ့သွားရောဘဲ"

"သူကြီးမင်းကလဲ အလှည့်လေး ရှားရှားပါးပါး ရောက်လာတုန်း ပါးစပ်ကလေးတော့ သွေးပါရစေဦး။ ဘုရားရှင် လက်ထက်က သာသနာရေး ဘာသာရေး လှူရေး တန်းရေးမှာ နာမည်ကြီးခဲ့တဲ့ အမျိုးသမီး တစ်ယောက် ရှိခဲ့တယ်။ အဲဒီ အမျိုးသမီးက နောက်ဘ၀တွေ အတော်များများကိုလဲ မှတ်မိတယ်။ ထူးဆန်းတာက အဲဒီ အမျိုးသမီးမှာ ဟ၀ှါစိတ် အရမ်းများတယ်တဲ့။ သူ ဖြစ်ခဲ့လေရာ ဘ၀ ဘ၀တွေ ထဲမှာ ဟ၀ှါပြုလို့ အားရကျေနပ်ခဲ့တာ တစ်ဘ၀ဘဲ ရှိခဲ့တယ်တဲ့။ အဲဒီ ဘ၀ကတော့ နွားမလေး ဖြစ်ခဲ့တဲ့ ဘ၀ဘဲတဲ့။ တစ်နေ့ကျတော့ နွားသိုးအုပ်စုလိုက်ကြီး မိတ်လိုက်ဖို့ သူ့ကို နောက်ကနေ လိုက်ကြတယ်တဲ့။ သူလဲ ပြေးရင်း လွှားရင်း သစ်ပင်တစ်ပင်ရဲ့ ဂွဆုံမှာ ခေါင်းနဲ့ငြိနေပြီး ရှေ့လဲတိုးမရ နောက်လဲ ဆုတ်မရ ဖြစ်နေခဲ့တယ်တဲ့။ အဲဒီလို ဖြစ်နေတဲ့အခါမှာ နွားသိုး အုပ်စုလိုက်ကြီး တစ်ကောင်ပြီး တစ်ကောင် ဟ၀ှါ ပြုကြသတဲ့။ နွားသိုးအုပ်စုကလဲ အကောင်ရေ အများကြီးဘဲတဲ့။ အဲဒီ အမျိုးသမီးဟာ အဲဒီ နွားမလေးဘ၀မှာဘဲ ဟ၀ှါပြုခံရတာ အားရကျေနပ်မှု အရှိဆုံးဖြစ်ခဲ့ပါတယ်တဲ့။ အခု မောင်ပြုးတစ်ယောက်လဲ ဆေးလိပ်သောက်ရတာ အဲဒီနေ့ကမှ အာသာအပြေဆုံးဆိုလို့ ကျနော် အဲဒီ ပုံပြင်လေးကို သတိရသွားတာပါ"

"မင်းပြောတဲ့ အမျိုးသမီးက ဟို သောတာပန်အရိယာ ဖြစ်သွားတဲ့ အမျိုးသမီးကို ပြောတာ မဟုတ်လား။ သားသမီး ၂၀၊ မြေး ၄၀၀၊ မြစ် ၈၀၀၀ ရှိတဲ့ အမျိုးသမီး ကျောင်းအမကြီးလေ"

"ဟုတ်ပါတယ် သူကြီးမင်း"

"မင်း ဒါဖြင့် ဒီပုံပြင်ကို ဘယ်က ကြားခဲ့တာလဲ"

"ကျနော့် အဖေ ဥပုသ်စောင့်သွားရင်း ဥပုသ်သည် တစ်ယောက် ပြောတာ ကြားခဲ့တာတဲ့။ အဖေ ပြန်ပြောပြလို့ သိရတာ"

"ဒါဖြင့် အဲဒီ ဥပုသ်သည်ကိုကော ဘယ်သူက ပြောတာတဲ့လဲ"

"အာဂန္တုဘုန်းကြီးဆိုလား၊ မြို့က အသိတစ်ယောက်ဆိုလားဘဲ"

"အေးးး မင်း မသေချာဘဲနဲ့ လူတွေရှေ့ သိပ်မပြောနဲ့နော်။ အပြောခံရတဲ့သူက အရိယာဖြစ်သွားပြီး အခုဆို ဘုံစံနဲ့ နတ်ပြည်မှာ အေးအေးဆေးဆေး ဖြစ်နေပြီ။ ပြီးတော့ မင်းစကားကြောင့် တခြားသူတွေ သူ့ကို အထင်သေး အမြင်သေး ဖြစ်သွားရင် နေရင်း ထိုင်ရင်း အရိယူပ၀ါဒကံ ထိုက်ကုန်ပြန်ကြဦးမယ်"

"အရိယူပ၀ါဒကံဆိုတာ ဘာလဲ သူကြီးမင်း"

"အရိယာပုဂ္ဂိုလ်တွေကို အထင်အမြင်မှားပြီး ပြစ်တင်စွပ်စွဲတဲ့ ကံပေါ့။ အဲဒီကံကို ကျူးလွန်မိရင် အပါယ်ငရဲသွားဖို့ လက်မှတ်ရသွားတာနဲ့ အတူတူဘဲ"

"ဟာ ဒါဖြင့် ကြောက်စရာကြီးပါလား။ မဖြစ်ဖူး မဖြစ်ဖူး။ ကျနော် မပြောခဲ့ဖူးလို့သာ သဘောထားလိုက်ပါနော်။ သူကြီးမင်း။ ပြီးတော့ ကျနော်က သူကြီးမင်းကိုဘဲ ပြောရသေးတာ။ ဘယ်သူ့ကိုမှ မပြောပြရသေးဘူး။ တစ်ခြားသူတွေကို ကျနော် ပြောတာလို့ သွားမပြောပါနဲ့နော် သူကြီးမင်း။ ဘယ့်နှယ် ပုံပြင်လေး ပြောဖို့ အလှည့်တစ်ခါဘဲ ရောက်ခါရှိသေး တော်သေးတယ် ကံကြီးထိုက်တော့မလို့"

"အေးပါ မပြောနဲ့ဆိုလဲ မပြောပါဘူး။ စိတ်ချပါ"

"ဒါနဲ့ အဲဒီ ကံထိုက်ရင် လွတ်ငြိမ်းနိုင်တဲ့ နည်းလမ်း မရှိတော့ဘူးလား"

"ရှိပါတယ်။ အကဲ့ရဲ့ ခံရတဲ့ အရိယာပုဂ္ဂိုလ်ဆီ ကိုယ်တိုင်သွားပြီး တောင်းပန်ရင် ရတယ်။ ကင်းလွတ် ကျေအေးသွားပြီ။ ဒါပေမဲ့ အဲဒီ အရိယာပုဂ္ဂိုလ် ပျံလွန်တော်မူသွားပြီဆိုရင်တော့ သူ့ကို မြှုပ်နှံတဲ့ မြေပုံရှေ့သွားပြီး တောင်းပန်ရမယ်။ အဲဒီ အရိယာပုဂ္ဂိုလ်က ဘယ်နေရာ ဘယ်ဒေသမှာမှန်း မသိရင်တော့ နီးစပ်ရာ သီလသမာဓိရှိတဲ့ ဆရာတော်တစ်ပါးဆီ သွားပြီး အရိယူပ၀ါဒကံ ထိုက်နေကြောင်း ရှင်းပြပြီး (အရိယာပုဂ္ဂိုလ်အစား) ထိုဆရာတော်ကို ဦးသုံးကြိမ်ချ ကန်တော့ရမယ်"

"တော်ပါသေးရဲ့ ကုသဖို့ ဆေးနည်းလေးတွေ ရှိသေးလို့။ နို့မဟုတ်ရင် မြင်ယောင်မိသေးတယ် ငရဲအိုးကြီးတွေကို။ မီးလျံတညီးညီးနဲ့။ ဆီမပါ ဆားမပါ လူကာလသားဟင်း ချက်ခံရတော့မလို့"

"အေးပါ။ ငါလဲ မင်း ငါ့ကို ဒီအကြောင်း မပြောခဲ့ဖူးလို့ဘဲ မှတ်လိုက်ပါ့မယ်။ ဘာမှ မပူပါနဲ့။ မင်းလဲ နောက်ကို ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့တော့ သိလား"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"ဒါနဲ့ ပုံပြင်က ဘယ်အနား ရောက်သွားပြီလဲ မသိဘူး"

"ကိုရင်ကျောင်းသားတွေ တောထဲကို ဆေးလိပ်တွေ ခိုးသောက်ဖို့ ယူလာတဲ့ဆီ ရောက်နေပါပြီ သူကြီးမင်း"

"အေး ဟုတ်တယ်။ ဆေးလိပ်တွေ တောထဲယူလာကြတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်တာပေါ့လေ။ ဆေးလိပ်လဲ လွတ်လွတ်လပ်လပ် သောက်ရတယ်။ ပြီးတော့ ရှဥ့်တို့ ကြွက်တို့ လိုက်ဖို့လဲ လက်နက်တစ်ခု ဖြစ်သွားတာပေါ့။ သစ်ခေါင်းထဲ ၀င်ပြေးတဲ့ ရှဥ့်တွေကြွက်တွေကို အပြင်ထွက်လာအောင် ဆေးလိပ်မီးခိုးကို အသုံးပြုကြတယ်လေ။ ဆေးလိပ်မီးခိုးကို သစ်ခေါင်းထဲ မှုတ်ထည့်လိုက်ရင် မလွယ်ပေါက် ရှိတဲ့နေရာကလဲ အငွေ့ထွက်တယ် မဟုတ်လား။ အဲဒီ မလွယ်ပေါက်ဝကိုလဲ ကိုရင်ကျောင်းသားတွေက လေးခွနဲ့ အသင့်ချိန်ထားကြတယ်။ ဘယ်ကထွက်လာ ထွက်လာ လွတ်လမ်းမရှိပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ခါမှာတော့ ရှဥ့်ကဘဲ ဆေးလိပ်ကြိုက်သွားလို့လား၊ ဒါမှ မဟုတ် ထွက်ပြေးရင်လဲ လွတ်လမ်းမရှိဘူးဆိုတာ သိလို့လား မသိဘူး။ အထဲမှာဘဲ ပေနေတယ်။ ဘယ်လောက် မီးခိုးနဲ့ မှုတ်မှုတ် မထွက်ဘူး။ အဲဒီလို အခါမျိုးမှာ တုတ်ချောင်း ခပ်ရှည်ရှည်နဲ့ အောက်က နေပြီး သစ်ခေါင်းထဲ ထိုးမွှေရတယ်။ ထိုးမိရင် ထွက်ပြေးလာရောပေါ့။ အဲဒီလိုမှ မရရင် သစ်ခေါင်းကို ခွန်နဲ့ ပေါက်ခွဲပြီး မရရအောင် လုပ်ကြတော့တာဘဲ"

"တော်တော်ဆိုးကြတာဘဲနော်"

"အင်း... သူတို့လဲ သူတို့ စိတ်ကူး ရရာ လုပ်ကြတာပေါ့လေ။ ကြွက်တွင်းတို့၊ ပွေးတွင်းတို့ တွေ့ရင်လဲ ဒီအတိုင်းဘဲ။ ဆေးလိပ်မီးခိုးကို တွင်းထဲ မှုတ်သွင်းလိုက်တယ်။ ထွက်ပေါက်ရှိတဲ့ နေရာက အငွေ့ထွက်လာတယ်။ အဲဒီ အပေါက်တွေ အကုန်လုံး ပိတ်ပြီး အပေါက်တစ်ခုကနေ ရေအပြည့် လောင်းထည့်လိုက်ကြတာပါဘဲ။ အထဲက အကောင်တွေ ရေမွှန်းပြီး သေတဲ့ကောင်က သေ၊ အပြင်ထွက်လာတဲ့ကောင်က ထွက်ပေါ့။ ဒါပေမဲ့လဲ သိတဲ့အတိုင်းဘဲ ခွေးတွေကလဲ လျင်သလား မမေးနဲ့၊ မြေကြီးပေါ် ပြေးနေလို့ကတော့ မလွတ်တမ်းဘဲ"

"ရက်စက်လိုက်ကြတာ။ တွင်းထဲက အကောင်တွေကတော့ တစ်ကြိမ်ထဲနဲ့ (ဆေးလိပ်)မီးဘေးရော ရေဘေးပါ သင့်ကုန်ကြတော့တာပေါ့"

"ဒါလဲ သတ္တ၀ါ တစ်ခု ကံတစ်ခုပေါ့လေ။ ဘယ်တတ်နိုင်ပါ့မလဲ။ နောက်ပိုင်းကျတော့ သစ်ပင်ခေါင်းထဲ ၀င်ပြေးတဲ့ အကောင်ပလောင်တွေကို ဆေးလိပ်မီးခိုးနဲ့ ထွက်လာအောင် လုပ်ရတာ နဲနဲ အချိန်ကြာမှန်း သိလာကြတယ်။ ဒါကြောင့်မို့ ဆေးလိပ်မီးခိုးကို အသုံးမပြုကြတော့ဘဲ သစ်ခေါင်းထဲက အကောင်တွေကို အခေါင်းဝမှာ သစ်ရွက်ခြောက်တွေနဲ့ မီးဖိုပြီး မီးမြှိုက်ကြတော့တာပေါ့။ အထဲက အကောင် ခံနိုင်ရိုးလား။ သေပေါက်တွေ ချည်းဘဲ။ အခုလဲ ကြောင်ဖမ်းဆရာတော် ဦးစီးတဲ့ ကိုရင် ကျောင်းသားတွေဟာ သစ်ပင်ခေါင်းထဲ ၀င်ပြေးသွားတဲ့ ရှဥ့်မီးနီကို အခေါင်းဝကနေပြီး သစ်ရွက်ခြောက်တွေနဲ့ မီးရှို့လိုက်ကြတယ်လေ။ ချက်ချင်းဘဲ ရှဥ့်မွေးမီးလောင်တဲ့ ညှော်နံ့တွေ ထွက်လာတယ်။ ဒါပေမဲ့ ရှဥ့်က အပြင် ထွက်မလာဘူး။ မီးအရှိန် ပိုပြင်းအောင် သစ်ရွက်ခြောက်တွေ ထပ်ထည့်ကြပြန်တယ်။ ဒါပေမဲ့ ရှဥ့်က ထွက်မလာဘူး။ သစ်ပင် အပေါ်ဘက်မှာ မလွယ်ပေါက်များ ရှိသလားဆိုပြီး အောက်ကနေ လေးဘက်လေးတန် လှမ်းရှာကြည့်ကြတယ်။ မတွေ့ဘူး။ ဒါဆို သစ်ခေါင်းထဲမှာဘဲ ဒီ အကောင် သေနေလောက်ပြီ။ ဒါနဲ့ နီးစပ်ရာ ၀ါးပင်ပေါက်စခပ်ရှည်ရှည်လေးကို ခုတ်ဖြတ်ယူပြီး အခေါင်းထဲ ထိုးကြည့်ကြတယ်။ ပျော့အိအိ ထိုးမိတယ်။ အဲဒီ ပျော့အိအိထိုးမိတဲ့ နေရာကို မှန်းဆပြီး သစ်ပင်ပေါ်တက်ကာ ခွန်နဲ့ သစ်ပင်ကို ပေါက်ခွဲကြတယ်။ သစ်ပင်က ကြီးတော့ ကိုရင်ကြီး ကျောင်းသားကြီးတွေ တစ်လှည့်စီ ပေါက်ကြရတယ်။ ကြောင်ဖမ်းဆရာတော်လဲ အပါအ၀င်ပေါ့။ သူ့ အလှည့်ရောက်တော့ ခွန်ပေါက်ရင်း အရှိန်နဲနဲ လွန်သွားတဲ့အတွက် သူ့ခြေထောက်ကို နဲနဲ ရှပ်ထိသွားတယ်။ သွေးတွေဆို ဖျန်းကနဲဘဲ။ သစ်ပင်ပေါ်ကလဲ ကို့ယို့ကားယား ပြုတ်ကျလာတယ်"

"ဟာ... ဒါဆို ကြောင်ဖမ်းဆရာတော် အဲဒီနေရာမှာတင် ပျံတော်မူသွားရောလား"

"မင်းကလဲ တခါထဲ သေတွင်းပို့ချင်နေတော့တာဘဲ။ နဲနဲလေးတော့ သနားတဲ့စိတ် ထားပါဦး"

"မသိဘူးလေ။ ဒီလောက် သူများအသက်တွေကို ဦးစီးပြီး သတ်ဖြတ်ခဲ့တာဆိုတော့ ၀ဋ်လည်ပြီး ပွဲချင်းပြီးများ သေသွားသလားလို့"

"အေးးး... မင်းပြောမယ်ဆိုလဲ ပြောချင်စရာပါ။ အဲဒီ ကြောင်ဖမ်းဆရာတော် သတ်ဖြတ်ခဲ့တဲ့ တောတိရစ္ဆာန်တွေက နဲနဲနှောနှောမှ မဟုတ်ဘဲ။ ဒါကြောင့်မို့ အဲဒီအချိန်ကစပြီး သူ ၀ဋ်လည်တော့တာဘဲ။ မောင်ပေါက်ကျော်ရေ... မှတ်ထားနော်။ ၀ဋ်ဆိုတာ နောက်ဘ၀မှ မဟုတ်ဘူး။ ဒီဘ၀မှာတင် လည်တတ်တယ်။ အတုံ့အလှည့်သဘောပေါ့ကွာ။ ကြောက်စရာ အရမ်းကောင်းတယ်။ လူဖြစ်စေ ဘုန်းကြီးဖြစ်စေ ၀ဋ်က မနေဘူး။ အမြဲ လိုက်လာတတ်တယ်။ ဒီဘ၀ ဒါမှ မဟုတ် နောက်ဘ၀ ဒါမှ မဟုတ် နိဗ္ဗာန်မရမချင်း ဘ၀တစ်ခုခုမှာ ၀ဋ်က နောက်က ကပ်ပါလာမှာပါဘဲ"

"ကြောက်စရာကြီးနော် သူကြီးမင်း"

"ဟုတ်တယ်။ အခု ကြောင်ဖမ်းဆရာတော်ကို ကြည့်လေ။ ခွန်လဲ ရှခဲ့သေးတယ်။ သစ်ပင်ပေါ်ကလဲ လှိမ့်ကျခဲ့ရသေးတယ်။ ပြီးတော့ ရှဥ့်မွေးမီးလောင်တဲ့ ညှော်နံ့ ခံခဲ့ရတဲ့ အတွက်ကြောင့် ခွန်ရှတဲ့အနာက အရမ်းရင်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံး ဟိုနားတစ်ကွက် ဒီနားတစ်ကွက် အနာတွေ ပေါ်ပေါက်လာတယ်။ အနာတွေ များလာတော့ ဘယ်အနာက ပိုနာမှန်း သူမသိတော့ဘူး။ အကုန်လုံး နာနေတော့တာကိုး။ မှန်းဆကြည့်ရရင်တော့ သူ့ခန္ဓာကိုယ်ပေါ်မှာ အနာပေါင်း အလုံးတစ်ရာ ကျော်မယ်ထင်တယ်။ ညအိပ်တဲ့အခါလဲ.. ဟေးးး လိုက်ဟ လိုက်ဟ၊ ဟေ့ကောင် ရှေ့က သွားဆီး၊ မလွတ်စေနဲ့ ဆိုပြီး ယောင်ယမ်း အော်ဟစ်တယ်။ နောက်ပြီး အမလေး ကယ်ကြပါ ကယ်ကြပါ၊ နောက်မလုပ်တော့ပါဘူး ဆိုပြီးလဲ ယောင်ယမ်းအော်ဟစ်တယ်"

"သနားစရာကောင်းလိုက်တာ"

"မနက် အိပ်ရာက ထတဲ့အခါလဲ ၀တ်ထားတဲ့ သင်းပိုင် ဧကသီတွေမှာ အနာတွေ ပြည်ပေါက်ပြီး ကပ်နေတယ်။ ဖြုန်းကနဲ ထလိုက်ရင် အနာကို ဆွဲခွါလိုက်သလို ဖြစ်သွားပြီး အရှင်လတ်လတ် ငရဲကျသလို ခံစားနေရရှာတယ်။ သွေးတွေ ပြည်တွေဆိုလဲ သူ့အိပ်ရာမှာ အများကြီး ပေကျံနေတယ်။ နောက်တော့ မနက်အိပ်ရာထတဲ့အခါ ၀တ်ထားတဲ့ သင်္ကန်းတွေကို ရေအရင် ဆွတ်ရတယ်။ ဒါမှ သင်္ကန်းနှင့် ကပ်နေတဲ့ သွေး ပြည်တွေ ပွတက်လာပြီး ဆွဲခွါရ လွယ်ကူမှာ မဟုတ်လား။ ဒီလောက် အနာဝေဒနာတွေ ခံစားနေရတာတောင်မှ ကိုရင်ကျောင်းသားတွေက မညှာမတာ သူ့ကို နာမည် တစ်ခု ထပ်ပေးလိုက်ကြပြန်သေးတယ်။ အနာထပိဏ်သူဋ္ဌေး တဲ့"

"ဒါဆို ငါးမည်ရ မကတော့ဘူး။ ခြောက်မည်ရ ဖြစ်သွားပြီ။ ငါးမည်ရ ပြည်ရွှေဘိုထက် တစ်ခု သာသွားပြီ"

"ဟုတ်ပ ဟုတ်ပ။ မင်းပြောမှဘဲ ရှင်းသွားတော့တယ်"

"ဒါနဲ့.. သူကြီးမင်း။ အဲဒီ ကြောင်ဖမ်းဆရာတော် ခွန်ရှတဲ့ နေ့တုန်းက ရှဥ့်မီးနီကိုကော မရခဲ့တော့ဘူးလား"

"ဘယ်က မရဘဲ နေပါ့မလဲ။ ကျောင်းသားကြီးတစ်ယောက် သစ်ပင်ပေါ်ထပ်တက်ပြီး ခွန်နဲ့ သွားပေါက်ပြန်တယ်လေ။ သစ်ခေါင်းထဲထိ ပေါက်ခွဲပြီး လက်နဲ့ နှိုက်စမ်းကြည့်လိုက်တော့ ရှဥ့်က အထဲမှာ သေနေပြီ။ မီးလောင်တဲ့ ဒဏ်နဲ့ သေသွားတာလေ။ ရှဥ့်ကလဲ စဉ်းစားလောက်ပါတယ်။ ဒီလူတွေ လက်ထဲတော့ အသေမခံနိုင်ဘူး။ ဒီသစ်ခေါင်းထဲမှာဘဲ သေလိုက်တော့မယ် ဆိုပြီးတော့ပေါ့။ သစ်ခေါင်းထဲက သစ်သားစလေးတစ်ခုကို ကျစ်ကျစ်ပါဆုပ်ရင်း မီးလောင်ပြီး သေသွားရှာတယ်"

"ဒါဖြင့်.. ဟို ဒဏ်ရာဒဏ်ချက်တွေ အပြည့်နဲ့ အမြဲအော်ဟစ် မြည်တမ်းနေရတဲ့ ကြောင်ဖမ်းဆရာတော်ကကော နောက်ပိုင်းကျတော့ ဘာဖြစ်သွားသေးလဲ မသိဘူး။ ထန်းလျက်ခွေးလျက်သလို တဖြေးဖြေးလုံးပါးပါးပြီး ဆုံးပါးသွားရှာတော့တာဘဲ မဟုတ်လား"

"မင်းကလဲ... ဇာတ်သိမ်းကို အတော်လေး သိချင်လှသကိုး။ မပူနဲ့ နောက်တစ်နေ့ကျရင် ငါ ဇာတ်သိမ်းတဲ့အထိ ပြောပြမယ်။ ဟုတ်ပြီလား။ ဒီနေ့တော့ ဒီလောက်ဘဲ နားကြဦးစို့"

"သူကြီးမင်းကလဲ ဈေးကိုင်လိုက်တာ။ ဒါကြောင့်မို့လဲ အခုထိ ဂေါ်မစွံဘဲ လူပျိုသိုးကြီး ဖြစ်နေတာ"

.

Tuesday, 19 July 2011

လူမြင်ကွင်း၌ ဟ၀ှာပြုကြခြင်း


အခန်းတွင်း အောင်းနေရခြင်းသည် မီးနေသည် ဘ၀နဲ့ တူလှ၏။ လေကောင်း လေသန့် ရှူမရ၊ ပတ်ဝန်းကျင်နဲ့လည်း ထိတွေ့မှု မရှိ။ ပျင်းရိဖွယ်ပင်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ညနေခင်းဘက် ရောက်တိုင်း ရာသီဥတု သာယာပါက အညောင်းပြေအညာပြေ လမ်းလျှောက် ထွက်လေ့ရှိ၏။ ကျွန်ုပ် လမ်းလျှောက်ထွက်နေကျ လမ်းကြောင်းမှာ A4 လမ်းမကြီးဘေးမှ အထက်သို့ ထောင်တက်ရင်း Oysterley Park သို့ ရောက်သည့်အခါ ထို Park ဘက်က လမ်းကြားလေးသို့ ချိုးဝင်ပြီး ထို လမ်းကြားလေး အတိုင်း စုန်ဆင်းလာပြီး ကျွန်ုပ်နေထိုင်ရာသို့ ပြန်လာနေကျ ဖြစ်၏။ အသွားအပြန် တစ်နာရီကျော်ကျော် ကြာ၏။

ညနေခင်းတစ်ခုတွင် A4 လမ်းအတိုင်း လမ်းလျှောက်သွားရင်း Oysterley Park အနီးသို့ ရောက်သောအခါ လူတစ်စု အရာဝတ္ထုတစ်ခုအား ၀ိုင်းကြည့်နေသည်ကို တွေ့ရလေ၏။ ကျွန်ုပ်သည်လည်း ထိုလူအုပ်ထဲသို့ တိုးဝင်ကာ ထို အရာဝတ္ထုအား စိတ်ဝင်စားစွာ ကြည့်ရှုမိလိုက်လေ၏။ ထူးဆန်းဖွယ်ပင်တကား။ ကျွန်ုပ် မျက်လုံး အပြူးသား ဖြစ်သွားရလေ၏။ ကိုယ့်မျက်စိကိုပင် ကိုယ်မယုံချင်။ မြင်ကွင်းက ကြည့်ရှုလို့မှ မတင့်တယ်။ ယိုသူမရှက် မြင်သူရှက်ရမည့် ကိန်းပင်ဖြစ်၏။ လူမြင်ကွင်းမှာ ထိုကဲ့သို့ ပြုလုပ်ရန် လုံးဝ မသင့်တော်ချေ။ သို့သော် ယိုတဲ့သူကလဲ အားရပါးရ ယိုနေပြီး မြင်တဲ့သူကလဲ အားတက်သရော မြင်နေကြလေ၏။ ထိုအရာဝတ္ထုသည်ကား အခြားမဟုတ်ချေ။ မောင်နှံနှစ်သွယ် ချစ်တင်းနှောနေကြခြင်းပင်ဖြစ်၏။

ချစ်တင်းနှောနေသည့် နေရာမှာ လုံခြုံသည့် နေရာတစ်ခု၌လဲ မဟုတ်။ ပန်းခြံထဲ၌လဲ မဟုတ်၊ လမ်းမပေါ်၌လဲ မဟုတ်၊ ဘတ်စ်ကား မှတ်တိုင်၌လဲ မဟုတ်။ အမှန်မှာ လမ်းဘေးရှိ သစ်ပင် ခပ်ကြီးကြီး တစ်ပင်၏ အကိုင်းကြီး တစ်ခုပေါ်၌ ချစ်တင်းနှောနေကြခြင်းပင် ဖြစ်၏။ အတော်လေး အံ့သြဖွယ် ကောင်းလေစွတကား။ အနောက်တိုင်းသားတို့၏ ကလီကမာ ကြံကြံဖန်ဖန် ထိုကဲ့သို့ ပြုခြင်းသည် သူတို့၏ မွေးရာပါ ရောဂါ ဖြစ်လေအံ့ထင့်။ မမြင်ဝံ့ မမြင်သာကြီးပင် ဖြစ်၏။ မတော်တဆ ခြေချော်လက်ချော် ဖြစ်ပြီး အောက်ပြုတ်ကျခဲ့ရင်လဲ မဟာဒုက္ခ။ သဲထိတ်ရင်ဖိုဖွယ်ကြီးပါတကား။

သစ်ပင်အောက်မှ အပေါ်သို့ ၀ိုင်းဝန်းမော့ကြည့်နေကြသည့် လူအုပ်သည်လည်း တစ်စတစ်စ များပြားလာလေ၏။ ကင်မရာထုတ်ပြီး မှတ်တမ်းယူနေသူတွေလည်း ရှိ၏။ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေသည့်သူတွေလည်းရှိ၏။ ရှက်ဟန်ရွံ့ဟန်ဖြင့် မကြည့်ရဲ ကြည့်ရဲ ကြည့်နေကြသည့် အမျိုးသမီး တစ်စုလည်းရှိ၏။ မြင်ကွင်းကို သဘောကျပြီး ပြုံးယောင် သန်းနေကြသည့် မျက်နှာ ပိုင်ရှင်တွေလည်း ရှိ၏။ ကျွန်ုပ်သည်မူကား စိတ်မ၀င်စားလေဟန်၊ လမ်းကြုံရင်း ၀င်ကြည့်လေဟန်ဖြင့် ဣနြေ္ဒကြည့် ကြည့်နေမိလေ၏။ အမှန်မှာ ကျွန်ုပ်သည်လည်း ထိုမြင်ကွင်းကို စိတ်ဝင်စားနေသည်ပင် ဖြစ်၏။

ကြည့်နေသည့်သူ ဘယ်လောက်ပင် များများ သစ်ပင်ပေါ်က အတွဲကား ချစ်တင်းနှောနေမြဲပင် ဖြစ်၏။ လောကကြီးထဲမှာ သူတို့သာ ရှိသည်ဟု ထင်မှတ် နေလေရော့လား မသိ။ ဒါမှမဟုတ် အားကစားပွဲတွေမှာကဲ့သို့ အားပေးသူ ပရိသတ်များလေလေ ကစားအား ကောင်းလေလေ ဖြစ်လေရော့လား မသိ။ သူတို့သည်လည်း ကစားအား ကောင်းသထက် ကောင်းနေကြလေ၏။ တခါတလေ သူတို့ကိုယ် သူတို့ သစ်ကိုင်းပေါ်မှာ ရှိနေသည်ကိုပင် မေ့လျော့ဟန် ရှိ၏။ သတိလွတ်ကာ သစ်ကိုင်းပေါ်မှ ခြေချော်ကျ၏။ သို့သော် ချက်ခြင်း သစ်ကိုင်းကို လှမ်းတွယ်ပြီး အကိုင်းပေါ် ထပ်တက်ပြန်၏။ မကြာခဏ ထိုကဲ့သို့ သစ်ကိုင်းပေါ်မှ ချော်ကျလိုက် ပြန်တက်လိုက် ဖြစ်နေ၏။ စတန့်များ ထွင်နေရော့သလား မသိတော့ချေ။ အောက်က ၀ိုင်းကြည့်နေသည့် သူများမှာလည်း ထို စတန့်လုံးများကို ကြည့်ကာ ပိုပြီး အားပေးကြလေတော့၏။

အနည်းငယ်မျှ ကြာသည့်အခါ သူတို့၏ ချစ်တင်းနှောခြင်းကို အဆုံးသတ်လိုက်ကြ၏။ ထို့နောက် ၀ိုင်းကြည့်နေသည့် လူတွေကို အလေးမမူ ဂရုမစိုက်ဘဲ သစ်ပင်ပေါ်မှ နှစ်ဦးသား ခပ်ဖြေးဖြေး ဆင်းပြီး လူအုပ်ကို ကျော်ဖြတ်ကာ မနီးမဝေးရှိ မက်ဒေါ်နယ် စားသောက်ဆိုင်သို့ ချီတက်သွားကြလေတော့၏။ ၀ိုင်းကြည့်နေကြသည့် လူအုပ်ကြီးသည်လည်း သူတို့မောင်နှံနှစ်ဦးကို မျက်စိ တစ်ဆုံး နောက်ပြန်လှည့်ကာ ကြည့်နေကြလေ၏။ ထိုမောင်နှံနှစ်ဦးသည် မက်ဒေါနယ် စားသောက်ဆိုင်သို့ ရောက်သွားသည့်အခါ ဆိုင်ထဲသို့ မ၀င်ဘဲ အနီးအနားရှိ လူတွေ စွန့်ပစ်ထားသည့် စားကြွင်းစားကျန်တို့ကို ကောက်ယူကာ နှစ်ဦးအတူတူ မျှမျှတတ ဝေငှစားသောက် နေကြလေတော့၏။ ထိုအဖြစ်အပျက်ကို အစမှ အဆုံးထိ ကြည့်ရှုနေသည့် အင်္ဂလိပ်နဲ့ကုလား စပ်ကျထားသည့် ကပြားအင်္ဂလိပ်တစ်ယောက်၏ ပါးစပ်မှ ကျိန်ဆဲသလိုလို ပြစ်တင်ဝေဖန်သလိုလို စကားတစ်လုံး ခုန်ထွက်လာလေ၏။ "အတော်နောက်တဲ့ ခိုတွေ"။

.

Sunday, 17 July 2011

သူကြီးမင်း ပါးစပ်ဖြစ် ကြောင်ဖမ်းဆရာတော် ပုံပြင် (ဇာတ်မသိမ်းတသိမ်း)


"သူကြီးမင်း.... မီးရှို့ပစ်မယ်ဗျာ"

"ဟ.. မောင်ပေါက်ကျော်၊ ဘယ်လို ဖြစ်လာတာတုန်း၊ သဲထိတ်ရင်ဖို ရှိလိုက်ပါဘိ"

"အော်.. သူကြီးမင်းကလဲ မေ့တတ်ရန်ကော၊ သစ်ပင်ခေါင်းထဲ ၀င်သွားတဲ့ ရှဥ့်မီးနီ အပြင်ထွက်လာအောင် အခေါင်းဝကို မီးတေ့ရှို့မယ် ပြောတာပါ"

"ဂလိုလား။ သိပါဘူး။ ငါ့ကို ဘာများ မကျေနပ်တာ ရှိလို့ မီးရှို့ချင်တာများလဲလို့"

"သူကြီးမင်းက ဦးပေါ်ဦးလောက် မှတ်ဥာဏ် မကောင်းဘူး"

"ဆိုစမ်းပါဦး"

"ဘိုးတော်ဘုရားလက်ထက်က ဥထဲမှာ ဘာဥ အကောင်းဆုံးလဲ ဆိုတာကို ဖွတ်ဥ အကောင်းဆုံးလို့ ဦးပေါ်ဦး ဖြေခဲ့တယ်။ နောက် လအတော်ကြာမှ ဘာနဲ့ အကောင်းဆုံးလဲဆိုတော့ ဆားနဲ့ပါဘုရားလို့ ဖြေဆိုနိုင်ခဲ့တယ်လေ။ မှတ်ဥာဏ်ကောင်းပုံ ပြောပါတယ်။ အခု သူကြီးမင်းက မနေ့တုန်းကတင် သစ်ခေါင်းထဲ ၀င်သွားတဲ့ ရှဥ့်မီးနီကို ဘယ်လို ရအောင် ဖမ်းမလဲဆိုပြီး ကျနော့်ကို မေးခဲ့တယ်လေ။ အခု အဲဒီမေးခွန်းကို ကျနော်ဖြေလိုက်တာ။ ဒါပေမဲ့ သူကြီးမင်းက မေ့နေပြီ။ အရေးထဲ မီးရှို့ခံရမှာတောင် ကြောက်လိုက်သေး"

"ဟဲ.. ဟဲ.. ဒါကတော့ကွာ၊ ပညာရှိ သတိဖြစ်ခဲ လို့တောင် ဆိုရိုးစကား ရှိတယ်မဟုတ်လား"

"သူကြီးမင်းကတော့ ဆင်ခြေ တွေချည်းဘဲ"

"ရှိစေတော့ကွာ၊ ဦးပေါ်ဦးဆိုလို့ စပ်မိတုန်း နဲနဲ ပြောရဦးမယ်"

"များများပြောလဲ ရပါတယ် သူကြီးမင်း အဟီး"

"မင်းက ငါ စကားရှည်ရှည်ပြောတတ်လွန်းလို့ ရွဲ့ပြောနေတာ မဟုတ်လား"

"မဟုတ်ပါဘူး သူကြီးမင်း အဟီးး"

"မှတ်ထားပေါက်ကျော်၊ ရွဲ့တိုင်း မကောင်းဘူးကွ"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"ရွဲ့တော့ စောင်းသွားရောပေါ့ကွာ၊ စောင်းသွားတော့ ဖိတ်ကျကုန်ရောပေါ့။ ဖိတ်ကျတော့ စားလို့ ဘယ်ရတော့မလဲကွာ၊ ကဲ ရှင်းပြီလား"

"ဟား ဟား သူကြီးမင်းကလဲ ဖိတ်ကျလဲ ဘာဖြစ်လဲ၊ ပြန်ကောက်စားမှာပေါ့"

"စားဗျား၊ စားဗျား၊ ငါ မပြောလိုက်ချင်ဘူး။ ဖိတ်ကျတာက တခြားအပေါ် ဖိတ်ကျတာ မဟုတ်ဘူး။ မစင်တောထဲ ဖိတ်ကျကုန်တာ မောင်ပေါက်ကျော်ရေ့"

"ထွီးးး သူကြီးမင်းကလဲ ဒီမှာ ကော်ဖီ သောက်ကောင်းနေတုန်း"

"အတော်ဘဲပေါ့။ ဖိတ်ကျကုန်တာကို ပြန်ကောက်ပြီး ကော်ဖီလေးနဲ့ မြည်းလိုက်ပေါ့။ ဟာ ဟ"

"သူကြီးမင်းကတော့ မလွယ်ဘူး။ ဒါနဲ့ ဦးပေါ်ဦးအကြောင်း ပြောမယ်ဆို ပြောလေ သူကြီးမင်း"

"အေးပါ။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ငါ မန္တလေးမှာ ၁၂ ကြိုး ပညာ၊ အဲ... ဟုတ်သေးပါဘူး။ အဋ္ဌာရသ ပညာတွေ သွားသင်နေစဉ်တုန်းက သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက တန့်ဆည်ဇာတိလေ။ တစ်နေ့တော့ ဆရာတစ်ယောက်က ငါတို့ အတန်းထဲ ၀င်တယ်။ သမိုင်းဆရာပါ။ အဲဒီ သမိုင်းဆရာက ဘာပြောလဲဆိုတော့ ပုဂံခေတ်က အရည်းကြီးဆိုတာ တကယ်မရှိခဲ့ဘူးတဲ့။ ပါးစပ်ရာဇ၀င်သက်သက်ဘဲတဲ့။ နောက်ပြီး ဘိုးတော်ဦးဝိုင်း (ဘိုးတော်ဘုရား) လက်ထက်က ဦးပေါ်ဦးဆိုတာလဲ အမှန်တကယ် မရှိခဲ့ပါဘူးတဲ့။ ဘယ်သမိုင်းစာအုပ်ထဲမှာမှ အတိအကျ ဖော်ပြထားတာ မရှိဘူးတဲ့။ အဲဒါတွေဟာ ပါးစပ်ရာဇ၀င်သက်သက် ညအိပ်ရာဝင် ရွှေယုန်ရွှေကျား ပုံပြင်မျှသာ ဖြစ်တယ်တဲ့"

"ဟ.. တကယ်ကြီးလား သူကြီးမင်း"

"တကယ်ဟုတ်မဟုတ်တော့ ဘယ်သိပါ့မလဲကွာ။ ဒါပေမဲ့ အဲဒီတန့်ဆည်သား သူငယ်ချင်းကတော့ အဲဒီ သမိုင်းဆရာကို စောဒက သွားတက်ပါရောလား"

"ဘယ်လို သွားတက်တာလဲ သူကြီးမင်း"

"ဆရာရယ်။ ပုဂံခေတ်က အရည်းကြီးတွေ မရှိခဲ့ဘူးဆိုတာကတော့ ထားပါတော့။ ယုံဆို ယုံလိုက်ပါ့မယ်။ ဒါပေမဲ့ ဦးပေါ်ဦးဆိုတာ သမိုင်းမှာ တကယ် မရှိခဲ့ဘူးလို့တော့ မပြောပါနဲ့၊ ရှိပေးလိုက်ပါ ဆရာရယ် လို့ အဲဒီသမိုင်းဆရာကို စောဒက သွားတက်တယ်။ ဆရာကလဲ ပြန်မေးတယ်။ ဘာဖြစ်လို့လဲတဲ့။ သူငယ်ချင်း ပြန်ဖြေလိုက်တာကတော့.. ဆရာရယ်.. ကျနော်တို့ တန့်ဆည်က လူရိုသေရှင်ရိုသေ သမိုင်းမှာ ပေါ်ပေါက်ခဲ့ဖူးတာဆိုလို့ ဦးပေါ်ဦး တစ်ယောက်ထဲသာ ရှိခဲ့လို့ပါတဲ့"

"ဒါဖြင့် ဦးပေါ်ဦးက တန့်ဆည်ဇာတိပေါ့"

"ဘယ်ဟုတ်ပါ့မလဲ မောင်ပေါက်ကျော်ရ"

"ဒါဖြင့် ဘယ်ဇာတိလဲ သူကြီးမင်း"

"တုံးဖလားဇာတိလေကွာ၊ တုံးဖလားဇာတိ"

"ဟား ဟား ဟား သူကြီးမင်းက အတည်ပေါက်ကြီးနဲ့ နောက်နေပြန်ပြီ"

"ကဲ... အဲဒါတွေ ထားလိုက်ပါတော့။ ပုံပြင်ဘက် ဆက်ကြဦးစို့။ မင်းပြောတဲ့ ရှဥ့်မီးနီ သစ်ခေါင်းထဲက ထွက်လာအောင် မီးနဲ့ရှို့မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ မီးရှို့တဲ့ အဆင့်ထိ ရောက်အောင် တစတစ ပြောင်းလဲ လာခဲ့ရတာပါ။ ပထမတော့ တောထဲ တောင်ထဲသွားရင် ကိုရင် ကျောင်းသားတွေက ဆေးလိပ်နဲ့ မီးခြစ် ယူခဲ့ကြလေ့ရှိတယ်။ ကိုရင် ကျောင်းသားမှန်ရင် ဆေးလိပ် မသောက်ရဘူး။ သောက်ရင် ဘုန်းကြီးက ရိုက်တယ်လေ။ ဒါကြောင့် တောထဲမှာ လွတ်လွတ်လပ်လပ် သောက်ရအောင် ယူခဲ့ကြတာပေါ့။ ရှဥ့်တို့ ကြွက်တို့ လိုက်ရင်း သစ်ခေါင်းထဲ ၀င်ပြေးသွားတဲ့အခါ အဲဒီ ဆေးလိပ်က ပို အသုံးဝင်ပြန်တယ်။ သစ်ခေါင်းထဲ ၀င်သွားတဲ့ ရှဥ့်ကို အပြင်ထွက်လာအောင် ဆေးလိပ်မီးညှိပြီး မီးတောက်တဲ့ဖက်ကို ပါးစပ်နဲ့ ငုံပြီး ဖင်စည်က အငွေ့ထွက်လာအောင် မှုတ်ထုတ်လိုက်တယ်။ ပြီးတော့ သစ်ခေါင်းထဲ မှုတ်ထည့်လိုက်ကြတယ်လေ။ အထဲက အကောင်လဲ ဆေးလိပ်မီးခို မွန်ပြီး အခေါင်းထဲက ထွက်ပြေးတော့တာပေါ့။ အဲဒီအခါမှာ အသင့်စောင့်နေကြတဲ့ ကိုရင်ကျောင်းသားတွေ ခွေးတွေက ၀ိုင်းသမလိုက်ကြတော့တာပါဘဲ"

"အတော်ပိုင်တဲ့ ကိုရင် ကျောင်းသားတွေ"

"ဒါကတော့ အလုပ်က သင်သွားတာပေါ့လေ"

"ဒါနဲ့ သူကြီးမင်း။ မသိလို့ မေးပါရစေ။ ဆေးလိပ်သောက်တာက အပါယ်ကျလောက်တဲ့အထိ အပြစ်ကြီးလို့ ဘုန်းကြီးက ဆေးလိပ်သောက်တဲ့ ကိုရင်ကျောင်းသားတွေကို ရိုက်တာလား"

"အပြစ်ကြီးလား မကြီးလားဆိုတာ ဘကြီးတော် မင်းလက်ထက်က အဖြစ်အပျက်ကလေး တစ်ခု ပြောပြမယ်။ အဲဒီ မင်းလက်ထက်က ထင်ရှားကျော်ကြားခဲ့တဲ့ ဆရာတော်တစ်ပါး ရှိခဲ့တယ်။ ဆရာတော်ဦးဗုဓ်တဲ့။ လူတိုင်းနီးပါး သူ့ကို သိကြပါတယ်။ ဗုဓ်စ ဗုဓ်လယ် ဗုဓ်ဆုံးလို့တောင် ဆိုရိုးပြုခဲ့ကြတယ်လေ။ ဗုဓ်စ ဆိုတာ ဗုဒ္ဓဘုရားရှင်ကို ဆိုလိုတာပါ။ ဗုဓ်လယ်ဆိုတာကတော့ အဋ္ဌကထာကျမ်းပြု ရှင်မဟာဗုဒ္ဓဃောသကို ဆိုလိုတာပါ။ ဗုဓ်ဆုံးကတော့ ဆရာတော် ဦးဗုဓ်ဘဲပေါ့။ အဲဒီလောက်ထိ နာမည်ကျော်ကြားခဲ့တဲ့ စာတတ်အကျော်အမော်တစ်ပါးပါ"

"သူကြီးမင်းကတော့ မသိတာ မရှိသလောက် ဖြစ်နေပြီ။ စပ်မိရင် ပုံပြင်တွေ ထွက်လာတာချည်းဘဲ"

"ဒါကလဲ ဟိုစပ်စပ် ဒီစပ်စပ် ဖတ်ထားလို့ပါကွာ။ အဲဒီ ဆရာတော်ဦးဗုဓ်ကျောင်းက ကိုရင် ဦးဇင်းအချို့က ဆရာတော် မသိခင်မှာ ဆေးလိပ်ခိုးသောက်ကြသတဲ့။ အဲဒီ သတင်းကို သာသနာပိုင်ဆရာတော် သိသွားတယ်။ ဒါနဲ့ တစ်နေ့မှာ သာသနာပိုင်ဆရာတော်က ဆရာတော်ဦးဗုဓ်ဆီ သူ့ကျောင်းက ဦးဇင်းတွေ လွတ်ပြီး လျှောက်တင်ခိုင်းလိုက်သတဲ့။ ဆရာတော် ကျောင်းက ကိုယ်တော်တွေ ဆေးလိပ်ခိုးသောက်ကြတယ်။ ကြည့်လဲ ဆုံးမဦးပေါ့။ အဲဒီလိုလဲ ဆရာတော်ဦးဗုဓ်ကို လျှောက်တင်လိုက်ရော ဆရာတော် ဦးဗုဓ်က ဘာပြောတယ်မှတ်လဲ။ မင်းတို့ သာသနာပိုင်ဆရာတော်ကို လျှောက်လိုက်၊ ငါ့ကျောင်းက ကိုယ်တော်တွေ ဆေးလိပ်သောက်တာက မင်းတို့ သာသနာပိုင်ဆရာတော် ဘုရားတည်သလောက် အပြစ်မကြီးဘူးလို့"

"အမ်... ဘယ်လိုကြီးလဲ သူကြီးမင်း။ ဘုရားတည်တာက ပိုအပြစ်ကြီးသလိုလို"

"အေးကွ။ ဒါက ၀ိနည်းကြောင်းနဲ့လဲ နဲနဲဆိုင်ပုံရပါတယ်။ ပြီးတော့ မင်း စဉ်းစားကြည့်လေ။ ဆေးလိပ်သောက်တာ ဘာခက်တာမှတ်လို့။ ဆေးလိပ်ကို မီးညှိပြီး ပါးစပ်ထဲထည့် ဖွာလိုက် ရှူထုတ်လိုက် လုပ်လိုက်ရုံဘဲ မဟုတ်လား။ မခက်ပါဘူး။ ဒါပေမဲ့ ဘုရားတည်တာက စည်းကမ်းတွေ အများကြီးရှိတယ်။ ဥပမာ ဖိနပ်တော်က ဘယ်နှစ်ပေရှိရင် ဥာဏ်တော်အမြင့်က ဘယ်နှစ်ပေရှိရမယ်ဆိုတာမျိုးပေါ့။ နောက်ပြီး ဖောင်းရစ်တို့၊ ပန်းဆွဲတို့၊ ကြာမှောက်ကြာလှန်တို့၊ ငှက်ပျောဖူးတို့၊ ထီးတော်တို့၊ စိန်ဖူးတော်တို့၊ စုံနေတာဘဲ။ အဲဒါတွေကို စည်းကမ်းဥပဒေသ အတိုင်း လိုက်မလုပ်နိုင်ရင် အပြစ်ကြီးရောပေါ့။ တခြားမကြည့်ပါနဲ့။ လူတစ်ယောက် ပုံစံကိုဘဲ မှန်းကြည့်လိုက်ပါဦး။ ဘောင်းဘီတိုဝတ်၊ တိုက်ပုံအကျီ င်္ဝတ်၊ နေကာမျက်မှန်ထူထူတပ်၊ ဆံပင်နီကျင်ကျင်တွေ ကျစ်လိမ်ထားတဲ့ ယောကျာ်းတစ်ယောက်ကို မင်းဘယ်လို မြင်မလဲ"

"သူကြီးမင်း ပြောမှဘဲ ဘုရားတည်ရမှာတောင် ကြောက်လာပြီ။ တော်ကြာ ဘုရားတည်မှ အပါယ်ကျနေပါဦးမယ်။ ဒါနဲ့.. အဲဒီအချိန်က သာသနာပိုင်ဆရာတော်က တကယ် ဘုရားတည်နေတာလား"

"အင်း.. တိုက်ဆိုင်ချင်တော့ သာသနာပိုင်ဆရာတော်က မြေစိုက်ဘုရားတစ်ဆူ တည်နေခိုက်နဲ့ ကြုံသွားတာတဲ့"

"ဖြစ်ရလေ သာသနာပိုင်ဆရာတော်ရယ်"

"တကယ်စဉ်းစား ကြည့်တော့လဲ ကိုရင်ကျောင်းသားတွေကို ဆေးလိပ်သောက်တာ တားမြစ်တာက အပြစ်ရှိလို့ထက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးပျက်၊ ဆေးလိပ်စွဲပြီး အကျင့်ပျက်၊ ပိုက်ဆံကုန်။ အဲဒါမျိုးတွေ ဖြစ်မှာစိုးလို့ တားမြစ်တာ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုရင် ဦးဇင်းတွေ ဆေးလိပ်သောက်နေတဲ့ ပုံက ကြည့်လို့ သိပ်မကောင်းဘူးလေ"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"ငါပြောပြမယ်လေ။ တခါက ကိုရင်တစ်ပါး ဆေးလိပ်သောက်နေတာကို ရွာထဲက အပျိုကြီး မတင်လှိုင် မြင်သွားတယ်။ ဆေးလိပ်က စီးကရက်မဟုတ်ဘူး။ ဆေးပေါ့လိပ်ကြီးလေ။ မတင်လှိုင်က အဲဒီ ကိုရင်ကို ဘာပြောတယ် မှတ်လဲ။ ကိုရင် ကတုံးနဲ့ ဆေးလိပ်ပါးစပ်ထဲ ထည့်ထားတဲ့ပုံနဲ့ မလိုက်ဖက်ပါဘူး။ မသောက်ပါနဲ့။ ကြည့်ရဆိုးတယ်။ အုန်းမှုတ်ခွက်ကို အရိုးတပ်ထားသလိုကြီးဘဲတဲ့"

"ဟား ဟား ဟား။ သူကြီးမင်းပြောမှဘဲ မျက်စိထဲ တကယ်မြင်ယောင်လာပြီ။ ဟုတ်ပ။ အုန်းမှုတ်ခွက်ကို အရိုးတပ်ထားသလိုကြီး။ ဟီး ဟီး ဟီး"

"ငါတို့ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ စာသင်စဉ်က အဖြစ်အပျက်ကလေး တစ်ခု ပြောပြဦးမယ်။ အဲဒီ အချိန်တုန်းက ကျောင်းသားကြီးတစ်ယောက်ရှိတယ်။ နာမည်က မောင်ပြူးတဲ့။ ဆေးလိပ်ကတော့ သောက်သလား မမေးနဲ့။ တကယ့် မီးခေါင်းတိုင်လိုဘဲ။ အမြဲတမ်း သူ့ပါးစပ်က မီးခိုးငွေ့တွေ ထွက်နေတယ်။ တခါတလေ သူက ပါးစပ်က ရှူပြီး နှာခေါင်းက အငွေ့တွေ ထုတ်ပြတတ်တယ်။ ငါတို့လဲ အားကျပြီး စမ်းသပ်ကြည့်ကြတာပေါ့။ ဒါပေမဲ့ မရပါဘူး။ ချောင်းဆိုးတာဘဲ အဖတ်တင်တယ်"

"ဒါဖြင့် သူကြီးမင်းက ဆေးလိပ် အခုထက်ထိ မသောက်တတ်ဘူးပေါ့"

"အင်း ဆိုပါတော့။ ပြောရရင်တော့ ဆေးလိပ်နဲ့ ကွမ်းယာဟာ ငါ အမုန်းဆုံးဘဲ"

"သူကြီးမင်းက ဟို အရက်မုန်းတယ်ဆိုတဲ့ လူ တစ်ယောက် ပြောသလို ဖြစ်နေဦးမယ်"

"ဆိုစမ်းပါဦး"

"အရက်ကို စိတ်ကုန်တဲ့ ပုံစံမျိုးနဲ့.... ပူက ပူသေး၊ နံက နံသေး၊ အ၀င်က ဆိုးသေး၊ မူးက မူးသေး။ ဒါများ သောက်ချင်နေကြသေးတယ်၊... ပေးစမ်း နောက်တစ်ခွက် တဲ့။ အစကတော့ ဟုတ်မလိုလိုနဲ့ အဖျားရှူးသွားတာလေ"

"ဟား ဟား။ မောင်ပေါက်ကျော် မင်းလဲ စကားတတ်လာပြီ"

"ဒါကတော့ သူကြီးမင်းနဲ့ ပေါင်းနေတာကိုး။ ဒီလောက်တော့ တတ်လာမှာပေါ့"

"ဒါပေမဲ့ ငါက အဖျားမရှူးပါဘူးကွာ။ တကယ်ကို ဆေးလိပ် ကွမ်းယာကို မုန်းတာပါ"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"အဲဒီ ဆေးလိပ်သမား ကွမ်းယာသမားတွေဟာ များသောအားဖြင့် စည်းကမ်းမရှိတတ်ကြဘူးလေ။ ပြီးတော့ ပတ်ဝန်းကျင်ကိုလဲ ညစ်ပတ်စေသေးတယ်။ သူတို့ ခန္ဓာကိုယ်မှာလဲ ဆေးလိပ်နံ့တွေ စွဲနေတယ်။ ပါးစပ်မှာလဲ ကွမ်းတံတွေးတွေ ပေကျံနေတယ်။ ဘာမှ ကောင်းကျိုးမပေးပါဘူး"

"အင်း ဟုတ်တယ်နော်"

"ဒါနဲ့.. စကားက ဘယ်နား ရောက်သွားပြီလဲ မသိဘူး"

"မောင်ပြူးဆေးလိပ်ခိုးသောက်တဲ့ ဆီ ရောက်နေပြီ သူကြီးမင်း"

"အင်း.. ဖြစ်ချင်တော့ တစ်နေ့မှာ အဲဒီ ဘုန်းကြီးကျောင်းသား မောင်ပြူးဆေးလိပ် ခိုးသောက်နေတာကို ဘုန်းကြီး မြင်သွားတယ်။ ဒါနဲ့ သူ့ကို ဒဏ်ပေးတော့တာပါဘဲ။ ဘယ်လို ဒဏ်လဲ ဆိုတော့ ကိုရင်ကျောင်းသားတွေ အားလုံးကို ကျောင်းဝင်းတစ်လျှောက် ဆေးလိပ်တိုတွေ တစ်ယောက် ငါးခုစီ လိုက်ရှာခိုင်းတယ်။ ကိုရင်ကျောင်းသားတွေကလဲ စုစုပေါင်း ငါးဆယ်လောက် ရှိတော့ ဆေးလိပ်တိုပေါင်း ၂၅၀ လောက် ရတာပေါ့။ အလှူအတန်းလုပ်ရင် ဘုန်းကြီးကျောင်းဝင်းထဲမှာဘဲ လုပ်ကြတာဆိုတော့ အလှူလုပ်တုန်းက ဆေးလိပ်သောက်ပြီး ဘုန်းကြီးကျောင်းဝင်းထဲက အမှိုက်ပုံထဲကို ဆေးလိပ်တိုတွေ လွှင့်ပစ်ထားတတ်ကြတယ်လေ။ ကျောင်းဝင်းကြီးကလဲ အကျယ်ကြီးဆိုတော့ ဆေးလိပ်တိုတွေ အများကြီး ရတာပေါ့။ နောက်ပြီး ကုလားအော် ငရုပ်သီး တစ်ယောက် ငါးတောင့်စီ ရှာခိုင်းတယ်။ အဲဒီ ငရုပ်သီးတွေကို ထောင်းပြီး ဆေးလိပ်တို ဖင်စည်မှာ သုတ်လိမ်းပေးရတယ်။ အဲဒီ မောင်ပြူးကို ကွပ်ပစ်ကလေး တစ်ခုပေါ်မှာ တစ်နေကုန်ထိုင်ခိုင်းပြီး တစ်နေ့လုံး ဆေးလိပ်တိုတွေ မကုန်မချင်း သောက်ခိုင်းတယ်။ ဆေးလိပ်တိုတွေ မလွှင့်ပစ်နိုင်အောင် ကိုရင်ကျောင်းသားတွေကို အလှည့်ကျ စောင့်ကြည့်ခိုင်းထားတယ်။ ဆေးလိပ်တိုတစ်ခု ကုန်လိုက်၊ နောက်တစ်ခု မီးညှိလိုက်နဲ့ မောင်ပြူးတစ်ယောက် နှုတ်ခမ်းတွေပူ မျက်ရည်တွေ ကျကုန်တော့တာပေါ့"

"မောင်ပြူးတော့ ဒုက္ခရောက်ရောပေါ့"

"ဒုက္ခရောက်မရောက်တော့ မသိဘူး။ အဲဒီနေ့က သူပြောတဲ့ စကားလေးကို အခုထိ ကြားယောင်နေမိသေးတယ်"

"ဘယ်လို စကားမျိုးလဲ သူကြီးမင်း"

"ဆေးလိပ်သောက်ခဲ့တဲ့ ရက်တွေထဲမှာ ဒီနေ့ဟာ အရသာအရှိဆုံး အာသာအပြေဆုံးဘဲ တဲ့"

"ဟား ဟား ဟား။ သူကြီးမင်းပြောမှ ကျနော်လဲ ဟို ပုံပြင်ကို သွားသတိရမိတယ်"

"ဘာပုံပြင်တုန်း မောင်ပေါက်ကျော်ရ"

"ဟို.. ဘုရားရှင်လက်ထက် ဟ၀ှါအားကြီးတဲ့ သူတော်ကောင်းမလေး အကြောင်းပါ သူကြီးမင်း"

"အလဲ့... မင်းကလဲ ပုံပြင်ကောင်းတွေ တွေ့ထားပြီထင်တယ်။ ဆိုစမ်းပါဦး။ စိတ်ဝင်စားစရာဘဲ"

"နောက်နေ့မှ ဆက်ပြောကြတာပေါ့ သူကြီးမင်း။ အခု ဗိုက်ဆာနေပြီ။ အိမ်ပြန်လိုက်ဦးမယ်"

"ခွေးကောင် ပေါက်ကျော်။ ဒါ... မင်း သက်သက်မဲ့ ငါ့ကို ရွဲ့တာ"



Thursday, 7 July 2011

သူနှင့် သူ၏ ရှားရှားပါးပါး သန္နိဋ္ဌာန်


တစ်ခါတစ်ခါ သူပျင်းသည်။ မကြာမကြာ သူပျင်းသည်။ အခါခါ သူပျင်းသည်။ တအာအာ သူပျင်းသည်။ သို့သော် ပျင်းသည်ကို ပျင်းသည်ဟု ပြောလျှင် သူမကြိုက်။ ဟိုဟို ဒီဒီ ဆင်ခြေ ပေးတတ်သည်။ ထိုထို ဤဤ အထင်တွေ ပေးတတ်သည်။ ပျင်းလိုက် တင်းလိုက် ဆင်ခြေပေးလိုက် အထင်တွေ ပေးလိုက်ဖြင့် သူ့ နေ့တဓူဝကို လွယ်လင့်တကူ ဖြတ်သန်းစေတတ်သည်။ ဖောဖောသီသီ နေ၀င်နေထွက်ခြင်းကို ခွင့်ပြုတတ်သည်။ တစ်နေကုန်တိုင်း စာရင်းချုပ်ကြည့်လိုက်တော့ ဘာအမြတ်ကျန်သနည်း။ ကုသိုလ် ဥစ္စာ ပညာ တန်ခိုး။ နိုး နိုး နိုး။ ဒီပုံစံနဲ့ဆို ဂိုးပြတ်သွင်း ခံရချေသေးတော့သည်။ ချမ်းသာလိုက်သည့် အချိန်တွေပါတကား။

ဒီပုံစံနဲ့တော့ မဖြစ်ချေသေး။ ကဲ... သူကြီးမင်း လိုက်ဆိုစမ်း (သူ့ဖာသာ သူပြောခြင်းဖြစ်သည်)။ ဟုတ်ကဲ့။ သုံးခေါက် တိတိ လိုက်ဆို။ ဟုတ်ကဲ့။ နေ့တိုင်း ကိုယ်ပိုင် မိုတို အနေနဲ့ ရွတ်ဆို။ ဟုတ်ကဲ့။ ပြီးရင် ရွတ်ဆိုတဲ့ အတိုင်း လိုက်နာ ကျင့်သုံး၊ ဟုတ်ပြီလား။ ဟုတ်ကဲ့။


"ငါသည်"

"ငါသည်"

"ဘိလပ်သို့ ပညာသင်ဖို့ ရောက်လာသည်"

"ဘိလပ်သို့ ပညာသင်ဖို့ ရောက်လာသည်"

"ပျင်းနေ၍ မဖြစ်"

"ပျင်းနေ၍ မဖြစ်"

"ပျင်းရင် ဖျင်းလိမ့်မည်"

"ပျင်းရင် ဖျင်းလိမ့်မည်"

"အလကား နေ၍ မဖြစ်"

"အလကား နေ၍ မဖြစ်"

"အလကားနေရင် အလကား လူ ဖြစ်လိမ့်မည်"

"အလကားနေရင် အလကား လူ ဖြစ်လိမ့်မည်"

"ထို့ကြောင့် ပညာကို မနားမနေ ကြိုးစားသင်ယူမည်"

"ထို့ကြောင့် ပညာကို မနားမနေ ကြိုးစားသင်ယူမည်"

("သန္နိဋ္ဌာန်")

("သန္နိဋ္ဌာန်")


ဤသို့ဤနှယ် သူ့ကိုယ်သူ နှစ်ကိုယ်ခွဲကာ ကိုယ်ပိုင် မိုတိုလေးကို သုံးခေါက်တိတိ သံန္နိဋ္ဌာန်ချ ကြွေးကြော်ပြီးနောက် သူ့ဝသီအတိုင်း ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ တနေကွယ် အစချီ ဒွေးဆစ်ကလေးအား သူ့ရင်တွင်းဖြစ်သို့ ဆွဲငင်ယူလိုက်လေတော့သတည်း။

ကုဋေကြွယ်*
မြေ*၀ယ်*ဖို့ လာကာ မြူး။

တွေ့တော့ကာ ၀ယ်ဘူးပြင်ပါနဲ့
ကုဋေကြွယ်တာ အသာထားရင်ဖြင့်
(မြေ၀ယ်တာ အခါခါမှားပါလိမ့်)

မြေယာဝယ် တကယ်မှားပါလိမ့်
အား မကျဘူး*။

(ကိုကိုမောင်၊ ၀၇၊၀၇၊၂၀၁၁ ဗုဒ္ဓဟူး)

ခက်ဆစ်
*ကုဋေကြွယ် = အချိန်ပေါကြွယ်ဝခြင်း

*မြေ = ရည်မှန်းချက်
*၀ယ် = ကြိုးစားခြင်း

*အားမကျဘူး = အတုမယူသင့်ဘူး။



တနေကွယ်
သေနယ်သို့ တခါကူး။

မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အခါများရင်ဖြင့်
(သေနယ်ရွာ တခါသွားပါလိမ့်)

သေရွာကွယ် တကယ်သွားပါလိမ့်
တားမရဘူး။

(လယ်တီဆရာတော်)


မှတ်ချက်။
ဆရာတော်ဘုရားကြီး၏ ဒွေးဆစ်ကလေးသည် အချိန်နှင့်နေရာအချို့၏ တိုက်စားမှုကြောင့် အသွင်သဏ္ဍာန် အနည်းငယ် ပြောင်းနေသော်လည်း မူရင်းအဓိပ္ပါယ် မပျောက်ပျက်သေးသည်မှာ ၀မ်းသာရမည်ဖြစ်၏။ သေရွာကွယ် တကယ်သွားပါလိမ့်။ သေနယ်ရွာ တစ်ခါသွားပါလိမ့်။သနယ်ရွာ တစ်ကြိမ်သွားပါလိမ့် တဲ့။ ဒုတိယအပိုဒ်ရဲ့ တတိယ အကြောင်းမှာ။ ။

.