Wednesday, 4 February 2009
ကံကောင်းထောက်မလို့ (၁)
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ဟိုပင်မြို့ အပိုင်အတွင်းမှာတည်ရှိနေတဲ့
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသဘာဝရေကန်ကြီးပါ။ ဘေးပတ်ပတ်လည်မှာ ရွာတွေ လယ်ယာတွေ ပြီးတော့ တောင်တန်းတွေ အဆင့်ဆင့်တည်ရှိပါတယ်။
အင်းထဲမှာ ရှိတဲ့ ရေအနေအထားကတော့ ကြည်လင်စိမ်းလဲ့ပြီး ၀ါးတစ်ရိုက်လောက်ထိရေအောက်ကို မြင်နိုင်ပါတယ်။ ရေအောက်ဘယ်လောက်ထိ နက်သလဲတော့ အတိအကျမသိပါဘူး။ ရှေးလူကြီးတွေပြောစကားအရကတော့ အပ်ချည်လုံးတစ်လုံးမှာရှိတဲ့ အပ်ချည်ကြိုးတွေလောက်မကဘူးနက်တယ်လို့ ကြားဖူးတယ်။ အင်းကြီးရဲ့  အကျယ်အ၀န်းကတော့ အလျားရှစ်မိုင် အနံ လေး မိုင်ရှိတယ်တဲ့။
စစ်ကိုင်းတိုင်း အင်းတော်မြို့ ရဲ့  အနောက်တောင် ယွန်းယွန်းမှာလဲ အင်းကြီးတစ်အင်းရှိပါသေးတယ်။ အဲဒီ အင်းကြီးလဲ အကျယ်ကြီးပါဘဲ။ ဒါပေမဲ့ အင်းတော်ကြီးနှင့်နှိုင်းယှဉ်ရင် သေးငယ်နေတဲ့အတွက် အဲဒီအင်းကို အင်းတော်လေးလို့ ခေါ်ဝေါ်ကြပါတယ်။ သမိုင်းစာပေတွေအရတော့ အင်းတော်ကြီးနှင့်အင်းတော်လေးဟာ ဆက်စပ်မှု ရှိတယ်လို့ ဆိုထားပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်နှင့်ဆက်စပ်မှုရှိမရှိဆိုတာကတော့ ကျနော် မသိပါဘူး။
အင်းတော်ကြီးအင်းထဲမှာ သီရိဓမ္မာသောကမင်းတည်ထားခဲ့တဲ့ နာမည်ကြီးရေလယ်ဘုရားတစ်ဆူရှိပါတယ်။ နှစ်စဉ်တပေါင်းလမှာ ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပါတယ်။
ကျနော်က စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း ၀န်းသိုဒေသဘက်ကဆိုတော့ ကချင်ပြည်နယ်နဲ့ အလှမ်းမဝေးပါဘူး။ ကချင်ပြည်နယ်တစ်လျောက် မကြာမကြာရောက်ဖြစ်ပါတယ်။ ရထားလမ်းပိုင်းကိုဘဲ အားပြုသွားလာရတာပါ။ မီးရထားမရှိရင် ကချင်ပြည်နယ်ရောက်ဖို့ အခက်အခဲ အများကြီးရှိပါတယ်။
အခုကျနော်မိတ်ဆက်နေတာနဲ့ စာက အတော်လေးရှည်သွားပြီ။ ကျနော်ပြောပြချင်တာကတော့ အင်းတော်ကြီးအင်းထဲကို ကျနော်တို့ သူငယ်ချင်းတစ်စု အလည်အပတ်သွားခဲ့တဲ့ ခရီးစဉ်အတွေ့အကြုံလေး နဲနဲရယ်ပါ။
ကျနော်တို့အဖွဲ့ က စုစုပေါင်း ၅ ယောက်။ ကျနော်တို့ လူငယ်တွေ ၄ ယောက်နှင့် ဦးလေးကြီးတစ်ယောက်ပါ။
အင်းတော်ကြီးကို ရထားတိုက်ရိုက်မပေါက်ပါဘူး။ ဟိုပင် (သို့မဟုတ်) မိုးညှင်းမှာဆင်းပြီး ဘတ်စ်ကားစီးသွားရပါတယ်။ ကျနော်တို့ကတော့ ဟိုပင်မှာ ဆင်းပြီး ဖားကန့်ဘက်သွားတဲ့ ဘတ်စ်ကားစီးသွားပါတယ်။ အင်းတော်ကြီးက ဟိုပင်မြို့ ရဲ့ အနောက်ဘက် ၁၅ မိုင်ခန့်လောက်မှာ တည်ရှိပါတယ်။ တောင်တန်းကြီးတစ်ခု ဖြတ်ကျော်ရပါတယ်။ အင်းကို ပတ်ပြီး အင်းရဲ့ အနောက်ဖက် လုံးတုံရွာလေးမှာ စတည်းချပါတယ်။
နောက်တစ်နေ့မှာ ကျနော်တို့ ရေလယ်ဘုရားကို ဖူးဖို့ စတင်လှုပ်ရှားပါတယ်။ စက်လှေနဲ့ သွားရမှာပါ။
ကျနော်တို့ အုပ်စုထဲက သူငယ်ချင်းတစ်ယောက်က စက်လှေကို ကောင်းကောင်းပဲ့ကိုင်နိုင်တယ်။ ဒါကြောင့် သူငယ်ချင်းရဲ့ မိတ်ဆွေစက်လှေကို ဆီထည့်ပြီး လူပိုမခေါ်တော့ဘဲ ကျနော်တို့ငါးယောက်ဘဲ စက်လှေတစ်စီးနဲ့ ဘုရားဖူးထွက်ခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်က ပဲ့ကိုင်။ ကျနော်တို့ကတော့ အေးအေးဆေးဆေး ရှုခင်းတွေကြည့်ရင်း စင်ရော်လေးတွေကို အစားကျွေးကြတာပေါ့။
မကြာခင်လေးမှာဘဲ ဘုရားကို ရောက်ရှိခဲ့ပါတယ်။ ဘုရားက ကြည်ညိုစရာ အရမ်းကောင်းပါတယ်။ ရေလယ်မှတကယ့်ရေလည်ပါ။ (အခုအခါမှာတော့ ကမ်းခြေကနေပြီး ဘုရားအထိ ဦးပိန်တံတားလို ပုံစံမျိုး ဆောက်လုပ်ထားပြီးဖြစ်ပါတယ်)။
ဘုရားမှာ ရွှေသင်္ကန်းကပ် ဆုတောင်းအမျှဝေပြီး တစ်ဘက်ကမ်းမှာရှိတဲ့ ရှမ်းရွာတစ်ရွာကို စက်လှေနဲ့ ဆက်လက်ထွက်ခွါခဲ့ပါတယ်။
ရှမ်းရွာလေးမှာ အနားယူပြီး ညနေစာထမင်းကို စောစောစားပြီး ကျနော်တို့ တည်းခိုတဲ့ လုံးတုံရွာလေးကို ပြန်ဖို့
ကျနော်တို့ စိုင်းပြင်းကြစဉ်မှာဘဲ ပြဿနာက စလာပါပြီ။
အင်းရဲ့ အထက်ပိုင်းတောင်တန်းတွေမှာ တောင်ခိုးတွေဝေပြီး ကောင်းကင်မှာလဲ တိမ်တိုက်မဲမဲကြီးတွေ နေရာယူထားကြတယ်။ ဒါဆိုရင် သေချာပြီ။ အင်းကိုဖြတ်သန်းဖို့ အခြေအနေကောင်းမှာ မဟုတ်တော့ဘူး။
မိုးအကြီးအကျယ်ရွာပြီး လေတိုက်ကြမ်းတော့မယ်။ အင်းထဲမှာလဲ လှိုင်းတွေကြီးတော့မယ်။
အဲဒီရှမ်းရွာက အိမ်ခံတွေကလဲ ကျနော်တို့ကို တားပါတယ်။ မပြန်ဘဲနဲ့ သူတို့ရွာမှာဘဲ အိပ်ဖို့ပေါ့။
ဒါပေမဲ့.....
(ဆက်လက်ရေးမယ်)
ဧည့်သည်

အော်.. ဘာလိုလိုနဲ့ လန်ဒန်ရောက်လာတာ တစ်နှစ်ကျော်သွားပြီ။ ကျောင်းသားဗီဇာနဲ့လာရတာဆိုတော့လဲ တစ်နှစ်နှင့်နှစ်လဘဲ နေထိုင်ခွင့်ရတယ်။ လာမဲ့ ၂၈ (ဖေဖော်ဝါရီ ၂၈) ရက်ဆိုရင် ဗီဇာသက်တမ်းက ကုန်ဆုံးတော့မယ်။ မပြီးဆုံးသေးတဲ့ ပညာရေးအတွက် ဗီဇာတိုးဖို့ ကြိုးစားရဦးမယ်။ နေထိုင်ခွင့်လေးရဖို့ ဗီဇာကြေးကတော့ နင့်နေတာဘဲ။ ပေါင် လေးငါးရာ ထွက်ဦးမယ်။
တက္ကသိုလ်မတက်ရသေးပေမဲ့ အပြင်အင်္ဂလိပ်စာသင်တန်းကျောင်းတွေတက်ရတာနဲ့တင် ပေါင် ထောင်ကျော် လျောသွားပြီ။ တက္ကသိုလ်တက်ရင်လဲ ပေါင် တစ်သောင်းခွဲလောက်ထပ်ကုန်ဦးမယ်တဲ့။
သူတို့နိုင်ငံရဲ့ ပညာရေးစရိတ်က တစ္ဆေသရဲထက် ကြောက်စရာကောင်းတယ်။ တစ္ဆေသရဲခြောက်ရင် ရတတ်ရာရာ သမ္ဗုဒ္ဓေဂါထာတို့ ဣတိပိသော ဘဂ၀ါတို့ ရွတ်ဖတ်လို့ရသေးတယ်။ အခုဟာက ဘုရားစာတွေ တသွင်သွင်ရွတ်ဖတ်ရင်လဲ ကုန်တာကတော့ ကုန်မှာဘဲလေ။
ပိုက်ဆံတွေသိန်းရာချီအသုံးပြုပြီးမှ ဘွဲ့ ဒီဂရီတပ်ခွင့်ရမဲ့ပညာရေးကလဲ ရွှေထက်ကိုပိုပြီးတန်ဖိုးရှိနေတယ်။
ဟုတ်မှာပါလေ ပညာရွှေအိုး လူမခိုးလို့ ဆိုးရိုးစကားက ရှိထားပြီးသားမဟုတ်လား။ လုပ်မယ်လို့ ဆုံးဖြတ်ပြီးမှတော့ နောက်ဆုပ်လို့လဲ မရတော့ဘူး။ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဒီဂရီတစ်ခုခုရအောင်တော့ ကြိုးစားရမှာဘဲ။
လိုချင်တဲ့ ပညာရေးရရှိပြီးရင်တော့ ဧည့်သည်တို့ရဲ့ ထုံးစံအတိုင်း အစာဝရင် ဌာနကို ပြန်ကြရစမြဲဘဲမဟုတ်လား။
အမိဌာနေ မြန်မာပြည်ကိုလဲ လွမ်းလှပါပြီ။ လန်ဒန်မှာလဲ အရမ်းပျော်လှတယ်မဟုတ်ပါဘူး။ လိုအပ်ချက်တွေပြည့်ရင်တော့ ပြန်ရမှာပါ။ ကျနော်တို့က ဧည့်သည်တွေဘဲတွေလေ။
မြန်မာကနေပြီး လန်ဒန်ကို လာရတဲ့ ဧည့်သည်တစ်ယောက်အတွက် လန်ဒန်မှာနေထိုင်ခွင့်ဗီဇာလိုအပ်သလို
လူ့ဘ၀ကို အလည်လာကြတဲ့ ကျနော်အပါအ၀င် ဧည့်သည်အားလုံးဟာလဲ လူ့ဘ၀မှာ နေထိုင်ခွင့်ဗီဇာယူကြရမှာ မဟုတ်လား။ ဗီဇာကုန်တဲ့ တစ်နေ့ရောက်ရင်တော့ မူရင်းဌာနကိုဘဲ ပြန်ကြရမှာ အသေအချာပါဘဲ။
ဧည့်သည်အကြောင်းပြောရင်းနဲ့ ကံဆိုးရှာတဲ့ ဧည့်သည်ကလေးတစ်ယောက်အကြောင်းသွားသတိရမိတယ်။
ဒီနေ့မှ Yahoo သတင်းထဲက ဖတ်လိုက်ရတာပါ။ တကယ့်သနားစရာဧည့်သည်လေးပါ။ လူ့ဘ၀မှာ ဗီဇာ အကြာကြီးရမသွားရှာဘူး။ ဒါကြောင့် စောစောစီးစီးဘဲ သူ့ဌာနေကို ပြန်သွားရရှာတယ်။
လူ့ဘ၀မှာနေထိုင်ဖို့ လေးနှစ်ဘဲ ဗီဇာရသွားတယ်။ သူက အမျိုးသမီးလေးပါ။ နာမည်က ကယ်လေအိရှီး (Kayley Ishii)တဲ့။ အသက်က ၄ နှစ်ဘဲရှိသေးတယ်။ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ကပါ။
ဖြစ်ပျက်ပုံလေးက ဒီလို---
သူမက နဲနဲတော့ အဆော့မက်ပုံရတယ်။ ကြံကြံဖန်ဖန် အ၀တ်လျော်စက်ထဲကို ၀င်ပြီးဆော့တယ်။ သူမ အ၀တ်လျော်စက်ထဲရောက်နေတဲ့အခါ သူမအနီးအပြင်ဘက်မှာက သူမရဲ့ မောင်လေးရှိတယ်။ အသက် ၁၅ လသားအရွယ် လမ်းလျောက်တတ်ခါစလေးပေါ့။
အကျိုးအကြောင်းဘယ်သိတတ်ပါဦးမလဲ။ သူ့အမ အ၀တ်လျော်စက်ထဲ ရောက်နေတဲ့အခါမှာဘဲ အ၀တ်လျော်စက်ပါဝါခလုပ်လေးကို နှိပ်ပြီးဆော့ကစားလိုက်တယ်။ အ၀တ်လျော်စက်ကလဲ သက်ရှိမဟုတ်လေတော့ သူ့တာဝန်အတိုင်း လုပ်ငန်းကို စတင်တော့တာပေါ့လေ။
ကယ်လေအီရှီးလေးဟာ အ၀တ်လျော်စက်ထဲမှာ တစ်ကိုယ်လုံးလဲ ရေတွေရွှဲရွှဲစိုလို့။ လူကလဲ ဘောလုံးထဲမှာနေပြီး အကန်ခံရသလို စက်လည်ပတ်တဲ့နောက် ပါသွားတာပေါ့။
နှစ်မိနစ်လောက်ကြာမှ သူမရဲ့ အမေ ရောက်လာပြီး အ၀တ်လျော်စက်ကို ပိတ်လိုက်တယ်။ ဒါပေမဲ့ သိပ်နောက်ကျသွားပါပြီ။ သူမလုံးဝသတိလစ်နေပါပြီ။ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်ဘာတစ်ခုမှ မရှိပေမဲ့ ကလေးအရွယ်ဆိုတော့ ရှော့ခ်ဖြစ်ပြီး သတိလစ်သွားတယ်။
ဆေးရုံကို အမြန်ယူဆောင်ကုသပေမဲ့လဲ ကယ်လေအီရှီးလေးကတော့ လူ့လောကကြီးကို ထာဝရနှုတ်ဆက်သွားရှာပြီလေ။
အော်... ဧည့်သည်... ဧည့်သည်
အားလုံးဧည့်တွေတွေချည်းပါဘဲလား။ အသက်ကြီးတယ် ငယ်တယ် သန်မာတယ် ပျော့ညံ့တယ် ဆင်းရဲတယ် ချမ်းသာတယ် ရုပ်လှတယ် ရုပ်ဆိုးတယ်စတဲ့ ခွဲခြားမှုတွေ ရှိနေကြပေမဲ့ အားလုံး (အားလုံး) ဗီဇာကုန်ရင်တော့ လာလမ်းအတိုင်း ပြန်ကြရမှာဘဲ။ သံဝေဂပွါးများစရာကောင်းလိုက်တာ။
ကျနော်တို့တစ်တွေကကော
(၁)ဗီဇာသက်တမ်းဘယ်လောက်ရှိသေးလဲ?
(၂)ဗီဇာသက်တမ်းတိုးဖို့ မှန်မှန်ကန်ကန် လုပ်ထုံးတွေကို လုပ်ဖြစ်ကြရဲ့ လား?
(၃)လာရာလမ်းကိုပြန်ဖို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ?
(၄)မူရင်းနေရာမှာ စားသောက်ဖို့ ဘယ်လောက်စုဆောင်းထားကြပြီးပြီလဲ?
(၅)အားလုံး Visit ဗီဇာကိုင်ဆောင်ထားကြတယ်ဆိုတာ မေ့သွားကြပြီလား?
တစ်နေ့
အဲဒီတစ်နေ့ရောက်ရင်တော့ ကျနော်တို့တစ်တွေလဲ ကယ်လေအီရှီးလေးလို လာရာလမ်းအတိုင်း မလွဲမသွေ လျောက်လှမ်းကြရဦးမှာ လုံးဝ အသေအချာပါဘဲခင်များ။
မှတ်ချက်။
http://uk.news.yahoo.com/5/20090204/twl-girl-dies-inside-washing-machine-3fd0ae9.html ကို အခြေပြုရေးသားထားခြင်းဖြစ်ပါတယ်။
Tuesday, 3 February 2009
နှစ်ဦးသဘောတူ
နှစ်ဦးသဘောတူ
ကြည်ဖြူစွာလျောက်လှမ်း
မောပန်းစရာ အခက်အခဲ
ဘယ်လောက်ဘဲ ကြုံဆုံပါစေ
လက်တွဲမဖြုတ်ကြေးနော်။
မကြောက်မရွံ နောက်မတွန့်ဘဲ
ရဲဝံ့စွန့်စား
ခါးသက်မှုတွေဖယ်ခွါပြီး
ကြင်နာစွာဖေးမကြမယ်။
အဆုံးမရှိတဲ့လှေငယ်လေး အတူတူလှော်ရင်း
အချင်းချင်း အချစ်ရေစင်ကို
ကြင်နာစွာ သောက်သုံး
အမုန်းဆိုတာ မေ့ထားစို့။
စကားလေးတွေကြမ်းတဲ့ခါ
အမူအရာလေးတွေလွဲတဲ့ခါ
သဘောထားလေးတွေကွဲတဲ့ခါ
ရန်ဖြစ်နေကြတဲ့ခါ
ဝေးနေကြတဲ့ခါ
လွမ်းနေကြတဲ့ခါ...
မာနတွေဖယ်ပါ
ပိုကြင်နာပါ
ဒါမှ
ဘ၀လှပမှာ။
Usage of English 25 (အင်္ဂလိပ်စာအသုံးအနှုန်း ၂၅)
မြင်နေကျပေမဲ့ တကယ်သုံးကြည့်ရင် ယောင်တောင်တောင်ရယ်။
စူးစိုက်လိုက်ကြဦးစို့။
...................
Any of
Each of
Either of + plural noun+ plural verb or singular verb (Singular ကိုဦးစားပေး)
Niether of
None of
I don't think any of them knows (or know) whrere the money is hidden.
သူတို့ထဲက ဘယ်သူမှ ပိုက်ဆံဝှက်ထားတဲ့နေရာကို သိမယ်မထင်ပါဘူး။
Each of the companies supports (or support) a local charity.
ကုမ္ပဏီတစ်ခုစီ ဒေသဆိုင်ရာ လူမှုကူညီရေး အသင်းကို ထောက်ပံ့တယ်။
Either of you has (or have) to go to the US .
မင်းတို့ထဲက တစ်ယောက်ယောက် ယူအက်စ်အေကို သွားရမယ်။
Neither of the French athletes has (or have) won this year.
ပြင်သစ်အားကစားသမားတွေထဲက တစ်ယောက်မှ ဒီနှစ် အနိုင်မရဘူး။
None of my children has (or have) blonde hair.
ငါ့ကလေးတွေထဲက ဘယ်သူမှ ရွှေဝါရောင်ဆံပင်မရှိဘူး။
The majority of
A majority of
A number of +plural noun + plural verb
A lot of
Plenty of
All (of)
Some (of)
The majority of the employees have university degrees.
အလုပ်သမားအများစုဟာ တက္ကသိုလ်ဘွဲ့ရပြီးဖြစ်တယ်။
A large majority of people approve of the death sentence.
လူအများစုက သေဒဏ်စနစ်ကို သဘောတူကြတယ်။
A number of refugees have been turned back at the border.
ဒုက္ခသည်အများစုကို နယ်စပ်က ပြန်ပို့ပြီးပြီ။
A lot of people are coming to the meeting.
လူအမြားအပြား အစည်းအဝေးကို လာကြတယ်။
Plenty of eggs are in the cupboard.
ကြက်ဥအများကြီး ကြောင်အိမ်ထဲမှာ ရှိတယ်။
All animals have to eat in order to live.
အသက်ရှင်ဖို့ တိရစ္ဆာန်အားလုံး အစာစားကြတယ်။
Some of you here have already met Imran.
ဒီမှာရှိတဲ့ မင်းတို့ထဲက တစ်ချို့  အင်ရန်ကို တွေ့ပြီးပြီ။
..........................
The number of + singular verb
The number of books in the library has risen to over five million.
စာကြည့်တိုက်ထဲက စာအုပ်အရေအတွက်ဟာ ငါးသန်းကျော်အထိ တိုးမြှင့်လာတယ်။
Monday, 2 February 2009
Usage of English 24 (အင်္ဂလိပ်စာအသုံးအနှုန်း ၂၄)
ဒီအသုံးအနှုန်းလေးတွေကိုလဲ Martin Hewings ရဲ့  စာအုပ်ထဲကပါဘဲ။
အသေးစိပ်ကတော့ မဖော်ပြတော့ပါဘူး။ သဒ္ဒါရေးတွေ အရမ်းဖော်ပြနေရင် ခေါင်းရှုပ်သွားတတ်လို့ပါ။
အသုံးအနှုန်းလေးတွေကိုဘဲ ဦးစားပေးချင်တာလဲ ပါပါတယ်။
လေ့လာကြည့်ကြရအောင်
.............
Both
Both Alice and Tim enjoy cycling.
အဲလစ်ရော တင်ရော နှစ်ယောက်လုံး စက်ဘီးစီးတာကြိုက်တယ်။
Both of
Both of my parents are teachers.
ကျနော့်မိဘနှစ်ပါးလုံး ဆရာတွေဖြစ်တယ်။
All
All people over 18 are required to vote.
၁၈ နှစ်အထက်လူအားလုံး မဲပေးဖို့လိုအပ်တယ်။
All of
All of Bob's closet friends were women.
ဘော့ဘ်ရဲ့  အရင်းနှီးဆုံးသူငယ်ချင်းတွေဟာ မိန်းခလေးများဖြစ်တယ်။
Each
He wrote down the cost of each item in his shopping basket.
သူ့ရဲ့ ဈေးဝယ်ခြင်းထဲက ပစ္စည်းတစ်ခုစီရဲ့ တန်ဖိုးကို သူရေးမှတ်ထားတယ်။
Each of
Each of you should sign the register before you leave.
ခင်များတို့တစ်ယောက်စီတိုင်း မထွက်ခွါခင် (လက်မှတ်ထိုး)မှတ်ပုံတင်သင့်တယ်။
None
She searched the shelves for books on yoga, but could find none.
ယောဂကျင့်စဉ်ဆိုင်ရာစာအုပ်များအတွက် စာအုပ်စင်များကို သူမရှာဖွေခဲ့တယ်။ ဒါပေမဲ့ ဘာမှမတွေ့သွားခဲ့ဘူး။
None of
I tired on lots of coats but none of them fitted perfectly.
ကုတ်အင်္ကျီအများအပြားကို ကျနော် စိတ်ကုန်လာပြီ။ အဲဒီအထဲက ဘာမှ ကျနော်နဲ့မတော်ဘူး။
Few
There was silence for a few seconds, and then she ဘegan to speak.
အချိန်အနည်းငယ် ဆိတ်ငြိမ်နေတယ်။ ပြီးတော့ သူမ စစကားပြောတယ်။
Few of
They had a few of their friends round.
သူတို့ဝန်းကျင်မှာ သူတို့ရဲ့ မိတ်ဆွေအနည်းငယ်ရှိတယ်။
Little
He,ll take a little time, but I should be able to mend it.
သူ အချိန်အနည်းငယ်ယူမယ်။ ဒါပေမဲ့ ကျနော် အဲဒီအချိန်ကို ဖာထေးနိုင်သင့်တယ်။
Little of
Little of his money came from his parents.
သူ့ပိုက်ဆံထဲက နဲနဲလေးဘဲ သူ့မိဘထံက ရရှိတယ်။
နှင်းတွေဝေနေပြီ.. သူလေးရယ်
ဓါတ်ပုံတွေကြည့်ပြီး တစ်မျိုးထင်မနေကြနဲ့ဦးနော်။ ဟဲ ဟဲ။ ကျနော် သက်ရှိထင်ရှားရှိဆဲပါဘဲခင်မျ။
လူကသာ မလှပေမဲ့ ကျနော်ကိုယ်တိုင်က အလှအပဆို အတော်ကြိုက်တတ်တာကလား။ နဲနဲလေး ရှုခင်းရှုကွက်ကောင်းမယ်မကြံနဲ့ ကင်မရာထုတ်ပြီးသားဘဲ။
ဒီနေ့ည.. ဒီနေ့ညဆိုတာ ဖေဖော်ဝါရီလ တစ်ရက် တနင်္ဂနွေနေ့ညပေါ့။
နှင်းတွေအရမ်းကျနေတော့ ညဉ့်နက်နက်သန်းခေါင်ယံမှာ အိပ်ချင်စိတ်တွေ ဘယ်ရောက်ကုန်တယ်မသိဘူး။
နှင်းရဲ့ အလှအပလေးတွေကိုဘဲ ကြည်နူးခံစားနေချင်မိတယ်။
ကျနော်တို့ အိမ်ရှေ့  အိမ်နောက် အရပ်မျက်နှာစုံမှာ နှင်းတွေ အရမ်းကျနေတယ်။ လန်ဒန်ရောက်တာ တစ်နှစ်ကျော်ကျော်ရှိပေမဲ့
တစ်ခါမှ အခုလို နှင်းအကြီးအကျယ်ကျတာ မတွေ့ကြုံဖူးဘူး။ မနှစ်က နှင်းကျတယ်။ ဒီနှစ်လဲ နှင်းတွေ မကြာမကြာကျတယ်။ ဒါပေမဲ့ သာမန်ပါဘဲ။ အရမ်းမသိပ်သည်းပါဘူး။
ဒီနေ့ညကျတဲ့ နှင်းက တကယ့်ကို အင်အားကြီးတာ။ နှင်းတောထဲဆင်းကြည့်လိုက်တယ်။ ခြေမျက်စိလောက်ထိ နှစ်မြုပ်သွားတယ်။
ဖိနပ်တွေ နှင်းရည်စိုရွှဲသွားလို့ နောက်တစ်ရံ ထပ်ပြောင်းစီးရတယ်။ ပြီးတော့ ဟိုဟိုဒီဒီ ဓါတ်ပုံလိုက်ရိုက်တာပေါ့ဗျာ။
နှင်းတွေကတော့ ကျနေဆဲဘဲ။ အခုအချိန်ဆို ညတစ်နာရီထိုးပြီ။ နှင်းကျတာတွေလုံးဝမရပ်သေးဘူး။ ပိုပိုပြီးတောင်ကျလာသလားအောက်မိတယ်။ မနက်မိုးလင်းရင် ကျနော်တို့အိမ်များ နှင်းဖိနေမလားမသိဘူး။
တတ်နိုင်ဘူးလေ။ နှင်းအိမ်ထဲနေခွင့်ရရင်တောင် ၀မ်းသာရမှာ မဟုတ်လား။
ကျနော်က နှင်းကို အရမ်းချစ်တာ။ နှင်းပွင့်လေးတွေမြင်ရရင် စိတ်အရမ်းချမ်းသာတာဘဲ။ အေးမြခြင်းတွေ ကူးစက်သွားတာထင်ပါ့။
နှင်းတောထဲ ဓါတ်ပုံလိုက်ရိုက်ရင်း ခြေဖျားလက်ဖျားလေးတွေ အေးလွန်းလို့ နာကျင်လာတာတောင် သတိမထားမိလိုက်ဘူး။
ရူပါက ခြူခြာတော့လဲ ကျနော့်ပုံကို မရိုက်ပါဘူး။ နှင်းကျနေတဲ့ ရှုခင်းပုံလေးတွေဘဲ ရိုက်ထားဖြစ်တယ်။
ကျနော့်နာမည်လေးကို နှင်းလွှာပေါ်မှာရေးပြီး ဓါတ်ပုံရိုက်ကြည့်တယ်။ နာမည်ကတော့ ခပ်မိုက်မိုက်ဘဲဗျ။
သူငယ်ချင်းတွေကပြောတယ်။ နာမည်စီးသလောက် ရုပ်ကဆိုးလိုက်တာတဲ့။ ကျနော်စိတ်မဆိုးပါဘူး။ ဟုတ်နေတာကိုးဗျ။ ပျော်တောင်ပျော်သေးတယ်။
အဲဒါကြောင့် ကျနော့်နာမည်ကို ကင်မရာ မီးဖွင့်လို့တစ်ပုံ မီးပိတ်လို့ တစ်ပုံတင်ထားတာပါ။ နှင်းပေါ်ကနာမည်လေးကို ကြည့်ပြီး ကြည်နူးလာသလိုလို။
လန်ဒန်အရင်ရောက်နေကြတဲ့ သူငယ်ချင်းတွေကပြောတယ်။ လန်ဒန်မှာ ဒီလိုမျိုးနှင်းကျတာ ကြုံရခဲတယ်တဲ့။ တစ်ခါတစ်လေ တစ်နှစ်ပတ်လုံး နှင်းလုံးဝမကျဘူး မင်းတို့ရောက်လာမှဘဲ နှင်းတွေခေါ်လာသလားအောက်မေ့ရတယ်တဲ့။ ကျနော်လဲ ပြောလိုက်ပါတယ်။ သူတော်ကောင်းတွေ လန်ဒန်ရောက်လာလို့ မိုးနတ်မင်းကြီးက ကောင်းချီးသြဘာပေးတဲ့အနေနဲ့ နှင်းပန်းလေးတွေကြဲချပေးတာဖြစ်မှာပါလို့။
ဘာဘဲပြောပြောလေ။ နှင်းတွေကျနေတာ မြင်ရပြန်တော့လဲ နှင်းတွေကို ကျနော့်လိုချစ်ခင်တဲ့သူတစ်ယောက်ကို အရမ်းသတိရနေမိတယ်။
ဒါကြောင့်
ကျနော် စိတ်ထဲတိုးတိုးလေး ညည်းညူရေရွတ်မိလိုက်တယ်။
"နှင်းတွေဝေနေပြီ.. သူလေးရယ်" လို့။ ။
Sunday, 1 February 2009
အချစ်ကလေးရေ... ကျေးဇူးပြုပြီး
အချစ်ကလေးရေ
ကျေးဇူးပြုပြီး
မင်းလက်ကိုမကမ်းလိုက်ပါနဲ့
ဖမ်းဆုပ်မိတော့မယ့်ငါ့လက်တွေက
ပြန်လွှတ်ဖို့မှမဟုတ်တာ။
အချစ်ကလေးရေ
ကျေးဇူးပြုပြီး
မင်းရင်ခွင်မှာနေပါလို့မခေါ်လိုက်ပါနဲ့
ခိုဝင်မိတော့မယ့်ငါ့ကိုယ်လေးက
ရုန်းထွက်ဖို့မှမဟုတ်တာ။
အချစ်ကလေးရေ
ကျေးဇူးပြုပြီး
မင်းကိုချစ်လားလို့မမေးလိုက်ပါနဲ့
အကြိမ်ကြိမ်ညိတ်နေတဲ့ငါ့ခေါင်းလေးက
ငြင်းလွှတ်ဖို့မှမဟုတ်တာ။
အချစ်ကလေးရေ
ကျေးဇူးပြုပြီး
မင်းကိုကြင်နာပါလို့မပြောလိုက်ပါနဲ့
ထွေးပွေ့ထားချင်နေတဲ့ငါ့ရင်ခွင်လေးက
အေးစက်ဖို့မှမဟုတ်တာ။
အချစ်ကလေးရေ
ကျေးဇူးပြုပြီး
မင်းကိုနမ်းပါလို့မဖိတ်ခေါ်လိုက်ပါနဲ့
ချိုမြိန်စွာနွေးထွေးနေတဲ့ငါနှုတ်ခမ်းလေးက
ကြမ်းတမ်းဖို့မှမဟုတ်တာ။
ကျေးဇူးပြုပြီး
မင်းကိုယုယပါလို့မတမ်းတလိုက်ပါနဲ့
မွတ်သိပ်နေတဲ့ငါ့ဆန္ဒတွေက
ချုပ်တည်းဖို့မှမဟုတ်တာ။
အချစ်ကလေးရေ
ကျေးဇူးပြုပြီး
မင်းအတူနေချင်တယ်လို့မပူဆာလိုက်ပါနဲ့
ဘ၀နဲ့ထပ်တူကျနေတဲ့ငါ့သွေးသားတွေက
တားဆီးဖို့မှမဟုတ်တာ။
အချစ်ကလေးရေ
ကျေးဇူးပြုပြီး
လက်လျော့နေလင့်တော့လို့မနောက်လိုက်ပါနဲ့
မင်းမရှိတော့တဲ့ငါ့ဘ၀က
ရပ်တည်ဖို့မှမဟုတ်တာ။
အချစ်ကလေးရေ
ကျေးဇူးပြုပြီး
မေ့လိုက်တော့လို့မကျီစားလိုက်ပါနဲ့
ရင်မှာစိုက်နေတဲ့ငါ့အချစ်မျှားက
ဆွဲထုတ်ဖို့မှမဟုတ်တာ။
အချစ်ကလေးရေ
ကျေးဇူးပြုပြီး
မုန်းတယ်လို့မဆိုလိုက်ပါနဲ့
အခါခါချစ်ချင်နေတဲ့ငါ့မေတ္တာတွေက
ရပ်တန့်ဖို့မှမဟုတ်တာ။
အချစ်ကလေးရေ
ကျေးဇူးပြုပြီး
လမ်းခွဲကြရအောင်လို့မဖွင့်ဟလိုက်ပါနဲ့
တသက်တာအတွက်ငါ့အလင်းတန်းတွေက
ပျောက်ဆုံးဖို့မှမဟုတ်တာ။