Tuesday, 4 November 2008

ပို့စ်မောက်ရဲ့ Spinnaker Tower (ရွက်ဖျင်မျှော်စင်ကြီး)


မနေ့တုန်းက
ကျနော်တို့သူငယ်ချင်းတစ်စု ပို့စ်မောက်ကမ်းခြေမြို့ လေးကို အလည်အပတ်သွားခဲ့ကြပါတယ်။ ကျနော့်အတွက်တော့ နှစ်ခေါက်မြောက်ပို့စ်မောက်ခရီးစဉ်လေးတစ်ခုပါ။ ပင်လယ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေတွေကြောင့်ခိုက်ခိုက်တုန်အောင်ချမ်းအေးလှတဲ့ မြို့ လေးပါဘဲ။ ကားလေးကိုသူငယ်ချင်းတစ်ယောက်ကမောင်းတယ်။ လန်ဒန်ကနေပြီး နှစ်နာရီခန့်မောင်းရပါတယ်။
မိုးကတော့ တဖွဲဖွဲ။

မြန်မာနိုင်ငံမှာ နေစဉ်ကထဲက ပို့စ်မောက်ဘောလုံးအသင်းနာမည်နဲ့ ရင်းနှီးနေပြီး ဖြစ်တဲ့အတွက် ပို့စ်မောက်ကို သွားရတာလဲ ကြံကြံဖန်ဖန်ဂုဏ်ယူမယ်ဆို ယူလို့ရပါတယ်။ ဒါပေမဲ့ ပို့စ်မောက်ဘောလုံးကွင်းကိုတော့ မရောက်ဖူးသေးပါဘူး။ အဲဒီပို့စ်မောက်မှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ Spinnaker Tower လို့ခေါ်တဲ့ ရွက်ဖျင်မျှော်စင်ကြီးပါဘဲ။ Dubai နိုင်ငံမှာရှိတဲ့ ဟိုတယ်တစ်ခုနှင့်ခပ်ဆင်ဆင် မျှော်စင်တစ်ခုပါဘဲ။
ဒါကြောင့်အဲဒီရွက်ဖျင်မျှော်စင်ကြီးအကြောင်းကို နဲနဲတင်ပြပေးပါ့မယ်။

Spinnaker Towerကို ပို့စ်မောက်ဆိပ်ကမ်း ညာဘက် အငူ သင်္ဘောဆိပ်မှာ ၂၀၀၅ အောက်တိုဘာလထဲမှာ ဖွင့်ခဲ့တာပါ။ ယူကေမှာ အမြင့်ဆုံး Tower လို့သိရပါတယ်။ အဲဒီTower အတွက် Lottery Grant အဖြစ် အစိုးရက ပေါင် ၃၈ သန်းချပေးခဲ့တာပါ။၂၀၀၀ ခုနှစ်မှာ ထောင်စုနှစ်တစ်ခုထဲ ၀င်ရောက်ခြင်းအထိမ်းအမှတ် တစ်ခုရဲ့  Idea တစ်ခုပါဘဲ။ အဲဒီ Tower အတွက် ဒီဇိုင်းသုံးမျိုး အဆိုတင်သွင်းခဲ့တာပါ။
၁။ရွက်ဖျင်ဒီဇိုင်း (Spinnaker design)
၂။ကန်တော့ပုံ ခြေသုံးချောင်းထောက်ဒီဇိုင်း (Tripod design)
၃။Towerထိပ်မှာ ဖန်လုံးကြီးတပ်ဆင်ထားမဲ့ နှစ်ဆောင်ပြိုင်မျှော်စင် (Twin tower design)

ပြပွဲတစ်ခုလုပ်ပြီး ပို့စ်မောက်မြို့ သူ မြို့ သားတွေကို မဲပေးစနစ်နဲ့ ရွေးချယ်ခိုင်းတဲ့အခါ ၆၀%ရာခိုင်နှုန်းက ရွက်ဖျင်ဒီဇိုင်း(Spinnaker design)ကိုရွေးချယ်ကြပါတယ်။ လူကြိုက်အများဆုံးဖြစ်နေတဲ့အတွက် ရွက်ဖျင်ပုံစံကိုဘဲ အတည်ပြုခဲ့ကြပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းကို ၂၀၀၁ နိုဝင်ဘာလအတွင် စတင်ခဲ့တာပါ။ တစ်မီတာ လုံးပတ်ရှိတဲ့ စတီးအားပြု ကွန်ကရစ်တိုင် ၈၄ချောင်း အုတ်မြစ်အတွက် စိုက်ထူခဲ့ပြီး ၂၀၀၃ခုအထိ အောက်ခြေလုပ်ငန်းကို ဆက်လုပ်ခဲ့ပါတယ်။ ၂၀၀၄မှာ မျှော်စင်ပုံစံ ရုပ်လုံးပေါ်လာခဲ့တဲ့အတွက် အားလုံးဝမ်းသားမဆုံး တပြုံးပြုံးပေါ့။ ၂၀၀၅ ဇန်န၀ါရီမှာ အီတလီအထူးအင်ဂျင်နီယာများအကူအညီနဲ့ ဓါတ်လှေခါးတပ်ဆင်ခဲ့ပြီး ၂၀၀၅ ခု အောက်တိုဘာလထဲမှာ အပြီးအစီးဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ရာသီဥတုသာယာတဲ့နေ့တွေမှာဆိုရင် အဲဒီမျှော်စင်ပေါ်ကကြည့်ရင် ၂၃မိုင်အကွာအဝေးထိ ရှင်းလင်းပြတ်သားစွာ မြင်နိုင်တယ်လို့ဆိုပါတယ်။
အဲဒီမျှော်စင်ပေါ်ကနေပြီး ရှုခင်းကြည့်ရှုလိုသူများအတွက် နေရာအမျိုးအစားသုံးမျိုး စီစဉ်ထားပါတယ်။
၁။အမြင့်မီတာ ၁၀၀မှာ နေရာတစ်မျိုး
၂။အမြင့်မီတာ ၁၀၅မှာ နေရာတစ်မျိုး
၃။အမြင့်မီတာ ၁၁၀မှာ နေရာတစ်မျိုး

ဘယ်လိုပုံစံမျိုးနဲ့စီစဉ်ထားတယ်ဆိုတာကတော့ ကိုယ်တိုင်တက်ကြည့်မှ သိရမှာပါ။
နှစ်ခေါက်တိတိ ပို့စ်မောက်ကို ရောက်ဖူးခဲ့ပေမဲ့ မျှော်စင်အနီးတစ်ဝိုက်တင်ဘဲ ဓါတ်ပုံရိုက်ခဲ့ကြတာကလွဲလို့ ကျနော်ကတော့ မျှော်စင်ပေါ် အခုထက်ထိမတက်ဖူးသေးကြောင်းပါခင်များ။
...........................

အဲ... အဲ.. အဲ
ပြောရဦးမယ်၊ ဘယ်မြို့ ကိုဘဲသွားသွား ဗိုက်ဖြည့်ချင်ရင် အဝေးပြေးလမ်းမတွေပေါ်မှာ စားသောက်ဆိုင်တွေရှိပါတယ်။ ၀ိတ်လျော့ချင်ရင်တော့ စားသောက်ဆိုင်တစ်နေရာမှာ WC ဆိုတဲ့စာလုံးကိုမြင်ရင် အဲဒီထဲသာ ၀င်သွားပေတော့။ ဘယ်သူမှ ဆဲမလွတ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့---
WC ဆိုတာ Water Closet (အိမ်သာ)ဆိုတဲ့ သင်္ကေတဖြစ်နေလို့ပါဘဲ။

Beyond Without

*Betel without lime is tasteless.
Flower without pleasant smell is not attractive.
Sea without water is not interesting.

*Sky without cloud is not beautiful.
Earth without tree is boring.
Sun without warm-light is meaningless.

*Moon without cool-light is not fascinating.
Fire without burning-power is not useful.
Water without wet-power is useless.

*My Life Without Your Love Is Very Terrible.

Monday, 3 November 2008

အဖြည့်ခံနှလုံးသား အမုန်းမပွါးတတ်ပါ


လောကရဲ့ ညရှုခင်း ရှင်းရှင်းမမြင်ရတောင်
ငါ့ရဲ့ အဆင်း ငါ့ရဲ့ အချင်းနဲ့
အတတ်နိုင်ဆုံး အလင်းရောင်ကိုငါပေးခဲ့တယ်။

အလင်းရောင်ပေးဖို့ခရီးတစ်လျှောက်
ကျောက်ခတ်မီး ဆီမီး ရေနံဆီမီး မီးအားလုံးတိုက်ခိုက်
အကြီးမားဆုံး သိမ်းပိုက် အနိုင်ယူ
သူမတူအောင် အလင်းရောင်လက်လက်နှင့်
ဇမ္ဗူထက်ဝက်ဒေသတွေမှာ
ငါ ခေတ်အဆက်ဆက် နေရာယူခဲ့တယ်လေ။

ဗုဒ္ဓ ယေရှု မိုဟာမက် မဟာဝီရ ကွန်ဖြူးရှပ်
ဆော့ကရေးတီး ပလေတို အရစ်စ်တိုတဲယ်
တော့လ်စတိုင်း အိုင်းစတိုင်း အက်ဒီဆင် နျူတန်
ရှိတ်စပီးယား ရာဘင်ဒြာနတ်တဂိုး
အမျိုးမျိုးပညာရှင်
ငါမပါလျှင် မပြီးခဲ့။

ဘေဘီလုံးခေတ် အီဂျစ်က ပိရမစ်
ရှေးခေတ် တရုတ်မဟာတံတိုင်း
အိန္ဒိယတိုင်းက မိုဟိန်ဂြိုဒါရို
အရှေ့ ဘက်ကို စီးဆင်းသွား
ကမ္ဗောဒီးယားက အန်ကောဝပ်
အင်ဒိုနီးရှား ဗောဓောဗုဒ္ဓ
ပုဂံက ဘုရားအဆူဆူတည်ဖို့
ငါ့အကူအညီကို အများကြီးယူခဲ့ကြတယ်။

တိပိဋကဓရအကျော်စာတတ်
လောကဓါတ်ပညာကို မှန်းရှုကြည့်ဦးမလား
ပန်းချီ ပန်းပု သိပ္ပံအထွေထွေ
စာပေ ဒေါက်တာ အင်ဂျင်နီယာ
အဲဒါတွေအာလုံး
ငါ့ကိုအသုံးပြုခဲ့ကြတယ်။

အတို အရှည် အ၀ိုင်း အချောင်း ပုံစံအမျိုးမျိုးထုလုပ်
လူတွေလုပ်သမျှငါခံ
ငါ့ရဲ့ ကံ ဘယ်လောက်ဘဲ ဆိုးဆိုး
ငါ့ရဲ့ ကိုယ်ကျိုးသက်သက်မကြည့်ဘဲ
ညရဲ့ အလိုဆိုးရမက်ကိုတိုက်ဖျက်ဖို့
ငါ့ အသက်အသေခံပြီး အလင်းရောင်ပေးခဲ့တယ်။

အလင်းရောင်တစ်ချက်ရဖို့ အဖြေပေါ်
အရည်ပျော်အောင်ငါ့ကို ရှို့ မတဲ့
အမေ..အော်ရလောက်အောင် ငါဘယ်တော့မှမကြောက်ဘူး
တောက်တောက်ပြောင်ပြောင်အလင်းရောင်အတွက်
ငါ့အသက်ပေးဆပ်ရဲတယ်။

ငါ့ရဲ့ အလင်းရောင်မီးအောက်
လူတွေ ခရီးအတော်ရောက်ပြီး နေပျော်တယ်ဆိုရင်
ငါလဲ မကြောက်မရွံ့  သေပျော်ပါပြီလေ။


ဘယ့်နှယ်ဗျာ
အက်ဒီဆင်လက်ထက်အရောက်မှာ
လျပ်စစ်မီးတွေမှိုလိုပေါက်
အလင်းရောင်တွေ လိုရာရောက်ပြီး
ငါက အရာမရောက်တော့ဘူးတဲ့
ဘနဖူး သိုက်တူးတဲ့လျပ်စစ်
ငါအော်ဟစ်လိုက်ချင်တယ်။

ဒါပေမဲ့လဲလေ
လျပ်စစ်တွေပြတ်တောက်
အမှောင်တွေထပ်ရောက်လာရင်တော့
မင်းတို့ ခေါက်ထားတဲ့ ငါ့(ဖယောင်းတိုင်မီး)ကို
ထိန်ထိန်ကြီးသာ ထွန်းညှိပါတော့။

ငါ့ရဲ့ အဖြည့်ခံနှလုံးသား
အမုန်းမပွါးတတ်ပါဘူး
ကျေနပ်စွာ ငါ့ရဲ့ အားအစွမ်းကို တံတားခင်းပေးပြီး
အားလုံးကို အလင်းမပေးနိုင်ပေမဲ့
အခန်းလုံးပြည့် လင်းထိန်စေရပါမယ်။ ။

Sunday, 2 November 2008

ဗြိတိသျှရဲ့ အောက်မေ့ဘွယ်နေ့ရက်


အခုတလော
နေရာတိုင်းမှာ လူတော်တော်များများရဲ့  ဘယ်ဘက်ရင်ဘတ်ပေါ်မှာ ရင်ထိုးတံဆိပ်အမှတ်အသားတွေမြင်နေရတယ်။
သတင်းစာတွေထဲမှာ မဂ္ဂဇင်းတွေထဲမှာ တီဗီတွေထဲမှာ ရုပ်ရှင်တွေထဲမှာ
ပေါ့ပီပန်းအနီရောင်လေးတွေကိုမြင်ရတယ်။

အဲဒီပေါ့ပီပန်းအနီရောင်လေးက
ဗြိတိသျှအင်ပါယာကြီးအတွက် ကမ္ဘာ့စစ်ကြီးတွေအချိန်အတွင်း အခြားအဓိကရုဏ်းတွေအတွင်းက အသက်တွေစွန့် လွတ်သွားခဲ့ကြတဲ့ ယောက်ျား မိန်းမ ကလေး အားလုံးကို အမှတ်တရ အောက်မေ့ဘွယ်အဖြစ် ရည်ညွန်းတာပါ။

လေးနှစ်ကျော်အကြာ မရပ်မနားတလစပ်ဖြစ်ပွါးခဲ့တဲ့ ပထမကမ္ဘာစစ်ကြီးဟာ ၁၉၁၈ နိုဝင်ဘာလ ၁၁ရက် နံနက် ၁၁နာရီအချိန်မှာ အပစ်အခတ်ရပ်စဲပြီး စစ်ပြေငြိမ်းခဲ့ပါတယ်။
အဲဒါကြောင့်မို့ ၁၁နာရီ ၁၁ရက် ၁၁လပိုင်း (11th hour, 11th day, 11th month)ကို ပထမကမ္ဘာစစ် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့ အမှတ်သင်္ကေတအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ကျဆုံးခဲ့တဲ့သူတွေအတွက် အချိန်သီးသန့်ပေးပြီး အမှတ်ရအောက်မေ့ဘွယ်ဖြစ်တဲ့အနေနဲ့ အဲဒီ ပေါ့ပီပန်းအနီရောင် ရင်ထိုးတံဆိပ်ကလေးကို ၀တ်ဆင်ကြတာပါ။

ဒုတိယကမ္ဘာစစ်မတိုင်ခင်တုန်းက အဲဒီနေ့ရက်ကလေး (11th hour, 11th day, 11th month)ကို သဘောတူအပစ်အခတ်ရပ်စဲရေးနေ့ (Armistice Day)လို့ အမည်ပေးခဲ့ကြတာပါ။
ဒုတိယကမ္ဘာစစ်အပြီးမှာ အဲဒီနေ့ရက်ကလေးကို အမှတ်ရအောက်မေ့ဘွယ်နေ့ (Remembrance Day) လို့ အမည်ပြောင်းခေါ်ဆိုလာခဲ့ကြတာ ယနေ့အထိပါဘဲ။ ပေါ့ပီပန်းနေ့ (Poppy Day )လို့လဲ ခေါ်ဝေါ်သုံးစွဲကြပါတယ်။
ပေါ့ပီပန်းအတုကိုဝတ်ဆင်ထားရတဲ့အတွက်ကြောင့်ပါ။

အဲဒီ အမှတ်ရအောက်မေ့ဘွယ်နေ့ရက်အခန်းအနားကို နှစ်စဉ်ပုံမှန်အားဖြင့် နိုဝင်ဘာလရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့မှာ ကျင်းပလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုဝင်ဘာလရဲ့ ဒုတိယမြောက်တနင်္ဂနွေနေ့ဟာ နိုဝင်ဘာ ၁၁ရက်နေ့နှင့် အနီးကပ်ဆုံး ရက်အားရက် ဖြစ်လို့ပါဘဲ။

အဲဒီပွဲအခန်းအနားကိုတော့ ဗြိတိန်နိုင်ငံတစ်ဝှမ်းလုံးရှိ အထိမ်းအမှတ်ကျောက်တိုင် ရုပ်တု အဆောက်အအုံစတဲ့ နေရာတွေရှေ့ မှာ ဘုရားရှိခိုးကျောင်းတွေမှာ(ဆိတ်ငြိမ်စွာ ၂မိနစ်ခန့် အလေးပြုပြီး) ကျင်းပကြမှာဖြစ်ပါတယ်။

လာမဲ့ ၉ ရက်နေ့ ဟာ နိုဝင်ဘာလရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ဖြစ်ပါတယ်။ မိတ်ဆွေများ ဗြိတိသျှရဲ့  အမှတ်ရအောက်မေ့ဘွယ်နေ့ကို ပါဝင်ဆင်နွဲချင်ကြရင်ဖြင့် ပေါ့ပီပန်းအနီရောင်ရင်ထိုးတံဆိပ်ကို ဘယ်ဘက်ရင်အုံအထက်မှာ ထိုးထားပြီး နီးစပ်ရာအထိမ်းအမှတ်ကျောက်တိုင် ရုပ်တု ဘုရားရှိခိုးကျောင်းသို့ သွားရောက်နိုင်ကြောင်းပါခင်မျာ။

The Major Need

*The essence of wine is its alcohol.
The life of tree is its main root.
The beauty of flower is its fragrance and buds.

*The ability of knife is its sharpness.
The reputation of mango is its sweet taste.
The key of athlete is his skill.

*The importance of my life is your constant love.

ကျနော်သိသလောက် လန်ဒန်ပို့ဆောင်ရေးအကြောင်း


Aeroplane လေယာဉ်ပျံ
သုံးမိနစ်မှာ လေယာဉ်နှစ်စင်း လန်ဒန်Heathrow Airport မှာဆင်းတယ်။
ကျနော်တို့အိမ်က Heathrow လေဆိပ်နှင့်နီးတယ်။ လေယာဉ်ပျံလမ်းအောက်တည့်တည့်။
နေ့တိုင်း ကျနော်တို့ အိမ်ခေါင်မိုးပေါ်တည့်တည့် ပျံသန်းတယ်။
ဒါကြောင့် နှစ်မိနစ်တိုင်းလေယာဉ်သုံးစင်း ဆင်းတယ်ဆိုတာကို တိတိကျကျသိတာ။
လေယာဉ်သံကြားတိုင်း ရွာ့အပြင်ဘက်ထွက်ပြီး
ကောင်းကင်ကို မော့ကြည့်ခဲ့ရတဲ့ ငယ်ဘ၀ကို သတိရမိသေးတယ်။

Cube ခေါ် မြေအောက်ရထား
နှစ်မိနစ်တစ်စီးခန့်ပြေးဆွဲတယ်။
လန်ဒန်တစ်မြို့ လုံး ကြွက်ခေါင်းတွေလိုဖြစ်နေပြီ။
မြေအောက်မီးရထားလမ်းတွေ အဆင့်ဆင့်ဖောက်လုပ်ထားတာ။
အရှေ့ အနောက် တောင်မြောက် မြေအောက်လမ်းတွေ မျက်စိလည်စရာ။
ပေတစ်ရာအောက်ရောက်တယ်။ တစ်ခါတစ်ခါ ပေတစ်ရာအောက် မြေအောက်ရထားစီးပြီးသွားရတာကို ငါ တယ်ပြီး ဟုတ်နေပါလားဆိုပြီး ဂုဏ်ယူမိသေးတယ်။ မြေအောက်ရထားစီးဖို့ Oyster card အသုံးပြုရတယ်။
မြန်မာနိုင်ငံမှာတော့ မြေအောက်ရထားမရှိလို့ နိုင်ငံခြားမရောက်ဖူးတဲ့သူတွေ မြေအောက်ကမ္ဘာဆိုတာ ဘယ်လိုဟာလဲ သိမှာမဟုတ်လောက်ဘူး။

Rail ခေါ် မြေပေါ်ရထား
လန်ဒန်တံတား London bridge ကိုသွားတုန်းကတစ်ခါ ဘာမင်ဂမ်အသွားအပြန်နှစ်ခါ သုံးခါဘဲ စီးဖူးတယ်၊ ဒါကြောင့် တိတိကျကျ ရထားအကြောင်းမသိဘူး။ ရထားတည်ဆောက်ပုံကတော့ အရမ်းအဆင့်မြင့်တယ်။ အိမ်သာတံခါးကိုတောင် လျပ်စစ်ခလုပ်စနစ် တပ်ဆင်ထားတာ။ ၁၀ မိနစ် တစ်စီးခန့် ပြေးဆွဲတယ်။
ရထားစီးဖို့ လက်မှတ်ဝယ်ရတယ်။ ကြိုတင်လက်မှတ်ဝယ်ထားရင် (သို့မဟုတ်) အဖွဲ့လိုက်ခရီးသွားရင် ပိုပြီးဈေးသက်သာတယ်။ Oyster card နဲ့ မရဘူး။
မြန်မာနိုင်ငံမှာ ရန်ကုန် မန္တလေးရထားတွေ တစ်ရက်လုံးမှ လေးငါးစီးလောက်ဘဲထွက်တယ်။

Tram ခေါ် လျပ်စစ်ရထား
တစ်ခါမှ မစီးဘူးတဲ့အတွက် ဘာမှမသိရသေးဘူး။
မြန်မာနိုင်ငံမှာ မတွေ့ဘူးသေးဘူး။ Happy world က ကလေးအပျော်စီး မိုးပျံရထားဘဲရှိတယ်။

Bus ဘတ်စ်ကား
၁၅ မိနစ်တိုင်း တစ်မျိုးကို တစ်စီးစီလောက်ထွက်တယ်။
လန်ဒန်မြို့ ထဲ (Central London)သွားတဲ့ ဘတ်စ်ကားတွေကတော့ အဆက်ပြတ် တလစပ်။
ဘတ်စ်ကားထဲမှာ လူအို မသန်မစွမ်းတွေအတွက်နေရာ သီးသန့်ဦးစားပေးစနစ်ရှိတယ်။
wheelchair (ဘီးတပ်ကုလားထိုင်) pushchair (လက်တွန်းကုလားထိုင်) အသုံးပြုတဲ့ (disables) မသန်မစွမ်းလူတွေ ဘတ်စ်ကားပေါ်တက်နိုင်ဖို့ ဘတ်စကားဝမ်းဗိုက်ထဲက သံပြားကြီးတစ်ခု
လျပ်စစ်ခလုပ်စနစ်နဲ့ ချပေးတယ်။
တန်းစီစနစ်နဲ့ ဘတ်စ်ကားပေါ်တက်ရတယ်။ လုတက်စရာမလိုဘူး။
ဘတ်စကားစီးရင် Oyster card စနစ်နဲ့ဘဲ စီးကြတာများတယ်၊ တစ်ခါစီး ပြားကိုးဆယ်အတိဘဲ ဖြတ်တယ်။
မြန်မာနိုင်ငံမှာ အကြွေမပါရင် တစ်ရာ လို့ပြောရမတတ် စပယ်ယာတွေ မသိချင်ယောင်ဆောင်ပြီး အပိုငွေ ပြန်မအမ်းကြတော့။
၂၄ နာရီလုံး ဘတ်စ်ကားရှိတယ်။ ရန်ကုန်မှာလို ညနေ ၆ နာရီကျော်ရင် ကြားကားဆိုပြီး ပိုက်ဆံပိုမတောင်းဘူး။

Coach ခေါ် အဝေးပြေးကား
နယ်ဘက်ကို ပြေးတဲ့ အမြန်ယာဉ် Express ကားကို ဒီမှာ Coach လို့ဘဲ ခေါ်ကြတယ်။ လက်မှတ်ကြိုတင်ဖြတ်ရင် ဈေးသက်သာတယ်။ ၂၄ နာရီလုံးပြေးဆွဲနေတဲ့ Coach တွေ အများကြီးပါ။

Taxi အငှားကား
ဒီနိုင်ငံက Taxi တွေလဲ ဈေးဆစ်ရတယ်။ ဈေးလဲကြီးတယ်။
စင်္ကာပူလောက် မကောင်းဘူး။ စင်္ကာပူမှာဆို မီတာစနစ်နဲ့ ဘဲ ဖြတ်တယ်။
လန်ဒန်မြို့ ထဲကအပြန် ကျနော်တို့ အဖွဲ့ လိုက် တစ်ခါငှားစီးဖူးတယ်။ တောင်းတဲ့ဈေးက ကြောက်စရာ။
မြန်မာနိုင်ငံနှင့် Taxi ဈေးညှိရပုံချင်း ခပ်ဆင်ဆင်။

Car ကား
ဒီနိုင်ငံရဲ့ ကားမောင်းစနစ်က ဘယ်ကပ်မောင်း။
မြန်မာနဲ့ပြောင်းပြန်။
ဒါပေမဲ့ ဘာကားဘဲဖြစ်ဖြစ် လမ်းဖြတ်ကူးသူ (Pedestrains)တွေကို ဦးစားပေးတယ်။
မြန်မာနိုင်ငံမှာလို မျဉ်းကျားရောက်မှ ပိုပြီး အရှိန်တင်မောင်းတာမျိုးမရှိဘူး။

အားလုံးကောင်းပေမဲ့ အဝေးပြေးလမ်းမကြီးတွေကလွဲရင် ဒီနိုင်ငံမှာ ကားလမ်းအရမ်းကျဉ်းတယ်။
တမင်သက်သက်ကျဉ်ထားပုံရတယ်။
ကားတွေအရမ်းများတဲ့အတွက် ယာဉ်တိုက်မှုကာကွယ်ဖို့ဖြစ်ကောင်းဖြစ်နိုင်တယ်။
ကားတွေကလဲ ပါးရွက်ဆိတ်အုံ တုတ်နှင့်ဆွလိုက်သလို နေရာတိုင်း လက်ညိုးထိုးမလွဲ။
ဟဲ ဟဲ ကျနော်ကတော့ ကားမ၀ယ်နိုင်သေး။

ကားဈေးတွေ ပေါင် ၅၀၀လောက်တန်တွေကစလို့ သိန်းချီသန်းချီရှိတယ်။
Insurance များတဲ့အတွက် ကားဝယ်ဖို့ ဦးဏှောက်ထဲစာရင်းမရှိ။

Boat & Ship လှေ သင်္ဘော
လန်ဒန်မြို့ ကြီးကို နာမည်ကြီး သိန်းမြစ် (River Thames) ဖြတ်သန်းစီးဆင်းပေမဲ့ လှေ သင်္ဘော မစီးဖူးသေး။
တစ်နေ့နေ့တော့ အပျော်စီးခရီးထွက်ဖြစ်မလားမသိ။
မြန်မာနိုင်ငံမှာ နေစဉ်တုန်းကတော့ မန္တလေး ဗန်းမော် သင်္ဘောကြီးကို ကသာမြို့ က ဖြတ်ပြီး စီးဖူးတယ်။
ဇိမ်ကျပေမဲ့ အရမ်းနှေးနေတဲ့အတွက် ပျင်းစရာကြီး။

DLR(Docklands Light Railway) ခေါ် သံလမ်းပြေးကားရထားတစ်မျိုး။
ကြားဖူးရုံကြားဖူးတာပါ။ တစ်ခါမှ မစီးဖူးသေးဘူး။ ဓါတ်ပုံထဲတော့တွေ့ဖူးတယ်။ တစ်နေ့နေ့တော့ စီးဖူးအောင်ကြိုးစားဦးမယ်။
....................................

ဒီနိုင်ငံမှာ ပိုပြီးဂုဏ်ယူဖို့ကောင်းတာက
အသက်ကြီးတဲ့သူနှင့် မသန်မစွမ်းသူတွေကို bus cube train တွေပေါ်အပါအ၀င် နေရာတိုင်းမှာ အထူးဦးစားပေးတာပါဘဲ။
မြန်မာနိုင်ငံမှာ သံဃာတော်များကို ဦးစားပေးပါ ဆိုသလိုမျိုးပေါ့။

ကျနော်သိတာကတော့ ဒီလောက်မျှပါဘဲ။
ကျနော့်ထက် ပိုသိတဲ့သူတွေ လန်ဒန်မှာ အများကြီးရှိမှာပါ။
လိုအပ်တာရှိရင် ထပ်ဖြည့်ပေးကြပါဦး။

Saturday, 1 November 2008

တွေ့ မှသိမဲ့အရသာ

မနေ့တုန်းက
အင်တာနက် Website တစ်ခုထဲဝင်ကြည့်နေတုန်း ကျနော့် Mobile လေးအသံမြည်လာလို့ ဘယ်သူ့ဆီကပါလိမ့်ဆိုပြီး ကိုင်ကြည့်လိုက်တော့ မိတ်ဆွေတစ်ယောက်ဆီက။

ခါတိုင်းဆို ကျနော့်အခန်းနေသူငယ်ချင်းဆီကိုဘဲ သူဆက်နေကျ၊
ဒီနေ့ မှ ဘာဖြစ်လို့ ကျနော့်ဆီဆက်ပါလိမ့်။
သူ့အသံကြားလိုက်ရုံနဲ့ သူအရမ်းပျော်ရွှင်နေတယ်ဆိုတာ သိသာတယ်။
သူ့ဆီက အပျော်တွေတောင် ကျနော့်ရင်ထဲ ကူးစက်သွားတယ်။
Visa extension တင်ထားတာ နှစ်နှစ်လောက်ရတယ် တဲ့။

အရမ်းဝမ်းသာစရာကောင်းတဲ့ သတင်းကောင်းလေးပါဘဲ။
သူ Visa အခက်အခဲ ဖြစ်နေတုန်း ကျနော်တို့ သူငယ်ချင်းတွေ စိတ်မကောင်းဖြစ်ခဲ့ရတယ်။
အခု အဆင်ပြေသွားလို့ သူငယ်ချင်းတွေအားလုံးကို ၀မ်းသာရအောင် ဆက်တာပါ တဲ့။
ကျနော်လဲ အတော်လေး ၀မ်းသာသွားတယ်။
ဒါပေမဲ့ ကျနော့်အပျော်ဟာ ကာယကံရှင်လောက်တော့ မီမယ်မထင်ပါဘူး။
ကျနော်မှ Visa အခက်အခဲ မဖြစ်ဖူးသေးတာကိုး။

သူဘယ်လောက်ပျော်လဲဆိုတာ
သူ့နေရာမှာ ကိုယ်ကိုယ်တိုင်ဖြစ်နေမှ
ဗီဇာရလို့ပျော်တဲ့အပျော်ဟာ ဂလိုကိုးလို့ သဘောပေါက်နိုင်မှာပါ။
...............................................



ရွာတစ်ရွာမှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရှိတယ်။
ဥပုသ်နေ့တစ်နေ့မှာ ကျောင်းထိုင်ဆရာတော်က နိဗ္ဗာန်ဆိုတာ အရမ်းငြိမ်းအေးတယ်လို့ အစချီပြီး နိဗ္ဗာန်အကြောင်းတရားဟောတယ်။

ဒကာတစ်ယောက်က
"နိဗ္ဗာန်ဟာ အရမ်းအေးချမ်းတယ်လို့ ဆရာတော်ဟောခဲ့တယ်၊ ဘယ်လို အေးချမ်းခြင်းမျိုးနဲ့ အေးချမ်းတာလဲဘုရား၊ သစ်ပင်ရိပ်လိုအေးချမ်းတာလား၊ စိမ့်စမ်းရေလို အေးချမ်းတာလား၊ ဆောင်းရာသီလိုအေးချမ်းတာလား"လို့ မေးလျောက်သတဲ့။
ဆရာတော်က အဲဒီဒကာကို ပုံပြင်တစ်ခုပြောပြတယ်။
.................................

မှတ်ချက်။ ။
ပုံပြင်ကိုမဖတ်ခင် တင်ပြပုံ ရိုင်းသွားသလိုဖြစ်ရင် ခွင့်လွတ်ပေးကြပါလို့ ကြိုတင်တောင်းပန်ပါတယ်။


တစ်ချိန်တုန်းက
တောရွာလေးတစ်ရွာမှာ ပစ္စည်းအသင့်အတင့်ရှိတဲ့ မိသားစုတစ်ခုရှိတယ်။
အဲဒီမိသားစုမှာသမီးနှစ်ယောက်ရှိတယ်။
အရွယ်ရောက်လာတာကြာပေမဲ့ အိမ်ထောင်မပြုကြဘူး။

တစ်နေ့မှာ
ညီမဖြစ်သူက အရင်အိမ်ထောင်ကျသွားတယ်။ အမဖြစ်တဲ့အပျိုကြီးက ညီမကိုမေးတယ်။
"ညီမရယ် အမတို့ အိမ်ထောင်မပြုဘဲ အတူနေခဲ့ကြတာ ပျော်စရာ အရမ်းကောင်းခဲ့ပါတယ်၊ ငါတောင်အိမ်ထောင်မပြုဘဲ နင်က ဘာဖြစ်လို့ အရင်အိမ်ထောင်ပြုသွားရတာလဲ"

"အိမ်ထောင်ပြုတာ ကောင်းတယ်အမရဲ့  ပျော်စရာကြီး"

"နင်ကောင်းတာက ဘယ်လိုကောင်းတာလဲ၊
ထမင်းဟင်းစားသောက်ရသလို ချို ချဉ် ဖန် ငန် စပ် ခါး အရသာခြောက်မျိုးလို ကောင်းတာလား"

"အဲဒီလိုမဟုတ်ဘူး အမရဲ့  အဲဒီအရသာကို သိချင်ရင် အမကိုယ်တိုင် အိမ်ထောင်ပြုမှ သိရမှာ၊ သူများပြောပြရုံနဲ့  အိမ်ထောင်ပြုတဲ့အရသာကို အမ မသိနိုင်ဘူး"

ညီအမနှစ်ယောက် အပြန်အလှန်ပြောနေကြတဲ့ စကားကို တစ်နေရာက ကြားနေကြရတဲ့ မိဘနှစ်ပါးကတော့
နိဗ္ဗာန်ကို ကိုယ်တိုင်ရောက်ဖူးဟန်နဲ့  ပြုံးဖြီးဖြီးကြီးတွေ ဖြစ်နေကြသတဲ့။
.................................


ဆရာတော်က
"ဒကာလဲ နိဗ္ဗာန်ရဲ့ အေးချမ်းပုံ အေးချမ်းနည်းကို သိချင်ရင် ဒကာကိုယ်တိုင်သာ နိဗ္ဗာန်ရအောင် ကြိုးစားပေတော့၊ ငါဟောပြ ပြောပြရင်လဲ ကျွဲပါးစောင်းတီးသလို ဘယ်တော့မှ ဒကာနားလည်မှာ မဟုတ်ဘူး" ဆိုပြီး ပုံပြင်ကိုလဲ အဆုံးသတ် နိဗ္ဗာန်ရဲ့ အဓိပ္ပါယ်ကိုလဲ ပေါ်လွင်အောင်ပြောပြလိုက်တယ်။
အဲဒီဒကာလဲ "ဆရာတော့်ပုံပြင်လိုဆိုတော့လဲ ဟုတ်တုတ်တုတ်ဘဲ" လို့ပြောပြီး ဦးသုံးကြိမ်ချ ပြန်သွားသတဲ့။
................................


အခုလဲ
ဗီဇာရလို့ ပျော်တဲ့ အရသာကို ကျနော်ကိုယ်တိုင် ဗီဇာသက်တမ်းတိုးလို့ရမှ ဂလိုကိုး လို့ သဘောပေါက်မှာ သေချာပါတယ်။
မကြာခင် ကျနော်သဘောပေါက်တော့မှာပါ။
ဟဲ ဟဲ ကျနော်လဲ ဗီဇာကုန်ခါနီးနေပြီလေ။