Friday 3 February 2012

ခမ်းမွန် ဆန်းဒေး (ဂဆင်း ဖတက်)


 မွေးရာပါ မုခ်ဝ တံခါး ခြောက်ပေါက်ကို သံမဏိကျည်းခွေတို့ဖြင့် လုံခြုံရေး အပြည့်အ၀ ချထားဖို့ ကြံစည်နေသော်လည်း အရှိန်အဟုန်နဲ့ တဟုန်းဟုန်း တဒိုင်းဒိုင်း တိုးဝင်ဆောင့်တွန်းလာသည့် အာရုံလက်နက်တို့၏ စွမ်းအားတွေအောက် ဂိတ်ခြောက်ပေါက်လဲ အပြိုပြို အလဲလဲ။

 ထို့ကြောင့်...
မြင်နေရသည်။ ကြားနေရသည်။
တွေ့နေရသည်။ သိနေရသည်။
ဘာတဲ့။ ဖိုးဂျွန်တစ်ယောက် ရာထူးမှ ရွှေ့ဆိုင်း ခံရလို့တဲ့။

နည်းတောင်နည်းသေးသည်ဟု တစ်ယောက်ထဲ အကုသိုလ် ပွါးလိုက်မိသေး၏။ ဒီဖိုးဂျွန်ဆိုသည့် ကောင်က သူ့ခေတ်သူ့အခါမို့ ထောင်ထောင် ထောင်ထောင် လုပ်နေတာ ကြာပြီလေ။ ဟိုအုပ်စုမှာလဲ ခေါင်းဆောင် ဒီအုပ်စုမှာလဲ ခေါင်းဆောင် မိုက်ချင်တိုင်း မိုက်နေတာကလား။ အင်းလေ... လက်ခုပ်တီးသံတွေကလဲ ရွာလုံးပြည့်ဆိုတော့ မိုက်အားကောင်းပေမပေါ့။

မနှစ်တုန်းကလိုမျိုး စိတ်နဲ့ ဆိုရင် ဖိုးဂျွန်တစ်ယောက် ရာထူးချခံထားရတာမကလို့ အလုပ်ပါ ပြုတ်သွားအေးရော ဆိုပြီး ထောပနာပြုမှာ ကျိန်းသေပင်။ ဒီနှစ်ကတော့ ဒီဖိုးဂျွန်က ကျနော်တို့ရဲ့ ပြိုင်ဘက် မဟုတ်လေတော့ သူ ရာထူးတက်တက် ကျကျ အနေသာကြီးဟု စိတ်တွင်း ကောက်ချက်ချမိလေ၏။ မနှစ်ကဆို ဒီကောင်က အမြဲတမ်း ပုခုံးချင်း လာယှဉ်နေတာကလား။ ဒီနှစ်ကတော့ ဒီကောင် ခွေယိုင်သွားပြီး အောက်ခြေအနားလေးမှာ လှုပ်တုတ်လှုပ်တုတ်နဲ့ သနားဖို့ပင် ကောင်းသေးတော့။ ဒါကြောင့် သူ ရာထူးပြုတ်သံကြားရတော့ စိတ်ထဲမှာ ဘာမှတော့ ပြောပလောက်အောင် ၀မ်းမသာခဲ့ပါဘူး။ ဘာတဲ့။ ရာထူးချရခြင်းအကြောင်းက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်ရဲ့ ညီတော်မောင်ကို ၀စီဘေဒဖြင့် ထိုးဆွခဲ့ခြင်းကြောင့်တဲ့။

ဒီဖိုးဂျွန်တစ်ယောက် ယခုနှစ်မှ ရာထူးက ချခံရသည် မဟုတ်။ မနှစ်တစ်နှစ်ကလဲ ရာထူးမှ ချထား ခံခဲ့ရဖူးလေသည်။ သူ့အဖေကိုယ်တိုင် သူ့ကို ရာထူးမှ ချပစ်ခဲ့ခြင်း ဖြစ်သည်။ ဒီကောင်က ဇ ရှိသည်။ လုပ်ရဲ ကိုင်ရဲသည်။ မိုက်ရဲသည်။ ရူးရဲသည်။ လုံးရဲသည်။ ထွေးရဲသည်။

မနှစ်တစ်နှစ်တုန်းက အဖြစ်အပျက်ကို ကြည့်ပါဦး။ သူ့သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး စိုက်ပျိုးမွေးမြူထားတဲ့ အသီးကိုမှ သွားခိုးစားရတယ်လို့။ တစ်ခါစား နှစ်ခါစား ကိစ္စ မဟုတ်ပေမဲ့ အခါခါစားတော့ လူမိပါလေရော။ အင်းးး ခိုးစားတဲ့ အသီးမှ ပိုချိုတာ ဘကော။ ကျနော်တောင် အဲဒီတုန်းက ဒီလိုလေး သူ့ကို မှတ်တမ်းတင်ခဲ့မိသေးတယ်။ ဒီနှစ်လဲ မှတ်တမ်း တင်ရပြန်လေပြီ။

ဖိုးဂျွန်တစ်ယောက် ကံကောင်းပုံတော့ ပြောပြောချင်ဘူး။ မနှစ်တစ်နှစ်တုန်းက သူ့ရာထူးကို ဆက်ခံတဲ့သူတွေ လေးငါးလအတွင်း တစ်ယောက်ပြီးတစ်ယောက် ဂိလာနတွေ ဖြစ်သွားပြီး နောက်ဆုံးတော့လဲ ဖိုးဂျွန်ကိုပင် အဲဒီရာထူး ပြန်ပေးခဲ့ရလေ၏။ ရာထူးပြန်ရလာတော့ ခပ်ကြွားကြွား ဖြစ်လာပြန်သည်။ အခုဘဲကြည့်။ ရာထူးလေး ရတာ ဘာမှ မကြာသေးဘူး။ ပြဿနာက စပါလေပြီ။ ၀စီဘေဒ ထိုးနှက်မှုတဲ့။

မနှစ်တစ်နှစ်တုန်းက သူ့အဖေကိုယ်တိုင် ရာထူးမှဖြုတ်၊ ပြီးတော့ သူ့အဖေကိုယ်တိုင်ပင် ရာထူးကို ပြန်တင်ပေးခဲ့လေသည်။ သို့သော် ဒီနှစ်မှာတော့ သူ့အဖေက အခုပြဿနာအတွက် သူ့ကို ရာထူးမှ ဖြုတ်ချင်ပုံမပေါ်။ သို့သော် သို့သော် သူ့ဘိုးအေကိုယ်တိုင် ဒီနေ့မှာ သူ့ကို ရာထူးက ဖြုတ်ပစ်ခဲ့သည်လေ။  ခေါင်းဆောင်ကောင်းတစ်ယောက်မှာ အဲဒီလို အဖြစ်မျိုး မရှိသင့်ဘူးတဲ့။ ဟုတ်တယ်။ ထောက်ခံတယ်။

မထောက်ခံလို့လဲ မရဘူးလေ။ တော်ကြာ ဟို အီဂျစ်လိုမျိုး လွင်တီးခေါင်ထဲမှာ လူအယောက် ၇၀ ကျော် သေကြေသလိုမျိုး ဖြစ်ပွါးလာရင် ဘယ့်နှယ်လုပ်မတုန်း။ ဒီဖိုးဂျွန်တို့ လောက အကြောင်းလဲ သိရဲ့သားနဲ့။ သူတို့ အပြိုင်အဆိုင် ကတဲ့ ဇာတ်ပွဲဆိုရင် ပရိသတ် သိန်းဂဏန်းနီးပါး လာအားပေးကြတာလေ။ အားလာပေးတဲ့ ပရိသတ်တွေထဲမှာ ဘယ်သူမှ အရဟံဂုဏ်တော် ပွါးမဲ့သူ မပါဘူး။ ဘယ်သူမှလဲ ပုတီးလက်ဆွဲပြီး ဒီလိုမျိုး ကပွဲတွေကို လာကြည့်ကြမှာ မဟုတ်ဘူး။ ပြီးတော့ ဘယ်သူမှလဲ ယောဂီဝတ်စုံဝတ် ယောဂီသဘက်ကလေး ပုခုံးတင်ပြီး လာကြည့်ကြမှာ မဟုတ်ဘူး။ များသောအားဖြင့် လာကြည့်ကြတဲ့ ပွဲကြည့်သူတွေဟာ ဘီဘီတွေ ချပြီးမှ လာကြည့်ကြတယ်။ ဒါမှ မဟုတ် ဘီဘီတွေ ချရင်း ကြည့်လေ့ရှိကြတယ်။ ဒါကြောင့် အီဂျစ်လို ပြဿနာမျိုး မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပေါင်။

လုံခြုံရေးဆိုတာကလဲ လူ့အခွင့်အရေးအောက်မှာ ပြားပြားဝပ် နေရလေတော့ ဒီလောက် အင်အားများတဲ့ လူတွေကို ရပ်တန့်ပစ်ဖို့ဆိုတာ မလွယ်ရေးချ မလွယ်ဘူးလေ။ မတော်သကာ ဖိုးဂျွန်ကို အမြင်ကပ်တဲ့သူတွေက ဖိုးဂျွန်ကို အားပေးတဲ့ ပရိသတ်တွေကို ရန်ရှာကြကုန်ရင်ဖြင့် လွင်တီးခေါင်ကွင်းထဲမှာ အစုလိုက်အပြုံလိုက် ဖြစ်ကုန်ရင် မခက်လား။

ချုပ်ပြောရရင် ဖိုးဂျွန်ကလဲ ဖိုးဂျွန်ဘဲ။ မနှစ်တစ်နှစ်က သူငယ်ချင်းစိုက်ပျိုးထားတဲ့ အသီးခိုးစားမှုနဲ့ ရာထူးချခံရတာကို သင်ခန်းစာ မယူဘူး။ ဆက်မိုက်တယ်။ နောက်သူငယ်ချင်း တစ်ယောက်ရဲ့ ညီတော်မောင်ကို ၀စီဘေဒ ထိတိုင်းရှစေခဲ့တယ်ကော။ အရှခံရသူရဲ့ အကိုနဲ့က ဖိုးဂျွန်နဲ့ အတူတူလုပ်ဖော်ကိုင်ဘက်လေ။ နိုင်ငံတော်အတွက် အတူတူ လုပ်ကိုင်ကြတာလေ။ ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ သူတို့သူငယ်ချင်းနှစ်ယောက်လဲ ပြိုင်ဘက်တွေ ဖြစ်နေတတ်ကြပြန်တယ်။

လာမဲ့ ဆန်းဒေးနေ့မှာတော့ သူတို့နှစ်ယောက် အချင်းချင်း ထိုးသတ်ပွဲရှိတယ်ရော။ သို့ပေမဲ့ မထိုးသတ်ခင် အချင်းချင်း လက်ဆွဲနှုတ်ဆက်ရတယ်လေ။ ယဉ်ကျေးမှုက အဲဒီလို။ ပြိုင်ဘက် အချင်းချင်း လက်ဆွဲနှုတ်ဆက်မှုတောင် မလုပ်နိုင်လောက်အောင် မုန်းတီးနေကြပြီ ဆိုရင်တော့ သွေးသောက်တို့ရေ.. သတိသာ ထားကြပေတော့ဗျို့။ ပွဲကြီးပွဲကောင်းပေဘဲ။

လာမဲ့ ဆန်းဒေးရောက်ရင်တော့ သူတို့အချင်းချင်း ကမ်းသောလက်ကို ပုတ်မလား ဆုပ်မလား ရုပ်မလား ဆုတ်မလား ဆိုတာရယ်၊ လက်မကမ်း လက်မလှမ်းဘဲ ခပ်ရမ်းရမ်းဘဲ ပွဲကြမ်းကြမလား ဆိုတာရယ်ကိုတော့ ဖန်သားပြင်ပေါ်မှာ ကြည့်ရပေဦးရတော့မပေါ့။ ဒါပေမဲ့... ကျနော်က ဖိုးဂျွန်ရဲ့ ပြိုင်ဖက် ဖာကြီးရဲ့ ဘက်တော်သား။ ။

ဖိုးဂျွန်ဆင်းရင် ဖာကြီး တက်လိမ့်ပေမပေါ့။ ။


.

14 comments:

San San Htun said...

ဒီတပတ်ဆန်းဒေးကတော့ ပွဲကြီးပွဲကောင်းပဲ ထင်ပါရဲ့ ..တဂျင်းမီးက သတိပေးတော်မူနေလို့  ကြည့်ဦးမှပဲ..:P

လွင်ပြင်လှိုင်းငယ် said...

လာမဲ့ ဆန်းဒေးကို စောင့်ကြည့်ရတော့မှာပဲ

Anonymous said...

သူကြီးမင်း ရေ

ကျနော်က ဖိုးဂျွန်ရဲ့ ပြိုင်ဖက် ဖာကြီးရဲ့ ဘက်တော်သား။ ။ လို့ ဆိုပေမဲ့ ဝါသနာ မပါ လို့ ဘယ်သူ့ ဘက်သားမှ မလုပ်ဘဲ ပြန် သွားတယ်

ခင်မင်တဲ့
ရွှေစင်ဦး

Candy said...

အော်... ဒါက ဒီလိုကိုး..
ဟိုဟာက ဟိုလိုလေ.. ဟီးဟီး :P

စံပယ်ချို said...

ဆန်းဒေးရောက်ရင်တော့ သူတို့အချင်းချင်း ကမ်းသောလက်ကို ပုတ်မလား ဆုပ်မလား ရုပ်မလား ဆုတ်မလား ဆိုတာရယ်၊ လက်မကမ်း လက်မလှမ်းဘဲ ခပ်ရမ်းရမ်းဘဲ ပွဲကြမ်းကြမလား----ဖတ်လိုက်တာတော့သဂျီးရေးတဲ့စာပါပဲ-စိတ်ထဲမှာတခုခု သတိရလို့ အဲလိုလေးရေးပြခဲ့တယ်

(မင်း ကမ်းတဲ့အချစ် ပုတ်ဖို့မရဲ ရင်ထဲစွဲမြဲ
နှလုံးသားနဲ့ ရောပြီး ရာသက်ပန် ထုပ်ထားပါရစေလို့)

မိစံ said...

ဖိုးဂျွန်ကော..ဖာကြီးပါ..မကြိုက်ပါး)
ဒီဆန်းဒေးတော့..
အိပ်ရေး၀၀..အိပ်ရပြီပေါ့ :P

နွေတေးရှင် (မင်းဧရာ) said...

သူကြီးမင်း...ရေ
ခြင်္သေံပြာတွေကို ကင်စားဖို့ အားမွေးထားလိုက်ဦးမယ်ဗျာ။

blackroze said...

ဟင်းးးဟင်းးဟင်းးး

မြစ်ကျိုးအင်း said...

အစပိုင်း ဖတ်ပြီးကတည်းက သဘောပေါက်နေပြီ။ မန်ယူဖန်ချင်း အထာနပ်တယ်လေ။ ဒီနေ့ညတော့ ကျနော်တို့အတွက် ပွဲကြီးပွဲကောင်းပဲ သူကြီးရေ။

AH said...

ဒီညတော့ ကြည့်ဖြစ်အောင်ကို ကြည့်ရဦးမှာပေါ့လေ.....

mstint said...

အော်..... လက်စသပ်တော့ တဂျီးမင်းပျောက်နေတာ
ဖိုးဂျွန်ကို သွားချောင်းနေတာကိုးး)))
နေရင်းထိုင်ရင်းတစ်ပါးသူကို မေတ္တာပွားနေပြန်ပါပြီ။
အကြောင်းကြောင့်အကျိုးဖြစ်ပါလိမ့်မယ် တဂျီးမင်းရယ်
အကုသိုလ်တွေယူမနေပါနဲ့း)
ကဲကဲ ချောင်းလက်စနဲ့အပြီးချောင်းလိုက်ပါအုံးး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

AH said...

ကြည့်ရင်း ကြည့်ရင်း ဖိုးဂျွန်တို့ ၃လုံးသွင်းသွားလို့ ပွဲပြီးတဲ့ အထိ မီကြည့်တော့ဝူးကွယ်... စိတ်နာနာနဲ့ အိပ်တော့မယ်... Zzzzzzzzzzzzzzzzzzz.........(၅၄:၃၁)

Angelhlaing(May everybody be happy and healthy! said...

ဘောပွဲကြည့်ပြီးမှ လာမန့်တယ်အကို...:):)

ကိုရင် said...

သူ့မှာ ပစ်ချက်တွေ ရှိနေတာ ဟုတ်ပေမဲ့ တယ်ရီလော က် သြဇာညောင်းတဲ့လူ ဦးဆောင်ပေးနိုင်တဲ့သူ အင်္ဂလန်မှာ မရှိဘူး..။ဘယ်သူ့ကို ပေးမလဲ..ဖာဒီနန်ကလည်း ကာပယ်လိုရဲ့ အခုပေးလိုက် အခုပြန်ယူလိုက်နဲ့ဆိုတော့ လက်ခံမှာ မဟုတ်ဘူးဆိုတာကို တွစ်တာကနေ တရားဝင် ငြင်းထားပြီးပြီး..လက်ရှိ အနေအထားအရတော့ ခန္ဓာကိုယ် ကြံ့ခိုင်မှုရော စိတ်ဒါတ်အရရော ဂျရတ်ဟာ လက်ပတ်နဲ့ အလိုက်ဖက်ဆုံး လူတစ်ယောက်ပဲ..