ကျနော်တို့ တုံးဖလားရွာနှင့် အတော်လေး ဝေးကွာတဲ့ နေရာမှာ ရွာတစ်ရွာရှိတယ်။ အဲဒီရွာမှာ ပဲတွေရှိတယ်။ ပဲတွေမှ ပဲမျိုးစုံ။ မြေပဲ ဗိုလ်ပဲ ကုလားပဲ ပုဂံပဲ ထောပတ်ပဲ ပဲစောင်းလျား ပဲစင်းငုံ။ စုံလို့ စုံလို့။ အဲဒီရွာကို လူကြီးတစ်ဦးကစတင်တည်ထောင်ခဲ့ပြီး သူကိုယ်တိုင် ရွာသူကြီးအမည်ခံအုပ်ချုပ်နေလေရဲ့။ ဘယ်လို စိတ်ကူးပေါက်တယ်မသိဘူး။ အဲဒီရွာနာမည်ကို သောင်းတိုက်သွေးခြုံ လို့ အမည်ပေးထားတယ်။ တစ်ဆင့်စကားကြားရတာကတော့ သောင်းတိုက်အ၀ှန်းက လာစတည်းချကြတဲ့လူတွေအားလုံး တစ်သွေးထဲတစ်သားထဲ ခြုံထားလို့ရလောက်အောင် စည်းလုံးညီညွတ်ကြခြင်း ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်တာပါတဲ့။ အတော်လေး အဓိပ္ပါယ်ရှိတဲ့ နာမည်လေးပါဘဲ။
ဒါပေမဲ့ ပေထားတဲ့နာမည်က အနွတ္ထအမည်မဟုတ်ဘဲ ရုဠှီအမည်သာဖြစ်တဲ့အတွက် သောင်းတိုက်က လာကြသူတွေအချင်းချင်း သွေးမခြုံမိဘဲ ကိုယ့်ဖာသာကိုယ်တွေးပြီး ကိုယ့်ခြုံနှင့်ကိုယ်အောင်းနေကြတဲ့အတွက် သောင်းတိုက်သွေးခြုံလို့ မခေါ်ဘဲ သောင်းတိုက်တွေးခြုံ လို့ ခေါ်ရမလောက် အချင်းချင်း အစိပ်စိပ်အမွှာမွှာဖြစ်နေကြလေရဲ့။ မြေပဲကလဲ မြေပဲမို့ ကုလားပဲကလဲ ကုလားပဲမို့ ဗိုလ်ပဲကလဲ ဗိုလ်ပဲမို့ သူ့နေရာနှင့်သူ ခပ်စွာစွာရယ်။ အခြားပဲတစ်မျိုးစိုက်တဲ့နေရာမှာ ကျန်တဲ့ပဲတွေ စိုက်လို့ မရတော့ဘူး။ စောစောအစိုက်ဦးတဲ့ပဲက အခွင့်အရေးအပြည့်အ၀ယူထားလေ့ရှိတယ်။ ဒါပေမဲ့လဲ မရှိရှိတဲ့ အကွက်လေးတွေမှာ သူ့နည်းသူ့ဟန်နဲ့ ပင်စည်တစ်ဝင့်ဝင့်ဖြစ်အောင်တော့ ကြိုးစားတတ်ကြသား။
အမှန်က အဲဒီရွာသူကြီးကိုယ်တိုင် အရှုံးခံပြီး စားပင်သောက်ပင်အမျိုးမျိုးစိုက်ခဲ့ဖူးပါတယ်။ သင်္ဘောပင် မာလကာပင် ငှက်ပျောပင် ပိန္နဲပင် စသဖြင့်ပေါ့။ ဒါပေမဲ့လဲ ကံဆိုးစွာဘဲ ဘာအပင်မှ ဖြစ်မြှောက်အောင်မြင်ခဲ့တာ မရှိခဲ့ဘူး။ ဒါကြောင့်မို့ စိုက်ပျိုးပညာရှင်တစ်ယောက်ရဲ့ အကြံပေးချက်အရ ပဲစိုက်ခြင်းလုပ်ငန်းကို သူအကောင်အထည်ဖော်ခဲ့တာပါ။ ရေမြေသဘာဝက ပဲထွက်အားကောင်းတဲ့နေရာမို့ ပဲစိုက်လုပ်ငန်း အောင်မြင်တယ်လို့ ဆိုရမှာပါ။ နှစ်စဉ် ပဲအမျိုးမျိုး တန်ချီပြီးထွက်ပါတယ်။
အဲဒီရွာထဲ ၀င်လိုက်ရင် ဟိုနားသွားလဲ ပဲ၊ ဒီနားသွားလဲ ပဲ၊ ဘယ်နေရာကြည့်ကြည့် ပဲတွေချည်း ဖြစ်နေလို့ ကျနော်တို့က ထုံးစံအတိုင်းဘဲ မူလနာမည်ကို ဖျောက်ပြီး အဲဒီရွာကို ကိုပဲတို့ရွာလို့ အမည်ပေးထားကြတယ်။ နာမည်ကဘဲ စီးသွားလို့လား၊ အနွတ္ထအမည်ကိုဘဲ ပေးမိလို့လားတော့မပြောတတ်ဘူး။ ထွက်လိုက်တဲ့ပဲ မနည်းဘူး။ ရွာနီးချုပ်စပ်ရွာတွေကတောင် မျက်စိစပါးမွေးစူးရလောက်တယ်။ အဲဒီလောက်ထိ ပဲတွေ များလွန်းတော့လဲ ကျန်တဲ့ရွာကလူတွေ သိပ်မဆက်ဆံချင်ကြတော့ဘူးပေါ့။ ရှောင်ဖယ်ဖယ်ဖြစ်နေကြတယ်။ အရေးအကြောင်း ရှိရင်တောင်မှ "ကိုပဲတို့ရွာကိုတော့ မသွားရပါရစေနဲ့ ဆားနဲ့ဘဲစားပါရစေ" ဆိုတဲ့အထိ ဖြစ်ကုန်ရော။
ပြောမယ်ဆိုလဲ ပြောချင်စရာရယ်။ လုပ်ပုံကိုလဲ ကြည့်ကြဦးလေ။ မျက်စိနောက်ချင်စရာ။ မြေပဲကလဲ သူပါမှ ဆီဖြစ်တယ်ဆိုပြီး မာနတလူလူ၊ ဗိုလ်ပဲကလဲ နာမည်နဲ့အလိုက် ခပ်ကြွားကြွား၊ ကုလားပဲကလဲ အလျော့မပေး၊ ပုဂံပဲ ထောပတ်ပဲ ပဲစောင်းလျား ပဲစင်းငုံ၊ သူတို့လဲ သူတို့ခြုံနှင့်သူတို့တော့ တံခွန်တလူလူထူပြီး မင်းမူနေကြလေရဲ့။ မျိုးတူစု ပဲအချင်းချင်းတောင်မှ အဲဒီလို ပဲအလွန်များပြီး အညွန့်တလူလူဖြစ်နေကြလေတော့ မျိုးကွဲတဲ့ တစ်ခြားစားပင်သောက်ပင် သီးနှံပင်တို့နှင့်ဆိုရင် ဘယ်လိုမှ အစေးမကပ်ကြတော့ဘူးပေါ့။
ရွာသူကြီးကလဲ ပဲဖြစ်ထွန်းလို့ ၀မ်းသာမယ်မှမကြံသေး ပဲပင်တွေရဲ့အချိုးကိုကြည့်ပြီး အတော်လေးစိတ်ညစ်နေရှာတယ်။ တစ်ခြားအပင်တွေစိုက်ခဲ့တုန်းက ဖာသိဖာသာ နေလာခဲ့ပေမဲ့ ဒီပဲပင်တွေနှင့်ကျမှ အတော်လေးဦးဏှောက်ခြောက်နေရတယ်။ ပဲပင်တွေကလဲ အပင်သန်လွန်းလေတော့ သူစိုက်ခဲ့တဲ့ပဲ သူပြန်မရှင်းနိုင်ဘဲ ဖြစ်နေတယ်။ စိုက်ပျိုးရေးပညာရှင်တစ်ယောက်ရဲ့ အကြံကို လက်ခံမိခဲ့တာကိုလဲ နောင်တရမဆုံး ဖြစ်နေရှာတယ်။ အင်း... တရားသံဝေ ပွါးလောက်ပါရဲ့။ အဲ.. ဒါပေမဲ့ ဘယ်တတ်နိုင်မလဲလေ။ သူကိုယ်တိုင်က ပဲမျိုးတွေကိုမှ ရွေးစိုက်ခဲ့မိတာကိုး။
တစ်နေ့ကျတော့ တစ်ခြားရွာက ရွာသူကြီးတစ်ယောက် သူ့လက်အောက်ငယ်သားတွေနဲ့အတူ ကိုပဲတို့ရွာကို ပေါက်ချလာတယ်။ ပဲမျိုးတောင်းဖို့လာခဲ့ကြတာပါ။ ကိုပဲတို့ရွာမှာ ပဲမျိုးဖြစ်ထွန်းတာကို သူတို့ သိထားကြတယ်လေ။ ဒါပေမဲ့ ကိုပဲတို့ရွာရောက်တဲ့အထိ သူတို့လာလမ်းတစ်လျောက် ပဲစိုက်ခင်းမပြောနဲ့၊ ဘာစိုက်ခင်းမှ မတွေ့ခဲ့ကြဘူး။ ဘာပဲပင်မှလဲ မမြင်ခဲ့ကြဘူး။ ယုတ်စွအဆုံး ကိုပဲတို့ရွာမှာ လယ်ယာမြေကွက်တွေကိုတောင် လုံးဝ မတွေ့ရဘူး။ သူတို့အတွေးပွါးကြပြီပေါ့။ သူတို့ခမျာ "ကိုပဲတို့ရွာသူကြီးစိုက်တဲ့ ပဲက ဘာပဲပါလိမ့်" ဆိုပြီး စဉ်းစားမရဖြစ်နေကြလေရဲ့။ ဒါနဲ့ မထူးပါဘူး ဆိုပြီး သူတို့ဟာ ကိုပဲတို့ရွာက သူကြီးအိမ်ကို တက်ပြီး ပဲမျိုးတောင်းကြတော့တာပေါ့။ "သင့်လျော်ရာ ပဲမျိုးကို ပေးပါ၊ ကျနော်တို့ ဖြစ်ထွန်းအောင် ကြိုးစားစိုက်ကြပါ့မယ်" လို့ ၀န်ခံကတိပေးကြတယ်။
ကိုပဲတို့ရွာသူကြီးလဲ "စိတ်ချပါ ခင်များတို့ကို ပဲမျိုးပေးပါ့မယ်။ ဒါပေမဲ့ ခင်များတို့ ကောင်းကောင်းမွန်မွန်စိုက်ပျိုးရမယ်။ အလေအလွင့် သိပ်မရှိစေနဲ့။ ဒီပဲတွေက မျိုးသန့်ပဲတွေ" ဆိုပြီး ရွာဆော်မောင်းကြီးကို ထုကာ ရွာထဲရှိလူ လေးငါးခြောက်ယောက်ကို ဆင့်ခေါ်လိုက်တယ်။ လေးငါးခြောက်ယောက်ဆို ကိုပဲတို့ရွာသားဦးရေအားလုံးကလဲ အဲလောက်ဘဲ ရှိတာကိုး။ ရွာသားတွေ စုံစုံညီညီရောက်လာတဲ့အခါ ကိုပဲတို့ရွာသူကြီးက အခြားရွာက သူကြီးနှင့်အဖွဲ့ကို ကြည့်ပြီး...
"ကဲ.. ခင်များတို့ သူတို့အားလုံးကို ခေါ်သွားပါ။ သူတို့သာ ခင်များတို့ရွာရောက်သွားရင် ခင်များတို့တစ်ရွာလုံး ပဲမျိုးစုံရဲ့ အတွေ့အကြုံကို ကောင်းကောင်းသိရပါလိမ့်မယ်။ ကျနော်အာမခံပါတယ်။ တကယ်လို့ ခင်များတို့ရွာမှာ ပဲမဖြစ်ထွန်းဘူးဆိုရင် ကျနော့်ကို ကြိုက်သလို လုပ်နိုင်ပါတယ်။ ဒါပါဘဲ။ ကဲ ခင်များတို့ သူတို့ကိုခေါ်ပြီး ပြန်နိုင်ပါပြီ"
ဆိုပြီး စကားကို တစ်လုံးချင်း ပြောချလိုက်ပါတော့တယ်။ တစ်ခြားရွာက သူကြီးလည်း "ငါတို့လာတောင်းတာက ပဲမျိုး၊ ကိုပဲတို့ရွာသူကြီးပေးခဲ့တာက လူတွေ၊ ဘယ်လို ဖြစ်တာပါလိမ့်" ဆိုပြီး ဇဝေဇ၀ါ ဖြစ်ကာ ပဲမျိုးကိုလဲ မယူ၊ လူတွေကိုလဲ ခေါ်မသွားဘဲ နောက်ကြောင်းလှည့်ပြီး ပြန်သွားကြပါတော့တယ်။ ကိုပဲတို့ရွာသူကြီးလဲ ငိုရမလို ရယ်ရမလိုနဲ့ ငုတ်တုတ်ကျန်ရစ်ခဲ့ပါတော့တယ်။ ဘယ်အချိန် ဘယ်တော့လို့ ခန့်မှန်းလို့ မရနိုင်တဲ့ ပဲမျိုးလာတောင်းမဲ့ နောက်ထပ်အဖွဲ့တစ်ဖွဲ့ကို ကိုပဲတို့ရွာသူကြီး စိတ်မောမောနဲ့ စောင့်မျှော်နေရှာလေရဲ့။ အဲ.. အဲ.. ဘယ်လိုဘဲ ဖြစ်ဖြစ် ကိုပဲတို့ရွာမှာတော့ နာမည်နဲ့အလိုက် ပဲ များနေကြဆဲပါဘဲလေ။ ။
...

1 comment:
15 comments:
ကိုဇော် said...
အင်း . . နှစ်ရွာ နှစ်ကျီဆောက်လို့ ပြီးတော့ . .
အခုဆို သုံးရွာတောင်မှ ဖြစ်လာပါပေါ့လား။
လုပ်ပါဦး နောက်ထပ် ဘယ်ရွာတွေ ထပ်ပေါ်လာဦးမလဲလို့ စောင့်ဖတ်ဦးမယ်။
Thursday, 13 January 2011 21:34:00 GMT
မေဓာဝီ said...
ဒီသူဂျီးလဲ ရွာသူဖမ်းစားခံနေရလား မသိဘူး။
မာနခဲတို့ရွာ ရေးလိုက် ကိုပဲတို့ရွာ ရေးလိုက် ... နောက်တခါ ဘာရွာလာအုံးမလဲမသိဘူး။
သူဂျီးရေးချက်က မြင့်လွန်းလို့ နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ပရိယာယ်ေ၀၀ုစ်တွေနဲ့ ပညာရှင်ချင်းသာ နားလည်တဲ့စာမျိုး မရေးပါနဲ့ သူဂျီးမင်းရယ်။ လူပြိန်းနားလည်အောင် ရေးပါနော် .....
Thursday, 13 January 2011 22:43:00 GMT
ခွန် said...
ခွန်တို့လည်း ပြိန်းတယ် သူကြီးရဲ့ :)
တခုခုတော့ တခုခုဘဲ ဆိုတာတော့ သိတယ်။
အနည်းဆုံးတော့ hintလေးဘာလေး ပေးသင့်တာပေါ့အေ.........
Friday, 14 January 2011 00:35:00 GMT
နှင်းဟေမာ said...
ို အိမ်းးးးးးး ၀င်္က၀ုတ္ထိအလင်္ကာမြောက်အောင်ရေးဖွဲ့ထားသည်ဟု ညွှန်းဆိုရပေလိမ့်မည်း)
နောက်တစ်ဖန် အတိဿယ၀ုတ္ထိအလင်္ကာမြောက်ရေးဖွဲ့ထားသော ရွာအကြောင်းအားရေးသားပါရန် တိုက်တွန်းအပ်ပေသည် ...။
( ကဗျာသံ စာသံဖြင့် ဖတ်ပါလေ ...း)
ပုံ-
မတ်ပဲ ...
အဲ ..... ယောင်လို့ မတ်နှင်းးD
မှားပြန်ပီ ....
မိနှင်း ( တုံးဖလားရွာ )းp
Friday, 14 January 2011 01:38:00 GMT
Anonymous said...
အင်း သကြီး ရေ
အပေါ်က ဘော်ဘော် တွေပြောတဲ့ အတိုင်းပါဘဲ ရွှေစင်ဦး ကလည်း မလည်ဘူး
ခင်မင်စွာဖြင့်
ရွှေစင်ဦး
Friday, 14 January 2011 02:01:00 GMT
သိင်္ဂါကျော် said...
အခုတလော ရွာအကြောင်းတွေ တော်တော် ရေးနေပါလား..
Friday, 14 January 2011 02:05:00 GMT
ရွှေရတုမှတ်တမ်း said...
ဒီသဂျီးရဲ့ ရွာအုပ်စုက ၁၀ ရွာလောက်ရှိတယ်လေ..
Friday, 14 January 2011 03:30:00 GMT
မိုးယံ said...
ကိုယ့်ဥာဏ်နဲ့ မှီသလောက် လိုက်တွေးရင်း ဖတ်သွားတယ်.. ဥာဏ်မမှီတော့ သိပ်မရှင်း... မျက်လုံးထဲ ပုံဖေါ်ကြည့်တော့လဲ ၀ိုးတ၀ါးပဲ သူဂျီးမင်းရယ်
Friday, 14 January 2011 04:04:00 GMT
ချော(အစိမ်းရောင်လွင်ပြင်) said...
သူဂျီး
ညကတည်းက လာဖတ်တာ
ဖတ်ပြီး စဉ်းစားတယ် သူဂျီးဘာဆိုလိုချင်ပါလိမ့်လို့... စဉ်းစားမရဘူး
ဒါနဲ့ ပြန်သွားတယ်.. ခုညနေ တစ်ခါ လာပြန်ဖတ်တယ်.. အရှေ့က မာနခဲတို့ရွာကိုပါ သေချာ ပြန်ဖတ်တယ်.. ၂ခေါက်စီ ဖတ်တာဆိုတော့
အော်.. သူဂျီးဆိုလိုချင်တာက...
အဲ အိမ်မှာ ဟင်းအိုးတည်ထားတာ မီးခလုပ်မပိတ်ခဲ့ရဘူး... မီးတူးမှာစိုးလို့ ပြန်လိုက်ဦးမယ်နော်..
စကားပြောလို့ မဆုံးခင် ပြန်သွားရတာဆောရီးနော် သူဂျီးး)
Friday, 14 January 2011 13:53:00 GMT
မောင်လေး said...
ပြောတတ်ဘူး...တဂျီး....အကောင်ပြတောင် အရိပ်လောက်
မြင်တာ...၊ဆိုတော့...နားလုံးးးးးးးဝ မလည်ပါ...။
Friday, 14 January 2011 15:02:00 GMT
ယွန်း said...
နားလည်တလိုလိုတော့ချိတယ် ..တဂျီးး ၀ိုးတ၀ါးနဲ့ ဖတ်သွားတယ် ..
Saturday, 15 January 2011 03:32:00 GMT
flowerpoem said...
သူကြီးရေ Idea ကအရမ်းကို မိုက်ပါတယ် လေးစားပါတယ်ရှင်...သိပ်တော့ နားမလည်ဘူး ဒါပေမယ့် သိတော့သိတယ် ဟီး :P
Saturday, 15 January 2011 08:58:00 GMT
မြစ်ကျိုးအင်း said...
ပြီးအောင်တော့ ဖတ်ကြည့်တယ်။ ဆိုလိုတာကို မသိတော့ ဘာမှမပြောခဲ့တာ ပိုကောင်းမယ်။
Sunday, 16 January 2011 05:37:00 GMT
ကောင်းမွန်ဝင်း said...
လာဖတ်တာနှစ်ခါရှိပါပြီ။
စာကြောင်းအတိုင်း ကတော့နားလည်ပါတယ်။
အခြားဆိုလိုချင်တာရှိသေးလားလည်းမသိဘူး။
မရှိဘူးဆိုရင်တော့ စိတ်ကူးအတိုင်း သရုပ်ဖေါ်တာရေးတာမျိုးဆိုတာပဲဖြစ်ရမယ်။
ဟုတ်လားဟင် သဂျီး။
Monday, 17 January 2011 03:51:00 GMT
Anonymous said...
ကဲ သဂျီးရေ၊
ပဲ သိပ်မကျက်သေးသူတွေ များပုံပဲ။
သဂျီးရဲ့ အသည်းကြားက ပဲများတာကို မျှော်နေကြမှတော့ ..
ပဲ နည်းနည်း ထပ်ကျွေးလိုက်ပါအုံး။
မန်းကိုကို
Tuesday, 25 January 2011 23:07:00 GMT
Post a Comment