နှင်းရယ်.. ရက်စက်လိုက်တာ။ ဘယ်အငြိုးတွေကြောင့် ဒီလောက် ရက်စက်ပြရတာလဲ။ ကျနော်ဘာမှ နားမလည်တော့ဘူး။ နှင်းရဲ့ နှလုံးသားထဲမှာ ဘာဖြစ်လို့ အခုလို ရက်စက်မှုတွေ ကိန်းဝပ်နေရတာလဲ။ ကျနော့်မှာ ဘာအမှားတွေရှိလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ ကျနော်ဘာမှ မသိတော့ဘူး နှင်းရယ်။ တကယ်ဆို နှင်းရဲ့ နှလုံးသားက အဖြူရောင်သက်သက်လေးပါ။ ဘာဖြစ်လို့ ဘာ့ကြောင့် ဘယ်လို ဘယ်သူက နှင်းရဲ့ နှလုံးသားကို အခုလို ညစ်ပတ်ပေရေနေတဲ့ အမဲရောင်တွေ ဆိုးသွားရတာလဲ။ နှင်းကို ကျနော်ယုံတယ်။ နှင်းရဲ့ နှလုံးသား အစစ်အမှန်က အခုလို ကောက်ကျစ်ညစ်ပတ်မှုနဲ့ တည်ဆောက်ထားတာ မဟုတ်ဘူး။
မှတ်မိသေးတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က နှင်းနှင့်ကျနော် စတင်ဆုံဆည်းခဲ့တယ်။ အခိုက်အတန့်လေး ဆုံဆည်းခွင့်ရခဲ့ပေမဲ့ နှင်းရဲ့ သိမ်မွေ့မှု ယဉ်ကျေးမှု ဖြူစင်မှု ရိုးသားမှု ဖော်ရွှေမှုတွေကြောင့် နှင်းကို ကျနော် ရင်ထဲက နက်နက်နဲနဲ မြတ်နိုးတွယ်တာမိခဲ့တယ်။ အဲဒီတုန်းက နှင်းရဲ့ အပြုံးလေး အခုထက်ထိ ကျနော်မမေ့သေးဘူး။ ဘယ်တော့မှလဲ မေ့ပစ်လို့ရမဲ့ အပြုံးမျိုးမဟုတ်ပါဘူးနှင်းရယ်။ နှင်းရဲ့တိုးညှင်းသာယာလှတဲ့ ရယ်မောသံလေးရယ်၊ နှင်းရဲ့ ယုယမှုရယ်၊ နှင်းရဲ့ သန့်ရှင်းဖြူစင်တဲ့ အပြုံးပန်းလေးတွေရယ်၊ နှင်းနဲ့ပတ်သက်ခဲ့တဲ့ အမှတ်ရစရာ တွယ်တာစရာတွေ အာလုံး ကျနော့် နှလုံးသားအလယ် ဗဟိုတည့်တည့်မှာ နေရာယူထားခဲ့ကြတယ်လေ။
နှင်းရောက်လာပြီး နောက်တစ်နေ့မှာဘဲ နှင်းရဲ့ ပွေ့ပိုက်မှု၊ နှင်းကို ပွေ့ပိုက်မှု၊ နှင်းရဲ့ကိုယ်သင်းရနံ့၊ နှင်းရဲ့ ကြည်နူးမှု၊ ပြီးတော့ နှင်းရဲ့ ကျီစယ်မှုတွေနဲ့အတူ ကျနော် အကျေနပ်ကြီးကျေနပ်နေခဲ့မိတယ်။ အပျော်ကြီး ပျော်ခဲ့မိတယ်။ အမော်ကြီးမော်ခဲ့မိတယ်လေ။ အဲဒီတုန်းက အချိန်လေးတွေ အခု ပြန်လိုချင်နေမိတယ် နှင်းရယ်။ အဲဒီအချိန်တုန်းက နှင်းရဲ့နှလုံးသားထဲမှာ အမဲရောင်တွေ လုံးဝမရှိခဲ့တာ ကျနော်သိပါတယ်။ ကျနော်သာ အသိဆုံးပါ နှင်းရယ်။ နှင်းလဲ ကျနော့်ဆီမှာ အတော်လေး ပျော်ခဲ့မယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ်က စပြီး ကျနော့်ဆီကို နှင်း နှစ်စဉ်ရောက်ခဲ့တယ်လေ။ ထူးထူးခြားခြား ဒီနှစ်ဆို နှင်း ကျနော့်ဆီ နှစ်ခေါက်တိတိရောက်ခဲ့တယ်လေ။ ဒုတိယအခေါက်မှာဆို နှင်းအကြာကြီးနေခဲ့တယ်။ အဲဒါတွေက နှင်းရဲ့ ကျနော့်အပေါ်ထားခဲ့တဲ့ သံယောဇဉ်တွေရဲ့ သက်သေဘဲလို့ ကျနော် ယုံကြည်ပါတယ်။
ဒါပေမဲ့ ဘာဖြစ်လို့ အခုလို ဒုတိယအခေါက်မှာ သစ်စိမ်းချိုးချိုးပြရတာလဲ နှင်းရယ်။ နှင်းရဲ့ အချိုးတွေ အရမ်း အရမ်းကို ပြောင်းလွဲလာတယ်။ နှင်းရဲ့ အပြုံးတွေလဲ မသန့်ရှင်းတော့ဘူး။ နှင်းရဲ့ အပြုံးလေးတွေထဲမှာလဲ ဟန်ဆောင်မှုတွေ အများကြီး မြင်တွေ့ရတယ်။ ပြီးတော့ နှင်းရဲ့ အမူအယာတွေက ခပ်ရိုင်းရိုင်းဖြစ်လာတယ်။ နှင်းရဲ့ စိတ်ဓါတ်တွေက ခပ်ညစ်ညစ်ဖြစ်လာတယ်။ နှင်းရဲ့ ရိုက်နှက်မှုတွေက ကျနော့်တင်မကဘဲ ပတ်ဝန်းကျင်ကိုပါ ထိခိုက်လာတယ်။ အပူချိန် အမြဲအနှုတ်ဒီဂရီအောက်ရောက်နေလို့ ခိုက်ခိုက်တုန်ချမ်းနေရတဲ့အထဲ နှင်းရဲ့ ရက်စက်မှုတွေကြောင့် အားလုံး ဒုက္ခရောက်ကြရတယ်လေ။
မနေ့ကလဲ ကျနော့်အိမ်က အဘိုးကြီးတစ်ယောက်ကို နှင်းအမြင်ကပ်လို့ထင်ပါရဲ့။ နှစ်ခါတိတိ တွန်းလဲပစ်ခဲ့တယ်လေ။ အိမ်ရှေ့မှာတစ်ခါ လမ်းမကြီးပေါ်မှာ တစ်ခါ နှင်းတွန်းလဲတဲ့အတွက် အဘိုးကြီးခမျာ နှစ်ခါစလုံး ဖင်ထိုင်လဲကျသွားရှာတယ်။ ဒဏ်ရာလဲ နဲနဲရသွားရှာတယ်။ နှင်း သိပ်ရက်စက်တာဘဲ။ ဘာဖြစ်လို့ နှင်းနှလုံးသားတွေ အခုလို မာကျောလာရတာလဲ နှင်းရယ်။ အစကတော့ နှင်းရဲ့သာ အမြဲတမ်းအတူနေရရင် ကျနော်ပျော်မယ်ထင်နေခဲ့တာ။ နှင်းကို ကျနော်တို့ တုံးဖလားရွာလေးထိတောင် လိုက်လာစေချင်ခဲ့တာလေ။ အဲဒါတွေ နှင်းသိပါတယ်။
အခုဆို နှင်းရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ကျနော့်အိမ်ရှေ့မှာ နေ့စဉ်တေးသီပေးနေတဲ့ ငှက်ကလေးတွေလဲ မလာကြတော့ဘူး။ အမြဲတမ်းအစာလာတောင်းတဲ့ ခိုဖြူခိုပြာလေးတွေလဲ မလာကြတော့ဘူး။ လာလည်နေကြ မိတ်ဆွေတွေလဲ အိမ်နားကိုတောင် လာမကပ်ကြတော့ဘူး။ ယုတ်စွအဆုံး အိမ်နားက ဖြတ်မောင်းနေတဲ့ ဘတ်စ်ကားကြီးတွေ ကိုယ်ပိုင်ကားလေးတွေ မော်တော်ဆိုင်ကယ်တွေတောင် အခုဆို အိမ်နားက လမ်းကို လာမဖြတ်သန်းကြတော့ဘူးလေ။ နောက်ရှိသေးတယ်။ မြန်မာပြည်ပြန်ခါနီး ဦးလေးကြီးတစ်ယောက်ကို ကျနော် နေ့စဉ် လန်ဒန်မြို့ထဲက စိတ်ဝင်စားစရာတွေကို တစ်ခုပြီးတစ်ခု လိုက်ပို့ပေးခဲ့တယ်။ အဲဒါ အခု အဲဒီဦးလေးကြီးလဲ ကျနော်နှင့်အတူ လျောက်မလည်ချင်တော့ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ နှင်းကို သူအရမ်းကြောက်လို့တဲ့။ အဲဒါတွေ အားလုံး နှင်းကြောင့် ဖြစ်ရတာပါ။ အဲဒါတွေ အားလုံး နှင်းရဲ့စိတ်ဓါတ်မကောင်းမှုတွေကြောင့်ဖြစ်ရတာပါ။ အဲဒါတွေဟာ နှင်းရဲ့ အပြစ်တွေကြောင့်ပါဘဲ နှင်းရယ်။
ယုတ်စွအဆုံး သုံးမိနစ် နှစ်စီးကျ ကျနော်တို့ အိမ်ခေါင်မိုးပေါ် ဖြတ်ပျံသန်းနေတဲ့ ဝေဟင်က လေယာဉ်တွေတောင် မပျံသန်းကြတော့ဘူးလေ။ နှင်းကို လန့်လို့တဲ့။ အဲဒါကြောင့် မြန်မာပြည်ကအလည်လာခဲ့တဲ့ ကျနော်တို့ရဲ့ ကျေးဇူးရှင်တစ်ယောက် ဘိလပ်မှာ သောင်တင်နေရပြီလေ။ နှင်းက ကျနော့်ကိုသာမကဘဲ ဘာဖြစ်လို့ ပတ်ဝန်းကျင်ကိုပါ လိုက်နှောက်ယှက်ရတာလဲ နှင်းရယ်။ ကျနော့်ကို မကျေနပ်ရင် ကျနော့်တစ်ယောက်ထဲကိုဘဲ မုန်းတီးပစ်လိုက်ပါ၊ ပတ်ဝန်းကျင်ကိုတော့ မမုန်းတီးလိုက်ပါနဲ့လားနှင်းရယ်။
ပြောပါ နှင်း။ ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ။ ကျနော် ဘာအပြစ်တွေ ကျူးလွန်ခဲ့မိလို့လဲ။ နှင်းအပေါ် ဘာတွေ မှားခဲ့လို့လဲ။ ဘာကြောင့် အခုလို စိတ်ပြောင်းလဲသွားရတာလဲ။ ကျနော့်အမူအယာတွေက နှင်းကို မနှစ်သက်စေခဲ့တာလား။ ကျနော့်အကြောင်းလဲ နှင်းသိတဲ့အတိုင်းဘဲလေ။ ဒီလိုဘဲ မပွင့်တစ်ပွင့်နဲ့ ခပ်အေးအေးနေတတ်တာ နှင်းဘဲ အသိဆုံးဘဲလေ။ ကျနော့်စိတ်ထဲမှာ ဘယ်သူ့ကိုမှ နှောင့်ယှက်နစ်နာစေမှု မရှိခဲ့တာလဲ နှင်းဘဲနားအလည်ဆုံးဘဲမဟုတ်လား။ ကျနော့်နှလုံးသားက နှင်းနဲ့ တွေ့ခါစအတိုင်း လတ်ဆတ်ရှင်သန်ဆဲပါဘဲ နှင်းရယ်။
တစ်ခုတော့ ပြောမယ် နှင်း။ တကယ်လို့ ကျနော့်မှာ အပြစ်ရှိတယ်ထင်ရင် ကျနော့်ဆီလာပြီး နှင်းကြိုက်သလောက် ထုနှက်ရိုက်ပုတ်လာလှဲ့ပါ နှင်း။ ဒါပေမဲ့ ပတ်ဝန်းကျင်နှင့်ပတ်ဝန်းကျင်က လူတွေ သတ္တ၀ါတွေကိုတော့ လွတ်လပ်ခွင့်ပေးလိုက်ပါ။ ထပ်မနှောက်ယှက်ပါနဲ့တော့။ အနူးအညွတ်တောင်းပန်ပါတယ်။ ရိုကျိုးစွာနဲ့ တောင်းဆိုပါတယ်။ အားလုံးကို ကင်းလွတ်ခွင့်ပေးလိုက်ပါ။ အခုလို အနှုတ်ဒီဂရီတွေအောက်မှာ နှင်းနှင့်ထပ်ပြီး ရန်မဖြစ်ပါရစေနဲ့တော့လား နှင်းရယ်။ ။
တစ်ချိန်တုန်းက
နှင်းရဲ့
ကိုကိုမောင်
.
.
22 comments:
ဦးကိုကိုမောင်ရယ် ဒီဘက်မှာနေတဲ့လူကိုလဲ သနားပါဦးနော် များတို့ဘက်က ရာသီဥတု ပိုဆိုးပါတယ်နော် ဟွင့်
ဒါပေမယ့်လေ သိတယ်မလား များတို့က နှင်းမင်းသမီးလေးလေ ဟက်ဟက်
တကယ်ပါပဲ..နှင်း ကိုတော့ နရင်းချည့်တီးချင်နေတော့တယ်..
ဒီနှစ်ရာသီဥတု တော်တော်ဆိုးတယ် သဂျီးရေ့....
ကျနော့်နှင်းကတော့ နှင်းထဲမှာ ပျော်နေတယ် ထင်ပါ့ဗျာ။
ကျနော့်ကိုတောင်မှ မေ့လို့...
ဒီကနှင်းကတော့
နှင်းပျောက်လို့ လိုက်ရှာနေတာလေ....
တော်သေးတယ်
နားရင်းတီးမယ့် ဘကျောက်နဲ့ အဝင်အထွက်လွဲသွားလို့....းးးး))))))
ပြန်ပီ ကိုကိုမောင်ရေ
နှင်း
ဒီက ရေးမလို့ဟာကို သဂျီး ဦးသွားတယ်။ ဟွန်းးးးးးးး
လောကကြီးကဒီဘက်ကိုနှင်းနည်းနည်းမျှလိုက်တာဟုတ်ဖူး နှင်းမမြင်ဖူးတဲ့သူတွေကတော့ နှင်းကိုမြင်ချင်လွန်းလို့  ဟူးးးးးးးးးးးးးးးးး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
အောင်မငီး ... မိနှင်း သို့ပေးစားတစ်စောင်ဆိုတော့ လန့်ဖြန့်သွားတာပဲ ...းp
တစ်ကယ်ပါ တော်တော် နောက်တဲ့ ငါ့အစ်ကိုး)))
မိနှင်းးD
တတ်လဲ တတ်နိုင်လိုက်တာကွယ်... မောင်တို့ယောက်ျားတွေရယ်...
အယ်... တို့အထက်က နှင်းဟေမာ လန့်သွားသလားဗျာ...
နရင်းတီးမယ့် ဘကျောက်လဲ နှင်းတွေထဲမှာ ပဲ..
ဂွီ
နှင်းဋီကာ ချဲ့လိုက်တာ ဖတ်ဖတ်ချင်းတော့ ကောင်းမလေး လှလှလေးလို့ ထင်လိုက်မိတယ် နောက်တော့မှ အင်္ဂလန်ရဲ့ မိနှင်းဖြစ်နေပေတာကိုး..
အင်းနော် စာဖွဲ့ရလောက်အောင်ဘဲ နှင်းကလည်း ရက်ရက်စက်စက် ကျပေတာကိုး...
ဒီလိုနှင်းမျိုး မမြင်ဖူးသူကျတော့လည်း တွေ့ဖူးချင်မိတယ်.. ဒါပေမဲ့ အချမ်းဒဏ်ကိုတော့ ခံနိုင်မယ် မထင်ဘူး.. ခုတောင် ဂွမ်းစောင်၂ထပ်နဲ့.. နေ့ခင်းကြီးကိုး)
သူဂျီးကိုတော့ ညှာတာသင့်ပါတယ်. မမနှင်းရယ် နော်
"ဆန္ဒနှင်း" ဆိုလို့
အမှန်ပ မပျင်းစေဖို့
နှမနှင်းရယ်က ကျီစယ်သယောင်။
ကိုကိုမောင် ရှောင်မတွန့်ပါနဲ့
ယောင်စွန့်ကာ မထေရ်ကြီးလို
ရိပ်ကြီးကို ခိုမယ်မှန်းသော်လဲ
ကျိတ်ပြီး အို-ငိုချင်စမ်းပါလို့
လွမ်းစချည်နှောင်။
နှင်းဖြူရယ် မင်းကူမှ ဖြစ်မတဲ့
ဖွဲ့နွဲ့ကာ စာစီကုံးသူက
နှလုံးတွေ ညစ်ကျူနွမ်းနေလို့
ရင်တွင်းမှာ နှင်းဖြူလွှမ်းစေဖို့
ယောင်ယမ်း၍ ဆုတောင်းဆောင်
ကိုကိုမောင့် ဒီစကား ... ။
နတ်သိကြားတွေက
*တရက်ဖားသူကို အပြတ်သနားတာမို့
တဖက်သားကို အလိုပြည့်စေဖို့
နှင်းတမန် အပြင်းအထန် လွှတ်လိုက်တယ်
အလိုဗျာ ... ရှေးကထက် များးးးးးးးးး ။
***
ခက်ဆစ် - *တရက်ဖားသူ = တရားဖက်သူ
မှတ်ချက်။ မနက်ဖြန်တွင် လန်ဒန်မြို့နှင့် အနီးတ၀ိုက်၌ နှင်းသည်းထန်စွာ ကျမည်ဟု သတင်းရရှိပါသည်။
သဂျီးကလည်း အရမ်းအနစ်နာခံတာပဲနော်။
“တကယ်လို့ ကျနော့်မှာ အပြစ်ရှိတယ်ထင်ရင် ကျနော့်ဆီလာပြီး နှင်းကြိုက်သလောက် ထုနှက်ရိုက်ပုတ်လာလှဲ့ပါ နှင်း။ ”
နှင်းက ပြောခိုင်းလို့လာပြောတာ။
“အပြစ်မရှိလည်း ထုနှက်ရိုက်ပုတ်ချင်တာ”
တဲ့။
ဘီရိုလုပ်မီလဲ။
ဟဲဟဲ။
ဒီမှာတော့ နှင်းပျောက်တဲ့ ဆောင်းဖြစ်နေတယ် ကိုကိုမောင်ရေ....
အဲဒီ နှင်းကိုပဲ တကူးတကသွားကြည့်ဦးမယ်.. :P...
ခင်မင်တဲ့
နေ၀သန်
အဲဒီနှင်းရက်စက်လို့ ချဲဆီး-မန်ယူပွဲ ရွှေ့သွားတာ
ကြည့်မလို့ အားခဲထားရတာ ပျက်သွားရတယ်။
ဟုတ်ပဗျာ အစ်ကို့ ဆီကနှင်းရက်စက်လို့  မန်ယူနဲ့ ချဲဆီးပွဲ
လွဲသွားတာ လန်ဒန်ကနှင်းကို အစ်ကိုသေချာဆုံးမဖို့ တော့
လိုဘီထင်တယ် . . . :D
ဟုတ်ပ...
ဒီ “နှင်း” ဆိုတဲ့သူ..
တော်တော်မွှေနေတယ်...
ဟိုလူ့မွှေလိုက်...ဒီလူ့မွှေလိုက်နဲ့...
သူ့ကြည့်တော့ ဖြူဖြူဖွေးဖွေးလေး...
အဲဒါကြောင့်ပြောတာ..ဖြူတိုင်း..မဖြူပါဘူးလို့..:P
နှင်းနဲ့ မီးကျီးဖိုလေးရယ် သယ်ရင်းတွေရယ် ကို သတိရသွားတယ်။ နှင်း ကသူနေရာနဲ့ ရက်စက်သလို ချိုမြိန်မှုတွေကိုလည်း ပေးပါတယ်ဗျာ ...
မမြင်ဖူးခင်တော့နှင်းက ချစ်ချင်စရာလေးပေါ့..
မြင်လည်းမြင်ဖူးရော..နှင်းဆိုတာ ပပ၀တီလို
ချစ်ဖို့မကောင်းဘူးဆိုတာ သိသွားကြပါလိမ့်မယ်..
(မှတ်ချက်။ ။ဆီးနှင်း)...
အကိုရေ ပထမဦးဆုံးအကြိမ်လာလည်သွားပါတယ်ခင်ဗျာ....
ညီလေးသန့်
အဲဒီနှင်းကြောင့်ပေါ့
ကျွန်တော်ကြည့်ချင်တဲ့ မန်ယူနဲ့ချယ်ဆီးပွဲပျက်သွားရတာ သဂျီးရာာာာ......
ဖြစ်မှဖြစ်ရလေ...တဂျီးရယ်..
ညီမစီမှာလည်းနှင်းမလာပေမဲ့..
နှင်းရဲ့ဆွေမျိုးတွေကရက်စက်လို့
အနွေးထည်တွေ3ထပ်လောက်ဝတ်နေရတယ်လေ..
အလုပ်ကပြန်လာရင်
မာဖလာနဲ့..mask နဲ့..
အိမ်ရောက်ရင်မှန်ပြန်ကြည့်
ဘယ်ကဘဏ်ဒမြတိုက်မဲ့..
မိန်းမလည်းလို့လေ...ဟီးးဟီးး
မုန်းလိုက်တာနှင်းတွေကို..
မြင်တောင်မမြင်ချင်တော့ဘူး
ဟွန့် ...
နှင်း ဆိုလို့ ကောင်မလေးလှလှလေးလို့မြင်ယောင်လ်ုက်တာ
ဒီမှာတော့ နှင်းမလာတဲ့ နှစ်တွေပါပဲ
ပထမကြိမ်လာလည်ခြင်းပါ
Post a Comment