Tuesday, 13 April 2010

မန်းတောင်ရိပ်ခိုချင်ပေမဲ့


သင်္ကြန်မိုးလေးတွေပက်အဖျန်းမှာ
ဟောတော့ လို့ သူအော်ပြီး
ချမ်းတုံချမ်း လှတယ်လေးတဲ့။

ကိုကတော့
သင်္ကြန်ရောဂါတက်နေပြီ
နွေဦးကဗျာ ကျူးရင့်ချိန်မှာ
ညိုမြရေ မင်းဘယ်ဆီရောက်နေလဲ။

တူးပို့ တူးပို့ အသံတွေပျံ့ လွင့်နေတဲ့
နှစ်သစ်မင်္ဂလာ အခုချိန်ခါမှာ
မန်းတောင်ရိပ်ခိုချင်ပေမဲ့လဲ
ပိတောက်တစ်မျက်နှာကြောင့်
ဒီလိုလေးဘဲ နှုတ်ဆက်ပြီး လွမ်းနေတော့မယ်။


မှတ်ချက်။
ဓါတ်ပုံကို ဒီက ယူထားတာပါ။

...

Thursday, 8 April 2010

ခေါင်းစားစေတဲ့ ဒွါဒသမမြောက် လျှို့ ဝှက်ချက်


နိုင်ငံအမျိုးမျိုး လူအမျိုးမျိုးမှာ လာဘ်ကောင်းစေတဲ့ ဂဏန်း၊ ကံကောင်းစေတဲ့ ဂဏန်းလို့ ယူဆထားကြတဲ့ ဂဏန်းတွေနံပါတ်တွေရှိကြပါတယ်။ ဥပမာအားဖြင့် အင်္ဂလိပ်လူမျိုးတို့က နံပါတ် ၇၊ တရုတ်လူမျိုးတို့က နံပါတ် ၈၊ မြန်မာလူမျိုးတို့ကတော့ နံပါတ် ၉ အစရှိသဖြင့်ပေါ့။

ရိုးရိုးရှင်းရှင်းအနေနဲ့ ပြောရရင်တော့ အင်္ဂလိပ်တို့က နေ့နံ ၇ ပါး (ခုနစ်ရက်တစ်ပတ်)နှင့် ပိုပြီးမြင်သာထင်ရှားတဲ့ ဂြိုဟ်ကြီး ၇ လုံး (Sun, Moon, Mercury, Venus, Mars, Jupiter and Saturn)တို့ကို ရည်ရွယ်ပြီး နံပါတ် ၇ ကို ကံကောင်းစေတဲ့ ဂဏန်းလို့ ယူဆထားကြတယ်လို့ ယေဘုယျအဆိုရှိကြပါတယ်။ တစ်ခြားနည်းတွေလဲ အများကြီးရှိနေဦးမှာ သေချာပါတယ်။

တရုတ်လူမျိုးတို့က သူတို့ရဲ့ဂဏန်း နံပါတ် ၈ (八 Pinyin: bā) ဟာ တိုးတက်ချမ်းသာခြင်းဆိုတဲ့ စကားလုံး ( - short for "发财", Pinyin: fā). နှင့် အသံချင်း ဆင်တူပါတယ်တဲ့။ ပြီးတော့ သူတို့ဒေသိယစကားတစ်ခုဖြစ်တဲ့ Cantonese စကားမှာလဲ နံပါတ် ၈ "baat"နှင့် ကံကောင်းခြင်း "faat" တို့ဟာ ဆင်တူကြပါတယ်တဲ့။ "88"ဆိုတဲ့ ၈ ဂဏန်းနှစ်ခုပူးထားရင် နှစ်ပြန်ကံကောင်းခြင်းလို့အဓိပ္ပါယ်ရတဲ့ 囍, ( the "shuāng xĭ")ဆိုတဲ့ သူတို့အက္ခရာနှင့်ဆင်တူပါတယ်တဲ့။ အဲဒါတွေကြောင့်လဲ တရုတ်လူမျိုးတို့ဟာ ၈ ဂဏန်းကို အလွန်တန်ဖိုးထားကြပါတယ်။ ဘယ်လောက်ထိ တန်ဖိုးထားကြသလဲဆိုတော့ ၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်ပွဲကို ပီကင်းမှာ ကျင်းပစဉ်တုန်းက (အိုလံပစ်) အခန်းအနားကို ၈၊ ၈၊ ၀၈ ခုနှစ် ညနေ ၈နာရီ ၈ မိနစ် ၈ စက္ကန့်တိတိမှာ ဖွင့်လှစ်ခဲ့တာပါ။ (မြန်မာနိုင်ငံ ၈၊ ၈၊ ၈၈ ကိုတော့ ဘယ်လိုပြောရမည်မသိ :D )။

ဒါပေမဲ့ မြန်မာကျတော့ အခက်သား။ နံပါတ် ၉ ကို ကံကောင်းစေတဲ့ဂဏန်းလို့ တစ်နိုင်ငံလုံးက လက်ခံထားကြလေရဲ့။ လုပ်ငန်းကြီးတစ်ခုလုပ်ဖို့ ရက်သတ်မှတ်တဲ့အခါ၊ အုတ်မြှစ်ချတဲ့အခါ၊ ကြီးကျယ်ခန်းနားတဲ့ အရေးအကြောင်းတစ်ခုခုကို အစပျိုးတော့မဲ့ အခါတွေမှာဆိုရင် အဲဒီ နံပါတ် ၉ ဂဏန်းကို အမြတ်တနိုးအမြဲထားလေ့ရှိတယ်။ အထူးသဖြင့်တော့ စက္ကန့် မိနစ် နာရီ နေ့ လ နှစ်တွေနှင့် ပတ်သက်တဲ့ ဂဏန်းတွေနှင့် ပစ္စည်းအရေအတွက်တွေပေါ့။ ဥပမာအားဖြင့် ၉ နာရီ ၉ မိနစ် ၉ စက္ကန့်၊ ၉ ရက် ၉ လပိုင်း ၉၉ ခုနှစ်တွင် ဘုန်းကြီး ၉ ပါးပင့်ပြီး မေတ္တသုတ် ၉ ခေါက်ရွတ်ဖတ်ကာ ရွှေအုတ် ၉ ချပ် ငွေအုပ် ၉ ချပ် ပတ္တမြားအုတ် ၉တို့ကို အပျိုစင် ၉ ယောက်တို့၏ လက်ထဲမှ ယူ၍ အရာရှိ ၉ ယောက်တို့က အုတ်မြှစ်ချခဲ့ကြသည် အစရှိသဖြင့်ပေါ့လေ။

အဲဒီ နံပါတ် ၉ ဂဏန်းက ဘာကို ရည်ညွန်းတာပါလိမ့်။ ပထမကတော့ ဘုရားဂုဏ်တော် ကိုးပါးကိုရည်ညွှန်းတာလို့ဘဲ ထင်ခဲ့မိတယ်။ ကြီး ၉ ကြီးအဓိဋ္ဌာန်တို့ ဘုရား ၉ ဆူပွဲတို့ကလဲ ရှိကြသေးတယ်မဟုတ်လား။ ဘုရားကြီး ၉ ဆူရှေ့ သွားပြီး ဂုဏ်တော် ၉ ပါးပုတီးစိတ်နည်းနှင့် တစ်ရက်ကို ပုတီး ၉ ပတ်တိတိစိပ်ပြီး ၉ ရက်တိုင်တိုင် အဓိဋ္ဌာန်ဝင်နေကြတာလဲ မျက်မြင်ကိုယ်တွေ့တွေပါဘဲ။ ကိုန၀င်းကြေဆိုလား ဘာဆိုလဲ။ ကျနော်လဲ ဗေဒင်ဆရာမဟုတ်တော့ အဲဒီဘက် တကယ်ဝေးတယ်။ ကိုးန၀င်းဆိုတာ ဂြိုဟ်ကြီးကိုးလုံးနဲ့များ ဆက်နွယ်နေမလားမသိဘူး။ ကျနော်ကတော့ ကိုးန၀င်းအကြောင်းကြားရင် ဓါတ်ခဲဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုဘဲ ပြေးသတိရနေမိတယ်။

အဲ... ပြောရဦးမယ်။ ၉ ဂဏန်းကို တန်ဖိုးထားကြတာက ကျနော်တို့ ရွှေမြန်မာတွေတင်မဟုတ်ဘူးဗျို့ ။ အိမ်နီးချင်း ထိုင်းနိုင်ငံကလဲ အဲဒီ ဂဏန်းကို အလွန်တန်ဖိုးထားကြလေရဲ့။ သူတို့ရဲ့အယူအဆက ဂဏန်းတွေဟာ စုံ ဂဏန်းတွေထက် ကံကောင်းစေတယ်၊ မင်္ဂလာရှိစေတယ်တဲ့။ ဂဏန်းတွေထဲကမှ နံပါတ် ၉ ကို သူတို့ တန်ဖိုးအထားဆုံးပါဘဲ။ ထိုင်းလို နံပါတ် ၉ ကို Gao၊ တိုးတက်ကြီးပွါးခြင်းကို Kow-nah၊ ဆန်စပါး(ထမင်း)ကို Khao၊ အဲဒီလိုခေါ်ကြတယ်။ အဲဒီလို အသံထွက်ချင်းဆင်တူနေကြလို့ ၉ ဂဏန်းကို ပိုအလေးအမြတ်ထားတာပါ။ သူတို့လဲ မြန်မာလူမျိုးတွေလိုပါဘဲ။ အဆောက်အဦးသစ်၊ အိမ်သစ်၊ ဆိုင်သစ်၊ မင်္ဂလာပွဲ စတဲ့ အခမ်းအနားတွေရှိလာရင် ဘုန်းကြီး ၉ ပါးပင့်ဖိတ်ပြီး မင်္ဂလာခံယူလေ့ရှိကြပါတယ်။ ထိုင်းဘုရင့်သက်တမ်း အနှစ် ၆၀ပြည့် အထိမ်းအမှတ်အဖြစ်နဲ့တောင်မှ ရွှေရောင်ကာလာ Ipod အလုံးပေါင်း ၉၉၉၉ လုံးထုတ်လုပ်ခဲ့ပါတယ်တဲ့။ အဲဒီထဲကမှ ၉၉၉၉ခုမြောက် Ipod ကိုတော့ ဘုရင်ကိုယ်တိုင် ယူထားလိုက်ပါသတဲ့။ အဲဒီလောက်အထိ တန်ဖိုးထားကြတာ။
...

သူ့အရပ်နှင့်သူ့ဇာတ် ဟပ်စပ်နေတဲ့ ကံကောင်းလာဘ်ရွှင် ဂဏန်းအယူအဆတွေကိုတော့ ကျနော် ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ အခု ကျနော့်စိတ်ထဲ ဘ၀င်မကျဖြစ်နေတဲ့ ဂဏန်း တစ်ခုရှိနေတယ်။ အဲဒါကတော့ ၁၂ ဂဏန်းပါ။

အဲဒီ ၁၂ ဂဏန်းဖွဲ့စည်းမှုကို နေရာအတော်များများမှာ အသုံးပြုထားတာ တွေ့ရတယ်။ ဥပမာအားဖြင့် တစ်နှစ်မှာ ၁၂ လရှိတယ်။ တစ်ရက်ကို ၁၂ နာရီနှစ်ခါရေတွက်ထားတယ်။ တစ်ပေမှာ ၁၂ လက်မရှိတယ်။ တစ်ဒါဇင်ဆိုတာ ၁၂ ဖြစ်တယ်။ အမြှောက်အလီပေါင်းဆိုတဲ့အခါ ၁၂ မှာရပ်ထားတယ် (ဥပမာ- ၂x၁=၂ ........ ၂x၁၂=၂၄)။ ( ၂ x ၁၃= ၂၆ စတာတွေကို ကျနော်တစ်ခါမှ မကျက်မှတ်ခဲ့ဖူးဘူး။) ယုတ်စွအဆုံး စုန်းကဝေအတတ်ကို ညွန်းဆိုတဲ့အခါမှာတောင် "သူက ၁၂ ကြိုးထိတတ်မြောက်ထားတယ်နော်။ သတိထား၊ ကြောက်စရာကြီး" ဆိုပြီး ပြောလေ့ပြောထရှိကြတယ်။ ပြီးတော့ သိုင်းကစားတဲ့အခါမှာလဲ ၁၂ ကွက်သိုင်းကစားနည်းက အများဆုံးအကွက်ရေလို့ ကျနော်ထင်တယ်။ ၁၄ ကွက်သိုင်း ၁၆ ကွက်သိုင်း ၂၄ ကွက်သိုင်းတွေကို ကျနော် မဖတ်ခဲ့ဖူးဘူး။ ကျနော်သိသလောက်ပေါ့။
...

မာယာယဉ်ကျေးမှုအရ ပြက္ခဒိန်ကုန်ဆုံးပြီး ကမ္ဘာပျက်မယ်ဆိုတဲ့ နှစ် လ ရက် တို့ကလဲ ၁၂ ဂဏန်းနဲ့ ပတ်သက်နေတယ်။ ၂၀၁၂ ခု ၁၂ လပိုင်း ၂၁ ရက်နေ့တဲ့။ ၁၂ နှင့် ၂၁ က ကက်ကင်းဓါတ်လိုဖြစ်နေတယ်။ ပြီးတော့ ကမ္ဘာကြီးလှုပ်ရှားလည်ပတ်မှုကိုလဲ ၁၂ ဂဏန်းတွေနဲ့ နာမည်တပ်ပေးထားကြတယ်။ လက ကမ္ဘာကို ပတ်ပြီး တစ်ပတ်ပြည့်တဲ့အခါ တစ်လလို့ သတ်မှတ်ပြီး ၁၂ ပြည့်တဲ့အခါ တစ်နှစ်ဆိုပြီးသတ်မှတ်သလိုမျိုးပေါ့။
...

ဗေဒင်လက္ခဏာစာအုပ်ထဲမှာရော ၁၂ ဂဏန်းက ဘယ်လို ကိုယ်စားပြုသလဲဆိုတာ သိချင်စိတ်နဲ့ အနားမှာရှိနေတဲ့ ကိုင်ရိုရဲ့ ဗေဒင်လက္ခဏာစာအုပ်ကို လှန်လောကြည့်လိုက်မိတယ်။ ဘာတွေတွေ့သလဲဆိုတော့---

ဇာတာခွင် ၁၂ ရာသီ
ဓနု၊ ကဋုပ္ပ၊ သဟဇ၊ ဗန္ဓု၊ ပုတ္တရ၊ အာရိ၊ ပထနီ၊ မရဏ၊ သုတ၊ ကမ္မ၊ လာဘ၊ ဗျာယ။

၁၂ ရာသီခေါ်ဝေါ်ပုံနှင့်လဂ်ဟောကိန်း
မိဿ၊ ပြိတ္တ၊ မေထုန်၊ ကြဋ်၊ သိဟ်၊ ကန်၊ တူ၊ ပြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန်။

ကသစ်ဂြိုဟ်များတည်နေပုံ
စ၊ သာ၊ ရွှေ၊ ဂူ၊ အင်း၊ ၀၊ သူ၊ ဆန်၊ ဖြူ၊ တ၊ တင်း၊ ပေး။

အဲဒါတွေအားလုံးက ၁၂ နံပါတ်ကို ကိုယ်စားပြုထားတဲ့အရာတွေလေ။ စဉ်းစားရတော့ ခပ်ကြပ်ကြပ်ရယ်။
....

မြန်မာ့မီးရထားလက်မှတ်ရောင်းတဲ့ နေရာဋ္ဌာနတွေမှာလဲ သတိပေးရေးထားတဲ့ စာကြောင်းလေးတစ်ခုရှိတယ်။ ၃ နှစ်အထက် ၁၂ နှစ်အောက် ကလေးများ၊ ကလေးလက်မှတ်ဝယ်ပါတဲ့။ ဒါဆို ကလေးတစ်ယောက်ဟာ ၁၂ နှစ်က စပြီး လူကြီးစာရင်း ၀င်သွားပြီပေါ့။ ဟန်ကျလိုက်လေ။ ဒါနဲ့ဘဲ မဖြစ်ချေဘူး။ အဘိဓမ္မာစာအုပ်တွေထဲ ဘာသဲလွန်စများ တွေ့ရမလဲဆိုပြီး လက်လှမ်းမီရာ အဘိဓမ္မာစာအုပ်ကလေး ကောက်ဖတ်လိုက်ပြန်တော့.....

အကုသိုလ်စိတ် ၁၂ ပါး
ကုသိုလ်စိတ်ပါး ၂၁ ပါး တဲ့။

ဘုရား.. ဘုရား.. အကုသိုလ်စိတ်နှင့် ကုသိုလ်စိတ်က (ရွှေတိဂုံ နှင့် ကျိုက်ထီးရိုးလို)အချင်းချင်း တိုက်ရိုက်ကြီး ကက်ကင်းဓါတ် ပြန်နေကြပါလား။ ဒါကြောင့်ထင်တယ်။ လူတွေမှာ ကုသိုလ်စိတ်နှင့်အကုသိုလ်စိတ် နပန်းလုံးနေကြရတာ။ အားများရာ သာကြစတမ်းပေါ့လေ။
....

လွယ်လွယ်ကူကူ ပြက္ခဒိန်ထဲ လှမ်းကြည့်လိုက်ပြန်တော့လဲ--

မြန်မာ ၁၂ လ
တန်ခူး ကဆုန် နယုန် ၀ါဆို ၀ါခေါင် တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်း နတ်တော် ပြာသို တပို့တွဲ တပေါင်း။

အင်္ဂလိပ် ၁၂ လ
ဇန်န၀ါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် သြဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ။

အိန္ဒိယ ၁၂ လ
စိတ္တ ဝေသာခ ဇေဋ္ဌ အာသဠှ သာဝဏ ပေါဋ္ဌပါဒ အဿယုဇ ကတ္တိက မာဂသိရ ဖုဿ မာဃ ဖဂ္ဂုန။

(မြန်မာလ တပေါင်းလပြည့်ကျော် ၁ ရက်မှ တန်ခူးလပြည့်နေ့အထိဟာ အိန္ဒိယလ စိတ္တဖြစ်ပြီး အင်္ဂလိပ်လအနေနဲ့ ပျမ်းမျှအားဖြင့် မတ်ခ်ျလ ဖြစ်ပါတယ်။ စကားချပ်)
.....

ဘာအချက်အလက်များ ရနိုင်မလဲဆိုပြီး ၀င်ရောက်မွှေနှောက်နေကြဖြစ်တဲ့ Wikepedia ထဲ ၀င်ကြည့်လိုက်တော့မှ... ဟဲ ဟဲ.. ပိုပြီး ခေါင်းရှုပ်သွားသလိုပါဘဲ။ ၁၂ ဆိုတဲ့ အစုအဖွဲ့ဟာ လနှင့်နေတို့ရဲ့ လည်ပတ်မှုပေါ်အခြေခံပြီး ဖြစ်ပေါ်လာတာ ဖြစ်နိုင်ပါတယ်တဲ့။ ပြီးတော့ ဒီလိုလေးလဲ ဖော်ပြပေးသေးတယ်။ ဂဏန်းတစ်ခုကို အမြှောက်နှင့်အစား ပြုလုပ်တဲ့အခါမှာ ၁၂ ဂဏန်းဟာ အလွယ်ကူဆုံးဖြစ်တယ်တဲ့။
ဥပမာ
၂ x ၂ x ၃ = ၁၂
၃ x ၄ = ၁၂
၂ x ၆ = ၁၂
၁၂ x ၅ = ၆၀
၁၂ x ၃၀ = ၃၆၀

အဲဒါက ၀ီကီက တွက်ပြထားတဲ့ ဂဏန်းတွေပါ။ သုံးရတာ လွယ်ကူတဲ့အတွက် ၁၂ ဂဏန်းကို တစ်ဒါဇင်ဆိုပြီး အုပ်စုတစ်ခုဖွဲ့ထားတယ်လို့ ၀ီကီက ဆိုလိုတာပါ။ တော်သေးတယ်။ ကျနော်တို့မှာ လက်ချောင်း ၁၂ ချောင်း၊ ခြေချောင်း ၁၂ ချောင်း ရှိမနေလို့။ တကယ်လို့ ရှိနေခဲ့ရင် ၀ီကီက သူ့လိုရာ ဆွဲထည့်လောက်တယ်။း) ။ ဘယ်လိုဘဲဖြစ်ဖြစ် ၁၂ ဂဏန်းအုပ်စုဖြစ်ပေါ်လာရခြင်းအကြောင်းကိုတော့ ပြည့်ပြည့်စုံစုံသိချင်နေမိတယ်။ (သိတဲ့သူရှိရင် ကွန်မင့်မှာ လာပြောပေးကြပါလို့ မေတ္တာရပ်ပါတယ်)။
.....

ဆက်စပ်ပြီး ရူးမိုက်မိတာက
၁၂ ဂဏန်းကမှ တွက်ရခက်သေးတယ်။ ၁၀ ဂဏန်းဆို လွယ်မှလွယ်။ ဒါကြောင့် ၁၂ အစား ၁၀ ကိုပြောင်းပြီး...
၁၀ ဟာ တစ်ဒါဇင် ဖြစ်ခဲ့ရင်---
တစ်ပေဟာ ၁၀ လက်မထဲရှိခဲ့ရင်---
တစ်ရက်ကို ၁၀ နာရီသာရှိခဲ့ရင်---
တစ်ပတ်ကို ၁၀ ရက်ဖြစ်ခဲ့ရင်---
တစ်လကို ၁၀ ပတ်ဖြစ်ခဲ့ရင်---
တစ်နှစ်ကို ၁၀ လ ဖြစ်ခဲ့ရင်---
..ဖြစ်ခဲ့ရင်..... ရင်... ရင်...

အဲဒီလိုတွေဟာ ဖြစ်ခဲ့ရင် တွက်ရချက်ရလွယ်ကူပေမဲ့ ရာသီနက္ခတ်တွေ မျက်စိလည်ပြီး ကမ္ဘာကြီးမကြာခင်ပျက်မှာတော့ သေချာလောက်တယ်။း)
....

ဒါနဲ့ စကားမစပ်..
တစ်လမှာ ဘယ်နှစ်ရက်ရှိပါလိမ့်။ ရက်ပေါင်း ၃၀ လား။ ထားပါတော့။ ဒါဆို တစ်ရက်ကို ဘယ်လို သတ်မှတ်ပါသလဲ။ နာရီနှင့်သတ်မှတ်တာလား။ ဒါမှမဟုတ် နေထွက် နေ၀င်နှင့် သတ်မှတ်တာလား။ နာရီနှင့်သတ်မှတ်တာဆိုရင်တော့ ဘာမှ မပြောလိုပါဘူး။ သူလို ကိုယ်လို နေထွက် နေ၀င်နှင့် သတ်မှတ်တယ်ဆိုရင်တော့ ဥရောပတိုက်ထဲမှာရှိတဲ့ ဖင်လန်ဆိုတဲ့ နိုင်ငံလေးမှာ နွေရာသီဆိုရင် ၇၃ ရက်တိတိ နေမ၀င်ဘူးတဲ့။ ဒါဖြင့် ဆောင်းပိုင်းကျပြန်တော့ရော။ ၅၁ ရက်တိတိ နေမထွက်ဘူးတဲ့ဗျာ။
..

ကဲ.. ဘာဘဲဖြစ်ဖြစ် လက်ရှိအတိုင်းဘဲ ကောင်းပါတယ်။
ကျနော်ကိုယ်တိုင်လဲ ၁၂ နှစ်မှာ လူကြီးစာရင်းဝင်ပြီး ၂၁ နှစ်မှာ အိမ်ထောင်ကျဖြစ်ခဲ့ရင် အိမ်ထောင်သက် ၁၂ နှစ်ပြည့်တဲ့အခါ သားလေးကို ရှင်ပြုပေးပြီး အိမ်ထောင်သက် ၂၁ နှစ်မြောက်မှာ သားလေးကို အိမ်ထောင်ချပေးနိုင်လောက်တယ်။ အဲဒီလို ဖြစ်ခဲ့ရင် အကောင်းသား။ အခုတော့။ မတတ်နိုင်ဘူး။ ၂၀၁၂ လန်ဒန်အိုလံပစ်ပွဲကိုဘဲ ၁၂ ဂဏန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၂ ခါ တိတိကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်အောင်ဘဲ ဆုတောင်းနေရတော့မှာပေါ့။း)

...
ကိုးကားချက်။
http://en.wikipedia.org/wiki/Dozen
http://www.answerbag.com/q_view/8315
http://en.wikipedia.org/wiki/Numbers_in_Chinese_culture
http://www.thaizer.com/culture-shock/lucky-number-9/
http://en.wikipedia.org/wiki/Finland#Geography
-ကိုင်ရို၊ လက္ခဏာဗေဒင်ပေါင်းချုပ်
-ဆရာတော်အရှင်ဇနကာဘိဝံသ၊ ကိုယ်ကျင့်အဘိဓမ္မာ
-အခြားကိုယ်ပိုင်မှတ်စုများ

...

Sunday, 4 April 2010

တော်တော်ဆိုးတဲ့ ကိုကိုမောင်

ဟား ဟား ဟား။ တကယ်ရောက်လာကြတာကိုး။ သူကြီးကိုကိုမောင်ရွှီးလိုက်လို့ လာကြည့်ကြတာထင်တယ်။
သူ့ရဲ့ ကျနော်အမြင်ကပ်ဆုံးဘလော့ဂါတစ်ယောက်အကြောင်းဆိုတဲ့ နေရာကနေ တကူးတကကူးလာခဲ့ကြတာမဟုတ်လား။ ကြိုဆိုပါတယ်ဗျာ။ သူက အဲဒီလိုပါဘဲ။ ချော့ပေါင်းနေရတာ။ အမှန်က သူကမှ တကယ့်ဆိုက်ကိုဗျ။ ဟဲ ဟဲ။ ခင်များတို့သိပါတယ်။ ကျနော်ကတော့ အပိုတွေ ပြောမနေတော့ပါဘူး။ သူ့ကိုယ်သူ တုံးဖလားရွာသူကြီးတဲ့။ စာဖတ်တဲ့သူမျက်စိထဲမှာတော့ ဘယ်လို မြင်ယောင်နေမလဲ မသိဘူး။ သူ့ပုံစံကိုပြောပါတယ်။ အမှန်ဆို တုံးဖလားရွာက အိမ်ခြေ သုံးဆယ်ထဲရှိတာဗျ။ ဈေးဆိုင်မရှိ၊ ဆေးပေးခန်းမရှိ၊ စာသင်ကျောင်းမရှိ၊ စာကြည့်တိုက်မရှိနဲ့။ တကယ့်ကို တောကျတဲ့ရွာကလေးဗျ။ ကျနော်က သူ့ရွာကို ရောက်ဖူးလို့ သိနေတာ။

တုံးဖလားရွာက အိမ်တွေကို ကြည့်လိုက်ဦးမလား။ ခနော်ခနဲ့ ဆောက်လုပ်ထားတဲ့ ခြေတံရှည်အိမ်လေးတွေ။ ခြေတံရှည်ဆောက်ထားတာ အကြောင်းရှိတယ်ဗျ။ ညအခါမှာ ကျွဲနွားတွေကို အိမ်အောက်တိုင်မှာ ချည်ထားရအောင်လို့တဲ့။ စဉ်းစားကြည့်ကြပေါ့ဗျာ။ အိမ်အောက်မှာ ကျွဲနွားတွေ ထားပြီဆိုမှတော့ ဖြုတ်တွေ ခြင်တွေ မက်တွေ ပေါမှပေါဘဲ။ ကျွဲနွားတွေကို ကိုက်လိုက်၊ လူတွေရဲ့သွေးကို စုပ်လိုက်ပေါ့။ ကျန်းမာရေးပညာပေးလဲ ရှိပုံမပေါ်ပါဘူး။ အရေးထဲ ညဘက်အိပ်မောကျနေတဲ့အခါမျိုးမှာ ကျွဲနွားတွေကြောင့် ခဏခဏ လန့်လန့်နိုးကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့။ ကျွဲနွားတွေကို မက်တွေကိုက်ပြီး မခံရပ်နိုင်လို့ သူတို့ကိုယ်နဲ့ အိမ်တိုင်နဲ့ ပွတ်သပ်ပြီး အယားဖျောက်လို့။ တဒုံးဒုံး တဒိုင်းဒိုင်းပါဘဲ။ ကျွဲကိုယ် နွားကိုယ်တွေနဲ့ အိမ်တိုင်ကို ပွတ်တဲ့အသံတွေလေ။ ဒီကြားထဲ ကျွဲနွားအပါအ၀င် လူတွေပါ မက် ခြင် ယင် အန္တရာယ်က ကင်းလွတ်အောင်ဆိုပြီး နေလှန်းခြောက်ထားတဲ့ နနွင်းခြောက်တွေကို အိမ်အောက်မှာ မီးရှို့ ထားလေရဲ့။ မီးခိုးတွေကတော့ ပျားဖွပ်သလိုပါဘဲဗျာ။ စဉ်းစားလို့သာ ကြည့်ကြပေတော့။ မက် ခြင် ယင်တွေကတော့ မသိဘူး။ အိမ်သူအိမ်သားတွေကတော့ မီးခိုးတီးပြီး အဟွတ် အဟွတ်တွေ ဖြစ်နေကြလေရဲ့။

သူကြီးဆိုပြီးတော့ ခမ်းခမ်းနားနားကြီးတော့ မထင်လိုက်နဲ့ဗျို့ ။ မှားသွားမယ်။ အရိုးရှည်ရှည် ယပ်တောင်တစ်ကောင်ကိုင်ထားပြီး ခြင်တွေ ယင်ကောင်တွေ မက်တွေကို လိုက်ရိုက်နေရတာ။ အဲဒါ သူ့ရဲ့နေ့စဉ်အလုပ်ဘဲ။ နောက်ပြီး သူ့စာရေးဟန်တွေကြည့်ပြီး ဘုရားတရားလုပ်တယ်လို့တော့ မထင်လိုက်ပါနဲ့။ လုံးဝမှားသွားမယ်။ ဘုရားတရားဆိုတဲ့ စကားကို သူကြားဖူးတာတောင် သိပ်ကြာသေးပုံမပေါ်ဘူး။ ပြီးတော့ ပုတီးတစ်ကုံးမှာ ပုတီးဘယ်နှစ်လုံးပါသလဲဆိုတာကိုလဲ သူကောင်းကောင်းသိမဲ့ပုံမပေါ်ဘူးဗျ။ အဲဒီလောက်ထိ သူ့ဥာဏ်က ထက်တာ။ ဟာ ဟ။

မှတ်မိသေးတယ်။ ဟိုတစ်နေ့က ရွာဦးကျောင်းဘုန်းကြီးကို သူသွားမေးသံကြားလိုက်ရတယ်။ ညနေစာ ဘာဟင်းနဲ့ စားသလဲတဲ့။ အဲဒီလောက်ထိ ဗဟုသုတနည်းတာ။ ဘုန်းကြီးက ထွေးခံနဲ့ မပစ်ပေါက်ခဲ့တာ ကံကောင်း။ အမှန်က လူတွေ အချင်းချင်းတွေ့တဲ့အခါ မေးနေကျပုံစံမျိုး သူနှုတ်ဆက်လိုက်တာပါ။ သူ့ကို ဖော်ရွေတဲ့လူတစ်ယောက်လို့ အထင်ခံချင်နေတာလေ။ ဘုန်းကြီးတွေအကြောင်းလဲ သူမသိဘဲနဲ့။

ဟိုတလောတုန်းကလဲ ရွာဦးကျောင်းဘုန်းကြီး ရေတွင်းနားက ရေချိုးကန်မှာ ရေချိုးနေတာကို သူသွားကြည့်တယ်။ ရေချိုးပြီးလို့ သင်းပိုင်ကိုလဲ ၀တ်လိုက်ရော။ သူကြီးကိုကိုမောင်က ဘာပြောတယ် မှတ်လဲ။ ဘုန်းကြီးတွေ ပုဆိုးဝတ်ပုံကလဲ တစ်မျိုးကြီးဘဲနော်တဲ့။ မှတ်ကရော။ သင်းပိုင်(သင်္ကန်း)ကို ပုဆိုးတဲ့။ ကြားလို့မှ ကောင်းကြသေးရဲ့လား။ ပြောတော့ဖြင့် ကျမ်းကြီးကျမ်းငယ်အသွယ်သွယ်ကို အေတူဇက် လေ့လာထားတဲ့ပုံ။ လုပ်လိုက်ရင်တော့ တစ်လွဲတွေချည်းဘဲ။ ပြောတော့ အဟုတ်၊ လုပ်တော့ တစ်လွဲ၊ သေတော့ ငရဲ ဆိုတာ သူလိုလူမျိုး။ ဘယ့်နှယ်ဗျာ။ ဒီလောက်ထိ ဗဟုသုတနည်းတာ။ အံရော အံ့ရောပါဘဲ။ မပြောတော့ဘူးဆိုပြီး အတော်လေး ပြောမိသွားတယ်။ အမှန်က ကျနော် အဲဒီလောက်ကြီး သူများအကြောင်းကို မပြောချင်ပါဘူး။ တိုက်ဆိုင်လို့ပြောပြမိတာပါ။ သူများအတင်းတော့ မဟုတ်ရပါ၊ စပ်မိစပ်ရာ ဘာညာ ကွိစိပေါ့ဗျာ။

အလည်လာခဲ့မှတော့ ကျနော် တစ်ခုခုနဲ့ ဧည့်ခံရမှာပေါ့။ နားနားနေနေဖြစ်ပြီးမှ ပြန်ကြပါ။ အေးဆေးပေါ့။ ဟုတ်ဖူးလား။ ဘာနဲ့ ဧည့်ခံရပါ့မလဲ။ စဉ်းစားလိုက်ဦးမယ်။ မြန်မာပြည်ကနေ မှာထားတဲ့ လဘက်သုပ်ကလဲ နေ့လည်ကမှ စားလို့ကုန်သွားပြီ။ အမြဲတမ်းဝယ်ထားနေကျ ဒိန်ချဉ်တွေလဲ ညနေက အပြင်ကပြန်လာတာ မောမောနဲ့ သောက်ပစ်လိုက်တာ ကုန်သွားပြီ။ ထမင်းဟင်းကလဲ လက်ကျန်မရှိတော့ဘူး။ အဖျော်ရည်တွေကလဲ ဒိတ်လွန်လို့ သွန်ပစ်လိုက်ပြီ။ စပျစ်သီးလေးတစ်ထုတ်ဝယ်ထားပါတယ်။ အိမ်ရောက်မှ ဖွင့်ကြည့်လိုက်တော့ အပုပ်တွေ။ ကော်ဖီဖျော်သောက်ရအောင်ကလဲ ဒီနေ့မှ ကော်ဖီမှုန့်က ပြတ်သွားတယ်။

ကဲပါလေ။ စားစရာမရှိမှတော့ ကြည့်စရာလေးနဲ့တော့ ဧည့်ခံပါရစေ။ ကျနော့်ရဲ့ ပုံရိပ်ကလေးတွေပေါ့။ အပျော်သဘောနဲ့ ရိုက်ထားတာပါ။ ကြည့်ပြီး ခိုက်လဲမသွားနဲ့ဦး။ ဟိုတစ်နေ့က မိတ်ဆွေ အမျိုးသမီးတစ်ယောက်ကို ပေးပြလိုက်ပါတယ်။ ၇ ရက်တိတိ ထမင်းမစားနိုင်ဘူးတဲ့။ ဆွဲဆောင်မှုကောင်းလွန်းလို့လို့တော့ မထင်လိုက်နဲ့။ ကြည့်ရင်းနဲ့ သရဲရုပ်နဲ့တူလာလို့ လန့်ဖျပ်ပြီး ထမင်းစားချင်စိတ်ကုန်သွားတာတဲ့။ ကဲ ပြောနေတာ ကြာပါတယ်။ စက္ခု သောတ ရှုစားကြစို့လား။ သရဲကြောက်တတ်ပြီး စိတ်မခိုင်ရင်တော့ မကြည့်ကြနဲ့နော်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ တော်ကြာမှ ကိုကိုမောင် အဲဒီလို မလုပ်သင့်ဘူး၊ မလှည့်စားသင့်ဘူးလို့ လာမဆဲကြနဲ့။းဝ) ။
ီ Kokomaung footage ဆိုတာလေးကို ကလစ်လိုက်ရုံပါဘဲ။ အားလုံးပြုံးပျော် မူးမောနိုင်ကြပါစေ။းဝ)

ခင်မင်လေးစားလျက်
ကိုကိုမောင် (ပန်းရနံ့)


အထူးသတိပေးချက်။
အမျိုးသမီးများ၊ နှလုံးဓါတ်ခံအားနည်းသူများ၊ သရဲတကယ်ကြောက်တတ်သူများ အထက်ပါ ကိုကိုမောင်ဗီဒီယိုဖိုင်အားမကြည့်ကြပါရန်။ အထူးသဖြင့် ညဘက်ပိုင်း၌ မကြည့်ကြပါရန်။ ကြည့်မိပြီး ခိုက်သွားလျှင်.. အဲ... ထိတ်လန့်မှုဖြစ်သွားလျှင် အနူးအညွတ်တောင်းပန်ပါသည်။ :D :P :D
....

..