Tuesday, 3 September 2013

ကျွန်ုပ်နှင့် ကျား/မ ကိစ္စ ပုံပြင်များ


"၆၀+ များသာ ဖတ်ရန်"

တစ်နေ့သောအခါ ကျွန်ုပ်သည် အချိန်အနည်းငယ် ရရှိသည်ကို အခွင့်ကောင်း ယူပြီး ပို့စ်တစ်ပုဒ် ဖန်တီးရန် တာစူနေလေ၏။ ထိုပို့စ်၏ အကြောင်းအရာမှာ လွန်ခဲ့သည့် သုံးပတ်ခန့်က အဘိုးအို (လူပြိုကြီးများ) နှစ်ယောက် နေထိုင်ရာအိမ်သို့ အရေးအကြောင်းရှိသဖြင့် အလည်အပတ်သွားစဉ်က အိမ်ရှင် အဘိုးအိုနှစ်ဦး၊ ပြင်ပမှ အဘိုးအိုတစ်ဦးနဲ့ အတူတူ စကားလက်ဆုံကျရင်း ဟိုအကြောင်းဒီအကြောင်း စကားစပ်မိကြပုံလေးကို ပြန်လည်စားမြုံ့ပြန်ထားခြင်းပင်ဖြစ်၏။ ထိုပို့စ်၏ ထိပ်ဖျား၌ အသက် ၆၀ အထက်များသာ ဖတ်ရန် ဟု အဓိပ္ပါယ်ရသည့် "၆၀+များသာဖတ်ရန်" ဟူသော သတိပေးစာလေးကို အရင်ရေးမိလေ၏။ 

ထိုကဲ့သို့ အာရုံဝင်စားပြီး စာရေးနေစဉ် အိမ်ရှင်အဘိုးအို ရောက်လာပြီး ကျွန်ုပ်နောက်ကျောဘက်မှ နေ၍  ကျွန်ုပ်ရေးထားသည့် စာများကို မျက်မှောင်ကြုတ်အားယူပြီး ဖတ်နေလေ၏။ ကျွန်ုပ်ကား အဘိုးအို ရောက်လာသည်ကိုလဲ သတိမထားမိ၊ ကျွန်ုပ်၏စာကို ဖတ်နေသည်ကိုလဲ ဂရုမပြုမိပေ။ စာထဲ မုဒ် ၀င်နေလျှင် ဤကဲ့သို့ ဖြစ်တတ်သည်မှာ သဘာဝဖြစ်ပင် မဟုတ်တုံလော။

"မောင်ရင်...."Sixteen +"  နဲ့  "Sixty +" မှားနေပြီထင်တယ်"

အဘိုးအို၏ အသံကို ကြားလိုက်သည့်အခါတွင်မှ အဘိုးအို အနားမှာ ရောက်နေမှန်း သတိထားမိလေ၏။ 

"ဟာ.. အဘိုး ရောက်နေတာကိုး။ ကျနော် သိတောင် မသိလိုက်ဘူး အနားရောက်လာတာကို။ ဒါနဲ့ အဘိုး ဘာပြောလိုက်တာပါလိမ့်"

"၁၆+ နှင့် ၆၀+ နှင့် မောင်ရင်များ မှားနေသလားလို့ပါ"

"အာ... အဘိုးကလဲ မမှားပါဘူး။ ၆၀+မှ ၆၀+ အစစ်ပါ"

"မင်းက ဘာအကြောင်းတွေ ရေးမှာမို့လဲ"

"ကျား/မကိစ္စလေးတွေ နဲနဲ ပါနေလို့ အဘိုး အဟီးဟီး"

"အဲဒါနဲ့ ၆၀+ နဲ့ ဘာဆိုင်လို့တုန်း"

"ဆိုင်ရန်ကော အဘိုးရာ။ အဘိုးသိတဲ့အတိုင်းဘဲလေ။ လူဆိုတာ အသက်ကြီးလာလေ ပို ညစ်ပတ်လာလေ။ ပြီးတော့ ပိုပြီး ရှက်ကြော ပြတ်လာလေလေ မဟုတ်လား။း) ဒါကြောင့်မို့ အခု ကျနော် ရေးမဲ့စာက အဲဒီလို ရှက်ပြောပြတ်နေတဲ့ သူတွေနဲ့မှ အံကိုက်မှာမို့ပါ။ ပြီးတော့ အသက် ၆၀ အောက် ငယ်သူတွေ ဖတ်ရင် မျက်စိ ရှက်စရာ ဖြစ်ကုန်မှာလဲ စိုးရတယ်လေ"

"ငါ့လခွမ်းမှဘဲ။ မင်းလုပ်လိုက်မှ ငါက အညစ်ပတ်တုံးကြီး၊ အရှက်မဲ့တုံးကြီးကို ဖြစ်လို့။ ကဲပါ ကဲပါ။ မင်းရေးမှာသာ ရေးပါ။ အရူးစိတ်ချမ်းသာရင် တိုင်းပြည်တစ်ဝက် အေးချမ်းပါတယ်။ ကြိုက်သလို စိတ်ချမ်းသာသလိုသာ ကရောဟိ သဘောရှိ ရေးတော်မူပါ"

အဘိုးအိုသည် ဤကဲ့သို့ မြည်တမ်းပြီး ကျွန်ုပ်အပါးမှ ထွက်ခွါသွားလေ၏။ ဆိုရပါမူ အဘိုးအို၏ အသက်မှာ ၈၆ ပြည့်ပြီး ၈၇ ထဲ ရောက်နေပြီ ဖြစ်လေ၏။ အဘိုးအို ထွက်ခွါသွားပြီးနောက် ကျွန်ုပ်သည် ပို့စ်ဘက် အာရုံသွင်းကာ ဈာန်ဝင်စားပြီး အောက်ပါ ပို့စ်ကို စိတ်ပါလက်ပါ ရေးသားမိလေတော့၏။
.....

"ညနေပိုင်း ပါတီပွဲလေးရှိလို့ လုပ်စရာရှိတာ ကြိုတင်လုပ်ထားရအောင် စောစောလာခဲ့" ဟု ဖုန်းဆက်၍ အကြောင်းကြားလာသဖြင့် ဦးနုနှင့် ဦးပု အဘိုးအိုနှစ်ယောက် နေထိုင်ရာ လန်ဒန်မြောက်ပိုင်းသို့ ညနေ သုံးနာရီခန့်၌ ကျွန်ုပ် သွားရောက်လေ၏။ အဘိုးအို၏ ခြံဝင်းထဲ ရောက်သောအခါ ခြံနောက်ဝင်းထဲ၌ စိုက်ပျိုးပင်များကို ရေပိုက်ဖြင့် ရေလောင်းနေသည့် ဦးပုကို မြင်တွေ့ရလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် အိမ်ပေါ်သို့ မတက်သေးဘဲ ခြံနောက်ဖေးသို့ ၀င်ရောက်ကာ အပင်ရေလောင်းနေသည့် အဘိုးဦးပုနဲ့ စကားစမြည် ပြောဆိုနေလေ၏။

"အဘိုးပု ဘာပင်တွေ ရေလောင်းနေတာလဲဗျ"

"ဟာ... မောင်ရင်.. လာကွာ။ အပင်ရေလောင်းရင်း စကားပြောကြတာပေါ့။ ငါလဲ အပျင်းလဲပြေ ကျန်းမာရေးလဲ ကောင်းအောင် စားပင်သောက်ပင်လေးတွေ စိုက်ရင်း ရေလောင်းပေါင်းသင် လုပ်နေတာလေ။ ဒီဘိလတ်မှာက နွေရာသီမှာဘဲ အပင်စိုက်လို့ ရတာမဟုတ်လား။ အချိန်ရှိတုန်းလေး စားပင်သောက်ပင်လေးတွေ စိုက်ထားတာလေ။ ဒီအပင်ကတော့ ဘူးသီးပင်။ ဒီမှာ မြင်လား အသီးတွေတောင် သီးနေပြီ"

အဘိုးပု ပြောမှ ဘူးစင်ပေါ် လှမ်းကြည့်လိုက်မိလေ၏။ ဟုတ်ပါရဲ့။ ဘူးသီးတွေတောင် အတော်လေး သီးနေကြပြီကိုး။ ထို့နောက် အဘိုးအိုသည် ဂရင်းမ်ဟောက်စ် ဟုခေါ်သည့် မှန်လုံ စိုက်ပျိုးရေးခြံလေးထဲသို့ လိုက်ပြလေ၏။ သစ်ခွပန်းပင်များလဲပွင့်လို့။ ခရမ်းချဉ်သီးပင်များလဲ အသီးတွေသီးလို့။ အတော် စိုက်ပျိုးရေး ၀ါသနာထုံသည့် အဘိုးပုပေတကား။

"အဘိုးပု... အဘိုးပုစိုက်ထားတဲ့အပင်တွေက ပန်းပင်ဆိုလဲဝေလို့၊ အသီးပင်ဆိုလဲ ပြွတ်လို့ခဲလို့ပါလား။ အဘိုးပုဆီမှာ စိုက်ပျိုးရေး နည်းပညာတော့ ရှိမယ်ထင်တယ်"

"ရှိပါဘူးကွာ။ ဒီလိုဘဲ ကြုံသလို စိုက်လိုက်တာဘဲ။ ဒါပေမဲ့ လက်လိုက်တယ် ပြောရမယ် ဘာပင်စိုက်စိုက် အရမ်းဖြစ်ထွန်းတယ်။ မောင်ရင်သိတဲ့အတိုင်းဘဲလေ။ ဘိလတ်ဆိုတာက အပင်စိုက်ရ အလွန်ခက်တဲ့ နိုင်ငံ မဟုတ်လား။ ဒါပေမဲ့ ငါစိုက်ရင်တော့ ပြွတ်လို့ခဲလို့ သီးကြပွင့်ကြတာကလား"

ကျွန်ုပ်သည် အဘိုးပုကို စနောက်ချင်သဖြင့်..

"အဘိုးပုက အပင်တွေစိုက်တဲ့အခါ ဒီလောက်တောင်  ဖြစ်ထွန်းတာ အိမ်ထောင်ကျရင်လဲ သားသမီးတွေ အများကြီး ဖြစ်ထွန်းလောက်တယ်။ ဘာဖြစ်လို့ အိမ်ထောင်မပြုခဲ့တာလဲ အဘိုး"

ဟု  ရွှတ်နောက်နောက် စကားဆိုလိုက်ရာ...

"ငါက အပင်စိုက်ရင်သာ ဖြစ်ထွန်းတာပါကွာ။ အိမ်ထောင်ပြုရင်တော့ သားသမီး ရနိုင်တော့မှာ မဟုတ်ပါဘူး"

ဟု အောက်သံ အားငယ်သံလေးဖြင့် ပြန်ပြောရှာလေ၏။

"ဘာဖြစ်လို့လဲ အဘိုး"

"ပြောချင်ပါဘူးကွာ။ ငါ့အကြောင်းနဲ့ ငါပါ"

"အာ... အဘိုးကလဲ ပြောစမ်းပါ။ အနားမှာ ဘယ်သူမှ မရှိပါဘူး။ ကျနော်တစ်ယောက်ထဲ ရှိတာပါ"

"ငါ မပြောလိုက်ချင်ဘူး။ မင်းမို့လို့ ငါ မပြောချင်တာ။ မင်းက အထူးအဆန်းဆို ဘလော့ပေါ်တင်ပြီး မောင်းခတ်နေကျမဟုတ်လား။ မင်းတို့ ခေတ်လူငယ်တွေ အတော်ခက်သားကလား"

"အဘိုးကလဲ ဈေးကိုင်နေပြန်ပါပြီ။ ပြောမှာသာ ပြောစမ်းပါ။ ကျနော် နှုတ်လုံပါ့မယ်။ ဘာဖြစ်လို့ အဘိုးက ကလေး မရနိုင်တော့တာလဲ။ မဟုတ်မှ လွဲရော။ အေ ကိုက်နေပြီလားမသိ"

ထိုကဲ့သို့ ကလိပေးလိုက်သည့်အခါမှ အဘိုးပုထံက ကလေးမရနိုင်ခြင်း၏ အဖြေကို သိခွင့်ရလေတော့၏။

"အေ ကိုက်လို့ မဟုတ်ဘူးဟေ့။ ဟ၀ှါတစ်လုံး ကွဲသွားလို့၊ ဟ၀ှါတစ်လုံး ကွဲသွားလို့ သိပြီလား"

"ဘာ.. ဘယ်လို အဘိုး"

"အော် ခက်ချေပြီကော ဟ၀ှါတစ်လုံး ကွဲသွားတယ်ဆိုမှတော့ ငါ နတ်ကွပ်ကြီး ဖြစ်နေပြီလို့ ပြောတာဟေ့။ ရှင်းပြီလား။ အဲဒါကြောင့်မို့ ကလေးမရနိုင်တော့ဘူးလို့ ပြောတာ။ တကထဲမှဘဲ"

"အော်.. အဲလိုလား။ သနားပါတယ်"

"အခုမှ လာသနားပြမနေနဲ့။ ငါ ကွဲခဲ့တာက ကလေးပေါက်စ ဘုန်းကြီးကျောင်းသားဘ၀ကထဲက ကွဲခဲ့တာ"

"ဘယ်လို ဖြစ်ရတာလဲ အဘိုးရယ် ပြောပြပါလား"

"ကဲပါ မထူးပါဘူး။ မင်းသိချင်နေမှတော့ ငါ ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလိုက်တော့မယ်"

အဘိုးပုသည် စိုက်ခင်းအပင်များကို ရေလောင်းမပျက်စေဘဲ သူ့ဟ၀ှါကွဲခဲ့ပုံလေးကို ဆွေးမြေ့စွာ ပြောပြလေတော့၏။

"ငါ ဘုန်းကြီးကျောင်းသားပေါက်စ ဘ၀တုန်းကပေါ့ကွာ။ အသက် ၁၂ နှစ်သားလောက်ဘဲ ရှိဦးမယ်ထင်ပါတယ်။ ဘုန်းကြီးကျောင်းသားဆိုတော့ ရွာဦးကျောင်းမှာဘဲ ကျောင်းအိပ်ကျောင်းစား ဘယ်မှ မသွားရဘူးမဟုတ်လား။ အဲဒီတုန်းက ကိုရင် ကျောင်းသားတွေကလဲ အများကြီးဘဲ။ ပြီးတော့ ဘုန်းကြီးကျောင်းကြီးကလဲ အကြီးကြီးလေ။ ပျဉ်ကာပျဉ်ခင်းသွပ်မိုးကျောင်းကြီးပေါ့။ ကျောင်းက အရမ်းကြီးပေမဲ့ တံမြက်စည်းလှဲတဲ့အခါ အခုခေတ်လိုမျိုး အမှိုက်ကြုံးဂေါ်ပြားတွေ မရှိသေးဘူးလေ။ ဒီတော့ အမှိုက်တွေ ဖုန်တွေကို ကျောင်းအောက်ကို လှဲချဖို့အတွက် ကျောင်းကြမ်းပြင်တွေမှာ နံရံဒေါင့်နား တိုင်နားတစ်လျှောက် အပေါက်ကြီးတွေ ဖောက်ထားရတယ်လေ။ အမှိုက်လှဲတဲ့အခါ အမှိုက်တွေကို အဲဒီအပေါက်တွေထဲ လှဲချဖို့ပေါ့"

အဘိုးပု၏ မျက်လုံးများက သူ့ကိုယ်သူ ဟိုးးး အတိတ်ဆီ သယ်ဆောင်နေမှန်း သိသာလှ၏။ ကျွန်ုပ်သည်လည်း အဘိုးပုကို အဘိုးပုဟု မမြင်တော့ဘဲ ဘုန်းကြီးကျောင်းသား မောင်ပုအဖြစ်ဖြင့် မြင်ယောင်မိလေ၏။

"ကိုရင်ကျောင်းသားတွေက အများကြီးဆိုတော့ အခန်းသီးသန့်နဲ့ မအိပ်ရဘူးလေ။ အဲဒီ ကြမ်းပြင်တွေ တစ်လျှောက်မှာဘဲ တန်းစီပြီး အိပ်ကြတာလေ။ တစ်ညကျတော့ မိုးက အရမ်းရွာတယ်။ သဲသဲမဲမဲကို ရွာတာ။ အဲဒီတော့ ငါအိပ်ပျော်နေတုန်း ငါ့အပေါ်တည့်တည့် မိုးယိုကျလာတယ်လေ။ ငါလဲ လန့်နိုးလာပြီး မိုးယိုကျတဲ့ နေရာက လွတ်ကင်းတဲ့နေရာမှာ အိပ်စက်ဖို့ မှောင်မှောင်မဲမဲထဲမှာဘဲ အိပ်ရာလိပ် မ ချီပြီး ထလာခဲ့တယ်လေ။ ဖြစ်ချင်တော့ အိပ်မှုန်စုံမွှားဆိုတော့ တံမြက်စည်းလှဲချတဲ့ အပေါက်ရှိတဲ့ နေရာကို သတိမထားမိလိုက်ဘူး။ ညဆိုတော့ ဘာကိုမှ မမြင်ရတာကြောင့်လဲ ပါတာပေါ့လေ။ အဲဒီတော့ အဲဒီ အပေါက်နားလဲရောက်ရော ငါ့ရဲ့ ခြေတစ်ဖက် အဲဒီအပေါက်ထဲ ချော်ကျတော့တာပါဘဲ။ ချော်ကျတာမှ ပေါင်ဆုံးအထိ ချော်ကျပြီး ဟ၀ှာနဲ့ ကြမ်းပြင်နဲ့ ညှပ်ခွဲလိုက်တော့တာပါဘဲကွာ။ အပေါ်က ထမ်းပိုးထားတဲ့ အိပ်ယာလိပ်အလေးချိန်၊ ပြီးတော့ ခန္ဓာကိုယ်ရဲ့ အလေးချိန် နှစ်ခုပေါင်းလိုက်တော့ ဒီလောက်ပျော့နေတဲ့ဟာလေး မကွဲဘဲ ခံနိုင်ပါတော့မလား"

အဘိုးအိုသည် ပြောရင်း ဈာန်ဝင်သွားသည်ထင်ပါရဲ့။ မျက်နှာတစ်ချက် တွန့်ကနဲ ဖြစ်သွားသည်ကို သတိထားမိလေ၏။ ကျွန်ုပ်သည်လည်း နားထောင်ကောင်းကောင်းနဲ့ နားထောင်နေရာမှ အပေါက်ကျွံကျတဲ့ အကြောင်းလဲပြောရော ကျွန်ုပ်ကိုယ်တိုင်ပင် အောင့်တောင့်တောင့် ဖြစ်လာသလို ခံစားမိလေတော့၏။ 

"ဘာပြောကောင်းမလဲကွာ။ ငါလဲ တခါထဲ ကြယ်တွေလတွေမြင်ပြီး သတိလစ်သွားတော့တာပါဘဲ။ ငါ သတိပြန်ရတော့ ဆေးရုံပေါ်ရောက်နေပြီ။ တစ်လုံး လုံးဝကွဲသွားတယ်တဲ့။ နာလိုက်အောင့်လိုက်တဲ့ ဖြစ်ခြင်းကွာ။ ဒါပေမဲ့ တော်ပါသေးရဲ့ နှစ်လုံးလုံး မကွဲသွားတာ။ နှစ်လုံးလုံးသာ ကွဲသွားရင် ဘယ်လိုနာမည်ပေးကြမလဲ မသိတော့ဘူး။ နတ်ကွပ်လို့ပေးလဲမဖြစ် သိကြားကွပ်လို့ ပေးလဲ မဖြစ်နဲ့။ ကံကောင်းလို့ တစ်လုံးကျန်နေတာ။ ကဲ အဖြစ်အပျက်ကတော့ အဲဒါ အကုန်ဘဲ။ ကျေနပ်ပြီလား"

အဘိုးပု မျက်နှာမှာ အားငယ်ရိပ် အနည်းငယ် သန်းနေသဖြင့် ကျွန်ုပ်သည် အဘိုးပုအား အရွှမ်းဖောက်ရန် တာစူနေမိပြန်လေ၏။

"အာ... အဘိုးပုကလဲ အားမငယ်စမ်းပါနဲ့။ လက်ဝှေ့သမားတွေဆို လက်ဖျံရိုးတစ်ရိုးထဲ ရှိတဲ့သူရဲ့ လက်သီးက ပိုပြီးပြင်းသတဲ့ အဘိုးပုရဲ့။ အဘိုးပုလဲ.............."

"ဟား ဟား ဟား.. မင်းကတော့ လုပ်ပြီ။ လူကို ငိုခြင်း ရယ်ခြင်း မေ့လျော့ခြင်း နှလုံးတုန် ရင်ခုန်ခြင်း ဖြစ်အောင် အတော် လုပ်တတ်တဲ့ကောင်"

"အာ... အဘိုးပုကလဲ ကမ္မ၀ါတွေ လာဖတ်ပြနေပြန်ပါပြီ။ ဘယ်ကလာ အဲဒါတွေ လုပ်တတ်ရမှာလဲ ကျနော်က ဘီလူးသရဲ သင်းကွဲပြိတ္တာမှ မဟုတ်တာ"

"အေးပါ။ ငါက သဘောပြောပြတာပါ။ မင်းဆိုတဲ့ကောင်က လူတွေကို ဟိုဘက်က လှည့်အစ်လိုက် ဒီဘက်က လှည့်အစ်လိုက်နဲ့ ပြီးတော့ ရယ်စရာဖြစ်အောင်လုပ်လိုက်နဲ့။ အဲဒါကြောင့် မင်းကို ငါက အဲဒီလို ကမ္မ၀ါတွေ ဖတ်ပြရတာ။ ဟုတ်ပြီလား"

"ကျနော်က အဘိုးကို ချစ်လို့ စတာပါ။ အဘိုးက ဟ၀ှါတစ်လုံးထဲ ဆိုတော့ စချင်စရာကြီးကိုး အဟီးးး"

"အေး.. မင်းက ဟ၀ှာါတစ်လုံးထဲရဲ့ အားသာချက်ကိုမှ မသိဘဲကိုး"

"အလဲ့... အဘိုးက ဒါမျိုးကျ ခေတ်မီပြန်ရော။ မိန့်ပါဦး အဘိုးရဲ့ ဟ၀ှါတစ်လုံးထဲရဲ့ အားသာချက်ကို"

"မင်းကလဲ အရှင်းသားကြီးဘဲ ဥစ္စာ။ မောင်းမမိဿံတွေနဲ့ ဘယ်လိုဘဲ နေနေ သူတို့မှာ ဟ၀ှာ မဖြစ်နိုင်ကြတော့ဘူးလေ။ ဒါဆို ဟ၀ှါအတွက် ဘာမှ မပူရတော့ဘူးပေါ့။ မနှိပ်လား။ ဟား ဟား ဟား"

"ဟား ဟား ဟား။ အဘိုးကတော့ ဒါမျိုးကျ ဆရာတစ်ဆူပေဘဲ။ ဒါကြောင့် ဒီအသက်အရွယ်အထိ တစ်ပင်မှ မထူခဲ့တာဖြစ်မယ်။ အပင်ထူမနေတော့ဘဲ အပင်တောထဲမှာဘဲ သီးထပ်သီးညှပ်တွေနဲ့ ပျော်မဆုံးမော်မဆုံး တပြုံးပြုံး ဖြစ်နေလို့ တစ်ကိုယ်တည်း လူပြိုကြီး လုပ်နေတာမဟုတ်လား။ ဟား ဟား ဟား"

"ဟား ဟား ဟား။ မင်းကတော့ ပြောတတ်တယ်။ ကဲ ကဲ ပြောလို့တော့ကောင်းတယ်။ အိမ်ပေါ်ကိုတက်လိုက်ဦး။ မင်းကို အဘိုးနု စောင့်နေတယ်။ ငါလဲ အပင်ရေလောင်းတာ လက်စသတ်ပြီး ခဏနေ တက်လာခဲ့မယ်"

ကျွန်ုပ်သည် အဘိုးပုကို နှုတ်ဆက်ပြီး အိမ်ပေါ်သို့ တက်လာရာ  ကွန်ပြူတာစခရင်ကြီးပေါ်ရှိ အင်တာနက်သတင်းများကို မျက်မှန်ထူထူကြီးဖြင့် စိတ်ဝင်တစား ပြူးပြဲစာဖတ်နေသည့် အဘိုးနုကို တွေ့ရလေ၏။ အဘိုးနု၏ အနီး၌လည်း အခြားအိမ်တစ်အိမ်မှ အဘိုးဖြူတစ်ယောက် ရောက်နေသည်ကို တွေ့ရလေ၏။

"အဘိုးနု နေကောင်းပါရဲ့လား။ အဘိုးဖြူလဲ ရောက်နေတာကိုး"

"ဟာ.. လာ မောင်ရင်။ ထိုင်ထိုင်။ မောင်ရင့်ကို အစောကထဲက မျှော်နေတာ။ ကွန်ပျူတာထဲမှာ ပြဿနာတစ်ခု တက်နေလို့။ ဒါနဲ့ နေစမ်းပါဦး မောင်ရင့်မျက်နှာ ပြုံးလှချည်လား။ ဘာလဲ အလာလမ်းမှာ အလန်းဇယားလေးတွေနဲ့ တွေ့ခဲ့ရလို့လား"

အဘိုးနုပြောမှ ကျွန်ုပ်၏ မျက်နှာကို အနီးရှိ နံရံမှာ ထောင်ထားသည့် ကိုယ်လုံးပေါ်မှန်ကြီးထဲ ကြည့်မိလေ၏။ ဟုတ်ပါ့ တကယ့်ကို ပြုံးစိစိကြီး။

"အလန်းဇယားတွေတွေ့ခဲ့လို့ မဟုတ်ဘူး အဘိုးနုရေ။ အိမ်နောက်ဖေး ဥယျာဉ်ထဲမှာ အဘိုးပုနဲ့ တွေ့ပြီး ရောက်တတ်ရာရာ ပြောခဲ့ရတာကို သဘောကျပြီး အပြုံးက မသေသေးတာ" 

ထိုကဲ့သို့ နိဒါန်းချီပြီး အဘိုးပု၏ ဟ၀ှာကွဲတစ်လုံးအကြောင်းကို အဘိုးနုအား အစအဆုံး ဖောက်သည် ချမိလေတော့၏။ 

"ဟား ဟား ဟား။ ဒီကောင် ငပုကတော့ ငယ်ကျိုးငယ်နာဆို ဘာမှ မကျန်ဘူး။ အကုန်ပြောပြမယ် ဆိုတာချည်းဘဲ။ အသက်က ၆၀ ကျော်ပေမဲ့ ဒီကောင်စိတ်က အခုမှ လူပျိုတက်ခါစ စိတ်ရယ်"

"ဒါကလဲ ဘမျိုးဘိုးတူဆိုသလို အကိုတူ ညီဖြစ်မှာပေါ့ အဘိုးနုရာ။ မဟုတ်ဘူးလား"

"အင်း... မြှားဦးက ငါ့ဘက် လှည့်လာပါရောလား။ ကဲ ရှိစေတော့။ မင်းက ငပုရဲ့ ဟ၀ှါကွဲတစ်လုံး အကြောင်း၊ ဟ၀ှာပြုရင် ဟ၀ှာမဖြစ်နိုင်တော့ကြောင်း ပြောတော့ ငါ ခုနတင်လေး အင်တာနက်သတင်းမှာ ဖတ်လိုက်ရတဲ့ အဖြစ်အပျက်ကလေးကို ဖြတ်ကနဲ သတိရလိုက်မိတယ်။ ဟ၀ှာပြုလို့ ဟ၀ှါမရနိုင်ပေမဲ့ ဟ၀ှာရသွားခဲ့တဲ့ သတင်းလေးပေါ့။ ငပုရဲ့ ဇာတ်လမ်းထက် အဲဒီအဖြစ်အပျက်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်"

"ဒါဖြင့် ပြောပြပါလား အဘိုး"

"အင်း... ကြုံတုန်းလေး ဖတ်ထားမှတ်ထားတာလေးတွေကို မျှဝေရတာပေါ့ကွာ"

ထိုကဲ့သို့ ပြောရင်း အဘိုးနုတစ်ယောက် အလွန်စိတ်ဝင်စားစရာကောင်းသည့် အင်တာနက်သတင်း ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်အား ပြောပြလေတော့၏။ နောက်မှ ဆက်ရေးတော့မယ်နော်။ နဲနဲ ရှည်သွားလို့။း)


သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)

Tuesday, 13 August 2013

မောင်နက်ကျော်နှင့် ကျွန်ုပ်၏ ပုံပြင်များ

တစ်နေ့ ကျွန်ုပ် ဘုတ်အုပ်များဖြင့် အလုပ်ရှုပ်နေခိုက် မတွေ့တာ ကြာပြီဖြစ်ဖြစ်သည့် မောင်နက်ကျော် တစ်ယောက် ဒရောသောပါးဖြင့် ကျွန်ုပ်နေထိုင်ရာ နေအိမ်သို့ ပေါက်ချလာလေ၏။ ကျွန်ုပ်သည်လည်း တစ်ယောက်တည်း ပျင်းပျင်းရှိနေလေရာ မောင်နက်ကျော် အလာကောင်းသည်ဟု ဆိုရပေမည်တည့်။

"ဆိုစမ်းပါဦး ကနက်ကျော်။ ဘယ်လိုက ဘယ်လို ပေါက်ချလာရတာလဲ။ မတွေ့တာလဲ ကြာချေပြီကော"

"လမ်းကြုံလို့ ၀င်လာတာလို့ မထင်လိုက်နဲ့ သူကြီးမင်းရေ။ တကူးတကကို တမင်သကာ လာခဲ့ရတာ"

"ထူးဆန်းလှချည်လား။ ဘယ်လို ကိစ္စထူးတွေများ ရှိလို့ပါလိမ့်။ ကညာအရေး မြာအရေးတွေ ထင်ပါ့"

"လွဲလိုက်တာ သူကြီးရာ။ ဘယ်က အရှုပ်ပလုပ်အကြောင်းတွေ ပါလာရတာလဲ။ ကျနော်လာရခြင်းအကြောင်းရင်းက အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်းကြောင့်ဘဲဗျ"

"အလဲ့... ကနက်ကျော်တို့ကတော့ ရေကန်အသင့် ကြာအသင့်  အဆင်ပြေလိုက်ပုံများ အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်းဆိုပါလား"

"ဟာ... သူကြီးမင်းကတော့ အကြီးကြီး လွဲနေပြန်ပါပြီ။ ကျနော် ဆိုလိုတာက ကျနော့် အပေါ်ထပ်ကကောင် တော်တော် သောင်းကျန်းနေတာကို ပြောတာဗျ။ အဲဒါ သူကြီးမင်းနဲ့ လာတိုင်ပင်ကြည့်မလို့ဟာ"

"မင်းကလဲ အစကထဲက လိုရင်းပြောလိုက် ပြီးရော ဥစ္စာ။ ဘာဇာတ်လမ်းလေး ညာဇာတ်လမ်းလေး လုပ်နေတာကိုး။ ကဲ... ဆိုစမ်းပါဦး။ အဲဒီ အပေါ်ထပ်က ကောင်က မင်းကို ဘာတွေ စော်ကား မော်ကား လုပ်နေလို့လဲ"

"ကျနော်က အောက်ထပ် သူက အပေါ်ထပ်။ အခန်းချင်းက အပေါ်အောက် တည့်တည့်လေ။ သူက တစ်နေကုန် ခုန်ပေါက်နေပုံရတယ်။ တဒုံးဒုံး တဂျိန်းဂျိန်းနဲ့။ ကျနော့်မှာ သမာဓိတွေ ပျက်ပြီး စာကြည့်လို့လဲ မရ၊ အိပ်လို့လဲ မရ၊ ဘုရားရှိခိုး တရားထိုင်ဖို့ဆို ဝေးရောဘဲ။ ညဘက် ရောက်ပြန်တော့လဲ သူ့ သူငယ်ချင်းတွေနဲ့ ပါတီတွေ မကြာမကြာ လုပ်ပြီး တဒုံးဒုံး တဂွမ်းဂွမ်းနဲ့။ စိတ်ညစ်လိုက်တာ သူကြီးမင်းရာ"

"ဒါနဲ့... မင်းက သွားပြီး မေတ္တာ ရပ်မခံချေဘူးလား"

"မကြာခဏ သွားပြီး ညှိယူပါသေးတယ်။ ဒါပေမဲ့ သူက ခေါင်းအရမ်းမာတယ်။ ပြီးတော့ သူက ပြောသေးတယ်။ ငါ့ပိုင်နက်နဲ့ ငါဆူညံတာ၊ မင်း ဘာမှ ပြောဖို့မလိုဘူး။ မကျေနပ်ရင် လဲသေလိုက်တဲ့။ အဲဒါ သူကြီးမင်း အဖြေရှာပေးပါဦး။ ကျနော်ကတော့ စိတ်ညစ်ရာကနေ စိတ်တိုလာပြီ။ တော်ကြာ လက်သုံးတော် ငှက်ကြီးတောင် ဓါးတွေ ဘာတွေ ပါလာရင် သူရော ကျနော်ရော မကောင်းဘူး"

"အိမ်း.... မောင်ရင့်ကိစ္စက ပြောရတာ လွယ်သလောက် လုပ်ယူရတော့ တကယ် ခက်မဲ့ပုံဘဲ"

ကျွန်ုပ်သည် တစ်လက်မခန့်ရှိ ကျွန်ုပ်၏ မုတ်ဆိတ်မွေးများကို ဘယ်ဘက်လက်ဖြင့် သပ်ချရင်း စဉ်းစားခန်း ၀င်နေမိ၏။ သည်လိုမျိုး အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းတို့မှာ ရှင်းရ အတော်ခက်သည့် ကိစ္စမဟုတ်တုံလော။ မကိုင်တွယ်တတ်လျှင် ဒုတ်တပြက်ဓါးတပြက် ဖြစ်နိုင်၏။ သို့မဟုတ်သည့်တိုင် မျက်နှာ အတော်ပျက်စရာကောင်းသည့် ကိစ္စဖြစ်ပေါ်လာတတ်ချေ၏။ ကျွန်ုပ်၏ တွေဝေနေသည့် အမူအယာကို ကြည့်ပြီး မောင်နက်ကျော်တစ်ယောက်လည်း အားမလိုအားရ ဖြစ်နေဟန်တူ၏။

"သူကြီးမင်းရယ်။ အကြံဥာဏ်တွေ ကြိုးစားထုတ်ပါဦး။ သူကြီးမင်း ကြံရင် အားလုံး အဆင်ပြေမှာပါ။ ကျနော် သူကြီးမင်းကို အားကိုးလို့ အခုလို လာခဲ့တာပါ"

မောင်နက်ကျော်၏ မျက်နှာကို ကြည့်ပြီး ကျွန်ုပ် အလွန်ပင် သနားကရုဏာ ဖြစ်သွားမိလေ၏။ ထို့နောက် ကျွန်ုပ်သည်လည်း အကြံကုန် ဂဠုန်ဆားချက်ဆိုသလို တောင်တောင်အီအီ စဉ်းစားရင်း ကျွန်ုပ် တုံးဖလားရွာ၌ နေထိုင်ခဲ့စဉ်က အဘွားပြောခဲ့ဖူးသော ပုံပြင်တစ်ပုဒ်ကို သတိရသွားမိလေ၏။

"မောင်နက်ကျော်။ ဒါဖြင့် မောင်ရင့်ကို ပုံပြင်တစ်ပုဒ် ပြောပြမယ်"

"ဟာ...  သူကြီးမင်းကလဲ လုပ်တော့မယ်။ ပုံပြင်နားထောင်ဖို့ လာခဲ့တာ မဟုတ်ဘူးဗျ။ ပြဿနာအတွက် အဖြေရှာဖို့ လာခဲ့တာပါ။ ပုံပြင်ပြောချင်ရင် နောက်မှ အေးအေးဆေးဆေး ပြောပါဗျာ။ အခုဟာက ပုံပြင်ပြောရမဲ့ အချိန်မှ မဟုတ်တာ"

"မင်းကလဲ ဇွတ် ငြင်းနေတော့တာဘဲ။ အခု ပုံပြင်က မင့် ပြဿနာနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ငါကလဲ မင့်ကို ပုံပြင်ပြောပြဖို့ စိတ်မ၀င်စားပါဘူး။ အခုဟာ မင့်အတွက် ကြံဥာဏ် ဖန်ဥာဏ်တွေ ပေါ်ပေါက်လာနိုင်တဲ့ ပုံပြင်တစ်ပုဒ် ဖြစ်နေလို့ ငါ ပြောပြမလို့ပါ"

"ဒါဖြင့်လဲ မြန်မြန်သာ ပြောပေတော့ သူကြီးမင်းရေ။ ဒီ ပုံပြင်တစ်ပုဒ်က ကုဋေတန်မဲ့ ပုံဘဲ ဟဲ ဟဲ"

"မင်း... ရွဲ့ပြောမနေနဲ့။ ပုံပြင်ကိုသာ သေချာနားထောင် ကြားလား"

ထိုကဲ့သို့ မာန်မဲပြီး ကျွန်ုပ်သည် မောင်နက်ကျော်အား အောက်ပါ ပုံပြင်တစ်ပုဒ်ကို စိတ်ပါလက်ပါ ပြောပြနေမိလေတော့၏။

"ဟို.. ရှေးရှေးတုန်းက.. ရွာတစ်ရွာမှာ မိသားစု တစ်စုရှိသတဲ့။ အမေရယ် အဖေရယ် သားနှစ်ယောက်ရယ်။ စုစုပေါင်း လေးယောက်တိတိရှိတဲ့ မိသားစုလေး တစ်စုပေါ့။ သားနှစ်ယောက် အရွယ် ရောက်ခါစမှာဘဲ ကံဆိုးစွာနဲ့ မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြသတဲ့။ ဒီတော့ ညီအစ်ကို နှစ်ယောက် မိဘပိုင် ပစ္စည်းတွေကို အမွေခွဲယူကြဖို့ စီစဉ်ကြတာပေါ့။ ဒါပေမဲ့ မိဘပိုင်ဆိုင်ခဲ့တာဆိုလို့ နို့စားနွားမကြီးတစ်ကောင်နဲ့ အညာစောင်တစ်ထည်သာ ရှိခဲ့သတဲ့။ အဲဒီတော့ အဲဒီ ညီအစ်ကို နှစ်ယောက် အဲဒီ နို့စားနွားမကြီးနဲ့ အညာစောင်တစ်ထည်ကို အမွေခွဲယူကြတာပေါ့။  ဒါပေမဲ့ အကိုလုပ်တဲ့သူက စိတ်ဓါတ်ညစ်ပတ်တယ်။ ညီငယ်ကို မသနားတတ်ဘူး"

"စိတ်ဝင်စားစရာကောင်းတယ်နော် သူကြီးမင်း"

"မင်းကလဲ ဇွတ်တွန်းနေပြန်ပါပြီ။ စိတ်ဝင်စားစရာ အခန်းလဲ မရောက်သေးဘဲနဲ့။ နားထောင်မှာသာ နားထောင်စမ်းပါ။ ပြောအားကောင်းအောင် ထောက်မနေနဲ့။ ငါက ကလေး မဟုတ်တော့ဘူး"

"ဟီးးးးးး ဟုတ်ကဲ့ပါ။ ဆက်ပြောပါ သူကြီးမင်း"

"အဲဒီတော့... အကိုက သူ့ညီကို ပြောသတဲ့။ ငါ့ညီ... မင့်ကို ငါက သနားလဲ သနားတယ် ချစ်လဲချစ်တယ်။ အကိုကြီး အဖအရာဆိုသလို မိဘနှစ်ပါး မရှိတော့တဲ့နောက်မှာ ငါဟာ မင့်ရဲ့ အကိုလဲဟုတ်။ အဖေဆိုလဲ ဟုတ်တယ်။ ဒီတော့ မင့်ကိုငါ သနားငဲ့ညှာသောအားဖြင့် နို့စားနွားမကြီးကို အမွေခွဲတဲ့အခါမှာ မင်းက အမြတ်တနိုးဖြစ်တဲ့ ခေါင်းပိုင်းကို ယူပါ။ ငါက ညစ်ပတ်ပေရေနေတဲ့ ဖင်ဘက်အပိုင်းကို ယူမယ်။ ပြီးတော့ အညာစောင်ကို မင်းက မြင်သာထင်သာရှိတဲ့ နေ့ခင်းဘက်မှာ ယူသုံးပါ။ ငါကတော့ အနစ်နာခံပြီး မမြင်မစမ်းဖြစ်တဲ့ ညအချိန်ကျမှဘဲ ယူသုံးတော့မယ် လို့ ဆိုသတဲ့"

"ခွီး ခွီး ခွီး"

"ဒါက ဘယ်လို ဖြစ်လို့ ရယ်နေပြန်ရတာလဲ ကနက်ကျော်"

"အဲဒီ အကိုဆိုတဲ့ သူရဲ့ ဥာဏ်နီဥာဏ်နက်ကို သဘောကျလွန်းလို့ပါ"

"အင်း...ဒါကလဲ စီမံတတ်တဲ့သူမှ အခုလိုမျိုး အဆင်ပြေအောင် စီမံတတ်တာလေ။း) ကဲပါလေ... ပုံပြင်ကို သွားပြန်ကြဦးစို့။ အကိုက အဲဒီလို ခွဲတမ်းချတဲ့အခါမှာ ညီဖြစ်သူကလဲ သူ့အကိုကို အတော်လေး သဘောကျသွားသတဲ့။ ငါ့အကို ငါ့ကို အတော်လေး ကိုယ်ချင်းစာတာဘဲပေါ့။ ကျိတ်ပြီး သူ့အကိုကို ချီးကျူးနေတာလေ။ အဲဒီလိုနဲ့ ညီအကို နှစ်ယောက် အတူတူနေလာလိုက်တာ အတော်လေး ကြာသွားသတဲ့"

"ညီဖြစ်သူက သူပိုင်တာက နို့စားနွားမကြီး ဦးခေါင်းပိုင်းဆိုတော့ နွားစာတွေ နင်းကန် ရှာရတော့တာပေါ့။ အစာစားတာက ခေါင်းပိုင်းက စားတာ မဟုတ်လား။ နွားစာတွေ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရှာလိုက် ကျွေးလိုက်ပေါ့။ ဒါပေမဲ့ အကိုလုပ်တဲ့သူက နွားရဲ့ဖင်ပိုင်းကို ပိုင်တာဆိုတော့ နွားနို့လေး ညှစ်ယူလိုက် ရောင်းစားလိုက်နဲ့ ဟန်ကျနေသတဲ့။ ကြာလာတော့ ညီလုပ်တဲ့သူက ပင်ပန်းလွန်းလို့ ပိန်ချုံးလာပေမဲ့ အကိုလုပ်သူကတော့ နွားနို့သောက်လိုက် နွားနို့ရောင်းပြီး အစားအသောက်ကောင်းတွေ ၀ယ်စားလိုက်နဲ့ တောက်တောက်ပြောင်ပြောင် ဖြစ်နေသတဲ့။ ဒါနဲ့ ညီလုပ်သူက အကိုကို ပြောသတဲ့။ အကို.. ကျနော့်ကိုလဲ နွားနို့လေး နဲနဲ ပေးတိုက်ပါဦး။ ပြီးတော့ နွားနို့ရောင်းလို့ ရတဲ့ ငွေလေး နဲနဲမျှပေးပါဦးလို့ ခခယယ တောင်းမိသတဲ့။ အကိုလုပ်သူက... ငါတို့နှစ်ယောက် သဘောတူစွာနဲ့ အမွေတွေကို ခွဲယူထားတာလေ။ ကိုယ်ပိုင်တဲ့အပိုင်း ကိုယ်ယူကြတာဘဲ။ ငါ မင်းကို ဘာမှ ပေးလဲ မပေးနိုင်ဘူး။ ကျွေးလဲ မကျွေးနိုင်ဘူးဆိုပြီး ဇွတ်ငြင်းသတဲ့"

"အညာစောင်ကျပြန်တော့လဲ အလွန်တရာ ချမ်းအေးလှတဲ့ ညပိုင်းမှာ အကိုလုပ်သူက ဇိမ်နဲ့ ခြုံပြီး နွေးနွေးထွေးထွေး အိပ်စက်ရသတဲ့။ ညီလုပ်သူကတော့ ချမ်းလွန်းလို့ အိပ်မပျော်ဘဲ မှေးတခိုက်ခိုက် ဖြစ်နေသတဲ့။ ဒါနဲ့... အကိုရယ်.. ကျနော် ချမ်းလွန်းလို့ စောင်လေး ခဏ ခြုံခွင့် ပေးပါလားလို့ တောင်းပန်သတဲ့။ အကိုလုပ်တဲ့သူကလဲ ထုံးစံအတိုင်း ငြင်းပယ်မြဲ ငြင်းပယ်နေသတဲ့"

"တော်တော် စိတ်ဓါတ်ညစ်ပတ်တဲ့ အကိုဘဲနော် သူကြီးမင်း"

"အင်း... မိသားစုချင်း တူပေမဲ့ စိတ်ဓါတ်တွေ ကွဲပြားတတ်တဲ့ သဘောဘဲပေါ့ ကနက်ကျော်။  အဲဒီလိုနဲ့ နေလာလိုက်တာ၊ ညီဖြစ်တဲ့သူက သူ့အကိုရဲ့ အနိုင်ကျင့်မှု မတရားယုတ်မာမှုတွေကြောင့် နေ့စဉ် စိတ်ဆင်းရဲ နေရရှာသတဲ့။ အဲဒီလို စိတ်ဆင်းရဲနေတာကို သူ့ရဲ့ သူငယ်ချင်းတွေ သိရှိသွားကြသတဲ့။ ဒါနဲ့ သူ့ကို ၀ိုင်းပြီး အကြံပေးကြသတဲ့။ မင်း ဘာမှ စိတ်ညစ်မနေနဲ့၊ ငါတို့ ပြောတဲ့အတိုင်းသာ လုပ်၊ မင့်အကို တနေ့ သင်ခန်းစာ ရသွားစေရမယ် လို့ ဆိုသတဲ့။ ဒါဖြင့် ဘယ်လို လုပ်ရမလဲ ဆိုစမ်းပါဦးဆိုတော့။ ဒီလိုလုပ်တဲ့။ မင့်အကိုက နွားရဲ့ ဖင်ပိုင်းကို ပိုင်ဆိုင်တဲ့အတွက် နွားနို့ညှစ်ပြီး သောက်သုံးမယ် ပြီးရင် ရောင်းစားမယ်။ မင်းက နွားရဲ့ ခေါင်းပိုင်းကို ပိုင်ဆိုင်တဲ့အတွက် အစာရှာရတယ် အစာကျွေးရတယ်။ သူ့ပိုင်နက်နဲ့ သူပေါ့။ ဆိုတော့ကာ မင့်အကို နွားနို့ ညှစ်နေတဲ့အခါမှာ မင်းက မင်းပိုင်ဆိုင်တဲ့ နွားရဲ့ ဦးခေါင်းပိုင်းကို ကျည်ပွေ့နဲ့သာ ခပ်ဆဆလေး ရိုက်နှက်ပေတော့ လို့ အကြံပေးကြသတဲ့။ ဟာဗျာ.. ကျုပ်နွားမကြီး သနားပါတယ် မရိုက်ရက်ပါဘူးလို့ ဆိုသတဲ့။ မင်း အဲဒီလို သနားငဲ့ညှာနေလို့ အခုလို ခံနေရတာ။ ငါတို့ ပြောတဲ့အတိုင်းသာ လုပ်။ အဲဒီလို လုပ်လိုက်တဲ့အတွက် မင့်အကိုက မင့်ကို ဘာဖြစ်လို့ နွားကို ရိုက်ရတာလဲလို့ မေးရင် ကိုယ့်ပိုင်နက်နဲ့ ကိုယ် ရိုက်ဆုံးမတာလေလို့ဘဲ ဖြေလိုက်။ ဒါဆို သူ ဘာမှ ပြောလို့ မရတော့ဘူးလို့ ဆိုသတဲ့"

"ဒါနဲ့.. တစ်ရက် မနက်စောစောအချိန်မှာ အကိုလုပ်သူက နွားနို့ညှစ်နေသတဲ့။ ညီလုပ်သူကလဲ မပြောမဆို နွားမရဲ့ ဦးခေါင်းကို ကျည်ပွေ့နဲ့ ခပ်ဆဆလေး ရိုက်နှက်လိုက်သတဲ့။ ဒီတော့ နွားက ကြောက်လန့်တကြားနဲ့ ကန်ကြောက်ပစ်လိုက်တာ နွားနို့ခံတဲ့ ခွက်ကြီးလဲ မှောက်သွားသတဲ့။ အကိုလုပ်သူကလဲ နွားကန်ခံရပြီး ဒဏ်ရာ အကြီးအကျယ်ရသွားသတဲ့။ ဒီတော့ စိတ်ဆိုးမာန်ဆိုးနဲ့ မင်းဘယ်လိုလုပ်လိုက်တာလဲဆိုပြီး ဆဲဆိုသတဲ့။ ညီလုပ်သူကလဲ ကိုယ့်ပိုင်နက်နဲ့ ကိုယ်လုပ်တာ ဘာမှ လာမပြောနဲ့။ အကိုက အကို့ပိုင်နက်ကနေ နွားနို့ညှစ်တယ်။ ကျနော်က ကျနော့်ပိုင်နက်ကနေ နွားမကြီုးကို ဆုံးမတယ်။ ဒီတော့ အကို ဘာမှ လာမပြောနဲ့။ ကိုယ့်အခွင့်အရေးနဲ့ကိုယ်ဘဲလို့ ဆိုသတဲ့။ အဲဒီတော့မှ အကိုလုပ်တဲ့သူကလဲ ဘာမှ မပြောနိုင်တော့ဘဲ ငြိမ်နေလိုက်ရတော့သတဲ့"

"ပိုင်ချက်ကတော့ လန်ထွက်နေတာဘဲနော် သူကြီးမင်း"

"အင်း... တခါတလေမှာ ပြဿနာတစ်ခုကို အဖြေရှာဖို့အတွက် အပေါင်းအသင်း သူငယ်ချင်းဆိုတာ လိုအပ်တယ်ဆိုတဲ့ သဘောပေါ့"

"ဒါနဲ့... ဟို အညာစောင် ကိစ္စကျတော့ကော သူကြီးမင်း"

"ပြောမယ်လေ။ မင်းကလဲ လောလိုက်တာ။ ကလေးပေါက်စ ကျနေတာဘဲ။ အဲဒီ အညာစောင်လဲ ငါ ပြောခဲ့ပြီးတဲ့အတိုင်း နွေးနွေးထွေးထွေးရှိတဲ့ နေ့ဘက်ပိုင်းမှာ ညီက ပိုင်တယ်။ ချမ်းအေးလှတဲ့ ညဘက်ပိုင်းကျတော့ အကိုက ပိုင်တယ်။ အဲဒီလို မဟုတ်လား။ ဒီတော့.... သူ့သူငယ်ချင်းတွေက အကြံပေးကြသတဲ့။ မင်းပိုင်ဆိုင်တဲ့ နေ့ဘက်ပိုင်းမှာ တနေကုန် အဲဒီစောင်ကို ရေစိမ်ထားလိုက်။ ညဘက် အချိန်ရောက်ရင် မင့်အကိုကို ပေးလိုက်လို့ ဆိုသတဲ့။ မင့်အကိုက မင့်ကို ပြဿနာရှာရင် ကိုယ့်ပိုင်နက်နဲ့ ကိုယ်လုပ်တာလေ။ ဘာမှ လာမပြောနဲ့ဆိုပြီး ပြောလိုက်လို့ သင်ပေးလိုက်သတဲ့"

"ညီလုပ်သူရဲ့ သူငယ်ချင်းတွေလဲ ဥာဏ်နီဥာဏ်နက်များသားနော် သူကြီးမင်း"

"အဲဒါ ကောင်တာ အတက်ခ်လို့ ခေါ်တယ် ကနက်ကျော်။ ညစ်ပတ်ချင်လို့ ညစ်ပတ်နေတာမဟုတ်ဘူး။ မီး မီးချင်း၊ ရေ ရေချင်း တိုက်ယူရတဲ့ သဘောဘဲပေါ့။ ဒါနဲ့ပတ်သက်ပြီး မင်းကို ဗုဒ္ဓခေတ်က မိဆံဝိုင်းလေးအကြောင်း ပြောပြဦးမယ်"

"သူကြီမင်းကတော့ အစအနလေး ရှာတွေ့ရင် ပုံပြင်တွေ တန်းစီနေတာဘဲနော်။ အားကျလိုက်တာ"

"အေးပါ။ နားထောင်မှာသာ နားထောင်စမ်းပါ"

"ဟုတ်ကဲ့"

"ဗုဒ္ဓခေတ်အခါက မိဆံဝိုင်းဆိုတဲ့ သူဌေးသမီးတစ်ယောက်ရှိသတဲ့။ မိဘတွေက ကျိကျိတက် ချမ်းသာကြတယ်ဆိုတော့ မိဆံဝိုင်းလေးတစ်ယောက် ခြေမွေးမီးမလောင် လက်မွေးမီးမလောင်နဲ့  လှလှပပ နုနုနယ်နယ် ချစ်စရာလေးပေါ့။ တစ်နေ့မှာတော့ မိဆံဝိုင်းလေးဟာ လေသာပြတင်းပေါက်ကနေ တစ်ဆင့် အပြင်ဘက်ရှုခင်းတွေကို ငေးမောနေရင်း မင်းချင်းယောက်ျားတွေက ခိုးသူတစ်ယောက်ကို ခိုးမှု ကျူးလွန်တဲ့အတွက် သတ်ဖြတ်ပစ်ဖို့ ခိုးသူသတ်ရာ တောင်ကုန်းကို ကြိုးတုပ်ပြီး ခေါ်ဆောင်လာတာကို တွေ့မြင်လိုက်ရသတဲ့"

"ဟာ... သူကြီးမင်း.. ခိုးမှုကျူးလွန်ရုံလေးနဲ့ အဲဒီခေတ်က အဲဒီလိုဘဲ သူခိုးကို သတ်ဖြတ်လေ့ ရှိသလား"

"အင်း... ဆိုပါတော့... ဒါပေမဲ့ ခိုးသူတွေအတွက် အပြစ်ဒဏ်က ပြစ်မှုဆိုင်ရာအလိုက် သုံးမျိုးရှိတယ်လို့ မှတ်သားဖူးတယ်။ ခိုးသူကို သတ်ပစ်မယ်။ ဒါမှမဟုတ် ထောင်တွင်းအကျဉ်းချမယ်။ ဒါမှမဟုတ် တိုင်းပြည်က နှင်ထုတ်မယ်။ အဲဒီ သုံးမျိုးထဲက တစ်မျိုးမျိုးနဲ့ အပြစ်စီရင်လေ့ရှိတယ်တဲ့။ အခု ဒီသူခိုးကတော့ ပြစ်မှုကြီးမားပုံရတယ်။ ဒါကြောင့် သူ့ကို သတ်ဖြတ်ပစ်ဖို့အတွက် ခိုးသူသတ်ရာ (ခိုးသူပစ်ချသတ်ပစ်ရာ) တောင်ကုန်းကို ဆွဲခေါ်လာတာဘဲ"

"အင်းနော်... အဲဒီလို ခိုးမှုကျူးလွန်တဲ့သူတိုင်း သေဒဏ်စီရင်ကြစတမ်းဆိုရင်တော့ ကျနော်တို့ ရွှေနိုင်ငံကြီးမှာ လူသားတွေများ ကျန်ပါတော့ဦးမလား မသိဘူး"

"မောင်နက်ကျော်... မဆိုင်တာကို လာမပြောစမ်းပါနဲ့ကွာ။ ဒို့နိုင်ငံကြီးလဲ သနားပါတယ်။ ဒို့လူမျိုးတွေရဲ့ ပုံပြင်အတုတွေနဲ့ဘဲ မြေအောက် အတော်လေး ရောက်နေရရှာတာ မင်းလဲ အသိ မဟုတ်လား"

"ဟုတ်ကဲ့ပါ သူကြီးမင်း။ ပုံပြင်ကိုသာ ဆက်ပြောပါတော့"

"အင်း... သူခိုးက ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်းဆိုတော့ အဲဒီသူခိုးကို မြင်မြင်ချင်းဘဲ မိဆံဝိုင်းလေးက ချစ်ကြိုက်မိသွားသတဲ့"

"ဟီး ဟီး သူခိုးကတော့ နှိပ်တာဘဲ။ သူဋ္ဌေးသမီး နုနုထွတ်ထွတ်လေးရဲ့ အချစ်ကို ရယူပိုင်ဆိုင်ရတာဆိုတော့"

"ဒါနဲ့ဘဲ... သူ့အဖေကို နားပူနားဆာ လုပ်တော့တာပေါ့။ ဒီခိုးသူကိုမှ လက်မထပ်ရရင် အခုချက်ချင်း အဆိပ်သောက် သေပစ်လိုက်မယ်။ ဒါမှမဟုတ် အစာမစားဘဲ အစာငတ်ခံ သေပစ်လိုက်မယ်ပေါ့။ မိဘတွေကလဲ အမျိုးမျိုး ဖြောင်းဖျပေးကြရှာပါတယ်။ ဒါပေမဲ့ မိဆံဝိုင်းလေးရဲ့ အချစ်က အရမ်းအဆိပ်တက်နေပြီမဟုတ်လား။ ကုရာနတ္ထိ ဆေးမရှိ ဖြစ်နေပြီလေ။ နောက်ဆုံးမတော့ အဖေလုပ်တဲ့သူက ခိုးသူသတ်သမားတွေဆီ သွားပြီး ပိုက်ဆံပုံပေးကာ ခိုးသူကို ရွေးထုတ်ခဲ့တာပေါ့။ ပြီးတော့ သူ့သမီး မိဆံဝိုင်းလေးနဲ့ လက်ထပ်ပေးလိုက်ရတာလေ"

"ဒီသူခိုးကတော့ နှိပ်ပြီးရင်းနှိပ်ဘဲ။ ကျနော်တောင် အဲဒီ သူခိုးဖြစ်ချင်စိတ်ပေါက်လာပြီ"

"အင်း... မင်းက နှာဗူးကျချင်တာဘဲ သိတာကိုး။ ချောက်ထဲကျပြီး သေမှာကိုဖြင့် ကြိုမှ မမြင်ဘဲ"

"ဘယ်လို သူကြီးမင်း ဘယ်လို"

"ဘယ်လိုမှ မဟုတ်ဘူး။ ပုံပြင်ကိုသာ ဆုံးအောင်နားထောင်"

"အော် ဟုတ်ကဲ့ ဟုတ်ကဲ့"

"သူတို့နှစ်ယောက်လက်ထပ်ပြီး စံစားခံစားလို့ ဘာမှ မကြာသေးဘူး။ သူခိုးက ဇာတိပြလာပြီလေ။ သူဋ္ဌေးသမီး ပိုင်ဆိုင်တဲ့ ရွှေငွေရတနာကိုတွေ လိုချင်တပ်မက်မောတဲ့ စိတ်က တားဆီးလို့ မရတော့ဘူး။ လူတစ်ယောက်လုံးကို ရယူပိုင်ဆိုင်ထားတာတောင်မှ အားမရနိုင်ဘဲ ပစ္စည်းဥစ္စာတွေကို တစ်ဦးထဲပိုင် လုပ်ချင်တာလေ။ ဒါနဲ့ သူခိုး အကြံထုတ်တော့တာပေါ့။ ရှင်မရေ... ငါ့ကို သတ်ဖြတ်ဖို့ ခေါ်လာတုန်းက ခိုးသူပစ်ချသတ်တဲ့ တောင်ကုန်းစောင့်နတ်ကို ငါ သစ္စာပြုထားခဲ့တာ ရှိတယ်။ ငါ့အသက် မသေဘဲ လွတ်မြောက်လာရင် ဗလိနတ်စာ အကောင်းစားတွေ လာကျွေးမယ်ဆိုပြီးတော့လေ။ အဲဒါကြောင့် ဒို့နှစ်ယောက် ဗလိနတ်စာသွားပူဇော်ရအောင်လား။ အ၀တ်အစား အကောင်းစားတွေဝတ်၊ ရတနာပေါင်းစုံကိုလဲ ၀တ်ဆင်ခဲ့။ ပြီးတော့ အစားအသောက်အကောင်းစားတွေကိုလဲ ရွှေခွက်နဲ့ ထည့်ခဲ့လို့ ဆိုသတဲ့။ မိဆံဝိုင်းလေးလဲ တကယ်ထင်မှတ်ပြီး သူပြောတဲ့အတိုင်းဝတ်ဆင်လာပြီး ရံရွှေတော်တွေနဲ့အတူ အဲဒီခိုးသူသတ်တောင်ကုန်းဆီ ချီတက်လာခဲ့ကြတယ်။ တောင်ခြေကို ရောက်လာတော့ သူတို့နှစ်ယောက်ထဲဘဲ တောင်ကုန်းကို တက်ကြမယ်ဆိုပြီး ရံရွှေတော်တွေကို တောင်ခြေမှာ ထားခဲ့တယ်လေ။ သူခိုးက အကြံနဲ့ မဟုတ်လား။ မိဆံဝိုင်းလေးကို သတ်ဖြတ်ပြီး ပစ္စည်းဥစ္စာရတနာတွေကို ယူတော့မှာလေ"

"တော်တော် အကြံပက်စက်တဲ့ သူခိုးဘဲနော် သူကြီးမင်း"

"အင်း... ဒါနဲ့ တောင်ထိပ်ကိုရောက်တော့ သူခိုးက  နင့်ကို ငါ အခုလို ခေါ်လာတာဟာ ဗလိနတ်စာ ပူဇော်ဖို့မဟုတ်ဘူး။ မင့်ကို သတ်ပြီး မင့်ရဲ့ ဥစ္စာရတနာတွေကို ငါ ယူဖို့ဘဲ။ ဒီတော့ ၀တ်လာတာ အကုန်ချွတ်လို့ ဆိုသတဲ့။ မိဆံဝိုင်းလေးခမျာ သူအရမ်းချစ်တဲ့ ချစ်သူက အခုလို ရက်စက်ပြလေတော့ ၀မ်းနည်းလွန်းလို့ ရှိုက်ကြီးတငင်ငိုရှိုက်လို့ပေါ့။ ပြီးတော့ ခေါ်မကြားအော်မကြား အရပ်ရောက်နေတော့ ဘာမှ မတတ်နိုင်ရှာတော့ဘူးလေ။ ၀တ်လာတဲ့ လက်ဝတ်လက်စားတွေ အကုန်ချွတ်ပြီး ပုံပေးလိုက်ရသတဲ့။ ဒါပေမဲ့ မိဆံဝိုင်းလေးက ဖြတ်ထိုးဥာဏ်ကောင်းတယ်။ မောင်တော်ရယ် မောင်တော့်ကို နှမတော် အသက်နဲ့ အမျှချစ်နေတာပါ။ မောင်တော် သတ်ရင်လဲ သေဖို့ ၀န်မလေးပါဘူး။ ဒါပေမဲ့ မသေခင်လေး မောင်တော့်ကို အားရပါးရ ထွေးပိုက်နမ်းရှိုက်ခွင့်လေးတော့ ပေးပါ မောင်တော်လို့ ဆိုသတဲ့။ ခိုးသူလဲ မိဆံဝိုင်းလေး နောက်ဆုံးအနေနဲ့ တောင်းဆိုတာကို လက်ခံပေးလိုက်သတဲ့။ ဒါနဲ့ မိဆံဝိုင်းလေးက ခိုးသူကို လက်ျာရစ်ပတ်ပြီး ရှေ့ဘက်နောက်ဘက်ဘေးဘက် စတဲ့ အရပ်ကနေ ခိုးသူကို စွဲစွဲမက်မက် နမ်းရှိုက်ဟန်ပြုသတဲ့။ အဲဒီလိုနဲ့ မထင်မှတ်တဲ့အချိန်မှာ ခိုးသူကို ဖြုန်းကနဲ တောင်ထိပ်ကနေ တွန်းချပစ်လိုက်သတဲ့။ အသူရာနက်တဲ့ ချောက်ကြီးထဲ ပြုတ်ကျသွားတဲ့ ခိုးသူလဲ ခန္ဓာကိုယ်အပိုင်းပိုင်းအပြတ်ပြတ်နဲ့ သေပွဲ ၀င်သွားရတော့သတဲ့"

"ဒါမှ မိဆံဝိုင်းကွ။ ဒါမှ ပို အနှိပ်ဆုံး။ ခံလိုက်စမ်း သေလိုက်စမ်း ခွေးသူခိုး"

"ကဲ... မောင်နက်ကျော်... အဲဒီလို မိဆံဝိုင်းလေး ပြုမူလိုက်တာဟာလဲ ကောင်တာအတက်ခ် တစ်မျိုးဘဲ မဟုတ်လား။ လူတွေက တစ်ခါတစ်ခါ အဲဒီလုပ်ပေးမှ အမြင်မှန်ရလာတတ်ကြတာ ကလား"

"ဒါလဲ ဟုတ်တာဘဲနော် သူကြီးမင်း။ လူတိုင်းကို သဘောကောင်းပြနေရင် လူပေါကြီး ဖြစ်မှန်းမသိ ဖြစ်သွားတတ်ကြတဲ့ သဘောပေါ့"

"မင်း... နဲနဲ ပေါက်လာပြီ ကနက်ကျော်။ မူရင်းပုံပြင်ဘက် ဆက်သွားရအောင်....။ အဲဒီလိုနဲ့... ညီဖြစ်တဲ့သူက နေ့လည်ဘက်ပိုင်းမှာ တနေ့လုံး အညာစောင်ကို ရေစိမ်ထားလိုက်သတဲ့။ ညဘက်ပိုင်းရောက်တော့ အကိုက ယူသုံးမယ်လဲ လုပ်ရော။ စောင်က တစ်ထည်လုံး ရေတွေနဲ့ စိုရွှဲနေသတဲ့။ ဒါနဲ့ အကိုလုပ်သူက ညီလုပ်သူကို ဆူဆဲကြိမ်းမောင်းသတဲ့။ မင်း ဒါ စော်ကားတာလား ဘာလား ညာလားပေါ့။ ညီလုပ်တဲ့သူကလဲ ပြန်ပြောသတဲ့။ စောင်က ညစ်ပတ်နေတဲ့အတွက် ကျနော်ပိုင်ဆိုင်ခွင့်ရတဲ့ နေ့လည်ဘက်ပိုင်းမှာ စောင်ကို လျှော်ဖွပ်ထားတာလေ လို့ ဆိုသတဲ့။ ညီပြောတာ ဟုတ်မှန်နေတဲ့အတွက် အကိုလုပ်သူကလဲ ဘာမှ မပြောနိုင်ရှာတော့ဘူးပေါ့။ အဲဒီလိုမျိုး အကိုနွားနို့ညှစ်နေတ့အခါ ညီလုပ်သူက နွားမဦးခေါင်းကို ကျည်ပွေ့နဲ့ ရိုက်နှက်လိုက်၊ အညာစောင်ကို နေ့လည်ဘက်ပိုင်းမှာ ရေစိမ်ထားလိုက်နဲ့ ရက်အတော်ကြာတဲ့အခါမှာတော့ ညီအကိုနှစ်ယောက် အချင်းချင်း ဆွေးနွေးတိုင်ပင်ပြီး သင့်သင့်မြတ်မြတ်ဖြစ်သွားကြတော့သတဲ့ ကနက်ကျော်။ နို့စားနွားမကြီးကိုလဲ အတူတူအစာကျွေး အတူတူ နွားနို့ညှစ်ပြီး ညီတူမျှတူ အကျိုးအမြတ်ကို ခွဲယူကြတော့သတဲ့။ အညာစောင်ကြီးကိုလဲ တစ်ယောက်တစ်ညစီ ခွဲပြီး ခြုံကြတော့သတဲ့။ ကဲ.... ပုံပြင်လေးကတော့ ဒါဘဲ ကနက်ကျော်"

"အင်း... သူကြီးမင်းရဲ့ ပုံပြင်က အရမ်းကောင်းတာဘဲ။ ကျနော်တောင် မျောပါသွားတယ်။ ဒါကြောင့် သူကြီးမင်းက ပုံပြင်ပြောတဲ့နေရာမှာ နာမည်ကြီးတယ်လို့ ကျော်ကြားနေတာကိုး"

"မင့်ကို ငါက ပုံပြင်သက်သက် ပြောပြနေတာ မဟုတ်ဘူး။ ပုံပြင်ပြောရင်း ပညာတွေ ပေးနေတာ။ အဲဒီ ပုံပြင်ကို နမူနာယူပြီး မင့် အိမ်အပေါ်ထပ်က ကောင်နဲ့ သင့်သင့်မြတ်မြတ်ဖြစ်အောင် ကြိုးစားပေတော့"

"အမ်.... ကျနော်က အဲဒီ ပုံပြင်ကို သူ့ကို ပြန်ပြောရမှာလား သူကြီးမင်း"

"ခွီးမှဘဲ. မင်းကလဲ ဒုံးဝေးရန်ကော။ အဲဒီ ပုံပြင်ကို သူ့ကို ပြောပြစရာလား"

"နို့... ဒါဖြင့် ဘယ်လို လုပ်ရမှာလဲ သူကြီးမင်း"

"မင်းကလဲ... ပိုင်နက်လေကွာ။ ပိုင်နက်"

"ဟာ... ဟုတ်ပြီ သူကြီးမင်း။ သဘောပေါက်သွားပြီ။ ကျေးဇူးတင်လိုက်တာ သူကြီးမင်းရယ်။ ကျနော် ဒီနေ့က စပြီး ပိုင်နက်ကိစ္စ အကောင်အထည်ဖော်မယ်။ ကဲ... အားတော့နာတယ် သူကြီးမင်း။ ပိုင်နက်အတွက် ဥာဏ်နီဥာဏ်နက်တွေသုံးဖို့ ဒိုးလိုက်ဦးမယ်"

မောင်နက်ကျော်တစ်ယောက် လက်ဖျောက် တစ်တီးတီးနဲ့ ယူရိုမီလျံဂျက်ပေါ့တ် ပေါက်သည့်အလား အပြေးအလွှားဖြင့် ကျွန်ုပ်၏ နေအိမ်မှ ပြန်သွားလေတော့၏။ အော်... မောင်နက်ကျော် မောင်နက်ကျော်။ မင်းလဲ ကလေးတစ်ယောက်အတိုင်းပါဘဲလား။ အဆင်ပြေ အေးချမ်းပါစေကွာ။
*****

တစ်လခန့်ကြာသောအခါ ကျွန်ုပ်ထံသို့ ရွိုင်ရယ်မေးလ်စာပို့ကားဖြင့်-----

သူကြီးမင်း
ဟောင်းစလိုး
လန်ဒန်

ဟု လိပ်မူထားသော စာတစ်စောင် ရောက်လာလေ၏။ ကျွန်ုပ်သည်လည်း မလာစဖူး အလာထူးသော ထိုစာကို ဖောက်ဖတ်ကြည့်လိုက်တဲ့အခါမှာမှ မောင်နက်ကျော်ထံမှ စာဖြစ်ကြောင်း သိရှိလိုက်ရလေ၏။

မင်္ဂလာပါ သူကြီးမင်း
သူကြီးမင်းရဲ့ အကြံပေးချက်အရ ကျနော် တိုက်စစ်လဲ ဆင်ခဲ့ပါသည်။ ကောင်တာအတက်ခ်လဲ လုပ်ခဲ့ပါသည်။ ဒီတစ်လအတွင်းမှာ ကျနော်တို့အိမ် အများကြီး ပြောင်းလဲ သွားပါပြီ။ အပေါ်ထပ်က ကောင်နဲ့လဲ ညှိနှိုင်းပြီး နားလည်မှု ယူပြီးသွားပါပြီ။ အစပိုင်းမှာတော့ ပြဿနာ တက်ခဲ့ကြပါသေးသည်။ ဖြစ်ပုံက ဒီလိုဖြစ်ပါသည်။ သူ့ အပေါ်ထပ်က ဆူညံသံတွေ ထွက်ပေါ်လာတဲ့အခါ ကျနော်လဲ အောက်ထပ်က အခန်းတံခါးကို အခါပေါင်းများစွာ ဖွင့်လိုက် ဆောင့်ပိတ်လိုက် လုပ်ပါသည်။ သူ အောက်ထပ်ဆင်းလာပြီး မင်း ငါ့ကို ရွှဲ့ နေတာလားဟု မေးပါသည်။ ကျနော်ကလဲ သူကြီးမင်း လေသံအတိုင်း ဒါ ငါ့ပိုင်နက်လေကွာ ဟု ပြောလွှတ်လိုက်ပါသည်။ နောက်ပြီး သူ အပေါ်ထပ်မှာ ရှိနေစဉ်အတွင်း ကျနော် အောက်ထပ်ကနေပြီး ငရုပ်သီးခြောက်တွေကို မီးဖိုပေါ်တင်ပြီး မီးကျွမ်းအောင် လှော်ကပ်လိုက်ပါသည်။ အပြင်လေထွက်ပေါက်တွေအားလုံး အလုံပိတ်ထားလိုက်ပါသည်။ ထို့နောက် ထို ငရုပ်သီးမီးကျွမ်းနံ့တွေ အပေါ်ထပ်သို့ တလှိုင်လှိုင်တက်ပြီး အပေါ်ထပ်ကကောင် ချောင်း တဟွတ်ဟွတ်ဆိုးပါသည်။ အောက်ထပ် ဆင်းလာပြီး မင်းဘာတွေလုပ်နေတာလဲ လူစိတ်မရှိဘူးလား အပေါ်ထပ်မှာ ငါ ရှိနေတာ သိရဲ့သားနဲ့ မင်း သက်သက်မဲ့ ရွဲ့ ပြီး ငါ့ကို စိမ်ခေါ်နေတာလား။ ရတယ် ဟေ့ကောင်။ ဓါး ဓါးချင်း တုတ် တုတ်ချင်း ချမလားဟု စိမ်ခေါ်လာပါသည်။ ကျနော်က စကားတစ်လုံးဘဲ ပြောလိုက်ပါသည်။  ဒါ င့ါပိုင်နက်လေကွာ လို့။

မောင်နက်ကျော်ရဲ့ စာမှာ အေဖိုး လျှောက်လွှာစာရွက်ဖြင့် သုံးရွက်လောက် ရှိသည့်အတွက် နားနားပြီး ဖတ်ရလေ၏။ စာအရ ဒီကောင် တော်တော် ပျော်နေမဲ့ပုံဘဲ။ ပျော်ပါစေလေ။ ထို့နောက် ကျွန်ုပ် ရေတစ်ခွက်ထသောက်ပြီး စာကို ဆက်ဖတ်လိုက်၏။

ပြီးတော့  နောက်တစ်ခု ရှိသေးသည်။ အပေါ်ထပ်ကကောင်က ရေချိုးခန်းထဲ ရေချိုးနေပါသည်။ ဘိလပ်မှာ နွေမိုးဆောင်း ရေပူစက်ဖြင့် ရေချိုးလေ့ရှိကြသည်မဟုတ်လား။ ရေပူစက်ဆိုပေမဲ့ အောက်ထပ်က
ရေပူဖွင့်ထားလိုက်ရင် အပေါ်ထပ်ကို ရေပူမတက်တော့ဘူး မဟုတ်လား။ သူကြီးမင်း သိမယ်ထင်ပါသည်။ အဲဒီ အပေါ်ထပ်ကကောင် ရေချိုးနေတဲ့အခါ ကျနော် အောက်ထပ်ရေချိုးခန်းက နေပြီး ရေပူတွေ ဖွင့်ထားလိုက်ပါသည်။ အပေါ်ထပ်ကကောင် ရေချိုးရင်း တန်းလန်း (ဆပ်ပြာတိုက်ပြီးတန်းလန်း)နဲ့ ရေပူ မလာတော့တဲ့အခါ အလွန်စိတ်တိုဟန်ရှိပါသည်။ ခန္ဓာကိုယ်ကို သဘက်နဲ့ပတ်ပြီး အောက်ထပ် ဆင်းလာပါသည်။ သူ ဘာမှ မပြောခင် ကျနော်က အရင် ပြောလိုက်ပါသည်။ ဒါ ငါ့ပိုင်နက်လေကွာ လို့။ ဒီတစ်ခါတော့ သူ ရယ်မောပါသည်။ မင်း တော်တော်ဆိုးတဲ့ကောင် ဟား ဟား ဟား ဟု ပြောရင်း ရယ်ပါသည်။ နောက်တော့ ကဲပါကွာ မင်းကို အရှုံးပေးပါတယ်။ ငါလဲ ငါ့ပိုင်နက်မှာ ဆူပူမှု မလုပ်တော့ပါဘူး။ မင်းလဲ မင်းပိုင်နက်မှာ ဟို အရင်နေထိုင်သလိုမျိုး အေးအေးဆေးဆေးဘဲ နေပေးပါ ဟု မေတ္တာရပ်ခံလာပါသည်။ ထိုနေ့ကစပြီး သူနဲ့ကျနော် သူငယ်ချင်းအရင်းအခေါက်တွေ ဖြစ်သွားကြပြီး အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။ အဲဒါ သူကြီးမင်းကို အကြောင်းကြားတာပါ။

သူကြီးမင်း သက်တော်ရာကျော် ရှည်ပါစေ။
မောင်နက်ကျော်
..........

ရှည်လျားထွေပြားလှသည့် မောင်နက်ကျော်၏ စာကို ဖတ်ပြီး သူတို့အချင်းချင်း အဆင်ပြေသွားကြသည်ကို သိရှိလိုက်ရသည့်အတွက် အတော်လေး ၀မ်းသာပီတိဖြစ်မိလေ၏။ ကျွန်ုပ်ပေးလိုက်သည့် အကြံအတိုင်း ပြုလုပ်ပြီး အဆင်ပြေသွားကြသည် မဟုတ်ပါလား။

ထို့နောက် ရေချိုးချိန် ရောက်လာသဖြင့် ကျွန်ုပ်သည် သဘက်တစ်ထည် ကိုယ်တစ်ခုဖြင့် ရေချိုးခန်းသို့ ၀င်လေ၏။ ထို့နောက် ရေချိုးဖို့ ရေပန်းကို ဖွင့်လိုက်၏။ အပူအအေး မျှတစွာ ပန်းထွက်လာသည့် ရေနွေးနွေးလေးဖြင့် အဆင်ပြေဇိမ်ကျစွာ ရေချိုးနေမိ၏။ ထို့နောက် ဆပ်ပြာတိုက်၏။ ဆက်ပြာတိုက်နေဆဲ တန်းလန်းမှာပင်... အမလေး... ဗုဒ္ဓေါ....။ ရေပူပြတ်သွားပြီး ရေအေးတွေချည်း ပန်းထွက်နေပါရော့လား။ ဒါဆို သေချာပြီ။ မောင်ခွေးတစ်ယောက် အောက်ထပ်မှာ ရေချိုးနေရောပေါ့။

"ဟေ့ ကောင် မောင်ခွေး... မောင်ခွေး.. မောင်ခွေး..."

ရေချိုးခန်းထဲကနေပြီး ကျွန်ုပ် အော်ခေါ်နေရ၏။ ရေချိုးခန်းထဲက ထွက်ပြီး အောက်ထပ်ဆင်း သွားပြောရအောင် ဆိုပြန်ပါကလည်း ခန္ဓာကိုယ်တစ်ခုလုံး ဆပ်ပြာရည်က ခပ်ရွှဲရွဲ။ သို့သော်ငြားလဲ ခေါ်မကြား အော်မကြားသည့်အဆုံးမှာတော့ ကျွန်ုပ်သည် ဆပ်ပြာရည်တွေ တန်းလန်းနဲ့ပင် သဘက်ပတ်ပြီး အောက်ထပ်ဆင်းခဲ့လေ၏။ ထို့နောက် အောက်ထပ်ရှိ ရေချိုးခန်းတံခါးကို ခေါက်ပြီး  မောင်ခွေးကို အော်ပြောလိုက်၏။

"ဟေ့ကောင်.... မောင်ခွေး... ငါ အပေါ်ထပ်မှာ ရေချိုးနေတာ မသိဘူးလား။ မင်းက သိသိကြီးနဲ့ အောက်ထပ်မှာ ရေချိုးနေတော့ ရေပူတွေ ငါ့ဆီ မတက်တော့ဘူးပေါ့။ ဟေ့ကောင်... မြန်မြန်လုပ်။ မြန်မြန်ချိုး"

"ဆောရီးဘဲ သူကြီးမင်းရေ... ကျနော်လဲ အလုပ်သွားခါနီးဆိုတော့ ဘာမှ သတိမရတော့ဘူး။ သူကြီးမင်း အပေါ်ထပ်မှာ ရေချိုးနေမှန်းလဲ မသိဘူး။ ဒါကြောင့် အခုလို ဖြစ်သွားတာပါ။ ကျနော် မြန်မြန် ချိုးလိုက်ပါ့မယ်။ သူကြီးမင်း အပေါ်တက်ပြီးသာ ပြန်ချိုးပေတော့"

 ကျွန်ုပ်သည် တစ်ကိုယ်လုံး ဆပ်ပြာရည် ချွဲစိစိကြီးဖြင့် အပေါ်ထပ် ပြန်တက်ခဲ့ကာ မောင်ခွေးရေချိုးပြီးသည့်တိုင်အောင် ထိုင်စောင့်ပြီး အတော်လေးကြာမှ ရေချိုးခြင်းကိစ္စကို ပြုလုပ်လိုက်ရလေတော့၏။

"အော်.... ၀ဋ် ၀ဋ် ၀ဋ်.... ငရဲမှာ အပ၊ ၀ဋ်မှာ အမြဲဆိုတာ တယ်ဟုတ်ပါလား။ မောင်နက်ကျော်ကို ပိုင်နက်ကိစ္စ အကြံပေးမိခဲ့တဲ့ ၀ဋ်က အခု ချက်ချင်း လက်ငင်းကြီးတောင် လည်လာပါရော့လား။ ဘုရား ဘုရား။ အင်းးး... ရေပူရေအေး ၀ဋ်က အခု လိုက်ပြီးပြီဆိုတော့ နောက်ထပ် ဘာ ၀ဋ်တွေ ကျန်သေးပါလိမ့်။ ဒါဆိုရင်တော့ အောက်ထပ်က အဘိုးအိုရဲ့ တံခါး ဆောင့်ပိတ်သံတွေကို မကြာမကြာ ကြားရဖို့ အတော်လေး နီးစပ်လာပြီ။ နောက်ပြီးတော့ အဘိုးအိုတစ်ယောက် အောက်ထပ် မီးဖိုခန်းထဲမှာ တစ်နေကုန် ချက်ပြုတ် ကြော်လှော် မီးတူး ချိုးကပ် လုပ်ချင်တိုင်း လုပ်နေတာကို အနံ့ခံရမဲ့ ၀ဋ်လဲ သေချာပေါက် လိုက်လာနိုင်တယ် မဟုတ်လား ဘုရား ဘုရား။ မဖြစ်ချေဖူး။ နောက်ဆို သူများကိစ္စတွေ ၀င်မစွက်ဖက်တာဘဲ ကောင်းမယ်ထင်တယ်"

ထို့နောက်တွင်မတော့ ကျွန်ုပ်သည် လိုက်ပြီး ၀ဋ်၊ လိုက်ဆဲ ၀ဋ်၊ လိုက်လတ္တံ့ ၀ဋ်တို့အကြောင်း စဉ်းစားရင်း ၀ဋ်လိုက်မှာကို အကြောက်ကြီး ကြောက်နေမိလေတော့သတည်း။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.


Tuesday, 23 July 2013

နန်းညွန့်လေး၏ လောကသို့အ၀င်

 (၂၂.၀၇.၂၀၁၃ တနင်္လာနေ့)
ဒီနေ့ မနက်စောစော အိပ်ရာက လန့်နိုးလာသည်။ မိုးကြိုးပစ်သံကြား၍ လန့်နိုးလာခြင်းဖြစ်သည်။ မိုးကလဲ စောစောစီးစီး ရွာသွန်းချလိုက်သည့်ဖြစ်ခြင်း။ လန်ဒန်တွင် နေထိုင်လာသည်မှာ ငါးနှစ်ကျော်ရှိလာလေပြီ။ တစ်ခါမှ ယခုလို မိုးကြိုးပစ်သံကို မကြားဖူးသေး။ မိုးကြိုးပစ်လိုက်သမျှ အနားနားကပ်ပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်သကဲ့သို့ ထင်ရလောက်အောင် ကျယ်လောင်လှသည်။ ထိုမိုးကြိုးကြောင့် အိမ်အနားက အဘိုးအို တစ်ဦး၏ တယ်လီဗီးရှင်း ပြတ်တောက်ပျက်စီးမှု ဖြစ်သွားသည်။

နေ့လည်ခင်းတွင်မူ နေအရမ်းပူသည်။ ယူကေနိုင်ငံ၏ ၇ နှစ်အတွင်း အပူဆုံးစံချိန်ကို တင်သည်ဟု ဆိုသည်။ အပူချိန် ဒီဂရီ ၃၄ ရှိသည်။ ရန်ကုန်အပူချိန်ကို အင်တာနက်မှာ ရှာကြည့်မိသည်။ ၂၄ ဒီဂရီသာ ရှိလေသည်။ ဘီဘီစီသတင်း ကြေငြာသည်။ မိုးရွာဦးမည်၊ မိုးကြိုးပစ်ဦးမည်၊ လျပ်စီးလက်ဦးမည်တဲ့။ 

ဒီနေ့ မနက်ပိုင်းကစပြီး အခု ညဘက် ၁၁ နာရီခွဲကျော်ထိ ဘက်ကင်ဟမ်နန်းတော်ရှေ့နှင့် စိန့်မေရီဆေးရုံရှေ့တွင် သတင်းဌာနပေါင်းစုံမှ သတင်းသမားများ၊ ယူကေတစ်ခွင်မှ လာရောက်နေရာယူထားကြသူများနှင့် စည်းကားလျှက်ရှိသည်။ ၀ီလျံမင်းသား၏ ကြင်ယာတော် မင်းသမီး ကိတ်၏ ပထမဆုံး ကလေးမွေးမည့်အချိန်ကို ဆုတောင်းရင်း အားပေးရင်းဖြင့် စိတ်အားတက်ကြွစွာ စောင့်မျှော်နေကြသည့် လူအုပ်ကြီးများပင် ဖြစ်၏။ 

ညနေ ၄ နာရီ ၂၄ မိနစ်အချိန်တွင် စိန့်မေရီဆေးရုံ၌ မင်းသမီးကိတ် ကလေးဖွားမြင်သည်။ ယောက်ျားလေးဖြစ်သည်။ အလေးချိန်မှာ ၈ ပေါင်နှင့် ၆ အောင်စ ရှိသည်။ မိခင်ရော ကလေးပါ ကျန်းမာလျှက်ရှိသည်တဲ့။ ဗြိတိန်နိုင်ငံ၏ တတိယမြောက် တန်းစီနေရာယူထားသည့် မင်းလောင်းလေးပင်ဖြစ်၏။ နန်းမွေခံယူမည့်သူများအဖြစ် လက်ရှိအဲလိဇဘက်ဘုရင်မကြီး၏ နောက်တွင် သားတော် ချားလ်စ်မင်းသား။ ချားလ်စ်မင်းသား၏နောက်တွင် သူ၏သားတော် ၀ီလျံ။ သားတော်ဝီလျံ၏ နောက်တွင် ယခုမွေးဖွားသည့် နန်းညွန့်နန်းလျာ ဘေဘီလေး နေရာယူထားကြသည်။

သားတော်လေး၏ နာမည်ကိုမူ ယခုထက်ထိ မသိရသေး။ မမှည့်ရသေးဆိုက ပိုမှန်မည်ထင်သည်။ နာမည်ကို ကြိုမှည့်ထားဖို့ နေနေသာသာ ကိုယ်ဝန်ရစဉ်ကထဲကပင် ယောက်ျားလေးဖြစ်သည် မိန်းခလေးဖြစ်သည်ဟု မထုတ်ဖော်ဘဲ ၀ှက်ထားခဲ့သည်။ ဒီနေ့မှ ယောက်ျားလေးအဖြစ် သိရှိသည်။ ယူကေပြည်သူပြည်သားများ ၀မ်းသာလိုက်ကြသည့် ဖြစ်ခြင်း။ သားတော်လေး ဖွားမြင်ပြီဟု သိရသည်နဲ့တပြိုင်နက် ဘက်ကင်ဟမ် နန်းတော်ရှေ့၌လည်း အောင်ပွဲခံသံများဖြင့် ပြည့်လျန်းသွားလေ၏။  သူတို့နိုင်ငံ သူတို့နန်းစဉ်နန်းဆက် သူတို့လူမျိုး သူတို့၏အားပေးသံ သူတို့၏ ဂုဏ်ယူတတ်မှုသည် အားကျဖွယ်ပင်ဖြစ်၏

ထိုကလေးကို အောင်မြင်စွာ မွေးဖွားခဲ့သည့်အတွက် ဘုရင်မကြီးလည်း ပျော်မဆုံး။ ချားလ်စ်မင်းသားလည်း မြေးဦးလေးမို့ မော်မဆုံး။ ၀ီလျံနှင့်ကိတ်တို့ကိုယ်တိုင်လည်း သားဦးလေးမို့ ပျော်တပြုံးပြုံး။ အမြောက်တပ်များကလည်း အမြောက်ဖောက်ပြီး အောင်ပွဲခံဖို့ တပြင်ပြင်။ ၀န်ကြီးချုပ်နှင့်တကွ ၀န်ကြီးဝန်လေးများလည်း ကွန်ဂရက်ကျူလေးရှင်း လုပ်၍ မဆုံးတော့။ ကမ္ဘာအရပ်ရပ်မှ ကွန်ဂရက်ကျူလေးရှင်းများ ဒီရက်ပိုင်းအတွင်း တဖွဲဖွဲ ရောက်လာဖွယ်ရှိလေသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ သတင်းဌာနများ၌လည်း ဒီနေ့ မင်းသမီးကိတ် ကလေးမွေးဖွားခြင်းအကြောင်းဖြင့် ပြည့်နှက်နေဦးမည်ဖြစ်၏။ လူအများစုကလည်း ဒီအကြောင်း ပြောနေကြမည်ဖြစ်၏။ သတင်းစာပေါင်းစုံ၌လည်း ခေါင်းကြီးပိုင်းသတင်းများ ပါလာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ အင်တာနက်ဆို အခု ဒေါက်ကနဲ ခေါက်ကြည့် သူ့အကြောင်းမှ သူ့အကြောင်းတွေ ထပ်နေမည်ဖြစ်၏။ ရှိပေမပေါ့။ မမွေးခင်ကထဲက နာမည်ကြီးခဲ့သည့် ကလေးလေးပေဘဲ။

"မောင်ရင်... မနက်က စောစောစီးစီး မိုးရွာ၊ လျပ်စီးလက်၊ မိုးကြိုးပစ်၊ မိုးခြုန်းသံတွေကို ကြားလိုက်ရတယ် မဟုတ်လား။ အဲဒါတွေဟာ ဒီကလေးရဲ့ အတိတ်နိမိတ်ဘဲ။ နောင်တချိန်မှာ ဒီကလေးရဲ့ ဘုန်း၊ မိုးသို့ခြုန်း ဖြစ်လာလိမ့်မယ်" ဟု အိမ်ရှင်အဘိုးအိုက မှတ်ချက်ပြုလေ၏။

ဒီနေ့ လပြည့်နေ့ (၀ါဆိုလပြည့်နေ့၊ ဓမ္မကြာအခါတော်နေ့) ဖြစ်သည့်အားလျှော်စွာ ညနေပိုင်းတွင် ကောင်းကင်ယံ၌ တိမ်သလ္လာများကင်းစင်ပြီး လပြည့်ဝန်းကြီးကို ပြည့်ပြည့်ဝန်းဝန်း ထင်ထင်ရှားရှား မြင်တွေ့ရ၏။ ဘီဘီစီသတင်းဌာနက သတင်းထောက်များကလည်း ကောင်းကင်က လပြည့်ဝန်းကြီးကို ရိုက်ပြလိုက်၊ ဘက်ကင်ဟမ်နန်းတော်ကြီးကို ရိုက်ပြလိုက်၊ စိန့်မေရီဆေးရုံကြီးကို ရိုက်ပြလိုက်၊ အားပေးကြသည့် လူအုပ်ကြီးကို ရိုက်ပြလိုက်၊ ချားလ်စ်မင်းသားနှင့်ဒိုင်ယာနာမင်းသမီးတို့ သားတော်ဝီလျံကိုမွေးဖွားစဉ်က ဖိုင်ကလစ်ကို လွှင့်ပြလိုက်၊ ၀ီလျံနှင့်ကိတ်တို့၏ ဖိုင်တွေထုတ်ပြလိုက်ဖြင့် သတင်းများကို ထပ်ခါထပ်ခါ တင်ဆက်ပြသပေးလေ၏။ လပြည့်ဝန်း၊ နန်းတော်၊ သားတော်မွေးဖွားခြင်း။ အားပေးမှုများကို ရရှိခြင်း။ အင်း.... ကောင်းခြင်းတွေ စုံလို့ စုံလို့။

ထိုကလေး မွေးဖွားမှုအတွက် ဘုရင်မကြီးလည်း ကွန်ဂရက်ကျူလေးရှင်းလုပ်၏။ ချားလ်စ်မင်းသားလည်း ကွန်ဂရက်ကျူလေးရှင်းလုပ်၏။ ၀န်ကြီးချုပ်ဒေးဗစ်ကင်မရွန်းလည်း ကွန်ဂရက်ကျူလေးရှင်း လုပ်၏။ အိမ်ရှင်အဘိုးအိုလည်း ကွန်ဂရက်ကျူလေးရှင်းလုပ်၏။ ထို့အတူ ကျွန်ုပ်သည်လည်း လှိုက်လှိုက်လှဲလှဲ ကွန်ဂရက်ကျူလေးရှင်း လုပ်လိုက်ပေ၏။ ထို့ကြောင့်.... ရေးလက်စ (မတော်တဆ ခလုပ်နှိပ်မိ၍ ဘလော့ပေါ်တက်သွားသော) မောင်နက်ကျော်ပို့စ်ကို ပတ်ဘလစ်ရှ်မလုပ်သေးဘဲ မင်းသားဝီလျံနှင့်မင်းသမီးကိတ်တို့အား ဂုဏ်ပြုသောအားဖြင့် အမှတ်တရအဖြစ် ဤပို့စ်ကို အရေးပေါ် ရေးလိုက်ခြင်းဖြစ်ပေ၏။

Many Many Congratulations ပါ မင်းသားဝီလျံနှင့်မင်းသမီးကိတ်တို့ရေ။
....

စိတ်ဝင်စားသေးရင်...

.

Sunday, 9 June 2013

အဘိုးအို၊ ကျနော်နဲ့ စပ်ပနာပေါင်းစုံ

"ဘကြီးရေ...  အမေ့ကို ညတုန်းက သမီးအိပ်မက် မက်တယ်"

"ဟုတ်လား။ ဆိုစမ်းပါဦး"

"အိပ်မက်ထဲမှာ အမေက မဆုံးသေးဘူးတဲ့။ အဖေနဲ့အတူတူ ရှိနေတာလေ။ အဲဒါ တစ်နေ့မှာ အဖေက ကားတစ်စီး ၀ယ်လိုက်တယ်။ ဆယ်တန်ကား အဟောင်းကြီးကို ၀ယ်တာ။ အဲဒါကို အမေက လုံးဝ သဘောမတူဘူး။ အဖေ့ကို မ၀ယ်နဲ့ပြောပေမဲ့ အဖေက အမေ့စကား နားမထောင်ဘဲ ဇွတ်ဝယ်လိုက်တာလေ။ အဲဒါကြောင့် စိတ်ဆိုးပြီး အမေ့မျက်နှာဆို လုံးဝ ရွှင်ရွှင်ပြပြမရှိတော့ဘူး။ ပြီးတော့ စကားလဲ တစ်လုံးမှ မပြောဘူး။ ငူတူတူကြီး ဖြစ်နေတယ်။ အဲဒီနောက် သမီး အိပ်ရာက လန့်နိုးလာတယ်။ အမေ့မျက်နှာ မရွှင်ပြတာကို မြင်မက်ရတာ စိတ်ထဲမှာ လုံးဝ မချမ်းသာဘူး။ အဲဒါ အမေများ အိပ်မက် လာမက်ပေးသလားလို့ ဘကြီးကို လာမေးတာ"

"အေး... ငါ့ အမြင်အတိုင်း ပြောမယ်နော်။ သေဆုံးပြီးတဲ့ သူက အိပ်မက်ထဲမှာ စကား လုံးဝ မပြောဘူးဆိုရင် အဲဒါ မကျွတ်လွတ်သေးတဲ့ နိမိတ်ပြတာဘဲ။ နင် ဆွမ်းလေးဘာလေး ကျွေးမွေးလှူဒါန်းပြီး နင့်အမေကို အမျှပေးဝေလိုက်ရင် ပိုကောင်းမယ် ထင်တယ်"

အိမ်ကို ခဏအလည်လာတဲ့ အဘိုးအိုရဲ့ (အသက်ငါးဆယ်ကျော်အရွယ်) တူမတစ်ယောက်နဲ့ အဘိုးအိုတို့ အိမ်အောက်ထပ်မှာ စကား အပြန်အလှန် ပြောနေကြသည်ကို အပေါ်ထပ်မှနေပြီး ကျနော် အတိုင်းသား ကြားနေရလေ၏။ "အသက်ကြီး တနည်းသာ" ဆိုတဲ့အတိုင်း အဘိုးအိုများ တစ်ခုခု အကြံပေးလေမလား ဆိုပြီး တူမတော်က အားကိုးတကြီး မေးကြည့်ပုံပေါ်လေ၏။ အင်းလေ... သေဆုံးပြီးတဲ့ အမေအရင်းခေါက်ခေါက်ကြီးကို အိပ်မက် မက်တာဆိုတော့လဲ အမေ့ ဘ၀သံသရာအရေး ရင်လေး ရှာပေမပေါ့။

"အမေက မသေခင် ကုသိုလ်တွေ အများကြီး လုပ်သွားခဲ့တယ်လေ ဘကြီးရဲ့။ မကျွတ်မလွတ်တော့ မဖြစ်နိုင်လောက်ဘူး ထင်ပါတယ်"

"ဒီမယ် ငါ့တူမကြီး.. သေချာမှတ်ထား။ နင့်အမေလဲ ပုထုဇဉ်ဘဲ။ ငါတို့လဲ ပုထုဇဉ်ဘဲ။ အရိယာတွေ မဖြစ်ကြသေးဘူး။ အဲဒီတော့ ပုထုဇဉ်တို့ရဲ့ တမလွန်ဘ၀ဟာ ဘာမှ ရေရေရာရာ မရှိဘူး။ ကုသိုလ် ဘယ်လောက်လုပ်ခဲ့လုပ်ခဲ့ သေခါနီးမှာ ထင်ဟပ်လာတဲ့ ကံ ကမ္မနိမိတ် ဂတိနိမိတ်တွေရဲ့ အလိုအတိုင်း တမလွန်မှာ သွားပြီး ကျင်လည် ကျက်စားကြရတာလေ။ ဒါကြောင့်မို့လဲ "ပုထုဇဉ်အသေ ထန်းသီးကြွေ" ဆိုပြီး ဆိုရိုးစကား ရှိခဲ့တာ မဟုတ်လား"

အဘိုးအိုက စာကြီးပေကြီး ကောင်းကောင်း မတတ်ပေမဲ့ ဒီလိုဘဲ ကြုံရင်ကြုံသလိုတော့ ရွှီးတတ်စမြဲဖြစ်၏။ ဘာတဲ့ "ပုထုဇဉ်အသေ ထန်းသီးကြွေ"ဆိုပါလား။ မှန်တာပြောရရင် ကျနော် တစ်ခါမှ ဒီစကားပုံကို မကြားဖူးခဲ့ပေ။ အဘိုးအိုကို ကြိတ်ပြီး ချီးကျူးနေမိလေ၏။ ရွှီးတယ်ဆိုပေမဲ့ သူ့ရွှီးပုံရွှီးနည်းက လူကြီးပီပီ ယုတ္တိရှိသယောင်ယောင်။ ဆက်ပြီး နားထောင်ကြည့်ဦးမှဘဲ။ အဘိုးအို ဘာတွေ ဆက်ရွှီးဦးမည် မသိ။

"ပုထုဇဉ်သေတာနဲ့ ထန်းသီးကြွေတာနဲ့ ဘာဆိုင်လို့တုန်း ဘကြီးရဲ့"

"နင်ကလဲ မေးရော့မယ်။ ဒါလေးတောင် မသိဘူး။ ငါက ဥပမာနဲ့ ပြောပြတာ။ မသိရင်လဲ မှတ်ထားလိုက်ဦး။  ပြွတ်သိပ်နေအောင် သီးနေတဲ့ ထန်းသီးခိုင်ကြီးကို လူတစ်ယောက်က ထန်းပင်ပေါ်တက်ပြီး ဓါးနဲ့ ခုတ်ဖြတ်ချလိုက်တယ် ဆိုပါစို့။ ဒီထန်းသီးခိုင်ကြီး အောက်ကို ဘုန်းကနဲ ပြုတ်ကျလာမှာ မဟုတ်လား။ ဒီတော့ အရှိန်နဲ့  ပြုတ်ကျလာခဲ့ရတဲ့အတွက် ထန်းသီးတွေ ပြုတ်ထွက်ပြီး ဟိုတစ်လုံး ဒီတစ်လုံး ဟိုလှိမ့်ဒီလှိမ့်နဲ့  နေရာအနှံ့ ရောက်ကြရမယ် မဟုတ်လား။ ပြီးတော့ မြေနိမ့်တဲ့ ဘက်ကို ပိုပြီး လှိမ့်သွားကြရစမြဲဘဲ မဟုတ်လား။ အဲဒီ ဥပမာ အတိုင်းဘဲ။ ပုထုဇဉ်တွေ သေပြီးရင် ဟိုလှိမ့်ဒီလှိမ့်နဲ့ အောက်အရပ်ကို လှိမ့်ဆင်းကြတာ ပိုများတတ်တယ်လေ။ အထက်မှာ ကျန်ခဲ့တာက ခပ်နဲနဲရယ်။ ဒါကြောင့် "ပုထုဇဉ်အသေ ထန်းသီးကြွေ"လို့ ငါပြောတာ"

"အလဲ့....ဘကြီး ဥပမာက ခပ်ဟုတ်ဟုတ်ပါဘဲလား "

"ခပ်ဟုတ်ဟုတ် လုပ်မနေနဲ့။ ကြုံတုန်း ဗဟုသုတဖြစ် ပြောလိုက်ဦးမယ်။ နင်တို့လို ငါတို့လို ပုထုဇဉ်တွေ သေပြီးလို့ရှိရင် သွားရမဲ့ နေရာက မြဲတာ မဟုတ်ဘူး။ ၅ နေရာထဲက ရောက်ချင်တဲ့ နေရာကို ရောက်သွားတတ်ကြတယ် မဟုတ်လား"

"ဘယ် ၅ နေရာလဲ ဘကြီး"

"ပြောပြမယ်လေ။ သေချာလဲ နားထောင်ဦး
၁။ဒေ၀ဂတိ (နတ်ပြည်၊ ဗြဟ္မာ့ပြည်)
၂။မနုဿဂတိ (လူ့ပြည်)
၃။တိရစ္ဆာနဂတိ (တိရစ္ဆာန်)
၎။ပေတဂတိ (ပြိတ္တာပြည်၊ အသူရကာယ်ပြည်)
၅။နိရယဂတိ (ငရဲပြည်) တဲ့။ အဲဒီ ငါးနေရာထဲက တစ်နေရာရာကို သွားရမှာဘဲ။ ဒါပေမဲ့ ဘယ်နေရာကို သွားရမယ်ဆိုတာကိုတော့ သိကြရမှာ မဟုတ်ဘူး"

ဒီနေရာမှာတော့ အဘိုးအို တော်သား ဟု စိတ်ထဲက ချီးမွမ်းနေမိလေ၏။

"ဒါဖြင့် အရိယာပုဂ္ဂိုလ်တွေ သေပြီးရင်ကော ဘယ်ကို သွားကြရမှာလဲ ဘကြီး"

"အရိယာပုဂ္ဂိုလ်တွေကတော့ သေပြီးရင် သွားရမဲ့နေရာက မြဲတယ်။ အထက်ကို တက်ကြတယ်။ ဘယ်တော့မှ အောက် အပါယ်ကို မဆင်းတော့ဘူး။ ဒါကြောင့် "အရိယာသေ ကန်ဒုံးကျည်" ဆိုပြီး ရှေးလူကြီးတွေ ဆိုရိုးစကား ပြုခဲ့ကြတာလေ"

ဒီတစ်ခါတော့ အဘိုးအို ရွှီးကောင်းတိုင်း ဆက်ရွှီးနေမှန်း သိလိုက်၏။ လိုက်လဲ လိုက်ဖက်တဲ့ တူမနဲ့ဘကြီး။ ဘယ့်နှယ် လာပြန်ပြီ။ "အရိယာသေ ကန်ဒုံးကျည်"တဲ့။ ကြုံးဖူးပေါင် ဂုဏ်ထူးဆောင်ပါဘဲ။ အဘိုးအိုတစ်ယောက် ပုထုဇဉ်တွေ အရိယာတွေကို  ကြုံသလို ဟိုပို့ဒီပို့ ပို့နေသည်ကို မြင်နေရကြားနေရသည်မှာ ရယ်ရမလို ပြုံးရမလို။

"ကန်ဒုံးကျည်ဆိုတာ ဘာကို ပြောတာလဲဟင် ဘကြီး"

"နင်က ဘိလပ်ပြည်ရောက်နေရဲ့သားနဲ့ ဒါလေးတောင် မသိဘူးလား။ ကန်ဒုံးကျည်ဆိုတာ အမေရိကန်က တာဝေးပစ်ဒုံးကျည်တွေကို ပြောတာ"

"ဘာဆိုင်လို့တုန်း ဘကြီး။ အရိယာနဲ့ ကန်ဒုံးကျည်က"

"အော်... ခက်လိုက်ပါဘိ တူမကြီးရယ်။ အမေရိကန် တာဝေးပစ်ဒုံးကျည်တွေက ဘယ်လောက် ဝေးကွာတဲ့ ပစ်မှတ် ဖြစ်ပါစေ၊ ပစ်လွှတ်လိုက်ရင် ဒက်ထိကွက်တိချည်းဘဲ။ ပစ်မှတ်ကနေ ဘယ်တော့မှ လွဲချော်ထွက်မသွားဘူး။ အဲဒီဥပမာလိုဘဲ။ အရိယာတွေ သေပြီးရင် သူတို့သွားရမဲ့ နေရာက ဒက်ထိကွက်တိ အထက်လမ်းတွေချည်းဘဲ"

အဘိုးအိုရဲ့ ဥပမာကြောင့် ကျနော် အပေါ်ထပ်မှနေပြီး ပြုံးနေမိလေ၏။ တဆက်ထဲ အဘိုးအိုကို စနောက်ချင်တဲ့ စိတ်လဲ ဖြစ်ပေါ်လာ၏။ ထို့ကြောင့် အောက်ထပ်သို့ ခပ်သုတ်သုတ် ဆင်းပြီး သူတို့ ပြောနေတဲ့ ခေါင်းစဉ်လေးတွေ မလွဲကြသေးခင် ကျနော် ကြားဖြတ် ၀င်ပြောလိုက်လေ၏။

"ဟာ... အဘိုးအိုကလဲ.. ကန်ဒုံးကျည်တွေ ဒက်မထိ ကွက်မတိတာတွေ ရှိပါသေးတယ်။ ကျနော်နဲ့ သိတဲ့ ဂျပန် မိတ်ဆွေတစ်ယောက်က ပြောဖူးတယ်။ အမေရိကန်တာဝေးပစ် ဒုံးကျည်တွေလဲ ပစ်မှတ်စင်တာကနေ တစ်ပေလောက်ထိတော့ လွှဲနိုင်သေးတယ်တဲ့"

"ဟာ.. မောင်ရင်.. မင်းရောက်လာတာနဲ့ အတော်ဘဲ။ ငါက ဒီ နလပိန်းတုန်း တူမကြီးမို့ ယေဘုယျ ခြုံပြောလိုက်ရတာ။ မင်းပြောသလို ဒက်မထိ ကွက်မတိတဲ့ ကန်ဒုံးကျည်တွေ ရှိသလို အရိယာတွေလဲ ရှိကြောင်း ငါလဲ သိပါတယ်။ ဒါပေမဲ့ ဒီတူမကြီးကို အဲဒါတွေ ပြောလိုက်ရင် လည်ထွက်ကုန်မှာစိုးလို့ လိုရင်းတိုရှင်းဘဲ ပြောလိုက်ရတာလေ။ မင်းက အထွံ့တက်တတ်တဲ့သူဆိုတော့ ငါနဲနဲတော့ ချဲ့ပြောလိုက်ဦးမယ်"

"ဆက်ရွှီးပါ အဘိုး... အဲလေ.. ဆက်ပြောပါ အဘိုး။ ကျနော် နားထောင်နေပါတယ်"

"အရိယာပုဂ္ဂိုလ်တွေကို အတိုချုံးပြီး ဒီလိုလေး မှတ်ထားလိုက်ပေါ့..
၁။သောတာပန်အရိယာ
၂။သကဒါဂါမ်အရိယာ
၃။အနာဂါမ်အရိယာ
၎။ရဟန္တာအရိယာ ဆိုပြီးတော့ပေါ့။ ဒီလေးပါးထဲက နောက်ဆုံးအရိယာကတော့ ဒီဘ၀တင်ဘဲ နိဗ္ဗာန်ဝင်စံမှာပေါ့။ တတိယအရိယာကတော့ ဒီကာမဘုံကို ပြန်မလာတော့ဘဲ အထက်ဗြဟ္မာ့ပြည်မှာ  နိဗ္ဗာန်ဝင်စံမှာပေါ့။ ဒုတိယအရိယာကတော့ ဒီကာမဘုံကို တစ်ကြိမ်သာလာပြီး နိဗ္ဗာန်ဝင်စံမှာပေါ့။ အခု ပြောချင်တာက ပထမအရိယာဖြစ်တဲ့ သောတာပန်အရိယာအကြောင်းပါ။ အရိယာသေ ကန်ဒုံးကျည် ဆိုတာ ဒီအရိယာကို ဆိုလိုတာပါ။ အရိယာဖြစ်ပေမဲ့ ကာမဘုံထဲ ၇ ကြိမ်လောက် လည်တယ်တယ် ဖြစ်နေသေးတဲ့အတွက် ကန်ဒုံးကျည်လို နဲနဲလေးတော့ လွဲနေတတ်တဲ့ သဘောကို ဆိုလိုတာပါ"

"ဆက်ရှင်းပါ အဘိုး"

"အဲဒီ သောတာပန်အရိယာဟာ သုံးမျိုးသုံးစားရှိတယ်
၁။ဧကဗီဇိသောတာပန် (ဒီဘ၀မှာဘဲ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်စံမဲ့အရိယာ)
၂။သတ္တက္ခတ္တုပရမသောတာပန် (၇ ဘ၀မြောက်မှာ  ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်စံမဲ့အရိယာ)
၃။ကော့လန်ကော့လန် သောတာပန်...................."

"အာ... အဘိုးကလဲ... ကောလံကောလ သောတာပန်လို့ လုပ်စမ်းပါ။ ဘယ့်နှယ် ကော့လန်ကော့လန် ဖြစ်သွားရတယ်လို့။ ငရဲတွေ ကြီးနေပါဦးမယ်"

"အေးကွာ.. ငါက မောင်ရင်တို့လို ပါဠိစကားလုံးမှ မနိုင်ဘဲကို။ ဒီတော့ လွယ်လင့်တကူ ကော့လန်ကော့လန်လို့ဘဲ မှတ်ထားလိုက်တယ်လေ။ အဲဒီလို မှတ်မယ်ဆိုလဲ မှတ်ချင်စရာရယ်။ အဲဒီ နံပါတ် ၃ သောတာပန်က ဟိုဘ၀မှာ ရဟန္တာဖြစ်မှာလိုလို ဒီဘ၀မှာ ရဟန္တာဖြစ်မှာလိုလိုနဲ့ ကော့လန်ကော့လန် ဖြစ်မနေဘူးလား"

အဘိုးအို ပြောမယ်ဆိုလဲ ပြောချင်စရာ။ အဲဒီ ကောလံကောလ သောတာပန်အရိယာပုဂ္ဂိုလ်ဟာ နှစ်ဘ၀မြောက်ကနေ ခြောက်ဘ၀မြောက်အထိ တစ်ဘ၀၀မှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ဝင်စံလေ့ရှိတယ်တဲ့။ ဒီတော့ ဒီဘ၀တင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်စံမဲ့အရိယာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကန်ဒုံးကျည် ပစ်မှတ် နဲနဲလွဲနိုင်သလို အရိယာတွေလဲ ဘ၀ပါးပါးလေးတော့ လွဲနိုင်သေးတယ် မဟုတ်လား။

"အဘိုးက ဗဟုသုတတွေ အများကြီး ရှိတယ်နော်။ ဒါနဲ့ စကားမစပ် အဘိုးကကော အရိယာစာရင်းထဲ ၀င်နေပြီလား"

"ကျားသားမိုးကြိုး မောင်ရင်ရာ။ မိုးကြိုးတွေတော့ ပစ်ကုန်တော့မှာဘဲ။ ဘယ်ကလာ အရိယာစာရင်းထဲ ၀င်ရမှာလဲ။ ပုထုဇဉ်မှ ပုထုဇဉ်အစစ်။ ပုထုဇဉ်စစ်လိုက်သမှ အညံ့စား ပုထုဇဉ်စာရင်းထဲ ၀င်နေလောက်တယ်"

အဘိုးဖာသာ အဘိုးသိရင် ပြီးရော....ဟု ကျနော် မပြောလိုက်ပါ။ ပြောလဲ မပြောရက်ပါ။ ပြောလဲ မပြောရဲပါ။ အဘယ့်ကြောင့်ဆိုသော် အဘိုးအိုတစ်ယောက် ညစဉ်ညတိုင်း သန်းခေါင်ကျော်အချိန်မှာ အိပ်ရာက ထထပြီး ဘုရားစင်ရှေ့ တရားထိုင်နေတာ ကျန်တော် မြင်တွေ့နေကျ မဟုတ်လား။

"သိပါဘူး။ အဘိုးက ညတိုင်း တရားတွေ နင်းကန်ထိုင်နေတော့ ဧကန္တ တစ်မဂ်တစ်ဖိုလ်တွေများ ရနေပြီလားလို့"

"မောင်ရင်ရာ... တရားထိုင်တိုင်း တစ်မဂ်တစ်ဖိုလ် ရကြစတမ်းဆိုရင် လူတိုင်းလူတိုင်း အရိယာတွေ ဖြစ်နေကြရောပေါ့"

"ဒါနဲ့ အဘိုး မသိလို့ မေးပါရစေ။ အဘိုး တရားထိုင်နေရင်း ခန္ဓာကိုယ်ကြီး ဘယ်ညာယိမ်းထိုးနေတာဟာ တရားအရသာတွေကို တွေ့နေတဲ့အတွက်ကြောင့်လား မသိဘူး"

"ငါ့လခွမ်းမှဘဲ။ မင်းကတော့ လုပ်တော့မယ်။ အဲဒါ တရားတွေ့နေတာ မဟုတ်ဘူး။ မသေမချင်း ဟိုဒင်း ကြမ်းကြားညှပ် မှတ်ထားလိုက်ဦး။ အဲဒါ အိပ်ငိုက်နေတာ အိပ်ငိုက်နေတာ"

"ဟား ဟား ဟား။ အဘိုးကတော့ လုပ်ရော့မယ်။ ဒါဖြင့် အဘိုးက တချိန်လုံး ခန္ဓာကိုယ် ယိမ်းထိုးနေတာဆိုတော့ တချိန်လုံး အိပ်ငိုက်နေတယ်ဆိုတဲ့ သဘောလား"

"ဟေ... ဟုတ်လား။ သိပါဘူးကွာ။ စိတ်ကလဲ ဘာဖြစ်နေမှန်းမသိဘူး။ တရားထိုင်တော့မယ်လုပ်တိုင်း အိပ်ချင်နေတယ်။ ကျန်တဲ့ အချိန်တွေဆို လန်းဆန်းနေတာဘဲ "

"ဒါကြောင့် ဟို ဆိုရိုးစကား ရှိခဲ့တာ ထင်တယ် အဘိုး"

"ဘယ် ဆိုရိုးစကားလဲ"

"ဟိုလေ.... "ဘုရားရိပ် တရားရိပ်များ တယ် အိပ်ကောင်းဆိုဘဲ" ဆိုတဲ့ ဆိုရိုးစကားလေ"

"ခွီးးး.... "ဘုရားရိပ်တရားရိပ်များ  တယ်  အေးချမ်းဆိုဘဲ"... လို့ လုပ်စမ်းပါ မောင်ရင်ရာ"

"နို့ သိမှ မသိဘဲ။ အဘိုးက တရားထိုင်တိုင်း ယိမ်းထိုးနေတာကိုးးး။ အဲ... ဒါပေမဲ့ ဘာမှ အားမငယ်နဲ့ အဘိုး။ အဲဒီလို တရားထိုင်ရင်း ခန္ဓာကိုယ်ယိမ်းထိုးတတ်တာ အဘိုးတစ်ယောက်ထဲ မဟုတ်ဘူး။ ကျနော်တို့ တုံးဖလားရွာက ခင်မြတို့ခင်လှတို့ ညီအမလဲ ယိမ်းထိုးခဲ့ကြတယ်တဲ့"

"အင်း... ဆိုစမ်းပါဦး"

"တစ်ခါတုန်းက ကျနော်တို့ တုံးဖလားရွာနဲ့ မိုင်နှစ်ဆယ်လောက် အကွာအဝေး ရွာလေးတစ်ရွာမှာ မဟာစည်ဆယ်ရက်စခန်း သွင်းသတဲ့။ ခင်မြနှင့်ခင်လှတို့ ညီအမနှစ်ယောက်လဲ ရည်ရွယ်ချက်နှစ်ခုနဲ့ အဲဒီ တရားစခန်းမှာ တရားသွားထိုင်ကြသတဲ့"

"အင်းးးး အဲဒီ ရည်ရွယ်ချက်နှစ်ခုက ဘာတဲ့လဲ"

""တရားလဲရ ခန္ဓာကိုယ်လဲ လှ" တဲ့ အဘိုး"

"တရားထိုင်တာနဲ့ ဘယ်လိုလုပ် ခန္ဓာကိုယ်က လှပြန်ရမှာတုန်း"

"ဒါက ဒီလိုရှိတယ် အဘိုး။ သူတို့နှစ်ယောက်လုံးက နဲနဲဝတော့ ၀ိတ်လျော့ချင်ကြတာလေ။ ရိပ်သာဆိုတော့ တစ်ရက်မှ ထမင်းနှစ်ထပ်ဘဲ စားရတော့မှာ မဟုတ်လား။ ပြီးတော့ အိပ်ချိန်လဲ သိပ်မရှိကြဘူး မဟုတ်လား။ အအိပ်အစား လျော့လိုက်ရင်တော့ သေချာပေါက် ခန္ဓာကိုယ်က မော်ဒယ်စတိုင်လ်မျိုး ထွက်လာနိုင်တယ်ပေါ့။ အဲဒီလို အကြံနဲ့ သူတို့ ညီအမနှစ်ယောက် ရိပ်သာ ၀င်ခဲ့ကြတာလေ။ တရားဟော တရားပြ ဆရာတော်လေးက တရားပြကောင်းရှာပါတယ်။ ဒါပေမဲ့ သူတို့ ညီအမ နှစ်ယောက်လုံး ညနေစာ မစားရတာကို အကြောင်းပြပြီး မနက်စာ ထမင်းနှစ်ထပ်ကို အ၀အပြဲ စားကြတာပေါ့။ အစာစားတာ များတော့ တရားထိုင်ရင်း ငိုက်တဲ့အခါငိုက်၊ အိပ်ပျော်တဲ့အခါ အိပ်ပျော်နဲ့။ တရားမရတဲ့ အပြင် ခန္ဓာကိုယ် ၀ိတ်တွေပါ တက်လာခဲ့ရော ဆိုဘဲ။ အဲဒါကြောင့် သူတို့ ညီအမနှစ်ယောက်ကို သူငယ်ချင်းတွေက သံပေါက်ကဗျာလေးနဲ့ ၀ိုင်းစလေ့ ရှိကြသတဲ့"

"ဘယ်လို သံပေါက်ကဗျာလေးနဲ့လဲ "

"မဟာစည်ရိပ်သာ၊ ၀င်ခဲ့တာ၊ ထိုင်ကာ အိပ်တတ်သည်"
"ခင်မြခင်လှ၊ ပိုလို့ဝ၊ ၀က်မ ရှုံးလောက်သည်"
"တုံးဖလားရွာ၊ များသူငါ၊ ခါခါ ပြောတော့သည်" ဆိုတဲ့ ကဗျာလေးလေ"

"ဟား ဟား ဟား မင်းကတော့ မဟုတ်က ဟုတ်ကဆို တော်တော် မှတ်ဥာဏ်ကောင်းတဲ့ကောင်။ အေး... ပြောရရင်တော့ ခင်မြတို့ ခင်လှတို့မှ မဟုတ်ဘူး။ ငါကိုယ်တိုင်လဲ တရားနာရင်း အိပ်ပျော်ခဲ့ဖူးတယ်"

"ဟုတ်လား အဘိုး။ ဘယ်မှာ အိပ်ပျော်ခဲ့တာလဲ"

"ရွာဦးကျောင်းမှာ"

"စိတ်ဝင်စားစရာဘဲ"

"အဲဒီအချိန်တုန်းက ငါ့အသက် ၆၀ ကျော် အရွယ်ပေါ့ကွာ။ ဥပုသ်နေ့တွေဆိုရင် ထုံးစံအတိုင်း ရွာဦးကျောင်းမှာ ဥပုသ်သီလ ဆောက်တည်၊ တရားနာ၊ တရားထိုင် လုပ်ရတယ် မဟုတ်လား။ တရက်သားကျတော့ တရားနာရင်း အိပ်ချင်တာနဲ့ တရားအာရုံပြုသလိုလို ဘာလိုလို လုပ်ပြီး ခန္ဓာကိုယ်ကို ၀ပ်ချလိုက်ပြီး မှေးလိုက်တာ တခါထဲ အိပ်ပျော်သွားရောဘဲ။ ဟောက်တောင်ဟောက်လိုက်သေးတယ်တဲ့။ တခြားဥပုသ်သည်တွေ ပြောပြမှ သိရတာ။ အဲဒီအကြောင်း စဉ်းစားမိတိုင်း ငါ့မှာ ရှက်လိုက်တာ လွန်ရောဘဲ"

"အဘိုး တရားနာရင်း အိပ်ပျော်တဲ့အကြောင်း ကြားရတော့ ကျနော် ဟို ရှစ်လုံးဖွဲ့ကဗျာလေးကို ပြေးအမှတ်ရမိလိုက်တယ်"

"ဘယ် ကဗျာလဲ"

""ဥပုသ်စောင့်သွား၊ တရားနာသော်
ဘိတ်ဆုံးဒေါင့်ခြား၊ နောက်ဖျားကမျှော်
မျက်တောင်စင်းလို့၊ ဟောက်ရင်း အိပ်ပျော်
တရားဆုံး၊ တုံးလုံး စက်တော်ခေါ်" ဆိုတဲ့ ကဗျာကို ပြောတာပါ အဘိုး"

" မင်းက ကျန်တဲ့ နေရာမှာသာ သုံးစားမရတာ။ ဒီလိုမျိုး ကပျက်ကချော် မှတ်သားရမယ်ဆိုရင်တော့ ထိတ်တန်းထဲကဘဲ။ မင့်ကို လိုက်မမီဘူး။  အေးလေ..... မင်းပြောမယ်ဆိုလဲ ပြောချင်စရာရယ်။ ငါကလဲ အသက်ကြီးလာလေ ထိနမိဒ္ဓတွေ များလာလေကိုး။ နေ့တိုင်း အိပ်တာတောင် အိပ်ရေးမ၀ ဖြစ်နေတယ်"

ကျနော်နဲ့ အဘိုးအို စကားကောင်းနေခိုက် အဘိုးအိုရဲ့ တူမ တစ်ယောက် စကားဝိုင်းထဲ ၀င်မရတဲ့အတွက် ပြန်လိုက်ပါဦးမယ်ဆိုပြီး နှုတ်ဆက် ပြန်သွားလေ၏။ သူ ပြန်သွားသော်လည်း ကျနော်တို့ကတော့ လေကန်နေဆဲပင်။ 

"အဘိုး ထိနမိဒ္ဓများလာတယ်ဆိုတာ စဉ်းစားပြီး ဘာမဆိုင် ညာမဆိုင် ဟို ကျော်ဟိန်းဇာတ်ကားကို ပြေးမြင်ယောင်မိလိုက်သေးတယ်"

"မဟုတ်က ဟုတ်က ပြောတော့မယ် ထင်ပါ့"

"ဟီး.. ဟီး..ဟီး.. အဘိုးက ကြိုသိနေတယ်။ ဒီလို အဘိုးရဲ့။ အဲဒီ ဇာတ်ကားထဲမှာ ကျော်ဟိန်းက အသက်ငါးဆယ်ကျော်အရွယ်။ အကြောင်းအမျိုးမျိုးကြောင့် ၁၆ နှစ်အရွယ် မိန်းခလေးတစ်ဦးနဲ့ မင်္ဂလာဆောင်ဖြစ်ကြတယ်။ မင်္ဂလာဧည့်ခံပွဲက နေ့ခင်းမှာ အပြီးလုပ်လိုက်တယ်။ အဲဒီနောက် ညနေ ၄ နာရီလောက်ဘဲ ရှိသေးတယ်၊ ကျော်ဟိန်းက သူ့ဇနီးပူပူနွေးနွေးလေး ရှေ့မှာ  ခဏခဏ အာ တသမ်းသမ်း ဖြစ်နေရော...အဲဒါလဲ ထိနမိဒ္ဓရဲ့ သဘောလား မသိဘူးနော် အဘိုး."

"ဟား ဟား ဟား... ဒီကျော်ဟိန်းဆိုတဲ့ကောင် အတော်ဆိုးတဲ့ ကောင်ဘဲ။ ညနေ လေးနာရီလောက်ကထဲက အာသမ်းပြနေရတယ်လို့"

"ဘာလဲ အဘိုးက ဒီကောင် ကြီးတောင့်ကြီးမားနဲ့ ဒီလိုဖြစ်စရာလားဆိုပြီး စိတ်မကြည်မသာ ဖြစ်နေတာလား"

"မဟုတ်ပါဘူးကွာ။  ဟီး ဟီး ဟီး ငါသာဆို နေ့လည် ၁၂ နာရီလောက်ကထဲက  တသမ်းသမ်း တဝေေ၀နဲ့ အသားကုန် အာသမ်းပြပစ်လိုက်မယ် ဆိုပြီး စဉ်းစားမိလို့ပါ"

"ဟား ဟား ဟား။ အဘိုးကတော့ ရယ်စရာတွေ ပြောရော့မယ်။ အဘိုးအကြောင်း ကျနော် အသိဆုံးပါ။ အဘိုးမှာ အဲဒီ စိတ်တွေ သိပ်မရှိလောက်တော့ပါဘူး"

အဘိုးအိုရဲ့ တူမကြီးလဲ မရှိတော့ပြီမို့ စကားတွေ တောင်ရောက်မြောက်ရောက် ဖြစ်ကုန်သည်။ ဘယ်ကနေ ဘယ်လို စကားမျိုးထဲ ရောက်သွားသည်မသိ။

"ဟ.. မောင်ရင်ရ... သေချာ မှတ်ထား။ ပုထုဇဉ်ဆိုတာ သံပုရာသီးလိုဘဲ။ ကြီးလေ ချဉ်လေ ဆိုတဲ့ အထဲကတွေချည်းဘဲ။ စပ်မိလို့ ပြောရဦးမယ်"

"ပြောပါ အဘိုး"

"ဟိုတုန်းက ရွာတစ်ရွာမှာ အသက်နှစ်ဆယ်အရွယ် ကောင်လေးတစ်ယောက် ရှိတယ်တဲ့။ သူ့ခမျာ သူနှင့်ရွယ်တူ ရွာကကောင်မလေးတွေကို မြင်တိုင်း ကာမ၀ိတက်တွေ တဖွားဖွား ဖြစ်ပေါ်နေသတဲ့။ အဲဒိစိတ်နဲ့ စာကျက်လဲမရ၊ အလုပ်လုပ်လဲ မဖြောင့် ဖြစ်နေသတဲ့။ အဲဒါနဲ့ တစ်နေ့မှာ သူတို့ရွာထဲက အသက်ရှစ်ဆယ်ကျော် အဘိုးအို တစ်ယောက်ထံ သွားချဉ်းကပ်သတဲ့။ အဘိုးအို နေပုံထိုင်ပုံလေးက အေးအေးချမ်းချမ်းလေးဆိုတော့ အကြံဥာဏ်တွေအတွက် အားကိုးချင်စရာ မဟုတ်လား"

"အင်း"

"ဒါနဲ့ အဲဒီကောင်လေးဟာ အဘိုးအိုကို သွားပြောသတဲ့။ အဘိုးရယ်... ကျနော့်မှာ ကာမ၀ိတက်တွေ အရမ်းသောင်းကျန်းနေတယ်။ ကျနော်နဲ့ ရွယ်တူ အမျိုးသမီးတွေဆိုရင် စိတ်နဲ့ ပစ်မှားမိတဲ့ အကြိမ် မနည်းဘူး။ အဘိုးတို့လို အေးအေးချမ်းချမ်းဘဲ ကောင်းတယ်။ အဘိုးလို အေးအေးချမ်းချမ်း ကာမ၀ိတက်မရှိဘဲ နေနိုင်မဲ့ နည်းလမ်းကို ကျနော့်ကို ညွန်ပြသင်ကြားပေးပါ လို့ ဆိုသတဲ့"

အဲဒီတော့ အဲဒီအဘိုးအိုက ပြန်ပြောသတဲ့။ မောင်ရင်... ဘယ်သူက ငါ့ဆီမှာ ကာမ၀ိတက်တွေ မရှိဘူးလို့ ပြောသလဲ။ အမှန်ဆို မင်းကမှ တော်သေးတယ်"

"ဘယ်လို အဘိုး"

"ဘယ်လိုမှ မဟုတ်ဘူး။ မင်းကမှ မင်းနဲ့ ရွယ်တူ မိန်းခလေးတွေကိုသာ ပစ်မှားမိတာ။ ငါ့မှာတော့ အခုထက်ထိ ၁၆ နှစ်အရွယ် မိန်းခလေးက စပြီး အိုအိုတွတွ အသက် ရှစ်ဆယ် အဘွားအိုအရွယ်ထိ ပစ်မှားနေမိတုန်းဘဲလို့ ဆိုရှာသတဲ့ကွ"

"ဟား ဟား ဟား။ ကျနော့်အထင်တော့ အဲဒီ အဘိုးအိုဟာ တစ်ခြားလူ မဟုတ်လောက်ဘူး။ အဘိုးဘဲ ဖြစ်ရမယ်။ အခု အဘိုးက အသက် ၈၇ ဆိုတော့ ၁၆ နှစ်သမီးကနေ အသက် ၈၇ ရွတ်တွတွအဘွားအိုအထိ စိတ်ကူးယဉ်နေတုန်းဘဲ မဟုတ်လား"

"မင်းကတော့ လုပ်ပြီ လူကြီးကို"

"ဟား ဟား ဟား...  အဘိုးကတော့...
ဖန်တွတွကြီးလဲ... ယူမှာဘဲ...
အိုတွတွကြီးလဲ.....ယူမှာဘဲ...
ရွတ်တွတွကြီးလဲ..ယူမှာဘဲ...
အားလုံး...............ယူမှာဘဲ....
အကုန်လုံး...........ယူမှာဘဲ..
ဟား ဟား ဟား.........း)"

"ဟေ့ကောင်။ တော်တော့လေ။ တော်တော့..  အာ... ဒီကောင်... ပြောလေကဲလေပါလား။ ငါ တောင်ဝှေးနဲ့ လှမ်းရိုက်လိုက်ရ"

အဘိုးသည် ပါးစပ်ကလဲ ပြော၊ မြွေခေါင်းတံဆိပ် တောင်ဝှေးကိုလဲ ဆွဲယူလိုက်ပြီး ကျနော့်ကို ရိုက်ဖို့ဟန်ပြင်နေ၏။ သို့သော် သူမျက်စိထဲ၌ ပြုံးရိပ်သန်းနေဆဲဖြစ်၏။ အခုလို အချင်းချင်း စနောက် နေရတာကို ကြည်နူးနေပုံရလေ၏။ ကျနော်လဲ ဆင်ဝှေ့ရန်ရှောင် သဘောမျိုး ကျင့်သုံးပြီး အဘိုးအို အပါးမှ ဖဲခွါပြီး အပေါ်ထပ်သို့ တက်ပြေးခဲ့လေတော့သတည်း။ သို့သော် ပါးစပ်ကတော့ အအော်မပျက်။

"ဖန်တွတွကြီးလဲ... ယူမှာဘဲ...
အိုတွတွကြီးလဲ.....ယူမှာဘဲ...
ရွတ်တွတွကြီးလဲ..ယူမှာဘဲ...
အားလုံး...............ယူမှာဘဲ....
အကုန်လုံး...........ယူမှာဘဲ.."

................................................................................................................ပြီးပါပြီ။


...............................................................................................သဗ္ဗေသတ္တာ အဝေရာ ဟောန္တု
.....................................................................................................ကိုကိုမောင် (ပန်းရနံ့)

.

Tuesday, 28 May 2013

သခင့်အတွက် (Because of you)

 I will not make  
The same mistakes that you did 
 I will not let myself '
Cause my heart so much misery

သခင့်အမှား၊ ဆင်တူမှားဖို့
ကျွန့်အားတွေးလန့်၊ နှလုံးတွန့်ကြေ
မတွေေ၀၀ံ့။
 
 I will not break 

 The way you did, you fell so hard  
I've learned the hard way
  To never let it get that far

သခင့်ရှုံးလမ်း၊ ဖျက်မစမ်းဘူး
လမ်းကြမ်းမာယာ၊ လေ့လာလိုက်စား
ထပ်မသွားဖို့။ 
 

Because of you 
 I never stray too far from the sidewalk  
Because of you 
 I learned to play on the safe side  
So I don't get hurt
 

သခင့်အတွက်၊ သွေမထွက်ဘူး
သခင့်အတွက်၊ ကျွန့်သက်လုံခြုံ
လေ့လာထုံခဲ့။

Because of you 
 I find it hard to trust  
Not only me, but everyone around me  

သခင့်အတွက်၊ ယုံကြည်ခက်ခဲ
ကျွန်လဲကိုယ်တိုင်၊ များဘုံဆိုင်ငဲ့
ယုံကြည်မဲ့ခဲ့။
 
Because of you, 
I am afraid

သခင့်အတွက်၊ ကြောက်လန့်လျက်ပင်။ 
 

I lose my way  
And it's not too long before you point it out 
 I cannot cry  
Because I know that's weakness in your eyes

ကျွန့်လမ်းအပျောက်၊ သိပ်မရောက်ခင်
သခင်ထောက်ပြ၊ ငိုမချဘူး
စီးကျမျက်ရည်၊ ရှုံးသက်သေဟု
မှတ်ပြုသခင်၊ တွေးထင်မှာစိုး
တိတ်တခိုးရှင့်။
 
 I'm forced to fake  

A smile, a laugh, every day of my life  
My heart can't possibly break  
When it wasn't even whole to start with

ပြုံးတုရယ်တု၊ နေ့စဉ်ပြုမိ
ယိုင်လုအသဲ၊ သက်ရှူစဲတိုင်
မကွဲနိုင်ပြီ။

 Because of you 

 I never stray too far from the sidewalk 
 Because of you 
 I learned to play on the safe side  
So I don't get hurt
 

သခင့်အတွက်၊ သွေမထွက်ဘူး
သခင့်အတွက်၊ ကျွန့်သက်လုံခြုံ
လေ့လာထုံခဲ့။

Because of you 
 I find it hard to trust  
Not only me, but everyone around me  

သခင့်အတွက်၊ ယုံကြည်ခက်ခဲ
ကျွန်လဲကိုယ်တိုင်၊ များဘုံဆိုင်ငဲ့
ယုံကြည်မဲ့ခဲ့။ 

Because of you, 
I am afraid
 
 
သခင့်အတွက်၊ ကြောက်လန့်လျက်ပင်။

I watched you die, I heard you cry  
Every night in your sleep 
 I was so young, you should have known  
Better than to lean on me

သခင့်အိပ်မက်၊ ညဥ့်နက်နက်ထဲ
မျက်ရည် သက်သေ၊ ကျွန်ကြည့်နေသတဲ့
ပြစ်တွေပုံတင်၊ အကန်းမြင်ထက်
ကျွန့်သက်ငယ်ကြောင်း၊ သိဖို့ကောင်း၏။ 
 

You never thought of anyone else  
You just saw your pain

သခင့်ဒဏ်ရာ၊ ပို၍နာဟု
ခါခါမြင်လျှက်၊ များဒဏ်ချက်ကို
မျက်မြင်တွေ့လဲ၊ လျစ်လျူမြဲတည့်။ 
 

 And now I cry 
In the middle of the night
For the same 
Damn thing 

သခင့်ကျိန်စာ၊ ညဥ့်ရုံလွှာထဲ
တ၀ဲဝဲလည်၊ ဖြေမဆည်ခဲ့။

Because of you 
 I never stray too far from the sidewalk  
Because of you 
I learned to play on the safe side  
So I don't get hurt
 

သခင့်အတွက်၊ သွေမထွက်ဘူး
သခင့်အတွက်၊ ကျွန့်သက်လုံခြုံ
လေ့လာထုံခဲ့။

Because of you 
 I tried my hardest just to forget everything  

သခင့်အတွက်၊ လွန်ခဲခက်လဲ
 မေ့ကွက်ကိုရှာ၊ ကျွန်ဖြေသာ၏။

Because of you 
I don't know how to let anyone else in

သခင့်အတွက်၊  သိရန်ခက်ခဲ
ဘ၀ထဲသို့၊ ၀င်ရဲသူမှာ
မရှိရာတည့်။
 

Because of you 
I'm ashamed of my life because it's empty  

 သခင့်အတွက်၊ ဘ၀ကွက်ပြီး
စိတ်ပျက်နေမိ၊ ဖြေမထိဘူး

Because of you, I am afraid
သခင့်အတွက်၊ ကြောက်လှန့်လျက်ပင်။ 
 

Because of you  

သခင့်အတွက်........

Because of you

သခင့်အတွက်........ 
.............................................


Kelly Clarkson's "Because of you" (သခင့်အတွက်)


 ဖြူဖြူကျော်သိန်းရဲ့ (အဘယ့်ကြောင့်ဆိုသော်)


မေသက်ထားဆွေရဲ့ (အဘယ့်ကြောင့် ဆိုသော်)


ပြည့်မှူးသဒ္ဓါရဲ့ (အဘယ့်ကြောင့်ဆိုသော်)



.

Wednesday, 10 April 2013

ပီတိမျက်ရည် ထူထူတွေနဲ့ပေါ့

ခလေးရယ်
ဖေဖေ့ကို လွမ်းလို့တဲ့လား
ပြောတတ်လိုက်တာ။

လွမ်းပါခလေး
တေးဆိုတတ်တဲ့ ခလေးအတွက်
ခလေးရဲ့အဖေ
သာဓုတွေ ဝေနေမှာပါ။

ဦးတို့မျက်ရည်တွေလဲ
ကီးဘုတ်တွေမှာ ပေရေလို့ပေါ့။

ပြီးတော့...

စန္ဒကိန္နရီတဲ့လား 
ကလေးရယ်
ဆိုတတ်လိုက်တာ။

ကလေးရဲ့ အနုပညာစွမ်းရည်ကို
တောင်ပြာတန်းတွေနဲ့အတူ
မြန်မာမို့ ဂုဏ်ယူနေတယ် ကလေး။

ကလေးရဲ့ တေးသွားနဲ့အတူ
ပီတိမျက်ရည် ထူထူတွေနဲ့ပေါ့။
...

သာဓုခေါ်ပါ အဖေ (မြင့်မြတ်သူ)


စန္ဒကိန္နရီ (မေသက်ထားဆွေ)


တောင်ပြာတန်းနှင့်ကျောပိုးအိတ် (မေသက်ထားဆွေ)


.

Thursday, 4 April 2013

မောင်ခွေးနှင့် သူ၏ သရဲအခြောက်ခံရခြင်း

"သူကြီးရေ.... သူကြီးမရှိတော့ အိမ်မှာ ကျနော် တစ်ယောက်ထဲ ကြောက်သလိုလိုကြီး"

"ဟေ... ဘာဖြစ်လို့လဲ"

"ကျနော် တစ်ယောက်ယောက်ကို တွေ့လိုက်တယ်"
.........


မအားမလပ်တဲ့ကြားထဲ ပို့စ်တစ်ပုဒ်ရေးဖို့ အကြောင်းဖန်လာသည်။ နဂိုကထဲကမှ မရေးရ မနေနိုင် လက်တယားယား ဖြစ်နေသည်မဟုတ်လော။ အခုတော့ အိမ်နေဖော် မောင်ခွေးရဲ့ ဖြစ်အင်ကြောင့် အားအား မအားအား ရေးရမှ ကျေနပ်တော့မည်။ ပြောရရင် မောင်ခွေးကြောင့် ဒီပို့စ်ကို ရေးဖြစ်သည်ပေါ့။

ကျနော်နေနေတဲ့ အိမ်အကြောင်းလေး နဲနဲ ပြောပြပါဦးမည်။ အိမ်အပေါ်ထပ်မှာ ရေချိုးခန်း အိမ်သာနှင့် နှစ်ယောက်အိပ်ခန်း ၂ ခန်း၊ တစ်ယောက်အိပ်ခန်း ၁ ခန်း ရှိပါသည်။ အောက်ထပ်မှာ နှစ်ယောက်အိပ်ခန်း ၁ ခန်း၊ ထမင်းစားခန်း  (ဧည့်ခန်း) ၁ ခန်း၊ မီးဖိုခန်း နှင့် အိမ်သာနဲ့တွဲရက် ရေချိုးခန်းတို့ ရှိကြပါသည်။ ဟိုယခင်အခါက အိမ်နေလူပေါင်း ၇ ယောက်တိတိ ရှိခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရေကြည်ရာမြက်နုရာ ထွက်ခွါသွားကြလေရာ အိမ်ရှင်အဘိုးအိုနှင့် ကျွန်ုပ်သာ ကျန်ရစ်ခဲ့လေသည်။ အိမ်နေလူ များစဉ်အခါတုန်းက ကျနော်က အောက်ထပ် နှစ်ယောက်အိပ်ခန်းမှာ အိပ်သည်။ အိမ်ရှင်အဘိုးအိုက အပေါ်ထပ်က တစ်ယောက်အိပ်ခန်းမှာ အိပ်သည်။ ယခုအခါမှာတော့ ကျနော်က အပေါ်ထပ် နှစ်ယောက်အိပ်ခန်းကို ပြောင်းအိပ်သည်။ အဘိုးအိုက အသက်အရွယ်အရ လှေခါးအတက်အဆင်း ခက်ခဲ၍ အောက်ထပ်ရှိ ကျနော်အိပ်ခဲ့သည့် နှစ်ယောက်အိပ်ခန်းသို့ ပြောင်းအိပ်သည်။  အဘိုးအို အသက် ၈၆ နှစ် ရှိပေပြီ။ လွန်ခဲ့သည့် ၁၀ လခန့်က အိမ်ငှား မောင်ခွေးတစ်ယောက် ရောက်လာ၍ ယခုအခါ ကျနော်ရယ် အဘိုးအိုရယ် မောင်ခွေးရယ် စုစုပေါင်း သုံးယောက် ဖြစ်သွားသည်။

အဘိုးအိုက မိတ်ဆွေများသူဖြစ်၍ များသောအားဖြင့် အပြင်ထွက်လည်ပြီး အဖော်မင်သူပီပီ မိတ်ဆွေများ၏ အိမ်တွင် မကြာခဏ သွားအိပ်လေ့ရှိသည်။ မောင်ခွေးမှာ ညဘက် အလုပ် လုပ်သူဖြစ်၍ တနင်္လာမှ သောကြာထိ နေ့စဉ် ညနေ ငါးနာရီလောက်ကစပြီး အလုပ်ရုံသို့ သွားရောက်လုပ်ကိုင်ရာ မနက် မိုးစင်စင်လင်းမှ ပြန်ရောက်လေ့ရှိသည်။ စနေ တနင်္ဂနွေ နှစ်ညသာ အိမ်မှာ အိပ်လေ့ရှိလေသည်။ ဆိုတော့ကာ များသောအားဖြင့် ညဘက်ကာလတွေမှာ ကျနော်တစ်ယောက်ထဲ အိမ်အိုကြီးအတွင်း အနေများလေသည်။

တစ်အိမ်ထဲ အတူတူ နေထိုင်ကြပေမဲ့ ကျနော်တို့ သုံးယောက်ဆီမှာ မတူညီတဲ့ အကျင့်လေးတွေ အသီးသီး ရှိကြလေ၏။ အဘိုးအိုသည် အချက်အပြုတ် အလွန်ဝါသနာပါ၏။ အဘိုးအို အိမ်မှာ ရှိမရှိကို သူ့အိပ်ခန်း ဖွင့်ကြည့်ဖို့ မလိုပေ။ တစ်အိမ်လုံး မီးတူးနံ့ ရနေလျှင် အဘိုးအို အိမ်မှာ တထစ်ကျ ရှိနေသည်မှာ သေချာလေ၏။  မချက်ရသေးသည့် ဟင်းများကိုလဲ ချက်၏။ ချက်ပြီးသားဟင်းတို့ကိုလဲ ထပ်ချက်၏။ ဟင်းများကို ကြေမွသွားအောင်ချက်၏။ မီးတူးသွားအောင် ချက်၏။ "မချက်ရင် မနေနိုင်တာကလွဲလို့" ဆိုပြီး သီချင်းစာသား ပြောင်းရမလိုပင်။  

မောင်ခွေးရဲ့ အမူအကျင့်ကား တခြားမဟုတ်။ သူ့လက်ကို မကြာမကြာ အခါခါ ရေဆေးတတ်တဲ့ အကျင့်ဖြစ်၏။ လက်တစ်ခါဆေးရင် အနည်းဆုံး ငါးမိနစ်ခန့်ကြာ၏။ တစ်ခုခုကို ကိုင်မိပြီးရင်လဲ သူ့လက်ကို ဆေး၏။ ခြေအိတ်စွပ်ပြီးရင်လဲ လက်ရေဆေး၏။ ဖိနပ်စီးပြီးရင်လဲ လက်ရေဆေး၏။ ယုတ်စွအဆုံး သူ့နှာခေါင်းထဲ လက်နှိုက်မိလျှင်ပင် သူ့လက်ကို အခါခါ ရေဆေးလေ၏။ ထို့ကြောင့် "ကြိမ်ကြိမ်လက်ဆေး မောင်ငခွေး၊ တစ်ခါဆေးလစ် ငါးမိနစ်" ဆိုပြီး ကျနော်  သူ့ကို စ စ နေလေ့ရှိ၏။ သို့သော် မောင်ခွေးကား အပြုံးမပျက်။

ပြီးတော့ ကျနော်။ ကျနော်ကတော့ ရိုးရိုးရှင်းရှင်းပင်။ အင်တာနက်မဖွင့်ရရင် အိပ်မပျော် စားမ၀င် ဖြစ်နေကျ။ အင်တာနက်များ တစ်ရက်လောက် ပြတ်တောက်မယ် မကြံနဲ့။ ကိန္နရီချောင်းခြားတာထက် ပို လွမ်းလေ့ရှိ၏။ အင်တာနက်ကို လွမ်းခြင်းပင်ဖြစ်၏။ စာဖတ်ဝါသနာပါ၍လဲ ညဥ့်နက်သန်းခေါင်ထိ ကျနော့် အိပ်ခန်းအတွင်း မီးလင်းနေလေ့ရှိ၏။ ဘလော့တစ်ခုကို ၀င်ဖတ်မိပြီဆိုရင် အဲဒီဘလော့ကနေ နောက်ဘလော့တစ်ခု နောက်တစ်ခု နောက်တစ်ခု စသဖြင့် စိတ်ဝင်စားစရာ လင့်ခ်များနောက် လိုက်ဖတ်ပြီး အချိန်တွေ များစွာ ကုန်ဆုံးလေ့ရှိ၏။ ထို့ကြောင့် "ကျနော့်အသက် အင်တာနက်" ဟု ဆိုရမလိုပင်။

ချုပ်ကြည့်ရင် အဘိုးအိုကြောင့် ဂက်စ်ဘီလ် များစွာတက်၏။ မောင်ခွေးကြောင့် ရေဘီလ် များစွာတက်၏။ ကျနော့်ကြောင့် လျပ်စစ်ဘီများစွာတက်၏။ ဘီလ်များကို အချိုးကျ အသုံးပြုခြင်းဟု ဆိုသော် ရမည်ထင်၏။ ထိုကဲ့သို့ တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက် မတူ၊ သုံးစွဲမှု မတူပေမဲ့ တူညီတာကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တုန်းကမှ စကားများ ငြင်းခုန် ရန်ဖြစ်ဖူးခြင်းမရှိဘဲ အချင်းချင်း နားလည်မှုရှိစွာ နေထိုင်ကြခြင်းပင်ဖြစ်လေ၏။ ကျနော်တို့ အားလုံး မိသားစုကဲ့သို့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြလေ၏။

တစ်ရက်သော်..
မနက်ခင်းပိုင်း၌ အဘိုးအို အပြင်ထွက်သွား၏။ ညနေပိုင်း၌ မောင်ခွေးတစ်ယောက် နောက်တစ်နေ့ အသိမိတ်ဆွေများနှင့်အတူ ၀က်သားတုတ်ထိုး လုပ်စားရအောင်ဆိုပြီး ကြိုတင်ဝယ်ယူထားသည့် ၀က်သား ၀က်အူ ၀က်ကလီစာ ၀က်နားရွက် ၀က်ခြေထောက် ၀က်မီး ၀က်လျာ စသည်များကို ရေခဲသေတ္တာ (ဖရီဇာ)ထဲမှ ထုတ်ပြီး ရေခဲပျော်စေရန် မီးဖိုခန်းထဲရှိ ဘေစင်ထဲသို့ အထုပ်လိုက် အထုပ်လိုက် ထည့်ထားခဲ့ပြီး ညဘက်အလုပ်လုပ်ဖို့ ထွက်ခွါသွားလေ၏။ ၀က်သားများ စုစုပေါင်း ငါးကီလိုခန့် အလေးချိန် ရှိမည်ထင်၏။ ည ဆယ်နာရီလောက်မှာ အဘိုးအို အပြင်က ပြန်ရောက်လာလေ၏။ ဘာမှ မမေးမစမ်းဘဲ ဘေစင်ထဲက ထို ၀က်သားထုပ်များကို အထုပ်ဖြေလိုက်ပြီး တူရာတူရာ ပေါင်းကာ အိုးကြီး သုံးလုံးဖြင့် ရေထည့်ပြီး ဂက်စ် မီးဖိုပေါ် တည်လေတော့၏။ စေတနာနဲ့ ကူပြီး ချက်ပြုတ်ပေးသည့် သဘောပင်ဖြစ်၏။ ထို့နောက်တွင်မတော့ ထုံးစံအတိုင်း သူ့အိပ်ခန်းထဲ ၀င်ကာ ခဏမှေးလေတော့၏။

ထိုနေ့၌ သူငယ်ချင်းတစ်ယောက် အလည်ရောက်လာသဖြင့် ကျနော့် အိပ်ခန်းထဲမှာ ညဥ့်အတော်လေး နက်တဲ့အထိ လေပေါနေကြလေ၏။ "ကကြီးခခွေးအကြောင်းမှစပြီး စကြာဝဠာကြီးထဲက နဂါးငွေ့တန်းကြီးအကြောင်းအထိ" အရည်မရ အဖတ်မရ ရွက်ကုန်ဖွင့်ကြလေ၏။ တခါတခါ ကိုယ်ကောင်းကြောင်း သူများမကောင်းကြောင်းလဲ ပါ၏။ တခါတခါ ကိုယ်မှန်ကြောင်း သူများ မှားကြောင်းလဲ ပါ၏။ ထိုကဲ့သို့ လေပေါလို့ကောင်းတုန်း ည ၁၂ ခွဲလောက်အချိန်မှာ ညှော်နံ့သင်းသင်း ရလာလေ၏။ သူငယ်ချင်းက သူဆင်းကြည့်မည်ဆိုပြီး အောက်ထပ်ဆင်းကာ မီးဖိုခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ မီးခိုးနံ့များ အိမ်အတွင်းသို့ ပြေးဝင်လာပြီး အိမ်အတွင်းရှိ စမုတ်ခ်အလန်းခေါ် အချက်ပေးကိရိယာအသံများ ဆူညံစွာ မြည်လေတော့၏။  ထိုအခါမှ အဘိုးအို နိုးထလာပြီး ကယောင်ကတမ်းဖြင့် "ခဏလေးဆိုပြီး လှဲမှေးလိုက်တာ အိပ်ပျော်သွားလိုက်တယ် ထင်ပါ့... အိမ်းး ဒုက္ခ ဒုက္ခ" ဆိုပြီး သူ့အိပ်ခန်းထဲက ထွက်လာလေတော့၏။ မောင်ခွေးရဲ့ ၀က်သားတုတ်ထိုး တစ်ဝက်လောက် မီးဝါးသွားလေပြီတည်း။

မနက်မိုးလင်းတော့ မောင်ခွေး အလုပ်မှ ပြန်ရောက်လာ၏။ သူ့ဝက်သားများ မီးဝါးခံရသည်ကို တွေ့မြင်လိုက်သည့်အခါ အိပ်ရေးပျက်ပျက်ဖြင့် စိတ်ဆိုးလေတော့၏။ သို့သော် အဘိုးအိုကား အိပ်ရာကပင် မထသေးပေ။ ကျနော်က ကြိုတင်ပြီး မောင်ခွေးကို အဘိုးအိုကို စိတ်မဆိုးဖို့ သူ့ဝါသနာကို နားလည်ပေးဖို့ သူ့စေတနာကိုလဲ အသိအမှတ်ပြုပေးဖို့ စသဖြင့် အကြံပေးရလေ၏။ မောင်ခွေးလဲ နားလည်စွာဖြင့်ပင် အဘိုးအိုအား ဘာတစ်ခွန်းမှ မပြောတော့ဘဲ မီးမတူးဘဲ ကျန်ရှိနေသည့် ၀က်သားအစုံကိုသာ တုတ်ထိုးလုပ်ဖို့ စီမံလေတော့၏။ ထိုကဲ့သို့ အဘိုးအိုကြောင့် မီးတူးသည်မှာ နေ့စဉ်ဖြစ်၏။ အဘိုးအိုသည် ရေလုံပြုတ်ဟင်းကိုတောင် မီးတူးအောင် ချက်လေ့ရှိ၏။ ပြောရရင် ဟိုတုန်းကလဲ မီးတူးခဲ့၏။ ယခုလဲ တူးနေဆဲဖြစ်၏။ နောင်ကိုလဲ ဆက်ပြီး တူးလိမ့်ဦးမည်ပင် ဖြစ်၏။

ကျနော်ပြောချင်သည့် အကြောင်းအရာမှာ ထိုအကြောင်းအရာများမဟုတ်ပေ။ ကြုံ၍ ပြောပြခြင်းသာ ဖြစ်၏။ ကျနော် တကယ်ပြောပြလိုသည်မှာ မောင်ခွေးရဲ့ အတွေ့အကြုံတစ်ခုကြောင့်ပင် ဖြစ်၏။ လွန်ခဲ့တဲ့ တစ်ပတ်ခန့်က ကျနော် အိမ်မှာ မရှိပါ။ အင်္ဂလန်အညာဒေသက အလည်လာတဲ့ သူငယ်ချင်းဖြစ်သူနဲ့အတူ အညာဒေသကို လိုက်သွား၏။ ထိုအရပ်၌ သုံးညလောက် အိပ်ခဲ့၏။ အိမ်ရှင်အဘိုးအိုလဲ မြန်မာနိုင်ငံသို့ တစ်လခရီး ထွက်သွားလေ၏။ အိမ်မှာ မောင်ခွေးတစ်ယောက်သာ ကျန်ခဲ့လေ၏။ စနေ တနင်္ဂနွေနေ့များ ဖြစ်တဲ့အတွက် မောင်ခွေးတစ်ယောက် ညပိုင်း၌ အလုပ်မရှိပေ။ ထို့ကြောင့် ညပိုင်း၌ အိမ်မှာ တစ်ယောက်ထဲ အိပ်ရလေတော့၏။  အညာဒေသကနေ ကျနော် ပြန်ရောက်လာတဲ့အခါ မောင်ခွေးထံမှ ထူးထူးဆန်းဆန်း စကားတစ်ခွန်း ကြားရလေ၏။ ထိုစကားကြောင့် ကျနော်ပင် ကြက်သီးမွေးညှင်း ထသွားမိလေ၏။ အခု(ညပိုင်း) စာရေးနေရင်းပင် ကြက်သီးမွေးညှင်း ထလာသလိုလို ခံစားရ၏။

"သူကြီးရေ.... သူကြီးမရှိတော့ အိမ်မှာ ကျနော် တစ်ယောက်ထဲ ကြောက်သလိုလိုကြီး"

"ဟေ... ဘာဖြစ်လို့လဲ"

"ကျနော် တစ်ယောက်ယောက်ကို တွေ့လိုက်တယ်"

"ဟင်.... လူဆိုးကိုလား သူခိုးကိုလား"

"မဟုတ်ဘူး"

"ဒါဖြင့် ဘယ်သူ့ကို တွေ့လိုက်တာတုန်း"

"သိပါဘူး။ သရဲ ထင်တာဘဲ"

"ဟေ.... သရဲ.....?  ရှင်းအောင် ပြောစမ်းပါဦး မောင်ခွေးရာ"

"လွန်ခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ည ၁၁ နာရီလောက်မှာ ဗိုက်နဲနဲ ဆာလာတာနဲ့ တစ်ခုခု လုပ်စားဖို့ အောက်ထပ် မီးခိုခန်းကို ဆင်းခဲ့တယ်။ လှေခါးက ဆင်းပြီး မီးဖိုခန်းဘက် အကွေ့မှာ အဲဒီလူတစ်ယောက်ကို တွေ့လိုက်ရတာဘဲ။ အမှန်ဆို အိမ်တံခါးတွေ အားလုံး သော့ပိတ်ထားပြီးသားလေ"

"ဒါနဲ့.. မင်းက လျပ်စစ်မီး ဖွင့်မထားဘူးလား"

"ဖွင့်ထားတယ်။ လင်းလင်းကျင်းကျင်းပါဘဲ"

"ထူးဆန်းလိုက်တာ။ ဒါနဲ့...အဲဒီလူက ဘယ်လို ပုံစံကြီးလဲ"

"အရပ်က နဲနဲ ရှည်တယ်။ ဆံပင် မတိုမရှည်။ ဦးထုပ်လဲ ဆောင်းမထားဘူး။ အဖြူရောင် ခပ်ညစ်ညစ် လောင်းကုတ်လိုမျိုး အင်္ကျီကို ဒူးဆစ်လောက်ထိ ဖုံးပြီး ၀တ်ထားတယ်။ ဒါပေမဲ့ အဲဒီ အင်္ကျီမှာလဲ အပေါက်အပြဲတွေချည်းဘဲ။ အောက်ပိုင်းကိုတော့ သေချာ မကြည့်လိုက်မိဘူး။ ကျနော့် ရှေ့တည့်တည့်မှာ လာဆီးပြီး မတ်တပ်ရပ်နေတယ်"

"ဟေ... မင်းက သေသေချာချာကြီးကို မြင်လိုက်ရတာဘဲ"

"ဟုတ်တယ်။ အ၀တ်တွေက စုပ်ပြဲနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကနေပြီးလဲ အရည်တွေ အရိအရွဲတွေ စီးကျနေတယ်။ မျက်နှာလဲ သိပ် မကောင်းဘူး"

"အဲဒါနဲ့ မင်းက သူ့ကို ဘယ်လို လုပ်လိုက်သေးတုန်း"

"ကျနော်က သူကြီးတို့လို ဘုရားစာတွေမှ အလွတ်မရတာ။ ဘာမှ မရွတ်ဖတ်တတ်ဘူး။ အဲဒါကြောင့် မျက်စိ စုံမှိတ်ပြီး ငါ မင်းကို မကြောက်ဘူး။ ငါ့ကို လာခြောက်နဲ့။ ငါလဲ မင်းကို ဘာမှ မလုပ်ဘူး။ ငါ့ကိုလဲ ဘာမှ လာခြောက်နဲ့ လို့ပြောပြီး မျက်စိ ဖွင့်ကြည့်လိုက်တော့ သူ မရှိတော့ဘူး။ ပျောက်ကွယ်သွားပြီ"

"အော်... ဖြစ်မှ ဖြစ်ရလေ မောင်ခွေးရယ်"

"သူကြီးမင်း... အဲဒါ သူအ၀တ်အစား လိုချင်လို့ လာပြတာလား မသိဘူးနော်"

"အင်း... ဖြစ်လောက်တယ်။ မင်း... သင်္ကန်းတွေ လှူခဲ့ဖူးတာဘဲ။ အဲဒီကုသိုလ်လေးတွေကို သူ့ကို အမျှဝေပေးပေါ့"

"အင်းးးး အမျှဝေ ပေးလိုက်မယ်.."
....

အခုဆိုရင် အဘိုးအိုလဲ မြန်မာနိုင်ငံက ပြန်မရောက်သေး။ မောင်ခွေးတစ်ယောက်လဲ နိုက်ရှစ် (ညဘက်အလုပ်) ဆင်းနေလေပြီ။ စနေ တနင်္ဂနွေကလွဲပြီး ညညတိုင်း အိမ်မှာ ကျနော် တစ်ယောက်ထဲ။ ဟိုတုန်းက ညဘက်တစ်ယောက်ထဲ အနေများခဲ့တာ (အရိပ်အယောင်မြင်ရရုံကလွဲပြီး) ဘာမှ မဖြစ်ခဲ့ပေမဲ့ အခုတော့ နဲနဲ ကျောချမ်းသလို ဖြစ်လာလေ၏။ အောက်ထပ်ဆင်းရင် လှေခါးရင်းမှာများ အရိအရွဲတွေ စီးကျနေတဲ့ အဲဒီလူကြီးကို တွေ့လေမလား ဘယ်အနားမှာ ဘယ်လို ပုံစံနဲ့များ ပေါ်လာလေမလား ဆိုပြီး နဲနဲတော့ ချမ်းစိမ့်စိမ့် ဖြစ်လာလေ၏။

ခါတိုင်း ဘုရားရှိခိုးပြီးရင် မေတ္တာပို့ အမျှပေးဝေနေကျဖြစ်၏။ ဒါပေမဲ့ မြန်မာလို အမျှပေးဝေခြင်းသာ ဖြစ်၏။ အင်္ဂလိပ်လို တစ်ခါမှ အမျှ မပေးဝေခဲ့ဖူးပေ။ မနေ့ညတုန်းကတော့ ဘုရားရှိခိုးအပြီး အိမ်တွင်းရှိ မြင်အပ်မမြင်အပ်တဲ့ သတ္တ၀ါအားလုံးကို အင်္ဂလိပ်လို အမျှပေးဝေဖြစ်၏။ လှူခဲ့ဖူးသော သင်္ကန်းများ ဆွမ်းများ အခြားအသုံးအဆောင်များကို အာရုံပြု ရွတ်ဆိုပြီး အဲဒီ ကုသိုလ်တွေကို အမျှပေးဝေပါတယ်။ သာဓုခေါ်ဆိုပြီး အမျှရကြပါစေ။ ပြီးရင် လွတ်ရာကျွတ်ရာမှာ သက်တောင့်သက်သာ သွားနေကြပါဆိုပြီး အမျှဝေပေးလိုက်၏။ တိုက်ဆိုင်စွာပင် အမျှဝေအပြီးမှာ "၀ုန်းဒိုင်းချောက်ချက်" အသံများ ကြားလိုက်ရ၏။ ကျနော်တောင် ကြက်သီး အတော်လေး ထသွားမိ၏။ အမှန်မှာ ထို "၀ုန်းဒိုင်း ချောက်ချက်" အသံများမှာ အဘိုးအို စုပေါင်းထုပ်ပိုး သိမ်းဆည်းထားတဲ့ ပစ္စည်းစပ္ပနာပေါင်းစုံ အပုံကြီးကို ရံဖန်ရံခါ လာရောက် မွှေနှောက်တတ်တဲ့ လန်ဒန်ကိုရွှေကြွက်တို့ပင် ဖြစ်ပေတော့၏။ တိုက်လဲ တိုက်ဆိုင်လွန်းပေစွ။ အမျှဝေသံနှင့် ကြွက်ပြေးသံ။

"မောင်ခွေး... မင်းတော်တော်နောက်တဲ့ကောင်ဘဲ။ အခု မင်းကြောင့် ငါ့မှာ ဆံပင်ထောင် မွေးညှင်းထောင်နဲ့ နဲနဲ အနေခက်လာပြီ။ ညည ဖုန်းမက်ဆေ့ခ်ျ တိန်ကလဲ မြည်သံလဲ ပိုကျယ်လာသလိုလို။ အခန်းထဲက အဲယားဖရက်ရှာ စပရေး အော်တိုပန်းထွက်တဲ့အသံလဲ ပိုပြီး ကျယ်လောင်လာသလိုလို။ အိမ်နားဖြတ်သွားတဲ့ ကားတွေကြောင့် တုန်လှုပ်လာတဲ့ အိမ်ကြီးလဲ ပိုပြီးယိမ်းထိုးလာသလိုလိုနဲ့။ ငါ အနေခက်လှတယ် မောင်ခွေး။  အင်နာဂျီဆေ့ဗ်အနေနဲ့ လှေခါးမီးကို ဘယ်တော့မှ မဖွင့်ခဲ့ပေမဲ့ အခုတော့ လှေခါးမီးကို ညအိပ်ရာ မ၀င်မချင်း ဖွင့်ထားတတ်နေပြီ။ ဒီတစ်လ လျပ်စစ်ဘီလ်တွေ လှိမ့်တက်လာရင်တော့ အဲဒါ မင်းကြောင့်ဘဲ မောင်ခွေး"း) 

ဤအိမ်အိုကြီးအတွင်း ဤသို့စဉ်းစားလိုက် ဤသို့မြင်ယောင်လိုက် ဤသို့ဟိုအသံဒီအသံကြားလိုက် ဤသို့အမျှဝေလိုက်ဖြင့် ဤကျနော်တစ်ယောက် ဤသို့သော နေ့ပေါင်းများစွာ ညပေါင်းများစွာကို ဤပုံဤနည်းဖြင့် ဖြတ်သန်းရချေတော့မည် တမုံ့။ ။ (ပြီးပြီ)။

စိတ်ဝင်စားသေးရင်.....

.