Wednesday, 10 April 2013
ပီတိမျက်ရည် ထူထူတွေနဲ့ပေါ့
ခလေးရယ်
ဖေဖေ့ကို လွမ်းလို့တဲ့လား
ပြောတတ်လိုက်တာ။
လွမ်းပါခလေး
တေးဆိုတတ်တဲ့ ခလေးအတွက်
ခလေးရဲ့အဖေ
သာဓုတွေ ဝေနေမှာပါ။
ဦးတို့မျက်ရည်တွေလဲ
ကီးဘုတ်တွေမှာ ပေရေလို့ပေါ့။
ပြီးတော့...
စန္ဒကိန္နရီတဲ့လား 
ကလေးရယ်
ဆိုတတ်လိုက်တာ။
ကလေးရဲ့ အနုပညာစွမ်းရည်ကို
တောင်ပြာတန်းတွေနဲ့အတူ
မြန်မာမို့ ဂုဏ်ယူနေတယ် ကလေး။
ကလေးရဲ့ တေးသွားနဲ့အတူ
ပီတိမျက်ရည် ထူထူတွေနဲ့ပေါ့။
...
သာဓုခေါ်ပါ အဖေ (မြင့်မြတ်သူ)
စန္ဒကိန္နရီ (မေသက်ထားဆွေ)
တောင်ပြာတန်းနှင့်ကျောပိုးအိတ် (မေသက်ထားဆွေ)
.
Thursday, 4 April 2013
မောင်ခွေးနှင့် သူ၏ သရဲအခြောက်ခံရခြင်း
"သူကြီးရေ.... သူကြီးမရှိတော့ အိမ်မှာ ကျနော် တစ်ယောက်ထဲ ကြောက်သလိုလိုကြီး"
"ဟေ... ဘာဖြစ်လို့လဲ"
"ကျနော် တစ်ယောက်ယောက်ကို တွေ့လိုက်တယ်"
.........
မအားမလပ်တဲ့ကြားထဲ ပို့စ်တစ်ပုဒ်ရေးဖို့ အကြောင်းဖန်လာသည်။ နဂိုကထဲကမှ မရေးရ မနေနိုင် လက်တယားယား ဖြစ်နေသည်မဟုတ်လော။ အခုတော့ အိမ်နေဖော် မောင်ခွေးရဲ့ ဖြစ်အင်ကြောင့် အားအား မအားအား ရေးရမှ ကျေနပ်တော့မည်။ ပြောရရင် မောင်ခွေးကြောင့် ဒီပို့စ်ကို ရေးဖြစ်သည်ပေါ့။
ကျနော်နေနေတဲ့ အိမ်အကြောင်းလေး နဲနဲ ပြောပြပါဦးမည်။ အိမ်အပေါ်ထပ်မှာ ရေချိုးခန်း အိမ်သာနှင့် နှစ်ယောက်အိပ်ခန်း ၂ ခန်း၊ တစ်ယောက်အိပ်ခန်း ၁ ခန်း ရှိပါသည်။ အောက်ထပ်မှာ နှစ်ယောက်အိပ်ခန်း ၁ ခန်း၊ ထမင်းစားခန်း  (ဧည့်ခန်း) ၁ ခန်း၊ မီးဖိုခန်း နှင့် အိမ်သာနဲ့တွဲရက် ရေချိုးခန်းတို့ ရှိကြပါသည်။ ဟိုယခင်အခါက အိမ်နေလူပေါင်း ၇ ယောက်တိတိ ရှိခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရေကြည်ရာမြက်နုရာ ထွက်ခွါသွားကြလေရာ အိမ်ရှင်အဘိုးအိုနှင့် ကျွန်ုပ်သာ ကျန်ရစ်ခဲ့လေသည်။ အိမ်နေလူ များစဉ်အခါတုန်းက ကျနော်က အောက်ထပ် နှစ်ယောက်အိပ်ခန်းမှာ အိပ်သည်။ အိမ်ရှင်အဘိုးအိုက အပေါ်ထပ်က တစ်ယောက်အိပ်ခန်းမှာ အိပ်သည်။ ယခုအခါမှာတော့ ကျနော်က အပေါ်ထပ် နှစ်ယောက်အိပ်ခန်းကို ပြောင်းအိပ်သည်။ အဘိုးအိုက အသက်အရွယ်အရ လှေခါးအတက်အဆင်း ခက်ခဲ၍ အောက်ထပ်ရှိ ကျနော်အိပ်ခဲ့သည့် နှစ်ယောက်အိပ်ခန်းသို့ ပြောင်းအိပ်သည်။  အဘိုးအို အသက် ၈၆ နှစ် ရှိပေပြီ။ လွန်ခဲ့သည့် ၁၀ လခန့်က အိမ်ငှား မောင်ခွေးတစ်ယောက် ရောက်လာ၍ ယခုအခါ ကျနော်ရယ် အဘိုးအိုရယ် မောင်ခွေးရယ် စုစုပေါင်း သုံးယောက် ဖြစ်သွားသည်။
အဘိုးအိုက မိတ်ဆွေများသူဖြစ်၍ များသောအားဖြင့် အပြင်ထွက်လည်ပြီး အဖော်မင်သူပီပီ မိတ်ဆွေများ၏ အိမ်တွင် မကြာခဏ သွားအိပ်လေ့ရှိသည်။ မောင်ခွေးမှာ ညဘက် အလုပ် လုပ်သူဖြစ်၍ တနင်္လာမှ သောကြာထိ နေ့စဉ် ညနေ ငါးနာရီလောက်ကစပြီး အလုပ်ရုံသို့ သွားရောက်လုပ်ကိုင်ရာ မနက် မိုးစင်စင်လင်းမှ ပြန်ရောက်လေ့ရှိသည်။ စနေ တနင်္ဂနွေ နှစ်ညသာ အိမ်မှာ အိပ်လေ့ရှိလေသည်။ ဆိုတော့ကာ များသောအားဖြင့် ညဘက်ကာလတွေမှာ ကျနော်တစ်ယောက်ထဲ အိမ်အိုကြီးအတွင်း အနေများလေသည်။
တစ်အိမ်ထဲ အတူတူ နေထိုင်ကြပေမဲ့ ကျနော်တို့ သုံးယောက်ဆီမှာ မတူညီတဲ့ အကျင့်လေးတွေ အသီးသီး ရှိကြလေ၏။ အဘိုးအိုသည် အချက်အပြုတ် အလွန်ဝါသနာပါ၏။ အဘိုးအို အိမ်မှာ ရှိမရှိကို သူ့အိပ်ခန်း ဖွင့်ကြည့်ဖို့ မလိုပေ။ တစ်အိမ်လုံး မီးတူးနံ့ ရနေလျှင် အဘိုးအို အိမ်မှာ တထစ်ကျ ရှိနေသည်မှာ သေချာလေ၏။  မချက်ရသေးသည့် ဟင်းများကိုလဲ ချက်၏။ ချက်ပြီးသားဟင်းတို့ကိုလဲ ထပ်ချက်၏။ ဟင်းများကို ကြေမွသွားအောင်ချက်၏။ မီးတူးသွားအောင် ချက်၏။ "မချက်ရင် မနေနိုင်တာကလွဲလို့" ဆိုပြီး သီချင်းစာသား ပြောင်းရမလိုပင်။  
မောင်ခွေးရဲ့ အမူအကျင့်ကား တခြားမဟုတ်။ သူ့လက်ကို မကြာမကြာ အခါခါ ရေဆေးတတ်တဲ့ အကျင့်ဖြစ်၏။ လက်တစ်ခါဆေးရင် အနည်းဆုံး ငါးမိနစ်ခန့်ကြာ၏။ တစ်ခုခုကို ကိုင်မိပြီးရင်လဲ သူ့လက်ကို ဆေး၏။ ခြေအိတ်စွပ်ပြီးရင်လဲ လက်ရေဆေး၏။ ဖိနပ်စီးပြီးရင်လဲ လက်ရေဆေး၏။ ယုတ်စွအဆုံး သူ့နှာခေါင်းထဲ လက်နှိုက်မိလျှင်ပင် သူ့လက်ကို အခါခါ ရေဆေးလေ၏။ ထို့ကြောင့် "ကြိမ်ကြိမ်လက်ဆေး မောင်ငခွေး၊ တစ်ခါဆေးလစ် ငါးမိနစ်" ဆိုပြီး ကျနော်  သူ့ကို စ စ နေလေ့ရှိ၏။ သို့သော် မောင်ခွေးကား အပြုံးမပျက်။
ပြီးတော့ ကျနော်။ ကျနော်ကတော့ ရိုးရိုးရှင်းရှင်းပင်။ အင်တာနက်မဖွင့်ရရင် အိပ်မပျော် စားမ၀င် ဖြစ်နေကျ။ အင်တာနက်များ တစ်ရက်လောက် ပြတ်တောက်မယ် မကြံနဲ့။ ကိန္နရီချောင်းခြားတာထက် ပို လွမ်းလေ့ရှိ၏။ အင်တာနက်ကို လွမ်းခြင်းပင်ဖြစ်၏။ စာဖတ်ဝါသနာပါ၍လဲ ညဥ့်နက်သန်းခေါင်ထိ ကျနော့် အိပ်ခန်းအတွင်း မီးလင်းနေလေ့ရှိ၏။ ဘလော့တစ်ခုကို ၀င်ဖတ်မိပြီဆိုရင် အဲဒီဘလော့ကနေ နောက်ဘလော့တစ်ခု နောက်တစ်ခု နောက်တစ်ခု စသဖြင့် စိတ်ဝင်စားစရာ လင့်ခ်များနောက် လိုက်ဖတ်ပြီး အချိန်တွေ များစွာ ကုန်ဆုံးလေ့ရှိ၏။ ထို့ကြောင့် "ကျနော့်အသက် အင်တာနက်" ဟု ဆိုရမလိုပင်။
ချုပ်ကြည့်ရင် အဘိုးအိုကြောင့် ဂက်စ်ဘီလ် များစွာတက်၏။ မောင်ခွေးကြောင့် ရေဘီလ် များစွာတက်၏။ ကျနော့်ကြောင့် လျပ်စစ်ဘီများစွာတက်၏။ ဘီလ်များကို အချိုးကျ အသုံးပြုခြင်းဟု ဆိုသော် ရမည်ထင်၏။ ထိုကဲ့သို့ တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက် မတူ၊ သုံးစွဲမှု မတူပေမဲ့ တူညီတာကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တုန်းကမှ စကားများ ငြင်းခုန် ရန်ဖြစ်ဖူးခြင်းမရှိဘဲ အချင်းချင်း နားလည်မှုရှိစွာ နေထိုင်ကြခြင်းပင်ဖြစ်လေ၏။ ကျနော်တို့ အားလုံး မိသားစုကဲ့သို့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြလေ၏။
တစ်ရက်သော်..
မနက်ခင်းပိုင်း၌ အဘိုးအို အပြင်ထွက်သွား၏။ ညနေပိုင်း၌ မောင်ခွေးတစ်ယောက် နောက်တစ်နေ့ အသိမိတ်ဆွေများနှင့်အတူ ၀က်သားတုတ်ထိုး လုပ်စားရအောင်ဆိုပြီး ကြိုတင်ဝယ်ယူထားသည့် ၀က်သား ၀က်အူ ၀က်ကလီစာ ၀က်နားရွက် ၀က်ခြေထောက် ၀က်မီး ၀က်လျာ စသည်များကို ရေခဲသေတ္တာ (ဖရီဇာ)ထဲမှ ထုတ်ပြီး ရေခဲပျော်စေရန် မီးဖိုခန်းထဲရှိ ဘေစင်ထဲသို့ အထုပ်လိုက် အထုပ်လိုက် ထည့်ထားခဲ့ပြီး ညဘက်အလုပ်လုပ်ဖို့ ထွက်ခွါသွားလေ၏။ ၀က်သားများ စုစုပေါင်း ငါးကီလိုခန့် အလေးချိန် ရှိမည်ထင်၏။ ည ဆယ်နာရီလောက်မှာ အဘိုးအို အပြင်က ပြန်ရောက်လာလေ၏။ ဘာမှ မမေးမစမ်းဘဲ ဘေစင်ထဲက ထို ၀က်သားထုပ်များကို အထုပ်ဖြေလိုက်ပြီး တူရာတူရာ ပေါင်းကာ အိုးကြီး သုံးလုံးဖြင့် ရေထည့်ပြီး ဂက်စ် မီးဖိုပေါ် တည်လေတော့၏။ စေတနာနဲ့ ကူပြီး ချက်ပြုတ်ပေးသည့် သဘောပင်ဖြစ်၏။ ထို့နောက်တွင်မတော့ ထုံးစံအတိုင်း သူ့အိပ်ခန်းထဲ ၀င်ကာ ခဏမှေးလေတော့၏။
ထိုနေ့၌ သူငယ်ချင်းတစ်ယောက် အလည်ရောက်လာသဖြင့် ကျနော့် အိပ်ခန်းထဲမှာ ညဥ့်အတော်လေး နက်တဲ့အထိ လေပေါနေကြလေ၏။ "ကကြီးခခွေးအကြောင်းမှစပြီး စကြာဝဠာကြီးထဲက နဂါးငွေ့တန်းကြီးအကြောင်းအထိ" အရည်မရ အဖတ်မရ ရွက်ကုန်ဖွင့်ကြလေ၏။ တခါတခါ ကိုယ်ကောင်းကြောင်း သူများမကောင်းကြောင်းလဲ ပါ၏။ တခါတခါ ကိုယ်မှန်ကြောင်း သူများ မှားကြောင်းလဲ ပါ၏။ ထိုကဲ့သို့ လေပေါလို့ကောင်းတုန်း ည ၁၂ ခွဲလောက်အချိန်မှာ ညှော်နံ့သင်းသင်း ရလာလေ၏။ သူငယ်ချင်းက သူဆင်းကြည့်မည်ဆိုပြီး အောက်ထပ်ဆင်းကာ မီးဖိုခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ မီးခိုးနံ့များ အိမ်အတွင်းသို့ ပြေးဝင်လာပြီး အိမ်အတွင်းရှိ စမုတ်ခ်အလန်းခေါ် အချက်ပေးကိရိယာအသံများ ဆူညံစွာ မြည်လေတော့၏။  ထိုအခါမှ အဘိုးအို နိုးထလာပြီး ကယောင်ကတမ်းဖြင့် "ခဏလေးဆိုပြီး လှဲမှေးလိုက်တာ အိပ်ပျော်သွားလိုက်တယ် ထင်ပါ့... အိမ်းး ဒုက္ခ ဒုက္ခ" ဆိုပြီး သူ့အိပ်ခန်းထဲက ထွက်လာလေတော့၏။ မောင်ခွေးရဲ့ ၀က်သားတုတ်ထိုး တစ်ဝက်လောက် မီးဝါးသွားလေပြီတည်း။
မနက်မိုးလင်းတော့ မောင်ခွေး အလုပ်မှ ပြန်ရောက်လာ၏။ သူ့ဝက်သားများ မီးဝါးခံရသည်ကို တွေ့မြင်လိုက်သည့်အခါ အိပ်ရေးပျက်ပျက်ဖြင့် စိတ်ဆိုးလေတော့၏။ သို့သော် အဘိုးအိုကား အိပ်ရာကပင် မထသေးပေ။ ကျနော်က ကြိုတင်ပြီး မောင်ခွေးကို အဘိုးအိုကို စိတ်မဆိုးဖို့ သူ့ဝါသနာကို နားလည်ပေးဖို့ သူ့စေတနာကိုလဲ အသိအမှတ်ပြုပေးဖို့ စသဖြင့် အကြံပေးရလေ၏။ မောင်ခွေးလဲ နားလည်စွာဖြင့်ပင် အဘိုးအိုအား ဘာတစ်ခွန်းမှ မပြောတော့ဘဲ မီးမတူးဘဲ ကျန်ရှိနေသည့် ၀က်သားအစုံကိုသာ တုတ်ထိုးလုပ်ဖို့ စီမံလေတော့၏။ ထိုကဲ့သို့ အဘိုးအိုကြောင့် မီးတူးသည်မှာ နေ့စဉ်ဖြစ်၏။ အဘိုးအိုသည် ရေလုံပြုတ်ဟင်းကိုတောင် မီးတူးအောင် ချက်လေ့ရှိ၏။ ပြောရရင် ဟိုတုန်းကလဲ မီးတူးခဲ့၏။ ယခုလဲ တူးနေဆဲဖြစ်၏။ နောင်ကိုလဲ ဆက်ပြီး တူးလိမ့်ဦးမည်ပင် ဖြစ်၏။
ကျနော်ပြောချင်သည့် အကြောင်းအရာမှာ ထိုအကြောင်းအရာများမဟုတ်ပေ။ ကြုံ၍ ပြောပြခြင်းသာ ဖြစ်၏။ ကျနော် တကယ်ပြောပြလိုသည်မှာ မောင်ခွေးရဲ့ အတွေ့အကြုံတစ်ခုကြောင့်ပင် ဖြစ်၏။ လွန်ခဲ့တဲ့ တစ်ပတ်ခန့်က ကျနော် အိမ်မှာ မရှိပါ။ အင်္ဂလန်အညာဒေသက အလည်လာတဲ့ သူငယ်ချင်းဖြစ်သူနဲ့အတူ အညာဒေသကို လိုက်သွား၏။ ထိုအရပ်၌ သုံးညလောက် အိပ်ခဲ့၏။ အိမ်ရှင်အဘိုးအိုလဲ မြန်မာနိုင်ငံသို့ တစ်လခရီး ထွက်သွားလေ၏။ အိမ်မှာ မောင်ခွေးတစ်ယောက်သာ ကျန်ခဲ့လေ၏။ စနေ တနင်္ဂနွေနေ့များ ဖြစ်တဲ့အတွက် မောင်ခွေးတစ်ယောက် ညပိုင်း၌ အလုပ်မရှိပေ။ ထို့ကြောင့် ညပိုင်း၌ အိမ်မှာ တစ်ယောက်ထဲ အိပ်ရလေတော့၏။  အညာဒေသကနေ ကျနော် ပြန်ရောက်လာတဲ့အခါ မောင်ခွေးထံမှ ထူးထူးဆန်းဆန်း စကားတစ်ခွန်း ကြားရလေ၏။ ထိုစကားကြောင့် ကျနော်ပင် ကြက်သီးမွေးညှင်း ထသွားမိလေ၏။ အခု(ညပိုင်း) စာရေးနေရင်းပင် ကြက်သီးမွေးညှင်း ထလာသလိုလို ခံစားရ၏။
"သူကြီးရေ.... သူကြီးမရှိတော့ အိမ်မှာ ကျနော် တစ်ယောက်ထဲ ကြောက်သလိုလိုကြီး"
"ဟေ... ဘာဖြစ်လို့လဲ"
"ကျနော် တစ်ယောက်ယောက်ကို တွေ့လိုက်တယ်"
"ဟင်.... လူဆိုးကိုလား သူခိုးကိုလား"
"မဟုတ်ဘူး"
"ဒါဖြင့် ဘယ်သူ့ကို တွေ့လိုက်တာတုန်း"
"သိပါဘူး။ သရဲ ထင်တာဘဲ"
"ဟေ.... သရဲ.....?  ရှင်းအောင် ပြောစမ်းပါဦး မောင်ခွေးရာ"
"လွန်ခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ည ၁၁ နာရီလောက်မှာ ဗိုက်နဲနဲ ဆာလာတာနဲ့ တစ်ခုခု လုပ်စားဖို့ အောက်ထပ် မီးခိုခန်းကို ဆင်းခဲ့တယ်။ လှေခါးက ဆင်းပြီး မီးဖိုခန်းဘက် အကွေ့မှာ အဲဒီလူတစ်ယောက်ကို တွေ့လိုက်ရတာဘဲ။ အမှန်ဆို အိမ်တံခါးတွေ အားလုံး သော့ပိတ်ထားပြီးသားလေ"
"ဒါနဲ့.. မင်းက လျပ်စစ်မီး ဖွင့်မထားဘူးလား"
"ဖွင့်ထားတယ်။ လင်းလင်းကျင်းကျင်းပါဘဲ"
"ထူးဆန်းလိုက်တာ။ ဒါနဲ့...အဲဒီလူက ဘယ်လို ပုံစံကြီးလဲ"
"အရပ်က နဲနဲ ရှည်တယ်။ ဆံပင် မတိုမရှည်။ ဦးထုပ်လဲ ဆောင်းမထားဘူး။ အဖြူရောင် ခပ်ညစ်ညစ် လောင်းကုတ်လိုမျိုး အင်္ကျီကို ဒူးဆစ်လောက်ထိ ဖုံးပြီး ၀တ်ထားတယ်။ ဒါပေမဲ့ အဲဒီ အင်္ကျီမှာလဲ အပေါက်အပြဲတွေချည်းဘဲ။ အောက်ပိုင်းကိုတော့ သေချာ မကြည့်လိုက်မိဘူး။ ကျနော့် ရှေ့တည့်တည့်မှာ လာဆီးပြီး မတ်တပ်ရပ်နေတယ်"
"ဟေ... မင်းက သေသေချာချာကြီးကို မြင်လိုက်ရတာဘဲ"
"ဟုတ်တယ်။ အ၀တ်တွေက စုပ်ပြဲနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကနေပြီးလဲ အရည်တွေ အရိအရွဲတွေ စီးကျနေတယ်။ မျက်နှာလဲ သိပ် မကောင်းဘူး"
"အဲဒါနဲ့ မင်းက သူ့ကို ဘယ်လို လုပ်လိုက်သေးတုန်း"
"ကျနော်က သူကြီးတို့လို ဘုရားစာတွေမှ အလွတ်မရတာ။ ဘာမှ မရွတ်ဖတ်တတ်ဘူး။ အဲဒါကြောင့် မျက်စိ စုံမှိတ်ပြီး ငါ မင်းကို မကြောက်ဘူး။ ငါ့ကို လာခြောက်နဲ့။ ငါလဲ မင်းကို ဘာမှ မလုပ်ဘူး။ ငါ့ကိုလဲ ဘာမှ လာခြောက်နဲ့ လို့ပြောပြီး မျက်စိ ဖွင့်ကြည့်လိုက်တော့ သူ မရှိတော့ဘူး။ ပျောက်ကွယ်သွားပြီ"
"အော်... ဖြစ်မှ ဖြစ်ရလေ မောင်ခွေးရယ်"
"သူကြီးမင်း... အဲဒါ သူအ၀တ်အစား လိုချင်လို့ လာပြတာလား မသိဘူးနော်"
"အင်း... ဖြစ်လောက်တယ်။ မင်း... သင်္ကန်းတွေ လှူခဲ့ဖူးတာဘဲ။ အဲဒီကုသိုလ်လေးတွေကို သူ့ကို အမျှဝေပေးပေါ့"
"အင်းးးး အမျှဝေ ပေးလိုက်မယ်.."
....
အခုဆိုရင် အဘိုးအိုလဲ မြန်မာနိုင်ငံက ပြန်မရောက်သေး။ မောင်ခွေးတစ်ယောက်လဲ နိုက်ရှစ် (ညဘက်အလုပ်) ဆင်းနေလေပြီ။ စနေ တနင်္ဂနွေကလွဲပြီး ညညတိုင်း အိမ်မှာ ကျနော် တစ်ယောက်ထဲ။ ဟိုတုန်းက ညဘက်တစ်ယောက်ထဲ အနေများခဲ့တာ (အရိပ်အယောင်မြင်ရရုံကလွဲပြီး) ဘာမှ မဖြစ်ခဲ့ပေမဲ့ အခုတော့ နဲနဲ ကျောချမ်းသလို ဖြစ်လာလေ၏။ အောက်ထပ်ဆင်းရင် လှေခါးရင်းမှာများ အရိအရွဲတွေ စီးကျနေတဲ့ အဲဒီလူကြီးကို တွေ့လေမလား ဘယ်အနားမှာ ဘယ်လို ပုံစံနဲ့များ ပေါ်လာလေမလား ဆိုပြီး နဲနဲတော့ ချမ်းစိမ့်စိမ့် ဖြစ်လာလေ၏။
ခါတိုင်း ဘုရားရှိခိုးပြီးရင် မေတ္တာပို့ အမျှပေးဝေနေကျဖြစ်၏။ ဒါပေမဲ့ မြန်မာလို အမျှပေးဝေခြင်းသာ ဖြစ်၏။ အင်္ဂလိပ်လို တစ်ခါမှ အမျှ မပေးဝေခဲ့ဖူးပေ။ မနေ့ညတုန်းကတော့ ဘုရားရှိခိုးအပြီး အိမ်တွင်းရှိ မြင်အပ်မမြင်အပ်တဲ့ သတ္တ၀ါအားလုံးကို အင်္ဂလိပ်လို အမျှပေးဝေဖြစ်၏။ လှူခဲ့ဖူးသော သင်္ကန်းများ ဆွမ်းများ အခြားအသုံးအဆောင်များကို အာရုံပြု ရွတ်ဆိုပြီး အဲဒီ ကုသိုလ်တွေကို အမျှပေးဝေပါတယ်။ သာဓုခေါ်ဆိုပြီး အမျှရကြပါစေ။ ပြီးရင် လွတ်ရာကျွတ်ရာမှာ သက်တောင့်သက်သာ သွားနေကြပါဆိုပြီး အမျှဝေပေးလိုက်၏။ တိုက်ဆိုင်စွာပင် အမျှဝေအပြီးမှာ "၀ုန်းဒိုင်းချောက်ချက်" အသံများ ကြားလိုက်ရ၏။ ကျနော်တောင် ကြက်သီး အတော်လေး ထသွားမိ၏။ အမှန်မှာ ထို "၀ုန်းဒိုင်း ချောက်ချက်" အသံများမှာ အဘိုးအို စုပေါင်းထုပ်ပိုး သိမ်းဆည်းထားတဲ့ ပစ္စည်းစပ္ပနာပေါင်းစုံ အပုံကြီးကို ရံဖန်ရံခါ လာရောက် မွှေနှောက်တတ်တဲ့ လန်ဒန်ကိုရွှေကြွက်တို့ပင် ဖြစ်ပေတော့၏။ တိုက်လဲ တိုက်ဆိုင်လွန်းပေစွ။ အမျှဝေသံနှင့် ကြွက်ပြေးသံ။
"မောင်ခွေး... မင်းတော်တော်နောက်တဲ့ကောင်ဘဲ။ အခု မင်းကြောင့် ငါ့မှာ ဆံပင်ထောင် မွေးညှင်းထောင်နဲ့ နဲနဲ အနေခက်လာပြီ။ ညည ဖုန်းမက်ဆေ့ခ်ျ တိန်ကလဲ မြည်သံလဲ ပိုကျယ်လာသလိုလို။ အခန်းထဲက အဲယားဖရက်ရှာ စပရေး အော်တိုပန်းထွက်တဲ့အသံလဲ ပိုပြီး ကျယ်လောင်လာသလိုလို။ အိမ်နားဖြတ်သွားတဲ့ ကားတွေကြောင့် တုန်လှုပ်လာတဲ့ အိမ်ကြီးလဲ ပိုပြီးယိမ်းထိုးလာသလိုလိုနဲ့။ ငါ အနေခက်လှတယ် မောင်ခွေး။  အင်နာဂျီဆေ့ဗ်အနေနဲ့ လှေခါးမီးကို ဘယ်တော့မှ မဖွင့်ခဲ့ပေမဲ့ အခုတော့ လှေခါးမီးကို ညအိပ်ရာ မ၀င်မချင်း ဖွင့်ထားတတ်နေပြီ။ ဒီတစ်လ လျပ်စစ်ဘီလ်တွေ လှိမ့်တက်လာရင်တော့ အဲဒါ မင်းကြောင့်ဘဲ မောင်ခွေး"း) 
ဤအိမ်အိုကြီးအတွင်း ဤသို့စဉ်းစားလိုက် ဤသို့မြင်ယောင်လိုက် ဤသို့ဟိုအသံဒီအသံကြားလိုက် ဤသို့အမျှဝေလိုက်ဖြင့် ဤကျနော်တစ်ယောက် ဤသို့သော နေ့ပေါင်းများစွာ ညပေါင်းများစွာကို ဤပုံဤနည်းဖြင့် ဖြတ်သန်းရချေတော့မည် တမုံ့။ ။ (ပြီးပြီ)။
စိတ်ဝင်စားသေးရင်.....
.
Monday, 25 March 2013
ရောပြွမ်းတွန့်လိမ်
အချစ်ရေ...
ချစ်မိုးကြီး ရွာသွန်းပါလှဲ့။
ဘ၀သံသရာထဲက
တေဘုမ္မာ လွမ်းဇာတ်နဲ့
သံသရာခရီးသည် ကိုယ်ရယ်ပါ။
သုဿာန်ကိုအသွား
ဘာဝနာပွါးခဲ့မိပေမဲ့
သုဿာန်ကအပြန်
လှည်းတန်းကို လွန်တော့။
အချစ်ရေ တမ်းတလိုက်
တေဘုမ္မာ မှန်းဆလိုက်
ချစ်မိုးကြီးမျှော်လိုက်
သံသရာခရီးလှော်လိုက်။
နောက်ဆုံးတော့
ငိုမဲ့မဲ့ နှလုံးအိမ်လဲ
ဖုတ်လှိုက် ဖုတ်လှိုက်။ 
အချစ်ရေ...(ဖြူသီ)
ချစ်မိုးကြီး...(ဖြူသီ)
ဘ၀သံသရာ... (ဦးသုခ)
တေဘုမ္မာ ရှင်းတမ်း... (ဦးမောင်မောင်ကြီး၊ ဒေါ်ရီရီသန့်၊ ဒေါ်တင်တင်မြ)
သံသရာခရီးသည်... (မာမာအေး)
မှတ်ချက်။
ကိုယ်ရော စိတ်ရော မအားမလပ် ဖြစ်နေပါသဖြင့် အိမ်တိုင်းစေ့ တံခါးမခေါက်နိုင်တာကို ခွင့်လွတ်ပေးကြပါလို့။ ထမင်းဟင်းအသစ်ချက် (ပို့စ်အသစ်တက်)တဲ့ အိမ်တိုင်း တိုးတိုးတိတ်တိတ် အလည်ရောက်ရှိခဲ့ပေမဲ့လဲ လက်ဆောင်(ကွန်မင့်) မပေးခဲ့နိုင်တာကိုလဲ နားလည်ပေးကြပါလို့။ ။
.
Friday, 8 March 2013
စန်းကွန့်ဌာနေ အစချီ သံဝေဂ ရတုပိုဒ်ငယ်
စန်းကွန့်ဌာနေ၊ ပန်းနေပြည်ဝယ်
ဝတ်ရည်ရွှန်းလဲ့၊ ယိမ်းနွဲ့နွဲ့ဖြင့်
တသွဲ့သွဲ့သုန်၊ သည်းမွှာခုန်လျှက်
ယမုန်နှင်းကြား၊ စိန်စီထားသို့
သူ့ပါးအပြင်၊ နမ်းရေးထင်သည်
သခင် ဘယ်သို့ မေ့မည်နည်း။
ပန်းညွန့်ညှာချွေ၊ ၀ဠာဗွေဝယ်
လေပွေသရမ်း၊ မြူတိမ်ကြမ်း၍
လှပန်းမြေခ၊ ကြွေအကျ၌
ကြေမွနှလုံး၊ သည်းအူချုန်းသို့
အမုန်းရိပ်ဆင်၊ ပြုံးရိပ်နှင်သည်
မကြင် ဘယ်သို့ တွေ့မည်နည်း။
ကန်းဆွံ့ဗျာပွေ၊ ပရိဒေဖြင့်
သက်သေတစ်မျိုး၊ မျက်ရည်ထိုးပြီး
ကောင်းဆိုးနှစ်တန်၊ လောကဓံဟု
ကြံဖန်လိမ်ရှုပ်၊ လွမ်းဇာတ်ထုတ်ဖြင့်
ဇာတ်ရုပ်စုံလင်၊ ကကြိုးဆင်သည်
အမြင် ဘယ်သို့ ရွေ့ မည်နည်း။
.
Friday, 1 March 2013
ထိုငြမ်း ဆင့်တုံ့ မဆင့်တုံ့
 မြရွက်ရည်လူး၊ ပုရစ်ဖူးတို့
နွေဦးခေါ်သံ၊ တောင်လေပြန်စဉ်
ပန်းမာလ်တွတ်တိုး၊ တိတ်တခိုးဖြင့်
ကျိတ်ပိုး ပိုးပန်း၊ ရှက်သွေးဖြန်းသည်
ထိုပန်း ပွင့်တုံ့ မပွင့်တုံ့။
ပဇ္ဇုန်မိုးငယ်၊ လှသွေးကြွယ်ဘိ
သွယ်သွယ်စီးဆင်း၊ ရနံ့သင်း၍
ချစ်ခင်းမွေ့ယာ၊ ရွှင်ကြည်စွာဖြင့်
ကညာသည်းပန်း၊ ပွေ့ပိုက်နမ်းသည်
ထိုလမ်း ဖွင့်တုံ့ မဖွင့်တုံ့။
သဇင်တွေမွှေး၊ နှင်းတွေဖွေးပြီး
ဖြူသွေးကမ္ဗလာ၊ ဆောင်းဟေမာဝယ်
ဒေ၀ါသနား၊ ချမ်းစိမ့်အားကြောင့်
သွေးသား ရွှင်လန်း၊ ပျို လက်ကမ်းသည်
ထိုစမ်း ခွင့်တုံ့ မခွင့်တုံ့။ 
ထိုကမ်း ချင့်တုံ့ မချင့်တုံ့။
ထိုငြမ်း ဆင့်တုံ့ မဆင့်တုံ့။
.
Thursday, 14 February 2013
အလွမ်းဖျော်ရည်
တွန့်လူးနဒီ၊ မှုန်နေခြည်ဝယ်
ရစ်သီသံပေး၊ ဖော်ကွာဝေးသူ
ငွေလှိုင်းဖြူတို့၊ ကမ်းမူပုတ်ခတ်
ကမ်းပင်ပြတ်စေ၊ လှမ်းယပ်နေဘိ
လွမ်းလှ၏ရှင့်။
အရုဏ်ဆည်းဆာ၊ နီစွေးဖြာဝေ
တိမ်ပြာတိမ်နက်၊ တိမ်ပေါင်းယှက်လဲ
တိမ်ဝှက်ကလျာ၊ ကျိတ်အထာဖြင့်
ကျိတ် မှာတမ်းရေး၊ ကျိတ်ဆွေးဆွေးရ
ကျိတ် လွမ်းလှရှင့်။
ဝသုန်မြည်ဟီး၊ ရင်ဘတ်တီးမျှ
မြေကြီးမလှုပ်၊ မြေပေါ်လှုပ်၍
ကြိုးတုတ်ရစ်ပတ်၊ ကာရန်ညှပ်ပြီး
တွန်းအပ်ခန္ဓာ၊ သံသရာထဲ
တ၀ဲဝဲရှင့်။
ဖေဖော်ဆယ့်လေး၊ ခပ်ရေးရေးဖြင့်
ဟိုဆွေးဒီလွမ်း၊ ဟိုဘက်ကမ်းက
လက်လှမ်းခေါ်၏၊ မခေါ်၏ဟု
ငါ၏စိတ်စဉ်၊ စိတ်လွင်ပြင်ဝယ်
ကင်းမျှင်ရစ်ပတ်၊ ဘုံကြိုးပြတ်သို့
မွန်းကြပ်ရစ်မူး၊ စိတ်အကြူးဖြင့်
စိတ်ကူးကူးရှင့်။
အော်..
 နဒီ တိမ်စု၊ သိလာထုပင်
ခုမြင်ခုပျောက်၊ တစ္ဆေခြောက်သို့
ထက်အောက် ပူဆွေး၊ ဖော်ကွာဝေးလဲ
ဆယ့်လေးဖေဖော်၊ လွမ်းတွေ ဖျော်၍
ရည်မျှော်ကာတွေး၊ လွမ်း တိုက်ကျွေးမည်
လွမ်းဆွေးဗျာပါ ကင်းစေသတည်း။
.
Friday, 18 January 2013
ကျွန်ုပ်နှင့် အဘိုးအို ( သို့မဟုတ်) ဗျုတ်စဗျင်းတောင်း (ဇာတ်သိမ်း)
ထိုကဲ့သို့ စကားပြော ကောင်းနေခိုက် နှာခေါင်းတွင်းသို့ တူးခါးစွာသော မီးလောင်နံ့တစ်ခု ၀င်ရောက်လာလေ၏။ စမုတ်(က်) အလန်း(မ်)မှလည်း တီ တီ တီ တီ အသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ဒါဆို မီးဖိုချောင်ထဲမှာ တစ်ခုခု မီးတူးနေတာ သေချာပြီ။
"အဘိုး.. ဘာချက်ပြုတ်ထားသေးလဲ"
"ဟာ... အဲဒါမှ  သောက်ကျိုးနဲ။ ငါ ၀က်သား သုံးထပ်သားအိုး ခဏလေးဆိုပြီး နွေးထားခဲ့တာ။ မောင်ရင်ရောက်လာလို့ စကားကောင်းပြီး မေ့သွားတာ။ သွားပါပြီ"
နှစ်ယောက်သား ကပျာကယာ မီးဖိုချောင်ထဲ ပြေးကြည့်လိုက်တော့ မီးဖိုခန်းအတွင်း မီးခိုးများ လှိုင်နေသည်ကို တွေ့ရလေ၏။ ထို့အတူ အနံ့အသက်ကလဲ တူးတူးခါးခါး နံစော်လှ၏။ ၀က်သားအိုးကို ဖွင့်ကြည့်လိုက်တော့ တစ်ဝက်လောက်က မီးတူးသွားပြီး အိုးဖင်၌ ကပ်နေသည် တွေ့ရလေ၏။ ကပ်လိုက်သမှ ဆင်ကော်နဲ့ကပ်ထားသလား အောက်မေ့ရ၏။ ဆိုရလျှင် ထိုကဲ့သို့ ဟင်းအိုး မီးတူးခြင်းသည် ကျွန်ုပ်တို့အိမ်၌ အထူးအဆန်းမဟုတ်တော့ချေ။ နေ့စဉ် အနည်းဆုံး တစ်နေ့ကို တစ်ခါလောက်တော့ မီးတူး၏။ အဘိုးအိုက အသက် ရှစ်ဆယ်ကျော်ပေမဲ့ အချက်အပြုတ် အလွန်ဝါသနာပါ၏။ ၀ါသနာပါသည့်အတိုင်း နေ့စဉ်ချက်ပြုတ်၏။ ချက်ပြုတ်တိုင်းလဲ မီးတူး၏။ မီးဖိုချောင်ထဲ၌ ဟင်းအိုးကို ဂက်စ်မီးဖိုပေါ်တည်ထားပြီး ခဏလေးဆိုကာ သူ့အခန်းထဲဝင်သွားရင်လဲ ဟင်းအိုးကို မေ့သွားလေ့ရှိ၏။ အသက်ကြီးပြီကိုး။ 
ဟင်းတစ်ပိဿာဝယ်လျှင် ငါးဆယ်သားလောက်တော့ အသာလေး မီးတူး၏။ အဘိုးအို ဟင်းချက်ပါသနာ ပါပုံကလဲ ကြောက်ဖို့ပင် ကောင်း၏။ ခရီးထွက်ပြီး ပြန်ရောက်လာတိုင်း သူ့အခန်းကို အရင်မ၀င်ဘဲ မီးဖိုခန်းထဲ အရင်ဝင်ကာ အိုးတွေထုတ်ပြီး မီးဖိုပေါ်တင်၏။ ဂက်စ်မီးကို ဖွင့်၏။ အိုးထဲ၌ ဟင်းမရှိက ရေထည့်ပြီး မီးဖိုပေါ်တည်ထား၏။ အိုးထဲ၌ ဟင်းရှိရင်လည်း တစ်ရက်ကို အနည်းဆုံး သုံးခါလောက် အဲဒီဟင်းအိုးကို မီးဖိုပေါ်တင်ပြီး နွေး၏။ ၀ါသနာက ၀ါသနာဘဲ။ တားမြစ်လို့ မရစကောင်း။
ဟင်းမချက်ပါနဲ့တော့ အဘိုးရယ် ကျွန်တော် ချက်ကျွေးပါ့မယ်ဟု သွားပြောလျှင် ပြောတဲ့သူ သူ့ရန်သူ ဖြစ်သွား၏။ အရက်ကြိုက်သူကို အရက်မသောက်နဲ့လို့ ပြောတာကမှ နဲနဲအဆင်ပြေဦးမည် ထင်၏။ အဘိုးအိုကို ဟင်းမချက်နဲ့ဟု ပြောဖို့ရန်မှာ အလွန်ခက်ခဲဖွယ်ရှိ၏။ 
ဟိုအရင်တစ်ခါကလဲ ၀က်စတူးချက်မည်ဆိုပြီး ပရက်ရှာကွတ်ကာနဲ့ ၀က်သားတုံးတွေထည့်ပြီး မီးဖိုပေါ်တင်ထား၏။ ထို့နောက် ကြက်သွန် ခဏထွက်ဝယ်ဦးမည်ဆိုပြီး အနီးနားက ဆိုင်ကို ခဏထွက်သွား၏။ အပြင်ရောက်သောအခါ အသိတစ်ယောက်နဲ့တွေ့ပြီး စကားပွါးနေ၏။ ဟင်းအိုးကို လုံးလုံး သတိမရတော့။ အဘိုးအို ပြန်မရောက်ခင် မီးတူး၍ စမုတ်(က်) အလန်း(မ်) မြည်သောကြောင့် ကျွန်ုပ်ဆင်းကြည့်သောအခါ ပရက်ရှာကွတ်ကာထဲက ဟင်းငွေ့မထွက်ဘဲ မီးခိုးငွေ့တွေ ထွက်နေသည်ကို တွေ့ရလေ၏။ ဂက်စ် မီးဖိုခလုပ်ကို ပိတ်ပြီး အဘိုးအို ပြန်အလာကို စောင့်မျှော်နေမိ၏။ အဘိုး အပြင်က ပြန်ရောက်လာသောအခါ "အဘိုးဝက်သားတွေကတော့ လူတွေမစားခင် မီးက ဦးဦးဖျားဖျား စားသွားပြီ" ဟု လှမ်း ပြောလိုက်သည့်အခါ ဘာမှမထူးဆန်းသည့် မျက်နှာမျိုးဖြင့် ဟဲဟဲဟဲ ဟု ရယ်ပြလေ၏။ ပုံမှန်ဖြစ်နေကျကိုး။ ထို့နောက် မီးတူးထားတဲ့ ဟင်းအိုးကို အဖုံးဖွင့်ပြီး မီးမတူးသေးသည့် အပေါ်ပိုင်း အသားတို့ကို ရွေးထုတ်ကာ မီးတူးသွားသည့် ဟင်းတစ်ဝက်ကို လွှင့်ပစ်လိုက်ရလေ၏။ ထိုကိစ္စက မပြီးသေး။ ထိုမီးတူးသွားသည့်အိုးကို ရေထည့်ပြီး မီးဖိုပေါ်ပြန်တည်ပြန်၏။ "အဘိုး ဘာလုပ်ဖို့ အိုးကို မီးဖိုပေါ် ထပ်တည်ရတာလဲ"လို့ မေးသောအခါ "မီးတူးသွားတဲ့ ဂျိုးတွေကို ကွာအောင်လုပ်တာလေ။ ရေပွက်လာရင် ဂျိုးတွေ သူတို့ဖာသာ ကွာလာလိမ့်မယ်"ဆိုပြီး မီးဖိုပေါ်တင်ကာ သူ့အခန်းထဲ ၀င်သွားလေ၏။ ထို့နောက် "ခဏလှဲလိုက်ဦးမယ်"ဆိုပြီး အိပ်ယာပေါ် လှဲလိုက်ရာ အဘိုးအိုတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့၏။ ကျွန်ုပ်လဲ အပေါ်ထပ်သို့ တက်ကာ စာဖတ်ခြင်းအလုပ်ကို လုပ်နေလေတော့၏။ ထို မီးဖိုပေါ်က ဂျိုးကွာအောင် တည်ထားသည့်အိုးသည်လည်း မီးအရှိန်ကြောင့် ရေခမ်းသွားပြီး တူးပြီးသားဂျိုးတို့ ထပ်ခါ တူးပြန်ရလေတော့၏။ ဤကဲ့သို့ မီးတူးသည်မှာ နေ့စဉ်အလုပ်ဖြစ်သောကြောင့် အထူးအဆန်း မဟုတ်တော့ချေ။ ဒီနေ့လဲ တောင်ရောက်မြောက်ရောက် ငရဲလားတဲ့အကြောင်း စကားပြောရင်း အဘိုးအိုရဲ့ ၀က်သုံးထပ်သားဟင်းအိုး မီးတူးပြန်လေပြီ။
"ဟာ.. ငါ့ဝက်သား သုံးထပ်သားလေးတွေ တစ်ဝက်လောက်ကတော့ မီးဝါးတဲ့ အထဲ ပါသွားရှာပြီ"
"အဘိုးရေ... ၀က်သားတွေ မီးဝါးသွားတာက သိပ်ကိစ္စမရှိပါဘူး။ တော်ကြာ တစ်အိမ်လုံး မီးဝါးသွားဖြင့် မဟာ့မဟာဒုက္ခ။ ဟိုမိသားစုကို ကြည့်ပါလား။ မီးပေါ့ဆလို့ အိမ်မီးလောင်ပြီး မိခင်နဲ့ ကလေးငါးယောက် မီးဝါးပြီး အသက်ဆုံးရှုံးသွားရတာလေ။ ဖခင်လုပ်တဲ့သူတောင် ဆေးရုံတက်ပြီး ကုသခံနေရတယ်။ မိသားစု အားလုံးမှာ ဖခင်တစ်ယောက်ဘဲ အသက်ရှင်ကျန်ရစ်တယ်"
"အေးပါကွာ။ နောက်ဆိုရင်တော့ သတိထားပြီး ချက်ပြုတ်ပါ့မယ်။ ဒီနေ့တော့ ရှိပစေပေါ့။ ဟုတ်ဖူးလား"
အဘိုးအိုသည် ပါးစပ်ကလဲပြောရင်း အိုးထဲက မီးမကျွမ်းသေးသည့် ၀က်သားတုံးတို့ကိုလဲ ဇွန်းခက်ရင်းဖြင့် ခြစ်ကုတ်ယူ လုပ်နေလေ၏။ ထို့နောက် မီးတူးအိုးကို ဘေဇင်ရှိရာသွားပြီး စတီးဖတ်ဖြင့် တဂျစ်ဂျစ် ပွတ်၍ တိုက်ချွတ်နေလေတော့၏။
"အဘိုး အခုလို အိုးပွတ်နေတာ မြင်တော့ ကျနော် ဟို သင်္ကြန်းသီချင်းလေးကို ပြေးအမှတ်ရမိတယ်"
"ဘယ်သီချင်းတုန်းကွ"
"ဟို.. တူးပွတ် တူးပွတ် ဆိုတဲ့ သီချင်းလေ"
"ခွီးးးးး တူးပို့ တူးပို့ လုပ်စမ်းပါ မောင်ရင်ရာ"
"အာ... အဘိုးဟာက တူးလိုက် ပွတ်လိုက် လုပ်နေမှတော့ ဘယ်ကလာ တူးပို့တူးပို့ ဖြစ်လာနိုင်တော့မှာလဲ။ တူးပွတ်တူးပွတ်ဘဲပေါ့"
"မင်းကတော့လေ ကလီကမာ စကား အတော်ရတတ်တယ်။ ကဲ... စကားများမနေနဲ့... အဲဒီမှာ မီးမတူးသေးတဲ့ ၀က်သားတုံးလေး မြည်းကြည့်စမ်းပါဦး။ မီးခိုးရနံ့သင်းသင်းလေးနဲ့ တစ်မျိုး အရသာထူးတယ်"
"ဟာ.... အဘိုးပြောမှ သတိရတယ်။ ကျနော်က စာဖတ်ရင်း စိတ်နဲနဲ နှောက်ကျူလာလို့ စိတ်ကြည်လင်အောင် ကော်ဖီသောက်ဖို့ ဆင်းလာတာ။ အဘိုးရဲ့ လေ မိနေတာနဲ့ ကော်ဖီသောက်ဖို့ကို မေ့သွားရောဘဲ။ ကြုံတုန်း ၀က်သားမီးတူးလေးနဲ့ ကော်ဖီလေးနဲ့ ရောကြိတ်လိုက်ဦးမယ်။ ဟန်ကျလိုက်တာ"
"ဒါနဲ့.. နေစမ်းပါဦး။ မောင်ရင်က ဘာတွေ စိတ်နောက်ကျူစရာရှိလို့လဲ။ ကျောင်းသားဘဲ။ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးပေါ့။ ဟုတ်ဖူးလား"
"အဘိုးကလဲ တစ်ခြားအကြောင်းတွေကြောင့် စိတ်နောက်ကျူတာ မဟုတ်ပါဘူး။ စာဖတ်ရင်းနဲ့ ဟိုစဉ်းစား ဒီစဉ်းစားပြီး စိတ်နောက်ကျူလာတာပါ"
"မောင်ရင်က ဘာစာတွေ ဖတ်ခဲ့လို့လဲ"
"အင်း... နန်းညွန့်နန်းလျာတွေဟာ အတော် ကြောက်ဖို့ ကောင်းတာကလား။ သူတို့ကို ဝေးဝေးက ရှောင်နေတာ အကောင်းဆုံးပါဘဲ"
"နောက် ဟို အနုဠာဒေ၀ီဆိုတဲ့ နှာဗူးမိဖုရားမ။ ဘယ့်နှယ် သူ လင်တော်ချင်တဲ့ သူတွေကို နန်းတင်ပြီး ပျော်ပါး။ ပျော်ပါးလို့ အားရပြီဆိုရင် အဆိပ်ခပ်သတ်။ သူ့လက်ချက်နဲ့ သူ့လင် မင်းဆက် ၆ ဆက်တိတိ ၆ နှစ်အတွင်းမှာ အဆိပ်ခတ် သတ်ခံရတယ်။ သူ လင်လုပ်ပြီး နန်းတင်တဲ့ သူတွေကိုလဲ ကြည့်ဦး။ တံခါးစောင့်တဲ့။ တစည်းသမားတဲ့။ ထင်းထမ်းသမားတဲ့။ ကြားလို့မှ မကောင်း။ နောက်ပြီးတော့  ကန်တော့ပါသေးရဲ့။ ဆင်မှူးသား ၃၂ ယောက်ကိုလဲ တပြိုင်နက် လင်လုပ်ခိုင်းပြီး တစ်လှည့်စီ တစ်ဗိုလ်ဆင်းတစ်ဗိုလ်တက် ပျော်ပါးခိုင်းသတဲ့။ ရိုင်းလိုက်လေ အဘိုးရာ။ အနုဠာဒေ၀ီလို့ မှည့်ခေါ်မဲ့အစား အနူလာ ဒေ၀ီလို့ ခေါ်ဖို့တောင် ကောင်းနေပြီ။ ဒါမှ သူရှုပ်ပွေတဲ့ အတွက် အနူရောဂါတွေ လာရောက်စွဲကပ်မှာ။ သူ့ကြည့်ရတာ တမလွန်ပြောင်းရင်တောင် ယမမင်းကို ပါးလျက်နားလျက် လုပ်ပြီး လင်လုပ်ခိုင်းဦးမဲ့ ပုံမျိုးနဲ့"
"ကဲ. မောင်ရင်ရေ... စိတ်မကြည်သာတွေကို အသာလေးထား။ သူများ အကုသိုလ်ကို ကိုယ့်အကုသိုလ် မဖြစ်စေနဲ့။ ဟုတ်ပြီလား"
"အဘိုးကလဲ ပြောရတာသာ လွယ်တာ။ အကုသိုလ်မဖြစ်အောင် နေဖို့က အခက်သား မဟုတ်လား"
"အင်း.. ဒါလဲ ဟုတ်ပြန်တာဘဲ။  အဲ......ဒါနဲ့... ငါလဲ မိန်းမတွေအကြောင်းကို ပြောရေးရှိလို့ ပြောတော့ ပြောရဦးမယ်ကွ"
 "ဟာ.. ဆိုစမ်းပါဦးအဘိုးရာ။ ကြားချင်ပါဘိတောင်း"
ထိုအခါ အဘိုးအိုသည် မီးတူးထားတဲ့ ၀က်သားအိုးကိုလဲ စတီးဖတ်ဖြင့် ပွတ်တိုက်ဆေးကြော၊ ပါးစပ်ကလဲ မိန်းမတွေ မကောင်းကြောင်း တစ်စီတစ်သန်းကြီး ပြောလေတော့၏။
"မောင်ရင်... သေချာမှတ်ထား။ မိန်းမ မှန်လို့ရှိရင် ဘယ်မိန်းမမှ (ဘယ်မိန်းမမှ) မကောင်းဘူး။ ငါ့ မိန်းမလဲ မိန်းမဘဲ။ ငါ့သမီးလဲ မိန်းမဘဲ။ ငါ့သမီးရဲ့ သမီးလဲ မိန်းမဘဲ။ သူတို့အပါအ၀င် ဘယ်မိန်းမမှ မကောင်းဘူး"
"အာ.. အဘိုးကလဲ အဲဒီလိုကြီးတော့ ၀ါးလုံးသိမ်းမပြောပါနဲ့။ ကောင်းတဲ့ မိန်းမတွေ အများကြီးပါ"
"မဟုတ်ဘူး မောင်ရင်။ ကောင်းတယ်ဆိုတာ အခိုက်အတန့်လေး ကောင်းကြတာ။ ရေရှည်မှာ မကောင်းကြဘူး။ အနီးကပ်နေလေလေ ကြောက်စရာ ကောင်းလေလေရယ်။ ဒါကြောင့် အနီးကပ်ဆုံး ရန်သူဆိုတာ ချစ်လှပါတယ်ဆိုတဲ့ အိမ်က ဇနီးမယားဘဲဆိုပြီး ပညာရှိတွေ ဆိုထားခဲ့တာ။ မောင်ရင်ဘဲ စဉ်းစားကြည့်လေ။ မိန်းမမှန်ရင် မနက်အိပ်ရာထတဲ့အခါ ဣဿာနဲ့ နိုးထပြီး နေ့လည်ဘက်ပိုင်းကို မစ္ဆရိယနဲ့ ရှင်သန်တယ်။ ညဘက် ရောက်တဲ့အခါကျတော့ ခုနက အနုဠာဒေ၀ီလိုမျိုး စိတ်နဲ့ အိပ်စက်လေ့ရှိကြတယ်တဲ့"
"အဘိုး... ဒါကတော့ အတော်လေး ပြင်းထန်သွားပြီ။ မိန်းမသားတွေမှာလဲ သူတော်ကောင်းတွေ အများကြီးပါ။ ဒါကြောင့်လဲ ကောင်းရာသုဂတိ နတ်ပြည်တွေမှာ မိန်းမသား(နတ်သမီး)တွေ ပိုများနေတာပါ။ ယောက်ျားတွေကျတော့ နတ်ပြည်မှာ နဲလွန်းလို့ နတ်သမီးတွေအတွက်တောင် အခက်ကြုံနေရတယ်တဲ့။ ဒါကြောင့် နတ်သားတစ်ယောက်မှာ နတ်သမီးထောင်ချီပြီး ရှိနေရတာပေါ့။ အဲဒါတွေဟာ အမျိုးသမီး သူတော်ကောင်းတွေရှိတယ်ဆိုတာ သက်သေဘဲလေ။ တော်လေးဝ မ၀င်ပေမဲ့ တကယ်ဖြူစင်တဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ် အဘိုးရာ။ အမျိုးသမီးတိုင်းကို အဘိုးပြောတဲ့ ပေတံနဲ့ တိုင်းလို့တော့ ဘယ်ရမလဲ"
"မောင့်ရင့်ဟာ မောင်ရင်.. ရချင်ရ မရချင်နေ။ ငါ့အဖို့ကတော့ မိန်းမမှန်ရင် ငါ့မိသားစုတွေ အပါအ၀င် ဘယ်မိန်းမမှ မကောင်းဘူး"
"အဘိုးကလဲ မိန်းမ မကောင်းဘူး မကောင်းဘူးနဲ့ အဘိုးမှာ သားသမီး ရှစ်ယောက်ကြီးတောင် ရှိခဲ့တာ မဟုတ်လား။ မိန်းမတွေ မကောင်းဘူးလို့ အဘိုးသာ အမှန်တကယ် ယုံကြည်ခဲ့ရင် သားသမီးတွေ အဲဒီလောက် များစရာ အကြောင်းမရှိဘူး။ မိန်းမတွေ ကောင်းလွန်းလို့ အဘိုး အဲဒီလောက် ကလေးတွေ ရခဲ့တာပေါ့"
"ဒါက ဒီလို ရှိတယ်ကွ။ အဲဒီအချိန်တုန်းက ငါလဲ မိန်းမတွေ အရမ်းကောင်းတယ်လို့ ထင်ခဲ့တဲ့ အချိန်ပေါ့။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူတို့ ဇာတိက ပြလာတာပါဘဲ"
"အဘိုးဟာကလဲ ဟို ပုံပြင်လို ဖြစ်နေပြီ။ ဒီကောင် ငါ့ကို အ တယ်ထင်ပြီး ချေးတုံးကို မုန့်ဆိုပြီး လိမ်ညာကျွေးတာ။ ဘယ်ရမလဲ တစ်တုံးလဲ စားပြီးရော ချေးတုံးမှန်း တန်းသိတာဘဲ ဆိုတဲ့ ပုံပြင်လေ" 
"မောင်ရင်.. မင်းကတော့လေ။ စကားအစပေါ်တာနဲ့ ပုံပြင်တွေ စကားပုံတွေနဲ့ လှမ်းကစ်တော့မယ် ဆိုတာချည်းဘဲ။ ငါ့စကားကို ယုံစမ်းပါကွ။ ငါက နှစ်ပေါင်းများစွာ အဲဒီဝန်ထုပ်ဝန်ပိုးတွေ ထမ်းလာခဲ့တာ။ မိန်းမတွေ မကောင်းတာ ငါအသိဆုံးပေါ့။ မင်း အတွေးမမှားနဲ့ မောင်ရင်"
"အဘိုးဟာက မိန်းခလေးတွေ မကောင်းဘူး မကောင်းဘူးနဲ့ တော်ကြာ တုံးဖလားရွာတောင်ပိုင်းက တိုးအောင်ကြီးလို ဖြစ်နေဦးမယ်။ တိုးအောင်ကြီးက ဘုရားတရား အလွန်ဝါသနာပါတော့ နေ့စဉ် ဘုန်းတော်ကြီးကျောင်းကိုဘဲ သွားနေတာပေါ့။ ဘုန်းတော်ကြီးကလဲ တိုးအောင်ကြီးကို  "တရားနဲ့ဘဲ မွေ့လျော်၊ မယားနဲ့ မမွေ့လျော်နဲ့၊ မိန်းမဆိုတာ ကောင်းတာ မဟုတ်ဘူး" ဆိုပြီး ဘရိန်းဝှပ်ရှ် လုပ်ထားတာလေ
မိန်းမဟူသည်၊ ထိုမျိုးမည်ကား
လူရည်ဖွံ့ထွား၊ ဖိုယောက်ျားထက်
အစားနှစ်ပြန်၊ ဥာဏ်မှာလေးဆ
လုံ့လခြောက်ပုံ၊ ကာမဂုဏ်ရှစ်
လွန်၍ဖြစ်၏။ အနှစ်ပညာ
ရှေ့သွားကာဖြင့်၊ လူ့ရွာလောက
ဆက်ဆံကြလော့..
အစရှိတဲ့ မဃဒေ၀လင်္ကာတွေကို ဆရာတော်က မကြာမကြာ ရွတ်ဆိုပြပြီး မိန်းတွေရဲ့ မကောင်းကြောင်းချည်း ပြောနေတော့ မောင်တိုးအောင်ကြီးလဲ မိန်းမတွေကို ဝေးဝေးရှောင်ရင်း အသက် ၃၀ ကျော် လူပျိုကြီး ဖြစ်လာတော့တာပေါ့။ ဒီလိုနဲ့ တစ်နေ့ကျတော့ သူ့မိဘတွေက တိုးအောင်ကြီးကို ဒီအတိုင်းထားလို့ မဖြစ်ချေဖူး။ ကြီးလာရင် အခက်ကြုံလိမ့်မယ်ဆိုပြီး သူ့အသက် ၃၆ နှစ်လောက်မှာ ၁၈နှစ်အရွယ်သာ ရှိသေးတဲ့ ရွာမြောက်ပိုင်းက အေးဘုံလေးနဲ့ နှစ်ဖက်မိဘတွေ ညှိနှိုင်းစေ့စပ်ပြီး အတင်းပေးစားလိုက်ကြတယ်။ အဲဒီလိုနဲ့ မင်္ဂလာဦးညအပြီး နောက်တစ်နေ့ မနက်စောစောရောက်တော့ မောင်တိုးအောင်ကြီး တအီးအီးနဲ့ ရှိုက်ကြီးတငင်ငိုကြွေးနေသတဲ့။ ဒါနဲ့ မိဘတွေက မေးကြတာပေါ့။ ဘာဖြစ်လို့လဲ အေးဘုံလေးနဲ့ အဆင်မပြေဘူးလား၊ ရန်ဖြစ်ကြတာလား၊ စကားများကြတာလား စသဖြင့်မေးကြတော့ ရန်မဖြစ်ပါဘူး စကားလဲ မများပါဘူး အဆင်ပြေတာမှ လွန်ရောဘဲ ဆိုပြီး ပြန်ဖြေသတဲ့။ ဒါဖြင့် ဘာဖြစ်လို့ အခုလို ၀မ်းနည်းပက်လက် ရှိုက်ကြီးတငင်ငိုကြွေးနေရတာတုန်းလို့ မေးကြည့်တော့ ရွာဦးကျောင်းဆရာတော်က မိန်းမတွေ မကောင်းဘူး မကောင်းဘူးနဲ့ ဆရာတော် ညာပြောခဲ့တာကို ယုံခဲ့မိတယ်။ အဲဒါကြောင့် ကျနော် နှစ်ပေါင်းများစွာ နစ်နာခဲ့ရတယ်။ အဲဒီနစ်နာခဲ့တဲ့ အချိန်တွေကို စဉ်းစားရင်း နှမြောပြီး ၀မ်းနည်းလွန်းလို့ ငိုကြွေးနေတာပါ။ အခု အေးဘုံလေးက တကယ့် မိန်းမကောင်းလေးပါလို့ ပြန်ဖြေသတဲ့။ ကဲ. အဘိုး..  အဘိုးလဲ ဆရာတော့်လေသံအတိုင်း မိန်းမတွေ မကောင်းဘူးလို့  ပြောဦးမလား၊ ဒါဆို ကျနော်လဲ တိုးအောင်ကြီးလို ပြန်ဖြေရမဲ့ ပုံဘဲ။ ဟဲ ဟဲ ဟဲ"
"အော်.... ဒုက္ခ ဒုက္ခ.... ဒုက္ခသစ္စာကို ဝေေ၀၀ါးဝါး ဖြစ်နေကြရှာတာ။ ဒါကြောင့်မို့ အကောင်းလို့ ထင်နေကြတာ ကလား"
"အဘိုးက ရှစ်ယောက်ကြီးတောင် မွေးထုတ်ခဲ့ပြီးပြီဆိုတော့ အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေကို ဘယ်ကိုယ်ချင်းစာနိုင်ပါတော့မလဲ။ ဗိုက်ပြည့်ပြီ ၀ပြီ အီပြီကိုး။.....  ဒါနဲ့ အဘိုးကိုယ်တိုင်ကကော ဝေေ၀၀ါးဝါးနဲ့ ရှစ်ယောက်တိတိတောင် ရခဲ့တယ်ဆိုပါတော့"
"မောင်ရင် ကြုံဖူးမှ သိမှာပါ။ အခုတော့ မင်းရဲ့ အဲဒီအသိဥာဏ်တွေ နုနယ်နေသေးတယ်။ ဒါကြောင့် အမှန်ကို မမြင်နိုင်သေးတာ"
"မိန်းခလေးတွေရှိလို့ ကမ္ဘာကြီး လှပနေတာပါ အဘိုးရာ။ သူတို့မရှိရင် ကမ္ဘာကြီးလဲ ခြောက်ကပ်သွားပြီး တစ်စတစ်စ ပျက်စီးပျောက်ကွယ်သွားမှာ သေချာပါတယ်။ အခုတောင်ကြည့်လေ ကုသိုလ်ရေးဆို သူတို့ချည်းဘဲ။ ဘယ်မှာလဲ ပညာရှိလှတော်လှကောင်းလှပါတယ်ဆိုတဲ့ ယောက်ျားတွေ။ တရားရိပ်သာတွေကို သွားကြည့် မိန်းခလေးရာခိုင်နှုန်းက ၉၀ ကျော်တယ်။ ပြီးတော့ တရားပွဲတွေ၊ ပရဟိတ လုပ်ငန်းတွေမှာ ကြည့်ဦးမလား မိန်းခလေးတွေ အများကြီးဘဲ။ ဒါမှမဟုတ် နိုင်ငံရေးဘက် လှည့်ကြည့်ဦးမလား။ မိန်းမသားတွေ ခေါင်းဆောင်လှုပ်ရှားနေကြတယ်။ ယုတ်စွအဆုံး ဘုရားဖူး ခရီးသည်တွေကို ကြည့်ဦးမလား သူတို့တစ်တွေရဲ့ ကုသိုလ်ကောင်းမှုလုပ်ငန်းတွေက ယောက်ျားတွေထက် အများကြီး အားသာနေတာကို တွေ့နေမြင်နေရတယ် မဟုတ်လား အဘိုး"
"ကဲကွာ... ဒါတွေ ထားလိုက်ပါတော့ မင်း ကော်ဖီသောက်ဖို့ ဆင်းလာတာ မဟုတ်လား။ ကော်ဖီသောက်မယ်ဆိုလဲ  ဖျော်သောက်တော့။ ငါလဲ မင်းနဲ့ စကားပြောရင်း နဲနဲ ခေါင်းနှောက်လာသလိုလို ခံစားလာရတယ်။ ဒါကြောင့် ငါလဲ ကော်ဖီတစ်ခွက်လောက်တော့ ဆွဲလိုက်ဦးမယ်"
ဟု ပြောပြီး အဘိုးအိုတစ်ယောက် မီးတူးတဲ့ အိုးအား ပွတ်တိုက်ဆေးကြောခြင်းအလုပ်ကို အဆုံးသတ်လိုက်လေ၏။
"ဒီလိုမှပေါ့ အဘိုးရာ။ အတူတူ တစ်ခွက် တစ်ဖလား နွှဲကြတာပေါ့။ ဟား ဟား ဟား"
"ဟာ.. မေ့နေလို့... နေဦး နေဦး။ ကော်ဖီမဖျော်နဲ့ဦး။ ငါ မြင်းခွါရွက်ရည် ကျိုချက်ထားတာ ရှိတယ်။ အိုးထဲမှာ ပူပူလေးရှိတုန်း။ ကော်ဖီအစား အဲဒါလေး သောက်လိုက်ကြရအောင်"
အဘိုးအိုနဲ့အတူ မြင်းခွါရည်ရည်ပူပူလေးကို (ကော်ဖီအနေနဲ့) သောက်ကာ တစ်ပိုင်းမီးတူးနေတဲ့ ၀က်သား သုံးထပ်သားလေးကို အမြည်းလုပ်ရင်း အဘိုးအို ဖွင့်ထားသည့် ဘီဘီစီရုပ်မြင်သံကြား သတင်းကို ကြည့်နေကြလေတော့၏။ မြင်းခွါရည်ပူပူလေးက ချွဲစိစိ ခါးသက်သက်တော့ နိုင်သား။
....
နောက်တစ်နေ့သို့ ရောက်သောအခါ ကျွန်ုပ်သည် နေ့လည်စာ စားရန် အောက်ထပ်သို့ ဆင်းပြီး မီးဖိုချောင်ထဲ ၀င်ကြည့်လေ၏။ အဘိုးအို ဘယ်အချိန်ကထဲက ချက်ပြုတ်ထားမှန်းမသိတဲ့ ခပ်ပြစ်ပြစ် ညစ်တေတေ ဟင်းတစ်မျိုးကို အိုးထဲ၌ တွေ့ရလေ၏။ ငါးပိရည် ပုံစံဖြစ်၏။ သို့သော် အနံ့ ခံကြည့်သောအခါ ငါးပိနံ့ အနည်းငယ်မျှ မရချေ။ ထို့ကြောင့် အဘိုးအိုကို လှမ်းအော်မေးလိုက်ရလေ၏။
"အဘိုး.. အိုးထဲက ဘာဟင်းတုန်းဗျ။ ခပ်ပြစ်ပြစ်နဲ့"
"ဟ.. မောင်ရင်.. အဲဒါ ဟင်း မဟုတ်ဘူး။ မစားလိုက်နဲ့။ အဲဒါ ငါ ၀မ်းနှုတ်ဆေးဖော်မလို့ ကျိုထားတာ။ မန်ကျည်းသီးမှည့် အနှစ်နဲ့ သျှားစောင်းလက်ပတ် ရောကျိုထားတာလေ"
"အော်... သိပါဘူး။ ငါးပိရည်များ ကျိုထားတာလားလို့"
ထို မန်ကျည်းမှည့်အနှစ်တွေကို မြင်မှ  ထိုအနှစ်တွေနဲ့ ဆင်တူသည့်  ပုန်းရည်ကြီးကို ကျွန်ုပ် သွားသတိရမိလေ၏။ လွန်ခဲ့သည့် လေးလကျော်ကျော်က အသိမိတ်ဆွေတစ်ယောက် မြန်မာနိုင်ငံမှ ပြန်ရောက်လာ၏။ နေရာချင်း ဝေးကွာတဲ့အတွက် လူချင်းမတွေ့ဖြစ်သည့်တိုင် ပုန်းရည်ကြီးနှင့် တစ်ခြားအစားအသောက်တို့ကို လက်ဆောင်အဖြစ် စာတိုက်ကတစ်ဆင့် ပို့ပေးခဲ့၏။ မပို့ပေးခဲ့ပါနဲ့၊ ဒီမှာ အားလုံးအဆင်ပြေပါတယ်လို့ အတင်းတားပေမဲ့ မရ။  ပိုက်ဆံအကုန်ခံပြီး စာတိုက်က တစ်ဆင့် ပို့ပေးခဲ့၏။ ထိုအတွက် ကျေးဇူးအထူးတင်ရပါ၏။ 
ပုန်းရည်ကြီး အထုပ်ငယ် ငါးထုပ်တိတိ ပို့ခဲ့၏။ ထိုငါးထုပ်ထဲမှ လေးထုပ်ကို ကြက်သွန်ဖြူနီ ပုဇွန်ခြောက် ငရုပ်သီးစိမ်း အချိုမှုန့်စသည်တို့နဲ့ ဆီနိုင်နိုင် သုပ်စားခဲ့ပြီးဖြစ်၏။ ထို့နောက် လက်ကျန်တစ်ထုပ်ကိုလဲ ထိုနည်းအတိုင်း လွန်ခဲ့တဲ့ သုံးလလောက်က သုပ်ထားပြီး စားမယ်ကြံခါမှ သူငယ်ချင်းတစ်စုနဲ့ နန်ဒို့(ဇ်)ဆိုတဲ့ ကြက်မီးဖုတ်ဆိုင်ကို သွားဖို့ အကြောင်းဖန်လာ၏။ ထိုပုန်းရည်ကြီးသုပ်ကို ရေခဲသေတ္တာထဲ သိမ်းထားပြီး ထိုနေ့ကစ ဒီနေ့ထိ မေ့မေ့လျော့လျော့ နေခဲ့မိလေတော့၏။ အချိန်ကြာလာတာနဲ့အမျှ ပုန်းရည်ကြီးသုပ် ခွက်ကလေးဟာ ရေခဲသေတ္တာ နောက်ပိုင်းနံရံနဲ့ ကပ်ရက်နေရာမှာ နေရာယူရလေတော့၏။ သူ့ထက် လတ်ဆတ်ပြီး သူ့ထက် ပိုအရသာရှိတဲ့ အစားအစာဟင်းတွေ ချက်စားဖြစ်တော့လဲ သူ့ခမျာ မျက်နှာငယ်စွာ နောက်ဖေးအဖီလေးနား ကပ်နေရရှာလေရဲ့။ ရေခဲသေတ္တာ ရှေ့ဖက်အပိုင်းမှာက ဟင်းလတ်လတ်ဆတ်ဆတ်တွေ နေရာယူထားကြတာကိုး။ အမှန်ဆို ကျွန်ုပ်သည် ပုန်းရည်ကြီးကို အလွန်ကြိုက်၏။ အလွန်လဲ နှစ်သက်၏။ ပုန်းရည်ကြီးပါလျှင် ထမင်းစားလဲ အလွန်မြိန်လေ၏။ သို့သော် ခဏခဏ စားရဖန်များသောအခါ မသိလိုက်မသိဖာသာ စိတ်က ပုန်းရည်ကြီးကို မေ့သယောင်ယောင် မစားချင်တော့သယောင်ယောင် ဖြစ်လာလေတော့၏။ ထိုသည်ပင် လူ့သဘော လူ့မနော  ဖြစ်လေရော့သလား မသိတော့။
ဒီနေ့တော့ မန်းကျည်းမှည့်အနှစ်ရည် ကျေးဇူးကြောင့် ပုန်းရည်ကြီးကို သတိရပြီး ရေခဲသေတ္တာထဲ ရှာဖွေကြည့်ရာ အပေါ်ဆုံးအဆင့် နောက်ဘေးနားမှာ ပုန်းရည်ကြီး ပန်းကန်လေးကို တွေ့ရလေ၏။ ကောင်းလိုကောင်းညား အပြင်ကို ထုတ်ယူပြီး အနံ့ခံကြည့်လိုက်ရာ ပုံမှန်မဟုတ်တဲ့ အနံ့မျိုး ရလေ၏။ အရောင်အဆင်းကလဲ ခပ်ညစ်ညစ်ဖြစ်လာလေ၏။ အေးလေ။ သူလဲ ရုပ်တရားဘဲဆိုတော့ ဖောက်ပြန်ပေမပေါ့။ သို့သော် ကျွန်ုပ်သည် ထိုပုန်းရည်ကြီးကို စားချင်နေဆဲ ဖြစ်၏။ အစားမှားလို့ ဒုက္ခရောက်မှာလဲ ကြောက်၊ မစားဘဲ လွှင့်ပစ်လိုက်ရမှာလဲ နှမြောတသသ။ အဲဒီလိုနဲ့ ပုန်းရည်ကြီး ပန်းကန်လေးကို ကိုင်ကာကိုင်ကာနဲ့ အဘိုးအို အခန်းထဲ သွားပြီး အဆုံးအဖြတ် သွားခံရလေတော့၏။
"အဘိုး... ဒီပုန်းရည်ကြီး ပန်းကန်လေး နဲနဲ နမ်းပေးစမ်းပါဦး။ အဘိုးက နှာခေါင်း ပိုကောင်းလောက်တယ်။ ပုပ်သိုးနေပြီလားဆိုတာ သိချင်လို့"
"ဟ... ခွေးကောင် ငါ့ကို အနံ့ခံကောင်းသလေးဘာလေးနဲ့။ လူစင်စစ်က အမြီးပေါက်ရတော့မလိုလို"
"မဟုတ်ပါဘူး အဘိုးရာ။ ကျနော် ရေခဲသေတ္တာထဲ သိမ်းထားတာ အတော်လေး ကြာသွားတဲ့အတွက် စားလို့ရသေးလားဆိုတာ သိချင်လို့ပါ"
ထိုအခါ အဘိုးက ပန်းကန်ကို နမ်းကြည့်ပြီး နှာခေါင်း ရှုံ့လေ၏။ ထို့နောက် အဘိုးအိုသည် လူနာအခြေမဟန်တော့တဲ့အခါ လူနာရှင်ကို ဆရာဝန်က ခေါင်းခါပြတဲ့ ပုံစံမျိုးဖြင့် ခေါင်းခါပြလေ၏။
"နိုး.... မကောင်းတော့ဘူး။ မစားနဲ့တော့။ ရုပ်ဆိုးပြီး ပုပ်သိုးနေပြီ"
"ကျနော်ကတော့ နှာခေါင်း မကောင်းလို့လားတော့မသိဘူး အဘိုး။ မွှေးနေတုန်းလို့ ထင်နေတာ"
"အေး အကြိုက်တရားက မကောင်းတဲ့ အရာကို ကောင်းတယ်လို့ ထင်စေတတ်တာ သဘာဝပါဘဲ။ မောင်ရင်လဲ ကြိုက်နေတုန်းတော့ အကောင်းအဆိုး မခွဲတတ်ဘူးပေါ့။ ဒါပေမဲ့ တကယ့် ပရမတ္ထကျကျ ဆန်းစစ်ကြည့်ရင်တော့ အရှိအတိုင်း ထွက်လာပါလိမ့်မယ်။ အခု ငါ ဒီပုန်းရည်ကြီးကို ကြိုက်တယ် မကြိုက်ဖူးဆိုတဲ့ ကိုယ်ပိုင်ခံစားချက်မပါဘဲ နမ်းရှိုက်ကြည့်တယ်။ ဒီတော့ မကောင်းတော့ဘူး ပုပ်သိုးနေပြီဆိုတာ တန်းသိတယ်။ ဒီတော့ သံယောဇဉ် တွယ်မနေနဲ့တော့ တစ်ခါထဲသာ အမှိုက်ပုံးထဲ ၀ှဲလိုက်ပေတော့"
"ဟာ.. အဘိုးကလဲ နှမြောစရာကြီး"
"မောင်ရင်.. မင်း သေချာမှတ်ထား။ လောကမှာ နှမြောစာရယ်၊ အားနာစာရယ်၊ မသထာရည်စာရယ် လုံးဝ မစားအပ်ဘူး။ မစားကောင်းဘူး။ အဲဒါတွေ စားမိရင် ဒုက္ခ ကောင်းကောင်း ရောက်လိမ့်မယ်။ ပုပ်တတ်တဲ့ သဘောရှိတဲ့ အရာ ပုပ်သိုးသွားတာ အဆန်းမဟုတ်ပါဘူး မောင်ရာ။  အခုလဲ ကြည့်။ ဒီပုန်းရည်ကြီးဟာ ပုပ်သိုးနေပြီ။ မင်း စားလိုက်ရင် မကြာခင် ဗိုက်နာလာလိမ့်မယ်။ အခန့်မသင့်ရင် နှလုံးကိုပါ လာထိနိုင်တယ်"
"အဲဒီလောက်တောင်ဘဲလား အဘိုး"
"အေး.. ဒါတောင် လျော့ပြောထားတာ။ မင်း မှတ်လိုက်ပြန်ဦး။ ငါးပိတို့ ပုန်းရည်ကြီးတို့ဆိုတာ မာယာ အတော်များတာကလား"
"စိတ်ဝင်စားစရာဘဲ အဘိုး။ ဆက် ပြောပါဦး"
"အေး... ငါးပိတို့ ပုန်းရည်ကြီးတို့ဆိုတာ နဂိုကထဲက ပုပ်သိုးနေတဲ့ အရာတွေနဲ့ လုပ်ထားတာမဟုတ်လား။ ပထမ အကောင်းလို့ ထင်နေစဉ်ကထဲက သူတို့မူလက ပုပ်သိုးနေပြီလေ။ ဒါပေမဲ့ အဲဒီ ပုပ်သိုးနေတဲ့ အနံ့ကိုဘဲ လူတွေက နှစ်သက်နေကြတာလေ။ ငါးပိနံ့လေးဆိုလဲ မွှေးနေတာဘဲ။ ပုန်းရည်ကြီးနံ့ဆိုလဲ သင်းနေတာဘဲ ဆိုပြီး အမြင်တွေ မှားနေကြတာလေ။ အမှန်က သူတို့ ပုပ်နေကြပြီ။ ဒါပေမဲ့ ဒီဂရီလွန်အောင် မပုပ်သေးလို့သာ အာဟာရဖြစ်နေကြတာ။ အဲဒီ မူလကထဲက ပုပ်သိုးနေတဲ့ အရာဟာ ပိုပိုပြီး ပုပ်သိုးလာရင် သွားပြီ။ ဘာအာနိသင်မှ မရှိတော့ဘူး။ စားသုံးသူတွေကို ဒုက္ခပေးစေတတ်တဲ့ သတ္တိတွေဘဲ သူတို့ဆီမှာ ကျန်တော့တာ။ ဒီတော့ မောင်ရင်လဲ နောက်ဆို ငါးပိတို့ ပုန်းရည်ကြီးတို့ဆို အထုပ်ဖောက်ပြီး အချိန်ကာလ ကြာမြှင့်လာပြီဆိုရင် လုံးဝ (လုံးဝ) မစားသုံးပါနဲ့တော့။ ဟုတ်ပြီလား"
"ဒါပေမဲ့.. အဘိုးကသာ နှာခေါင်းကောင်းလို့ ပုပ်သိုးတာ မသိုးတာကို သိနိုင်တာလေ။ ကျနော်က ဘယ်လိုလုပ် သိနိုင်မှာလဲ"
"ဒါကတော့ လွယ်ပါတယ်။ ခုနက ပြောခဲ့သလိုပေါ့။ ကြိုက်တယ် မကြိုက်ဖူးဆိုတဲ့ ခံစားချက်မျိုး မထားဘဲ အဲဒီ ကြိုက်တယ် မကြိုက်ဖူးဆိုတဲ့ အရာနှစ်ခုကြားထဲက ပင်ကိုခံစားချက်ကလေးနဲ့ဘဲ နမ်းရှိုက်ကြည့်ပေါ့။ ရှင်းရှင်းပြောရရင်တော့ ချစ်စိတ် မုန်းစိတ် နှစ်ခုကြားထဲက မူမှန်စိတ်ကလေးနဲ့ဘဲ နမ်းရှိုက် သုံးသပ်ကြည့်ပေါ့။ ဒါဆို မင်း အဖြေရလာလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် အဘိုးရယ်။ ဒါဆို အခု ကျနော် ဒီ ပုပ်သိုးနေတဲ့ ပုန်းရည်ကြီးကို မစားတော့ဘူး။ သူ့ထိုက်နဲ့ သူ့ကံဘဲ ရှိပါစေတော့။ ကျနော် အမှိုက်ပုံးထဲ ၀ှဲပစ်လိုက်တော့မယ်"
"အေး အေး ... မင်း အမြင်မှန်ရသွားပြီ။ ကောင်းတယ် ကောင်းတယ်။ သာဓု သာဓု သာဓု"
ကျွန်ုပ်သည် အဘိုးအို၏ စကားကို နားထောင်ပြီး ထို ပုပ်သိုးနေသော ပုန်းရည်ကြီးကို ချစ်သော်လည်း အောင့်ကာ နမ်းမနေတော့ဘဲ သဗ္ဗေသတ္တာ ကမ္မဿကာ ဟု နှလုံးသွင်းပြီး အမှိုက်ပုံးထဲသို့ စတီးဇွန်းဖြင့် ခြစ်ချကာ ကိစ္စတုံးပစ်လိုက်လေတော့၏။ (လက်ဆောင်ပို့ပေးခဲ့သူကိုတော့ အလွန်အားနာမိပါ၏) ။ သို့သော်လည်း ကျွန်ုပ်သည် အမှိုက်ပုံးထဲ ၀ှဲပစ်ပြီးသော ပုန်းရည်ကြီးသုပ်ကို သံယောဇဉ်မကုန်သေးဖြင့် ငုံ၍ ကြည့်နေမိပြန်၏။ ထိုသည်ကို အဘိုးအိုက မြင်ဖြစ်အောင် မြင်သွားပြီး "မောင်ရင်.. ဒီပုန်းရည်ကြီး အပုပ်အသိုးကို သံယောဇဉ် ဖြစ်မနေပါနဲ့တော့။ မင်း စားချင်တဲ့ဆန္ဒတွေ ပြင်းပြနေတယ်ဆိုရင်လဲ ငါ ပုန်းရည်ကြီးလတ်လတ်ဆတ်ဆတ်လေးတွေ မြန်မာနိုင်ငံကို မှာပေးပါ့မယ်" ဟု နှစ်သိမ့်ပေးခြင်းကို ပြုလေတော့၏။ ထို့နောက်တွင်တော့ ကျွန်ုပ်သည်လည်း ပုပ်သိုးပြီး ဖြစ်သည့် ထိုပုန်းရည်ကြီးသုပ်ကို မေ့ပစ်လိုက်ကာ လတ်လတ်ဆတ်ဆတ် ရှိသည့် ဟင်းသီးဟင်းရွက်ဟင်းတစ်ခွက်၊ အသားဟင်းတစ်ခွက်၊ ပဲပြုတ်သုပ်တစ်ခွက်၊ ရေနွေးကြမ်းတစ်ခွက်တို့ဖြင့် နေ့လည်စာကို မြိန်ယှက်စွာ စားသုံးနေလေတော့သတည်း။ ။
P/S..  (အဘိုးအို၏ အဆိုအမိန့်အရ) ပုန်းရည်ကြီး ချစ်သူများ၊ ပုန်းရည်ကြီးကို နှစ်နှစ်ခြိုက်ခြိုက် သုံးဆောင်တတ်သူများ သတိပြုရန်မှာ အထုပ်ဖြေပြီးသော ပုန်းရည်ကြီးများကို သေချာဂရုစိုက်ပေးရန် ဖြစ်၏။  တစ်လနှစ်လခန့် ထိုပုန်းရည်ကြီးအား မေ့မေ့လျော့လျော့ ပစ်ထားပြီး သတိရသောအခါမှသာ ကောက်ယူသုံးစွဲလေ့ ရှိပါက ပုန်းရည်ကြီး အပုပ်အသိုးကိုသာ စားရမည်ဖြစ်ပါ၏။ ထို့အတူ ထို ပုပ်သိုးနေသည့် ပုန်းရည်ကြီး၏ ဒဏ်ခတ်ခြင်းကိုလည်း ခံရတတ်ပေ၏။ ကျွန်ုပ်၏ ပုန်းရည်ကြီးသုပ်ကိုပင် ကြည့်လော့။ နှစ်လသုံးလလောက် သူနဲ့ ကင်းကွာပြီး ပစ်ထားမိသည်နဲ့ ရုပ်ဆိုးပုပ်သိုးခြင်းသို့ ရောက်သော ဟူ၏။ ဗျုတ်စဗျင်းတောင်း ဤတွင် ပြီးပြီ။ ဒါဘဲ။ ။
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)
.