Monday, 29 October 2012

သီတင်းကျွတ်လက်ဆောင်

"မိဖြူရယ်"
***
ဈေးနားက အပြန်
ဒို့မောင်နှံ အတူတူကြိုက်ဖို့
မောင် ကိုက်ချီပေး။

လမ်းအငူဆီက
မိဖြူကို မောင်မြင်တော့
သူ့လင်ငယ် အောင်ဘုရယ်နဲ့
ရင်ထုနာသေး။




.
ကဗျာသံယောင်လိုက်။
ဆရာမင်းသုဝဏ်ရဲ့ နှင်းဆီပွင့်ကဗျား)))


.

Wednesday, 24 October 2012

ရယ်တတ်ဖို့ပါ


 အဖော်မပါ
ပျော်စရာက ရှား။

တော်ရာမှာ
ဖော်မရှာ ဒီလိုကြည့်တယ်
ညဥ့်ထိအောင် ဟား။


 ၂၀၁၂ အပိုင်း (၁)



 ၂၀၁၂ အပိုင်း (၂)


  ၂၀၁၂ အပိုင်း (၃)


  ၂၀၁၂ အပိုင်း (၄)



  ၂၀၁၂ အပိုင်း (၅)



  ၂၀၁၂ အပိုင်း (၆)





.

Monday, 15 October 2012

"ကျောင်းအပ်ပွဲ" တဲ့

မုဒိတာကျောင်းအပ်ပွဲတဲ့။ သွားလိုက်ကြဦးနော်။ ပျော်ပျော်ပါးပါးပေါ့။ ဒီကျောင်းအပ်ပွဲကို မြန်မာမုဒိတာ လူငယ်များအဖွဲ့ ဘလော့ကနေ ကူးယူလာတာ။ ပြည်ပက အလှူရှင်တွေအနေနဲ့ ကျောင်းအပ်ပွဲနေ့မှာ သာဓု တစ်လုံးတစ်ဝကြီး ခေါ်နိုင်ပါတယ်။ ပြည်တွင်းက အလှူရှင် စေတနာရှင်တွေအနေနဲ့ကတော့ ကိုယ်တိုင် သွားရောက်ပြီး ကျောင်းရေစက်ချပွဲ ဆင်နွှဲနိုင်ကြပါတယ်။ မုဒိတာရဲ့ အသီးအပွင့်လေးတွေပေါ့။ ၀မ်းသာကြည်နူးဖို့ကောင်းပါတယ်။ စကားမစပ်။ ဘလော့ပေါ် ပျောက်နေပေမဲ့ စာတွေ မဖတ်ဖူးလို့တော့ မထင်စေချင်ဘူး။ ဖတ်နေကျ ဘလော့တွေရဲ့ ပို့စ်အသစ် အတော်များများကို ကသုတ်ကယက် ခပ်သွက်သွက်တော့ ဖတ်ဖြစ်ပါသေးတယ်။ ကိုယ် မအားတာထက် စိတ်မအားတာက ပို မအားသလို ဖြစ်နေပါ၍။ ။
... 
 
ကျောင်းအပ်ပွဲ

အားလုံးမင်္ဂလာပါ..
မတွေ့တာကြာတော့ မုဒိတာရဲ့ လှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်သွားတာတောင် နည်းနည်းကြာသွားပြီ။ကျွန်တော်တို့ရဲ့ နိုင်ငံတကာမှ အလှုရှင်များ၏ စုပေါင်းလှုဒါန်းမှုဖြင့် (29.8.2012)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သော သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်း ကျောင်းဆောင် ဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်တာကြောင့် အခုလာမဲ့ တနင်္ဂနွေနေ့မှာ ကျောင်းဆောင်အား ရေစက်ချပြီး ဆရာတော်အား အပ်နှံတော့မှာ ဖြစ်ပါတယ်။အစီအစဉ်ကို အောက်မှာ ဆက်လက် ဖတ်ရှုပါခင်ဗျား..





အခုလာမဲ့ တနင်္ဂနွေနေ့မနက် ( ၉း၃၀ ) အချိန်တွင် ရန်ကုန်မြို့မှ ထွက်ခွာမှာ ဖြစ်ပြီး ကျောင်းရှိ သဃာင်္တော်များ၏ နေ့ဆွမ်းအချိန်အမှီ သွားရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားရောက်ရှိနေတဲ့ အလှုရှင်များကိုယ်စား မြန်မာနိုင်ငံမှ မိသားစုဝင်တွေလိုက်ပါပြီး ကိုယ်တိုင်ရေစက်ချနိုင်အောင်လည်း စီစဉ်ပေး ထားပါတယ်။လိုက်ပါမည့် ပရိတ်သတ်အရေအတွက်ကိုကြည့်ပြီး သင့်တော်မည့် ခရီးသည်ယာဉ်ကို စီစဉ်မှာဖြစ်တဲ့အတွက် မိမိတို့ကိုယ်တိုင် ရေစက်ချ လှုဒါန်းလိုတဲ့ မည်သူမဆို  အောက်ပါ ဖုံးနံပါတ်များသို့ဆက်သွယ်ပြီး (၁၉.၁၀.၂၀၁၂-သောကြာ) ရက်နေ့နောက်ဆုံးထားပြီး စာရင်းပေးကြပါရန် -လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်..။

၁။ကိုကျော်စွာစိုးမြတ် - 094 210 598 27  ၊ ( andrew189kc@gmail.com)
၂။ဒေါ်အိအိစိုး- 095 152 463 ၊ (
ei.soe64@gmail.com )
၃။အဘီး - 094 200 874 35 ၊ ( phoeheadphyu@gmail.com )


မြို့နယ်သံဃာ့နာယကဆရာတော်နှင့် ကျောင်းရှိသံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်မှာဖြစ်ပြီး လိုက်ပါမည့် မုဒိတာအဖွဲ့သားများ၊ အလှုရှင်များ နှင့် ကျောင်းရှိ
စာသင်သားကလေငယ်များအား နေ့လည်စာဖြင့် ဧည့်ခံမှာ ဖြစ်ပါတယ်ခင်ဗျား..။
 (၁)
(၂)

  (၃)
(၄)
 (၅)

 ပန်းကလေးများ ပွင့်တော့မည်..
လေးစားစွာဖြင့်
မြန်မာမုဒိတာလူငယ်များအဖွဲ့ ( M.M.Y.G) ကိုယ်စား
ကိုရင်
07:56 (GMT) 

.

Tuesday, 2 October 2012

အလုပ်တစ်ခြား တစ်ခြားအလုပ်



နာရီများစွာ စာတွေကြည့်တော့
ပျင်းဇာတိက ပြလာတယ်။
မျက်စိညောင်းကာ ခေါင်းတွေကိုက်လို့
ရွှေဗိုက်ကလဲ နာလှတယ်။
ဇက်ကြောတက်ကာ ဂုတ်တွေလေးတော့
ကုတ်ကုတ်လေးဘဲ ကွေးချင်တယ်။
 ထုံကျင်ကိုက်ခဲ၊ အဖြစ်သဲ၊ စိတ်ဇွဲ အဲလိုကြွယ်။
အဲဒါကြောင့် ဒုက္ခသုက္ခ တုပ်ကွရောဂါတွယ်။


 ခါးကြောတင်းကာ ဒူးတွေကိုက်တော့
မူးဝေမိုက်လို့ အံချင်တယ်။
ဆီးဝမ်းချုပ်ကာ အထိုင်များလို့
ခြေလက်ဖျားတွေ အေးလာတယ်။
ဦးဏှောက်ရွှင်အောင် ကော်ဖီသောက်တော့
တွင်တွင်ပေါက်လို့ စိတ်ညစ်တယ်။
ကျမ်းစာတွေရေး၊ မပြီးသေး၊ ပူဆွေးဗျာပါကြွယ်။
အဲဒါကြောင့် ဖယ်ကြတွယ်ကြ ကယ်မပါဦးကွယ်။


စာကြည့်တိုက်ကို နေ့စဉ်သွားတော့
မီးရထားခ ဈေးကြီးတယ်။
အိမ်မှာနေကာ စာတွေကျက်ဖို့
အင်တာနက်ကို အားကိုးတယ်။
ကွန်ပျူတာကို ဖွင့်ကာလှစ်တော့
ပို့စ်အသစ်တွေ တွေ့ရတယ်။
ကျမ်းစာကိုထား၊ ဘလော့သွား၊ ဖတ်အား အဲလိုကြွယ်။
အဲဒါကြောင့် မလျော့မပေါ့ ဘလော့ ချစ်ကြိုးတွယ်။
....


 
အပို လက်ဆောင်။

မနေ့(၁.၉.၂၀၁၂)က အသိတစ်ယောက် မွေးနေ့မှာ ကြက်ဖုတ် (ကြက်မီးကင်) ကျွေးချင်တယ်ဆိုလို့ နန်ဒို(စ်) ဆိုတဲ့ ကြက်ဖုတ်ဆိုင်ကို ချီတက်ခဲ့ကြတယ်။ တစ်ခြားကိစ္စတွေမှာ မအားဘူးလို့ ငြင်းပယ်လို့ အဆင်ပြေပေမဲ့ ဒါမျိုးကိစ္စကျတော့ ငြင်းပယ်လို့ မကောင်းဘူးလေ။ အားနာစရာကြီး။း)


အာဖရိကကလား ပေါ်တူဂီကလား မပြောတတ်။ မြေအိုးအလုံးကြီးတွေ။ အလှ တင်ထားကြတာ။

ဒါကလဲ သစ်သားစတွေကို ကော်နဲ့ ကပ်ပြီး ၀ိုင်းဝိုင်းကြီး ဖြစ်နေဟန်တူရဲ့။ ဘာကို ကိုယ်စားပြုမှန်းတော့ မပြောတတ်။ စားပွဲရှေ့တည့်တည့်မို့ ရိုက်ခဲ့တယ်။
 

ဆော့စ်မျိုးစုံ ချဉ် ငန် စပ်

 

ကြက်ဖုတ်ခေါ် ကြက်မီးကင်။ အတော်လေး ခါးသက်သက် နိုင်တယ်။ ဒါပေမဲ့ စားလို့တော့ ကောင်းသား။
 

 


ဓါတ်ပုံလေး ကောင်းကောင်း ရိုက်ပရစေဦး ပြောပေမဲ့ မရဘူး။ အတင်း အဓမ္မဖြစ်နေကြတယ်။ လက်တွေ ရှုပ်ယှက်ခတ်လို့။


စားပြီး သောက်ပြီးတော့ စားပွဲပေါ်မှာ အရိုးတွေကို ပုံလို့။ ကြည့်မကောင်းလို့ ဓါတ်ပုံ မရိုက်ခဲ့တော့ဘူး။
ပြောရဦးမယ်။ အဲဒီ ကြက်ကင်ဆိုင်ကို အိမ်ရှင် အဘိုးအိုကြီးကိုလဲ ဖိတ်ကြားခဲ့တယ်။ စားပြီးလို့ ပြန်မယ်လုပ်တော့ အဘိုးအိုက လက်ကျန်လေးကို ပါဆယ် ထုတ်ချင်တယ်ဆိုပြီး ဆိုင်မှာ ပါဆယ်အိတ် တောင်းတယ်။ ပြီးတော့ စားပွဲပေါ်ရှိသမျှ ကြက်ရိုးတွေ တစ်ခုမကျန် ပါဆယ်အိတ်ထဲ တည့်ယူလာခဲ့တယ်။ ဘေးစားပွဲကလူတွေကတော့ ငဲ့စောင်းငဲ့စောင်းနဲ့ ကြည့်ကျန်ရစ်ခဲ့ကြလေရဲ့။ အဘိုးအိုကို ဘာလုပ်ဖို့ အရိုးတွေ ပါဆယ်ယူရတာလဲ မေးကြည့်တော့ မြေခွေးစာကျွေးဖို့တဲ့။ အံ့ရော။ ဒါပေမဲ့ ဒါလဲ ယူတတ်ရင်ကုသိုလ်ဘဲပေါ့။ မဟုတ်လား။ ။

.

Saturday, 1 September 2012

ကျနော်နှင့် "သရဲခြောက်ရင် အဖော်ရတာပေါ့"


"သရဲခြောက်ရင် အဖော်ရတာပေါ့"

ဒါက ကျနော်ပြောနေကျ လက်သုံးစကားပါ။ ကျနော်နေတဲ့ အိမ်မှာ စုစုပေါင်းမှ အိမ်သားက သုံးယောက်ထဲရယ်။ အသက် ရှစ်ဆယ်ကျော် အိမ်ရှင်အဘိုးကြီးက တစ်ယောက်။ လွန်ခဲ့တဲ့ လေးငါးလကမှ ရောက်လာတဲ့ အိမ်ငှား မောင်ခွေးကတစ်ယောက်။ ပြီးတော့ ကျနော်ပေါ့။ အိမ်ရှင်အဘိုးကြီးက အသက်ကြီးသလောက် ချစ်သူခင်သူ ပေါမှပေါ။ ဟိုအိမ်က ထမင်းစားဖိတ်ထားလို့၊ ဟိုမြို့က အကူအညီတောင်းလို့၊ ဈေးဝယ်ထွက်မလို့.... ဆိုပြီး အိမ်ကနေ ထွက်သွားရင် တစ်ပတ်လောက် ကြာမှ ပြန်ရောက်လာတတ်တာ။ ပြီးတော့ မောင်ခွေး။ သူက ဇီးကွက်လိုမျိုး။ ည တစ်ချက်တီးကျော်လောက်မှ အလုပ်ကနေ အိမ်ပြန်ရောက်တတ်တာ။ ဒီတော့ အိမ်မှာ များသောအားဖြင့် နေ့နေ့ညည ကျနော်တစ်ယောက်ထဲရယ်။ ကျနော်ကတော့ စာလေးဖတ်လိုက် အင်တာနက်ထဲ လျောက်လည်လိုက်နဲ့ ပြုံးတစ်ခါ မဲ့တစ်မျိုး ရက်တွေကို အကျိုးရှိရှိ အသုံးချပြီး အိမ်မှာ တစ်ကိုယ်တည်း ယောင်လည်လည်နဲ့။ ဒီတော့ အသိမိတ်ဆွေတွေက မေးကြတယ်။ တစ်ယောက်ထဲ နေရတာများတယ်ဆိုတော့ ညဘက် သရဲ ခြောက်မှာ မကြောက်ဖူးလားတဲ့။ ကျနော်လဲ ပြောနေကျအတိုင်း သရဲခြောက်ရင် အဖော်ရတာပေါ့ ဆိုတဲ့ အပေါ်မှာ ရေးခဲ့တဲ့အတိုင်း ပြောနေကျ။ တစ်ခါတစ်ခါတော့လဲ လူဆိုတာ တစ်ယောက်ထဲ နေရတာ ပျင်းစရာကောင်းတယ် မဟုတ်လား။

သူတို့ သရဲမကြောက်ဖူးလား မေးမယ်ဆိုလဲ မေးချင်စရာ။ အိမ်က ခပ်ကြီးကြီး။ နေရတာက တစ်ယောက်ထဲ။ ပြီးတော့ ညကြီးမင်းကြီး။ ဘိလပ်ထုံးစံအတိုင်း အင်နာဂျီဆေ့ဗ် လုပ်ထားတော့ ကျနော့်အခန်းထဲက မီးလုံးလေးကလွဲရင် တစ်အိမ်လုံး မှောင်အတိ။ ဘိလပ်လို့ ထင်ရက်စရာတောင် မရှိဘူး။ မှန်မှန်ပြောရရင် ကျနော်တို့ တုံးဖလားရွာဦးကျောင်းကတောင် အခု ကျနော်နေတဲ့ ဘိလပ်က အိမ်ထက် ပိုပြီး လင်းလင်းထိန်ထိန်ရှိသေးတယ်။ ဒါများ ဘိလပ်တဲ့။

တစ်ည။ လက ခပ်မိုက်မိုက်။ တိမ်တိုက်တွေက ခပ်ထူထူ။ ညဥ့်နက်သန်းခေါင်မှာ တိတ်ဆိတ်မှုအပေါင်းက မင်းမူနေကြတယ်။ နောက် တဖွဲဖွဲရွာနေတဲ့မိုးက ၀ုန်းဒိုင်းကြဲပြီး ဗြုန်းကနဲ သဲသဲမဲမဲ ရွာချပါလေရော။ အိမ်ပြတင်းပေါက် မှန်လည်တံခါးက တကျွိကျွိ။ တိုင်ကပ်နာရီကြီးကလဲ ချောက်ချက်ချောက်ချက်နဲ့။ အိမ်အပြင်ဘက်က အသံရှည်ရှည်ဆွဲအူနေတဲ့ တောခွေး အူသံကလဲ ကြက်သီးထဖို့ ကောင်းမှကောင်း။  လျှပ်စီး ဖျက်ကနဲ လင်းလာခိုက် ပြတင်းပေါက်မှ တဆင့် မြင်နေရတဲ့ မြင်ကွင်းကလဲ သဲထိတ်ချင်စရာ။ အဖော်မပါ တစ်ယောက်ထဲ ရှိနေတဲ့ ကျနော်။ မျက်စိလေး ကလယ်ကလယ်နဲ့။ ထိုအခိုက်.........

သရဲခြောက်ခံရကာနီးမှာ သရုပ်ပေါ်အောင် ဖော်ပြလေ့ရှိတဲ့ သရဲဇာတ်လမ်းဆန်ဆန် အထက်က စာပိုဒ်မျိုးတော့ ဒီနေရာမှာ မရေးတော့ပါဘူး။း)) ကျနော်က အုံးကျူးန်း သက်သက်ကိုသာ ချရေးမှာပါ။ ဒီလိုနဲ့ တစ်ခုသော နွေတစ်ညမှာ မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာတယ်။ တစ်ညမှာ ဘိလပ်ရဲ့ ရှားရှားပါးပါး နွေရာသီ ပူပူနွေးနွေးလေးကို အခွင့်အရေးယူပြီး ကျနော် အိပ်ယာဝင်ခဲ့တယ်။ လအတော်များများ အေးချက်နာလှတဲ့ ဘိလပ်မှာ များသောအားဖြင့် အအေးသက်သာဖို့ တစ်ကိုယ်ကောင်လုံး အ၀တ်အစားတွေနဲ့ ထုပ်ပိုးထားခဲ့ရတာ မဟုတ်လား။ အခုတော့ ထုပ်ပိုးထားတာလေးတွေ ဖြေပါရစေဦးပေါ့။ နွေရာသီကိုး။ ဒီလိုနဲ့ အပေါ်ပိုင်းဗလာကျင်းပြီး အိပ်ယာကုတင်ပေါ်တက်ကာ နံရံဘက် မျက်နှာမူပြီး ကျနော် တုံးလုံးလှဲအိပ်လိုက်တယ်။ အခန်းထဲလဲ မှောင်အတိပေါ့။ အဲဒီလို ပုံစံနဲ့ဘဲ အိပ်ပျော်သွားတယ် ဆိုကြပါစို့။ ညဥ့်နက်သန်းခေါင်လောက်ရောက်တော့ ကျနော် လန့်နိုးလာခဲ့တယ်။ လန့်မနိုးဘဲ နေပါ့မလား။ ဒီလောက် အရမ်းအေးစက်တဲ့ လက်ဖ၀ါးအေးအေးကြီးနဲ့ ကျနော့်ကျောပြင်တစ်ခုလုံးကို မိမိရရ လာတို့ထိတာကိုး။  လန့်လိုက်တာ မပြောပါနဲ့တော့။ တစ်ကိုယ်ကောင်လုံးလဲ တရုတ်သိုင်းကားထဲကလို အတွင်းအား ပြင်းထန်လှတဲ့ ရေခဲလက်ဝါးပြင်နဲ့ အရိုက်ခံလိုက်ရသလား အောက်မေ့ရတယ်။ အေးအေးစက်စက်တောင့်တောင့်တင်းတင်းကြီးကို ဖြစ်လို့။

အိပ်ရေးမ၀ခင် လန့်နိုးလာရတာကတစ်ကြောင်း၊ ကျောပြင်ကို အခုလို စော်ကားမော်ကား လာတို့ထိခံရတာကတစ်ကြောင်းကြောင့် ဒေါသတွေ အလိပ်လိပ် ထွက်ပြီး တွေ့ကြသေးတာပေါ့လို့ ကြိမ်းဝါကာ ခေါင်းရင်းက စာကြည့်မီးကို ထောက်ကနဲ ဖွင့်လိုက်တယ်။ အခန်းထဲမှာ ဘာဆို ဘာမှ မတွေ့ရ။ ဒါပေမဲ့ အသံကိုတော့ မသဲမကွဲ ကြားလိုက်ရတယ်။ ဟီး ဟီး ဟီး တဲ့။ အမြင်ကပ်လိုက်တာ။ ပြီးတော့ အငွေ့လိုလို အရိပ်လိုလို သဏ္ဍာန်တစ်ခုက အခန်းပြင်ဘက် တရွေ့ရွေ့ ရွှေ့လျားသွားနေသလို မြင်မိလိုက်တယ်။ အဲဒီအခိုက် တိုက်တိုက်ဆိုင်ဆိုင် အခန်းထဲ လေသန့်စေဖို့ ၃၆ မိနစ်တစ်ခါ အော်တိုပေးထားတဲ့ စံပယ်နံ့ စပရေးဗူးကလဲ ရှူးကနဲ မှုတ်ထုတ်လာတယ်။ စိတ်လှုပ်ရှားနေပါတယ်ဆိုမှ အရေးထဲ သူကတစ်မျိုး။ အိပ်ရေးမ၀တဲ့အတွက် မူးဝေေ၀ ဖြစ်နေတဲ့ စိတ်ကလေးတောင် ဘယ်ရောက်သွားတယ်မသိ။ ကြက်သီးတွေထပြီး ခန္ဓာကိုယ်လဲ လေထဲ ရောက်သွားသလား ခံစားရတယ်။ နာရီကို မော့ကြည့်လိုက်တော့ ည တစ်နာရီ သုံးဆယ့်ငါးမိနစ်။

ကြောက်သေးပန်းတယ်ပြောရမလား၊ ဒါမှမဟုတ် အိပ်ယာမ၀င်ခင် သောက်ထားတဲ့ ရေနွေးကြမ်းအရှိန်ကြောင့်လားတော့ မသိဘူး။ အပေါ့စွန့်ချင်စိတ်ပေါက်လာတယ်။ ဒါနဲ့ အခန်းတံခါး ဖွင့်ပြီး ရေအိမ်သွားလိုက်တယ်။ ကျနော်က ဆီးသွားတဲ့အခါတိုင်း ဘိုထိုင်အိမ်သာဘောင်ပေါ် ဆီးစက် ပေမှာစိုးလို့ ဘောင်လေးကို အပေါ် မ တင်ပြီး ဆီးသွားနေကျ။ အဲလိုနဲ့ ဆီးသွားပြီး ရေဆွဲချကာ ရေအိမ်ထဲက ထွက်လာတော့ နားကွဲလုမတတ် ဒိုင်း ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ရေအိမ်ထဲက ထွက်လာတဲ့ အသံပေါ့။ ကျနော်လဲ ကြောက်လန့်တကြား ထခုန်ပစ်လိုက်တာ ခေါင်းနဲ့ မိုးဘားနဲ့ သွားထိတော့မလား အောက်မေ့ရတယ်။ နောက်မှ အခြေအနေမှန် သိရအောင် ရေအိမ်ထဲ ပြန်ဝင်ကြည့်လိုက်တော့ ခုနက မ တင်ထားတဲ့ အိမ်သာဘောင်ကလေး အောက်ကို ပြန်ကျနေတာ တွေ့လိုက်ရတယ်။ ဒါဆို အိမ်သာဘောင်နဲ့ အိမ်သာကြွေခွက် ရိုက်ခတ်သံပေါ့။ ဒါပေမဲ့ ဒါ သွေးရိုးသားရိုးမှ ဟုတ်ပါရဲ့လား။ အဲဒီညက ကျနော် ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ဘူး။ အဲဒါက ပထမအတွေ့အကြုံ။ နောက်ရှိသေးတယ်။

ကျနော်က ညစဉ် အိမ်ရှင်အဘိုးကြီးရဲ့ ဘုရားခန်းထဲ သွားပြီး ဘုရားရှိခိုးနေကျ။ ဘုရားရုပ်ပွါးတော် ရှေ့မှာ ဘုရားဝတ်ပြုတဲ့အခါ ထိုင်ဖို့ အခင်းလေး ခင်းထားတယ်။ အဲဒီအခင်းလေးပေါ်ထိုင်ပြီး ဘုရားရှိခိုး မေတ္တာပို့ အမျှဝေ ကျနော် နေ့စဉ် လုပ်ဖြစ်တယ်။ လူတွေအတွက် ပိုက်ဆံမကုန်ဘဲ ရတဲ့ ကုသိုလ်ဆိုလို့ ဒါဘဲ ရှိတာမဟုတ်လား။ အိမ်ရှင်အဘိုးကြီးကတော့ များသောအားဖြင့် (အိမ်မှာ ရှိနေရင်) မနက်စောစော ၂ နာရီ ၃ နာရီလောက် ထပြီး တရားထိုင်နေကျ။ သူတစ်လှည့် ကျနော်တစ်လှည့် အဲဒီ အခင်းလေးပေါ် ထိုင်ပြီး ဘုရားဝတ်ပြုနေကျ။ ဒီလိုနဲ့ တစ်ညမှာ ကျနော် ဘုရားရှိခိုးဖို့အသွား အဲဒီအခင်းပေါ် လူတစ်ယောက် ထိုင်နေတာကို မသဲတကွဲ တွေ့ရတယ်။ အိမ်ရှင်အဘိုးကြီး မဟုတ်တာတော့ သေချာတယ်။ အိမ်ရှင်အဘိုးကြီးက ထုံးစံအတိုင်း အပြင်မှာ သွားအိပ်မယ်လို့ ပြောပြီး ညနေပိုင်းကမှ ထွက်သွားတာလေ။ ဘုရားခန်းထဲ မ၀င်ခင်မို့ လျှပ်စစ်မီးကလဲ ဖွင့်မထားဘူး။ မှုန်ပြပြ အပြင်ဘက်က လရောင်အားလေးနဲ့သာ အဲဒီ ငုတ်တုတ်ထိုင်နေတဲ့ သူကို မြင်ရတာ။

ဒါနဲ့ အမြင်ရှင်းသွားအောင် ဘုရားခန်းမီးကို ဖွင့်လိုက်တော့ ဘာဆို ဘာမှ မရှိတော့ဘူး။ ရှင်းလို့ လင်းလို့။ ကျနော့် မျက်စိ အမြင်မှားခဲ့တာတော့ မဟုတ်တန်ရာ။ ကဲ ကဲ ဘယ်သူမှ အခင်းပေါ် ထိုင်မနေဘူးဆိုရင်တော့ ငါ ထိုင်ပြီး ဘုရားရှိခိုးလိုက်ဦးမယ်ဆိုပြီး အခင်းလေးပေါ် တက်ပြီး ဒူးတုပ်ထိုင်လိုက်တော့ ကျနော့်ခန္ဓာကိုယ်တစ်ခုလုံး ခြေဆုံးခေါင်းဆုံး အလွန်းနူးညံ့တဲ့ ရေမြှုပ်လိုလို ဂွမ်းဆိုင်လိုလို အရာဝတ္ထုတစ်ခုထဲ ထိုင်မိလိုက်သလိုလို ရှိန်းကနဲ ပိန်းကနဲ ဖြစ်လို့။ ဘုရား ဘုရား။ မဟုတ်မှ လွှဲရော။ သရဲကိုယ်ပေါ်များ တက်ထိုင်မိလေသလား မသိ။ သူတို့ခန္ဓာကိုယ်က ငွေ့ရည်သဘောမျိုး မဟုတ်လား။ ဒါက ဒုတိယ အတွေ့အကြုံပေါ့။

နောက်တစ်ခုလဲ အဲဒီ ဘုရားခန်း အနီးမှာဘဲ။ ထုံစံအတိုင်း ညဘက် ရေမိုးချိုးပြီးတိုင်း ကျနော် ဘုရားသွား ရှိခိုးနေကျလေ။ ညတစ်ညမှာတော့ မှောင်မှောင် မဲမဲ ဘုရားခန်းထဲ ကျနော် ၀င်ခါနီးမှာ ကျနော့်အပေါ် ခပ်ခွေခွေလို အရာဝတ္ထုနှစ်ခု ရှေ့ဆက်နောက်ဆက် ပြုတ်ကျလာတယ်။ မီးမဖွင့်ရသေးတော့ ဘာမှ မမြင်ရဘူး။ ကျနော်ကတော့ သွားပြီ၊ ဒီတစ်ခါမှ တကယ့်ဒုက္ခ၊ ဒါ မြွေတွေ ဖြစ်ရမယ်ဆိုပြီး ရှေ့မတိုးရဲ နောက်မဆုတ်ရဲဘဲနဲ့ မတ်တပ်ရပ်အနေအထားနဲ့ အတော်လေး ကြာကြာ နေဖြစ်လိုက်တယ်။ ကျနော့် ကိုယ်အပေါ်ပိုင်းပေါ် ပြုတ်ကျပြီး ခြေထောက်နားကို ဖုတ်ကနဲ ကျသွားတာဆိုတော့ စဉ်းစားသာ ကြည့်ပေတော့။ ပြီးတော့ အတွေ့အထိက တကယ့်အေးစက်စက်ကြီး။ အမေ တ မရ၊ အဒေါ် တ မရ အဖြစ်မျိုး။ ငါးမိနစ်လောက်ထိ ဘာမှထူးခြားမလာတဲ့အတွက် အရဲစွန့်ကာ မီးခလုပ်ရှိရာ နံရံဆီ စမ်းတ၀ါးဝါး သွားပြီး မီးခလုပ်ဖွင့်ကြည့်လိုက်တော့ အစားအစာတွေကို ဖုံးအုပ်ဖို့ ၀ယ်ထားတဲ့ အုတ်ဆောင်းနှစ်ခုက ကြမ်းပြင်ပေါ်မှာ။ အော်... ရေခဲသေတ္တာပေါ် တင်ထားတဲ့ အုတ်ဆောင်းနှစ်ခုကိုး။ ရေခဲသေတ္တာက ဘုရားခန်းအ၀င်ဝမှာ ဆိုတော့ ကျနော့် ခြေထောက်နင်းတဲ့ အရှိန်ကြောင့် ပြုတ်ကျလာတာ ဖြစ်မှာပါလေ ဆိုပြီး ကြောက်စိတ်ကို ဖြေဖျောက်ပြီး ဘုရားခန်းဝင်ကာ ဘုရားဝတ်ပြုလိုက်တယ်။ ဒါ တိုက်ဆိုင်မှု တစ်ခုပေဘဲလား။ ဒါက တတိယ အတွေ့အကြုံ။

စတုတ္ထအတွေ့အကြုံကတော့ ကျနော့်အခန်းထဲက တယ်လီဗီးရှင်းကြီး မသိမသာ ဘယ်ညာ ယိမ်းထိုးနေတာပါဘဲ။ ဘယ်လိုက ဘယ်လို ဖြစ်မှန်းမသိဘူး။ ဘယ်ယိမ်းညာယိမ်းနဲ့။ ဘီဘီစီ သတင်းကို ကျနော်ကြည့်နေရင်း တယ်လီဗီးရှင်းကြီးက အဲဒီလို ဖြစ်နေတာ။ ဒီ သရဲက မီးပိတ်ပြီး ကျနော် အိပ်တဲ့အချိန်ထိ စောင့်မနေနိုင်တော့ဘူးထင်ပါ့။ ဘယ့်နှယ်။ တစ်ခန်းလုံးလဲ မီးတွေ ဒီလောက် လင်းနေတာ။ ပြီးတော့ တယ်လီဗီးရှင်းလဲ အသံကျယ်ကျယ်နဲ့  ဖွင့်ထားတဲ့ ဥစ္စာ။ ငလျင်လှုပ်လို့ များလား။ ဒါမှမဟုတ် ကောင်းကင်ကနေ အိမ်ခေါင်မိုးတည့်တည့် ဖြတ်သန်းသွားလာနေတဲ့ လေယာဉ်ပျံ အရှိန်ကြောင့်များလား။ အဲဒီလို စဉ်းစားပြီး အခန်းထဲက စာအုပ်စင်၊ ဗီဒို၊ ကွန်ပျူတာ တင်ခုံ စတဲ့ အရာဝတ္ထုတွေကြည့်ပြန်တော့လဲ လှုပ်လှုပ်မှ မလှုပ်။ ဘယ်ညာ က နေတဲ့ တယ်လီဗီးရှင်းကြီးကို ကြည့်ပြီး ကျနော်တောင် ခေါင်းမူးချင်လာသလိုလို။ ဟုတ်နေပါပြီ။ ဒါ ငါ့ကို တစ်ယောက် ပျင်းနေမှာ စိုးလို့ အဖော်လုပ်ပြီး လာဖျော်ဖြေပေးနေတာများလား ဆိုပြီး အဖော်လာလုပ်ပေးတဲ့ သူ့ကိုတောင် ကျေးဇူးတင်ရမလိုလို။ ဒီတစ်ခါတော့ ကြောက်စိတ် လုံးဝ မဖြစ်မိတာ အမှန်။

နောက် ပဉ္စမ အတွေ့အကြုံ ပြောပြရဦးမယ်။ ဒီတစ်ခါတော့ နဲနဲ ကြမ်းတယ်။ နဲနဲ ကြမ်းဆို ဒီကောင်နဲ့ စကား တော်တော် များလိုက်ရတယ်။ မများလို့ မဖြစ်တဲ့ အခြေအနေမို့ပါ။ ဒီလိုမှ မဟိန်းဟောက်လိုက်ရင် ဒီကောင် ဒီထက် ပိုဆိုးလာဖို့ဘဲ ရှိတော့တယ်။ တစ်ည မီးတွေ အားလုံး ပိတ်ပြီး ကျနော် နံရံဘက် မျက်နှာ မူပြီး တစောင်းအနေအထားနဲ့ အိပ်လိုက်တယ်။ တရေးနိုးလာတော့ ခန္ဓာကိုယ် ညောင်းညာလာတာနဲ့ တစောင်းအနေအထားကနေ ပက်လက်လှန် အနေအထား ပြောင်းဦးမှဘဲ လို့ စဉ်းစားပြီး ပက်လက်လှန်အိပ်မယ်လဲ လုပ်ရော။ ခန္ဓာကိုယ်က ဘာမှ လှုပ်လို့ မရတော့ဘူး။ တစ်ကိုယ်လုံး ချုပ်ထားသလို ခံစားရတယ်။ ပြီးတော့ တစ်ကိုယ်လုံးလဲ လေးလံလိုက်သမှ လွန်ရော။ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ဘူး။ ခေါင်းရင်းက စာကြည့်မီးကို ဖွင့်မယ်လုပ်ပြန်တော့လဲ လက်က လှုပ်မရ။ မှောင်မှောင်မဲမဲထဲ ကုတင်ပေါ်မှာ ခပ်တောင့်တောင့်ကြီးကို ဖြစ်လို့။ 

ဒါနဲ့ မီးဖွင့်လို့ မရတာချင်းအတူတူ အာရုံယူပြီး  ဘယ်သူများ အခုလို ကျနော့်ကို ချုပ်ထားတာပါလိမ့်ဆိုပြီး ကြည့်လိုက်တော့ ကျနော့် မျက်နှာရှေ့တည့်တည့်မှာ မိန်းမမျက်နှာနဲ့ လူတစ်ယောက်။ ကျနော့်ဘက်ကို မျက်နှာလှည့်ပြီး လဲလျောင်းနေတဲ့ အနေအထားနဲ့။ သူ့လက်တွေ အားလုံးက ကျနော့်ကို ချုပ်ထားတယ်။ လက်က ရှည်ရှည်လျားလျားကြီး။ မျက်နှာက ပြုံးစိစိနဲ့။ ပြီးတော့ ဟီး ဟီး ဟီး တဲ့။ ရယ်ပြနေသေးတယ်။ အမြင်ကပ်လိုက်တာ လွန်ရောဘဲ။ ဒါနဲ့ ကျနော် အလွတ်ရနေတဲ့ မေတ္တသုတ်ကို အစအဆုံးရွတ်ပြီး ဒီလူ မြန်မြန် ထွက်သွားပါစေလို့ ဆုတောင်းလိုက်တော့လဲ အချီးနှီး။ အပြုံးမပျက်တဲ့အပြင် ဟီး ဟီး ဟီး ဟီး ဟီး ဆိုပြီးတောင် လုပ်ပြနေသေးတယ်။ မဖြစ်သေးပါဘူး ဆိုပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စတဲ့ သဝေမပါ ကိုးဂါထာကို ပါးစပ်က ရွတ်ပြီး ကျနော့် မျက်နှာ ရှေ့တည့်တည့် ရောက်နေတဲ့ သူ့မျက်နှာကို လေပြင်းပြင်းနဲ့ ဖူးကနဲ ဖူးကနဲ မှုတ် ပစ်လိုက်တယ်။ ဘုရားစာ အရှိန်ကြောင့်လား မသိဘူး။ ကျနော့် အာရုံထဲမှာလဲ ကျနော့်ပါးစပ်က ထွက်သွားတဲ့ လေဟာ အကြောင်းလိုက်ကြီး ဖြစ်နေပြီး လေဆာရောင်ခြည်တန်းကြီးလို အနေအထားမျိုးနဲ့ သူ့မျက်နှာ တည့်တည့်ကို တိုက်ရိုက်သွားထိတယ်။

အဲဒီတော့မှ... သူက အမလေး အမလေး.. ဘယ်လို လုပ်လိုက်တာလဲ။ အဲဒီလို မလုပ်နဲ့လေ။ အမလေး။ အမလေး။ ကြောက်ပါပြီ ကြောက်ပါပြီ ဆိုပြီး ငယ်သံပါအောင် စူးစူးရှရှ အော်ဟစ်ပါရောလား။ ကျနော်တောင် သူ့ကို ကြည့်ပြီး အတော်လေး သနားသွားမိတယ်။ ဒါနဲ့ ဂါထာရွတ် လေမှုတ်တာကို ခဏနားပြီး မင်းက ဘယ်သူလဲ ဒီမှာ ဘာလာလုပ်တာလဲ ဆိုတော့ သူက ပြန်ပြောတယ်။ ခင်ဗျားကို အဖော်လာလုပ်တာလေတဲ့။ ဟ.. အဖော်လာလုပ်ရအောင် မင်းက လူမှ မဟုတ်ဘဲ ဆိုတော့ သိဘူးလေ ခင်ဗျားက သရဲခြောက်ရင် အဖော်တောင် ရသေးတယ်ဆိုလို့၊ ပြီးတော့ ခင်ဗျားကို ကြည့်ရတာလဲ နေ့စဉ် တစ်ယောက်ထဲဘဲ နေနေရတာဆိုတော့ ပျင်းနေမလားဆိုပြီး လာ အဖော်လုပ်တာလေတဲ့။ ကဲ မှတ်ကရော။ ပြောလိုက်ချင်ဦး။ သရဲခြောက်ရင် အဖော်ရတာပေါ့ လို့။

အဲဒီလို သူနှင့်ကျနော်နဲ့ ပြောတဲ့ ဒိုင်ယာလော့တွေဟာ ကျနော်တို့  အချင်းချင်း အာရုံထဲကနေ ပြောနေကြတာလား ဒါမှမဟုတ် ပါးစပ်က အသံ ထွက်ပြီး ပြောကြသလားဆိုတာကိုတော့ ကျနော်လဲ ပြန်မစဉ်းစားတတ်တော့ဘူး။ ပြောကြတာကတော့ သေချာတယ်။  ငါ့ကို ချုပ်ထားတာ ပြန်ဖြေပေးဦးဆိုတော့ ဗြုန်းဆို ပေါ့ကနဲ ဖြစ်သွားတယ်။ ပြီးတော့ မင်း နောက်ထပ် ငါ့ဆီကို ဘယ်တော့မှ မလာတော့နဲ့။ ငါ မင်းကို အလိုမရှိဘူး။ ငါ့ဖာသာ တစ်ယောက်ထဲ အေးအေးဆေးဆေး နေရတာကိုဘဲ ငါပိုကြိုက်တယ်။ မင်း ထပ်လာရင် ငါ့ကို လာနှောင့်ယှက်တာနဲ့ အတူတူဘဲ။ ဒီတော့ ငါလဲ ငါလုပ်သင့်တာ လုပ်ရမှာဘဲ လို့ ပြောလိုက်တော့ သူ့မျက်နှာ သိပ်မကောင်းဘူး။ အဲဒီအခါ သူက ပြောတယ်။ ငါက ဒီအိမ်မှာ နေနေတာ။ ခင်ဗျားကို အမြဲတမ်း မြင်နေရတယ်။ (ကျနော့်ကိုတော့ ခင်ဗျားတဲ့။ သူ့ကိုသူတော့ ငါ တဲ့။ ဘယ်လို သရဲမှန်း နားမလည်တော့ဘူး။) ပြီးတော့ ခင်ဗျား သွားတာ လာတာ စားတာ အိပ်တာက အစ အကုန်မြင်နေရတယ်တဲ့။ ဗုဒ္ဓေါ။ အဲဒါမှ တကယ့်ဒုက္ခ။ သူပြောမှဘဲ ကျနော့်ဖာသာ တစ်ယောက်ထဲ ရှိတဲ့အခါ လွတ်လွတ်လပ်လပ် ဒူးပေါ် ပေါင်ပေါ် နေခဲ့ဖူးတာကို စဉ်းစားမိပြီး ရှက်သလိုလိုတောင် ခံစားလာမိတယ်။

ပြီးတော့ သူက ဆက်ပြောတယ်။ ခင်ဗျား တကယ် ငါ့ကို မမြင်ချင်တော့ဘူးဆိုရင် ခင်ဗျား နေ့စဉ် ဘုရားရှိခိုးပြီးတဲ့အခါတိုင်း ငါ့ကို သတိတရ အမျှဝေပေးပါ။ ဒါဆို ငါ ခင်ဗျားဆီကို မလာတော့ပါဘူးတဲ့။ အော်... သူပြောမှဘဲ သတိရတော့တယ်။ ကုသိုလ်လုပ်ပြီးတိုင်း အိမ်စောင့်နတ်အပါအ၀င် အိမ်အနီးအနားက မကျွတ်မလွတ်တဲ့သူတွေ အားလုံးကို ရည်မှန်းပြီး အမျှပေးဝေသင့်တယ် မဟုတ်လား။ အဲဒါနဲ့ဘဲ သူ တောင်းဆိုတဲ့ အတိုင်း ကျနော် အမျှဝေ ပေးလိုက်တာ ဒီနေ့ထိ ဘာဆို ဘာမှ မတွေ့ရ မမြင်ရ မကြားရတော့ဘူး။ ဒီလို ဆိုပြန်တော့လဲ  နဲနဲတော့ ခြောက်ကပ်ကပ် ဖြစ်သွားသလိုဘဲ။

ကျနော်လဲ  အသံဗလံ ဘာမှမကြားရတော့မှ လွမ်းချင်သလိုလို၊ သတိရချင်သလိုလိုကြီး။ ညစဉ် ဘုရားဝတ်ပြုသွားတဲ့အခါမှာလဲ ဘုရားခန်းထဲ သူများ ကြိုတင် လာထိုင်နေလေမလား၊ ဘီဘီစီသတင်းကြည့်နေရင်းလဲ တယ်လီဗီးရှင်းကြီးကို သူ လာလှုပ်နေမလား၊ ညအိပ်ယာဝင်တိုင်းလဲ ကျနော့် ကျောပြင်ကို လက်ဝါးအေးအေးကြီးနဲ့ လာတို့ထိလေမလားဆိုပြီး သတိရနေမိသေးတယ်။  အော်.. ပဋိဃသံယောဇဉ်ဆိုတာ ဒါကို ခေါ်တာများလား။ သို့ပေမဲ့ ဒီလို ပုံစံမျိုးကိုတော့ ဘယ်သောအခါမှ မတွေ့ရ မမြင်ရ မကြားရ အိပ်မက်ထဲတောင် မြင်မမက်ရပါလို၏ ဆိုပြီးတော့တော့ ဆုတောင်းထားတယ်။  ကဲ ကဲ ပို့စ်လဲ အတော်ရှည်သွားပြီ။ နောက်ဆို တစ်စုံတစ်ယောက်က ခင်ဗျားတစ်ယောက်ထဲ နေရတာ သရဲမကြောက်ဖူးလားလို့ မေးလာရင် (သရဲကြောက်တတ်ရင်တော့) သရဲခြောက်ရင် အဖော်ရတာပေါ့ ဆိုတဲ့ စကားလုံးမျိုးကို လွယ်လင့်တကူ ပြန်မဖြေမိစေဖို့ ဒီပို့စ်ကို မအားလပ်တဲ့ ကြားထဲက (အိပ်ချင်မူးတူးနဲ့) ရေးလိုက်ရခြင်းဘဲ ဖြစ်ပါတယ်။ အားလုံး ပျော်ရွှင် ကြည်နူးနိုင်ကြပါစေ။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)



Saturday, 25 August 2012

အပျော်ဆိုတာရယ်...



ကမ္ဘာပေါ်မှာ ရေတွေကြီးလို့
မြေကြီးပြိုလို့ သေကြပြန်။
တောမီးလောင်ကာ မုန်းတိုင်းတိုက်တော့
ရန်သူတိုက်ခိုက် သေဖို့ဖန်။
ဝမ်းလျောရောဂါ မိုင်းတွင်းပိလို့
ရုပ်ရှင်ကြည့်ရင်း သေကြပြန်။
မှန်းကာသာတွေး၊ ရှင်ဖို့ရေး၊ သေဘေးဘ၀၀်လျှံ။
အဲဒါကြောင့် လောဘဒေါသ လျှော့ကြမှန်ဧကန်။


ဒီ ဒီဇင်ဘာ ၂၁ရက်မှာ
ကမ္ဘာပျက်မလား ပူရပြန်။
ဗေဒင်ဆရာ မမှားတွက်ရင်
ပြည်ရွာပျက်ဖို့ မှန်နေပြန်။
လူမိုက်ဗာလာ အင်အားကြီးလို့
ဒီလိုနည်းနဲ့  ပျက်ဖို့ဖန်။
သဘာဝဘေး၊ ကင်းဖို့ရေး၊ ရှောင်ပြေးမလွတ်ပြန်။
အဲဒါကြောင့် လောဘဒေါသ လျှော့ကြမှန်ဧကန်။


အပျော်ဆိုတာ ခဏလေးမို့
ဘ၀ပေးဖို့ မထိုက်တန်။
တရားဓမ္မာ အေးရိပ်အောက်မှာ
ချွေးသိပ်ဖျောက်ဖို့ ခိုလှုံရန်။
ဓမ္မငွေ့ရည် ချိုချိုအေးက
ပိုပိုနွေးဖို့ စွမ်းဆောင်မှန်။
ပျော်မဲ့အစား၊ ရိပ်သာသွား၊ တရားရှုမှတ်ကြံ။
အဲဒါမှ လောဘဒေါသ လျှောကျမှန်ဧကန်။

(၂၅.၀၈.၂၀၁၂ စနေနေ့ ညနေ ၆ နာရီ ၄ မိနစ်)



.. 

Saturday, 18 August 2012

လန်ဒန်နွေသရုပ်


(ကိုကို + ပျိုပျို + နွေ)

နွေပူ နွေခေါင် လူပျိကြီးတို့
ကိုယ်လုံးတီးနဲ့ နေကြတယ်။

ကညာမျိုးစုံ ပျိုတွေထဲက
မျက်လုံးရွဲနဲ့  ကြည့်ကြတယ်။ 

မျက်လုံးဆိုတာ ငမ်းဖို့လားကွဲ့
ချွေးထွက်အားကြောင့် ရှက်ဖူးကွယ်။ 

ပျိုလဲအိုက်တယ် ကိုကိုများရဲ့
အ၀တ်ပါးနဲ့ နေကြည့်မယ်

ကြည့်မယ် ကြည့်မယ်။ 


(ပျိုပျို + ကိုကို + နွေ)

နွေပူ နွေခေါင် အပျိုကြီးမို့
ကိုယ်လုံးတီးနဲ့ နေကြည့်တယ်။

မဟာလူပျို ဟိုငနဲက
မျက်လုံးရွဲနဲ့ ငမ်းသေးတယ်။

မျက်လုံးဆိုတာ ငမ်းဖို့လားဟဲ့
ချွေးထွက်အားကြောင့် ရှက်ဖူးရယ်။

ရှင်လဲအိုက်ရင် ပျိုမေထားနှင့်
အ၀တ်စားမဲ့ နေကြည့်ကွယ်။

ကြည့်ကွယ် ကြည့်ကွယ်။

<0>  <0>
()
---

(၁၀၊၀၈၊၂၀၁၂၊ စနေနေ့ 
ညနေ ၆ နာရီ ၂၇ မိနစ်)

မှတ်ချက်။
ဆရာမင်းသုဝဏ်၏ သပြေသီးကောက် ကဗျာကို မှီးပြီး လန်ဒန်နွေသရုပ်ကို ပုံဖော်ထားပါသည်။း))))
ပျိုလဲအိုက်တယ် ကိုကိုများနဲ့
အ၀တ်စားမဲ့ နေကြည့်မယ်။