Sunday, 31 January 2010

ဆန္ဒလွန်နယ်ပယ်


မေ့ပစ်ဖို့သင့်တဲ့
မမေ့နိုင်စရာတွေ
မေ့နေတဲ့
မေ့ဖို့မသင့်တာတွေ
အချင်းချင်းစီးချင်းထိုးနေကြတယ်။


လုပ်သင့်တဲ့
မလုပ်ခဲ့တာတွေ
လုပ်နေတဲ့
မလုပ်သင့်တာတွေ
ငါ့အတွက် အဖြေမရှိဘူး။


ရပ်တည်ရမဲ့
မရပ်တည်မှုတွေ
မရပ်တည်ရမဲ့
ရပ်တည်မှုတွေ
ငါ့ခေါင်းတွေ အတော်ဝေနေတယ်။


အဖြေမရှိတဲ့
မွေးခွန်းတွေ လိုက်ရှာရင်း
မေးခွန်းမရှိတဲ့
အဖြေတွေ
ငါ့ကို နှိပ်စက်နေတာ ကြာရောပေါ့။


အဲဒါ...
ငါ့ ဆန္ဒလွန်နယ်ပယ်မှာ...။


...

Saturday, 30 January 2010

အနမ်းတစ်ပွင့်မတိုင်ခင်...


နှင်းငွေရောင် ဖြူလွှ..... တူစွသဏ္ဍာန်ပေ.. ငွေရည်ပုလဲနုတို့... စုခါဖျန်းတော့... လန်းဆန်းစိုပြေ... နှင်းတွေဝေကျ.. ဆောင်းဟေမန္တ... နှောင်း...ပြောင်းပြန်တော့လေ...

ဘယ်ဆီဘယ်ဝယ်ကမှန်း မသိသည့် နှင်းပျောက်တဲ့နွေ သီချင်းလေးက လေလှိုင်းထဲ လွင့်ပါလာသည်။
ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသည့် ဆောင်းလယ်ကာလနှင့် ထိုသီချင်းကား လားလားမျှ အပ်စပ်မှု မရှိလှပေ။
သို့သော်.. ထိုသီချင်းလေးက လွမ်းဆွေးမှုကို ဖြစ်စေသည်။ တမ်းတမှုကို ဖြစ်စေသည်။ မှန်းဆမှုကိုဖြစ်စေလေသည်။

ကလင်... ကလင်... ကလင်...

မိုဘိုင်းမြည်သံကြားမှ သီချင်းအာရုံကြောနောက် လိုက်မျောနေမိသည့် စိတ်တို့ကို ဘရိတ်အုပ်လိုက်ရသည်။ အော်... ချစ်သူလေးဆီက ဖုန်းကိုး။ မေ့နေလိုက်တာ။ တည်းခိုနေသည့် ဟိုတယ်ကို ည ၇ နာရီအရောက်ပြန်ခဲ့မယ် ဆိုပြီး ထွက်လာခဲ့တာ။ အခု ရှစ်နာရီတောင် ထိုးခါနီးနေပြီ။

အင်းလေးကန်ပုံစံနှင့်အလွန်ဆင်တူလှသည့် အင်းကြီးတစ်ခုထဲသို့ ချစ်သူလေးနှင့်အတူ အပျော်ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ ကျနော်က လေညှင်းခံထွက်ရတာကို အရသာတစ်မျိုးဟုထင်သည်။ ကျနော် အင်းတစ်လျောက် လေညှင်းခံထွက်ချင်ကြောင်း ချစ်သူလေးကို ပြောပြလိုက်သည်။ တစ်နေ့လုံးလျောက်လည်ထားခဲ့ကြတဲ့အတွက် ချစ်သူလေးက ခြေဖမိုးလေးတွေ နဲနဲယောင်ကိုင်းနေသည်။ သူက ဟိုတယ်မှာ ဆေးလူးရင်းအနားယူဦးမယ်လို့ ပြောသည်။ ထို့ကြောင့် သူ့ကို ဟိုတယ်မှာ ထားခဲ့သည်။ ထိုဟိုတယ်သည်လည်း အင်းအတွင်း(အင်းထဲ)၌ပင်ဖြစ်သည်။ ညစာစားအပြီး ကျနော်တစ်ယောက်ထဲ အင်းထဲသို့ လှေတစ်စင်းငှားကာ ကိုယ်တိုင်လှော်ခတ်ပြီး ထွက်လာခဲ့သည်။ လေညှင်းခံရင်း ကြယ်လစုံသည့် ကောင်းကင်ကို မော့ကြည့်ရင်းဖြင့် အချိန်တွေ အတော်လေးတိုက်စားသွားခဲ့သည်။

"ကိုရေ... ၇ နာရီပြန်လာမယ်ဆိုပြီး အခု ရှစ်နာရီထိုးတော့မယ်၊ ပြန်လာပါတော့။ တစ်ယောက်ထဲ ပျင်းတယ်"

"အော်... ချစ်လေး... အခု ကို ပြန်လာပါပြီ။ မကြာခင်ရောက်တော့မယ်နော်"

မျှော်နေရှာပြီဖြစ်သည့် ချစ်သူရှိရာ ဟိုတယ်သို့ လှေကို အပြင်းလေး လှော်ခတ်ခဲ့သည်။ ဟိုတယ်အခန်းကို ပြန်အရောက် ချစ်သူ၏ ဆီးကြိုပွေ့ဖက်မှုက လေညှင်းခံခဲ့သည့် ကျနော့် ခန္ဓာကိုယ်တစ်ခုလုံးအား နွေးထွေးပူရှိန်းမှုကို ဖြစ်စေလေသည်။

"စောင့်နေရတာ မောလှပြီ။။ ဘယ်တွေ လျောက်သွားနေတာလဲ ကိုရယ်... ကိုမရှိတဲ့ နာရီပိုင်းအတွင်းမှာ နာရီတွေ အရမ်းနှေးနေသလိုပါဘဲ။ ကို..အခြားတစ်ယောက်နှင့် အပျော်ရှာနေတာတော့မဟုတ်ပါဘူးနော်"

မျက်လုံးအ၀ိုင်းသားကလေးဖြင့် ကျနော့်မျက်နှာကို သူ စူးစမ်းသလိုကြည့်သည်။

"ချစ်ကလဲကွာ။ သိရဲ့ သားနဲ့။ ကို့ဘ၀မှာ ချစ်ကလွဲရင် ကျန်တဲ့ မိန်းခလေးတွေအတွက် အချစ်တွေ မရှိတော့ပါဘူးကွာ"

"ဒါဘဲနော်။ ချစ်ကို ပစ်ထားခဲ့ရင်တော့ အဆိုးမဆိုနဲ့... ချစ်က လိုက်ရှာပြီး အတူတူသေပွဲဝင်...."

သူ့စကားမဆုံးခင် သူ့နှုတ်ခမ်းလွှာလေးကို ကျနော့် လက်ချောင်းလေးများဖြင့် အသာလေးပိတ်လိုက်သည်။
ချစ်ရည်ဝန်းလဲ့နေသည့် သူ့မျက်ဝန်းထဲ၌ စိုးရိမ်နေသည့်အရိပ်အယောင်အချို့ ကို ကျနော်ဖတ်ရှုမိလိုက်သည်။
ကျနော့်ကို တကယ် နစ်နစ်ကာကာ ချစ်နေသည့် မိန်းခလေးဖြစ်သည့်အတွက် ကျနော်ကလဲ ဘ၀တစ်ခုလုံးနဲ့ ရင်းပြီး သူ့ကို ချစ်ခဲ့ရပါသည်။

"အော်... ချစ်လေးရယ်.. ဆက်မပြောပါနဲ့တော့... ကိုတို့ ဘယ်တော့မှ မခွဲဘူးနော်။ မကြာခင်မှာ... လက်ထပ်ကြတာပေါ့။ မဟုတ်ဘူးလား"

ဟန်ပါပါဖြင့် ပြုံးရွှင်စွာ ခေါင်းညိတ်ပြလိုက်သည့် သူ့အမူအယာလေးသည် ခုန်နေသည့် ကျနော့်ရင်ကို ဆွပေးသယောင် ထင်မိလေသည်။ စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ ထို့ကြောင့် ကျနော် သူ့ကို သိမ်းကြုံးဖက်ယူမိလိုက်လေသည်။ အခန်းအတွင်းထဲ၌ နှစ်ယောက်ထဲ ရှိသည့်အတွက် လွတ်လပ်မှုက ကိုယ့်ဘက်ပါလေသည်။ ခန္ဓာကိုယ်နှစ်ခု နီးကပ်စွာထိတွေ့မှုကြောင့် ဖော်မပြနိုင်သည့် ဝေဒနာကိုယ်စီ၏ ၀င်ရောက်စိုးမိုးမှုအောက် နှစ်ယောက်သား ရောက်သွားကြလေသည်။

"အရမ်းချစ်တာဘဲ ချစ်လေးရယ်"

"ချစ်ကလဲ ကို့ကို အရမ်း အရမ်းကို ချစ်နေမိပြီ ကိုရယ်"

ည၏ဖျားယောင်းမှုနှင့် မလင်းမမှောင် မီးထိန်ထိန်လေး၏ ဆွဲဆောင်မှုတို့ကြောင့် လွတ်လပ်မှုတို့ ကမ်းကုန်လေပြီ။ သူ့ခန္ဓာကိုယ်တွင် ဆွတ်ဖျန်းထားသည့် ခပ်ပျော့ပျော့ပြင်သစ်ရေမွှေးရနံ့က ကျနော့်နှာသီးဝကို လာမိတ်ဆက်သည်။ ကျနော်လှုပ်လှုပ်ရွရွဖြစ်သွားသည်။ ခပ်ပါးပါးလိမ်းခြယ်ထားသည့် မိတ်ကပ်တို့ဖြင့် ၀င်းလက်နေသည့် သူမပါးပြင်လေးက ကျနော့်ကို ဖိတ်ခေါ်နေသယောင်ထင်မိသည်။ လေယူရာပါမည့်ဟန် ခပ်နွဲ့နွဲ့ ခပ်ယိုင်ယိုင် သူမခန္ဓာကိုယ်လေးက စည်းရုံးစရာ သိပ်မလိုတော့ပေ။ မှိတ်တစ်ဝက် ဖွင့်တစ်ဝက်ဖြစ်နေသည့် သူမ၏ မျက်လုံးစင်းစင်းများက ကျနော့်၏ စိတ်ကို တားဆီးနိုင်စွမ်းမရှိအောင် ဆွဲဆောင်နေလေပြီ။

မထူးတော့ပြီ။ စိတ်၏လွတ်လပ်မှုနောက် ခန္ဓာကိုယ်လိုက်ပါသွားဖို့ ဟန်ရေးပြင်မိသည်။ ခပ်တင်းတင်းပွေ့ဖက်ထားသည့် သူမ၏နူးနူးညံ့ညံ့ခန္ဓာကိုယ်လေးကို ပို၍တင်းကြပ်စွာ ဖက်လိုက်ပြီး ဖောင်းအိနေသည့် သူမပါးပြင်လေးကို အားရပါးရ မွှေးမွှေးပေးဖို့ သူမ၏ မျက်နှာကို အသာလေးဆွဲယူလိုက်သည်။ သူမလည်း အလိုက်ထိုက်ပါလာလေသည်။ ရင်ခုန်ချင်စရာကြီးပါလားနော်။

ထိုအခိုက်၌ မျှော်လင့်မထားသည့် အရာတစ်ခု ဖြစ်ပေါ်လာသည်။ ကျနော့်နှာခေါင်းသည် အသက်ရှူ၍မရတော့။ နှာခေါင်းပေါက်ပိတ်သွားသလိုလိုခံစားလာရသည်။ အသက်ရှူရလည်း ကြပ်လာသည်။ မောပန်းသလိုလို ခံစားလာရသည်။ ဒုက္ခဘဲ။ အင်းစောင့်နတ်မကြိုက်လို့ ပြုစားလိုက်တာများလား။ အရေးအကြောင်းဆို ဒီနှာခေါင်းက ပြဿနာပေးပြီ။ နှာခေါင်းပေါက်အတွင်းမှလည်း အရည်တစ်ချို့ စီးကျလာသည်။ ဘာဖြစ်တာပါလိမ့်။ ဟတ်ချိုး... ဟတ်ချိုး... ဟတ်ချိုး။ နှာသုံးခါတိတိချေပြီး အိပ်စက်ရာမှ ကျနော်လန့်နိုးလာသည်။ အော်... အိပ်မက်ပါလား။ ကျနော့်ခန္ဓာကိုယ်အထက်ပိုင်းတစ်ခုလုံးလဲ ခြုံစောင်တွေလွတ်လို့။ ငါ... နှာစေးနေပြီ။ နှာရည်တွေလဲ ယိုလို့ပါလား။ ဒီအိပ်မက်နှယ်.. မသိတတ်လိုက်တာ.. မွှေးမွှေးပေးပြီးမှ လန့်နိုးလာရင်လဲ ရရဲ့ သားနဲ့။ ခုတော့.. :P.. (: ..။ လန်ဒန်ရောက်သည်မှာ နှစ်နှစ်ကျော်လေပြီ။ နေမကောင်းဖြစ်ဖို့နေနေသာသာ တစ်ခါမျှ နှာစေး ချောင်းဆိုးတောင် မဖြစ်ဖူးခဲ့ချေ။ ထို့ကြောင့် ယခု ကျနော် မှတ်တမ်းတင်မိလေသည်။ ဤနေ့(၃၀၊၁၊၂၀၁၀)သည်ကား လန်ဒန်ရောက် ကိုကိုမောင်၏ ပထမဦးဆုံးအကြိမ် နှာစေးခြင်းပင် ဖြစ်ပေတော့သတည်း ဟူ၍။ ။

....

နိယာမ ဖောက်ပြန်ခြင်း


ထန်ပြင်းတဲ့လေအဟုန်တွေ
လျို့ ဝှက် ကမ္ဘာမှာ
တိုးညှင်းသံစဉ်ဖွဲ့နေတာ
ပုရောဟိတ်မလိုဘူး
ရောဂါတစ်ခုရဲ့ လက္ခဏာမှန်းထင်ရှားတယ်။


တီးသူမဲ့တဲ့
တယောအိုတစ်လက်ရဲ့ 
ရယ်ရွှင်ဖွယ် ငိုချင်းရှည်ကို
တယောကင်းမဲ့တဲ့
တီးခတ်သူက သပြေပန်းဆက်တယ်။


တောင်တွေရယ်
ငိုကြွေးမနေပါနဲ့
သပြေညိုတွေ လှိုင်လှိုင်မပေါပေမဲ့
ခတ္တာရနံ့နှင့်အတူ
မိုးသောက်ကြယ်တွေ ထွန်းတောက်လာဦးမှာပါ။

..

Thursday, 28 January 2010

စိန်မစီသင့်တဲ့ စက္ကန့်တွေ


ယေဘုယျအားဖြင့်
တစ်နှစ်မှာ ၁၂ လ
တစ်လမှာ ရက် ၃၀
တစ်ရက်မှာ ၂၄ နာရီ
တစ်နာရီမှာ မိနစ် ၆၀
တစ်မိနစ်မှာ စက္ကန့် ၆၀။


ဒါဆိုရင်...
တစ်နှစ်မှာ
စက္ကန့်ပေါင်း.. ၃၁၁၀၄၀၀၀။


တစ်နှစ်ခွဲဆိုတော့... ?


ဘာမှမဟုတ်ပါဘူး။
အိပ်ပျက်ရမဲ့အချိန်တွေကို ပွါးကြည့်နေတာ။


ဒါတောင်
၅ ရက်နှင့် ၆ နာရီကို ဘေးဖယ်ထားလို့။

....

ဖြစ်နိုင်ရင်...


ပညာရှာဖွေရင်း
အိပ်ပျက်ညတွေချမ်းသာလာတယ်
ဒါပေမဲ့
အကြောက်ဆုံးက အဲဒီအိပ်ပျက်ညတွေလေ။


ဖြစ်နိုင်ရင်
ကြယ်စုံညတွေမလိုဘူး
လပြည့်ဝန်းကြီးကို ငေးမကြည့်ချင်ဘူး
ညရောက်မှာ ကြောက်လွန်းလို့။


ငါ့နားတွေအတွက်
စက္ကန့်သံတွေ ကျယ်လောင်လွန်းတယ်
အသက်ရှူသံတွေ ပြင်းလွန်းတယ်
ပုရစ်အော်သံဆို ကမ္ဘာပျက်မတတ်ပါဘဲ။


ဘာမှမလိုချင်ဘူး
အိပ်ပျက်ညတွေအစား
အိပ်စက်ရစေတဲ့ နည်းလမ်းရှိရင်
ဘုရင်မကိုတောင် ကျုပ်ဥပေက္ခာပြုရဲတယ်။

မှတ်ချက်။
ဘုရင်မဆိုတာ မြန်မာနိုင်ငံမှာတော့ ခြင်္သေ့ပါဘဲ။

...

Tuesday, 26 January 2010

ခေတ်ကြီးကိုက..


ရာသီတွေ နရီကျိုးချိန်မှာ
တိမ်မဲညိုပြတ်ရွေ့ တစ်ချို့ 
မုတ်သုန်လေ ခပ်ကြမ်းကြမ်း ပွေ့ပိုက်မှုအောက်
ခြောက်ကပ်ကပ်တေးသွားနဲ့
မြိုင်ထကို ကဗျာလွတ်ကနေကြတယ်။


ဝတ်စုံမပြည့်စုံတဲ့ သစ်ပင်တွေကိုကြည့်ရင်း
သံဝေဂမျက်မှန်ဝတ်ရုံမိပါရဲ့ 
မိုးစက်ရွယ်စုံတို့ဟာလဲ
နောက်ဆုံးတော့
သမုဒ္ဒရာမှာ ၀ပ်စင်းကြရတာပါဘဲ
ဒါဖြင့်..ဘာကြောင့်
မိုးကောင်းပါစေလို့ ဆုတောင်းနေကြတာပါလိမ့်။


ခုခေတ်မှာ..
ရေမပြည့်အိုးတွေလဲ
ဘောင်ဘင်မခတ်ရဲကြတော့ဘူး
ရေပြည့်အိုးတွေလာပြီး အေးဓါးမြတိုက်လွန်းလို့။


ဒီလိုစဉ်းစားဖူးတယ်
သမုဒ္ဒရာကြီးက ရေလှောင်ကန်ဖြစ်ပြီး
ပြောင်းပြန်စီးရင်း
မြစ် ချောင်း အင်း အိုင် လယ်ယာမြေတို့ကို
ရေပြန်ဝေပေးနိုင်ရင် သိပ်ကောင်းမှာဘဲ ပေါ့။


ဒါပေမဲ့...


ဒီလိုလေးမှတ်ဖူးပြန်တယ်
သမုဒ္ဒရာဆိုတာ မိုးလုံးပြည့်မိုးရွာပေမဲ့
ရေတို့ဖြင့်
တင်းတိမ်ရောင့်ရဲမှု မရှိဘူးတဲ့။


ကိုင်း......

..

Monday, 25 January 2010

ကြောက်စရာ


ဗျိုင်းဥ ၀မ်းဘဲဥ ကျီးကန်းဥ
ဖွတ်ဥ လိပ်ဥ.. စတဲ့... စတဲ့
ဥလိုက်မုဆိုးတစ်ဖွဲ့ ထပ်တိုးဖွဲ့လိုက်တယ်
ထုံးစံအတိုင်း
တွတ်ပီနှင့်ဗိုက်ကလေးဘဲပေါ့။


တွတ်ပီတို့ဆရာတပည့်
သင်ပုန်းကြီးစာဖတ်ရင်း
ခပ်ပေါပေါသီအိုရီတစ်ခု ထုတ်ကြလေရဲ့ 
ကျီးကန်းဥက ရွှေဖြစ်လေ့မရှိဘူးတဲ့။


ကျန်ဥတွေ ပြတ်နေခိုက်
ဥအတွေ့အကြုံရင့်ပြီမို့
ကျီးကန်းသိုက်မြုံဝင်စီးဖို့
ဆရာတပည့်နှစ်ယောက် ၀န်လေးနေစဉ်။


တော်... ကတွပ်ပီ...
သေးမျှင်ရဲ့  မျက်နှာတော်ကြောင့်
အပျင်းပြေ ကျီးကန်းအိမ်ကို ၀င်တိုက်
အမိုက်သားကလား။


ကျီးကန်းဥက
ထီးနန်းစံရကိန်းဆိုက်ပြီ
ဝါ၀ါဝင်းဝင်း အမြုတေတွေပြည့်နေတဲ့
ရွှေဥတွေဗျ။


ဆရာဆွေမင်းရယ်
သေမင်းနှင့်ဘာလို့ မိတ်ဖွဲ့လိုက်ရတာလဲ
ဆရာသာ သက်ရှိထင်ရှားရှိရင်လေ
တွတ်ပီတို့ ဇာတ်ထုတ်
ကျုပ်ဆီမှာ
အများကြီး(အများကြီး)ရှိနေသေးတယ်။


...