ရှေးဆိုရိုးစကားတွေ ပြောင်းသင့်ရင် ပြောင်းပစ်ရမယ်။
သူကြီးကတော့ ပြောင်းလိုက်ပြီ။
"လင်နှင့်မယား လျာနှင့်သွား" ဆိုတဲ့ ဆိုရိုးစကားဟာ သူကြီးအတွက်တော့ မှားတယ်။
အမှန်က
"လင်နှင့်မယား နှုတ်ခမ်းနှင့်သွား"
အဲဒါ နှုတ်ခမ်း သွေးတွေ။
မကြာမကြာ ကိုက်မိပြီး အဲဒီလို ဖြစ်နေကျ။
ငန်ကျိကျိ စပ်သပ်သပ်နဲ့ နေရခက်ပါ့။
Saturday, 30 May 2015
Friday, 29 May 2015
လှမ်းမျှော်
၁။
ဆုပ်လည်း စူး စားလည်း ရူး
ရှေ့ တိုး ထမ်းပိုး နောက်ဆုတ် လှည်းထုပ်။
၂။
ဝေလည်း မွှေး ကြွေလဲ မွှေး
ဘယ်သူသေသေ ငတေမာရင် ပြီးရော။
၃။
သူငယ်ချင်းလို့ဘဲ ဆက်၍ ခေါ်မည် ခိုင်။
.
မှတ်ချက်
စကားပုံ ဇာတ်ကားအမည်
စာအုပ်အမည် ဖန်တီးသူများအား
ခရက်ဒစ်ပေးပါ၏။
.
Tuesday, 26 May 2015
ပွင့်ပါ
ပွင့်ပါ
ဖြူဖြူစင်စင်ပွင့်ပါ။
ပွင့်ပါ
ပင်လုံးကျွတ်ပွင့်ပါ။
ပွင့်ပါ
မြင်သာထင်သာပွင့်ပါ။
ပွင့်ပါ
လွတ်လွတ်လပ်လပ်ပွင့်ပါ။
ပွင့်ပါ
လှလှပပပွင့်ပါ။
ပွင့်ပါ
ရဲရဲဝံ့ဝံ့ပွင့်ပါ။
ပွင့်ပါ
ယုံယုံကြည်ကြည်ပွင့်ပါ။
ပွင့်ပါ
ဖြောင့်ဖြောင့်မတ်မတ်ပွင့်ပါ။
ပွင့်ပါ...
ပွင့်ကြပါ....
ကိုယ့်ရဲ့နှင်းဆီ
ကိုယ်ယုံကြည်က
ပီပြင်စွာသာ
ပွင့်ကြပါလေ။
Saturday, 2 May 2015
မင်းသမီးလေးရဲ့ မင်းသမီးလေး
ဒီနေ့ ၁၃၇၇ ခုနှစ် ကဆုန်လပြည့် (၀၂၊၀၅၊၂၀၁၅) စနေနေ့။ ဗုဒ္ဓနေ့။
ဗုဒ္ဓနေ့အကြောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လဲ ဗုဒ္ဓနေ့ကြီးဆိုတော့ ဗုဒ္ဓနေ့အကြောင်းလေးနဲ့တော့ ဆက်စပ်ပေသပေါ့။ ဖွားမြင်ဖြစ်စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်လပြည့်..ဆိုပြီး ငယ်စဉ်ကထဲက မှတ်မိနေခဲ့တယ်။ ဒီကဆုန်လပြည့်နေ့ဟာ ဂေါတမဘုရားရှင်ရဲ့ ဘ၀တစ်လျှောက် ထူးခြားခဲ့တဲ့ နေ့ထူးနေ့မြတ်ကြီးဘဲမဟုတ်လား။ ဖွားမြင်ခဲ့တာလဲ ဒီကဆုန်လပြည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့တာလဲ ဒီကဆုန်လပြည့်နေ့၊ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့တာလဲ ဒီကဆုန်လပြည့်နေ့၊ ပြီးတော့ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်က ဒီပင်္ကရာမြတ်စွာဘုရားရှေ့မှောက် ဘုရားဖြစ်ဖို့ရာ ဗျာဒိတ်ခံတော်မူခဲ့တာလဲ ဒီကဆုန်လပြည့်နေ့။ ဒီတော့ ပုဂ္ဂိုလ်ထူးတွေရဲ့ ထူးခြားတဲ့ နေ့ကောင်းရက်မြတ်ကြီးဘဲ မဟုတ်လား။
" It is a Girl"
ဟော.. ပုဂ္ဂိုလ်ထူးတွေ ဖြစ်ပေါ်လာရာ ဒီကဆုန်လပြည့်နေ့မှာ မင်းသားဝီလျံနှင့်မင်းသမီးကိတ်တို့ ဇနီးမောင်နှံအတွက် နောက်ထပ် ရင်သွေးလေးတစ်ယောက်ကို ဒီနေ့မနက် ၈ နာရီ ၃၄ မိနစ်အချိန်မှာ မွေးဖွားပေးလိုက်ပြန်ပါပြီ။ မိန်းခလေးလေးပါ။ သူတို့အတွက် ဒုတိယမြောက် ကလေးလေးပါ။ လန်ဒန်မြို့လယ်က စိန့်မေရီဆေးရုံမှာ မွေးဖွားခဲ့တာပါ။ အလေးချိန် 8lbs 3oz (3.7kg) ရှိပါတယ်။ နန်းပလ္လင်အတွက် တန်းစီနေတဲ့ သူတွေစာရင်းထဲမှာ လေးယောက်မြောက်ပါ။ ဘုရင်မကြီးရဲ့ နန်းပလ္လင် နေရာကို တန်းစီနေသူတွေကတော့ သူမရဲ့ဘိုးဘိုး မင်းသားချားလ်၊ သူမရဲ့ ဖေဖေ မင်းသားဝီလျံ နှင့် သူမရဲ့အကို မင်းသားဂျော့ဂ်ျကိုယ်တိုင်ပါဘဲ။
ပထမကလေးက ယောက်ျားလေးဆိုတော့ ဂျော့ဂ်ျလို့ နာမည်ပေးထားခဲ့တယ်။ ဂျော့ဂ်ျကိုလဲ အဲဒီ စိန့်မေရီဆေးရုံမှာဘဲ မွေးဖွားခဲ့တာပါ။ အခု မိန်းခလေးဆိုတော့ ဘယ်လိုနာမည်ပေးမလဲတော့ မသိဘူး။ ဒါပေမဲ့ အင်္ဂလိပ်တွေ ထုံးစံအတိုင်း နာမည်အတွက် အလောင်းအစားလေးတွေတော့ ပေါ်လာနေပါပြီ။ Alice လို့ပေးမလား Charlotte လို့ ပေးမလား Vitoria လို့ ပေးမလား Elizabeth လို့ပေးမလား Diana လို့ပေးမလားဆိုပြီး စသဖြင့်ပေါ့။
((Coral is still betting on the name of the baby, with Alice the clear favourite at 5-4. Charlotte is the 5-2 second favourite, ahead of Elizabeth at 5-1, while Victoria has been backed into 6-1 from 10-1. (Mirror))).
ဘီဘီစီသတင်း ဘီဘီစီဝက်ပေ့ဂ်ျတွေမှာလဲ သူတို့အကြောင်းတွေ ဆက်တိုက် တင်ဆက်ပေးနေကြတယ်။ ဘုန်းကံကြီးမားသူဆိုတော့ လူမဖြစ်ခင်ကတည်းက ကမ္ဘာကျော်နေလေပြီ။ ဘုန်းကံ ကြီးပေမပေါ့။ ဒီကလေးမလေးကို ကိုယ်ဝန်စတည်တာကလဲ တကယ့် လပြည့်နေ့ကြီးကိုး။
၁၃၇၆ ခု တော်သလင်းလပြည့်နေ့ (၀၈၊ ၀၉ ၊ ၂၀၁၄) တနင်္လာနေ့ (ဂရုဓမ္မအခါတော်နေ့)မှာ ကိုယ်တည်ပြီး ဟော အခု တကယ့်နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေကြီးမှာ မွေးဖွားခဲ့တယ်ဆိုတော့ ကလေးမလေးရဲ့ ဘုန်းကံကို စဉ်းစားသာ ကြည့်ကြပေတော့။ ဒီကလေးမလေးရဲ့ ဘုန်းလဲ မိုးသို့ချုန်းဦးမှာပါဘဲ။
အားပေးကြသူ ပရိသတ်လူထုကြီးကတော့ ဆေးရုံအနီး ၀န်းရံလို့။ ဘက်ကင်ဟမ်နန်းတော်အနီး စုရုံုးလို့။ သတင်းသမားတွေကလဲ တိုက်ရိုက်လွှင့်။ ပြီးတော့ စောင့်မျှော်ပေဦးတော့ တဖွဲဖွဲ ရောက်လာကြမဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ကွန်ဂရက်ကျူးလေးရှင်းတွေ။
သူကြီးမင်းလဲ ကွန်ဂရက်ကျူလေးရှင်းပါ။
....
သူတို့အကြောင်း ဆက်လက် ဖတ်ချင်သေးရင်...
Tuesday, 28 April 2015
လေးသုံးရှစ်ငါးလေးငါး
(၁)
ငရဲတိရစ္ဆာန် ပြိတ္တာဘ၀နဲ့
ငရဲတိရစ္ဆာန် ပြိတ္တာဘ၀နဲ့
သုရကာယ ပါယ်လေးသွယ်။
အသက်အန္တရာယ် အငတ်ဘေးနဲ့
ရောဂါဘေးမို့ ကပ်သုံးစွယ်။
ငရဲတိရစ္ဆာန် ပြိတ္တာစလို့
ဒီဃအာယု ဗြဟ္မာနွယ်။
ပစ္စန္တရာ ဒိဋ္ဌိမှားနဲ့
ဥာဏ်အားနုံချိ နည်းလှတယ်။
ဘုရားမဲ့ချိန် လူဖြစ်ညားမို့
ရှစ်ပါးရပ်ပြစ် ခေါ်ရမယ်။
များလူအပေါင်း၊ ကင်းစေကြောင်း၊ ဆုတောင်းအေးဖို့ရယ်။
အဲဒါကြောင့် ခုဘ၀ ကုသလ ပြုကြပါစို့ကွယ်။
(၂)
ရေမီးမင်းရယ် ခိုးသူများနှင့်
မွေခံသားဆိုး ရန်ငါးသွယ်။
ကာလချိန်ခါ ဂတိလားလို့
ဥပဓိမှားတဲ့ ထိုချိန်ဝယ်။
ပယောဂပါ ထပ်ကာနှောလို့
ဝိပတ်သဘော ထိုလေးသွယ်။
ဥာတိမျိုးနွယ် ဘောဂါပျက်တော့
ရောဂါဖက်လို့ သီလကွယ်။
ဒိဋ္ဌိပျက်ကာ အယူမှားလို့
ဗျသတရား ငါးမျိုးကြွယ်။
များလူအပေါင်း၊ ကင်းစေကြောင်း၊ ဆုတောင်းအေးဖို့ရယ်။
အဲဒါကြောင့် ခုဘ၀ ကုသလ ပြုကြပါစို့ကွယ်။
..............
အပါယ်လေးပါး
၁။ နိရယ= ငရဲ
၂။ တိရစ္ဆာန= တိရစ္ဆာန်
၃။ ပေတ= ပြိတ္တာ
၎။ အသုရကာယ= အသုရကာယ်
ကပ်သုံးပါး
သတ္တန္တရကပ်= အသက်ဘေး
ဒုဗ္ဘိက္ခန္တရကပ်= အငတ်ဘေး
ရောဂန္တရကပ်= အနာရောဂါဘေး
ရပ်ပြစ်ရှစ်ပါး
၁။ ငရဲ
၂။ တိရစ္ဆာန်
၃။ ပြိတ္တာ
၎။ ဒီဃာယုနတ်= အသက်ရှည်သောဗြဟ္မာများ ( အသညသတ်ဗြဟ္မာ အရူပဗြဟ္မာများ)
၅။ ပစ္စန္တရာစ်အရပ်
၆။ မိစ္ဆာဒိဋ္ဌိအယူ
၇။ ဥာဏ်ပညာမရှိခြင်း
၈။ ဘုရားမပွင့်ချိန်၌ လူဖြစ်ရခြင်း
ရန်သူမျိုးငါးပါး
၁။ ရေ
၂။ မီး
၃။ မင်း
၎။ ခိုးသူ
၅။ အမွေခံသားဆိုးသမီးဆိုးစသော မချစ်မနှစ်သက်သောသူ
ဝိပတ္တိတရားလေးပါး
၁။ ကာလ၀ိပတ္တိ= မင်းဆိုးမင်းညစ် အုပ်ချုပ်သော အချိန်ကာလ
၂။ ဂတိဝိပတ္တိ= အပါယ်လေးပါး၌ လားရောက်ရခြင်း
၃။ ဥပဓိဝိပတ္တိ= ရုပ်အဆင်းအင်္ဂါချို့တဲ့ခြင်း
၎။ ပယောဂ၀ိပတ္တိ= အသိအလိမ္မာဥာဏ်ပညာ သတိဝီရိယမရှိဘဲ ပြုမူပြောဆိုကြံစည်မှု
ဗျသနတရားငါးပါး
၁။ ဥာတိဗျသန= ဆွေမျိုးများ ပျက်စီးရခြင်း
၂။ ဘောဂဗျသန= စည်းစိမ်ဥစ္စာများ ပျက်စီးရခြင်း
၃။ ရောဂဗျသန= အနာရောဂါဖြစ်ခြင်း
၎။ သီလဗျသန= ကိုယ်ကျင့်သီလပျက်စီးခြင်း
၅။ ဒိဋ္ဌိဗျသန= မှားယွင်းသော မိစ္ဆာအယူကို ယူခြင်း
.
၂။ မီး
၃။ မင်း
၎။ ခိုးသူ
၅။ အမွေခံသားဆိုးသမီးဆိုးစသော မချစ်မနှစ်သက်သောသူ
ဝိပတ္တိတရားလေးပါး
၁။ ကာလ၀ိပတ္တိ= မင်းဆိုးမင်းညစ် အုပ်ချုပ်သော အချိန်ကာလ
၂။ ဂတိဝိပတ္တိ= အပါယ်လေးပါး၌ လားရောက်ရခြင်း
၃။ ဥပဓိဝိပတ္တိ= ရုပ်အဆင်းအင်္ဂါချို့တဲ့ခြင်း
၎။ ပယောဂ၀ိပတ္တိ= အသိအလိမ္မာဥာဏ်ပညာ သတိဝီရိယမရှိဘဲ ပြုမူပြောဆိုကြံစည်မှု
ဗျသနတရားငါးပါး
၁။ ဥာတိဗျသန= ဆွေမျိုးများ ပျက်စီးရခြင်း
၂။ ဘောဂဗျသန= စည်းစိမ်ဥစ္စာများ ပျက်စီးရခြင်း
၃။ ရောဂဗျသန= အနာရောဂါဖြစ်ခြင်း
၎။ သီလဗျသန= ကိုယ်ကျင့်သီလပျက်စီးခြင်း
၅။ ဒိဋ္ဌိဗျသန= မှားယွင်းသော မိစ္ဆာအယူကို ယူခြင်း
.
Saturday, 25 April 2015
မင်္ဂလာတရား နေ့စဉ်ပွါး
တိုးတက်ခြင်း ကြီးပွါးခြင်း အောင်မြင်ခြင်း အလုံးစုံသော စည်းစိမ်ဥစ္စာရရှိခြင်းတို့၏ အကြောင်းဖြစ်သော ၃၈-ဖြာ မင်္ဂလာတရားတော်တို့ကို လွယ်ကူစွာ မှတ်သားနိုင်စေရန် ကဗျာလင်္ကာ ၃-ပိုဒ်ဖြင့် အကျဉ်းချုပ်ထားပါသည်။ ကဗျာလင်္ကာ၏ အောက်ဖက်တွင် မင်္ဂလာတစ်ပါးစီကို အစဉ်လိုက် ရေတွက်ပြထားပါသည်။ ထိုကဗျာလင်္ကာ ၃-ပိုဒ်ကို အာဂုံရရှိရုံမျှဖြင့် ၃၈-ဖြာ မင်္ဂလာတရားတို့ကို အလွတ်မှတ်သားနိုင်မည်ဖြစ်လေသည်။ ထို ၃၈-ဖြာ မင်္ဂလာတရားတို့ကို လေ့လာ သိရှိ ကျင့်ကြံ အားထုတ်ပြီးသကာလ တိုးတက်-ကြီးပွါး-အောင်မြင်-ချမ်းသာနိုင်ကြပါစေကြောင်း တောင်းဆု ပြုပေးလိုက်ပါသည်။ ။
(၁)
............................
လူမိုက်တွေကို ဝေးကွာရှောင်းလို့
လူကောင်းကိုဘဲ ပေါင်းရမယ်။
လူကောင်းကိုဘဲ ပေါင်းရမယ်။
ပူဇော်ထိုက်သူ ပူဇော်ပေးလို့
နေရာရွေးစို့ သင့်ရာဝယ်။
ရှေးကကုသိုလ် ပြုခဲ့အားနှင့်
နှစ်ပါးကိုယ်စိတ် ကောင်းရမယ်။
အကြားအမြင် လက်မှုအတတ်နှင့်
ကောင်းစွာကျင့်အပ် ၀ိနည်းရယ်။
ကောင်းစကားကို ပြောကာကြားလို့
မိဘများကို လုပ်ကျွေးမယ်။
သမီးနှင့်သား ဇနီးမယားကို
ထောက်ပံ့ထားလို့ ပြုစုကွယ်။
ရှုပ်ထွေးမှုကင်း၊ လွန်သန့်ရှင်း၊ ပြုခြင်းထိုသို့နှယ်။
အဲဒါမှ ဗုဒ္ဓ ဟောပြ မင်္ဂလလူကျင့်ဖွယ်။
(၂)
........
ပေးကမ်းခြင်းဟာ မင်္ဂလာတစ်ပါးကွဲ့
သုစရိုက်တရားလဲ ကျင့်ရမယ်။
ဆွေမျိုးတွေကို ထောက်ပံ့ခြင်းနှင့်
ပြစ်ကင်းတာလဲ လုပ်ပေါ့ကွယ်။
စိတ်ဖြင့်ရှောင်ကြဉ် မကောင်းမှုများကို
နှစ်ပါးကိုယ်နှုတ် ထပ်ရှောင်မယ်။
မူးယစ်သေစာ ရှောင်ကာရှားလို့
ကုသိုလ်တရားလဲ သတိရကွယ်။
ရိုသေထိုက်သူ ရိုသေပေးလို့
နှိမ့်ချပေးပေါ့ ကိုယ့်ကိုဝယ်။
ရောင့်ရဲလွယ်ကာ ကျေးဇူးတရားကို
အထူးအားဖြင့် သိရမယ်။
သင့်လျော်ချိန်များ၊ မြတ်တရား၊ နာကြားထိုသို့နှယ်။
အဲဒါမှ ဗုဒ္ဓ ဟောပြ မင်္ဂလလူကျင့်ဖွယ်။
(၃)
.........
သည်းခံခြင်းဟာ အမြတ်ဆုံးကွဲ့
ဆိုဆုံးမလဲ လွယ်ရမယ်။
ရဟန်းသံဃာ ဖူးမြှော်ရေးနှင့်
ဆွေးနွေးတရား သင့်ချိန်ဝယ်။
တပခေါ်ဆို ကျင့်ဖွယ်သဘောနှင့်
မြတ်သောကျင့်လဲ ကျင့်ရမယ်။
လေးပါးသစ္စာ သိမြင်ပြီးလို့
နိဗ္ဗာန်ခရီးသို့ ရောက်ဖို့ကွယ်။
တွေ့ကြုံလေရာ လောကဓံတရားကို
တုန်လှုပ်ငြားလဲ မရှိတယ်။
စိုးရိမ်ဝေးကွာ မြူတွေရှင်းလို့
ဘေးကင်းစွာဘဲ နေကြမယ်။
သုံးဆယ့်ရှစ်ပါး၊ ထိုတရား၊ မှတ်သားထိုသို့နှယ်။
အဲဒါမှ ဗုဒ္ဓ ဟောပြ မင်္ဂလလူကျင့်ဖွယ်။
.......................................
(၁)
........
၁။ လူမိုက်ကို မပေါင်းသင်းခြင်း
၂။ လူကောင်း(ပညာရှိ)ကို ပေါင်းသင်းခြင်း
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း
၎။ သင့်တင့်လျှောက်ပတ်သည့် အရပ်၌ နေရခြင်း
၅။ ရှေးက ပြုခဲ့ဖူးသည့် ကောင်းမှုကုသိုလ်ရှိခြင်း
၆။ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာထားခြင်း
၇။ အကြားအမြင်ဗဟုသုတရှိခြင်း
၈။ လက်မှုအတတ်ကို တတ်ခြင်း
၉ ။ သင်အပ်ကျင့်အပ်သည့် ၀ိနည်းတရားရှိခြင်း၁၀။ ကောင်းသောစကားကို ပြောဆိုခြင်း
၁၁။ အမိကို လုပ်ကျွေးခြင်း ***
၁၂။ အဖကို လုပ်ကျွေးခြင်း ***
၁၃။ သားသမီးဇနီးမယားတို့ကို လုပ်ကျွေးခြင်း
၁၄။ အမှုကိစ္စတို့၌ ရှုပ်ထွေးမှု မရှိခြင်း
(၂)
.......
၁၅။ ပေးကမ်းခြင်း
၁၆။ သုစရိုက်တရားကို ကျင့်ခြင်း
၁၇။ ဆွေမျိုးတို့အား ချီးမြှောက်ထောက်ပံ့ခြင်း
၁၈။ အပြစ်မရှိသော အမှုကိစ္စတို့ကို လုပ်ခြင်း
၁၉ ။ မကောင်းမှုကို စိတ်ဖြင့်ရှောင်ကြဉ်ခြင်းနှင့် ကိုယ်နှုတ်တို့ဖြင့် ရှောင်ကြဉ်ခြင်း***
၂၀။ သေရည်သေရက်(မူးယစ်ဆေးဝါး) သောက်ခြင်းသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း
၂၁။ ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း
၂၂။ ရိုသေထိုက်သူကို ရိုသေခြင်း
၂၃။ မိမိကိုယ်ကို နှိမ့်ချခြင်း
၂၄။ ရောင့်ရဲလွယ်ခြင်း
၂၅။ ကျေးဇူးတရားကို သိတတ်ခြင်း
၂၆။ သင့်လျော်သောအချိန်၌ တရားဓမ္မနာကြားခြင်း
(၃)
......
၂၇။ သည်းခံခြင်း
၂၈။ ဆိုဆုံးမလွယ်ခြင်း
၂၉ ။ ရဟန်းသံဃာတို့အား ဖူးမြင်ရခြင်း
၃၀။ သင့်လျော်သောအခါ၌ တရားဓမ္မဆွေးနွေးခြင်း
၃၁။ တပခေါ်မည်သော အကျင့်ကို ကျင့်ခြင်း (သီလ)
၃၂။ ဗြဟ္မစရိယမည်သော မြတ်သော အကျင့်ကို ကျင့်ခြင်း (သမထ၊ ၀ိပဿနာ)
၃၃။ သစ္စာလေးပါး သိမြင်ခြင်း
၃၄။ နိဗ္ဗာန်သို့ မျက်မှောက်ပြုခြင်း
၃၅။ လောကဓံတရားတို့၌ တုန်လှုပ်မှု မရှိခြင်း
၃၆။ လောကဓံတရားတို့၌ စိုးရိမ်ပူဆွေးမှု မရှိခြင်း
၃၇။ လောကဓံတရားတို့၌ ရာဂစသော မြူမရှိခြင်း
၃၈။ လောကဓံတရားတို့၌ ဘေးရန်ကင်းရှင်းခြင်း
***မှတ်ချက်။
(အချို့က အမှတ်-၁၉ ဖြစ်သည့် "မကောင်းမှုကို စိတ်ဖြင့်ရှောင်ကြဉ်ခြင်းနှင့် ကိုယ်နှုတ်တို့ဖြင့် ရှောင်ကြဉ်ခြင်း" တို့ကို မင်္ဂလာ ၂-ပါးအဖြစ် ယူကြပြီး အမှတ်-၁၁ နှင့် ၁၂ ဖြစ်သည့် "အမိကို လုပ်ကျွေးခြင်းနှင့် အဖကို လုပ်ကျွေးခြင်း" မင်္ဂလာ ၂-ပါးကို ပေါင်းကာ "မိဘကို လုပ်ကျွေးခြင်း"ဟု မင်္ဂလာ ၁-ပါးတည်းသာယူကြ၏။ ရေတွက်ကြ၏။
သို့သော်...
"မကောင်းမှုကို စိတ်ဖြင့်ရှောင်ကြဉ်ခြင်းနှင့် ကိုယ်နှုတ်တို့ဖြင့် ရှောင်ကြဉ်ခြင်း" ကို မင်္ဂလာတစ်ပါးတည်းအဖြစ် ရေတွက်ခြင်းသည်သာလျှင် အဋ္ဌကထာနှင့် ညီလေ၏) ဟု သပြေကန်ဆရာတော်ဘုရားကြီး၏ ပဉ္စမအကြိမ်ထုတ် ပရိတ်ကြီးနိဿယသစ် စာမျက်နှာ-၁၄၁၌ ဆိုထားလေ၏။
.........................................................................................................သဗ္ဗေသတ္တာ အဝေရာ ဟောန္တု
...............................................................................................................သူကြီးမင်း (တုံးဖလား)
.............................................................................................................၂၅.၀၄.၂၀၁၅ စနေနေ့
..............................................................................(တုံးဖလားရွာ လလိတမုနိစေတီ ဌပနာပိတ်မင်္ဂလာအခါတော်နေ့)
.
Monday, 2 March 2015
မွေးဖွားနိုင်ခဲ့ပြီ
စုပေါင်းလုပ်အားဖြင့် တုံးဖလားရွာလေး၌ စာသင်ကျောင်းတစ်ဆောင် ဖြစ်မြောက်ခဲ့လေပြီ။ မြို့ပြစာသင်ကျောင်းများကဲ့သို့ အဆင့်မြင့်မြင့် မဟုတ်သည့်တိုင် တောချိုတောကြားမှာတော့ အတော်ကလေး ကောင်းလှပြီဟု ဆိုရမည်ဖြစ်သည်။ မိတ်ဆွေများ စေတနာရှင်များ၏ ကူညီမှုဖြင့် မွေးရပ်မြေ၌ စာသင်ကျောင်းသစ်ကလေးကို မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်လေ၏။
အမှန်ဆိုရပါမူ ထိုစာသင်ကျောင်းသစ်ကလေး တည်ဆောက်ခြင်းအစီအစဉ်မှာ ကြားဖြတ်ဝင်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ကျွနု်ပ်၏ စိတ်အတွင်း နှစ်ပေါင်းများစွာ သန္ဓေတည်ခဲ့သည်မှာ ဘုရားစေတီတစ်ဆူမှ မရှိသေးသည့် ကျွနု်ပ်တို့တုံးဖလားရွာလေးတွင် ဘုရားတစ်ဆူ တည်ထားကိုးကွယ် ပူဇော်ရန်ပင် ဖြစ်သည်။ သူတို့မသေခင် ဘုရားစေတီလေး ယုတ်စွအဆုံး ထုံးဖြူဖြူစေတီလေး တစ်ဆူလောက်တော့ ရွာမှာ ရှိနေတာကို မြင်သွားချင်ပါသည်ဟု ဆိုလာသည့် လူအချို့လည်း သေရွာသို့ တစ်ဝက် ပါသွားခဲ့ကြလေပြီ။ ထို့ကြောင့် စေတီဘုရားတည်ထားရန်သာ ငွေကြေးနည်းနည်းစီ စုလာခဲ့ပြီး ဆယ်စုနှစ်ခန့် ကျော်လာသည့်ခါ မိတ်ဆွေများ၏ ကူညီမှုဖြင့် သိန်းတစ်ရာ ငွေကြေးလေး လက်ထဲရောက်ရှိလာခဲ့ပါသည်။ ထိုငွေကြေးဖြင့် ဘုရားစေတီတစ်ဆူ တည်ထားနိုင်ပြီဟု ထင်မှတ်ပြီး ရပ်သူရွာသားများကို ဖွင့်ပြောလိုက်သော အခါ........ (ထိုအကြောင်းကို လလိတမုနိစေတီအကြောင်း ရေးရာ၌ အလျဉ်းသင့်သည့်အခါ ထည့်ရေးပါမည်)။
ဘုရားတည်ကြစို့ဟု လူကြီးသူမများကို ဖွင့်ပြောလိုက်သည့်အခါ စာသင်ကျောင်းလဲ တည်ထောင်ချင်တယ် ဘုရားလဲ တည်ထားပူဇော်ချင်တယ် ဟု သူတို့လိုချင်သည့် ဆန္ဒများကို ကျွနု်ပ်အား ဖွင့်ပြော လေတော့သည်။ ဒါဖြင့် စာသင်ကျောင်းဆောက်မှာတော့ ဟုတ်ပါပြီ ကျောင်းတစ်ဆောင် ဖြစ်ဖို့ ပျမ်းမျှနှုန်း ဘယ်လောက်ပမာဏ ငွေကြေးကုန်ကျမလဲ ဆိုတော့ ငွေကြေးအရမ်းကုန်ကျဖို့ မလိုပါဘူး တိုင်ထူ ထရံကပ် သက္ကယ်မိုးလိုက်ရင် လယ်တောတဲသာသာ ကျောင်းတစ်ဆောင်တော့ ဖြစ်နိုင်ပါတယ် ဟု ဆိုကြလေသည်။
စာသင်ကျောင်း တည်ထောင်ချင်သည့် သူတို့ကိုလည်း အပြစ်မဆိုသာ။ ကျွနု်ပ်တို့ တုံးဖလားရွာလေးသည် အိမ်ခြေအလွန်နည်းသည့်အတွက် ရွာနှင့်တစ်မိုင်ခန့်ဝေးသည့် ရွာသာယာရွာသို့သာ မှီခိုနေရလေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကျော်လောက်က တုံးဖလားရွာ၌ ဘုန်းတော်ကြီးကျောင်းပင် မရှိသေးပေ။ ရွာသာယာဘုန်းကြီးကျောင်းကိုသာ ကိုးကွယ်ရလေ၏။ ထိုအခါကာလ၌ ထိုနယ်တစ်ဝိုက် ဘုန်းတော်ကြီးကျောင်းကို အုတ်တိုက်ကျောင်းအဖြစ် အပြိုင်အဆိုင် ဆောက်နေကြသည့် အချိန် ဖြစ်လေသည်။ ထိုသို့ အုတ်တိုက်ကျောင်းဆောက်နိုင်ရန်အတွက် တစ်အိမ်ဘယ်လောက် စသဖြင့် ပထမအရစ် ဒုတိယအရစ် စသဖြင့် အရစ်ပေါင်းစုံ ကောက်ခံလေ၏။ ရွာသာယာရွာက တစ်အိမ် တစ်ထောင်ဆိုလျှင် တုံးဖလားကလဲ တစ်အိမ်တစ်ထောင် ထည့်ရလေ၏။ သို့သော် ထိုကျောင်း နာမည်ပေါက်သည်မှာ ရွာသာယာကျောင်းဟုသာ ပေါက်လေ၏။
လုပ်အားငွေအားဖြင့် ခြစ်ချုပ်လုပ်နေရသည့် တုံးဖလားရွာသားများ ပင်ပန်းလာပြီး သူတို့စိတ်ထဲ အကြံတစ်ခု ပေါ်လာခဲ့လေသည်။ ထိုအကြံမှာ ငွေကြေးကုန်ကျတာချင်းအတူတူ ကိုယ့်ရွာကိုယ့်ဘုန်းကြီးကျောင်း တည်ထောင်ကိုးကွယ်ရလျှင် ပိုကောင်းမည် ဟူ၍ ဖြစ်သည်။ ထိုအချိန်က တုံးဖလားရွာ၌ အိမ်ခြေ ၂၇ အိမ်သာ ရှိလေသည်။ ထိုအချိန်မှစတင်ပြီး ဘုန်းတော်ကြီးကျောင်းကို စတင်ဆောက်လုပ်လာခဲ့ရာ နှစ်ပေါင်း ၂၀ လောက်ကြာမှ အပြီးသတ်နိုင်ခဲ့လေသည်။ ဆင်းရဲကြသည်ကိုး။
ယခုလည်း ထိုရွာသာယာရွာတွင် နဂိုမူလစာသင်ကျောင်းကို တိုးချဲ့ဆောက်လုပ်ပြန်လေပြီ။ ထိုအတွက် တုံးဖလားရွာသားတွေလဲ တစ်အိမ်ဘယ်လောက် စသဖြင့် ပထမအရစ် ဒုတိယအရစ် အသီးသီး ထည့်ဝင်ပြီးကြလေပြီ။ တတိယအရစ်ကိုပင်လျှင် အချို့တစ်ဝက် ထည့်ပြီးလေပြီ။ ထိုအခါ၌ အထက်ပါ ဘုန်းတော်ကြီးကျောင်း တည်ထောင်ခဲ့သည့် ပုံစံအတိုင်း တုံးဖလားရွာသားတွေ စိတ်ထဲ အကြံပေါ်လာကြပြန်လေပြီ။ ကိုယ့်ရွာကိုယ့်စာသင်ကျောင်း ဖြစ်မြောက်အောင် ဆောင်ရွက်ကြစို့ ဆိုသည့် အကြံပင် ဖြစ်သည်။
ထိုအစီအစဉ်နှင့် ကျွနု်ပ်၏ ဘုရားတည်ခြင်း လုပ်ငန်း ပက်ပင်းတိုးလေပြီ။
ဆန္ဒပြင်းပြ၍ စာသင်ကျောင်းတည်ထောင်ချင်ကြသော်လည်း သေချာမေးမြန်းကြည့်လိုက်သောအခါ ငွေကြေး အခြေအနေအရ လယ်တောတဲသာသာ နွားတင်းကုတ်သာသာ စာသင်ကျောင်းပုံစံမျိုးလေး တည်ဆောက်မည်ဟု သိရလေသည်။ ဟုတ်ပေမပေါ့။ အိမ်ခြေ ၃၈ အိမ်။ တစ်အိမ် ငါးသောင်းနှုန်းဖြင့် ကျပ်သိန်းနှစ်ဆယ်ဝန်းကျင်ခန့်မျှဖြင့် စာသင်ကျောင်းတစ်ဆောင် ဖြစ်အောင် လုပ်ကြမည် ဆိုသကိုး။ ထိုပုံစံမျိုး ဆောက်ပြီးလျှင် အုတ်ကာ သွပ်မိုးကျောင်းလေးဖြစ်ဖို့ စောင့်ပေဦးတော့ နောက်ထပ် နှစ်ပေါင်း ၂၀။
ထိုကဲ့သို့ နွားတင်းကုတ်သာသာ စာသင်ကျောင်းမျိုးကို ကျွနု်ပ်မနှစ်မြို့ပေ။ ယုတ်စွအဆုံး စာသင်ကျောင်း တစ်ဆောင်လုံး မပြီးနိုင်သည်ဘဲ ထားဦး။ စာသင်ကျောင်းပုံစံဆွဲပြီး ဖောင်ဒေးရှင်းလိုင်းကို အခိုင်အမာ ချထားနိုင်လျှင် နှစ်အနည်းငယ်အတွင်း တဖြည်းဖြည်းချင်း အုတ်တက်၍ အဆင်ပြေနိုင်သည် မဟုတ်ပါလား။ အကာကိုထရံကာ အမိုးကို သက္ကယ်မိုး။ တိုးတိုးပြီး ဆောက်လုပ်လျှင် ငါးနှစ်ငါးမိုးအတွင်း အုတ်ကာသွပ်မိုး စာသင်ကျောင်းလေး မွေးဖွားပေးနိုင်တန်သည် မဟုတ်လော။
သို့နှင့် ရွာသားတွေကို အစည်းအဝေးခေါ်ပြီး အုတ်မြစ်ချတာနှင့် ကျောင်းပုံစံ အကြမ်းပေါ်တဲ့အထိ ကျနော်တာဝန်ယူမယ် စာသင်ကျောင်းပုံစံကို သေချာဆွဲပြီးသာ ဆောက်ကြပေတော့။ အုတ်တက်တာ သွပ်မိုးတာကိုတော့ ရှေ့နှစ်တွေ ရှေ့နှစ်တွေမှ ဖြည်းဖြည်းလုပ်ကြတာပေါ့.. ဟု အကြံပေးပြီး ဘုရားတည်ခြင်း လုပ်ငန်းကို ခဏမျိုချထားလိုက်ပြီး စာသင်ကျောင်းဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၄ခုနှစ် မတ်ခ်ျလမှာ စတင်ခဲ့ပါသည်။
တုံးဖလားရွာသားတွေ ကံကောင်းပါသည်။ ထိုစာသင်ကျောင်းအကြောင်းကို ဒေသအသီးသီးမှ ကျွနု်ပ်၏ မိတ်ဆွေများအား ဖွင့်ပြောပြလိုက်သည့်အခါ ၀မ်းသာအားရစွာဖြင့် ငွေကြေးအလှူအား ပညာဒါနအဖြစ် တတတ်တအား ပါဝင်ကြလေသည်။ သို့နှင့် တဆင့်တိုးပြီး သွပ်မိုးနိုင်သည့် အဆင့်ပင် ရောက်လာခဲ့ပါသည်။ အုတ်အခံစာသင်ကျောင်း အပေါ်က သွပ်မိုး နံရံအကာကတော့ ၀ါးထရံ။ လအနည်းငယ်အတွင်း တစ်ဝက်လောက် အောင်မြင်သွားခဲ့သည်။ ကျည်းဘောင်ခွေပြီး အုတ်တက်ရုံလောက်သာ လိုတော့သည်။ ရှိစေတော့ ကျည်းဘောင်ခွေ အုတ်တက်တာကိုတော့ ရှေ့နှစ်တွေမှာမှ အဆင်ချောလျှင် လုပ်ကြတာပေါ့။
ငွေကြေးမတတ်နိုင်သည့်ရွာပီပီ လုပ်အားပေးခြင်းဖြင့်သာ သူတို့၏ ဆန္ဒကို ဖော်ထုတ်ကြလေသည်။ နေ့နေ့ညည တစ်အိမ်တစ်ယောက်ဆိုပြီး ဆင့်ခေါ်လိုက်လျှင် မညီးမညူ လုပ်အား လာပေးကြသည်။ သူတို့ တတ်နိုင်သည်က လုပ်အားဘဲ မဟုတ်လား။ သူတို့ကပြောသည်။ ရပ်ရွာကောင်းကျိုးဆို လုပ်အား ကြိုက်သလောက်တောင်းပါ။ အချိန်မရွေးဘဲ.. တဲ့။
သူတို့ကံကောင်းကြပါသည်။
တစ်နေ့ စာရေးအရမ်းကောင်းသည့် မေဓာဝီခေါ် မေနန္ဒာနဲ့ စကားစမြည်ပြောဖြစ်၏။ သူသည် အင်္ဂလန်ကနေပြန်သွားပြီး ရန်ကုန်ရှိ May International School ၌ ဦးစီးဦးဆောင် လုပ်ကိုင်နေလေ၏။ အလ္လာပသလ္လာပပြောရင်း တုံးဖလားစာသင်ကျောင်း ဆောက်လုပ်နေကြောင်း ပြောပြမိသည့်အခါ ဘာတွေလိုအပ်သေးလဲ အလှူပါဝင်ချင်ပါတယ်ဟု ဆိုလေ၏။ သူ၏ ရင်တွင်းကိန်းအောင်းနေသည့် စေတနာမျိုးစေ့လေးအား ရေစဉ်ရေပေါက်ဖျန်းပေးလိုက်ဘိသကဲ့သို့ ဖြစ်လေ၏။ အကျိုးအကြောင်းပြောပြလိုက်သည့်အခါ သူ့အမနဲ့ တိုင်ပင်ပြီး လှူမည်ဟု ၀မ်းသာစွာ ဆိုလာလေ၏။ ကျွနု်ပ်သည်လည်း ၀မ်းသာမဆုံး တပြုံးပြုံးပင်တည်း။
သူ၏ အမနှင့်တိုင်ပင်ပြီးသည့်အခါ ကျောင်းတစ်ဆောင်လုံးပြီးဖို့ ဘယ်လောက် ထပ်လိုသေးလဲ စာရင်းလုပ်ပြီး ပြောပြပါ။ ကျောင်းတစ်ဆောင်လုံး ပြီးစီးအောင်မြင်အောင် ဖြည့်စည်းပေးမယ်ဟု ၀မ်းသာအယ်လဲ ပြောလေ၏။ ကျွနု်ပ်သည်လည်း ငုတ်တုတ်ထိုင်ရာကနေ အပေါ်ပျံတက်သွားသည့်နှယ် ဟာကနဲဟိုက်ကနဲ ပီတိတွေ ဖြာနေလေတော့၏။
တောချိုတောကြားက စာသင်ကျောင်းဆိုတော့ မျက်နှာကျက် လုပ်စရာမလို။ အောက်ခံ သမံတလင်းလဲ ဒီလောက် အရေးမကြီး။ မြေဖို့ပြီး သေချာညှိထားလျှင် သမံတလင်းအလား ကောင်းပါသည်။ အဓိက လိုအပ်နေတာက ကျည်းဘောင်ခွေပြီး အုတ်တက်ဖို့ တံခါးတွေ အသီးသီးလုပ်ဖို့။ ထိုအတွက် ကုန်ကျစရိတ်တွက်ကြည့်လိုက်သည့်အခါ ကျပ် သုံးဆယ့်ငါးသိန်းလောက် လိုအပ်နေကြောင်း အဖြေပေါ်လာ၏။ ချက်ချင်းပင် ထို ၃၅ သိန်းအား ကျွနု်ပ်၏ ညီတော်မောင် ဦးပဇင်းအား သူတို့၏ အိမ်ဂေဟာသို့ ပင့်ဖိတ်ကာ ရေစက်ချ လှူဒါန်းလေတော့၏။ သာဓု သာဓု သာဓုပါ မေဓာဝီ။
ထပ်ပြီး ကံကောင်းသည်မှာ ထိုတုံးဖလားရွာ စာသင်ကျောင်းဝင်းအတွင်း သုံးရေ သောက်ရေအတွက် ရေလှောင်ကန် ရေစုပ်မော်တာ ရေပိုက်စသဖြင့် ရေအလှူလှူမည့် စေတနာရှင် ပေါ်လာခြင်းပင် ဖြစ်လေ၏။ စာသင်ကျောင်းသည် တောင်ကမူထိပ်တွင် တည်ရှိသည့်အတွက် ရေရရှိရန် ခက်ခဲမှု ရှိလေသည်။ ထို့ကြောင့် အ၀ီစိတွင်းတူးပြီး ရေစုပ်မော်တာဖြင့် စုပ်တင်ရမည် ဖြစ်လေ၏။
ထို့ပြင် ဆရာဆရာမများနှင့် ကျောင်းသူကျောင်းများ အားလုံးအတွက် ကျောင်းဝတ်စုံများနှင့် တစ်နှစ်စာပတ်လုံး စာအုပ်စာတမ်းဖိုး အလှူရှင်များလည်း ပေါ်ပေါက်လာခဲ့ပါသည်။ ကံကောင်းလေစွ။
ထိုကဲ့သို့ မိတ်ဆွေကောင်းများ စေတနာရှင်များ၏ အကူအညီများဖြင့် ၂၀၁၄ မတ်ခ်ျလက စတင် ဆောက်လုပ်ခဲ့ရာ ၂၀၁၅ ဖေဖော်ဝါရီလ၌ တုံးဖလားရွာ ကိုယ်ထူကိုယ်ထ စေတနာရှင်များ၏ စာသင်ကျောင်းလေး ရုပ်လုံးပေါ် ပြီးစီးအောင်မြင်ခြင်းသို့ ရောက်ခဲ့လေတော့၏။ စေတနာရှင်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ အေးမြကြည်လင်ပြီး ကျန်းမာချမ်းသာကြပါစေ။
တစ်ခုတော့ တောင်းပန်လိုပါသည်။
တုံးဖလားရွာလေးသည် တောင်သူယာလုပ် ဓါးမခုတ်များ ဖြစ်ကြသည့်အားလျှော်စွာ မိုးတွင်းကာလ၌ ကောက်စိုက်ပျိုးနှုတ်ခြင်းများဖြင့်လည်းကောင်း ဆောင်းကာလ၌ စပါးရိတ် တလင်းနှယ် အလုပ်များဖြင့် လည်းကောင်း ပြည့်နှက်နေသည့်အတွက် စာသင်ကျောင်းဆောက်လုပ်ခြင်းကိစ္စများ အနည်းငယ် ကြန့်ကြာခဲ့ရပါသည်။ ထို့ပြင် သစ်သားခွဲသားများ စိုနေသေးသည့်အတွက် ခြောက်ပြီး အသားသေသည်ထိ စောင့်နေရသောကြောင့်လည်း စာသင်ကျောင်း ဆောက်လုပ်ခြင်း နှောင့်နှေးခဲ့ရပါသည်။ အချိန်နဲ့တပြေးညီ ဖေ့စ်ဘုတ်ပေါ် တင်ပေးချင်သော်လည်း တုံဖလားရွာနဲ့ အင်တာနက်က မိုးနှင့်မြေပမာ ဝေးကွာလှသောကြောင့်လည်း မှတ်တမ်းဓါတ်ပုံများ ရရှိနိုင်ရန် အလွန်ခဲယဉ်းခဲ့ပါသည်။ ထိုအတွက် တောင်းပန်ပါသည်။ (ယခုတော့ ဓါတ်ပုံတစ်ပုံ အီးမေးလ်က ပို့လျှင် သုံးရာကျပ်နှုန်းဖြင့် တုံးဖလားရွာနဲ့ မိုင်နှစ်ဆယ်ခန့်ဝေးကွာသည့် ကောလင်းမြို့လေး၌ ၀န်ဆောင်မှုပေးနေပြီဟု သိရလေ၏)။
မည်သို့ပင်ဆိုစေကာမူ မိတ်ဆွေများ စေတနာရှင်များ၏ မစဖေးမမှုဖြင့် အိပ်မက်ပင် မမက်ဖူးခဲ့သည့် တုံးဖလားရွာစာသင်ကျောင်းလေး တစ်နှစ်အတွင်း နတ်တို့ဖန်တီးပေးခဲ့သည့်အလား ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့် တုံးဖလားရွာတောင်ကုန်းထက်၌ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်လေ၏။ လေအနှော့မှာ အသော့လေးသော့နေသည့် နိုင်ငံတော် အလံလေးသည်လည်း ကုန်းကမူအထက်မှာ တဖျတ်ဖျတ်လူးကာ လှချင်တိုင်းလှ ၀င့်ချင်တိုင်းဝင့်နေပြီး တုံးဖလားရွာလေးအား တိုးတက်ရာလမ်းသို့ ရှေးရှုခေါ်ဆောင်နေသယောင် ဖြစ်နေလေတော့သတည်း။ ။
...
အမှတ်ရတိုင်း မိမိလှူခဲ့သည့် အလှူအား သာဓုထပ်ခေါ်ပြီး ကုသိုလ်ထပ်ပွါးနိုင်ရန်အတွက် တုံးဖလားရွာ စာသင်ကျောင်းဖြစ်မြောက်ရေးအကျိုးဆောင်အဖွဲ့ ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ လက်မှတ်တို့ကို ရယူပြီး ဂုဏ်ပြုလွှာလေးများ စီမံထားပါသည်။ အလှူရှင်များ https://www.facebook.com/ilovetonebalar?fref=ufi၌ ဒေါင်းလုပ်ဆွဲယူပြီး ကုသိုလ်ပွါးနိုင်ပါကြောင်း မေတ္တာပြုပြီး အသိပေးအပ်ပါသည်။ လိုဂိုနှင့်ဂုဏ်ပြုလွှာမှတ်တမ်းဒီဇိုဝ်းလေးအား မငြီးမငြူ စေတနာထား ဖန်တီးပေးခဲ့သည့် ဂျစ်တူး (မုံရွာ) အားလည်း အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။
....
ထိုတုံးဖလားရွာ စာသင်ကျောင်း၏ စေတနာရှင်များမှာ အောက်ပါအတိုင်းဖြစ်လေသည်။
၁။ အရှင်ဇနက (သန္တိသုခ၀ိဟာရ)၊ လန်ဒန်။ စတာလင်ပေါင်ငွေ ၅၀၀ (၈သိန်းကျပ်) (လွှဲပြီး)
၂ ။ ကိုကိုမောင် (ပန်းရနံ့) နှင့် မိတ်ဆွေများမှ မတည်ငွေ စတာလင်ပေါင်ငွေ မြန်မာကျပ်ငွေ ၂၀၇၀၀၀၀ (သိန်းနှစ်ဆယ်နှင့်ခုနစ်သောင်း)ကျပ်တိတိ + ၁၆၀၀၀၀၀ (ဆယ့်ခြောက်သိန်း= စုစုပေါင်း ၃၆၇၀၀၀၀ (သုံးဆယ့်ခြောက်သိန်း ခုနစ်သောင်း) (လွှဲပြီး)
၃ ။ ကိုဝေလင်းထွန်း+မစုစု၊ လန်ဒန်။ စတာလင်ပေါင်ငွေ ၅၀၀ (၈သိန်းကျပ်) (လွှဲပြီး)
၎ ။အနန္တောအနန္တ မိဘနှစ်ပါးဖြစ်သော ဦးတင့်ဆွေ+ဒေါ်ဆွေဆွေလှတို့အား အမှူးထား၍ ....
Daw Wah Wah Tint Swe (Managing Director)
Savoiemyanmar (Travels & Tours Co.Ltd)
Yangon, Myanmar...
မှ မြန်မာကျပ်ငွေ ၁၃၀၀၀၀၀ (တစ်ဆယ့်သုံးသိန်းကျပ်)တိတိ (လွှဲပြီး)
၅ ။တုံးဖလားရွာသူရွာသားများအလှူ မြန်မာကျပ်ငွေ ၂၀၀၀၀၀၀ (သိန်းနှစ်ဆယ်) တိတိ (ပြီး)
၆။ အမေရိကန်နိုင်ငံရောက် မိဘနှစ်ပါးအား အမှူးထား၍ ရန်ကုန်မြို့ ဗဟန်းမြို့နယ်May International School (MIS)မှ ဦးဥာဏ်ဇော်ထွန်း + ဒေါ်မေယုလှိုင် နှင့် ဒေါ်မေနန္ဒာ (May Nandar) သားလေးကစ်ကစ်တို့မှ မြန်မာကျပ်ငွေ ၃၅၀၀၀၀၀ (သုံးဆယ့်ငါးသိန်း)တိတိ (လွှဲပြီး)
၇။ နှစ်ဘက်သော မိဘများအား အမှူးထား၍.. ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း၊ လန်ဒန်တို့မှ အ၀ီစိတွင်း ရေမှုတ်စက် ရေကန် ရေပိုက်သည့် အလှူအတွက် ပဏာမ အလှူငွေ... စတာလင်ပေါင် ၅၀၀ (မြန်မာကျပ်ငွေဖြင့် ရှစ်သိန်းကျပ်) တိတိ။ (လွှဲပြီး)
၈ ။ နှစ်ဘက်သော မိဘများအား အမှူးထား၍ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း သားလေး Arthur WIN
Soe (လန်ဒန်) တို့က စာသင်ကျောင်းဖြစ်မြောက်ရေးအတွက် အလှူငွေ စတာလင်ပေါင် ၅၀ (ငါးဆယ်ပေါင်) တိတိ။
၉ ။ လန်ဒန်မြို့၊ မနန်းမိုဟောင် စတာလင်ပေါင် ၃၀ (ပေါင်သုံးဆယ်) တိတိ။
၂ ။ ကိုကိုမောင် (ပန်းရနံ့) နှင့် မိတ်ဆွေများမှ မတည်ငွေ စတာလင်ပေါင်ငွေ မြန်မာကျပ်ငွေ ၂၀၇၀၀၀၀ (သိန်းနှစ်ဆယ်နှင့်ခုနစ်သောင်း)ကျပ်တိတိ + ၁၆၀၀၀၀၀ (ဆယ့်ခြောက်သိန်း= စုစုပေါင်း ၃၆၇၀၀၀၀ (သုံးဆယ့်ခြောက်သိန်း ခုနစ်သောင်း) (လွှဲပြီး)
၃ ။ ကိုဝေလင်းထွန်း+မစုစု၊ လန်ဒန်။ စတာလင်ပေါင်ငွေ ၅၀၀ (၈သိန်းကျပ်) (လွှဲပြီး)
၎ ။အနန္တောအနန္တ မိဘနှစ်ပါးဖြစ်သော ဦးတင့်ဆွေ+ဒေါ်ဆွေဆွေလှတို့အား အမှူးထား၍ ....
Daw Wah Wah Tint Swe (Managing Director)
Savoiemyanmar (Travels & Tours Co.Ltd)
Yangon, Myanmar...
မှ မြန်မာကျပ်ငွေ ၁၃၀၀၀၀၀ (တစ်ဆယ့်သုံးသိန်းကျပ်)တိတိ (လွှဲပြီး)
၅ ။တုံးဖလားရွာသူရွာသားများအလှူ မြန်မာကျပ်ငွေ ၂၀၀၀၀၀၀ (သိန်းနှစ်ဆယ်) တိတိ (ပြီး)
၆။ အမေရိကန်နိုင်ငံရောက် မိဘနှစ်ပါးအား အမှူးထား၍ ရန်ကုန်မြို့ ဗဟန်းမြို့နယ်May International School (MIS)မှ ဦးဥာဏ်ဇော်ထွန်း + ဒေါ်မေယုလှိုင် နှင့် ဒေါ်မေနန္ဒာ (May Nandar) သားလေးကစ်ကစ်တို့မှ မြန်မာကျပ်ငွေ ၃၅၀၀၀၀၀ (သုံးဆယ့်ငါးသိန်း)တိတိ (လွှဲပြီး)
၇။ နှစ်ဘက်သော မိဘများအား အမှူးထား၍.. ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း၊ လန်ဒန်တို့မှ အ၀ီစိတွင်း ရေမှုတ်စက် ရေကန် ရေပိုက်သည့် အလှူအတွက် ပဏာမ အလှူငွေ... စတာလင်ပေါင် ၅၀၀ (မြန်မာကျပ်ငွေဖြင့် ရှစ်သိန်းကျပ်) တိတိ။ (လွှဲပြီး)
၈ ။ နှစ်ဘက်သော မိဘများအား အမှူးထား၍ ကိုကျော်ခိုင်စိုး+မနွယ်နီဝင
၉ ။ လန်ဒန်မြို့၊ မနန်းမိုဟောင် စတာလင်ပေါင် ၃၀ (ပေါင်သုံးဆယ်) တိတိ။
၁၀။ အရှင်ဇနက (သန္တိသုခ၀ိဟာ)၊ လန်ဒန် ။ ကျပ် ၁၀၀၀၀၀ (တစ်သိန်း) ကျပ် (ကျောင်းဝတ်စုံနှင့် စာအုပ်စာတမ်းဖို့ အလှူ) (လွှဲပြီး)
၁၁။ ကွယ်လွန်မိဘနှစ်ပါးဖြစ်သော ခမည်းတော်ကြီးဦးကျော်လှိုင်+မယ်တော်ကြီးဒေါ်ပွဲရင်၊ တုံးဖလားရွာ။ ၉၈၈၅၀ (ကိုးသောင်းရှစ်ထောင်ရှစ်ရာ့ငါးဆယ်) ကျပ် (ပြီး)
၁၂။ ကိုဝေလင်းထွန်း+မစုစု၊ လန်ဒန်တို့က စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် တုံးဖလားရွာ၌ စတင်ဖွင့်လှစ်သည့် စာသင်ကျောင်းမှ ဆရာဆရာမ ကျောင်းသားကျောင်းသူများ အားလုံးအတွက် ကျောင်းဝတ်စုံတစ်စုံစီနှင့် တစ်နှစ်စာ စာအုပ်စာတမ်းအလှူ စတာလင်ပေါင် ၂၀၀ (ပေါင်နှစ်ရာ)တိတိ။
၁၃။ ဆရာမဒေါ်ကြည်ကြည်အေး May International School (ရန်ကုန်)။ ၂၀၁၅/၂၀၁၆ ပညာသင်နှစ်အတွက် စာအုပ်စာတမ်းအလှူ ယူရိုငွေ ၅၀ (ငါးဆယ်) တိတိ (လွှဲပြီး)
၁၁။ ကွယ်လွန်မိဘနှစ်ပါးဖြစ်သော ခမည်းတော်ကြီးဦးကျော်လှိုင်+မယ်တော်ကြီးဒေါ်ပွဲရင်၊ တုံးဖလားရွာ။ ၉၈၈၅၀ (ကိုးသောင်းရှစ်ထောင်ရှစ်ရာ့ငါးဆယ်) ကျပ် (ပြီး)
၁၂။ ကိုဝေလင်းထွန်း+မစုစု၊ လန်ဒန်တို့က စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် တုံးဖလားရွာ၌ စတင်ဖွင့်လှစ်သည့် စာသင်ကျောင်းမှ ဆရာဆရာမ ကျောင်းသားကျောင်းသူများ အားလုံးအတွက် ကျောင်းဝတ်စုံတစ်စုံစီနှင့် တစ်နှစ်စာ စာအုပ်စာတမ်းအလှူ စတာလင်ပေါင် ၂၀၀ (ပေါင်နှစ်ရာ)တိတိ။
၁၃။ ဆရာမဒေါ်ကြည်ကြည်အေး May International School (ရန်ကုန်)။ ၂၀၁၅/၂၀၁၆ ပညာသင်နှစ်အတွက် စာအုပ်စာတမ်းအလှူ ယူရိုငွေ ၅၀ (ငါးဆယ်) တိတိ (လွှဲပြီး)
မှတ်တမ်း
သူကြီးမင်း (တုံးဖလား)
၀၂/၀၃၊၂၀၁၅ တနင်္လာနေ့
.
Subscribe to:
Posts (Atom)



