Wednesday, 28 May 2014

ကဗျာဖွဲ့တေးသီ




ကောင်းကင်ပြာ
တိမ်လွှာဆိုင်းပါလို့
ညိုပြာမှိုင်း ၀တ်ရည်။

တေးသီဖော်
ငှက်တော် ရိုင်းရယ်က
ကိုင်းကူးလို့ ကြည်။ 

ဖြူလွှာလွှာ
မာလာပွင့်ပါလို့
ပနာသင့် သွေးညီ။

ဖန်ခါခါ
ရူပါဆင့်လို့ရယ်
ကဗျာနှင့် တေးသီ။


Thursday, 1 May 2014

အမှိုက်ပစ်ခြင်း အတတ်ပညာ

ကျွန်ုပ်၌ မိတ်ဆွေများများမရှိ။ 
လက်ချိုးရေတွက်ကြည့်မိ၏။---ဆယ်ယောက်ပင်မပြည့်။ သို့သော် ဖြေသာသလို ဖြေလိုက်၏။ လူနဲ ရန်စဲဟူ၍။

မှတ်မှတ်ရရ မိတ်ဆွေ စုံတွဲ သုံးတွဲရှိ၏။ 
လင်မယားဟုတ်လျှက် လင်မယားမဟုတ်သော စုံတွဲ။ လင်မယားမဟုတ်ဘဲလျှက် လင်မယားဟုတ်သော စုံတွဲ။ ပြီးတော့ လင်မယားဟုတ်လျှက် လင်မယားဟုတ်သောစုံတွဲ။ 

စုံတွဲချင်းတူ၏။ 
သို့သော် စုံတွဲ ဖြစ်ပုံချင်းကွာ၏။ သို့သော် စုံတွဲတိုင်းလုပ်ပုံချင်းတစ်ခုတော့ တူ၏။ အမှိုက်ပစ်ခြင်းပင်တည်း။ တစ်တွဲစီလာလဲ အမှိုက်ပစ်၏။ နှစ်တွဲတူလာလဲ အမှိုက်ပစ်၏။ သုံးတွဲလုံးအတူတူလာလဲ အမှိုက်ပစ်၏။ သူတို့အမှိုက်ပစ်ရာ အမှိုက်ပုံးကား သူကြီးမင်း။ သူတို့ ပစ်လေ့ရှိသော အမှိုက်တို့ကား လောဘအမှိုက်၊ ဒေါသအမှိုက်၊ မောဟအမှိုက်။ ရှင်းရှင်းဆိုရသော် သမ္ဖပ္ပလာပ အမှိုက်တို့ပင်တည်း။

ရှင်းဦးအံ့။
ပထမစုံတွဲကား ချစ်လို့ကြိုက်လို့ ယူခဲ့ကြသည့် စုံတွဲမဟုတ်။ ချစ်ကြိုက်သည်ထင်၍ ယူခဲ့ကြခြင်းမျှသာ ဖြစ်၏။ အသို့ဆိုသော် အချစ်ကို အဘယ်အရာများက လှည့်စားခဲ့သနည်း။ အဖြေကား ရှင်း၏။ လင်း၏။ တိကျ၏။ ပြတ်သား၏။ အချစ်ကို လှည့်စားသည့်အရာကား အထင်ကြီးခြင်း။ အမျိုးသမီးက အမျိုးသား၏ ပညာကို အထင်ကြီးခြင်း။ အမျိုးသားက အမျိုးသမီး၏ အလှကို အထင်ကြီးခြင်း။

ထိုအထင်ကြီးခြင်းများ အငွေ့ပြန်သွားသောအခါ အချစ်တွေ ခန်းသွား၏။ မေတ္တာတွေ ခြောက်သွား၏။ ဖီလင်တွေ ငုတ်သွား၏။ မီးနှင့်လောင်စာတွေ့လည်း ထမတောက်နိုင်တော့ပြီ။ လင်ချစ်မယားချစ်များ ကြက်ပျောက်ငှက်ပျောက်။ ထို့ကြောင့် လင်မယားတွေဟုတ်လျှက် လင်မယား မဟုတ်ကြတော့။

ဒုတိယစုံတွဲကား။
မောင်နှမဟုဆို၏။ ပတ်ဝန်းကျင်က ဆိုသည်တော့ ဘင်္ဂလား မောင်နှမဟူလို။ အချင်းချင်း အသက် ကွာလှ၏။ ဆယ်စုနှစ် နှစ်ခုထက်မက ကွာ၏။ ထိုမောင်နှမကား တစ်အိမ်ထဲ အတူတူနေ၏။ တစ်ခန်းထဲ အတူတူနေ၏။ တစ်ကုတင်ထဲ အတူတူအိပ်၏။ တစ်အိမ်သာထဲ အတူတူသုံး၏။ ထိုသို့ အတူတူ နေကြသော်လည်း သူတို့ကို သူတို့တော့ လူပျိုကြီး အပျိုကြီး။ သို့သော် လင်မယား ဟုတ်နေပြန်၏။

တတိယစုံတွဲကား။
အမျိုးသားက စာပို့ဋ္ဌာန၌ အလုပ်လုပ်၏။  ညဘက်အလုပ်ဖြစ်၏။ တစ်ညလုံး လုပ်ရ၏။ အမျိုးသမီးက ဆူရှိဆိုင်၌ အလုပ်လုပ်၏။  နေ့ဘက် အလုပ်ဖြစ်၏။ တစ်နေ့လုံး လုပ်ရ၏။ အမျိုးသားက အလုပ်က အပြန်။ အမျိုးသမီးကို အလုပ်သွားဖို့ထွက်။ အမျိုးသမီးက အလုပ်က အပြန်။ အမျိုးသားက အလုပ်သွားဖို့ထွက်။ အတူတူ ဆုံတွေ့ချိန် နည်းပါးလှ၏။ သို့သော် ယခုအချိန်၌ ကလေးတစ်ယောက်အပြင် ဗိုက်ကတစ်လုံး။

ဆိုရပါမူ။
သူကြီးမင်းဆီသို့ ပထမစုံတွဲ လာသောအခါ ဒုတိယနှင့်တတိယစုံတွဲတို့အကြောင်း မောင်းထု၏။ ဟိုနှစ်ယောက်က မောင်နှမလို့သာ ပြောတယ်။ လင်မယားပင် ဖြစ်ကြောင်း။ အတူတူနေကြကြောင်း။ သူတို့ ခန္ဓာကိုယ်ကို ကြည့်ရင် အသိသာကြီးဖြစ်ကြောင်း။ ဟိုနှစ်ယောက်ကတော့ နေ့အလုပ်သမနှင့် ညအလုပ်သမားပင် ဖြစ်သော်လည်း နှစ်တိုအတွင်းလေးမှာတောင် ကလေးတစ်ယောက်နဲ့ တစ်ဗိုက်ပင် ရှိနေကြောင်း၊ နှစ်ယောက်လုံးများ အလုပ်အကိုင်မရှိခဲ့ရင် ကလေး တစ်ဒါဇင်ချီနေနိုင်လောက်ကြောင်း စသဖြင့် စသဖြင့် အတင်းတုတ်လေ့ရှိ၏။

ဒုတိယစုံတွဲ လာသောအခါ၌လည်း အခြားစုံတွဲနှစ်တွဲတို့အကြောင်း အစပျိုး၏။ သူတို့နှစ်ယောက်က လင်မယားပင်ဖြစ်သော်လည်း အတူတူ မနေကြကြောင်း။ ယောက်ျားက ဘယ်လို ဆိုးခဲ့၍ မိန်းမက အခုလို ဖြစ်သွားကြောင်း။ သူတို့က ချစ်၍ ယူခဲ့သည်မဟုတ်ဘဲ ဂုဏ်မက်၍ ယူခဲ့ကြသည်ဖြစ်ကြောင်း။ အခုဆိုရင် တစ်အိမ်ထဲ အတူနေကြပေမဲ့ အချင်းချင်း ရန်သူတွေ ဖြစ်နေကြကြောင်း။ ဟို နှစ်ယောက်ကလဲ နေ့အလုပ်နှင့်ညအလုပ် ကွဲပြားနေကြသော်လည်း ကလေးတွေတော့ တပြွတ်ပြွတ်မွေးသည့် စုံတွဲဖြစ်ကြောင်း။ စသဖြင့် စုံလင်စွာ မြိန်ယှက်စွာ လေပွါးလေ့ရှိ၏။

ထို့အတူ တတိယစုံတွဲ လာသောအခါ၌လည်း ပထမစုံတွဲ၏ အားနည်းချက်၊ ဒုတိယစုံတွဲ၏ ဖြစ်စဉ်တို့အား တစ်ထောင့်တစ်ည ပြောမဆုံး ဖြစ်လေ့ရှိ၏။ 

ထို့အတူပင် စုံတွဲနှစ်တွဲ အတူလာသောအခါ အခြားစုံတွဲ တစ်တွဲအကြောင်းပြော၏။ သုံးတွဲလုံး လာသောအခါ၌မူ လိုင်းပြောင်းသွားလေ့ရှိ၏။ ရွှေပြည်ကြီးအကြောင်း။ ဒီမိုကရေစီအကြောင်း။ မျိုးချစ်သူများ အကြောင်း။ မျိုးမချစ်သူများအကြောင်း။ နွားနို့သောက်၊ ပါးရိုက်၊ ကျည်ဆန်လွတ် မည့်အကြောင်း။ ဟိုအဘိုးကြီးအကြောင်း။ ဒီအဘွားကြီးအကြောင်း။ ဟိုလူကြီးအကြောင်း။ ဒီဘုန်းကြီးအကြောင်း။ အမေရိကားနှင့် ရုရှားတို့ကြောင့် တတိယကမ္ဘာစစ်ဖြစ်လျှင် ရွှေမြန်မာအချို့ ရုရှားဘက်ဝင်မည့်အကြောင်း၊ အချို့ အမေရိကားဘက်ဝင်မည့်အကြောင်း၊ အချို့ ဘယ်ဘက်ကိုမှ မ၀င်မည့်အကြောင်း စုံလင်စွာ စုံလင်စွာ သူကြီးမင်းထံ အမှိုက်ပစ်ကြလေတော့၏။ 

သင်တို့စုထားသမျှ အမှိုက်သရိုက်များ သူကြီးမင်းထံ လာပစ်ကြလော့ ဟု ဖိတ်ခေါ်ထားသယောင်ယောင်ပင်ဖြစ်၏။ နာမည်မကြီးသည့် လိုးပရိုဖိုင်ဖြစ်သည့် သူကြီးမင်းထံ၌ပင် ထိုကဲ့သို့ အမှိုက်လာပစ်ကြလျှင် နာမည်ကြီးလေ အမှိုက်ပုံးကြီးလေ ဖြစ်မည်မှာ သေချာလှ၏။ 

ထို့ကြောင့် နာမည်မကြီးချင်ကြဖို့ ပြောလို၏။ နာမည်ကြီးလျှင် အကုသိုလ်တို့ကို မျှဝေယူရလေ့ရှိ၏။ အသင်တို့ နာမည်ကြီးအောင် ကြိုးစားကြပါလျှင် အသင်တို့ထံ အမှိုက်သရိုက်လှိုင်းတံများ တိုးပွါးစွာ ရောက်ရှိလာမည်မလွဲ။ နာမည်ကြီးခြင်းကို မလွန်ဆန်နိုင်ပါမူ အမှိုက်ထဲက ရွှေရှာ။  ရီဆိုင်ကယ်လုပ်ပြီး အသုံးဝင်အောင် ပြုလုပ်ဖို့သာ လိုတော့၏။ အသို့ဆိုစေကာမူ နာမည်မကြီးသေးသည့် မထင်မရှား သူကြီးမင်းပေါက်စ၏ အမှိုက်ပုံးကိုတော့ ဟို စုံတွဲ သုံးတွဲ အမှိုက်လာပစ်ကြမြဲပင် ဖြစ်လေ၏။

သို့သော်...သို့သော်။
သူကြီးမင်းသည်လည်း ခေသူမဟုတ်။ ဒီနေ့ အလုပ်သမားနေ့ဖြစ်၏။ အလုပ်သမား နေ့ပီပီ အလုပ် တစ်ခု လုပ်လိုက်၏။ ထိုအလုပ်သည်ကား ထိုစုံတွဲသုံးတွဲထံမှ ရရှိသော အမှိုက်နှင့် ထိုထိုဤဤ လူတို့ထံမှ လက်ခံရရှိသော အမှိုက်တို့ကို သူကြီးမင်းထံ လာလည်ပတ်သူများဆီသို့ ထပ်ဆင့် ပစ်ချလိုက်ခြင်းပင် ဖြစ်ပေတော့၏။ အမှိုက်ထဲက ရတနာကို ရှာယူကြကုန်လော့။  ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
သူကြီးမင်း (တုံးဖလား)

.

 .

Tuesday, 1 April 2014

သူကြီးမင်း ဘကုန်းရွာမှ အနားယူတော့မည်

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာမှ ရာသီဥတုက မှုန်သုန်သုန်။ အရပ်ကိုးခွင်လုံး မြူ မှုန်တွေဆိုင်းပြီး အုံ့တုံ့တုံ့ မှိုင်းသိုင်းသိုင်း။ သူကြီးမင်းရဲ့ ဆုံးဖြတ်လတ္တံ့ဖြစ်တဲ့ သန္နိဋ္ဌာန်ကိုများ ၀မ်းနည်းရိပ်သန်းလေသလား မသိ။ စံတော်ချိန်သုံးမျိုးကို အချိန်နဲ့တပြေးညီသိဖို့ ချိတ်ဆွဲထားတဲ့ အခန်းထဲက တိုင်ကပ်နာရီ သုံးလုံးကလဲ ဒီရက်တွင်မှ ဂျောက်ဂျက်အသံ ပိုမြည်လာသလိုလို။ ရင်ကွဲဝမ်းနည်းသံလေများလား။ အောက်ထပ်ကို နားစွင့်ကြည့်လိုက်တော့ အဘိုးအိုရဲ့ တရားရွတ်ဖတ်သံက ခပ်သဲ့သဲ့ ထိုးဖောက်ဝင်ရောက်လျှက်။ သဗ္ဗေ ဓမ္မာ အနတ္တာ ဆိုလား။ ဘာဆိုလဲ။

အချိန်ရခိုက် သူကြီးမင်းကိုယ်တိုင် နေ့စဉ်ပြုလုပ်နေကျဖြစ်တဲ့ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ခဏတဖြုတ် အရဟံပွားများခြင်းအမှုတို့က ဒီနေ့မှာမှ ထူးဆန်းစွာ အနှောင့်အယှက်ပေါ်လာလေပြီ။ အရဟံ အရဟံ အရဟံ။ ဂြီ ဂြီ ဂြီ။ ကၽြလိ ကၽြလိ ကၽြလိ။ တရားမှတ်ရင်း ဗိုက်ထဲက သဘာဝတရားက လက်ယပ်ခေါ်ချေပြီတကား။ ဒါဆို သေချာပြီ။ အရဟံကို ဟတ်ဖ်တိုင်းပေးပြီး အိမ်သာသို့ ခပ်သုတ်သုတ် နှင်ရချေတော့မည်။ သို့နှင့် အိမ်သာသို့အသွား အလည်ရောက်နေသည့် သူငယ်ချင်း နဂါးနီတစ်ယောက် အင်တာနက်ရုတာအနား ကျလိကျလိ လုပ်နေသည်ကို တွေ့ရလေ၏။ ဘာ လုပ်နေတာတုန်းဆိုတော့ အင်တာနက် လိုင်းပြတ်နေလို့ ရီစတာ့ချကြည့်နေတာတဲ့။ ဒါပေမဲ့ မထူးပါဘူးတဲ့။ အင်း ဒီအတိုင်းဆို ဒီနေ့ အင်တာနက်ရဖို့ လမ်းမမြင်တော့။ အင်္ဂလန်မှာ ဆိုပေမဲ့ အင်တာနက် ပြဿ     နာက တခါတလေမှာ အခုလိုဘဲ အနိစ္စ ဒုက္ခ အနတ္တ။

အင်တာနက် မရတာချင်းအတူတူ အပြင်သွားရအောင်တဲ့။ ဟ.. နေဦးဟ.. ငါ့ အရဟံလေးကို အရေးပေါ် ဘရိတ်ခ်ပေးပြီး သဘာဝတရား ခေါ်သံနောက် လိုက်ဖို့ အခန်းထဲက ထွက်လာတာ။ အိမ်သာထဲ ခဏ၀င်လိုက်ဦးမယ်။ ပြီးရင် အရဟံအတွက် လက်ကျန်တာဝန်ကို ထမ်းဆောင်ရဦးမှာ ဆိုတော့။ အော်...ဂလိုလား....မင်းကတော့ လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းချည်းဘဲဆိုပြီး သူ့အိပ်ယာထဲ သွားကွေးနေလေရဲ့။ တော်ပါသေးရဲ့ သူကွေးနေတုန်း အင်တာနက် လိုင်းလေး ပြန်တက်လာလို့။

အိမ်သာကအပြန် အရဟံလဲအပြီး အရေးပေါ် သင်္ခါရအကြောင်းတစ်ခုကြောင့် ရွှေမြန်မာသို့ ရက်ပေါင်းနှစ်ဆယ်အတွင်း အသွားအပြန် လူးလာခေါက်တုံ့ လုပ်ခဲ့သည်ကို ပြန်စဉ်းစားမိပြီး ငိုချင်သလိုလို ရယ်ချင်သလိုလို တစ်ခုခုဘဲ ထလုပ်ချင်စိတ်ပေါက်လာသလိုလို ဘာမှမလုပ်ချင်တဲ့စိတ်ဘဲ ပေါ်လာသလိုလိုနဲ့ စိတ်တွေက ကစဥ့်ကလျား။ အေပရယ်ဖူးနဲ့အတူ ရူးများရူးချင်လေသလား။ အင်း... ရူးသွားရင်လဲ အကောင်းသား။ လောကမှာ စိတ်အချမ်းသာဆုံးလူက အရူးဘဲတဲ့။ ဟုတ်လောက်တယ်။ တွေ့ရာစား တွေ့ရာအိပ် တွေ့ရာသောက် တွေ့ရာမှောက်။ အရူးတစ်ယောက်လောက် ထပ်တိုးပေးလိုက်စမ်းပါ လောကကြီး။

အမေများနေ့က အသိမိတ်ဆွေမိသားစုတစ်ခုက ဟော့ပေါ့လုပ်စားမလို့ ကြွမြန်းခဲ့ပါဆိုလို့ သူကြီးမင်း သွားစားဖြစ်ခဲ့တယ်။ ဟော့ပေါ့ကလဲ ခပ်ကောင်းကောင်း။ ရေနွေးကြမ်းကလဲ ခပ်ဖောင်းဖောင်း။ ဘာတဲ့။ လူကို ပျော်ရွှင်စေတဲ့ ရေနွေးကြမ်းဆိုဘဲ။ ထူးဆန်းလေစွ မယ်ဒသ။ သူကြီးမင်း သောက်ကြည့်ပါဆိုလို့ တစ်ငုံလောက်ဘဲ သောက်မိတယ် ရှိသေး။ ကိုင်းကြည့်... သူကြီးမင်းမျက်နှာ ပြုံးယောင်သန်းနေပြီ။ အဲဒါ ရေနွေးကြမ်းရဲ့အစွမ်းဘဲတဲ့။ နောက်တစ်ငုံ ထပ်သောက်လိုက်တယ်။ သူတို့မိသားစု အားလုံးက... သူကြီးမင်းတစ်ယောက် ရယ်ချင်လာပြီ.. ရယ်တော့မယ်... ရယ်တော့မယ်...ကြည့်ကြည့်..ဆိုပြီး သူကြီးမင်းမျက်နှာကို စိုက်ကြည့်နေကြလေရဲ့။ သူကြီးမင်းလဲ ရှက်ကိုးရှက်ကန်းနဲ့.. ဟဲ ဟဲ ဟဲ ဟီး ဟီး ဟီး ဟား ဟား ဟား တွေဖြစ်လို့။ ကဲ.. မပြောဘူးလား.... လူကို ပျော်ရွှင်စေတဲ့ ရေနွေးကြမ်းပါဆိုတဲ့။ လုပ်ပုံက လုပ်ပုံက။.. ဒါနဲ့...ဗူးခွံမှာ အီးလို ရေးထားတာလေး ဖတ်ကြည့်လိုက်တော့ အင်နာဂျိုက်ဇင်းတီး ဆိုလားဘဲ။

အိမ်အပြန်မှာလဲ လက်ဆောင်တစ်ခု ပေးခဲ့သေးတယ်။ အိပ်ပျော်စေတတ်တဲ့ ရေနွေးကြမ်းတဲ့။ ဖြစ်ရပြန်ပြီ။ ညအိပ်ခါနီး ရေနွေးကြမ်းသောက်ရင် အိပ်မပျော်ဖြစ်တတ်တာက သဘာဝမဟုတ်လား။ အခုတော့ အိပ်ပျော်စေတတ်တဲ့ ရေနွေးကြမ်းတဲ့။ ဟုတ်မှလဲ လုပ်ကြပါ ကွယ်တို့ရယ်။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ညဘက်ရောက်တော့ သူငယ်ချင်းနဂါးနီက အိပ်ပျော်စေတတ်တဲ့ ရေနွေးကြမ်းလေး သောက်ကြည့်ရအောင်ဆိုလို့ အတူတူ သောက်ဖြစ်ကြတယ်။ တစ်ငုံလောက်သောက်ပြီး... ၀ါးးးးး တဲ့။ နဂါးနီလုပ်ပုံ။ နောက် တစ်ငုံ ထပ်သောက်ကြည့်တယ်။ ထပ် ၀ါးးးးး ပြန်ရော။ နဂါးနီရာ မင့်ဟာက ရေနွေးကြမ်းအစွမ်းကြောင့်တော့ ဟုတ်ပုံမရပါဘူး။ တစ်နေ့လုံး ဒုံးချာစိုင်းခဲ့တဲ့အတွက် မောပန်းလာလို့ စောစောအိပ်ချင်တာဘဲရှိမယ်ဆိုတော့ ဟုတ်လောက်ဘူးဟ။ ရေနွေးကြမ်းအစွမ်းဘဲ ရှိမယ်တဲ့။ ဒီလိုနဲ့ ည ၁၂ လောက်မှာ အိပ်ရာဝင်ဖြစ်ကြတယ်။ သူက တစ်ခန်း၊ သူကြီးမင်းက တစ်ခန်း။

မနက်မိုးလင်းတော့ သူကြီးမင်းက ဘရိတ်ဖာ့စ်စားပြီး ကော်ဖီတောင် သောက်ပြီးနေပြီ သူက ခေါကောင်းနေတုန်း။ ဒါဆို ရေနွေးကြမ်း အစွမ်း အံ့မခန်းဘဲပေါ့။ ချီးကျူးလို့မှ မဆုံးခင် မျက်နှာမှုန်သုန်သုန်နဲ့ နဂါးနီတစ်ယောက် သူ့အခန်းထဲက ထွက်လာတယ်။ ဘယ်လိုတုန်း... အိပ်လို့ဇိမ်ကျတယ်မဟုတ်လား။ ရေနွေးကြမ်း အစွမ်းနဲ့လေဆိုတော့.... ငါလခွမ်းမှဘဲ တစ်ညလုံး အိပ်မရဘူး။ မျက်စိကြောင်နေတယ်တဲ့။ ကဲ အဲဒီလောက်ထိ စွမ်းတဲ့ ရေနွေးကြမ်း။ ဗူးခွံက  စာဖတ်ကြည့်လိုက်တော့ ရီးလက်ဇင်းတီးဆိုလားဘဲ။

ရာသီဥတုက မှိုင်းမှိုင်းမှုန်မှုန် ဖြစ်နေတဲ့အတွက် အိမ်အောက်ထပ်က အဘိုးအိုတစ်ယောက် ထဖောက်လာတယ်။ မောင်ရင်ရေ... အခုလို မှုန်ဆိုင်းဆိုင်းဖြစ်တိုင်း ငါ ဟိမ၀န္တာတောင်ကို သတိရမိတယ်။ ဟိမ၀န္တာတစ်တောင်လုံးလဲ အခုလိုဘဲ မှုန်ဆိုင်းဆိုင်းတွေချည်းရယ်။ ငါ နီပေါမှာ သွားနေစဉ်တုန်းက အဲဒီ ဟိမ၀န္တာတောင်ခြေနားမှာ သွားနေခဲ့တာလေ။ အဲဒီ ဟိမ၀န္တာတောင်တက်လမ်းမှာ တိဗက်ဘုန်းတော်ကြီးတစ်ကျောင်းရှိတယ်။ အကြီးကြီးဘဲ။ ဘုရားဖူးတွေလဲ လာလိုက်သမှ တပုံတပင်။ တောင်တက်လမ်းဆိုပေမဲ့ တနေ့ကို ဘုရားဖူးကား အစီး သုံးလေးဆယ်လောက် တက်နေကြ။ တောင်တက်က ခပ်ကြမ်းကြမ်း။ ကားအမောင်းက ခပ်ရမ်းရမ်း။ 

ပြောရဦးမယ် မောင်ရင်ရေ.... အဲဒီ ဟိမ၀န္တာတောင်ခြေမှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိတယ်။ မြန်မာဘုန်းကြီးကျောင်းဘဲ။ အဲဒီကျောင်းမှာ မြန်မာဘုန်းကြီးအိုကြီးတစ်ပါးရှိတယ်။ သူက နေ့စဉ် သပိတ်တစ်လုံးပိုက်ပြီး အဲဒီတောင်ပေါ်ကို တက်နေကြတဲ့။ ဆွမ်းခံထွက်တာလား အဘိုးဆိုတော့ ဟုတ်ဖူး ဇာဝီတွေ မူလီတွေ ၀က်အူတွေ လိုက်ကောက်တာလေ တဲ့။ အမ်... ဘာလုပ်ဖို့လဲ အဘိုးဆိုတော့.. အဲဒီတောင်ပေါ်တက်တဲ့ ကားတွေကနေ မကြာမကြာ အဲဒီလို သံတိုသံစတွေ ပြုတ်ကျလေ့ရှိတယ်လေ။ လမ်းက ကြမ်းတာကိုး။ အဲဒီ ကောက်ရတဲ့ ဇာဝီစတဲ့ သံတိုသံစတွေ ဈေးထဲက ကုလားဆိုင်တွေမှာ သွားရောင်းတာလေ။ အမ်... နေ့တိုင်း အဲဒီ သံတိုသံစတွေကို ကောက်ရနိုင်သလား အဘိုးဆိုတော့။ မင်းကလဲ လျော့တွက်နေသေးတယ်။ တစ်ရက်ကို ဆယ့်ငါးကျပ် နှစ်ဆယ်ကတော့ အသာလေးဘဲကွ။ ကားတွေကဟောင်း ဒရိုက်ဘာကမောင်းဆိုတော့ ဂလိုဘဲ အဲဒီဘုန်းကြီး န၀ကမ္မရှာရလွယ်ကူတော့တာပေါ့ကွာ။ ဟား ဟား ဟား။

အဘိုးအိုကတော့ ရိုးရှင်းစွာ ရယ်လို့ မောလို့။ အပူအပင်ကင်းမဲ့တဲ့ အဘိုးအိုကိုတောင် အားကျမိသလိုလို။ သို့သော် အပူပေါင်းများစွာဖြင့် ရွှေပြည်ကြီးမှ ပြန်ရောက်လာသည့်နောက်ပိုင်း သူကြီးမင်းစိတ်သည်လဲ အင်္ဂလန်ရာသီဥတုကဲ့သို့ ထုံထုံထိုင်းထိုင်း မှုန်မှုန်မှိုင်းမှိုင်း။ အကျိုးမရှိစွာ ကုန်ဆုံးခဲ့သော အချိန်တို့ကို၎င်း အကျိုးရှိစွာ မကုန်ဆုံးခဲ့သော အချိန်တို့ကို၎င်း နှမြောတသဖြစ်ကာ ဘာကို အလိုမကျသည် မသိသော အလိုမကျမှုများစွာဖြင့် နေ့တဓူဝ အူတူတူ ဖြစ်နေလေတော့၏။ 

လွှင့်ပစ်လိုက်ပြီးသော ခဲလုံး၊ ပြောလိုက်ပြီးသော စကား၊ မလုပ်ဖြစ်ခဲ့သော အလုပ်၊ ကုန်ဆုံးခဲ့ပြီးသော အချိန်။ ထိုအရာတို့ကို ဘယ်သောအခါမှ ပြန်ပြင်၍ မရတဲ့။ ပညာရှင်ကြီးတွေ ဆိုထားခဲ့တာ။ ဒါဆို သူကြီးမင်းကကော ဘာတွေ လုပ်ခဲ့ပြီးပြီလဲ။ ဘာတွေ ထပ်လုပ်ဦးမှာလဲ။ ကိုယ်အား ဥာဏ်အား စိတ်အား စာအားဖြင့် ဘာတွေ အကျိုးရှိရှိ လုပ်ဆောင်ခဲ့ပြီးပြီလဲ။ ဘာမှ မယ်မယ်ရရ လက်ဆုပ်လက်ကိုင် ပြစရာ မရှိ။ ခြောက်နှစ်ခန့် ရေးသားခဲ့သော ဘလော့ပို့စ်ပေါင်း ၇၀၀ ခန့်အား ပြန်လည် ဆန်းစစ်ကြည့်လိုက်တော့လဲ အရည်မရ အဖတ်မရ။ သုတမဟုတ်။ ရသမဟုတ်။ ဘာသာရေးမဟုတ်။ ပညာရေးမဟုတ်။ ခပ်စုပ်စုပ် ခပ်နှုပ်နှုပ်များဖြင့်သာ ပြည့်နှက်နေလေ၏။

ဘကုန်းရွာမှ တချို့ မိတ်ဆွေများဆီ သွားလည်ကြည့်လိုက်တော့ သူတို့ရေးထားတာကမှ တကယ့် အမှန်အကန်တွေချည်း။ ပို့စ်တစ်ခုပြီးတိုင်း မက်ဆေ့ခ်ျတစ်ခုခုတော့ ကျန်စမြဲ။ သုတ ရသ ကဗျာ လင်္ကာ ဟာသ။ တကယ့်ကို ပီပီပြင်ပြင်။ ဒါဆို သူကြီးမင်း ကိုယ့်ဖာသာကိုယ် နားလည်ဖို့ သင့်ပြီ။ ခပ်စုပ်စုပ် အတွေး အရေးတွေကို ကျောခိုင်းပြီး သူတို့လို အဆင့်မြင့်မြင့်ရေးမလား။ ဒါမှ မဟုတ် ဘကုန်းရွာကနေ ထာဝရ အနားယူမလား။

ရွှေပြည်ကြီးမှ တိုးတိုးတိတ်တိတ် ပြန်ရောက်လာပြီး နောက်ပိုင်း စာရေးချင်စိတ်လဲ မရှိတော့။ စာဖတ်ပြန်တော့လဲ ဖီလင်က သိပ်မလာ။ ဟိုဟာ လုပ်ရနိုး ဒီဟာ လုပ်ရနိုးဖြင့် လူကလဲ နိုး..နိုး..နိုး တွေချည်း ဖြစ်နေလေပြီ။ သို့တိုင်အောင် လူက ပေါကြောင်ကြောင်နေချင်တုန်း။ သို့သော် အချိန်ကတော့ ပေါကြောင်မနေ။ သူ့အလုပ်သူလုပ်ပြီး သူကြီးမင်းရဲ့ အချို့သောမိတ်ဆွေများ ဆရာသမားများ ကျေးဇူးရှင်များ အသိအကျွမ်းများအား တမလွန်သို့ ခေါ်ဆောင်သွားလေပြီ။ 

သူကြီးမင်းတစ်ယောက် တောင်တွေး မြောက်တွေးဖြင့် အိပ်ရာက တရေးနိုးလာသလိုလို ပုံစံ ဖြစ်နေလေ၏။ တစ်ခုခု လုပ်ဖို့အတွက် တစ်ခုခု စွန့်ရပေတော့မည်။ ဂိုဋ်စွန့်မလား တိုက်စွန့်မလားဆိုတဲ့ ကြခတ်ဝိုင်းကျောင်းတိုက်စည်းကမ်းကို နှစ်သက်လာမိသလိုလို။ ပဲခူးကြခတ်ဝိုင်းကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်ကြတဲ့ သံဃာတော်များ အတွင်းခံအင်္ကျီ (အံသကိုဋ်) ၀တ်ခွင့်မရှိဘူးလို့ ဆိုတယ်။ အဲဒီ အံသကိုဋ် ၀တ်တဲ့ သံဃာဆို ကျောင်းတိုက်က နှင်ထုတ်လေ့ရှိတယ်တဲ့။ ဒါကြောင့် ဂိုဋ်စွန့်မလား တိုက်စွန့်မလားဆိုတဲ့ စကားပုံ ပေါ်လာတာတဲ့။ အခုလဲ သူကြီးမင်း စဉ်းစားခန်း ၀င်နေရလေပြီ။ ခပ်ပေါပေါ ခပ်ပေါ့ပေါ့ အပြုအမူနဲ့ ရောပြွမ်းနေတဲ့ ကိုယ်ပိုင်ဘကုန်းရွာလေးကို စွန့်မလား။ အနှစ်သာရရှိရှိ အပြုအမူတွေကို ကျောခိုင်းမလား။ 

အားနာစွာနဲ့ဘဲ ဒီနေ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ၆ နှစ်ကျော်ကျော် ပေါကြောင်လာခဲ့တဲ့ ဘကုန်းရွာလေးကိုဘဲ ကျောခိုင်းတော့မယ် လို့။ ထွက်လာတဲ့ အဖြေကို ပြန်စဉ်းစားကြည့်တယ်။ ငါ တကယ်ရော လုပ်နိုင်မှာတဲ့လား ဆိုပြီးတော့။ သို့သော် ဆုံးဖြတ်ပြီးပြီမို့ ဘကုန်းရွာလေးမှ အနားယူခြင်းကို ပြန်မပြင်လိုတော့ပြီ။ ထို့ကြောင့် ဘကုန်းရွာသူ ရွာသားများနှင့် ဘကုန်းသို့ အလည်ရောက်လာကြသော ဧည့်သည်တော်များ အားလုံး မင်္ဂလာကျက်သရေ ရွှမ်းဝေနိုင်ကြပါစေ ဟူ၍သာ။  ။

"""အေပရယ်ဖူးးးးးးးးးးးး"""

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.

Monday, 10 March 2014

သိကြောက်ကမှ ပိုကြောက်ရ၏

"ရဟန်းတွေက ဒကာဒကာမတွေလှူတဲ့ ပစ္စည်းလေးပါးကို ခံစားစံစားပြီး စည်းစိမ်ယစ်နေကြတာ"

ထိုစကားကို ပြောခဲ့သူတစ်ယောက်ရှိ၏။ ထိုသူသည် အသောကမင်းကြီး၏ ညီတော်တစ်ယောက် ဖြစ်၏။ တိဿဟု အမည်ရှိ၏။ ရတနာသုံးပါး၌ လုံးဝကြည်ညိုပြီးသော အသောကမင်းကြီးသည် ညီတော်တိဿအား ထိုကဲ့သို့ မပြောရန် တားမြစ်၏။ သို့သော် သူကား ပြောမြဲ။ ထို့ကြောင့် အသောကမင်းကြီးသည် ညီတော်တိဿအား သူပိုင်ဆိုင်သည့် မင်းစည်းစိမ်အားလုံးအား ခုနစ်ရက်တိတိ လွှဲပြောင်း ပေးအပ်လေ၏။ ကြိုက်သလောက်စား ကြိုက်သလောက်ကစား ကြိုက်သလောက်ပျော် ကြိုက်သလောက် မော်။ သို့သော် ရှင်ဘုရင်ကြီးညီတော်တိဿတစ်ယောက် ကစား အစား အပျော် အမော် ဘာတစ်ခုမှ မလုပ်နိုင်ပေ။ စားမ၀င်အိပ်မပျော် တနုံနုံသာ ဖြစ်နေလေတော့၏။ အဘယ့်ကြောင့်ဆိုသော် သူ နန်းစည်းစိမ် ခုနစ်ရက်တိတိ ခံစားပြီးလျှင် သူ့အား သေဒဏ်ပေးထားပြီးသောကြောင့် ဖြစ်၏။

"မှတ်ထား တိဿ။ ခုနှစ်ရက်လွန်ရင် အသတ်ခံရမှန်းသိတော့ သေမဲ့ဘေးကို ကြိုတင်သိမြင်နေတဲ့အတွက် မင်း ဘာမှ ခံစားစံစားချင်စိတ် မရှိတော့ဘူးမဟုတ်လား။ ရဟန်းတွေ သုံးဆောင်နေတဲ့ ပစ္စည်းလေးပါးဆိုတာ မင်းစည်းစိမ်နဲ့ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်ပါဘူး။ ကြိုတင် သိမြင်နေတဲ့ သေဘေးကြောင့် ဒီလောက် စည်းစိမ်အပြည့်ဖြစ်တဲ့ မင်းစည်းစိမ်ကြီးကို မင်း သုံးဆောင်ခံစားလိုစိတ်မရှိသလိုဘဲ ရဟန်းတော်တို့ဟာလဲ အသတ်ခံရတာထက် ပိုဆိုးဝါးတဲ့ သံသရာဒုက္ခ အပါယ်ဒုက္ခစတဲ့ ဒုက္ခပေါင်းစုံကို တရားသံဝေဂနဲ့ ကြောက်လန့်ပြီး နေ့စဉ် ဆင်ခြင်နေကြတဲ့အတွက် အဲဒီပစ္စည်းလေးပါးကို ဘယ်လိုလုပ် သုံးဆောင်ပြီး စည်းစိမ်ယစ်နိုင်ကြတော့မှာတုန်း"

အသောကတို့ ညီနောင်မှတ်တမ်းထဲမှ ဇာတ်ကွက်တစ်ကွက်ဖြစ်၏။ ထိုဇာတ်ကွက်ထဲက တိဿမင်းသားတစ်ယောက် မင်းစည်းစိမ်ကို ခံစားလိုစိတ်မရှိသည်မှာ ကြိုတင်သိမြင်နေတဲ့ အကြောက်တရားကြောင့်သာ ဖြစ်လေ၏။ အကယ်၍ သူ့အား ခုနစ်ရက်လွန်ရင် သတ်မည့်အကြောင်း ကြိုတင်မပြောဘဲ ခုနစ်ရက်တိတိ မင်းစည်းစိမ်ပေးငြားအံ့။ ထို တိဿမင်းသား ပျော်လိုက်မည့်ဖြစ်ခြင်း။ ခုနစ်ရက်ပြည့်ရင် သတ်ပစ်မှာချင်းအတူတူ သတ်မှာကို ကြိုတင်မသိရှိခြင်းနှင့် ကြိုတင်သိရှိခြင်းတို့၏ ကွာခြားမှုမှာ အသိသာကြီးပင်ဖြစ်၏။ ကြိုသိလျှင်ကြောက် ကြိုမသိလျှင် မကြောက်ဟု ဆိုရမည်သာ ဖြစ်ပေ၏။

လူအပါအ၀င် သတ္တ၀ါမှန်လျှင် မွေးပြီးကထဲက သေဖို့ဖန်လာပြီးသား ဖြစ်၏။ သို့သော် ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုသေခြင်းမျိုးဖြင့် သေရမည်ကိုကား သိဖို့ ခက်လေ၏။ ထို့ကြောင့် သေခြင်းတရားကို ဘေးဖယ်ထားပြီး အပျော်အပါးဖြင့် အချိန်ကုန်ကြခြင်း ဖြစ်လေ၏။ စာရေးဆရာမတစ်ယောက် ပြောသလို... မောင့်ကိုလဲ ကျေးဇူးတင်တယ်၊ ကျမကိုကျမလဲ ကျေးဇူးတင်တယ်၊ တဏှာကိုလဲ ကျေးဇူးတယ်... ဟူသော ပျော်ငွေ့ဖွဲ့သည့် ကာရန်တို့သည် မရဏဘေးကို ကြိုတင်မသိသူတို့၏ အပျော်အပါးမျှသာလျှင် ဖြစ်လေ၏။ အကယ်၍ မနက်ဖန်သေမည် သန်ဖက်ခါသေမည်ဟု တပ်အပ်သိလျှင်မူ လူတို့သည် များသောအားဖြင့်  ကြောက်ဒူးတုန်ပြီး ချွေးစေးများ ပြန်နေမည်မှာ သေချာလှပေ၏။

ကြောက်ခြင်းဟူရာ၌ ချစ်ခြင်းကြောင့် ကြောက်ရသည်လည်းရှိ၏။ (ပိယတော ဇာယတေ သောကော)။ ကြောက်ခြင်းကြောင့် ကြောက်ရသည်လည်း ရှိ၏။  (Only Thing We Have To Fear Is Fear Itself {Franklin D. Roosevelt})။ ချစ်ခြင်းကြောင့် ကြောက်ရသည်ဆိုရာ၌ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုလျှင် ထိုချစ်ရသူအတွက် ဘေးအမျိုးမျိုး ရန်အမျိုးမျိုး ရောဂါအမျိုးမျိုး ဖြစ်ပွါးမှာ တွေးတွေးပြီး စိုးရိမ်ပူပန်ရ၏။ ပူပန်မှုမှတဆင့် ကြောက်လန့်ခြင်းသို့ ကူးပြောင်းလေ၏။ လူတိုင်း မိမိကိုယ်ကို မိမိအချစ်ဆုံး ဖြစ်၏။ ထိုအချစ်ကြောင့်ပင် စိုးရိမ်ပူပန်ကြောက်လန့်ခြင်းများ မကြာခဏ ဖြစ်ပွါးလေ၏။

ကြောက်ခြင်းကြောင့် ကြောက်လန့်ခြင်းဆိုသည်မှာ အကြောက်တရားကြီးစိုးနေသူအဖို့ အမြဲတမ်း ကြောက်လန့်နေတတ်၏။ အမှန်မှာ တွေးတွေးပြီး ကြိုကြောက်နေကြခြင်းဖြစ်၏။ ဥပမာ ထမင်းစားရာ၌ ယင်ကောင်တို့၏ အန္တရာယ်မှ ကင်းလွတ်စေရန် ခြင်ထောင်ထောင်၍ စားခြင်း၊ လိုင်ခေါင်းထဲသို့ ၀င်ရောက်ကြည့်ရှုရင်း လိုင်ခေါင်းကြီး ပြိကျလာမှာကို တွေးကြောက်ခြင်း၊ တစ္ဆေခြောက်သည်ဟု နာမည်ကြီးသည့်နေရာသို့ ရောက်လျှင် တစ္ဆေမခြောက်ပါဘဲလျှက် အလိုလို ကြောက်လန့်နေခြင်းစသည်တို့မှာ ကြောက်ခြင်းကြောင့် ကြောက်လန့်ခြင်းဟု ဆိုနိုင်လေ၏။

ရဲရင် မင်းဖြစ်.. ဆိုသကဲ့သို့ ပညာဥစ္စာများအား ရှာဖွေသောအခါ၌ ရဲရဲရင့်ရင့် စိတ်ပါလက်ပါ ရှာဖွေသင့်၏။ ကြောက်ရွံ့မနေသင့်ပေ။ ထို့ကြောင့်ပင် ရှေးဆရာတော်ကြီးများက... ပညာဥစ္စာ၊ ရှာသောခါဝယ်၊ ငါ မသေနိုင်၊ စိတ်အားခိုင်၊ စွဲကိုင်ကြစေမင်း..... ဟု လင်္ကာလေးများဖြင့် အကြောက်တရားကို တော်လှန်ခိုင်းလေ၏။ သို့သော် တရားကျင့်ကြံအားထုတ်သူတို့အတွက်မူ ယနေ့မနက်ဖန် သေမင်းက လာခေါ်တော့မည့်အတိုင်း တရားသံဝေယူပြီး ကျင့်ကြံအားထုတ်ရာ၏။ ဆရာတော်ကြီးများက... တရားရှာလျှင်၊ ငါ့ဆံပင်ကို၊ ဆွဲကိုင်သေမင်း၊ ဇွတ်အတင်းဟု၊ စွဲကိုင်ပြု၊ မှတ်ရှုကြလေမင်း.... ဟူ၍ သံသရာကို ကြောက်တတ်ဖို့ သင်ကြားပေးခဲ့ကြလေ၏။

ထိုကဲ့သို့ မှန်းဆ၍ ကြောက်တတ်ခြင်းကို ကြိုတင်မသိမြင်နိုင်သောအကြောက်တရား ဟု နာမည်ပေးလျှင် ရမည်ထင်၏။ အဘယ့်ကြောင့်ဆိုသော် လက်တွေ့ မကျလို ပုံစံ ဖြစ်နေသောကြောင့်ပင် ဖြစ်၏။ သို့သော် အချို့သော သဘောတရားတို့၌မူ ကြိုသိကြောက်နှင့် ကြိုမသိကြောက်တို့မှာ ဆင်တူတူ ဖြစ်လေ၏။ ဥပမာ သံသာရဒုက္ခကို ကြောက်ခြင်းကိုကြည့်ကြပါစို့။ သံသရာဆင်းရဲကို လူတိုင်းသိသည်။ သို့သော် ဥာဏ်ဖြင့်ရှုမှ အမှန်အကန်သိမည် ဖြစ်၏။ ဥာဏ်မကူသရွေ့ အမှားသိသာ ဖြစ်လေ၏။ လွယ်လွယ်ဆိုရသော် ပါးစပ်ဖြင့် ကြောက်ပြခြင်းသည် ကြိုမသိကြောက်၊ ဥာဏ်ဖြင့်သိ၍ ကြောက်ခြင်းသည် ကြိုသိကြောက်ဟူ၍ အကြမ်းဖျဉ်းယူသော်ရ၏။ ဆင်တူတူ ပုံစံမျိုးတော့ ဖြစ်နေလေ၏။

ထို ကြိုသိကြောက် ကြိုမသိကြောက် နှစ်မျိုးတို့တွင် ကျွန်ုပ်အဖို့မှာ ကြိုသိကြောက်က ပိုပြီး ကြောက်ဖို့ ကောင်းသည်ဟု ထင်မြင်ယူဆမိ၏။ ဥပမာ ဆိုရသော်.. နောက်ထပ် ဆယ်ရက်တိတိ၌ ကြိုးပေးအသတ်ခံရမည့် လူတစ်ယောက်ကို ကြည့်လျှင် ထို လူ ကြောက်လန့်တုန်လှုပ်နေမည်မှာ သေချာလှပေ၏။ ကြိုသိနေသည့်အတွက် ကြောက်လန့်မှု ဖြစ်ပေါ်နေခြင်းဖြစ်၏။ ထိုသို့မဟုတ် လူတစ်ယောက်သည် နောက်ထပ် ဆယ်ရက်တိတိနေ့မှာ ရုတ်တရက် သေဆုံးလိမ့်မည်၊ သို့သော် ထိုကဲ့သို့ သေဆုံးလိမ့်မည်ကို ထိုသူ ကြိုမသိလျှင် ထိုသူသည် ထိုဆယ်ရက်အတွင်း သူ့အသက်အန္တရာယ်နဲ့ ပတ်သက်၍ လုံးဝ ကြောက်လန့်မှု ဖြစ်လိမ့်မည်မဟုတ်ပေ။ ခလုပ်ထိမှ အမိသာ တ နေမည်ဖြစ်လေတော့၏။

ကျွန်ုပ်သည် ကျွန်ုပ်၏ ကျေးဇူးရှင်တစ်ယောက် နာတာရှည်ရောဂါဖြင့် ကွယ်လွန်မည်ကို ကြိုတင် သိနေလေ၏။ အဘယ့်ကြောင့်ဆိုသော် ထိုရောဂါသည် သေစေတတ်သည့် ရောဂါဖြစ်သောကြောင့် ဖြစ်၏။ ထိုကျေးဇူးရှင်တစ်ယောက် သေဆုံးမည်ကို တွေးတွေးပြီး ပူပန်ကာ ကြောက်ရွံ့နေမိလေ၏။ ကျွန်ုပ် ကြောက်လန့်ခဲ့သည့်အတိုင်း ကျွန်ုပ်၏ ထိုကျေးဇူးရှင် သေဆုံးသွားလေ၏။ ယူကြုံးမရ ဖြစ်ရလေခြင်း။ ဒီပို့စ်တက်ချိန်တွင် ကျွန်ုပ်သည် ထိုကျေးဇူးရှင်၏ နောက်ဆုံးခရီးအား ပို့ဆောင်ပေးပြီး တုံးဖလားရွာနှင့် သိပ်မဝေးလှသည့် မြို့လေးတစ်မြို့၌ ရှိနေမည်မှာ သေချာလှပေ၏။ ဘလော့ရွာ စည်းကားဖို့ စည်းရုံးပေးသည့် တီတင့်ကိုလဲ အားနာမိ၏။ ဘလော့ဂါအားလုံးနှင့် စာဖတ်သူများကိုလည်း အားနာမိ၏။ အဘယ့်ကြောင့်ဆိုသော် အများပြည်သူတို့ စာရေးစာဖတ်ကွန်မင့်ပေးနေချိန်တွင် ကျွန်ုပ်သည် ထိုအရာများနှင့် ကင်းကွာပြီး အင်တာနက်မရှိသည့် ဇနပုဒ်၌ နေထိုင်ရသည့်အတွက် စာမဖတ်နိုင် ကွန်မင့်မပေးနိုင် ဖြစ်နေမည် ဖြစ်သောကြောင့် ဖြစ်၏။ ပို့စ်ကို ခပ်ရှည်ရှည် ရေးသားခဲ့ချင်သော်လည်း မနက် လေးနာရီခွဲအထိ မအိပ်ရသေးသောကြောင့် တိုတိုတုတ်တုတ် အဆုံးသတ်ထားခဲ့၏။ နံနက် ၁၁ နာရီ လေဆိပ်သို့ အရောက်သွားရမည် ဖြစ်သောကြောင့်ပင်။  ။

သိကြောက် မသိကြောက်
ထိုနှစ်ကြောက်တွင်
သိကြောက်ကမှ
ပိုကြောက်ရ၏။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု
ကိုကိုမောင် (ပန်းရနံ့)

.

Thursday, 20 February 2014

"တုံးဖလားသူကြီးမင်း အွန်လိုင်းဆုံးမစာ"

 ဘလော့ရပ်ဝန်း၊ လွန်တင့်ထွန်းဖို့၊ တွန်းပို့လင်္ကာ၊ စီရင်ကာဖြင့်၊ ၀နာရပ်မှီး၊ တောမျက်မည်းက၊ သူကြီးကျွန်ုပ်၊ ဖော်ဆောင်ထုတ်၍၊ အဟုတ်အဟတ်၊ ပင့်ဖိတ်အပ်သည်၊ အမတ်ဘုရင်၊ လူရှင်ရဟန်း၊ ကမ္ဘာဝှန်းက၊ ကြွမြန်းလှဲ့ပါ၊ မင်္ဂလာယူ၊ အောင်လံထူပြီး၊ တမူထူးခြား၊ တုံးဖလားရွာ၊ ဌာနေသာမှ၊ မေတ္တာစည်တီး၊ ရင်ဘတ်ကြီးဖြင့်၊ ကောင်းချီးထုတ်ဆောင်၊ ကိုကိုမောင်သည်၊ အောင်ခြင်းယှက်ဖြာ၊ ဘလော့ဂါနှင့်၊ စာလာဖတ်သူ၊ များပြည်သူအား၊ ကြည်ဖြူအထူး၊ မေတ္တာကူးအံ့။  ။
.....

အဆော့ကိုလဲ အာသာမမက်နဲ့။
ဘလော့ကိုလဲ အလာမပျက်နဲ့။

အဆော့ကို အာသာမက်တော့ စိတ်ထွေပြားသမို့ အလှကြွေရတတ်သည်။
ဘလော့ကို အလာပျက်တော့ မိတ်ဆွေရှားသမို့ ဘ၀သေရတတ်သည်။
.....

ခွန်းဆင့်ပေးဖို့လဲ မချဉ်းနဲ့။
ကွန်းမင့်ရေးဖို့လဲ မပျင်းနဲ့။

ခွန်းဆင့်ပေးဖို့ ချဉ်းက များမသိသမို့  အဟော့ပဂေးရှက်ရတတ်သည်။
ကွန်းမင့်ပေးဖို့ ပျင်းက အားမရှိသမို့ ဘလော့အရေးပျက်ရတတ်သည်။
.....

နေ့ဥပုသ်ချည်းလဲ တောင်းမနေနဲ့။
ဖေ့စ်ဘုတ်ချည်းလဲ အောင်းမနေနဲ့။

နေ့ဥပုသ်ချည်းတောင်းတော့ အပျင်းထုံသမို့ ညစ်ညူးသွားရတတ်သည်။
ဖေ့စ်ဘုတ်ချည်းအောင်းတော့ အဆင်းစုံသမို့ ချစ်ရူးသွားရတတ်သည်။
.....

ဟောတိုင်းလဲ မယုံနဲ့။
ပြောတိုင်းလဲ မဖြုံနဲ့။

ဟောတိုင်းယုံတော့  သဒ္ဓါစိတ်မပြည့်သမို့ ရောင်ဆိုးခံရတတ်သည်။
ပြောတိုင်းဖြုံတော့  ဗလာအဆိပ်မရှိသမို့ ချောင်ထိုးခံရတတ်သည်။
....

ပြိုင်စံရှားကိုလဲ အမြင်မနီးနဲ့။
နိုင်ငံခြားကိုလဲ အထင်မကြီးနဲ့။

ပြိုင်စံရှားကို အမြင်နီးက အကောင်းမရှိသမို့ အနှယ်အထောင်းခံရတတ်သည်။
နိုင်ငံခြားကို အထင်ကြီးက အကြောင်းမသိသမို့ အငယ်အနှောင်းကျန်ရတတ်သည်။
.....

အပျိုကြီးကိုလဲ အထင်မသေးနဲ့။
လူပျိုကြီးကိုလဲ အမြင်မဝေးနဲ့။

အပျိုကြီးကို အထင်သေးတော့ ရုပ်အဆင်းလှသမို့ မာန်တက်ခံရတတ်သည်။
လူပျိုကြီးကို အမြင်ဝေးတော့ ကုတ်ကမြင်းဘ၀မို့ ပြန်နှက်ခံရတတ်သည်။
.....

"ရတယ်ရတယ်"ဆိုပြီးလဲ အားနာလို့ မချက်နဲ့။
"လှတယ်လှတယ်"ဆိုပြီးလဲ အားပါလို့ မအက်နဲ့။

"ရတယ်ရတယ်"ဆိုပြီး အားနာချက်တော့  မြင်ကရာအရိုက်များသမို့ မျက်စိမွဲရတတ်သည်။
"လှတယ်လှတယ်"ဆိုပြီး အားပါအက်တော့ ကင်မရာရိုက်စားသမို့ ကွက်တိလွဲရတတ်သည်။
.....

မမြင်ဘဲနဲ့လဲ မဟနဲ့။
မခင်ဘဲနဲ့လဲ မစနဲ့။

 မမြင်ဘဲ ဟတော့  မ၀ံ့မချင့်သမို့ အမဲခံရတတ်သည်။
မခင်ဘဲ စတော့ အခန့်မသင့်သမို့ အဆဲခံရတတ်သည်။
.....

အထာပေးလို့လဲ လက်မသွေးနဲ့။
စာရေးဖို့လဲ လက်မနှေးနဲ့။

အထားပေးလို့ လက်သွေးတော့ မာယာများသမို့ အလျော်ပေးရတတ်သည်။
စာရေးဖို့ လက်နှေးတော့ အလာနားသမို့ အတော်ဆွေးရတတ်သည်။
.....

ဘလော့ကျေးရွာ၊ လွန်သာယာဖို့၊ ကညာပုရိ၊ ပညာရှိနှင့်၊ က၀ိမထေရ်၊ များဝေနေတို့၊ မသွေဖတ်ရန်၊ ထိုသ၀ဏ်အား၊ အားမာန်ခဲကုတ်၊ လွန်အားထုတ်၍၊ ကျွန်ုပ်သူကြီး၊ ရေးသားပြီးသည်၊ ချီးနှီးမဖြစ်၊ လွန်ပြေပြစ်၍၊ ထင်ရစ်ကျန်အောင်၊ အာဂုံဆောင်လော့။ ။း)


သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)


.

Saturday, 8 February 2014

ဘကုန်းရွာမှ ဖဦးထုပ်ချစ်သူများ



သူ (ဘကုန်း) ငိုချင်း ချပြရပါတော့မည်။ ဟိုတုန်းကတော့ ချစ်ပါသည် ကြိုက်ပါသည် မြတ်နိုးပါသည်တဲ့။ ချစ်လွန်းလို့ မအိပ်မနေ အရိပ်တကြည့်ကြည့်နေချင်ပါသည်တဲ့။ စည်းအတန်တန် ရန်အသွယ်သွယ် ကာရံထားသည့် ဆူးခင်း တောလမ်းကို  ခက်ခက်ခဲခဲ ခုန်ကျော် လျှောက်လှမ်းချင်ပါသည်တဲ့။ ချစ်လိုက်သမှ ခုန်နည်းကျော်နည်း နိသျည်းတွေတေင် မှိုလိုပုံလို့။ ချစ်သူထက် သူ့ကို ပိုချစ်ပါသည်တဲ့။ သူငယ်ချင်းထက် သူ့ကို ပိုချစ်ပါသည်တဲ့။ ယုတ်စွအဆုံး မိဘတွေထက်တောင် သူ့ကို ပိုချစ်ပါသည်တဲ့။ တနေ့တနေ့ အရိပ်တကြည့်ကြည့် နေရတာကိုက ကမ္ဘာ့ဧရာမ ဖီလင်ကြီးတမျိုးဘဲတဲ့။ အင်း  အင်း အင်း ဟိုတုန်းကပါလေ။ 

လူတွေကိုက အခက်သား။ ခက်ခက်ခဲခဲလုပ်ရတဲ့အရာကိုမှ ပိုတန်ဖိုးထားတတ်ကြလေသည်ကော။ ဆူးအတန်တန် သံပန်းအချွန်ချွန်တို့နဲ့ ကာရန်ထားတဲ့အတွက် လာဖို့အလွန့်အလွန် ခက်ခဲစဉ်တုန်းကတော့ ကျန်စစ်သားလို လှံထောက်ပြီးများ ခုန်ကျော်လာခဲ့ကြသလားမှတ်တယ်။  စည်လို့ ဝေလို့။ ပျော်လို့ မြူးလို့။ ခုန်လို့ ကလို့။ ကရောဟိ သဘောရှိပေါ့။ ကိုင်း အခုတော့ ကြည့်။ စည်းဝိုင်းတံတိုင်းတွေကို ဖြိုဖျက်ပြီး အတားအဆီးမရှိ စိတ်ကြိုက် ၀င်နိုင်ထွက်နိုင်ပြီလဲဆိုရော ဘသားချောတွေ ဘသမီးချောတွေ လာဖို့ ခြေတွန့်နေကြလေပြီတကား။ အော်.. အနတ္တ အနတ္တ အနတ္တ။ ဒီလို လွယ်လွယ်ရလို့ အလေးမမူတတ်တဲ့ အထာတွေကြောင့် ရှေးခေတ်မြန်မာအမျိုးသမီးတွေ သုံးနှစ်သုံးမျိုးစဉ်းစားပြီးမှ ချစ်သူကို အဖြေပေးကြတာရှိမယ်။  ဘသားချောတို့ ခမျာမှာလဲ သည်းခံပြီး စောင့်ကြပေသပေါ့။ ရှားပါးခေတ်ကိုးဗျ။ အခုခေတ်ဆိုရင်တော့ " မြန်မြန်အဖြေပေးနော်.. ဒီမှာ အခြေအနေ မကောင်းရင် နောက်တစ်ယောက်ဆီ အဖြေသွားတောင်းရဦး"မှာ ဆိုပြီး ပြောမှာ မြင်ယောင်မိသေးရဲ့။ အဲလို ဖြစ်နေလေပြီ။

ကဲ..အခုတော့ဖြင့် ဟိုဘက် ဖဦးထုပ် ရပ်ကွက်မှာ စည်လို့ကားလို့။ ဆူလို့ညံလို့။ ပျော်လို့ရွှင်လို့။ အေးလေ ဒါလဲ အပြစ်ပြောလို့ မရပါဘူး။ ဖဦးထုပ်ရပ်ကွက်မှာ လွယ်လွင့်တကူ အကုန် ရနေတာကိုး။ ဘုရားတရား၊ ကို့ယို့ ကားယား၊ အပစ်အခတ်၊ အညစ်အပတ်။ ရွှတ်ရှက်၊ ဒွတ်ဒက်။ ဘော်ချဲ့။ တော်ဖွဲ့။ စုံလို့ စုံလို့။ ဒီလိုဒီလိုနဲ့ ဟိုတုန်းက ဘယ်သူမှ မမုန်းခဲ့ကြတဲ့ ဘကုန်းရပ်ကွက်မှာတော့ ဘဘုန်းတို့သာ ရှိလေတော့ယောင်တကား။

"ဘကုန်းကိုဘဲ ချစ်တယ်။ ဘကုန်းက သစ္စာရှိတယ်။ ဘကုန်းက သန့်ပြန့်တယ်။ ဟိုဘက် ဖဦးထုပ်တွေက ညစ်ပတ်တယ်။ အတင်းတုတ်ကြတယ်။ မိုက်ရိုင်းတယ်။ မကြိုက်ဘူး။ မုန်းတယ်" အဲဒီလို အဲဒီလို ဘကုန်းအပေါ် အဖြစ်သည်းခဲ့ကြတဲ့ ဆရာ့ဆရာကြီးများလဲ ဖဦးထုပ် ရပ်ကွက်ထဲ စုံးစုံးမြှုပ်ရှာလေပြီ သကော။ အော်.. အနိစ္စ ဒုက္ခ အနတ္တ။ ဘုရားဟော စကားတွေ ကွက်တိ။ ဒက်ထိ။

"ဟယ် မိုက်ရိုင်းလိုက်တာ...။ နှမချင်းမှ မစာနာ။  ဒါမျိုး အညီအဟောက်တွေ အွန်လိုင်း မတင်သင့်ပါဘူး။ ဒါမြန်မာယဉ်ကျေးမှုနဲ့ ဖီလာကန့်လန့်ဘဲ။ ဟိုဖော်ဒီဖော်တွေ အရုပ်ဆိုးလွန်းတယ်။ ဟိုကောင်မက အရှက်ကို မရှိဘူး" ထိုကဲ့သို့ ပြောကြပါသည်။ ဤကဲ့သို့ ဆိုကြပါသည်။ သို့သော် ထိုနေရာဤနေရာများသို့သာ လူအသွားအလာများကြလေ၏။  ယဉ်ကျေးမှုတွေ ဘာသာတရားတွေ အွန်လိုင်းပေါ်မှာ နေသို့လသို့ ထွန်းကားသည့် ခေတ်ပေကိုး။ ပြောချင်ရာ ပြောကြမည်ပေါ့။ လုပ်ချင်ရာ လုပ်ကြမည်ပေါ့။ သွားချင်ရာ သွားကြမည်ပေါ့။

အော်..မေ့နေလို့။ သူတို့ ပြောပြောနေကြတဲ့ မဟာတက္ကသီလာ-ဖဦးထုပ်ရွာထဲမှာ အတတ်ပညာများ ဝေါဟာရဋီကာများ အလွန်ပေါကြွယ်ဝဆိုဘဲ။

"ကွကို။ ကျန်းကျန်း။ မွင်းဂါး။ တိဝူး။ တေဘီ။ တေဂျင်းဇိုး။ မတာမ။ လူရုပ်မာဂျီး။ သွားမယ်ညှော်။ ဟုတ်ပါ့အေ။ မောထှာ။ အာ့ဆို။ အဆင်လေးဘဲ။ အကိတ်ကြီး။ အပုန်းကြီး ။ မြဘူး မြဘူး။ တွားမယ်။ ကျလိ ကျလိ။ ခ် ခ် ခ်"

ဤသို့သော ခေတ်သစ် ၂၁ရာစု ဝေါဟာရတ္ထဒီပနီတွေကြောင့် ဖဦးထုပ်ရွာထဲက အိမ်ပိုင်ရှင်များအား အဖြူအမဲ အလုံး အပြား မလုံးမပြား ခွဲခြားရ ခက်ချေတော့သည်တမုံ့။

"ဒီအတိုင်းဆို မဖြစ်ချေဘူး ဘကုန်းရွာလေး တိမ်ကောတော့မယ်။ ဘကုန်းရွာလေးအတွက် မဲဆွယ်ခရီး မြန်မြန်သွားမှ ဖြစ်တော့မယ်"ဆိုပြီး ဘကုန်းရွာအတွက် အသက်ပေးချစ်ပါသည်ဆိုတဲ့ ဘကုန်းချစ်သူများကလဲ ဘကုန်းပရိုပဂမ်ဒါ လုပ်ဖို့ ဖဦးထုပ် ရပ်ကွက်ထဲသွားရင်း အားလုံး ကာဠုဒါယီတွေ ဖြစ်ကုန်ကြလေရဲ့။ ဖဦးထုပ်ရပ်ကွက်ထဲ စုပ်စုပ်မြှုပ်။ နဲနဲမှ မလှုပ်။ အနည်းငယ်မျှပင် ပြန်မတက်လာကြတော့ပေ။

အဲ. အချို့ဘကုန်းရွာသွားတွေကျတော့ မြင့်ရာသို့ ချီတက်ပြီး ၀လုံးရွာ ရောက်သူရောက်၊ ပစောက်ရွာ ရောက်သူရောက်နဲ့ အတော်လေးတော့ ခရီးပေါက်နေကြသား။ ဒါပေမဲ့ အဲဒီအဆင့်တွေ ရောက်အောင် ဘကုန်းရွာက အတတ်ပညာတွေနဲ့ တွန်းပေးလိုက်တာကိုတော့ မေ့နေကြဟန် တူပါရဲ့။ စပ်မိလို့ ပြောရဦးမယ်။ ဒီအရပ် ဒီဌာနမှာ နာမည်ကြီး ရွာလေးရွာတိတိရှိတယ်။ ပစောက်ရွာ၊ ၀လုံးရွာ၊ ဘကုန်းရွာ၊ ဖဦးထုပ်ရွာဆိုပြီးတော့ပေါ့။ ပစောက်ရွာကျတော့ တမျိုး။ နန်းတော်တွေလို အိမ်ကြီးတွေနဲ့ ခန့်ခန့်ညားညား တည်ဆောက်ထားကြတာ။ ခြံစောင့်တဲလေးတွေက လွဲရင်ပေါ့။ ၀လုံးရွာကတော့ ၀င်ဒါမီယာစတိုင်လ်။ လုံးချင်းအိမ်လေးတွေနဲ့ ငြိမ့်လို့သိမ့်လို့။ အင်း  ဘကုန်းရွာကျတော့ တိုက်တန်းတိုက်ခန်းလေးတွေနဲ့ နိုင်သလောက် သန့်သန့်လေးတော့ ရှိကြတာပေါ့။ ဖဦးထုပ်ရွာကျတော့ ပျံကျကျူးကျော်ရပ်ကွက်လို့ကို ဆိုရမတတ်။ ပေါင်းစုံ ပေါင်းစုံ။ အစုံအစိ။ အကုန်ရှိ။ အမှိုက်သရိုက်တွေလဲ များမှများပေဘဲ။ သို့ပေမဲ့ "အမှိုက်ထဲက ရွှေရ" ဆိုသလို တခါတခါကျပြန်တော့လဲ ဖဦးထုပ်ရွာက ရတနာတွေ ထွက်တတ်ပြန်ရော။ အဲဒါကြောင့် ဖဦးထုပ်ရပ်ကွက်ထဲ လူမစဲသူမစဲ တသဲသဲ ဖြစ်နေကြတာ ရှိမယ်။

ရှိစေတော့လေ။ ဘယ်တတ်နိုင်မလဲ။ သန်ရာ သန်ရာပေါ့။ တန်ရာ တန်ရာပေါ့။ ဒါပေမဲ့ ခြောက်ကပ်နေတဲ့ ဘကုန်းရွာလေးကိုတော့ ပြန်စည်ကားလာတာကို မြင်ချင်မိပါရဲ့။ ဖြစ်နိုင်ရင်ပေါ့လေ။ အဲဒါကြောင့်မို့ အကြောင်းအမျိုးမျိုးကြောင့် ဘကုန်းရွာက ထွက်ခွါသွားရသူများ၊ ပစောက်ရွာ ၀လုံးရွာ ဖဦးထုပ်ရွာသို့ ခရီးလွန်နေကြသော ဘကုန်းရွာသူရွာသားများနှင့် အခြားဘကုန်းချစ်သူများကို မူလနေရပ်ထံ ပြန်လာကြဖို့ လှိုက်လှိုက်လှဲလှဲ မေတ္တာရပ်ခံ ပြန်ကြားလိုက်ရပါ၏။ အထူးသဖြင့် ဖဦးထုပ်ရွာရောက် ဘကုန်းချစ်သူများ မူလလက်ဟောင်းတာဝန်များကို တက်ညီလက်ညီ အတူတကွ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ထမ်းဆောင်နိုင်ကြဖို့ရန် ဘကုန်းရွာသို့  မြန်မကြာ  ပြန်လာကြစေလိုပါ၏။ ကြားကြားသမျှ...........................။

""ဥုံ.. ဘကုန်းချစ်သူ... တို့ပြည်သူ... လာဆရာလာ.. ချဉ်းဆရာချဉ်း... ကပ်ဆရာကပ်.""


သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

 ခက်ဆစ်။  
ပစောက်= ပုံနှိပ်မီဒီယာ
ဝလုံး= ၀က်ဘ်ဆိုက်ဒ်
ဘကုန်း=ဘလော့
ဖဦးထုပ်= ဖေ့စ်ဘုတ်


.

Wednesday, 5 February 2014

သူကြီးမင်း သူ့အမေရိုက်သလို

 ကျောင်းခေါ်ချိန်
အိမ်ကထွက်
ယက်ကန်သွား
သွားပြင်းသူ
ဘူတာရောက်
နှောက်ဖို့ဖန်
ဟန်မကျ
ရထားပိတ်
စိတ်ကနာ
ရွာတဲ့မိုး
ဆိုးရွားနေ
လေကတိုက်
ခိုက်ခိုက်တုန်
မှုန်ရီစွာ
လာတဲ့ဘတ်စ်
ကပ်လိုက်သွား
အားတင်းကာ
သာယာခြင်း
ရှင်းရှင်းပျောက်
ခြောက်ကပ်နေ
လေတဲ့စိတ်
သိပ်မျိုထား
ကားကိုရပ်
ထပ်ပြီးဆင်း
တင်းလို့လျှောက်
နောက်ကြောင်းပြန်
ပြန်ပြီးချိန်း
ထိန်းတဲ့စိတ်
ကြိတ်ပြီးခံ
မှန်ကန်စွာ
စာနာမှု
ပြုစေကြောင်း
ကျောင်းခေါ်ချိန်
အိမ်ကထွက်
ယက်ကန်သွား
သွားပြင်းသူ...း)

(ဒီနေ့နှင့်မနက်ဖန် မြေအောက်ရထား စထရိုက်ခ်လုပ်ထားတဲ့အတွက် ရထားလုံးဝမပြေးဆွဲဘူးတဲ့။ ဘာမှ မစုံစမ်းဘဲ ရမ်းသမ်းပြီးသွားတော့ ဒီလိုဘဲ မိုးသဲသဲထဲမှာ......)


.