Saturday, 25 August 2012
အပျော်ဆိုတာရယ်...
ကမ္ဘာပေါ်မှာ ရေတွေကြီးလို့
မြေကြီးပြိုလို့ သေကြပြန်။
တောမီးလောင်ကာ မုန်းတိုင်းတိုက်တော့
ရန်သူတိုက်ခိုက် သေဖို့ဖန်။
ဝမ်းလျောရောဂါ မိုင်းတွင်းပိလို့
ရုပ်ရှင်ကြည့်ရင်း သေကြပြန်။
မှန်းကာသာတွေး၊ ရှင်ဖို့ရေး၊ သေဘေးဘ၀၀်လျှံ။
အဲဒါကြောင့် လောဘဒေါသ လျှော့ကြမှန်ဧကန်။
ဒီ ဒီဇင်ဘာ ၂၁ရက်မှာ
ကမ္ဘာပျက်မလား ပူရပြန်။
ဗေဒင်ဆရာ မမှားတွက်ရင်
ပြည်ရွာပျက်ဖို့ မှန်နေပြန်။
လူမိုက်ဗာလာ အင်အားကြီးလို့
ဒီလိုနည်းနဲ့  ပျက်ဖို့ဖန်။
သဘာဝဘေး၊ ကင်းဖို့ရေး၊ ရှောင်ပြေးမလွတ်ပြန်။
အဲဒါကြောင့် လောဘဒေါသ လျှော့ကြမှန်ဧကန်။
အပျော်ဆိုတာ ခဏလေးမို့
ဘ၀ပေးဖို့ မထိုက်တန်။
တရားဓမ္မာ အေးရိပ်အောက်မှာ
ချွေးသိပ်ဖျောက်ဖို့ ခိုလှုံရန်။
ဓမ္မငွေ့ရည် ချိုချိုအေးက
ပိုပိုနွေးဖို့ စွမ်းဆောင်မှန်။
ပျော်မဲ့အစား၊ ရိပ်သာသွား၊ တရားရှုမှတ်ကြံ။
အဲဒါမှ လောဘဒေါသ လျှောကျမှန်ဧကန်။
(၂၅.၀၈.၂၀၁၂ စနေနေ့ ညနေ ၆ နာရီ ၄ မိနစ်)
.. 
Saturday, 18 August 2012
လန်ဒန်နွေသရုပ်
(ကိုကို + ပျိုပျို + နွေ)
နွေပူ နွေခေါင် လူပျိကြီးတို့
ကိုယ်လုံးတီးနဲ့ နေကြတယ်။
ကညာမျိုးစုံ ပျိုတွေထဲက
မျက်လုံးရွဲနဲ့  ကြည့်ကြတယ်။ 
မျက်လုံးဆိုတာ ငမ်းဖို့လားကွဲ့
ချွေးထွက်အားကြောင့် ရှက်ဖူးကွယ်။ 
ပျိုလဲအိုက်တယ် ကိုကိုများရဲ့
အ၀တ်ပါးနဲ့ နေကြည့်မယ်
ကြည့်မယ် ကြည့်မယ်။ 
(ပျိုပျို + ကိုကို + နွေ)
နွေပူ နွေခေါင် အပျိုကြီးမို့
ကိုယ်လုံးတီးနဲ့ နေကြည့်တယ်။
မဟာလူပျို ဟိုငနဲက
မျက်လုံးရွဲနဲ့ ငမ်းသေးတယ်။
မျက်လုံးဆိုတာ ငမ်းဖို့လားဟဲ့
ချွေးထွက်အားကြောင့် ရှက်ဖူးရယ်။
ရှင်လဲအိုက်ရင် ပျိုမေထားနှင့်
အ၀တ်စားမဲ့ နေကြည့်ကွယ်။
ကြည့်ကွယ် ကြည့်ကွယ်။
<0>  <0>
()
---
(၁၀၊၀၈၊၂၀၁၂၊ စနေနေ့ 
ညနေ ၆ နာရီ ၂၇ မိနစ်)
မှတ်ချက်။
ဆရာမင်းသုဝဏ်၏ သပြေသီးကောက် ကဗျာကို မှီးပြီး လန်ဒန်နွေသရုပ်ကို ပုံဖော်ထားပါသည်။း))))
ပျိုလဲအိုက်တယ် ကိုကိုများနဲ့
အ၀တ်စားမဲ့ နေကြည့်မယ်။
Tuesday, 7 August 2012
ကျွန်ုပ်နှင့် ကျွန်ုပ်၏ ဆေးမြီးတိုအစွမ်း
တစ်နေ့သောအခါ....
ကျွန်ုပ်သည် သူငယ်ချင်း ဖြစ်သူ နဂါးနီနှင့်အတူ လန်ဒန်အိုလံပစ်ပွဲကို တီဗီကနေ ကြည့်လိုက်၊ ကျောင်းစာများကို နှစ်ဦး ငြင်းခုန်လိုက်ဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် စာလုပ်ရင်း တီဗီကြည့်ရင်း ဇိမ်ရစ်နေကြလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ (တစ်ပတ်မှ တစ်ခါသာ မြည်တတ်သော) လက်စွဲတော် မိုဘိုင်းလေး ကလင် ကလင် ကလင်ဟု ထူးဆန်းစွာ မြည်ထွက်လာလေ၏။ ကျွန်ုပ်သည်လည်း စကားပြောမပျက် တီဗီကြည့်မပျက်စေဘဲ မိုဘိုင်းလေးကို ကောက်ကိုင် ကြည့်လိုက်ရာ ဖုန်းခေါ်ဆိုသူမှာ အမိမြန်မာနိုင်ငံမှ အသိမိတ်ဆွေ အမျိုးသမီးတစ်ယောက် ဖြစ်နေသည်ကို အံ့သြစွာ တွေ့ရလေ၏။ မြန်မာကနေ ဘိလပ်ကို ဖုန်းလှမ်းခေါ်ပုံထောက်ရင်တော့ ဧကဧကံ အလွန်အရေးကြီးတဲ့ ကိစ္စ ဖြစ်ရမယ် ဟု တွက်ဆပြီး ကပျာကယာ ဖုန်းကိုင်ရင်း သူငယ်ချင်းကိုလဲ မျက်နှာရိပ်ဖြင့် ဖုန်းပြောလိုက်ဦးမယ်ဟု အသိပေးကာ "ဟလို ဟလို"  ဟု (မြန်မာနဲ့ပြောနေကျအတိုင်း) အသံပြဲကြီးဖြင့် ပြန်ထူးလိုက်ရာ....
"သူကြီးမင်း.. တိုးတိုး ပြောစမ်းပါ။ ဒီမှာ နားကွဲပြီးသေတော့မယ်။ တိုင်းပြည်ပျက်နေတာကျနေတာဘဲ။ ဒီလောက်တောင် အော်ပြောရလား"
ဟူ၍ ဗွေဆော်ဦး ကြိမ်းမောင်းခြင်းကို ခံလိုက်ရလေ၏။ အော်.. ဒါသည်လည်း တစ်ဒုက္ခ။ တိုးတိုး ပြောပြန်ရင်လဲ မကြားရ၊ ကျယ်ကျယ်ပြောပြန်ရင်လဲ အသံက ဆောင့်ဝင်။ ဖောင်းလိုက် ပိန်လိုက် ရှုံ့လိုက် တွလိုက် မြန်မာလိုင်းတွေကို အံကြိတ်မေတ္တာပို့ကာ အသံကို တစ်ဆင့် လျော့ချရင်း ခပ်တိုးတိုးဖြင့် အကြောင်းထူးအံ့သည်ကို မေးမြန်းလိုက်ရလေ၏။
"ကဲ ကဲ မယ်မင်းကြီးမ... မြန်မာကနေ လှမ်းခေါ်တယ်ဆိုတော့ ဘာတွေများ အရေးကြီးနေလို့လဲ၊ ဆိုးစမ်းပါဦး"
"သူကြီးမင်းရယ်... ဒီမှာ ဆီးမသွားလို့ ၊ အဲဒါ ဘယ်လို လုပ်ရမလဲ။ ကူညီပါဦး"
"ဗုဒ္ဓေါ.."
ဤသို့ဤနှယ် ဂလိုဘယ်လိုက်ဇေးရှင်းကြီးကို အပီအပြင် အသုံးချကာ ကျွန်ုပ်အား မကြာမကြာ ခလုပ်လာတိုက်တတ်ကြလေ၏။ သူ့ဖာသာသူ ဆီးသွားရ ခက်နေတာကိုများ ဘိလပ်ထိ ဖုန်းဆက်ပြီး လှမ်းအကူအညီ တောင်းရတယ်လို့။ နေရင်းထိုင်ရင်း ဆေးဆရာကြီးကို ဖြစ်လို့။ ဟိုတစ်နေ့ကလဲ သူငယ်ချင်းတစ်ယောက်ရဲ့ အမျိုးသမီးမိတ်ဆွေတစ်ယောက် ဆီးချိုတက်လို့တဲ့။ ဆေးမြီးတိုလေးရှိရင် မစပါဦးဆိုလို့ ကြားဖူးနားဝဖတ်ထားမှတ်ထားတာလေးတွေ မျှဝေပေးလိုက်ရသေးရဲ့။ သင်္ဘောသီးအစိမ်းကိုအရင်ဝယ်၊ ပြီးရင် ရေးဆေး၊ ခေါင်းပိုင်းကို ဖြတ်၊ အစေ့တွေကို ထုတ်ပစ်၊ အစေ့ထုတ်ထားပြီးဖြစ်တဲ့ သင်္ဘောသီး ၀မ်းခေါင်းထဲကို လဘက်ခြောက် အနေတော်ထည့်၊ အဲဒါပြီးရင် ရေနွေးပွက်ပွက်ဆူ လောင်းထည့်၊ ဖြတ်ထားတဲ့ သင်္ဘောသီး ခေါင်းပိုင်းနဲ့ ပြန်ဖုံးထား၊ အတော်လေးကြာတဲ့ အခါ အဖုံးဖွင့်ပြီး အထဲက ရေနွေးကို ခွက်တစ်ခုထဲလောင်းထည့်ပြီး ရေနွေးကြမ်းသောက်သလို မကြာမကြာ အဲဒီလိုလုပ် သောက်ပေတော့ လို့ စိတ်ရှည်လက်ရှည် ရှင်းပြပေးလိုက်ရဲ့။ အဲဒီအမျိုးသမီးကလဲ ညွန်ကြားတဲ့ အတိုင်း သောက်လိုက်တာ ဆီးချိုတက်တာတွေ ပျောက်သွားရုံတင်မကဘူး။ ဆီးချိုတွေ အကျများပြီး လူတောင်မလှုပ်ချင်တော့ဘူး ဆိုဘဲ။ အဲဒီလို အောင်မြင်တာ။ အခုလဲ လာပြန်ပြီ နောက်တစ်ယောက်။ ဆီးမသွားလို့တဲ့။ စုံစမ်း မေးမြန်းရပေဦးမည်။
"ဒါနဲ့.. ဆီးမသွားတာက ဘယ်နှစ်ရက် ရှိသွားပြီလဲ"
"သုံးလေးရက်လောက်တော့ ရှိပြီ သူကြီးမင်း"
"ဒါဖြင့် ဒီလုပ်။ ရေနွေးကြမ်းများများသောက်"
"အဲဒီလို သောက်ရင် တကယ်ဆီးသွားမှာလား"
"ဟ.. မယ်မင်းကြီးမရ။ များများ သောက်မှတော့ များများ ပေါက်ရောပေါ့"
"သူကြီးမင်း.. မနောက်နဲ့နော်။ ဒီက အတည်ပြောနေတာ"
"ဟာ... ဒါနောက်စရာလား။ သူကြီးမင်းလဲ ဆေးနည်းကို အတည်ပေးနေတာ။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးတောင်မှ လဘက်ရည်(ရေနွေးကြမ်း)သောက်ခြင်းရဲ့ အကျိုးကျေးဇူးကို တေးထပ်စပ်ထားတာ ရှိသေးတယ်။ "လဘက်ရည် အမြဲသောက်၊ ချွဲပျောက်လို့ ဆီးရွှင်၊ ၄င်းနောက် အကျိုးမြင်သည်၊ သူခိုးပင် ရန်ကင်း........." တဲ့"
"ဒါပေမဲ့ သူကြီးမင်းရယ်.. ထက်ထက်က  ရေနွေးကြမ်း သောက်တတ်ပါ့မလား မသိဘူး"
"အမ်... မယ်မင်းကြီးမ ဆီးချုပ်နေတာနဲ့ ထက်ထက်နဲ့က ဘာဆိုင်လို့လဲ"
"ဖွ... လွှဲပါစေ.. ဖယ်ပါစေတော်... ။ ဒီမှာ သူကြီးမင်း.. စကားပြောတာကို ကြည့်ပြော။ ဆီးမသွားတာက ကျွန်မမဟုတ်ဘူး။ ထက်ထက်ရှင့် ထက်ထက်"
"အော်....စောစောကထဲက ပြောပါတော့လား။ ငါ့နှယ်နော်။ နိဒါန်းပျိုးနေတာနဲ့ အချိန်တွေ ကုန်နေတယ်။  ဒါနဲ့ အဲဒီ ထက်ထက်က မယ်မင်းကြီးမရဲ့ မောင်လေးလား"
"မိုက်ရိုင်းပြန်ပြီ။ ဒီမှာ သေချာမှတ်ထား။ ထက်ထက်ဆိုတာ လူမဟုတ်ဘူး။ အိမ်မှာ မွေးထားတဲ့ ခွေးကလေးကို ပြောနေတာရှင့်။ စကားကို ရှင်းအောင်လဲ မမေးဘူး။ ဘိလပ်မှာ နေပြီး မအူမလည်နဲ့။ ဒီလို အတတနဲ့ ဘယ်လိုလုပ်ပြီး သူကြီးမင်းအမည်ကို ခံထားလဲ မသိပါဘူး။ ပြောရတာ စိတ်မရှည်လိုက်တာနော်"
"ကိန်.... "
ကဲ.. ပရိသတ်ကြီး။ စဉ်းစားပေးကြပါဦး။ ဘယ်သူက မရှင်းမရှင်းလုပ်နေတာလဲလို့။ ဂလို သုံးတောင်မ၀တ် အမျိုးသမီးတွေက နဲနဲလေး ရစ်လိုက်ရမှ အိပ်ပျော်စားပျော် ရှိကြပုံပေါ်ပါတယ်။ အစကထဲက အိမ်မှာ မွေးထားတဲ့ ခွေးကလေး ဆီးချုပ်နေလို့ ဘယ်လို လုပ်ရင် ကောင်းမလဲဆိုပြီး တစ်ခွန်းထဲ မေးလိုက်ရင် ပြီးရော။ ဖုန်းဖိုးတောင် အကုန်အကျ သက်သာသေးတယ်။ အခုတော့ စကားတွေ အရမ်းဖောင်းပွနေပြီး လိုရင်းကို မရောက်တတ်တော့ဘူး။
"ဟ.. အိမ်က ခွေးကလေး ဆီးမသွားတာကို သူကြီးမင်းက ဘာလုပ်ပေးရမှာတုန်း။ သူကြီးမင်းက တိရစ္ဆာန်ဆရာဝန်.. အဲလေ.. တိရစ္ဆာန်ကု ဆရာဝန်လဲ မဟုတ်ဘဲနဲ့"
"သိဘူးလေ။ အိမ်က ခွေးကလေးကလဲ အထီး၊ သူကြီးမင်းကလဲ အထီး... အဲလေ... ယောက်ျားဆိုတော့ ခန္ဓာကိုယ် ဖွဲ့စည်းပုံချင်း တူနေလို့ သူကြီးမင်း ဆီးချုပ်တဲ့အခါ သောက်နေကျ ဆေးမြီးတိုလေးများ ရှိမလားလို့ပါ"
"ကိန်..."
ဒီတစ်ခါ "ကိန်" လိုက်တာက အတော်လေး အသံကျယ်သွားသည်။ အသံကျယ်ရုံတင်မက ဘယ်ဘက်လက်နဲ့ နောက်ပြန်လှမ်းပြီး တင်ပါးကိုပါ စမ်းကြည့်လိုက်မိသေးသည်။ အမြီးများ ထွက်လာပြီလားလို့။း)
"လုပ်ပါ သူကြီးမင်းရယ်။ နော်။ ထက်ထက်ကလေး သနားပါတယ်။ သူ့ခမျာ ဆီးသွားချင်လွန်းလို့ နောက်ခြေထောက်တစ်ဘက်ကို မြှောက်မြှောက်ပြီး ဆီးသွားဖို့ တအင့်အင့်နဲ့ ကြိုးစားနေတာ။ တစ်စက်မှလဲ မထွက်ဘူး။ နောက်ပြီး ငုတ်တုတ်ထိုင်ပြီးလဲ ဆီးထွက်မလားလို့ တအစ်အစ်နဲ့ ညှစ်ထုတ်နေရှာတာ။ အရမ်းသနားဖို့ကောင်းတယ်။ သူ့ကို ကြည့်ရတာ စိတ်မကောင်းလွန်းလို့ မျက်ရည်တောင် လည်မိတယ်။ သူကြီးမင်းဆီမှာ ဆေးမြီးတိုတွေ စုံပါတယ်။ ဟို... အိမ်ထောင်ရေးကုထုံးတို့၊ ချစ်ရေးချစ်ရာကုထုံးတို့ကိုလဲ သူကြီးမင်းဘဲ ပေးခဲ့တာ မဟုတ်လား။ အခုလဲ ဆေးနည်းလေး ပေးပေးပါဦးနော်။ နော် သူကြီးမင်း"
အားငယ်သူကို အားပေးရမည်မှာ သူကြီးမင်း၏ တာဝန်ဖြစ်၏။ ထို့အတူ အကူအညီလိုသူကို တတ်နိုင်သလောက် အကူအညီ ပေးရမည်မှာလဲ သူကြီးမင်း၏ တာဝန်ပင် ဖြစ်လေ၏။ ဂလို တာဝန်သိတတ်သူ သူကြီးမင်းရယ်ပါ။ မယ်မင်းကြီးမနဲ့ စကားပြောရင်း ကချင်ပြည်နယ် သွားစဉ်က ရယူခဲ့သော ဆေးမြီးတိုလေးကို အမှတ်ရမိလေ၏။ ဆီးလမ်းကြောင်းမှာ ကျောက်တည်ပြီး ဆီးသွားရခက်သူကို ကုသသော ဆေးနည်း ဖြစ်၏။ ကျောက်စိမ်းပန်းခေါ် ဇော်စိမ်းပန်းကို ပဉ္စပါးပါး သုံးခွက်တစ်ခွက်တင် ကျိုချက်ပြီး အရည်ကို ရေနွေးကြမ်းသောက်သလို နေ့စဉ်သောက်လျှင် တစ်ပတ် ဆယ်ရက် သို့မဟုတ် တစ်လအတွင်း ဒေါက်ကနဲ မြည်အောင် ဆီးကျောက် ပြုတ်ထွက်ကျသည်တဲ့။ 
"ဒါဖြင့်.. မယ်မင်းကြီးမ။ ဟို... ကျောက်စိမ်းပန်း(ခ)ဇော်စိမ်းပန်းပင်ကို သိတယ် မဟုတ်လား။ ညောင်အိုးတွေမှာ ထိုးထားလေ့ရှိတယ်လေ"
"သိတယ် သူကြီးမင်း"
"အခု မယ်မင်းကြီးမရဲ့ ထက်ထက်ကလေးက ဆီးကျောက်တည်နေပုံရတယ်။ အဲဒီတော့ အဲဒီ ဇော်စိမ်းပန်းပင်ကို ပဉ္စငါးပါး သုံးခွက်တစ်ခွက်တင် ကျိုချက်ပြီး ရေအစား အဲဒီသတ္တုရည်ကိုဘဲ နေ့စဉ် ရေနွေးကြမ်းသောက်သလို ထက်ထက်ကလေးကို တိုက်ပေတော့။ တစ်ပတ်အတွင်း ဆီးကျောက်ပြုတ်ကျလာပြီး ဆီးသွားကောင်းလာပါလိမ့်မယ်"
"ဒါနဲ့ ပဉ္စငါးပါး ဆိုတာ ဘာကို ပြောတာလဲ သူကြီးမင်း"
"မြစ် နွယ်(ပင်စည်) ပွင့် သီး ရွက် ငါးပါးကို ပဉ္စငါးပါးလို့ ခေါ်ပါတယ်"
"ဒါဖြင့် အဲဒီအပင်မှာ အပွင့်တွေ အသီးတွေ မရှိရင်ကော သူကြီးမင်း"
"ဒါက သဘောပြောပြတာပါ။ အပွင့်အသီး ရှိရှိ မရှိရှိ၊ အဲဒီအပင်ကို မြေကြီးက နှုတ်၊ ပြီးရင် ရေစင်အောင် ဆေးပြီးသာ ဘာတစ်ခုမှ မပစ်ဘဲ ခုတ်ပိုင်းဖြတ်တောက်ပြီး ကျိုချက်ပေတော့"
"ဒါဆို အဲဒီနည်းလေး စမ်းကြည့်ဦးမယ်။ အဲဒီ ဇော်စိမ်းပန်းပင်တွေက အိမ်နောက်ဖေးမှာ ပေါက်နေတာတောင် ရှိသေးတယ်။ ဒါဖြင့် ဒါဘဲနော် သူကြီးမင်း။ ဘိုင့်ဘိုင်...."
မယ်မင်းကြီးမတစ်ယောက် သူလိုချင်တာ ရပြီးပြီမို့ ချက်ချင်း ဘိုင့်ဘိုင်လုပ်ပြီး ဖုန်းကို ဂွပ်ကနဲ ချသွားလေ၏။ ကျွန်ုပ်သည်လဲ သိမှတ်ထားတဲ့ ဆေးမြီးတိုလေးကို ပေးလိုက်ရသည်မို့ စိတ်ထဲ ကြည်နူးမိနေလေ၏။  ထိုဆေးမြီးတိုလေး ပေးပြီးနောက် ငါးရက်ခန့်အထိ မယ်မင်းကြီးမဆီက ဘာသတင်းမှ မကြားရတော့ပေ။ ထိုသောအခါ ကျွန်ုပ်သည် ဆေးနဲ့ လူနာ တည့်များ တည့်ပါ့မလားဟု စိုးရိမ်စိတ်ဖြင့် မယ်မင်းကြီးမထံသို့ ဖုန်းဆက် မေးမြန်းရလေတော့၏။
"ဟလို... သူကြီးမင်း.. ပြောပါ။ ဘာကိစ္စ ရှိလို့ ဖုန်းဆက်တာပါလဲ"
တရားရဖို့ ကောင်းလေစွ။ မယ်မင်းကြီးမ တစ်ယောက် သူလိုချင်တုန်းကတော့ တကူးတက ဖုန်းဆက်ပြီး ဆေးမြီးတို တောင်းလား တောင်းရဲ့။ မသိတာ မရှင်းတာရှိလို့ဆိုပြီး ဖုန်းဆက် မေးလား မေးရဲ့။  အခုတော့ ဘာကိစ္စ ရှိလို့ပါလဲတဲ့။
"ဘာကိစ္စမှ မရှိဘူး။ ဟို မယ်မင်းကြီးမ မောင်လေး ဆီးသွားနေပြီလား သိချင်လို့ ဆက်တာ"
"အော်... ထက်ထက်ကို ပြောတာလား။ သူ အခု ဆီးသွားနေပြီ သူကြီးမင်း"
ဘာပြောပြော ကျွန်ုပ် အတော်လေး ၀မ်းသာ ကြည်နူးသွားသည်။ ကျွန်ုပ်ပေးလိုက်သည့် ဆေးနည်း တကယ်အလုပ်ဖြစ်မှန်း သိလိုက်ရသည့်အခါ အောင်မြင်သော ဆရာဝန်တစ်ယောက် အပြုံးမျိုးဖြင့် ပြုံးပြုံး မိန့်မိန့်ကြီး ဖြစ်နေလေတော့၏။ ပီတိစား အားရှိလိုက်သည့်ဖြစ်ခြင်း။
"ဒါနဲ့... အဲဒီ ဇော်စိမ်းပန်းပင်ကို ပဉ္စငါးပါး သုံးခွက်တစ်ခွက်တင် ကျိုချက်ပြီး ဘယ်နှစ်ရက် တိုက်လိုက်ရသလဲ မသိဘူး"
"အော်... အဲဒါ ပြောမလို့ မေ့နေတာ။ အမှန်က သူကြီးမင်းပေးခဲ့တဲ့ ဆေးနည်းကို မသုံးလိုက်ရဘူး။ အိမ်က အမကြီးက ထက်ထက်ကလေးကို ပေါက်ကရဆေးတွေ မတိုက်ချင်ဘူးတဲ့။ ဆေးအမှားတွေ သောက်ပြီး ကျောက်ကပ်ကို ပိုထိသွားမှာ စိုးလို့တဲ့။ ဒါနဲ့ဘဲ တိရစ္ဆာန်ကု ဆရာဝန်ဆီသွားပြီး  ကုသလိုက်တယ်။ အခု ထက်ထက် ပုံမှန် ဖြစ်သွားပြီ။ အမှန် ၀န်ခံရရင် သူကြီးမင်း ပေးခဲ့တဲ့ ဆေးမြီးတိုကို မေ့တောင် မေ့နေပြီ။ ဘာတဲ့ ဇော်စိမ်း ခုနစ်ပါး အရည်ကျို ဆိုလား....."
"တိန်..."
ပီတိပြုံးတွေ ဘယ်ရောက်ကုန်သည်မသိတော့။ မှန်းချက်နဲ့ နှမ်းထွက် လွဲလိုက်လေ။ ဂလို ဆင်မယဉ်သာ အမျိုးသမီးများကား လိုချင်သော အခါ ဟုန်းဟုန်းဒိုင်းဒိုင်း ချင်ချင်းတပ်တတ်ပြီး အတင်းအဓမ္မ ဇွတ်အတင်း ဖြစ်တတ်သလောက် မလိုတော့သော အခါ၌မူ ပွဲပြီး ဖျာသိမ်း ဖြစ်တတ်လေစွတကား။ သို့သော် သို့သော် ဒုက္ခရောက်နေသူတစ်ကောင် ဒုက္ခမှ လွတ်မြောက်သွားသည်ကိုတော့ ၀မ်းသာမိသည်မှာ အမှန်ပင်။
ထိုကဲ့သို့ ဆေးနည်းပေးခြင်း ခွေးကလေး နေကောင်း ကျန်းမာလာခြင်း စသည့် အဖြစ်အပျက်များ ဖြစ်ပျက်ပြီးနောက် ထိုအကြောင်းအရာတို့ကို မေ့မေ့ပျောက်ပျောက်ဖြင့်ပင် ကျင်းပနေဆဲ အိုလံပစ်ပြိုင်ပွဲကို စိတ်ပါလက်ပါ အားပေးနေစဉ် ညနေခင်းတစ်ခု၌ ကျွန်ုပ်ဆီသို့ ဖုန်းတစ်ခု ၀င်လာပြန်လေ၏။ အခြားသူဆီက မဟုတ်။ ထိုမယ်မင်းကြီးမဆီကပင် ဖြစ်၏။
"ဟလို.... အမိန့်ရှိပါ ခင်ဗျာ.."
"သူကြီးမင်း.. ကယ်ပါဦး"
"ဒါက ဘယ်လိုဖြစ်ပြန်ရတာတုန်း"
"ထက်ထက်.. ကိုက်တယ်"
"အင်.... ဘာပြောတယ်။ ဘယ်လို ဘယ်လို။ ပြန်ပြောစမ်းပါဦး။ မရှင်းလို့"
"ဟို အိမ်က ခွေးကလေး ထက်ထက်လေ။ ကျွန်မကို ကိုက်တယ်။ အစာကျွေးတိုင်း ကိုက်တယ်။ လေးငါးခါ ရှိသွားပြီ အကိုက်ခံရတာ။  အဲဒါ ဘယ်လို လုပ်ရမလဲ"
ဒီတစ်ခါတော့ ကျွန်ုပ် အ နေ၍ မဖြစ်တော့။ လူလည်ကျမှ ဖြစ်တော့မည်။ ထို့ကြောင့် မြန်မာ့ဖုန်းလိုင်းတွေ မကောင်းတာကို အပြစ်ပုံချပြီး "ဟလို ဟလို ဘာသံမှလဲ မကြားရဘူး။ ကြားလား ကြားလား။ ဟာ.. ဒီဖုန်းလိုင်းကလဲ နှောက်ပြန်ပြီ။ ဟလို ဟလို။ ကဲ ကဲ တော်ပြီ တော်ပြီ။ ဒီလောက် လိုင်းတွေ စုပ်ပြတ်နေမှတော့ ဆက်မပြောတော့တာ ကောင်းတယ်။ နောက်မှဘဲ ဆက်ပြောတော့မယ်နော်။ တာ့တာ ဘိုင့်ဘိုင်" ဟု အဆက်မပြတ်ပြောပြီး ဖုန်းကို ဂွပ်ကနဲ ချကာ သက်ပြင်းကို ဖူးကနဲ မှုတ်ထုတ်မိလေတော့၏။ ထိုကဲ့သို့ ဖုန်းမချလိုက်ပါမူ မယ်မင်းကြီးမ ဆက်ပြောလာမည့် စကားတို့ကို ကျွန်ုပ် ကြိုသိနေလေသည်။ ထိုစကားဒဏ်ကိုလဲ အလူးအလဲ ခံရပေဦးမည်။ သူ ဆက်ပြောလာမည့် စကားတို့ကို မှန်းဆ ကြည့်ပါမူ...
"အိမ်က ခွေး(ထက်ထက်)ကလေးကလဲ အထီး၊ သူကြီးမင်းကလဲ အထီးဆိုတော့ ခန္ဓာကိုယ် ဖွဲ့စည်းပုံချင်း တူနေလို့ သူကြီးမင်းအနေနဲ့ တစ်ခုခုကို ဒါမှမဟုတ် တစ်ယောက်ယောက်ကို အရမ်းကိုက်ချင်လာတဲ့အခါ အဲဒီကိုက်ချင်စိတ် ပျောက်သွားအောင် ဘယ်လို ဆေးမျိုးကို စားသင့်တယ်ဆိုတာ သိချင်လို့ပါ"
ဟူ၍ ဖြစ်မည်မှာ သေချာလှပေသည်။ အင်း... ဖုန်းသာ ဂွပ်ကနဲ ချလိုက်ရသည်။ အရှိန်ကား မသေသေးပေ။ သူ့စကားအရှိန်ကြောင့် ကျွန်ုပ်သွားများပင် ယားကျိကျိ ဖြစ်လာကာ အပေါ်သွားနဲ့ အောက်သွားကို ကျလိကျလိ အသံမြည်တဲ့အထိ ကြိတ်ဖြစ်အောင် ကြိတ်လိုက်မိလေသေး၏။ အော်.. ဖဿ ဖဿ။ ဖဿရဲ့ သဘောတရားတွေပါဘဲလား။ ဒါနဲ့ စကားမစပ်။ ပရိသတ်ကြီးလဲ စာဖတ်ရင်း သွားတွေယားကျိကျိ ဖြစ်မနေကြနဲ့ဦးနော။ ။း))
သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)
.
Tuesday, 24 July 2012
မျက်ရည်လွယ်သူများ မကြည့်ရ
  "ငိုပွဲ"
 ခေါင်းစဉ်အမျိုးမျိုးနဲ့ လူတွေ ငိုနေကြတယ်။ 
ကြည်နူးရင်လဲ ငိုကြတယ်။
ကြေကွဲရင်လဲ ငိုကြတယ်။
ကျေနပ်ရင်လဲ ငိုကြတယ်။
မကျေနပ်ရင်လဲ ငိုကြတယ်။
ဝမ်းသာရင်လဲ ငိုကြတယ်။
ကြင်နာရင်လဲ ငိုကြတယ်။
နာကျင်ရင်လဲ ငိုကြတယ်။
လွမ်းရင်လဲ ငိုကြတယ်။
ဆွေးရင်လဲ ငိုကြတယ်။ 
စိတ်ဆိုးရင်လဲ ငိုကြတယ်။
စိတ်ညစ်ရင်လဲ ငိုကြတယ်။
ခွဲခွါရင်လဲ ငိုကြတယ်။
ပြန်ဆုံရင်လဲ ငိုကြတယ်။
သတိရရင်လဲ ငိုကြတယ်။
တမ်းတမိရင်လဲ ငိုကြတယ်။
ရှက်ရင်လဲ ငိုကြတယ်။
ကြောက်ရင်လဲ ငိုကြတယ်။
ခံစားမှု များလာရင်လဲ ငိုကြတယ်။
စံစားမှု များလာရင်လဲ ငိုကြတယ်။
ဘာမသိ ညာမသိ ငိုချင်လို့လဲ ငိုကြတယ်။
ဟိုဟာသိ ဒီဟာသိ မငိုချင်ဘဲနဲ့လဲ ငိုကြတယ်။
မွေးကထဲက အူဝဲ အူဝဲ ဆိုပြီး ငိုခဲ့ကြတယ်။
ဒီလိုနဲ့.
 လူတွေဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ငိုခဲ့ကြတယ်။
ဒီလိုနဲ့..
လူတွေဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ငိုနေကြတယ်။
ဒီလိုနဲ့ဘဲ....
လူတွေဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ငိုကြရဦးမယ်။
 .
ကြည်နူးစွာ ပြင်းပြင်းထန်ထန် ငိုကြွေးခြင်း
လူကြီးကို ငိုအောင်လုပ်တယ်
လူတွေကို ငိုစေသူလေး
. .
Monday, 16 July 2012
ဗျာသပ် ရှုမော ငြိမ်းအေးခြင်း
ကပိုကရို  
နေညိုညိုမှာ
ရေစို သင်းပျံ့
ကြော့ ရှင်း သန့်ပြီး
ခင်းဖြန့်သွယ်ကျစ်
ဝတ်မှုံရစ်နဲ့
ထုဆစ်သောလား
သူ့အပါးသို့
ဖြတ်သွား လျှောက်မိစဉ်။ ။
ပုတီးမနိုင်
ဈာန်မခိုင်ဘဲ
မထိုင်တရား
ဥာဏ်မပွါးအား
ကစားစိတ်မိုက်
စိတ်လိုလိုက်ပြီး
စိတ်ကြိုက်သီကုံး
သူ့နှလုံးမှာ
ဗျာထုံး နှောင်ရစ်ငင်။ ။
ယိမ်းသွားစိတ်နုပ်
ပြန်သိမ်းရုပ်ပြီး
အပုပ်ခန္ဓာ
အဋ္ဌိကာ ဟု
ရိုးစု အမြင်
သူ ဆင်ခြင်၍
မြင်မြင်သမျှ
သင်္ခါရ ဟု
ကျားမ မရွေး
သူ စိတ်တွေးသည်
ငြိမ်းအေး ပန်းသို့သွင်။
.
Friday, 13 July 2012
ကဗျာလေးနှင့်အလှူခံမယ်
"မုဒိတာ"
 စာဖတ်သူများ၊ ပေါင်းစုအား
စိတ်ထားသက်ညှာ၊ မုဒိတာ။
ကမ္ဘာတစ်ခွင်၊ အလှူရှင်
ကြည်လင်လှူရာ၊ မုဒိတာ။
တစ်ကျပ်နှစ်ကျပ်၊ ဖန်ဖန်ထပ်
မပြတ်ဖွေရှာ၊ မုဒိတာ။
ဖွေရှာငွေကြေး၊ အလှူပေး
ရင်အေးစေတာ၊ မုဒိတာ။
ရသည့်အလှူ၊ လွန်ကြည်ဖြူ
ညီတူလှူတာ၊ မုဒိတာ။
သဘာဝဘေး၊ ကျန်းမာရေး
လှူပေးပညာ၊ မုဒိတာ။ 
လှူဒါန်းပြီးရာ၊ မုဒိတာ။
သာယာစခန်း၊ ပညာပန်း
လှူဒါန်းဦးမှာ၊ မုဒိတာ။
ထို့ကြောင့် မိတ်ဆွေ၊ အားပေးလေ
မသွေလှူပါ၊ မုဒိတာ။
လူငယ်များက၊ လမ်းထွင်ပြ
ဘ၀မြှင့်ရာ၊ မုဒိတာ။
လှူပေး လှူယူ၊ နှစ်ဘက်လူ
ကြည်ဖြူစေတာ၊ မုဒိတာ။
ဒါနအကျိုး၊ လွန်စည်ဖြိုး
ပွါးတိုးစေမှာ၊ မုဒိတာ။
ဒါနနှင့်သေ၊ ထက်နတ်ပြည်
မသွေပို့မှာ၊ မုဒိတာ။
လှူပြီးသမျှ၊ ရေစက်ချ
အမျှဝေမှာ၊ မုဒိတာ။
လှူရှင်ပေါင်းစု၊ ကုသိုလ်ပြု
သာဓုခေါ်မှာ၊ မုဒိတာ။
ကိုကိုမောင်က၊ စီကုံးပြ
ဒါနကဗျာ၊ မုဒိတာ။
 .
မှတ်ချက်။
မူရင်း အလှူခံပို့စ်ကို မြန်မာမုဒိတာလူငယ်များအဖွဲ့ဘလော့ဂ်စပေါ့တ်မှ ကူးယူပြီး အောက်တွင် ဖော်ပြပေးလိုက်ပါသည်။
ကျောင်းဒကာ ကျောင်းအမအဖြစ် ခံယူပွဲ (သို့) အလှုဖိတ်ကြားခြင်း
အားလုံးမင်္ဂလာပါခင်ဗျား...
လောကမှာ အစားကောင်းအသောက်ကောင်းလေးများ စားသောက်ဖို့ ကြုံကြိုက်တဲ့အခါဖြစ်ဖြစ်၊ နေရာကောင်း အရိပ်ကောင်းလေးတစ်ခုကို ခိုလှုံဖို့ ကြုံကြိုက်တဲ့အခါပဲဖြစ်ဖြစ် မိတ်ဆွေကောင်းတွေကို သတိရတတ်ကြတယ်ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များ၊ ဘလော့ဂါ အကိုအမများကို ဒီပိုစ့်လေးနဲ့အတူ သတင်းကောင်းလေးတစ်ခု ပါးပါရစေခင်ဗျား..။မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယအကြိမ်မြောက် လှုပ်ရှားမှုဖြစ်တဲ့ အလှုနှင့်အတူ မိမိတို့ ချွေးနဲစာထဲမှ တတ်နိုင်သလောက် မျှဝေလှုဒါန်းလိုက်ရုံဖြင့် ရာသက်ပန် ကျောင်းဒကာ၊ ကျောင်းဒကာမအဖြစ် ခံယူနိုင်မည့်အကြောင်းလေးကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် အသိပေးမျှဝေပါရစေခင်ဗျား..။မင်္ဂလာတောင်ညွန့်၊ စက်ဆန်းကတို့ဆိပ်ပေါက်ကွဲမှုအလှု၊ မရမ်းချောင်းကျေးရွာ အနာကြီးရောဂါသည်များ စောင့်ရှောက်ရေးဂေဟာသလို့အလှုများဖြင့် အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ မြန်မာမုဒိတာ -လူငယ်များအဖွဲ့ (MMYG) ရဲ့ တတိယအကြိမ်မြောက်အလှုတစ်ခု စတင်ပြန်ပါပြီခင်ဗျား။
ရန်ကုန်မြို့တစ်ဖက်ကမ်း သန်လျင်မြို့ မြန်မာ့ရေနံရက်ကွပ်မှာရှိတဲ့ သာယာကုန်းဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းလေးနဲ့ ဦးစွာ မိတ်ဆက်ပေး ပါရစေ..။
 ကျောင်းထိုင်ဆရာတော် ဦးတိက္ခဥာဏမှာ ၂၀၀၅ခုနှစ်မှာ ကိုယ်တိုင်ရုန်းကန်ပြီး စတင်ခဲ့တဲ့ ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းလေး ဖြစ်ပါတယ်ခင်ဗျား။အခက်အခဲအမျိုးမျိုးနဲ့ စတင်ခဲ့ပြီး လက်ရှိပညာသင်နှစ်မှာတော့ သူငယ်တန်းမှ ခုနစ်တန်းအထိ ဆင်းရဲချို့ တဲ့တဲ့ ကလေးငယ်တွေနဲ့ မိဘမဲ့ကလေးငယ် ကျောင်းသူကျောင်းသားပေါင်း ၃၀၀ကျော်ကို အခမဲ့လက်ခံသင်ကြားပေးနေတဲ့ ပရဟိတပညာသင်ကြားရေးကျောင်းတစ်ခု ဖြစ်ပါတယ်။ဆရာ၊ ဆရာမဦးရေ စုစုပေါင်းဆယ်ဦးရှီပြီး တစ်ဦးလျင် လစဉ်စေတနာကြေးသုံးသောင်းကျပ်နှုန်းဖြင့် နှစ်ပေါက်အောင် ဆရာတော်မှ အဓိကကျားကန်ပေးထားတဲ့ ကျောင်းလည်းဖြစ်ပါတယ်။ကျောင်းမှ ခုနစ်တန်းအောင်မြင်ပြီဆိုရင်တော့ အစိုးရပညာသင်ကျောင်း ဆက်လက်တက်နိုင် -အောင် ဆက်လက်ထာက်ပံ့ပေးနေပါတယ်။လက်ရှိ ပညာသင်နှစ်အတွက် ဆယ်တန်းဖြေမဲ့ကျောင်းသားကျောင်းသူ ကိုးဦးရှိပါတယ်။ကလေးငယ်များ အားလုံးအား တတ်နိုင်သလောက် အဟာရဖြစ်အောင် ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးပြီး ခရီးဆက်နေတဲ့ ကျောင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဟုတ်ကဲ့..အခုတစ်ကြိမ်မှာ ကျွန်တော်တို့ အဲ့ဒီ ဘုန်းတော်ကြီးပညာရေးသင်ကြောင်းလေးကို လှုဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်.ဘာ့ကြောင့် ကျွန်တော်တို့ လှုဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြသလဲ..
 အလှုရှင်များခင်ဗျား..
သူတို့လေးတွေအတွက် နံပါတ်(၁) လိုအပ်ချက်ဖြစ်တဲ့ သူတို့တွေရဲ့ ထမင်းစားဆောင်ကို ကြည့်ရှုကြပါအုံး...။
 သူတို့လေးတွေရဲ့ ထမင်းစားဆောင်
 အထက်မှာမြင်ရတဲ့ ရေပတ်လည်ဝိုင်းပြီး တဲသာသာရှိတဲ့ ကျောင်းဆောင်လေးဟာ ကလေးငယ်ပေါင်း (၃၀၀)ကျော်ကို ချက်ပြုတ်ကျွေးမွေးတဲ့ အဆောင်လေး ဖြစ်ပါတယ်။နေရာအခက်အခဲကြောင့် ကလေးငယ်များအား အယောက် (၅၀)စီ ငယ်စဉ်ကြီးလိုက် ခွဲပြီး ကျွေးရတယ်လို့ ဆရာတော်မှ မိန့်ဆိုပါတယ်။
 ချို့ တဲ့တဲ့နေရာနဲ့ မပြည့်စုံတဲ့ သူတို့ရဲ့ ထမင်းဝိုင်း.. ကလေးငယ်တွေ ဆိုတော့လည်း...
 အလှုရှင်တွေ ကျန်းမာချမ်းသာစေဖို့ မစားခင် ဆုတောင်းပေးနေကြလေရဲ့..
ကလေးငယ်များ အပူအပင်ကင်းစွာ ပညာသင်ကြားနိုင်ရေးနဲ့ စားဝတ်နေရေး ပြေလည်နိုင်ရေးကိုသာ အဓိက အားထုတ်နေရလို့ ကျန်းမာရေးနဲ့ ထမင်းစားဆောင်ဟာ ကလေးငယ်များအတွက် ကျန်းမာရေးနဲ့ ညီညွတ်ကိုက်ညီမှုမရှိတာကို သိရှိပေမဲ့ လျစ်လျူရှုထားရတယ်လို့ ဆိုပါတယ်။ အလှုရှင်သာ ရှိမယ်ဆိုရင် ဆရာတော်က “သူကိုယ်တိုင် နေ့မနား ညမအားအမြန်ဆုံးပြီးအောင် ဆောက်လုပ်ပစ်ချင်တာ”လို့လည်း မိန့်ဆိုခဲ့ပါတယ်။
ဒုတိယလိုအပ်ချင်ကတော့ ဆရာဆရာမပေါင်း ဆယ်ဦးအတွက် စေတနာကြေး ( ၃၀၀၀၀ကျပ်) ထောက်ပံ့ပေးမဲ့သူမရှိတာပဲ ဖြစ်ပါတယ်။တတိယ လိုအပ်ချက်အနေနဲ့ ကလေးငယ်များအတွက် စာသင်ခုံလောက်ငှမှုမရှိဘူးလို့ ဆိုပါတယ်။ တစ်စုံလျှင် လေးသောင်းကျပ်နှုန်းခန့်ကျနိုင်ပြီး ယခုနှစ် သင်ကြားဆဲ ပညာသင်နှစ်အတွက် စာသင်ခုံ ( ၁၅)စုံခန့် လိုအပ်နေတယ်လို့ ဆိုပါတယ်။
နောက်ဆုံးလိုအပ်ချက်အနေနဲ့ကတော့ ကလေးငယ်များအတွက် ချုက်ပြုတ်ကျွေးမွေးစရာ ကုန်ခြောက်များနှင့် စာအုပ်ခဲတံများ၊ကိုရင်ငယ်လေးများ အတွက် သင်္ကန်းစသည်တို့ပဲ ဖြစ်ပါတယ်။
 သာယာကုန်းဘုန်းတော်ကြီး ပညာသင်ကြားရေးဆရာတော် ဦးတိက္ခဥာဏ
မိဘရှိသော ကလေးငယ်များရဲ့ အိမ်
အလှုရှင်များခင်ဗျား..အထက်မှာ ကျွန်တောပြောပြခဲ့တဲ့ ဆရာတော်အတွက် လိုအပ်နေတဲ့ကျောင်းဆောင် (သို့) ကလေးငယ်တွေအတွက် ချို့ တဲ့နေတဲ့ ထမင်းစားဆောင်ကို ကျွန်တော်တို့ အဓိက ပြုပြင်ပါမယ်။ ဆရာတော်က အလှုရှင်ရှိတာနဲ့ အထက်ပါ ရွက်ထည်တဲနေရာမှာပဲ (၁၅ x ၃၀)ပေအကျယ် -ကျောင်းဆောင်တစ်ခု ဆောက်လုပ်မှာပါ။ ချစားမြေဖြစ်တာကြောင့် အုတ်နဲ့ ဖောင်ဒေးရှင်းချပြီး လေးပေအမြင့်အထိ အုတ်တက်ပါမယ်။ လေးပေ အထက်ကိုတော့ သံဇကာကာရံပြီး အပေါ်ကသွပ်မိုးမယ်ဆိုရင် ကလေးငယ်တွေအတွက် အန္တရာယ်ကင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းစားဆောင် (သို့) ကျောင်းဆောင်အတွက် လိုအပ်တဲ့ အဆောက်အဦးပုံကြမ်းလေးတစ်ခု အခိုင်အမာရရှိနိုင်ပြီလို့ဆိုပါတယ်။ ဆရာတော်ပြောတဲ့ အဲ့ဒီအထိ အဆောက်အဦးရဲ့ ကုန်ကျစရိတ်ကို ကျပ် ၃၅သိန်းမှ ၄၅သိန်းကြားလို့ ခန်မှန်းတွက်ချက်ပြပါတယ်..။ပြီးဆုံးတာနဲ့ အလှုရှင်အားလုံးရဲ့ အမည်နာမကို ဆရာတော်ရဲ့ဆန္ဒအရ သဘောင်္ဆေးနဲ့ရေးပြီး ချိတ်ဆွဲကာ ရေစက်ချပွဲကိုအလှုရှင်များနဲ့အတူ ဆင်နွှဲပါမယ်။
ဒီကိစ္စအတွက် ကျွန်တော်တို့အနေနဲ့က တစ်ကစပြီး အလှုခံရမှာဖြစ်တာမို့ ကလေးငယ်တွေအတွက် လိုအပ်တဲ့ကျောင်းဆောင်လေး ဆောက်လုပ်ပေး နိုင်ဖို့တော့ အာမခံပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အကယ်၍ မြန်မာမုဒိတာလူငယ်များအဖွဲ့အနေနဲ့ အလှုခံတဲ့ရက်မှစပြီး အလှုပိတ်သိမ်းချိန်အထိ ရရှိလာမဲ့အလှုငွေဟာ အထက်ပါပမာဏကို ပြည့်မှီတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဆရာတော်နဲ့တိုင်ပင်ပြီး ကျောင်းဆောင်ကို တာဝန်ယူကာ ဆရာတော်ရဲ့အစီအစဉ်နဲ့ အမြန်ဆုံးဆောက်လုပ် လှုဒါန်းပါမယ်။အကယ်၍ ရရှိလာတဲ့အလှုငွေဟာ ကျောင်းဆောင်အတွက် လိုအပ်တဲ့ပမာဏကို ပြည့်မှီခြင်း မရှိခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ တခြားလိုအပ်ချက်တွေဖြစ်တဲ့ ဆရာဆရာမများအတွက် လစဉ်စေတနာကြေး၊ စာသင်ခုံနဲ့ မီးဖိုချောင်ပစ္စည်းများကို ထည့်ဝင်လှုဒါန်းပြီး ပိုလျှံတာကို ကျောင်းဆောင်အတွက် မတည်ငွေထားပေးခဲ့ပါမယ်။
ဒီနေ့ (၁၃.၇.၂၀၁၂၊ သောကြာနေ့)မှ စတင်ပြီး ကလေးငယ်များအတွက် လိုအပ်နေတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထမင်းစားကျောင်းဆောင်လေး -ဆောက်လုပ် လှုဒါန်းပေးဖို့ဆိုတာကို အဓိကဦးတည်ပြီး ကျွန်တော်တို့ အလှုခံပါပြီ။ အလှုရှင်များလက်ထဲသို့ ၀ကွက် အပ်နှင်းပါပြီခင်ဗျား။ နောက်ဆုံး အလှုပိတ်ရက်ကိုတော့ (၁၅.၈.၂၀၁၂-ဗုဒ္ဓဟူးနေ့အထိ) ဖြစ်ပါတယ်ခင်ဗျား။အကယ်၍ ပိတ်သိမ်းချိန်တွင် ရရှိလာမဲ့အလှုငွေဟာ ကျောင်းဆောင်လေး -ဆောက်လုပ်နိုင်မဲ့ ပမာဏကိုပြည့်မှီဖို့ အနည်းငယ်သာသာလိုအပ်တယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ပိတ်သိမ်းမဲ့ရက်ကို ရွှေ့ ဆိုင်းပြီး ပြည့်မှီတဲ့အထိ စောင့်ဆိုင်းကာ ကျောင်းဆောင်ဆောက်လုပ်ဖို့ကို ပြီးဆုံးတဲ့အထိ အပြည့်အ၀ တာဝန်ယူ ဆောက်လုပ်ပေးသွားမှာ ဖြစ်တဲ့အကြောင်း အလှုရှင်များအား အသိပေးအပ်ပါတယ်ခင်ဗျား..။
မြန်မာမုဒိတာလူငယ်များအဖွဲ့အနေနဲ့ မရမ်းချောင်းအနာကြီးရောဂါစောင့်ရှောင့်ရေးဂေဟာသို့ လှုဒါန်းစဉ်က ကျန်ရှိတဲ့လက်ကျန်အလှုငွေစုစုပေါင်း ၈၁၇၁၄.၅၀ကျပ်ဖြင့် သာယာကုန်းရွာ ဘုန်းတော်ကြီးပညာသင်ရေးကျောင်းအတွက် အလှုခံခြင်းအား စတင်ဖွင့်လှစ်ပါပြီခင်ဗျား..
နိုင်ငံအသီးသီးမှ အလှုရှင်များအနေနဲ့ အောက်ပါအကျိုးတော်ဆောင်များထံမှာ ထည့်ဝင်လှုဒါန်းနိုင်ပါတယ်ခင်ဗျား..။
ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂
(Barclays Bank account) 
 MR U JANAKA
Sort Code: 20-42-73    10039764 
အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁
ဂျပန်နိုင်ငံ အကျိုးတော်ဆောင်
ရန်နိုင် @ နေ၀သန်
nay.naywathan@gmail.com
+81 80 3852 5214
http://www.facebook.com/nayyannaing 
စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅
၉၄၅၁ ၁၈၃၇
၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉
ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com
မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉
၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃
၃။ကိုမင်းဧရာ(kl)
moekyawthu0001@gmail.com
+၆၀ ၁၇၃၀ ၄၇၇ ၃၅
၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁
၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957
မြန်မာနိုင်ငံ အကျိုးတော်ဆောင်များ
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅ ၉၄၂၁ ၀၅၉၈ ၂၇
၂။သမီးစံ
sandartinmyint@gmail.com
+၉၅ ၉၄၂၀ ၀၈၇၄ ၃၅
http://www.facebook.com/profile.php?id=100003084986957#!/mi.san1
လေးစားစွာဖြင့်
မြန်မာမုဒိတာလူငယ်များအဖွဲ့ကိုယ်စား
ကိုရင်
01:37 ( GMT)
.
Tuesday, 10 July 2012
အူဝဲ သီအိုရီ
ဟိုကလစ် ဒီကလစ်လုပ်ရင်း အောက်က ဗီဒီယို ဖိုင်တွေထဲ ရောက်သွားတယ်။
အရှင်လတ်လတ်ကြီးကနေ ဖြုန်းကနဲ လဲသေကြတဲ့ ဗီဒီယို ဖိုင်လေးတွေပါ။ ကြည့်ရင်းကြည့်ရင်းနဲ့ သေခြင်းတရားကို နှလုံးသွင်းမိလာတယ်။  ဘာလူမျိုးဘဲဖြစ်ဖြစ် ဘာဘာသာဝင်ဘဲဖြစ်ဖြစ် မဲမဲဖြူဖြူ ပုပုကွကွ နုနုရွရွ  နောက်ဆုံးတော့ တစ်ယောက်မကျန် မရဏလမ်း မြန်းကြရမှာပါဘဲ။ ဒီတော့ မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကြားကာလလေးမှာ စိတ်ချမ်းချမ်းသာသာ နေထိုင်သွားကြရင် မကောင်းဘူးလား။ အသိပညာ အတတ်ပညာ ဘာသာရေးပညာတွေ အထွတ်အထိပ် ရောက်နေတဲ့ ခေတ်ကာလပေမို့ ကောင်းခြင်းဆိုးခြင်း မှားခြင်းမှန်ခြင်းတွေကို ကိုယ်ပိုင်ပညာနဲ့ သိမြင်နိုင် နားလည်နိုင်တဲ့ အခြေအနေမှာ ရှိနေကြပါတယ်။ အဲဒီ အသိတရား အတတ်တရားလေးတွေကို နှလုံးသားမှာ ကိန်းစေပြီး လောကကြီးကို ဗြဟ္မစိုရ်တရားတွေနဲ့ အလှဆင်ပေးကြရင် မကောင်းပေဘူးလား။
အဲဒီလိုမျိုးလေး စဉ်းစားမိပြီး "အူဝဲ သီအိုရီ" ဆိုတဲ့ လေးလုံးစပ် ကဗျာလေးကို မွေးထုတ်ပေးလိုက်မိတယ်။ ။
" အူဝဲ သီအိုရီ "
အူဝဲ အူဝဲ၊ မွေးကထဲက
ကိုင်စွဲ ဗီဇာ၊ ခဏသာတည့်
မကြာကာလ၊ သေတွင်းဝသို့
မုချပြန်သွား၊ ရှင် မငြားဘူး။
သွေးသားချစ်ပို၊ သီချင်းဆို၍
နို့ချို ထမင်း၊ မြိန်ရာဟင်းနှင့်
ကြီးပြင်းသန်မာ၊ ရှိသောခါဝယ်
ပညာသင်ယူ၊ ဥစ္စာကူ၍
ကြင်သူ သက်ထား၊ သားမယားနှင့်
ပျော်ပါး သိုက်မြှုံ၊ ချိန်တွေ ကုန်ပြီး
တူစုံ ရွှင်ပြ၊ ကြင် မ၀ခင်
နာရ အိုရ၊ သေကြရမည့်
မရဏလမ်း၊ ဖြောင့်ဖြောင့်တန်းတည်း။
မျက်ကန်းတစ္ဆေ၊ မကြောက်လေသို့
တွေဝေ မောဟ၊ မိုက်လောဘဖြင့်
ဒေါသထူပြော၊ သံသာကြောဝယ်
အတောမသတ်၊ မာနဓါတ်အား
ထပ်ထပ်စွဲကိုင်၊ ခန္ဓာယိုင်ပြီး
လျောင်း ထိုင် ရပ် သွား၊ လေးပါး ဣရိယာ
ချိန်ခါမရွေး၊ သေမင်းဘေးနှင့်
အပြေးတွေ့ရ၊ လူ့ဘ၀ကား
ပျော်ပါးဖွယ်ရာ၊ မရှိရာတည့်။
မာမာ ပျော့ပျော့၊ ကြော့ကြော့ ပိုပို
ပျိုပျို အိုအို၊ တိုတို ပုပု
နုနု ရွရွ၊ လှလှ ဆိုးဆိုး
သိုးသိုး ပုပ်ပုပ်၊  လှုပ်လှုပ် ထီးထီး
ကြီးကြီး ငယ် ငယ်၊ ရွယ်ရွယ် လတ်လတ်
ဖျတ်ဖျတ် နှေးနှေး၊ ဌေးဌေး မွဲမွဲ
သေကြမြဲတည်း၊ အမြဲခန္ဓာ
မရှိရာဘူး။
(ထို့ကြောင့်...)
မေတ္တာ ကရု၊ မုဒိ ဥပေက်
လက်ချင်းယှက်ပြီး၊  ကောင်းကွက်ကိုသာ
စေတနာဖြင့်၊ ဖွေရှာကြည့်ရှု
 စိတ်ကောင်းပြုလော့၊ အန်တု ဖက်ပြိုင်
ကြီးနိုင် ငယ်ညှဉ်း၊ ၀မ်းတွင်း အူပုပ်
အယုတ်တမာ၊ မကြံရာတည့်
မှန်စွာစိတ်ဓါတ်၊ စိတ်ကောင်းမြတ်နှင့်
ထပ်ထပ်မွေ့ထုံ၊ ဤလူ့ဘုံဝယ်
ခိုလှုံကြပါ၊ မနုဿာတို့
လူ့ရွာ ကောင်းကျိုး၊ လွန်ပြည့်ဖြိုးမည်
ပွါးတိုးဟဒယာ၊ တည်စေပါသော်ဝ်။
.
သတိ။
လန့်တတ်ရင် နှလုံးမခိုင်ရင် အောက်က ဗီဒီယိုဖိုင်တွေကို မကြည့်ပါနဲ့။ အမြင်အဆိုးကြီး မဟုတ်ပေမဲ့ လန့်တတ်တဲ့သူတွေ အတွက် စိုးရိမ်လို့ သတိပေးတာပါ။ သွေးထွက်သံယို ဘာမှတော့ မပါပါဘူး။
ကန်ရင်းနဲ့သေ
ပြောရင်းနဲ့ သေ
ဗျူးရင်းနဲ့သေ
ဖျော်ဖြေရင်းနဲ့သေ
သေပေါင်းချုပ်
.