စိတ်ဓါတ်တွေ စုပြုံကျနေခိုက်မို့ စိတ်ဓါတ်ငြိမ်းချမ်းစရာ တရားတော်များ၊ စိတ်ဓါတ်အင်အား တက်စရာ ဟောပြောမှုများကို မကြာခဏ အချိန်ပေး နားထောင်ဖြစ်သည်။ စိတ်ဓါတ်အင်အားမြှင့် စာအုပ်များကို မကြာခဏ ဖတ်ဖြစ် မှတ်ဖြစ်သည်။ ဖတ်စရာ မှတ်စရာ နားထောင်စရာများကို ညအခါ၌သာ သူ ပြုလုပ်လေ့ရှိသည်။ အသံကြောင့် စိတ်ဓါတ်ပျံ့လွယ်တတ်သည့် သူ့အတွက် သမာဓိထူထောင်ဖို့ ညအခါသမယသည် အဆင်ပြေဆုံး ဖြစ်သည်။ အင်္ဂလန်၏ နွေညများသည် တိုတောင်းလှသည်။ ည ၁၀ နာရီလောက်မှ အလင်းရောင် စကွယ်သည်။ သို့သော် နံနက် ၃ နာရီခွဲခန့်၌ အလင်းရောင် စပေါ်ထွက်လာပြန်သည်။ ထို့ကြောင့် မအိပ်လိုက်ရဘဲ မိုးလင်းသည်များ သူ ခဏခဏ ကြုံဖူးသည်။နွေကာလမို့ ညအပူချိန်သည် ဒီဂရီ ၂၀ ခန့်ရှိသည်။ ပုံမှန်ချမ်းအေးသည့် နိုင်ငံ၌ ထို အပူချိန် ၂၀ သည် ပူစပ်စပ် နိုင်လှသည်။ ထို့ကြောင့် Ventilator ကို ပါဝါ မြင့်မြင့် ဖွင့်ပြီး အိပ်စက်ဖို့ ပြင်ဆင်လိုက်သည်။ မျက်စိမှိတ်ပြီး အိပ်ပျော်ဖို့ ကြိုးစားလိုက်သည်။ ပတ်ဝန်းကျင်မှ ကျေးငှက်မြည်သံများ၊ လူတစ်ချို့ စကားပြောသံများ တိုးတိုးသဲ့သဲ့ ကြားနေရသည်။ အိမ်နဘေးမှ ဖြတ်သန်းသွားသည့် ကားသံများကိုလည်း ကြားနေရသည်။ ကောင်းကင်ထက် သုံးမိနစ် နှစ်စီးကျ ပျံသန်းနေသည့် လေယာဉ်ပျံသံတို့ကိုလဲ ကြားနေရသည်။ မိုးလင်းခါ နီးနေပြီကော။
သူ မှိတ်ကနဲ အိပ်ပျော်သွားသည်။ ထို့နောက် အိပ်မက်ကို ရသလောက် သူ မက်လိုက်သေးသည်။ အိပ်မက်ထဲ၌ သူ့ထံသို့ သူ့အမေ ရောက်ရှိလာသည်။ လေယာဉ်ပျံစီးပြီး လာခြင်း ဖြစ်သည်။ အမေ့မျက်နှာ ပြုံးနေသည်။ ကျက်သရေ အရမ်းရှိသည်။ အမေသည် သူ့အနား ခဏထိုင်ပြီး သူ့ကို အားပေးစကား တတွတ်တွတ် ပြောနေသည်။ ဘ၀ဇာတ်ခုံပေါ်က လူသားတိုင်း အခက်အခဲ အထုအနှက် အစောင်းအမြှောင်း အဆဲအဆို အကဲ့အရဲ့ ခံရတတ်ကြောင်း၊ သူ တစ်ယောက်ထဲ ခံနေရတာ မဟုတ်ကြောင်း၊ မြတ်စွာဗုဒ္ဓတောင်မှ အစွပ်အစွဲ အနှောင့်အယှက်တွေ မကြာခဏ ခံရသေးကြောင်း၊ လျောက်လှမ်းတဲ့ ဘ၀မှာ စိတ်ဓါတ်မကျဖို့ လိုကြောင်း၊ ပညာကိုသာ တစ်စိုက်မတ်မတ် သင်ယူသင့်ကြောင်း၊ ပတ်ဝန်းကျင်ကို အရမ်း ဂရုစိုက်ဖို့ မလိုကြောင်း၊ ပညာတတ်မှ အများအကျိုး သယ်ပိုးနိုင်မှာ ဖြစ်ကြောင်း စသဖြင့် အားတက်စရာ အားရစရာ အားပေးစကားများကို သူ့အား စိတ်ပါလက်ပါ ပြောကြားနေလေသည်။ ထို့နောက် ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာထဲမှ "ပန်းပန်လျက်ဘဲ" ဆိုသည့် ကဗျာလေးအား သံနေသံထားလေးဖြင့် အေးအေးလေး ဆိုပြသည်။ ဘယ်က ပျံ့လွင့်လာသည့်မသိသည့် တီးလုံးလေးကလည်း အမေသီဆိုနေသည့် ကဗျာလေးအား စည်းချက်မှန်မှန် လိုက်တီးပေးနေသည်။ ထိုကဗျာလေးအား ရွတ်ဆိုပြီးနောက် ဖြုတ်ကနဲ အမေ ပျောက်ကွယ်သွားလေသည်။
သူ့ရင်ထဲမှာ ၀မ်းနည်းသလိုလို၊ ၀မ်းသာကြည်နူးသလိုလို ခံစားနေရသည်။ အမေ သူ့ကို ရာသက်ပန် ခွဲခွါသွားခဲ့သည်မှာ ဆယ်စုနှစ်ပင် ကျော်ခဲ့လေပြီ။ သို့သော် အမေသည် သူပျော်ရွှင်စဉ်၊ သူ အဆင်ပြေနေစဉ် သူ့ထံ ရောက်မလာတတ်ပေမယ့် သူ စိတ်ဓါတ်ကျနေသည့်အခါတိုင်း၊ စိတ်ဆင်းရဲမှုတွေ ရောပြွမ်းနေသည့်အခါတိုင်း သူ့ဆီ ရောက်လာတတ်ပြီး အားပေးစကား ပြောပေးလေ့ရှိသည်။ ထိုသည်ပင်လျှင် အမေ့မေတ္တာ ဖြစ်မည်။
နံနက် ၉ နာရီခန့်၌ ဧည့်သည် သူငယ်ချင်းတစ်ယောက် ရောက်လာသည့်အတွက် အိပ်ရာမှ ထလိုက်သည်။ ခဏ စကားပြောပြီး ဧည့်သည် ပြန်သွားသည်။ ထို့နောက် သူ အိပ်မက်ကို ဆက်စဉ်းစားနေဖြစ်သည်။ "စိတ်ဓါတ်ကျမှု၊ အိပ်မက်၊ အမေ"။ သူ့ဘ၀ကို သူ့အမေသည် တမလွန်မှ စောင့်ရှောက်နေသည်ဟု သူခံစားနေရသည်။ သူသွားလေရာ သူ့အမေ လိုက်ပါနေသည်ဟုလည်း သူခံစားနေရသည်။ သူ ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် အမေက အမြဲ မြင်တွေ့နေမည်ဖြစ်သည်။ သူပျော်သည်ဖြစ်စေ စိတ်ညစ်နေသည်ဖြစ်စေ အမေ အမြဲရှိနေမည်။ သို့သော် အမေသည် သူစိတ်ဓါတ်ကျနေသည့်အခါမှသာ သူ့ဆီလာပြီး အားပေးစကား ပြောပေးလေ့ရှိသည်။ အော်.... အမေ... အမေ။
အိပ်မက်ထဲ၌ အမေရွတ်ဆိုခဲ့သည့် ဆရာဇော်ဂျီ၏ "ပန်းပန်လျက်ဘဲ" ကဗျာလေးအား သူ ကြားယောင်နေမိသည်။ ပြုံးတစ်ဝက် ညိုးငယ်တစ်ဝက်ဖြင့် ထိုကဗျာလေးအား သူ တွတ်တိုးဆိုနေမိသည်။ ထို့နောက် သူ့ ကဗျာဥာဏ်အတိုင်း ထိုကဗျာလေးအား ကာရန်အလိုက် ယူကာ သူကိုယ်ပိုင် ကဗျာလေး အဖြစ် ဖန်တီးလိုက်မိသည်။ ထို ကဗျာလေးသည်ပင်လျင် သူ့အတွက် သူ့အမေ ပေးခဲ့သည့် အားဆေး တစ်ခွက် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။ "ငြမ်းဆင်လျက်နွှဲ" တဲ့။
ယောင်ချာချာ၊ ပညာသင်ထွက်ရင်း
ဝိုင်းဖျက်ရာ ပညာပျက်၊ ၀ိုင်းနှက်ရာ ညှဉ်း။
ညှဉ်းကြလဲ တစ်သက်သာ
မုန်းချက်တွေ ရေလို ပေါ၊ နှောစုံလို့ပါ။
အတင်းနဲ့ မာယာ၊ ပညာက ခလေး
မုန်းချက်ပွေ လူ့အတွေး၊ ကြောက်ခဲ့ရသေး။
ကြောက်ရလဲ တစ်သက်သာ
အောက်အကျေ၊ ပြေ* အလုံးက
မုန်းလိုက်ပြန်ရာ။
ယုတ်*လေပေါ့ တော် မရာ*၊ ဘ၀စေရာ ခဏ
ပြန်တစ်ရာ ရိုင်းသမှ၊ ဆော်လိုက်ပြန်ကြ။
ဆော်ပြန်လဲ တစ်သက်သာ
စောင်း*တစ်သွယ်၊ မြှောင်း*မယ်ထဲက
ဆဲချက်က နာ။
သဲလှုပ်ကာ တစ်နာ နှစ်နာ၊ ပညာက ရွှေရင်ထဲ
အနှက် အမာန်* ခံလို့
ပညာထံ မာန်ကိုစွဲ*၊ ငြမ်းဆင်လျက် နွှဲ။ ။
{ကိုကိုမောင် (၀၅၊၀၇၊၂၀၁၁၊ အင်္ဂါနေ့) }
ခက်ဆစ်
*ပြေ = ပြည်
*ယုတ် = ယုတ်မာခြင်း
*တော် မရာ = မတော်မရာ
*စောင်း = စောင်းမြှောင်းခြင်း
*မြှောင်း = စောင်းမြှောင်းခြင်း
*အမာန် = မာန်မဲကြိမ်းမောင်းခြင်း
*မာန်ကိုစွဲ = အားမာန်တင်းခြင်း
.
မှတ်ချက်။
ဆရာဇော်ဂျီ၏ မူရင်း "ပန်းပန်လျက်ဘဲ" ကဗျာလေးကိုပါ တစ်ပါတည်း ဖော်ပြပေးလိုက်ပါသည်။
ညိုပြာပြာ၊ လတာပြင် ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။
ဆင်းရလဲမသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့သာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ။
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ဘဲ။ ။
[ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)]
ဝန်ခံချက်။
ဆရာဇော်ဂျီ၏ မူရင်း ကဗျာကာရန် အတော်များများအား လိုက်တုထားပါသည်။ တမလွန်မှ ဆရာဇော်ဂျီ ခွင့်လွတ်နားလည်နိုင်မည်ဟု ယူဆပါသည်။ ကဗျာကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက် လုံးဝ မပါဘဲ မိမိ၏ ခံစားချက်အတိုင်း ရေးစပ်လိုက်မိခြင်း ဖြစ်သည်။ (ကိုကိုမောင်၊ ပန်းရနံ့)။
.





