Tuesday, 23 March 2010

သူဌေးလောင်းလျာ ကိုကိုမောင်


ကျနော်က လူကောင်သေးပေမဲ့ လမ်းများများလျောက်ရတာဝါသနာပါတယ်။
အားစိုက်ပြီးလုပ်ရတဲ့အလုပ်တွေကို အရမ်းနှစ်သက်တယ်။ ဘာမှလုပ်စရာမရှိရင်တော့ ကျနော့်အိမ်မှာဘဲ အေးအေးဆေးဆေး လေ့ကျင့်ခန်းလုပ်နေလေ့ရှိတယ်။

မနေ့ကပေါ့။ ညနေခင်းမှာ နေရောင်ခြည်လေးပွင့်တုန်း လေကောင်းလေသန့်လေးရှူရှိုက်ရင်း တစ်ယောက်ထဲ လမ်းထွက်လျောက်ဖြစ်တယ်။ လမ်းလျောက်ရင်း လမ်းပျောက်သွားတဲ့အတွက် ညနေ နေ၀င်တဲ့အထိ ဘယ်အရပ်ဘက်ကို ဦးတည်သွားနေမှန်း ကျနော်ကိုယ်တိုင်တောင်မသိတော့ဘူး။ သူငယ်ချင်းတွေဆီ ဖုန်းဆက်မယ်လုပ်တော့လဲ ကျနော့် Moblieက ဘက်ထရီ ဒေါင်းနေပြီ။ အဲဒါမှ ဒုက္ခ... မိုးကအရမ်းချုပ်သွားပြီ။ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကြည့်လိုက်ပြန်တော့လဲ မှောင်မှောင်မဲမဲ။ လျပ်စစ်မီးတွေ လင်းထိန်နေကျမြို့ တော်ဖြစ်ပေမဲ့ ဒီနေ့ ဘာဖြစ်လို့ လျပ်စစ်မီးရောင်ကို မတွေ့ရတာပါလိမ့်။ လပြည့်ကျော်ရက်ပိုင်းဖြစ်တဲ့အတွက် လရောင်ကလုံးဝမရှိ။ ကြယ်ရောင် ဖျော့တော့တော့အောက်မှာဘဲ မျက်စိကိုဖွင့် နားကိုစွင့်ပြီး ဆက်လျောက်ရင်း ကျနော် လျောက်လာတဲ့လမ်းက နှစ်ခွဖြစ်သွားတယ်။

"ဘုရား.. ဘုရား.. ဘယ်လမ်းကိုရွေးပြီးသွားရပါ့မလဲ။ ငယ်ငယ်တုန်းက ကြားဖူးတာရှိတယ်။ လမ်းမသိရင် ဘယ်ဘက်လမ်းကိုရွေးချယ်ပါတဲ့။ ဟုတ်ပြီ။ ဒီလိုဘဲ လုပ်ရတော့မယ်"

ဆုံးဖြတ်ချက်ချပြီး ဘယ်ဘက်ကိုသွားတဲ့ လမ်းကိုဘဲ ရွေးချယ်ပြီး ကျနော် ဆက်လျောက်သွားလိုက်တယ်။ ဒီအတိုင်းထင်ရာအရပ်ကို ရမ်းလျောက်သွားနေလို့တော့ မဖြစ်ချေဘူး။
ကြာလာရင် ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေမှ ပိုဆိုးမှာ။ တွေ့တဲ့သူဆီမှာ အကူအညီတောင်းမှ ဖြစ်တော့မယ်။

"ဟာ.. ဟိုရှေ့ မှာမီးရောင်မြင်တယ်။ ဟန်ကျလိုက်တာ"

သေချာကြည့်လိုက်တော့မှ အိမ်ပြတင်းပေါက်တစ်ခုက လျံကျလာတဲ့ ဆီးမီးရောင်။ မတတ်နိုင်ဘူး။ အိမ်ထဲဝင်ပြီး အကျိုးအကြောင်းပြောပြမှဖြစ်တော့မယ်။
အိမ်ဝင်းထဲဝင်လိုက်တဲ့ အခါမှဘဲ ရဲတိုက်အိုကြီးဖြစ်နေမှန်းသိတော့တယ်။ ကြယ်ရောင်မှုန်ဝါးဝါးအောက်မှာ ရဲတိုက်အိုကြီးကထီးထီး။ ပေါင်းမြက်နွယ်သစ်ပင်တွေ ရဲတိုက်နံရံတစ်ခုလုံးကို ရစ်တွယ်နေကြလေရဲ့။

"ဒေါက် ဒေါက်..."

ကျနော်တံခါးခေါက်လိုက်တယ်။ မကြာလိုက်ပါဘူး။
ကျလိ ဆိုတဲ့ အသံရှည်ကြီးမြည်ပြီး ဧရာမသစ်သားတံခါးကြီးပွင့်သွားတယ်။

"အစ်...အစ်.. ရှဲ... ရှဲ.."

တံခါးဖွင့်လိုက်ပြီဆိုရင်ဘဲ လင်းနို့အော်သံ၊ ဟိုမှဒီမှ ပျံသန်းသံတွေကြားလိုက်ရတယ်။
ထွီး... နံလိုက်တဲ့ လင်းနို့ ချေး။

"၀ုတ်..၀ုတ်..၀ုတ်"

ရဲတိုက်ကြီးအတွင်းက ခွေးဟောင်သံထွက်ပေါ်လာတယ်။ အသံကြီးက ကြက်သီးထချင်စရာ။ ငရဲခွေးတွေများလား။ တံခါးဖွင့်ပေးတဲ့သူကို သေချာကြည့်လိုက်တယ်။ အဖြူရောင်မုတ်ဆိတ်မွေးနှင့်ပါးသိုင်းမွေးတွေရောယှက်နေတဲ့ အဖိုးအိုကြီးတစ်ယောက်။ သူ့လည်ပင်းမှာ ပုတီးနက်ကြီးတစ်ကုံး။ သူ့အနားမှာက သွားရည်တမြားမြားနဲ့ခွေးနက်ကြီးတစ်ကောင်။ ခွေးကို ကြိုးခတ်တုတ်တုတ်နဲ့ ချည်နှောင်ထားတယ်။ ခွေးချည်ကြိုးကို သူကိုင်ထားတယ်။ သူ့မျက်နှာမှာက ရင့်ကျက်မှုတွေအထင်းသား။ အသက်က အတော်လေးကြီးနေပြီ။ ကြည့်ရတာ သူတစ်ယောက်ထဲ ဒီရဲတိုက်ကြီးထဲနေပုံရတယ်။ တော်တော်သတ္တိကောင်းတဲ့လူကြီးဘဲ။ ကျနော် စိတ်ထဲကျိတ်ပြီးချီးကျူးမိတယ်။ ဒါပေမဲ့ ကျနော်ကိုယ်တိုင်ကတော့ ကျောထဲခပ်စိမ့်စိမ့်ရယ်။

"Please come in , my guy= ဟေ့ကောင်လေး.. ၀င်ခဲ့လေ"

ကျနော်ဝင်သွားလိုက်တယ်။ အမည်ဖော်လို့မရတဲ့ ရုပ်တုကြီးတစ်ခုရှေ့ မှာ ဆီးမီးခွက် သုံးခုထွန်းတာတွေ့ရတယ်။

"မောင်ရင်လာမှာကြိုသိလို့.. တမင်စောင့်နေတာ.."

"ခင်မျာ... ဘယ်လို.."

"ကဲ.. ကဲ ခင်မျာတွေ ဘာတွေ လုပ်မနေနဲ့ ၊ ထိုင်ပြီးမှ ပြောကြတာပေါ့"

"ကျနော် ဒီကို တမင်သကာ လာလည်တာမဟုတ်ရပါဘူး။ လမ်းမှားပြီး မျက်စိလည်နေလို့ အကူအညီတောင်းဖို့ ရောက်လာတာပါ ခင်မျာ"

"ငါသိပါတယ်ကွ၊ ငါကလဲ မင်းကို ကူညီရအောင်လို့ စောင့်နေတာ။ ကဲ ပြောနေတာကြာတယ်။ မင်းအင်္ကျီတွေ အကုန်လုံး ချွတ်လိုက်စမ်း။
ငါ မင်းရဲ့ ကျောပြင်ကိုကြည့်ချင်တယ်"


"ခင်များးးး"

"ကဲပါ.. ချွတ်မှာသာ ချွတ်စမ်းပါ"

ကြောက်လန့်စရာ သူ့အသံနက်ကြီးကြောင့် ကျနော်လဲ ကူရှင်ပြတ်တစ်ခုပေါ် ထိုင်ချလိုက်ပြီး ခပ်ကြောက်ကြောက်နဲ့ ဘဲ အင်္ကျီတွေ အကုန်ချွတ်ပစ်လိုက်တယ်။ အေးလိုက်တာဗျာ မပြောပါနဲ့တော့။ ကြောက်တာရော အေးတာရော ရောစပ်ပြီး ခန္ဓာကိုယ်တောင် ဘယ်လိုဖြစ်နေမှန်းမသိတော့ပါဘူး။ ဒီလူထူးဆန်းကြီး ဘာအကြံအစည်တွေရှိနေပါလိမ့်။

"ငါက ဗေဒင် အင်္ဂ၀ိဇ္ဇာ အကြားအမြင် ရှေ့ ဖြစ်နောက်ဖြစ် အကုန်သိတယ်ကွ။ မင်းဟာ တစ်နေ့ကျရင် အရမ်းချမ်းသာလာမယ်။ အတော်လေးကို ငွေကံကောင်းတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ခုထိ မချမ်းသာရတာလဲဆိုတာ သိချင်လို့ မင်းကိုစောင့်နေပြီး စစ်ဆေးကြည့်မလို့ ကွ။ ကဲ.. မင်းရဲ့ ကျောပြင်ကြီး ငါ့မျက်စိနားကပ်ပေးစမ်း။ မီးရောင်ကလဲ ခပ်မှိန်မှိန်၊ ငါကလဲ မျက်စိခပ်မွဲမွဲဆိုတော့ သိပ်ပြီးမမြင်ရဘူး"

ကျနော်လဲ ကျနော့်ကျောပြင်ကြီး သူ့မျက်နှာနား တိုးကပ်ပေးလိုက်တယ်။ အဖိုးကြီးက ကျနော့်ကျောပြင်ကြီးကို ကပ်ကြည့်ပြီး

"အော်.. ဒါကြောင့်ကိုး...
" လို့ပြောကာ စားပွဲပေါ်က ဇာဂနာတစ်ချောင်းကို ဆွဲယူလိုက်တယ်။

ပြီးတော့ ဒီလိုပြောတယ်--

"မင်းကျောပြင်မှာ သူဌေးဖြစ်မဲ့ ပေါင်မီလျံတန် အမွေးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ၁၀ပေါင်တန် ပေါင် ၁၀၀တန် အမွေးညံ့တွေက ကြိုကြားကြိုကြားပေါက်နေတာ တွေ့ရတယ်။ အဲဒီ ၁၀ပေါင်တန် ပေါင်၁၀၀တန် အမွေးတွေကြောင့် မင်းမချမ်းသာတာ။ အဲဒါတွေကို ငါအကုန်လုံးနှုတ်ပေးလိုက်မယ်"

ပြောပြောဆိုဆိုဘဲ ကျနော့်ကျောပြင်က အမွေးတစ်ချို့ ကို ဗြုတ်ကနဲ ဗြုတ်ကနဲ မြည်အောင် ဇာဂနာကြီးနဲ့အားရပါးရနှုတ်ပစ်လိုက်တယ်။ ကျနော့်မှာတော့ အတော်လေး ကြက်သီးမွေးညှင်းထလို့။ စဉ်းစားသာ ကြည့်ကြတော့ဗျာ။ ချမ်းကချမ်း ကြောက်ကကြောက် ကျောပြင်က အမွေးတွေကို ဇာဂနာကြီးနဲ့ တလစပ်အနှုတ်ခံနေရမှတော့ ဒီထက်ဆိုးတာ ဘာရှိသေးလို့လဲ။

"ကဲ.. ပြီးသွားပြီ.. ဆင်းရဲမဲ့ အမွေးတွေ တစ်ပင်တစ်လေမှ မင့်ကျောပြင်မှာ မရှိတော့ဘူး။ မီလျံနာဖြစ်မဲ့ အမွေးတွေဘဲ ကျန်တော့တယ်။ မင်းမကြာခင် ချမ်းသာလာတော့မယ်။ အဲ.. ဒါပေမဲ့ တစ်ခုတော့ တောင်းဆိုချင်ပါတယ်။ အဲဒါကိုတော့ မင်း မေ့မပစ်ပါနဲ့။ အဲဒါက ဘာလဲဆိုတော့ မင်းချမ်းသာလာတဲ့အခါ ငါ့ကို အမျှဝေပေးဖို့ပါ။ ငါစောင့်မျှော်နေမယ်။ ဆက်ဆက် အမျှဝေပေးနော်။ ကြားလား။ ကဲ.. ကဲ အခု ပြန်လို့ရပြီ။ မင်း ပြန်တော့။ အဲဒီ ဘယ်ဘက်ကလမ်းကိုဘဲ ဆက်လျောက်သွားပါ။ မကြာခင် မင်းအိမ်ကိုရောက်ပါလိမ့်မယ်။ မင်း ငါ့ပြောခဲ့တဲ့စကားတွေကို မယုံကြည်ရင် လမ်းမှာတွေ့တဲ့ ထီဆိုင်မှာ ၀င်ပြီး ထီသာထိုးသွားပေတော့။ ဒီနေ့ထီထိုးရင် မနက်ဖြန်ကစပြီး သူဌေးကြီး ဦးကိုကိုမောင် ဖြစ်ပြီပေါ့ကွာ"

ကျနော်လဲ
လွတ်ပြီ ကျွတ်ပြီလို့ စိတ်ထဲကအော်ဟစ်ရင်း အဖိုးအို ညွန်ပြခဲ့တဲ့လမ်းအတိုင်းလျောက်လာခဲ့ပါတယ်။ မကြာခင်မှာဘဲ ကျနော်နေတဲ့ အိမ်နားကို ရောက်လာပါတော့တယ်။ ကျနော့်အိမ်နားမှာက ထီဆိုင်ရှိတယ်လေ။ အဲဒီဆိုင်က ညဥ့်နက်တဲ့အထိဖွင့်တယ်။ ကွက်တိပါဘဲ။ သူဌေးဖြစ်ကိန်းဆိုက်ပြီပေါ့။ ဒါနဲ့ဘဲ ထီးထိုးမယ်ဆိုပြီး ထီဆိုင်ရှိတဲ့နေရာကို ခတ်သုတ်သုတ်ကလေး လျောက်သွားလိုက်တယ်။ ဖြစ်ချင်တော့ ထီဆိုင်နားအရောက်မှာဘဲ လန်ဒန်မိုးက သဲကြီးမဲကြီးရွာချလိုက်တယ်။ ဆိုင်ထဲကိုမရောက်ခင်မှာ ကျနော့် တစ်ကိုယ်ကောင်လုံး ရွှဲရွှဲစိုလို့။ ချမ်းလိုက်တာဗျာ။ လွန်ရောဘဲ။ အဲဒီ အချမ်းဒဏ်တွေကြောင့်ဘဲ ကျနော်အိပ်ရာက လန့်နိုးသွားတယ်။ စောင်တွေအားလုံးက ကျနော့်ကိုယ်ပေါ်မှာမရှိကြတော့ဘူး။ နာရီကို လှမ်းကြည့်လိုက်တော့ မနက်လေးနာရီခွဲခါနီး။

ကျနော်လဲ ထပ်အိပ်ဦးမယ်ဆိုပြီး ကျနော့်ကိုယ်ပေါ်က လွတ်ကျနေတဲ့ ဂွမ်းကပ်စောင်ကြီးကို မျက်နာထိအောင်ဆွဲတင်ဖုံးလိုက်ပြီး ထပ်အိပ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့ အိပ်လို့မပျော်တော့ဘူး။ အိပ်မက်ကိုဘဲ သတိရနေပြီး ရယ်ချင်သလိုလို ဖြစ်လာတာနဲ့..
ခွိ.. ကနဲ အသံတိတ်ကလေးနဲ့ဘဲ ကျိတ်ရယ်ရင်း..
"အော်.. ငါ့အဖြစ်အပျက်က.. ဂလိုကိုး.." လို့ရေရွတ်ပြီး အချိန်စောနေသေးတဲ့အတွက် မျက်စိကို ဇွတ်မှိတ်ပြီး ထပ်အိပ်ဖို့ ကြိုးစားလိုက်ရပါတော့တယ်။


.....

Thursday, 18 March 2010

ရင်လေးမိခြင်း


ချက်ရေး ပြုတ်ရေး
ဤနှစ်ရေးထက်

စားရေး သောက်ရေး
ဤနှစ်ရေးထက်

သွားရေး လာရေး
ဤနှစ်ရေးထက်

ချစ်ရေး မုန်းရေး
ဤနှစ်ရေးထက်

တိုက်ရေး ခိုက်ရေး
ဤနှစ်ရေးထက်

ခွဲရေး တွဲရေး
ဤနှစ်ရေးထက်

အက်ဆေး အရေး
ပိုရင်လေး၏။

...

Tuesday, 16 March 2010

ရင်ထဲရှိတာတွေ (တဂ်ပို့စ်)


ရင်ထဲရှိတာတွေဆိုတဲ့ ခေါင်းစဉ်ကို မြင်လိုက်ကထဲက တကယ်လက်တွေ့ မဖြစ်သေးဘူးဆိုတာ ထင်ရှားပါတယ်။ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အတွေးလေးတွေ တစ်ချို့ ကို မချောရဲ့ တဂ်ကြွေးဆပ်ရင်း ရေးသားဖော်ပြလိုက်ခြင်းရယ်ပါ။ အတ္တဆန်တယ်လို့ ပြောချင်လဲ ပြောစေတော့။ မတတ်နိုင်ဘူး။ ကျနော့်ရွာအကြောင်းကိုဘဲ ဖောက်သည်ချရတော့မှာပါဘဲ။

စိတ်ကူးနဲ့ ဘုရားတည်၊ ကောင်းမှုတော်ထက် မငယ်စေနဲ့ ဆိုတဲ့ စကားပုံလောက်တော့ ကျနော့်စိတ်ကူးက မကြီးမားပါဘူး။ ရိုးရိုးရှင်းရှင်းလေးပါဘဲ။ ကျနော့်ရွာ့နာမည်က တုံးဖလားတဲ့။ ပင်လည်ဘူးမြို့နယ်ထဲက ရွာလေးတစ်ရွာပါ။ အရှေ့အနောက်တောင်မြောက် ဘယ်ဘက်ကိုဘဲ ကြည့်ကြည့် တောင်တန်းနှင့်တောအုပ်တွေ ချည်းပါဘဲ။ အဲဒီလို တောင်တွေကာရံထားတဲ့ လျှိုမြှောင်ထဲမှာ တုံးဖလားရွာလေးကို တည်ထားတာပါ။ ဘယ်အချိန်က စတည်ခဲ့သလဲ၊ ဘာဖြစ်လို့ တုံးဖလားလို့ နာမည်ပေးရသလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြတော့ပါဘူး။ ဟိုရှေးရှေးတုန်းက ရှမ်းလူမျိုးတွေ နေထိုင်သွားခဲ့ကြပုံရတယ်ဆိုတဲ့ ထင်မြင်ချက်မှတစ်ပါး ဘာသမိုင်းမှ မကျန်ရစ်ခဲ့ပါဘူး။

ရွာရဲ့အဓိကလုပ်ငန်းကတော့ လယ်ယာမြေပါဘဲ။ ဒါကြောင့် မိုးခေါင်တဲ့နှစ်ဆို သိပ်မလွယ်ကူလှဘူး။ ရွာသူရွာသားတွေ အရမ်းပင်ပန်းကြတယ်။ လယ်ယာမြေတွေကလဲ လျှိုရိုးတစ်လျောက် တည်ထားကြတာဆိုတော့ စပါးထွက်နှုန်းကတော့ အောက်အကြေအရပ်တွေလောက် ထွက်အားမကောင်းပါဘူး။ ဘုန်းကြီး ဖိုထိုး၊ နွား ချိုကျိုး၊ လယ် လျိုရိုး ဆိုတဲ့ စကားပုံအတိုင်းပါဘဲ။ သိပ်ပြီးတော့ အသုံးမ၀င်လှပါဘူး။ ( ရေးရင်းနဲ့ ဇာတိတွေ ပေါ်ကုန်တော့မှာဘဲးဝ)။ ဒါကြောင့်မို့ ပွင့်လင်းရာသီရောက်ရင် တစ်နယ်တစ်ကြေးကို အလုပ်ထွက်ရှာလေ့ရှိကြပါတယ်။ အထူးသဖြင့်တော့ ကချင်ပြည်နယ် ကျောက်စိမ်းနယ်မြေတစ်လျောက်ကိုပေါ့။ ဒါပေမဲ့ ဒီနေ့ထိ အရမ်းချမ်းသာသွားတဲ့ သူ တစ်ယောက်မှ မရှိသေးပါဘူး။

တစ်ရွာလုံးမှာ အိမ်ခြေက စုစုပေါင်းမှ သုံးဆယ်လောက်ဘဲရှိပါတယ်။ ဒါကြောင့်မို့ စာသင်ကျောင်းမရှိဘူး။ ဆေးပေးခန်းမရှိဘူး။ ဈေးဆိုင်မရှိဘူး။ စာကြည့်တိုက်ဆို ဝေလားဝေးပေါ့။ အရေးအကြောင်းဆို အိမ်နီးချင်းရွာတွေကို သွားပြီး ၀ယ်ခြမ်းကြရတယ်။ ပွဲလမ်းသဘင်အတွက်ဆိုရင်တော့ မြို့တက်ပြီး စားသောက်ကုန်တွေသွားဝယ်ရတယ်။ ပင်လည်ဘူးမြို့နယ်ထဲမှာတည်ရှိပေမဲ့ အဆင်အပြေဆုံးဖြစ်တဲ့ ကောလင်းမြို့ကိုဘဲ သွားပြီးဝယ်ရတာပါ။ ရွာရဲ့အဆိုးထဲက အကောင်းတစ်ခုကတော့ ကောလင်းနှင့်ပင်လည်ဘူးပြေးဆွဲတဲ့ ဘတ်စ်ကားလမ်းကြောင်းနှင့် ကပ်လျက်တည်ရှိတာပါဘဲ။

ကျနော်တို့ ကလေးဘ၀တုန်းက ရွာမှာ ဘုန်းတော်ကြီးကျောင်းလဲ မရှိခဲ့ပါဘူး။ တစ်မိုင်လောက်ဝေးတဲ့ ရွာသာယာရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းကိုဘဲ ကိုးကွယ်ကြရတာပါ။ နေ့စဉ် ပို့မဲ့ဆွမ်းတွေအားလုံးကို တစ်အိမ်အိမ်မှာ စုပြီး အလှည့်ကျ သွားပို့ရတာပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က အဲဒီရွာသာယာ ဘုန်းတော်ကြီးကျောင်းကို ပြန်မွမ်းမံတယ်။ ဘုရားတည်တယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာရှိတဲ့မြေဂမူတွေကို လူအားနဲ့ ညှိကြတယ်။ အလှူငွေတို့ လုပ်အားပေးတို့ကို ကျနော်တို့ရွာကလဲ ရွာသာယာရွာသားတွေနဲ့ အညီအမျှ ပါဝင်ထည့်ကြရပါတယ်။ ဒါနဲ့ဘဲ ကျနော်တို့ရွာလူကြီးတစ်ချို့တိုင်ပင်ဆွေးနွေးကြတယ်။ တစ်ခြားရွာက ဘုန်းတော်ကြီးကျောင်းမှာ ပါဝင်လှူဒါန်း လုပ်အားပေးရမဲ့ ပမာဏထဲကို နဲနဲလောက် ထပ်ဖြည့်လိုက်ရင် ကျနော်တို့ရွာမှာလဲ ကိုယ်ပိုင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ရနိုင်တယ်ဆိုတဲ့ အဖြေကို အားလုံးသဘောတူလက်ခံပြီး ရွာသာယာရွာမှ ခွဲထွက်လိုက်ပြီး ကိုယ်ပိုင်ဘုန်းတော်ကြီးကျောင်းကို တစ်ပိုင်တစ်နိုင်နဲ့ တည်ထောင်ခဲ့ကြပါတယ်။

လူအင်အား ငွေအင်အား အခြေအနေကြောင့် ဆယ်စုနှစ်ကျော်လာမှ ဘုန်းတော်ကြီးကျောင်းဟာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ ဒါတောင်မှ ရုပ်လုံးပေါ်ရုံလောက်ပါဘဲ။ အထဲက ကလီစာတွေ ဘာမှမဖြည့်ခဲ့နိုင်ကြဘူး။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတော့ ကျောင်းမျက်နှာကျက်အချို့နှင့် ဘုရားခန်းမျက်နှာစာ ပိဋကတ်တိုက်တို့ကို ကျနော်လှူဒါန်းဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဆိုးဆုံးက ကုဋီအိမ်(အိမ်သာ)ပါ။ ရေလောင်းကုဋီပေမဲ့ ကျင်းတူးပြီး ကျင်းပေါ်မှာ ကုဋီကို ဆောက်လုပ်ထားတယ်။ ရှေးစတိုင်လ်ပေါ့။ ကြွေခွက်လဲ မပါဘူး။ အောက်ကကျင်းကိုလဲ အလုံပိတ်မထားဘူး။ ဒီထက်ပိုဆိုးတာက တစ်ကျောင်းလုံးမှ ကုဋီအိမ်က တစ်လုံးထဲ ရှိတဲ့အတွက် ကျောင်းထိုင်ဘုန်ကြီးလဲ ဒီကုဋီ၊ ကိုရင်ကျောင်းသားလဲ ဒီကုဋီ၊ ကပ္ပိယလဲ ဒီကုဋီဘဲ သုံးနေကြရတယ်။ ဒါနဲ့ဘဲ ကျနော် ဒီကို မလာခင်လေးမှာ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး သုံးခန်းတွဲရေလောင်းကုဋီအိမ်တစ်လုံး (မြို့စတိုင်လ်)ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ (ဒါကတော့ ကျနော့်ရွာအကြောင်း အကျဉ်းချုပ်အနေအထားပါ)။

အခုမှ စိတ်ထဲ ရှိတာတွေကို ရေးမလို့ပါ။
ကျနော် ဒီကို မထွက်ခဲ့ခင်လေးမှာ ရွာထဲက လူကြီးတစ်ယောက်က.... "လူလေး.. ဘကြီးတို့ မသေခင် ရွာဦးကျောင်းဝင်းထဲမှာ ထုံးဖြူဖြူသုတ်လိမ်းထားတဲ့ မြေစိုက်ဘုရားတစ်ဆူလောက်တော့ ဖူးမြှော်သွားချင်သေးတယ်" လို့ အားကိုးတစ်ကြီး ပြောပြရှာတယ်။ အဲဒီစကားကို အခုထိ ကျနော်ကြားယောင်နေဆဲပါဘဲ။ အသက်ကြီးသူတွေ ဘ၀နေမ၀င်ခင် မီးအိမ်လေးထွန်းပေးချင်စိတ် တစ်ဖွားဖွား စိတ်ကူးထဲမှာ ပေါ်ပေါက်နေမိပါတယ်။ ပြီးတော့ ရွာသူရွာသားတွေကို (အထူးသဖြင့်) ကလေးတွေကို ဘာသာရေး ယဉ်ကျေးမှုတို့နှင့် မဝေးရလေအောင် စာကြည့်တိုက်အသေးစားလေးကို ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ တည်ဆောက်ပေးချင် နေမိပါတယ်။

နောက်ပြီး နှစ်စဉ်နှစ်တိုင်း (တစ်နှစ်တစ်ကြိမ်) တစ်ပိုင်တစ်နိုင်ဘာသာရေးသင်တန်းလေးတွေဖွင့်ပြီး စာမေးပွဲလေးတွေ ကျင်းပပေးချင်တယ်။ အောင်မြင်သူတွေကို ဆုချမယ်။ မအောင်မြင်တဲ့သူတွေကို ကြိုးစားချင်စိတ်ပိုရှိလာအောင် ပြုလုပ်ပေးမယ်။ နှစ်တွေကြာလာတဲ့အခါ ရွာသူရွာသားတွေအားလုံး ပရိတ်ကြီးပါဠိနှင့်အနက် ဓမ္မပဒ၊ ဗုဒ္ဓ၀င်၊ ဇာတ်တော်၊ ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏသုတ်စတဲ့ အဓိကကျတဲ့ ဘာသာရေးစာပေတွေကို ရင်းနှီးပြီးသားဖြစ်စေရမယ်။ အခြေခံအဘိဓမ္မာတွေကို သိပြီးသားဖြစ်စေရမယ်။ အလိမ္မာ စာမှာရှိ ဆိုတဲ့စကားအတိုင်း လိမ္မာယဉ်ကျေးမှု ပိုရှိလာစေရမယ်။ အမြင်ကျယ်လာစေရမယ်။ ပြီးတော့ ခေတ်ပညာအတွက် အင်္ဂလိပ်စာအခြေခံကို နားလည်ပြီးသားဖြစ်စေရမယ်။

အဲဒါတွေကတော့ ကျနော့်ရွာနဲ့ ပတ်သက်ပြီး ကျနော်စိတ်ကူးကြည့်မိတာလေးတွေထဲက အချို့ ပါ။ ကျနော်ကိုယ်တိုင် ကျနော့်ရွာမှာ အခြေချပြီး မနေထိုင်နိုင်ပေမဲ့ စိတ်ကူးလေးတွေအကောင်အထည်ဖော်ဖို့တော့ တစ်ဖက်တစ်လှမ်းကနေပြီး ကျနော် ကြိုးစားနေမှာပါ။ ကျောင်း ကန် ဘုရား သိမ် ဇရပ် စာကြည့်တိုက်တွေ ပြည့်ပြည့်စုံစုံရှိပြီး ယဉ်ကျေးမှုနှင့်ဘာသာတရားကိုင်းရှိုင်းတဲ့ တက်လူငယ်တွေ စုဝေးနေထိုင်ကြမဲ့ နောင်အနာဂါတ်ကာလ တုံးဖလားရွာလေးကို စိတ်ကူးယဉ်ပုံဖော်ရင်း ကျနော်ကြည်နူးစွာ ပြုံးလိုက်မိပါတယ်။

ကဲ.. အဲဒါကြောင့်ပြောတာပေါ့။ ကျနော် အတ္တကြီးနေသလိုများ ဖြစ်နေပြီလားလို့။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခြားဒေသတွေနှင့်တစ်ခြားသူတွေ ကောင်းစားရေးထက် ကျနော့်ရွာ သာယာလှပရေးကိုသာ တွေးတောနေမိတဲ့ အတွက်ကြောင့်ပါဘဲ။

မချောရေ...
တဂ်ပို့စ်လေး ရေးလိုက်ပြီနော်။ အဓိပ္ပါယ်ရှိမရှိတော့ မသိဘူး။ စိတ်ထဲ ပေါ်လာတာကိုဘဲ တန်းရေးချလိုက်မိတယ်။

......

Saturday, 13 March 2010

Laptop Computer ASUS ရောင်းရန်ရှိသည်။ တန်ဖိုး ငါးကျပ်။


သြော်.. လောဘ.. လောဘ.. လောဘ။
ထိုလောဘကြောင့် ဘ၀ကိုရ၏။ ထို့နောက် ဘ၀ကို ထိုလောဘဖြင့်ပြန်စ၏။ လောဘနဲ့စခဲ့သည့် ဘ၀သည် လောဘပင်လယ်ကြောဝယ် အသောမတတ်နိုင်ဖြစ်၏။ မိုက်မလင်းနိုင်ဖြစ်၏။ ကူးကာယက်ကာနေ၏။ လူသားတစ်ယောက်ဖြစ်သည့်ကျွန်ုပ်သည်လည်း ထိုလောဘဖြင့်ပင် ကြီးပြင်းလာခဲ့ရ၏။ မထင်မရှားတောရွာလေးမှာ မွေးဖွားခဲ့သည့်ကျွန်ုပ်သည် ထိုတောရွာလေး၌ မကြီးပြင်းလိုခဲ့ပေ။ ထိုတောရွာလေးထက် ကြီးမားပြီး လူစည်ကားသည့် မြို့၌သာ လက်ကျန်ဘ၀ကို ဖြတ်သန်းလို၏။ ထို့ကြောင့်ကျွန်ုပ်သည် အနီးဆုံးမြို့တစ်မြို့ဖြစ်သည့် ၀န်းသိုမြို့လေးသို့ ချီတက်လာခဲ့၏။ ထိုမြို့လေးသည် အေးချမ်း၏။ သာယာ၏။ လှပ၏။ မြို့နေလူထုတို့သည်လည်း ရိုးသား၏။ ဖြူစင်၏။ သိမ်မွေ့၏။ သို့သော် ထိုမြို့၌ ကျွန်ုပ်သည် ရေရှည်မနေလိုခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုမြို့ထက်ကြီးမားသည့် မြို့ကြီးတစ်မြို့သို့ လှမ်းမျှော်ကြည့်မိလေသောကြောင့်ပင်ဖြစ်၏။

ထိုသို့သော လောဘနှင့်ဆန္ဒတို့ကြောင့် ကျွန်ုပ်သည် မန္တလေးသို့ ရောက်ရှိခဲ့ပြန်၏။ ပျင်း ပျော် ပျက် ပြေး၊ မန္တလေး ဟု ဆိုရိုးစကားရှိသည့် မန်းနေပြည်တော်ကြီး၌ ကျွန်ုပ်သည် မပျင်း မပျော် မပျက် မပြေးခဲ့ဘဲ ပုံမှန်အနေအထားဖြင့် နေပူ လမ်းဝေး မန္တလေး၏ဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း အချိန်အတိုင်းအတာတစ်ခုကို ဖြတ်သန်းခဲ့ရ၏။ ထိုကဲ့သို့ ဒုတိယမြို့တော်မှာ နေထိုင်ရခြင်းကို ကျွန်ုပ်ကျေနပ် ရောင့်ရဲနေမည်လော။ အဖြေသည် နိုး ဟူ၍ဖြစ်၏။

ထို့ကြောင့် ပထမမြို့တော်ဖြစ်သည့် ရန်ကုန်သို့ ဦးတည်လာခဲ့၏။ ရန်ကုန်သည် ရေမြေသဘာဝကောင်း၏။ ပျော်စရာများ၏။ ကြည်နူးဖွယ်တို့ဖြင့် ပြည့်နှက်နေ၏။ ၀င်းဝင်းထိန်ထိန် ငွါးငွါးစွင့်စွင့် ဖြစ်နေသည့် ရွှေတိဂုံဘုရားကြီးသည် ကျွန်ုပ်၏စိတ်ဓါတ်တို့ကို အလင်းရောင်ပေး၏။ အအေးဓါတ်ဖြစ်စေ၏။ ဖော်မပြနိုင်သည့် စိတ်ချမ်းသာမှုမျိုး ဖြစ်ပေါ်စေ၏။ သို့သော်.. သို့သော် လောဘသည် ကြောက်စရာကောင်းလှ၏။ ထိတ်လန့်ဖွယ်ကောင်း၏။ တုန်လှုပ်ဖွယ်ကောင်း၏။ မထင်မရှား တောရွာလေး၌ ဘ၀ကို စတင်ခဲ့သည့် ကျွန်ုပ်သည် ထင်ထင်ရှားရှားဖြစ်နေသည့် ပထမမြို့တော် ရန်ကုန်မြို့ကြီးကိုပင် ခြေစုံကန်ပစ်ချင်နေလေပြီတည်း။

လူနေခြုံကြား၊ စိတ်နေဘုံဖျား ဆိုသည့် စကားပုံသည် မှန်ကန်လှ၏။ တိကျလှ၏။ ထိမိလှ၏။ မြန်မာနိုင်ငံအစွန်အဖျား တောရပ်ချောင်ပေါ်မှာ မွေးဖွားလာခဲ့သည့်ကျွန်ုပ်သည် မြန်မာနိုင်ငံကို ဥပေက္ခာပြုပြီး နိုင်ငံခြားဟူသည့် စိတ်ကူးယဉ်နိဗ္ဗာန်ဘုံကြီးဆီသို့သာ နေ့စဉ်အိပ်မက် မက်နေလေပြီကော။ အိပ်မက်ထဲက နိုင်ငံခြားသည် အိမ်နီးချင်းနိုင်ငံမဟုတ်။ လူဦးရေအများဆုံးနိုင်ငံလည်းမဟုတ်။ လူဦးရေ အနည်းဆုံးနိုင်ငံလည်းမဟုတ်။ လောဘ၏ ကြီးကျယ်ခန်းနားပုံသည် အံသြဘနန်းပင်တည်း။ ကျွန်ုပ် ကြိတ်ပြီး စိတ်ကူးယဉ်နေသည့် နိုင်ငံများသည် လက်ချိုးရေတွက်၍ရ၏။ စက္ကန့်ပိုင်းအတွင်းရေတွက်၍ရ၏။ တစ်ဘရိတ်ထဲရေတွက်၍ရ၏။ ထိုနိုင်ငံတို့မှာ ဂျပန် အမေရိကား အင်္ဂလန် သြစတြေးလျ ဟူ၍ဖြစ်၏။

လှံထမ်းလာတာကို မြင်နိုင်သည်၊ ကံထမ်းလာတာကို မမြင်နိုင် ဆိုသည့် စကားပုံသည် ကျွန်ုပ်အတွက်ဖြစ်ချေ၏။ စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ ဖြစ်လာ၏။ ကျွန်ုပ်၏ အိပ်မက်သည် အကောင်အထည်ပေါ်လာ၏။ အထင်အရှားဖြစ်လာ၏။ ရုပ်လုံးပေါ်လာ၏။ ကံတရားဖေးမ၍ ကျွန်ုပ် အင်္ဂလန်သို့ ရောက်ရှိခဲ့လေပြီတည်း။
.....

ငယ်စဉ်ကျောင်းသားဘ၀၌ စာရေးဖို့ ကျောက်သင်ပုန်းကို အားကိုးရ၏။ ကျောက်တံကို အားကိုးရ၏။ တိုတုတ်တုတ်ဖြစ်သွားသည့် ကျောက်တံကို ကျူရိုးမှာ သားရေကွင်းနဲ့ရစ်ချည်ပြီး ရှည်အောင်လုပ်ခဲ့ရ၏။ ထိုစဉ်က ကျွန်ုပ်၏ စိတ်သည် အများနည်းတူ ဗလာစာအုပ်ထဲ၌ စာရေးချင်ခဲ့၏။

ခေတ်အခြေအနေနှင့်အသက်အခြေအနေအရ ဗလာစာအုပ်နဲ့ရေးခွင့်ရသည့်အခါ၌လည်း လက်နှိပ်စက်ဖြင့် ရိုက်ရိုက်ပြီး ရေးရသည်ကို အားကျလာ၏။ ထို့ကြောင့် လက်နှိပ်စက်တစ်လုံးဝယ်ဖြစ်ခဲ့၏။ ထိုအချိန်၌ ကမ္ဘာကြီးသည် တိုးတက်လာ၏။ ဖွံ့ဖြိုးလာ၏။ ခေတ်မီလာ၏။ ကွန်ပျူတာဟူသည့် ဆန်းကြယ်သည့်အရာတစ်ခု ခေတ်စားလာ၏။ ထို့ကြောင့် လောဘ၏ ဦးဆောင်မှုဖြင့် ကျွန်ုပ်သည်လည်း လက်နှိပ်စက်မှကွန်ပျူတာသို့ ပြောင်းပစ်လိုက်၏။ Desktop computer တစ်လုံး ဖြစ်ညှစ်ဝယ်လိုက်၏။ ထို့နောက် ကွန်ပျူတာထဲ၌ပင် စိတ်အ၀င်စားကြီး ၀င်စားနေတော့၏။

လောဘသည် ဤမျှဖြင့် ရပ်တန့်မနေခဲ့ပေ။ အခန်းအတွင်း၌ Desktop သုံးပြီး Space အများကြီးယူထားသည်ကို မတန်ဟုထင်လာ၏။ ထို့ကြောင့် ပေါ့ပေါ့ပါးပါးနဲ့ နေရာယူနည်းသည့် Laptop တစ်လုံးဝယ်လိုစိတ်ပေါ်လာ၏။ ထိုလောဘ၏ခိုင်းစေမှုကို လန်ဒန်ရောက်ပြီးပြီးချင်း ကျွန်ုပ်လိုက်နာလိုက်၏။ ASUS အမည်ရှိ Intel Core 2 Duo, (HD160GB, Memory 2GB, Display 15.4 WXGA, T5250@1.50 GHz, Wireless 802.11b/g) Windows Vista အမျိုးအစားLaptop ကွန်ပျူတာလေးတစ်လုံးကို လက်တုန်တုန်ယင်ယင်ဖြင့် ၀ယ်ယူလိုက်၏။

ဟန်အတော်ကျလေပြီ။ ကွန်ပျူတာအသေးလေးဖြင့် တစ်ကမ္ဘာလုံးသို့ ဆက်သွယ်ရအဆင်ပြေလေပြီ။ ကျောင်းသင်ခန်းစာနှင့်အက်ဆေးစသည်တို့ကို အေးအေးဆေးဆေး ရေး၍ ရလေပြီ။ ကျေနပ်မဆုံး တစ်ပြုံးပြုံးဖြစ်ခဲ့၏။ ကွန်ပျူတာထဲသို့ အဘိဓာန်ပေါင်းစုံ Install လုပ်ထားလိုက်၏။ အင်္ဂလိပ်-မြန်မာအဘိဓာန်၊ Oxford Dictionary, Longman Dictionary, Collins Dictionary စသည်တို့ဖြစ်၏။ ထို့ပြင် Online ၌လည်း Cambridge Dictionary, Wikipedia, Online Dictionary တို့ကို ကြည့်ရှု၍ရလေ၏။ သတင်း ရုပ်ရှင် စာပေပေါင်းစုံ တရားပေါင်းစုံ အားလုံးအားလုံး တစ်ထိုင်တည်းဖြင့် ကြည့်ရှုနားထောင်၍ရလေ၏။ ဘ၀သည် ကျေနပ်ဖွယ်လိလိပင်တည်း။

သို့သော်.. ရုပ်ဝတ္ထုသဘောသည် ဖြစ်တတ်၏။ ပျက်တတ်၏။ ဖောက်ပြန်တတ်ချေ၏။ ကျွနု၏ လက်စွဲတော် ကွန်ပျူတာလေးသည် အရေးကြီးနေသည့်အခါမှ ဆန္ဒပြလာ၏။ အက်ဆေး Deadline နီးကာမှ ဖောက်ပြန်လာ၏။ အားကိုးအားထားပြုနေရသည့် Oxford 7thedition, Longman, Collins Dictionary တို့ကို Install လုပ်၍ မရတော့ပေ။ Wireless စနစ်သည်လည်း ပြတ်တောင်းပြတ်တောင်းဖြစ်လာ၏။ အင်တာနက်မှာ မရှိမဖြစ်လိုအပ်သည့် Flash player ကိုလည်း Install လုပ်သည့်အခါတိုင်း Firefox က ကန့်ကွက်နေ၏။ Internet Explorer လည်း Work offline ဖြစ်နေ၏။ ကွန်ပျူတာကို Recovery လုပ်ပြန်တော့လည်း DVD Drive က အလုပ်ကောင်းကောင်းမလုပ် ဖြစ်နေ၏။

ဒုက္ခ.. ဒုက္ခ။
လောကနိယာမအရ အကျိုးရှိလျင် အကြောင်းရှိရမည်ဖြစ်၏။ ဒုက္ခရှိလျင် ဒုက္ခဖြစ်ကြောင်းရှိရမည်ဖြစ်၏။ ထို ဒုက္ခ၏ အကြောင်းသည်ကား ဇာတ်လိုက်ကျော်ကြီး လောဘပင်လျင်ဖြစ်ချေတော့၏။ သူငယ်ချင်းများ၏တိုက်တွန်းချက်နှင့်ကျွန်ုပ်ကိုယ်တွင်း လောဘတို့ကြောင့် ကျွန်ုပ်၏ လက်ရှိကွန်ပျူတာကို ပိုပြီးခေတ်မီလာဖို့ Windows Vista မှ Windows 7 သို့ ပြောင်းပြီး တင်လိုက်ခြင်းသည် ထိုဒုက္ခဖြစ်ခြင်း၏ မှန်ကန်သည့် အကြောင်းပင်ဖြစ်ချေတော့၏။ Windows 7 ကိုလည်း တင်၍မရ၊ Windows Vista သည်လည်း စိတ်ကောက်ပြီး နွဲ့ဆိုးဆိုးနေလေတော့၏။

ကွန်ပျူတာကြိုက်သည့် ကျွန်ုပ်သည် ကွန်ပျူတာနှင့်ကင်းကွာနေ၏။ အင်တာနက်ခရေစီဖြစ်သည့် ကျွန်ုပ်သည် အင်တာနက်အဆက်အသွယ်ပြတ်နေ၏။ ထိုအခိုက် ကျွန်ုပ်၏အဖြစ်သည် အရက်သမား အရက်ပြတ်တောက်နေသည်နှင့်တူ၏။ အိမ်ထောင်သည်များ ဇနီး ခင်ပွန်းနှင့် ဝေးကွာနေသည်နှင့်တူ၏။ ပျားပိတုန်းများ ပန်းပွင့်ဆိတ်သုဉ်းနေသည်နှင့်တူလှ၏။ ကျွန်ုပ်သည် ကျောင်းစာဖက်သို့လည်း စိတ်မရောက်၊ ဘလော့အိမ်များသို့လည်း မလည်ပတ်နိုင်၊ ရေးနေကျ ပို့စ်များကိုလည်း မတင်အားတော့ဘဲ ထိုကွန်ပျူတာ ပြန်ကောင်းလာရေးသို့သာ စိတ်အစဉ်ကပ်လျက်ရှိနေလေတော့၏။

ကွန်ပျူတာကျွမ်းကျင်သည့် မိတ်ဆွေနှစ်ယောက်သည်လည်း စေတနာထားကာ သူတို့အလုပ်ကို ခဏမေ့ထားပြီး ကျွန်ုပ်၏ ကွန်ပျူတာကို နည်းပေါင်းစုံဖြင့် ပြုပြင်ပေးကြ၏။ အတုSoftware များကို အစစ်ဖြစ်အောင် Crack လုပ်ကြ၏။ ကွန်ပျူတာ သုံးစွဲရတာ ပိုပြီးအဆင်ပြေအောင် ပြုလုပ်ပေးကြ၏။ သို့သော် ကျွန်ုပ်၏ကွန်ပျူတာသည် ၇၀ ရာခိုင်နှုန်းလောက် ပြန်ကောင်းသွားသည်မှတစ်ပါး စိတ်ဆိုးစိတ်ကောက်မပြေနိုင်ဘဲဖြစ်နေလေ၏။ Software အချို့ ကို ကန့်ကွက်မြဲကန့်ကွက်နေ၏။ ဗိုင်းရပ်တွေ စွဲကပ်နေပြီထင်ရ၏။ ထိုအခိုက် ကျွန်ုပ်သည် ငယ်စဉ်ဘ၀ကို ဖြတ်ခနဲ ပြေးသတိရမိလိုက်၏။
......

ပင်လည်ဘူးမြို့နယ်ရှိ ကျွန်ုပ်တို့ တုံးဖလားရွာကလေးသည် အိမ်ခြေသုံးဆယ်ခန့်သာရှိ၏။ အားလုံး တောင်သူလယ်သမားတွေချည်းဖြစ်၏။ အိမ်တိုင်း၌ စပါးကျီ(တိုက်)များရှိကြ၏။ အချို့က စပါးကျီကို အိမ်ပုံစံမျိုး သစ်သားတို့ဖြင့် ကျကျနန ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထားကြ၏။ အချို့ကမူ ၀ါးများဖြင့်ရက်လုပ်ကာ နွားချေး(နောက်ချေး)တို့ဖြင့် သုတ်လိမ်းပြီး နေလှန်းအခြောက်ခံ၍ စပါးကျီပြုလုပ်ကြ၏။ ကျွန်ုပ်၏နေအိမ်ရှိ စပါးကျီသည် အိမ်ပုံစံအမျိုးအစားဖြစ်၏။ ရွာသူရွာသားများသည် စပါးရိတ်သိမ်းပြီးသည့်အခါ စပါးများကို စပါးကျီထဲသို့ ထည့်သိမ်းထားလေ့ရှိကြ၏။

တစ်ရွာလုံး၏ ဘုံရန်သူသည် ကြွက်ဖြစ်၏။ ကြွက်သည် စပါးမှည့်ချိန်၌ လယ်ယာထဲမှာ တွင်းတူးပြီးအခြေချနေထိုင်ကာ စပါးနှံများကို အားရပါးရ ဖျက်ဆီးစားသောက်လေ့ရှိ၏။ စပါးသိမ်းပြီးသောအခါ၌လည်း နေ့ညမရွေး စပါးကျီထဲသို့ ၀င်ရောက်မွှေနှောက်တတ်၏။ စပါးကျီထဲကစပါးများကို စားပြီး စပါးကျီထဲ၌ပင် မစင်စွန့်ထားလေ့ရှိကြ၏။ အိမ်မွေးကြောင်တို့သည်လည်း ကြွက်အင်အားကို နှိမ်နှင်းခြင်းငှါမစွမ်းနိုင်ခဲ့ပေ။ နည်းပေါင်းစုံဖြင့် ကြွက်နှိမ်ကြသော်လည်း သားပေါက်များသော ကြွက်တို့၏ အင်အားကား ပို၍သာ ကြီးမားလျက်ရှိလေတော့၏။

ထိုစဉ်က.. ဘယ်ဝယ်ဘယ်ဆီက စတင်တီထွင်လိုက်မှန်းမသိတဲ့ အယူတစ်ခုသည် ကျွန်ုပ်တို့ရွာအား လွှမ်းမိုးသွားလေ၏။ ထိုအယူမှာ ကြွက်နှိမ်နှင်းရေးအတွက် ပေါ်ပေါက်လာသည့် အယူဖြစ်၏။ တစ်ရွာသားလုံး ကျင့်သုံးကြ၏။ လိုက်နာကြ၏။ ပြုလုပ်ကြ၏။ ထိုအယူအတွက် ငွေအင်အား လူအင်အား သုံးရန်မလိုပေ။ မြေဖြူတောင့်လေးတစ်ခုဖြင့် ကိစ္စပြီးနိုင်၏။ ထိုအယူအဆမှာ စပါးကျီတိုင်းတွင် စာလုံးလေး ငါးလုံးမျှ မြေဖြူခဲဖြင့် ရေးရန်ဖြစ်၏။
(အချို့ မီးသွေးခဲဖြင့်လည်းရေးကြ၏)။ ကြွက်ရောင်းရန် ရှိသည် ဟူ၍ဖြစ်၏။ အချို့ မှာ ထပ်ကွန့်ပြီး တန်ဖိုးပါ ထည့်လိုက်သေး၏။
သတိ၊
ကြွက်ရောင်းရန်ရှိသည်။ တစ်ကောင် ငါးပြား ဟူသတည်း။

ကျွန်ုပ်တို့သည်လည်း မူလတန်းကျောင်းနေကာစ ပီပီ စာတတ်ပြီဟု အထင်ခံရစေရန် ထိုစာကြောင်းကို စပါးကျီတွင်မကဘဲ အိမ်နံရံ အိမ်တိုင် စသည်တို့မှာပင် ရေးသားပြီး လက်စွမ်းပြကြလေ၏။ အိမ်ညစ်ပတ်အောင်လုပ်ရကောင်းလား ဆိုပြီး အဘိုးက ဆူပူအော်ဟစ်တော့မှ ကျွန်ုပ်တို့အရေးရပ်ကြ၏။
ထိုစာကြောင့်လော ဘာကြောင့်လောမသိ။ ကြွက်များ စပါးကျီထဲ အလာကျဲသွားသည်ဆို၏။ သူတို့ကို တကယ်ရောင်းမည်ထင်၍လော၊ သူတို့ကို ဈေးနှိမ်ထားသည့်အတွက်ကြောင့်လော (အမှန်ဆို သူတို့မှ စာမဖတ်တတ်တားဝ)၊ ဖြူဖြူစာလုံးကြီးကို လန့်၍လော၊ မြေဖြူအနံ့ မခံနိုင်၍လော။ စဉ်းစားကြည့်လျင် အဖြေမရှိနိုင်ဘဲ ဖြစ်ရ၏။ အဖြေကို တိတိကျကျ မသိရသော်လည်း ကြွက်များမလာစေရန် ယခုတိုင်အောင် အချို့သူများ ၄င်းစာကြောင်းကို ရေးထားသည်ကို တွေ့ရတတ်၏။ ယုံကြည်မှုပင်တည်း။
....

ယခုလည်း ကျွန်ုပ်၏ ကွန်ပျူတာသည် ဗိုင်းရပ်ကိုက်နေပြီဟုထင်ရ၏။ ဗိုင်းရပ်အတွက် ဆော့ဖ်ဝဲတင်ထားသည့်တိုင်အောင် အချို့ဗိုင်းရပ်တို့သည် စိုးမိုးမင်းမူနေကြဆဲဖြစ်၏။ ကွန်ပျူတာကို ဒုက္ခပေးမြဲပေးလျက်ဖြစ်နေ၏။ အဆိုးဆုံးမှာ သတင်းနှင့်ဗီဒီယိုဖိုင်များကို ကြည့်ဖို့ Flash player နှင့် အင်္ဂလိပ်စာအတွက် Oxford 7th Dictionary ကို Install လုပ်၍မရခြင်းပင်ဖြစ်၏။ ထို့ကြောင့် စိတ်ကူးပေါက်ပေါက်ဖြင့် ကျွန်ုပ်သည်လည်း အကြံကုန် ဂဠုန်ဆားချက် လုပ်ရလေတော့၏။ ငယ်စဉ်ဘ၀က ကြွက်များမလာရောက်စေရန် ကြွက်ရောင်းရန်ရှိသည် ဟူ၍ ရေးခဲ့သလို ယခုလည်း ကွန်ပျူတာထဲမှာ ရှိသည့် အနှောင့်အယှက်များ ထပ်ပြီးမနှောင့်ယှက်နိုင်အောင် စာတစ်ခုခုရေးချင်စိတ်ပေါ်ပေါက်လာ၏။ သို့သော် အဘယ်၌ရေးရမည်နည်း။ အိမ်နံရံမှာလား။ အခန်းနံရံမှာလား။ ကွန်ပျူတာတင်ခုံပေါ်မှာလား။ ခက်သည်မှာ စည်းကမ်းပြည့်ဝသည့်နိုင်ငံ၌ ကိုယ့်အိမ်ဆိုပြီး ညစ်ပတ်ချင်သလို ညစ်ပတ်၍မရနိုင်ပေ။ အတန်တန်စဉ်းစားပြီးသကာလ နောက်ဆုံး၌ ကျွန်ုပ်အကြံတစ်ခု ရလိုက်၏။ အင်္ဂလန်နိုင်ငံမှာ နေထိုင်ကြသည့်သူများတင်မကဘဲ တစ်ကမ္ဘာလုံးမှာ ရှိသည့်လူတွေ ကျွန်ုပ်စာကို ဖတ်နိုင်အောင်ရေးသားလိုက်ရရင်ကောင်းမယ် ဟူသည့်အကြံပင်တည်း။ ထို့ကြောင့် ထိုစာကို ကျွန်ုပ်၏ Gtalk Custom message ၌ ရေးလိုက်လေတော့၏။

Laptop Computer ASUS ရောင်းရန်ရှိသည်။ တန်ဖိုး ငါးကျပ်။ ဟူ၍ဖြစ်၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုစာရေးပြီး မကြာခင်မှာပင် Flash player ကို Install လုပ်ကြည့်လိုက်ရာ ရှောရှောရှူရှူပင် Installation completed ဟူသည့် Boxကလေး ကျလာလေ၏။ ထို့နောက် Oxford 7th Dictionary ကို Install လုပ်ကြည့်ပြန်ရာ မယုံကြည်နိုင်လောက်အောင် အဆင်ပြေသွားလေတော့၏။

ယခုဆိုလျင် ကျွန်ုပ်သည် လက်စွဲအချစ်တော်ကြီး ကွန်ပျူတာ အင်တာနက်နှင့်အတူတကွ သတင်းဖတ်ခြင်း၊ သတင်းကြည့်ခြင်း၊ ဗီဒီယိုဖိုင်များ ကြည့်ခြင်း၊ အင်္ဂလိပ်စာများလေ့လာခြင်း၊ အက်ဆေးရေးခြင်း၊ ကြိုက်သည့်ဖိုင်များကို ဒေါင်းလုပ်ဆွဲခြင်း စသည့်စသည့် အခွင့်အရေးများကို တွင်တွင်ကြီး အသုံးချကာ ပြုံးဖြီးဖြီးကြီးဖြစ်နေလေပြီတည်း။

ဂါထာ ဆေးဝါး မန္တရားတို့ဖြင့် မကုသလိုက်ရဘဲ စာကြောင်းလေးတစ်ကြောင်း Gtalk ပေါ်တင်လိုက်သည်နှင့် ကွန်ပျူတာတွင်းရှိ ရောဂါဘယတို့ ပျောက်ကင်းသွားသည်မှာ တောင်ထိပ်မှာကြာပေါက်ပြီး အနောက်က နေထွက် သကဲ့သို့ မယုံနိုင်ချင်စရာ ဖြစ်၍နေပေ၏။ သို့သော် ထိုအဖြစ်အပျက်သည် ယုံတမ်းစကားလည်းမဟုတ်သလို ပုံပြင်လည်းမဟုတ်ပေ။ အဖြစ်အပျက် အမှန်ပင်ဖြစ်ချေတော့၏။ ထို့ကြောင့်ပင် ကျွန်ုပ်၏ ပို့စ်အား
Laptop Computer ASUS ရောင်းရန်ရှိသည်။ တန်ဖိုး ငါးကျပ်။ ဟူ၍ အမည်ပေးလိုက်ရခြင်း ဖြစ်ပေတော့သတည်း။ ။


....

Sunday, 7 March 2010

ကညာပျို


ကညာပျို
ရွှန်းလဲ့ပါတဲ့ ကညာပျို
လွမ်းဖွဲ့ပါတဲ့ ကညာပျို။

သူ့မူယာ ကြူကာလျှမ်းပါတဲ့
ကညာပျို ပျိုစင်ဖျန်းကိုလ
နမ်းရှိုက် ရင်ဖို။

လှမ်းအပွေ့ မှာလ
ဆန်းအတွေ့ကြောင့် ဘ၀င်ပျော်
တွေးခေါ်မိ စိတ်မှန်း။

ဆွေ့မြူးစရာ
တွေ့ထူးမှာ ဟန်မာယာနဲ့
ပျို့ အချွဲမှာ ကိုယ့်သဲလှိုက်သမို့
ယှဉ်တွဲကာ ကြင်ဆဲမောင်နှံသို့
ကညာပျို ဇရာအိုဆုံးထိအောင်
မမုန်းကြစတမ်း။

မှတ်ချက်။
(ဆရာမင်းသုဝဏ်ရဲ့ သပြေညို အလိုက်ဖြင့်) ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

...

Saturday, 6 March 2010

ဂြိုဟ်


ဂြိုဟ်ခွင် ဂြိုဟ်နှုတ်၊ ဂြိုဟ်စုပ် ဂြိုဟ်ညံ့
ဂြိုဟ်မသန့်က၊ ဂြိုဟ်ကန့်လန့်တိုက်
ဂြိုဟ်မိုက် ဂြိုဟ်မဲ၊ ဂြိုဟ်ငနဲတို့
ဂြိုဟ်ထဲရောက်ပြီး၊ ဂြိုဟ်စီး ဂြိုဟ်နင်း
ဂြိုဟ်တိမ်ဖျဉ်း၍၊ ဂြိုဟ်ချင်း ယှဉ်ပြီး
ဂြိုဟ်ရန်ကြီး၏။

ဂြိုဟ်ကြီးကိုးလုံး၊ ဂြိုဟ်ဖြင့်ဖုံးကာ
ဂြိုဟ်မုန်း ဂြိုဟ်မှောင်၊ ဂြိုဟ်ကောင် နှိပ်စက်
ဂြိုဟ်တွေသက်ပြီး။ ဂြိုဟ်ပျက်တစ်စွာ
ဂြိုဟ်မာယာတည့်။

ဂြိုဟ်ညစ်ရိပ်မှောင်၊ ဂြိုဟ်ကိုရှောင်ပြီး
ဂြိုဟ်အောင်နိမိတ်၊ ဂြိုဟ်အတိတ်ဖြင့်
ဂြိုဟ်တံဆိပ်ခတ်၊ ဂြိုဟ်မြတ် ဂြိုဟ်ကောင်း
ဂြိုဟ်အောင်ကြောင်းကို၊ ဂြိုဟ်မောင်း မင်္ဂလာ
ဂြိုဟ်ကမ္ဘာမှာ၊ ဂြိုဟ်အောင်ရာဟု
ဂြိုဟ်တွေစုပြီး၊ ဂြိုဟ်တုဖယ်ရှား
ဂြိုဟ်ကောင်းထားသည်၊ ဂြိုဟ်များသည့်ထက်ကောင်းစေသော်။


...

Tuesday, 2 March 2010

ဂုဏ်


ဂုဏ်ကို ဂုဏ်လွှမ်း၊ ဂုဏ်ညစ်ညမ်း၏။
ဂုဏ်ကို ဂုဏ်ပြိုင်၊ ဂုဏ်စစ်ယိုင်၏။
ဂုဏ်ကို ဂုဏ်ဖုံး၊ ဂုဏ်ဖြစ်ရှုံး၏။
ဂုဏ်ကို ဂုဏ်တု၊ ဂုဏ်မပြုသင့်။

ဂုဏ်တစ်ခုကို၊ ဂုဏ်ပြုလိုလျှင်၊
ဂုဏ်ကိုချီးကျူး၊ ဂုဏ်ကျေးဇူးဖြင့်၊
ဂုဏ်ထူးဆောင်ကာ၊ ဂုဏ်ကိုရှာလော့။

သူ့ဂုဏ်ဖော်ဆောင်၊ ကိုယ့်ဂုဏ်အောင်ပြီး၊
ဂုဏ်ရောင်ထိန်ဝါ၊ ဂုဏ်လင်းရာဖြင့်၊
ဂုဏ်ဝါလင်းရောင်၊ ဂုဏ်တောက်ပြောင်၏၊
ဂုဏ်ဆောင်သူများ၊ ဂုဏ်ကျိုးအားကြောင့်၊
ဂုဏ်များတိုးမြှင့်၊ ဂုဏ်တွေဆင့်ကာ၊
ဂုဏ်တင့်စေလို၊ ဂုဏ်ပြုဆိုသည်၊
ဂုဏ်ပျိုနုလို့ လင်းစေသတည်း။ ။

...