Thursday, 6 November 2008

သူဌေးတော့သူဌေး.. ဒါပေမဲ့


"ကိုကိုမောင်ရေ့ ... ငါထီပေါက်ပြီကွ"
ကျနော်နှင့်အတူအင်္ဂလန်ရောက်လာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့  ၀မ်းသာအားရအသံကြောင့် ကျနော်ကိုယ်တိုင်တောင် ထခုန်ရတော့မလိုလိုဖြစ်မိတယ်။ အပျော်ဓါတ်တွေကူးစက်သွားတာလေ။
ကိုယ့်သူငယ်ချင်းတစ်ယောက်လုံးထီပေါက်နေတာဘဲ ဘယ်မပျော်ဘဲနေပါ့မလဲ။

လန်ဒန်မှာ ထီတွေက အမျိုးမျိုး။ မြန်မာနိုင်ငံမှာလို တစ်လမှ တစ်ခါသာဖွင့်လှစ်တဲ့ အောင်ဘာလေထီကိုချည်း အားကိုးနေစရာမလိုဘူး။
ဒီမှာက ၀ါသနာပါရင် နေ့တိုင်းထိုးလို့ရတယ်။

DailyPlay
Lotto
Dream Number
Hotpick
EuroMillions
Thunderball
အဲဒါတွေကတော့ ကျနော်သိသလောက် ထီအမျိုးအစားတွေပါ။
Cardplay တွေကတော့အများကြီး။ ကတ်ကိုခြစ်ပြီးမှ ပေါက်မပေါက်သိရတဲ့ထီမျိုးပါ။
တစ်လုံးတိုက်ရင်ဘယ်လောက် နှစ်လုံးတိုက်ရင်ဘယ်လောက်ဆိုပြီး မက်လုံးတွေကလဲ အများသား။

အမျိုးမျိုးပါဘဲ။ ကြိုက်သလောက်ထိုး။ ကျသလောက်ရှင်း။ ပေါက်သလောက်ယူ။
သူတို့ခေါ်တဲ့ Jackpot ဆိုတဲ့ ဆုကြီးသာပေါက်ရင်တော့ နေ့ချင်းညချင်း သူများတွေ မျက်စိနောက်လောက်အောင် ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်မှာသေချာတယ်။ EuroMillion Jackpot ဆုဆိုရင် တစ်ခါတစ်ခါ ပေါင်သန်းကိုးဆယ်ထိတက်လာတာလေ။ ဒီအပတ်ဘယ်သူမှမပေါက်ကြရင် Rollover system အရ နောက်အပတ်ဆုကြီးရဲ့ တန်ဖိုးကို ထပ်တိုးလေ့ရှိတယ်။ အကုန်လုံး ဒိုင်မစားဘူး။
လူဆိုတဲ့ သတ္တ၀ါတွေဟာ ပိုက်ဆံရှိတဲ့သူတွေကိုမှ ပိုမြင်တတ်ကြတယ်မဟုတ်လား။
Jackpot ကြီးလဲပေါက်၊ သူများတွေအကြည့်တွေကလဲ ကိုယ့်ဆီရောက်ပေါ့ဗျာ။

အခုကျနော့်သူငယ်ချင်းပေါက်တာက ကတ်ကိုဝယ်ပြီး ကိုယ်တိုင်ခြစ်ပြီးမှ ပေါ်လာတဲ့ အမှတ်အသားအရ ပေါက်တယ်လို့သိရတဲ့ထီပါ။
ဥပမာ ကတ်ပေါ်မှာ ဆင်ရုပ်ကလေးရှိမယ်။ ပြီးတော့ 3 elephants to win(ဆင်သုံးကောင်ဆိုရင် ပေါက်ပြီ) ဆိုတဲ့ စာတမ်းလေးရေးထားမယ်။ ကတ်ထဲမှာ အကွက် ၉ ကွက်ရှိတယ်။တစ်ကွက်ကို အရုပ်တစ်ခု။ ခြစ်ကြည့်မှမြင်ရမှာပါ။ ၉ ကွက်ထဲမှာ တချို့ အကွက်တွေက တစ်ခြားအရုပ်တွေဖြစ်နိုင်တယ်။ ဒါပေမဲ့ ၉ ကွက်ထဲမှာ ဆင်သုံးကောင်ပါရင် အဲဒီထီပေါက်ပြီ။

"ကိုကိုမောင်ရေ... ငါထီပေါက်ပြီကွ။ အခုသွားထုတ်ရအောင်"
ကျနော့်သူငယ်ချင်းတစ်ယောက် အဲဒီကတ်ထီလေးကို လမ်းလျောက်သွားရင်းထိုးလာခဲ့တာပါ။ အိမ်ရောက်ရောက်ချင်းဘဲ တစ်ဆယ်တန်ပဲနိ အစေ့လေးနဲ့ ကတ်ကလေးကိုခြစ်ကြည့်ပြီးနောက် ကျနော့်ကို ပီတိတွေဖုံးနေတဲ့မျက်လုံးကြီးနဲ့ပြောလိုက်ခြင်းပါဘဲ။

"ဟာ အခုမှအပြင်ကပြန်လာတာ... ညနေမှ သွားထုတ်ကြမယ်လေ"

"ဟီး ဟီး ငါက အခုထုတ်ချင်နေတာ၊ ညနေထိမစောင့်နိုင်တော့ဘူး"

"ဒါဖြင့်လဲ မင်းတစ်ယောက်ထဲ သွားထုတ်လေ။ ငါ မလိုက်တော့ပါဘူး"

"အဲဒီလိုတော့ မလုပ်နဲ့လေ.. ဒီနိုင်ငံအကြောင်းလဲ သိတယ်မဟုတ်လား.. ပိုက်ဆံလေး ပေါင်ငါးဆယ်လောက်နဲ့တောင် လူသတ်မှုဖြစ်ကြတယ်ဆိုတော့.. အခုငါရမဲ့ငွေက အများကြီးကွ... တော်ကြာ သူဌေးမဖြစ်ဘဲနဲ့ သေဌေးဖြစ်နေဦးမယ်။ လိုက်ခဲ့ပါကွာ.. အခုသွားမယ်"

သူ့မျက်နှာကြည့်ရတာလဲ တကယ်ကိုညနေထိ မစောင့်နိုင်တော့တဲ့ပုံစံမျိုး။ အေးလေ... သူ့နေရာမှာ ကျနော်ကိုယ်တိုင်ဖြစ်နေရင်လဲ
ဒီလိုဘဲ စိတ်မြန်နေမှာ အသေအချာပါဘဲ။

"အမြင့်ဆုံးဆု (Jackpot)က ဘယ်လောက်လဲ"

"ပေါင်သုံးသောင်း"

ဟိုက်ရှားဘား... တကယ်လို့သာ အမြင့်ဆုံးဆုကြီး သူငယ်ချင်းပေါက်ရင်.. ပေါင်သုံးသောင်းဆိုတော့.. ဒေါ်လာ ခြောက်သောင်း.. မြန်မာကျပ်ငွေနဲ့တွက်ကြည့်ရင် သိန်းခြောက်ရာကျော်။ ဟာ.. အများကြီးပါလား။ ကျနော်လဲ ဘာမှမစဉ်းစားတော့ဘဲ အပြင်ကို ပြန်ထွက်ဖို့သဘောတူလိုက်တယ်။

ဒီလိုနဲ့ဘဲ သူငယ်ချင်းနှစ်ယောက် မရှိတဲ့ဗလကို ရင်ကော့အောင် ထုတ်ပြပြီး လာမထိနဲ့ ထိရင်မီးပွင့်သွားမယ်ဆိုတဲ့ ပုံစံမျိုး ခန္ဓာကိုယ်ကို မြောက်ကြွမြောက်ကြွလုပ် ဘယ်သူ့ကိုမှ ဂရုမစိုက်လေဟန်နှင့် ထီအရောင်းဆိုင်ကို ချီတက်သွားလိုက်ကြတယ်။
နှစ်ယောက်လုံးရဲ့ မျက်နှာကို သေချာစိုက်ကြည့်ရင်တော့ ပြုံးဖြီးဖြီးကြီးဖြစ်နေတာကို မြင်ရမှာ သေချာတယ်။
ဟုတ်တယ်လေ။ သူငယ်ချင်းထီပေါက်မှတော့ အနည်းဆုံး ကျနော်ကြိုက်တဲ့ KFC ကတော့ ကျိန်းသေပေါက် ၀ါးရတော့မှာကိုး။

ထီဆိုင်ရောက်ရောက်ချင်းဘဲ ကျနော့်သူငယ်ချင်းက နှစ်ပေါင်း ၁၅ နှစ်လောက် သင်ယူလာခဲ့တဲ့ အင်္ဂလိပ်စကားကို စတိုင်ကျကျ အသုံးချလိုက်တယ်။
"Excuse me, sir,
I win lottery, please check the ticket, here it is"
"ကျနော်ထီပေါက်တယ်၊ စစ်ကြည့်ပါ။ ဟောဒီမှာ ထီလက်မှတ်"

ဆိုင်ရှင်ကလဲ ထီလက်မှတ်ကို လှမ်းယူကာ အံဆွဲထဲက ၁၀ပေါင်တန်အကြွေတစ်စေ့ကို ထုတ်ယူလိုက်ပြီး ကတ်ကိုခြစ်ကြည့်လိုက်တယ်။
ပြီးတော့ ကျနော့်သူငယ်ချင်းကို ပြောလိုက်တယ်။
"ဟုတ်တယ် ခင်များထီပေါက်တယ်၊
ရော့ ဟောဒီမှာ ခင်များရမဲ့ ပိုက်ဆံ"

သူပေးတဲ့ပိုက်ဆံကို သေချာကြည့်လိုက်တော့ နှစ်ပေါင်တန်အစေ့တစ်စေ့ထဲ။ မျှော်လင့်ထားတာက Jackpot ပေါင် သုံးသောင်း။ တကယ်ရလာတာက နှစ်ပေါင်ထဲ။ ဘယ်လိုတွေ ဖြစ်ကုန်ပြီလဲ။ ဘယ်လိုအဓိပ္ပါယ်ဖော်ရမှန်းမသိတဲ့ မျက်စပစ်ခြင်းမျိုးနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြတယ်။
သူထုတ်ပြတဲ့ကတ်နမူနာကိုသေချာကြည့်လိုက်တော့မှ အကွက် ၉ ကွက်ရဲ့ ဘေးနားမှာ ထပ်ခြစ်ကြည့်စရာတစ်ကွက်ရှိနေသေးတာကိုတွေ့ရတယ်၊ အဲဒီအကွက်က ပေါက်ဂဏန်းရဲ့ တန်ဖိုးကို ဖော်ပြတဲ့အကွက်ဘဲ။ ကြိုတင်သိရင် ကိုယ်တိုင်ခြစ်ရင်လဲ ရတာဘဲလေ။ ကိုယ်တိုင် မခြစ်လိုက်ရတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒါက ကံတရားဘဲလေ။ ကံတရားနှင့်အလောင်းအစားလုပ်ရတာဆိုတော့ ဒီလောက်တော့ ကြုံရမှာပေါ့။


"Two pounds is better than nothing"
"ဘာမှ မရှိတာနဲ့စာရင်တော့ နှစ်ပေါင်စေ့လဲ အသုံးဝင်ပါသေးတယ်ကွာ" လို့ ကျနော်
ပြောလိုက်တဲ့အခါ သူငယ်ချင်းကလဲ ငိုမလို ရယ်မလို မျက်နှာမျိုးကြီးနဲ့ "တော်တော်ကို မာယာများတဲ့ထီလောကကြီးဘဲနော်" ဆိုပြီး ကလေးမွေးခါနီး လင်ယောက်ျားကို စိတ်ကုန်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လေသံမျိုးနဲ့ ညီးညူနေတာကို ကျနော်ကြားလိုက်ရတယ်။

နှစ်ပေါင်တန်တစ်စေ့ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လာလမ်းအတိုင်း သားကောင်မရခဲ့တဲ့ ကျားတစ်ကောင်ပုံစံမျိုး ခပ်ကုတ်ကုတ်
ပြန်လာခဲ့ကြပါတယ်။ အိမ်ရောက်တယ်ဆိုရင်ဘဲ ထီပေါက်လို့ ထုတ်လာပြီးတဲ့အကြောင်းကို ကျန်တဲ့သူငယ်ချင်းတွေကိုပြောပြရင်း ငိုအားထက် ရယ်အားသန်ပါဘဲ။
KFC မစားရမှန်း သိရှိသွားရပြီဖြစ်တဲ့အတွက် ကျနော်လဲ ပိုက်လုံးကလာတဲ့ရေကို ဖန်ခွက်ကြီးကြီးထဲထည့်ပြီး ဂလု ဂလု လို့ အသံမြည်အောင် အားရပါးရသောက်ပစ်လိုက်ပါတယ်။

သင်္ဘောသားတော့ သင်္ဘောသားပါ၊ ဒါပေမဲ့ ရန်ကုန်-တွံတေးသင်္ဘောသား ဆိုတဲ့သီချင်းလေးလိုဘဲ
ကျနော့်သူငယ်ချင်းလဲ ထီပေါက်လို့ သူဌေးအမည်ကို ခံယူမယ်ဆိုရင် သူဌေးတော့သူဌေးပါ ဒါပေမဲ့ နှစ်ပေါင်တန်သူဌေးလို့ ခေါ်ဆိုနိုင်ကြောင်းပါခင်များ။

မှတ်ချက်။ ။
ထီလောကရဲ့ မာယာတွေကို သဘောပေါက်သွားပြီး ကျနော့်သူငယ်ချင်းတစ်ယောက် အဲဒီအချိန်ကစပြီး ထီဆိုင်ဘက်ကို ဘယ်တော့မှ မသွားတော့ဘူးလို့တော့ မထင်လိုက်ကြပါနဲ့။ ဒီလောက်တောင် ပေါက်မဲ နည်းရသလားဆိုပြီး တစ်ဆင့်တိုးလို့ အများကြီးထပ်ထိုးနေဆဲပါဘဲ။ ဟဲ ဟဲ ရိုင်းရိုင်းပြောရရင် ကလေးမွေးပြီးလို့ ရက်တွေ အတော်ကြာလာတဲ့အခါ လင်ယောက်ျားအပေါ် အချစ်တွေ ထပ်ထပ်တိုးပြီး ပိုပိုဆိုးလာတဲ့ မိန်းမတစ်ယောက်ရဲ့ ပုံစံမျိုးပေါ့ ခင်များ။

Wednesday, 5 November 2008

အချစ်ရေစီးကြော မျောပါခဲ့ကြသူများ

မင်းကုသ နှင့် ပဘာဝတီ
မဟောသဓာ နှင့် အမရာ
ကိန္နရာ နှင့် ကိန္နရီ
သောတ္ထိသေန နှင့် သမ္ဘူလ
ဝေဿန္တရာ နှင့် မဒ္ဒီ

ရာမမင်းသား နှင့် သီတာဒေ၀ီ
ရိုမီယို နှင့် ဂျူးလိယက်

နတ်သျှင်နောင် နှင့် ဓါတုကလျာ
ရှင်မဟာရဋ္ဌသာရ နှင့် ၀ဏ္ဏပဘာ
မင်းနန္ဒာ နှင့် ရှင်မွေးလွန်း

ကနောင်မင်းသား နှင့် လှိုင်ထိပ်ခေါင်တင်
မောင်ဖေငယ် နှင့် ဒိုင်းခင်ခင်

ကျနော် နှင့် ?

Full of.....

*Forest is full of trees.
Trees are full of leaves.

*Garden is full of flowers.
Flowers are full of fragrance.

*My room is full of books.
Books are full of knowledge.

*My mind is full of love on you.
Love on you is full of passion.

အငိုမျက်လုံး အပြုံးမျက်နှာ


လပေါင်းများစွာ မရပ်မနား တလစပ် ဆင်နွဲလာခဲ့တဲ့ ပါးစပ်စစ်ပွဲဟာ (၄.၁၁.၀၈)မနေ့က အဆုံးသတ်သွားပါပြီ။
တိုက်ပွဲဖြစ်ရင် နှစ်ဦးနှစ်ဘက် ဒဏ်ရာကိုယ်စီရကြစမြဲပါ။ သူတို့မှာ ဒဏ်ရာတွေ ဗလပွနဲ့။ နာလန်ထူအောင်တော့ ထပ်ပြီး ကြိုးစားကြရဦးမယ်။ ပိုက်ဆံတွေအရမ်းကုန်တဲ့ဒဏ်ရာကိုပြောတာပါ။ သွေးသံရဲရဲတွေကို မြင်ယောင်မနေကြနဲ့ဦး။ ဒေါ်လာတွေ ထောင်ချီပြီးကုန်တာ။ သန်းပေါင်းထောင်ချီတာကိုပြောတာနော်။

အခုတော့ တိုက်ပွဲက အဖြေပေါ်သွားပြီ။ အသားမဲမဲလူသားတစ်ဦး အိမ်ဖြူဖြူကြီးအပေါ်မှာ ပထမဆုံးနေခွင့်ရသွားတယ်။
သူကတော့ Barack Obama.
အမေရိကရဲ့  ၄၄ဆက်မြောက်သမတဖြစ်သွားပါပြီ။
မဲအပြတ်အသတ်နဲ့ နိုင်သွားတာပါ။
မြန်မာလူမျိုးတွေကတော့ ဘာရက်ခ် အိုဗားမားကို မဲပေးကြတယ်ဆိုဘဲ၊ သူ့ရဲ့ နာမည်နောက်ဆုံးအလုံးက ဗားမားဖြစ်နေလို့တဲ့။ သိတယ်မဟုတ်လား၊ မြန်မာလူမျိုးလေ။ မရှိရင် ရှိတဲ့ဟာလေးကို ကြံဖန်ကျေနပ်နေတတ်ကြတယ်။

တစ်ရက်ကြီး တစ်နည်းသာ ဆိုပေမဲ့ John McCain ဆိုတဲ့ အဘိုးကြီးကတော့ ဒီတိုက်ပွဲမှာ ပက်ပက်စက်စက် အရှုံးကြီးရှုံးပြီး
သူရည်မှန်းထားတဲ့ အိမ်ဖြူတော်ကြီးအတွင်း ချဉ်းကပ်ခွင့်မရရှာတော့ဘူးပေါ့။ ဒါပေမဲ့ သူ့စိတ်ဓါတ်က အရမ်းခိုင်တယ်။ ဒီလောက်ရှုံးနေတာတောင် အပြုံးမပျက် အမုန်းမစွက်ဘဲ သူပြောတာက
"ငါတို့နိုင်ငံကြီးအတွက် အတူတူ အလုပ်လုပ်ကြရမယ်" တဲ့။

သူရဲကောင်းကိုချစ် သူရဲကောင်းကိုမြတ်နိုးကြသူချင်းပီပီ အကြီးမားဆုံးရန်သူနှစ်ဦးဟာ တိုက်ပွဲအပြီးမှာတော့ အခင်မင်ဆုံး မိတ်ဆွေတွေ ဖြစ်သွားကြပြီး ရန်ကိုရန်ချင်း မတုန့်နှင်းကြတော့ဘဲ ကြည်ကြည်ဖြူဖြူနဲ့
"Congratulation" တွေလုပ်နေကြလေရဲ့ ။

ရှုံးရင် ငါခံ၊ နိုင်ရင်တော့ မင်းတို့ဘဲ စံ ဆိုပြီး ရွယ်ရည်ခဲ့ကြသလားမသိဘူး။
သူ့လူတွေကို "အခုရှုံးနိမ့်မှုဟာ ခင်များတို့ရဲ့ ရှုံးနိမ့်မှုမဟုတ်ပါဘူး။ ကျုပ်တစ်ယောက်ထဲရဲ့ ရှုံးနိမ့်မှုပါ" လို့ မက်ကိန်းပြောကြားသလိုဘဲ-

တိုက်ပွဲအပြီးမှာ ပြည်သူတွေကို အိုဗားမားပြောတာကတော့
"အခုအနိုင်ဟာ ကျုပ်ရဲ့ အနိုင်မဟုတ်ပါဘူး။ ခင်များတို့အားလုံးရဲ့ အနိုင်ပါ" တဲ့။

သူရဲကောင်းမှန်ရင် အဲဒီစကားတွေကို မှတ်သားထားသင့်တယ်။ တော်ကြာ "ငါဟာသူရဲကောင်းတစ်ယောက်ပါ"ဆိုပြီး အခါခါ ကြွေးကြော်ပေမဲ့ သေချာ ဆန်းစစ်ကြည့်လိုက်မှ Hero ကနေပြီး Zero ဘ၀အပြောင်းခံရရင် ရှက်စရာကြီး။
...................................


အမေရိကန်နိုင်ငံကြီးဟာလဲ လက်ရှိသမတ ဘွတ်ရှ် ရဲ့ မူဝါဒကြီးကို မနိုင့်တနိုင်နဲ့ သယ်ဆောင်ခဲ့ရတာ ရှစ်နှစ်နီးနီးရှိပြီဖြစ်တဲ့အတွက်
အသက်ရှူမြန်မြန်လာပြီး အရမ်းမောပန်းနေပါပြီ။ ပြည်သူပြည်သားအပေါင်းကလဲ နိုင်ငံရဲ့ မူဝါဒရေးရာတွေကို ပြောင်းလဲပစ်ချင်နေကြတာကြာပါပြီ။
ဒါကြောင့်မို့ အခု အိုဗားမားရဲ့ အနိုင်ဟာ နိုင်ငံရဲ့ ပြောင်းလဲမှုကြီးလို့ဘဲပြည်သူတွေက ယူဆထားကြပါတယ်။
ဒါပေမဲ့ အိုဗားမားကတော့ ပြည်သူတွေကို ဆန္ဒသိပ်ပြီးမစောဖို့ စကားလေးတစ်ခွန်းပြောလိုက်တယ်။
"This victory alone is not the change we seek - it is only the chance for us to make that change"
"အခုတိုက်ပွဲလေးရဲ့ အနိုင်သက်သက်ဟာ ကျုပ်တို့ရှာနေတဲ့ ပြောင်းလဲမှုမဟုတ်ပါဘူး၊ ပြောင်းလဲမှုအတွက် အခွင့်အရေးလေး တစ်ခုမျှသာပါ" တဲ့။
.......................

သူရဲကောင်းဆိုတာ တိုက်ပွဲမရှိရင် ပျင်းနေတတ်တယ်။
ဒါကြောင့်--
သူရဲကောင်းမှန်ရင် ဒဏ်ရာနဲ့ ဘယ်တော့မှ မကင်းပါဘူး။
ဒဏ်ရာတွေနဲ့ ပျော်တတ်ဖို့ဘဲ အရေးကြီးပါတယ်။

အခုဆို
အိုဗားမားလဲ ဒဏ်ရာတွေနဲ့ ပျော်နေပါပြီ။
မက်ကိန်းလဲ ဒဏ်ရာတွေကိုဆေးထည့်ရင်း တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့
တိုက်ရဲခဲ့တဲ့ သူ့သတ္တိအတွက် ဂုဏ်ယူနေလေရဲ့ ။

အနိုင်ရခဲ့တဲ့ အိုဗားမား အရမ်းမပြုံးခဲ့သလို
ရှုံးနိမ့်ခဲ့တဲ့ မက်ကိန်းလဲ ဘယ်တော့မှ (အိုဗားမားအပေါ်) အမုန်းမပွါးခဲ့ပါဘူး။
ဒါပေမဲ့...

ဒါပေမဲ့
သူတို့ရင်ထဲမှာရှိတဲ့ နှလုံးသားတစ်ခုစီရဲ့ မျက်လုံးလေးတွေကတော့ သူတို့ရဲ့ ခံစားမှုကို ဖော်ပြနေမှာပါ။
တစ်ယောက်က နာကျင်မှု ကြေကွဲမှု အပြည့်နဲ့မျက်လုံး...
တစ်ယောက်က ကြည်နူးမှု ကျေနပ်မှု ပကတိအပြုံး...

ဒါကြောင့် ကျနော်က သူတို့နှစ်ယောက်ကို ဒီလိုလေး နာမည်ပေးလိုက်ချင်တယ်
"အငိုမျက်လုံး အပြုံးမျက်နှာ" လို့။ ။

ချစ်အဘိဓမ္မာ

(၁)
ချစ်သူတစ်ယောက်
အပြစ်ဆိုမြူလောက်မရှိ
မျက်စိအောက်ကအပျောက်မခံ
အမှန်အကန်အချစ်
အကြံအဖန်နတ္ထိ။

(၂)
သူ့အတွက်ဆို
ကိုယ့်အသက်ကိုပေးရပေးရ
နောင်တတရား ငါ့ထံပါးမရှိ
မင်းစံစားဖို့အသိနဲ့
ငါခံစားဖို့အသင့်ရှိ။

(၃)
ကိုယ့်အတွက်ဆို
သူ့အသက်ကိုနှုတ်ရနှုတ်ရ
ငါလုပ်သမျှလည်စင်းခံ
အမှန်ရင်ထဲကအသိ
မင်းကိုငါအလိုမရှိ။

(၄)
ချစ်သူတစ်ယောက်
အပြစ်တွေလိုက်ကောက်မကုန်
တပုံတပင် မုန်းစရာတွေအပြည့်
ငါ့အကြည့်အောက်မှာ မင်းမရှိ
ငါဖြစ်ချင်တာ မင်းမသိ။

(၅)
မရခင် အလှဆုံး
ရပြီးတော့ အလှတွေဆုံး
မင်းပြုံးသမျှ အသုံးမ၀င်
ငါခင်တွယ်နေတာ အများသိ
ရည်းစားတွေအများကြီးငါ့မှာရှိ။

Tuesday, 4 November 2008

လန်ဒန်မျက်လုံးကြီး (London Eye)



လန်ဒန်မှာ အရမ်းနာမည်ကြီးနေတဲ့ လန်ဒန်မျက်လုံး(London eye)ကြီးရဲ့  ခန့်ညားထည်မှုကတော့
လန်ဒန်မြို့ သူမြို့ သားများအားလုံးဂုဏ်ယူစရာပါ။
Central Londonလို့ခေါ်တဲ့ လန်ဒန်မြို့ လည်မှာ တည်ရှိပါတယ်။

အဲဒီလန်ဒန်မျက်လုံးကြီး(ချားရဟတ်ကြီး)ကို ၂၀၀၀ခုနှစ် မတ်လထဲမှာ ဖွင့်လှစ်ခဲ့တာပါ။
ဖွင့်တဲ့အချိန်ကစပြီး ခေတ်သစ်ဗြိတိန်ရဲ့ အမှတ်အသားအဖြစ် ထင်ရှားခဲ့ပါတယ်။ ယူကေတစ်ကျွန်းလုံးမှာ ခရီးသည်များကို ဆွဲဆောင်မှုအကောင်းဆုံးအဖြစ်လဲရပ်တည်နိုင်ခဲ့ပါတယ်။
ပျမ်းမျှ တစ်နှစ်ကို ခရီးသည် ၃.၅ သန်း လာရောက်လည်ပတ်ကြလို့ ၀င်ငွေအရမ်းကောင်းပါတယ်။
လန်ဒန်မျက်လုံးကြီးပေါ်ကကြည့်ရင် (အမြင့် ၁၃၅ မီတာရှိတဲ့အတွက်) ကီလိုမီတာ ၄၀ အကွာအဝေးအထိမြင်နိုင်ပါတယ်။

အဲဒီလန်ဒန်မျက်လုံးကြီးကို David Marks and Julia Barfield, a husband and wife architect team ရဲ့  အကြံပြုချက်အရ တည်ဆောက်ခဲ့တာပါ။ ၀ိုင်းဝန်းတဲ့စက်ဘီးပုံစံဟာ ရာစုနှစ်ပြောင်းလဲလည်ပတ်ခြင်းကို ရည်ညွန်းထားပါသတဲ့။
လန်ဒန်မျက်လုံးကြီးကို ၂၀၀၈ခု ဖေဖော်ဝါရီလအထိ British Airwaysက အဓိက Sponsor ပေးထားပါတယ်။ အခုလက်ရှိလုပ်ငန်းတွေကိုတော့ The London Eye Company Limitedက ဦးဆောင်လည်ပတ်နေဆဲပါ။

လန်ဒန်မျက်လုံးကြီးကို ဖွင့်တဲ့အချိန်ကစပြီး
ဆွဲဆောင်မှုအရှိဆုံးဆု ဗိသုကာဒီဇိုင်းဆု ကမ္ဘာ့ခရီးသွားဆုစတဲ့ ဆုပေါင်း ၇၅ခုကျော်ကို
ရရှိခဲ့ပြီးဖြစ်ကြောင်းပါခင်များ။

နာမည်အရမ်းကြီးပေမဲ့
ကျနော်ကတော့ မြန်မာပီပီ လန်ဒန်မျက်လုံးကြီးနား ရစ်ကာပတ်ကာ(ရစ်သီသီ)လုပ်ခဲ့ရုံကလွဲပြီး
အပေါ်ထိတက်ဖို့တော့ တစ်နှစ်လောက် အချိန်ယူပြီး စဉ်းစားနေဆဲပါဘဲလို့ အသိပေးလိုက်ပါရစေ။

ဒီလိုလေးလဲ သိထားသင့်တယ်

ပုံပြင်လေးတစ်ခုပြောပြမယ်။
တစ်ခါတုန်းက လန်ဒန်ရောက်မြန်မာဘုန်ကြီးတစ်ပါးကို အင်္ဂလိပ်လူမျိုးတစ်ယောက်ကပြောသတဲ့။
"ခင်များတို့ မြန်မာဘုန်းကြီးတွေဟာ မုတ်ဆိတ်ကျင်စွယ်မရှိ နှုတ်ခမ်းမွေးမရှိနဲ့ သေချာကြည့်ရင် အမျိုးသမီးနဲ့တူတယ်"

မြန်မာဘုန်းတော်ကြီးကလဲ အားကျမခံ ဒီလိုလေးပြန်ပြောလိုက်သတဲ့။
"ကျုပ်တို့မြန်မာတွေက လူအဖြစ်ကို ရတာလာ ကြာပြီဖြစ်တဲ့အတွက် အမွေးအမျှင်တွေ မုတ်ဆိတ်ကျင်စွယ်တွေ နှုတ်ခမ်းမွေးတွေ မရှိတော့တာပါ။ ခင်များတို့ အင်္ဂလိပ်လူမျိုးတွေကတော့ မျောက်ဘ၀ကနေပြီး လူဖြစ်လာတာမကြာသေးတဲ့အတွက် အမွေးအမျှင်တွေ တစ်ကိုယ်လုံးပေါက်နေတာပါ။ ဒါကြောင့်မို့ ခင်များတို့တိရစ္ဆာန်ဘ၀မှာ ရှိကြစဉ်ကထဲက ကျုပ်တို့မြန်မာလူမျိုးတွေဟာ လူသားစစ်စစ်ဖြစ်နေကြပြီ"

အဲဒီအင်္ဂလိပ်လူမျိုးဟာ "အိုး မိုင် ဂေါ့" လို့တစ်ခွန်းတည်းသာ ပြောလိုက်နိုင်တော့သတဲ့။