Tuesday, 21 October 2008

ယောက်ျားတွေ ကိုယ်ဝန်ဆောင်လို့ရနေပြီ



ဓါတ်ပုံကြည့်ပြီးတော့ ထမင်းစားလွန်ပြီး ဗိုက်ကယ်နေတဲ့ လူတစ်ယောက်လို့ မတွေးလိုက်ကြနဲ့ ကိုယ့်လူတို့ရေ။
ကမ္ဘာပေါ်မှာ မဖြစ်နိုင်တာ မရှိသလောက်ဖြစ်နေပြီ။
ကြံကြံဖန်ဖန်ဗျာ။
ယောက်ျားတန်မဲ့ ကိုယ်ဝန်ဆောင်ရတယ်လို့။

သူ့နာမည်က မစ်စတာဘီတီတဲ့။ သူ့အသက်က ၃၄နှစ်။ သူ့ဇာတိက အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း။ သူ့မှာ နန်စီလို့ခေါ်တဲ့ ဇနီးမယားတစ်ယောက်ရှိတယ်။ ဇနီးခင်ပွန်းနှစ်ယောက် ပေါင်းဖော်ကြတာ ဇနီးမှာ ကိုယ်ဝန်မတည်ဘဲ လင်မှာ ကိုယ်ဝန်တည်တယ်ဆိုတော့ မလွန်လွန်းဘူးလားဗျာ။
ကျနော်တောင် ယောင်ယမ်းပြီး ကိုယ့်ဗိုက်နှင့်ကိုယ် ကိုင်စမ်းကြည့်မိလိုက်သေးတယ်။ သူ့ကလေး (သမီးလေး)ကို ၂၀၀၈ ဇွန်လ ၃၀ ရက် တနင်္ဂနွေနေ့မှာ အောင်မြင်စွာဘဲ မွေးဖွားနိုင်ခဲ့ပါတယ်။ မွေးဖွားပေးခဲ့တဲ့နေရာကတော့ အမေရိကန်၊ အော်ရေဂန်ပြည်နယ်၊ ဘင်ဒ် ဆေးရုံမှာပါ။
ကလေးရော အမေပါ (အဲ... အဖေပါ) နေကောင်းကျန်းမာလျက်ပါဘဲ။

သူ့အဆိုအရ မစ်စတာ ဘီတီဟာ မွေးဖွားစဉ်က မိန်းခလေးပါ။ မော်ဒယ်မလေးတောင်လုပ်ခဲ့သေးတယ်။ အသက် ၂၀ ကျော်လာမှ မိန်းခလေးဘ၀ကနေ ယောက်ျားဘ၀ကို ဆရာဝန်တွေ အကူအညီနဲ့ ပြောင်းယူခဲ့တာပါ။ ဒါပေမဲ့ ကလေးရစေတတ်တဲ့ မမျိုးစေ့ဥတွေကိုတော့ ခန္ဓာကိုယ်ထဲက ထုတ်မပစ်ခဲ့ဘူးလို့ဆိုပါတယ်။
အခုလဲ အမည်မဖော်လိုသူ ဆရာဝန်တစ်ယောက်က ဖိုမျိုးစေ့ကို သူ့ ခန္ဓာကိုယ်ထဲဆေးထိုးပြွန်မှတစ်ဆင့် သွင်းပေးခဲ့တာလို့ သိရကြောင်းပါခင်ဗျာ။

အို... အသင်လောက
ထူးဆန်းမှုတွေ ပြင်းထန်လွန်းလှပါလားလို့ ငြီးတွားရမလိုတောင်ဖြစ်နေပြီ။

အတုတွေ... အတုတွေ


စက်တင်ဘာ ၁၃ ရက်နေ့ထုတ် Daily Mail သတင်းစာလေးကို ဖတ်လိုက်တယ်။ အံ့ရောဗျာ... ဒီလိုမျိုး Techonology တွေ အရမ်းတိုးတက်နေတဲ့ နိုင်ငံကြီးမှာတောင် အတုတွေပေါ်နေပါလား။ စတာလင်ပေါင်အတုတွေပါ။ နဲနဲနှောနှော မဟုတ်ဘူး။ တစ်ပေါင်တန်အစေ့ပေါင်း သန်း ၃၀။ ဒီလိုလေးရေးထားတယ်။

Have you got a fake #1? 30million coins are counterfeit.
တစ်ပေါင်တန်အတုတွေ အသင်တို့လက်ထဲရှိနေလား၊
တစ်ပေါင်တန် အစေ့အတုတွေ သန်း ၃၀ ကျော်ရှိနေတယ်။

ဘုရား... ဘုရား.... မီလျံနာတွေ လက်ထဲ အဲဒါတွေ ရောက်သွားရင် ကိစ္စမရှိဘူး။ ကျနော်တို့လို ပေါင်စေ့လေးအချို့ ကို နှမြောပြီး (ကျောင်းတက်တာတောင် ဘတ်စ်ကားမစီးဘဲ) ကျစ်ကျစ်ပါအောင် ဆုပ်ထားရတဲ့ လူတွေလက်ထဲ ရောက်လာရင်တော့ ဧရာမဒုက္ခ။

အော်.. အတုဆိုတာ နေရာတိုင်းမှာ ရှိနေကြတာပါလား။

Monday, 20 October 2008

WWW နှင့် MMM (၅)

မနေ့က ငါပြောပြခဲ့တဲ့ မုန့်ဆီကြော်ရောင်းတဲ့ အဘွားကြီးရဲ့  မုန့်ဆီကြော်စားနည်းကို မောင်ရင် ကောင်းကောင်းမှတ်မိတယ်မဟုတ်လား။

ဟုတ်ကဲ့ ဘကြီးဖြိုး ကျနော် မှတ်မိပါတယ်။

အေး... အင်္ဂလိပ်တွေဟာ အဲဒီမုန့်ဆီကြော်စားနည်းအတိုင်းဘဲ ဒို့ မြန်မာနိုင်ငံကို ၀ါးမြို ပစ်လိုက်တာကွ။


ပထမအနေနဲ့
M= Marketing လို့ခေါ်တဲ့ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုကို စတင်ပြုလုပ်တယ်။ ဥပမာအားဖြင့် သံထည်ပစ္စည်းတွေကို သွင်းကုန်လုပ်ပြီး ဒို့မြန်မာနိုင်ငံရဲ့  ကျွန်းသစ်တို့ကို ၀ယ်ယူလေ့ရှိကြတယ်။ ပြီးတော့ မောင်ရင်တို့ ရင်းနှီးနေပြီးဖြစ်တဲ့ ဘိလပ်မြေတို့ ဘိလပ်ရည်တို့ဆိုတဲ့ နာမည်တွေဟာ အဲဒီအင်္ဂလိပ်တွေရဲ့  နာမည်တွေပေါ့ကွာ။
ဘိလပ်ဆိုတာ ဗြိတိသျှ(အင်္ဂလန်)ကို ခေါ်တာပါ။ ဘိလပ်ပြန် ဘယ်သူ ဘယ်ဝါ ဆိုပြီးနာမည်ယူကြတာ မောင်ရင်လဲ ကြားဖူးမှာပေါ့။ ကုန်းဘောင်ခေတ်အစပိုင်းလောက်ကတည်းက အင်္ဂလိပ်တွေက မြန်မာတွေနှင့် ကူးသန်းရောင်းဝယ်မှုတွေရှိနေကြပြီ။ အဲဒီ ရောင်းဝယ်ဖောက်ကားမှုတွေ
တိုးချဲ့ လေ ကြောက်စရာကောင်းလေဘဲ။ အဲဒီနည်းနဲ့ ဘဲ သူတို့ ချဉ်းကပ်ကြတာကိုးကွ။

ဒုတိယအနေနဲ့
M= Missionary ဆိုတဲ့ သာသနာပြု Mission လုပ်ငန်းကြီးပေါ့ကွာ၊ သူတို့ရဲ့ ခရစ်ယာန်ဘာသာပြန့်ပွါးဖို့ သာသနာပြုအဖွဲ့အစည်းတွေ ၀င်ရောက်လာကြတယ်။ ဒို့မြန်မာ ဗုဒ္ဓဘာသာသာသနာပြုဘုန်းကြီးတွေဟာ နယ်စပ်နှင့်တောင်တန်းဒေသသာသနာပြုလုပ်ငန်းစတင်တာ သူတို့ထက် အများကြီးနောက်ကျတယ်။ သူတို့က တကယ်ဆင်းရဲနွမ်းပါးနေတဲ့ တောင်တန်းနှင့်နယ်စပ်က မြန်မာတိုင်းရင်းသားတွေကို စားစရာ ၀တ်စရာ နေထိုင်စရာ ဆေးဝါးကအစ အကုန်ပေးပြီး စည်းရုံးရေးဆင်းတယ်၊ ခပ်မြန်မြန်ဘဲ တောင်တန်းတစ်လျောက် ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်သွားကြတယ်လေ။
ဆရာယုဒသန်ဆိုရင် အင်္ဂလိပ် မြန်မာ အဘိဓာန်တောင် ပထမဦးဆုံးအနေနဲ့ ပြုစုပြသွားလိုက်သေးတယ်။
ရန်ကုန်မြို့တော်မှာ စိန်ပေါကျောင်းတို့ စိန်ဂျွန်းကျောင်းတို့ ဆိုတာ တကယ့် ခရစ်ယာန်ကျောင်းတွေပေါ့။
ဒီလိုနည်းနဲ့ဘဲ သူတို့ အင်အားတောင့်တင်းသွားကြတယ်။

တတိယနည်းအနေနဲ့
M= Military လို့ခေါ်တဲ့ စစ်တပ်ကြီးဝင်ရောက်လာတော့တာဘဲ။ ပထမနည်းနှင့်ဒုတိယနည်းတွေကို တိတိကျကျ သေသေချာချာ အသုံးပြုပြီးဖြစ်တဲ့အတွက် တတိယနည်းကို သုံးတဲ့နေရာမှာ အရမ်းလွယ်ကူသွားတယ်။ ကြက်ကလေး ငှက်ကလေးတွေကို ဖမ်းသလိုဘဲ သီပေါမင်းကို အေးအေးဆေးဆေးဘဲ ဖမ်းဆီးသွားတယ်။
တိုက်ခိုက်ရေးနည်းဗျူဟာချင်းကကွာ၊ လက်နက်ချင်းကမမျှတ၊ ဒီကြားထဲ သစ္စာဖောက်မြန်မာတွေက ပေါ်လာဆိုတော့ လွယ်မှလွယ်။ သူတို့ဘက်တော်သားတွေကလဲ အထဲမှာ စိမ့်ဝင်နေရာယူထား။ အသာလေးဘဲ မြန်မာနိုင်ငံဟာ သူတို့ရဲ့ လက်ထဲကို နေ့ချင်းညချင်းဆိုသလို ရောက်ရှိသွားတယ်။
ကဲ.. ကဲ.. ဒါ ငါအကျဉ်းချုပ်ပြီးပြောပြတာဘဲကွာ။ နောက်ကြုံကြိုက်ရင်လဲ တစ်ခြားအကြောင်းလေးတွေ ဆက်ဆွေးနွေးကြသေးတာပေါ့။ အခု ထမင်းပွဲလဲ ပြင်ပြီးပြီ၊ ထမင်းစားပြီးမှဘဲ ပြန်၊ လာ ထမင်းသွားစားကြစို့။

ကျနော်လဲ ဘကြီးဖြိုးတို့နှင့်အတူ ညနေစာထမင်းအတူစားပြီးတဲ့နောက်၊ နှုတ်ဆက်ပြီး ဘကြီးဖြိုးအိမ်က ပြန်လာခဲ့ပါတော့တယ်။ ဘကြီးဖြိုး ဗဟုသုတ အတော်စုံတာဘဲ လို့ အပြန်လမ်းမှာ တွေးတောရင်း ဘကြီးဖြိုးကို ကျနော် အတော်လေး လေးစား အထင်ကြီးမိသွားတယ်။
ကျနော် သူ့ဆီနောက်တစ်ခေါက်မက ထပ်သွားဦးမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။
......................................

လန်ဒန်ရောက်ပြီး အဒေါ်တစ်ယောက်ပြောပြတဲ့ W သုံးလုံး (WWW) ကို ကြားပြီးတဲ့နောက် ကျနော် ရေရွတ်မိတာကတော့--
"အင်္ဂလိပ်လူမျိုးတွေဟာ M သုံးလုံး (MMM)နှင့် မြန်မာနိုင်ငံကို သိမ်းယူနိုင်ခဲ့ပေမဲ့ အင်္ဂလန်မှာW သုံးလုံး (WWW)ကတော့ {ကက်ကင်းပြန်နေလို့လားမသိ} အစိုးမရရှာပါလားနော်" လို့။

WWW နှင့် MMM (၄)

နောက်တစ်နေ့
မိုးလင်းကထဲက ကျန်တော် အဲဒီဦးလေးကြီးအိမ်ကို သွားချင်နေတာ။ M သုံးလုံးအကြောင်းကို သိချင်စိတ်က အရမ်းပြင်းပြနေတာကိုး။ အဲဒီ M သုံးလုံးက ဘယ်လောက်အထိအရေးပါ အရာရောက်လို့  အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ရသလဲပေါ့။
.........................................

အဲ... အဲဒီ ဦးလေးကြီးအကြောင်း နဲနဲမိတ်ဆက်ပေးလိုက်ဦးမယ်။
ဦးလေးကြီးရဲ့ နာမည်က တစ်လုံးတည်း၊ ဦးဖြိုးတဲ့။ ကျနော်တို့က ဘကြီးဖြိုးလို့ဘဲ လွယ်လွယ်ခေါ်ကြတယ်။
သူက ပဇင်းလူထွက် လူပျိုလူလွတ်ကြီးပေါ့။ ရန်ကုန်က နာမည်ကြီး ပရိယတ္တိစာသင်တိုက်တစ်ခုမှာ ရဟန်းငါးဝါအထိ စာသင်ဖူးတယ်လို့  သူခဏခဏပြောလေ့ရှိတယ်။

စာသင်တိုက် စည်းကမ်းက အရမ်းကြပ်။ သူက အတန်းစာတွေထက် ဗဟုသုတရေးရာ စာပေတွေကိုဘဲ စိတ်ဝင်စား။ ရှေ့ သို့ဂျာနယ် နိုင်ငံတကာရေးရာဂျာနယ်တွေကို လစဉ် မလွတ်တမ်းဖတ်။ ဒါနဲ့ဘဲ ကျောင်းအုပ်ဘုန်းကြီးက သူ့ကို စာမကျက်ရကောင်းလားဆိုပြီး မကြာမကြာ ကြိမ်းမောင်းတယ်လို့ ပြောပြတယ်။ သူလဲရဟန်းဘ၀နှင့်နေထိုင်ရတာ မနှိပ်ပါဘူး ကိုယ်ဖတ်ချင်တဲ့စာလဲ မဖတ်ရဘူး ဆိုပြီး ရဟန်းငါးဝါအရမှာ ရွာပြန်ပြီး လူဝတ်လဲလိုက်တယ်။

လူဝတ်နှင့်နေထိုင်ပေမဲ့ စိတ်က ဘုန်းကြီး စိတ် ဆိုတော့ အိမ်ထောင်ပြုဖို့လဲ စိတ်မ၀င်စားဘူး။ မိဘအိမ်မှာနေထိုင်ရင်း စာဖတ်လိုက် ရွာဦးကျောင်းသွားလိုက်နဲ့ သူ့ဘ၀ကို အချိန်ကုန်လွန်စေတယ်။
မိဘတွေမရှိတဲ့နောက်ပိုင်းမှာ အိမ်ထောင်ကျပြီးသား သူ့နှမမိသားစုနဲ့ ဘဲ အတူနေထိုင်ရင်း အခုဆို
သူ့အသက်က ၅၀ကျော် ၆၀နီးနီး လူပျိုသိုးကြီးပေါ့ဗျာ။
......................................

ဗျို့ .... ဘကြီးဖြိုး

အေး.... မောင်ရင်.. လာ.. လာ မောင်ရင့်ကို စောင့်နေတာ။

ညနေငါးနာရီလောက်မှာ ကျနော် သူ့ အိမ်ရောက်သွားတယ်။

"ဗြိတိသျှတွေက သူများနိုင်ငံတွေကို လက်အောက်ခံ ကိုလိုနီ လုပ်တဲ့ နေရာမှာ
အလွန်ဥာဏ်ကြီးတာကွ"
ရေနွေးကြမ်းသောက်ရင်းနဲ့ဘဲ မနေ့က M သုံးလုံးအကြောင်းကို ဘကြီးဖြိုး နိဒါန်းပျိုးလိုက်တယ်။

"M သုံးလုံး ( MMM) လို့ပြောလိုက်တာနဲ့ Myanmar Military Members ဆိုပြီး
မြန်မာအကြောင်းကို ပြောနေတာလို့  မထင်လိုက်နဲ့ဦး မောင်ရင်၊
ငါတို့ငယ်ငယ်တုန်းကဆို M ဆိုတဲ့ စကားလုံးကို မြင်လိုက်တာနဲ့ မြန်မာနိုင်ငံ (Myanmar) ကိုဘဲ မြင်ယောင်နေကြတာ၊
အခု MMM ဆိုတာက
M= Marketing (ကုန်စည်ကူးသန်းရောင်းဝယ်မှု)
M= Missionary (သာသနာပြုအဖွဲ့အစည်းတွေစိမ့်ဝင်မှု)
M=Military (စစ်တပ်တွေ အလုံးအရင်း ကျူးကျော်မှု)
အဲဒီ သုံးမျိုးနှင့်ဘဲ ဒို့မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပိုက်သွားတာပေါ့ကွာ"

"ဘကြီးဖြိုး... ကျနော် သိပ်မရှင်းသေးဘူးဗျ၊ အဲဒီစာလုံးတွေကို သေချာရှင်းပြပေးပါလား"

အေး အေး... ငါသေသေချာချာ ရှင်းပြပေးပါ့မယ်၊
မင်းတို့လူငယ်တွေ တကယ်သိထားသင့်တဲ့ ကိစ္စတွေဘဲလေ" လို့ပြောပြီး ဘကြီးဖြိုးတစ်ယောက် ခပ်နွေးနွေးဖြစ်နေပြီဖြစ်တဲ့ ရေနွေးကြမ်း တစ်ခွက်ကို အတော်လေးမောသွားဟန်နဲ့  ဂလု ဂလု အသံမြည်အောင် သောက်နေပြီး နှုတ်ခမ်းကို လျာနဲ့သပ်ကာ ခဏရပ်နားနေလိုက်တယ်။

ကျနော်လဲ ဘကြီးဖြိုးရဲ့  ဟန်အမူအယာတွေကို ကြည့်ပြီး နားထောင်ချင်လွန်းအားကြီးတဲ့အတွက် စိတ်ထဲမှာ မကျေမနပ်နဲ့ တီးတိုးရေရွတ်နေမိလိုက်တယ်။
"ဘကြီးဖြိုးကလဲ အရေးထဲ ဈေးကိုင်နေပြန်ပြီ" ဟူ၍သာ။

Friday, 17 October 2008

WWW နှင့် MMM (၃)

ကျနော်ကလူတစ်မျိုးဗျ။ ဘောလုံးပွဲတွေဆို အရမ်းကြိုက်တယ်။ ဒါပေမဲ့ ဘောလုံးမကန်ရဲဘူး။ ကလေးတုန်းက ဘောလုံးကစားရင်း တစ်ဖက်က ကန်လိုက်တဲ့ ဘောလုံး ရင်ဘတ်ကို တိုက်ရိုက်ထိပြီး အီသွားအောင် ခံစားလိုက်ရတဲ့ အောင့်တောင့်တောင့်အရသာဆိုးကြီးကြောင့် ကျနော် ဘောလုံးကစားခြင်းမှ အနားယူလိုက်တာပါ။
ဒါပေမဲ့ Satellite ကလာတဲ့ ဘောလုံးပွဲတွေကိုတော့ မလွတ်တမ်း အမြဲကြည့်လေ့ရှိတယ်။ ကျနော့် Favourate team ကတော့ လူတကာကြိုက်တဲ့ မန်ယူပေါ့ဗျာ။

မှတ်မိသေးတယ် ၁၉၉၈ခုနှစ်တုန်းက မန်ယူ နှင့် ဘိုင်ယန်မြူနစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဆုံကြတယ်။ မိနစ် ၉၀ လုံးလုံး ဘိုင်ယန်မြူနစ်က ၁းဝ နဲ့ နိုင်ထားတယ်။ မန်ယူရှုံးပြီဆိုပြီး တစ်ချို့ သူတွေ သူတို့ အိမ်ပြန်သွားကြတယ်။
ကျနော်ကတော့ အေးအေးဆေးဆေးဘဲ ပွဲပြီးအောင်ကြည့်လိုက်တယ်။ မိနစ်ကိုးဆယ်ပြည့်ပြီး နာကျင်ချိန်လေးမိနစ်လောက်ထပ်ပေးတယ်။ အံ့သြစရာကောင်းလောက်အောင် အဲဒီလေးမိနစ်အတွင်းမှာဘဲ မန်ယူက ၂ ဂိုးထပ်သွင်းလိုက်ပြီး ၂း၁ နဲ့ ချန်ပီယံလိဂ်ရဲ့  ချန်ပီယံဖလားကြီးကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။

မန်ယူကိုအသဲစွဲအောင် ကြိုက်တဲ့အတွက် ကမ္ဘာ့မြေပုံတစ်ချပ်ကိုယူပြီး မန်ယူတည်နေရာကို လိုက်ရှာကြည့်တယ်။ အင်္ဂလန်နိုင်ငံရဲ့ မြောက်ပိုင်းမှာ ရှိတဲ့ မြို့ လေးတစ်မြို့ ပါဘဲ။ မန်ယူကိုတည်နေရာ မန်ချက်စတာမြို့ ကို လိုက်ရှာရင်း အင်္ဂလန်နိုင်ငံတစ်ခုလုံးရဲ့  မြေပုံကို အကဲခတ်မိလိုက်တယ်။
အင်္ဂလန်တစ်နိုင်ငံလုံးရဲ့  အကျယ်အ၀န်းက ကျနော်တို့ မြန်မာနိုင်ငံရဲ့  တစ်ဝက်လောက်တောင်မကျယ်ဘူး။

ဒီမှာတင် ဘောလုံးအကြောင်းကို အသာမေ့ထားပြီး ဘာဖြစ်လို့ ဒီလောက်သေးတဲ့ နိုင်ငံလေးက သူ့ထက်အဆပေါင်းများစွာကြီးတဲ့ အိန္ဒိယ၊ မြန်မာစတဲ့ နိုင်ငံတွေကို ကိုလိုနီ (လက်အောက်ခံ) လုပ်နိုင်ရတာလဲ ဆိုတဲ့ အတွေးတွေဘဲ ခေါင်းထဲမှာ ချာချာလည်နေခဲ့တယ်။ ဒီအကြောင်းကို သိမယ်ထင်တဲ့သူတွေကို လိုက်ပြီး မေးကြည့်ဖြစ်တယ်။ ဦးလေးတစ်ယောက်ရဲ့ အဖြေကို ပိုသဘောကျမိတယ်။ သူက မင်းတို့ ကို ပုံပြင်တစ်ခု ပြောပြမယ်၊ သေချာနားထောင်ကြဆိုပြီး မင်းသားလေးတစ်ယောက်အကြောင်းကို ပြောပြတယ်။
.......................

တစ်ခါတုန်းက နန်းတော်တစ်ခုမှာ မင်းသားလေးတစ်ယောက်ရှိတယ်။ အဲဒီမင်းသားလေးဟာ ကံဆိုးစွာနဲ့ ဘဲ လုပ်ကြံတဲ့ပြစ်မှုအတုတစ်ခုနှင့်တိုင်းပြည်က နှင်ထုတ်ခံရတယ်။ သူလဲ နယ်စပ်တစ်ခုမှာ စခန်းချကာ လူသူလက်နက် စုဆောင်းပြီး မြို့ တော်ကို ခဏခဏလာတိုက်တယ်။ ဒါပေမဲ့ တိုက်တိုင်း သူအရှုံးနဲ့ ရင်ဆိုင်ရတာချည်းပါဘဲ။

ဒါကြောင့်မို့  မင်းသားလဲ စစ်ရှုံးတာ အကြောင်းတစ်ခုခုတော့ရှိရမယ်ဆိုပြီး မြို့ တော်ကိုကိုယ်တိုင် ရုပ်ဖျက်လို့  စုံစမ်းဖို့  တိတ်တစ်ဆိတ် ထွက်လာခဲ့တယ်။ မြို့ တစ်မြို့ ရဲ့  လမ်းဆုံဒေါင့်လေးတစ်ခုမှာ မုန့် ဆီကြော်ရောင်းနေတဲ့ အဘွားကြီးတစ်ယောက်ရှိတယ်။ ကလေးတစ်ယောက် အဘွားကြီးဆီက မုန့် ဆီကြော်ဝယ်ပြီး အဲဒီအနားမှာဘဲ စားနေတယ်။ ကလေးက မုန့် ဆီကြော်ကို အလည်ပိုင်းက စပြီး ကိုက်စားတယ်။ ဒါကြောင့်မို့ သူ့ ရဲ့  နှုတ်ခမ်းတွေမှာ ဆီတွေပေကုန်တယ်။ မုန့် ဆီကြော်ကိုသိတယ်မဟုတ်လား။ ဒီလောက်ကြီးတဲ့ အချပ်ကြီးကို အလည်ခေါင်ကစပြီး ကိုက်ဖောက်စားမှတော့ ပေကုန်ရောပေါ့။ အဘွားကြီးက ကလေးကို ပြောလိုက်တယ် "ဟေ့ကောင်လေး.... မုန့် ဆီကြော်စားတာကို ဟိုမင်းသား ပုန်ကန်သလို မလုပ်စမ်းပါနဲ့ "

အဲဒီအချိန်မှာ ဗိုက်ဆာလာလို့  မင်းသားကလဲ မုန့် ဆီကြော်ဝယ်စားဖို့ အနားမှာ စောင့်နေတယ်လေ။ အကုန်လုံးမြင်ရ ကြားရတာပေါ့။ မင်းသားလဲ မုန့် ဆီကြော်ဝယ်စားရင်း စိတ်ဝင်တစား အဘွားကြီးကို မေးကြည့်တယ် "အဘွား... မင်းသား ပုန်ကန်တာ နှင့် ဟိုကလေး မုန့်ဆီကြော်စားတာ ဘာဆိုင်လို့လဲ"

"ဆိုင်လှပြီကော မောင်ရာ မုန့်ဆီကြော်ကို အလည်ကစပြီး ကိုက်စားရင် မောင်ရင် မြင်တဲ့အတိုင်းဘဲလေ၊ အဆင်မပြေဘူး၊ လွယ်လဲ မလွယ်ကူဘူး။ ပါးစပ်လဲ ပေကုန်တာပေါ့။ နဘေးသားလေးတွေက စပြီးကိုက်စားရင် လွယ်လွယ်လေးဘဲ။ ပါးစပ်ဆီပေစရာလဲ မလိုဘူး။
ဟိုမင်းသားလဲ မြို့ တော်ကို စပြီး ချီတက် ပုန်ကန်တိုက်ခိုက်မှတော့ အင်အားခြင်းမှ မညီမျှတာ စစ်ရှုံးမှုာပေါ့။ နယ်စပ်တွေမှာ စစ်မက်ဗိုလ်ပါ ရဲမက် လက်နက်တွေ စုဆောင်းပြီး အင်အားလုံလုံလောက် တောင့်တင်းတဲ့အခါမှာမှ အဲဒီနယ်စပ်တစ်လျောက်က မြို့ လေးတွေကို သစ္ခာအရင်ခံခိုင်း နယ်တွေအားလုံးကိုယ့်ဘက်ပါလာပြီဆိုတဲ့ အချိန်ရောက်မှ လာပုန်ကန်ရင် လွယ်လွယ်နဲ့ နေပြည်တော်ကို ရနိုင်ပါတယ်"

ဟုတ်ကဲ့ ကျေဇူးပါဘဲ အဘွားရယ်.. ရော့ ဒီမှာ မုန့်ဖိုး.. ကျနော် သွားလိုက်ပါဦးမယ်။

အဘွားကြီးက သူ့ကို မင်းသားကိုယ်တိုင်ဖြစ်နေမှန်းမသိရှာပါဘူး။ မုန့် ဆီကြော် ရောင်းမြဲ ရောင်းလျက်ပါဘဲ။
......................................

မင်းသားဟာ အဘွားကြီးရဲ့ စကားအတိုင်း နယ်စပ်တစ်လျောက် အားလုံးကို စည်းရုံးပြီး အင်အား အရမ်းတောင့်တင်းလာတယ်။ တိုတိုပြောရရင်တော့ မကြာခင် နှစ်များအတွင်းမှာဘဲ နေပြည်တော်ကြီးကို အောင်မြင်စွာ သိမ်းယူပြီး တရားမျှတစွာ အုပ်ချုပ်ပြီး အဘိသိက်ခံ ဘုရင်တစ်ဆူ ဖြစ်လာပါတော့တယ်။

မင်းသားလဲ မင်းဖြစ် အဘွားကြီးလဲ မုန့်ဆီကြော်ဆိုင် ပြုတ်တော့တာပါဘဲ။ ဟုတ်တယ်လေ။ မုန့်ဆီကြော်ရောင်းဖို့မှ မလိုတော့တာ။ ရှင်ဘုရင်က ပေးသနားတဲ့ ဆုတော်လာဘ်တော်တွေကို လက်ခံရယူပြီး ချမ်းသာစွာဘဲ နေသွားရပါသတဲ့။

ဗြိတိသျှလို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုးတွေက အဘွားကြီးရဲ့  မုန့်ဆီကြော်စားနည်း နိသျည်းအပြင် အခြားနည်းလမ်းတွေကို ကောင်းကောင်းသိတယ်ကွ။ ဒါကြောင့်မို့ လို့ အကောင်သေးပေမဲ့ အဆိပ်ပြင်းတာ။
အဲဒီနည်းစနစ်တွေနဲ့ဘဲ အိန္ဒိယ မြန်မာစတဲ့ နိုင်ငံကြီးတွေကို အုပ်ချုပ်နိုင်တာပေါ့...လို့ ဦးလေးကြီးက စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ်။
ကျနော်လဲ အတော်လေး သဘောကျသွားတယ်။ ဒါယုတ္တိရှိတယ်လေ။
..............................


"ကိုကိုမောင်ရေ့  .... နောက်နေ့ကျရင် ငါ့အိမ်ကို ထပ်လာခဲ့ဦးကွာ၊ မင်းကို ငါ အင်္ဂလိပ်တွေ အသုံးပြုတဲ့ M သုံးလုံး အကြောင်း ငါပြောပြမယ်။ အဲဒီ M သုံးလုံးနဲ့ဘဲ ဒို့မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ အုပ်ချုပ်သွားတာကွ။ အခုတော့ ငါ ရွာဦးကျောင်းသွားပြီး ဆရာတော်ဆီမှာ ဓမ္မပဒ၀တ္ထုတွေအကြောင်း သွားဆွေးနွေးလိုက်ဦးမယ်"လို့ပြောပြီး ဦးလေးကြီးလဲ အိမ်တိုင်မှာ ရိုက်ကပ်ထားတဲ့ ဆပ်ချိုပေါ်မှာ ချိတ်ထားတဲ့ တိုက်ပုံအကျီ င်္ကို ဆွဲယူပြီး ၀တ်လိုက်တယ်။

ကျနော်လဲ M သုံးလုံးအကြောင်းကို သိချင်စိတ်ပြင်းပြပေမဲ့ အလိုက်သိစွာနဲ့ ဘဲ Good bye လို့ပြောကာ ဦးလေးကြီးအိမ်က ထွက်ခွါလာခဲ့ရပါတော့တယ်။

မနက်ဖြန်ရယ် မြန်မြန်ရောက်လာပါတော့။

WWW နှင့် MMM (၂)

အဲဒီ အဒေါ်တစ်ယောက်ပြောပြတဲ့ လန်ဒန်ရဲ့ W သုံးလုံးအကြောင်းကို နားထောင်ပြီး ကျနော်ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းကို ပြေးသတိရမိတယ်။ အဲဒီရွာဦးကျောင်းမှာရှိတဲ့
ကိုရင် ကျောင်းသားတွေရဲ့ ပါးစပ်ဖျားမှာ ရည်ပန်းစားနေတဲ့ စကားတစ်ခွန်းရှိတယ်။
"မိုးရယ် နွားသိုးရယ် ဘိုးသြရယ် အစိုးမရပါဘူးကွာ" တဲ့။
.......................

ကျနော်တို့ က ကလေးအရွယ်တွေဆိုတော့ မိသားစု အဆင်ပြေမပြေမသိဘူး ကိုယ်ပျော်ဖို့ ဘဲ သိတယ်လေ။
တစ်နေ့  ကျောင်းကနေပြီး ညနေစာစားဖို့ အိမ်အပြန် အိမ်ရှေ့ မှာ စပါးလှန်းထားတာတွေ့ ရတယ်။ နေပူတုန်းကတည်းက လှန်းထားတာ ထင်ပါရဲ့ ။ ဒါပေမဲ့ ကျနော်အိမ်ရောက်သွားတော့ မိုးက ခပ်အုံ့ တုံ့ တုံ့ ။

အိမ်ထဲမှာ လူတွေတစ်ယောက်မှမရှိကြဘူး။ သိပ်မကြာခင်မှာဘဲ မိုးတွေ သဲသဲမဲမဲ ရွာချလိုက်တယ်။ ကျနော်လဲ စပါးလှန်းထားတာကို သတိမေ့ပြီး မသိမ်းလိုက်မိဘူး။ ....မိုးရွာရင်.. မိုးရေချိုးမယ်.... ဆိုတဲ့ မိုးသီချင်းကိုညီတွားရင်း မိုးရေထဲမှာ မိုးရေချိုးတော့တာပေါ့ဗျာ။ ပြီးတော့ ဆပ်ပြာခဲယူပြီး ဆပ်ပြာတိုက်တယ်။

သိပ်မကြာခင်မှာဘဲ မိုးရွာတာရပ်သွားတယ်။ ဟာ... ဒုက္ခဘဲ.. ဆပ်ပြာမြှုပ်တွေကကိုယ်ပေါ်မှာ မပြောင်သေးဘူး။ ချွဲစိစိနဲ့ ။ ဒါပေမဲ့လို့ မိုးက လုံးဝရပ်သွားပြီ။ မတတ်နိုင်ဘူး။
အ၀တ်အစားတွေနဲဘဲ ဆပ်ပြာရည်တွေကို သုတ်ပြီးဖြေရှင်းလိုက်ရတယ်။

ပိုပြီးဒုက္ခဖြစ်တာက စပါးတွေ မိုးရေထဲမှာ ပေါလောပေါ်နေတဲ့ ကိစ္ခ။
အမေလဲ ပြန်လာရော.. ဘာပြောကောင်းမလဲ ကျနော့်ကို ဆူပါလေရော။
အော်... မိုး... မိုး... အစိုးမရပါလားနော်။
...............................

မြန်မာလူမျိုးတွေရဲ့ ထက်ဝက်ကျော်ဟာ တောင်သူလယ်သမားတွေဘဲ မဟုတ်ဘူးလား။ ဒါကြောင့် နွားသိုးအကြောင်းကိုတော့ ကောင်းကောင်းသိကြမှာပါ။ နွားသိုးတွေ စိတ်ထလာပြီဆိုရင် ဘာကိုမှ သူတို့ မမြင်ကြတော့ဘူး။ ရှင်းရှင်းပြောရရင် သူတို့ ရဲ့  ပိုင်ရှင်ကိုတောင် မမြင်တတ်ကြတော့ဘူး။

သူတို့ သိတာက နွားမပျိုလေးတွေနဲ့  မိတ်လိုက်နေဖို့ ဘဲလေ။ အဲဒီအချိန်မျိုးမှာ သူ့ အနားကပ်ရင် သတိထားရတယ်၊ သတိမထားရင် အဝှေ့ ခံရတတ်တယ်။
မနက်ပိုင်းမှာ အကောင်းကြီးရှိပေမဲ့ နေ့ ပိုင်းဆိုရင် ဖောက်လာလေ့ရှိတယ်။ နေ့ ခင်းမှာကောင်းနေရင် ညနေကျ ခက်ထန်ပြန်ရော။ ဒါကြောင့် နွားသိုးကြိုးပြတ်ဆိုတဲ့ စကားပေါ်ပေါက်လာတာထင်တယ်။ နွားသိုး အဝှေ့ ခံရတဲ့ ကလေးပေါင်း ကျနော်တို့ ရွာမှာ မနည်းတော့ဘူး။
အော်.. နွားသိုးလဲ အစိုးမရပါလား။
...........................................

ကျနော်တို့ ရွာဦးကျောင်းမှာ ကျောင်းသား ကိုရင်တွေ စုစုပေါင်းရင် တစ်ရာကျော်ရှိတယ်။ ကျောင်းသားကိုရင်များတဲ့အတွက် ဆရာတော်က
ဘောလုံးအသင်းဖွဲ့ ပေးရင်တောင် အကြီးသင်း အလတ်သင်း အငယ်သင်းဆိုပြီး အမာခံ အသင်းသုံးသင်းဖွဲ့ ပေးထားတယ်။
ဆရာတော်ရဲ့ ဘွဲ့ တော်အမည်က ဦးသြသဓလို့ ခေါ်တယ်။
ကိုရင်ကျောင်းသားတွေက လွယ်လွယ်ဘဲ ဘိုးသြလို့ ဆရာတော်ကွယ်ရာမှာ ခေါ်လေ့ရှိတယ်။ ကိုရင်ကျောင်းသားတွေပေးထားတဲ့ ဆရာတော်ရဲ့  Nick name ပေါ့။

ဆရာတော် အရမ်းသဘောကောင်းတယ်။ ကိုရင်ကျောင်းသားတွေကိုလဲ အရမ်းချစ်တယ်။ ကိုရင်တွေလူထွက်သွားပြီဆိုရင် သူ့ အခန်းထဲမှာ ဘယ်သူမှမသိအောင် ကြိတ်ပြီး မျက်ရည်ကျလေ့ရှိတယ်။
ဆရာတော် မြို့ တက်သွားပြီဆိုရင် ပြန်လာတဲ့အခါမှာ ကစားစရာ စားစရာတွေ ပါလာစမြဲပါဘဲ။
အဲဒီလောက်ထိအောင် ကိုရင်ကျောင်းသားတွေကိုချစ်တာ။

စာကျက်ခိုင်းတာမရတဲ့အခါ ကြိမ်ဒဏ်ပေးတတ်သလို စာတွေကြေညက်နေတဲ့အခါမျိုးမှာ ဆုလာဘ်တွေ ပေးလေ့ရှိတယ်။ ဂဏန်းသင်္ချာ ဗေဒင်နှင့် ယုတ်စွအဆုံး နာရီကြည့်နည်းကိုပါ သင်ပေးတယ်။
ကျနော်လဲ ဘယ်နှစ်နာရီထိုးပြီလဲ ဆိုတာကို သိရအောင် သုံးရက်လောက်ထိ ဆရာတော်ထံမှာ သင်ယူခဲ့ရတာပါ။
ကလေးအရွယ်ဆိုတော့ မမှတ်မိဘူးလေ။ နာရီကြည့်နည်း ခဏခဏမေ့လို့ အရိုက်ခံထိတာလဲ မနည်းဘူး။

တစ်နေ့ မှာ
သူ့ ရဲ့ ညီအရင်း တစ်ယောက် ဘိန်းမှုနဲ့  ရဲတွေဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။ ညီအတွက်နဲ့  သောကရောက်ပြီး စိတ်တွေမငြိမ်ဖြစ်နေတယ်ထင်ပါရဲ့ ။ အပြစ်မရှိအပြစ်ရှာပြီး ကိုရင်ကျောင်းသားတွေကို လက်စွဲတော် ကြိမ်လုံးနဲ့  မကြာမကြာရိုက်ဆုံးမတော့တာပါဘဲ။

မှတ်မှတ်ရရ။
တစ်နေ့  ကျောင်းကို ဆွမ်းလာပို့ တဲ့ မိန်းမကြီးတစ်ယောက် ကျောင်းဝင်းထဲဝင်ကာစဘဲရှိသေး ပိုးစိုးပက်စက် ချော်လဲကျသွားတယ်။ ငှက်ပြောခွံကို တက်နှင်းမိပြီး ချော်လဲသွားတာပါ။ ဆရာတော်လဲ သိရော ခေါင်းလောင်း (ဂလိုင်)ဆွဲပြီး ကိုရင်ကျောင်းသားတွေကို စုလိုက်တယ်။ ငှက်ပြောခွံလွင့်ပစ်တဲ့သူကို တစ်ယောက်ချင်းစီ ပုလိပ်စစ် စစ်တယ်။ အဖြေမပေါ် ဘဲဖြစ်နေတဲ့ အတွက် ကိုရင်ကျောင်းသားအားလုံးကို တစ်ယောက်မကျန် ကြိမ်လုံးဆွဲပြီး ဗြင်းတော့တာပါဘဲ။ ကိုရင်ကျောင်းသားတွေအားလုံး အသားနာ မနာတော့ သေချာမသိဘူး။ ဆရာတော်ကတော့ အတော်လေးဟိုက်သွားလို့  အားဆေးသွင်းလိုက်ရတယ်။

ဒါကြောင့်မို့ .....
ဆရာတော့်ကွယ်ရာမှာ ကိုရင်ကျောင်းသားတွေ ပြောဆိုနေကြတာကတော့
"မိုးရယ် နွားသိုးရယ် ဘိုးသြရယ် အစိုးမရပါဘူးကွာ" တဲ့။

WWW နှင့် MMM (၁)

WWW ဆိုလို့  World Wide Website ဆိုတဲ့ ကမ္ဘာအင်တာနက်ကွန်ယက်နဲ့  မလွဲမှားစေချင်ဘူး။ အင်တာနက်တွေ အရမ်းခေတ်စားလာတဲ့ ခေတ်ကာလကြီးဖြစ်နေတဲ့အတွက် ကြိုတင်ပြောပြထားတာပါ။ အင်တာနက်ကို
နေ့ တိုင်းသုံးခွင့်ရနေတဲ့အတွက် နားလည်သယောင်ယောင်ရှိပေမဲ့ အမှန်အတိုင်းဝန်ခံရရင် ကျနော် အင်တာနက်ရဲ့  Techonology တွေကို ဘာမှ မသိသေးပါဘူး။ ဒါကြောင့်မို့  ခေါင်းစဉ်မှာပါတဲ့ WWW ဆိုတာဟာ အင်တာနက်ကို ဆိုလိုတာမဟုတ်ပါဘူးလို့ ဆိုလိုက်ပါရစေ။
.....................................

ကျနော် လန်ဒန်ကိုရောက်ပြီး တစ်ပတ်အကြာမှာဘဲ အင်္ဂလိပ်လူမျိုးဆီ အင်္ဂလိပ်စာ သင်ယူဖို့  အင်္ဂလိပ်ကျောင်းတစ်ကျောင်းမှာ စတင်တက်ရောက်ခဲ့ပါတယ်။ ကျနော်တို့ နေတဲ့ နေအိမ်နှင့် အဲဒီကျောင်းနှင့် နှစ်မိုင်လောက်နီးပါး ဝေးပေမဲ့ ဘတ်စ်ကားစီးရင် (အသွားအပြန်) စတာလင်ပေါင် နှစ်ပေါင်လောက် ကုန်တဲ့အတွက် နေ့ တိုင်းလမ်းလျောက်ပြီး ကျောင်းကိုသွားလေ့ ရှိပါတယ်။

ရာသီဥတုကအရမ်းအေးတဲ့အတွက် ခန္ခာကိုတစ်ခုလုံး အ၀တ်တွေနဲ့ ထုပ်ပိုးထားရတယ်။ အေးတာလဲ မဆန်းပါဘူးလေ။ တစ်နေ့ လုံး နေရောင်ခြည်မြင်ရတာက ခပ်ရှားရှားကိုး။ တစ်နေ့ လုံး အုံ့ ဆိုင်းဆိုင်းပါဘဲ။ မနက် ၈ နာရီလောက်မှာ မိုးလင်းပြီး ညနေ ၄ နာရီ မိုးချုပ်တယ်ဆိုတော့ အိပ်ချိန်မျာများရတာက လွဲရင် ဘာမှ မကောင်းဘူးပေါ့ခင်မျာ။

လမ်းလျောက်ရင်း လမ်းတစ်လျောက် အကဲခတ်လေ့လာမိလိုက်တယ်။ ဘယ်သစ်ပင်မှာမှ သစ်ရွက်တစ်ရွက်မှ မရှိကြဘူး။ ရိုးတံကျဲကျဲ နေပူထဲအစား ရိုးတံကျဲကျဲ နှင်းထုထဲလို့ အစားထိုးရလောက်တယ်။ အရွက်မရှိတဲ့အပင်တွေကို ကြည့်ရတာ အ၀တ်အစားမပါတဲ့ သူယောင်မယ်ကို ကြည့်ရသလောက် မနှိပ်ဘူးဗျာ။

ဒီနိုင်ငံမှာက မြန်မာနိုင်ငံလို ရာသီ ၃ မျိုးမဟုတ်ဘူး။ ၄ မျိုးရှိတာ။ ဆောင်းဦးရယ် ဆောင်းရယ် နွေဦးရယ် နွေရယ်။ မိုးရာသီမရှိဘူး။ ဒါပေမဲ့ အချိန်မရွေး မိုးရွာလေ့ရှိတယ်။

တစ်နေ့ ။
နေရောင်ခြည်လေး မနက် ကိုးနာရီလောက်မှာ ပေါ်ထွက်လာတယ်။ ပိုင်ပြီပေါ့။ ကျနော်တို့ အဖွဲ့  ထီးမယူဘဲ ကျောင်းကို လမ်းလျောက်သွားကြတယ်။(ထီးယူသွားရင်လဲ လေအရမ်းတိုက်တဲ့အတွက် သိပ်အဆင်မပြေဘူး၊ အကာအကွယ် ရရုံလောက်ပါဘဲ)။ လမ်းတစ်ဝက်လောက်လဲ ရောက်ရော ဆိုင်းမဆင့် ဘုံမဆင့် မိုးရွာချလိုက်ပါရော။ ဘာပြောကောင်းမလဲ လူတစ်ကိုယ်လုံး ကြွက်စုပ်ရေမွှန်းပေါ့ခင်မျာ။
နီးစပ်ရာ အိမ်ထဲ ၀င်ပြေးဖို့ နေနေသာသာ ဒီမှာက လူ့ အခွင့်အရေးတွေ အရမ်းများတဲ့အတွက် တော်ကြာ ကျူးကျော်မှုနဲ့ တရားစွဲနေမှ ဘတ်စ်ကားခထက် အဆ သိန်းချီပြီး ကုန်နေရင် ဒုက္ခ။ ဒါကြောင့်မို့  ခပ်မိုက်မိုက်ဘဲ ကားလမ်းဘေးက ဆက်လျောက်သွားလိုက်တယ်။


တီ....တီ.... တီ
ကားဟွန်းတီးသံနှင့်အတူ ကားဖြူလေးတစ်စီး အနားမှာလာရပ်တယ်။ ဘုရား.. ဘုရား.. လူဆိုးထိန်းကားများလား မသိဘူး။ သေချာကြည့်လိုက်မှ ကယ်တင်ရှင်ဖြစ်နေမှန်းသိရတယ်။ အသိမိတ်ဆွေ အမျိုးသမီးကြီးတစ်ယောက်။

"ငါ့တူတို့ ... ကားပေါ်တက်ကြ မိုးကအရမ်းသည်းနေတယ်"

ကားပေါ် ကပျာကယာတက်ပြီး အဲဒီကားလေးရဲ့ အကူအညီနဲ့ ဘဲ ကျောင်းကို ချောချောမွတ်ရောက်သွားတယ်။

ကျနော်တို့ က "အဒေါ်ရာ.. ကျနော်တို့ က နေထွက်လာလို့  မိုးမရွာဘူးတော့ဘူးထင်ပြီး ထီးမယူလာခဲ့ကြဘူး" လို့  ပြောလိုက်တဲ့ အခါမှာ
ကားကို သတိထားမောင်းရင်းနဲ့  အဲဒီအဒေါ်က မျက်နှာခပ်ပြုံးပြုံးနဲ့ ဘဲ ပြောပြတယ်။

"ငါ့တူတို့ ... သေချာမှတ်ထားကြ၊ လန်ဒန်မှာ W သုံးလုံး (WWW) အစိုးမရဘူးကွဲ့ "

"အဒေါ်ရယ် သေချာလေးရှင်းပြပေးပါလား W သုံးလုံးဆိုတာကို"

"အေးမှတ်ထားကြ ပြောပြပေးမယ်
W= Weather (ရာသီဥတု)
W= Work (အလုပ်အကိုင်)
W= Woman (မိန်းမ)
အဲဒါ W သုံးလုံးရဲ့ အဓိပ္ပါယ်ဘဲကွဲ့ ။
ဒီမှာက ရာသီဥတုက လုံးဝမမှန်ဘူး အခုငါ့တူတို့ အသိဘဲ၊ မိနစ်ပိုင်းအတွင်းမှာ နေပူမယ် မိုးရွာမယ် လေတိုက်မယ်။ ဖြစ်ချင်သလို ဖြစ်နေတာ။
အလုပ်ရဖို့ ကိစ္စလဲ ဒီလိုဘဲ လွယ်သယောင်နဲ့  အတော်ကို ရှာရခက်တာ။
မိန်းမဆိုရင် မပြောနဲ့ တော့ အခုကြိုက် အခုလိုက်ပြေး အခုကွဲကြပြန်ရော"

သူ့ စကားတွေကို နားထောင်ရင်း ကျနော်လဲ အော်.. အော်... သူတို့ လန်ဒန်က W သုံးလုံးဆိုတာ ဂလိုကိုးလို့ သာ စိတ်ထဲ ရေရွတ်မိနေလိုက်ပါတော့တယ်။

...