Tuesday, 24 February 2015

ဖိတ်ခေါ်ပါသည် နိဗ္ဗာန်ရည်



ဘုရားတည်မှု၊ စပြုလေပြီ
ဝမ်သာကြည်နူး၊ ရွှင်မြူးမိသည်
ကာယဒါန၊ ပြုကြရွှင်ကြည်
လှူဒါန၊ ပြုကြပါရမီ။

ဒါနရှင်များ၊ ဖိတ်ကြားပါသည်
ကြွရောက်လှူဒါန်း၊ မျှော်မှန်းရော်ရည်
စုပေါင်းအောင်ဆု၊ သွန်းပြုစေတီ
မြတ်ဒါန၊ ဖြည့်ကြပါရမီ။



စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ တုံးဖလားရွာလေးသည် ကောလင်း-ပင်လည်ဘူး ကားလမ်းမပေါ်၌ တည်ရှိသည်။ ပင်လည်ဘူးမြို့နှင့် ကောလင်းမြို့သည် ခရီးမိုင် ၄၀ တိတိ ကွာဝေးလေသည်။ တုံးဖလားရွာလေးသည် ထို နှစ်မြို့အကြား အလည်တည့်တည့် ခရီးမိုင် ၂၀ ၌ တည်ရှိလေသည်။ ရွာသူရွာသားများသည် တောင်သူလယ်သမားများပီပီ လယ်ကိုသာ အားထားပြီး အသက်မွေးဝမ်းကြောင်းပြုကြသည်။ ထိုရွာ၌ ၂၀၁၅ ခုနှစ်စစ်တမ်းအရ အိမ်ခြေ ၃၈ အိမ်တိတိ ရှိလေသည်။ 

ဗုဒ္ဓဘာသာရွာပင်ဖြစ်လင့်ကစား ထိုတုံးဖလားရွာလေး၌ ဘုရားစေတီ တစ်ဆူမှ မရှိသေးပေ။ တောင်သူလယ်လုပ် ဓါးမခုတ်တို့ ဘ၀မို့ ဘုရားတစ်ဆူတည်ဖို့ အိပ်မက်ပင် မမက်ရဲသလောက်ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းကိုပင်လျှင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ခန့်မှ စတင်ပြီး တည်ဆောက် ကိုးကွယ်နိုင်ခဲ့ကြလေသည်။ ဘုန်းကြီးကျောင်းတစ်ဆောင်ပြီးစီးဖို့  နှစ်ပေါင်း ဆယ်နှစ်ကျော်ကျော် ကြာမြှင့်ခဲ့လေသည်။ စေတနာရှိကြပေမဲ့ အသပြာမဲ့ကြသူတွေ ဖြစ်သည်။ သူတို့ တတ်နိုင်သည်က လုပ်အားပင် ဖြစ်သည်။ လုပ်အားလိုလျှင်တော့ ညီညွတ်စွာ လုပ်ကိုင်လေ့ရှိကြသည်။ 

ယခုအခါ
သူတို့ အိပ်မက်ပင် မမက်ရဲခဲ့သည့် စေတီတော်တစ်ဆူ တုံးဖလားရွာဦးကျောင်းဝင်းအတွင်း၌ တည်ထားဖို့ အစပျိုးနေပြီဖြစ်သည်။ မတည်ငွေ သိန်းတစ်ရာ နှင့် ကျွန်ုပ်၏ မိတ်ဆွေများ၏ ကူညီလှူဒါန်းငွေနှစ်ရပ်ပေါင်းကာ စုစုပေါင်း သိန်း ၁၅၀ ကျပ် ၀န်းကျင်ဖြင့် စတင်နေပြီ ဖြစ်လေသည်။ တုံးဖလားရွာသူရွာသားများလည်း ကြည်နူးဝမ်းသာမှုအတိဖြင့် သူတို့ တတ်နိုင်သည့် လုပ်အားဒါနဖြင့် မညီးမညူ ကူညီ လုပ်ကိုင်နေကြပြီဖြစ်သည်။

ထိုတုံးဖလားရွာဦးကျောင်းအတွင်း တည်ထားကိုးကွယ်မည့် စေတီတော်ကို လလိတမုနိစေတီတော်မြတ် ဟု အမည်ပေးထားလေသည်။ တင့်တယ်သော အသရေရှိတော်မူသော မြတ်စွာဘုရား..ဟု အနက်အဓိပ္ဗါယ်ရှိလေသည်။ စေတီ မရှိဖူးသေးသည့် ထိုရွာ၌ ပထမဦးဆုံး ပေါ်ပေါက်လာသည့် စေတီဖြစ်သည့်အတွက် အလွန့်အလွန်ပင် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး တင့်တယ်သပ္ဗါယ်တော်မူမည်မှာ ပြောဖို့ လိုမည်ပင် မထင်ပေ။

ထို လလိတမုနိစေတီတော်မြတ်ကို ပုဂံရွှေစည်းခုံဘုရား ပုံစံ တည်ထားမည်ဖြစ်သည်။ ဥာဏ်တော်အမြင့်မှာ ၂၇ တောင်ဖြစ်သည်။ စေတီအောက်ပိုင်းကို ၃၂ပေ ပတ်လည် မုခ်ဖြင့် ခံ၍ ဆောက်မည်ဖြစ်သည်။ ထိုမုခ်ဆောက်ပြီးမှ အပေါ်ပိုင်း၌ စေတီဆက်တက်မည်ဖြစ်သည်။ စေတီတည်သည့်အခါ မူလစေတီကြီးအပြင် အရံစေတီ ၄ ဆူကိုလည်း ထောင့်လေးထောင့်၌ တည်ထားမည်ဖြစ်သည်။ စေတီအောက်ခံ မုခ်ပရ၀ုဏ်အတွင်း၌လည်း ပိန္နဲတိုင်ကို အလည်ထားပြီး ထိုပိန္နဲတိုင် လေးဘက်လေးတန်၌ ဥာဏ်တော် သုံးပေခွဲရှိ ကျောက်ဆင်းတုစေတီ ဓမ္မစကြာမုဒြာပုံစံ ၄ ဆူ ပူဇော်မည်ဖြစ်သည်။  ထိုမုခ်အ၀င်ဝ တံခါးမကို သံဘာဂျာတံခါးဖြင့် တံခါးပြုလုပ်မည် ဖြစ်သည်။ (အဆင်သင့်လျှင် ထိုမုခ်ခံပရ၀ုဏ်အတွင်း အထက်နံရံပတ်လည်တွင် နှစ်ကျိပ်ရှစ်ဆူ စေတီအငယ်လေးများ ပူဇော်ထားဖို့လည်း စိတ်ကူးထား၏)။ 

စေတီတည်မည့် ပန်းရံဆရာ များစွာတို့ထဲမှ ဈေးအသင့်ဆုံးဖြစ်သည့် ပန်းရံဆရာနဲ့ စာချုပ်ချုပ်ကာ လွန်ခဲ့သည့် တပေါင်းလဆန်း ၂ ရက် (၁၉ ၊၂၊ ၂၀၁၅) ကြာသပတေးနေ့၌ အနီးဝန်းကျင်ရှိ သံဃာတော်များ ပင့်ဖိတ်ကာ စေတီပန္နက်ချမင်္ဂလာပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ လာမည့် တပေါင်း လဆန်း ၁၀ ရက် (၂၇၊၂၊၂၀၁၅) သောကြာနေ့တွင် အုတ်မြစ်ချမင်္ဂလာပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ထိုအုတ်မြစ်ချပွဲ၌ ရွှေအုတ် ၆ ချပ်၊ ငွေအုပ် ၆ ချပ်၊ မြအုတ် ၆ ချပ်၊ ပတ္တမြားအုတ် ၃ ချပ်.. စုစုပေါင်း အုတ် ၂၇ ချပ်ဖြင့် အုတ်မြစ်ချပူဇော်မည် ဖြစ်ပါသည်။ 

ပန်းရံဆရာ၏ တွက်ချက်မှုအရ လက်ခအပါအ၀င် စေတီကိုယ်လုံး (ရင်ပြင်မပါသေး) အားလုံး အပြီးအစီး အလှူငွေ သိန်း ၃၀၀ နှင့် ၃၅၀ ကြားဟု ပျမ်းမျှ ခန့်မှန်းထားပါသည်။ ယခု သိန်း ၁၅၀ ဖြင့် စတင်နေပြီ ဖြစ်ပါသည်။ 

ကံအားလျော်စွာ........

ဘုရားထီးတော် ( ၁၀ သိန်းနှင့် သိန်း ၂၀ ကြား)
အရံစေတီ ၄ ဆူ  (တစ်ဆူ ငါးသိန်းကျပ်)
ကျောက်ဆင်းတုစေတီ ၄ ဆူ (တစ်ဆူ ငါးသိန်းကျပ်)..
တို့အတွက် အလှူရှင် ပေါ်ပြီး ဖြစ်လေသည်။
အလှူငွေ အလုံအလောက်ပြည့်စုံမှုရှိလျှင် နှစ်လခွဲ သုံးလဖြင့် စေတီတော်ကို အပြီးသတ်မည်ဟု ဆိုပါသည်။ 

ထိုစေတီတည်ဆောက်မှုအတွက် ပျမ်းမျှအနေအားဖြင့်...

ဘိလတ်မြေအိတ် ........................ ၅၀၀ နှင့် ၈၀၀ ကြား
ထုံးအိတ်......................................၁၀၀ နှင့် ၁၅၀ ကြား
အုတ်အချပ်ရေ .............................၁၀၀၀၀၀ နှင့် ၁၅၀၀၀၀ ကြား
ကျောက် ......................................
သဲ ...............................................

အသုံးပြုရမည်ဟု ခန့်မှန်းထားပါသည်။

ထို့အတွက်ကြောင့် ထိုတုံးဖလားရွာဦးကျောင်းအတွင်း တည်ထားကိုးကွယ်မည့် လလိတမုနိစေတီတော်မြတ်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်လှူဒါန်းပြီး ဒါနပါရမီဖြည့်ချင်သူများအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်မျှဖြင့် ဘုရားဒကာ ဘုရားဒကာမများ အသီးသီး ဖြစ်နိုင်စေရန်အလို့ငှါ နိဗ္ဗာန်ဆော်လုပ်လိုက်ရပါသည်။ ။

တုံးဖလားရွာအရောက် သယ်ယူခ အပါအ၀င်....

ဘိလပ်မြေ  တစ်အိတ်  ................၆၅၀၀ ကျပ်
ထုံးတစ်အိတ်..............................၃၂၀၀ ကျပ်
အုတ်တစ်ချပ် ..............................၆၀ ကျပ်
ကျောက် ကားတစ်စီး................... ၃၅၀၀၀ ကျပ်
သဲ ကားတစ်စီး............................၁၅၀၀၀ ကျပ်
ရွှေအုတ်..................................... စီမံနေဆဲ
ငွေအုတ်.....................................   ။
မြအုတ်.......................................   ။
ပတ္တမြားအုတ်  ............................   ။
သံဘာဂျာတံခါး .......................... မစုံစမ်းရသေး
.....

စေတီတော်တည်ဆောက်မှုအခြေအနေ ပြီးစီးမှု အခြေအနေဓါတ်ပုံမှတ်တမ်းတို့ကို အချိန်နဲ့ တပြေးညီ ဖေ့စ်ဘုတ်ပေါ်၌ တင်နိုင်စေရန် ကြိုးပမ်းပေးပါမည်။ သို့သော် တုံးဖလားရွာမှ မိုင် ၂၀ ခန့်ဝေးသည့် ကောလင်းမြို့သို့ သီးသန့်သွားပြီး ဓါတ်ပုံတစ်ပုံကို အီးမေးလ်ပို့ခ ကျပ် ၃၀၀ ဖြင့် ပို့ရသည့်အတွက် ဓါတ်ပုံပေါင်း မြောက်မြားစွာကိုတော့ တင်နိုင်မည်မထင်ပါ။ ထိုအတွက် တောင်းပန်ပါသည်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ။
......


ထိုစေတီတော် တည်ဆောက်မှုအတွက် ကနဦးအလှူရှင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ အရှင်ဇနက (သန္တိသုခ၀ိဟာရ)၊ လန်ဒန်။ စတာလင်ပေါင် ၁၀၀၀ (၁၆ သိန်းကျပ်) (လွှဲပြီး)

၂။ ကိုကိုမောင် (ပန်းရနံ့) နှင့် မိတ်ဆွေများ။ မြန်မာကျပ်ငွေ ၁၀၀၀၀၀၀၀ (သိန်းတစ်ရာ) (လွှဲပြီး)

၃။ ကိုဝေလင်းထွန်း+မစူးစူး။ လန်ဒန်။ စတာလင်ပေါင် ၅၀၀ (၇၈၅၀၀၀ ကျပ်) (လွှဲပြီး)

၎။ အနန္တောအနန္တ မိဘနှစ်ပါးဖြစ်သော ဦးတင့်ဆွေ+ဒေါ်ဆွေဆွေလှတို့အား အမှူးထား၍ Daw Wah Wah Tint Swe (Managing Director) Savoiemyanmar (Travels & Tours Co.Ltd)Yangon, Myanmar...မြန်မာကျပ်ငွေ ၁၅၀၀၀၀၀ (ဆယ့်ငါးသိန်းကျပ်)တိတိ (လွှဲပြီး)

၅။ ဂျစ်တူး (မုံရွာ)။ စင်္ကာပူ။ မြန်မာကျပ်ငွေ ၁၀၀၀၀၀၀ (ဆယ်သိန်း) (လွှဲပြီး)

၆။ ဒေါက်တာမြင့်အောင်+ဒေါ်နှင်းနှင်းရီ။ ရန်ကုန်။ မြန်မာကျပ်ငွေ ၁၀၀၀၀ (တစ်သောင်း) (လွှဲပြီး)

၇။ မလေးရှားနိုင်ငံရောက် ဘလော့ဂါ ကဗျာဆရာ မင်းဧရာ (ဘမှုံ)မှ မြန်မာကျပ်ငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်) တိတိ (လွှဲပြီး)

၈ ။ စင်္ကာပူရောက် ကိုတိုးလွင်+မနန်းသိဂီ င်္ သား (အကြီးကောင်)တို့မှ မြန်မာကျပ်ငွေ ၈၆၈၀၀ (ရှစ်သောင်းခြောက်ထောင့်ရှစ်ရာကျပ်)တိတိ (လွှဲပြီး)

၉ ။ ဘလော့ဂါ မရွှေစင်ဦး မိသားစု၊ မန္တလေး မှ မြန်မာကျပ်ငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်) တိတိ (လွှဲပြီး)

၁၀။ ကရင်မလေး နော်နော်မှ မြန်မာကျပ်ငွေ ၁၅၀၀၀ (တစ်သောင်းငါးထောင်ကျပ်)တိတိ (လွှဲပြီး)

၁၁။ နှစ်ဘက်သော မိဘများအား အမှူးထား၍ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း၊ သားလေး အာသာဝင်းစိုး၊ လန်ဒန်၊ စတာလင်ပေါင်ငွေ ၁၀၀ (တစ်ရာ) တိတိ

၁၂။ ကျော်ကျော်လွင်+မိုးငယ်၊ သမီး သက်ကြည်ဖြူ၊ စံဝတီ၊ လန်ဒန်၊ စတာလင်ပေါင် ၃၀ (သုံးဆယ်) တိတိ

၁၃။ သမီးငယ်လေး  Sandra San (Birthday donation) လန်ဒန်။ စတာလင်ပေါင် ငွေ ၁၀၀ (တစ်ရာ)တိတိ

၁၄။ နေလင်းအောင်၊ လန်ဒန်။ စတာလင်ပေါင်ငွေ ၂၅ ပေါင်

၁၅။ သီတာထွန်း၊ လန်ဒန်။ စတာလင်ပေါင်ငွေ ၂၅ ပေါင်
..............


ဆရာဇော်ဂျီ၏ "သင်သေသွားသော်" ဆိုသည့် ကဗျာလေးအား အလျင်းသင့်၍ ကူးယူဖော်ပြပေးလိုက်ပါသည်။ 

""သင်သေသွားသော်""
......
သြော်.... 
လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

ထို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွါးတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း၊ ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း။

(ဆရာဇော်ဂျီ)

ကျေးဇူးအထူးတင်စွာဖြင့်
သူကြီးမင်း (တုံးဖလား)
၂၄၊၀၂၊၂၀၁၅  အင်္ဂါနေ့

.

.

Friday, 20 February 2015

ခေတ်ပုံပြင် (ဇာတ်သိမ်း)

အာဏာရှင်မှန်ရင် ဘယ်အာဏာရှင်ဘဲ ဖြစ်ဖြစ် အုပ်ချုပ်ခံ လူတန်းစားတွေကို အသာလေး ထိန်းထားလို့ရတယ်။ လူတွေအများစုက အာဏာရှင်ကို သိပ် ကြိုက်ကြတာ မဟုတ်လား။ စာကျက်ပျင်းတဲ့ ကျောင်းသားတွေကို ဆရာ ဆရာမတွေ ပြောလေ့ရှိတဲ့ စကားလိုပေါ့။ ဒီကလေးတွေ ကြိမ်ဖူးဟင်း အတော်ကြိုက်တယ် ဆိုပြီးတော့လေ။ ကြိမ်တို့မှ ပိုပြေးကြတာ မဟုတ်လား။ ဘာမှ မပူပါနဲ့။ အာဏာရှင် ပိုဆန်လေလေ ပိုလိုက်နာလေလေ ပိုနာနာရိုက်လေလေ ပိုသစ္စာရှိလေလေလေ။ အခုဘဲကြည့် ဘုရားရှင်က အာဏာနဲ့ အုပ်ချုပ်လိုက်တဲ့ အခါမှာမှ သာသနာဟာ အတော်လေး ငြိမ်သွားခဲ့တယ်။

အဲ အာဏာရှင်လုပ်မှာဖြင့် ပြတ်ပြတ်သားသားလုပ်ဖို့တော့ လိုတယ်။ အာဏာရှင်ယောင်ယောင် မေတ္တာရှင်ယောင်ယောင် ဆိုရင်တော့ ဟိုနားစုစု ဒီနားစုစုနဲ့ အသင်းတွေစု အဖွဲ့တွေဖွဲ့ပြီး ခြေရာလာတိုင်းကြမဲ့ သတ္တိခဲလေးတွေ မှိုလိုပေါက်လာကြလိမ့်မယ်။ အာဏာရှင်ဆိုလဲ အာဏာရှင်ပီသမှ မေတ္တာရှင်ဆိုလဲ မေတ္တုာရှင်ပီသမှ။ နို့မဟုတ်ရင်  အဟလေး မြင်လိုက်တာနဲ့ တန်းဝင်ပြီးသားဘဲ။ ဒေ၀ဒတ်ကိုဘဲ ကြည့်လေ။ ဘုရားရှင် ဒီလောက် အာဏာပြဌာန်းထားတာတောင်မှ နိုင်ငံရေး ထလုပ်လိုက်သေးတယ်။ အဇာတသတ်မင်းကို အပိုင်သိမ်းသွင်းလိုက်တယ်။ ပြီးတော့ သူပြောတဲ့ စကားကိုလဲ ကြည့်ဦး။ အဇာသတတ်ရေ.. မင်းက မင်းအဖေ ဗိမ္ဗိသာရမင်းကို သတ်ပြီး ဘုရင်လုပ်။ ငါက ဘုရားရှင်ကို သတ်ပြီး ဘုရားလုပ်မယ်။ ဒီတော့ မင်းကလဲ ဘုရင်ဖြစ် ငါကလဲ ဘုရားဖြစ် ဘယ်လောက် ပျော်ဖို့ ကောင်းလိုက်မလဲ တဲ့။

အင်း... ဒေ၀ဒတ်က ရဟန်းတန်မဲ့ နိုင်ငံရေးတွေ လုပ်စရာလား။ မေးနိုင်ပါတယ်။ ဒါပေမဲ့ ဒေ၀ဒတ်မှ မဟုတ်ပါဘူး။ လိုအပ်ရင် ဘုရားရှင်ကိုယ်တိုင်လဲ နိုင်ငံရေး လုပ်ရတာပါဘဲ။ နိုင်ငံတော်ကို အန္တရာယ်တစ်ခုခု ကျရောက်တော့မယ့်အခါမျိုး၊ အမျိုးဘာသာသာသနာကို ထိခိုက်နိုင်မဲ့ အခါမျိုးတွေမှာပေါ့။ ဥပမာ ကပိလ၀တ်ပြည်နဲ့ ကောလိယပြည် စစ်ပွဲကိုကြည့်။ ရောဟိနီမြစ်ထဲက ရေကို လုကြရင်းနဲ့ သာကီဝင်တွေ အချင်းချင်း  စစ်ကြေငြာပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်း လက်နက်တွေ အဆင်သင့်တပ်ဆင်ပြီးသား။ ပစ် ဆိုတဲ့ အမိန့်ကို စောင့်နေတုန်း။ ပစ်မိန့်ရကာနီးလေး ဆဲဆဲမှာမှ ဘုရားရှင် ရောက်လာပြီး ထာဝရအပစ်အခတ်ရပ်စဲရေး လုပ်ပေးလိုက်တယ်။ ဒါနိုင်ငံရေးဘဲပေါ့။ ဒါပေမဲ့ ဒေ၀ဒတ်ရဲ့ နိုင်ငံရေးက အမျိုးဘာသာသာသနာ ထိခိုက်ကွဲပြား ဆုံးရှုံးရမဲ့ နိုင်ငံရေး။ ဘုရားရှင်ရဲ့ နိုင်ငံရေးက အမျိုးဘာသာသာသနာ မပျောက်မပျက် စည်းလုံးညီညွတ်မှုရှိအောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ နိုင်ငံရေး။

 မြန်မာ့သမိုင်းကို ကြည့်ပြန်ရင်လဲ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် နိုင်ငံရေးလုပ်ခဲ့ကြတဲ့ ရဟန်းတွေကို မြင်တွေ့နိုင်ပါတယ်။ ပုဂံခေတ်က ရှင်ဒိသာပါမောက်တို့ အင်းဝစွယ်ကြိုအရှင်သူမြတ်တို့ ကိုလိုနီခေတ်က ဦးဝိစာရတို့ ဦးဥတ္တမတို့ ဒါတွေ အားလုံးဟာ နိုင်ငံတော်ရဲ့ အန္တရာယ်တွေကို၊ ကိုယ့်လူမျိုးရဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့ နိုင်ငံရေး လုပ်ခဲ့ကြတာ မဟုတ်လား။ ဒီတော့ အခုခေတ် ရဟန်းတော်တွေ နိုင်ငံရေးမှာ ပါဝင်လာတာ အဆန်းမဟုတ်ပါဘူး။ ရှေးရိုးစဉ်လာကို ချိုးဖောက်ပြီး လုပ်တာလဲ မဟုတ်ပါဘူး။ ကိုယ့်ရဲ့နိုင်ငံတော်ကို ကောင်းစေချင်တဲ့ ဆန္ဒ ကိုယ့်ဘာသာသာသနာ အရှည်တည်တံ့စေချင်တဲ့ ဆန္ဒတွေနဲ့ လုပ်ကိုင်ကြတာလို့ဘဲ မြင်မိပါတယ်။

ရဟန်းတော်တွေ ပရဟိတနိုင်ငံရေး လုပ်တာ ဂုဏ်ယူပါတယ်။ နိုင်ငံရေးလုပ်တာ အပြစ်မှ မဟုတ်တာ။  ဒါပေမဲ့ နိုင်ငံရေး အသုံးချခံတော့ မဖြစ်စေနဲ့ပေါ့။ ဒီအတိုင်းရဟန်းတွေ နိုင်ငံရေးလုပ်နေရင် သာသနာကြီး မြန်မြန်ကွယ်တော့မှာဘဲလို့ စိုးရိမ်သူတွေလဲ စိုးရိမ်နိုင်ပါတယ်။ စိုးရိမ်တာ အပြစ်မှမဟုတ်တာ။ ပြီးတော့ သံကို သံဖျက် သံချေးတက် (သာသနာကို ဘုန်းကြီးတွေဖျက်မှ ပျက်မယ်)တဲ့။ ပြောနေကြတာ။  မှန်သင့်သလောက် မှန်ပေမဲ့ ရာနှုန်းပြည့် မှန်တာတော့ မဟုတ်ပါဘူး။ အမှန်က သာသနာကို အစိုးရက ဖျက်မှ ပျက်တာပါ။ အစိုးရဆိုတာ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ ဘာသာခြား အစိုးရကို ဆိုလိုတာပါ။ အစိုးရ မဖျက်ရင် သာသနာပျက်ဖို့ အလွန်ခက်ပါတယ်။ သာသနာဆိုတာ အလွယ်လေး ဖျက်လို့မှမရတာ။ အိန္ဒိယဗုဒ္ဓသာသနာကို ဘယ်သူဖျက်ခဲ့သလဲ။ ပုဂံခေတ်အရည်းကြီးသာသနာကို ဘယ်သူဖျက်ခဲ့သလဲ။ ရှင်းပါတယ်။ အဲဒီအချိန်အုပ်ချုပ်ခဲ့တဲ့ အဲဒီအစိုးရတွေ ဖျက်ခဲ့တာပါဘဲ။  ဘုန်းကြီးတွေရဲ့ အစွမ်း ဘုန်းကြီးတွေရဲ့ အာဏာကို သာမန်ပြည်သူတွေ သာမန်ရဟန်းတွေ ဖျက်လို့ မပျက်နိုင်ပါဘူး။ အစိုးရစစ်တပ်အကူအညီနဲ့ အပြတ်ရှင်းမှ ပျက်နိုင်မှာပါ။ ရေငုတ်မီးလှုံတုံးခုန်ဇယ်ခတ် သိုင်းပေါင်းစုံ ဆေးပညာပေါင်းစုံ ဗေဒင်ပေါင်းစုံ တတ်မြောက်ထားကြတဲ့ အရည်းကြီးသာသနာကို ဘယ်သူက အလွယ်တကူ ဖျက်နိုင်မတုန်း။ အစိုးရကဘဲ ဖျက်နိုင်တယ်။

စဉ်းစားမိတယ်။ တစ်ခါတစ်ခါ မဟာယာနတွေရဲ့ ကွန်ဖူးပညာရပ်တွေ အရည်းကြီးတို့ရဲ့ ဂါထာမန္တရားတွေ   ဆေးအတတ်ပညာတွေ သင်ထားတတ်မြောက်ထားရင် သာသနာအတွက် အတော်လေး အသုံးဝင်မှာဘဲလို့။ ကိုယ့်သာသနာကိုယ့်လူမျိုးကို ကာကွယ်ဖို့လေ။ အာဏာပါဝါရှိလေ လူတွေ မစော်ကားရဲလေ မဟုတ်လား။ ဒါကြောင့် အခုခေတ်ရဟန်းတွေ တိုင်းပြည်နဲ့လူမျိုးအတွက် တကယ့်စေတနာနဲ့ အလုပ်လုပ်နေတာမြင်ရင် အပြစ်မမြင်ဘူး။ လူအများ ကောင်းစေချင်လို့ သူတို့ဘ၀ကို အနစ်နာခံနေတာဆိုပြီး ပိုတောင် လေးစားမိသေးတယ်။ ဘာမှမလုပ်ဘဲ (စာလဲမလုပ် တရားလဲမလုပ်ဘဲ) နေကြတဲ့ ရဟန်းတွေထက် စာရင် နိုင်ငံရေးလုပ်တဲ့ ဘုန်းကြီးကို ပိုချီးကျူးမိတယ်။ ဘုန်းကြီးကိုမှ မဟုတ်ပါဘူး။ ကျောင်းသား စစ်သား အားလုံးပါဘဲ။ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ နေတာနဲ့စာရင် နိုင်ငံရေးလုပ်တာက ပိုမွန်မြတ်မယ်လို့ ထင်ပါတယ်။

ပြီးတော့ စောင့်လေးမျိုးနွယ်ဆိုပြီး ဘုရားရှင်ဟောထားခဲ့တာဟာလဲ နိုင်ငံရေးအမြင်ရှိရှိနဲ့ ဟောထားခဲ့တာလို့ ပြောရင်ရပါတယ်။ အမျိုးမစောင့်တဲ့နိုင်ငံဆို ပြဿနာပိုများတတ်တယ်မဟုတ်လား။  ဒါပေမဲ့ ဘုရားရှင်က ကိုယ့်ဘာသာကိုယ့်လူမျိုးကိုဘဲ မျက်နှာလိုက်ပြီး ဟောခဲ့တာတော့ မဟုတ်ပါဘူး။ အားလုံးအတွက် ဟောခဲ့တာပါ။ ဆိုလိုတာက ဗမာလဲ ဗမာအမျိုးစောင့်၊ ကုလားလဲ ကုလားအမျိုးစောင့်၊ တရုတ်လဲ တရုတ်အမျိုးစောင့်။ အဲဒါဆို ဘာပြဿနာမှ ဖြစ်စရာ မလိုတော့ဘူး။ အမျိုးမစောင့်ဘဲ ဖြစ်သလို ဒွေးရောယှက်တင် အကြင်လင်မယားဖြစ်နေကြရင် တချိန်ကျရင် ပြဿနာ ဖြစ်လာမှာဘဲ။ ဘယ်လောက်ဘဲ နားလည်မှုရှိရှိ ဘယ်လောက်ဘဲ ချစ်ချစ်။ အချစ်ကုန်တဲ့နေ့ အပြစ်ပုံချမဲ့နေ့ပါဘဲ။ ကိုယ့်လက်ထက်မှာ ပြဿနာရှင်းတယ် ဆိုရင်တောင် ကိုယ့်ရဲ့ သားသမီးမြေးမြစ်လက်ထက် ပြဿနာတွေ တက်လာနိုင်တယ်။ မွေးချင်းအချင်းချင်းတောင် ပြဿနာတွေ ဖြစ်တတ်ကြတယ် မဟုတ်လား။ ကိုယ့်လူမျိုးအချင်းချင်း ယူထားသူတွေအဖို့ အခန့်မသင့်လို့ ရိုက်လားပုတ်လား ဖြစ်ရင်တောင်မှ ပြဿနာ ဖြစ်စရာမလိုပါဘူး။ အေးဆေး နေလို့ရပါတယ်။ ဒါပေမဲ့ ဘာသာခြား လူမျိုးခြားနဲ့ ယူထားပြီး စိတ်အခန့်မသင့်တဲ့အခါ ရိုက်မိခိုက်မိရင် တစ်စတစ်စနဲ့ ကမ္ဘာကြီး မီးလောင်နိုင်တယ် မဟုတ်လား။

ဘယ်လိုဘဲ ပြောပြော ဘုရားရှင်က လောကရေးရာတွေဖြစ်တဲ့ နိုင်ငံရေး စီးပွါးရေး ပညာရေး လူမှုရေးတွေကို သုတ္တန်ဒေသနာတွေမှာ ထည့်ပြီး နည်းပေးလမ်းပြပေးထားခဲ့သလို လောကမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ အမြိုက်အရသာကို အဘိဓမ္မာဒေသနာတော်မှာ အကျယ်ဟောပြထားခဲ့တယ်။ ပြီးတော့ အာဏာရှင်ပီပီ ဥပဒေပေါင်း သန်းပေါင်းများစွာကို ၀ိနည်းဒေသနာတော်မှာ စုပြုံ ထည့်သွင်းထားခဲ့တယ်။ အားလုံး ကြိုက်တာ ရွေးယူ အကောင်းတွေချည်းဘဲ။ ဒါပေမဲ့ ရဟန်းပရိသတ်တွေကတော့ ဘုရားရှင်ရဲ့ အာဏာဒေသနာတော်အောက်မှာ ပြားပြားမှောက်အောင် ကြောက်နေကြရလေရဲ့။

မည်သို့ပင် ရှိစေကာမူ အာဏာပြင်းလေ မီးငြိမ်းလေဘဲ မဟုတ်လား။ အထက်က ပြောခဲ့သလိုပေါ့။ အာဏာရှင်ဆန်လေလေ သစ္စာရှိလေလေ။ စည်းကမ်းလိုက်နာမှုရှိလေလေဘဲပေါ့။ မပျော်လဲ လိုက်နာ ပျော်လဲ လိုက်နာ။ မကြိုက်လဲ သစ္စာရှိ ကြိုက်လဲ သစ္စာရှိ။ ဗိုက်ဝလဲ သစ္စာရှိ ဗိုက်ဟာလဲ သစ္စာရှိ။ အေးရာ အေးကြောင်းဘဲပေါ့။

အဲ.. သစ္စာ အကြောင်းပြောရင်း ခွေးပုံပြင်လေးကို ပြန်ပြေးမြင်ယောင်မိပါရဲ့။ ပုံပြင်ဆိုတော့ ပုံပြင်လို့ဘဲ မှတ်ပေါ့။ ကမ္ဘာဦးအစက တစ်ကမ္ဘာလုံးမှာမှ ရွာကြီးတစ်ရွာဘဲ ရှိသတဲ့။ အဲဒီရွာကြီးမှာ လူတွေအပြင် ခွေးတွေလဲ ရှိကြသတဲ့။ သိတဲ့အတိုင်း ခွေးဆိုတာ အစားကြီးတယ်မဟုတ်လား။ ဒါပေမဲ့ သူတို့ ၀၀လင်လင် မစားရရှာပါဘူး။ သူတို့ရဲ့သခင်တွေ ကျွေးသလောက်ဘဲ မ၀ရေစာ စားနေကြရရှာတယ်။ အစာကိုသာ ၀အောင်မကျွေးတာ အလုပ်ကိုတော့ သေအောင်ခိုင်းကြတယ်။ တစ်နေကုန် တောကောင်လိုက်ခိုင်းတယ်။ တောကောင် မလိုက်နိုင်ရင် ရိုက်တယ်။ အခန့်မသင့်ရင် သတ်ပစ်တယ်။ အရိုက်ခံရမှာ အသတ်ခံရမှာ ကြောက်တဲ့အတွက် ခွေးကလေးတွေဟာ သူတို့ရဲ့သခင်အပေါ် ကြောက်လဲကြောက် သစ္စာလဲ ရှိပြကြရရှာသတဲ့။

အဲဒီလိုနဲ့ အဲဒီရွာမှာ ရွာသူကြီး အပြောင်းအလဲ ဖြစ်လာသတဲ့။ သနားစာနာ ကြင်နာတတ်တဲ့ ရွာသူကြီးမို့ တစ်ရွာလုံးက လေးစားကြသတဲ့။ အဲဒီရွာသူကြီး ရာထူးရရချင်း ဘာလုပ်သလဲဆိုတော့ ခွေးအခွင့်အရေး ကို အရင် လုပ်ဆောင်သတဲ့။ "ရွာသူရွာသားများခွေးပိုင်ရှင်များအားလုံး..... ခွေးများကို မ၀ရေစာ ကျွေးလာကြသည်မှာ ကြာလှချေပြီ။ ခွေးများလဲ ပိန်လှချေပြီ။ ဒီတော့ ဒီနေ့ကစပြီး ခွေးတစ်ကောင်ကို တစ်ရက် ဆန်တစ်ပြည်ချက် ချက်ကျွေးကြစေ.. သူကြီးအမိန့်."..ဆိုပြီး သူ့ရဲ့ သူကြီးဖြစ်ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တစ်ချက်လွတ်အမိန့် ထုတ်သွားသတဲ့။ ဒီအမိန့်ကို ကြားတော့ ခွေးပိုင်ရှင်တွေက မချိသွားဖြဲ ရှိနေကြပေမဲ့ ခွေးများကတော့...အာဝု အာဝု အု အု အူးးးး ဆိုပြီး ပျော်မဆုံးမော်မဆုံး ဖြစ်သွားကြသတဲ့။

မ၀ရေစာ ချက်ကာကျွေးတော့
ဗိုက်ကလေးက ချပ်လှတယ်။

သူကြီးထုတ်ပြန် မိန့်တော်များကြောင့်
ဗိုက်ကားရင်ပြည့် စားရတယ်။

အာဝု အာဝု ညာသံပေးလို့
မယ်ခွေးမောင်ခွေး ပျော်လှတယ်။

သူကြီးချမ်းသာ ကျန်းမာကောင်းဖို့
ဆုတောင်းကာကွဲ့ ပေးလိုက်မယ်။

ပေးမယ် ပေးမယ်။


တစ်ပြည်ချက် စားနေရတဲ့ ခွေးတွေ မိုးမမြင်လေမြင် အပျော်ကြီးပျော်နေကြသတဲ့။ အာဟာရပြည့်တော့ ခွေးရုပ်ခွေးရည်လေးတွေလဲ အပြည့်ပေါ့။ ဟိုနားသွားပြုံးပြုံး ဒီနားသွားလဲ ပြုံးပြုံး။ ကောင်းလေစွ ကောင်းလေစွ။  ဒါပေမဲ့ အဲဒီလို တစ်ပြည်ချက်စားလာတာ တစ်နှစ်လောက်ရှိတဲ့အခါမှာတော့ ခွေးဇာတိတွေ ပြန်ပြလာကြသတဲ့။ ရွာသူကြီး သဘောကောင်းမနောကောင်းတာကို အခွင့်အရေးယူတာလဲ ပါတာပေါ့။ တစ်နေ့မှာ ခွေးတွေ အားလုံးတိုင်ပင်ပြီး သူကြီးအိမ်ရှေ့ကို ချီတက်သွားသတဲ့။ ဒါက ဘာဖြစ်လာပြန်ကြတာတုန်းဆိုတော့။ "၀ူးး ၀ူးး အာဝု ၀ု ၀ု.. သူကြီးမင်းရယ် အခုနှစ်ပိုင်းတွေမှာ သခင်တွေက အလုပ်တွေ အရမ်းခိုင်းတဲ့အတွက် ဗိုက်က အမြဲဆာလောင်နေပါတယ်။ တစ်ရက်ကို တစ်ကောင် တစ်ပြည်ချက်နဲ့ ၀၀လင်လင် မရှိတော့ပါဘူး။ ဒါကြောင့် တစ်ကောင်ကို နှစ်ပြည်ချက် အမိန့် ထုတ်ပြန်ပေးပါ...အဲဒါ လာတင်ပြတာပါ သူကြီးမင်း.."... ဆိုပြီး ခွေးတွေအားလုံး ၀ူးဝူး ၀ုတ် ၀ုတ် ၀ုဝု အာဝု ဆိုပြီး တပြိုင်နက် တောင်းဆိုကြသတဲ့။ ဒီတော့ ရွာသူကြီးလဲ သနားတတ်သူပီပီ..." ခွေးများကို တစ်နေ့ တစ်ကောင် နှစ်ပြည်ချက် ချက်ကျွေးစေ.." ဆိုပြီး ခွေးပိုင်ရှင်တွေကို အမိန့် ထုတ်ပြန်သတဲ့။

ဒီလိုနဲ့ နောက်တစ်နှစ်ကြာလာပြန်တဲ့အခါ ခွေးအုပ်ကြီး ညီညီညွတ်ညွတ်နဲ့ သူကြီးအိမ်ရှေ့ ပြန်ရောက်လာပြန်သတဲ့။ "၀ု ၀ု အိ အိ ၀ူးးး  နှစ်ပြည်ချက်နဲ့ မလောက်ပြန်တော့ဘူး သူကြီးမင်း။ သုံးပြည်ချက်လို့ သတ်မှတ်ပေးပါ" ဆိုပြီး အဆိုပြုလာပြန်ရော။ သူကြီးမင်းလဲ.. အေးလေ  သူတို့ တကယ် အစာမ၀ကြရှာဘူးထင်ပါတယ်၊ အမိန့် ထုတ်ပေးလိုက်တာ ကောင်းပါတယ်ဆိုပြီး... တစ်ကောင်ကို တစ်နေ့ သုံးပြည်ချက် ချက်ကျွေးစေ..ဆိုပြီး အမိန့် ထုတ်ပြန်တာပေါ့။

ခွေးတွေလဲ အပျော်လွန်ပြီး... အမလေး  စားရချေသေးရဲ့ သုံးပြည်ချက်ကြီး သုံးပြည်ချက်ကြီး..ဆိုပြီး ဖုံးမနိုင်ဖိမရ ပျော်နေတော့သတဲ့။ ပိုင်ရှင်များမှာတော့ ရွာသူကြီးရဲ့ အမိန့်မို့ မလွန်ဆန်နိုင်ဘဲ နေ့စဉ် တစ်ရက် ဆန်သုံးပြည်ချက်ပြီး ဟင်းတွေနဲ့ နှယ်ဖတ် ကျွေးမွေးနေကြရရှာသတဲ့။ ဒီလိုနဲ့ တစ်ရက်သုံးပြည်ချက်စားပြီး ဗိုက်တွေတင်းပြီး ခွေးတွေ အပျင်းကြီး ပျင်းနေကြတော့သတဲ့။ သခင်က အလုပ်ခိုင်းတဲ့အခါမှာလဲ ပျင်းရိပျင်းသွဲ့တွေ ဖြစ်နေကြသတဲ့။ ဒါပေမဲ့ သူတို့ လောဘကိုတော့ အသောမသတ်နိုင်ရှာကြသေးဘူး။

တစ်နေ့မှာ ထုံးစံအတိုင်း ရွာထဲက ခွေးတွေအားလုံးစုပြီး ရွာသူကြီးအိမ်ရှေ့သွားကာ ခွေးခေါင်းဆောင်  ကပ္ဗတိန်အောင်နက်က လော်ကြီးနဲ့ အော်ရောဆိုဘဲ။ "၀ူးး ၀ူးးးးဝူးးးးး သူကြီးမင်း တစ်ရက် သုံးပြည်လဲ မလောက်ပြန်ဘူး၊ ခဏလေးနဲ့ အစာကြေပြီး ဗိုက်ပြန်ပြန်ဆာလာတယ်။ ဒါကြောင့် တစ်ရက် လေးပြည်ချက် ချက်ကျွေးရမယ်ဆိုပြီး အမိန့် ထုတ်ပေးပါ..." လို့ အသံကျယ်လောင်စွာ အော်ပြီး တောင်းဆိုသတဲ့။ နောက်လိုက်နောက်ပါ ခွေးများကလဲ "၀ုတ်ပါဒယ် မှန်ပါဒယ်" ပေါ့။ ဒီတော့ ရွာသူကြီးက စဉ်းစားသတဲ့။ ဒီခွေးတွေက အခွင့်ပေးရင် ပေးသလောက်ယူမဲ့ ကောင်တွေဘဲ။ ငါ  သနားတတ်တာကို အခွင့်ကောင်းယူပြီး အားမနာ လျာမကျိုး လာတောင်းဆိုကြတယ်။ ဒီအတိုင်း သူတို့တောင်းဆိုတိုင်း အမိန့် ထုတ်ပြန်ပေးနေရရင် ရွာသားတွေလဲ အမြင်ကြည်ကြတော့မှာ မဟုတ်ဘူး။ ပြီးတော့ ဒီခွေးတွေကလဲ ဗိုက်ဝရင် သခင်ကိုတောင် သခင်မှန်း သိချင်ကြတော့တာ မဟုတ်ဘူး။ ဒီတော့ ဒီလို လုပ်တာ ကောင်းမယ်။

ရွာသူကြီးက ရွာသားတွေ အားလုံးကို ချက်ချင်း အရေးပေါ် ခေါ်ယူလိုက်တယ်။ မကြာခင်အချိန်အတွင်းမှာဘဲ ရွာသားတွေ အားလုံး သူကြီးအိမ်ရှေ့ရောက်လာကြတယ်။ ခွေးတွေကလဲ သူတို့ လိုချင်တာကို တောင်းဆိုလို့ ကောင်းနေကြတုန်း။

"ဆန်လေးပြည် ကျွေးပါကျွေးပါ
ဟော့ဒီမှာ..ရင်တွေ ဟာတာတာ"


ထို့နောက်.. ခွေးခေါင်းဆောင် ကပ္ဗတိန်အောင်နက်ထက် အသံပိုကျယ်စွာဖြင့် ရွာသူကြီးက အမိန့် ထုတ်ပြန်လိုက်တယ်။

"ကြွရောက်လာကြတဲ့ လူအပေါင်း ခွေးအပေါင်းတို့... အခုဆိုရင် ရွာသားတွေအားလုံး  ခွေးအပေါင်းအားလုံး သူကြီးအိမ်ရှေ့ ရောက်နေကြပါပြီ။ အောင်နက်ဦးဆောင်တဲ့ ခွေးတွေက တစ်ရက်ကို ဆန်လေးပြည်ချက် ချက်ကျွေးဖို့ အမိန့် ထုတ်ခိုင်းလာတာ ဖြစ်တယ်။ ဟို အရင်က သူတို့ကို သနားငဲ့ညှာပြီး တစ်ပြည်ချက်ကို အရင် ခွင့်ပြုခဲ့တယ်။ သူတို့က နှစ်ပြည်ချက် ထပ်တောင်းဆိုလာတယ်။ နှစ်ပြည်ချက် ခွင့်ပြုလိုက်တဲ့နောက်ပိုင်းမှာ သုံးပြည်ချက် တောင်းဆိုလာပြန်တယ်။ အခု ဒီနေ့ ထပ်ပြီး လေးပြည်ချက် တောင်းဆိုလာပြန်တယ်။ လိုက်လျောမှန်းသိတဲ့အတွက် တောင်းဆိုမှုတွေက များပြားလာတယ်။ သနားတတ်မှန်းသိတဲ့အတွက် အခွင့်အရေးအများကြီး ယူလာတယ်။ ဗိုက်ဝလာတဲ့အခါ သခင်ကို သစ္စာစောင့်သိမှု နည်းပါးလာတယ်။ ဒီတော့ ရွာသူရွာသားအပေါင်း ခွေးအပေါင်းတို့ အခု သူကြီး အမိန့်တော်ချမယ်။ အားလုံး နားစိုက်စိုက် ထောင်ကြပါ။ ခွေးပိုင်ရှင်များကလဲ မိမိတို့ရဲ့ ခွေးများကို ကျွေးချင်သလောက်သာ ကျွေးကြပါ။ ခွေးများအားလုံးကလဲ မိမိတို့ရဲ့ သခင်ကျွေးသလောက်ဘဲ စားကြပါ။    တစ်ပြည်ချက် နှစ်ပြည်ချက် သုံးပြည်ချက် ဥပဒေတွေကို ဒီနေ့ကစပြီး ဖျက်သိမ်းလိုက်ပါတယ်။ အစာ ၀၀ မစားရပေမဲ့လဲ ခွေးများအားလုံး မိမိတို့ရဲ့ သခင်ကို အသက်စွန့်ပြီး သစ္စာရှိကြပါ။ အမိန့်တော်"

"ဟေးးးးးး"

"အုဟုဟု"

(ဟေးးးး ဆိုသည်မှာ ရွာသူရွာသားများ၏ ပျော်ရွှင်သည့်အသံ ဖြစ်သည်။ အုဟုဟု ဆိုသည်မှာ ခွေးများ၏ ၀မ်းနည်းပက်လက်အသံဖြစ်သည်။)

ခွေးများအားလုံး ရွာသူကြီးထံ မျက်ရည်ခံ ထိုးကြတယ်။

"သူကြီးမင်းရယ်... သနားပါဦး။ တစ်ချို့ခွေးတွေမှာ ကလေးတွေလဲ တသီကြီးနဲ့... ပြီးတော့ နေလဲ ကောင်းကြတာ မဟုတ်ဘူး။ အဲဒီတော့ ဒီလို လုပ်ပါလား သူကြီးမင်းရယ်။ ဒီနေ့ လာတောင်းဆိုတဲ့ လေးပြည်ချက်ကို ခွင့်မပြုချင်နေပါ။ နဂို သုံးပြည်ချက်ကလေးအတိုင်းတော့ ထားပေးပါနော်"

 "ဟိတ်... ငါ သူကြီးမင်း ပြောတဲ့အတိုင်း နားထောင်။ ခံမပြောနဲ့ ခိုင်းတာလုပ် ခုံနဲ့ရိုက်လိုက်လို့ ခွေးမသာပေါ်သွားမယ်.."

သူကြီးမင်းက ပွဲကြမ်းပြလိုက်တော့ ခွေးတွေလဲ နှုတ်ဆိတ်ပြီး ငြိမ်နေရရှာတော့တယ်။ အဲဒီလိုနဲ့ ကမ္ဘာဦးအစ အဲဒီနေ့ကစပြီး ဒီနေ့အချိန်ကာလအထိ ခွေးများဟာ သခင်ကျွေးသလောက်သာ စားကြရပြီး သူတို့ရဲ့ သခင်ကိုလဲ အသက်နဲ့ ရင်းကာ သစ္စာရှိပြကြရတော့သတဲ့ကွယ်။ ခွေးတွေရဲ့ဘ၀ ဒီလို ကျွေးသလောက်ဘဲ စားရတဲ့ ဘ၀အဖြစ်နဲ့ ရပ်တည်ရတာဟာ  ရွာသူကြီးရဲ့ အပြစ်လား၊ ရွာသူရွာသားတွေရဲ့ အပြစ်လား၊ ခွေးတွေရဲ့ အပြစ်လားဆိုတာကိုတော့ ကလေးတို့ဖာသာ စဉ်းစားကြပေါ့ကွယ်။ ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။  ။


သဗ္ဗေသတ္တာ အဝေရာ ဟောန္တု ။
သူကြီးမင်း (တုံးဖလား)
၂၀၊၀၂၊၂၀၁၅ ၆ကြာ


Friday, 13 February 2015

ပြည်ထောင်စု+မွေးနေ့


လူတို့ဓလေ့
မနောတွေ့ပြီး
မွေးနေ့လက်ဆောင်
ပေးရအောင်ဟု
ပြည်ထောင်စုနေ့
နောက်သို့ရွေ့ပြီး
မွေးနေ့အကြို
တစ်ရက်လိုတွင်
ချုပ်ဆိုခဲ့အံ့လည်း မသိ။


ညီနောင်တိုင်းရင်း
ဆွေတစ်သင်းနှင့်
သွေးချင်းတို့အား
အလေးထား၍
ပြတ်သားစွာတွေး
သူပင်ရွေးပြီး
မွေးနေ့ပြည်ထောင်
ရောမယောင်ဖို့
ဖယ်ရှောင်ခဲ့အံ့လည်း မသိ။


သြော်......
ပြည်ထောင်စုနေ့
ထိုသည့်နေ့အား
မွေးနေ့ရက်တွင်
ချုပ်ခဲ့လျှင်မူ
သက်ဝင်ဂုဏ်ဖြိုး
ဇာတိတိုးပြီး
ပွါးတိုးမင်္ဂလာ
ဘေးကင်းကွာ၍
ချမ်းသာငြားအံ့လည်း မသိ။

သူကြီးမင်း (တုံးဖလား)
၁၃၊၀၂၊၂၀၁၅ ၆ကြာ

.

Thursday, 12 February 2015

ငြိမ်ပိုနက်


လှိုင်းတံပိုးထန်
ကမ်းလုံးလျှံ၍
ချောင်းကန်အတိ
ရေဖြင့်ပြည့်လည်း
ငြိမ်သည့်ရေထက်
ပိုမနက်ဘူး။

ငြိမ်ချက်ရေပြင်
အာကာသွင်သို့
ကင်းစင်နေဘိ
လှိုင်းမရှိသည့်
ထိုသည့်ရေလွှာ
ရေငြိမ်သာလျှင်
ဘယ်ခါမဆိုင်း
ပိုနက်ရှိုင်း၏။

သူကြီးမင်း (တုံးဖလား)
၁၂၊၀၂၊၂၀၁၅ ၅တေး


.

Saturday, 7 February 2015

ခေတ်ပုံပြင် -၂

ဘုရားရှင်လက်ထက်က ရဟန်းတော်တွေ ဖလန်းဖလန်းထခဲ့ကြတာဟာ သာသနာတော်ကြီး ပရမ်းပတာ ဖြစ်လို့တော့ မဟုတ်ဘူး။ သာသနာက သန့်ရှင်းပြီးသား။ တည်ကြည်ပြီးသား။ ခန့်ညားပြီးသား။ ဒါဖြင့် ဘာပြုလို့ ရဟန်းတော်တွေ ဖလန်းဖလန်းထကြတာလဲဆိုတော့ ခေတ်စကားနဲ့ ပြောရရင် သာသနာတော်ရဲ့ တံခါးဖွင့် ဒီမိုကရေစီ စနစ်ကြောင့်ဘဲ။ ဟုတ်တယ်။ အဲဒါကြောင့်။ ဒါပေမဲ့ အဲဒီဒီမိုကရေစီစနစ်နဲ့ အစမပျိုးခဲ့ရင်လဲ အဆင်ပြေမှာ မဟုတ်ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အယူအဆတွေ ၀ါဒတွေ သီအိုရီတွေ မှိုလိုပေါ်ပေါက်နေကြတဲ့ အချိန်အတွင်းမှာမှ ဘုရားရှင်က သစ္စ၀ါဒနဲ့ တမူထူးခြားပြီး ထိုးဖောက်ခဲ့ရတာကိုး။ အများက လူပြိန်းကြိုက် နိစ္စ သုခ အတ္တ သုဘတွေနဲ့ ရွှေရည်စိမ်နေကြတဲ့ ကာလမှာ ဘုရားရှင်က အနိစ္စ ဒုက္ခ အနတ္တ အသုဘဆိုပြီး ဆေးခါးကြီးတိုက်ကျွေးခဲ့ရတာမဟုတ်လား။ ဒီတော့ သူ့ရဲ့ သာသနာတော်ကိုလဲ တံခါးပွင့်ဝါဒ ကျင့်သုံးပြီး လူမျိုးမရွေး ဘာသာမရွေး အဆင့်အတန်းမရွေး ကြီးငယ်မရွေး ဒီမိုကရေစီစနစ်နဲ့ ပုံဖော်ရတော့တာပေါ့။ ဒါမှ သာသနာ့အဖွဲ့ဝင်တွေ များလာမှာ မဟုတ်လား။

ဇာတ်ခွဲခြားလွန်းလှတဲ့ အိန္ဒိယလို ပြည်ကြီးမျိုးမှာ ဇာတ်စကားလုံးဝ မပြောခဲ့တဲ့ ခေါင်းဆောင်ဟာ ဘုရားရှင်တစ်ပါးဘဲ ရှိခဲ့တယ်။ ဗမာ ကုလား တရုတ် မွန်ဂို၊ ခတ္တိယ ဗြဟ္မဏ ဝေဿ သုဒ္ဒ၊ ဘုရင် ပုဏ္ဏား သူကြွယ် ဆင်းရဲ ဘယ်ထဲကဘဲ လာလာ နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့တဲ့ အဖွဲ့အစည်းဟာ ဘုရားရှင်ရဲ့ အဖွဲ့အစည်းတစ်ခုဘဲ ရှိခဲ့တယ်။ ဒီတော့ တံခါးမရှိ ဓါးမရှိတဲ့ သာသနာမှာ အလွှာပေါင်းစုံက လာပြီး ပျော်မွေ့နေကြတာ မဆန်းပါဘူး။ မုဆိုးဖို မုဆိုးမ တစ်ခုလပ် အဘိုးအို အမယ်အို လူမမယ် အားလုံးအားလုံး လာထားဘဲ။ အဲဒီ ဒီမိုကရေစီစနစ်ကြောင့် ဘုရားရှင်ရဲ့ သာသနာဟာ နေ့ချင်းညချင်း တဟုန်ထိုး နာမည်ကြီးလာခဲ့တယ်။ ဘယ်လောက်ထိ နာမည်ကြီးခဲ့သလဲဆိုတော့ အဲဒီအဖွဲ့အစည်းထဲ မ၀င်ရရင် ခေတ်မမီဘူးလို့ ထင်ရလောက်အောင် နာမည်ကြီးခဲ့တယ်။ လူတွေလဲ ၀င်လာမစဲ တသဲသဲဘဲပေါ့။ အဖြူ အမဲ အနီ အ၀ါ ဘာကာလာမှ မရွေးဘူး အားလုံး Welcome ဘဲ။ သားပစ် မယားပစ် ချစ်သူပစ်ပြီး ၀င်လာကြသူတွေလဲ များမှများ။ ဒီလိုနဲ့ နှစ်အနည်းငယ်အတွင်းမှာဘဲ ဘုရားရှင်ရဲ့ သာသနာ့အဖွဲ့အစည်းကြီးဟာ အဆမတန်ကြီးမား တိုးပွါးလာခဲ့တယ်။

ဒီလောက်ကြီးမားတဲ့ အဖွဲ့အစည်းကြီးကို ဘာဥပဒေနဲ့ ထိန်းချုပ်မလဲ။ ဒါ လိုအပ်လာပြီ။ အဲဒီအချိန်ထိ ဘုရားရှင်က ဥပဒေတွေ မပြဌာန်းခဲ့သေးဘူး။ ခြေ/ဥလို့ခေါ်တဲ့ အခြေခံ ဥပဒေကြီးကိုလဲ မရေးဆွဲခဲ့ရသေးဘူး။ ခန္တီ ပရမံ တပေါ တိတိက္ခာ (သည်းခံခြင်းသည် အမွန်မြတ်ဆုံး) စတဲ့ သွယ်ဝိုက်ဥပဒေအနုစားလေး သုံးပုဒ်နဲ့သာ သာသနာတော်ကြီးကို ခပ်ယဲ့ယဲ့ ထိန်းချုပ်လာခဲ့ရတယ်။ ကြာလာတော့ ခပ်ထွေထွေ ရဟန်းတွေက အဲဒီဥပဒေအနုစားလေးတွေကို မမှုချင်ကြတော့ဘူး။ အဖွဲ့လိုက်ရမ်းကားကြတဲ့ ခြောက်ပါးဂိုဏ်း၊ ဆယ့်ခုနစ်ပါးဂိုဏ်းတွေ ပေါ်ပေါက်လာကြတယ်။ တစ်ပါးထဲ သတ္တိရှိရှိမိုက်ပြီး အာဏာလုယူချင်တဲ့ ဒေ၀ဒတ်လို ရဟန်းမျိုး ပေါ်ပေါက်လာတယ်။ အပျော်ကြူးလှတဲ့ ဥဒါယီလိုရဟန်းမျိုး ညစ်ပေပေလုပ်တဲ့ ဆန္နလိုရဟန်းမျိုးတွေ ဟိုနားတစ်စု ဒီနားတစ်ခု ပေါ်ပေါက်လာကြတယ်။

အဖွဲ့အစည်း စတင်ဖြစ်ပေါ်လာခါစ စည်းရုံးရေးပြုလုပ်ဆဲကာလမို့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်လာလိုက်တာ။  ကြာလာတော့ အဖွဲ့ဝင်တွေထဲမှာ ပရမ်းပတာတွေ များလာတယ်။ မိုက်မဲတွေဝေမှုတွေ ပေါလာတယ်။ အဲလိုပုံစံမျိုးနဲ့ ဆက်သွားရင်တော့ ဘုရားရှင်ရဲ့ သာသနာတော်ကြီးဟာ ညစ်နွမ်းလာမယ်။ နာမည်ပျက်လာမယ်။ လူတွေ ကဲ့ရဲ့စရာ ဖြစ်လာမယ်။ လူမိုက်တွေရဲ့ ကွန်းခိုရာ ဖြစ်လာမယ်။ ငတ်ကြီးကျပြီး ၀င်လာသူတွေရဲ့ စားကျက် ဖြစ်လာမယ်။ အဲဒီလို အုတ်ရောရော ကျောက်ရောရော ပရမ်းပတာဖြစ်နေတဲ့ သာသနာတော်ကြီးဟာလဲ ကောက်ရိုးမီးလို ၀ုန်းကနဲ ထလောင်ပြီး ၀ုတ်ကနဲ ငြိမ်းသွားရုံသာ ရှိပေတော့မပေါ့။

ဒီတော့ ဘုရားရှင်က ရှေးရှေးဘုရားရှင်တွေရဲ့ သာသနာ့အဖွဲ့အစည်းကြီး တည်တံ့အောင် ကိုင်တွယ်ခဲ့ကြပုံကို အာရုံပြုရပြီပေါ့။ ဟော တွေ့ပါပြီ။ ရှေးရှေးကမ္ဘာတွေမှာ ပွင့်ခဲ့ကြတဲ့ ၀ိပဿီ သိခီ ဝေဿဘူ ဘုရားရှင်တို့ရဲ့ သာသနာဟာ ရေရှည် မတည်တံ့ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘုရားရှင်တွေက သူတို့ရဲ့ သာသနာကို ဒီမိုကရေစီစနစ်နဲ့သာ နူးညံ့စွာ အုပ်ချုပ်ခဲ့ကြလို့ဘဲ။ နောက် ဒီဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့ကြတဲ့ နောင်တော် ဘုရားရှင်တွေဖြစ်တဲ့ ကကုသန္ဓ ကောဏာဂမန ကဿပ ဘုရားရှင် သုံးဆူတို့ရဲ့ သာသနာအဖွဲ့အစည်းကြီးတွေကတော့ ရေရှည်တည်တံ့ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘုရားရှင်တွေက သူတို့ရဲ့ သာသနာ့အဖွဲ့အစည်းကြီးကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ကြလို့ဘဲ။ ရှင်းသွားပြီ။ အဖြေရသွားပြီ။ ဒီမိုကရေစီစနစ်ကို စမ်းသပ်ကာလ နှစ် ၂၀ အုပ်ချုပ်လာခဲ့ပြီ။ သိပ်မစားသာဘူး။ ဒီတော့ သာသနာ့အဖွဲ့အစည်းကြီး ရေရှည်တည်တံ့ဖို့ဆိုရင် အာဏာရှင်စနစ်မှ တစ်ပါး။

အာဏာရှင်စနစ်အောက် ရောက်လာရင် တစ်သွေးတစ်သံတစ်မိန့်ဘဲ ဖြစ်ရမယ်။ ဖြုတ်ထုတ်သတ် စနစ်နဲ့ ကိုင်တွယ်မယ်။ ဒီတော့မှ လူတွေဆီမှာ အကြောက်တရားတွေ ကိန်းဝပ်လာမယ်။ အကြောက်တရား ရှိလာပြီဆိုရင် အဲဒီအကြောက်တရားကို အကြောင်းပြုပြီး ကြိုက်ကြိုက် မကြိုက်ကြိုက် ညီညွတ်ပြရတော့မယ်။ စည်းရုံးပြရတော့မယ်။ လိုက်နာပြရတော့မယ်။ အဲဒီစနစ်နဲ့ ကိုယ်တွယ်စီမံထားတဲ့ အဖွဲ့အစည်းဟာ မယိုင်မလဲ တည်မြဲနေမယ်။ ယနေ့မျက်မှောက်ခေတ် ခပ်ကြမ်းကြမ်းကိုယ်တွယ်ထားတဲ့ အဲဒီလို အများကြောက်အဖွဲ့အစည်းကြီးတစ်ခု ဘာကြောင့် ကမ္ဘာအနှံ့ ပျံ့နှံ့တည်မြဲနေရသလဲဆို အဖြေက အဲဒါဘဲ။

ဒီတော့ ဘုရားရှင်လဲ သူ့ရဲ့ သာသနာ့အဖွဲ့အစည်းကြီး တည်ထောင်ပြီး နှစ် ၂၀ မြောက် ဖြစ်တဲ့ တပို့တွဲလပြည့်နေ့မှာဘဲ လက်ရှိကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်ကို အဆုံးသတ်ရပ်နားလိုက်တယ်။ ပြီးတော့ အဲဒီနေ့မှာဘဲ အာဏာရှင်စနစ်ကျင့်သုံးတော့မယ့် အရိပ်အယောင်ပြလိုက်တယ်။ ထောင်သောင်းမက များပြားလှတဲ့ သံဃာထုကြီးက သုံးကြိမ်တိုင်တိုင် မိန့်ခွန်းချွေပေးဖို့ တောင်းပန်တာကိုတောင် လုံးဝ (လုံးဝ) လျစ်လျူရှုပစ်လိုက်တယ်။ နောက် အရိပ်အမြွက်ပြပြီး မသန့်ရှင်းမစင်ကြယ်တော့တဲ့ ရဟန်းတစ်ပါးကိုလဲ ရဟန်းပရိသတ်ထဲမှ အတင်းဆွဲထုတ်ဖယ်ရှားစေလိုက်တယ်။ ပြီးတော့ ပြတ်သားပြီး သြဇာပြည့်ဝလှတဲ့ အသံတော်နဲ့ တစ်ခွန်းတည်း ပြောချလိုက်တယ်။ ဒီနေ့ဟာ အနုစားဥပဒေလေးနဲ့တည်ထောင်ထားတဲ့ ဒီမိုကရေစီစနစ် (သြ၀ါဒပါတိမောက်)ကို ကျင့်သုံးတာ နောက်ဆုံးနေ့ဘဲ တဲ့။

အဲဒီ နှစ် ၂၀ မြောက်ကစပြီး သာသနာ့အဖွဲ့အစည်းကြီးကို အာဏာရှင်စနစ် (အာဏာပါတိမောက်)နဲ့ (Reform)လုပ်ပြီး အုပ်ချုပ်လာခဲ့တယ်။ အခြေခံဥပဒေ (ခြေ/ဥ)ကို တဖြည်းဖြည်းချင်း ရေးဆွဲလာခဲ့တယ်။ အာဏာရှင်စနစ်ပီပီ ခြေ/ဥကို ရေးဆွဲတဲ့အခါမှာ ဘယ်သူနဲ့မှ မတိုင်ပင်ခဲ့ဘူး။ ဘယ်သူ့အကြံဥာဏ်မှလဲ မယူခဲ့ဘူး။ တစ်ပါးတည်းသာ ရေးဆွဲလာခဲ့တယ်။  ဒီလိုနဲ့ နှစ်အတော်ကြာလာတဲ့အခါမှာ အမျိုးသားရဟန်းတွေအတွက် ၀ိနယသတ်ဥပဒေပုဒ်မကြီး ၇ ခု၊ ပုဒ်မခွဲ ၂၂၇ ခု၊ ပုဒ်မငယ်များစွာ၊ အမျိုးသမီးရဟန်းတွေအတွက် ၀ိနယသတ်ဥပဒေပုဒ်မကြီး ၇ ခု၊ ပုဒ်မခွဲ ၃၁၁ ခု၊ ပုဒ်မငယ်များစွာတို့နဲ့ ပြီးပြည့်စုံတဲ့ အခြေခံဥပဒေတော်ကြီး (ခြေ/ဥ)ကို ရေးဆွဲ အောင်မြင်လာခဲ့တယ်။ 

ခြေ/ဥရှိလာပြီတော့ မကောင်းတဲ့သူ ညောင်းပေရော့ဘဲ။ သူစိမ်းမကောင်းလဲ ညောင်း။ ဆွေမျိုးမကောင်းလဲ ညောင်း။ ဘယ်သူ မကောင်းမကောင်း အားလုံး ညောင်းဘဲ။ ခြေ/ဥဆိုတာ မိုးပေါ် ထောင်ပစ်တာမှ မဟုတ်တာ။ တည့်တည့်ဘဲ ပစ်တာ။ တည့်တည့်မှ တကယ့်တည့်တည့်။ ဘယ်လောက်ထိတည့်တည့်လဲဆို ယောက်ဖမို့လဲ မျက်နှာသာမပေးဘူး။ ဖွားဖက်တော်မို့လဲ မျက်နှာမလိုက်ဘူး။ ခြေ/ဥကို မသိလို့ ကျူးလွန်မိတာပါဆိုလဲ မရဘူး။ ဒီအဖွဲ့အစည်းထဲ ၀င်ချင်ရင် ဒီခြေ/ဥကို အလွတ်ရအောင် အရင်လုပ်။ ၀င်ပြီးမှ အိပ်ချင်ယောင်ဆောင်သလိုလိုတော့ မလုပ်နဲ့။ ရုတ်ရုတ်ရုတ်ရုတ်ဆို ဂုတ်ဂုတ်ဂုတ်ဂုတ် ဖြစ်သွားမယ်။

ဒါတောင်မှ ခြေ/ဥကို ဥပဒေလက်တစ်လုံးခြား (Loophope) လုပ်ချင်တဲ့ ရဟန်းတွေ ရှိနေသေးတယ်။ ဥပမာ ၀ိနယသတ်ဥပဒေပုဒ်မကြီး ၁ ရဲ့ ပုဒ်မခွဲ ၁ ကိုဘဲ ကြည့်။ မေထုန်မှုပြုရင် သေဒဏ် (လူထွက်) လို့ ဥပဒေက ဆိုထားတယ် မဟုတ်လား။ အဲဒီမှာ လာပြီ။ ဘုရားရှင်က လူအမျိုးသမီးတွေနဲ့ မေထုန်မှုပြုခြင်းကိုသာ တားမြစ်ထားသာ ဖြစ်မှာပါ တိရစ္ဆာန်မတွေနဲ့တော့ ပြုလို့ရကောင်းပါရဲ့ ဆိုပြီး ကျူးလွန်ပြန်ရော။ ဒီတော့ ဘုရားရှင်က ဥပဒေပုဒ်မငယ်တွေ ထပ်တိုးရပြီပေါ့။ တိရစ္ဆာန်မနဲ့ မေထုန်မှုပြုလဲ မရဘူး သေဒဏ်ဘဲ တဲ့။ အဲဒီနောက် ရဟန်းတွေက ဘာလုပ်ပြန်ကြသလဲဆိုတော့ လူထီး တိရစ္ဆာန်ထီး  လူသေကောင် စတဲ့ သူတွေရဲ့ ပါးစပ် စအို စသဖြင့်စသဖြင့် လမ်းကြောင်း ရှာကြပြန်ရော။ တော်တော်လဲ တတ်နိုင်ကြတဲ့ မဇ္ဈိမသားတွေဘဲ။ သူတို့က လမ်းကြောင်းရှာလိုက် ဘုရားရှင်က လမ်းကြောင်းတွေ ထပ်ပိတ်လိုက်နဲ့ ၀ိနယသတ်ဥပဒေပုဒ်မငယ်တွေ သိန်းသန်းမက များပြားသွားတယ်။ ပြောပြီးပါပကော အာဏာရှင် စနစ်ပါဆို။ ဘယ်သူနဲ့မှ ဆွေးနွေးဖို့မလိုဘူး။ ညှိနှိုင်းဖို့ မလိုဘူး။ ကိုယ်တိုင်ရေးဆွဲထားတဲ့ ဥပဒေ။ ကိုယ်တိုင် ပြင်ချင်ပြင်မယ် ကိုယ်တိုင်နှုတ်ချင်နှုတ်မယ် ကိုယ်တိုင်ဖြည့်ချင်ဖြည့်မယ်။ ဘယ်သူမှ စောဒက လာမတက်ကြနဲ့။ စောဒကတက်ချင်ရင် အဖွဲ့အစည်းထဲကထွက် ဒါဘဲ။ အဲဒီလို ခပ်ကြမ်းကြမ်းကိုင်တွယ်ပြီး ရေးဆွဲထားခဲ့တဲ့ ဥပဒေတွေကြောင့် သာသနာ့အဖွဲ့အစည်းကြီး တဟုန်ထိုး ကောင်းသတင်းတွေ ဝေပြီး အောင်မြင်လာခဲ့တာ မဟုတ်လား။ 

ခြေ/ဥပေါ်လာပြီးနောက်ပိုင်းမှာ သာသနာ့အဖွဲ့အစည်းကြီးထဲလဲ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ မရတော့ဘူး။ လူရွေးပြီးမှ သေချာစစ်ဆေးပြီးမှ ကွာလီဖိုင်းဖြစ်မှ ၀င်ခွင့်ပေးတော့တယ်။ သာသနာ့အဖွဲ့အစည်းထဲမ၀င်ခင် စစ်ကြောရေးစခန်းအရင်ဝင် ဒါဘဲ။ မင်း ကြွေးတလပျစ်နဲ့ သာသနာ့အဖွဲ့အစည်းကြီးထဲ ၀င်လာတာလား။ နိုင်ငံတော်တာဝန်ကြီး တန်းလန်းနဲ့ ၀င်လာတာလား။ မိဘမသိအောင် အိမ်ကထွက်ပြေးပြီး ၀င်လာတာလား။ ရောဂါကြီးတစိုစိုနဲ့ ၀င်လာတာလား။ ၂၀+ ရော ဟုတ်ရဲ့လား။ စသဖြင့် စသဖြင့် ပြင်းပြင်းထန်ထန် စစ်ကြောတယ်။ စစ်ကြောရေးမှာ Failure ဆိုရင်တော့ အောင်ဖေညောင်းပေရော့ဘဲ။

ပြီးတော့ သာသနာ့အဖွဲ့အစည်းကြီးကိုလဲ ထောက်တိုင်များစွာနဲ့ ဖွဲ့စည်းလိုက်တယ်။ ဘုရားရှင်ကို ပင်မထားပြီး အနီးကပ်ကိုယ်ရံတော်အရာရှိကြီး ၂ ပါး၊ အရံ ကိုယ်ရံတော်ကြီး အပါး ၈၀၊ အထွေထွေအတွင်းရေးမှူးချုပ် ၁ ပါး တို့ကို Permanent ခန့်ထားပြီး အဖွဲ့ဝင်များစွာတို့ဖြင့် ကိုင်တွယ်ထားလိုက်တယ်။ တချို့ကိစ္စတွေမှာ ဘုရားရှင်ကိုယ်တိုင် ဖြေရှင်းဖို့မလိုဘူး။ ကိုယ်ရံတော်ကြီးတွေနဲ့တင် ကိစ္စပြတ်တယ်။ ဥပမာ နန္ဒောပနန္ဒနဂါးမင်းကို နိမ်နင်းတဲ့အခန်းကိုကြည့် ကိုယ်ရံတော်အရာရှိကြီးတစ်ပါးဖြစ်တဲ့ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်က မာနထိပ်တက်နေတဲ့ နဂါးမင်းကို အသာကလေးဘဲ တောက်ချလိုက်တယ်။ ပြီးတော့ ဘုရားရှင်က အဖွဲ့အစည်းကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တယ်ဆိုပေမဲ့ ဆုပေးဒဏ်ပေးစနစ်တော့ ရှိပါတယ်။ အပြစ်ရှိသူတွေကို ခြေ/ဥအရ ခပ်ကြမ်းကြမ်းကိုင်တွယ်ပေမဲ့ စွန့်လွှတ်စွန့်စားထူးချွန်သူတွေကိုတော့ သူရဘွဲ့ (ဧတဒဂ်ဘွဲ့) ပေးတော်မူလေ့ရှိပါတယ်။ ဥပမာအားဖြင့် ရှင်သီဝလိသည် နေရာမရွေးဒေသမရွေး လာဘ်လာဘပေါကြွယ်ခြင်း၌ ပြိုင်ဘက်ကင်း သူရဘွဲ့၊ ရှင်ပုဏ္ဏသည် လူမျိုးဘာသာမရွေး ဟောပြောမှုအတတ်၌ အတုမရှိ သူရဘွဲ့၊ ရှင်ဝင်္ဂီသသည် ကဗျာဖွဲ့စာဖွဲ့ဂါထာဖွဲ့ခြင်းပညာ၌ နိုးတူး သူရဘွဲ့ စသဖြင့် စသဖြင့်။

အဲဒီလို အာဏာရှင်စနစ်နဲ့ (ခြေ/ဥ)နဲ့ အုပ်ချုပ်လာလို့သာ ခုထက်ထိ သာသနာ့အဖွဲ့အစည်းကြီး နှစ်ပေါင်း ၂၅၀၀ ကျော် တည်တံ့လာခဲ့တာ။ နို့မို့ဆို ဇာတ်ဝါဒီတွေ ဖန်ဆင်းရှင်ဝါဒီတွေကြား မထင်မရှား ပျောက်ကွယ်ခဲ့တာ ကြာရောပေါ့။ ဒါဆို အဲဒီ ၂၅၀၀ ကျော် ခရီးကြီး ဖြောင့်ဖြူးသာယာခဲ့ပါသလား ဆိုရင်တော့ နိုးပါ။ ခြေ/ဥကို ပြင်ချင်တဲ့သူ ဖျက်ချင်တဲ့သူ နှုတ်ချင်တဲ့သူတွေ ဒုနဲ့ဒေး ပေါ်ပေါက်ခဲ့ပါတယ်။ အခုထက်ထိလဲ ပေါ်ပေါက်နေဆဲပါဘဲ။ ဒါပေမဲ့ ခြေ/ဥက ပြင်စရာ ဖျက်စရာ နှုတ်စရာမှ မလိုတာ။ အားလုံး ပြည့်စုံပြီးသား။ အခု ခြေ/ဥပြန်ရေးဆွဲ အခုဖျက် အခုဖြည့်စွက် အခုနှုတ်လို့ ရရိုးလား။ နှစ်ပေါင်း ၂၅၀၀ ကျော် တည်လာခဲ့တဲ့ ခြေ/ဥပါ။ တကယ်ကောင်းလွန်းလို့ တကယ်တည်လာခဲ့တဲ့ ခြေ/ဥပါ။ ဒါပေမဲ့ အသားထဲက လောက်ထွက်ပြီး ခြေ/ကို ပြင်ဆင် ဖြည့်ချင် နှုတ်ချင်သူတွေ ပေါ်ပေါက်လာခဲ့တာကြောင့် အဲဒီ ခြေ/ဥကို ပိုမိုတည်တံ့ခိုင်ခံ့စေဖို့ဆိုပြီး အပြည်ပြည်ဆိုင်ရာအထွေထွေသာသနာ့ညီလာခံကြီး ၆ ကြိမ်တိတိ လုပ်ခဲ့ရတယ်။ အဲဒီ အထွေထွေညီလာခံကြီးတွေကြောင့်သာ အခုထက်ထိ ခြေ/ဥ ခြေ/ဥလို့ ရည်ပန်းစားပြီး အများလေးစားစရာ သာသနာ့အဖွဲ့အစည်းကြီး ဖြစ်တည်နေနိုင်တာ မဟုတ်လား။ အဲဒါ အာဏာရှင်စနစ်ရဲ့ ကျေးဇူးဘဲပေါ့။ ဒါပေမဲ့  အဲဒီအာဏာရှင်စနစ်က ပရမ်းပတာပေါက်လွတ်ပဲစား အာဏာရှင်စနစ်တော့ မဟုတ်ဘူး။ ဝေနေယျသတ္တ၀ါတွေအပေါ် မဟာကရုဏာတော်ပြဌာန်းထားတဲ့ အာဏာရှင်စနစ်။ ။

ဆက်ပါဦးမယ်။

.