ဘလော့ရပ်ဝန်း၊ လွန်တင့်ထွန်းဖို့၊ တွန်းပို့လင်္ကာ၊ စီရင်ကာဖြင့်၊ ၀နာရပ်မှီး၊ တောမျက်မည်းက၊ သူကြီးကျွန်ုပ်၊ ဖော်ဆောင်ထုတ်၍၊ အဟုတ်အဟတ်၊ ပင့်ဖိတ်အပ်သည်၊ အမတ်ဘုရင်၊ လူရှင်ရဟန်း၊ ကမ္ဘာဝှန်းက၊ ကြွမြန်းလှဲ့ပါ၊ မင်္ဂလာယူ၊ အောင်လံထူပြီး၊ တမူထူးခြား၊ တုံးဖလားရွာ၊ ဌာနေသာမှ၊ မေတ္တာစည်တီး၊ ရင်ဘတ်ကြီးဖြင့်၊ ကောင်းချီးထုတ်ဆောင်၊ ကိုကိုမောင်သည်၊ အောင်ခြင်းယှက်ဖြာ၊ ဘလော့ဂါနှင့်၊ စာလာဖတ်သူ၊ များပြည်သူအား၊ ကြည်ဖြူအထူး၊ မေတ္တာကူးအံ့။ ။
.....
ဘလော့ကိုလဲ အလာမပျက်နဲ့။
အဆော့ကို အာသာမက်တော့ စိတ်ထွေပြားသမို့ အလှကြွေရတတ်သည်။
ဘလော့ကို အလာပျက်တော့ မိတ်ဆွေရှားသမို့ ဘ၀သေရတတ်သည်။
.....
ခွန်းဆင့်ပေးဖို့လဲ မချဉ်းနဲ့။
ကွန်းမင့်ရေးဖို့လဲ မပျင်းနဲ့။
ခွန်းဆင့်ပေးဖို့ ချဉ်းက များမသိသမို့ အဟော့ပဂေးရှက်ရတတ်သည်။
ကွန်းမင့်ပေးဖို့ ပျင်းက အားမရှိသမို့ ဘလော့အရေးပျက်ရတတ်သည်။
.....
နေ့ဥပုသ်ချည်းလဲ တောင်းမနေနဲ့။
ဖေ့စ်ဘုတ်ချည်းလဲ အောင်းမနေနဲ့။
နေ့ဥပုသ်ချည်းတောင်းတော့ အပျင်းထုံသမို့ ညစ်ညူးသွားရတတ်သည်။
ဖေ့စ်ဘုတ်ချည်းအောင်းတော့ အဆင်းစုံသမို့ ချစ်ရူးသွားရတတ်သည်။
.....
ဟောတိုင်းလဲ မယုံနဲ့။
ပြောတိုင်းလဲ မဖြုံနဲ့။
ဟောတိုင်းယုံတော့ သဒ္ဓါစိတ်မပြည့်သမို့ ရောင်ဆိုးခံရတတ်သည်။
ပြောတိုင်းဖြုံတော့ ဗလာအဆိပ်မရှိသမို့ ချောင်ထိုးခံရတတ်သည်။
....
ပြိုင်စံရှားကိုလဲ အမြင်မနီးနဲ့။
နိုင်ငံခြားကိုလဲ အထင်မကြီးနဲ့။
ပြိုင်စံရှားကို အမြင်နီးက အကောင်းမရှိသမို့ အနှယ်အထောင်းခံရတတ်သည်။
နိုင်ငံခြားကို အထင်ကြီးက အကြောင်းမသိသမို့ အငယ်အနှောင်းကျန်ရတတ်သည်။
.....
အပျိုကြီးကိုလဲ အထင်မသေးနဲ့။
လူပျိုကြီးကိုလဲ အမြင်မဝေးနဲ့။
အပျိုကြီးကို အထင်သေးတော့ ရုပ်အဆင်းလှသမို့ မာန်တက်ခံရတတ်သည်။
လူပျိုကြီးကို အမြင်ဝေးတော့ ကုတ်ကမြင်းဘ၀မို့ ပြန်နှက်ခံရတတ်သည်။
.....
"ရတယ်ရတယ်"ဆိုပြီးလဲ အားနာလို့ မချက်နဲ့။
"လှတယ်လှတယ်"ဆိုပြီးလဲ အားပါလို့ မအက်နဲ့။
"ရတယ်ရတယ်"ဆိုပြီး အားနာချက်တော့ မြင်ကရာအရိုက်များသမို့ မျက်စိမွဲရတတ်သည်။
"လှတယ်လှတယ်"ဆိုပြီး အားပါအက်တော့ ကင်မရာရိုက်စားသမို့ ကွက်တိလွဲရတတ်သည်။
.....
မမြင်ဘဲနဲ့လဲ မဟနဲ့။
မခင်ဘဲနဲ့လဲ မစနဲ့။
မမြင်ဘဲ ဟတော့ မ၀ံ့မချင့်သမို့ အမဲခံရတတ်သည်။
မခင်ဘဲ စတော့ အခန့်မသင့်သမို့ အဆဲခံရတတ်သည်။
.....
အထာပေးလို့လဲ လက်မသွေးနဲ့။
စာရေးဖို့လဲ လက်မနှေးနဲ့။
အထားပေးလို့ လက်သွေးတော့ မာယာများသမို့ အလျော်ပေးရတတ်သည်။
စာရေးဖို့ လက်နှေးတော့ အလာနားသမို့ အတော်ဆွေးရတတ်သည်။
.....
ဘလော့ကျေးရွာ၊ လွန်သာယာဖို့၊ ကညာပုရိ၊ ပညာရှိနှင့်၊ က၀ိမထေရ်၊ များဝေနေတို့၊ မသွေဖတ်ရန်၊ ထိုသ၀ဏ်အား၊ အားမာန်ခဲကုတ်၊ လွန်အားထုတ်၍၊ ကျွန်ုပ်သူကြီး၊ ရေးသားပြီးသည်၊ ချီးနှီးမဖြစ်၊ လွန်ပြေပြစ်၍၊ ထင်ရစ်ကျန်အောင်၊ အာဂုံဆောင်လော့။ ။း)
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)
.