ထိုအမျိုးသမီး ဖုန်းချသွားပြီးနောက် ကျွန်ုပ်သည် ရေးလက်စ အဘိုးနုပြောပြသည့် ပုံပြင်အား ဆက်လက် ရေးသားလေ၏။ (အဘိုးနု ပြောပြသည့်အတိုင်း ရေးထားခြင်းဖြစ်၏။ မူရင်းနဲ့ ကွဲပြားကောင်း ကွဲပြားနိုင်၏)။
"ဖြစ်ပုံက ဒီလို မောင်ရင်ရေ့.."
"ဟုတ်ကဲ့ ဆက်ပြောပါ အဘိုး"
"အင်း
ဆက်မပြောခင် မှတ်ရလွယ်ကူအောင် သူတို့ကို ဒီလိုလေး နာမည်ပေးထားလိုက်မယ်။
အဲဒီ လင်မယား နှစ်ယောက်ရဲ့ နာမည်ကို ၀င်းအောင် နှင့် သန်းမေ
ဆိုပြီးတော့ပေါ့။ သူတို့ လင်မယားမှာ အလွန် ချစ်စရာကောင်းတဲ့
ကျောင်းသားအရွယ် ကလေးနှစ်ယောက်လဲ ရှိတယ်"
"ဟုတ်ကဲ့ပါ အဘိုး"
"အဲဒီ ၀င်းအောင်ဆိုတဲ့ သူမှာ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး တစ်ယောက် ရှိတယ်။ နာမည်က အောင်မောင်းတဲ့။ အောင်မောင်းလဲ အိမ်ထောင်သည် တစ်ယောက်ဘဲ။ အေးအေးဆိုတဲ့ ကောင်မလေးနဲ့ အိမ်ထောင်ကျထားတာ။ သူတို့အိမ်ထောင်သက်က ၄ နှစ်လောက် ရှိပြီ။ ဒါပေမဲ့ ကလေး တစ်ယောက်မှ မရသေးဘူး။ သူတို့လင်မယား နှစ်ယောက် ကလေးရဖို့ အမျိုးမျိုးကြိုးစားကြပေမဲ့ မအောင်မြင်ကြဘူး။ ကလေးလိုချင်ကြလွန်းလို့ အရူးတစ်ပိုင်းတောင် ဖြစ်လို့ပေါ့။ ဘယ်သူချွတ်ယွင်းလို့ ကလေးမရမှန်းလဲ မသိကြဘူး။ အောင်မောင်းကဘဲ ချွတ်ယွင်းသလိုလို အေးအေးကဘဲ ချွတ်ယွင်းသလိုလိုနဲ့ပေါ့။ ဒါပေမဲ့ နောက်ဆုံး တိုင်ပင်ပြီး ဆေးစစ်ကြည့်လိုက်တော့ အောင်မောင်းရဲ့ ချွတ်ယွင်းချက် ဖြစ်နေတယ်။ စိတ်မကောင်း ဖြစ်လိုက်ကြတာ အရမ်းဘဲပေါ့"
"ဟုတ်ကဲ့ပါ အဘိုး"
"ဒါနဲ့.. အောင်မောင်းကလဲ သူ့ချွတ်ယွင်းချက်ကြောင့် ဖြစ်ရတာဆိုတော့ ကလေးရဖို့ သူ့မှာ တာဝန်အပြည့်အ၀ ရှိတယ်လို့ ယူဆပြီးတော့ တစ်ရက်မှာ သူ့မိန်းမ အေးအေးကို တိုင်ပင်ကြည့်သတဲ့"
"မိန်းမရေ.. နားနဲ့ မနာ မ၀ါးနဲ့သာ နာပါ။ ငါတို့မှာ ကလေးတစ်ယောက်လောက်တော့ ရှိဖို့ လိုအပ်တယ်။ ဒီတော့ ငါတို့ တိုးတိုးတိတ်တိတ်နဲ့ ကလေးရဖို့ ကြံစည်ကြရအောင်"
"ရှင့်မှာ ဘာအကြံအစည်တွေရှိလို့လဲ ကိုအောင်မောင်းရယ် ဆိုစမ်းပါဦး"
"ဒီလိုကွ။ ငါ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က ၀င်းအောင်တဲ့။ ငါနဲ့ အရမ်းခင်တာ။ စိတ်ရင်းလဲ အရမ်းကောင်းတယ်။ သူတို့လင်မယားမှာ ကလေးနှစ်ယောက်လဲ ရှိတယ်။ ချစ်စရာလေးတွေ"
"ဘာလဲ.. အဲဒီကလေးတွေထဲက တစ်ယောက်ကို အမွေစားအမွေခံ အဖြစ်နဲ့ မွေးစား မလို့လား"
"အဲဒီလိုတော့ မဟုတ်ပါဘူး"
"ဒါဖြင့် ဘယ်လိုတုန်း ကိုအောင်မောင်းရယ်.. ဆိုစမ်းပါဦး"
"အင်း.... ပြောရမှာတော့ အားနာလိုက်တာ။ မိန်းမကသာ သဘောတူမယ်ဆိုရင်လေ... ဟို... ဟ၀ှာ.. ဟိုဒင်းးး"
"အာ.. ရှင်ကလဲ ကိုယ့်မိန်းမနဲ့ကိုယ် ဘာတွေ အားနာပြီး ပြောရခက်နေတာတုန်း။ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ"
"အင်း... ပြောမှ သိရမှာဆိုတော့လဲ ပြောရတာပေါ့ကွာ။ စိတ်တော့ မဆိုးနဲ့နော်"
"အင်းပါ ဆိုစမ်းပါဦး။ နိဒါန်းတွေ ပျိုးနေလိုက်တာများ လွန်ရောဘဲ"
"ဟိုလေ... မိန်းမအဆင်သင့်တဲ့အခါ သူနဲ့ ခဏတဖြုတ်လောက် အတူတူ သွားနေပေးပါလား"
"ဘာ... ရှင်က ကျမရဲ့ကိုယ်ကျင့်တရားကို စော်ကားတာလား။ ရှင်ကကော ကိုယ့်မိန်းမကို တခြားသူရဲ့ ရင်ခွင်ထဲ ထိုးထည့်တော့မှာလား"
"အဲဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ ရှင်မရယ်။ ငါ နင့်ကို အရမ်းချစ်တာ နင်လဲ သိရဲ့သားနဲ့။ အမှန်ဆို တခြားသူရဲ့ ရင်ခွင်ထဲထည့်ဖို့ မပြောနဲ့၊ တခြားယောက်ျားတစ်ယောက်က နင့်ကို ကြည့်နေတာ မြင်ရင်တောင် ငါ အရမ်းသ၀န်တတ်တာလဲ နင်အသိသားနဲ့။ အခုဟာက ငါတို့ရဲ့ ရှေ့ရေးအတွက်ပါ။ ငါတို့မှာ ကလေးတစ်ယောက်လောက်တော့ ရှိဖို့ လိုအပ်တယ်လေ။ ယုတ်စွအဆုံး အဲဒီကလေးက ငါ့ကလေး မဟုတ်ရင်တောင် နင့်ကလေးဖြစ်မှာတော့ သေချာတယ်လေ။ အဲဒီတော့ နင့်ကလေးဟာ ငါ့ကလေးဘဲပေါ့ကွာ။ ငါ နင့်ကို ချစ်သလို ကလေးကိုလဲ နင်နဲ့ ထပ်တူ ချစ်မှာပါ။ နင်သာ သဘောတူရင် ငါ အဲဒီလို လုပ်ချင်တယ်၊ ၀င်းအောင်ဆိုတာကလဲ တခြားသူမှ မဟုတ်တာ။ ငါနဲ့ ငယ်ပေါင်းကြီးဖက် သူငယ်ချင်းတွေလေ။ စိတ်ရင်းကလဲ အရမ်းဖြူစင်ရိုးသားတာ။ ဒါကြောင့် တခြားတစ်ယောက်နဲ့စာရင် သူနဲ့က အတွင်းသိ အချင်းသိ မဟုတ်လား။ ပြီးတော့ ရလာတဲ့ ကလေးကလဲ ဂျီးန်က ကောင်းပြီးသား ဖြစ်မှာမဟုတ်လား"
"သူတို့လင်မယားနှစ်ယောက် အဲဒီနေ့က တစ်ယောက်ကို တစ်ယောက် ဖက်ပြီး ငိုနေလိုက်ကြတာ အကြာကြီးဘဲတဲ့ မောင်ရင်ရေ"
"အင်း ဟုတ်တယ်နော် အဘိုး။ ကျနော်တောင် အဘိုးပြောတာ နားထောင်ရင်း စိတ်မကောင်း ဖြစ်နေမိတယ်"
"အင်း... ဒါပေမဲ့လဲ သူတို့က ကလေး အရမ်းလိုချင်ကြတာကိုး။ နောက်ဆုံးတော့ သူတို့နှစ်ယောက် သဘောတူညီမှု ရသွားကြတယ်လေ။ (၁) အားလုံး ရာသက်ပန် နှုတ်လုံရမယ်။ (၂) ဒီကိစ္စကို အကြောင်းပြုပြီး ဘယ်တောအခါမှ အားနည်းချက်တစ်ခုအဖြစ် မဖန်တီးရန်။ (၃) ကလေးကို တကယ့်ဖခင်ရင်းအတိုင်း ချစ်ခင်ရန်။ အဲဒီ အချက်သုံးချက်နဲ့ မိန်းမဖြစ်တဲ့ အေးအေးရဲ့ သဘောတူညီချက်ကို အောင်မောင်းရသွားတယ်"
"စိတ်မကောင်းစရာဘဲနော် အဘိုး"
"ဘယ်တတ်နိုင်မလဲကွာ။ တစ်ခုခု လိုချင်ရင် တစ်ခုခု စွန့်ရမယ် ဆိုတဲ့ သဘောတရားလဲ မောင်ရင် သိရဲ့သားနဲ့။ သူတို့က ကလေး အရမ်းလိုချင်ကြတာကိုး။ ဆက်ပြောရရင် အောင်မောင်းတစ်ယောက်လဲ မိန်းမရဲ့ သဘောတူညီချက်ရပြီးပြီဆိုတော့ သူငယ်ချင်းဖြစ်တဲ့ ၀င်းအောင်ရဲ့ သဘောထားကို စုံစမ်းမေးမြန်းဖို့ လိုအပ်လာပြီပေါ့။ အဲဒါနဲ့ သူငယ်ချင်း ၀င်းအောင်ရဲ့ အိမ်ကို သွားပြီး အကြောင်းစုံကို ပွင့်ပွင့်လင်းလင်း ရှင်းပြတာပေါ့။ ပထမတော့ ၀င်းအောင်က သဘောမတူဘူးတဲ့။ သူ့မိန်းမ သန်းမေနဲ့ ပြဿနာ ဖြစ်မှာလဲ ပူရတယ်မဟုတ်လား။ ဒါပေမဲ့ အောင်မောင်းက အနူးအညွတ်တောင်းပန်ပြီး ကူညီပေးဖို့ တောင်းဆိုတဲ့အတွက် ၀င်းအောင်က "မိန်းမကို ဖွင့်ပြောတိုင်ပင်လိုက်ဦးမယ်၊ မိန်းမသဘောတူရင်တော့ ဆောင်ရွက်ပေးမယ်၊ သဘောမတူရင်တော့ ၀မ်းနည်းပါတယ် မကူညီနိုင်ပါဘူး"လို့ ဆိုသတဲ့။ အောင်မောင်းကလဲ "ကူညီပါ သူငယ်ချင်းရာ။ အောင်မြင်ရင် သိန်းနှစ်ဆယ်ပေးပါ့မယ်၊ သန်းမေကိုလဲ သေချာရှင်းပြလိုက်ပါ"လို့ ဆိုသတဲ့"
"အဲဒါနဲ့.... ၀င်းအောင့်မိန်းမ သန်းမေက သဘောတူလိုက်သလား အဘိုး"
"မိန်းမဘဲကွာ။ ဘယ်သဘောတူပါ့မလဲ။ မုန့်ကိုသာ ဝေစားမယ်။ အချစ်ကို ဝေမစားနိုင်ကြဘူး မဟုတ်လား။ ၀င်းအောင်ကလဲ ဖြောင်းဖြ ပြောဆိုရတာပေါ့။ သူ့သူငယ်ချင်းကို ကူညီချင်တဲ့အကြောင်း။ ဒီကိစ္စကိုလဲ တိုးတိုးတိတ်တိတ် လုပ်မဲ့အကြောင်း။ ပြီးတော့ ငွေ သိန်းနှစ်ဆယ်လဲ ရဦးမှာ ဖြစ်တဲ့ အကြောင်းပေါ့။ နောက်ဆုံးတော့လဲ အဲဒီငွေ သိန်းနှစ်ဆယ် မျက်နှာနဲ့ဘဲ သူတို့နှစ်ယောက် သဘောတူညီမှု ရသွားကြပါတယ်"
"ဒါဆိုရင်တော့ အလုပ်ဖြစ်ကြတော့မှာပေါ့နော် အဘိုး"
"အင်း... ဆိုပါတော့ကွာ။ ၀င်းအောင်လဲ သူ့မိန်းမ သန်းမေက မီးစိမ်းပြလိုက်ပြီဆိုတာနဲ့ အောင်မောင်းနဲ့ ပြေးတွေ့တော့တာပေါ့။ အဲဒီမှာ သူတို့ ကတိ (၃ )ချက်နဲ့ အချင်းချင်း သဘောတူညီမှု ယူလိုက်ကြတယ်။ (၁)ရာသက်ပန် နှုတ်လုံရမယ်။ (၂) ၇ ခါဘဲ အေးအေးနဲ့ အတူတူနေရမယ်။ (၃) ကိစ္စပြီးမြောက်တဲ့ နေ့မှာ ငွေ သိန်း ၂၀ ချေရမယ်"
"စိတ်မကောင်းစရာပေမဲ့ စိတ်ဝင်စားစရာတော့ အကောင်းသားနော် အဘိုး"
"အင်း.... လိုရင်းတိုရှင်းပြောရရင်တော့ အေးအေးတစ်ယောက် ကိုယ်ဝန်ရနိုင်တဲ့ အနေအထား ဖြစ်နေတဲ့အချိန်မှာ ၀င်းအောင်နဲ့ အတူတူ သွားနေလိုက်တယ်။ တစ်ပတ်အတွင်း ၇ ခါတိတိ အတူတူ နေလိုက်ကြတယ်ဆိုပါတော့"
"အဲဒီအချိန်မှာ ၀င်းအောင့်မိန်းမ သန်းမေနဲ့ အေးအေးယောက်ျား အောင်မောင်းတို့ရဲ့ စိတ်ထဲ အရမ်း ပူလောင်နေကြမှာဘဲနော် အဘိုး"
"အေးပေါ့ကွာ။ ဘယ်သူက ကိုယ့်ယောက်ျား ကိုယ့်မိန်းမကို တခြားသူရင်ခွင်ထဲ ၀င်နေစေချင်ကြပါ့မလဲ"
"ဒါနဲ့... အေးအေးမှာ ကိုယ်ဝန်ရသွားရောလား အဘိုး"
"မင်းကလဲ ဖြတ်မမေးနဲ့လေကွာ။ ပြောမှာပေါ့"
"စိတ်အရမ်းဝင်စားသွားတော့ အဖြေကို မြန်မြန် သိချင်နေပြီ အဘိုးရေ"
"အင်း... အဲဒါနဲ့... ၇ ခါတိတိ အတူနေပြီးတဲ့အခါမှာ ကတိအတိုင်း အောင်မောင်းက ၀င်းအောင်ကို ငွေ သိန်းနှစ်ဆယ် ပေးလိုက်တယ်။ ပြီးတော့ နှစ်ပတ် သုံးပတ်လောက် အေးအေးကို စောင့်ကြည့်ကြတာပေါ့။ ဒါပေမဲ့ အေးအေးမှာ ကိုယ်ဝန်ရတဲ့ လက္ခဏာပြမလာဘူးတဲ့။ ဒါနဲ့ တစ်လလောက်စောင့်ကြည့်ပြီး ထူးခြားမလာတာနဲ့ ဆရာဝန်ဆီ သွားပြီး ကိုယ်ဝန်ရမရ ဆေးစစ်ကြည့်တော့ အေးအေးမှာ ကိုယ်ဝန် လုံးဝ မရှိဘူးတဲ့ မောင်ရင်ရေ့..."
"ဟောဗျာ... ဘယ်လို ဖြစ်ရတာလဲ။ အေးအေး ကိုယ်ဝန်ရနိုင်တဲ့ ကာလမှာ အတူတူ နေခဲ့ကြတာ မဟုတ်လား"
"အင်း...အဲဒီအချိန်က စပြီး သူငယ်ချင်းအချင်းချင်းတွေ ပြဿနာတက်ကြတော့တာပေါ့။ အောင်မောင်းက ၀င်းအောင်ဆီကနေ အလုပ်ကို ဖြစ်မြောက်အောင် မလုပ်ဖူးဆိုပြီး ငွေ သိန်းနှစ်ဆယ်ကို ပြန်တောင်းတယ်။ ၀င်းအောင်နဲ့ သူ့မိန်းမကလဲ ၇ ခါတိတိ အကျိုးဆောင်ပြီးဖြစ်လို့ ပြန်မပေးနိုင်ဘူးပေါ့။ အေးအေးကို မေးကြည့်ပြန်တော့လဲ ၇ ခါတိတိ အတူတူ နေခဲ့ကြတယ်ဆိုတာ ဟုတ်မှန်ကြောင်း ပြောတယ်။ ဒါဆို အကျိုးဆောင်ခဲ့ကြတာ မှန်နေတယ်မဟုတ်လား။ ဒါပေမဲ့ ခက်တာက အေးအေး ကိုယ်ဝန်မရနိုင်လိုက်တာဘဲ"
"ထူးဆန်းလိုက်တာ အဘိုးရာ"
"အဲဒီမှာ ရုံးရောက်ဂတ်ရောက် ဖြစ်ကုန်ကြတော့တာပေါ့။ တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားရမဲ့ ကိစ္စက တကယ့်ကို လူသိရှင်ကြား ဖြစ်သွားကြရောပေါ့။ အမှန်ဆို ၀င်းအောင်က သိန်းနှစ်ဆယ် ပြန်ပေးလိုက်ရင်လဲ ပြဿနာက မကြီးနိုင်ဘူး။ ဒါမှ မဟုတ် နဂိုသဘောတူညီချက်ယူကထဲက ကိုယ်ဝန်ရမှ ပိုက်ဆံချေမယ်လို့ စာချုပ်ထားရင်လဲ ပြဿနာ မတက်နိုင်ဘူး။ အခုတော့ လက်လွန်ကုန်ကြပြီလေ။ အောင်မောင်းဘက်က ကြည့်ရင်လဲ မိအေးနှစ်ခါနာမကဘူး သုံးခါတောင်နာတာ မဟုတ်လား။ သိန်းနှစ်ဆယ်လဲဆုံး၊ မိန်းမလဲ အခြားသူနဲ့ အတူနေ၊ ပြီးတော့ ကလေးလဲ မရနိုင်ခဲ့ဘူးမဟုတ်လား။ ၀င်းအောင်ဘက်က ကြည့်ပြန်ရင်လဲ သိန်းနှစ်ဆယ်ရပေမဲ့ သူ့မိန်းမ သန်းမေအနေနဲ့ သူ့ယောက်ျားကို အခြားမိန်းမတစ်ယောက်နှင့် အလကားပေးနေသလို ဖြစ်မှာကို လိုလားနှစ်သက်မှာ မဟုတ်ဘူး မဟုတ်လား"
"ဇာတ်လမ်းကတော့ ခပ်ရှုပ်ရှုပ်ဘဲနော် အဘိုး"
"ရုံးရောက်တော့ ၀င်းအောင်ကလဲ အချင်းချင်း သဘောတူညီချက်အတိုင်း ၇ ခါတိတိ အတူတူနေခဲ့ကြတာ မှန်ကန်ကြောင်းထွက်ဆိုတယ်။ ဒါကြောင့် သိန်းနှစ်ဆယ် ပြန်မပေးနိုင်ဘူးပေါ့။ အောင်မောင်းကလဲ သူ့မိန်းမ ကိုယ်ဝန်မရတဲ့အတွက် လုပ်ငန်းအောင်မြင်အောင် မလုပ်ဘူးဆိုပြီး သိန်းနှစ်ဆယ် ပြန်တောင်းတယ်။ အဲဒီမှာ အခြေအတင် နာမကောင်းကြားမကောင်း စကားတွေ တစ်ဘက်နဲ့တစ်ဘက် ဖြစ်ကုန်ကြတော့တာပေါ့။ နောက်ဆုံးတော့ ၀င်းအောင်နှင့်အေးအေး ၇ ခါတိတိ အတူတူနေခဲ့ကြတာ မှန်ရင် ဘာဖြစ်လို့ ကိုယ်ဝန်မရနိုင်ရတာလဲ ဆိုတဲ့ အဖြေကို ဆန်းစစ်ဖို့ လိုအပ်လာတယ်ပေါ့။ အဲဒီမှာ ၀င်းအောင်ဘက်ကို ကြည့်ရင်လဲ ကလေးနှစ်ယောက်ရဲ့ ဖခင်ဖြစ်တဲ့အတွက် ချွတ်ယွင်းစရာ အကြောင်း မရှိဘူး။ အဲဒီလိုဘဲ အေးအေးကို ကြည့်ပြန်ရင်လဲ မကြာသေးခင် လကမှ ဆေးစစ်ချက်ယူထားပြီး ကိုယ်ဝန်ရနိုင်ကြောင်း အထောက်အထားတွေ ရှိနေတဲ့အတွက် သူဘက်ကလဲ ချွတ်ယွင်းချက် မဖြစ်နိုင်ဘူးပေါ့"
"ဒါဆို.. ဘယ်သူ့အပြစ်လဲ အဘိုး... ကံတရားရဲ့ အပြစ်လား"
"ဟုတ်တယ်... မောင်ရင် ပြောတာ ဟုတ်တယ်။ ကံတရားရဲ့ အပြစ်။ ဒါပေမဲ့ အဲဒီ ကံတရားရဲ့ အပြစ်က ၀င်းအောင်တို့ မိသားစုအတွက် သက်သက်ဘဲ။ အဲဒီ ကံတရားကဘဲ ၀င်းအောင်တို့ မိသားစုကို တစ်သက်လုံး စိတ်ဆင်းရဲစေလိုက်တာလေ"
"ဘယ်လိုတွေ ဖြစ်ကုန်တာလဲ အဘိုးရယ်..."
"ဘယ်လိုမှ မဖြစ်ဖူး။ အဲဒီမှာ ၀င်းအောင်ကိုရော အေးအေးကိုရော ဆေးစစ်ချက် ပြန်ယူရမယ် လုပ်ရောပေါ့။ အဲဒါနဲ့ ဆေးစစ်ချက်တွေ ပြန်ယူကြတာပေါ့။ အဲဒီ ဆေးစစ်ချက် အဖြေကို မောင်ရင် သိရင် ပိုအံ့သြသွားလိမ့်မယ်"
"ဘာဖြစ်လို့လဲ အဘိုး"
"ဘာဖြစ်ရမှာလဲကွ။ ဆေးစစ်ချက်ထဲမှာ အေးအေးက ကိုယ်ဝန်ရနိုင်တဲ့ အနေအထား ရာနှုန်းပြည့် ရှိတယ်တဲ့။ တကယ်ချွတ်ယွင်းနေတာက ၀င်းအောင်လေ။ ဘယ်လောက်ထိ ချွတ်ယွင်းနေသလဲဆိုတော့ ၀င်းအောင်မှာ မွေးကထဲက ကိုယ်ဝန်ရစေနိုင်တဲ့ အစွမ်းသတ္တိ လုံးဝ(လုံးဝ) မပါရှိလာခဲ့ဘူးတဲ့"
"ဟောဗျာ..... ဒါဖြင့် သူ့မှာ ကလေးနှစ်ယောက် ရှိနေတယ် မဟုတ်လား"
"အဲဒါ ပြောတာပေါ့ မောင်ရင်ရာ။ အဲဒီကလေးနှစ်ယောက်လုံး ကျောင်းသားအရွယ်တွေရောက်မှ သူ့နဲ့ရခဲ့ သူ့ကလေးတွေ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့ ၀င်းအောင်တစ်ယောက် ဘယ်လောက် ခံစားရမလဲ မင်းဘဲ စဉ်းစားပေါ့။ အဲဒီ ဆေးစစ်ချက် အဖြေကိုလဲ သိရော... ၀င်းအောင်ခမျာ အရူးတစ်ပိုင်း ဖြစ်သွားလေတော့ရဲ့... ပါးစပ်ကလဲ သန်းမေ... သန်းမေ... နင်...နင်.... သိပ်ရက်စက်တယ်.... သိပ်ရက်စက်တယ်ကွာ.. ဆိုပြီး တငိုငို တယိုယို ဖြစ်နေတော့တာပေါ့"
"ဒါဖြင့်... ဒါဖြင့်... သန်းမေက နောက်ယောက်ျားတစ်ယောက်နဲ့ တိတ်တိတ်ပုန်း ဖောက်ပြန်ခဲ့တယ် ဆိုတဲ့ သဘောပေါ့"
"မင်းကလဲ ရှင်းနေတဲ့ ဥစ္စာ။ ဖောက်ပြန်ခဲ့တဲ့ သဘောတင်မကဘူး။ ဖောက်ပြန်ခဲ့တယ်။ ဖောက်ပြန်နေဆဲ၊ ဖောက်ပြန်လိမ့်ဦးမယ်ဆိုတဲ့ သဘောတွေ သက်ရောက်နေတော့တာပေါ့"
"နားထောင်ရတာ မောလိုက်တာ အဘိုးရာ"
"မင်းက မောရတယ်ရှိသေး။ ဟို ကာယကံရှင်တွေကိုလဲ အားနာဦး။ တစ်ဖက်က ငွေသိန်းနှစ်ဆယ် ဆုံးတယ်။ မိန်းမလဲ အတူပေးနေလိုက်ရတယ်။ နောက်တစ်ဖက်ကလဲ မိန်းမဖောက်ပြန်တာ သိလိုက်ရတယ်။ ပြီးတော့ ကလေးတွေဟာ သူနဲ့ ရခဲ့တဲ့ ကလေးမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ သူတို့အားလုံး ဘယ်လောက် ရင်မောလိုက်ကြမလဲဆိုတာ မင်းစဉ်းစားကြည့်ပေါ့"
"အင်းနော် အဘိုး။ လောကကြီးက ကြောက်စရာကြီးဘဲနော်"
"အေးပေါ့ကွာ။ ကံတရားရဲ့ အလှည့်အပြောင်းတွေပေါ့။ ကံတရားဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲဆိုတာ ဒါက သက်သေပေါ့။ အောင်မောင်းတို့ ကလေးလိုချင်တာလေးတစ်ခုနဲ့ သန်းမေရဲ့ ဖောက်ပြန်မှုတွေကို ပေါ်လာကုန်တာလေ။ တကယ်တမ်း စဉ်းစားကြည့်ရင် ဘာမှလဲ ဆက်နွယ်လာစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ အမှန်တရားဟာ အမှန်တရားပါဘဲ။ အချိန်ကြာကောင်း ကြာနိုင်ပေမဲ့ အမှန်တရားဆိုတာ ပြေးမလွတ်ဘူးလေ။ တနေ့နေ့တော့ တနည်းနည်းနဲ့ အမှန်တရားက ပေါ်လာမှာပါဘဲ"
"ဒါဖြင့် သူတို့ကိစ္စက ဘယ်လို အဆုံးသတ်သွားကြသလဲ မသိဘူး"
"ဘယ်လိုမှ အဆုံးမသတ်ဘူး။ ဒီအတိုင်း တအုံနွေးနွေး ဖြစ်နေကြတော့တာပေါ့။ အမှုကို နှစ်ဦး နှစ်ဖက် ကြေအေးလိုက်ကြပေမဲ့ ဖြစ်ပျက်ခဲ့ပြီးတဲ့ ကိစ္စတွေကိုတော့ ဘယ်လိုမှ ပြန်ပြင်လို့ မရတော့ဘူးမဟုတ်လား။ အောင်မောင်းနဲ့အေးအေးတို့ စုံတွဲကလဲ စုပ်တသတ်သတ်နဲ့။ ၀င်းအောင်နဲ့သန်းမေတို့ စုံတွဲကလဲ တောက် တခေါက်ခေါက်နဲ့ ကြေကွဲဝမ်းနည်းနေကြတော့တာပေါ့။ ပိုဆိုးတာက ၀င်းအောင်တို့ မိသားစုပေါ့။ အဲဒီအချိန်ကစပြီး သူတို့မိသားစုကြား ပျော်ရွှင်မှု ကြည်နူးမှု ကျေနပ်မှုတွေကို ဖယ်ထုတ်လွှင့်မျောစေတဲ့ ဘ၀မုန်တိုင်းကြီး တ၀ုန်းဝုန်း ၀င်ရောက် တိုက်ခတ်နေတော့တာပေါ့ကွာ"
အဘိုးနုသည် အင်တာနက်ဖြစ်ရပ်မှန်ဇာတ်လမ်းကို ထိုကဲ့သို့ အဆုံးသတ်ပြောဆိုပြီး မောပန်းသွားဟန်ဖြင့် ရေသောက်ဖို့ ရေသန့်စက်ထားရာ အခန်းအ၀င်ဝနားသို့ ထသွားကာ ရေကို ဂလုဂလု မြည်အောင် သောက်နေလေတော့၏။ ထိုအခါ ကျွန်ုပ်သည်....
"အဘိုးနုရဲ့ ပုံပြင်ကို နားထောင်ပြီးမှဘှဲ ကျနော်လဲ ဟို...ယောက်ျားမိန်းမ စိတ်မချရ..ဆိုတဲ့ ပုံပြင်လေးကို ပြေးသတိရမိတယ် အဘိုးရေ..အဟီးဟီး...."
ဟု ဆိုလိုက်ရာ အဘိုးနုသည် သောက်လက်စ ရေကို ခဏရပ်လိုက်ပြီး မင်း... တော်တော်လဲ တတ်နိုင်တဲ့ကောင်ဘဲ။ ဒီလောက် ပုံပြင်ရှည်ကြီး နားထောင်ပြီးတာတောင် ပုံပြင်တစ်ခု ထပ်ပြောဖို့ ကြံစည်နေသေးတယ်.. ဟူသော အကြည့်မျိုးဖြင့် မျက်လုံးပင့်ကာ ကျွန်ုပ်အား စိုက်ကြည့်နေလေ၏။ အနီးရှိ အဘိုးဖြူကလဲ... အဘိုးနုရဲ့ ပုံပြင်နားထောင်ပြီး စိတ်မောနေရတဲ့အထဲ ဒီကောင်ကလဲ တစ်မျိုး... ဟူသော အကြည့်ဖြင့် မျက်စောင်းထိုးကာ ကြည့်နေလေ၏။ ထိုအခိုက် ခြံထဲမှ စိုက်ပျိုးပင်များကို ရေလောင်းပြီး အိမ်ပေါ်သို့ ပြန်တက်လာသည့် အဘိုးပုကမူ .... မောင်ရင်..ဆိုစမ်းပါဦးကွ.. ဘာတဲ့.. ယောက်ျားမိန်းမ စိတ်မချရ..ဆိုပါလား... ဟု ကျွန်ုပ်၏ ပုံပြင်ပြောလိုမှုကို ထောက်ခံ အားပေးလေ၏။ မဟုတ်မဟတ်ပုံပြင်ဆို ဦးဏှောက်ထဲ အလိုအလျောက် ၀င်လာတတ်သည့် ကျွန်ုပ်သည်လည်း အဘိုးပု၏ အားပေးမှုကြောင့် အောက်ပါပုံပြင်တို တစ်ပုဒ်ကို... အဟမ်း... ဟု ချောင်းတစ်ချက်ဟန့်ကာ အဘိုးအို သုံးဦးအား အားရပါးရ ပြောပြနေမိလေတော့၏။ ။
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)
.