စပ်မိလို့ ပြောရဦးမယ်။ တူမလေးတစ်ယောက်က ဘလော့တစ်ခု တည်ဆောက်ချင်တယ်တဲ့။ ဟ.. နင် ဘလော့ဆောက်ချင်တာနဲ့ ငါနဲ့ ဘာဆိုင်တုန်းဆိုတော့ ဦးလေးဘဲ ဆောက်လုပ်ပေးရမယ်လေတဲ့။ အမယ် အမယ် အပေါ်စီးကလေသံနဲ့။ သူ့ဦးလေးကို သူ့တပည့်များ မှတ်နေရော့သလား မသိ။ ဒါနဲ့.. ဟို နည်းပညာကြမ်းပိုးလေး မောင် (စွယ်စုံကြမ်း):D နဲ့ ဆက်သွယ်ပါလားဆိုတော့ ဟင့်အင်း ဥလေးဘဲ လုပ်ပေးပါနော်..နော်တဲ့။ အင်းး ဒီထက် မဆိုးလာခင် လုပ်ပေးပါ့မယ်လို့ ၀န်ခံထားလိုက်မှ။ နို့မဟုတ်ရင် ဦးလေးကနေ ဥလေး။ ဥလေးကနေ ဘယ်တွေ ရောက်ဦးမယ် မသိဘူး။ ခေတ်ကာလသမီးတွေက ယုံရတာ မဟုတ်ဘူး။ တစ်ရက်ငယ်ရင် တစ်ရက်လည်တယ်တဲ့။
ဒါနဲ့..
ဒီမယ် တူမတော် ဘလော့လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က သေချာသွားပြီလား ဆိုတော့။
ဦးလေးတူမ မသေချာရင် ဘာမှ ဖွင့်မပြောဘူး။ အာညောင်းတယ်တဲ့။ ဒါဖြင့်ရင်
ဘလော့ ဥပဒေသတွေကို ပြောပြမယ်။ သေချာနားစွင့်ဆိုတော့ နားရွက်တစ်ဘက်
အပေါ်ထောင်ပြီး နားစွင့်နေပါတယ်တဲ့။ တကယ့် ကန့်လန့်မလေး။ လူ့လောကမှာ
လောကဓံဆိုတာ ရှိသလို ဘလော့လောကမှာလဲ ဘလောဂဒဏ်ဆိုတာ ရှိတယ်ကွဲ့ တူမရဲ့။ အဲဒီ
ဒဏ်တွေကို ခံနိုင်ရည်ရှိတယ်ဆိုရင်တော့ ဆက်ဒိုးပေတော့ ဆိုတော့။
ပြောပြလေတဲ့။ (၁) ချီးမွမ်းခံရမယ်။ (၂) ကဲ့ရဲ့ ခံရမယ်။ (၃) အဆဲခံရမယ်။ (၄)
ဆရာလုပ်တာ ခံရမယ်။ (၅) အထွေထွေ လုပ်တာ ခံရမယ်ဆိုတော့။ တစ်ကနေ လေးအထိတော့
ဟုတ်ပါပြီ။ ငါးနံပါတ်က အထွေထွေလုပ်တာ ခံရမယ်ဆိုတာက ဘာတုန်း ဦးလေးရဲ့တဲ့။
တူမကြီး မှတ်ထား။ အထွေထွေဆိုတာ အကုန်ပါတယ်။ အီစီကလီ အာပလာ လောကွတ်
သူ့ဆိုက်ဒ်ဖိတ်ခေါ် ညစ်ညမ်းလင့်ခ်ချပေး စသဖြင့် စသဖြင့်ပေါ့ ဆိုတော့။
ဦးလေးကလဲ ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာလေ။ စိမ်တာ စိမ်လိုက်တဲ့။
ဒါနဲ့ သူ့ကို www.big-niece.blogspot.com ဆိုတဲ့ ဘလော့ဂ်လေး
ဖွင့်ပေးလိုက်တယ်။ ပို့စ်တင်ပုံတင်နည်းက စလို့ပေါ့။
အဲဒီလိုနဲ့
သူ့ဘလော့လေးမှာ နေ့စဉ် သူ့စိတ်ထဲရှိတာတွေရေးလိုက် တင်လိုက်နဲ့ အစားပျက်
အအိပ်ပျက်တောင် ဖြစ်လို့။ ဘလော့လေးကို ချစ်လိုက်တာလဲ မပြောနဲ့တော့။
သူ့ချစ်သူထက်တောင် ပိုချစ်သေးတယ်ဆိုလားဘဲ။ သူ့ရဲ့ ဆိုဒ်ဘားမှာတောင်
သူ့ချစ်သူကို "ချစ်သူသို့"ဆိုပြီး အခုလိုလေး သတိပေးထားလေရဲ့။
ချစ်သူသို့...
ဒီမယ်ချစ်သူ...
အလျော့ပေးသလိုလို အထာပိုစွာနဲ့
ဘလော့လေးကိုတော့ မနာလို မဖြစ်လိုက်ပါနဲ့
ညှို့ ဓါတ်ပြင်းတဲ့ မင်းရဲ့ အချစ်က
ဒီက ပို့စ်တက်ခြင်းရဲ့ ဟိုဘက် အဝေးမှာ
မိုင်ပေါင်း ကုဋေကုဋာ။
....
....
သူ
ပို့စ်တွေ အလီလီ တင်ပေမဲ့ သူ့စာဖတ်ပရိသတ်က နှစ်ယောက်ထဲရယ်။ အဲဒါကတော့
သူကိုယ်တိုင်ရယ် သူ့ဦးလေးဖြစ်တဲ့ ကျနော်ရယ်ပါဘဲ။ သူက ပြောတယ်။ ဦးလေး
သမီးစာကို ဘယ်သူမှလဲ လာမဖတ်ကြဘူး။ သမီးစာရေးတာ အရမ်းညံ့ဖျင်းနေလို့လားဟင်။
သမီး စာတွေက အဆင်းသာရှိပြီး အနံ့မရှိတဲ့ မိုးစွေပန်းလို ဘာမှ
အနှစ်သာရမရှိလို့ လာမဖတ်ကြတာထင်တယ်နော်တဲ့။ ဒါနဲ့ ဖရက်ရှာတူမကြီးကို ဘလော့
ကျင့်ထုံးလေးတွေကို အခုလို ပြောပြပြန်ရတယ်။ ဒီလို ရှိတယ် တူမကြီးရဲ့။
လူတိုင်းက ကိုယ်ရေးတဲ့ စာကို လူတိုင်းကို ဖတ်စေချင်ကြတာပါဘဲ။ ဒါပေမဲ့
ကိုယ့်စာကို သူများဖတ်တာထက် ကိုယ်ကိုယ်တိုင် ဖတ်နေရတဲ့ အကြိမ်တွေက
ပိုများနေတတ်တယ်။ ဒီတော့ ဒီလိုလုပ်။ ကိုယ့်ဘလော့ကို လာဖတ်စေချင်ရင်။ (၁)
သူများဘလော့တွေ အရင်သွားဖတ်ရမယ်။ (၂) ဖတ်ပြီးရင် ကွန်မင့် ပေးထားခဲ့ရမယ်။
(၃) ကွန်မင့်ပေးတဲ့အခါမှာ ကိုယ့်ရဲ့ ဘလော့လင့်ခ်ကို တစ်ခါထဲ
ချပေးထားခဲ့ရတယ်။ (၄) မကြာမကြာ နေ့စဉ် ဘလော့ပေါင်းများစွာကို သွားလည်ပြီး
အဲဒီလို လုပ်နေရမယ်။ အဲဒီလို လုပ်တာကို ဘလော့ ပရိုမိုရှင်းလုပ်တာ၊ ဘလော့
မားကက်တင်း ဆင်းတာလို့ ခေါ်သကွဲ့။ ဒီလိုလုပ်မှ ကိုယ့်ဘလော့ကို အားနာပါးနာနဲ့
လာဖတ်ကြမှာ။ ဦးလေး ဘလော့စရေးခါစတုန်းကလဲ ဒီလိုဘဲ လုပ်ခဲ့ရတာဘဲလေ။
ဒီလိုနဲ့ သူ့ခမျာ နေ့မအား ညမနား တစ်ဘလော့ဝင် တစ်ဘလော့ထွက်နဲ့ မိုးစင်စင်လင်းခဲ့ပေါင်း မနည်းခဲ့ဘူး။ ပထမတစ်ပတ် ဘလော့ပေါင်း တစ်ရာကျော်ကို ၀င်လည်ပြီး ကွန်မင့်ပေး၊ လင့်ခ်ကလေးတွေ ချထားခဲ့ပေမဲ့ ပြန်လိုက်လာတဲ့သူ မရှိခဲ့ဘူး။ ဒါပေမဲ့ စိတ်ဓါတ်မကျဘဲ နေ့စဉ် ဘလော့မားကက်တင်း ဆင်းလိုက်တာ တစ်လလောက်လဲ ရှိလာရော။ အားနာလို့လား သနားသွားလို့လား မသိ။ ပြန်လိုက်လာပြီး ကွန်မင့်တွေ ပြန်ပေးထားခဲ့ကြတာ မနည်းပေဘူး။ သူ့ပို့စ်တစ်ခုမှာဆို ကွန်မင့်ပေါင်း နှစ်ဆယ်ကျော် ရလိုက်တယ်။ လာလည်တဲ့သူတွေကလဲ ၀တ်ကျေတန်းကျေအနေနဲ့ စာရေးကောင်းလိုက်တာ။ နောက် ထပ်လာဖတ်ဦးမယ်။ ကဗျာလေးတွေကလဲ ဂွတ်ရှယ်ဘဲ။ စသဖြင့် ချီးကျူးစကား ဆိုထားခဲ့ကြလေရဲ့။ တူမကြီးခမျာမှာလဲ ပီတိတွေ တရွှမ်းရွှမ်းနဲ့ပေါ့။ အဲဒီလိုနဲ့ မျက်တွင်းတွေ ဟောက်တဲ့အထိ အအိပ်ပျက်ခံပြီး ပို့စ်တွေ တစ်ခုပြီး တစ်ခု တင်နေလေတော့ရဲ့။
သူက ဆောင်းပါးတွေ ၀တ္ထုတိုတွေ ရေးတာထက် ကဗျာတွေ ရေးရတာကို ပိုအားသန်တယ်ထင်ပါရဲ့။ ကဗျာတွေဘဲ လိမ့်ရေးနေလေရဲ့။ ကဗျာလို့တာ ပြောရတယ်။ ကာရန်မရှိ ဘာမရှိနဲ့။ စာကြောင်းတိုတိုလေးတွေ ရေးပြီး စင်တာမှာ ထားလိုက်ရင် ကဗျာဖြစ်သွားရောဆိုပြီး သတ်မှတ်ထားပုံရတယ်။ အဲဒီနည်းနဲ့ချည်း ကဗျာတွေ တင်နေတော့တာပါဘဲ။ သူရေးခဲ့တဲ့ ကဗျာတွေကိုလဲ ကြည့်ဦး။ ကာရန်မိတစ်ချက် လွတ်တစ်ချက်နဲ့။ ပြီးတော့ အဓိပ္ပါယ်ကလဲ တောင်ရောက်မြောက်ရောက်။ သူ့ရဲ့ "နင့်မျက်လုံး" ဆိုတဲ့ ကဗျာလေးကို ကြည့်လိုက်ဦး။
ဒီလိုနဲ့ သူ့ခမျာ နေ့မအား ညမနား တစ်ဘလော့ဝင် တစ်ဘလော့ထွက်နဲ့ မိုးစင်စင်လင်းခဲ့ပေါင်း မနည်းခဲ့ဘူး။ ပထမတစ်ပတ် ဘလော့ပေါင်း တစ်ရာကျော်ကို ၀င်လည်ပြီး ကွန်မင့်ပေး၊ လင့်ခ်ကလေးတွေ ချထားခဲ့ပေမဲ့ ပြန်လိုက်လာတဲ့သူ မရှိခဲ့ဘူး။ ဒါပေမဲ့ စိတ်ဓါတ်မကျဘဲ နေ့စဉ် ဘလော့မားကက်တင်း ဆင်းလိုက်တာ တစ်လလောက်လဲ ရှိလာရော။ အားနာလို့လား သနားသွားလို့လား မသိ။ ပြန်လိုက်လာပြီး ကွန်မင့်တွေ ပြန်ပေးထားခဲ့ကြတာ မနည်းပေဘူး။ သူ့ပို့စ်တစ်ခုမှာဆို ကွန်မင့်ပေါင်း နှစ်ဆယ်ကျော် ရလိုက်တယ်။ လာလည်တဲ့သူတွေကလဲ ၀တ်ကျေတန်းကျေအနေနဲ့ စာရေးကောင်းလိုက်တာ။ နောက် ထပ်လာဖတ်ဦးမယ်။ ကဗျာလေးတွေကလဲ ဂွတ်ရှယ်ဘဲ။ စသဖြင့် ချီးကျူးစကား ဆိုထားခဲ့ကြလေရဲ့။ တူမကြီးခမျာမှာလဲ ပီတိတွေ တရွှမ်းရွှမ်းနဲ့ပေါ့။ အဲဒီလိုနဲ့ မျက်တွင်းတွေ ဟောက်တဲ့အထိ အအိပ်ပျက်ခံပြီး ပို့စ်တွေ တစ်ခုပြီး တစ်ခု တင်နေလေတော့ရဲ့။
သူက ဆောင်းပါးတွေ ၀တ္ထုတိုတွေ ရေးတာထက် ကဗျာတွေ ရေးရတာကို ပိုအားသန်တယ်ထင်ပါရဲ့။ ကဗျာတွေဘဲ လိမ့်ရေးနေလေရဲ့။ ကဗျာလို့တာ ပြောရတယ်။ ကာရန်မရှိ ဘာမရှိနဲ့။ စာကြောင်းတိုတိုလေးတွေ ရေးပြီး စင်တာမှာ ထားလိုက်ရင် ကဗျာဖြစ်သွားရောဆိုပြီး သတ်မှတ်ထားပုံရတယ်။ အဲဒီနည်းနဲ့ချည်း ကဗျာတွေ တင်နေတော့တာပါဘဲ။ သူရေးခဲ့တဲ့ ကဗျာတွေကိုလဲ ကြည့်ဦး။ ကာရန်မိတစ်ချက် လွတ်တစ်ချက်နဲ့။ ပြီးတော့ အဓိပ္ပါယ်ကလဲ တောင်ရောက်မြောက်ရောက်။ သူ့ရဲ့ "နင့်မျက်လုံး" ဆိုတဲ့ ကဗျာလေးကို ကြည့်လိုက်ဦး။
နင့်မျက်လုံး
ဝါဆိုပန်းခူးတုန်းက
နင့်မျက်လုံးစူးစူးကြီးတွေရယ်
ငါ့ကို ရူးမူးစေခဲ့တယ်။
အိမ်အလည်လာတိုင်း
နင့်ကို အိမ်ကခွေးဟောင်တာ
နင်ညံ့လို့ပေါ့ဟဲ့။
ဖေဖေမေမေက ပြောတယ်
ခွေးဟောင်ခံရသူကို
ဝေးဝေးရှောင်တဲ့။
....
ပြီးတော့လဲ
နေ့စဉ် သူစိတ်ကူးပေါက်ရာတွေကို ကဗျာသီကုံးပြီး တဒိုင်းဒိုင်းနဲ့ ဘလော့ပေါ်
ပစ်တင်နေတော့တာပါဘဲ။ ဖတ်ရတဲ့သူတွေကတော့ အတော်လေး ညစ်နေလောက်ပါတယ်။
ဒါပေမဲ့လဲ လူ့ကျင့်ဝတ် လူ့ယဉ်ကျေးမှုက ရှိနေလေသေးတော့ ဘာရေးရေး
ကောင်းပါတယ်ဘဲပေါ့။ ဒီလိုမျိုး ကွန်မင့်ရေးတာက အန္တရာယ်ကင်းတယ်လေ။ မဟုတ်လား။
ဒီမှာလဲ ကြည့်ဦး။ သူ့ငယ်ရည်းစားက သူ့ကို ရည်းစားစာ စပေးခါစတုန်းက
အဖြစ်အပျက်တဲ့။ ကဗျာနာမည်လေးက "နင့်စာ" ဆိုဘဲ။
နင့်စာ
နင်ပေးတဲ့ စာ
ငါက ဖျာအောက်ထိုး
မောင်လေးက ကြမ်းပိုးရှာတော့
နင့်စာကိုတွေ့
တခွေ့ခွေ့ ရီနေလေရဲ့။
....
မှတ်မှတ်ရရ
သူ့ကဗျာတစ်ပုဒ်မှာ ကွန်မင့်ပေါင်း ၃၀ ကျော် ရလိုက်တယ်။ အရမ်းကောင်းတာဘဲ၊
ဒီလို ကဗျာမျိုးဖတ်ချင်နေတာ၊ ကဗျာဥာဏ်အရမ်းရှိတာဘဲနော်၊ တော်လိုက်တာ၊
ကဗျာကောင်းလေးတွေကို မလွတ်တမ်း အားပေးနေပါတယ်၊ ကဗျာဆရာမလေးကို
အားကျလိုက်တာ၊ ပို့စ်တင်တိုင်း ပြေးပြေးလာဖတ်ပါတယ်၊ ကဗျာတွေကတော့
ကောင်းမှကောင်း။ စတဲ့ စတဲ့ ကွန်မင့်တွေ များမှများဘဲ။ ပြီးတော့ လာဖတ်တဲ့
ဦးရေကလဲ ထူးထူးဆန်းဆန်း တစ်ရက်ထဲနဲ့ ငါးရာကျော် ရောက်သွားတယ်။
အဲဒီကဗျာလေးက ဟိုလိုလို ဒီလိုလိုနဲ့ ဘာကို ဆိုလိုချင်တာမှန်း မသိပေမဲ့
တနည်းနည်းနဲ့တော့ သသံသယဒေါသ သင့်နေသလိုလို။ အဲဒီကဗျာလေးကို လူတွေကလဲ
အကြိုက်များကြဟန် တူပါရဲ့။ စာဖတ်သူဆိုတာကလဲ နဲနဲလေး ဆန်းပေးမှ လန်းကြတာ
မဟုတ်လား။ ကဗျာနာမည်လေးက "ချစ်ရွှမ်းစို" တဲ့။
ချစ်ရွှမ်းစို
နိမ့်တုံမြင့်တုံ ခြေလှမ်းတွေရယ်
သိမ့်တုန် ခြိမ့်တုန် ရွှေနန်းတမျှပါဘဲ။
မင်းလေးက တိမ်စားချင်တယ်ဆိုရင်
ကိုယ်က တိမ်မျှားပေးမဲ့သူပါကွယ်
ဒါပေမဲ့
အနမ်းမိုးတွေတော့ မသဲလိုက်ပါနဲ့
ငါ့ရဲ့ အလွမ်းပျိုးခင်းလေး ရွှဲကုန်မှာ ကြောက်လို့။
....
သတိ
ဖြူဖြူမဲမဲ
စာရေးသူဟာ စာရေးသူဘဲ
စကားလုံးတွေ
ယူသုံးချင်တယ်ဆိုရင်
စာနဲ့စာရေးသူ
တူတူ ဖော်ပြပေးပါ
ဒါဘဲ။
....
....
တစ်ရက်မှာတော့
ဦးလေးရေ.. ဦးလေးထက် သမီးသာသွားပြီတဲ့။ ဘာကိုတုန်းဆိုတော့။
စာလာဖတ်တဲ့သူတွေလေ။ ဦးလေးရဲ့ဟာက ဒိတ်အောက်သွားပြီ။ မလန်းတော့ဘူး။
သမီးတို့လို အရွယ်မှ တကယ့် ကိတ်တာ။ ဦးလေးရဲ့စာတွေက ခေတ်မမီတော့ဘူး။
မီးတို့လို စာရေးဆရာလေးတွေကမှ ခေတ်ကို ထင်ဟပ်စေတာတဲ့။ ဖုလိုက်တာဗျာ။
ဘယ့်နှယ် မနေ့တနေ့ကမှ ဘလော့လေး တည်ဆောက်ပေးလိုက်ပါတယ်။ အခု
ဘ၀င်မြင့်နေပြီရော။ နောက်ရှိသေးတယ်။ သူ့ရဲ့ ကဗျာတွေကို ဖေ့စ်ဘုတ်တွေမှာ
တွေ့တွေ့နေရတယ်တဲ့။ သူ့ဆီကလဲ ခွင့်မတောင်းဘူးတဲ့။ ဒါဟာ
ခိုးယူခြင်းတစ်မျိုးဘဲတဲ့။ ဒီလိုခိုးယူလို့ ရကြစတမ်းလားတဲ့။ အချိန်တွေ
အင်အားတွေ ဥာဏ်ရည်ဥာဏ်သွေးတွေ ပေးဆပ်ပြီး ရေးထားရတာတဲ့။ နဲနဲလေး
လူသိများလာတော့ မာနက ပူးတွဲပါလာချေပြီကော။ ဒါကြောင့် ထင်ပါရဲ့
သူ့ဘလော့ဆိုက်ဒ်ဘားမှာ "သတိ" ဆိုပြီးတော့ ဆိုင်းဘုတ်ချိတ်ထားလေရဲ့။
သတိ
ဖြူဖြူမဲမဲ
စာရေးသူဟာ စာရေးသူဘဲ
စကားလုံးတွေ
ယူသုံးချင်တယ်ဆိုရင်
စာနဲ့စာရေးသူ
တူတူ ဖော်ပြပေးပါ
ဒါဘဲ။
....
ဒါနဲ့
မဖြစ်ချေဘူး။ တူမကြီးရဲ့ တစ်လွဲမာနတွေကို ခ၀ါချဖို့ အချိန်တန်ပြီ။ ဒီလိုမှ
မဟုတ်ရင် ဘ၀င်ရူး ရူးသွားနိုင်တယ်ဆိုပြီး စဉ်းစားခန်းထုတ်နေမိခဲ့တယ်။
သူ့ကဗျာတွေဆိုတာကလဲ ကဗျာအဆင့် ရောက်ဖို့ နေနေသာသာ သူ့ကဗျာနဲ့ သူတောင်
ဘယ်အမျိုးအစားထဲ ပါဝင်မှန်း သိမဲ့ပုံမပေါ်ဘူး။ ပြီးတော့ စိတ်ထဲရှိတာကို
ရောက်တတ်ရာရာ ရေးထားလေတော့ ကဗျာရဲ့ရသတွေက မပေါ်လွင်ဘူး။ သူ့ကဗျာနဲ့
ပတ်သက်ပြီး မလေးရှားက ဂေါပကကြီး တစ်ယောက်ကတောင် သရော်ထားသေးလေရဲ့။ ဘာတဲ့။
"တစ်ထောင်တန်လား အမ်းစရာ အကြွေမရှိဘူး။ ဟိုနားက တူမကြီး ကဗျာတစ်ပုဒ် ယူသွား"
တဲ့။ (ဂေါပကကြီးက ကိုးရာကျော်တန် ပစ္စည်းတစ်ခုခု ရောင်းလိုက်ဟန်တူပါရဲ့။) သူ့ကဗျာက အဲဒီလောက်ထိ သိန်းတန် သန်းတန် တန်ဖိုး ရှိတာကလား။း) အင်း အခု သူ့ကို ဆုံးမဖို့ အချိန် ရောက်ပြီ။
တူမကြီး
လာအုံးဆိုတော့ ဘာတုန်းတဲ့။ အသံက ခပ်မာမာရယ်။ သူ့ဦးလေးကိုတောင် အထင်သေး
အမြင်သေးပုံစံမျိုး။ တူမကြီး သိပ်ဘ၀င်မြင့်မနေနဲ့။ စာဖတ်သူတွေ
ချီးကျူးတိုင်းလဲ အဟုတ်မထင်နဲ့။ ဘလော့ ရေးကာစမို့ အားမငယ်အောင်
အားပေးတဲ့အနေနဲ့ ကွန်မင့်မှာ ချီးကျူးခန်းဖွင့်ကြတာ။ အမှန်က တူမကြီးရဲ့
ကဗျာတွေဟာ ကဗျာ့ရေစီးကြောင်းထဲ မရောက်သေးဘူး။ အများကြီး လိုသေးတယ်။
ပြီးတော့ စာဖတ်သူကို ဘယ်လိုရသမျိုး ပေးမလဲဆိုတဲ့ တာ့ဂက်လဲ ပျောက်နေတယ်။
ဒီတော့ ကဗျာတွေ စာတွေကို သေချာပြန်လေ့လာဦး။ လူအဖတ်များလာလေလေ
ကဗျာကောင်းလေးတွေ ပေါ်သင့်လာလေ မဟုတ်လား။ အဲဒီလို ပြောလိုက်တော့။ ဦးလေးက
လာညှိနေသေးတယ်။ သမီးကဗျာတွေကို လူတွေ ကြိုက်ကြလို့ တစ်နေ့တစ်နေ့ လူဦးရေ
ရာချီထောင်ချီ ဖတ်ကြတာပေါ့။ အခုဆို ကောင်တာမှာ စာလာဖတ်သူပေါင်း
နှစ်သိန်းကျော်သွားပြီတဲ့။ (ကျော်မှာပေါ့ ကောင်တာ စလုပ်ကထဲက နှစ်သိန်းကျော်ဂဏန်း တစ်ခါထဲ ရိုက်ထည့်ထားတာကိုများ၊ မသိရင် ခက်မယ်)။ ဦးလေးရဲ့ ဘလော့ဆို တစ်ရက်နေလို့မှ အယောက်တစ်ရာ မပြည့်ချင်ဘူး။ အဲဒါနဲ့များ သမီးကို လာရစ်နေသေးတယ်။ နားစမ်းပါ ဦးလေးရာတဲ့။
ကဲ
ဒါဖြင့် ငါ့တူမ။ ဒီလိုလုပ်။ တစ်လလောက်တိတိ ဘယ်ဘလော့ကိုမှ သွားမလည်နဲ့။
ကွန်မင့်လဲ သွားမပေးနဲ့။ တူမကြီးကတော့ ကဗျာတွေကို ရေးမြဲမပြတ်
နေ့စဉ်ရေးပြီးတင်။ ဘယ်သူတွေ ဘယ်လောက် လာဖတ်ကြမလဲဆိုတဲ့ ပြဿနာကို
တစ်လပြည့်တဲ့နေ့မှာ အဖြေသိရမယ်။ တကယ်လို့ တစ်လပြည့်တဲ့နေ့အထိ စာဖတ်သူတွေ
ရှိနေသေးတယ်ဆိုရင် တူမကြီးရဲ့ ကဗျာတွေက တကယ် တန်းဝင်သွားလို့ စာဖတ်သူတွေ
မပြတ်ရှိနေတာလို့ ဦးလေး ယုံပေးလိုက်မယ်ဆိုတော့။ စိမ်လိုက်လေ
ကြာသလားလို့တဲ့။
ဒါနဲ့...သူလဲ
သူ့ကိုယ်သူ ယုံကြည်စွာနဲ့ဘဲ ကဗျာတွေ အရေးမပျက်၊ အတင်မပျက်ခဲ့ဘူး။
ဘယ်ဘလော့ကိုမှလဲ သူသွားမလည်တော့ဘူး။ အခြေအနေကိုသာ စောင့်ကြည့်နေလေရဲ့။ ပထမ
တစ်ပတ်လောက်ထိတော့ လာဖတ်တဲ့သူတွေ လာမြဲလာနေကြတုန်းရှိသေးတယ်။
ဒုတိယပတ်ကျတော့ နဲနဲ ကျဲသွားပြီ။ ရက်ပေါင်း ၂၀ ကျော်လာတဲ့အခါမှာတော့
လာဖတ်သူ ဦးရေက ဆယ်ယောက်လောက်သာ ရှိတော့တယ်။ ကိုယ်ကသာ ကဗျာရေးပြီး
ပို့စ်ကို နေ့တိုင်း တစ်ပုဒ်စီတင်နေပေမဲ့ ဘယ်ဘလော့ကိုမှ လိုက်မလည်တဲ့အတွက်
စာဖတ်သူ ဘလော့ဂါတွေလဲ ငါ့ဘလော့မှ လာမဖတ်တာ ငါက သူ့ဘလော့ သွားဖတ်စရာလား
လို့များ တေးထားကြသလား မသိ။ တစ်လမပြည့်ခင် ၂၈ ရက်မြောက်တဲ့ နေ့ကစပြီး
တူမကြီးရဲ့ ဘလော့ကို လာလည်သူ တစ်ယောက်မှ မရှိတော့ဘူး။ တူမကြီး မျက်နှာ
ရဲတက်လာပြီး ရှက်နေလိုက်တာများ သနားတောင် သနားမိသွားရဲ့။ သူ အရှုံးကြီး
ရှုံးသွားပြီကိုး။ ပိုဆိုးတာက သူ့မာနကို ထက်ပိုင်း ချိုးပစ်လိုက်သလို သူ
ခံစားသွားရရှာတာပါဘဲ။
နောက်တစ်နေ့ရောက်တော့။
ကဲ..
ဦးလေးရေ.. ကဗျာကောင်းတွေကို မခံစားတတ်တဲ့ သူတွေအတွက် ကဗျာရေးလဲ အကျိုး
မရှိတော့ပါဘူး။ ကဗျာဥာဏ်တွေ ကွန့်မြူးနေတုန်း ပရိသတ်ကို
ကဗျာကောင်းလေးတွေရေးပြီး ပညာပေးနေတာကို သူတို့ကမှ လက်မခံတတ်တာ။ ဘာမှ
မတတ်နိုင်တော့ဘူး။ ဒီတော့ သမီး ဒီနေ့ကစပြီး ဘလော့လောကထဲက လုံးဝ
ရာသက်ပန်ထွက်ခွါတယ်။ ဘယ်တော့မှ ဘလော့မရေးတော့ဘူး။ ဘလော့လောကကြီးလဲ
ဥာဏ်ရည်ဥာဏ်သွေး ပြည့်မီတဲ့သူတွေ တစ်ယောက်မှ မရှိကြတော့ဘူးထင်ပါရဲ့။
စာကောင်းကဗျာကောင်းဆို ဘယ်သူမှ အရေးတယူ မရှိကြတော့ဘူး။ ဒါဟာ မြန်မာ့ဂုဏ်ကို
ထိခိုက်စေတာဘဲ။ သမီး..စိတ်သစ်ကိုယ်သစ်မွေးပြီး ပုံနှိပ်လိုင်းဘက်ဘဲ
သွားတော့မယ်။ အဲဒါကမှ ပို စတန်းဒါ့ဒ် ကျတာ။ ဒီတော့ ... ရော့.. ဒီမှာ....
ဦးလေး... ကြိုက်သလိုသာ ယူသုံးပေတော့။ အဲဒါတွေဟာ သမီး အကြမ်းရေးထားတဲ့
စာအုပ်ထူကြီးဘဲ။ ကဗျာပုဒ်ရေပေါင်း တစ်ထောင်ကျော် ရှိတယ်။ ဦးလေး
အတုခိုးချင် ခိုးလို့ ရတာပေါ့။ ရော့... ဒီမှာ.....
ဝုန်းးးး
သူက
စာအုပ်ကြီးကို လှမ်းပစ်ပေးလိုက်ပေမဲ့ ကျနော် ဖမ်းမယူလိုက်မိဘူး။ ဒါကြောင့်
သူ့ စာအုပ်ကြီးက ကြမ်းပြင်ပေါ် ၀ုန်းကနဲ ကျသွားတယ်။ အဲဒီ ၀ုန်းကနဲ ဆိုတဲ့
အသံကြားလိုက်မှ ကျနော် အိပ်ပျော်နေရာက လန့်နိုးလာတယ်။ စာကြည့်ရင်း ဘယ်လိုက
ဘယ်လို အိပ်ပျော်သွားပြီး ကြည့်နေတဲ့ စာအုပ် ကြမ်းပြင်ပေါ် ပြုတ်ကျသွားမှန်း
မသိလိုက်ဘူး။ စာအုပ်ကို ပြန်ကောက်ကိုင်ရင်း ခဏလေးအတွင်း မက်ခဲ့တဲ့
အိပ်မက်ရှည်ကြီးကို ပြန်စဉ်းစားပြီး ပြုံးစိစိ ဖြစ်နေမိလေရဲ့။
ဘယ်လိုလုပ်ပြီး တုံးဖလားရွာက ဆယ်ဝမ်းကွဲ တူမတစ်ယောက် အိပ်မက်ထဲ ရောက်လာပြီး
ဘလော့လာရေးရတာပါလိမ့်။ အမှန်ဆို သူ့ခမျာ ဘလော့ ရေးဖို့ နေနေသာသာ
အင်တာနက်နဲ့ အိမ်သာတက်
ဆိုတဲ့ ဝေါဟာရတွေကိုတောင် ကွဲသေးတာမှ မဟုတ်တာ။ အော်.. ဒါပေမဲ့... အိပ်မက်က
အိပ်မက်ပါဘဲလေ။ မမက်နဲ့လို့ ပြောလို့ရတာမှ မဟုတ်တာ။ မက်ပစေပေါ့။
ဟုတ်ဖူးလား။
ကဲ... ၀က်မလေး ပစ်ပစ်ရေ...
ဦးလေးရဲ့...
အဲလေ.. သူကြီးမင်းရဲ့ ၂၀၁၂ ခုနှစ်ရဲ့ အိပ်မက်တွေက ရေရေရာရာ မရှိခဲ့လေတော့
မကြာသေးခင်ကမှ မက်ခဲ့တဲ့ အိပ်မက်ကလေးကိုဘဲ ၂၀၁၂ ခုနှစ်ရဲ့ သမင်လည်ပြန်အနေနဲ့
ဝက်မလေး တဂ်ခဲ့တဲ့ တဂ်စာကို ဖြေရှင်းပေးလိုက်ပါတယ်။ (တဂ်ထားတာနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် တဂ်ပို့စ်လို့ဘဲ မှတ်ပေးကြပါကုန်း)။
တစ်ခု ပြောလို့ရတာကတော့ ၂၀၁၂ ခုနှစ်ဟာ သူကြီးမင်းအတွက် အတော်လေး
အပျင်းထူခဲ့တဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရတယ်။ ပျင်းလိုက်သမှ လွန်ရောဘဲ။
ဘာမှ ဟုတ်တိပတ်တိ မလုပ်ခဲ့မိဘူး။ နောက် သူကြီးမင်းရဲ့ ဟို..အခြေအနေကလဲ
ကမောင်လေး (ကညိမ်း) ပြောသလိုပါဘဲ။ ခါတိုင်းနှစ်တွေ နည်းတူ နဲနဲလေးမှ ဆတ်ဆတ်ထိမခံ
အပွန်းအပဲ့မခံ လူပျိုကြီးစစ်စစ်ဘ၀နဲ့ဘဲ ၂၀၁၂ ကို ကျော်ဖြတ်ခဲ့ပါကြောင်း။
ပြီးပြီ။ ဒါဘဲ။ ။
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)
.
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)
.