နာရီများစွာ စာတွေကြည့်တော့
ပျင်းဇာတိက ပြလာတယ်။
မျက်စိညောင်းကာ ခေါင်းတွေကိုက်လို့
ရွှေဗိုက်ကလဲ နာလှတယ်။
ဇက်ကြောတက်ကာ ဂုတ်တွေလေးတော့
ကုတ်ကုတ်လေးဘဲ ကွေးချင်တယ်။
ထုံကျင်ကိုက်ခဲ၊ အဖြစ်သဲ၊ စိတ်ဇွဲ အဲလိုကြွယ်။
အဲဒါကြောင့် ဒုက္ခသုက္ခ တုပ်ကွရောဂါတွယ်။
ခါးကြောတင်းကာ ဒူးတွေကိုက်တော့
မူးဝေမိုက်လို့ အံချင်တယ်။
ဆီးဝမ်းချုပ်ကာ အထိုင်များလို့
ခြေလက်ဖျားတွေ အေးလာတယ်။
ဦးဏှောက်ရွှင်အောင် ကော်ဖီသောက်တော့
တွင်တွင်ပေါက်လို့ စိတ်ညစ်တယ်။
ကျမ်းစာတွေရေး၊ မပြီးသေး၊ ပူဆွေးဗျာပါကြွယ်။
အဲဒါကြောင့် ဖယ်ကြတွယ်ကြ ကယ်မပါဦးကွယ်။
စာကြည့်တိုက်ကို နေ့စဉ်သွားတော့
မီးရထားခ ဈေးကြီးတယ်။
အိမ်မှာနေကာ စာတွေကျက်ဖို့
အင်တာနက်ကို အားကိုးတယ်။
ကွန်ပျူတာကို ဖွင့်ကာလှစ်တော့
ပို့စ်အသစ်တွေ တွေ့ရတယ်။
ကျမ်းစာကိုထား၊ ဘလော့သွား၊ ဖတ်အား အဲလိုကြွယ်။
အဲဒါကြောင့် မလျော့မပေါ့ ဘလော့ ချစ်ကြိုးတွယ်။
....
အပို လက်ဆောင်။
မနေ့(၁.၉.၂၀၁၂)က အသိတစ်ယောက် မွေးနေ့မှာ ကြက်ဖုတ် (ကြက်မီးကင်) ကျွေးချင်တယ်ဆိုလို့ နန်ဒို(စ်) ဆိုတဲ့ ကြက်ဖုတ်ဆိုင်ကို ချီတက်ခဲ့ကြတယ်။ တစ်ခြားကိစ္စတွေမှာ မအားဘူးလို့ ငြင်းပယ်လို့ အဆင်ပြေပေမဲ့ ဒါမျိုးကိစ္စကျတော့ ငြင်းပယ်လို့ မကောင်းဘူးလေ။ အားနာစရာကြီး။း)
အာဖရိကကလား ပေါ်တူဂီကလား မပြောတတ်။ မြေအိုးအလုံးကြီးတွေ။ အလှ တင်ထားကြတာ။
ဒါကလဲ
သစ်သားစတွေကို ကော်နဲ့ ကပ်ပြီး ၀ိုင်းဝိုင်းကြီး ဖြစ်နေဟန်တူရဲ့။ ဘာကို
ကိုယ်စားပြုမှန်းတော့ မပြောတတ်။ စားပွဲရှေ့တည့်တည့်မို့ ရိုက်ခဲ့တယ်။
ဆော့စ်မျိုးစုံ ချဉ် ငန် စပ်
ကြက်ဖုတ်ခေါ် ကြက်မီးကင်။ အတော်လေး ခါးသက်သက် နိုင်တယ်။ ဒါပေမဲ့ စားလို့တော့ ကောင်းသား။
ဓါတ်ပုံလေး ကောင်းကောင်း ရိုက်ပရစေဦး ပြောပေမဲ့ မရဘူး။ အတင်း အဓမ္မဖြစ်နေကြတယ်။ လက်တွေ ရှုပ်ယှက်ခတ်လို့။
စားပြီး သောက်ပြီးတော့ စားပွဲပေါ်မှာ အရိုးတွေကို ပုံလို့။ ကြည့်မကောင်းလို့ ဓါတ်ပုံ မရိုက်ခဲ့တော့ဘူး။
ပြောရဦးမယ်။
အဲဒီ ကြက်ကင်ဆိုင်ကို အိမ်ရှင် အဘိုးအိုကြီးကိုလဲ ဖိတ်ကြားခဲ့တယ်။
စားပြီးလို့ ပြန်မယ်လုပ်တော့ အဘိုးအိုက လက်ကျန်လေးကို ပါဆယ် ထုတ်ချင်တယ်ဆိုပြီး
ဆိုင်မှာ ပါဆယ်အိတ် တောင်းတယ်။ ပြီးတော့ စားပွဲပေါ်ရှိသမျှ ကြက်ရိုးတွေ
တစ်ခုမကျန် ပါဆယ်အိတ်ထဲ တည့်ယူလာခဲ့တယ်။ ဘေးစားပွဲကလူတွေကတော့
ငဲ့စောင်းငဲ့စောင်းနဲ့ ကြည့်ကျန်ရစ်ခဲ့ကြလေရဲ့။ အဘိုးအိုကို ဘာလုပ်ဖို့
အရိုးတွေ ပါဆယ်ယူရတာလဲ မေးကြည့်တော့ မြေခွေးစာကျွေးဖို့တဲ့။ အံ့ရော။
ဒါပေမဲ့ ဒါလဲ ယူတတ်ရင်ကုသိုလ်ဘဲပေါ့။ မဟုတ်လား။ ။
.