Wednesday, 28 December 2011

Breaking news( ဆိုင်ကလုန်းမုန်တိုင်း)


လူတွေ နေ့စဉ် သေလိုက်ကြတာ တစ်ဖြုတ်ဖြုတ်နဲ့။ အငတ်ဘေးကြောင့်လဲသေကြ၊  အချစ်ဘေးကြောင့်လဲ သေကြ၊ စစ်ဘေးကြောင့်လဲ သေကြ၊ ရောဂါဘေးကြောင့်လဲ သေကြနဲ့ သေပုံသေနည်း အမျိုးမျိုးနဲ့ သေလိုက်ကြတာ။ လောကကြီးမှာ နေရထိုင်ရတာတောင် ကျဉ်းကြပ်လာသလိုပါဘဲလား။

ဒီကြားထဲ လာပြန်ပြီ။ သဘာဝဘေးတဲ့။ ဒီသဘာဝဘေးဒဏ်တွေ နှိပ်စက်လို့ လူတွေ သေလာလိုက်ကြတာ တစ်နှစ် တစ်နှစ် နဲနဲနှောနှောမဟုတ်။ တစ်ပုံတစ်ပင်ကြီး။ တကယ့်ကို တစ်ပုံတစ်ပင်ကြီး။ သံဝေဂရစရာ အလွန်ကောင်းတဲ့ လောကကြီးပါဘဲ။ မွေး ကြီး အို နာ သေ နိယာမ ဖြစ်စဉ်ကြီးက ဘေးရန် ဘေးဒဏ် အမျိုးမျိုးကြောင့် အစီအစဉ်တွေ ခုန်ကျော် ဖြစ်ပျက်နေကြလေရဲ့။

မြတ်စွာဘုရား ဟောထားတာရှိတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေ၊ ရဟန်းပုဏ္ဏားတွေ၊ တိုင်းသူပြည်သားတွေ တရားမစောင့်တော့တဲ့အခါကျရင် ကြယ် လ နေ နက္ခတ်တွေရဲ့ လည်ပတ်မှုတွေဟာလဲ မမှန်မကန် ဖြစ်လာမယ်တဲ့။ အဲဒီ လည်ပတ်မှု မမှန်ကန်တော့တဲ့အခါရောက်ရင် ရာသီဥတုတွေ ဖောက်ပြန်လာမယ်၊ သဘာဝဘေးရန်တွေ ဖြစ်ပေါ်လာမယ် ( မြေပြိုမယ်။ ရေကြီးမယ်။ မီးလောင်မယ်။ မီးတောင်တွေ ပေါက်ကွဲမယ်။ ငလျင်လှုပ်မယ်။ မုန်တိုင်းတိုက်မယ်။ ဂြိုဟ်တွေ ၀င်ဆောင့်မယ်)။ အဲဒီလိုနဲ့ လူတွေ သက်ရှိသတ္တ၀ါတွေ သေကြေပျက်စီးကြမယ်တဲ့။ မှန်လိုက်တာ။

ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့လေ။ လူဆိုတာ အသိဥာဏ်ရှိတဲ့ သတ္တ၀ါ တစ်မျိုးမဟုတ်လား။ သဘာဝဘေးဒဏ်ကို အသိဥာဏ်လေးနဲ့ ကာကွယ်ကြရမှာပေါ့။ အသိဥာဏ်ကို ရှေးရှုပြီး ကြိုတင်အကာအကွယ်ယူထားနိုင်ကြရင် ပျက်စီးသင့်သလောက် မပျက်စီးတော့ဘူးပေါ့။ ယနေ့လို သိပ္ပံခေတ်ကြီးမှာ သတင်းမေဒီယာ ပျံ့နှံ့လွယ်မှုက လူတွေအတွက် ကာကွယ်မှု တစ်ခု ဖြစ်စေပါတယ်။ 

ဒါကြောင့်မို့ ဒီလို ရည်ရွယ်ချက်နဲ့ ဒီသတင်းကို လူအများ သိရအောင် ဘလော့ဂါကိုရင်ဆီကနေ တစ်ဆင့်ရယူပြီး ကျနော့်ဘလော့ပေါ် တင်လိုက်ခြင်းဘဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဘလော့ဂါများ၊ တွစ်တာပိုင်ရှင်များ၊ ဖေ့ဘုတ်စ်ပိုင်ရှင်များလဲ ပြန်လည် မျှဝေပေးစေချင်ပါတယ်။ သဘာဝဘေးဒဏ်ကို ကိုယ်တိုင်သွားရောက် မထိန်းချုပ်နိုင်ပေမဲ့ ဘေးဒဏ်ကျရောက်မဲ့ နေရာက လူတွေ ကြိုတင် သိထားနိုင်ရင်တော့ အကျိုးအများကြီး ဖြစ်ထွန်းမှာ သေချာပါတယ်။ (ကိုကိုမောင်၊ ပန်းရနံ့)

...



27.12.2011 နေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီအချိန်) မြင်တွေ့ရတဲ့ မိုးလေ၀သ ကောင်းကင်ဓါတ်ပုံ (Google Earth)

ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ 03B မုန်တိုင်းဟာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြစ်လာပြီး (၃၀-၁၂-၂၀၁၁) ရက် ညနေပိုင်းမှာ အိန္ဒိယ နိုင်ငံ တောင်ပိုင်း အရှေ့ဖက် ကမ်းခြေကို Chennai မြို့အနီးမှ ဖြတ်ကျော်ကာ ကုန်းတွင်းကို ၀င်ရောက် လိမ့်မယ်လို့ခန့်မှန်းရ ပါတယ်။ (၂၇-၁၂-၂၀၁၁ ရန်ကုန်၊ နံနက် ၀၆း၂၈ နာရီ) 


03B မုန်တိုင်းကို တဖြည်းဖြည်း ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းကြီး တစ်ခုဖြစ်လာပြီးတဲ့နောက် (၃၀-၁၂-၂၀၁၁) နေ့ညနေပိုင်းအချိန်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို Chennai မြို့အနီးက ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။



အနေအထားကတော့ အန္တရာယ်အလွန်ကြီးမားတဲ့ အခြေအနေပါပဲ။ ဒီလိုအင်အားနဲ့သာဖြတ်ခဲ့ရင်သေချာပေါက် မုန်တိုင်းဒီရေက တက်တော့မှာပဲ။ အသေအပျောက်တွေကိုလည်း စိတ်မချမ်းမြေ့စရာ ကြားရတော့မှာပါပဲ။ 


ဒီနေရာမှာ တကယ်ဆိုရင် ကြိုတင်ကာကွယ်မှုပဲလိုပါတယ်.။ အချိန်(၃)ရက်အနည်းဆုံးရပါတယ်။ အိန္ဒိယပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ကြပါစေ။ ကျွန်တော်တို့အတွက်ကတော့ ဒီမုန်တိုင်းနောက်(၃)ရက်အတွင်း လမ်းကြောင်းပြောင်းကာ အရှေ့မြောက်ဖက်ကိုပြန်ကွေ့မလာပါစေနဲ့။



ဒါကိုတော့ သတိထားပြီးစောင့်ကြည့်နေဖို့လိုပါတယ်။ လို့ ဒေါက်တာ ဦးထွန်းလွင် က TunLwin.com မှာ ဖေါ်ပြထားပါတယ်။.. 

: http://mutdfan.com


မှတ်ချက်။
မဒမ်ကိုးဘလော့မှ (ကိုရင်အသိပေးမှုဖြင့်) ယူသုံးပြီး ပြန်လည်မျှဝေသည်။


.

Saturday, 24 December 2011

ဒါဇင်ဘီ ခရတ်စမစ် တို့ပက်စ်


"နိုး--နိုး--နှင်းကို ကြိုက်တယ်။ ဒါပေမဲ့ နှင်းကို ကြောက်တယ်--ဘယ်မှ မသွားဘဲ တစ်ယောက်ထဲ အေးအေးဆေးဆေး နေချင်တယ်။--နတ်သင်း--မရှိပါ--နိုးဘော်ဒီ--မလုပ်ပါမရှိပါ။--နိုး-- နတ်သင်း--နိုး--နိုး--"

တစ်မျိုး မထင်လိုက်ပါနဲ့။ သမီးငယ်လေးတွေ ကျွေးတဲ့ တက်စာ စားမိနေလို့ အစဉ်အတိုင်း ဖြေဆေးရှာနေတာပါ။ ဘဘမှာ အသက်ကလဲကြီး သားထောက်သမီးခံကလဲ မရှိဆိုတော့ ဒီလိုဘဲ တစ်ခါတစ်ခါ ဒါမနူးသမီးငယ်လေးတွေ ချချ ကျွေးလေ့ရှိတဲ့ တက်စာတွေကို စားနေကျပါ။ စားမိတိုင်းလဲ ကွေးနေအောင် တက်တာကလား။ တက်တိုင်းလဲ ဒီလိုဘဲ ဖြေဆေးစားနေကျဆိုတော့ ကျွေးလိုက် စားလိုက် တက်လိုက် ဖြေလိုက်နဲ့ တဂ်သံသရာ လည်နေလေတော့ရဲ့။

ဘဘတို့က တောကြီးမျက်မဲထဲက ပေါက်ဖွားလာတဲ့ တောသားစစ်စစ်တွေဆိုတော့ ဗဟုသုတနည်းချက်ကတော့ မပြောပါနဲ့တော့။ ခရစ်စမတ်ဆိုတာလဲ မကြားဖူး၊ အစ်နေ့ဆိုတာလဲ မသိ၊ ဒီပါဝလီဆို ဝေလားဝေးထဲကဘဲ။ မိရိုးဖလာ ဗုဒ္ဓဘာသာဖြစ်တဲ့အလျောက် အဖိတ်နေ့တို့ ဥပုသ်နေ့တို့လောက်သာ သိတာကလား။ ဗုဒ္ဓနေ့တို့ ဓမ္မစကြာနေ့တို့ အဘိဓမ္မာအခါတော်နေ့တို့ ဆိုတာကိုတောင် ဘာကို ဘာ့ကြောင့် ဘာနေ့လို့ ခေါ်နေကြမှန်း သိကြတာ မဟုတ်ဘူး။

အဖိတ်နေ့ဆိုတာ ကြားလိုက်ရရင် ရေနွေးကြမ်းခွက်ထဲက ရေနွေးကြမ်းတွေ ဖိတ်စင် လွှင့်ကျ နေတာကို မြင်ယောင်နေမိတယ်။ ပြီးတော့ ဥပုသ်နေ့လို့ ပြောသံကြားရတဲ့အခါ တ ဘူ ဘူ အီနေတဲ့ ဘုတ်အီသံကိုဘဲ ကြားယောင်နေမိပြန်ရော။ ထို့အတူပါဘဲ စန်တာကလော့ ဆိုတဲ့ အသံကြားရရင် မန်းမြေကို ဘုရားဖူးသွားရင်း မြင်ခဲ့ရတဲ့ ဈေးချိုက နာရီစင်ကြီးကိုဘဲ ပြေးမြင်ယောင် နေမိလေရဲ့။ စန်တာကလော့ ကို Centre Clock လို့ဘဲ နားလည်လိုက်တာကိုး။ မိန်းနာရီစင်ကြီးလို့ ဘာသာပြန်မိရောပေါ့။ နောက်တစ်ခု ဒီပါဝလီတဲ့။ အဲဒီအသံကြားရင်လဲ ရွာအရှေ့ပိုင်းက ဦးဒီပကြီးကို ပြောင်းဖူးဖက် ဆေးလိပ်ကြီး သောက်နေတဲ့ပုံ မြင်ယောင်မိပြန်ရော။ အစ်နေ့ကို ပိုဆိုးသေး။ လည်ပင်းတောင် ယားကျိကျိ ဖြစ်နေခဲ့တာ။ လည်ပင်းကို လာအစ်နေသလား မှတ်နေလို့လေ။ ဂလို ဂလို အသိပညာ အတတ်ပညာ ကြွယ်ဝတဲ့ တောသားစစ်စစ် ဘဘတို့ဘ၀ကို ဘယ်သူ ဘယ်ဝါ ဘယ်နတ် ဘယ်သိကြားက ကိုယ်ချင်းစာမိပါ့မလဲလေ။

တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူတွေကို ဘဘတို့ တုံးဖလားရွာသားတွေလိုဘဲလို့ ထင်ထားခဲ့ကြတာ။ ထင်ထားဆို အခုထက်ထိ အဲဒီလို ထင်နေကြတုန်းလေ။ ဟိုသင်္ကြန်ကာလတုန်းက တစ်ရွာလုံးမှ တစ်လုံးထဲရှိတဲ့ ရွာဦးကျောင်းက တယ်လီဖုန်းလေးနဲ့ မကြားတကြား စကားပြောဖြစ်ခဲ့တယ်။ ဘဘအသံကို ကြားဖူးချင်တော့ တစ်ရွာလုံးနီးနီး တစ်ယောက်တစ်လှည့်စီ စကားပြောကြပါရောလား။ ပြီးတော့ မေးခွန်းတွေက များလှပါဘိသနဲ့။ ရေပက်ခံ ထွက်မလည်ဘူးလား။ သင်္ကြန်ကပွဲတွေ သွားမကြည့်ဘူးလားနဲ့ စုံနေတာပါဘဲ။

နောက်ပြီး ဘိလပ်ဖြစ် ဂျိန်းစ်ဘွန်း ဇာတ်ကားတွေ အရမ်းများပေမဲ့ ဇာတ်ကားထဲမှာ တရားနာ ရေစက်ချ အမျှဝေတဲ့ အခန်းတွေ ဘာဖြစ်လို့ မပါရတာလဲ ဆိုတာက တစ်မျိုး၊ ဘိလပ်မှာကော မစိုးရိမ်တိုက် မဟာဂန္ဓာရုံတိုက်တို့လို စာသင်တိုက်ကြီးတွေ ပေါများသလားဆိုတာက တစ်ဖုံ၊ ဘိလပ်က ကာလသားခေါင်းဆောင်က တုံးဖလားက ကာလသားခေါင်းဆောင် ကိုစိန်မောင်လောက် ခန့်ခန့်ညားညား ရှိသလားဆိုတာက တစ်မယ်၊ ဘိလပ်က ရေတွင်းက တုံးဖလားတစ်ရွာလုံးအသုံးပြုနေတဲ့ ရေတွင်းလောက် ရေကြည်ကြည်လင်လင်ကော ရှိရဲ့လား ဆိုတာတစ်မှောင့်၊ ဘိလပ်ရွာဦးကျောင်းဆရာတော်က တုံးဖလားရွာဦးကျောင်းဆရာတော် ဦးသောမလောက် သဘောကောင်းရဲ့လား ဆိုတာက တစ်သွယ်။ စသဖြင့် စသဖြင့် အမယ်မယ်သော ထင်ရာ မြင်ရာတွေကို ဇွတ် မေးမြန်းကြလေရဲ့။

ဒီကောင်တွေ ငါငယ်ငယ်တုန်းက အတိုင်းပါဘဲလား၊ ဘာမှ အသိပညာအတတ်ပညာ မပြောင်းလဲ ကြသေးပါလားဆိုပြီး သနားစိတ်ဝင်နေမိတယ်။ သူတို့မေးတဲ့ မေးခွန်းတိုင်းကိုလဲ အင်း.. အဲ... ကောင်းပါတယ် စသဖြင့်သာ ရေလိုက်ငါးလောက် ဖြေပေးလိုက်ရတယ်။ မောင်ရင်တို့ထင်ထားသလို ဘိလပ်ဆိုတာ တုံးဖလားရွာနဲ့ ဘာမှ မတူဘူး၊ တစ်ခြားစီဘဲ လို့ မပြောရက်ဘူး။ ပြောပြရင်လဲ ယုံကြမှာမှ မဟုတ်တာ။ တော်ကြာ အာဂမယုတ္တိ သဘာဝယုတ္တိတွေနဲ့ ဖြေခိုင်းနေမှ စကားကြောရှည်ပြီး ဖုန်းဖိုး များများ ကုန်ရချည်သေးရဲ့။ နိဗ္ဗာန်မရောက်သေးတဲ့သူကို နိဗ္ဗာန်အကြောင်းရှင်းပြရ ခက်သလို ဘိလပ်မရောက်ဖူးသေးတဲ့သူတွေကိုလဲ ဘိလပ်အကြောင်း ရှင်းပြရ အတော်ခက်တာကလား။

ဘဘတို့ တုံးဖလားရွာက လူမှုရေး ပညာရေး ကျန်းမာရေး နိုင်ငံရေး ဘာမှ သိကြတာ မဟုတ်ဘူး။ ဒီမိုကရေစီ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဟိန္ဒူ အစ္စလာမ် ကျူး ခရစ်ယာန် ဂျိန်း ဘီအေ အမ်အေ ပီအိပ်ခ်ျဒီ။ ဘာဆို ဘာမှ မသိကြဘူးလေ။ သူတို့သိတာက မိုးတွင်းမှာ လယ်ထွန် ကောက်စိုက် ဆောင်းပိုင်းမှာ စပါးရိတ်၊ ကျွဲကျောင်း နွားကျောင်း အရွယ်ရောက်လာရင် အိမ်ထောင်ပြု ကလေးမွေး။ ဒါလောက်ဘဲ သိကြတာကလား။ ပြီးတော့ တစ်ကမ္ဘာလုံးက လူတွေအားလုံးလဲ သူတို့ တုံးဖလားရွာသားတွေလို ဗုဒ္ဓဘာသာဝင်တွေချည်းလို့ ထင်နေကြလေရဲ့။

ဘဘလဲ အဲဒီ တောကြီးမျက်မဲထဲက ရွာကနေ လာခဲ့တဲ့ သူဆိုတော့ ဒီဇင်ဘာခရစ်စမတ်အကြောင်း ဘာမှ ကောင်းကောင်း မသိပါဘူး။ ပြီးတော့ ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းလဲ မသိတော့ပါဘူး။ တစ်အိမ်ထဲ အတူနေတဲ့ အဘိုးအိုကတော့ ခရစ်စမတ်အိဗ်နေ့ကစပြီး အဓိဋ္ဌာန်တရားစခန်းဝင်မယ်တဲ့။ နှစ်သစ်ကို တရားရှုမှတ်ရင်း ကူးတော့မယ်တဲ့။ အဲဒါ မောင်ရင်ကော စိတ်ဝင်စားလား စိတ်ဝင်စားရင် ကြိုတင် စာရင်းပေးထားတဲ့။ နို့မို့ဆို နေရာ အခက်အခဲ ရှိနိုင်တယ်တဲ့။ ဘယ့်နှယ် ပြောရက်လိုက်လေခြင်း။ လူအများစုက ခရစ်စမတ်အိဗ်နေ့မှာ အပြတ်ကဲကြဖို့ ဟိုတယ်တွေမှာ ကြိုတင် ဘုတ်လုပ်ထားနေကြတဲ့ ကာလမှာ တရားစခန်း ဘုတ် လုပ်ရမယ်တဲ့။ ပြော ပြောချင်ဘူး။ ဂျပန် မိတ်ဆွေတစ်ယောက် ပြောတာကြားဖူးတယ်။ ဂျပန်မှာဆို ခရစ်စမတ်အိဗ်နေ့အတွက် ဟိုတယ်တွေ ဘုတ်လုပ်ရင် တစ်လ နှစ်လ ကြိုတင် လုပ်ရတယ်တဲ့။ နို့မဟုတ်ရင် ဟိုတယ်အခန်းတွေ လုံးဝ မအားတော့ဘူးဆိုဘဲ။ ခေတ်ကာလ သားသမီးတွေများ တယ်လဲ မျက်စိပွင့်ကြသကိုး။

တစ်ကိုယ်ထဲ သမားပီပီ ခရစ်စမတ်ကို ဖာသိဖာသာဘဲ ကုန်ဆုံးလေ့ရှိတဲ့ ဘဘကိုမှ တဂ်ရက်လိုက်လေခြင်းနော်။ တဂ်တာမှ တစ်ယောက်ထဲ မဟုတ်ဘူး။ သုံးယောက်ကြီးများတောင်။ ဘယ်သူတွေများပါလိမ့်။ မခို့တရို့နဲ့ ရို့စ်၊ ဟန်ချီနေတဲ့ ကန်ဒီ အထိမခံတဲ့ မိစံ။ သူတို့ သုံးယောက်ဘဲ။ တော်တော်ဆိုးတဲ့ ကလေးတွေ။

ကဲ တဂ်စာကျွေးတဲ့ မီးမီးတို့ရေ..
ဘဘကတော့ ဒီဇင်ဘာ ပိတ်ရက်မှာ ဘာမှ မယ်မယ်ရရ လုပ်စရာ မရှိပါဘူး။ အတူနေအိမ်က အဘိုးအိုလို တရားဘက်လဲ အဓိဋ္ဌာန်နဲ့ မလိုက်နိုင်၊ ကိုရင်တို့လို ကူဖော်လောင်ဖက်ကလဲ မရှိ၊ ဆရာဟန်ကြည်တို့လို ဒါမနူး သားသား မီးမီးတွေနဲ့လဲ စာသင်ရင်း မပျော်နိုင်၊ ကမောင်လေးတို့လို ဘီဘီလဲ မကြိုက်။ ဆိုတော့ကာ ဒီဇင်ဘာ ပိတ်ရက်တွေမှာ အိမ်မှာဘဲ အေးအေးဆေးဆေး နေရင်နေဖြစ်မယ်။ ဒါမှ မဟုတ် စိတ်ပေါက်လာရင် ပုတီးသုံးကုံး လည်ပင်းဆွဲပြီး ၀တ်ဖြူစင်ဝတ်ပြီးသကာလ ဘက်ကင်ဟမ်နန်းတော်ရေ့၊ လန်ဒန်အိုင်းရှေ့၊ တာဝါဘရေ့ဂ်ျတို့နား တစ်လျှောက် အလှည့်ကျ လှည့်ပတ်ပြီး ပုတီးတစ်ကုံးကျစီ စိပ်ရမလား စိတ်ကူးထားတယ်။

တကယ်လို့ မီးမီးတို့လဲ ဘက်ကင်ဟမ်နန်းတော်ရှေ့၊ လန်ဒန်အိုင်းရှေ့၊ တာဝါဘရေ့ဂ်ျတို့ အနီးအနားတစ်လျှောက် လျှောက်လည်ဖြစ်ခဲ့ရင် ပုတီးသုံးကုံး လည်ပင်းမှာ ဆွဲပြီး ၀တ်ဖြူစင်ဝတ်စုံကြီးဝတ်ထားတဲ့ ခန့်ခန့် ချောချော ထောင်ထောင်မောင်းမောင်း လူပျိုကြီးတစ်ယောက်ကို တွေ့မြင်ခဲ့လို့ရှိရင် အဲဒီလူဟာ တစ်ခြားလူ မဟုတ်ဘူး ဘဘကိုယ်တိုင်ပါဘဲလို့ ပုံသေကားချပ်မှတ်ပြီး (တစ်ကျပ် တန်သည်ဖြစ်စေ နှစ်ကျပ်တတ်နိုင်သည် ဖြစ်စေ... အဲလေ..ယောင်လို့...) ထပ်ကြပ်မကွာလိုက်လံ နှုတ်ဆက်နိုင်ပါတယ်လို့။ ။း)


သပြေညိုအလိုက် ဒီဇင်ဘာ ကဗျာလက်ဆောင်
***

ဒီဇင်ဘာ
မယ်ရို့စ်တဂ်တဲ့ ဒီဇင်ဘာ
ကန်ဒီတဂ်တဲ့ ဒီဇင်ဘာ။

တို့မြေက ပျို့မေတွေ တဂ်ပါတဲ့
ဒီဇင်ဘာ ကြည်ရွှင်စရာများရယ်က
ဆားချက်ဖို့ လာ။

ထိမခံ စိတ်နဲ့
အမိစံရယ် နှိပ်လိုက်ပြန်ပေါ့
ဟန်မော့မော့ အတွေး။

ဘဘအမျှော်
လှလှရယ် ပေါ်မလာတာကြောင့်
ဘိုးတော်လို မိုးမျှော် ကြည့်ကာပ
ပုတီးစိပ်ကာ ထီးရိပ်မှာ ခိုရအောင်
ဒီဇင်ဘာ ကြည်လင်ရာ များရယ်နဲ့
နား ကြစို့လေး။

.
မှတ်ချက်။
ရေးစရာ အိုင်ဒီယာ သိပ်မရှိဘဲ ကွန်ပျူတာရှေ့ထိုင်ကာ တဂ်ပို့စ်အတွက် ရောက်တတ်ရာရာ ရေးမယ်ဆိုပြီး ကီးဘုတ်ပေါ် လက်ချောင်းလေးတွေ တင်လိုက်တော့ ဂလို ဂလို ခပ်ပေါပေါတွေ ဖြစ်ထွန်းလာလေရဲ့။ ဂလိုကြောင့် ခပ်ပေါပေါနဲ့ အယ်လာ့ဂျစ်ရှိသူများ ခွင့်လွှတ်တော်မူကြပါကုန်သော်ဝ်။ (ဘဘသူကြီးမင်း)။

.

Friday, 9 December 2011

အဲဒါ.. ရှင့်ကြောင့်


မသုံးတတ်သုံးတတ် ဂျီတော့ခ်သုံးရင်း ကိုရင်သာဒွန်းနှင့်မဒမ်သာဒွန်းတို့ ဆုံဖြစ်ကြသည်။ ထုံးစံအတိုင်း နေ့စဉ်ရက်ဆက် တွေ့ပါများတော့ သံယောဇဉ်ကြိုးတွေက ရစ်ပတ်ချည်နှောင်လို့။ တစ်ရက်နေလို့မှ တစ်ခါ မတော့ခ်ရရင် တစ်ရက် လူဖြစ်ရကျိုး မနပ်ဖူးလို့ ဥပါဒါန်စွဲနေကြလေပြီ။ အဖြူလား အမဲလား မသဲကွဲခင်မှာ အသဲစွဲအောင် ကိုရင်နှင့်မဒမ် ချစ်ခင် စုံမက်သွားကြလေ၏။ ကံကောင်းတယ် ဆိုရမှာပ။ နှစ်ယောက်လုံးက ရွက်ကြမ်းရည်ကျို အဆင့်လောက် ရုပ်ရည် ရှိကြပေလို့။ သို့ပေမဲ့ ကိုရင်က ဖြူတုတ်တုတ် မဒမ်က ညိုမဲမဲ။ ဒါပေမဲ့လဲ အသဲကွဲအောင် ချစ်လိုက်ကြတာ မိုးမမြင်လေမမြင်။

နှစ်ယောက်သား အပြင်မှာ စဆုံတွေ့တဲ့နေ့ကစပြီး ကိုရင်နှင့်မဒမ် လင်မယား အရာမြှောက်ကြလေတော့၏။ မြန်လိုက်သည့် ဖြစ်ခြင်း။ ဒုံးပျံခေတ်ပေကိုး။ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ ပိုကြတော့ သ၀န်တိုတာတွေက ပါလာရော။ အွန်လိုင်းမှာ ဘယ်သူ ဘယ်ဝါနဲ့ ချတ်တင်ရိုက်နေတာ မဟုတ်လား ဘာညာ သာရကာဖြင့် အချင်းချင်း စကားနာထိုးကြသည်မှာ နေ့စဉ်။ သို့ဂလိုကြောင့် ကိုရင်နှင့်မဒမ်တို့နှစ်ယောက် အကွက်ချတိုင်ပင်ပြီး အီးမေးလ်အင်တာနက် လုံးဝမရရှိနိုင်သည့် တောကြီးမျက်မဲထဲက ရွာလေးတစ်ရွာသို့ ပြောင်းရွှေ့ပြီး ချစ်ခင်ကြင်နာစွာ ဘ၀ခရီး အတူတူ လျှောက်လှမ်းကြလေတော့၏။ သံသယကင်းကင်း အချစ်ပြင်းပြင်းပေါ့။

ဒီလိုနဲ့....

အိမ်ထောင်ကျပြီး ၁၀ လ လောက်ကြာတဲ့အခါမှာ မဒမ်တစ်ယောက် ဗိုက်နာလာပါလေရော။ ဗိုက်နာလာလိုက်သမှ သဲသဲမည်းမည်း။ ကွမ်းသီးလုံးခန့် ချွေးသီးချွေးပေါက်များ မဒမ့်ခန္ဓာကိုယ်မှ တစ်လှိမ့်လှိမ့် စီးဆင်းလာရသည်ထိ နာကျင်လေသည်။ ကိုရင်တစ်ယောက်လဲ တစ်ခါမှ အတွေ့အကြုံမရှိဖူးလေတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ဗိုက်အရမ်းနာသည်က တစ်ကြောင်း ကိုရင်ရဲ့ မလုပ်တတ် မကိုင်တတ် အေးတိအေးစက် အမူအယာကို မြင်နေရသည်က တစ်ကြောင်းတို့ကြောင့် မဒမ်တစ်ယောက် ဒေါသထွက်မှန်းမသိ ထွက်နေလေသည်။ ထို့ကြောင့် ကိုရင့်အနားကပ်ကာ ကိုရင်ရဲ့ ရင်ဘတ်ကြီးကို တဘုန်းဘုန်း ထုပြီး "အခုလို ဗိုက်နာရတာ ရှင့်ကြောင့် ရှင့်ကြောင့် အီးဟီးဟီး" ဟူ၍ ကြွက်မနိုင် ကျီမီးရှို့လုပ်ပြီး ကိုရင့်ကိုသာ မဲနေလေတော့၏။

"မိန်းမရာ.. စိတ်ထိန်းစမ်းပါဦးဟ။ အိမ်နီးနားချင်းတွေ ကြားသွားရင် ရှက်စရာကြီး။ ပြီးတော့ ငါ့ကိုချည်း အပြစ်ပုံမချပါနဲ့။ အခုဟာက နှစ်ယောက်လုံးကြောင့် ဖြစ်ရတာပါ။ ငါလဲ အခု ဘာလုပ်ရမလဲ စဉ်းစားနေတာပါ"

"အမလေးးးလေးးးးး... အခုထက်ထိ ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေတုန်းဘဲလား။ ဒီမှာ နာလွန်းလို့ သေတော့မယ်။ ပူလဲ အရမ်းပူတာဘဲ။ သွား...ရွာမြောက်ပိုင်းက အရီးမြကို သွားခေါ်ချေ။ အမလေးနော်... နာလိုက်တာ... အမေရေ... အီးဟီးဟီး။ အမေ့သမီး လင်ယူစောခဲ့လို့ အခု ၀ဋ်ခံနေရပြီ... ရှီးး ဖူးးးးးး ကျွတ်.. ကျွတ်.. ကျွတ်.."

မဒမ်ပြောမှ ကိုရင်တစ်ယောက် အရီးမြကို ပြေးသတိရမိလေသည်။ အရီးမြက ဒီလိုမျိုး ဗိုက်နာတာကို ဖြေရှင်းပေးတဲ့ နေရာမှာ နာမည်ကြီးသည်။ ထို့ကြောင့် ရွာမြောက်ပိုင်းကို အမြန်ပြေးပြီး အရီးမြကို သွားခေါ်ခဲ့လေသည်။ အိမ်ရောက်တော့ အရီးမြက မဒမ့်ဗိုက်ကို ဟိုစမ်း ဒီစမ်း ကိုင်စမ်းကြည့်လေသည်။ ကိုရင်ရော မဒမ်ပါ အားကိုးတကြီးနဲ့ အရီးမြမျက်နှာကို အကဲခတ်နေလေသည်။ သို့သော်..

"အင်း.. ပြောရမှာ စိတ်မကောင်းလိုက်တာ။ ငါလဲ အခုလိုမျိုး လူနာကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့် ငါလဲ ဘာမှ မလုပ်တတ်ဘူး။ အကောင်းဆုံး အကြံပေးချင်တာကတော့ ချက်ချင်း မြို့တက်ပြီး အထူးကုဆေးခန်းကို သွားတာ အကောင်းဆုံးပါဘဲ"

အရီးမြလက်လျော့လိုက်ပြီ ဖြစ်သောကြောင့် ကိုရင်နှင့်မဒမ် ကားကြုံဖြင့် မြို့တက်ပြီး အထူးကုဆေးခန်း တစ်ခန်းသို့ သွားရလေ၏။ ဆေးခန်းသို့ ရောက်သောအခါ မဒမ့်ကို အရမ်းသနားလှသောကြောင့် ဆရာဝန်မအား "ဆရာမရယ်.. ကျနော့် မိန်းမကို အပ်ထရာဆောင်း ရိုက်ပေးပါဗျာ။ ဗိုက်ထဲမှာ ဘာရှိလဲ သိချင်လို့ပါ" ဟု အသနားခံ အကူအညီတောင်းလေ၏။ ဆရာဝန်မလဲ လူနာကုတင်နားလာပြီး မဒမ့်ဗိုက်ကို လက်နဲ့စမ်းကြည့်လေ၏။ ထို့နောက် နားကြပ်ဖြင့် မဒမ့်ဗိုက်တစ်လျှောက် စမ်းသပ်နားထောင်လေ၏။

"ကိုရင့် မဒမ်က အပ်ထရာဆောင်း ရိုက်ဖို့ မလိုပါဘူး။ ကျေးလက်ဆေးပေးခန်းတင် ကိစ္စပြီးပါတယ်။ ကျမတို့က မလိုအပ်ရင် ဘယ်လူနာကိုမှ အပ်ထရာဆောင်းရိုက်မပေးပါဘူး"

"ဒါဖြင့် ကျနော်တို့ လာခဲ့ရကျိုး မနပ်ဖူးပေါ့"

"အဲဒီလိုတော့ မဟုတ်ပါဘူး။ အခု သောက်ဆေး ပေးလိုက်မယ်။ အဲဒါလေး သောက်လိုက်ရင် သက်သာ သွားမှာပါ။ နောက်တစ်ခါ နာရင်လဲ အခုလို ဆေးမျိုးကိုဘဲ ကျေးလက်ဆေးပေးခန်းမှာ ၀ယ်သောက်ပေါ့၊ ရှောရှောရှူရှူ ဖြစ်သွားမှာပါ"

"တော်တော် အကြင်နာတရားမရှိတဲ့ ဆရာဝန်မဘဲ" ဟု စိတ်ထဲက ရေရွတ်ရင်း ဆရာဝန်မ ပေးသည့် စားဆေးကိုသာ ယူပြီး ပြန်ခဲ့ရလေသည်။ ဆေးစားစားချင်းတော့ ဗိုက်နာသက်သာသည်ဟု မဒမ်ကပြောသည်။ တော်ပါသေးရဲ့။ ဗိုက်နာ နဲနဲသက်သာသည်ဆိုလျှင် ငွေကုန်လူပန်းရကျိုး နပ်ပေပြီဘဲ။

သို့သော် မြို့မှနေပြီး ရွာသို့ အပြန် လမ်းခရီး၌ မဒမ့်ဗိုက်အနာ ပြန်ပေါ်လာလေ၏။ ရိုးရိုးဗိုက်နာတာ မဟုတ်တော့လဲ ဆရာဝန်မဆေးက မစွမ်းတော့ဘူး ထင်ပါရဲ့။ မဒမ်တစ်ယောက်လဲ ဗိုက်ဖောင်းဖောင်းလေးအား သူ့လက်ကလေးဖြင့် သက်သာလို သက်သာငြား ပွတ်ပွတ်နေလေ၏။ အိမ်ထောင်ရှင်မ ဒုက္ခကလဲ မသေးပါလားနော်။ ကိုရင်လဲ ဘာမှ မလုပ်ပေးတတ်လေတော့ မဒမ့်ဗိုက်ကလေးအား မဒမ်နည်းတူ ဟိုကိုင်ဒီကိုင်ဖြင့် ပွတ်သပ်ပေးနေမိလေ၏။

"မဒမ်ရေ.. ဗိုက်ထဲမှာ လှုပ်စိ လှုပ်စိနဲ့ပါလား"

"အဲဒါကြောင့် ဗိုက်နာနေတာ။ အဲဒါ ရှင့်ကြောင့် ရှင့်ကြောင့်.. အမလေး.... ရှီးးးးးးး နာလိုက်တာနော်"

ထိုအပြန်ကားကြုံဖြင့်ပင် ရွာထဲမှ အပျိုကြီးမိသိန်းကြည်လဲ စီးနင်းလိုက်ပါလာလေ၏။ မိသိန်းကြည်သည် မြို့မှ ကုန်မျိုးစုံအား ၀ယ်ယူပြီး ရွာထဲမှာ လက်လီပြန်ရောင်းနေသူဖြစ်၏။ ကလေးကစားစရာမှစပြီး အင်္ဂလိပ်ဆေး မြန်မာပရဆေးအထိ သူ့ဆိုင်မှာ ရနိုင်လေ၏။ မိသိန်းကြည်တစ်ယောက် မဒမ်ဗိုက်နာနေသည်ကို ကြည့်ပြီး ကိုရင်အား မေးမြန်းလေ၏။

"မဒမ် ဗိုက်နာနေတာ ကြာပြီလား"

"ဒီနေ့မနက်ကစပြီး ပြင်းပြင်းထန်ထန် နာလာတာလေ။ အရီးမြကို ပြကြည့်တော့လဲ မြို့တက်ပြီး အထူးကုဆေးခန်းကို သွားခိုင်းတယ်။ အထူးကုဆေးခန်းရောက်တော့လဲ ကျေးလက်ဆေးပေးခန်းကို ထပ်လွှဲပေးတယ်။ ကျနော်လဲ ဘာမှ မသိတော့ဘူး။ ဟိုဘက်တစ်ရွာကျော်က ကျေးလက်ဆေးပေးခန်းကိုဘဲ သွားရုံပေါ့"

ဟူ၍ ဖြစ်ကြောင်းကုန်စင် ဇာတ်ကြောင်း လှန်ပြရလေတော့၏။

"ကျမကို ယုံကြည်ရင် ကျမဆိုင်မှာ ဆေးတွေ ရှိပါတယ်။ ကျေးလက်ဆေးပေးခန်း သွားစရာ မလိုပါဘူး။ ရွာရောက်ရင် ဆိုင်လိုက်ပြီး ယူပေါ့။ မဒမ်ကို ဆေးတိုက်ပြီး စောစောသာ အိပ်ခိုင်းလိုက်။ မနက်မိုးလင်းရင် ကောင်းသွားလိမ့်မယ်၊ အားလုံး ချောချောမောမော ဖြစ်သွားမှာပါ"

ကိုရင်တစ်ယောက် ရွာပြန်ရောက်တော့ မိသိန်းကြည်ဆိုင်သွားပြီး ဆေးတစ်ထုပ် သွားဝယ်လေ၏။ မိသိန်းကြည်ရဲ့ အညွှန်းအတိုင်း ဆေးနှစ်လုံးတိတိ မဒမ့်အား တိုက်လိုက်ပြီး စောစော အိပ်ခိုင်းလိုက်လေ၏။ မဒမ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို မြင်ရမှ ကိုရင်တစ်ယောက် စိတ်သက်သာရာ ရလေ၏။ အပျိုကြီး မိသိန်းကြည်ဆေးက စွမ်းပေသားဘဲ။ အတွေ့အကြုံရှိတဲ့ အပျိုကြီးထင်ပါ့။

မနက်ဝေလီဝေလင်း အချိန်၌ မဒမ်တစ်ယောက် အိပ်ရာမှ စောစောထ ကိုယ်လက်သန့်စင်ပြီး ရွာဦးကျောင်းဆွမ်းပို့ဖို့ ဆွမ်းဟင်းဆွမ်းထမင်း ချက်ပြုတ်နေလေ၏။ ပါးစပ်မှလဲ ဘ၀သံသရာသီချင်းလေးအား တိုးတိုးညှင်းညှင်း သီကျူးနေလေ၏။ ဒါဆို သေချာပြီ မဒမ် ဗိုက်နာ သက်သာသွားပြီ။ ကိုရင်လဲ အိပ်ရာထက်မှ လူးလဲထပြီး မျက်နှာသစ်ဖို့ ရေအိုးထားရာ အိမ်ကပြင်သို့ ထွက်ခွါလာစဉ် မဒမ်က ဆီးကြိုပြီး "ကိုရင်.. အခု ဗိုက်နာတာတွေ ယူပစ်လိုက်သလို သက်သာသွားပြီ။ အိမ်သာတော့ နှစ်ခါ သုံးခါ တက်လိုက်ရတယ်။ ဒါနဲ့ မိသိန်းကြည်က ဘာဆေးပေးခဲ့တာလဲ" ဟု မေးခွန်းတစ်ခု မေးလေတော့၏။ "သူကတော့ ပြောခဲ့တာဘဲ။ ဂြိုဟ်တု ၀မ်းပုပ်ချဆေးတဲ့။ မအိပ်ခင် နှစ်လုံးလောက် သောက်လိုက်ရင် မနက်လင်းတာနဲ့ တစ်ခါထဲ ရှင်းသွားစေရမယ်" တဲ့။ ။ (Select and see the blank below) :)

"မှန်လိုက်တာ ကိုရင်။ ရှင်စီမံတဲ့ ရခိုင်မုန့်တီ လက်သုပ်ကို အားရပါးရ စားလိုက်မိလို့ အခုလို ဗိုက်အကြီးအကျယ်နာရတာ အခုမှ နေထိထိုင်သာ ဖြစ်သွားတော့တယ်"

"အာ.. မိန်းမကလဲ။ မိန်းမဘဲလေ ငရုပ်သီးမုန့်တွေ နင်းကန်ထည့်လိုက်တာ။ ဒါကြောင့် ငါ့မိန်းမ ခံရတာ။ အင်းလေ... အမှန်ကတော့ ဒို့နှစ်ယောက် ပေါင်းလုပ်ကြလို့ အခုလို ငါ့မိန်းမ ဗိုက်နာရတာ မဟုတ်လား"

မဒမ် လေချုပ်ဝမ်းချုပ်နေသည်ကတစ်ကြောင်း၊ မုန့်တီဖတ်ကိုယ်တိုင်က အပုပ်စာ ဖြစ်နေသည်က တစ်ကြောင်း၊ ငရုပ်သီး အစိမ်းမှုန့်တွေ အများအပြား ထည့်လိုက်သည်က တစ်ကြောင်း၊ ထိုသို့သော အကြောင်း အမျိုးမျိုးကြောင့် လေထိုးလေအောင့်ဖြစ်ကာ ပစ္စလက္ခနာသော မဒမ့်ဗိုက်နာခြင်းဝေဒနာသည် မိသိန်းကြည်၏ ဂြိုဟ်တု ၀မ်းပုပ်ချဆေးနဲ့ တွေ့လိုက်သောအခါမှသာ ဗိုက်ထဲရှိ အပုပ်အစပ်များ အားလုံး သွန်ထုတ်ပစ်လိုက်ပြီး လုံးဝ နေကောင်း စားကောင်း ထိုင်ကောင်း အိပ်ကောင်း ပြောကောင်း ဆိုကောင်း သွားကောင်း လာကောင်း အားလုံးအကောင်း ဖြစ်နေလေတော့သတည်း။ ။ ပြီးပြီ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.

Saturday, 3 December 2011

ကိုရင်တက်ပု(ဇာတ်သိမ်း)


သီတင်းကျွတ်ကာလ၌ ရွာဦးကျောင်းဆရာတော်အား ကန်တော့ရန်ဟူသော အကြောင်းပြချက်ဖြင့် ကိုရင်တက်ပု ရွာသို့ ပြန်ရောက်လာ၏။ ငါးနှစ်ခန့် ရွာနဲ့ ကင်းကွာသွားသည့်အတွက် ရွာသူရွာသားတို့သည် သူ့အား ကောင်းကောင်းပင် မမှတ်မိကြ။ နောက်မှ ကိုရင်တက်ပုအစစ်ကြီးမှန်း သဘောပေါက်ကြလေ၏။ ကိုရင်တက်ပုသည် "မန္တလေးစကား မော်လမြိုင်အစား ရန်ကုန်အကြွား" ဆိုသည့်အတိုင်း ရန်ကုန်မှာ နေခဲ့သူပီပီ စကားပြောတိုင်း ကြွားလုံးလေးတွေ ပါလာတတ်၏။ ရွှေတိဂုံ ဘုရားပရ၀ုဏ်ကြီးက တုံးဖလား တစ်ရွာလုံးဧရိယာထက် ပိုမိုကြီးမားကျယ်ပြန့်ကြောင်း၊ ရန်ကုန်မြို့ရှိ ကွန်ဒိုအိမ်တစ်လုံးတွင် နေထိုင်ကြသည့် လူဦးရေသည် တုံးဖလားတစ်ရွာလုံးရှိ လူဦးရေထက် ပိုမြားပြားကြောင်း၊ ရန်ကုန်သူ ရုပ်အဆိုးဆုံးပင်လျှင် တုံးဖလားရွာသူ ကွမ်းတောင်ကိုင်ထက် ပိုလှပချောမောကြောင်း၊ ရန်ကုန်မြို့ပေါ် ပျံသန်းသည့် လေယာဉ်ပျံကြီးသည် လေးခွနဲ့ ပစ်လို့ရလောက်အောင် ခပ်နိမ့်နိမ့် ပျံသန်းလေ့ရှိကြောင်း၊ ရန်ကုန်မြို့တွင်း ဖြတ်သန်းစီးဆင်းသည့် ငမိုးရိပ်ချောင်းကြီးသည် တုံးဖလား ချောင်းထက် အဆ သုံးဆယ်ခန့် ပိုမိုကြီးမားကြောင်း၊ နံနက်အရုဏ် ဆွမ်းခံကြွလေ့ရှိသည့် သံဃာတန်းရှည်ကြီးမှာ ၂ မိုင်မက ရှည်လျားကြောင်း၊ သူနေထိုင်သည့် စာသင်တိုက်မှ စာချဘုန်းကြီးတစ်ပါးဝတ်သည့် သင်္ကန်းတစ်စုံ တန်ဖိုးသည် ရွာက နွားတစ်ရှဉ်းတန်ဖိုးထက် ဈေးပိုကြီးကြောင်း စသဖြင့် စသဖြင့် အာပေါင်အာရင်းသန်သန် ကြွားတတ်လေ၏။ ထို့အပြင် စကားပြောလျှင် မကြာမကြာ အင်္ဂလိပ်လိုပါ ညှပ်ပြောလေ့ရှိ၏။ ထို့ကြောင့် ကိုရင်တက်ပု တစ်ယောက် ရွာသူရွာသား အများစု၏ အထင်ကြီးလေးစားခြင်းကို ခံရလေသည်။ ကိုရင်တက်ပု၏ ကြွားလုံးများကို ရွာသူရွာသားများသည် ပါးစပ်အဟောင်းသား မျက်စိအပြူးသားဖြင့် စိတ်ဝင်တစား နားထောင်နေကြရရှာလေ၏။

တောရွာဓလေ့အတိုင်း အရေးအကြောင်းဆို ဘုန်းတော်ကြီးကျောင်းဝင်းထဲ စုကြစမြဲဖြစ်၏။ ယနေ့သည်လည်း မနက်ဖန် ဥပုသ်နေ့မှာ ဥပုသ်သည်များအား ဥပုသ်ဆွမ်းကျွေးဖို့အတွက် အပျိုလူပျိုများ ဘုန်းကြီးကျောင်းဝင်းအတွင်း ဥပုသ်ဆွမ်း ချက်ပြုတ်ကြ၏။ ဥပုသ်ဆွမ်း ဆွမ်းဟင်းများ ချက်ပြုတ်ပြီးသည့်အခါ ရွာဦးကျောင်းဆရာတော်က အပျိုလူပျိုများအား ဗီဒီယိုပြသပေး၏။ အပျိုများတောင်းဆိုချက်အရ မြန်မာဇာတ်ကားတစ်ကားနှင့် လူပျိုများ တောင်းဆိုချက်အရ နိုင်ငံခြား စစ်ကားတစ်ကား စသဖြင့် အချိုးကျ ပြသပေး၏။ ရွာထဲရှိ ကလေးလူကြီးများလည်း ရွာဦးကျောင်းမှ မီးစက်အင်ဂျင်သံ ကြားရသဖြင့် ဗီယိုပြဖို့ မီးစက်လည်တယ် ဆိုတာကို ကျိန်းသေပေါက် သိရှိကြလေ၏။ ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းဝင်းထဲ လာရောက်ပြီး ဗီဒီယို ကြည့်ကြလေ၏။

နိုင်ငံခြားစစ်ကား ပြသသည့် အလှည့်ရောက်တဲ့အခါ ရွာသူရွာသားများက ဘာသာပြန်ပေးရန်အတွက် ကိုရင်တက်ပုအား အကူအညီတောင်းကြလေ၏။ နဂိုကမှ ခပ်ကြွားကြွားနေတတ်သည့် ကိုရင်တက်ပုသည် ဖန်သားပြင်ရှေ့ ငုတ်တုတ်ထိုင်ပြီး သိသမျှ မှတ်သမျှ ဘာသာပြန်ပေးလေတော့၏။ စစ်ကားဖြစ်တဲ့အတွက် စကားလုံးတွေက ခပ်ကြမ်းကြမ်းပင်။ ဇာတ်ကားထဲ၌ Bond, James Bond ဟုပြောသံ ကြားလျှင် ဒါက မင်းသားက သူ့ကိုယ်သူ မိတ်ဆက်ပေးနေတာ ဟူ၍လည်းကောင်း၊ F.... you man ဟုပြောလျှင် ဒါက ဆဲဆိုတာဟူ၍လည်းကောင်း၊ Sh...ဟုပြောလျှင် ဒါလဲ ဆဲရေးတိုင်းထွာနေတာဟူ၍ လည်းကောင်း၊ Move ဆိုလျှင် ဒါက တိုက်ခိုက်ဖို့ ရှေ့တက်ခိုင်းတာ ဟူ၍လည်းကောင်း၊ Fire ဆိုလျှင် ဒါက ပစ်မိန့်ပေးတာ ဟူ၍ လည်းကောင်း၊ Retrieve ဆိုလျှင် ဒါက အခြေအနေမကောင်းလို့ တပ်ပြန်ဆုတ်ခွါခိုင်းတာ ဟူ၍ လည်းကောင်း၊ စတိုင်လ်ကျကျ ဘာသာပြန်ပေးလေတော့၏။ ရွာသူရွာသားများမှာ ကိုရင်တက်ပုအား အထင်ကြီးလိုက်ကြသည့် ဖြစ်ခြင်း။ သို့သော် ရွာသားများ သတိမထားမိသည်မှာ ကိုရင်တက်ပုသည် သူနားလည်သည့် အင်္ဂလိပ်စကားကို ကြားလျှင် အတင်းဘာသာပြန်ပေးတတ်၍ နားမလည်သည့် အင်္ဂလိပ်စကားကိုမူ မကြားလိုက်သလိုလို တစ်ခြားဘက် မျက်နှာမူလိုက်ပြီး သတိမထားမိလိုက်သလိုလို၊ အိပ်ငိုက်နေသလိုလို ဟန်ဆောင်ပန်ဆောင် နေတတ်ခြင်းပင်ဖြစ်၏။ လမ်းပြင်သည့် လမ်းဗိုလ်အား ကားဖြင့် ခေါ်ဆောင်ပြီး လမ်းအခြေအနေကို ပြသသည့်အခါ ချောမွတ်ပြေပြစ်နေသည့် လမ်းအခြေအနေနဲ့ ကြုံခိုက် လမ်းကို သေချာကြည့်ရှုတတ်ပြီး ချိုင့်တွေ ခွက်တွေ ပြည့်နှက်နေသည့် နေရာနဲ့ ကြုံလျှင်မူ အိပ်ရေးမ၀သည့်ပုံစံဖြင့် အိပ်ငိုက်နေတတ်သကဲ့သို့ပင်တည်း။

တုံးဖလားရွာဦးကျောင်း၌နေထိုင်ရင်း တစ်နေ့သောအခါ ကိုရင်တက်ပု တစ်ယောက် အကြီးအကျယ် နေထိုင်မကောင်း ဖြစ်လေ၏။ ရပ်ရွာထဲရှိ ရိုးရာဗမာဆေးဆရာနဲ့ ကုသသော်လည်း လုံးဝ နလန်ထူနိုင်ခြင်း မရှိပေ။ နေ့ရက်ကြာလာသည်နဲ့အမျှ ကိုရင်တက်ပု အားအင်ဆုတ်ယုတ်လာပြီး ဖြူဖတ်ဖြူရော် ယဲ့သဲ့သဲ့ ဖြစ်လာလေ၏။ ဒီအတိုင်း ရွာမှာ ရိုးရာဆေးနဲ့ ကုသနေလျှင် လုံးပါးပါးသွားနိုင်သည်ကို သတိပြုမိ၍ သူကြီးမင်း ဦးဆောင်ကာ နွားလှည်းတစ်စီး ကပြီး နီးစပ်ရာ မြို့လေးတစ်မြို့ရှိ ဆေးရုံတစ်ခုသို့ ချီတက်ကြလေတော့၏။ နေ့လည်ခင်း ၁၁ နာရီခန့်လောက် ဆေးရုံသို့ရောက်၏။ လူနာကုတင်များစွာ ရှိနေသည့် ဟောခန်းတစ်ခုထဲ၌ နေရာရ၏။ လူနာတွေလဲ များလှပါဘိတောင်း။

ရောက်ရောက်ချင်း ကိုရင်တက်ပု အားနည်းနေသည်ကို သိ၍ အားဆေးအဖြစ် ဆလိုင်းတစ်ပုလင်း ချိတ်၏။ ညနေခင်းလောက်၌ ဆလိုင်းတစ်ပုလင်း ကုန်သွား၏။ ကိုရင်တက်ပုလဲ နဲနဲ ထူထူထောင်ထောင် ဖြစ်လာ၏။ သို့သော် အားရလောက်အောင်တော့ အခြေအနေမကောင်းသေးပေ။ ညနေပိုင်း၌ ဆရာဝန် ရောင်း လှည့်လာလေသည်။ ကိုရင်တက်ပုရဲ့ လူနာမှတ်တမ်းကို ကြည့်ပြီး အားအရမ်းနည်းနေတဲ့ လူနာမှန်း သိလေ၏။ ဆရာဝန်ကလဲ ခပ်ငယ်ငယ်မို့ ခပ်ပျော်ပျော်ပင် နေတတ်သည်ထင်၏။ ကိုရင်တက်ပုကို ကြည့်ပြီး "အင်း... ကိုရင်ဆိုပေမဲ့ လူပျိုပေါက် အရွယ် ဖြစ်နေပြီ၊ ဒီအချိန်ဟာ လူပျိုစိတ် ပြင်းထန်တဲ့ အချိန်ဘဲ" ဟု စဉ်းကားကာ ကိုရင်တက်ပုအား စနောက်လိုသည့် စိတ်ဖြင့် ပွင့်ပွင့်လင်းလင်းပင် "ကိုရင်... လက်ဆော့လေ့ရှိသလား" ဟု ပြုံးပြုံးကြီး မေးလေတော့၏။ ကိုရင်တက်ပုကလဲ အသံယဲ့ယဲ့ဖြင့်ပင် "ဒကာကြီး... ရေချိုးကာနီးတိုင်းတော့ ကိုရင် ဆော့တတ်ပါတယ်" ဟု အတည်ပေါက် ပြန်ဖြေလေ၏။ ဆရာဝန်တစ်ယောက်အံ့သွားကာ "ဟောဗျာ" ဟု အာမေဍိတ် ပြုချင်းချင်းပင် ကိုရင်တက်ပုဆီမှ စကားဆက်လက် ထွက်ပေါ်လာလေ၏။ ထိုအခါမှပင် ကိုရင်တက်ပု မြန်မာစကားကို မြန်မာလိုပင် ဘာသာပြန်မှားနေမှန်း ဆရာဝန် သိသွားလေသည်။ ကိုရင်တက်ပု ဆက်ပြောလိုက်သည့် စကားမှာ... "ရေချိုးကာနီးတိုင်း ချွေးထွက်အောင် ဒိုက်ထိုးတယ်၊ ဘားဆွဲတယ်၊ သိုင်းချတယ်" ဟူ၍ ဖြစ်လေ၏။

အမေးတစ်ခြား အဖြေတစ်ခြား ဖြစ်နေသည်မို့ ဆရာဝန်က "ကိုရင်.. အင်္ဂလိပ်စာ သင်ဖူးသလား" ဟု ဆက်လက် မေးမြန်းပြန်လေ၏။ ကိုရင်က "U.M.A သင်တန်းဆင်းပါဗျ။ ပြီးတော့ ရွာမှာလဲ အင်္ဂလိပ် ဗီဒီယိုဇာတ်ကား ဘာသာပြန်လုပ်ပေးနေတဲ့ ကိုရင်ပါဗျ" ဟု နေမကောင်းဖြစ်နေရင်းပင် ကြွားခွင့်ကြုံသောကြောင့် အားရပါးရ ကြွားလိုက်သေး၏။ ဆရာဝန်က "ဒါဖြင့် ကိုရင် Masturbation လုပ်လေ့ရှိသလား"ဟု ခပ်ပြုံးပြုံးပင် မေးပြန်လေ၏။ ကိုရင်တက်ပုကလဲ "ဒီဆရာဝန် လူကို အထင်သေးအမြင်သေးနဲ့ ပညာလာစမ်းနေသေးတယ်၊ ဒီလောက်အင်္ဂလိပ်စာကတော့ ပျင်းတောင်ပျင်းသေးတယ်" ဟု စိတ်ထဲ ရေရွတ်ပြီး လက်သုံးချောင်း ထောင်ပြကာ "ဒကာကြီး တစ်ရက်ကို သုံးခါတိတိ လုပ်လေ့ရှိတယ်ဗျားး" ဟူ၍ ဂုဏ်ယူဝံ့ကြွားစွာ ဖြေကြားလေတော့၏။

ဆရာဝန်မှာ မျက်လုံးပြူးသွားကာ "ဘုရား ဘုရား တစ်ရက် သုံးခါကြီးများတောင်လား ကိုရင်" ဟု ပြန်မေးလေရာ "ဟုတ်တယ် ဒကာကြီး မနက်အိပ်ရာထတစ်ခါ နေ့လည်ပိုင်းတစ်ခါ ည အိပ်ရာဝင်ခါနီးတစ်ခါ၊ စုစုပေါင်း တစ်ရက် သုံးခါတိတိလုပ်လေ့ရှိပါတယ်" ဟု မှင်သေသေပင် ပြန်ဖြေလေ၏။ ဆရာဝန်ကလဲ "အော်... ကိုရင် အားနည်းနေတာ ဒါကြောင့်ကိုး၊ နဲနဲတော့ လျော့ပါဦး ကိုရင်" ဟု မျက်နှာပျက်ပျက်ဖြင့် အကြံပေးလေရာ ကိုရင်တက်ပု တစ်ယောက် ဆရာဝန် မျက်နှာပျက်သွားသည်ကို သတိထားမိကာ မျက်လုံးပြူးသွားပြီး "တစ်ရက်သုံးခါ တရားထိုင်တာက ဒကာကြီးတို့ မျက်နှာပျက်စရာလား၊ အဲဒီလို တရားထိုင်တာက တကယ် အားနည်းစေတာလား" ဟု အသံခပ်ကျယ်ကျယ် စိတ်ပေါက်ပေါက်ဖြင့် မေးမြန်းလေတော့၏။ ထိုအခါကျမှ ဆရာဝန်ခမျာ ကိုရင်တက်ပုတစ်ယောက် Meditation နှင့် Masturbation ကို ဘာသာပြန်မှားနေမှန်း သဘောပေါက်သွားပြီး စိတ်မထိန်းနိုင်ဘဲ "တဟားဟား" ရယ်မောလေတော့၏။ ထိုရယ်မောသံကြောင့် အနီးရှိ လူနာကုတင်များပေါ်၌ ဆေးအရှိန်ဖြင့် မှိန်းနေကြသော လူနာ အတော်များများ လန့်ဖျတ်ပြီး ခေါင်းထောင် ကြည့်ကြလေတော့၏။

ဆရာဝန်လည်း အရယ်ရပ်ကာ "ကဲ.. ပေးထားတဲ့ဆေးကို မှန်မှန်သောက်နော် ဘုရား၊ လိုအပ်ရင် မနက်ဖန် ဆလိုင်းတစ်လုံး ထပ်ချိပ်ပေးမယ်" ဟု ပြောဆိုကာ ပြုံးစိစိဖြင့်ပင် အနားမှ ထွက်ခွါသွားလေ၏။ ကိုရင်တက်ပုလဲ နားမလည်စွာဖြင့် အနီးနားမှာ ရှိနေသည့် သူကြီးမင်းအား လက်ကုတ်ပြီး "ဆရာဝန်က ဘာဖြစ်လို့ ဒီလောက် သဘောကျပြီး တဟားဟား ဖြစ်သွားရတာလဲ သူကြီးမင်း" ဟု မေးမြန်းလေ၏။ "ကိုရင်က ဆရာဝန်ရဲ့ အင်္ဂလိပ်စကားကို ဘာသာပြန်မှားပြီး ပေါက်ကရလျှောက်ပြောနေတာကိုး" ဟု ပြောလိုက်သည့်အခါ "ဟင်.. ဘယ်လို ဘယ်လို သူကြီးမင်း" ဟု မျက်နှာငယ်လေးဖြင့် ပြန်မေးလေ၏။ "ဘယ်လိုမှ မဟုတ်ဘူး။ ဒီလို ကိုရင် ဒီလို... တရားထိုင်တာကိုမှ Meditation လို့ခေါ်တယ်၊ အခု Masturbation ဆိုတာက !@#$%^&*()%$#@*&^%၊ အဲဒါကို ပြောတာ" ဟု ခပ်ဆပ်ဆပ် ပြန်ပြောပြလိုက်သည့်အခါ ကိုရင်တက်ပု တစ်ယောက် မျက်လုံးပြူးသွားကာ ဆတ်ကနဲ ခေါင်းငေါက်တောက်ဖြင့် ထထိုင်လာလေ၏။ ထို့နောက် လွန်စွာရှက်လွန်းလှသဖြင့် မျက်နှာကြီးတစ်ခုလုံး နီးမြန်းလာကာ ခန္ဓာကိုယ် တစ်ခုလုံးမှ ချွေးဒီးဒီးကျလာပြီး "သူကြီးမင်း.. ပြန်မယ်..ပြန်မယ်.. ကိုရင် ဒီမှာ ဆက်မနေချင်တော့ဘူး.. အခု ရွာပြန်ရအောင်.. အခု ရွာပြန်ရအောင်" ဟူ၍ စကားပလုံးပထွေးဖြင့် မနားတမ်း ပြောဆိုနေလေတော့၏။

"ဟာ... ကိုရင်ရယ်.. စဉ်းစားပါအုံး။ ကိုရင့်ရောဂါကလဲ အခုထက်ထိ ကောင်းသေးတာမဟုတ်ဘူး။ ပြီးတော့ အခု ညနေစောင်းနေပြီ။ ပြန်လို့ မဖြစ်ဖူးလေ။ နောက်နေ့မှ ဆရာဝန်နဲ့ ညှိနှိုင်းပြီး ပြန်ကြတာပေါ့" ဟု ပြောဆိုဖျောင်းဖြသော်လည်း ကိုရင်တက်ပုတစ်ယောက် ကုတင်ပေါ်မှ ဆင်းကာ ခပ်သွက်သွက် လမ်းလျှောက်ပြပြီး "ဒီမှာကြည့် သူကြီးမင်း အခု နေကောင်းသွားပြီ။ ဒါကြောင့် မိုးဘယ်လောက်ချုပ်ချုပ် အခု ပြန်မယ်၊ ပြန်ရအောင်ပါ သူကြီးမင်းရာ.. နော်..." ဟု အသနားခံသလိုလို ပြောလာသည့်အခါ သူကြီးမင်းလဲ ကိုရင်တက်ပုကို "သူ့ခမျာ အတော်လေး ရှက်သွားရှာမှာဘဲ" ဟု ကိုယ်ချင်းစာပြီး သနားစိတ်ဝင်သွားလေ၏။ ထို့ကြောင့် ဆရာဝန်ထံ သွားပြီး အကျိုးအကြောင်း ရှင်းပြကာ လိုအပ်သည့် ဆေးဝါးတစ်ချို့ ၀ယ်ယူပြီး အစာကျွေးထားသည့် နွားနှစ်ကောင်ကို ဆွဲယူကာ လှည်းကပြီး ရွာသို့ ညတွင်းချင်း ပြန်လာခဲ့ရလေတော့၏။

ညဆယ်နာရီခန့်လောက်တွင် တုံးဖလားရွာအနီးသို့ လှည်းဝင်ရိုးသံ တကျွီကျွီဖြင့် ချဉ်းကပ်လာမိလေ၏။ ထိုအခါ တုံးဖလားရွာသူရွာသားတို့မှာ ကိုရင်တက်ပုတို့ စီ;နင်းလာသည့် လှည်းသံကို အဝေးမှနေပြီး ကြားရခိုက် ကိုရင်တက်ပုတစ်ယောက် ဆေးရုံမှာ ဆုံးပါးခဲ့လို့ သူ့အလောင်းအား ရွာသို့ ညတွင်းချင်း လှည်းဖြင့် သယ်ဆောင်လာသည် အထင်ဖြင့် စိတ်မကောင်းခြင်း များစွာ ဖြစ်နေကြလေ၏။ သူ့မိဘ ဆွေမျိုး ညီအကို မောင်နှမတို့မှာလည်း ၀မ်းနည်းပက်လက်ဖြစ်ပြီး ရှုံ့မဲ့မဲ့ဖြင့် ငိုယိုဖို့ အသင့်ပြင်ထားကြလေ၏။ သို့သော် ကိုရင်တက်ပုတို့ နွားလှည်း ရွာထဲ ၀င်လာသည့် အခါ၌မူ ကိုရင်တက်ပုအား အရှင်လတ်လတ်ကြီး တွေ့လိုက်ရသောကြောင့် အံသြ၀မ်းသာ ဖြစ်ကြရလေတော့၏။

ရွာသူရွာသားများမှာ ညတွင်းချင်း ကျန်းမာရေးထူထူထောင်ထောင်ဖြစ်လာသည့် ကိုရင်တက်ပုကို ကြည့်ကာ မယုံကြည်နိုင်စွာဖြင့် ဘယ်လိုဆေးမျိုးများ ဒီလောက်အစွမ်းထက်ပါလိမ့်ဟု စဉ်းစားကာ သူကြီးမင်းအား ၀ိုင်းဝန်း စပ်စုကြလေတော့၏။ သူကြီးမင်းက အစမှ အဆုံးထိ အဖြစ်မှန်ကို ပြောပြလိုက်သည့်အခါ ရွာသူရွာသား အားလုံးတို့မှာ တိုင်ပင်မထားဘဲ တစ်ပြိုင်နက် ၀ါး ဟား ဟား ဟား ဟူ၍ ကျယ်လောင်စွာ ရယ်မောကြလေ၏။ ထိုရယ်မောသံကြောင့် ရွာတွင်းရှိ သရက်ကြီးများပေါ်၌ နားခိုနေကြသည့် ညဥ့်ငှက်တစ်ချို့ လန့်နိုးကာ အဝေးပျံသန်း သွားကြလေတော့၏။

ထိုနေ့မှစ၍ အံ့သြစွာ ကိုရင်တက်ပု ထူထူထောင်ထောင် ဖြစ်လာပြီး နေကောင်းကျန်းမာလာ၏။ သူ၏ အင်္ဂလိပ်စာက သူ့အား ပြန်ကယ်လိုက်ခြင်းဟု ဆိုလျှင် မှားအံ့မထင်ပေ။ သို့သော် ကိုရင်တက်ပုတစ်ယောက် စကားလဲ အတော်လေး နည်းသွားလေ၏။ ကြွားလုံးဖိန့်လုံးတွေကိုလဲ လုံးဝ မပြောတော့ပေ။ အင်္ဂလိပ်လို ညှပ်ပြောခြင်းကိုလဲ လုံးဝ မပြုတော့ပေ။ အင်္ဂလိပ်ဇာတ်ကားကို ဘာသာပြန်ဖို့ နေနေသာသာ ဗီဒီယို စကရင်နားသို့ပင် လုံးဝ မကပ်တော့ဘဲ ၀စီပိတ်ကျင့်ကြံနေသကဲ့သို့ အေးတိအေးစက်ဘ၀သို့ ပြောင်းလဲသွားလေ၏။ ထိုအဖြစ်အပျက်များ ဖြစ်ပြီး နောက်တစ်ပတ်ခန့် အကြာ၌ ကိုရင်တက်ပု တစ်ယောက် ရန်ကုန်သို့ ပြန်ဆင်းသွားလေတော့သတည်း။ အော်... ကိုရင် တက်ပု ကိုရင်တက်ပု၊ အခုလောက်ဆို ပဇင်းဖြစ်ပြီး ဓမ္မာစရိယတွေ ဘာတွေ ပြီးစီး အောင်မြင်နေရောပေါ့။ သတိရလိုက်ပါဘိ။ ။
....

ကိုရင်တက်ပု အဖြစ်အပျက်ကဲ့သို့ပင် အဖြစ်အပျက်တစ်ခု ကြားဖူးလေ၏။ မန္တလေးမြို့တွင် ဖြစ်၏။ ဦးဇင်းတစ်ပါး အင်္ဂလိပ်စကားပြောလေ့ကျင့်ရင်း အနောက်တိုင်းသူ အမျိုးသမီးတစ်ဦးနဲ့ ခင်မင်သွား၏။ ထို့နောက် အချင်းချင်း အသက်မေးကြလေ၏။ လမ်းအတူလျှောက်ရင်းဖြင့်ပင် ဦးဇင်းက နိုင်ငံခြားသူအား How old are you? ဟု မေးမြန်းသည့်အခါ I am 31 ဟု ပြန်ဖြေ၏။ ထို့နောက် ထိုနိုင်ငံခြားသူက And you? ဟု ဦးဇင်းအား ပြန်မေးသည့်အခါ ထိုဦးဇင်းမှာ သူကျက်မှတ်ထားသည့် Guess me please ဟု အသက်ကို မှန်းခိုင်းဖို့ ကြိုးစားရင်း အသံထွက် မှားသွား၍ ထိုနိုင်ငံခြားသူက အနားကပ်လာပြီး အားရပါးရဖက်ကာ ဘယ်ပါးညာပါးကို မွ မွ မွ ဟု ဘယ်ပြန်ညာပြန် မွှေးမွှေးပေးလေသောဟူ၏။ အမှတ်မထင် ထိုကဲ့သို့ ပြုလုပ်တာကို ခံလိုက်ရသည့် ဦးဇင်းမှာ ပူထူထူ ရှိန်းတိန်းတိန်းကြီးဖြစ်သွားကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသောဟူ၏။ ထိုဦးဇင်း အသံထွက်လိုက်သည်မှာ Kiss me please ဟူသတတ်။
..

သူများအကြောင်းကိုသာ ပြောရသည်။ ထိုကဲ့သို့ ဘာသာပြန်မှားခြင်းမျိုး ခပ်ဆင်ဆင် သူကြီးမင်း ကိုယ်တွေ့ ကြုံဖူးလေသည်။ သူကြီးမင်း ကြုံဖူးသော အဖြစ်အပျက်မှာ တုံးဖလားမှာလဲ မဟုတ် မန္တလေးမှာလဲ မဟုတ်ပေ။ စင်စစ်အမှန်မှာ ဤ ဘိလပ်ရွှေပြည်ကြီး၌ပင် ကြုံဖူးခြင်း ဖြစ်လေ၏။ သူကြီးမင်း တက်ရောက်နေသည့် တက္ကသိုလ်တစ်ခုတွင် ဖြစ်၏။ တစ်နေ့တွင် ဆရာမတစ်ယောက်က Globalization ကြောင့် ဆုံးရှုံးနိုင်သည့် ဆိုကျိုးများ ဟူသည့် ခေါင်းစဉ်ဖြင့် အက်ဆေးတစ်ပုဒ် အတန်းထဲ လက်တန်း ရေးခိုင်းလေ၏။ သူကြီးမင်းလဲ ပိုင်ပြီအထင်ဖြင့် Globalization ကြောင့် ရေခဲတောင်တွေပြိုခြင်း၊ ကမ္ဘာတစ်ဝှမ်းရေကြီးခြင်း၊ ဆားငန်ရည်လွှမ်းမိုး ခံရခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်ခြင်း၊ သစ်ပင်များ သေဆုံးနိုင်ခြင်း၊ သက်ရှိသတ္တ၀ါများ သေဆုံးနိုင်ခြင်း၊ သယံဇာတများ ဆုံးရှုံးနိုင်ခြင်း စသည့် ဆိုးကျိုးများကို တန်းစီပြီး ရေးချလေတော့၏။ နာရီဝက်အတွင်း အက်ဆေးတစ်ပုဒ် ပြီးသွားပြီး ဆရာမအား သွားပြသည့်အခါ ဆရာမသည် ပြုံးစိစိ ဖြစ်သွားပြီး အိုးးး မိုင်ဂေါ့ဒ်.. မစ်စတာ ကိုကိုမောင်၊ ငါမေးတာက Globalization၊ မင်းဖြေတာက Global-warming ဖြစ်နေပါရောလား ဟား ဟား ဟား ဟူ၍ ဆရာမ၏ ရယ်မောခြင်းကို ခံခဲ့ရဖူးလေ၏။

တော်ပါသေးရဲ့ ကိုရင်တက်ပုရဲ့ ဘာသာပြန်အမှားမျိုးလို မဟုတ်ခဲ့လို့။ တော်ပါသေးရဲ့ မန္တလေးက ဦးဇင်းတစ်ပါးရဲ့ အသံထွက် အမှားမျိုးလို မဖြစ်ခဲ့ပေလို့။ သို့ပေသည့် အမှားက အမှားပေဘဲ မဟုတ်ပါလား။ Minus+Minus=Plus ဖြစ်နိုင်ပေမဲ့ အမှား+အမှားက အမှန် မဖြစ်နိုင်ပေဘူးလေ။ နောင်လာနောက်သား အင်္ဂလိပ်စာ သင်ယူနေကြသည့် ညီငယ်နှမငယ်များလဲ ကိုရင်တက်ပုလို မန္တလေးက ဦးဇင်းလို သူကြီးမင်းလို အမှားမျိုး မကြုံရလေအောင် ကြိုးစားအားထုတ် မှတ်သားလေ့လာနိုင်ကြစေကုန်တော့သတည်း။ ။ ပြီးပြီ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)

.