တစ်ည၌...
ကျွန်ုပ်သည် စာရေးစာဖတ်ရင်းဖြင့် မိုးစင်စင်လင်းသွား၏။ လန်ဒန်နွေရာသီသည် နေ့တာရှည်လွန်းလှပြီး ညတာတိုတောင်းလှ၏။ ထို့ကြောင့် မနက် လေးနာရီခွဲလောက်တွင် မိုးလင်းပြီတည်း။ မနက် ငါးနာခွဲခန့်၌ ခေါင်းမူးတူးတူးဖြစ်လာ၍ "အသက်ဥာဏ်စောင့် ဥစ္စာကံစောင့်" ဟူသော နိယာမအရ "အနားယူမှ တော်ကာကျမည်"ဟု စဉ်းစားပြီး ကွန်ပျူတာပိတ်ကာ စာရေးစာဖတ်ခြင်းအလုပ်ကို အနားပေးလိုက်ပြီး အိပ်ရာထက်၌ လှဲလျောင်းကာ မျက်စိကိုမှိတ်ပြီး အနားယူလေနေ၏။ မိုးစင်စင်လင်းပြီးသည့်ကစား အခန်းကို ကာတင်ခပ်ထူထူဖြင့်ကာရံပြီး အလုံပိတ်ထားသဖြင့် အပြင်က အလင်းရောင်တို့ကား အခန်းတွင်းသို့ မ၀င်ရောက်လာနိုင်ပေ။ အလင်းရောင်ရှိလျင် အိပ်ပျော်လေ့မရှိသည့် ကျွန်ုပ်အတွက် အိပ်စက်ဖို့ အဆင်ပြေလှ၏။
အိပ်တစ်ဝက် နိုးတစ်ဝက်အချိန်လေးတွင် အိပ်ရာအထက် အင်္ဂါထောင့် အပေါ်မျက်နှာကြက်တစ်နေရာမှ ၀တ်ဖြူစင်ကြယ် အဘိုးအိုတစ်ဦးဆင်းလာလေ၏။ အဘိုးအိုသည် ညာဘက်လက်၌ တောင်ဝှေးလိုလို အရာဝတ္ထုတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ဘယ်ဘက်လက်၌မူ အရောင်ပြိုးပြိုးပြက်ပြက်ရှိသည့် ရတနာအလုံးလေးတစ်လုံးကို ကိုင်ဆောင်ထားလေ၏။ ထိုအဘိုးအိုသည် ကျွန်ုပ်၏ ရှေ့တူရူအရပ်၌ မတ်တပ်ရပ်နေပြီး ကျွန်ုပ်အား....
"ကိုကိုမောင်ကို မစဖို့ အဘိုးလာခဲ့ရခြင်းဖြစ်ပေသည်။ အလိုရှိရာကို စဉ်းစားပြောကြားပါလော့"ဟူ၍ ထူးဆန်းသည့်အသံ တည်ကြည်သည့် ဟန်ဖြင့် စကားကို တစ်လုံးချင်းစီ ပီပီသသကြီး ပြောကြားလေ၏။ ကျွန်ုပ်သည်လည်း အဘိုးအို၏ အသွင်သဏ္ဍာန်နှင့်စကားပြောဟန်တို့ကို အကဲခတ်လေ့လာပြီး အဘိုးအို၏ စကားကို အကြွင်းမဲ့ယုံကြည်သွားလေ၏။
"မင်္ဂလာပါ အဘိုးအို။ ကျွန်ုပ်သည် ယခုလက်ရှိအနေအထားဖြင့် နေရလျင်ကျေနပ်ပါပြီ။ ပိုပြီးချမ်းသာခြင်းကို တပ်မက်မောမှု မရှိလှပါ။ သို့သော် ဆင်းရဲတွင်းသို့ မ၀င်ရောက်နိုင်အောင်တော့ ကျွန်ုပ်ကို ကာကွယ်ပေးစေလိုပါသည်"
"အိမ်းး အိမ်းးး.. ဒီလောက်တော့ လွယ်လွယ်လေးပေပါ့။ ခက်ခဲမှု မရှိလှပေဘူး။ စိတ်သာချပါ။ ပြီးတော့ ကိုကိုမောင်တစ်ယောက် အများကြီး တိုးတက်ကြီးပွား ချမ်းသာဦးမည့် အရိပ်နိမိတ်ကိုလည်း အဘိုးမြင်တွေ့နေရပေသည်။ အတိတ်ကံအရမ်းကောင်းခဲ့သည့်အတွက် ကိုကိုမောင် မချမ်းသာချင်သော်လည်း ဒီထက်ပိုပြီး ချမ်းသာလာပါဦးမည်""ကျေးဇူးတင်လှပါသည် အဘိုးအို။ ကျွန်ုပ်ထပ်ပြီး အကူအညီတစ်ခုတောင်းလိုသည်။ အဘိုးအို ခွင့်ပြုမည်လော။ ကူညီပေးနိုင်မည်လော"
"ဘဇာကို ဆိုလိုသနည်း။ ပြောကြားလေလော့""ကျွန်ုပ်၏ စိတ်အစဉ်ကို ရွှင်လန်းအောင် ပြုလုပ်ပေးခဲ့ကြည့် အကို အမ ညီ ညီမ စုစုပေါင်း ၂၅ ယောက် ရှိခဲ့ဖူးပါသည်။ ထို ၂၅ ယောက်တို့အား အဘိုးအို ကြည့်ရှုစောင့်ရှောက် မစ ပေးတော်မူပါ။ အကုသိုလ်မဖက် ကုသိုလ်သက်သက်ဖြင့် သူတို့၏ ဘ၀များကို ကြီးပွါးချမ်းသာအောင် ကူညီပေးစေလိုပါသည် အဘိုးအို"
"အိမ်းး.. ကိုကိုမောင် တောင်းဆိုမှတော့ အဘိုးအို မငြင်းလိုပြီဘူး။ ကြည့်ရှုစောင့်ရှောက်ဖို့ အဆင်သင့်ပေဘဲ။ သို့ပေသည့် ထို ၂၅ ယောက်တို့၏ အိုင်ဒီကို အဘိုးအို သိလိုလှပေသည်။ ကိုကိုမောင် ရှာကြံပေးလေလော့""အဘိုးအို.. ထိုသူတို့၏ အိုင်ဒီဟူသည်မှာ အဘယ်ကို ဆိုလိုသနည်း။ ပိုပြီး ရှင်းသွားအောင် တစ်ဆိတ်လောက်တော့ ရှင်းပြစေလိုပါသည် အဘိုးအို"
"ဒါက သည်လို ရှိပေသည်။ သူတို့၏ အိုင်ဒီဆိုသည်မှာ ကိုကိုမောင်ကို စိတ်ချမ်းသာမှုဖြစ်အောင် သူတို့ဆောင်ရွက်ခဲ့ဖူးသည့် အထောက်အထားတစ်ခုခုဆို ရပေပြီ""ဒါဖြင့် သူတို့ ပြောခဲ့ကြသည့် စကားလုံးများစွာတို့က ကျွန်ုပ်အား စိတ်ဘ၀င်ချမ်းမြေ့မှု အပြည့်အ၀ ပေးခဲ့ပေသည်။ ထိုစကားလုံးတို့ကို အိုင်ဒီအနေနဲ့ ဖော်ပြပေးလိုက်လျင် အဆင်ပြေမည်လော အဘိုးအို"
"အိမ်းး ကောင်းပေစွ.. ကောင်းပေစွ။ သူတို့ပြောခဲ့ကြသည့် စကားတို့ကိုသာ တင်ပြလေလော့။ ထိုစကားတို့သည်ပင်လျင် သူတို့၏ အိုင်ဒီစစ်စစ်ဖြစ်စေပေအံ့"ထိုကဲ့သို့ ကျွန်ုပ်နှင့် ၀တ်ဖြူအဘိုးအိုတို့ အချင်းချင်း စကားပြောခဲ့ကြပြီးနောက် ကျွန်ုပ်သည် အဘိုးအိုအား
ကျွန်ုပ်ကို စိတ်ချမ်းသာမှုပေးခဲ့ကြသည့် ထို ၂၅ ယောက်တို့၏ ရင်တွင်းစကားတို့ကို ပြသလိုက်လေတော့၏။ အဘိုးအိုသည်လည်း ထို ၂၅ ယောက်နှင့် ထိုသူတို့၏ အိုင်ဒီဖြစ်စေမည့် စကားတို့ကို သေချာစွာ တစ်စိမ့်စိမ့် ဖတ်ရှုရင်း...
"အိမ်းး.. အိမ်းး သင့်မြတ်လှပါပေသည်။ ထိုသူတို့၏ စေတနာအမှန်ကို မြင်ရပေသည်။ ထို နှစ်ဆယ့်ငါးယောက်လုံးကို အောင်မြင်မှု ပန်းတိုင်ဆီ အရောက် ပို့ပေးမည်။ လုပ်ငန်းများ အောင်မြင်အောင် ကြည့်ရှုစောင်မပေးမည်။ ယုတ်စွအဆုံး ထိုသူများ ထီထိုးကြလျင်ပင် ထီပေါက်နိုင်အောင် အဘိုးဆောင်ရွက်ပေးမည်။ သို့သော် ၀၃ ၁၂ ၂၁ ၃၀ ၄၈ ၅၇ ၆၆ ၇၅ ၈၄ ၉၃ ဟူသော မင်္ဂလာဂဏန်းတို့ကို မမေ့ကြလေလင့်"ဟု ပီပီသသပြောဆိုပြီးနောက် သူ့လက်အတွင်း၌ ရှိနေသည့် ရတနာအလုံးလေးကို ကျွန်ုပ်အား ပေးလေ၏။ ကျွန်ုပ်သည် ထိုရတနာအလုံးလေးကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေလက်ခံလိုက်လေ၏။ လက်တွင်းသို့ ထိုရတနာလေးလုံး ရောက်လာချင်းချင်းပင် ထိုရတနာလုံးလေးသည် လက်အတွင်း ငွေ့ရည်အဖြစ်ပြောင်းလဲသွားကာ ကျွန်ုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးထဲသို့ စီးဆင်းသွားလေတော့၏။ ခန္ဓာကိုယ်တစ်ပြင်လုံးလည်း အားအင်များ ပိုပြည့်ဖြိုးလာသကဲ့သို့ ခံစားရလေ၏။ ပိုပြီး လန်းဆန်းတက်ကြွလာလေ၏။ ထို့နောက် အဘိုးအိုသည်...
"အောင်စေ... အောင်စေ... အောင်စေ..."ဟု လေးနက်စွာ ဆုပေးပြီး သူကိုင်ဆောင်ထားသည့် တောင်ဝှေးလိုလို အရာဝတ္ထုတစ်ခုဖြင့် ကျွန်ုပ်၏ ကျောပြင်သို့ လေးငါးခါမျှ အသာအယာ ပုတ်ပေးနေလေ၏။ ပြီးနောက် အဘိုးအိုသည် ထိုတောင်ဝှေးလေး၏ ထိပ်တစ်ဘက်ကို လက်နှစ်ဖက်ဖြင့် စုကိုင်ကာ ကျန်တစ်ဘက်ကို မြေကြီးပေါ် ထောက်ထားပြီး မျက်စိနှစ်လုံးကို စဉ်းငယ်မှိတ်၍ ပါးစပ်က ပွစိပွစိရွတ်ဆိုနေလေ၏။ ထိုမှနောက်တွင် အဘိုးအိုသည် ကျွန်ုပ်၏ ရှေ့မှောက်တွင်ပင် မူလရုပ်သွင်မှ တဖြည်းဖြည်း အရည်အငွေ့သဏ္ဍာန်ပြောင်းလဲကာ ပျောက်ကွယ်သွားလေတော့၏။
ကျွန်ုပ်သည်လည်း ထိုအဘိုးအို၏စကား အမှန်လေလား ယောင်ဝါးဝါးလေလား သိရှိရလေအောင် ထိုနေ့မှစ၍ ကျွန်ုပ်အား စိတ်ချမ်းသာမှုကို ပေးခဲ့ကြသည့် အထက်ဖော်ပြပါ ၂၅ ယောက်တို့၏ တုန့်ပြန်စကားများကို မျှော်လင့်စောင့်စားနေမိလေတော့သတည်း။ ။
ကံက ကံကို ကံအဖြစ် ကံပြု၏ကိုကိုမောင်(ပန်းရနံ့)...
ကျွေး...ကျွေး...ရဝူး..ကျွေး...
မကျွေးမချင်း ထိုင်ကိုစောင့်နေမှာ...
ကိုကိုမောင့်မွေးနေ့မှာ မုန့်စားရေး...
ဒို့အရေးး..ဒို့အရေး...
ခေတ်ပျက်နေတယ်နော်...သိတယ်မလား..။
HAPPY BIRTHDAY ...KO KO MAUNG
Tuesday, 10 August 2010 03:02:00 PDT