ကလေးဘ၀ အမှတ်တရ တဲ့လား။
နှင်းနဲ့မာယာက တဂ်ထားတယ်။ ရေးမယ်ရေးမယ်နဲ့ မအားမလပ်ဖြစ်နေလို့ မရေးဖြစ်ခဲ့ဖူး။ အခုမှဘဲ ရေးဖြစ်လိုက်တော့တယ်။
ငယ်ဘ၀ကို ပထမဦးဆုံးအမှတ်ရစေတာကတော့ အမေပြောပြတဲ့
ရွှေယုန်နှင့်ရွှေကြားပုံပြင်လေးပါဘဲ။ ညစဉ်ညတိုင်းပြောပြပေမဲ့ ဘယ်တော့မှလဲ ရိုးမသွားပါဘူး။ ညရောက်တိုင်း လသာဆောင်မှာ မိသားစုစုပြီး လရောင်ကို ခံစားရင်းလဲ အမေက ရွှေယုန်နဲ့ ရွှေကြား သက်ကယ်ရိတ်သွားတဲ့ပုံပြင်လေးကို ပြောပြတယ်။ အိပ်ရာထဲမှာလဲ ပြောပြတယ်။ အမျိုးတွေအိမ်အလည်သွားရင်းနဲ့လဲ ပြောပြတယ်။ ဘယ်လိုဘဲပြောပြော ဘယ်လောက်ဘဲ ပြောပြော ကျနော့်အတွက်ကတော့ ရိုးမသွားခဲ့ပါဘူး။
.......
ပြီးတော့ ရွယ်တူသူငယ်ချင်းတွေနဲ့
ဆိုရခက်ခဲတဲ့ စာကြောင်းလေးတွေကို ခပ်မြန်မြန်ဘယ်သူဆိုနိုင် မဆိုနိုင် ပြိုင်ခဲ့ကြတာကိုလဲ အမှတ်ရမိတယ်။
လိပ်ပြာ လိပ်ပြာ လိပ်ပြာ (အမြန်ထပ်ခါထပ်ခါဆိုပါ)။
ဘန့်ဘွေးပွင့် ပက်လက်လန် (အမြန် ထပ်ခါထပ်ခါဆိုပါ)။
နွေမှာ ပွင့်တဲ့ နွေပွဲပွင့် (အမြန်ထပ်ခါထပ်ခါ ဆိုပါ)
ရွှံ့ ပေါ် ရှဥ့်ပြေး ရှဥ့်မွေး ရွှံ့ မလူး (အမြန်ထပ်ခါထပ်ခါဆိုပါ)။
ပြိုင်ခဲ့ကြပေမဲ့လဲ ရွတ်ဆိုတာမြန်လာတဲ့အခါ စကားလုံးတွေ ထပ်သွားတာပါဘဲ။
ဥပမာ။
လိပ်ပြာ လိပ်ပြာ လိပ်ပြာ ဆိုပြီး အခါပေါင်းများစွာ ရွတ်ဆိုလို့ရှိရင်
ပြာလိပ် ပြာလိပ် ပြာလိပ်ဆိုပြီး ပြောင်းပြန်ဖြစ်သွားတယ်လေ။ အထူးသဖြင့်တော့
နွေမှာ ပွင့်တဲ့ နွေပဲပွင့် လို့ဆိုရတာက အခက်ဆုံးပါဘဲ။
......
သူများတွေ တရုတ်စကား ပြောနေတာ မြင်ရင် ဘယ်ကနေရလာမှန်းမသိတဲ့ စာလေးကို ရွတ်ဖတ်ပြီး အချင်းချင်းနောက်ပြောင်နေမိခဲ့ကြတယ်။ ဘာတဲ့။
နုတ်ပြီစံ ချူးလေး အင်ရှင်ပွတ် ခပ်ဖနုံ ရာခွိုက် တဲ့။
တရုတ်စကားတတ်ပြီး အင်္ဂလိပ်လိုမတတ်ဘူးလို့တော့ မထင်လိုက်နဲ့နော်။ တတ်တယ်။ ဒီလို။
ရန်းဂူး တစ်ဖန်းကက် ဓနောတိ ချိုက်ကင်။အာသိမ်ထဲ ချဲလှော် ဒဲပြူး လြဲီး။ (
အိမ်သာထဲ ချော်လဲ ဒူးပြဲ ...... )။ ညစ်ပတ်တာမဟုတ်ဘူးနော်။ ကလေးဘ၀တုန်းက အော်ဆိုခဲ့ကြတာကို ပြန်ပြောပြတာပါ။
.....
ကျောင်းသားဘ၀တုန်းက လူစုမိကြပြီဆိုရင် တစ်လှည့်စီ မြို့နာမည်တွေ ဖော်ပြတမ်းကစားကြတယ်။ ဥပမာ။
ရက ဆိုတာ သိလားပေါ့။ သိတယ်။
ရက ဆိုတာ ရန်ကုန်ပေါ့။ အဲဒီလိုမျိုးတွေ ခဏခဏကစားဖြစ်တယ်။ မြို့အစုံပေါ့။ ပြီးတော့ ရွာထဲမှာ ရှိတဲ့ ကောင်မလေးငယ်ငယ်လေးတွေရဲ့ နာမည်တွေကိုလဲ ခဏအတွင်း ပြောနိုင်မပြောနိုင် ခုနကအတိုင်း ကစားကြတယ်။ ဥပမာ။
ထက ဆိုတာ သိလား။ သိတယ်။ ဘာလဲ။
ထက ဆိုတာ ထွေးကြည်ပေါ့။ စသဖြင့် စသဖြင့်ပေါ့လေ။ စုံနေတာပါဘဲ။
...
ပြီးတော့
ကုက္ကိုပင်က ကိုကံကောင်း ကုက္ကားကိုင်းကို ကောင်းကောင်းကိုင်။သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သိသိသာသာ သွားသည်။တဲတိုင် တစ်တာ တွင်းတူး။ကုက္ကိုကုန်းက ကျွဲကြီးကိုးကောင်ကို ကြာကြီးကွင်းက ကျားကြီးကိုးကောင်က ကိုက်ကြ။အဲဒီလို အက္ခရာတစ်လုံးထဲနဲ့ သုံးနှုံးထားတဲ့ စာကြောင်းတွေကို ဘာအဓိပ္ပါယ်ရှိမှန်းတော့ ကောင်းကောင်းမသိခဲ့ဘူး။ ဒါပေမဲ့ ခဏခဏ အော်ဆိုဖြစ်ခဲ့ကြတယ်။ အော်ဆိုလို့ အတော်လေး ပါးစပ်အရသာတွေ့တယ်လေ။
......
နောက်ပြီး
ကျနော်တို့ ကိုရင်ဝတ်နေကြစဉ်တုန်းက ရွာထဲကကောင်လေးတွေနဲ့ ဆုံမိကြတဲ့အခါ သူတို့က ၀ိုင်းစကြတယ်။
ကိုရင် ကိုရင် အပျိုမြင်၊ ချိုချဉ်မစုပ်ရ တဲ့။
ကျနော်တို့လဲ အသာလေး ငြိမ်ခံမနေပါဘူး။ ထပ်သောင်းကျန်းလိုက်တယ်။
စုပ်ရပါတယ် ယောက်ဖရယ်၊ ၀ယ်ပေးမလားကွယ် လို့။
ကိုရင်လူထွက် ငါးပိချက်၊ ယောက်မနဲ့နှက်၊ ဒေါက်ဒက် လို့ အော်ပြီး စတာ နောက်တာလဲ ခဏခဏ ခံရဖူးတယ်။ စိတ်ဆိုးစရာကောင်းပေမဲ့ ကျနော်တို့ ပျော်ခဲ့ကြပါတယ်။
တောင်ပေါ်ကရှမ်းကလေးကတော့ မြန်မာတစ်နိုင်ငံလုံး ခေတ်စားခဲ့တယ်ထင်ပါတယ်။ ကျနော်တို့လဲ ဆိုခဲ့ကြတာပါဘဲ။
....
ကျနော်တို့ ကလေးအရွယ်တုန်းက ဗူစီပေါင်းတွေ ခဏခဏ၀ယ်ပြီး ဆော့ကစားခဲ့ကြတယ်။ ဒါကို ကျနော်တို့အဖိုးက သိတော့ မင်းတို့ကောင်လေးတွေ
ငွေဖြုန်းတဲ့ လေလုံးဘဲ ၀ယ်နေကြတယ်။ ဘာအကျိုးရှိလဲ၊ စားလို့ရလား၊ သောက်လို့ရလား၊ ဗိုက်ပြည့်ကြလား တဲ့။ သတိရတာလေးကို ပြန်ပြောပြတာပါ။ ရသတော့ မမြောက်ပါဘူး။
.....
ခပ်ညစ်ပတ်ပတ် စာသားလေးတွေလဲ အများကြီး အော်ဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘလော့ဂ်စာမျက်နှာပေါ်မှာ ဂါမ္မဒေါသတွေ သင့်နေမှာစိုးလို့ မရေးလိုက်တော့ပါဘူး။ ကလေးဘ၀ဆိုတော့လဲ သူများတွေ အော်ဆိုတာကို လိုက်အော်ကြတာဘဲလေ။ ရိုင်းလားမရိုင်းလားတောင်မသိခဲ့ပါဘူး။ အခုမှ သေချာတွေးကြည့်ပြီး ကိုကိုမောင်ဆိုတဲ့သူ တော်တော်လေး အရှက်နည်းပြီး ရိုင်းစိုင်းခဲ့ပါလားလို့ ရှက်တွေးလေး တွေးမိရင်း
နှင်းနဲ့မာယာရေ... ဒီလောက်ဆို ကျေနပ်တော့နော်။
........