Thursday 24 September 2009

Money First တဲ့


လူ့လောကထဲ ကျင်လည်ကျက်စားလာခဲ့တာ အတော်လေးကြာခဲ့ပါပြီ။ Lady first ဆိုတဲ့စကားကိုသာ ကြားဖူးခဲ့ပါတယ်။ Money First ဆိုတဲ့ ဆိုရိုးစကားကို မကြားခဲ့ရရိုးအမှန်ပါ။ ဒါပေမဲ့ ဒီနေ့မှာ အဲဒီစကားကို ထူးထူးဆန်းဆန်းကြားခဲ့ရတယ်။

မာစတာတန်းအတွက် Tuition fees သွင်းဖို့ ကျနော်နှင့်ကိုမင်းထက် ဒီနေ့ လန်ဒန်ယူနီဗာစီကို သွားခဲ့ကြတယ်။
ကျနော်တို့တက်ရမဲ့ကျောင်းက SOAS (School of Oriental and African Studies), University of London မှာပါ။ အဲဒီ SOAS ကို နေရာနှစ်ခု ခွဲထားတယ်။ တစ်ခုက ကျနော်တို့ Pre-sessional courses တက်ခဲ့တဲ့ Russell Squre မြေအောက်ဘူတာရုံအနီးမှာ တည်ရှိပါတယ်။ ဘူတာကနေ ဆယ်မိနစ်လောက် လမ်းလျောက်ရပါတယ်။ နောက်တစ်ခုကတော့ the Vernon Square Campus, Penton Rise မှာ တည်ရှိပါတယ်။
အဲဒီကို သွားချင်ရင် Russell Square ရဲ့ ဟိုဘက်နောက်တစ်ဘူတာဖြစ်တဲ့ King's Cross ဘူတာမှာ ဆင်းရပါတယ်။ ၁၂ မိနစ်လောက် လမ်းလျောက်ရင် အဲဒီကို ရောက်နိုင်ပါတယ်။

ဒီနေ့ ကျနော်တို့ ငွေသွားသွင်းရတဲ့နေရာက the Vernon Square Campus, Penton Rise ဆိုတဲ့ King's Cross ဘူတာရုံနားက အဆောက်အဦတစ်ခုမှာပါ။ အဲဒီနေရာကို ကျနော်တို့ တစ်ခေါက်ဘဲ ရောက်ဖူးပါတယ်။ ဒါတောင်မှ ပေါင် ၂၀ အကုန်ခံပြီး တက်ရောက်ထားတဲ့ Conference တစ်ခုရဲ့  ကျေးဇူးကြောင့် ရောက်ဖူးခဲ့တာပါ။

အဲဒီနေရာကို မသွားခင် အင်တာနက်မှာ မြေပုံကြည့်ပါတယ်။ ကျနော်က အကျင့်ပါနေပြီ။ သွားရမဲ့နေရာကို အင်တာနက်မှာ ကြည့်ရမှ ကျနော်က စိတ်အေးတယ်။ ဒါမှ ဘယ်လိုသွားရမယ်၊ ဘယ်ရထား ဘယ်ကားကို စီးရမယ်၊ အချိန်ဘယ်လောက်ကြာကြာသွားရမယ်၊ ဘယ်ရထားလမ်းက လောလောဆယ်ပိတ်ထားတယ် စတဲ့ အချက်အလက်အသေးစိပ်ကို ရရှိမှာမဟုတ်လား။ ဒါကြောင့် ကျနော် အင်တာနက်မှာ လမ်းညွန်ကြည့်တယ်၊ ပြီးတော့ မြေပုံကို ပရင့်တ်ထုတ်ပြီး ယူဆောင်သွားခဲ့တယ်။

ဒါပေမဲ့ King's Cross ဘူတာရုံရောက်တော့ ကျနော်မြေပုံထုတ်ကြည့်စရာမလိုတော့ပါဘူး။ ကိုမင်းထက်က သူနဲနဲမှတ်မိတယ်၊ စမ်းသွားကြည့်တာပေါ့ဆိုတာနဲ့ ကျနော်တို့ မြေပုံမကြည့်ဘဲ အလွတ်သွားလိုက်ပါတယ်။ တန်းတန်းမတ်မတ်ပါဘဲ၊ the Vernon Square Campus, Penton Rise ကို ရောက်ရှိသွားတယ်။

အဲဒီအဆောက်အဦအ၀င်ဝမှာ ဧည့်ကြိုကောင်တာရှိတယ်။ အဲဒီကောင်တာမှာ အထဲဝင်ခွင့်လက်မှတ်ယူပြီးမှ အထဲဝင်ခွင့်ရတယ်။ ပြီးတော့ သူတို့က လမ်းညွန်ပေးတယ်။ ငွေသွင်းမှာဖြင့် R.208 ကို သွားပါတဲ့၊ အဲဒီမှာ Cashier ရှိတယ်တဲ့။ သူညွန်တဲ့အတိုင်း ဒုတိယထပ်ကို ဓါတ်လှေခါးနဲ့တက်သွားခဲ့ပါတယ်။ အခန်းနံပါတ် (208) ကိုရောက်ရောက်ချင်း တွေ့လိုက်ရတာကတော့ လူမည်းဝန်ထမ်းတစ်ယောက်ပါဘဲ။

မာစတာတန်းအတွက် သင်တန်းကြေးငွေသွင်းဖို့လာတာပါလို့ ကျနော်တို့က ပြောလိုက်တယ်။ ဘယ်လိုပေးမှာလဲတဲ့။ ကျနော်က ကဒ်နဲ့ပေးမယ် ပြောတော့.. ရော့ ဒီမှာ ကဒ်ထည့်တဲ့စက်. ကဒ်ထည့်ပြီး Pin code ကို နှိပ်ပါတဲ့။ ဘာမမေး ညာမမေးနဲ့ ပိုက်ဆံကိုအရင်တောင်းတော့ ကျနော် အတော်လေး တွေဝေသွားတယ်။ ပေးရမဲ့ပိုက်ဆံက နဲနဲလေးမှ မဟုတ်တာ။ လွယ်လွယ်လေးပေးလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျနော်တို့ အချက်အလက်တွေ အိုင်ဒီတွေ မမေးတော့ဘူးလား မစစ်ဆေးတော့ဘူးလားလို့ မေးတော့ သူက ပြောတယ်။ Money First, then I will ask you တဲ့။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ဗျာ။ Money First တဲ့။

မတတ်နိုင်ဘူး။ သူပြောတဲ့အတိုင်းဘဲ ကျနော်တို့ ငွေကို အရင်သွင်းလိုက်ပါတယ်။ သွင်းရတဲ့ငွေက ပေါင် ၁၂၀၀၀ တိတိ။ ကဒ်နဲ့ပေးရတာမို့ တော်သေးတယ်။ မြန်မာနိုင်ငံမှာလို ပိုက်ဆံကို ရေတွက်ပြီးပေးရမယ်ဆိုရင်တော့ လက်တွေတုန်နေမှာ မြင်ယောင်မိသေးတယ်။ တုန်မယ်ဆိုလဲ တုန်ချင်စရာကြီး။ ပေါင် ၁၂၀၀၀ဟာ မြန်မာငွေ သိန်းနှစ်ရာကျော်နဲ့ ညီမျှနေတယ်လေ။ Pre-sessional courses တုန်းကလဲ ပေါင် ၂၃၈၀ သွင်းပြီးပြီ။ အခု ထပ်ပြီး ပေါင် ၁၂၀၀၀ ဆိုတော့.. ပညာတတ်လာမလား မတတ်လာဘူးလားတော့ မသိဘူး။ လောလောဆယ်တော့ လူကို ချိနှဲ့ သွားတာပါဘဲ။

ငွေယူပြီးနောက်မှ သူက ကျနော်တို့ရဲ့  ကျောင်းသားအိုင်ဒီကို မေးတယ်။ လိပ်စာဖြည့်ခိုင်းတယ်။ လက်မှတ်ထိုးခိုင်းတယ်။ ပြီးတော့ ငွေလက်ခံဖြတ်ပိုင်းကို ကျနော်တို့ကို ပေးတယ်။ အဲဒီဖြတ်ပိုင်းကို အခန်း နံပါတ် (205) မှာ သွားပြပြီး စာရင်းပေးသွင်းရတယ်။ ပြီးတော့ နှုတ်ဆက်ပြီး ကျနော်တို့ ပြန်ခဲ့ကြပါတော့တယ်။ ဒီတစ်နှစ်ကတော့ အပြင်းအထန်ကြိုးစားမှ တော်ကာကျတော့မယ်။ ဒါမှ ပေးထားသလောက် ပြန်ရမှာ မဟုတ်လား။

ဘာရယ်လို့တော့မဟုတ်ပါဘူး။ ငွေထိန်းကောင်တာက Money First လို့ ပြောခဲ့တဲ့ စကားလေးကို သဘောကျလို့ ဒီပို့စ်ကို ရေးမှတ်လိုက်တာပါ။ သည်းခံပြီး ဆုံးအောင်ဖတ်ပေးတဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ။

.....

7 comments:

မြတ်နိုး said...

သာထိန်းကြီး upper kanaungdo သား

ဇွန်မ said...

ကိုယ်တိုင် အတွေ့အကြုံလေး ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်

မင်းအိမ်ဖြူ said...

လာဖတ်ပါတယ်ဗျာ ၊၊ ဗဟုသုတတိုးတာပေါ့ဗျာ

တော်သေးတာပေါ့ဗျာ ပြီးတော့ ငွေလက်ခံဖြတ်ပိုင်းလေး ပေးလို့ ဟာဟ

ပျော်ရွှင်ပါစေ

ဒီလို ဗဟုသုတလေးတွေ ဝေမျှပါအုံး

မင်းအိမ်ဖြူ

flowerpoem said...

သယ်ရင်းက ဘော့စ်ပဲ ကံကောင်းလိုက်တာ် ပညာတွေရော ဗဟုသုတတွေရော အများကြီးရတာပေါ့

မိုးခါး said...

လက်တုန်ချင်စရာကြီး ..

မဆုမွန် said...

ဟုတ်တယ် Money first ပဲ အခုကျောင်းတွေက ပေးရတဲ့သူက လန့်နေတယ် ငွေပေးတာ လွဲမှာစိုးလို့ ပို့စ်လေးကို ဖတ်ပြီး ပြုံးသွားတယ်..

မိုးစက်အိမ် said...

Money First, then I will ask you ဆိုတဲ.စကား
လေးကတော. အတော်တာသွားသွားပြီအစ်ကိုရာ
ပေးရတဲ. ပိုက်ဆံကလည်း နည်းနည်းနောနောပါလား
ဗျာ ... ကျွန်တော်တို.တော. အိမ်မက်တောင်မမက်ရဲ
သေးပါဘူးအစ်ကိုရာ ... ဘာဘဲဖြစ်ဖြစ် အစ်ကိုအောင်
မြင်ထူးချွန်ပါစေလို. ဆုတောင်းပါတယ်ဗျာ ...