Sunday, 6 September 2009
ဗြိတိသျှရဲ့ ကောင်းကွက်ကလေးတွေ
ဗြိတိန်နိုင်ငံမှာ ကျနော်တို့နိုင်ငံနှင့်မတူတဲ့ ကောင်းကွက်ကလေးတွေကို အတော်များများ သတိထားဖြစ်တယ်။ လူ့အခွင့်အရေးနှင့်လူသားချင်းစာနာထောက်ထားခြင်းဆိုတဲ့ ပုံစံခွက်ထဲ ၀င်နေလို့လဲ ဖြစ်နိုင်တယ်။ ပြီးတော့ တရားဥပဒေစိုးမိုးတာလဲ ပါတာပေါ့လေ။
အိုမင်းမစွမ်းအတွက် အခွင့်အရေး
နေရာတိုင်းမှာ အသက်ကြီးသူတွေ မသန်မစွန်းသူတွေ ကိုယ်ဝန်ဆောင်သူတွေကို အထူးအရေးပေးထားတယ်။
ဘတ်စ်ကားပေါ်မှာဘဲဖြစ်ဖြစ် ရထားပေါ်မှာဘဲ ဖြစ်ဖြစ် သူတို့အတွက် နေရာသီးသန့်တွေရှိတယ်။ နေရာတွေပြည့်နေရင်လဲ ပူစရာမလိုပါဘူး။ နေရာပေးချင်တဲ့သူတွေ အများကြီးရှိတယ်လေ။ အားကစားဝါသနာပါတဲ့ မသန်မစွမ်းတွေအတွက်လဲ အားကစားရုံထဲမှာ သူတို့အတွက် သီးသန့်ပြင်ဆင်ထားတဲ့ ထိုင်ခုံတွေရှိတယ်။ လက်မှတ်တန်ဖိုးကိုလဲ လျော့ပြီးယူပါတယ်။ ယုတ်စွအဆုံး အများသုံးအိမ်သာတွေမှာတောင် မသန်မစွမ်းသူတွေအတွက် သီးသန့်အိမ်သာရှိတယ်။ ဘီးတပ်(စက်တပ်)ယာဉ်လေးနှင့်သွားလေ့ရှိတဲ့ မသန်မစွမ်းတွေအတွက်လဲ ပလက်ဖောင်းတွေ လမ်းဖြတ်ကူးတံတားတွေ သီးသန့်လုပ်ပေးထားတယ်။ အများပြည်သူတွေကလဲ အိုမင်းမစွမ်းတွေကို လမ်းပေါ်မှာတွေ့ရင် လမ်းဖယ်ပေးကြတာချည်းပါဘဲ။
ဒါကြောင့် ဗြိတိန်မှာ နေထိုင်ကြတဲ့ မသန်မစွမ်းတွေ ဘာမှ စိတ်မဆင်းရဲကြဘူး။ သန်စွမ်းသူတွေနှင့်ညီတူမျှတူ ပျော်ရွှင်မှုရကြတယ်။ မသန်လဲလူ သန်လဲလူပေါ့ဗျာ (နေ၀င်းမြင့်ပြောတဲ့ မသန်လဲလု သန်လဲလု ကို အမှတ်ရမိသေး)။ နိုင်ငံတော်အနေနဲ့လဲ သူတို့ကို လုံလောက်စွာ ထောက်ပံ့ပေးထားပါတယ်။
ကလေးအခွင့်အရေး
ဗြိတိန်မှာ ကိုယ့်ကလေးဆိုပြီး မိဘတွေက ရိုက်နှက်ဆုံးမပိုင်ခွင့်မရှိပါဘူး။ ကျောင်းက ဆရာဆရာမတွေလဲ ကလေးကို မရိုက်ကြပါဘူး။ မိဘဘဲဖြစ်ဖြစ် ဆရာဆရာမဘဲဖြစ်ဖြစ် ကလေးကို ရိုက်ရင် တရားစွဲခံရနိုင်ပါတယ်။
ကလေးကို ဘယ်လောက်အခွင့်အရေးပေးသလဲဆိုတော့ (ကလေးရှိတဲ့မြန်မာမိသားစုမှပြောပြချက်အရ) မိခင်ကိုယ်ဝန်တည်ပြီး မွေးခါစကထဲက ကလေးအတွက်ကြိုတင်ပြင်ဆင်ဖို့ အစိုးရက ပိုက်ဆံထုတ်ပေးပါတယ်။
ပြီးတော့ မွေးပြီးရင်လဲ လစဉ်ထောက်ပံကြေးကို ၁၈ နှစ်အထိ အစိုးရက ထောက်ပံ့ပေးပါသတဲ့။ ဘတ်စ်ကားပေါ် ရထားပေါ်မှာလဲ ကလေးတွန်းလှည်းထားဖို့အတွက် နေရာသီးသန့်ပေးထားတယ်။
ကိုင်း... မပိုင်ဘူးလားဗျာ။
၁၈ နှစ်မပြည့်ခင်လဲ အစိုးရက တာဝန်ယူ။ အသက် ၆၀ ပြည့်ပြီးရင်လဲ အစိုးရတာဝန်ယူ။ ကြားကာလမှာ အလုပ်လုပ်။ ဒါကြောင့် ဒီနိုင်ငံမှာ တင်းတိမ်တတ်ရင် အိုးစာမင်းစာ စုထားစရာမလိုဘူး။ အေးအေးချမ်းချမ်းနေပြီး အေးအေးချမ်းချမ်းသေလို့ရတယ်။ စိတ်ချမ်းသာစွာသေရရင် (ဘာသာတရားတွေအရ) နောင်ဘ၀မှာလဲ ကောင်းတဲ့ဘုံဘ၀ ရောက်မှာ သေချာပါတယ်။
ယာဉ်ရထား
ဘတ်စ်ကားမှာ စပယ်ယာမပါပါဘူး။ ဒါပေမဲ့ ဘယ်ကနေဘယ်ကိုသွားမယ်။ ဘယ်မှတ်တိုင်ရောက်ပြီဆိုတာ ကွန်ပျုတာစနစ်နဲ့ စာတမ်းထိုးပေးတယ်။ အသံနဲ့လဲ ကြေငြာပေးတယ်။ မှတ်တိုင်ကျော်သွားစရာအကြောင်းမရှိဘူး။ ထွက်ချိန် ငါးမိနစ်တစ်စီး၊ ဆယ်မိနစ်တစ်စီး၊ ၁၅ မိနစ်တစ်စီးစသဖြင့် ဘတ်စ်ကားအစားစားရှိတယ်။ ဒါကြောင့်မှတ်တိုင်တစ်ခုမှာ အချိန်ကို တိုင်ပင်ကိုက်ပြီးစောင့်လို့ရတယ်။
ကျုရထားကတော့ တစ်ချို့ ရထားလမ်းကြောင်းထပ်တဲ့ဘူတာမှာဆို တစ်မိနစ်တစ်စင်းဝင်တယ်။ ရထားတစ်စီးဟာ ဘူတာတစ်ခုမှာ အကြာကြီးရပ်လေ့မရှိဘူး။ သူ့နောက်မှာ ရထားတွေတန်းစီစောင့်နေတယ်။
ဘယ်ရထားက ဘယ်အချိန်ရောက်မယ်၊ ဘယ်ရထားက ဘယ်နှစ်မိနစ်မှာရောက်မယ်ဆိုတာကို အော်တိုစနစ်နဲ့ စာတမ်းထိုးပေးထားတယ်။ ရောက်လာတဲ့အချိန်နဲ့ ရေးထားတဲ့အချိန်ဟာ ကွက်တိပါဘဲ။
ကျုရထားမှာလဲ လက်မှတ်စစ်မရှိသလောက်ပါဘဲ။ တစ်ခါတစ်လေမှ လာစစ်တယ်။ ကျနော်လန်ဒန်ရောက်နေတာ နှစ်နှစ်ပြည့်ခါနီးပြီ။ လက်မှတ်တစ်ခါဘဲ အစစ်ခံရဖူးသေးတယ်။
မြေအောက် ပေရာချီနက်ပြီး လမ်းခွဲတွေများပေမဲ့ မျက်စိလည်လမ်းမှားစရာမလိုဘူး။ Way out ဆိုတဲ့ လမ်းညွန်တွေ အပြည့်အ၀ရှိတယ်။ Emergency အရေးပေါ်ထွက်ပေါက်တွေကိုလည်း ညွန်ကြားထားတယ်။ Fire exit တွေလဲ ရှိတယ်။
ယာဉ်ရထားလမ်းပိုင်း
ကားလမ်းဘေးတစ်လျောက် (Highway မှအပ) လူသွားပလက်ဖောင်းတွေရှိတယ်။ ကိုယ်ပိုင်ကားတွေက ဘတ်စ်ကားကို ဦးစားပေးတယ်။ ဘတ်စ်ကားတွေက လမ်းလျောက်တဲ့သူတွေကို ဦးစားပေးတယ်။ လူကူးမျဉ်းကြားမှာ လူထောင်ချီပြီးကူးနေပါစေ စိတ်ရှည်စွာနဲ့ ကားကိုရပ်ပေးထားလေ့ရှိတယ်။ ကားတိုင်း မျဉ်းကြားရောက်တိုင်း၊ လူဖြတ်ကူးနေတာမြင်တိုင်း ကားကို အရှိန်သတ်မောင်းပေးကြတယ်။
ကားလမ်းပြုပြင်နေတဲ့အခါမှာတောင် ဘယ်လောက်ဘဲ လမ်းကျဉ်းပါစေ Pedestrians ဆိုတဲ့ လမ်းညွန်နဲ့ လမ်းဖြတ်ကူးသူတွေအတွက် သီးသန့်လမ်းလုပ်ပေးထားတယ်။ အဲဒီလောက်အထိ လမ်းလျောက်သူတွေကို ဦးစားပေးတယ်။
လမ်းဆုံမရောက်ခင် ကြိုတင်ပြီး ကားမောင်းသူတွေအတွက် လမ်းညွန်ဆိုင်းပို့စ်တွေ အများကြီးလုပ်ပေးထားတယ်။ မီးပွိုင့်တစ်ခုတစ်ခုမှာ စိမ်းဝါနီတွေ တစ်ခုမက အတော်များများတပ်ဆင်ထားတယ်။
အဝေးပြေးလမ်းမမှာဆို လမ်းခွဲမရောက်ခင် မိုင်ဆယ်ချီရှိသေးပေမဲ့ လမ်းညွန်ဆိုင်းပို့စ်တွေကို ကြိုတင်တပ်ဆင်ပေးထားတယ်။ ဒါကလဲ အကြောင်းရှိတယ်။ လမ်းခွဲရောက်လို့ မ၀င်ဖြစ်ရင် ကားကို ပြန်နောက်ဆုတ်ခွင့်မရှိဘူး။ ဆက်သာသွားပေတော့။ အဲဒီနေရာပြန်ရောက်အောင် နောက်ထပ် အနည်းဆုံး ငါးမိုင် ဆယ်မိုင်လောက် ပြန်မောင်းရတယ်။
Tom tom (တုံတုံ) လို့ခေါ်တဲ့ Nevigator လေးက လမ်းမသိသူတွေအတွက် အတော်လေးအထောက် အကူပြုတယ်။
ထွက်ခွါမဲ့နေရာနှင့်သွားရမဲ့နေရာရဲ့ အိမ်နံပါတ် (သို့) ပို့်စ်ကုတ် ကိုသာ ရိုက်ထည့်လိုက် သူ့ဟာသူ ဘယ်ကွေ့ပါ ညာကွေ့ပါ စသဖြင့် ခရီးရောက်အောင် ညွန်ကြားပေးထားတယ်။ ဂြိုဟ်တုစနစ်နဲ့လုပ်ထားတာပါ။ (တစ်ခါတစ်ခါတော့ တုံတုံလဲ မှားတတ်၏)။ လမ်းမှာ တံထားရှိတာ၊ မြစ် ချောင်းရှိတာက အစ တုံတုံက သိပါတယ်။ (နိုင်ငံအတော်များများမှာလဲ တုံတုံရှိလောက်ပါတယ်)။
ဟိုက်ဝေးတစ်လျောက် ၁၅ မိုင် (သို့) မိုင် ၂၀ တိုင်းလောက်မှာ Service ဆိုင်တွေရှိတယ်။ အစားအစာ၊ နေရာထိုင်ခင်း၊ အပေါ့အလေးသွားဖို့ ကားဆီဖြည့်ဖို့ စတာတွေ ရှိပါတယ်။ ကားဆီထည့်ရင်လဲ ကိုယ့်ဘာသာ ကိုယ်ထည့်ပြီး ကျသင့်သလောက်သွားပေးရုံပါဘဲ။ ဆီဖြည့်ပြီးတာနဲ့ ဘယ်လောက်ကျတယ်ဆိုတာ စက်က ဖော်ပြပေးတယ်။ ကားလေကတော့ အခမဲ့ဖြည့်ခွင့်ရှိပါတယ်။
အဝေးပြေးလမ်းတစ်လျောက် လမ်းရဲ့  ၀ဲယာနှင့်အလည်တည့်တည့်(ဘယ်ညာလမ်းရဲ့ အလယ်တည့်တည့်)မှာ သံဘောင်တွေနဲ့ အမြဲကာရံထားပါတယ်။ လမ်းကို ဘယ်သူမှဖြစ်ကူးလို့မရအောင်နဲ့ ဘယ်ညာကားများ လမ်းကျော်ပြီး မ၀င်လာအောင် ပြုလုပ်ထားပုံရပါတယ်။ ရထားလမ်းရဲ့ ဘယ်ညာဘက်မှာလဲ ဒီအတိုင်းကာရံထားပါတယ်။ ချမ်းသာဖွံ့ဖြိုးတဲ့ နိုင်ငံမှာ အတုယူစရာတွေ အများကြီးရှိပါတယ်။
အထွေထွေ
အဆောက်အအုံတစ်ခု သို့မဟုတ် လူအများသွားတတ်တဲ့နေရာတစ်ခုခုမှာ ရေတွေစိုစွတ်နေတယ်ဆိုရင် အမြဲတမ်းသတိပေးဆိုင်းဘုတ်ထောင်ထားပေးပါတယ်။ ဥပမာ ရေစိုနေသည် သတိထားပါ၊ ချော်သည် သတိထားပါ စသဖြင့်ပေါ့။
အိမ်သာထဲမှာလဲ အသုံးအဆောင်တွေကို အပြည့်အ၀ထားရှိပါတယ်။ ဥပမအားဖြင့် တစ်ရှူး၊ ဆပ်ပြာ၊ Hand dryer စသဖြင့်စသဖြင့်ပေါ့။ ဆပ်ပြာတုံးကို ထားလေ့မရှိပါဘူး။ ဆပ်ပြာရည်ကို နံရံကပ်ဗူးထဲထည့်ထားပြီး လိုသလောက် နှိပ်ပြီး သုံးရုံပါဘဲ။
အဆောက်အဦတိုင်းမှာ Fire alarmတွေ ရှိသလို Fire exit တွေလဲရှိတယ်။ မီးအချက်ပေးသံပေါ်လာရင် မီးထွက်ပေါက်အတိုင်း ပြေးထွက်နိုင်ရင် အန္တရာယ်ကင်းနိုင်ပါတယ်။ ကျနော်တက်နေတဲ့ လန်ဒန်ယူနီဗာစီတီမှာဆိုရင် မီးအချက်ပေးစက် အလုပ်မလုပ်မှာ စိုးတဲ့အတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ မီးအချက်ပေးစက်ကို စမ်းသပ်လေ့ရှိပါတယ်။
ကဲဗျာ..
အတော်လေး များသွားပြီ။ ရပ်လိုက်ဦးမယ်။
ဒါက ကြုံတွေ့ကြားသိရသလောက်ကလေးပါ။ ဒီထက်ကောင်းတဲ့ ကောင်းကွက်တွေလဲ ဒီနိုင်ငံမှာ အများကြီးရှိဦးမယ်ဆိုတာ ယုံကြည်ပါတယ်။ သိရင် ထပ်လောင်း ဖြည့်နိုင်ပါတယ်။ ကြိုဆိုလျက်ပါဘဲ။
...............
Subscribe to:
Post Comments (Atom)
9 comments:
အားကျစရာ အတော်ကောင်းတယ်နော်
ဗဟုသုတ ရစရာတွေပါဘဲ အကိုရေ
နှိုင်းစရာရှားလို့ မြန်မာပြည်နဲ့ ။ တကယ်တော့ ကျနော်တို့ မြန်မာပြည်က လူဖြစ်အောင် တကယ်သင်ပေးတဲ့တိုင်းပြည်ဗျ။ သိတယ်မဟုတ်လား အနာခံမှ အသာစံရမယ်ဆိုတာလေ။ :)
အဲ့ဒါတော့ မှန်တယ်ဗျာ။ တကယ့်ကိုအချက်အလက်နဲ့ရေး သွားတာ အရေးအသားကို အားကျမိပါတယ်။ ဒီမှာ ကလေးကိုရိုက်လို့ကတော့ ခေါ်ပြောလို့မရရင် ကျောကုန်းမှာပါ စာကပ်ပေးလိုက်တယ်လေ။ အဲ့လူဘာမှကိုလုပ်မရတော့ဘူးသာမှတ်။ ယုတ်စွအဆုံး ခွေးဖြစ်ရင်တောင် ခွေးဖြစ်ရကျိုးနပ်တယ်ဗျာ။ ခွေးအခွင့်အရေးဆိုပဲ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
အေးဗျာ.....ဗဟုသုတဝေမျွတဲ့အတွက်
ကျေးဇူးပါ...
ဆီုးကွက်တွေဆက်ေ၇းမယ်
ထင်ပါ၇ဲ့....
ဒီကောင်းကွက်တွေက ဗြိတိသျှမှာမှ ရှိတာမဟုတ်ဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားတဲ့ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကျွန်မတို့နိုင်ငံပဲ ဗြိတိသျှလက်အောက်မှာ နှစ်ပေါင်း ၁၀၀ ကျော်နေခဲ့ပြီး ဘာတခုမှ ကောင်းမွေတွေကို မဆက်ခံခဲ့ပေမယ့် တရားခံညှင်းဆဲတဲ့ မကောင်းကွက်တွေကိုတော့ ကောင်းကောင်းကြီး အမွေဆက်ခံခဲ့တယ်။ အဲဒီတော့ ဗြိတိသျှတွေဆီမှာ မသုံးတော့တဲ့ ဆိုးမွေတွေကို မြန်မာပြည်မှာတော့ အခုထိ သုံးလို့ကောင်းဆဲမို့ တိုင်းပြည်က ကြာလာလေ နောက်ပြန်ဆုတ်လေ ဖြစ်နေတာပဲ။
ဒါကြောင့်လည်း မြန်မာပြည်ကို လူမှန်နေရာမှန်တွေ အုပ်ချုပ်စေချင်တာပေါ့ဗျာ။
ကိုယ်နေရတဲ့ဘ၀ နဲ့ ယှဉ်မိတိုင်း မြန်မာပြည်ကိုလည်း
လူ့အခွင့်အရေး အပြည့်အ၀ ရစေချင်တာ ကျနော်ရဲ့ အပြင်းပြဆုံး စိတ်ဆန္ဒပါပဲ။
Nice Post, bro!
Cheers!
I think this is da same at most of first world country. :P
Post a Comment