ကျနော် Pre-sessional courses တက်နေစဉ်အတွင်းမှာ ထူးခြားတာသုံးမျိုးတွေ့ခဲ့ရတယ်။ အဲဒါကတော့ တစ်ခြားမဟုတ်ပါဘူး။ ဂျပန်မလေးနှစ်ယောက်နဲ့ ပတ်သက်တဲ့ ထူးဆန်းမှုလေးတွေပါ။
ကျနော့်အတန်းမှာ စုစုပေါင်း ကျောင်းသားကျောင်းသူ ရှစ်ယောက်တိတိရှိတယ်လို့ အရင်ပို့စ်မှာ ရေးခဲ့ပါတယ်။ အဲဒီရှစ်ယောက်ထဲမှာ ကျောင်းသားက ကျနော်အပါအ၀င်မှ နှစ်ယောက်ထဲပါ။ အခြားတစ်ယောက်က ပြင်သစ်က ကျောင်းသားပါ။ ကျန်တဲ့ ခြောက်ယောက်က ကျောင်းသူတွေချည်းပါဘဲ။ ကျောင်းစဖွင့်တဲ့နေ့မှာ အ၀တ်အစား ခပ်နွမ်းနွမ်းနဲ့ ကျောင်းသူနှစ်ယောက်တွေ့ရတယ်။ တော်တော်လေးဆင်းရဲတဲ့နိုင်ငံက ဖြစ်မှာပါလို့ ကျနော်ထင်မိလိုက်တယ်။ နောက်မှ သူတို့နှစ်ယောက်ဟာ ဂျပန်မလေးတွေဖြစ်မှန်းကျနော်သိလိုက်ရတယ်။
မြန်မာတစ်ယောက် (ကျနော်)၊ ပြင်သစ်ကျောင်းသားတစ်ယောက်၊ ဂျပန်ကျောင်းသူနှစ်ယောက်၊ ထိုင်ဝမ်ကျောင်းသူနှစ်ယောက် (ဂျပန်နှင့်ထိုင်ဝမ် ကျောင်းသားဦးရေများတဲ့အတွက် တစ်အုပ်စုထဲမှာ နိုင်ငံတူ ဖြစ်နေတာပါ)၊ ဂျာမနီကျောင်းသူတစ်ယောက်၊ ထိုင်းကျောင်းသူတစ်ယောက်၊ စုစုပေါင်း ၈ ယောက်ပါ။
ထိုင်ဝမ်ကျောင်းသူနှစ်ယောက်ကတော့ သူတို့အချင်းချင်း စကားပြောရင် တရုတ်လိုဘဲ ပြောကြပါတယ်။ အင်္ဂလိပ်လို မပြောပါဘူး။ အတန်းထဲမှာ Debate လုပ်တဲ့အခါက လွဲရင်ပေါ့။ ကျနော်ပြောချင်တာက ဂျပန်ကျောင်းသူနှစ်ယောက်အကြောင်းပါ။ သူတို့နှစ်ယောက်က ဘယ်အချိန်မှာဘဲတွေ့တွေ့ ဂျပန်လို လုံးဝမပြောပါဘူး။ အင်္ဂလိပ်လိုဘဲ ပြောဆိုကြပါတယ်။ တစ်ခါတစ်ခါ ကျနော်က (ထမင်းစားရေသောက် ဂျပန်စကားလေးငါးလုံးလောက် ကျနော်သိတယ်) ဂျပန်လို နှုတ်ဆက်ရင်တောင် သူတို့က အင်္ဂလိပ်လို ပြန်ပြောကြပါတယ်။
ကျနော်က သူတို့ကို မေးကြည့်တယ်။ နင်တို့နှစ်ယောက် ဘယ်အချိန်ဘဲ တွေ့တွေ့ အင်္ဂလိပ်လိုဘဲ ပြောကြတာလားလို့။ သူတို့ပြန်ဖြေတာက အတုယူစရာပါ။ ဒီနိုင်ငံကို လာခဲ့တာ ဂျပန်စကားပြောဖို့လာခဲ့တာမဟုတ်ဘူး။ အင်္ဂလိပ်စကားပြော ကျွမ်းကျင်ဖို့လာခဲ့တာ။ ပိုက်ဆံတွေလဲ အများကြီး ကုန်ကျတယ်။ ဖြစ်နိုင်ရင် တစ်ခြားဂျပန်တွေနဲ့တောင် မတွေ့ချင်ဘူး။ ဒါကြောင့် ဘယ်အချိန်ဘယ်နေရာမှာဘဲ တွေ့တွေ့ ဘယ်သူ့ကိုဘဲ တွေ့တွေ့ အင်္ဂလိပ်လိုဘဲ ပြောမယ်တဲ့။ ကျနော့်အတွက်တော့ သူတို့နှစ်ယောက်ဟာ ထူးဆန်းလို့နေပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာအချင်းချင်းတွေ့ကြရင် အင်္ဂလိပ်လို စကားပြောရမှာ အလွန်ရှက်ပြီး မြန်မာလိုဘဲ ပြောဖြစ်ကြလို့ပါ။
နောက် ဒီထက်ထူးဆန်းတာက အစားအသောက်နဲ့ ပတ်သက်လို့ပါ။ ကျနော်တို့က မြန်မာလူမျိုးတွေဆိုတော့ သိတယ်မဟုတ်လား။ ဥစ္စာမချမ်းသာပေမဲ့ မာနတွေချမ်းသာတယ်။ ပညာမတတ်ပေမဲ့ အောက်ကျို့ သင်ယူရမှာ ရှက်ကြောက်တတ်တယ်။ အဲဒီလို လူမျိုးတွေလေ။ ဒါကြောင့်မို့ နေ့လည်စာအတွက် ကျနော်တို့ ပိုက်ဆံတွေ မကုန်သင့်ဘဲ အကုန်အကျများရတယ်။
တစ်နေ့မှာ
ဂျပန်မလေးတစ်ယောက်က စားစရာတွေကို ဘောက်စ်တစ်ခုထဲထည့်ပြီး အတန်းထဲယူလာတယ်။ အနံ့လေးက မွှေးလို့ကြိုင်လို့။ ကျနော်က ဘယ်က၀ယ်လာတာလဲလို့ မေးလိုက်တယ်။ ၀ယ်လာတာမဟုတ်ဘူး၊ ကျောင်းဝင်းထဲမှာ အလကား လာကျွေးတဲ့သူရှိတယ်။ အဲဒီမှာ သွားယူရင် အလကားရတယ်တဲ့။
နောက်နေ့တွေမှာ ထမင်းလာကျွေးတဲ့သူကို ကျနော်သွားကြည့်လိုက်တယ်။ ဟိန္ဒူလိုလို ဆစ်ခ်လိုလို လူတစ်ယောက်က တွန်းလှည်းတစ်စီးနဲ့ စားသောက်ဖွယ်ရာတွေကို ယူဆောင်လာပြီး အလှူဒါနပြုလုပ်နေတာပါ။ အချိုပွဲတွေတောင်ပါလိုက်သေးတယ်။ နေ့တိုင်း နေ့လည်ပိုင်း ၁၂ နာရီလောက်မှာ လာကျွေးနေကျလို့ သိရပါတယ်။ လက်တွန်းလှည်းပေါ်မှာရှိတဲ့ စားသောက်ဖွယ်တွေကို စားရဖို့ တန်းစီပြီးစောင့်ရပါတယ်။ ကျနော်သွားကြည့်တဲ့အချိန်မှာ တန်းစီနေတဲ့ လူတန်းကြီးက အရှည်ကြီးဖြစ်နေပါပြီ။ ဂျပန်မလေးနှစ်ယောက်လဲ အပါအ၀င်ပေါ့။ အစားအစာအားလုံးက သက်သတ်လွတ်တွေပါ။
ဂျပန်မလေးနှစ်ယောက်ဟာ အဲဒီက ရလာတဲ့ အစားအစာကို ခြိုးခြံစားပြီး ညနေစာအတွက် တစ်ဝက်ခွဲပြီးချန်ထားကြပါတယ်။ သူတို့က အစားအသောက်ကို အဲဒီလောက်အထိ ခြိုးခြံကြတာကလား။ ကျနော်အံ့သြသွားတယ်။ ဂျပန်နိုင်ငံဆိုတာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံထဲမှာ ပါပါတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံကို လိုအပ်မှ သုံးတာပါ။ ပြီးတော့ ရည်ရွယ်ချက်ကို လုံးဝမေ့မထားကြပါဘူး။
ဝန်ခံပါတယ်။ ဂျပန်မလေးတွေ တန်းစီပြီးစားသောက်ခဲ့အစားအစာတွေကို ကျနော်တို့ မစားဖူးခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တန်းစီရမှာ ရှက်လွန်လွန်းလို့ပါ။ အမှန်ဆို အဲဒီ မရှက်သင့်တဲ့နေရာမှာ ရှက်နေတာကိုက ရှက်စရာဖြစ်နေပါတယ်။ အဲဒီလို ဂျပန်မလေးတွေ တွန်းလှည်းပေါ်က အစားအစာကို ရရှိဖို့အတွက် နေ့စဉ်တန်းစီပြီးစောင့်နေတာဟာ ကျနော့်အတွက် အလွန်ပင် ထူးဆန်းတဲ့အရာတစ်ခုရယ်ပါ။
ကြုံတုန်းပြောရဦးမယ်။ တစ်နေ့မှာ သူတို့နှစ်ယောက်ထဲက တစ်ယောက်နဲ့ ကျနော် စကားပြောဖြစ်တယ်။ သူ့နာမည်က ခအိုရိတဲ့။ အတန်းထဲမှာ စာအတော်ဆုံးလို့ ပြောရင်ရတယ်။ စပ်မိစပ်ရာပြောရင်း ခအိုရိ... အသက်အရွယ်အရ အိမ်ထောင်ပြုဖို့ သင့်ပြီ၊ အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက်မရှိသေးဘူးလား လို့ ကျနော်မေးကြည့်တော့ သူက ပထမရည်ရွယ်ချက်က မာစတာရဖို့၊ ဒုတိယက ဒေါက်တာ(Ph.D)ဘွဲ့ရဖို့၊ ပြီးမှ အိမ်ထောင်ပြုဖို့ စဉ်းစားမယ်တဲ့။
ဂျပန်လူမျိုးတွေရဲ့ စိတ်ဓါတ်က ခိုင်မာတယ်။ ဒါကြောင့်လဲ ဂျပန်နိုင်ငံကြီးတိုးတက်နေတာဖြစ်မယ်။
ဗြိတိသျှလူမျိုးတွေက စကားပြောတဲ့အခါမှာတော့ တစ်ဘက်သားကို အထင်ကြီးလောက်အောင် ဖြစ်စေတယ်။ အထူးသဖြင့် ပညာရေးသင်ကြားပေးတဲ့နေရာမှာပေါ့။ အတန်းချိန်ကို အတိအကျရောက်ရှိရမယ်၊ မရောက်ရှိရင် အရေးယူမယ် ဘာညာပေါ့။ ပြီးတော့ အတန်းချိန်အတွင်း မိုဘိုင်းတွေပိတ်ထားရမယ်၊ မိုဘိုင်းမြည်သံကြားရင် ဘယ်လို အရေးယူမယ်ပေါ့။ ကျနော်တို့လဲ သူတို့ရဲ့ ဖိန့်လုံးတွေနောက် မျှောပါပြီး အချိန်တိကျစွာ ကျောင်းတက်တယ်၊ မိုဘိုင်းတွေလဲ ပိတ်ထားပါတယ်။ ဒါပေမဲ့ တကယ်အတန်းနောက်ကျတာက ကျောင်းသားတွေမဟုတ်ဘူး၊ စာသင်ပေးတဲ့ ဆရာဘဲ နောက်ကျနေတာ။ ပြီးတော့ စာသင်ချိန်အတွင်း မိုဘိုင်းမြည်သံကြားရင် ဆရာ(ဆရာမ)တွေရဲ့  မိုဘိုင်းတွေချည်းဘဲ။
ကျနော်တို့လဲ ဗြိတိသျှပါး နဲနဲဝလာလို့ နောက်ပိုင်းမှာ ကျောင်းချိန်တွေ နောက်ကျလာတယ်။ တစ်နေ့မှာ ကျနော်တို့ မြေအောက်ဘူတာရုံကထွက်ပြီး ကျောင်းကို လမ်းလျောက်သွားတဲ့အချိန် လမ်းမှာ အဲဒီဂျပန်မလေးတစ်ယောက်နဲ့တွေ့တယ်။ မိန်းခလေးတန်မဲ့ အတင်းပြေးလွှားနေတာတွေ့ရတဲ့အတွက် ဖြေးဖြေးသွားပါ ခအိုရိရယ်... ချော်လဲနေပါဦးမယ် လို့ ကျနော်ပြောလိုက်တယ်။ သူကပြန်ပြောတယ်။ အခုဆယ်နာရီထိုးဖို့ နှစ်မိနစ်လောက်ဘဲ လိုတော့တယ်၊ ၁၀ နာရီမှာ အတန်းထဲ ရောက်မှ ဖြစ်မယ် တဲ့။ နာရီကြည့်လိုက်တော့ ကွက်တိဘဲ။ ဆယ်နာရီထိုးဖို့ နှစ်မိနစ်ဘဲ လိုတော့တယ်။ ၁၀ နာရီမှာ အတန်းစမယ်လေ။
ပြေးရင်းနဲ့ သူခြေလိပ်သွားပြီး ချော်လဲမလို ဖြစ်သွားတာလေးကိုတွေ့လို့ ကျနော်တောင် စိတ်မကောင်းဖြစ်လိုက်သေးတယ်။ အမှန်ဆို သူနှင့်ကျနော်က အတန်းအတူတူလေ။ ဒါပေမဲ့ သူတို့က စည်းကမ်းတွေနဲ့ နေသားကျနေတဲ့ နိုင်ငံကလူ၊ ကျနော်တို့က နေချင်သလိုနေလာခဲ့ကြတဲ့သူဆိုတော့ ဒီလိုမျိုးနေရာမှာ အကွာကြီးကွာနေတော့တာပေါ့ဗျာ။
ခြုံပြောရရင်တော့..
၁။သူတို့ (ဂျပန်မလေးတွေ)အချင်းချင်းတွေ့တဲ့အခါ အင်္ဂလိပ်လို စကားပြောခြင်း
၂။အစားအသောက်ကို ခြိုးခြံပြီး အခမဲ့အစားအစာအတွက် တန်းစီပြီး ရယူခြင်း
၃။စည်းကမ်းတိကျပြီး စိတ်ဓါတ်ခိုင်မာခြင်း
အဲဒီသုံးမျိုးကတော့ ကျနော့်အတွက် တကယ်ကို ထူးဆန်းလို့နေပါတော့တယ်။ ဒါပေမဲ့လဲ သူတို့ဆီက အခုလို အရည်အချင်းမျိုးကို အမှန်အကန် အတုယူသင့်တယ်ဆိုတာကတော့ ငြင်းလို့မရနိုင်တော့ကြောင်းပါ။ ။

...........
9 comments:
ဟုတ်တယ်..အတုယူလိုက်ပါပြီခင်ဗျားး...
နောက်ထပ်ဘာတွေ ကောင်းတာရှိသေးလဲဆိုတာကို
ဆက်လက် သေချာ လေ့လာပြီး..ပြန်လည်တင်ပြပေးနိုင်ပါစေ...
ကျွန်တော်တို့ကလည်း အတုယူဖို့ အဆင်သင့်စောင့်နေပါတယ်..ကောင်းတာဆိုရင်တော့
ဆောင်..မကောင်းတာဆိုရင်တော့ ရှောင် နိုင်အောင်ကြိုးစားနေပါတယ်...း )
ပျော်ပါစေခင်ဗျ
လေးစားစွာ
အင်္ဂလိပ်လို စကားပြောရမှာ အလွန်ရှက်ပြီး မြန်မာလိုဘဲ ပြောဖြစ်ကြလို့ပါ။
အဲဒီမှာတချက်လေးပြောပြချင်ပါတယ်.. တကယ်လို့သာ မြန်မာတွေနဲ့တွေ့ပီး အင်္ဂလိပ်လိုပြောရင် မြန်မာတွေက အတင်းတုပ်နိုင်ပါတယ်.. ဒီကောင် ..ဘိုရူးပေါ့..။ အချင်းချင်းတွေ့တာတောင် ဘာလဲပေါ့..။
အတုယူသင့်တာ မှန်ပါတယ်..။ ဒါပေမဲ့..။ အဲဒီနီုင်ငံကို အဲဒီရည်ရွယ်ချက်နဲ့ လာလို့ အဲလို စိတ်ရှိနေတာပါ။
ဂျပန်နိုင်ငံမှာ အင်္ဂလိပ်လိုပြောရင် ထွက်ပြေးကြပါတယ်။ အင်္ဂလိပ်လို ပြောတယ် သင်တယ်ဆိုရင်တောင်မှ အတန်းတူတူတက်ခဲ့ဘူးတဲ့ ဂျပန်မလေးတယောက် ကပြောတယ် ဒီနိုင်ငံမှာနေပီး အင်္ဂလိပ်လိုသင်တဲ့ report တင်ရတော့ လုံးဝမတင်နိုင်ဘူးဆိုလို့ အံ့သြခဲ့တာပါ ကြုံခဲ့ရပါတယ်။
ဒါတောင် ကျနော်တက်နေတဲ့ ကျောင်းက ဂျပန်နိုင်ငံမှာ ဒုတိယ အကောင်းဆုံး ကျောင်းပါ။
science ထဲမှာဆိုရင်တော့ ပထမအကောင်းဆုံး ကျောင်းနော်..။ နောက်များမှ ရေးရပါဦးမယ်..။
ဂျပန်မှာ ကောင်းတဲ့ အချက်တွေ ရှိသလို မကောင်းတဲ့ အချက်တွေ ရှိပါတယ်..
ကျနော်ကတော့ ကောင်းတဲ့ အချက်လေးတွေကို ကွက်ပီး အတုယူလေ့ရှိပါတယ်..။
အမယ်..
ရင်မှာအမြဲ သူရှိနေဆဲ..
ချစ်မိုးတွေက မစဲ..။
ရင်မှာအမြဲ သူရှိနေဆဲ..
ချစ်ပန်းတွေက ပျံ့လို့ကျဲ..။
ရင်မှာအမြဲ သူရှိနေဆဲ..
ဆည်းလည်းသံတွေ ရိုက်ခတ်ဆဲ..။
ရင်မှာအမြဲ သူရှိနေဆဲ..
လောကကြီးက လှနေမြဲ..။
ရင်မှာအမြဲ သူရှိနေဆဲ..
သူရှိနေဆဲ..... ဆက်ရေးရင်ဆုံးမှာမဟုတ်..။
ဘာရမလဲ ပန်းရနံ့ ကိုကိုမောင် upper kanaungdo ရယ်
အကြွေးပြန်လာဆပ်တာ.. ဟွန်းး
မကျေနပ်ရင် ကော်မန့်မှာပြန်လာချဲပါ
ကောင်းတဲ့အချက်လေးတွေပါ
အင်း ဆိုခဲ့သလိုပေါ့ ကောင်းတာလေးတွေ ရွေးချယ် ကျင့်သုံးကြတာပေါဗျာ
မင်းအိမ်ဖြူ
အင်းတကယ်ကို အတုယူစရာ ကောင်းတဲ. ဂျပန်မလေးတွေ
ပါဘဲ အစ်ကိုရာ ... ခုလို မြင်တွေ.ကြုံဆုံတာလေးတွေ ရေး
ပေးတဲ. အတွက်လည်း ကျေးဇူးပါ အစ်ကိုရေ ...
ကိုကိုမောင်ရေ
ဒီပို့စ်လေးအတွက် ကျေးဇူးပါ...
ကိုယ်တိုင်ကလဲ ကိုကိုမောင်နဲ့ ထူးမခြားနားပဲ
မရှက်သင့်တာတွေကို ရှက်တတ်သူဆိုတော့
ဂျပန်မလေးကို လေးစားပါတယ်...
ဆရာချစ်စံဝင်းရေးခဲ့တဲ့ ဂျပန်အကြောင်း ဆောင်းပါးတစ်ပုဒ်ကိုလဲ ပြန်သတိရမိတယ်...
နှင်း
ဟုတ်တယ် ဒါပေမဲ့ ဂျပန်တိုင်းတော့ မဟုတ်ဘူး။ ကိုမောင်မောင်တွေ့ခဲ့တဲ့ ဂျပန်မလေးနှစ်ယောက်က ချီးကျူးစရာကောင်းနေတာပါ။ အတုယူစရာပါပဲ..
ကိုကိုမောင်တွေ့ခဲ့တဲ့ ဂျပန်မလေးတွေက ကြိုးစားတယ်ပြောရမယ်. ကျမ ကျောင်းတက်စဉ်က တွေ့ခဲ့ရတဲ့ ဂျပန်ကောင်လေးကတော့ ကျောင်းလာလဲနောက်ကျ၊ စာမေးပွဲဖြေခါနီးရင်လဲ စာမကြည့်ပဲ သူများကျက်မှ စာအုပ်လာလာ ဌားလို့ စိတ်ညစ်ခဲ့ရဘူးတယ်. ဒါကတော့ လူမျိုးနဲ့မဆိုင်ပဲ လူတယောက်ချင်းစီရဲ့ စိတ်ဓတ်နဲ့ ဆိုင်မယ်လို့ထင်ပါတယ်.
ပျော်ရွင်ပါစေ...
သထုံသူ
Post a Comment