Monday, 28 September 2009
၁၈၀၀ ကျပ်နှင့် ဂရင်ဂျီနာကုထုံး
လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်ကျော်လောက်ကအဖြစ်အပျက်လေးတစ်ခုကို ပြောပြရဦးမယ်။
ရန်ကုန်မြို့ထဲမှာရှိတဲ့ ဆေးဆရာတစ်ယောက်အကြောင်းပေါ့။ သူက တစ်ခြားရောဂါတွေကုတာတော့မဟုတ်ဘူး။ စအိုဝမှာ ဖြစ်တတ်တဲ့ ဂရင်ဂျီနာဆိုတဲ့ ရောဂါဆန်းတစ်မျိုးထဲကိုဘဲ ကုသတာ။ နာမည်ကြီးထဲကတော့ ဟုတ်ဟန်မတူဘူး။ ဒါပေမဲ့ သူ့ဂုဏ်နှင့်သူတော့ အတော်လေးတင်ထားတယ်။ ဘာတဲ့ သူပြောတာ။ ရန်ကုန်မြို့တင်မဟုတ်ဘူး၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ ဂရင်ဂျီကုဆရာတွေ သူ့လောက်ဘယ်သူမှ မတော်ဘူးတဲ့။ ယုတ်စွအဆုံး အထူးကုဆေးရုံကြီးတွေက လက်လျော့ပြီးလာခဲ့တဲ့ ဂရင်ဂျီလူနာတွေကိုတောင် သူကုသလိုက်ရင် လပိုင်းအတွင်းပျောက်ကင်းသွားတယ်တဲ့။ ဒါက သမားဂုဏ်တင်တဲ့သဘောပေါ့လေ။
ဖြစ်ပုံက ဒီလို။
ကျနော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က ခင်အေးတဲ့။ နာမည်က ခင်အေးဆိုပေမဲ့ သူကခပ်အေးအေးမဟုတ်ပါဘူး။ အလွန်ပျော်ရွှင်စွာ နေတတ်သူပါ။ သူလဲ မရမ်းကုန်းမှာ နေတယ်။ ကျနော်လဲ မရမ်းကုန်းမှာနေတယ်။ တစ်ရပ်ကွက်ထဲသားတွေပေါ့ဗျာ။ တစ်နေ့မှာ သူက ပြောပြတယ်။ သူ့မှာ ဂရင်ဂျီနာ ရှိနေတယ်တဲ့။ ဘယ်မှာရှိတာလဲဆိုတော့၊ စအိုဝမှာ ရှိတာတဲ့။ တစ်ခါတစ်ခါ အစားမတည့်ရင် ပေါ်လာလိုက်၊ တစ်ခါတစ်ခါ ငုတ်သွားလိုက်နဲ့ အတော်လေးကြာနေပြီတဲ့။ ဗုဒ္ဓေါ။ ကျနော်က ဂရင်ဂျီနာကုသတဲ့ ဆရာဝန်မှ မဟုတ်တာ။ ပြီးတော့ တစ်ခြားအနာတွေလို.. ငါ့ကို ပြစမ်းပါ.. အခြေအနေကို ကြည့်ရအောင်.. လို့ ပြောလဲမဖြစ်။
လျို့ ဝှက်တဲ့နေရာမှာဖြစ်နေတာကိုး။
ဒီလိုနဲ့ တီဗီကြော်ငြာ၊ သတင်းစာကြော်ငြာတွေမှာ ဂရင်ဂျီကုသတဲ့ ဆရာဝန်တွေကို ကျနော်တို့နှစ်ယောက် လိုက်ရှာကြတယ်ဆိုပါတော့။ ဟော.. တွေ့ပါပြီ။ တီဗီထဲမှာတော့ မဟုတ်ဘူး။ သတင်းစာထဲမှာလဲ မဟုတ်ဘူး။ တစ်ခြားစာစောင်တစ်ခုထဲမှာ တွေ့တာပါ။ ဂရင်ဂျီနာဆရာဝန်တွေကလဲ တီဗီတို့ သတင်းစာတို့ထဲကြော်ငြာထည့်ရလောက်အောင် အဆင်မပြေကြဘူးထင်ပါ့။
စာစောင်ထဲမှာရှိတဲ့ ကြော်ငြာလေးကို ကျနော်တို့ ကူးယူထားလိုက်ကြတယ်။ ကုသတဲ့နေရာက နှစ်ခုရှိတယ်။ တစ်ခုက ရေတာရှည်လမ်းဟောင်းထဲမှာ၊ နောက်တစ်ခုက မြို့ထဲကတစ်နေရာမှာပါ။ လိပ်စာကောင်းကောင်းတော့မမှတ်မိတော့ဘူး။ ရေတာရှည်လမ်းဟောင်းမှာရှိတဲ့ ဂရင်ဂျီဆရာဝန်အိမ်မှာက တယ်လီဖုန်းရှိပုံမပေါ်ဘူး။ ကြော်ငြာထဲမှာ ဖုန်းနံပါတ်ထည့်ကြော်ငြာမထားလို့။ မြို့ထဲကဆရာဝန်အိမ်မှာတော့ဖုန်းနံပါတ်ရှိတယ်။ အဲဒီဖုန်းနံပါတ်ကို ကူးယူထားလိုက်တယ်။
တစ်ရက်မှာ
ကျနော်တို့နှစ်ယောက် ဂရင်ဂျီကုဆရာဝန်ရှာပုံတော်ထွက်ကြပါတယ်။ ပထမအနေနဲ့ ရွှေတိဂုံဘုရားနားမှာရှိတဲ့ ရေတာရှည်လမ်းဟောင်းကို တက္ကစီနဲ့သွားကြပါတယ်။ ကံဆိုးချင်တော့ ဆရာဝန်က ခရီးလွန်နေလို့တဲ့။ အဆင်မပြေခဲ့ပါဘူး။ ဒါနဲ့ နောက်တစ်ခုဖြစ်တဲ့ မြို့ထဲက ဆရာဝန်အိမ်ကို ဖုန်းလှမ်းဆက်ကြည့်လိုက်တယ်။ အဆင်သင့်ပါဘဲ။ လာခဲ့ပါ စောင့်နေမယ်တဲ့။
ကျနော်တို့ ချက်ချင်း တက္ကစီငှားရမ်းပြီး သွားလိုက်ကြတယ်။ ရောက်ပါပြီ။ သူတို့အိမ်က ဒုတိယထပ်မှာရှိတာပါ။
ဆရာဝန်ရယ် သူ့မယားခပ်ရွယ်ရွယ်ရယ် နှစ်ယောက်ဘဲ အဲဒီအိမ်မှာ ရှိပါတယ်။ အကျိုးအကြောင်းပြောပြလိုက်တဲ့အခါ ရောဂါစစ်ဆေးပေးဖို့ပြင်ဆင်ကြတယ်။ ဒါနဲ့ ကျနော်က.. ဆေးဖိုးဝါးခနှင့်စမ်းသပ်ခဘယ်လောက်ပေးရမလဲ အရင်ပြောပါဦး ဆိုတော့.. ပထမအနေနဲ့ စမ်းသပ်ပေးရုံပါ၊ နောက်မှ ဆေးပေးပြီး ဈေးနှုန်းတွက်ပေးမယ်တဲ့။ သိပ်ဈေးမကြီးပါဘူးတဲ့။ ကျနော်တို့လဲ ယုံယုံကြည်ကြည်နဲ့ လက်ခံလိုက်ပါတယ်။
စမ်းသပ်အဆင့်မှာ သူ့မိန်းမက ပြုလုပ်ပေးပါတယ်။ ကုသရေးကတော့ သူ့တာဝန်ပေါ့လေ။
သူ့မိန်းမက ကျနော့်သူငယ်ချင်းကို... လာခဲ့..ဆိုပြီး.. စမ်းသပ်ခန်းထဲ ခေါ်သွားတယ်။ ကျနော်ပါ လိုက်မယ်လုပ်တော့.. မင်းမလိုက်ခဲ့နဲ့ အပြင်မှာ ဆရာနဲ့နေခဲ့တဲ့။ ဘုရား ဘုရား။ ကျနော့်သူငယ်ချင်းတော့ ဒုက္ခ။ စမ်းသပ်ခန်းက အလုံပိတ်ကြီး။ ပြီးတော့ အ၀င်ဝမှာ ခန်းစီးက အထူကြီးကာထားတယ်။ ဧည့်ခန်းနဲ့လဲ ခပ်လှမ်းလှမ်းရယ်။
ဒါနဲ့ ကျနော့်သူငယ်ချင်း တစ်ယောက်ထဲ စမ်းသပ်ခန်းထဲ လိုက်သွားတယ်။ ကျနော်ကတော့ အပြင်မှာ ဆရာဝန်နှင့်စကားစမြည်ပြောနေတာပေါ့ဗျာ။ ငါးမိနစ်ကျော်ကျော်လောက်ကြာတော့ ကျနော့်သူငယ်ချင်း ခင်အေးတစ်ယောက် ခပ်သွက်သွက်ကလေး စမ်းသပ်ခန်းထဲက ထွက်လာတာတွေ့ရတယ်။ မျက်နှာကြီးကလဲ နီရဲလို့။ ပြီးတော့ သူ့တစ်ကိုယ်လုံး ဇောချွေးတွေ ရွှဲနစ်လို့။ အချိန်တိုလေးအတွင်းမှာ သူဘာတွေဖြစ်ပျက်ခဲ့ပြီး ဘာတွေကို မြင်တွေ့ခဲ့ရလို့ ဒီလောက်တောင် အဖြစ်ဆိုးရပါလိမ့်။ ကျနော် စဉ်းစားလို့မရဘူး။
ခဏကြာတော့ သူ့မိန်းမ ထွက်လာတယ်။ ဆရာဝန်ကို သူရှင်းပြတယ်။ အခြေအနေအတော်လေးဆိုးနေပြီတဲ့၊ ရောက်လာတာ အချိန်မီလေးဘဲတဲ့၊ စအိုဝတစ်လျောက်မှာ အဖုတွေအများကြီးရှိနေပြီတဲ့။ လူနာရှေ့ မှာ ရှင်းပြနေတာလေ။ အားတက်စရာကောင်းတယ်နော်။
ဒါနဲ့ ဆရာဝန်က စပြီး စကားပြောတယ်။
တစ်ပတ်တစ်ခါလာပြရမယ်။ စားဆေးလိမ်းဆေးပေးမယ်။ တစ်ခါလာပြရင် ဆေးဖိုးက ၄၀၀၀ကျပ်။ တစ်နှစ်ပတ်လုံး လာပြရမယ်။ လိုအပ်ရင် သုံးလေးနှစ်ဆက်ပြရမယ်တဲ့။ အဲဒီလိုမှ မဟုတ်ရင် မောင်ရင့်ရောဂါတစ်သက်လုံးမပျောက်တော့ဘူးတဲ့။ အမလေး လေး။ ရှေ့ နေကယ်မှဘဲ ထောင်လုံးလုံးကျသလို ဖြစ်နေပြီ။ တစ်ခါလာပြရင် ဆေးဖိုး ၄၀၀၀ကျပ်တဲ့ဗျာ။ အဲဒီအချိန်တုန်းက တက္ကစီဖိုးတောင်မှ မရမ်းကုန်းကနေ မြို့ထဲထိ နှစ်ရာကျပ်လောက်ဘဲရှိတာ။
ကျနော်တို့လဲ အဲဒီလောက်ပိုက်ဆံတွေကို ကျနော်တို့မတတ်နိုင်ဘူး။ တစ်ပတ်စာဖိုးတောင် ကျနော်တို့မှာ မရှိပါဘူး။ ဆေးကို စမ်းသောက်ဖို့ နဲနဲလေးဘဲ ၀ယ်သွားပါရစေလို့ ပြောပြတော့ သူကပြန်ပြောတယ်။ အခု ပိုက်ဆံဘယ်လောက်ပါသလဲတဲ့။ နှစ်ထောင်လောက်ဘဲပါတယ်ဆိုတော့ ပါလာတာအကုန်ပေးထားခဲ့တဲ့။ အတင်းအဓမ္မ ပိုက်ဆံတောင်းတော့တာပါဘဲ။ အနှစ်နှစ်အလလ ငတ်မွတ်လာတဲ့ လူတစ်ယောက် နတ်သြဇာကို ချက်ချင်းတွေ့လိုက်ရပြီး အရမ်းကာရော စားသောက်ချင်တဲ့ မျက်နှာမျိုးကြီးနဲ့။ ဆရာဝန်ဂုဏ်ကိုမှ အားမနာဗျာ။
ကျနော်တို့လဲ စိတ်ပေါက်လာပြီး
တော်ပြီဗျာ။ ဆေးလဲ မ၀ယ်တော့ဘူး။ ထပ်လဲ မကုချင်တော့ဘူး။ ပြန်တော့မယ် လို့ပြောလိုက်တယ်။ ဒါဖြင့် မင်းရောဂါ ဘယ်တော့မှ ပျောက်တော့မှာ မဟုတ်ဘူး။ ပြန်လို့ရတယ်။ ဒါပေမဲ့ မပြန်ခင် စမ်းသပ်ခ ပေးထားခဲ့ဦးတဲ့။ ဟောဗျာ။ မစမ်းသပ်ခင် ဈေးညှိတော့လဲ သူတို့က လက်မခံဘူး။ အခုစမ်းသပ်ပြီးမှ စမ်းသပ်ခတဲ့။ မလွန်လွန်းဘူးလားဗျာ။ ဘယ်လောက်ပေးရမလဲဆိုတော့။ ဘယ်လောက် ပါသလဲတဲ့။ နှစ်ထောင်လောက်ဘဲ ပါပါတယ်လို့ ထပ်ပြောရတယ်။ ပိုက်ဆံအိပ်ထုတ်ပြီး သူ့ရှေ့ မှာ ရေတွက်ပြပါတဲ့။ အတော်လေး စိတ်ပျက်သွားတယ်။ ဒါနဲ့ဘဲ ပါသွားတဲ့ ပိုက်ဆံ နှစ်ထောင်ထဲက ကားခ ၂၀၀ ချန်ထားပြီး အိတ်သွန်ဖာမှောက် ၁၈၀၀ ကျပ်ကို စမ်းသပ်ခ ပေးခဲ့ရပါရောလား။
ပိုက်ဆံပေးပြီး သူ့အိမ်ကဆင်းလာတယ်။ အိမ်အပြင်ဘက် လှေခါးရင်းနားရောက်တော့
ကျနော့်ရဲ့ စပ်စုချင်စိတ်က တားဆီးလို့မရတော့ဘူး။ ဒါနဲ့ ကျနော့်သူငယ်ချင်း ခင်အေးကို မေးလိုက်တယ်။ မင့်ကို အခန်းထဲ တစ်ယောက်ထဲခေါ်သွားပြီး ဟိုမိန်းမ ဘာလုပ်လိုက်လို့ မင်းမျက်နှာကြီးနီရဲလာပြီး တစ်ကိုယ်လုံးချွေးတွေ ပြန်လာရတာလဲဆိုတော့။ သူကပြောတယ်။ မပြောချင်တော့ပါဘူး။ ရှက်လွန်လွန်းတဲ့။ လုပ်စမ်းပါ အချင်းချင်းတွေဘဲလို့ အတင်းမေးတော့မှ သူက ပြောပြတယ်။
အခန်းထဲခေါ်သွားပြီး အောက်ပိုင်းအ၀တ်အစားအားလုံးကို ချွတ်ခိုင်းတယ်။ ပြီးတော့ ဖင်ကို ဗူးတောင်းထောင်ခိုင်းတယ်။ အဲဒီမိန်းမက လက်အိပ်စွပ်ပြီး လက်အိပ်ကို ဆီဆွတ်နေတာ တွေ့ရတယ်။ နောက် ဗူးတောင်းထောင်နေတဲ့ ငါ့စအိုထဲကို သူ့လက်နှင့်အဆုံးထိ ပယ်ပယ်နှယ်နှယ်နှိုက်ပြီး မွှေနှောက်နေတော့တာပါဘဲ။ လက်နှစ်ချောင်းလောက် သွင်းလိုက်ပုံရတယ်။ နာကလဲနာ ရှက်ကလဲရှက်ဆိုတော့ ချွေးမပြန်ဘဲ နေပါ့မလား တဲ့။
ငိုအားထက်ရယ်အားသန်ပါဘဲ။ ကျနော် မရယ်ဘဲ မနေနိုင်တော့ဘူး။
မင်း အရင်ဘ၀ ကာမေသုမိစ္ဆာစာရကံကျူးလွန်ခဲ့တာ အခုတော့ဝဋ်လည်ပြီ။ ပြီးတော့ စအိုအနှိုက်ခံချင်တာတောင် တက္ကစီနှစ်ဆင့်စီးလို့ ပိုက်ဆံ ၁၈၀၀ ပေးပြီး အနှိုက်ခံရတယ်။ သနားစရာ..သွပ် သွပ် သွပ် ဆိုပြီး ကျနော်က သူ့ကို စနောက်ပြောဆိုရင်း အဲဒီအိမ်လှေခါးရင်းမှာ ဗိုက်နှိပ်ပြီးအူတက်အောင် ငါးမိနစ်လောက် ရယ်မောနေခဲ့ကြရတယ်။ ရယ်ရလွန်းလို့ လမ်းကိုတောင် ကောင်းကောင်းမလျောက်နိုင်တော့တာ။ ဒါကြောင့် သူတို့အိမ်ရှေ့ မှာဘဲ ပြောရင်းရယ်ရင်းပေါ့။
ကျနော်က သူ့ကို ထပ်စလိုက်တယ်။ မင်းအသိသူငယ်ချင်းတွေထဲက စအိုအနှိုက်ခံချင်တဲ့သူရှိရင် ၁၈၀၀ တန် စပါယ်ရှယ်ဆရာဝန်ကတော်တစ်ယောက် တွေ့ထားကြောင်းရှင်းပြလိုက်ပါဦး။ မင်းက အတွေ့အကြုံရှိတော့ သေသေချာချာတော့ ကြိုရှင်းပြထားနော် လို့ စလိုက်နောက်လိုက် လုပ်ရင်း အပြန်လမ်းကို လက်ကျန်ငွေ နှစ်ရာကျပ်နှင့် တက္ကစီငှားစီးခဲ့ရပါတော့တယ်။ တက္ကစီပေါ်ရောက်တော့ သူကပြောတယ်။ ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြောမပြပါနဲ့။ ရှက်စရာအရမ်းကောင်းလို့ပါတဲ့။ သူငယ်ချင်းအချင်းချင်းတွေဘဲ မပူပါနဲ့။ ဘယ်သူ့မှပြန်မပြောပါဘူးလို့ ကတိပေးလိုက်ရတယ်။
ကျနော်လဲ သူငယ်ချင်းကောင်းပီသစွာဘဲ ဘယ်သူ့ကိုမှ ပြောမပြခဲ့ပါဘူး။ အခုမှ လူစုံတုန်းလေး စကားစပ်မိလို့ ပြောပြဖြစ်တာပါ။ ကဲ.. ခင်အေးရေ... ငါ ကတိတည်တယ်နော်။ ဘယ်သူ့ကိုမှ ပြောမပြဘူး။ ဘလော့ဂ်ပေါ်ဘဲ တင်လိုက်တာ။ ဟဲ ဟဲ။
....
9 comments:
Anonymous said...
မယုံပါ.. အဲဒါခင်အေး မဟုတ်နိုင်...
စာရေးသူ ဖြစိနိုင်တယ်။.. အရှက်ပြေ ခင်အေးကို လွဲချတာနေမှာ..။
ကဲ ဂရင်ဂျီနာ ခနောင်တိုသား ပန်းရနံ့ ရေ..
ဘိုင့်ဘိုင့်
khin oo may said...
အော် ...........ခင်အေးရယ်..
မိုးစက်အိမ် said...
ဟားဟား
တကယ်ရီရတယ် အစ်ကိုရာ ပို.စ်က ရီရတာတုန်း
ရှိသေးတယ် ကွန်မန်.မှာ Anonymous ကရေး
ထားလို. ထပ်ရီနေရပြန်ရောဗျာ :P
Anonymous said...
မှန်၏ ၊၊ မိုမိဂျိကို ထောက်ခံပါတယ် ၊၊ ခင်အေးမဖြစ်နိုင်ပါ
ကိုကိုမောင် ဖြစ်ပါလိမ့်မယ် ၊၊ ဘာ့ကြောင့်လဲဆိုတော့
" ဗူးတောင်းထောင်နေတဲ့ ငါ့စအိုထဲကို သူ့လက်နှင့်အဆုံးထိ ပယ်ပယ်နှယ်နှယ်နှိုက်ပြီး မွှေနှောက်နေတော့တာပါဘဲ။ လက်နှစ်ချောင်းလောက် သွင်းလိုက်ပုံရတယ်။ နာကလဲနာ ရှက်ကလဲရှက်ဆိုတော့ "
ဒီလောက်တိတိကျကျသိတာဆိုတော့
နောက်တာပါဗျာ ၊၊
ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ
မှတ်ချက် ၊၊ ၊၊ ဒီဘလော့ဂါနှင့်သူငယ်ချင်းမဖြစ်လိုတော့ ပြီ လူစုံရင် အကုန်ခင်းမယ့် သဘော ရှိပါသည် P: လျှို့ ၀ှက်ချက်များပေါက်ကြားနိုင်သည် D:
အနမ်း said...
ဟဟ လုပ်တော့မယ် မောင်လေးတို့ ကတော့း))
လျှို့ ဝှက်ချက်ဆိုမပြောရဲတော့အောင်လုပ်တယ်ပေါ့း)
flowerpoem said...
ဘယ်သူမှမပြောပါဘူး လူစုံတုန်းရှင်းပြတာပါ :P
မြစ်ကျိုးအင်း said...
ခင်အေးဖြစ်ကြောင်း မှတ်ပုံတင် ပြပါ။
မပြနိင်ခဲ့ရင် အခြားသူတွေ ထင်သလိုသာ ထင်ရမည် ဖြစ်ပါကြောင်း...
Anonymous said...
ခင်အေးကို အထင်မသေးပါနှင့်
-င်လေးတောင် ၁၈၀၀ ပေးပြီး နှိုက်ခံလာတာ နှယ်နှယ်ရရ မဟုတ်။ :))
Anonymous said...
ဂရင်ဂျီနာ တကယ်ပေါက်နေလို့ ဆေးးလိပ်စာ ပေးပါလား