Tuesday 29 September 2009

မိန်းခလေးတွေ အရွယ်မရောက်ခင်မှာ....


ဒွေးချိုး၊ လေးတိုး။
ယောက်ျားပဉ္စင်း၊ မိန်းမ ပုခက်တွင်း။

အဲဒီဆိုရိုးစကားတွေက မြန်မာတွေရဲ့ နှုတ်ဖျားမှာ မကြားချင်အဆုံးပါဘဲ။ ဒီဆိုရိုးတွေပေါ်ပေါက်လာတာ ဘယ်ရာစုနှစ်ကထဲကမှန်း မသိပေမဲ့ ယခုမျက်မှောက်မှာတော့ အဲဒီစကားဟာ မှန်ကန်နေသလိုပါဘဲ။
ဘယ်နိုင်ငံ ဘယ်နေရာမှာဘဲကြည့်ကြည့် အမျိုးသားကအသက်ခပ်ကြီးကြီး အမျိုးသမီးက ခပ်ငယ်ငယ်၊ အဲဒီလို စွဲတွဲတွေ အတော်လေးများနေပြီ။ ရုပ်ရှင်လောကထဲမှာလဲ မင်းသမီးတွေသာ ပြောင်းလဲသွားတယ်။ မင်းသားကတော့ ဒီမင်းသားပါဘဲ။ ဂျိန်းစ်ဘွန်းမင်းသားတွေဆို ပိုတောင်ဆိုးသေးတယ်။ အဲဒီအနေအထားတွေက အထက်က စကားပုံလေးကို ထင်ထပ်ပြနေသယောင်ယောင်ပါ။

ဒီလို အသက်ငယ်ငယ်မိန်းခလေးနှင့်အသက်ကြီးကြီးယောက်ျားတွေ စုံတွဲခုတ်ကြတဲ့နေရာမှာ အိန္ဒိယနိုင်ငံက အဆိုးဆုံးလို့ ပြောရင်ရပါတယ်။ ဟိန္ဒူယဉ်ကျေးမှုထွန်းကားနေတဲ့ အိန္ဒိယနိုင်ငံဟာ
ဟိန္ဒူဘာသာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလွန်နိုင်ကြပါဘူး။ အဲဒီ ဟိန္ဒူဘာသာရေးစည်းကမ်းတွေချက်တွေထဲမှာ မိန်းခလေးတွေ အိမ်ထောင်ပြုလို့ရတဲ့ အရွယ်ကို သတ်မှတ်ဖော်ပြထားတယ်။ ငါးနှစ်သမီးအရွယ်ကစပြီး အိမ်ထောင်ပြုလို့ရပါပြီတဲ့။ ပြီးတော့ ဟိန္ဒူဥပဒေအရ
ယောက်ျားတစ်ယောက်ရဲ့  အကောင်းဆုံးအဖော်မွန်ကတော့ သူ့အသက်ရဲ့ သုံးပုံတစ်ပုံရှိတဲ့ မိန်းခလေးပါဘဲ တဲ့။ ဒါဆို ငါးနှစ်သမီးလေးရဲ့ အိမ်ထောင်ဘက်ဟာ ၁၅ နှစ်အရွယ်ရှိတဲ့ ယောက်ျားလေးတစ်ယောက်ဖြစ်ရတော့မှာပေါ့။

အိန္ဒိယနိုင်ငံမှာ Child Marriage လို့ခေါ်တဲ့ အသက်ငယ်ငယ်မင်္ဂလာပွဲတွေ အများအပြားရှိနေတယ်။ ပြီးတော့ အဲဒီလို ငယ်ရွယ်စဉ်မှာ အိမ်ထောင်ပြုခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်တယ်လို့ အများစုက လက်ခံထားကြပြန်တယ်လေ။ Dowry ရဲ့  ရိုးရာရှိနေတာကတစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုက ကင်းဝေးစေချင်တာကတစ်ကြောင်း၊ အဲဒီလိုအကြောင်းတွေကြောင့် မိဘတွေကလဲ သမီးမိန်းခလေးတွေကို ငယ်ရွယ်စဉ်မှာဘဲ လက်ထပ်ပေးကြလေ့ရှိတယ်။ သူတို့စာပေအဆိုအရ စေ့စပ်ပြီးတဲ့ မိန်းခလေး၊ လက်ထပ်ပြီးတဲ့မိန်းခလေး၊ တစ်ခြားယောက်ျားအပေါ်မှာစိတ်ရောက်နေတဲ့ မိန်းခလေးတွေကို ယောက်ျားတွေက အတင်းအဓမ္မလိင်ဆက်ဆံမှုမပြုကျင့်ကြဘူးလို့ ဆိုပါတယ်။ အဲဒီ အယုံအကြည်တွေကြောင့်လဲ ကလေးငယ်ငယ်လေးတွေ အရွယ်မရောက်ခင်မှာ အိမ်ထောင်ပြုကြရတာပါ။ တစ်ချို့ မိန်းခလေးတွေဆို ပုခက်ထဲမှာနေစဉ်ကထဲက လက်ထပ်ထိမ်းမြှားပေးခံရတယ်တဲ့။

နောက်ပြီး ဟိန္ဒူမိန်းခလေးတွေဟာ သူတို့ရဲ့  ဘာသာရေးကျမ်းစာကို သင်ကြားခွင့်မရှိပါဘူး။ ယုတ်စွအဆုံး ဘာသာရေးပွဲတွေမှာ ရွတ်ဖတ်သရဇ္ဓျာယ်လေ့ရှိတဲ့ မန္တာန်ကိုတောင် နားထောင်ခွင့်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိန်းခလေးတွေဟာ ဝေဒကျမ်းနှင့်လုံးဝမအပ်စပ် မထိုက်တန်လို့ပါတဲ့။ ဘာဖြစ်လို့ မထိုက်တန်မှန်းတော့ ကျနော်ကောင်းကောင်းမရှင်းဘူး။ ဝေဒကျမ်းက အရမ်းမွန်မြတ်လွန်းလို့များလား။

အရွယ်မရောက်ခင်လက်ထပ်တဲ့အတွက် ဆိုးကျိုးတွေအများကြီးဖြစ်စေပါတယ်။ မိဘဆွေမျိုး ညီအစ်ကို မောင်နှမတွေနဲ့ ခွဲပြီးနေထိုင်ရမယ်။ အဖွဲ့အစည်းတွေမှာ လွတ်လွတ်လပ်လပ်ပါဝင်လှုပ်ရှားခွင့်ဆုံးရှုံးမယ်။ ရွယ်တူမိန်းခလေးတွေနဲ့ပျော်ပါးကစားခွင့်ရတော့မှာမဟုတ်ဘူး။ အလုပ်တွေ အတင်းကြပ်အလုပ်ခိုင်းခံရတယ်။ ဘာမှ သင်ကြားခွင့်မရတဲ့အတွက် ပညာရေးဘက်မှာ လုံးဝနိမ့်ကျသွားမယ်။ အရွယ်မရောက်ခင် လိင်ဆက်ဆံမှုပြုခံရတဲ့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်မယ်။ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ရတဲ့အတွက်အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်။ ပြီးတော့ HIV/AIDS ရောဂါကူးစက်ခံရနိုင်မှုရာနှုန်းပိုများလာမယ်။ ဒါကြောင့်မို့ ယူနီဆက်က ကလေးတွေကိုထိမ်းမြားပေးခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်ဆိုပြီး ထုတ်ပြန်ကြေငြာထားပါတယ်။

ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေနဲ့တော့ အတော်လေးကွာခြားပါတယ်။ မြန်မာမှာ တကယ်ဆန္ဒရှိလို့ရှိရင် သံဃာတော်တွေ ရွတ်ဖတ်တဲ့ ပရိတ် ပဋ္ဌာန်း ဓမ္မကြာ အနတ္တလက္ခဏသုတ်စတဲ့ သုတ်တော်တို့ကို မိန်းခလေးတွေ ကြိုက်သလောက် နာယူနိုင်ပါတယ်။ ပြီးတော့ ကိုယ်တိုင် လေ့လာချင်သပဆိုရင်လဲ ပိဋကတ်သုံးပုံလုံးကို ကျကျနနလေ့လာနိုင်ခွင့်ရှိပါတယ်။ လူဝတ်ကြောင်ဘ၀နဲ့လေ့လာနိုင်သလို သာသနာ့နွယ်ဝင်သီလရှင်အဖြစ်နဲ့လဲ လေ့လာနိုင်ပါတယ်။ မြန်မာအမျိုးတွေအတွက် အခွင့်အရေးတွေက အများကြီးပါ။ ပြီးတော့ များသောအားဖြင့် နေရာတိုင်းမှာ အမျိုးသမီးက ပထမဦးစားပေးခံရတာချည်းပါဘဲ။ ဒါကြောင့်မို့လဲ ဘုန်းကြီးနှင့်ယောက်ျား၊ နောက်ကားနဲ့လိုက် ဆိုတဲ့ စကားပုံလေး ကားသမားတွေလောကမှာ ပေါ်ပေါက်လာတာ ဖြစ်နိုင်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ်--
"ဒွေးချိုး၊ လေးတိုး" "ယောက်ျားပဉ္စင်း၊ မိန်းမ ပုခက်တွင်း" ဆိုတဲ့ အထာစကားလေးတွေ ကျနော်တို့နိုင်ငံမှာ ရေပန်းစားနေသလို အိန္ဒိယနိုင်ငံမှာလဲ "ယောက်ျားသုံးပုံ၊ မိန်းမတစ်ပုံ" "မိန်းမငါးနှစ်၊ အိမ်ထောင်ရှင်ဖြစ်" ဆိုတဲ့ ဆိုရိုးစကားလေးတွေ တွင်ရစ်နေကြလေရဲ့ ။


ကိုးကားချက်။
http://www.geocities.com
http://www.hindubooks.org
http://www.unicef.org

...

9 comments:

နှင်းနဲ့မာယာ said...

ခုတလော ကိုကိုမောင်တစ်ယောက်..
မိန်းကလေးတွေအကြောင်းရေးဖို့ ဓါတ်ကျနေတယ်ထင်ပနော်....
ဗဟုသုတရစေတဲ့ အကြောင်းအရာတွေအတွက် ကျေးဇူးနော်...
နောက်လာမယ့်ပို့စ်ကိုလဲ စောင့်နေတယ်နော်..

ဟဲဟဲ မိုးကောင်းတုန်းတော့ ရွာထားအုံးနော်...
ဒီမှာက အချိန်မရသေးလို့...
လူစုနေတုန်းပဲ...
မမေ့နဲ့နော်... အကြွေးကျန်သေးတယ်
းး)))))

နှင်း

မိုးခါး said...

စိတ်ညစ်စရာကြီး ...း((
အဲဒီမှာ လူသွားမဖြစ်တာပဲ တော်တော်ကံကောင်းနေပြီ .. :D

မြတ်လေးငုံ said...

ကျေးဇူးတင်ပါတယ်။ဒီလိုတွေကိုဖတ်ခွင့်ရလို့ပါ
ကျမတို့မိန်းခလေးတွေအကြောင်းကိုသေချာတင်
ပြပေးလို့ပါ။နောက်ကိုလဲလာဖတ်ပါမယ်။ကိုမင်းထက်ဆီရောက်တုံးဝင်ဖတ်လိုက်တာနော်။

flowerpoem said...

ဒါကြောင့်ယောက်ျားလေးတွေက ပြောကြတာ ဒွေးချိုးလေးတိုးဆိုပြီး :P

မောင်မိုး said...

မြသန်းတင့်ရဲ့ တဂိုးဝတ္ထုတိုများ ဆိုတဲ့ စာအုပ်မှာ ဟိန္ဒူတွေရဲ့အလေ့စရိုက်ကို ကောင်းကောင်းလေ့လာနိုင် ပါတယ်။ မိန်းမတွေကို ဘယ်လောက်ထိ နှိမ့်ချဆက်ဆံလဲဆိုတာ ကွက်ကွက်ကွင်းကွင်းပါပဲ..။

မိုးစက်အိမ် said...

အဲလို ဥပဒေကြီးကတော. မဖြစ်သင်.ဘူးပေါ.နော်
ဒါပေမဲ. သူများယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာကို
တော.မဝေဖန်တော.ပါဘူး ... :)

မြစ်ကျိုးအင်း said...

ဒီ စနစ်လည်း မကောင်းပါဘူးဗျာ

လူတယောက်ရဲ့ အခွင့်ရေးတွေ လွန်လွန်ကျူးကျူး အချိုးဖောက် ခံရတာပါပဲ။

(ဒါကြောင့် အိန္ဒိယကဆေးတချို့ နာမည်ကြီးတာနေမှာ )

ကြယ်ပြာ said...

လာဖတ်သွားပါတယ် .... ဗဟုသုတလေး မျှဝေလို့ကျေးဇူးပါ ...

Wai Lwin Zaw said...

I though it's islam, not hindu.