Friday 25 September 2009

ဘလော့ဂါဆိုတာ.....


ဘလော့ဂ်လောကထဲ ၀င်ရောက်ခဲ့တာ တစ်နှစ်နီးနီးရှိပြီ။ အချီးအမြှောက် အသတ်အပုတ် ချီးမွမ်းကဲ့ရဲ့  အကြံပေးစတဲ့ ကွန်မင့်တ်ပေါင်းစုံလဲ ရရှိခဲ့ပြီးပြီ။ အဲဒီအတွေ့အကြုံအားလုံးက ကျနော့်ဆရာတွေအဖြစ် မားမားမတ်မတ် ရပ်တည်နေကြလေရဲ့ ။ ဘလော့ရေးရင်းနှင့် ကျနော်စိတ်ဆိုးခဲ့ဖူးတယ်။ စိတ်ဆိုးလဲ ခံခဲ့ရဖူးတယ်။ ဒါတွေအားလုံးဟာ ဘလော့ဂါတွေ ရှောင်လွဲလို့မရတဲ့ နိယာမသဘောတွေပါဘဲ။ ကျေနပ်ပါတယ်။ များများဝေဖန်လေလေ များများအတွေ့အကြုံရလေလေမဟုတ်လား။

ဘလော့ဂါတစ်ယောက်ဖြစ်ရတာ ကျနော့်ကို ကျနော်ကျေနပ်နှစ်သက်မိတယ်။ မြန်မာနိုင်ငံမှာ နေစဉ်တုန်းက ဘလော့ဂါဆိုတာ ဘာကိုခေါ်မှန်း ကျနော် ကောင်းကောင်းမသိခဲ့ပါဘူး။ နိုင်ငံခြားကထုတ်လွင့်တဲ့ မြန်မာသတင်းတွေကို နားထောင်ရင်း ဘလော့ဂါဆိုတဲ့ စာလုံးကို ရင်းနှီးခဲ့တာပါ။ ဒါပေမဲ့ ဘာကို ဘလော့ဂါခေါ်မှန်း မသိခဲ့ရရိုးအမှန်ပါ။ စပ်စုတတ်သူပီပီ ကျနော် အဘိဓာန်တွေထဲ ရှာကြည့်ဖြစ်တယ်။ ၀န်ခံရရင် ဘလော့ဂါဆိုတဲ့ အသံကို ဘလော့ကာလို့ဘဲ ကြားပြီး Blocker ဆိုတဲ့ စာလုံးကိုဘဲ ရှာဖွေနေမိတယ်။ Block က လာတဲ့ စာလုံးဆိုတော့ ပိတ်သည် ဆို့သည် တားဆီးသည် စတဲ့ အဓိပ္ပါယ်တွေကိုသာ ကျနော်တွေ့ရှိခဲ့တယ်။ ဒါဆိုရင် ကျနော်လိုချင်တဲ့ အဓိပ္ပါယ်မဟုတ်သေးဘူး။ အမှန်တကယ်ဆိုရင် ဘလော့ဂါတွေကြောင့် ကမ္ဘာအရပ်ရပ်ကို မြန်မာ့သတင်းတွေ
ပျံ့ နှံ့သွားခဲ့တာမဟုတ်လား။ Block ရဲ့  အဓိပ္ပါယ်နဲ့ ပြောင်းပြန်ကြီး ဖြစ်နေတယ်။

ဒီလို မရှင်းမရှင်းနဲ့နေစဉ်မှာဘဲ ကံအားလျော်စွာ ၂၀၀၇၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကျနော် လန်ဒန်ရောက်လာခဲ့တယ်။ လန်ဒန်တက္ကသိုလ်တက်ဖို့ပေါ့။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ် (၂၀၀၉)မှ ကျနော် တက္ကသိုလ်တက်ရမှာပါ။ အဲဒါကြောင့် ၂၀၀၈ ခုနှစ်တစ်နှစ်လုံး ကျနော် အားလပ်တဲ့အချိန်တွေ အများကြီးချမ်းသာခဲ့ပါတယ်။ အားလပ်နေတဲ့အချိန်အတွင်းမှာ သူငယ်ချင်းတွေနဲ့ အွန်လိုင်းမှာ စကားပြောရင်း ဘလော့ဂါတွေအကြောင်းရောက်သွားတယ်။ ဒါနဲ့ ကျနော်လဲ စိတ်ပါလာပြီး ဘလော့ဂါတစ်ယောက်ဖြစ်ခဲ့တယ်ဆိုပါတော့။ ကိုယ်တိုင် ဘလော့ဂါတစ်ယောက် ဖြစ်နေပြီဆိုတော့ ဘလော့ဂါဆိုတဲ့ အဓိပ္ပါယ်ကို သိဖို့လိုအပ်လာပြီလေ။ တော်ကြာ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိဖြစ်နေဦးမယ်။ ဒီလိုနဲ့ ဘလော့ဂါဆိုတာ Blog ဆိုတဲ့စကားလုံးကနေ Blogger ဖြစ်မှန်းသိလာခဲ့တယ်။

ကဲ.. ဒါဖြင့် အဓိပ္ပါယ်လေး ကြည့်လိုက်ကြရအောင်။
A blog is a type of website, usually maintained by an individual with regular entries of commentary, descriptions of events, or other material such as graphics or video. Entries are commonly displayed in reverse-chronological order. "Blog" can also be used as a verb, meaning to maintain or add content to a blog.

ဘလော့ဆိုတာ ၀က်ဘ်ဆိုက် တစ်မျိုးပါဘဲ။ ပုံမှန်အားဖြင့် ရေးသားဖော်ပြချက်တွေ၊ အကြံပြုစာတွေ၊ ဂရပ်ဖစ်တို့ ဗီဒီယိုဖိုင်တို့စတဲ့ အကြောင်းအရာတွေကို အသီးသီးထိန်းသိမ်း သိမ်းဆည်းထားနိုင်တဲ့ ၀က်ဘ်ဆိုက် အသေးစားလေးတစ်ခုရယ်ပါ။ များသောအားဖြင့် နောက်ဆုံးရေးသားတဲ့အကြောင်းအရာက ထိပ်ဆုံးမှာ နေရာယူထားတဲ့ အစဉ်ကို သုံးနှုန်းထားပါတယ်။ Blog ကို ကြိယာအနေနဲ့လဲ သုံးနှုန်းနိုင်ပါတယ်။ အကြောင်းအရာတွေကို ၀က်ဘ်ဆိုက်ကလေးထဲမှာ ထိန်းသိမ်းသည်၊ ထည့်စွက်သည် လို့ အဓိပ္ပါယ်ရပါတယ်။

ကဲ.. ဒါဖြင့် Blog ဆိုတာ ၀က်ဘ်ဆိုက်အသေးစားလေးတစ်မျိုးဆိုတာကို ကျနော်တို့သိလိုက်ပါပြီ။ ဒါဖြင့် Blogger ဆိုတာကရော။ လွယ်သွားပြီမဟုတ်လား။ ငယ်ငယ်တုန်း အင်္ဂလိပ်စာ စသင်ခါစက Eat= စားသည်၊ Eater=စားသူ၊ Give=ပေးသည်၊ Giver=ပေးသူ စတဲ့ အသုံးအနှုံးလေးတွေကို အလွယ်လေး မှတ်ခဲ့တာကို သတိရမိတယ်။ အခုလဲ ဒီလိုပါဘဲ။
Blog= ၀က်ဘ်ဆိုက်တစ်မျိုး
Blogger= ၀က်ဘ်ဆိုက်ကို ပိုင်ဆိုင်သူ (ဖန်တီးသူ) ပေါ့။

ဒီအဓိပ္ပါယ်ကို အတော်များများ ဘလော့ဂါတွေနှင့်စာဖတ်သူများကတော့ သိရှိပြီး ဖြစ်နေလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒါကြောင့် ဒီပို့စ်ကလေးကို ရေးသားရခြင်းဟာ မသိသေးသူများကိုဘဲ ရည်ရွယ်ပါတယ်။ ကျနော်လဲ မှတ်စုအနေနဲ့ ကျန်ရစ်တာပေါ့ဗျာ။ ။

......

6 comments:

khun said...

စိတ်ဆိုးတာခံရမပေါ့
မန့်ရင်ကောင်းကောင်းမမန့်ဘဲ
စိတ်ဆိုးအောင်သွားမန့်လိုက်လို့နေမှာပေါ့.......

bloggerအကြောင်းလေးလည်းနဲနဲသိသွားပြီ
ကျေးဇူးတင်ပါတယ်

Anonymous said...

ဘလော့ဂါတိုင်း စာရေးသော်လည်း
စာရေးတိုင်း ဘလော့ဂါမဟုတ်ပါ..

ကျနုပ်သည် ရေးချင်ရာရေးသော
လုပ်ချင်တာတွေ လုပ်နေသော
ဘာအသိညာဏ် ဗဟုသုတမှ မပေးသော ဘလော့တခု၏ ပိုင်ရှင်သာ ဖြစ်ပေသည်.. အသင် ခနောင်တို မင်းသား

မိုးမင်းကြီး

မိုးခါး said...

ဘလော့ဂါဆိုတာ ဘယ်လိုလဲသိဖို့ လာဖတ်သွားပါတယ် ..း)))

ZT said...

ဘလော့ဂါ ဆိုတာ ဆင်တို့ မိကျောင်းတို့ထက် အရေထူသော စာရေးဆရာ ကို ခေါ်ပါတယ်။ အဟဲ။ အဲလိုပဲ အဓိပ္ပာယ် ဖွင့်လိုက်တော့မယ်။

Anonymous said...

နည်းနည်းတော့ သိသွားသလိုပါပဲ

မင်းအိမ်ဖြူ

မိုးစက်အိမ် said...

အစ်ကိုရေ ဒီအကြောင်းကမပြောချင်တော.ပါဘူး
ခုတလောဘလော.တွေမှာ တော်တော်များများ
တွေ.နေရ တယ်ဗျာ ... စိတ်တော.မကောင်းဘူး